အခန်း (၆၇၀-၆၇၂)
Vol. 45 Ch. 670-672
အခန်း (၆၇၀) - ကြယ်တာရာ ပေါင်းစည်းခြင်း အလင်းတန်း နည်းစနစ် (အပိုင်း ၃)
~ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း၏ အနာဂတ် ကံကြမ္မာနှင့် ပတ်သက်၍ လူအများ အသည်းအသန် ဆွေးနွေးတိုင်ပင်နေကြသော်လည်း၊ မည်မျှပင် စဉ်းစားစေကာမူ ဆိုက်ရောက်လာတော့မည့် ဘေးကပ်ဆိုးကြီးကို ခုခံကာကွယ်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခုမျှ ရှာမတွေ့ခဲ့ကြပေ။
သူတို့၏ အင်အားသည် ယခု ပျက်စီးသွားခဲ့ပြီ ဖြစ်သော ယူဟွာ အဆင့်မြင့်ဂိုဏ်းနှင့် ယှဉ်လျှင် မတိမ်းမယိမ်းသာ ရှိသည်။
ယူဟွာ အဆင့်မြင့်ဂိုဏ်းပင်လျှင် အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည် ဆိုပါက... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်းနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းတို့၏ ပူးပေါင်းတပ်ဖွဲ့ကြီးကို သူတို့ မည်သို့ ခုခံနိုင်မည်နည်း။
"ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး သုံးပါး၏ ပူးပေါင်းအင်အားကို အားကိုးရမည်လား... သို့မဟုတ် "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း"ကို အားကိုးရမည်လား။
ထိုမေးခွန်းအတွက် အဖြေကို ယူဟွာ အဆင့်မြင့်ဂိုဏ်းက သက်သေပြသွားခဲ့ပြီး ဖြစ်ပါ၏။
ပေါင်းစည်းခြင်း နယ်ပယ် သုံးယောက် မဆိုထားနှင့်၊ ခုနစ်ယောက် ပေါင်းတာတောင်မှ နင်ချီ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရ၏။ သူတို့၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း ဆိုသည်မှာလည်း နင်ချီ၏ ဓားတစ်ချက်တည်းနှင့်ပင် ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလား။
သူတို့အတွက် တစ်ခုတည်းသော စိတ်သက်သာစရာ အချက်မှာ... ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင် အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် ပေ့ရွှမ်နယ်မြေ သို့ ပြန်သွားခဲ့သည် ဆိုသော အချက်ပင် ဖြစ်ပါ၏။
တောင်ပိုင်း အစစ်အမှန်နယ်မြေ တွင် ကျန်ရစ်ခဲ့သော နွားမိစ္ဆာဂိုဏ်း တစ်ဂိုဏ်းတည်း ဆိုလျှင်တော့... သူတို့နှင့် အင်အားချင်း တူညီနေသဖြင့် လောလောဆယ်တွင် သူတို့ကို ဒုက္ခမပေးနိုင်သေးပေ။
ထို့ကြောင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ "ဓာတ်ကြီးငါးပါး ဓားအရှင်" နင်ချီ လူစုပြီး ပြန်လာမည် ဆိုလျှင်တောင် အနည်းဆုံး နှစ်ရက်ခန့်တော့ ကြာမြင့်ပေလိမ့်မည်။
ဆိုလိုသည်မှာ... သူတို့ ပြင်ဆင်ချိန် နှစ်ရက်ကျော်ကျော် ရရှိနေသေးသည်။
“ကြယ်တာရာ အရှင်... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ...”
ခန်းမဆောင်ကြီး အတွင်းရှိ မဟာစွမ်းအားရှင် တစ်ဦးက ထိပ်ဆုံးတွင် ထိုင်နေသော ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး သုံးပါးအနက် အားအကောင်းဆုံး ဖြစ်သည့် "ပေါင်းစည်းခြင်း နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်" ရှိသူ "ကြယ်တာရာ အရှင် ထန်မန်ခုန်း" ကို မေးမြန်းလိုက်၏။
ထန်မန်ခုန်း သည် သူ၏ ဘယ်ညာတွင် ရှိနေသော ညီနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်၏။ တစ်ယောက်မှာ "ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်းအဆင့်" ရှိသူ "ထန်ယင်းဟော်" ဖြစ်ပြီး၊ အခြားတစ်ယောက်မှာ "ပေါင်းစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်" ရှိသူ "ထန်နျူလန်" ဖြစ်ပါ၏။
သူတို့ သုံးဦးသည် ညီအစ်ကိုအရင်းများ ဖြစ်ကြပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ငါးသောင်းခန့်က ကျဆုံးသွားသော ဖခင်ကြီးထံမှ ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်းကို ဆက်ခံခဲ့ကြသူများပင်။
ညီနှစ်ယောက်စလုံးက သူ့ကို စိုက်ကြည့်နေကြပြီး၊ အစ်ကိုကြီး ထန်မန်ခုန်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပုံ ရသည်။
ထန်မန်ခုန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
သူတို့ သုံးဦးသည် နှစ်ပေါင်း တစ်သောင်းခန့် တံခါးပိတ် ကျင့်ကြံခဲ့သော်လည်း၊ မည်သည့် အဆင့်တက်ခြင်း လက္ခဏာမျှ မပြခဲ့ပေ။ ယခု အပြင်ထွက်လာချိန်တွင် ဂိုဏ်းကြီး ပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် သူ့ခေါင်းများ အလွန် ကိုက်ခဲနေရ၏။
“အစ်ကိုကြီး... ဟို နင်ချီ ဆိုတဲ့ကောင်က ငါတို့ ပေါင်းစည်းခြင်း နယ်ပယ်တွေကို အရှင်ထားမှာ မဟုတ်ဘူး... ငါတို့မှာ တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး.....”
