← Chapters

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁-၆၆၃)

Vol. 45 Ch. 661-663

အခန်း (၆၆၁) - တောင်နှင့် ပင်လယ် ကမ္ဘာ၏ လေးစားမှုကို ထိုက်တန်သူ (အပိုင်း ၂)

~နင်ချီသည် လွန်ခဲ့သော နှစ်များဆီက ယဲ့ချန် ထံမှ ရရှိခဲ့သော "လေနဂါး ကြေးခွံ ချပ်ဝတ်" ဟု အမည်ရသည့် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ တစ်ခုကို သတိရလိုက်၏။

ထိုရတနာသည် မပြည့်စုံသော်လည်း၊ တိုက်ခိုက်ခြင်းနှင့် ခံစစ် နှစ်မျိုးလုံးတွင် အတော်အတန် ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်ပါ၏။

နင်ချီသည် သူ၏ "မူလဝိညာဉ် အာရုံ" ဖြင့် ဘဏ္ဍာတိုက် အတွင်းရှိ ရတနာများကို စစ်ဆေးလိုက်ပြီး၊ နဂါးကြေးခွံ (၃) ခုကို ရွေးထုတ်လိုက်သည်။ တစ်ခုချင်းစီတွင် မီး၊ ရေ နှင့် မိုးကြိုး စသည့် ကွဲပြားခြားနားသော ဓာတ်သဘောသဘာဝများ ပါဝင်နေ၏။

“အစ်ကိုကြီးနျူ... ကျွန်တော် ဒီနဂါးကြေးခွံ သုံးခုပဲ ယူပါရစေ...”

နျူတင်းထျန် သည် နင်ချီက ဘဏ္ဍာတိုက်ထဲမှ တန်ဖိုးအကြီးဆုံး နဂါးကြေးခွံ သုံးခုကို ယူလိုက်သည်ကို မြင်သောအခါ စိတ်မဆိုးသည့်အပြင် ဝမ်းသာအားရပင် ဖြစ်သွားသည်။

ယခုအခါ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း၏ ကံကြမ္မာသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် တစ်သားတည်း ချည်နှောင်ထားပြီး ဖြစ်ပါ၏။

နင်ချီထံမှ အကူအညီများစွာ ရယူထားရသဖြင့်၊ နွားမိစ္ဆာဂိုဏ်း အနေဖြင့် ကျေးဇူးဆပ်ရန် နည်းလမ်းမရှိ ဖြစ်နေ၏။ ထို့ကြောင့် နင်ချီက သူတို့၏ ပစ္စည်းများကို စိတ်ဝင်စားသည်ကို မြင်ရသောအခါ နျူတင်းထျန် အလွန် ပျော်ရွှင်သွားခြင်း ဖြစ်၏။

သူက ပြောလိုက်သည်။

“ညီလေး... များများထပ်ယူပါဦး...”

ထိုအခါ၊ နင်ချီက ခပ်ရေးရေး.. ပြုံးလိုက်၏။

“တခြားဟာတွေ မလိုတော့ပါဘူး... နွားမိစ္ဆာဂိုဏ်း အတွက် 'ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း' ကိုပဲ အဆင့်မြှင့် ပြင်ဆင်ပေးပါ့မယ်...”

သူ၏ မူလဝိညာဉ် စွမ်းအားများ လှိုင်းလုံးပမာ ထွက်ပေါ်လာပြီး၊ ဘဏ္ဍာတိုက် အတွင်းရှိ ပစ္စည်းမျိုးစုံကို ချက်ချင်း လှုပ်ရှားစေလိုက်၏။ ထို့နောက် နင်ချီသည် ဘဏ္ဍာတိုက်ထဲမှ ပျံသန်း ထွက်ခွာလာပြီး၊ ထိုပစ္စည်းများသည်လည်း နွားမိစ္ဆာဂိုဏ်း၏ နေရာအနှံ့အပြားသို့ အလျင်အမြန် ပျံသန်း ကျရောက်သွားကြသည်။

လူတိုင်းသည် ကောင်းကင်ယံတွင် ရောင်စုံအလင်းတန်းများ ပျံသန်းနေသည်ကို မြင်လိုက်ရ၏။ ထူးဆန်းသည်မှာ ထိုပစ္စည်းများ မြေပြင်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက် အရောင်များ ပျောက်ကွယ်သွားပြီး၊ ရတနာများလည်း အစအနမကျန် ပျောက်ဆုံးသွားခြင်းပင်။

မိစ္ဆာများသည် ဇဝေဇဝါ ဖြစ်နေကြသော်လည်း၊ မကြာမီ အချိန်အတွင်းမှာပင်... နွားမိစ္ဆာဂိုဏ်း၏ ကောင်းကင်ယံ အထက်၌ ရေလှိုင်းများကဲ့သို့ ကြည်လင်သော အခင်းအကျင်းကြီး တစ်ခု လှုပ်ရှား ဖွဲ့တည်လာ၏။

မျက်စိဖြင့် သိပ်မမြင်ရသော်လည်း၊ နွားမိစ္ဆာဂိုဏ်းသားများ အနေဖြင့် ဂိုဏ်းအတွင်းမှ ဝိညာဉ်စွမ်းအင် များ ပိုမို သိပ်သည်းလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

သူတို့ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

လက်ဖက်ရည် တစ်ဝက်သောက်ချိန် ခန့် ကြာပြီးနောက်၊ နင်ချီသည် ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

သူက နျူတင်းထျန် ကို ပြောလိုက်သည်။

“အစ်ကိုကြီးနျူ... စမ်းကြည့်ချင်လား...”

ထိုစကား ကြားသောအခါ နျူတင်းထျန် သူ၏ နွားခေါင်းကြီးကို တညိတ်ညိတ် လုပ်လိုက်၏။

သူသည် နွားမိစ္ဆာဂိုဏ်း အပြင်ဘက်သို့ တန်းကနဲ ပျံထွက်သွားပြီး၊ သူ၏ ဧရာမ "နတ်ဘုရား ပုံသဏ္ဌာန်" အသွင်သို့ ပြောင်းလဲလိုက်၏။ နဖူးပေါ်တွင် နတ်ဘုရားဓားကဲ့သို့ ထက်ရှသော နွားချိုနက်ကြီး နှစ်ချောင်း ပေါ်ထွက်လာ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... နျူတင်းထျန် သည် ဥက္ကာခဲကြီလို အရှိန်အဟုန်ဖြင့် ပျံသန်းလာပြီး၊ နင်ချီ ပြင်ဆင်ပေးထားသော အခင်းအကျင်းကို ထိတိုက်လိုက်တော့သည်။

“ဒုန်း...”

ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း၏ မျက်နှာပြင်သည် ခေတ္တမျှ လှိုင်းဂယက် ထသွားပြီးနောက် ချက်ချင်း ငြိမ်သက်သွားသည်။

တိုက်မိသော အသံနှင့်အတူ "ကွပ်" ကနဲ ကျိုးပဲ့သံ တစ်ခု ထွက်ပေါ်လာ၏။

နျူတင်းထျန် တစ်ကိုယ်လုံး ပြန်ကန်ထွက်သွားပြီး၊ သူ၏ အလွန် ထက်မြက်လှပါသည် ဆိုသော ချိုကြီးနှစ်ချောင်းမှာ ရိုက်မိသော နေရာတွင်ပင် ကျိုးပဲ့သွားတော့သည်။

နွားမိစ္ဆာဂိုဏ်းသားများ အားလုံး - “.....”

နျူတင်းထျန် သည် အနည်းဆုံး "ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" ရှိသူ ဖြစ်ပါ၏။ သူ အစွမ်းကုန် ထိတိုက်တာတောင်မှ၊ အခင်းအကျင်းသစ်က လှိုင်းဂယက် အနည်းငယ်သာ ထသွားသည်။

သတိပြုရမည့် အချက်မှာ... ဤအခင်းအကျင်းကို မည်သူကမှ ထိန်းချုပ် မောင်းနှင်ပေးနေခြင်း မရှိပါ။ အလိုအလျောက် ခုခံခြင်းသာ ဖြစ်ပါ၏။

နင်ချီနှင့် အတူလိုက်ပါပြီး ယူဟွာဂိုဏ်းကို တိုက်ခိုက်ခဲ့သော မိစ္ဆာများက ယူဟွာဂိုဏ်း၏ အခင်းအကျင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရဖူးသည်။

ယူဟွာဂိုဏ်း၏ အခင်းအကျင်းသည် ဓားဘိုးဘေးကြီး၏ ဓားချက်ကို ခံနိုင်ရည်ရှိရန် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အင်အားကို အသုံးပြုခဲ့ရပြီး၊ ထိုသို့ ခုခံပြီးသည့်တိုင် လူအများအပြား သွေးအန် ဒဏ်ရာရခဲ့ကြ၏။

နှိုင်းယှဉ်ကြည့်လိုက်လျှင်... နင်ချီ ပြင်ဆင်ပေးလိုက်သော ဤအခင်းအကျင်းသည် ယူဟွာဂိုဏ်း၏ အခင်းအကျင်းထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ ထင်ရှားလှသည်။

ရုတ်တရက်... မိစ္ဆာအားလုံးသည် နင်ချီကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဒီဂိုဏ်းချုပ် လူငယ်လေးက ဘယ်ကဏ္ဍမှာ မဆို ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ။

နျူတင်းထျန် သည် သူ၏ မှော်စွမ်းအင်ကို အသုံးပြု၍ ကျိုးသွားသော ချိုနှစ်ချောင်းကို ပြန်လည် ဆက်စပ်လိုက်ပြီး၊ နင်ချီ၏ ဘေးတွင် ဆင်းသက်လိုက်၏။

“ညီလေးနင်... မင်းကို ငါ အရှုံးပေးပါတယ်ကွာ... ငါတို့ဂိုဏ်းမှာ ဒီအခင်းအကျင်း ရှိနေသရွေ့... အပြင်မထွက်ဘဲ နေလိုက်ရင် စစ်ခုန်ချင်း ကို ကြောက်စရာ မလိုတော့ဘူး...”

နင်ချီ အစောပိုင်းက ပြောပြထားသည်။ ဤအခင်းအကျင်းကို "ဆယ့်နှစ်ရာသီခွင် အခင်းအကျင်း" ဟု ခေါ်သည်။ အရေးကြုံလာပါက နွားမိစ္ဆာဂိုဏ်းမှ မဟာမိစ္ဆာကြီး (၁၂) ကောင်ကို ရွေးချယ်ပြီး အခင်းအကျင်း မျက်လုံးနေရာများတွင် စောင့်ကြပ်စေပါက၊ စွမ်းအား အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်ပါ၏။

စစ်ခုန်ချင်း သည် "တသားတည်းဖြစ်ခြင်း နယ်ပယ် အစောပိုင်းအဆင့်" သာ ရှိသေးသဖြင့်၊ သူ ဒီနေရာကို ရောက်လာရင်တောင် ဒီအခင်းအကျင်းကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

နင်ချီ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး၊ နေရာ တစ်ခုကို လက်ညှိုးထိုးပြကာ၊ ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို နျူတင်းထျန် လက်ထဲ ထည့်ပေးလိုက်၏။

“အဲဒီနေရာမှာ ကျွန်တော် 'နေရာရွှေ့ပြောင်း အခင်းအကျင်း ငယ်' တစ်ခု တည်ဆောက်ထားတယ်... လူငါးယောက်ကို ကျွန်တော်တို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းဆီ ပို့ဆောင်ပေးနိုင်တယ်... ဒါပေမဲ့ တစ်ခါသုံးရင် ဝိညာဉ်ကျောက်တုံး အတော်များများ ကုန်လိမ့်မယ်... ပြီးတော့ သုံးမယ်ဆိုရင် ဒီကျောက်စိမ်း တံဆိပ်ပြား လိုအပ်တယ်...”

နျူတင်းထျန် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။

“ဒဏ္ဍာရီလာ နေရာရွှေ့ပြောင်း အခင်းအကျင်း လား...”

လက်ရှိ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေတွင် သာမက၊ ရှေးဟောင်း "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" တွင်ပါ နေရာရွှေ့ပြောင်း အခင်းအကျင်းများ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း သိန်းချီ ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် နျူတင်းထျန် ကြားလိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားခြင်း ဖြစ်ပါ၏။

“အဲဒီထဲ ဝင်လိုက်တာနဲ့... မင်းတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကို ချက်ချင်း ရောက်သွားမှာလား...”

နင်ချီက ပြန်ဖြေလာသည်။

“ချက်ချင်းကြီးတော့ မဟုတ်ပါဘူး... 'အသက် ဆယ်ခါ ရှူချိန်'လောက်တော့ ကြာလိမ့်မယ်...”

“အသက် ဆယ်ခါ ရှူချိန် တဲ့လား... အရမ်း မြန်လွန်းတယ်...”

