← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂) - အဆုံးသတ်နှင့် နေရပ်ပြန်ခြင်း (အပိုင်း - ၄)

~စုယွီကတော့ အေးဆေးပါပင်။ လီမိသားစုကို ဘယ်သူတွေ ဝိုင်းလုကြမလဲဆိုတာကို ဘေးကနေ လက်ပိုက်ကြည့်နေရုံ သက်သက်ပင် ဖြစ်ချေသည်။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိသည့်အပြင် အန္တရာယ်လည်း ကင်းလှသည့် အကွက်မြင်မြင် စီမံကိန်း တစ်ခုပင် မဟုတ်ပါလော။

လီမိသားစု၏ ရတနာတိုက်များကို သိမ်းကျုံးယူပြီးနောက်တွင်မူ တာအို ခန္ဓာ ရုပ်သေးသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်အတွင်းရှိ ယွီမိသားစု၏ ဂူစံအိမ်ဆီသို့ တစ်ခေါက်သွားရဦးမည် ဖြစ်၏။ ဟောင်ထျန်းဆေးလုံးဖော်စပ်ရန် အဓိကကုန်ကြမ်းဖြစ်သည့် ရွှီထျန်းကြာပန်းကို ရေခဲအိုင်အောက်ခြေမှ သွားရောက်ထုတ်ယူရန် ဖြစ်ပေသည်။

စုယွီတို့ သုံးယောက် ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ခုနက တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတဝိုက်၌ လူရိပ်များ တရိပ်ရိပ် ပေါ်လာကြတော့၏။

ထိုအထဲတွင် လေ့ထင်းဈေးကွက်မှ အရှင်သခင် လေ့ထင်းလည်း ပါဝင်၏။

သူ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန်တို့ အထင်းသား ပေါ်လွင်နေတော့၏။ အရှင်သခင် လေ့ထင်းသည် ခုနက ဆူညံသံများကြောင့် အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိကာ လန့်နိုးလာကြသည့်၊ လေ့ထင်းဈေးကွက် ကုန်သွယ်ပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျင့်ကြံသူတစ်စုကို ခေါ်ဆောင်၍ ရောက်ရှိလာခြင်း ဖြစ်ပေသည်။ ထိုလူအုပ်ထဲတွင် အခြေခံ

တည်ဆောက်ခြင်းအဆင့်ထက် မြင့်မားသူများရော၊ အဆင့်အတန်း

ရှိသူများပါ စုံလင်လှ၏။

ထိုလူအုပ်ကြီးထဲတွင် တာအိုဆရာ ရှုယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် လော့ချန်ကုန်းတို့လည်း ပါဝင်လာကြ၏။

တာအိုဆရာ ရှုယွီ၏ မျက်နှာမှာ တည်ကြည်လေးနက်နေတော့သည်။ အရှင်သခင် လေ့ထင်း ရောက်ရှိပြီး သိပ်မကြာခင်မှာပင် သူတို့ သုံးယောက်လည်း ပေါ်လာပြီး ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် စစ်ဆေးတော့သည်သာ။ သဲလွန်စလေး တစ်ခုမျှပင် မကျန်ရစ်စေရန် သည်းသည်းမည်းမည်း ရှာဖွေနေကြခြင်း ဖြစ်ပေသည်။

အရှင်သခင် လေ့ထင်းက သူ့ကိုကြည့်၍ မေးလိုက်၏။

"ရှုယွီ... တာအိုမိတ်ဆွေ... ခုနက အရှိန်အဝါကို မှတ်မိသလားဗျ"

နောက်မှ ထပ်မံရောက်ရှိလာကြသည့် ကျင့်ကြံသူများ အားလုံးသည်လည်း တာအိုဆရာ ရှုယွီကိုသာ ဝိုင်း၍ ကြည့်နေကြလေ၏။

ကောင်းကင် အပျက်အစီး ခန်းမဆောင်မှ လာသော ရှုယွီကို သူတို့အားလုံး သိကြသည် မဟုတ်ပါလော။

သတင်းအချက်အလက်ပိုင်းတွင်မူ သူတို့အားလုံး ပေါင်းလိုက်လျှင်တောင် ရှုယွီ တစ်ယောက်တည်းကို မယှဉ်နိုင်ကြောင်းမှာ ယုံမှားဖွယ်မရှိချေ။

တာအိုဆရာ ရှုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖွင့်ဟဝန်ခံလိုက်၏။

"ဆေးပညာရှင် လီမိသားစုက... အရှင်သခင် ချန်ချင်းပဲ"

ထင်ထားသည့်အတိုင်းပါပဲတကား။

ထိုစကားကို ကြားလိုက်ရသည့်အခါ အရှင်သခင် လေ့ထင်း၏ အကြည့်များက သိမ်မွေ့စွာ ပြောင်းလဲသွားပြီး မျက်ဝန်းထဲတွင် ထိတ်လန့်ရိပ်များ ပေါ်လာတော့သည်။ သူသည် စုယွီက မြေကမ္ဘာနဂါးလှန်သည့် နည်းစနစ်ကို အသုံးပြုသွားခဲ့သော်လည်း ယခုအခါ မူလပုံစံအတိုင်း ပြန်လည် ဖြစ်တည်နေသည့် နေရာတဝိုက်ကို မျက်လုံး ကစားလိုက်လေ၏။

အရှင်သခင် လေ့ထင်းက နှာခေါင်းကို အသာရှုံ့ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဆိုလိုက်၏။

"ကျုပ် ခုနက အသည်းခိုက်မတတ် အော်ဟစ်သံတွေ ကြားလိုက်ရသလိုပဲ... အခု ကြည့်ရတာ ဒီမှာ လူတွေ သေကုန်ကြပြီ ထင်တယ်... နည်းနည်းပါးပါးလည်း မဟုတ်ဘူးဗျ။ ကျန်ရစ်နေတဲ့ သွေးညှီနံ့အရဆိုရင် အနည်းဆုံး ခြောက်ယောက်လောက်တော့ ရှိလိမ့်မယ်"

တာအိုဆရာ ရှုယွီက ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ခဏမျှ စူးစမ်းကြည့်ပြီးနောက် ပြောလိုက်၏။

"အရှင်သခင် ချန်ချင်း... သူ သေသွားပြီ ထင်တယ်"

"ဝုန်း"

ထိုစကားကြောင့် ဘေးနားရှိ ကျင့်ကြံသူများ၏ မျက်နှာများ ကွက်ခနဲ ပျက်ကုန်ကြပြီး အံ့သြတကြီးဖြင့် ဝိုင်း၍ ပြောကြတော့သည်။

"ဘာ... ဘယ်လို... အရှင်သခင်ကြီးက သေသွားတယ် ဟုတ်လား" "မဖြစ်နိုင်လိုက်တာဗျာ"

တာအိုဆရာ ရှုယွီက ဆက်လက်၍ ရှင်းလင်းပြောပြလိုက်၏။

"ဒီမှာ လူ ခြောက်ယောက် သေသွားတာ။ တစ်ယောက်က အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်က အရှင်သခင် ချန်ချင်းပဲ။ ကျန်တဲ့ ငါးယောက်က ဘယ်သူတွေလဲဆိုတာ မသိပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်တွေ ဖြစ်ရမယ်"

