← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈) - တံဆိပ်ပြားများနှင့် အမွေအနှစ် (အပိုင်း - ၄)

~ထိုစဥ်၊

စုယွီ၏ မျက်နှာထက်တွင် ခပ်ပြုံးပြုံး အမူအရာတစ်ခု ပေါ်လွင်လာပြီး ခေါင်းညိတ်ကာ ဆိုလိုက်လေ၏။

"တာအိုမိတ်ဆွေ ရှုယွီ... နတ်မိမယ် ဖုန်းလင်... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

ထို့နောက် သူ၏ အကြည့်သည် ရွှီဝမ်ရှန်းထံသို့ ရောက်ရှိသွားပြီး ဆက်လက်၍...

"ခန်းမသခင် ရွှီလို ပုဂ္ဂိုလ်မျိုးက ဆေးလုံးတောင်လို ဝေးလံခေါင်သီပြီး အညတရ ဆန်တဲ့နေရာအထိ ဒုက္ခခံပြီး ကြွလာရတာ ဂုဏ်ယူစရာပါပဲ... ကျုပ်တို့ဘက်က ဧည့်ဝတ်ကျေပွန်ရဲ့လားတော့ မသိဘူးနော်"

ရွှီဝမ်ရှန်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သော်လည်း ဘေးနားရှိ နတ်မိမယ် ဖုန်းလင်ကမူ ချိုမြစွာ ရယ်မောလိုက်၏။

"မပြောပါနဲ့ရှင်... ဆန့်ကျင်ဘက် အနေနဲ့ ဒီဆေးလုံးတောင်ဟာ ရှုချင်စရာ ကောင်းတဲ့ ရှုခင်းတွေ ရှိပြီး ပါးရည်နပ်ရည် ရှိတဲ့ လူတော်လူကောင်းတွေ ပေါ်ထွန်းရာ အရပ်ပဲ မဟုတ်လား"

"တာအိုမိတ်ဆွေစုလို ပါရမီရှင် တစ်ယောက်ကို ပျိုးထောင်ပေးနိုင်တာကို ကြည့်ခြင်းအားဖြင့် ဒီမြေဟာ ဘယ်လောက်အထိ ကျက်သရေ ရှိတယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူးရှင်"

နတ်မိမယ် ဖုန်းလင်၏ မြှောက်ပင့်ပြောဆိုသံများကို ကြားရသောအခါ စုယွီ အနည်းငယ် အံ့အားသင့်သွားမိ၏။

'ဒီမိန်းမ... စကားပြောတာ တော်တော် ပါးနပ်တာပဲ'

သူမ၏ စကားများကို နားထောင်နေကြသော စုရွီအန်းနှင့် ယွီခယ်အာတို့မှာလည်း တစ်ယောက်ကို တစ်ယောက် အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်မိကြသည်။

'ဘာလို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က လူတွေက ဒီလောက်အထိ နှိမ့်ချပြနေရတာလဲ'

စုယွီက အထက် ခုံတွင် နေရာယူလိုက်ပြီးနောက် တာအိုဆရာ ရှုယွီ၊ နတ်မိမယ် ဖုန်းလင်နှင့် ရွှီဝမ်ရှန်းတို့လည်း အသီးသီး နေရာယူ ထိုင်လိုက်ကြ၏။

စုယွီက တာအိုဆရာ ရှုယွီအား ကြည့်၍ မေးမြန်းလိုက်သည်။

"တာအိုမိတ်ဆွေ ရှုယွီ... ဒီနေ့ လာရတဲ့ အကြောင်းရင်းလေး သိခွင့် ရှိမလားဗျ"

ထိုအခါ၊ တာအိုဆရာ ရှုယွီက ခပ်ပြုံးပြုံးဖြင့်ပင် ပြန်လည်ဖြေကြားလိုက်၏။

"ကျွန်တော်ကတော့ ကြားခံ လူဖျန်ပေးသူ သက်သက်ပါပဲ... အဓိကကတော့ နတ်မိမယ် ဖုန်းလင်က တာအိုမိတ်ဆွေစုနဲ့ တွေ့ဆုံချင်လို့ပါ"

စုယွီသည် သူ၏ အကြည့်ကို နတ်မိမယ် ဖုန်းလင်ထံသို့ လွှဲလိုက်သည်။

နတ်မိမယ် ဖုန်းလင်ကလည်း စုယွီ၏ အကြည့်ကို မရှောင်လွှဲဘဲ စိမ်းစိမ်းကြည့်ကာ ပြုံး၍ ဆိုလိုက်၏။

"အတိတ်တုန်းက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ ရှင်၊ ရှင်တို့ စုမိသားစုကြားမှာ အထင်မှားခံခဲ့ရတဲ့ ကိစ္စလေးတွေ ရှိခဲ့တာ သိပါတယ်... ဒါပေမဲ့ ကျွန်မ အမြင်ပြောရရင် ဒါတွေက လက်စားချေရလောက်တဲ့အထိ သွေးကြွေးရန်ငြိုးတွေ မဟုတ်ကြပါဘူး... အဲ့ဒီလောက်လည်း မကြီးကျယ်ပါဘူးရှင်"

"ဒါကြောင့် ကျွန်မ ဒီနေ့ လာရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရှင်နဲ့ ပြန်လည် စေ့စပ် ငြိမ်းချမ်းဖို့နဲ့ အတိတ်က အမှားတွေကို အဆုံးသတ်ဖို့ပါပဲ... ဘာပဲပြောပြော မိတ်ဆွေရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် မိတ်ဆွေဟာ တာ့ယွဲ့ စီရင်စုရဲ့ ထိပ်တန်း အဆင့်မှာ ရပ်တည်နေတာလေ... ကျွန်မတို့ကြားမှာ အသေးအမွှား ကိစ္စလေးတွေအတွက်နဲ့ ပြဿနာဖြစ်နေဖို့ မလိုတော့ဘူး မဟုတ်လား"

သူမ၏ စကားများမှာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် တိုက်ရိုက်ကျလှချေ၏။

စုယွီ ခေတ္တမျှ မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်လျက် မသိမသာ ရေရွတ်လိုက်သည်။

"ကျွန်တော်.. နတ်မိမယ်ရဲ့ အလိုကို သိပ်နားမလည်ဘူး ဖြစ်နေတယ်...။ ကျွန်တော့်ရဲ့ စုမိသားစုနဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကြားမှာ နက်နက်ရှိုင်းရှိုင်း ရန်ငြိုးဖွဲ့စရာ အကြောင်းမှ မရှိတာပဲဟာ"

ထိုစကားကို ကြားသောအခါ နတ်မိမယ် ဖုန်းလင်က သာယာစွာ ရယ်မောလိုက်ပြီး ခေါင်းကို အသာအယာ.. ခါယမ်း၍ ဆိုလိုက်၏။

"ကျွန်မ ဒီနေ့ လာတာက ရိုးရိုးသားသား ဖွင့်ဟဝန်ခံဖို့ လာတာပါရှင်"

"တာ့ယွဲ့ စီရင်စု ဆိုတာက ကြီးတယ်ဆိုရင်လည်း ကြီးသလို၊ သေးတယ်ဆိုရင်လည်း သေးပါတယ်... နောင်တစ်ချိန်မှာ ရှင့်အနေနဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ ပြန်လည် ဆုံတွေ့ရဦးမှာ အသေအချာပဲ... တွေ့တိုင်းမှာ သေခြင်းရှင်ခြင်း တိုက်ပွဲတွေ ဆင်နွှဲနေရတာမျိုး ကျွန်မ မလိုချင်ဘူး"

ခေတ္တမျှ ရပ်နားပြီးနောက် နတ်မိမယ် ဖုန်းလင်က ဆက်လက်၍...