ဂိုဏ်းနှစ်ခုသည် မြောက်ပိုင်းနှင့် တောင်ပိုင်း တစ်နေရာစီ ခြားနားနေ၏။ "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီးများ ပျံသန်းလျှင်တောင် အသွားအပြန် နှစ်ရက်ခန့် ကြာမြင့်သည်။

နေရာရွှေ့ပြောင်း အခင်းအကျင်းကို သုံးလျှင် ၁၀ ရှူကြာချိန်လောက်ပဲ ပေးရမည် ဆိုသည်မှာ အလွန် အံ့ဩစရာ ကောင်းလှ၏။

နျူတင်းထျန် သည် ကျောက်စိမ်း တံဆိပ်ပြားကို လေးလေးနက်နက် လက်ခံလိုက်ပြီး ပြောလိုက်သည်။

“ညီလေးနင်... ဒီနေ့ကစပြီး ငါတို့ဂိုဏ်းက မင်းသဘောအတိုင်း လိုက်နာပါ့မယ်...”

မလှမ်းမကမ်းတွင် ရှိနေသော နွားမိစ္ဆာဂိုဏ်း၏ နောက်ထပ် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး "ဟူရှောင်ထျန်း" သည်လည်း ထိုစကားကို ကြားသောအခါ မကန့်ကွက်ပေ။

နျူတင်းထျန်၏ စကားထဲတွင် "အကန့်အသတ်မဲ့ ဓားဂိုဏ်း" ဟု မသုံးနှုန်းဘဲ၊ "မင်း" (နင်ချီ) ဟု သုံးနှုန်းသွားခြင်းက... နွားမိစ္ဆာဂိုဏ်းသား အားလုံးသည် နင်ချီ တစ်ဦးတည်းကိုသာ အသိအမှတ်ပြုကြောင်း ထင်ရှားနေ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် ဤကိစ္စကြောင့် စိတ်မကွက်ကြသည့်အပြင်၊ နွားမိစ္ဆာဂိုဏ်းက နင်ချီကို ဤမျှ တန်ဖိုးထားသည့် အတွက် ဂုဏ်ယူနေကြသည်။

“ကောင်းပါပြီ အစ်ကိုကြီးနျူ... တစ်ခုခုဆိုရင် သတင်းပို့လိုက်ပါ... ကျွန်တော်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်းကနေ ဒီအခင်းအကျင်းကို သုံးပြီး ချက်ချင်း လာလို့ရပါတယ်... အသွားအပြန် လမ်းခရီး ပန်းစရာ မလိုတော့ဘူးပေါ့...”

ထို့နောက် နင်ချီသည် ဓားဂိုဏ်းသားများကို စုစည်းလိုက်ပြီး၊ မိစ္ဆာများကို နှုတ်ဆက်လိုက်၏။

နျူတင်းထျန်နှင့် အခြား မိစ္ဆာများက နင်ချီတို့ကို လိုက်လံ ပို့ဆောင်ရန် ပြင်ဆင်နေကြသော်လည်း၊ နင်ချီသည် "စည်းမျဉ်း စွမ်းအားမျှင်" များစွာကို တပြိုင်နက် ထုတ်လွှတ်လိုက်သည်။ တချိန်တည်းမှာပင် ဝိညာဉ်ကျောက်တုံး အများအပြားကို အသုံးပြုပြီး စွမ်းအားမျှင်များ အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို နှိုးဆွလိုက်၏။

သူတို့ရှေ့မှောက် ကောင်းကင်ယံတွင် စွမ်းအားမျှင်များ ယှက်နွယ်သွားပြီး၊ ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားသည်။ ဟင်းလင်းပြင်တွင် လမ်းကြောင်းတစ်ခု ပွင့်သွားသကဲ့သို့ ဖွဲ့တည်လာပြီး၊ ကြီးမားသော "နေရာရွှေ့ပြောင်း တံခါးကြီး" တစ်ခု ချက်ချင်း ပေါ်ပေါက်လာ၏။

ထိုတံခါးကြီးပေါ်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တောင်တံခါးဝ ပုံရိပ်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။

“အစ်ကိုကြီးနျူ... လိုက်ပို့စရာ မလိုတော့ပါဘူး... ကျွန်တော်တို့ ဂိုဏ်းကို ပြန်တော့မယ်...”

နင်ချီသည် လူအုပ်ကို ဦးဆောင်ရင်း လွတ်လပ်ပေါ့ပါးစွာ ပြုံးပြလိုက်၏။

မိစ္ဆာအားလုံး၏ စောင့်ကြည့် အားကျနေသော မျက်လုံးများ အောက်တွင်ပင်၊ နင်ချီသည် "ငါးရောင်ခြယ် ရတနာ သင်္ဘော" ကို ထုတ်လိုက်၏။ လူတိုင်း သင်္ဘောပေါ် တက်လိုက်ကြပြီး၊ သင်္ဘောကြီးသည် ကောင်းကင်သို့ ဖြည်းညှင်းစွာ မြင့်တက်သွားကာ အခင်းအကျင်း တံခါးကြီး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

အခန်း (၆၆၂) - တောင်နှင့် ပင်လယ် ကမ္ဘာ၏ လေးစားမှုကို ထိုက်တန်သူ (အပိုင်း ၃)

~အမှန်စင်စစ်အားဖြင့်... သူတို့ နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းသို့ လာရောက်စဉ်က နေရာရွှေ့ပြောင်း အခင်းအကျင်း ကို အသုံးမပြုခဲ့ကြပေ။

ထိုစဉ်က အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ မထွက်ခွာမီ၊ နင်ချီသည် ဓားဂိုဏ်း အတွင်း၌ နေရာရွှေ့ပြောင်း အခင်းအကျင်းကြီး တစ်ခုကို တည်ဆောက်ထားခဲ့သော်လည်း၊ နွားမိစ္ဆာဂိုဏ်း၏ တည်နေရာပြ ဟင်းလင်းပြင် အမှတ်အသား မရှိသေးသဖြင့် အသုံးမပြုနိုင်ခဲ့ခြင်း ဖြစ်ပါ၏။

သို့သော် ယခု ဂိုဏ်းသို့ ပြန်လာချိန်တွင် အခြေအနေ မတူတော့ပေ။ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တည်နေရာ အမှတ်အသား ရှိပြီးသား ဖြစ်သဖြင့်၊ နင်ချီသည် သဘာဝကျကျပင် "နေရာရွှေ့ပြောင်း တံခါး" ကို တိုက်ရိုက် ဖွင့်လှစ်ပြီး ပြန်လာနိုင်ခြင်းပင်။