ရှုယွီ၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီး အရှင်သခင် လေ့ထင်းခမျာ အသက်ရှူဖို့ပင်မေ့ သွားရရှာ၏။

သူကတော့ လေထဲမှ ထူးဆန်းသည့် သွေးညှီနံ့လေးကိုသာ ရလိုက်ခြင်း ဖြစ်ပေသည်။

သို့သော် တာအိုဆရာ ရှုယွီကမူ သူတို့၏ ကျင့်ကြံခြင်း အဆင့်များကိုတောင် ခွဲခြားနိုင်နေပြီ ဖြစ်ရာ ကောင်းကင် အပျက်အစီး ခန်းမဆောင်မှ ကျင့်ကြံသူဆိုသည်မှာ တကယ်ကို ပါးရည်နပ်ရည် ရှိလှပါပေ၏။

"ဘယ်သူက သတ်လိုက်တာလဲ... အချိန်တိုလေးအတွင်းမှာ အရှင်သခင် ချန်ချင်းကို ဘယ်သူက သတ်နိုင်မှာလဲ"

ခိုင်ယန်နန်းတော်မှ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အကြီးအကဲ တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်၏။

အဲဒါ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါးပင် ဖြစ်သည် မဟုတ်ပါလော။

ချီစွမ်းအင် စုဆောင်းခြင်း အဆင့်ရှိ ပုစွန်ဆိတ်လေး မဟုတ်ချေ။

ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ပျောက်ကွယ်သွားရသည် ဟုတ်လား။

သူတို့သည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိသဖြင့် အပြေးအလွှား လာခဲ့ကြခြင်း ဖြစ်သော်လည်း အသက်ရှူ အကြိမ် ငါးဆယ်စာခန့်သာ ကြာမြင့်ခဲ့၏။

ဒီလောက် အချိန်တိုလေးအတွင်းမှာ အရှင်သခင် တစ်ပါးနှင့် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူကြီး ငါးယောက်လုံး ပျောက်ကွယ်သွားရသည်မှာ အံ့သြစရာပင်။

ကျင့်ကြံသူများသည် တာအိုဆရာ ရှုယွီကိုသာ ပြန်၍ ကြည့်လိုက်ကြပြန်၏။

တာအိုဆရာ ရှုယွီသည် ဘာမျှပြန်မပြောဘဲ ထိုနေရာတဝိုက်ကို ပတ်ကြည့်နေသည်။ နောက်ဆုံးတွင် ထူထပ်လှသည့် တောအုပ်တစ်ခုအတွင်း၌ ရင်းနှီးနေသည့် အဝါရောင်ဖျော့ဖျော့ ဝတ်ရုံစုတ် အပိုင်းအစလေးများကို ရှာတွေ့သွားလေ၏။ ထိုအပိုင်းအစလေးများကို ကြည့်၍ တာအိုဆရာ ရှုယွီသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ သက်ပြင်းချလိုက်တော့သည်။

သူ့နောက်မှ လိုက်ပါလာကြသည့် ကျင့်ကြံသူတစ်စုသည်လည်း ထိုအဝတ်စများကို မြင်လိုက်ရသည့်အခါ သူတို့၏ သူငယ်အိမ်များမှာ ချက်ချင်း ကျုံ့သွားတော့သည်။

ထိုအဝတ်စများ၏ ပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း သူတို့ မှတ်မိလိုက်ကြပြီ မဟုတ်ပါလော။

အဲဒါ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်မ ဟွမ်ရှင်းယီပင် ဖြစ်ချေသည်။

အရှင်သခင် ချန်ချင်းနှင့်အတူ လေ့ထင်းဈေးကွက်၌ ပေါ်လာခဲ့ပြီး ဤနှစ်များတွင် အတူတူ ကျင့်ကြံနေခဲ့သူပေါ့။

တစ်ယောက်ယောက်က မထိန်းနိုင်တော့ဘဲ တုန်တုန်ရီရီဖြင့် ပြောလိုက်၏။

"အရှင်သခင်မ ဟွမ်ရှင်းယီလည်း အရှင်သခင် ချန်ချင်းလိုပဲ သေသွားခဲ့တာလား"

"ဝုန်း"

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောက်တစ်ကြိမ် အံ့သြတကြီး အော်ဟစ်လိုက်ကြပြန်၏။

သူတို့သည် အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်များ ဖြစ်ကြသည် မဟုတ်ပါလော။

တာ့ယွဲ့ မှောင်ခိုဈေးကွက်၌ ကြီးမားသည့် သားရဲဒီရေ ဖြစ်ပွားခဲ့စဉ်ကပင် အရှင်သခင် နှစ်ပါးတပြိုင်နက် ကျဆုံးခြင်းမျိုး မရှိခဲ့ချေ။

ပြီးတော့ ဤနှစ်များအတွင်း တာ့ယွဲ့ စီရင်စုသည် အတော်လေး ငြိမ်သက်နေခဲ့ပြီး အရှင်သခင်များ သေဆုံးခြင်းမှာလည်း အလွန်ရှားပါးလှသည်သာ။

တကယ်လို့ သေဆုံးခဲ့လျှင်တောင် သက်တမ်းစေ့၍ သေဆုံးခြင်းမျိုးသာ ရှိခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်၊ သည်တစ်ခါတော့ လေ့ထင်းဈေးကွက် ကုန်သွယ်ပွဲမှာ အရှင်သခင် နှစ်ပါးတောင် ကျဆုံးသွားခဲ့ရပြီ။

အရှင်သခင် လေ့ထင်းက မျက်မှောင်ကြုတ်၍ တာအိုဆရာ ရှုယွီကို ကြည့်လိုက်ကာ မေးမြန်းလိုက်၏။

"ရှုယွီ မိတ်ဆွေ... ဒါ ဘယ်သူ့လက်ချက်လဲဆိုတာ ပြောနိုင်မလားဗျ"

တာအိုဆရာ ရှုယွီက ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။

တကယ်တော့ အရှင်သခင် ချန်ချင်း သေပြီဟု သူ ကောက်ချက်

ချလိုက်ကတည်းက သူ၏ ရင်ထဲ၌ အတွေး တစ်ခု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ယခု ဟွမ်ရှင်းယီပါ ဤနေရာ၌ သေဆုံးနေသည်ကို မြင်လိုက်ရသောအခါ သူ၏ အတွေးမှာ ယုံမှားဖွယ် မရှိ သေချာသလောက် ဖြစ်သွားပြီပင်။

သို့သော်လည်း ဤကဲ့သို့ ကိစ္စမျိုးကို ခန့်မှန်းရုံဖြင့်တော့ ဖွင့်ဟဝန်ခံ၍ မရချေ။

တစ်ဆက်တည်းမှာပင် သူသည်လည်း အလွန်အမင်း အံ့အားသင့်နေမိ၏။

'အရှင်သခင် နှစ်ပါးနဲ့ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ငါးယောက်လုံးကို... သူ ဘယ်လိုများ သတ်လိုက်တာပါလိမ့်'