စိတ်ဆတ်သော ထန်ယင်းဟော် က မျက်လုံးများ အရောင်တောက်ကာ ဒေါသတကြီး ပြောလိုက်၏။
ထိုစကား ကြားသောအခါ ထန်မန်ခုန်း နှင့် ထန်နျူလန် တို့၏ မျက်နှာထားများ မည်းမှောင်သွားကြသည်။
ထန်နျူလန် က ခါးသက်သက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“နိုင်နိုင်ချေ ရှိမှ တိုက်ပွဲဝင်တာ အဓိပ္ပာယ် ရှိမှာပေါ့... ငါ့ အမြင်ကတော့... ကျန်နေသေးတဲ့ နှစ်ရက်အတွင်း ဂိုဏ်းက အရင်းအမြစ် အားလုံးကို စုစည်းပြီး တခြား ဝိညာဉ်နယ်မြေ တစ်ခုခုကို ထွက်ပြေးတာ ပိုကောင်းမယ်... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေမှာ ဆက်နေလို့ မဖြစ်တော့ဘူး...”
ညီအစ်ကို သုံးယောက်သည် "အသံလှိုင်း ပေးပို့ခြင်း" ဖြင့် တိတ်တဆိတ် တိုင်ပင်နေကြခြင်း ဖြစ်ရာ၊ အောက်ဘက်ရှိ လူများ သူတို့ စကားဝိုင်းကို ကြားနိုင်ခြင်း မရှိပေ။
ယခုချိန်မှာ ဘာပဲပြောပြော အခြေအနေကို ပြောင်းလဲနိုင်မှာ မဟုတ်တော့။ သေသေချာချာ အရင် ဆွေးနွေးတာ ပိုကောင်းသည်။
“ညီလေးသုံး... ဒီလောက် ဂိုဏ်းကြီး တစ်ခုလုံးကို ဘယ်လိုလုပ် သယ်ပြီး ပြေးမလဲ... တပည့်တွေ အကုန်လုံးကို ခေါ်ပြီး တောင်ပိုင်း နယ်မြေကနေ ထွက်ပြေးကြမယ် ပေါ့လေ... ဒါ လုံးဝ ဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး...”
ထန်ယင်းဟော်က ပြန်ပြောသည်။
ထန်မန်ခုန်း ကလည်း၊
“ဟုတ်တယ် ညီလေးသုံး... အဲဒါ မဖြစ်နိုင်ဘူး... မမေ့နဲ့ဦး... ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးက စတော့မှာ... ငါတို့ လူအများကြီးနဲ့ သွားရင် ဘယ် ဝိညာဉ်နယ်မြေက ဂိုဏ်းကမှ လက်ခံမှာ မဟုတ်ဘူး...”
ထိုအခါ၊ ထန်နျူလန်၏ မျက်နှာထား ပို၍ ပျက်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်၏။
“အစ်ကိုကြီးနှစ်... ပြောတော့ နင်ချီက ငါတို့ကို အရှင်ထားမှာ မဟုတ်ဘူး ဆို... ဒါဆိုရင် ငါတို့ သုံးယောက်ပဲ လွတ်အောင် ပြေးကြမယ်လေ... တပည့်တွေကိုတော့ သူတို့ ကံကြမ္မာ အတိုင်းပဲ ထားခဲ့လိုက်ကြတာပေါ့... ဒါဆိုရင် နှစ်ဖက်လုံး အဆင်ပြေသွားတာပဲ မဟုတ်လား...”
ထန်ယင်းဟော်က သူ့ကို စိမ်းစိမ်းကြီး ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်၊
“ညီလေးသုံး... မင်း ဘာစကား ပြောတာလဲ... အဖေ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ငါတို့ သုံးယောက်က ဒီအတိုင်း စွန့်ပစ်လိုက်ကြတော့မလား...”
ထန်နျူလန် က ပြန်ပြောသည်။
“အစ်ကိုကြီး... အစ်ကိုကြီးနှစ်... ဒါက အခုချိန်မှာ တစ်ခုတည်းသော ထွက်ပေါက်ပဲ... ဂိုဏ်းကို စွန့်လွှတ်လိုက်မှ ငါတို့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်း ရှိလာမှာ... တကယ်လို့ နင်ချီနဲ့ ခေါင်းချင်းဆိုင် တိုက်မယ် ဆိုရင်တော့... ငါတို့ အကုန် သေကုန်လိမ့်မယ်...”