သူ့ဘေးတွင် ရှိနေသော အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ အတွက်မူ ဤကဲ့သို့ ထူးဆန်းသော နေရာကူးပြောင်းခြင်းမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ပါ၏။ ဓားဘိုးဘေးကြီး ကိုယ်တိုင်လည်း အလွန် ဆန်းသစ်နေသည်ဟု ခံစားနေရ၏။

သူတို့အဖွဲ့ထဲတွင် "အစစ်အမှန် အမွေခံ" အများအပြား ပါဝင်နေပြီး၊ ဟင်းလင်းပြင် ကူးပြောင်းခြင်း ဒဏ်ကို ခံနိုင်ရည် ရှိမရှိ စိုးရိမ်ရသဖြင့်၊ နင်ချီသည် "ငါးရောင်ခြယ် ရတနာ သင်္ဘော" ကို ထုတ်သုံးကာ လူတိုင်းကို သင်္ဘောထဲ ဝင်နေစေခဲ့ခြင်း ဖြစ်ပါ၏။ ဤနည်းဖြင့် အကာအကွယ် တစ်ထပ် ပိုရစေသည်။

လူတိုင်းသည် မိမိတို့ကိုယ်ကို ပထမဆုံး စမ်းသပ်ခံရသူများ အဖြစ် ခံစားနေရသော်လည်း၊ နင်ချီအပေါ် ထားရှိသော ယုံကြည်မှုကြောင့် တည်ငြိမ်နေကြ၏။ ရင်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ရှိနေလင့်ကစား၊ အပြင်ပန်းတွင်မူ တည်ငြိမ်သော မျက်နှာဖုံးများကို စွပ်ထားကြသည်။

နွားမိစ္ဆာဂိုဏ်းမှ မိစ္ဆာအပေါင်းက သူတို့ကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည် မဟုတ်ပါလား။

ယခုအချိန်တွင်... ခေါင်းပြတ်ခံနိုင်သည်၊ သွေးမြေကျခံနိုင်သည်၊ အသက်ပေးခံနိုင်သည်... သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို အကျမခံနိုင်ပေ။

ငါးရောင်ခြယ် ရတနာ သင်္ဘောကြီးသည် ကောင်းကင်သို့ ထိုးတက်သွားပြီး၊ ချက်ချင်းပင် နေရာရွှေ့ပြောင်း တံခါးဝ အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

သင်္ဘော၏ အမြီးပိုင်း အလုံးစုံ ဝင်ရောက်သွားပြီးသည်နှင့် တံခါးကြီးသည် ရုတ်တရက် ကျုံ့ဝင်သွားပြီး၊ အစအနမကျန် ပျောက်ကွယ်သွားတော့၏။

နွားမိစ္ဆာဂိုဏ်းမှ မိစ္ဆာများသည် မျက်စိရှေ့မှောက်တွင် ပျောက်ကွယ်သွားသော အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ကြသည်။ တစ်ကောင်ချင်းစီ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေ၏။

နင်ချီ၏ ကိုယ်ပိုင် စွမ်းအားကြီးမားမှုက ကြောက်စရာ ကောင်းနေပြီ ဖြစ်သလို၊ သူ့လက်အောက်မှ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ၏ စွမ်းရည်သည်လည်း အခြားဂိုဏ်းများမှ ထိပ်တန်း ပါရမီရှင်များနှင့် ယှဉ်နိုင်ပေသည်။

သို့သော် ထိုအရာများ အားလုံးသည်... ယခု နင်ချီ လုပ်ပြလိုက်သော နေရာရွှေ့ပြောင်း တံခါး ဖွင့်လှစ်ပြီး အင်အားအလုံးအရင်းကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်စွမ်းနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ပေ။

စောစောက လူတွေ၏ မျက်နှာထားကို ကြည့်ရတာ... သူတို့က ဟင်းလင်းပြင် ကူးသန်းသွားလာမှုကို နေသားကျနေသည့် ပုံစံမျိုးပင်။

တကယ်လို့သာ ဒီအခင်းအကျင်းကို စစ်ပွဲတွေမှာ အသုံးချလိုက်မည် ဆိုလျှင်... ဒါက တကယ့်ကို "ရွေ့လျား စစ်မက်ယန္တရား" ကြီး ဖြစ်လာတော့မည်ပင်။

နွားမိစ္ဆာဂိုဏ်းတွင် ကျန်ရစ်ခဲ့သော နောက်ထပ် "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး၏ အမည်မှာ "ခုန်းချိုင်ချန်း" ဖြစ်သည်။ သူ၏ မူလခန္ဓာကိုယ်မှာ "ဒေါင်းဘုရင်" ဖြစ်ပါ၏။

သူသည် နွားမိစ္ဆာဂိုဏ်း အတွင်း၌ နင်ချီ တည်ဆောက်ပေးခဲ့သော နေရာရွှေ့ပြောင်း အခင်းအကျင်းကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

“အစ်ကိုကြီးနျူ... အစ်ကိုကြီးဟူ... ကျွန်တော်တို့ ဂိုဏ်းထဲမှာ ဒီလို နေရာရွှေ့ပြောင်း အခင်းအကျင်းကြီး ရှိနေတာက နည်းနည်း အန္တရာယ် မများလွန်းဘူးလား...”

နျူတင်းထျန် နှင့် ဟူရှောင်ထျန်း တို့က သူ ဆိုလိုချင်တာကို သဘောပေါက်လိုက်၏။

နင်ချီ ပြောခဲ့သည်မှာ ကျောက်စိမ်း တံဆိပ်ပြား ကိုင်ဆောင်ထားသူ (၅) ယောက်သာ ဤအခင်းအကျင်းကို သုံးပြီး ဟိုဘက်ကို သွားနိုင်သည် ဟူ၍ ဖြစ်ပါ၏။

သို့သော် နင်ချီ့ဘက်က ကြည့်လျှင် ထိုကန့်သတ်ချက် ရှိပုံမရပေ။ သူသည် ဟိုဘက်မှနေ၍ ဤအခင်းအကျင်းကို ပြောင်းပြန် အသုံးပြုကာ၊ လူအများအပြားကို ချက်ချင်း ပို့ဆောင် လာနိုင်စွမ်း ရှိနေ၏။

သို့သော် သူတို့နှစ်ဦး ခေါင်းခါလိုက်ကြသည်။

ဟူရှောင်ထျန်း က ပြောလိုက်၏။

“ညီအစ်ကိုခုန်း... သူတစ်ပါးကို သတိထားရမယ် ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ မင်းက ဂိုဏ်းကို စောင့်ရှောက်ရင်း ကျန်နေခဲ့လို့... နင်ချီရဲ့ စွမ်းရည်တွေကို မသိလိုက်တာပါ...”

