အခန်း (၆၆၄-၆၆၆)
Vol. 45 Ch. 664-666
အခန်း (၆၆၄) - မဟာတာအို၏ ချို့ယွင်းချက်များ
~လုဇီယွဲ့ တံခါးပိတ်ရာမှ ထွက်လာသည်နှင့် နင်ချီကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားသည်။
"ဇီယွဲ့... မဟာစွမ်းအားရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်... ဒီ 'နဂါးကြေးခွံ ဝိညာဉ် ချပ်ဝတ်' ကို လက်ဆောင် အဖြစ် ပေးပါရစေ..."
နင်ချီသည် ညာလက်ဝါးကို ဖြန့်လိုက်ပြီး၊ အရောင်လေးမျိုး တောက်ပနေသော နဂါးကြေးခွံ ချပ်ဝတ်ကို လုဇီယွဲ့ထံသို့ ကမ်းပေးလိုက်၏။
လုဇီယွဲ့၏ လှပသော မျက်ဝန်းများသည် နင်ချီကို တစ်ချက် ကြည့်လိုက်ပြီး၊ သူမ၏ မျက်နှာလေး အနည်းငယ် နီရဲသွားသည်။
ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် လူရှေ့သူရှေ့တွင် ဤမျှ အဖိုးတန်သော လက်ဆောင်ကို ပေးအပ်ခြင်း ဖြစ်သောကြောင့်၊ သူမ အနေဖြင့် လက်မခံဘဲ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် သူမ လှမ်းယူရန် ပြင်လိုက်စဉ်မှာပင် နင်ချီ ပြုံးလိုက်၏။
သူ၏ ညာလက်ကို ညင်သာစွာ မြှောက်လိုက်ရာ၊ အရောင်လေးမျိုး နဂါးကြေးခွံ ချပ်ဝတ်သည် အစိတ်အပိုင်းများ အဖြစ် ကွဲထွက်သွားပြီး၊ တောက်ပသော အလင်းတန်းများ အသွင် ပြောင်းလဲကာ လုဇီယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ လျင်မြန်စွာ ဝင်ရောက် ဝတ်ဆင်ပေးလိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ကောင်းကင်ယံ အထက်၌ ရဲရင့်သော အမျိုးသမီး စစ်သည်တော် တစ်ဦး၏ ပုံရိပ် ထင်ရှားစွာ ပေါ်ထွက်လာ၏။
ပြီးခဲ့သော ရက်များအတွင်း နင်ချီသည် ဤချပ်ဝတ်ကို အနည်းငယ် မွမ်းမံထားခဲ့သည်။ ပုံစံမျိုးစုံ ပြောင်းလဲနိုင်ပြီး၊ အတွင်းခံ အင်္ကျီ အဖြစ် သော်လည်းကောင်း၊ အပြင်ဝတ် ချပ်ဝတ် အဖြစ် သော်လည်းကောင်း လွတ်လပ်စွာ ပြောင်းလဲ ဝတ်ဆင်နိုင်သည်။
အတွင်းတွင် ဝတ်ဆင်ထားပါက သာမန် မျက်စိဖြင့် မမြင်နိုင်သော်လည်း၊ အပြင်ဘက်သို့ ထုတ်ဖော်လိုက်ပါက ခန့်ညား ထည်ဝါသော ချပ်ဝတ် အဖြစ် ပြောင်းလဲသွားပြီး ဘုန်းတန်ခိုး အာနုဘော် ကြီးမားစေသည်။
အတွင်းအပြင် မည်သို့ပင် ဝတ်ဆင်ထားသည် ဖြစ်စေ... ရာသီဥတု အပူအအေး ဒဏ်ကို ခံနိုင်ရည် ရှိသလို၊ ရေ၊ မီး၊ လေ၊ မိုးကြိုး စသည့် ဓာတ်သဘောသဘာဝ တိုက်ခိုက်မှုများကိုပါ ကာကွယ်ပေးနိုင်သည်။
လုဇီယွဲ့သည် မဟာစွမ်းအားရှင် အဆင့်သို့ အခုမှ တက်လှမ်းခါစ ဖြစ်သော်လည်း၊ ဤချပ်ဝတ်၏ အကူအညီဖြင့် "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီးများ၏ တိုက်ခိုက်မှုကို (၃) ကြိမ်တိတိ ခံနိုင်ရည် ရှိသည်။
ထို့ပြင် တိုက်ခိုက်နိုင်စွမ်းလည်း ပါရှိသည်။ နဂါးကြီး လေးကောင်၏ ပုံရိပ်ကို ဆင့်ခေါ်ပြီး၊ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်နှင့် ညီမျှသော တိုက်ခိုက်မှုကို (၄) ကြိမ် ပြုလုပ်နိုင်သည်။
သေချာသည်မှာ... ဤကန့်သတ်ချက်များသည် လုဇီယွဲ့၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်အပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်သည်။
လုဇီယွဲ့သည် သူမ၏ "မူလဝိညာဉ် အာရုံ" ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်လိုက်ရာ၊ ဤချပ်ဝတ်၏ တန်ဖိုး ကြီးမားပုံကို ချက်ချင်း နားလည်သွားသည်။
“ဂိုဏ်းချုပ် အစ်ကိုကြီး... ဒီဝိညာဉ် ချပ်ဝတ်က အရမ်း တန်ဖိုးကြီးလွန်းပါတယ်... ဇီယွဲ့ လို လူကို ပေးတာ တကယ်ပဲ သင့်တော်ရဲ့လား...”
နင်ချီ ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်၏။
“အရင်တုန်းက 'ခရမ်းရောင် ဓား စစ်မှန်သူ ' က အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွက် ဂိုဏ်းချုပ် တစ်ယောက်ကို ပြန်ခေါ်လာပေးခဲ့တယ်လေ... ဒါပေမဲ့ အဲဒီ ဂိုဏ်းချုပ်က သူမကို ဘာလက်ဆောင်မှ မပေးရသေးဘူး... အခု ပေးတာ ဘာလို့ မသင့်တော်ရမှာလဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ လုဇီယွဲ့၏ မျက်နှာလေးသည် ပန်းပွင့်လေး တစ်ပွင့် ပွင့်အာလာသကဲ့သို့ ပြုံးရယ်လိုက်မိသည်။
ဘေးမှ ကြည့်နေသူများ မည်သူမျှ ကန့်ကွက်ရဲခြင်း မရှိကြပေ။ နင်ချီ ပြောသည့်အတိုင်းပင်၊ လုဇီယွဲ့သာ နင်ချီကို ပြန်ခေါ်မလာခဲ့လျှင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ယခုကဲ့သို့ ဘုန်းကြီးနေမည် မဟုတ်။ ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း၏ လက်ချက်ဖြင့် ပျက်စီးသွားလောက်ပြီ ဖြစ်ပါ၏။
သို့သော် လူတိုင်း၏ ရင်ထဲတွင် အားကျစိတ်များ ဖွဲ့တည်နေမိကြသည်။ (ငါသာ ဂိုဏ်းချုပ်ကို ပြန်ခေါ်လာခဲ့တဲ့သူ ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...)