ထန်မန်ခုန်း သက်ပြင်းချလိုက်၏။
“ငါ နည်းနည်းလောက် ထပ်စဉ်းစားပါရစေဦး...”
သို့သော် သူတို့ ပြတ်သားသော ဆုံးဖြတ်ချက် မချနိုင်ခင်မှာပင်၊ ထောက်လှမ်းရေး တာဝန်ခံ မဟာစွမ်းအားရှင်က ရုတ်တရက် ထအော်လိုက်၏။
“ဘိုးဘေးကြီး သုံးပါး... အခြေအနေ ဆိုးပါပြီ... နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း လှုပ်ရှားနေပါပြီ... ငါတို့ ကောင်းကင်တာရာ ဂိုဏ်းဆီကို ပျံသန်းလာနေကြပါပြီ.....”
အားလုံး ထိတ်လန့်သွားကြပြီး အာမေဋိတ် သံများ ထွက်ပေါ်လာ၏။
“ဘာ...”
ထန်ယင်းဟော်က ငေါက်ငမ်းလိုက်၏။
“အဲဒီ နွားမိစ္ဆာဂိုဏ်းက သေချင်နေတာလား... နင်ချီ နဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်း မပါဘဲနဲ့... သူတို့က ငါတို့ ကောင်းကင်တာရာ ဂိုဏ်းကို နိုင်မယ်လို့ ထင်နေတာလား...”
ထောက်လှမ်းရေး တာဝန်ခံ၏ မျက်နှာသည် ခါးသက်နေ၏။
“မဟုတ်ပါဘူး... နွားမိစ္ဆာဂိုဏ်း တစ်ဂိုဏ်းတည်း မဟုတ်ပါဘူး... နင်ချီ နဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်းလည်း သူတို့နဲ့ အတူ ပါလာပါတယ်.....”
လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြီး၊ ကြီးမားသော မေးခွန်းထုတ်စရာကြီး သူတို့ ရင်ထဲတွင် ပေါ်လာသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
အကန့်အသတ်မဲ့ ဓားဂိုဏ်းက ပေ့ရွှမ်နယ်မြေ ဘက်မှာ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် နွားမိစ္ဆာဂိုဏ်းနဲ့ အတူတူ ရှိနေရတာလဲ။
“အပြင်က လူတွေ သတင်းမှား ပို့လိုက်တာများလား...”
ထောက်လှမ်းရေး တာဝန်ခံ မဟာစွမ်းအားရှင်သည် ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်၏။ သူ၏ မှော်စွမ်းအင်ကို "ဆက်သွယ်ရေး ကျောက်စိမ်းပြား"ထဲသို့ ထည့်သွင်းလိုက်ရာ ပုံရိပ်တစ်ခု ပေါ်လာ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ အမှန်တကယ်ပင် နင်ချီ နှင့် နျူတင်းထျန် တို့ ဖြစ်နေကြောင်း ခန်းမဆောင်ထဲရှိ လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူတို့နောက်တွင် ပါလာသော ရင်းနှီးပြီးသား ပုံရိပ်များသည် ဂိုဏ်းနှစ်ခုလုံးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြ၏။
“မဖြစ်နိုင်တာ... အကန့်အသတ်မဲ့ ဓားဂိုဏ်းက လူတွေက နွားမိစ္ဆာဂိုဏ်းမှာပဲ ဆက်နေပြီး ပြန်မသွားကြတာလား...”
လူအုပ်ကြီး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ဂိုဏ်းနှစ်ဂိုဏ်း ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် ပြန်လည် ပေါင်းစည်းသွားသလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြ၏။
နင်ချီက ဂိုဏ်းနှစ်ခုကြားတွင် "နေရာ ရွှေ့ပြောင်း အခင်းအကျင်း" တည်ဆောက်ထားသည် ဆိုသော အချက်ကို သူတို့ လုံးဝ မသိရှိကြသဖြင့်၊ အရေးကြီးဆုံး အချက်ကို လျစ်လျူရှုမိခဲ့ကြသည်။
သူတို့၏ အချိန် တွက်ချက်မှုများ လုံးဝ လွဲမှားသွားခဲ့ချေ၏။
ရုတ်တရက်... ခန်းမဆောင်ကြီး တစ်ခုလုံး ထိတ်လန့်မှု လှိုင်းလုံးများ လွှမ်းခြုံသွားသည်။
နင်ချီနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း ဘယ်နည်းလမ်းသုံးပြီး ရောက်လာသလဲ ဆိုတာ အရေးမကြီးတော့... အဓိက အချက်က ဂိုဏ်းနှစ်ခု ပေါင်းပြီး သူတို့ကို သတ်ဖို့ လာနေကြပြီ။ ကောင်းကင်တာရာ ဂိုဏ်းတော့ သွားပြီ။
ထန်နျူလန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
“ပြီးပြီ... အခုဆို ငါတို့ ထွက်ပြေးဖို့တောင် မလွယ်တော့ဘူး...”