ခဏမျှ စဉ်းစားပြီးမှ တာအိုဆရာ ရှုယွီက ပြောလိုက်သည်။

"ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေအချာ သိဖို့ ကျုပ်တို့ ဆက်ပြီး စုံစမ်းရဦးမှာပါ။ ဒါကြောင့် သိချင်တဲ့ တာအိုမိတ်ဆွေတွေ ရှိရင် ခဏစောင့်ပေးကြပါ။ ကျုပ်တို့ ကောင်းကင် အပျက်အစီး ခန်းမဆောင်က အတည်ပြုပြီးတာနဲ့ အချက်အလက်တွေကို လာပြီး ဝယ်ယူနိုင်ပါတယ်"

သိပ်မကြာခင်မှာပင် အင်အားစု အသီးသီးမှ ကျင့်ကြံသူများသည် လူစုခွဲလိုက်ကြပြီး မိမိတို့၏ ဂိုဏ်း၊ အိမ်တော်များဆီသို့ ဒရောသောပါး ပြန်ကုန်ကြတော့သည်။

ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီ သေပြီ….။

ဒါသည် တာ့ယွဲ့ စီရင်စု တစ်ခုလုံးကို ကိုင်လှုပ်လိုက်သည့် သတင်းပင် ဖြစ်ချေသည်။ ရွှီချန်ချင်း မရှိတော့သည့်အတွက် တစ်ချိန်က အင်အားကြီးခဲ့သော ဆေးပညာရှင် လီမိသားစုမှာ ယခုအခါ အကာအကွယ်မဲ့နေသည့် လောဘသားကောင် ဆူဆူဖြိုးဖြိုးကြီး ဖြစ်သွားခဲ့လေသတည်း။

လီမိသားစု နှစ်ပေါင်းများစွာ စုဆောင်းထားသည့် အရင်းအမြစ်များတင်မက၊ သူတို့ ပိုင်ဆိုင်သည့် မိသားစုမြေမှ ဝိညာဉ်သွေးကြောများ၊ ကုန်ကြမ်းထွက်သည့် နယ်မြေများ အကုန်လုံးကိုပင် လုယူကြတော့မည် မဟုတ်ပါလော။

သူတို့သည် လီမိသားစုမှ ကျင့်ကြံသူများကိုတောင် ခွဲဝေယူကြဦးမှာ ဖြစ်ပေသည်။

ဒါသည် ပေါက်စီ အကြီးကြီး တစ်လုံးပင် ဖြစ်၏။ ယခုတော့ မည်သူက အရင်ဆုံး လက်ဦးမှုယူပြီး နှိမ်နင်းမလဲဆိုသည်မှာသာ ကျန်တော့သည်။ အရင်ရောက်သူက ပိုစားရမည် မဟုတ်ပါလော။

ထို့ကြောင့် သူတို့သည် တွန့်ဆုတ်မနေတော့ဘဲ အဟုန်ပြင်းစွာဖြင့် ထွက်ခွာသွားကြလေတော့၏။

အခန်း (၂၉၃) - အဆုံးသတ်နှင့် နေရပ်ပြန်ခြင်း (အပိုင်း - ၅)

~တာအိုဆရာ ရှုယွီနှင့် အရှင်သခင် လေ့ထင်းတို့သည် တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကာ လမ်းခွဲလိုက်ကြလေ၏။ ထို့နောက် ရှုယွီသည် တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ကုန်းတို့နှင့်အတူ ထွက်ခွာလာခဲ့ကြသည်။ လမ်းခရီးသည် လော့မိသားစုနေရပ်ကို ဖြတ်သန်းသွားရမည်ဖြစ်ရာ လော့ချန်ကုန်းလည်း သူတို့နှင့်အတူ တစ်ပါတည်း လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။

တာအိုဆရာမ ချင်းချွမ်သည် ရှုယွီအား သံသယမျက်လုံးများဖြင့် စိမ်းစိမ်းကြည့်ကာ မေးလိုက်လေ၏။

"တကယ်ပဲ ဘယ်သူလုပ်တာလဲဆိုတာ မသိဘူးလား... ကျွန်မတော့ ရှင့်စကားကို ယုံဖို့ ခက်နေတယ်နော်"

တာအိုဆရာ ရှုယွီသည် လော့ချန်ကုန်းဘက်သို့ တစ်ချက် ဝှေ့ကြည့်လိုက်၏။ လော့ချန်ကုန်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ခြင်း၊ တုန်လှုပ်ချောက်ခြားခြင်းနှင့် ငိုင်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် လော့ချန်ကုန်း တစ်စုံတစ်ခုကို ရိပ်မိနေပြီဖြစ်ကြောင်း သူ နားလည်လိုက်၏။

တာအိုဆရာ ရှုယွီသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ပြီးနောက်...

"အမြုတေဖွဲ့စည်းခြင်း အဆင့်က အရှင်သခင် ချန်ချင်းနဲ့ ဟွမ်ရှင်းယီတို့ နှစ်ယောက်လုံးဟာ တာအိုမိတ်ဆွေ စုယွီနဲ့ သွေးကြွေးရန်ငြိုးတွေ ရှိခဲ့ကြတယ်ဗျ"

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယွင်ကျန်းဂိုဏ်းမှာ မတည်မငြိမ်ဖြစ်မှုတွေ ကြုံခဲ့ရတုန်းကပေါ့... အဲဒီတုန်းက အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ အရှင်သခင် ကုန်းစွန်းယီတို့ ပါဝင်ပတ်သက်ခဲ့ကြတာ။ အဲဒီအချိန်မှာ စုမိသားစုနဲ့ ယွီမိသားစုဟာ ဟွမ်မိသားစု၊ ကျန်းမိသားစုတို့နဲ့ ပူးပေါင်းထားတဲ့ ယွင်ကျန်းဂိုဏ်းရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ်လေ။ သူတို့က စုမိသားစုနဲ့ ယွီမိသားစုကို လောကမြေပုံပေါ်ကနေ အပြီးတိုင် ဖျောက်ဖျက်ပစ်ဖို့အထိ စနစ်တကျ အကွက်ချ ကြံစည်ခဲ့ကြတာ"

"အဲဒီ ဟွမ်မိသားစုဆိုတာ အခု သေသွားတဲ့ ဟွမ်ရှင်းယီရဲ့ မိသားစုပေါ့"

"နောက်တော့ ယွင်ကျန်းဂိုဏ်းရဲ့ ပါရမီရှင် လော့ချန်ယွီ ပြန်ရောက်လာပြီး ကုန်းစွန်းယီတို့ကို တစ်ဟုန်ထိုး နှိမ်နင်းပြီး အာဏာကို ပြန်သိမ်းလိုက်တော့မှ စုမိသားစုလည်း အသက်ရှူချောင်သွားခဲ့ရတာ"

"ဟွမ်မိသားစုကတော့ လော့ချန်ယွီရဲ့ ဖိအားပေးမှုကြောင့် ဘိုးဘေးတွေ၊ မိသားစုခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေ အကုန် သေကုန်ကြပြီး... ချီစွမ်းအင်စုဆောင်းခြင်းအဆင့် ကျင့်ကြံသူလေးတွေပဲ ကျန်တော့တဲ့အထိ ပျက်စီးသွားခဲ့တာပေါ့"