ထို့နောက်... နင်ချီနှင့် လုဇီယွဲ့ တို့သည် ဂိုဏ်းချုပ် ခန်းမဆောင်သို့ ပြန်လာကြသည်။
နင်ချီသည် သူမအတွက် "ဉာဏ်အလင်းပွင့် လက်ဖက်ရည်" ကို ကိုယ်တိုင် ဖျော်စပ်ပေးလိုက်၏။
လုဇီယွဲ့ တဖြည်းဖြည်း စိတ်လက် ပေါ့ပါးလာ၏။ သူမ နားလည်လိုက်သည်မှာ... သူမနှင့် နင်ချီကြားတွင် ဖြတ်တောက်၍ မရနိုင်သော သံယောဇဉ် ကြိုးလေး တစ်ချောင်း ရှိနေပြီ ဖြစ်ပါ၏။ ထို့ကြောင့် ရုန်းကန်နေမည့်အစား ရေစီးကြောင်းအတိုင်း လိုက်ပါစီးမျောလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။
သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းဆိုင်ရာ အသိအမြင်များကို ဖလှယ်ကြပြီး၊ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးကြသည်။
နင်ချီ ပြောပြသည်များကို နားထောင်ရင်း၊ လုဇီယွဲ့၏ စိတ်ခံစားချက်များသည် နင်ချီ၏ စကားများအတိုင်း လိုက်ပါ ပြောင်းလဲနေ၏။ ရံဖန်ရံခါ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
နောက်ဆုံးတွင် နင်ချီ ပြောလိုက်၏။
“ဇီယွဲ့... မင်းက နယ်ပယ်ကြီး နှစ်ခုကို ဆက်တိုက် ကျော်ဖြတ်လာခဲ့တော့... တိုက်ပွဲ အတွေ့အကြုံ နည်းနေသေးတယ်... နောက်ပိုင်းကျရင် ငါတို့နဲ့ အတူတူ တိုက်ပွဲဝင်ကြတာပေါ့...”
လုဇီယွဲ့၏ မျက်ဝန်းများ အရောင်တောက်သွားပြီး နှစ်လိုဖွယ်ရာ ပြုံးလိုက်၏။
“ကောင်းပါပြီ... အချိန်အကြာကြီး ငြိမ်သက်နေခဲ့တဲ့ 'ခရမ်းရောင် ဓား စစ်မှန်သူ ' ရဲ့ နာမည်ကို... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေအနှံ့ ပြန်လည် ကျော်ကြားစေရမယ်...”
...
တောင်ပိုင်း အစစ်အမှန်နယ်မြေ
ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း
ကောင်းကင်တာရာ ဂိုဏ်းသည် နွားမိစ္ဆာဂိုဏ်းနှင့် ယူဟွာဂိုဏ်းတို့၏ တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်း ပျက်စီးသွားပြီ ဆိုသော သတင်း ရောက်ရှိလာသည်နှင့် တပြိုင်နက်၊ ဂိုဏ်းချုပ် "ရှထျန်းဟယ်" သည် ဂိုဏ်းတွင်းရှိ အရေးပါ ပုဂ္ဂိုလ်များ အားလုံးကို ခန်းမဆောင်ကြီး အတွင်းသို့ ခေါ်ယူ စုဝေးလိုက်၏။
ခန်းမဆောင်ကြီး အတွင်း၌ အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ် ငြိမ်သက်နေ၏။
လူတိုင်း၏ မျက်လုံးများသည် ရှထျန်းဟယ် ထံသို့ ရောက်နေကြသည်။ ဂိုဏ်းချုပ်သည် ပလ္လင်ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး၊ အလွန်အမင်း စိတ်လှုပ်ရှားနေပုံ ရ၏။
သို့သော် မည်သူမျှ စကားမပြောရဲကြ။ အပြင်ဘက်သို့ လွှတ်ထားသော ကင်းထောက်များ ပြန်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါ၏။
မကြာမီ... ရှထျန်းဟယ်၏ တူတော်မောင် "ရှရှင်း" ပြန်ရောက်လာ၏။
သူ့နောက်တွင် "အကြီးအကဲကျူး" လည်း ကပ်ပါလာ၏။
သူတို့နှစ်ဦးသည် ဂိုဏ်းချုပ်၏ ယုံကြည်စိတ်ချရဆုံး လူများ ဖြစ်ကြသဖြင့်၊ အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရလေ့ ရှိသည်။
ယခင်က ယူဟွာဂိုဏ်းကို ကူညီသင့် မသင့် ဆွေးနွေးစဉ်က...
နင်ချီ၏ ဝင်စားသူ (စေလွှတ်ထားသူ) ဖြစ်သော ရှရှင်း သည် နင်ချီ၏ အစီအစဉ်များကို မပျက်စီးစေလိုသဖြင့်၊ "ပွဲကြည့်ပရိသတ်" အဖြစ်သာ နေရန် အကြံပေးခဲ့သည်။
ဆန့်ကျင်ဘက် အနေဖြင့် အကြီးအကဲကျူး ကမူ ဝင်ရောက် စွက်ဖက်ရန် အကြံပေးခဲ့သည်။
ရှထျန်းဟယ် ချက်ချင်း မေးလိုက်၏။
“ရှရှင်း... အကြီးအကဲကျူး... နွားမိစ္ဆာဂိုဏ်းနဲ့ ယူဟွာဂိုဏ်း တိုက်ပွဲ အခြေအနေကို အသေးစိတ် ပြောပြကြစမ်း...”