"ကျွန်မတို့ရဲ့ အဆင့်ကို ရောက်လာပြီ ဆိုရင် လုပ်ဆောင်ချက်တိုင်းဟာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်စေနိုင်တယ်လေ"

"မိစ္ဆာတွေ ဒါမှမဟုတ် ..အဆင်အခြင်မဲ့တဲ့ အညတရ ကျင့်ကြံသူတွေက လွဲရင် ဘယ်သူကများ အကျိုးအပြစ်ကို မစဉ်းစားဘဲ လက်စားချေဖို့ပဲ ကြံစည်နေပါ့မလဲ... ဟုတ်တယ်မလား.. တာအိုမိတ်ဆွေစု"

"ယွီမိသားစုကိုပဲ ကြည့်လေ... ယွီမိသားစုက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကနေ နုတ်ထွက်ဖို့ ကြေညာလိုက်တာဟာ မြို့တော်အပေါ်မှာ သက်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိစေတာ အမှန်ပဲ... ဒါပေမဲ့ ကျွန်မတို့က.. ယွီမိသားစုကို ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား"

"ဘာကြောင့်လဲ...။ အကြောင်းကတော့ ယွီမိသားစုရဲ့ နောက်ကွယ်မှာ ရှင်နဲ့ ယွင်ကျန်းဂိုဏ်း ရှိနေလို့ပဲလေ"

နတ်မိမယ် ဖုန်းလင်က စုယွီအား တည်ကြည်လေးနက်စွာ ကြည့်၍ ဆိုလိုက်၏။

"ကျွန်မတို့တွေ.. တာအိုကို ကျင့်ကြံတယ်ဆိုတာ အင်မော်တယ် ဖြစ်ဖို့ ရည်မှန်းတာပါပဲ...။ ရန်ငြိုးတွေနဲ့ပဲ သံသရာ လည်နေကြမယ်ဆိုရင် ဘယ်သူမှ မကောင်းပါဘူး...။ မိတ်ဆွေစုလည်း ဒီလို ရလဒ်မျိုးကို လိုချင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်ရှင်"

စုယွီ၏ မျက်လုံးများမှာ မှေးစင်းသွားပြီး နတ်မိမယ် ဖုန်းလင်အား မမှိတ်မသုန်ကြည့် နေမိတော့သည်။

နတ်မိမယ် ဖုန်းလင်ကလည်း နောက်ဆုတ်ခြင်း မရှိဘဲ စုယွီ၏ အကြည့်ကို တည့်တည့် ပြန်ကြည့်နေ၏။

သူမ၏ စကားများအရ ဆိုလျှင် သူမသည် စုယွီနှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကြားမှ ရန်ငြိုးဟောင်းများကို အပြတ်အသတ် လက်စားချေမည့်အစား၊ ယွီမိသားစု ကိစ္စ အပါအဝင် အရာအားလုံးကို အတိတ်မှာပဲ ထားခဲ့လိုသည့် သဘောပင် ဖြစ်ချေသည်။

ထိုအခြင်းအရာအား မြင်သောအခါ စုယွီသည် နတ်မိမယ် ဖုန်းလင်အား ခဏမျှ ကြည့်နေပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်ပေါက်လာလေသတည်း။

"နတ်မိမယ်ရဲ့ ဆန္ဒက ဒါမျိုးကိုး...။ ကျွန်တော်.. အကြမ်းဖျင်းတော့ နားလည်ပါပြီ"

"တကယ်တော့ နတ်မိမယ်က အရမ်း အလေးအနက် ထားလွန်းနေတာပါ...။ ဒီလို အညတရ ကိစ္စလေးတွေ အတွက်ဆိုရင် လူလွှတ်ပြီး အကြောင်းကြားလိုက်ရုံနဲ့တင် ရနေတာပဲဟာ...။ ဒါက သတင်းကောင်းပဲ မဟုတ်လား"

ပြောပြောဆိုဆိုနှင့် စုယွီသည် သူ၏ အကြည့်ကို ရွှီဝမ်ရှန်းထံသို့ လွှဲလိုက်ပြီး၊ ခပ်ပြုံးပြုံးဖြင့် ဆက်လက်၍...

"တာအိုမိတ်ဆွေရွှီ... အဲဒီတုန်းက ကျွန်တော်က ငယ်ရွယ်ပြီး သွေးကြွနေတဲ့ အရွယ်ဆိုတော့... တာအိုမိတ်ဆွေကို ကျူးလွန်မိတာတွေ ရှိခဲ့ရင်လည်း ရင်ထဲမှာ မထားပါနဲ့ဗျာ"

ရွှီဝမ်ရှန်းသည် စုယွီ၏ အကြည့်အောက်တွင် ကျောရိုးများပင် စိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ နှလုံးခုန်သံများမှာလည်း မြန်ဆန်နေလေသတည်း။

ရွှီဝမ်ရှန်းက ကြောက်လန့်တကြားဖြင့် ခေါင်းကို ငုံ့လိုက်ပြီး တုန်ရီနေသော အသံဖြင့်...

"မဟုတ်တာ... မဟုတ်တာ... တကယ်တော့ ကျွန်တော်ကသာ တောင်းပန်ရမှာပါ... တာအိုမိတ်ဆွေစုအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

စုယွီက အားရပါးရ ရယ်မောလိုက်ပြီး... "ရပါတယ်... ရပါတယ်ဗျာ"

ထို့နောက်တွင်မူ သူတို့ အားလုံးသည် ခေတ္တမျှ အေးအေးလူလူ စကားစမြည် ပြောဆိုလိုက်ကြ၏။ မထွက်ခွာမီမှာပင် နတ်မိမယ် ဖုန်းလင်က ချန်ခွန်းအိတ် တစ်လုံးကို ထုတ်ပေးကာ ဆိုလိုက်၏။

"တာအိုမိတ်ဆွေစုက 'လေစွမ်းအင် ကျောက်တုံး' တွေကို သည်းသည်းမည်းမည်း ရှာဖွေနေတယ်လို့ ကြားရတယ်...။ ကျွန်မဆီမှာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ရထားတဲ့ လက်ကျန်လေး နည်းနည်း ပါလာတယ်...။ ကျွန်မ လာတုန်းက လက်ဗလာနဲ့ လာမိလို့ လက်ဆောင်အဖြစ် အဲဒါလေးကိုပဲ ပေးပါရစေ... တာအိုမိတ်ဆွေအနေနဲ့ တာ့ယွဲ့ စီရင်စုရဲ့ ထိပ်တန်း အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ လက်ခံပေးပါရှင်"

စုယွီသည် ထိုလက်ဆောင်ကို လက်ခံလိုက်ပြီးနောက် နတ်မိမယ် ဖုန်းလင်နှင့် ရွှီဝမ်ရှန်းတို့အား ပြန်လည် ပို့ဆောင်ပေးလိုက်၏။

ထိုသူ (၂) ဦး ထွက်သွားသည်နှင့် တစ်ပြိုင်နက် စုယွီ၏ မျက်ခုံးတန်းများမှာ ချက်ချင်း ပြန်လည် တွန့်ချိုးသွားရ၏။

ချန်ခွန်းအိတ်အတွင်းကို သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ စုယွီ အတော်.. အံ့အားသင့်သွားမိသည်။

နတ်မိမယ် ဖုန်းလင်သည် တကယ့်ကို ရက်ရက်ရောရော ရှိလှပါပေ၏။ သူမသည် တတိယအဆင့် ဝိညာဉ်သတ္တု ဖြစ်သော လေစွမ်းအင် ကျောက်တုံး (၂) ကုဗပေခန့်ကို လက်ဆောင်ပေးခဲ့ခြင်းပင်။