ထန်မန်ခုန်း နှင့် ထန်ယင်းဟော် တို့၏ မျက်နှာထားများ မည်းမှောင်သွားသည်။
ထန်မန်ခုန်း သည် အစ်ကိုကြီး ပီပီ ဖိအားကို ခံနိုင်ရည် ပိုရှိသည်။ သူ ပြောလိုက်၏။
“အခုချိန်မှာ ငါတို့အနေနဲ့ နင်ချီ နဲ့ တိုက်ခိုက်ရုံကလွဲပြီး တခြား နည်းလမ်း မရှိတော့ဘူး... သူ တကယ်ပဲ အဲဒီလောက် စွမ်းအားကြီးသလား ဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်သေးတယ်...”
သူ ညီနှစ်ယောက်ကို ကြည့်လိုက်၏။
“ဒီအခြေအနေ ရောက်မှတော့... တိုက်ရုံပဲ ရှိတော့တယ်... ငါတို့ သုံးယောက် နှစ်ပေါင်း တစ်သောင်းလောက် တံခါးပိတ် ကျင့်ကြံခဲ့တာ... အဲဒီ ကာလတွေရဲ့ အသီးအပွင့်ကို ဒီအချိန်မှာ ထုတ်သုံးရတော့မယ်... 'ကြယ်တာရာ ပေါင်းစည်းခြင်း နည်းစနစ်' ကို သုံးပြီး... ငါတို့ သုံးယောက် တစ်သားတည်း ပေါင်းစည်းကြမယ်... 'ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ်' အဆင့်ကို ယူပြီး နင်ချီ နဲ့ ယှဉ်တိုက်ကြတာပေါ့...”
ထန်ယင်းဟော် နှင့် ထန်နျူလန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။
အချိန်များ ကုန်ဆုံးသွား၏။
ယခုအခါ၊ နင်ချီနှင့် နျူတင်းထျန် တို့သည် ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ကောင်းကင်ယံ အထက်တွင်... ကြယ်တာရာ ရာပေါင်းများစွာ ဆင်းသက်လာသကဲ့သို့၊ ကြယ်ရောင် အလင်းတန်းများသည် ကောင်းကင်တာရာ ဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းနှင့် ပေါင်းစည်း သွားကြလေ၏...။
အခန်း (၆၇၁) - ကြယ်တာရာ ပေါင်းစည်းခြင်း အလင်းတန်း နည်းစနစ် (အပိုင်း ၄)
~ကောင်းကင်တာရာ ဂိုဏ်းသားများသည် အခင်းအကျင်းကြီး အတွင်းမှ တစ်ဖဝါးမျှ ခွာမထွက်ဘဲ ပုန်းအောင်းနေကြသကဲ့သို့၊ ပတ်ဝန်းကျင် တစ်ခုလုံး အလွန်တရာ တိတ်ဆိတ် ငြိမ်သက်နေတော့သည်။
နင်ချီသည် ဓားဘိုးဘေးကြီးကို လှမ်းကြည့်ကာ မေးလိုက်၏။
“ဓားဘိုးဘေးကြီး... ဒီတစ်ခေါက်ရော ထပ်ပြီး စမ်းသပ်ချင်သေးလား...”
ပြီးခဲ့သော ယူဟွာ အဆင့်မြင့်ဂိုဏ်း တိုက်ပွဲစဉ်က ဓားဘိုးဘေးကြီးသည် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို ဓားဖြင့် ခုတ်ပိုင်းခဲ့ဖူးသည်။ ဓားတစ်ချက်တည်းနှင့် မပြတ်ခဲ့သော်လည်း၊ နောက်ထပ် အချက်အနည်းငယ် ထပ်ဖြည့်လိုက်လျှင် ဖျက်ဆီးနိုင်မည့် အနေအထား ရှိခဲ့သည်။
ထို့ကြောင့် နင်ချီက ဓားဘိုးဘေးကြီး စိတ်ဝင်စားသေးသလား ဟု မေးမြန်းလိုက်ခြင်း ဖြစ်ပါ၏။
ဓားဘိုးဘေးကြီး က ပြန်ဖြေသည်။
“ဟေ့ကောင်လေး... မင်းပဲ သွားပါတော့ကွာ... ငါက နောက်ကနေပဲ အခင်းအကျင်းကို ထိန်းပေးထားပါ့မယ်...”
နင်ချီ ဆွံ့အသွားသည်။
သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ကောင်းကင်တာရာ ဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းကြီး အတွင်းမှ လူရိပ်သုံးခု ပျံသန်း ထွက်ပေါ်လာ၏။ သူတို့မှာ "ထန်မန်ခုန်း" ညီအစ်ကို သုံးဦးပင် ဖြစ်ပါ၏။
ထန်မန်ခုန်း က ဦးစွာ စကားစလိုက်၏။
“နင်ချီ... တောင်ပိုင်း အစစ်အမှန်နယ်မြေက ဂိုဏ်းပေါင်းများစွာ နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းလှပါတယ်... မင်းတို့ အနေနဲ့ ငါတို့ကို အမြစ်ပြတ် သုတ်သင်ဖို့ တကယ်ပဲ လိုအပ်လို့လား...”