ရှရှင်းနှင့် အကြီးအကဲကျူး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရှရှင်း က စတင် ပြောကြားလိုက်၏။
“ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်... ကျွန်တော် ယူဟွာဂိုဏ်း အနီးမှာ ရှိနေခဲ့ပါတယ်... အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ 'ဓာတ်ကြီးငါးပါး ဓားအရှင်' က... နှစ်သိန်းချီ သက်တမ်းရှိတဲ့ ယူဟွာဂိုဏ်းရဲ့ ကာကွယ်ရေး အခင်းအကျင်းကြီးကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တာကို မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်... တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလွန်းပါတယ်...”
“ဓာတ်ကြီးငါးပါး ဓားအရှင်... ဓားတစ်ချက်တည်းနဲ့ ဟုတ်လား...”
ခန်းမဆောင် အတွင်းရှိ မဟာစွမ်းအားရှင်များ အားလုံး အာမေဋိတ် သံများ ထွက်ပေါ်လာကြသည်။
"ဓာတ်ကြီးငါးပါး ဓားအရှင်" ဆိုသော ဘွဲ့အမည်ကို ပေ့ရွှမ်နယ်မြေရှိ ဂိုဏ်းများက နင်ချီအား ပေးအပ်ထားခြင်း ဖြစ်သော်လည်း၊ တောင်ပိုင်း နယ်မြေတွင် ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပေ။
ယခု ရှရှင်း ပြောပြလိုက်မှသာ နင်ချီ၏ စွမ်းအား မည်မျှ ကြီးမားကြောင်း လူတိုင်း ရိပ်စားမိသွားကြသည်။
ခန်းမဆောင်၏ လျှို့ဝှက်သော နေရာမှ တိတ်တဆိတ် နားထောင်နေကြသော "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီးများပင် အံ့အားသင့်သွားကြသည်။
ကောင်းကင်တာရာ ဂိုဏ်းတွင် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး (၃) ပါး ရှိသည်။ လွန်ခဲ့သော နှစ်များက ရှထျန်းဟယ် ကို ဂိုဏ်းချုပ် ရာထူး လွှဲပြောင်းပေးပြီးကတည်းက၊ သူတို့သည် လောကီကိစ္စများကို စိတ်မဝင်စားတော့ဘဲ တံခါးပိတ် ကျင့်ကြံနေခဲ့ကြသည်။
ယခု ရှထျန်းဟယ် က အရေးပေါ် နှိုးလိုက်မှသာ ပြင်ပလောက၏ အပြောင်းအလဲကြီးများကို သိရှိလိုက်ရခြင်း ဖြစ်ပါ၏။
နှစ်သိန်းပေါင်းများစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသော ထိပ်တန်း ဂိုဏ်းကြီး သုံးဂိုဏ်း အနက် တစ်ဂိုဏ်း ဖြစ်သည့် ယူဟွာဂိုဏ်းသည်... နွားမိစ္ဆာဂိုဏ်း လက်ချက်ဖြင့် ဤမျှ လျင်မြန်စွာ ပျက်စီးသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။
ထို့ပြင် ပေ့ရွှမ်နယ်မြေမှ ဂိုဏ်းတစ်ခု၏ အရိပ်အယောင်များလည်း ပါဝင်ပတ်သက်နေ၏။
"ဓာတ်ကြီးငါးပါး ဓားအရှင်" ၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် သူတို့ကို အလေးအနက်ထား စဉ်းစားစေခဲ့ပြီ။
ရှရှင်း ဆက်မပြောတော့ပေ။ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ပျက်စီးသွားပြီ ဆိုကတည်းက၊ ဆက်လက် ဖြစ်ပျက်မည့် ကိစ္စများကို ပြောပြနေစရာ မလိုတော့။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ယူဟွာဂိုဏ်း၌ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးများ ကျန်ရှိမနေတော့သောကြောင့် ဖြစ်ပါ၏။
လူတိုင်း၏ အကြည့်သည် အကြီးအကဲကျူး ထံသို့ ရောက်ရှိသွားသည်။
အခန်း (၆၆၅) - မဟာတာအို၏ ချို့ယွင်းချက်များ (အပိုင်း ၂)
~အမှန်တရား၏ သော့ချက်သည်... ယူဟွာ အဆင့်မြင့်ဂိုဏ်းမှ "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီးများ မည်သို့ ချေမှုန်းခံလိုက်ရသနည်း ဆိုသည့် အချက်ပေါ်တွင် တည်ရှိနေ၏။
အကြီးအကဲကျူး သည် လူတိုင်းကို အကဲခတ်ကြည့်လိုက်၏။ သူ၏ မျက်နှာသည် သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေကာ၊ အလွန် ကြည့်ရဆိုးနေ၏။
သူက ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော် 'ကြယ်တာရာ ကြည့်ရှုခြင်း နည်းစနစ်' ကို သုံးပြီး တိုက်ပွဲကို အဝေးကနေ လှမ်းကြည့်ခဲ့ပါတယ်...”
“ယူဟွာဂိုဏ်းက ဖူယောင်နယ်မြေက 'ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း' က အရှင် လေးပါးကို ဖိတ်ခေါ်ထားရုံသာ မကပါဘူး... နွားမိစ္ဆာဂိုဏ်းထဲမှာလည်း ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင်ကို သူလျှို အဖြစ် ထည့်ထားခဲ့ပါတယ်... ဒါကြောင့် စုစုပေါင်း ပေါင်းစည်းခြင်း နယ်ပယ် (၇) ယောက်က နွားမိစ္ဆာဂိုဏ်းနဲ့ ဓားဂိုဏ်းက (၄) ယောက်ကို တိုက်ခိုက်ခဲ့တာပါ...”
ထိုစကား ကြားမှသာ တက်ရောက်လာသူ အားလုံး အခြေအနေ အသေးစိတ်ကို နားလည်သွားကြ၏။ ယူဟွာဂိုဏ်းသည် ဤမျှ အင်အားတောင့်တင်းသော အဖွဲ့ကို ဖွဲ့စည်းထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
သို့သော်...။
ချက်ချင်းပင် တစ်ယောက်က မေးလိုက်၏။
“ပေါင်းစည်းခြင်း နယ်ပယ် (၇) ယောက်က (၄) ယောက်ကို တိုက်တာ... ဘယ်လိုလုပ် ရှုံးသွားရတာလဲ...”
ထိုအခါ၊ အကြီးအကဲကျူးက ဆက်ပြောပြလာသည်။
“သူတို့က အရင်ဆုံး နွားမိစ္ဆာဂိုဏ်းထဲက သူလျှိုကို သုံးပြီး နျူတင်းထျန် ကို လုပ်ကြံလိုက်တယ်... နျူတင်းထျန် တိုက်ပွဲမဝင်နိုင် ဖြစ်သွားတော့... တိတိကျကျ ပြောရရင် (၇) ယောက်နဲ့ (၃) ယောက် တိုက်ကြတာပါ...”