ဤပမာဏမှာ တတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် ဖြစ်သည့် 'အမွှေးဖြူ ဖီးနစ် လင်းယုန်'ကို ဖန်တီးရန် လိုအပ်သော အဓိက ကုန်ကြမ်း၏ သုံးပုံတစ်ပုံခန့် ရှိနေလေပြီ။

တန်ဖိုးအားဖြင့်ဆိုလျှင် အနည်းဆုံး အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ရှိမည်။

တကယ့်ကို တန်ဖိုးကြီးလှသော လက်ဆောင်ပင်။

စုယွီသည် လေစွမ်းအင် ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီးနောက် တာအိုဆရာ ရှုယွီဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။

"တာအိုမိတ်ဆွေ ရှုယွီ... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ ဘယ်လောက်အထိ ရိုးသားမှု ရှိတယ်လို့ ထင်သလဲဗျ"

တာအိုဆရာ ရှုယွီက ခဏမျှ တွန့်ဆုတ်နေပြီးမှ ၊

"ကျွန်တော် အမြင်အရဆိုရင်တော့ (၈၀) ရာခိုင်နှုန်းကျော်ကျော်လောက် ရိုးသားမှု ရှိပါတယ်ဗျာ"

တာအိုဆရာ ရှုယွီအတွက်မူ ဤရာခိုင်နှုန်းမှာ ယုံမှားဖွယ်မရှိ သေချာသလောက် ရှိနေ၏။

သို့သော်လည်း စုယွီကမူ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိ၏။

(၈၀) ရာခိုင်နှုန်း ဆိုသည်မှာ ကျန်ရှိသော (၂၀) ရာခိုင်နှုန်းမှာ ကျူးလွန်ရန် ဒါမှမဟုတ် လှည့်ဖျားရန် ကြိုးစားလာနိုင်သေးသည့် အခြေအနေ မဟုတ်ပါလော။

တာအိုဆရာ ရှုယွီက ဆက်လက်၍...

ပြောလိုက်သည်က၊

"နတ်မိမယ် ဖုန်းလင် ပြောသွားတာလည်း မမှားပါဘူးဗျာ... ကျွန်တော်တို့လို အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင်တွေဟာ ဒီအဆင့်ကို ရောက်လာပြီဆိုရင် လက်တုံ့ပြန်ဖို့ ခဲယဉ်းသွားကြပြီလေ"

အခန်း (၂၉၉) - တံဆိပ်ပြားများနှင့် အမွေအနှစ် (အပိုင်း - ၅)

~"အကြောင်းကတော့... အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင် တစ်ယောက်သာ လက်တုံ့ပြန် တိုက်ခိုက်လာမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက မှန်းဆလို့မရနိုင်သလို ထိန်းချုပ်ဖို့လည်း အင်မတန် ခက်ခဲသွားလို့ပဲဗျ"

"တကယ်လို့ အင်အားစုတိုင်းက အရှင်သခင်တွေသာ စိတ်လိုက်မာန်ပါ လျှောက်လုပ်ကြမယ်ဆိုရင် သူတို့လက်အောက်က မိသားစုဝင်တွေ၊ တပည့်တွေ ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ။ ဒီလိုသာဆိုရင်တော့ တာ့ယွဲ့ စီရင်စု နယ်မြေ တစ်ခုလုံးဟာ လောကငရဲပမာ ဖရိုဖရဲ ဖြစ်သွားမှာပေါ့"

စုယွီက မျက်မှောင်ကြုတ်လျက် ပြန်လည်ချေပလိုက်လေ၏။

"ဒါပေမဲ့ အစောပိုင်းတုန်းက ရွှီချန်ချင်းတို့၊ ဟွမ်ရှင်းယီတို့လည်း လှုပ်ရှားခဲ့ကြတာပဲ မဟုတ်လား"

တာအိုဆရာ ရှုယွီက သာယာစွာ ရယ်မောလိုက်ပြီး...

"ဒါကြောင့်လည်း သူတို့တွေ သေသင့်သလောက် သေသွားကြတာပေါ့ဗျာ"

သူက စုယွီအား စေ့စေ့ကြည့်ကာ ဆက်လက်၍...

"အင်အားစုအသီးသီးက လူတော်တော်များများဟာ ကောင်းကင် အပျက်အစီး ခန်းမဆောင်ဆီကနေ သတင်းဝယ်ယူပြီး ဒီကိစ္စကို သိသွားကြပြီ။ ဒီနောက်ကွယ်မှာ တာအိုမိတ်ဆွေ ရှိနေတယ်ဆိုတာကိုလည်း သူတို့ ရိပ်မိကြပါတယ်။ ဒါပေမဲ့ ကောင်းကင် အပျက်အစီး ခန်းမဆောင်ဆိုတာ ဘက်မလိုက်တဲ့ အဖွဲ့အစည်းလေ။ ရွှီချန်ချင်းနဲ့ ဟွမ်ရှင်းယီတို့က ခင်ဗျားကို အရင်ဆုံး သည်းသည်းမည်းမည်း ခြေရာခံပြီး လုပ်ကြံဖို့ ကြိုးစားခဲ့တာပဲ။ သူတို့က ရန်စလို့ မိတ်ဆွေက ပြန်သတ်လိုက်တာဆိုတော့... သေတာဟာ သေတာပဲပေါ့ဗျာ။ ဘယ်သူမှ သူတို့ကို သနားနေမှာ မဟုတ်ဘူး"

"ဒါ့အပြင် အတိတ်တုန်းက သူတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေ

အရ ဆိုရင်လည်း ဒါဟာ သူတို့ရှာတဲ့ သေလမ်းပဲလို့ ပြောရမှာပေါ့"

ခေတ္တမျှ ရပ်နားပြီးနောက် ရှုယွီက ဆိုလိုက်၏။

"တာအိုမိတ်ဆွေ... စိတ်အေးအေးထားပါဗျာ။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အပါအဝင် ဘယ်သူမှ သူတို့အတွက် လက်စားချေမှာ မဟုတ်ပါဘူး။ နတ်မိမယ် ဖုန်းလင်ကိုယ်တိုင်တောင် ခင်ဗျား ဆီအထိ လာပြီး ရက်ရက်ရောရော လက်ဆောင်တွေပေး၊ အတိတ်က ရန်ငြိုးတွေကို ရှင်းလင်းဖို့ ကြိုးစားသွားတာပဲ မဟုတ်လား"

"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကတောင် ဒီလို တုံ့ပြန်တယ်ဆိုရင် ကျန်တဲ့ အင်အားစုတွေကတော့ ပြောနေစရာတောင် မလိုတော့ဘူးပေါ့ဗျာ"

တာအိုဆရာ ရှုယွီသည် စကားများစွာ ပြောကြားသွားခဲ့၏။

အမှန်စင်စစ် သူ၏ ရည်ရွယ်ချက်မှာ စုယွီအား စိတ်လိုက်မာန်ပါ မလုပ်ရန် သတိပေးလိုခြင်းသာ ဖြစ်ပေသည်။ အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ လောကကို ကိုင်လှုပ်မည့် ကိစ္စမျိုးကို မလုပ်ရန် ပရိယာယ်ဖြင့် ပြောသွားခြင်းပင်။

အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြသည် မဟုတ်ပါလော။

စုယွီ၌သာ မိသားစု သို့မဟုတ် သူငယ်ချင်း သံယောဇဥ်များ မရှိခဲ့လျှင်တော့ ကိစ္စမရှိလှပေ။ ခြေဗလာနှင့် လူသည် ဖိနပ်စီးထားသူကို ကြောက်စရာ မလိုသည် မဟုတ်ပါလော။