သူ့ကျားမျက်လုံးများ အရောင်တောက်သွားပြီး၊ ဉာဏ်ပညာ ပြည့်ဝသော အသွင်အပြင် ပေါ်လာ၏။

“လက်ရှိ အခြေအနေ အရ... နွားမိစ္ဆာဂိုဏ်း နဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြားက ယုံကြည်မှု ဆိုတာ... နင်ချီ အတွက်တော့ သိပ်အရေးမကြီးလှပါဘူး... ဒါပေမဲ့ ငါတို့ နွားမိစ္ဆာဂိုဏ်း အတွက်ကတော့... ဒါဟာ မဟာ အခွင့်အရေးကြီး တစ်ခုပါပဲ...”

ထိုအခါ၊ နျူတင်းထျန် ကလည်း ဝင်ပြောလာသည်။

“မှန်တယ် ညီအစ်ကိုခုန်း... နောက်ပိုင်းကျရင် မင်း တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်...”

ခုန်းချိုင်ချန်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ အစ်ကိုကြီးနျူ နှင့် အစ်ကိုကြီးဟူ နှစ်ယောက်စလုံးကို သိမ်းသွင်းနိုင်သူ ဆိုလျှင်တော့ ယုံကြည်ရပေမည်။

သို့သော် သူသည် နင်ချီနှင့် အတူ ခရီးမသွားခဲ့ဖူးသဖြင့်၊ နင်ချီအကြောင်း အကုန် မသိပေ။

“အစ်ကိုကြီးနျူ... ဒါဆို နင်ချီ အကြောင်း ကျွန်တော့်ကို ပြောပြပါလား...”

နျူတင်းထျန် တဟားဟား ရယ်လိုက်ပြီး လှည့်ကြည့်ကာ ပြောလိုက်၏။

“ငါ ပြောပြလိုက်ရင် မင်း ကြောက်သွားလိမ့်မယ်...”

ဟူရှောင်ထျန်း လည်း စိတ်ဝင်စားသွားသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း နင်ချီ၏ ကြောက်မက်ဖွယ် စွမ်းရည်များကို ဒီတစ်ခေါက်မှ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပါ၏။

နျူတင်းထျန် သည် နျူမန်နှင့် အခြား မိစ္ဆာများကို ခေါ်ယူလိုက်ပြီး၊ သူတို့ နင်ချီနှင့် စတင် တွေ့ဆုံခဲ့ပုံမှ စ၍ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" အတွေ့အကြုံများ အထိ ပြောပြခိုင်းလိုက်၏။

ဤလုပ်ရပ်ကြောင့် အပြင်ဘက်တွင် ရှိနေသော နွားမိစ္ဆာဂိုဏ်းသားများ အားလုံး စုဝေးရောက်ရှိလာကြပြီး၊ ဒဏ္ဍာရီဆန်သော ဇာတ်လမ်းတစ်ပုဒ်ပြီး တစ်ပုဒ်ကို ဝိုင်းဖွဲ့ နားထောင်ကြတော့သည်။

နောက်ဆုံးတွင်... ခုန်းချိုင်ချန်း ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာ၏။

သူ ပြောလိုက်၏။

“အစ်ကိုကြီးနျူ... အစ်ကိုကြီးဟူ... ခင်ဗျားတို့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်... အဲဒီ နင်ချီ ဆိုတဲ့ လူက... နောင်အနာဂတ်မှာ 'တောင်နှင့် ပင်လယ် ကမ္ဘာ' တစ်ခုလုံးကို အုပ်စိုးမယ့် အရှင်သခင် ဖြစ်လာနိုင်တယ်...”

ဘေးမှ နားထောင်နေသော မိစ္ဆာငယ်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ သူတို့ မေးရိုးများ မြေကြီးထိ ပြုတ်ကျမတတ် ဖြစ်သွားကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာကြီး တစ်ခုလုံးကို အုပ်စိုးမယ် ဟုတ်လား။ ဒါ နည်းနည်း များလွန်းနေပြီ မဟုတ်ဘူးလား။

သို့သော် သူတို့ ဘိုးဘေးကြီး နှစ်ပါးက မငြင်းဆန်သည့်အပြင်၊ မျှော်လင့်ချက် ပြည့်ဝသော မျက်နှာထားများဖြင့် ရှိနေသည်ကို မြင်လိုက်ရသောအခါ၊ မိစ္ဆာများ အားလုံး ရှည်ကြာသော တုန်လှုပ်ခြင်း သံသရာထဲသို့ ကျရောက်သွားကြတော့သည်။

...

အကန့်အသတ်မဲ့ ဓားဂိုဏ်းဝယ်၊

ကြီးမားသော နေရာရွှေ့ပြောင်း အခင်းအကျင်းကြီး သည် ရုတ်တရက် ရေနွေးပွက်သကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားလာ၏။

ဂိုဏ်းစောင့် ကျန်ရစ်ခဲ့သော မဟာစွမ်းအားရှင်များနှင့် အမွေခံများသည် ချက်ချင်း သတိဝင်လာကြပြီး၊ အခင်းအကျင်း ဘေးပတ်လည်တွင် စုရုံးရောက်ရှိလာကြသည်။

“ဗြိ...”

ဟင်းလင်းပြင်ကြီး ကွဲထွက်သွားသကဲ့သို့ ဖွဲ့တည်လာပြီး၊ အခင်းအကျင်းပေါ်တွင် အဆုံးမဲ့သော အလင်းရောင်များ တောက်ပလာ၏။ နေရာလပ်များ လှိုင်းထသွားပြီး၊ နောက်ဆုံးတွင် "ငါးရောင်ခြယ် ရတနာ သင်္ဘော" ကြီး တစ်စင်း ထွက်ပေါ်လာသည်။

သင်္ဘောပေါ်တွင် နင်ချီနှင့် အခြားသူများ၏ ပုံရိပ်များ ပေါ်လာ၏။

“ဂိုဏ်းချုပ်ကြီး.....”

“ဂိုဏ်းချုပ်ကြီး ပြန်ရောက်လာပြီ.....”