လူတိုင်း အံ့အားသင့်သွားကြပြီး၊ ဆက်လက် နားထောင်နေကြသည်။
“အဲဒီ (၃) ယောက်ထဲမှာ... ဟူရှောင်ထျန်း က ဘာမှ သိပ်မလုပ်လိုက်ရဘူး... ဓားဘိုးဘေးကြီး ကလည်း ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်းရဲ့ မှော်ပညာ တစ်ခုကို ဖျက်ဆီးဖို့ ဓားတစ်ချက်ပဲ ထုတ်သုံးလိုက်ရတယ်...”
“တကယ့် အလှည့်အပြောင်းကို ဖန်တီးလိုက်တဲ့သူက... ဟို... နင်... 'ဓာတ်ကြီးငါးပါး ဓားအရှင်' ပါပဲ...”
အကြီးအကဲကျူး သည် သူမြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည် မြင်ယောင်ရင်း စိတ်ထဲတွင် တုန်လှုပ်နေမိသည်။
ယခင်က အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် နင်ချီကို အထင်သေးခဲ့သော်လည်း၊ ယခုအချိန်တွင်မူ ထိုစိတ်ဓာတ်ကို မထားရှိရဲတော့ပေ။ နင်ချီကို "ဓာတ်ကြီးငါးပါး ဓားအရှင်" ဟူ၍ လေးလေးစားစား ခေါ်ဝေါ် သုံးစွဲလိုက်၏။
“ဓာတ်ကြီးငါးပါး ဓားအရှင် က... တိုက်ကွက် အနည်းငယ်လောက်နဲ့တင် (၇) ယောက်လုံးကို သတ်ဖြတ်လိုက်တာပါ... သူ့ရဲ့ စွမ်းအားက 'တသားတည်းဖြစ်ခြင်း နယ်ပယ်' နဲ့ ဆံခြည်တစ်မျှင်လောက်ပဲ ကွာတော့မယ် ထင်တယ်...”
“ဒေါင်...”
ကြီးမားသော ခေါင်းလောင်းကြီး တစ်ခုကို ထိုးခတ်လိုက်သကဲ့သို့၊ အကြီးအကဲကျူး၏ စကားသံသည် ခန်းမဆောင် အတွင်းရှိ လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားပြီး တုန်လှုပ်သွားစေသည်။
သူတို့ မယုံကြည်နိုင်ကြပေ။ ပေါင်းစည်းခြင်း နယ်ပယ် (၇) ယောက်ကို ရင်ဆိုင်ရာတွင်၊ အားအနည်းဆုံးဟု ထင်ရသော နင်ချီက တစ်ယောက်တည်းဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပြီး အကုန် သတ်ဖြတ်ပစ်လိုက်သည် ဟူသော အချက်ကို လက်ခံရန် ခက်ခဲနေကြလေ၏။
လူအများအပြား စိတ်သက်သာရာ ရသွားကြသည်။
‘တော်သေးတာပေါ့... ငါတို့ ကောင်းကင်တာရာ ဂိုဏ်းက ဒီတိုက်ပွဲမှာ ဝင်မပါခဲ့လို့။
တကယ်လို့သာ ပါခဲ့ရင်...တို့ဂိုဏ်းရဲ့ ဘိုးဘေးကြီးတွေ ပါဝင်ရင်တောင်မှ၊ "ဓာတ်ကြီးငါးပါး ဓားအရှင်" ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။’
ရှရှင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ အကြီးအကဲကျူး က ဒီလောက် အရေးကြီးသည့် အချက်အလက်ကို ထောက်လှမ်းမိပြီး၊ ဂိုဏ်းချုပ် (နင်ချီ)၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်လိုက်ခြင်းကို သူ မကျေမနပ် ဖြစ်မိသည်။
‘အရင်တုန်းက သတင်းသွားစုံစမ်းတုန်းက အကြီးအကဲကျူး နေရာမှာ ငါသာ သွားခဲ့ရင် ဘယ်လောက် ကောင်းမလဲ။
ဒါဆိုရင် ဂိုဏ်းချုပ်ရဲ့ အကြောင်းတွေကို ဖုံးဖိပေးထားလို့ ရနိုင်တယ်။ အခုတော့ ပြဿနာ တက်ပြီ။ ကောင်းကင်တာရာ ဂိုဏ်းက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့်ရတော့မယ်။’
အကြီးအကဲကျူး သည် ပြောပြပြီးသွားသောအခါ လူတိုင်း ထိတ်လန့် တုန်လှုပ်နေသည်ကို မြင်ရသဖြင့် သက်ပြင်းချလိုက်၏။
သူများတွေကို မြှောက်ပင့်ပေးပြီး ကိုယ့်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ချနေသလို ဖြစ်နေပေမယ့်... ဒီလောက် ကြီးမားသည့် ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားပြီး မပြောဘဲ နေ၍မှ မရသည်ကိုး။
တကယ်လို့ မပြောဘဲ ထားလိုက်လို့ ဂိုဏ်းချုပ်က မှားယွင်းသော ဆုံးဖြတ်ချက် ချမိလျှင်... ယူဟွာဂိုဏ်း၏ ကံကြမ္မာဆိုးက သူတို့ ကောင်းကင်တာရာ ဂိုဏ်းဆီ ကူးစက်လာနိုင်သည်လေ။
သူ အနည်းငယ် ဦးညွှတ်လိုက်ပြီး မေးလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ...”