သို့သော် ယခုအချိန်တွင် စုယွီအတွက်မူ ထိုသို့ မဟုတ်သည်မှာ ထင်ရှားလှပေသည်။

စုယွီကလည်း ဤအချက်ကို ကောင်းကောင်းကြီး နားလည်ပါ၏။

တာအိုဆရာ ရှုယွီကို ပြန်လည် ပို့ဆောင်ပေးပြီးနောက်၊ စုယွီသည် ခေတ္တမျှ အတွေးနက်နေပြီးမှ မျက်ခုံးများကို ဖြေလျှော့လိုက်ကာ တိတ်တဆိတ် တွေးတောလိုက်မိသည်။

'ခြေဗလာနဲ့ လူက ဖိနပ်စီးထားတဲ့ လူကို မကြောက်ဘူးဆိုတဲ့ စကားက အားနည်း တဲ့သူတွေအတွက်ပဲ အသုံးဝင်တာပါ။ တကယ်လို့ စွမ်းအားသာ လုံလောက်မယ် ဆိုရင်တော့ ခြေဗလာနဲ့ လူက မလှုပ်ရှားနိုင်ခင်မှာတင် ပုရွက်ဆိတ် တစ်ကောင်ကို နှိမ်နင်းသလိုမျိုး အစပျောက်အောင် လုပ်ပစ်လို့ ရတာပဲ။ ငါ့အတွက်တော့ အဲဒီလူဟာ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုပါဘူး။ သူက ခြေဗလာ ဖြစ်နေရင်တောင် ငါ့ကို ဘယ်လိုများ ရန်စရဲပါ့မလဲ'

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကဲ့သို့ပင် ဖြစ်ချေသည်။

ယခုအခါ စုယွီသည် ပါးရည်နပ်ရည်ရှိစွာ ဆင်ခြင်နေရသော်လည်း၊ အနာဂတ်တွင်မူ...။

'ငါ အမြုတေဖွဲ့စည်းခြင်းအဆင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဆက်ပြီး ဖန်တီးရမယ်။ ငါသာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အောင်မြင်အောင် တက်လှမ်းနိုင်ပြီး ရွှေရောင်အမြုတေကို စုစည်းနိုင်ပြီဆိုရင်တော့... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က နောက်တစ်ကြိမ် ပြဿနာရှာလာရင်တောင် ငါ ပိုပြီး အေးအေးဆေးဆေး ကိုင်တွယ်နိုင်လိမ့်မယ်'

ထိုသို့ ကြုံးဝါးနေလေသည်။

*

စုယွီသည် တရားထိုင် ကျင့်ကြံရန် ပြင်ဆင်နေစဉ်မှာပင်၊ နှစ်ရက်အကြာ၌ မထင်မှတ်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ပြန်သည်။

ထိုနေ့တွင် စုယွီသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို တစ်ယောက်တည်း အတွေးနက်ကာ ကျင့်ကြံနေစဉ်၊ ရုတ်တရက်ဆိုသလို ပြင်းထန်သည့်ကောင်းသော အရှိန်အဝါတစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေသတည်း။

စုယွီ၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားရပြီး၊ သူ၏ နေနှင့်လ ကျွန်း ဂူစံအိမ်မှ ထွက်ခွာ၍ ဟေးယန် တောင်တန်းရှိ မိသားစုနယ်မြေဆီသို့ ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြုကာ ကပျာကယာ ပြန်လာခဲ့၏။

မိသားစုနယ်မြေသို့ မည်သူရောက်လာသနည်းဟု သူ မစစ်ဆေးနိုင်သေးမီမှာပင်၊ သူ၏ ရှေ့မှောက်၌ လူရိပ် တစ်ခုသည် ဘွားခနဲ ပေါ်ထွက်လာတော့သည်။

စုယွီသည် လန့်သွားပြီး သေချာကြည့်လိုက်ရာ၊ ထိုသူမှာ သူ ရင်းနှီးပြီးသား ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

စုယွီက အံ့ဩတကြီးဖြင့် မေးမြန်းလိုက်၏။

"စီနီယာ..."

ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ယွင်ရှန်းမြို့ဈေးကွက်ရှိ 'ကောင်းကင်သိုင်းကျမ်း မျှော်စင်'မှ အဘိုးအိုပင် ဖြစ်ချေသည်။

ထိုအဘိုးအိုသည် မိသားစုနယ်မြေအတွင်းသို့ မည်သူမျှ မသိအောင် ထိုးဖောက်ဝင်ရောက် လာခဲ့ခြင်းပင်။ စုမိသားစုမှ မည်သူတစ်ဦးတစ်ယောက်မျှ သူ ရောက်ရှိလာသည်ကို အာရုံမခံမိကြသလို၊ ဘာတုံ့ပြန်မှုမျှလည်း မရှိကြချေ။

ထိုအခိုက်အတန့်၌ အဘိုးအိုသည် စုယွီနှင့် မလှမ်းမကမ်းတွင် ကိုယ်ထင်ပြလိုက်ပြီး၊ စုယွီအား မမှိတ်မသုန် စိုက်ကြည့်နေမိ၏။ ခေတ္တမျှ ကြာသောအခါမှ သူက ခပ်ဖွဖွ ရေရွတ်လိုက်၏။

"ငါ အရင်က အထင်မှားခဲ့မိတာ ထင်တယ်...။ မင်း ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး"

ထိုအဘိုးအိုသည် စုယွီ၏ ကျင့်ကြံခြင်းအဆင့်ကို ဆိုလိုခြင်း မဟုတ်သည်မှာ သိသာလှပေသည်။ ဘာပဲပြောပြော စုယွီသည် အသက် (၁၁၀) ကျော်မှ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ ရောက်ရှိလာခြင်း ဖြစ်ရာ၊ ဤကျင့်ကြံမှုနှုန်းမှာ မြန်ဆန်လှသည် မဟုတ်ဘဲ သာမန်မျှသာ ဖြစ်သောကြောင့်ပေတည်း။

စုယွီ စကားတစ်ခွန်းမျှ မဆိုရသေးမီမှာပင်၊ အဘိုးအိုသည် စုယွီအား ကြည့်ကာ ရုတ်တရက် မေးလိုက်၏။

"မင်းက ရွှေရောင်အမြုတေ လမ်းစဉ်ကို လျှောက်လှမ်းချင်တာလား"

စုယွီ၏ ရင်ထဲ၌ ဆတ်ခနဲ လှုပ်ရှားသွားရ၏။ သူသည် ခဏမျှ အတွေးနက်နေပြီးမှ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။

"ကျွန်တော် ရှေးဟောင်းကျမ်းစာတွေထဲမှာ ဖတ်ဖူးပါတယ်စီနီယာ... ရွှေရောင်အမြုတေ လမ်းစဉ်ဆိုတာ အင်မော်တယ် ဖြစ်မယ့် တာအိုလမ်းစဉ်ပေါ့... အဲဒီ တာအိုလမ်းစဉ်ဟာ ထာဝရ အသက်ရှည်မယ့် လမ်းစဉ်ပါပဲ"

"ကျွန်တော့်မှာ ပါရမီ သိပ်မရှိဘူးဆိုပေမဲ့လည်း... အဲဒီ ရွှေရောင်အမြုတေ လမ်းစဉ်ကို လျှောက်လှမ်းကြည့်ဖို့ ကြိုးစားချင်ပါတယ်"

သို့သော်ငြားလည်း စုယွီသည် စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ပြီး၊ မျက်နှာကို ငိုင်၍ အဘိုးအိုအား ကူကယ်ရာမဲ့စွာဖြင့် မချိပြုံး ပြုံးပြလိုက်မိသည်။

"ဒါပေမဲ့ ဒီ ရွှေရောင်အမြုတေ လမ်းစဉ်က ကျွန်တော် ထင်ထားတာထက် အများကြီး ပိုခက်ခဲနေပါတယ်။ ဒီလမ်းကို လျှောက်ဖို့အတွက် ကျွန်တော့်မှာ အဆင်သင့် မဖြစ်သေးတာတွေ အများကြီး ရှိနေပါသေးတယ်ဗျာ"

'သူ တကယ်ပဲ အဆင်သင့် မဖြစ်သေးတာလား...'