ကျန်ရစ်သူများ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

သူတို့သည်လည်း နေရာရွှေ့ပြောင်း အခင်းအကျင်း အလုပ်လုပ်ပုံကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်ပါ၏။ နင်ချီနှင့် အဖွဲ့သားများ ဘေးကင်းစွာ ထွက်ပေါ်လာသည်ကို မြင်ရသောအခါ စိတ်လှုပ်ရှားခြင်းနှင့် အံ့ဩခြင်းများ ရင်တွင်း တိုးဝှေ့သွားကြသည်။

နင်ချီနှင့် အဖွဲ့သားများ သင်္ဘောပေါ်မှ ဆင်းသက်လာကြ၏။

ဓားဘိုးဘေးကြီး ခေါင်းကို ခါရမ်းလိုက်၏။ ခေါင်းနည်းနည်း မူးနေသည်။

ပါလာသော မဟာစွမ်းအားရှင်များနှင့် အမွေခံများလည်း ထိုနည်းတူပင်။ ကျင့်ကြံခြင်း အဆင့် ကွာခြားသော်လည်း၊ တုံ့ပြန်မှုမှာ အတော်လေး တူညီကြ၏။

ပထမဆုံးအကြိမ် ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်း ဖြစ်သဖြင့် ခေါင်းမူးသည်မှ လွဲ၍ အခြား ကြီးမားသော ဝေဒနာ မရှိကြပေ။

ဓားဘိုးဘေးကြီး နင်ချီကို စိုက်ကြည့်ပြီး ညည်းတွားလိုက်သည်။

“နင်ကလေး... နောက်တစ်ခါကျရင် ဒီလို ဆန်းသစ် တီထွင်မှုကြီးတွေကို အများကြီးနဲ့ မသုံးခင်... ငါတို့ကို အရင် စမ်းသပ်ခွင့် ပေးပါဦးကွာ...”

“စောစောက နွားမိစ္ဆာဂိုဏ်းက ကောင်တွေ ရှေ့မှာ မင်းက တန်းသုံးပြလိုက်တာ... ငါတို့က ဓားဂိုဏ်းရဲ့ သိက္ခာအတွက် တက်လိုက်ရပေမယ့်... လမ်းတစ်ဝက်မှာ တခုခုများ လွဲချော်သွားခဲ့ရင် ဒုက္ခရောက်ကုန်မှာ...”

ပါးစပ်က ညည်းတွားနေသော်လည်း၊ မျက်နှာတွင်မူ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေလေသည်။

နင်ချီက ဓားဘိုးဘေးကြီးကို ပြန်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“သပ်သပ်ကြီး စမ်းသပ်နေရင် ဝိညာဉ်ကျောက်တုံးတွေ ဖြုန်းတီးရာ ရောက်မှာပေါ့... ဒါမှမဟုတ် ဓားဘိုးဘေးကြီးက ကျွန်တော့်ကို မယုံလို့လား...”

ဓားဘိုးဘေးကြီး နင်ချီ ပခုံးကို ပုတ်လိုက်၏။

“ယုံပါတယ်ကွ... ယုံပါတယ်... ဘာပဲဖြစ်ဖြစ်... မင်းတစ်ယောက်တည်း နာမည်ကောင်း အကုန်ယူသွားပြီပဲ...”

ထိုစဉ်၊ မဟာ အကြီးအကဲ ဇီယန် က ရယ်ပြီး ဝင်ပြောလိုက်သည်။

“ဓားဘိုးဘေးကြီး... ကျွန်တော်တို့ အခု အဆင်ပြေနေပေမယ့်... နွားမိစ္ဆာဂိုဏ်းက ကောင်တွေကတော့ သေချာပေါက် ကြောက်လန့်ပြီး ကျန်ခဲ့လောက်ပြီဗျ...”

အခန်း (၆၆၃) - တောင်နှင့် ပင်လယ် ကမ္ဘာ၏ လေးစားမှုကို ထိုက်တန်သူ (အပိုင်း ၄)

~ကျန်းရုဟိုင်း ကလည်း ဝင်ပြောသည်။

“သူတို့ကို ထားလိုက်ပါတော့ဗျာ... ကျွန်တော်တို့ ရှေ့မှာသာ လူတစ်ယောက်က ဒီလို စွမ်းရည်မျိုး ရုတ်တရက် ထုတ်ပြပြီး... ဂိုဏ်းထဲမှာ နေရာရွှေ့ပြောင်း အခင်းအကျင်း လာဆောက်ပေးမယ် ဆိုရင်... ကျွန်တော်တို့လည်း လန့်သေမှာပဲ...”

ချင်မင်ဟောက်နှင့် အခြားသူများကလည်း တညီတညွတ်တည်း ထောက်ခံကြသည်။

“ဂိုဏ်းချုပ်အစ်ကိုကြီးရဲ့ စွမ်းဆောင်ရည်က... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းကို အပြည့်အဝ ယုံကြည်လေးစားသွားစေတာ သေချာပါတယ်...”

ဂိုဏ်းချုပ်ဟောင်း ကျန်းပိုင်ချွမ်း၏ မျက်နှာပေါ်တွင်လည်း အပြုံးပန်းကြီး တစ်ခု ပွင့်လန်းနေ၏။

ဒီတစ်ခေါက် ခရီးစဉ်တွင် နင်ချီက သူ့ကို လိုက်ပါခွင့် ပြုခဲ့သည့်အတွက်၊ သူသည် မျက်စိပွင့် နားပွင့် ဖြစ်ခဲ့ရ၏။

“ဂိုဏ်းချုပ်ရဲ့ တန်ခိုးအာနုဘော်ကတော့... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေမှာ ပြိုင်ဘက် ရှားပါလိမ့်မယ်... နယ်မြေနှစ်ခု ပြန်ပေါင်းစည်းပြီး 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' ပြန်ဖြစ်လာရင်... အကန့်အသတ်မဲ့ ဓားဂိုဏ်းက သေချာပေါက် ကောင်းကင်ထက် ပျံတက်တော့မှာပဲ...”

အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ကျန်ရစ်ခဲ့သူများမှာမူ ပြန်ရောက်လာသူများ ဘာအကြောင်း ဆွေးနွေးနေကြသလဲ ဆိုသည်ကို မသိရှိကြပေ။ ထို့ကြောင့် မိမိတို့၏ မိတ်ဆွေများထံ သွားရောက်ပြီး စပ်စု မေးမြန်းနေကြသည်။

ဂိုဏ်းစောင့် ကျန်ရစ်ခဲ့သော ဒုဂိုဏ်းချုပ် ချန်ဝမ်ဟယ် လည်း ရောက်ရှိလာ၏။

သူသည် စကားဝိုင်းကို အဝေးကတည်းက ကြားနေရသဖြင့် လူအုပ်ရှေ့သို့ ဆင်းသက်လိုက်၏။

ချန်ဝမ်ဟယ် က ချက်ချင်း ညည်းတွားလိုက်၏။

“ဂိုဏ်းချုပ်... နောက်တစ်ခါ လှုပ်ရှားစရာရှိရင် ကျွန်တော့်ကို သေချာပေါက် ခေါ်သွားပါဗျာ... ကျွန်တော်က ဂိုဏ်းကိုပဲ အမြဲ စောင့်နေရတယ်... အပြင်ထွက်ပြီး ဗဟုသုတ ရှာချင်ပါသေးတယ်...”

ချန်ဝမ်ဟယ် ၏ မျက်နှာထားသည် ခေါ်သွားပါရန် တောင်းပန် တိုးလျှိုးနေသော ပုံစံ ပေါက်နေသဖြင့်၊ လူတိုင်း မပြုံးဘဲ မနေနိုင် ဖြစ်သွားကြသည်။

နင်ချီလည်း အားနာသွားပြီး ပြောလိုက်၏။

“နောက်တစ်ခါကျရင် သေချာပေါက် ခေါ်ပါ့မယ်ဗျာ...”

ထိုစကား ကြားလိုက်ရမှ ချန်ဝမ်ဟယ်၏ မျက်နှာတွင် ပျော်ရွှင်ရိပ်များ ယှက်သန်းသွားတော့သည်။

ထို့နောက်... လူတိုင်းသည် "ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း" အကြောင်း ဆွေးနွေးကြသည်။ "စစ်ခုန်ချင်း" လက်စားချေရန် ရောက်လာမည်ကို စိုးရိမ်သဖြင့်၊ "ဝိညာဉ်ကမ္ဘာ စစ်ပွဲ" မစတင်မီ ဂိုဏ်းတံခါးကို ပိတ်ပြီး ကာကွယ်ရန် ပြင်ဆင်ကြသည်။

နင်ချီ ကိုယ်တိုင် စနစ်တကျ ပြင်ဆင်ပေးထားသော "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" ရှိနေသဖြင့်၊ သူတို့ စိတ်ပူစရာ မလိုဘဲ အေးဆေး နေနိုင်ကြသည်။

နင်ချီသည် တပည့်များကို နှုတ်ဆက်လိုက်ပြီး၊ ဒီတစ်ခေါက် ရရှိလာသော ပစ္စည်းများ ခွဲဝေမှု ကိစ္စကို ချန်ဝမ်ဟယ်အား လွှဲအပ်ကာ၊ ဂိုဏ်းချုပ် ကိန်းအောင်းရာ နေရာသို့ ပြန်သွားလေသည်။

ထိုကာလအတွင်း... သူသည် "လုဇီယွဲ့" ၏ အခြေအနေကို မေးမြန်းခဲ့သည်။

လုဇီယွဲ့ သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ နင်ချီအတွက် အထူးခြားဆုံး လူတစ်ယောက် ဖြစ်ပါ၏။ သူမသည် တံခါးပိတ် ကျင့်ကြံနေသဖြင့် ယခု တိုက်ပွဲများတွင် မပါဝင်ခဲ့ပေ။

နင်ချီ ရရှိသော သတင်းအရ... လုဇီယွဲ့ တံခါးပိတ် ကျင့်ကြံရာ နေရာမှ စွမ်းအင်လှိုင်းများ မကြာသေးမီက ထွက်ပေါ်နေကြောင်း၊ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းတော့မည့် လက္ခဏာများ ရှိနေကြောင်း သိရ၏။

လုဇီယွဲ့၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းသည် နှေးကွေးသည်ဟု မဆိုနိုင်ပေ။ ထိုစဉ်က ကျန်းချင်းရွှယ် ကဲ့သို့သော "ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး" ကိုပင် မီလုနီးပါး ဖြစ်နေပြီ။

နင်ချီ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက်မှသာ လုဇီယွဲ့သည် "မူလဝိညာဉ် နယ်ပယ်" သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါ၏။

ထိုအချိန်တွင် ထိပ်တန်း အမွေခံ (၁၀) ဦးသည် မူလဝိညာဉ် နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး၊ အချို့မှာ ပြီးပြည့်စုံခြင်း အဆင့်သို့ပင် ရောက်နေကြပြီ။

လုဇီယွဲ့ အဆင့်တက်တော့မည် ဆိုတော့... လက်ဆောင်တစ်ခု ပေးမှ သင့်တော်မည်။

နင်ချီသည် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းမှ ရရှိလာသော နဂါးကြေးခွံ (၃) ခု နှင့် ယခင်က ရရှိထားဖူးသော မပြည့်စုံသည့် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ "လေနဂါး ကြေးခွံ ချပ်ဝတ်" တို့ကို ရုတ်တရက် ထုတ်လိုက်၏။

သူ၏ "စည်းမျဉ်း စွမ်းအားမျှင်" သည် ဓားသွားအဖြစ် ပြောင်းလဲသွားပြီး၊ ကြီးမားသော နဂါးကြေးခွံများကို လက်မအရွယ်အစား ကြေးခွံငယ်လေးများ အဖြစ် အသေးစိတ် ခွဲစိတ် ဖြတ်တောက်လိုက်၏။

ထို့နောက်... အရောင်လေးမျိုး ရှိသော နဂါးကြေးခွံများကို ရောနှောလိုက်ပြီး၊ အရောင်များကို စနစ်တကျ စီစီရီရီ ဖြစ်အောင် "မူလဝိညာဉ် စွမ်းအား" ဖြင့် သီကုံးလိုက်သည်။

နင်ချီသည် စည်းမျဉ်း စွမ်းအားမျှင် မျိုးစုံကို အသုံးပြုပြီး ကြေးခွံများပေါ်တွင် "အခင်းအကျင်းငယ်များ" ကို ရေးထိုးလိုက်ကာ၊ ကြေးခွံတစ်ခုချင်းစီ၏ ဓာတ်သဘောသဘာဝများကို နှိုးဆွလိုက်၏။

ထို့နောက် "ဆန်းမေ့ တာအို မီး" ကို မှုတ်ထုတ်ပြီး၊ အညစ်အကြေးများကို သန့်စင်လိုက်သည်။