ထိုမေးခွန်းက လူတိုင်းကို တွေဝေ ငေးမောနေရာမှ သတိပြန်ဝင်လာစေသည်။
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ မျက်မှောင်များ ကြုတ်ထားကြပြီး၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြသည်။
ဘယ်လိုပဲ ဆုံးဖြတ် ..ဆုံးဖြတ်... ကောင်းကင်တာရာ ဂိုဏ်းက အန္တရာယ် ကြီးသော အခြေအနေနှင့် ရင်ဆိုင်နေရလေပြီ။
ဂိုဏ်းချုပ် ရှထျန်းဟယ် ခဏမျှ တွေသွား၏။
ဂိုဏ်းတွင်းမှ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး (၃) ပါးကို အသံလွှင့် ဆက်သွယ်ပြီး တိုင်ပင်လိုက်၏။
နောက်ဆုံးတွင် အံကိုကြိတ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။
အခု ယူဟွာဂိုဏ်းလည်း ပျက်စီးသွားပြီ ဆိုတော့... သူတို့ ကောင်းကင်တာရာ ဂိုဏ်းလည်း သိပ်ကြာကြာ ခံနိုင်မှာ မဟုတ်။ အန္တရာယ် မရောက်လာခင် "ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း"ကို ဒီရှုပ်ထွေးမှုထဲ ဆွဲထည့်လိုက်တာ အကောင်းဆုံးပင်။
ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်းက အရှင် (၄) ပါး ဆုံးရှုံးလိုက်ရသည်ကို ဘာမှ မဖြစ်သလို နေနေမှာ မဟုတ်ပေ။
ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် ရှထျန်းဟယ် သည် ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း ဘာတွေးနေမလဲ ဆိုတာ ခန့်မှန်းနိုင်သည်။
'စစ်ခုန်ချင်းက သူ လွှတ်လိုက်သည့် လူတွေကို ဖူယောင်နယ်မြေထဲက အခြား ဂိုဏ်း တစ်ခုခုက လုပ်ကြံလိုက်သည်ဟု ထင်နေမှာ သေချာ၏။
သူ့အမြင်မှာတော့... တောင်ပိုင်း နယ်မြေက လူတွေက သူ့လူတွေကို သတ်နိုင်စွမ်း ရှိသည်ဟု လုံးဝ ထင်မှာ မဟုတ်ချေ။
ဒီ "လှပသော နားလည်မှုလွဲမှားခြင်း"လေးကို... ရှထျန်းဟယ် ကိုယ်တိုင် ဖြိုခွင်းပစ်ဖို့ ဆုံးဖြတ်လိုက်၏။
သူ့လူတွေကို သတ်တာ "ဓာတ်ကြီးငါးပါး ဓားအရှင်" နင်ချီ ပါ ဆိုတာကို ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း သိအောင် လုပ်ပေးရမည်။
ထိုသို့ တွက်ချက်ပြီးနောက်၊ ရှထျန်းဟယ် သည် အလျင်အမြန် စီစဉ်လိုက်၏။
သူကိုယ်တိုင် "ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း" သို့ သွားရောက်မည်။
ကျန်ရှိနေသော ဂိုဏ်းသားများကို "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" ဖွင့်ပြီး၊ ဂိုဏ်းတံခါး ပိတ်ထားရန် အမိန့်ပေးလိုက်၏။
သူ ထွက်ခွာသွားပြီးနောက်... သူ့သားနှင့် သူ့တူတော်မောင် ရှရှင်း တို့က နင်ချီထံသို့ ချက်ချင်း သတင်းပို့လိုက်ကြသည်။
နင်ချီသည် "တောင်နှင့် ပင်လယ် ကမ္ဘာ" သို့ ဝင်စားလာသော သူများနှင့် ဆက်သွယ်မှု ကွန်ရက် တစ်ခု တည်ဆောက်ထားပြီး၊ ဂိုဏ်းအသီးသီးမှ လူတစ်ယောက်စီကို ရွေးချယ်ပြီး ဆက်သွယ်ထားခြင်း ဖြစ်ပါ၏။
အရေးကြီးသော သတင်းအချက်အလက် ရှိပါက ချက်ချင်း သတင်းပို့ရန် မှာကြားထားသည်။
ထို့ကြောင့် ရှရှင်း သည် ကောင်းကင်တာရာ ဂိုဏ်း၏ ထွန်းသစ်စ မဟာစွမ်းအားရှင် ဖြစ်လင့်ကစား၊ ဂိုဏ်းချုပ်၏ တူတော်မောင် ဖြစ်လင့်ကစား... မတွန့်ဆုတ်ဘဲ သတင်းပို့လိုက်၏။
ဂိုဏ်းချုပ် ရှထျန်းဟယ် သည် ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်းသို့ သွားရောက်ကြောင်း "နယ်မြေအရှင်သခင်" နင်ချီကို အသိပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ်... ဒီနေရာကို ဝင်စားလာကြတာက "အစစ်အမှန်သိုင်း ကမ္ဘာ" က လူတွေအတွက် အိပ်မက်တစ်ခု မက်နေသလိုပါပင်။
ဒီမှာ သေသွားလျှင်တောင်မှ... အစစ်အမှန်သိုင်း ကမ္ဘာက မူလခန္ဓာကိုယ်ကို ထိခိုက်မှာ မဟုတ်ချေ
အစစ်အမှန်သိုင်း ကမ္ဘာကြီးကို တောင်နှင့် ပင်လယ် ကမ္ဘာက ဝါးမျိုသွားမည့် အဖြစ်ဆိုးကို တားဆီးဖို့ အတွက် ဆိုရင်... ကောင်းကင်တာရာ ဂိုဏ်းကို သစ္စာဖောက်ရမည် ဆိုလျှင်တောင် ရှရှင်း တွန့်ဆုတ်နေမှာ မဟုတ်ပေ။
သို့သော် လောလောဆယ် သူ လုပ်နိုင်တာ ဒါပဲ ရှိပါ၏။ ကျန်တာကိုတော့ နယ်မြေအရှင်သခင် ဖြေရှင်းပါလိမ့်မည်။
...
ရှရှင်း၏ သတင်းစကားကို ရရှိပြီးနောက်... နင်ချီ ခဏမျှ စဉ်းစားလိုက်၏။ သိပ်ပြီး စိတ်မလှုပ်ရှားမိ။
ယခုအခါ သူ့၏ "နယ်မြေအရှင်သခင် မူလခန္ဓာကိုယ်" သည် "တသားတည်းဖြစ်ခြင်း နယ်ပယ်" တွင် ပြိုင်ဘက်ကင်း ဖြစ်နေပြီ။ စစ်ခုန်ချင်း က "တသားတည်းဖြစ်ခြင်း နယ်ပယ် အစောပိုင်းအဆင့်" သာ ရှိသေးသဖြင့် လုံးဝ ကြောက်စရာ မလိုပေ။
နင်ချီ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ... ရှထျန်းဟယ် ကို ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်းသို့ သွားစေပြီး၊ စစ်ခုန်ချင်း ကို ဆွဲထုတ်လာစေရန် ဖြစ်ပါ၏။ သူတို့ဂိုဏ်း နယ်မြေထဲမှ ဆွဲထုတ်ပြီး လိုက်လာအောင် မျှားခေါ်ရမည်။
ထိုအခါကျမှ နင်ချီက "ကျန်းရွှမ် ဝိညာဉ်" အသွင် ပြောင်းလဲပြီး၊ စစ်ခုန်ချင်း ကို သတ်ဖြတ်ကာ အနာဂတ် ရန်စွယ်များကို ရှင်းလင်းပစ်မည်။
ဘာပဲဖြစ်ဖြစ်... "ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း" ဆိုသည့် နာမည်က "ပေ့ရွှမ် အဆင့်မြင့်ဂိုဏ်း" နှင့် 'ရွှမ်' စာလုံးချင်း တူနေသည် မဟုတ်ပါလော။
.