"ဟွမ်ရှင်းယီကတော့ အဲဒီတုန်းက အိမ်မှာ မရှိလို့ အသက်ဘေးက လွတ်သွားခဲ့တာ"

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဟွမ်ရှင်းယီက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းပြီး အရှင်သခင် ဖြစ်လာတဲ့အခါမှာ... သူက အရှင်သခင် ချန်ချင်းနဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ကျန်းပိုင်ယွီတို့ကို ခေါ်ပြီး စုမိသားစုရဲ့ ဆေးဆိုင်တွေကို လိုက်လံ ဖျက်ဆီးခဲ့ကြတယ်... လူတွေ အများကြီးကိုလည်း ရက်ရက်စက်စက် လက်စားချေ သတ်ဖြတ်ခဲ့ကြသေးတာ"

"အခုတော့ဖြင့် ဟွမ်ရှင်းယီနဲ့ အရှင်သခင် ချန်ချင်းတို့ဟာ လေ့ထင်းဈေးကွက်မှာ တာအိုမိတ်ဆွေ စုယွီနဲ့ ပက်ပင်းတိုးမိကြပြီး... သူတို့ရဲ့ သေလမ်းကို သူတို့ကိုယ်တိုင် ရှာသွားကြတာပဲပေါ့"

တာအိုဆရာမ ချင်းချွမ်သည် ထိုစကားများကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေမိရှာ၏။ အကြောင်းရင်း ဇစ်မြစ်ကို နားလည်သွားရန် သူမ အတော်လေး အချိန်ယူလိုက်ရ၏။

ရုတ်တရက်ဆိုသလိုပင်... စမ်းရေတွင်းပမာ ကြည်လင်လှသည့် ချင်းချွမ်၏ မျက်လုံးလေးများမှာ အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်သွားတော့သည်။

ချင်းချွမ်ခမျာ.. လွှတ်ခနဲ အော်ဟစ်လိုက်မိလေ၏။

"အစ်ကို့ရဲ့...စကားအရဆိုရင် အဲဒီ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် နှစ်ယောက်လုံးကို စုယွီက သတ်လိုက်တာလို့ ပြောချင်တာလား...။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ စုယွီက သူ့ရဲ့ စွမ်းအားက အားနည်းပါတယ်၊ အခြေခံတည်ဆောက်ခြင်း ရှစ်ဆင့်မြောက် ကျင့်ကြံသူကိုတောင် နိုင်ပါ့မလား မသိဘူးလို့ ခပ်ပြုံးပြုံးနဲ့ ပြောနေတာ မဟုတ်လား"

တာအိုဆရာ ရှုယွီက သူမအား တစ်ချက်ကြည့်ကာ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်၏။

"သူကတော့ လူတွေရှေ့မှာ အမြဲတမ်း အဲဒီလိုပဲ နှိမ့်ချပြောနေကျပါပဲ။ ဒါပေမဲ့ ညီမလေး သတိထားရမှာက... သူဟာ ဆေးပညာရှင်၊ အဆောင်ပညာရှင်တင်မကဘူး၊ ရုပ်သေးပညာမှာပါ အတပ်သိ နားလည်တဲ့သူ ဖြစ်နေတာပဲ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှုယွီက ဆက်လက်ပြောကြားလိုက်၏။

"တာအိုမိတ်ဆွေ စုယွီရဲ့ ကိုယ်ပိုင်အစွမ်းက ဘယ်လောက်လဲဆိုတာ အစ်ကိုလည်း ယတိပြတ် မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ အခု မြင်တွေ့နေရတာတွေအရ ဆိုရင်တော့... သူ့ရဲ့ အစွမ်းအစနဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် အရှင်သခင်တွေနဲ့ တန်းတူလောက် ရှိနေပြီဆိုတာ ယုံမှားဖွယ် မရှိပါဘူး"

တာအိုဆရာမ ချင်းချွမ်မှာမူ အချိန်အတော်ကြာအောင် ငိုင်၍ ကျန်ရစ်ခဲ့၏။

ဈေးကွက်ထဲတွင် သူမက စုယွီအား စွန့်စားခန်းခရီးစဉ်တွေမှာ ခေါ်သွားပေးမည်ဟု ဆရာကြီးဟန်နှင့် ပြောခဲ့မိသည်ကို ပြန်လည်သတိရလိုက်သည့် အခိုက်အတန့်တွင်... လှပ ဝင်းဝါသော သူမ၏ မျက်နှာလေးမှာ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် ပန်းရောင်သန်းကာ နီမြန်းသွားတော့၏။

'ဒီလူယုတ်မာလေး... သူ့မှာ စွမ်းအားမရှိပါဘူးဆိုပြီး ငါ့ကို လူလည်ကျ ရဲတယ်ပေါ့လေ'

ထိုစဉ်၊ လော့ချန်ကုန်းလည်း မနေနိုင်တော့ဘဲ အံ့သြတကြီး ရေရွတ်လိုက်မိ၏။

"ဘယ်သူ ထင်မှာလဲ... ကျုပ်ကတော့ တာအိုမိတ်ဆွေစုရဲ့ စွမ်းအားကို တတ်နိုင်သမျှ အမြင့်ဆုံးလို့ ခန့်မှန်းထားခဲ့တာပါ။ သူ့မှာ အဆောင်တွေ အများကြီးရှိနေရင် အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် တစ်ယောက်တောင် သူ့ကို နှိမ်နင်းဖို့ မလွယ်ဘူးလို့ ထင်ခဲ့တာ"

"အခုတော့ဖြင့် အရှင်သခင်တွေက သူ့ကို မနှိမ်နင်းနိုင်တာတင် မဟုတ်ဘဲ... သူက အရှင်သခင်တွေကို ပြန်သတ်နိုင်တဲ့အထိ ဖြစ်နေပါလား"

တာအိုဆရာ ရှုယွီက လော့ချန်ကုန်းအား ကြည့်ကာ ဆိုလိုက်၏။

"ခင်ဗျားရဲ့ အစ်မ တာအိုမိတ်ဆွေ လော့ချန်ယွီဟာလည်း ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပါပဲ။ သူ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်မှာတုန်းကလည်း ကုန်းစွန်းယီကို ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်သွားအောင် တိုက်ခိုက်နိုင်ခဲ့တာပဲ မဟုတ်လား"

ပြောပြောဆိုဆိုနှင့် ရှုယွီက စကားတစ်ခွန်း ထပ်တိုးလိုက်သေးသည်။

"သူကတော့ လက်တစ်ဖက်နဲ့တောင် အေးဆေး နှိမ်နင်းသွားတာပေါ့လေ"

လော့ချန်ကုန်းခမျာ ထိုစကားကို နားထောင်ရင်း သူ၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲသွားကာ အတွေးနက်နေလေတော့သည်။

သူသည် စုယွီနှင့်လည်း ရင်းနှီးသလို၊ လော့ချန်ယွီကလည်း သူ၏ အစ်မ ဝမ်းကွဲ ဖြစ်နေသည်။

သူတို့ နှစ်ဦးစလုံးမှာ သာမန် ပါရမီရှင်များထက် များစွာ သာလွန်ပြီး လောကကို ကိုင်လှုပ်နိုင်သည့် ဘီလူးများ ဖြစ်ကြသည်။ သူကတော့ 'ငါ့မှာကျတော့ ဘာလို့ အဲဒီလို ပါရမီမျိုး မရှိရတာလဲ' ဟုသာ ကိုယ့်ကိုယ်ကိုယ် သနားမိနေရှာ၏။