အဘိုးအိုသည် သူ ကြားသိထားသော သတင်းများကို ပြန်လည် စဉ်းစားနေမိ၏။

ဤကောင်လေး စုယွီသည် လူလည်ကျကာ စကားကို လှည့်ပတ်ပြောဆိုရာတွင် တကယ့်ကို ပြိုင်ဘက်ကင်းပါပေ၏။

အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် စွမ်းအားနှင့်ပင် အမြုတေအရှင်သခင် နှစ်ပါးဖြစ်သည့် ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ကို အပြတ်အသတ် နှိမ်နင်း သတ်ဖြတ်နိုင်ခဲ့သည်မှာ သာမန်ကျင့်ကြံသူတစ်ဦး လုပ်နိုင်သည့် ကိစ္စမျိုး မဟုတ်သည်မှာ ယုံမှားဖွယ်မရှိချေ။

သူသည် ရွှေရောင်အမြုတေ လမ်းစဉ်ပေါ်သို့ မတက်လှမ်းနိုင်သေးလျှင်တောင်မှ၊ ထိုလမ်းစဉ်နှင့် အလှမ်းမဝေးတော့သည်မှာ သေချာလှပေသည်။

အဘိုးအိုသည် စုယွီ၏ စကားကို ပြန်လည် ချေပရန် အလို မရှိဘဲ၊ သူ့အား တည်ငြိမ်စွာ ကြည့်၍ ဆိုလိုက်၏။

"ငါ ဒီနေ့ ဒီကို လာတာက တကယ်တော့ မင်းကို ကိစ္စတစ်ခုနဲ့ လာရှာတာပါ"

စုယွီ လန့်သွားပြီးမှ...

"စီနီယာမှာ ခိုင်းစေစရာ အမိန့် ရှိရင်လည်း ပြောပါဗျာ... ကျွန်တော် တတ်နိုင်သလောက် လုပ်ဆောင်ပေးပါ့မယ်"

အဘိုးအိုက လက်မြှောက်ကာ ဟန့်တားလိုက်ပြီး…

"အဲဒီလောက်လည်း မကြီးကျယ်ပါဘူး။ ငါတို့ရဲ့ 'ကောင်းကင်သိုင်းကျမ်း မျှော်စင်' မှာ တပည့် အနည်းငယ်ပဲ ရှိသလို၊ စည်းကမ်းတွေကလည်း အရမ်း တင်းကျပ်တယ်။ ဒါပေမဲ့ ငါတို့ မျှော်စင်မှာ အတွင်းတပည့်တွေအပြင် အပြင်ပန်း အဖွဲ့ဝင်တွေလည်း ရှိကြသေးတယ်လေ။ သူတို့ကတော့ မြို့ဈေးကွက်တွေမှာရှိတဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင်တွေကို စောင့်ကြပ်ပေးရတာ ဒါမှမဟုတ် ရှေးဟောင်း အပျက်အစီးတွေကို လိုက်လံ ရှာဖွေပြီး ရှေးဟောင်း ပစ္စည်းတွေကို စုဆောင်းပေးရတာမျိုးတွေ လုပ်ဆောင်ကြရတာပေါ့"

'ဒါမျိုးလည်း ရှိသေးတာလား...'

စုယွီ ဤကိစ္စကို လုံးဝ မသိခဲ့ချေ။

သို့သော်လည်း ဤပုဂ္ဂိုလ်ကြီးက သူ့အား ဤအကြောင်းများကို ဘာကြောင့် လာရောက် ပြောပြနေရသနည်း ဟူသော အချက်ကို စုယွီ၏ ရင်ထဲ၌ ကြိတ်၍ တွေးတောနေမိ၏။

ထိုအခိုက်အတန့်၌ အဘိုးအိုသည် လက်ကို ဆန့်ထုတ်လိုက်ရာ တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ထဲ၌ အလိုအလျောက် ပေါ်လာလေ၏။ ထို့နောက် ၎င်းကို စုယွီထံသို့ ကမ်းပေးလိုက်၏။

သူက စုယွီအား စိမ်းစိမ်းကြည့်ကာ ဆိုလိုက်၏။

"ဒါကတော့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ အပြင်ပန်း အဖွဲ့ဝင် တံဆိပ်ပြားပဲ။ မင်း လိုချင်ရင် ယူထားလိုက်... မလိုချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"

"ဒါပေမဲ့ ငါ မင်းကို ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ အပြင်ပန်း အဖွဲ့ဝင်တစ်ယောက်အဖြစ် လုပ်ခိုင်းနေတာ မဟုတ်ဘူးနော်။ မင်း ဒီတံဆိပ်ကို ယူမယ်ဆိုရင်လည်း ငါ မင်းကို ဘယ်မြို့ဈေးကွက်ကိုမှ စောင့်ခိုင်းမှာ မဟုတ်သလို၊ ဘယ် ရှေးဟောင်းနေရာကိုမှလည်း သွားခိုင်းမှာ မဟုတ်ဘူး။ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ စည်းကမ်းတွေကို လိုက်နာပေးရုံနဲ့တင် ရပြီ။ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တခြား အင်အားစုတွေရဲ့ ကိစ္စမှာ ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်နဲ့၊ ပြီးတော့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ နာမည်ကို အသုံးချပြီး မကောင်းသတင်းတွေ ထွက်ပေါ်အောင် ကျူးလွန်တာမျိုးလည်း မလုပ်ပါနဲ့"

အခန်း (၃၀၀) - တံဆိပ်ပြားများနှင့် အမွေအနှစ် (အပိုင်း - ၆)

~စုယွီသည် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်လေ၏။

"ဒါဆိုရင်... ကျွန်တော့်ဘက်ကော ဘာတွေ ပြန်ပေးဆပ်ရမလဲဗျ"

အဘိုးအိုသည် ခေတ္တမျှ အတွေးနက်နေပြီးမှ တည်ကြည်လေးနက်စွာ ဆိုလိုက်၏။

"တကယ်လို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ 'ကောင်းကင်သိုင်းကျမ်း မျှော်စင်' ဒါမှမဟုတ် တခြားသော ကောင်းကင်သိုင်းကျမ်း မျှော်စင်တွေ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ... မင်းဘက်က ကူညီနိုင်စွမ်း ရှိခဲ့မယ်ဆိုရင် လက်ကမ်းပေးဖို့ပဲ ငါ တောင်းဆိုချင်ပါတယ်"

"မင်းရဲ့ ပါရမီကတော့ တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်။ မင်းမှာ အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိတယ်ဆိုတာဟာ မင်းရဲ့ တာအိုကျင့်စဉ်လမ်းက စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်ပါလိမ့်မယ်။ ဒါဟာ မင်းရဲ့ အင်မော်တယ် ဖြစ်မယ့်လမ်းကို ပိတ်ပင်ထားနိုင်မှာ မဟုတ်ပါဘူး"

"ဒါကြောင့် ငါ ဒီနေ့ ဒီကို လာတာဟာ အနာဂတ်မှာ မင်းဆီကနေ အင်မော်တယ် တစ်ယောက်ရဲ့ ကံကြမ္မာအကျိုးကို ရနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။ ငါတို့ ပြန်ဆုံဖို့ ကံပါခဲ့မယ်ဆိုရင်... မင်းဟာ ကောင်းကင်သိုင်းကျမ်း မျှော်စင်အတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးနိုင်သူ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်"