နင်ချီ အေးစက်စွာ တုံ့ပြန်လိုက်၏။
“ခင်ဗျားတို့ကများ အပြစ်ကင်းသလို ပြောထွက်ရဲသေးတယ်... ဟိုတုန်းက 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ထဲမှာတုန်းက... ကျွန်တော် အပါအဝင် ကျွန်တော်တို့ ဂိုဏ်းက အကြီးအကဲ နှစ်ယောက်ကို ခင်ဗျားတို့ ကောင်းကင်တာရာ ဂိုဏ်းက ပစ်မှတ်ထားပြီး လုပ်ကြံခဲ့တာလေ... ခင်ဗျားတို့ အင်အားကြီးတုန်းကတော့ အားနည်းသူကို အနိုင်ကျင့်ပြီး ကျွန်တော်တို့ ဂိုဏ်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ ဘယ်သူတွေလဲ... အခု အခြေအနေ ပြောင်းသွားတော့မှ အကျိုးအကြောင်း လာပြောနေတာလား...”
ထန်မန်ခုန်း တွန့်ဆုတ်သွားသည်။
ထိုစဉ်က သူတို့ ညီအစ်ကို သုံးယောက် တံခါးပိတ် ကျင့်ကြံနေသဖြင့် ထိုအဖြစ်အပျက်ကို အတိအကျ မသိခဲ့ပေ။
သို့သော် ကောင်းကင်တာရာ ဂိုဏ်း၏ အစဉ်အလာ လုပ်ရပ်များကိုမူ သူတို့ ကောင်းစွာ သိသည်။ သူတို့က ထိပ်တန်း အဆင့်မြင့်ဂိုဏ်း ဖြစ်ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းက သာမန် အဆင့်မြင့်ဂိုဏ်းသာ ဖြစ်ပါ၏။ လျှို့ဝှက်နယ်မြေထဲတွင် တွေ့ကြုံရပါက အားကြီးသူက အားနည်းသူကို ဝါးမျိုခြင်းသည် လောကနိယာမ ဖြစ်ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို အရှင်ထားခဲ့မည် မဟုတ်သည်မှာ သေချာသည်။
သူ့နောက်တွင် ရပ်နေသော ထန်ယင်းဟော် က ဒေါသတကြီး အော်ပြောလိုက်၏။
“အစ်ကိုကြီး... သူ့ကို ပြောနေလည်း အပိုပါပဲ... သူက စေတနာကို နားမလည်တဲ့ကောင်... ငါတို့ နှစ်ပေါင်း ထောင်ချီ ကျင့်ကြံပြီးမှ ရရှိလာတဲ့ လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးပြီး ပညာပေးလိုက်ကြစို့...”
“လျှို့ဝှက် နည်းစနစ်.....”
နင်ချီဘက်မှ လူတိုင်း စိတ်ဝင်စားသွားကြသည်။
နင်ချီကို ယှဉ်ပြိုင်နိုင်လောက်အောင် သူတို့မှာ ဘယ်လို လျှို့ဝှက် နည်းစနစ်မျိုး ရှိနေတာလဲ။
နျူတင်းထျန် နှင့် ခုန်းချိုင်ချန်း နှစ်ဦးစလုံးက တပြိုင်နက် ပြောလိုက်၏။
“ညီလေးနင်... ငါတို့ အရင် သွားစမ်းကြည့်လိုက်မယ်...”
နင်ချီ ခေါင်းညိတ်ခွင့်ပြုလိုက်၏။
အခြား ရွေးချယ်စရာ မရှိတော့သဖြင့်... ထန်ညီအစ်ကို သုံးဦးသည် "ကြယ်တာရာ ပေါင်းစည်းခြင်း မှော်ပညာ" ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်... ကောင်းကင်တာရာ ဂိုဏ်း၏ အခင်းအကျင်း အပေါ်တွင် ပြန့်ကျဲနေသော ကြယ်ရောင်ခြည်တန်း ရာပေါင်းများစွာသည် စတင် လှုပ်ရှားလာပြီး၊ သူတို့ သုံးဦး၏ ခန္ဓာကိုယ်များကို လွှမ်းခြုံလိုက်၏။
သူတို့ သုံးဦး၏ ခန္ဓာကိုယ် အတွင်းမှ "စည်းမျဉ်း စွမ်းအားမျှင်"များ ထွက်ပေါ်လာပြီး အချင်းချင်း ယှက်နွယ်သွားကာ၊ ပတ်ဝန်းကျင် ကောင်းကင်ယံမှ ကြယ်ရောင်များကို စုပ်ယူလိုက်ကြသည်။
ခဏအတွင်းမှာပင် သူတို့သုံးဦး ပျောက်ကွယ်သွားကာ... ကြယ်ရောင်များဖြင့် ဖွဲ့စည်းထားသော ဧရာမ လူ့ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာတော့သည်။
ထို လူ့ဘီလူးကြီးသည် (၁၀) ဇာ့ [ပေ ၁၀၀ ခန့်] မြင့်မားပြီး၊ မျက်နှာသည် ထန်မန်ခုန်း နှင့် တူညီနေ၏။ ထန်မန်ခုန်း က ဦးဆောင် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