စဉ်းစားရင်းနှင့် လော့ချန်ကုန်းသည် စုယွီအပေါ် မနာလိုစိတ်လေး အနည်းငယ် ဖြစ်မိသလို၊ တစ်ဖက်မှလည်း ကြောက်ရွံ့လေးစားစိတ်များ ဝင်လာမိသည်။ သူ၏ ခေါင်းထဲတွင် အတွေးတစ်ခု တဖြည်းဖြည်း ရိပ်ခနဲ ထင်လာ၏။

'ချန်ယွီနဲ့ တာအိုမိတ်ဆွေစု... သူတို့ နှစ်ယောက်လုံးက ပါရမီချင်း တူကြတာပဲ'

စုယွီနှင့် လော့ချန်ယွီတို့ကို အောင်သွယ်တော်လုပ်ပေးရန် ဖြစ်နိုင်ပါ့မလားဟု သူ စတင် စဉ်းစားနေမိလေပြီ။

သာမန် ပါရမီရှင်တွေဆိုလျှင်တော့ လော့ချန်ယွီနှင့် မည်သို့မျှ တန်လိမ့်မည်မဟုတ်သလို၊ သူမကလည်း သူတို့ကို အရေးလုပ်မည် မဟုတ်ချေ။

သို့သော်လည်း စုယွီသည် အရှင်သခင် ချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ကို သတ်နိုင်သည်ဆိုလျှင်... သူ၏ ပါရမီသည် အမှန်တကယ်ပင် ပြင်းထန်လှပြီး လော့ချန်ယွီနှင့် ယှဉ်လျှင်လည်း နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူးဟု လော့ချန်ကုန်း.. တွေးတောနေမိချေသည်။

*

လော့ချန်ကုန်းတို့ သုံးဦးသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်နှင့် တာ့ယွဲ့ နန်းတော်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြလေပြီ။

သူတို့ ပြန်ရောက်ချိန်တွင်မူ အရှင်သခင် ချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ ကျဆုံးသွားသည့် သတင်းမှာ တာ့ယွဲ့ စီရင်စုရှိ အင်အားစုအားလုံးထံသို့ ပျံ့နှံ့သွားခဲ့လေသတည်း။ ဤကိစ္စသည် အင်အားစု အားလုံးကို မွှေနှောက်ချောက်ခြား သွားစေခဲ့ပြီး အမှန်တရားကို သိရှိရန် လူလွှတ်၍ သည်းသည်းမည်းမည်း စုံစမ်းစေခဲ့ကြသည်။

ဘာပဲပြောပြော အရှင်သခင် နှစ်ပါးကို သတ်နိုင်တဲ့သူကိုတော့ ဘယ်သူကမှ လွယ်လွယ်နှင့် ကျူးလွန်ရဲမှာ မဟုတ်ပါလေ။

အသေးစိတ် အချက်အလက်တွေကို သိထားမှသာ နောင်တစ်ချိန်မှာ ဒီလူနှင့် တွေ့လျှင် မလိုအပ်ဘဲ ထိပ်တိုက်တွေ့တာမျိုးနှင့် အန္တရာယ်တွေကို ရှောင်တိမ်းနိုင်မှာ မဟုတ်ပါလော။

---

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်...။

တိုက်ပွဲ နန်းဆောင်...။

နတ်မိမယ် ဖုန်းလင်သည် သူမ၏ ရှေ့မှောက်သို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည့် ကျန်းပိုင်ယွီနှင့် သူမ၏ ဂျူနီယာညီငယ် ရွှီဝမ်ရှန်းတို့ကို ကြည့်ကာ ဆိုလိုက်လေ၏။

"သတင်းတွေ ကြားပြီးပြီလား... အရှင်သခင် ချန်ချင်းနဲ့ ဟွမ်ရှင်းယီတို့ နှစ်ယောက်လုံး လေ့ထင်းဈေးကွက် အပြင်ဘက်မှာ ကျဆုံးသွားကြပြီတဲ့"

ကျန်းပိုင်ယွီ၏ မျက်နှာမှာ တည်ကြည်လေးနက်နေသော်လည်း၊ သူ၏ မျက်ဝန်းအနက်ပိုင်းတွင်မူ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ကိန်းအောင်းနေသည်။

ကျန်းပိုင်ယွီက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး...

"ကျုပ်.. သိပါတယ်... အခုလေးတင်ပဲ ကြားလိုက်ရတာပါ"

ရွှီဝမ်ရှန်းကမူ မျက်မှောင်ကြုတ်လျက် နတ်မိမယ် ဖုန်းလင်အား ကြည့်ကာ ၊

"အစ်မ... ဒီကိစ္စက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ...။ ကျွန်တော်က အရှင်သခင် ချန်ချင်းတို့၊ ဟွမ်ရှင်းယီတို့နဲ့ ဘာပတ်သက်မှုမှ မရှိတာပဲဟာ"

ထိုအခါ၊ နတ်မိမယ် ဖုန်းလင်က သူမ၏ လှပသော မျက်ဝန်းများဖြင့် သူ့အား စိမ်းစိမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"လေ့ထင်းဈေးကွက်ရဲ့ ကုန်သွယ်ပွဲကို တက်ရောက်ခဲ့တဲ့ လူစာရင်းကို ငါ စစ်ဆေးကြည့်လိုက်တော့ ရင်းနှီးနေတဲ့ နာမည် တစ်ခုကို တွေ့လိုက်ရတယ်"

ကျန်းပိုင်ယွီနှင့် ရွှီဝမ်ရှန်းတို့မှာ အနည်းငယ် လန့်သွားကြပြီး ရွှီဝမ်ရှန်းက ကပျာကယာ မေးလိုက်၏။

"ဘယ်သူလဲ... အဲဒါက ကျွန်တော်နဲ့ ဘာပတ်သက်နေလို့လဲ"

နတ်မိမယ် ဖုန်းလင်က ဆိုလိုက်၏။

"စုယွီ... ယွင်ကျန်းဂိုဏ်း နယ်မြေထဲက စုမိသားစုက စုယွီလေ"

စုယွီဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် ရွှီဝမ်ရှန်း မျက်မှောင်ကြုတ်သွားတော့သည်။

မကြာသေးခင်ကမှ ယွင်ကျန်းဂိုဏ်းသည် အလွန်အစွမ်းထက်သော အဆောင်လက်နက်များကို ရရှိထားကြောင်း သူ စုံစမ်းသိရှိခဲ့ရပြီး၊ အဲဒီ အဆောင်တွေဟာ စုမိသားစုဆီကနေ လာတာဖြစ်ကြောင်း သူ စုံစမ်းနေခဲ့သည် မဟုတ်ပါလော။

အခန်း (၂၉၄) - အဆုံးသတ်နှင့် နေရပ်ပြန်ခြင်း (အပိုင်း - ၆)

~ထိုအစွမ်းထက် အဆောင်လက်နက်များသည် စုယွီ၏ လက်ရာများဖြစ်ရန် အခွင့်အလမ်း အလွန်များလှပေသည်။