အမှန်စင်စစ် သူသည် စုယွီအား အထင်မှားခဲ့မိခြင်းပင်။

အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေတုန်းမှာတင် အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင်တွေကို ပြန်လည်နှိမ်နင်းနိုင်တဲ့သူဆိုတာ လောကမှာ ခပ်ရှားရှားပဲ မဟုတ်ပါလော။

ဤအချက်တစ်ခုတည်းကပင် စုယွီ၌ သူ မသိရှိနိုင်သော ထူးခြားသည့် အင်မော်တယ် ကံကြမ္မာ သို့မဟုတ် အခွင့်အရေးကောင်းများ ရှိနေကြောင်း သက်သေပြနေလေသတည်း။ ထို့ကြောင့်လည်း စုယွီသည် ရွှေရောင်အမြုတေ လမ်းစဉ်ပေါ်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်နေခြင်း ဖြစ်ပေလိမ့်မည်။

စုယွီ၏ ပြင်းထန်သည့်ကောင်းလှသော ဆေးဖော်စပ်ခြင်း ပါရမီကိုပါ ထည့်သွင်းစဉ်းစားလိုက်လျှင်မူ ဤကံကြမ္မာ သံယောဇဥ်ကို ကြိုတင်ဖွဲ့နှောင်ထားသင့်ကြောင်း အဘိုးအိုက ယုံကြည်လိုက်ခြင်းပင် ဖြစ်ချေသည်။

ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ အပြင်ပန်း အဖွဲ့ဝင် တံဆိပ်ပြားတစ်ခုက ဘယ်လောက်အထိ အသုံးဝင်သလဲ။

တကယ်တော့ အင်မတန်မှကို အသုံးဝင်လှပါပေ၏။

ဤတံဆိပ်ပြားသည် စုယွီအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်စေလိမ့်မည်ဟု အဘိုးအိုက ယုံကြည်မှု အပြည့် ရှိနေ၏။

တာ့ယွဲ့ စီရင်စုအတွင်းမှာပဲ ဖြစ်ဖြစ်၊ အပြင်လောကမှာပဲ ဖြစ်ဖြစ်... အင်အားစုတွေဟာ တရားမျှတမှု ရှိမယ်ဆိုရင်တော့ စုယွီအနေနဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ တံဆိပ်ပြားကို ထုတ်ပြလိုက်တာနဲ့ ဘယ်သူကမှ သူ့ကို ရန်စရဲကြတော့မှာ မဟုတ်ပါဘူး။

အဲဒီ အင်အားစုတွေဟာ စုယွီအား အထူးဧည့်သည်တော်အဖြစ်တောင် လေးလေးစားစား ဆက်ဆံကြဦးမှာ ဖြစ်ပေသည်။ ဒါဟာ ကောင်းကင်သိုင်းကျမ်း မျှော်စင်ရဲ့ အရှိန်အဝါပင် မဟုတ်ပါလော။

အလွယ်ဆုံး ပြောရလျှင်မူ ဤတံဆိပ်ပြားသည် စုယွီ၏ ရှေ့ခရီးလမ်းအတွက် အကောင်းဆုံးသော အကာအကွယ် အဆောင်လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

စုယွီသည် ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ အရှိန်အဝါ မည်မျှအထိ ကြီးမားသနည်းဆိုသည်ကို အသေအချာ မသိသော်လည်း၊ ရှေ့မှ အဘိုးအိုသည် အမြုတေအရှင်သခင် အဆင့်ကို ကျော်လွန်၍ ဒဏ္ဍာရီလာ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေသည့် အရှင်သခင်ကြီး တစ်ပါး ဖြစ်နိုင်ကြောင်းကိုမူ ရိပ်မိနေလေသတည်း။

လွန်ခဲ့သော နှစ်များစွာက ဖုန်းလော့ စံအိမ်တော်မှ အမြုတေအရှင်သခင် အဆင့်ရှိသော ဖေးမိသားစုသည် ယွင်ရှန်းမြို့ ဈေးကွက်ကို ဖျက်ဆီးခဲ့သော်လည်း၊ ကောင်းကင်သိုင်းကျမ်း မျှော်စင်ကိုမူ မကျူးလွန်ရဲခဲ့သည်ကို ပြန်လည် ဆင်ခြင်ကြည့်လိုက်လျှင်...

ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ အရှိန်အဝါသည် ဖုန်းလော့ စံအိမ်တော် နယ်မြေမှာတောင် မသေးလှကြောင်း ခန့်မှန်းနိုင်ပေသည်။

ဤတံဆိပ်ပြား၏ တန်ဖိုးမှာ တကယ့်ကို လေးလံလှပါပေ၏။

အဘိုးအိုသည် စုယွီ၏ ယတိပြတ် မဆုံးဖြတ်နိုင်သော မျက်နှာထားကို ကြည့်ကာ အက်ကွဲသော ရယ်သံကြီးဖြင့် ရယ်မောလိုက်၏။

"စိတ်အေးအေးထားပါ... ကောင်းကင်သိုင်းကျမ်း မျှော်စင်က မင်းကို ဘာတစ်ခုမှ အတင်းအဓမ္မ ခိုင်းစေမှာ မဟုတ်ဘူး။ တကယ်လို့ တစ်နေ့နေ့မှာ မင်းအနေနဲ့ ဒီတံဆိပ်ကို မလိုအပ်တော့ဘူးလို့ ထင်ရင်လည်း ကြိုက်တဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင်တစ်ခုဆီမှာ ပြန်ပေးခဲ့လိုက်ရုံပဲလေ"

"ဒါဟာ ကောင်းမွန်တဲ့ ကံကြမ္မာ ဖွဲ့နှောင်မှုတစ်ခု ဖြစ်တဲ့အတွက်၊ မင်းအပေါ်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိတာ ယုံမှားဖွယ်မရှိပါဘူး"

ထိုစကားကို ကြားရသောအခါ စုယွီသည် တွန့်ဆုတ်မနေတော့ဘဲ အဘိုးအိုအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး ဆိုလိုက်၏။

"စီနီယာရဲ့ လက်ဆောင်ကို ကျွန်တော်မျိုး မငြင်းဆန်ရဲပါဘူးဗျာ... ကျေးဇူးအထူး တင်ရှိပါတယ် စီနီယာ"

"ကောင်းပြီ... ကောင်းပြီ... ဟားဟားဟား"

အဘိုးအိုသည် အားရပါးရ ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ကျောက်စိမ်းပြား တစ်ခုသည် စုယွီ၏ ရှေ့မှောက်၌ ဘွားခနဲ ပေါ်လာပြန်၏။

"အရင်တုန်းက မင်း တတိယအဆင့် အဆောင်ပညာရှင် အမွေအနှစ်ကို ရှာနေတုန်းက ငါ သိပ်မကူညီနိုင်ခဲ့ဘူး။ အခုတော့ မင်း ဒီတံဆိပ်ကို လက်ခံလိုက်ပြီဆိုတော့... ဒါကတော့ မင်းအတွက် အမွေအနှစ် ကျောက်စိမ်းပြားပဲ"

အဘိုးအိုသည် ဆေးလုံးတောင်ပေါ်၌ ကြာရှည်စွာ နေထိုင်ခြင်း မရှိပေ။ တံဆိပ်ပြားနှင့် ကျောက်စိမ်းပြားကို ပေးအပ်ပြီးနောက်၊ သူသည် အပြုံးကြီးဖြင့် ခြေလှမ်းကျဲကျဲ ထွက်ခွာသွားလေတော့သည်။

ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့်ပင် သူ၏ ပုံရိပ်မှာ ရုတ်ချည်း ပျောက်ကွယ်သွားလေသတည်း။