အခန်း (၆၆၆) - မဟာတာအို၏ ချို့ယွင်းချက်များ (အပိုင်း ၃)
~ဖူယောင် နယ်မြေ ..
ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း..
"အင်မော်တယ် ဂိုဏ်း" အဖြစ် တိုးမြှင့်ခံရသည်မှာ အနှစ် (၂၀) မျှသာ ရှိသေးသဖြင့်၊ ဤဂိုဏ်းသည် တက်ကြွ လန်းဆန်းသော စွမ်းအင်များနှင့် ပြည့်နှက်နေ၏။
ဤ (၂၀) နှစ်တာ ကာလအတွင်း ပါရမီရှင်များစွာ ဂိုဏ်းသို့ ဝင်ရောက်လာကြသဖြင့်၊ "ပြာလဲ့ နက်ရှိုင်းသော အင်မော်တယ် ဂိုဏ်း" ၏ အင်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဤအရာအားလုံးသည် ဘိုးဘေးကြီး "စစ်ခုန်ချင်း" ၏ "တသားတည်းဖြစ်ခြင်း နယ်ပယ်" သို့ အဆင့်တက်နိုင်ခဲ့မှုကြောင့်ပင်။
စစ်ခုန်ချင်း အတွက် တစ်ခုတည်းသော နောင်တရစရာမှာ... "ဖူယောင် နယ်မြေ" သည် ကျယ်ဝန်းလှသော်လည်း၊ နေရာအများစုကို အခြား သက်တမ်းရင့် အင်မော်တယ် ဂိုဏ်းကြီး တစ်ခုက သိမ်းပိုက်ထားခြင်း ဖြစ်ပါ၏။
သူသည် ယခုမှ "တသားတည်းဖြစ်ခြင်း နယ်ပယ် အစောပိုင်းအဆင့်" သာ ရှိသေးရာ၊ ထိုဂိုဏ်းကြီးကို မည်သို့ ယှဉ်ပြိုင်ရဲပါမည်နည်း။
ထို့ကြောင့် အိမ်နီးချင်း "တောင်ပိုင်း အစစ်အမှန်နယ်မြေ" မှ ယူဟွာဂိုဏ်းက မဟာမိတ် ဖွဲ့ရန် ကမ်းလှမ်းလာသောအခါ၊ စစ်ခုန်ချင်း၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာခဲ့သည်။
ဖူယောင်နယ်မြေထဲတွင် နယ်ချဲ့ရန် အခွင့်အလမ်း မရှိလျှင်... ဘေးကပ်လျက် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေများသို့ ဘာကြောင့် လက်မဆန့်တန်းနိုင်ရမည်နည်း။
တခြားလူတွေက ဒီနယ်မြေနှစ်ခုကို အထင်သေးချင် သေးကြပါစေ... သူကတော့ လုံးဝ အထင်မသေးပါ။
ရလဒ် အနေဖြင့်... စစ်ခုန်ချင်း သည် သူ၏ ဂိုဏ်းနယ်မြေ ချဲ့ထွင်ရေး လမ်းကြောင်းတွင် အနှောင့်အယှက်များကို ရှင်းလင်းရန်အတွက်၊ ဂိုဏ်းတွင်းရှိ "ပေါင်းစည်းခြင်း နယ်ပယ်" အင်အား ထက်ဝက်ခန့်ကို ချက်ချင်း စေလွှတ်လိုက်၏။
သို့သော် မကြာမီမှာပင်... စေလွှတ်လိုက်သော အရှင် (၄) ပါးလုံး တပြိုင်နက်တည်း သေဆုံးသွားကြောင်း သတင်းဆိုး ရောက်ရှိလာခဲ့သည်။
စစ်ခုန်ချင်း၏ မျက်နှာထားသည် အလွန် အရုပ်ဆိုး အကျည်းတန်သွားသည်။ ဖူယောင်နယ်မြေထဲက တစ်စုံတစ်ယောက်ကများ သူ့ဂိုဏ်းကို ပစ်မှတ်ထားနေတာလား။
မဟုတ်လျှင်... အပြင်လွှတ်လိုက်တာနဲ့ ချက်ချင်း၊ တပြိုင်နက်တည်း အားလုံး သေသွားစရာ အကြောင်းမရှိ။
ရက်ပေါင်းများစွာ ဆက်တိုက် စစ်ခုန်ချင်း ထိုင်မရ ထမရ ဖြစ်နေ၏။
ဖူယောင်နယ်မြေထဲက ဟိုပုဂ္ဂိုလ်ကြီးကလွဲရင်... ဘယ်သူကများ သူ့ကို ပစ်မှတ်ထားရဲမှာလဲ။
တကယ်လို့များ အဲဒီပုဂ္ဂိုလ်ကြီးက ပစ်မှတ်ထားနေတာ ဆိုရင်တော့... သူ သွားပြီ မဟုတ်လား။
ထိုအချိန်တွင် တောင်ပိုင်းနယ်မြေမှ အခြားဂိုဏ်းတစ်ခု ရောက်လာကြောင်း ဂိုဏ်းတံခါးဝမှ သတင်းပို့လာ၏။ စစ်ခုန်ချင်း ကိုယ်တိုင် ထွက်တွေ့လိုက်သည်။
စစ်ခုန်ချင်းကို မြင်လိုက်ရသောအခါ ရှထျန်းဟယ် သည် အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။
တောင်ပိုင်းနယ်မြေတွင် "တသားတည်းဖြစ်ခြင်း နယ်ပယ်" မရှိသဖြင့်၊ စစ်ခုန်ချင်း၏ အရှိန်အဝါနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရသောအခါ သူ အလွန် ကြောက်ရွံ့နေမိ၏။
“ပြောစမ်း... ဘာကိစ္စ လာတာလဲ...” စစ်ခုန်ချင်း၏ အသံသည် ကောင်းကင်ဘုံမှ အမိန့်တော် ပြန်သကဲ့သို့ ထည်ဝါ လေးနက်လှသည်။
ရှထျန်းဟယ် သည် နင်ချီက ပေါင်းစည်းခြင်း နယ်ပယ် (၇) ယောက်ကို သတ်ဖြတ်လိုက်သည့် အဖြစ်အပျက်ကို သတိထားပြီး ပြန်လည် ပြောပြလိုက်၏။
စစ်ခုန်ချင်း နားထောင်ရင်း မျက်မှောင် အနည်းငယ် ကြုတ်သွားရသည်။
“မင်း ပြောတာ သေချာရဲ့လား...”