ယခင်က ရွှီဝမ်ရှန်းသည် ထိုကဲ့သို့သော အဆောင်လက်နက် အမွေအနှစ်များကို မည်သို့ လက်ဝယ်ရရှိအောင် ပြုလုပ်ရမည်နည်းဟု အတွေးနက်နေခဲ့ဖူး၏။

စုယွီအား အတင်းအဓမ္မ စေခိုင်း၍ လွှဲပြောင်းပေးခိုင်းရမည်လော၊ သို့မဟုတ် စုယွီအား အရှင်လတ်လတ် ဖမ်းဆီးချည်နှောင်၍ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ခေါ်ဆောင်လာပြီး၊ တစ်သက်လုံး အဆောင်လက်နက်များသာ ရေးဆွဲနေစေရန် ပြုလုပ်ရမည်လောဟု စနစ်တကျ အကွက်ချ ကြံစည်နေခဲ့ခြင်း ဖြစ်၏။

နတ်မိမယ် ဖုန်းလင်က စုယွီ၏ အမည်ကို ထုတ်ဖော်ပြောကြားလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။

ရွှီဝမ်ရှန်းက ယတိပြတ် မဆုံးဖြတ်နိုင်သော လေသံဖြင့် ပြန်လည်ချေပလိုက်လေ၏။

"အစ်မတော်... ဘာကို ဆိုလိုတာလဲဗျ...။ စုယွီဆိုတဲ့ကောင်က ကျွန်တော့်မှတ်ဉာဏ်ထဲမှာတော့ အခြေခံတည်ဆောက်ခြင်း ရှစ်ဆင့်မြောက် ကျင့်ကြံသူလေးပဲ ရှိသေးတာ မဟုတ်လား"

နတ်မိမယ် ဖုန်းလင်က သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး...

"သူက အခု အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ကို ရောက်နေပြီ"

ရွှီဝမ်ရှန်းက မျက်မှောင်ကြုတ်လိုက်ကာ...

"ကိုးဆင့်မြောက် ရောက်နေတယ် ဆိုရင်တောင်မှ... အဲဒါက ပူစရာ အကြောင်းမှ မရှိတာဗျာ"

နတ်မိမယ် ဖုန်းလင်က အေးစက်စွာ တုံ့ပြန်လိုက်၏။

"တကယ်လို့ ရွှီချန်ချင်းနဲ့ ဟွမ်ရှင်းယီတို့ကို သူပဲ သတ်လိုက်တာဆိုရင်ကော... မင်း ဘယ်လို ပြောမလဲ"

ရွှီဝမ်ရှန်း၏ မျက်နှာသည် ရုတ်ချည်း ကွက်ခနဲ ပျက်သွားရလေ၏။ သူက မယုံကြည်နိုင်စွာဖြင့် ပြန်လည် ငြင်းဆန်လိုက်တော့သည်။

"မဖြစ်နိုင်တာ...။ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူ တစ်ယောက်က အမြုတေအရှင်သခင် တစ်ပါးကို သတ်ဖို့ နေနေသာသာ... အရှင်သခင်ရဲ့ လက်ထဲကနေ အသက်ရှင်အောင် ထွက်ပြေးနိုင်ဖို့တောင် စိတ်ကူးယဉ်ရုံပဲ ရှိမှာပါ"

နတ်မိမယ် ဖုန်းလင်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး...

"ဘာလို့ မဖြစ်နိုင်ရမှာလဲ...။ ငါ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်တုန်းကလည်း အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် တစ်ပါးကို သတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တာပဲ"

"လော့ချန်ယွီလည်း အဲဒီလိုပဲ လုပ်နိုင်ခဲ့တာပဲ မဟုတ်လား"

ရွှီဝမ်ရှန်းသည် သူ၏ အစ်မတော်ကို အံ့သြတကြီး ကြည့်နေမိပြီး၊ သူ၏ မျက်နှာထားမှာ တဖြည်းဖြည်း ပြောင်းလဲသွားလေသတည်း။ နတ်မိမယ် ဖုန်းလင်သည် သူ့အား ဘာကြောင့် ဆင့်ခေါ်ခဲ့သည်ကို သူ ရုတ်တရက် နားလည်သွားတော့၏။

လွန်ခဲ့သော နှစ်များစွာက သူသည် စုယွီအား နှိပ်စက် ကျူးလွန်ခဲ့ဖူးသည် မဟုတ်ပါလော။

ယခုမူ စုယွီ၏ ကျင့်ကြံခြင်း စွမ်းအားများမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး၊ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်ကိုပင် သတ်နိုင်စွမ်း ရှိနေကောင်း ရှိနေပေလိမ့်မည်။

စုယွီအနေဖြင့် အတိတ်က ရန်ငြိုးဟောင်းများကို လက်စားချေရန် ကြိုးစားလာမည်လော။

ဘေးနားတွင် ရပ်နေသော ကျန်းပိုင်ယွီမှာမူ ပို၍ပင် စိုးရိမ်ထိတ်လန့်နေမိလေသတည်း။ ရွှီဝမ်ရှန်းနှင့် စုယွီကြားမှ ကိစ္စမှာ သေးငယ်သော အငြင်းပွားမှုမျှသာ ဖြစ်သော်လည်း...

သူ၏ ကျန်းမိသားစုမှာမူ တစ်ချိန်က စုမိသားစုကို လောကမြေပုံပေါ်မှ အပြီးတိုင် ဖျောက်ဖျက်ပစ်ရန် ကြံစည်ခဲ့ဖူးသည် မဟုတ်ပါလော။

လွန်ခဲ့သော နှစ်အနည်းငယ်တုန်းကပင် ကျန်းပိုင်ယွီသည် တိတ်တဆိတ် ထွက်ခွာ၍ စုမိသားစု၏ ဆေးဆိုင် (၂) ဆိုင်ကို အမြစ်ဖြတ် ဖျက်ဆီးခဲ့ပြီး၊ စုမိသားစုဝင် အချို့ကိုပါ လက်စားချေ သတ်ဖြတ်ခဲ့သေးသည်။

ယခုမူ အတူတူ ပူးပေါင်းခဲ့ကြသော ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့မှာ ကျဆုံးကုန်ကြပြီ ဖြစ်ရာ...