နျူတင်းထျန် နှင့် ခုန်းချိုင်ချန်း တို့သည် လူ့ဘီလူးကြီးထံသို့ ပျံသန်း သွားကြသော်လည်း၊ လမ်းတစ်ဝက်တွင်ပင် လူ့ဘီလူးကြီး ထံမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။
ကြယ်ရောင်များ ဖြာထွက်လာပြီး၊ ၎င်း၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး၊ မိစ္ဆာကြီး နှစ်ကောင်၏ ချဉ်းကပ်မှုကိုပင် တားဆီးလုနီးပါး ဖြစ်သွားသည်။
“ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ်.....” မိစ္ဆာနှစ်ကောင် အာမေဋိတ် သံများ ထွက်ပေါ်လာ၏။
ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည်လည်း ထိုကြီးမားသော အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး၊ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်နေမိကြသည်။
ဓားဘိုးဘေးကြီး၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် ဝိညာဉ်ဓားကို ဆုပ်ကိုင်ရင်း နင်ချီကို လှမ်းအော်လိုက်၏။
“နင်ကလေး... မြန်မြန်လုပ်... သူတို့ရဲ့ အရှိန်အဝါက မငြိမ်သေးဘူး... သူတို့ အဆင့် ထပ်တက်သွားတဲ့ အထိ စောင့်နေလို့ မဖြစ်ဘူး...”
ပြောပြောဆိုဆိုနှင့် သူသည် ဓားကို ဦးစွာ ဝှေ့ယမ်းလိုက်၏။
မီတာ တစ်သောင်းခန့် ရှည်လျားပြီး ထွင်းဖောက်မြင်နိုင်သော ဓားအလင်းတန်းကြီးသည် ဟင်းလင်းပြင်ကို ခွဲစိတ်လိုက်၏။ ၎င်းသည် အလွန် ထက်ရှပြီး၊ ကြယ်ရောင် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
လူ့ဘီလူးကြီး၏ အရှိန်အဝါ ကြောက်စရာ ကောင်းသော်လည်း၊ တစ်ခုခု လိုအပ်နေပုံ ရ၏။ ဤဓားချက်ကို အပြည့်အဝ မခုခံနိုင်ပေ။
ဓားအလင်းတန်းသည် လူ့ဘီလူးကြီးကို တုန်ခါသွားစေပြီး ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ သို့သော် မီတာဝက်ခန့် ဝင်ရောက်ပြီးနောက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားသည်။
ဓားဘိုးဘေးကြီး အံကိုကြိတ်လိုက်၏။ အဆုံးမဲ့သော ဓားဆန္ဒ များကို ထည့်သွင်းပြီး၊ "ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း" နှင့် "ဓားလမ်းစဉ်" ကို ပေါင်းစပ်ကာ နောက်ထပ် မီတာဝက်ခန့် ထပ်မံ ထိုးဖောက်နိုင်ရန် ကြိုးစားလိုက်၏။
သို့သော် လူ့ဘီလူးကြီး၏ အရွယ်အစား ကြီးမားလွန်းသဖြင့်၊ မျက်နှာပြင်မှ အသားစိုင်များကို ဖြတ်တောက်ရုံသာ ရှိသေးသည်။
လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ကြယ်ရောင်များသည် ပိုမို ပြင်းထန်လာပြီး၊ အဝေးမှ ကြည့်လျှင် တစ်သီးပုဂ္ဂလ စကြဝဠာ တစ်ခုကဲ့သို့ ထင်မှတ်ရ၏။
၎င်းသည် ဓားဘိုးဘေးကြီး၏ ဓားအလင်းတန်းကို အပြင်သို့ ပြန်လည် တွန်းထုတ်လိုက်ပြီး၊ ဧရာမ လက်ဝါးကြီး နှစ်ဖက်ကို ရိုက်ခတ်ကာ ဓားအလင်းတန်းကို ချက်ချင်း ချေမှုန်းဖျက်ဆီးလိုက်၏။
ဓားဘိုးဘေးကြီး၏ နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာ၏။ သူ၏ နှလုံးနှင့် ဝိညာဉ် တုန်လှုပ်သွားရ၏။
သူသည် သူ၏ ဝိညာဉ်စွမ်းအင်၊ မူလဝိညာဉ်၊ စည်းမျဉ်း နှင့် ဓားလမ်းစဉ် အားလုံးကို ထိုဓားချက်ထဲတွင် ပုံအောထားခဲ့သော်လည်း၊ ဤကဲ့သို့ အခြေအနေမျိုး ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်း ဖြစ်ပါ၏။