သူ၏ အမြန်နှုန်းမှာ အလွန်ပင် မြန်ဆန်လှသဖြင့် စုယွီပင်လျှင် သူ၏ အရိပ်အယောင်ကို မမြင်လိုက်ရချေ။

စုယွီမှာမူ မှင်သက်စွာ ကျန်ရစ်ခဲ့၏။ အဘိုးအို၏ စွမ်းအားမှာ တကယ့်ကို ပြင်းထန်လှသည် မဟုတ်ပါလော။

ထို့နောက် သူသည် သူ၏ လက်ထဲရှိ တံဆိပ်ပြားနှင့် ကျောက်စိမ်းပြားကို ကြည့်ကာ အတွေးနက်နေမိ၏။

အဘိုးအို ပြောသကဲ့သို့သာ ဤသည်မှာ တကယ်ပင် ကံကောင်းခြင်း တစ်ခုဆိုလျှင်တော့၊ သူ့အတွက် အဆိုးထဲက အကောင်းပင် ဖြစ်ချေသည်။ ကောင်းကင်သိုင်းကျမ်း မျှော်စင်နှင့် အဘိုးအိုကို နောက်ခံအဖြစ် ရရှိထားမည်ဆိုလျှင်... တာ့ယွဲ့ နန်းတော်ကပင်လျှင် သူ့ကို ကျူးလွန်ရန် လက်တွန့်သွားကြမည်မှာ အသေအချာပင်။

သို့ဖြစ်ရာ သူသည် တာ့ယွဲ့ စီရင်စု နယ်မြေအတွင်းမှ မထွက်ခွာသရွေ့၊ သူ၏ လုံခြုံရေးမှာ ယုံမှားဖွယ်မရှိ အပြည့်အဝ စိတ်ချရပြီ ဖြစ်ပေသည်။

အကယ်၍ သူသည် တာ့ယွဲ့ စီရင်စုမှ ထွက်ခွာခဲ့လျှင်ပင်၊ ကောင်းကင်သိုင်းကျမ်း မျှော်စင်၏ နာမည်ဂုဏ်သတင်းနှင့် စွမ်းအားက သူ့ကို ကာကွယ်ပေးနိုင်ပါသေးသည်။

'ဒါပေမဲ့... ဒါဟာ ငါနဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင်ကြားက အကျိုးအပြစ် သံသရာကို ပိုပြီး ကြီးမားသွားစေတာပေါ့'

စုယွီက ဆင်ခြင်လိုက်မိ၏။ 'ငါ အခု သူတို့ဆီက ကျေးဇူးတရား (အကြောင်း) ကို လက်ခံလိုက်ပြီဆိုတော့... နောင်တစ်ချိန်မှာ ပြန်လည် ပေးဆပ်ရမယ့် (အကျိုး) အတွက် နည်းလမ်းတွေကို ငါ ရှာဖွေရတော့မယ်'

'ငါ ပြန်လည် ပေးဆပ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့'

သူသည် သူ၏ ဝိညာဉ်အာရုံဖြင့် တံဆိပ်ပြားပေါ်တွင် အမှတ်အသား တစ်ခု ပြုလုပ်လိုက်ရာ၊ သတင်းအချက်အလက်များမှာ သူ၏ ခေါင်းထဲသို့ စီးဝင်လာတော့၏။

စုယွီ လွှတ်ခနဲ အံ့အားသင့်သွားမိ၏။ ထိုအချက်အလက်များသည် အမှန်တကယ်တော့ မြေပုံတစ်ခု ဖြစ်နေသောကြောင့်ပင်။ ၎င်းမြေပုံပေါ်တွင် တာ့ယွဲ့ စီရင်စု အပြင်ဘက်ရှိ ကျင့်ကြံသူများ ကျင်လည်ကျက်စားရာ နယ်မြေများနှင့်၊ ကောင်းကင်သိုင်းကျမ်း မျှော်စင် ရှိသမျှ မြို့ဈေးကွက် အားလုံးကို အမှတ်အသား ပြုလုပ်ထား၏။

အရေအတွက်ကို ကြည့်ရင်း စုယွီ၏ မျက်နှာမှာ တည်ကြည်လေးနက် သွားရ၏။ သူက တီးတိုး ရေရွတ်လိုက်၏။

"တကယ်ကို များပြားလှပါလား"

မြို့ဈေးကွက် တစ်ခုစီမှာ ကောင်းကင်သိုင်းကျမ်း မျှော်စင် တစ်ခုစီပဲ ရှိပြီး၊ စောင့်ကြပ်သူကလည်း တစ်ယောက်တည်းမို့လို့ အင်အားနည်းတယ်လို့ ထင်ခဲ့မိတာ။

ဒါပေမဲ့ အခု ဒီမြေပုံပေါ်မှာ ပြွတ်သိပ်နေတဲ့ ကောင်းကင်သိုင်းကျမ်း မျှော်စင် အရေအတွက်ကို မြင်လိုက်ရတော့ စုယွီ၏ ကျောရိုးများပင် စိမ့်သွားရ၏။

ဤအင်အားစုသည် မည်မျှအထိ တန်ခိုးကြီးမားနေပါသနည်း။

သို့သော်လည်း မကြာမီမှာပင် စုယွီသည် ဤမြေပုံကို ကြည့်ရင်း ပိုမို ရင်းနှီးပြီး စိတ်အေးချမ်းသာမှုကို ခံစားလိုက်ရ၏။

တံဆိပ်ပြားပေါ်မှာ အမှတ်အသား ပြုထားသော ဒီနယ်မြေတွေအတွင်းမှာ ဆိုလျှင်တော့ သူဟာ ရင်ကိုကော့ ခေါင်းကိုမော့ကာ စိတ်ကြိုက် ကျင်လည်ကျက်စားနိုင်ပြီ ဖြစ်ပြီး၊ သူ၏ လုံခြုံရေးကိုလည်း အာမခံနိုင်ပြီ မဟုတ်ပါလော။

"မဆိုးဘူး... ဒီလို ခံစားချက်မျိုးက တကယ်ကို ကောင်းတာပဲ" စုယွီသည် အလွန် ကျေနပ်နေမိပါတော့၏။

တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက်၊ စုယွီသည် စိတ်ရွှင်လန်းစွာဖြင့် လက်ထဲရှိ ကျောက်စိမ်းပြားအတွင်းသို့ သူ၏ ဝိညာဉ်အာရုံကို သွတ်သွင်းလိုက်၏။

ထိုခဏ၌...။

အမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များမှာ ရေတံခွန်ပမာ သူ၏ ခေါင်းထဲသို့ တစ်ဟုန်ထိုး စီးဝင်လာတော့၏။

နှစ်နာရီခန့် ကြာမြင့်မှသာ စုယွီသည် သတိပြန်ဝင်လာတော့သည်။

သူ၏ မျက်လုံးများမှာ အရောင်တောက်နေပြီး၊ ဝမ်းသာအားရဖြင့် အာမေဋိတ် သံ ထွက်ပေါ်လာလေ၏။

"ဒါ... ဒါက ထိပ်တန်း တတိယအဆင့် အဆောင်ပညာရှင် အမွေအနှစ်ကြီး ပါလား"

အဘိုးအိုကို သတိရလိုက်သည်နှင့် စုယွီသည် ယွင်ရှန်းမြို့ ဈေးကွက်ရှိရာ ဘက်သို့ မျက်နှာမူ၍ တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်လိုက်ပြီး ဆိုလိုက်၏။

"ဒီ ပညာရပ်တွေကို သင်ကြားပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ် စီနီယာ"

ထိပ်တန်း ဒုတိယအဆင့် အဆောင်ပညာရှင် အမွေအနှစ်ရော၊ ယခု ထိပ်တန်း တတိယအဆင့် အဆောင်ပညာရှင် အမွေအနှစ်ပါ... နှစ်ခုစလုံးမှာ ထို အဘိုးအိုထံမှ ရရှိခဲ့ခြင်းပင် ဖြစ်ချေသည်။