ကျန်ရစ်နေသော သူကော... ဘာဖြစ်မည်နည်း။

ကျန်းပိုင်ယွီသည် နတ်မိမယ် ဖုန်းလင်ကို ကြည့်လိုက်ပြီး၊ သူ၏ အသံမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် မြန်ဆန်နေလေ၏။

"နတ်မိမယ်... ကျွန်တော်တို့ ဘာဆက်လုပ်သင့်သလဲဗျ"

နတ်မိမယ် ဖုန်းလင်သည် ခေတ္တမျှ အတွေးနက်နေပြီးမှ အေးအေးလူလူ ဆိုလိုက်၏။

"တကယ်လို့ စုယွီရဲ့ စွမ်းအားက အဲဒီအဆင့်အထိ တကယ် ရောက်နေပြီဆိုရင်တော့... စုမိသားစုကို ထပ်ပြီး မရန်စတာ အကောင်းဆုံးပဲ။ အကောင်းဆုံးကတော့ စေ့စပ် ငြိမ်းချမ်းရေး နည်းလမ်းကို ရှာရမယ်။ အဲဒီလိုမှ မလုပ်နိုင်ရင်တောင်မှ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ စုမိသားစုကြားမှာ ခါးသီးတဲ့ ရန်သူတွေတော့ မဖြစ်စေနဲ့"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းပိုင်ယွီ၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားရပြန်၏။ အဓိပ္ပာယ်မှာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် သို့မဟုတ် နတ်မိမယ် ဖုန်းလင်သည် စုယွီအား မစော်ကားလိုတော့ဟု ဆိုလိုခြင်းပင်။

သို့ဆိုလျှင် သူနှင့် စုယွီကြားမှ ရန်ငြိုးများ၊ ကျန်းမိသားစုနှင့် စုယွီကြားမှ သွေးကြွေးများကို မည်သို့ ရှင်းလင်းရမည်နည်း။

နတ်မိမယ် ဖုန်းလင်က တည်ကြည်လေးနက်စွာ ဆိုလိုက်၏။

"ငါ စုယွီနဲ့ တွေ့ဖို့ အခွင့်အရေး တစ်ခု ရှာမယ်...။ ရန်ငြိုးတွေကို ပြေလည်အောင် လုပ်လို့ ရမလားဆိုတာ ကြည့်ရမှာပေါ့"

သူမသည် ကျန်းပိုင်ယွီနှင့် ရွှီဝမ်ရှန်းတို့ကို စိမ်းစိမ်းကြည့်ကာ ဆက်လက် ပြောကြားလိုက်၏။

"ကိစ္စတိုင်းက သေခြင်းရှင်ခြင်း တိုက်ပွဲနဲ့ပဲ အဆုံးသတ်စရာ မလိုပါဘူး"

"ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ အသက်ရှင်သန်နိုင်ဖို့ ရှာဖွေတာပဲ။ ငါတို့ အင်မော်တယ် ဖြစ်ဖို့ ကြိုးစားကြတာ၊ ဒါက ငါတို့ ကျင့်ကြံရခြင်းရဲ့ ရည်ရွယ်ချက်ပဲ... ထာဝရ အသက်ရှည်ဖို့ပေါ့"

"ငါတို့ ကျင့်ကြံခြင်းအတွက် အကျိုးရှိမယ်ဆိုရင် တိုက်ခိုက်တာဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး လုပ်တာဖြစ်ဖြစ် လုပ်သင့်တာပဲ"

ပြောပြောဆိုဆိုနှင့် နတ်မိမယ် ဖုန်းလင်သည် သူမ၏ ဂျူနီယာညီငယ် ရွှီဝမ်ရှန်းအား တစ်ချက် ဝှေ့ကြည့်ကာ သတိပေးလိုက်၏။

"နောက်ဆိုရင် မင်းရဲ့ အပြုအမူတွေကို နည်းနည်း ဆင်ခြင်စမ်း။ လူတိုင်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို မျက်နှာထောက်နေမှာ မဟုတ်ဘူး။ လူတိုင်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို ကြောက်နေကြမှာ မဟုတ်ဘူး။ ရန်သူတွေ အရမ်း များလာရင်... အသက် သိပ်မရှည်နိုင်ဘူးနော်"

---

ယွင်ကျန်းဂိုဏ်း နယ်မြေ...။

ဟေးယန် တောင်တန်း...။

စုယွီနှင့် အဖွဲ့သည် ယွင်ကျန်းဂိုဏ်း နယ်မြေသို့ ပြန်လည် ရောက်ရှိလာချိန်တွင်မူ... ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ ကျဆုံးသွားသည့် သတင်းမှာ ဤနေရာသို့ အခုမှပင် ရောက်ရှိလာခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လမ်းခရီးတစ်လျှောက်တွင် လှပသော နေရာများကို လိုက်လံ ကြည့်ရှုနေခဲ့ကြသောကြောင့်ပင်။

"ဂါး..."

တိမ်တိုက်ကျား၏ ဟိန်းဟောက်သံသည် ယွီမိသားစု၏ ဟေးယန် တောင်တန်း တစ်ခုလုံးကို တုန်ခါသွားစေတော့၏။

မျိုးနွယ်စု နယ်မြေ အဝင်ဝ၌ စောင့်ကြပ်နေကြသော ယွီမိသားစုဝင် (၂) ဦးမှာမူ ကြောက်လွန်းသဖြင့် ဒူးများပင် ပျော့ခွေ၍ လဲကျလုနီးပါး ဖြစ်သွားကြရှာ၏။

တိမ်တိုက်ကျား၏ ကျောပေါ်မှ ဆင်းသက်လာသူများမှာ စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ ဖြစ်ကြောင်း မြင်လိုက်ရသောအခါမှသာ ထို (၂) ဦးမှာ သက်ပြင်းချနိုင်တော့ပြီး၊ ကြောက်လွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာကြတော့၏။

'ဒီ ဘိုးဘေး (၂) ယောက်ကတော့... လူကို အသည်းယားအောင် လုပ်နိုင်လွန်းတယ်'

ယခုအခါ စုယွီနှင့် ယွီခယ်အာတို့သည် အသက် (၁၀၀) ကျော် ရာဂဏန်း အရွယ်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ... စုမိသားစုတွင် ဖြစ်စေ၊ ယွီမိသားစုတွင် ဖြစ်စေ...။

သူတို့ နှစ်ဦးစလုံးမှာ 'အကြီးအကဲ' အဆင့်အတန်းသို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။

သူတို့အား ဘိုးဘေးများဟု ခေါ်ဆိုခြင်းမှာလည်း လွန်အံ့မထင်ချေ။

ယွီမိသားစု၏ မျိုးဆက်သစ် လူငယ်များ၏ ရိုသေစွာ ဂါရဝပြုမှုများနှင့်အတူ စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် ယွီမိသားစု အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်လာကြ၏။

သူတို့ ဝင်လာပြီး သိပ်မကြာခင်မှာပင် ယွီပိုင်ရှန်း၊ ယွီပိုင်လုံနှင့် ယွီပိုင်ဟယ်တို့ ပေါ်ထွက်လာကြလေ၏။

သူတို့နှင့်အတူ ယွီမိသားစု၏ မိသားစုခေါင်းဆောင်သစ် ဖြစ်သူ၊ ယွီပိုင်ရှန်း၏ တတိယမြောက် သား ယွီစီ နှင့် ယွီမိသားစု၏ မျိုးဆက်သစ် အကြီးအကဲ အချို့လည်း ပါဝင်လာကြသည်။

စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကို မြင်လိုက်ရသောအခါ ယွီပိုင်ရှန်းနှင့် အဖွဲ့မှာ စိတ်အေးသွားကြရလေ၏။

ယွီပိုင်ဟယ်က ရယ်မောကာ ဆိုလိုက်၏။ "မင်းတို့တွေ ဖြစ်မယ်ဆိုတာ ငါ သိသားပဲ"

ယွီစီသည် ယွီခယ်အာထက် အနည်းငယ် ငယ်ရွယ်ပြီး၊ ယွီခယ်အာ၏ မောင်ဝမ်းကွဲ တစ်ဦး ဖြစ်ပေသည်။