"ကောင်းကင်ဘုံနှင့် မြေကမ္ဘာ ရတနာ" အချို့ကို ထပ်မံ ထုတ်ယူ ပေါင်းစပ်လိုက်ပြီး၊ ချပ်ဝတ်ကို ပျော့ပျောင်းစေရန်နှင့် ခိုင်မာစေရန် ပြုလုပ်လိုက်၏။

နောက်ဆုံးတွင်... တာအိုမီးတောက်များ ကြားမှ အလွန် သေသပ် လှပသော အမျိုးသမီးဝတ် "နဂါးကြေးခွံ အတွင်းခံ ချပ်ဝတ်" တစ်ခု တဖြည်းဖြည်း ပုံပေါ်လာသည်။

ဤ ဝိညာဉ် ချပ်ဝတ် ကို ကြည့်ရင်း၊ ၎င်းမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများကို အာရုံခံမိသောအခါ နင်ချီ ကျေနပ်စွာ ပြုံးလိုက်၏။

ယခင်က လေနဂါး ကြေးခွံ တစ်မျိုးတည်းသာ ပါဝင်သဖြင့်၊ ၎င်းသည် မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ သက်သက်သာ ဖြစ်ခဲ့သည်။

ယခု နင်ချီ ကိုယ်တိုင် သန့်စင် မွမ်းမံလိုက်ပြီးနောက်၊ အရောင်လေးမျိုး နဂါးကြေးခွံများသည် နူးညံ့ ပျော့ပျောင်းသွားသည်။ မှော်စွမ်းအင် ထည့်သွင်းလိုက်သည်နှင့် စွမ်းအားမျိုးစုံကို ပိုင်ဆိုင်လာမည် ဖြစ်ရာ၊ "ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ" တစ်ခု ဖြစ်လာလေပြီ။

ရက်အနည်းငယ် ကြာပြီးနောက်...၊

လုဇီယွဲ့ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာ၏။

သူမ၏ ကိုယ်နေဟန်ထားသည် ကျော့ရှင်း လှပနေပြီး၊ လည်တိုင်သည် ငန်းဖြူလေး တစ်ကောင်ကဲ့သို့ ဖြူဝင်း ရှည်လျားနေ၏။

ခရမ်းရောင် အရိပ်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများသည် ဓားသွားများကဲ့သို့ ထက်ရှနေပြီး၊ မာန်ပါသော အလှတရားနှင့် ပြည့်စုံနေ၏။

ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော ခြေထောက်အောက်တွင် "ဓားစည်းမျဉ်း စွမ်းအားမျှင်" (၁၀) ချောင်းသည် ဓားမြစ်ရေစီးကြောင်းကဲ့သို့ စီးဆင်းနေ၏။ တစ်ချောင်းစီသည် (၁၀) ပေခန့် ရှည်လျားသည်။

ခေါင်းထက်တွင် ခရမ်းရောင် မိုးကြိုးများ ဟိန်းဟောက်နေ၏။ အလားတူပင် "မိုးကြိုး စည်းမျဉ်း စွမ်းအားမျှင်" (၁၀) ချောင်းသည် ယှက်နွယ်နေပြီး၊ လက်နေသော ခရမ်းရောင် မိုးကြိုးတိမ်တိုက် တစ်ခုကို ဖန်တီးထားသည်။

"ခရမ်းရောင် ဓား စစ်မှန်သူ " ဟူသော သူမ၏ ဘွဲ့နာမည်နှင့် အလွန် လိုက်ဖက်ညီလှ၏။

လုဇီယွဲ့ ထွက်ပေါ်လာခြင်းသည် သဘာဝကျကျပင် လူအများ၏ အာရုံစိုက်မှုကို ရရှိစေသည်။ ဂိုဏ်းချုပ် အစ်ကိုကြီးနှင့် သူမ၏ ပတ်သက်ဆက်နွယ်မှုကြောင့် ရှောင်လွှဲ၍ မရနိုင်ပေ။

စည်းမျဉ်း နှစ်ခု၊ တစ်ခုစီတွင် (၁၀) ပေ အရှည်ရှိသော စွမ်းအားမျှင် (၁၀) ချောင်းစီဖြင့် အဆင့်တက်လာသည်ကို မြင်သောအခါ...

လူအများအပြား ကြိတ်၍ အံ့ဩသွားကြသည်။ ဂိုဏ်းချုပ် (နင်ချီ) တစ်ယောက်တည်းသာ ဒီလို ဖြစ်စဉ်မျိုးကို ကျော်လွန်နိုင်လိမ့်မည်ဟု တွေးမိကြသည်။

“ဂုဏ်ယူပါတယ်... စီနီယာအစ်မလု...”

လူတစ်ယောက်က ချက်ချင်း လက်သီးဆုပ်ကာ ဂုဏ်ပြုစကား ဆိုလိုက်၏။

လုဇီယွဲ့ သည် သူမ၏ မေးဖျားလေးကို မော့ကာ ခေါင်းညိတ်ပြလိုက်ရာ၊ ထိုလူမှာ မျက်နှာတစ်ခုလုံး နီရဲသွားရှာသည်။

စည်းမျဉ်း စွမ်းအားမျှင် အားလုံးကို ရုပ်သိမ်းလိုက်ပြီးနောက်၊ လုဇီယွဲ့သည် နင်ချီ ရှိရာ နေရာကို မေးမြန်းရန် ပြင်လိုက်၏။

သို့သော် နင်ချီ၏ ပုံရိပ်သည် သူမ၏ မျက်စိရှေ့မှောက်တွင် ချက်ချင်း ပေါ်လာ၏။

နင်ချီသည် ဟင်းလင်းပြင်ထဲမှ လမ်းလျှောက် ထွက်လာ၏။ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ မျက်နှာပေါ်တွင် အပြုံးနုနုလေး တစ်ခု ချိတ်ဆွဲထားသည်။ သူ၏ အရှိန်အဝါသည် "အင်မော်တယ် နီးပါး" အဆင့်သို့ ရောက်ရှိနေ၏။

လုဇီယွဲ့၏ အနည်းငယ် တည်ကြည်ခက်ထန်သော မျက်နှာထားသည် ချက်ချင်းပင် အပြုံးပန်းများ ဝေဆာသွားတော့သည်။

“ဂိုဏ်းချုပ် အစ်ကိုကြီး.....”

သူမ၏ အသံလေးသည် ကြည်လင် ပြတ်သားနေပြီး၊ အကန့်အသတ်မဲ့သော တက်ကြွ လန်းဆန်းမှုများ ပြည့်နှက်နေလေသည်။

All Chapters