သူတို့ကြားမှာ ဆရာတပည့် ဆက်ဆံရေး မရှိခဲ့သော်ငြားလည်း၊ စုယွီအနေဖြင့် ဤကျေးဇူးတရားကို မေ့လျော့သွားမည် မဟုတ်ပေ။

ဦးညွှတ်ဂါရဝပြုပြီးနောက် စုယွီသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တီးတိုး ဆိုလိုက်၏။

"ကဲ... အခုတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး၊ အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဆက်ပြီး ဖန်တီးရတော့မှာပဲ"

ကျင့်စဉ်ရော၊ ဆေးပညာ၊ အဆောင်ပညာနှင့် ရုပ်သေးပညာတို့အတွက် တတိယအဆင့် အမွေအနှစ်များပါ စုံလင်နေပြီ ဖြစ်ရာ၊ အရာအားလုံးမှာ အသင့်ဖြစ်နေလေသတည်း။

ယခု လိုအပ်သည်မှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်၍ သူ၏ အဆင့်အတန်းနှင့် အတတ်ပညာများကို မြှင့်တင်ရန်သာ ဖြစ်ပေသည်။

စုယွီသည် နေနှင့်လ ကျွန်းပေါ်ရှိ ရေခဲနှင့်မီး ဂူစံအိမ်ဆီသို့ ပြန်လည် ထွက်ခွာ၍ တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်လေတော့သည်။

သူသည် ကျင့်ကြံခြင်းကိုသာ အသည်းအသန် အာရုံစိုက်နေလေ၏။

ထိုအချိန်တွင် ပြင်ပလောက၌မူ ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ သေဆုံးသွားရခြင်း၏ အမှန်တရားမှာ ပျံ့နှံ့စပြုနေပြီ ဖြစ်၏။ ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့သည် စုယွီနှင့် အဖွဲ့အား လုပ်ကြံရန် ကြိုးစားခဲ့ကြသော်လည်း၊ ဆန့်ကျင်ဘက်အနေဖြင့် စုယွီ၏ လက်ချက်ဖြင့်သာ အသက်ပျောက်သွားခဲ့ရကြောင်း အမှန်တရားများမှာ ပေါ်ထွက်လာခဲ့လေသတည်း။

ဤသတင်းမှာ ကောင်းကင် အပျက်အစီး ခန်းမဆောင်ထံမှ လာခြင်းဖြစ်ရာ၊ ယုံမှားဖွယ်မရှိ တိကျသေချာလှပေသည်။

ပြင်ပလောကရှိ ကျင့်ကြံသူ အမြောက်အမြားနှင့် အင်အားစုများမှာ များစွာ တုန်လှုပ်ချောက်ခြား သွားကြရ၏။

ခေတ္တမျှသော အချိန်အတွင်းမှာပင် စုမိသားစုနှင့် စုယွီတို့၏ နာမည်မှာ တာ့ယွဲ့ စီရင်စု တစ်ခွင်လုံး၌ ဟိန်းညံသွားခဲ့လေသတည်း။

အမြုတေအရှင်သခင် နှစ်ပါးကိုပင် နှိမ်နင်းနိုင်စွမ်းရှိသော စုယွီ၏ ရက်စက်ပြတ်သားသော နာမည်ဂုဏ်သတင်းမှာ ထိပ်တန်း ကျင့်ကြံသူများကြားတွင် ရေပန်းစားလာခဲ့တော့သည်။

စုမိသားစုသည် ယွင်ကျန်းဂိုဏ်း၏ နယ်မြေအတွင်းမှာပင် ရှိနေသေးသော်လည်း၊ ယခုအခါ၌မူ ယွင်ကျန်းဂိုဏ်း၊ ခိုင်ယန်နန်းတော်၊ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် ချင်မိသားစု ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများနှင့် ရင်ဘောင်တန်းနိုင်သည့် ဂုဏ်သတင်းကို ရရှိသွားခဲ့လေသတည်း။

နတ်မိမယ် ဖုန်းလင် ပြောခဲ့သကဲ့သို့ပင်... စုယွီသည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်မှာပင် ရှိနေသေးသော်လည်း၊ သူသည် တာ့ယွဲ့ စီရင်စု၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့တော့၏။

သူသည် တာ့ယွဲ့ စီရင်စုရှိ ထိပ်တန်းအလွှာမှ အနည်းငယ်သော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

ဤကဲ့သို့သော စွမ်းအားနှင့်ဆိုလျှင် စုယွီအား စိတ်လိုက်မာန်ပါ လာရောက် ကျူးလွန်မည့်သူ သို့မဟုတ် အင်အားစုဟူ၍ များများစားစား ရှိတော့မည် မဟုတ်ချေ။

စုမိသားစု၏ မိသားစုခေါင်းဆောင်သစ် ဖြစ်သူ စုရွီအန်းသည်လည်း ဤအချက်ကို ရိပ်မိလိုက်သည်နှင့် တစ်ပြိုင်နက်... ယွီခယ်အာ၊ စုဖုန်းနှင့် အခြားသော အကြီးအကဲများကို ချက်ချင်း ဆင့်ခေါ်၍၊ အင်အားစုအသီးသီး၏ မြို့ဈေးကွက်များ၌ စုမိသားစု၏ ဆေးဆိုင်များကို ပြန်လည် ဖွင့်လှစ်ရန် စနစ်တကျ အကွက်ချ ဆွေးနွေးကြလေတော့သည်။

မကြာမီမှာပင်...၊ စုယွီ၏ နာမည်ဂုဏ်သတင်းကြောင့် စုမိသားစု၏ ဆေးဆိုင်များကို မြို့ဈေးကွက် အသီးသီး၌ ပြန်လည် တည်ထောင်မည့် ဆုံးဖြတ်ချက်မှာ အဟုန်ပြင်းစွာဖြင့် အောင်မြင်ချောမွေ့သွားခဲ့၏။

ဒေသခံ အင်အားစု အားလုံးက သူတို့အား နွေးထွေးစွာ ကြိုဆိုကြသည့်အပြင်၊ စုမိသားစု၏ ဆေးဆိုင်များအတွက် အကောင်းဆုံးသော နေရာများကိုပါ ရှာဖွေပေးကြလေတော့သည်။

စုမိသားစုအနေဖြင့် ယခင်က ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမှ မရရှိခဲ့ဖူးချေ။

ယခင်က စုမိသားစု၏ ဆေးဆိုင်များသည် ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့၏ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရစဉ်က၊ ဂျန်ချန်း ချင်မိသားစုမှာ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘဲ ဘေးကနေသာ ကြည့်နေခဲ့ကြသည် မဟုတ်ပါလော။

သို့သော် ယခုအခါ စုမိသားစု ပြန်လည် ထွက်ပေါ်လာချိန်တွင်မူ ချင်မိသားစုမှ အကြီးအကဲ တစ်ဦးကိုယ်တိုင် ထွက်လာ၍ ပြဿနာများကို စိတ်အားထက်သန်စွာ ဖြေရှင်းပေးသည့်အပြင်၊ စုမိသားစုဝင်များကိုလည်း လှိုက်လှိုက်လှဲလှဲ ဧည့်ခံဖျော်ဖြေ ပေးနေကြလေသတည်း။

ဤကဲ့သို့ သိသာလှသော ဆက်ဆံမှု ကွာခြားချက်ကြီးက ကျင့်ကြံခြင်း လောက၏ လက်တွေ့ကျလှသော သဘာဝကို ပြောင်မြောက်စွာ ထင်ဟပ်ပြနေပါတော့၏။

All Chapters