သို့သော် နျူတင်းထျန် နှင့် ခုန်းချိုင်ချန်း တို့သည် လက်ပိုက်ကြည့်မနေကြပေ။ အခြေအနေကို နားလည်သဖြင့်၊ ထန်ညီအစ်ကို သုံးဦး၏ အရှိန်အဝါ တည်ငြိမ်သွားသည်အထိ စောင့်မနေသင့်ကြောင်း သိကြသည်။
မိစ္ဆာကြီး နှစ်ကောင်သည် သူတို့၏ ဧရာမ မူလပုံသဏ္ဌာန်များ အဖြစ် ပြောင်းလဲလိုက်ကြသည်။ နျူတင်းထျန် သည် "ချိုနျူ နတ်ဘုရား ပုံသဏ္ဌာန်" ကို ထုတ်ဖော်ပြီး၊ ကြယ်ရောင် လူ့ဘီလူးကြီးထံသို့ အစွမ်းကုန် ထိတိုက်လိုက်၏။
ခုန်းချိုင်ချန်း သည် ကောင်းကင်သို့ ပျံတက်သွားပြီး၊ သူ၏ အမြီးတောင်ပံများမှ အရောင်ငါးမျိုး အလင်းတန်းများ ထွက်ပေါ်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ ခန္ဓာကိုယ်ကို လေးကိုင်းသဖွယ် ကွေးညွတ်လိုက်ပြီး၊ နတ်ဘုရား မြားတစ်စင်းအသွင် ပြောင်းလဲကာ ပစ်လွှတ်လိုက်၏။
မိစ္ဆာကြီး နှစ်ကောင်၏ တိုက်ခိုက်မှုသည် တပြိုင်နက်တည်း ရောက်ရှိသွားသည်။
သို့သော်... ကြယ်ရောင် လူ့ဘီလူးကြီးသည် ခြေတစ်လှမ်းသာ လှမ်းလိုက်၏။ အလင်းနှင့် အရိပ်များ ရွေ့လျားသွားပြီး၊ ဟင်းလင်းပြင် တစ်ခုလုံးကို လိမ်ချိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ခြေတစ်ချက် ကန်လိုက်ရုံဖြင့် နျူတင်းထျန် လွင့်စင်သွားသည်။
ကန်ချက်၏ ပြင်းထန်မှုကြောင့် နျူတင်းထျန်၏ "ချိုနျူ နတ်ဘုရား ပုံသဏ္ဌာန်" ပျက်စီးသွားပြီး၊ သူ၏ ဧရာမ မိစ္ဆာခန္ဓာကိုယ်ကြီးသည် မူလအရွယ်အစားသို့ ကျုံ့ဝင်သွားကာ၊ လေထဲတွင် သွေးများ အများအပြား အန်ထွက်လာ၏။
တချိန်တည်းမှာပင်... ခုန်းချိုင်ချန်း ၏ "အရောင်ငါးမျိုး နတ်ဘုရားမြား" သည် လူ့ဘီလူးကြီး၏ လက်ထဲတွင် စုစည်းထားသော "ကြယ်တာရာ ဒိုင်းကာ" ဖြင့် ပိတ်ဆို့ခံလိုက်ရ၏။ ချက်ချင်းပင် မြားသည် ပြန်ကန်ထွက်လာပြီး၊ ခုန်းချိုင်ချန်း၏ ဒေါင်းခန္ဓာကိုယ်ကို ဖြတ်သန်း ဖောက်ထွင်းသွားတော့သည်။
မုဆိုး၏ မြားဒဏ်သင့်သော တောငှက်တစ်ကောင်ကဲ့သို့ ခုန်းချိုင်ချန်း တစ်ယောက် ယက်ကန်ယက်ကန်ဖြင့် လွင့်စဉ်သွားရရှာသည်။
ယခုအချိန်ထိ နင်ချီ တစ်ယောက်တည်းသာ လှုပ်ရှားခြင်း မရှိသေးပေ။
ဓားဘိုးဘေးကြီးနှင့် မိစ္ဆာကြီး နှစ်ကောင်သည် နင်ချီကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။ ဘာကြောင့် နင်ချီက သူတို့နှင့် အတူ ဝင်မတိုက်ရတာလဲ။
ထိုအချိန်တွင် ကြယ်ရောင် လူ့ဘီလူးကြီးသည် မိုးဟိန်းသံကဲ့သို့ ကျယ်လောင်စွာ ရယ်လိုက်၏။ ၎င်း၏ အရှိန်အဝါသည် နောက်ဆုံးတွင် တည်ငြိမ်သွားပြီ ဖြစ်ပါ၏။
“ဟားဟား... နင်ချီ... မင်း ကြောက်ပြီး တောင့်နေပြီလား... ဝမ်းနည်းစရာပဲ... အခုမှ လာပြီး ငါတို့နဲ့ ဆွေးနွေးချင်တယ် ဆိုရင်တော့... နောက်ကျသွားပြီ.....”
ကြယ်ရောင် လူ့ဘီလူးကြီးသည် နင်ချီ ရှိရာသို့ လက်ညှိုး ထိုးလိုက်၏။ လက်ညှိုးထိပ်တွင် မျက်စိကျိန်းမတတ် စူးရှတောက်ပသော ကြယ်ရောင်ခြည် တစ်ခု စုစည်းလာ၏။
ထိုနေရာရှိ လူတိုင်း၏ မျက်စိရှေ့တွင် အဖြူရောင်များသာ မြင်ရပြီး၊ အမြင်အာရုံနှင့် မူလဝိညာဉ် အာရုံခံနိုင်စွမ်းများ ခေတ္တမျှ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဇီ... ဇီ.....”