ရှထျန်းဟယ် က တုန်တုန်ရီရီဖြင့် "မုသား မဆိုဝံ့ပါကြောင်း" ပြန်ဖြေလာ၏။
“ရှူး...”
စစ်ခုန်ချင်း လေတစ်ချက် စုပ်လိုက်၏။
“မင်းတို့ တောင်ပိုင်းနဲ့ မြောက်ပိုင်း နယ်မြေမှာ ဒီလို ပါရမီရှင်မျိုး ရှိနေတယ် ဟုတ်လား...”
ထိုအခါ၊ရှထျန်းဟယ် ခါးသက်သက် ပြုံးလိုက်မိ၏။
“ဘိုးဘေးကြီး စစ်ခုန်... ဒီမတိုင်ခင်တုန်းကတော့ နင်ချီ ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ကျွန်တော်လည်း မယုံခဲ့ပါဘူး... နှစ်တစ်ရာ မပြည့်သေးဘဲ ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်နေတာက အရင်တုန်းကတော့ မဖြစ်နိုင်တဲ့ ကိစ္စပါ...”
စစ်ခုန်ချင်း၏ မျက်မှောင်များ ပိုမို တွန့်ချိုးသွားသည်။
“သူ့နောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခုခု မရှိဘူးလား...”
ရှထျန်းဟယ် ခဏ ကြောင်သွားပြီးမှ သဘောပေါက်လိုက်၏။
စစ်ခုန်ချင်း အနေဖြင့် နင်ချီ၏ တိုးတက်မှုနှုန်းသည် လွန်ကဲနေသည်ဟု ထင်မြင်နေပုံ ရ၏။ သူတို့အတွက် နှစ်တစ်ရာ ဆိုသည်မှာ မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားသော အချိန်ကာလမျှသာ။ ဒီအချိန်တိုလေး အတွင်း ပေါင်းစည်းခြင်း နယ်ပယ် ရောက်သွားသည် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။
ရှထျန်းဟယ် က ဖြေလိုက်သည်။
“ကျွန်တော် သိသလောက်တော့ နင်ချီ့နောက်မှာ ဘယ်သူမှ မရှိပါဘူး... သူက ငယ်ငယ်လေး ကတည်းက အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ 'အင်မော်တယ် မျိုးစိတ်' လို့ သတ်မှတ်ခံခဲ့ရတာပါ... အင်မော်တယ် မျိုးစိတ် ဖြစ်နေမှတော့ အင်မော်တယ် ဖြစ်လာမယ့် အလားအလာ ရှိနေလို့ အခုလို လျင်မြန်နေတာ ဖြစ်မှာပါ...”
ထိုစကား ကြားမှသာ စစ်ခုန်ချင်း စိုးရိမ်စိတ် လျော့သွားသည်။
သူသည် သူ၏ သီးသန့် "လျှို့ဝှက်နည်းစနစ်" ကို အသုံးပြုပြီး ရှထျန်းဟယ်၏ စကား မှန်မမှန် စစ်ဆေးလိုက်၏။ ရှထျန်းဟယ် ပြောသမျှ အမှန်တရား ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။
ယခုအခါ စစ်ခုန်ချင်း စိတ်ပေါ့ပါးသွားသည်။
အရင်က စိုးရိမ်ခဲ့သလို "ပြာလဲ့ နက်ရှိုင်းသော ဂိုဏ်း" ကို ပစ်မှတ်ထားနေသူ မရှိ။ သူ့ဘာသာသူ ခြောက်ခြားနေခဲ့ခြင်ကိုး။
သိုဆိုလျှင်တော့... သူ့ဂိုဏ်းသား (၄) ယောက်ရဲ့ သွေးကြွေးကို ပြန်ဆပ်ရတော့မည်။
တချိန်တည်းမှာပင် စစ်ခုန်ချင်း တွေးမိသည်မှာ... နင်ချီ့ထံတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေရမည်။ မဟုတ်လျှင် ပါရမီ ဘယ်လောက်ကောင်းကောင်း၊ ဒီလောက် အမြန်နှုန်းမျိုး မဖြစ်နိုင်။
ထို့ကြောင့် စစ်ခုန်ချင်း သည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ချက်ချင်း သွားရောက်ပြီး နင်ချီကို ဖမ်းဆီးရန် ဆုံးဖြတ်လိုက်၏။
သူ ရှထျန်းဟယ် ကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။
“မင်း တော်တယ်... နောက်ပိုင်း ငါ 'နက်ရှိုင်းသော သစ္စာတရား နယ်မြေ' တစ်ခုလုံးကို အုပ်စိုးတဲ့ အခါကျရင်... မင်းရဲ့ ကုသိုလ်ကို မေ့ထားမှာ မဟုတ်ဘူး...”
ရှထျန်းဟယ် စိတ်သက်သာရာ ရသွားပြီး ချက်ချင်း ဦးညွှတ်လိုက်၏။
“ကျေးဇူးတင်ပါတယ်... ဘိုးဘေးကြီး စစ်ခုန်...”
စစ်ခုန်ချင်း ခေါင်းညိတ်လိုက်၏။
“မင်း အရင်ပြန်နှင့်တော့... ငါ့အမြန်နှုန်းကို မင်း မီမှာ မဟုတ်ဘူး... နောက်မှ တွေ့ကြတာပေါ့...”