အဆိုပါ အကြီးအကဲများသည်လည်း ပိုမို ငယ်ရွယ်သူများ ဖြစ်ကြ၏။

သူတို့အားလုံးသည် စုယွီနှင့် ယွီခယ်အာတို့အား စည်းစနစ်တကျဖြင့် ရိုသေစွာ ဂါရဝပြုကြ၏။

သူတို့သည် စုယွီတို့ အဖွဲ့အား အိမ်တော်တွင်းသို့ လိုက်ပါ ပို့ဆောင်ပေးနေစဉ်တွင် ယွီပိုင်ရှန်းက စုယွီကို ကြည့်၍ မေးမြန်းလိုက်၏။

"မောင်ရင်.. လာခဲလှချည်လား...။ ဘာကိစ္စများ ရှိလို့လဲ"

လမ်းလျှောက်နေရင်းနှင့်ပင် စုယွီက တည်ကြည်လေးနက်စွာ ဆိုလိုက်၏။

"ကျွန်တော် ယွီမိသားစုကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကနေ ထွက်ခွာစေချင်ပါတယ်"

ယွီပိုင်ရှန်းနှင့် အဖွဲ့သည် ရုတ်တရက် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားကြလေ၏။ ယွီပိုင်ရှန်းသည် စုယွီကို အံ့အားသင့်ဟန်ဖြင့် စေ့စေ့စပ်စပ် ကြည့်နေမိပြီး၊ စုယွီကလည်း သူ့အား တည်ငြိမ်စွာ ပြန်လည် ကြည့်နေ၏။

ယွီပိုင်ရှန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်လေ၏။

"အခုမှ အမြုတေအရှင်သခင် ဖြစ်ခါစ ရွှီချန်ချင်းနဲ့ ဟွမ်ရှင်းယီတို့ ကျဆုံးသွားတဲ့ ကိစ္စကြောင့်လား...။ ဒါမှမဟုတ် တခြား အကြောင်းရင်းများ ရှိသေးလို့လား...။ ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူးနော်။ ငါတို့ ယွီမိသားစုက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို မစော်ကားရဲဘူး ဆိုတာ မင်းလည်း သိမှာပါ"

ထိုအခါ၊ စုယွီက ခပ်ပြုံးပြုံးနှင့်၊ တီးတိုး စကားအချို့ကို ပြောကြားလိုက်၏။

ယွီပိုင်ရှန်း၏ မျက်လုံးများသည် မယုံနိုင်စရာ ကောင်းလှသည့် ပုံစံဖြင့် ပြူးကျယ်သွားပြီး စုယွီအား အချိန်အတော်ကြာအောင် မှင်သက်စွာ ငေးကြည့်နေမိတော့၏။

သူ့ဘေးနားရှိ ယွီပိုင်လုံ၊ ယွီပိုင်ဟယ်နှင့် ယွီစီတို့၏ မျက်နှာပေါ်တွင်လည်း ဇဝေဇဝါ ဖြစ်ဟန်များ ပေါ်လွင်နေ၏။

'သူ ဘာတွေ ပြောလိုက်တာလဲ...။ ဘာလို့ ဒီလောက်တောင် အံ့သြသွားရတာလဲ'

ခဏအကြာတွင်...

ယွီပိုင်ရှန်း၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး၊ သူ၏ သူငယ်အိမ်များမှာလည်း ဆတ်ခနဲ ကျုံ့သွားကာ စုယွီအား စိုက်ကြည့်နေမိ၏။ တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာသောအခါ သူသည် အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီးမှ ဆိုလိုက်လေ၏။

"ငါတို့ ဒါကို ဆွေးနွေးဖို့ အချိန် နည်းနည်းလောက် ပေးပါဦး။ ဘာပဲပြောပြော ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူးလေ"

စုယွီက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

"ရပါတယ်... ကျွန်တော် ဒီမှာ ခဏလောက် နေသွားမှာပါ။ ခယ်အာလည်း..သူ့အဒေါ်နဲ့ အချိန်ပိုပေးလို့ ရတာပေါ့"

ယွီပိုင်ရှန်းသည် သူ၏ ညီအစ်ကိုများ ဖြစ်ကြသော ယွီပိုင်လုံ၊ ယွီပိုင်ဟယ်တို့နှင့် ထိုကိစ္စကို ဆွေးနွေးရန် ထွက်ခွာသွားလေတော့သည်။

ထိုအချိန်တွင် စုယွီသည် ယွီစီနှင့် အခြားသူများအား ခွင့်ပန်လိုက်ပြီး၊ ယွီမိသားစု၏ တတိယမြောက် မျိုးနွယ်စု တောင်ကုန်းပေါ်ရှိ အဒေါ်ဖြစ်သူ လော့ချင်းယာထံသို့ သွားရောက် တွေ့ဆုံလိုက်၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လော့ချင်းယာ၏ မျက်နှာပေါ်တွင် ဇရာအရေးအကြောင်း အချို့ ရှိနေသော်လည်း သူမ၏ အလှတရားမှာမူ ပျက်ပြယ်ခြင်း မရှိသေးပေ။ မျက်နှာထိန်းသိမ်းဆေးများနှင့် အခြားသော အဖိုးတန် ဆေးများကြောင့် အဒေါ်ဖြစ်သူ လော့ချင်းယာမှာ ငယ်ရွယ်စဉ်ကနှင့် များစွာ ကွာခြားခြင်း မရှိလှပေ။

ဆန့်ကျင်ဘက် အနေဖြင့် ယွီခယ်အာမှာမူ ငယ်ရွယ်စဉ်ကနှင့် ပို၍ ပို၍ပင် တူညီလာခဲ့ပြီး၊ အထူးသဖြင့် သူမ၏ ဟန်ပန်မှာ ပို၍ ထင်ရှားလာခဲ့လေသတည်း။

*

လဝက်ခန့် ကြာမြင့်ပြီးနောက်...

စုယွီသည် ယွီခယ်အာ၊ ယွီချန်ချင်းတို့နှင့်အတူ ဟေးယန် တောင်တန်းမှ ထွက်ခွာလာခဲ့၏။ ထို့နောက် မကြာမီမှာပင် ယွီမိသားစုသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ နုတ်ထွက်ကြောင်းနှင့် ယွင်ကျန်းဂိုဏ်းသို့ ပြန်လည် ပူးပေါင်းကြောင်း လူသိရှင်ကြား ကြေညာလိုက်လေတော့သည်။

ဤဆုံးဖြတ်ချက်သည် ယွင်ကျန်းဂိုဏ်းနှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နယ်မြေအတွင်းရှိ ကျင့်ကြံခြင်း မိသားစုများကြားတွင် အကြီးအကျယ် ဂယက်ရိုက်သွားစေခဲ့၏။

ယွီမိသားစုသည် အဘယ်ကြောင့် ဤကဲ့သို့သော လမ်းစဉ်ကို ရွေးချယ်လိုက်ရသနည်း ဆိုသည်ကို သူတို့ မတွေးတတ်ကြတော့ချေ။

ယွီမိသားစုသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ ဒေါသတကြီး လက်စားချေခြင်းကို မကြောက်ကြတော့ဘူးလော။

All Chapters