စကားမဆုံးခင်မှာပင်... သူ့ပုံရိပ်သည် ခန်းမဆောင်ထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ရှထျန်းဟယ် တစ်ယောက် စစ်ခုန်ချင်း ဘယ်နည်းလမ်းသုံးပြီး ထွက်သွားသလဲ ဆိုတာတောင် မသိလိုက်။ စိတ်ထဲတွင် "တသားတည်းဖြစ်ခြင်း နယ်ပယ်" ဆိုတာ တကယ့်ကို ကြောက်စရာ ကောင်းပါလားဟု တိတ်တဆိတ် ညည်းတွားမိနေသည်။
"တသားတည်းဖြစ်ခြင်း နယ်ပယ်" ဆိုသည်မှာ... "ဟင်းလင်းပြင် လမ်းစဉ်" နှင့် "ပေါင်းစည်းခြင်း နယ်ပယ်" တို့၏ အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါ၏။
ဟင်းလင်းပြင် လမ်းစဉ် ကျင့်ကြံသူများသည် "ဝိညာဉ်ကမ္ဘာ" မှ စည်းမျဉ်းများကို မူလဝိညာဉ်ဖြင့် ဆွဲယူ အသုံးပြုကြသည်။
ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများသည် စည်းမျဉ်းများကို မိမိခန္ဓာကိုယ်ထဲသို့ ပေါင်းစည်း ထည့်သွင်းပြီး၊ နတ်ဘုရား နည်းစနစ်များကို မွေးဖွားစေ၏။
တသားတည်းဖြစ်ခြင်း နယ်ပယ် ကျတော့ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။
"တသားတည်းဖြစ်ခြင်း နယ်ပယ်" ကျင့်ကြံသူများသည် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ကမ္ဘာမြေကြီး၊ ဝိညာဉ်ကမ္ဘာတို့နှင့် ပေါင်းစည်းလိုက်ပြီး၊ မိမိကိုယ်တိုင် "စည်းမျဉ်း သက်ရှိ" အဖြစ် ပြောင်းလဲလိုက်ကြ၏။
ထိုအဆင့် ရောက်သွားလျှင်... စည်းမျဉ်းများ တည်ရှိနေသရွေ့ သူတို့ မသေဆုံးနိုင်တော့ပေ။ သက်တမ်းသည် နှစ်ပေါင်း တစ်သန်း (ခေတ်တစ်ခေတ်) အထိ ရှည်ကြာသည်။
"တသားတည်းဖြစ်ခြင်း နယ်ပယ်" သို့ ရောက်ရှိသွားပါက သတ်ဖြတ်ရန် အလွန် ခက်ခဲသွားပြီ ဖြစ်ပါ၏။ ထို့ကြောင့် "တောင်နှင့် ပင်လယ် ကမ္ဘာ" တွင် ဤအဆင့်သည် သက်ရှိများ၏ အထွတ်အထိပ်ပင်။
စစ်ခုန်ချင်း ၏ အဓိက ကျင့်ကြံခြင်းမှာ "လေ စည်းမျဉ်း" ဖြစ်၏။
လေနှင့် အတူ ရွေ့လျားပြီး၊ သူ့ပုံရိပ်ကို မည်သူမျှ မမြင်နိုင်။ ဖူယောင်နယ်မြေမှ တိုက်ခတ်လာသော ထူးဆန်းသည့် လေတစ်ချက်ကဲ့သို့ ဟင်းလင်းပြင်ကို ချက်ချင်း ဖြတ်သန်းသွားသည်။
ရှထျန်းဟယ် ဂိုဏ်းထဲမှာ ကျန်ရစ်နေတုန်းမှာပင်၊ စစ်ခုန်ချင်း သည် ဂိုဏ်းနှင့် မိုင်ရာပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိနေလေပြီ။
သူသည် အဆင့်တက်ခါစ ဖြစ်သော်လည်း၊ "တသားတည်းဖြစ်ခြင်း စွမ်းအား" ၏ ကနဦး အစွမ်းသည်ပင် အောက်အဆင့် ကျင့်ကြံသူများ နားလည်နိုင်သော အရာ မဟုတ်ပေ။
သူတို့သည် ရုပ်ခန္ဓာနှင့် မူလဝိညာဉ်၏ ချည်နှောင်မှုမှ လွတ်မြောက်သွားသကဲ့သို့၊ ဝိညာဉ်ကမ္ဘာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သွားသကဲ့သို့ ခံစားရပြီး၊ ဝိညာဉ်ကမ္ဘာ၏ စည်းမျဉ်းများကို လွယ်ကူစွာ အသုံးပြုနိုင်ကြသည်။
ဟင်းလင်းပြင် လမ်းစဉ် သည် ဝိညာဉ်ကမ္ဘာမှ စည်းမျဉ်းကို အတင်းအဓမ္မ ငှားရမ်း သုံးစွဲခြင်း ဖြစ်ပါ၏။
ပေါင်းစည်းခြင်း နယ်ပယ် သည် ဝိညာဉ်ကမ္ဘာမှ စည်းမျဉ်းကို အတင်းအဓမ္မ လုယူ သိမ်းပိုက်ခြင်း ဖြစ်ပါ၏။
ဝသားတည်းဖြစ်ခြင်း နယ်ပယ် ကျတော့ မတူတော့ပေ။ ဝိညာဉ်ကမ္ဘာ၏ စည်းမျဉ်းများသည် သူတို့၏ အစိတ်အပိုင်း ဖြစ်လာသည် (သို့မဟုတ်) သူတို့ကိုယ်တိုင်က ဝိညာဉ်ကမ္ဘာ၏ အစိတ်အပိုင်း ဖြစ်လာ၏။ သူတို့ ကျင့်ကြံထားသော စည်းမျဉ်းများကို ပိုင်ရှင်သဖွယ် အသုံးပြုခွင့် ရရှိကြသည်။
အဆင့်တက်ပြီးကတည်းက စစ်ခုန်ချင်း တစ်ခါမှ လက်စွမ်း မပြရသေး။ ဤခရီးစဉ်သည် သူ၏ စွမ်းအားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသရမည့် ပွဲပင်။
"ပေါင်းစည်းခြင်း နယ်ပယ်" ပါရမီရှင် တစ်ယောက်ကို ရှင်းလင်းရတာ... သူ့အတွက်တော့ သိပ်ခက်ခဲမည့် ကိစ္စ မဟုတ်ပေ။
နင်ချီ ဆိုတဲ့ ပါရမီရှင် ကောင်လေးကို အရှင်လတ်လတ် ဖမ်းမယ်။
စစ်ခုန်ချင်း စိတ်ထဲမှာ တေးမှတ်ထားလိုက်၏။