အရိုးထဲထိ စိမ့်ဝင်သွားစေသော ကြောက်မက်ဖွယ် အသံများနှင့် အတူ၊ ထို ကြယ်ရောင်ခြည် အလင်းတန်းကြီးသည် နင်ချီထံသို့ တိုးဝင်သွားတော့သည်...။
အခန်း (၆၇၂) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်
~ကောင်းကင်ယံထက်မှ ကြယ်ရောင်များသည် ရေတံခွန်ပမာ စီးဆင်းကျလာပြီး၊ ထန်မန်ခုန်းနှင့် ညီအစ်ကိုများ ပေါင်းစည်းထားသော (၁၀) ဇာ့ [ပေ ၁၀၀ ခန့်] မြင့်မားသည့် ကြယ်ရောင် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
ထိုခဏ၌ ကြယ်ရောင်အားလုံးသည် လူ့ဘီလူးကြီး၏ လက်ညှိုးထိပ်တွင် စုစည်းသွား၏။
မျက်စိကျိန်းမတတ် စူးရှတောက်ပသော ကြယ်ရောင်တန်းကြီးသည် ဟင်းလင်းပြင်ကို ထိုးခွင်းလျက်၊ လူတိုင်း၏ အာရုံခံနိုင်စွမ်းများ ပျောက်ဆုံးနေချိန်တွင် နင်ချီထံသို့ အင်မော်တယ် ဓားတစ်စင်းအလား တိုးဝင်သွားတော့သည်။
"ဝှစ်..."
ထန်မန်ခုန်းနှင့် ညီအစ်ကိုများသည် ကြယ်ရောင် လူ့ဘီလူးကြီး၏ ခန္ဓာကိုယ် အတွင်း၌ ပုန်းအောင်းရင်း နင်ချီကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိကြ၏။။
နောက်တစ်စက္ကန့်တွင် လူတိုင်း အာရုံပြန်ရလာကြပြီး၊ ကြယ်ရောင်တန်းကြီးသည် နင်ချီ၏ မျက်နှာနှင့် ထိလုနီးပါး အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
အားလုံး အသည်းတုန်သွားကြသည်။
ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သို့သော် မည်သူမျှ မထင်မှတ်ထားသော အရာမှာ... နင်ချီသည် ထန်မန်ခုန်းတို့၏ တိုက်ကွက်ကို ကြိုတင် မြင်တွေ့ထားသကဲ့သို့ တည်ငြိမ်နေခြင်းပင်။
သူ၏ မျက်နှာ ရှေ့တည့်တည့် လေထုထဲတွင် "စည်းမျဉ်း စွမ်းအား" ဖြင့် ဖွဲ့စည်းထားသော မှန်ဘီလူး တစ်ချပ် ရုတ်တရက် ပေါ်ထွက်လာ၏။
ထိုမှန်ဘီလူးသည် စောလွန်းခြင်း၊ နောက်ကျခြင်း မရှိဘဲ၊ ဝင်ရောက်လာသော ကြယ်ရောင်တန်းကြီးကို အချိန်ကိုက် ဖမ်းယူလိုက်၏။
"ဝှစ်..."
အလွန် လျင်မြန် ထက်ရှသော ကြယ်ရောင်တန်းသည် မှန်ဘီလူးနှင့် ထိတွေ့ပြီးနောက်၊ မူလအရှိန်ထက် ပိုမို လျင်မြန်သော အဟုန်ဖြင့် ပြန်လည် ကန်ထွက်သွားသည်။
ဟင်းလင်းပြင်ထဲတွင် မြားဦးပုံသဏ္ဌာန် အလင်းတန်း တစ်ခုသည် ကြယ်ရောင် လူ့ဘီလူးကြီး၏ ညာဘက် လက်မောင်းကို ချက်ချင်း ဖောက်ထွင်းသွားသည်ကိုသာ လူတိုင်း မြင်လိုက်ရ၏။
ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ လူ့ဘီလူးကြီး၏ ညာလက်မောင်း တစစီ ပြတ်တောက်သွားသည်။
ပြတ်တောက်သွားသော နေရာမှ "ရှဲ... ရှဲ..." ဟူသော အသံများ ထွက်ပေါ်လာပြီး၊ ကြယ်ရောင်၏ အပူချိန်ကြောင့် အရာခပ်သိမ်း အရည်ပျော်ကျကာ မီးခိုးဖြူများ လှိုင်လှိုင်ထွက်လာ၏။
“အား...”
လူ့ဘီလူးကြီး၏ ခန္ဓာကိုယ် အတွင်းမှ စူးရှသည့် အော်ဟစ်သံ သုံးသံ ထွက်ပေါ်လာသည်။
"ပေါင်းစည်းခြင်း နယ်ပယ်" ညီအစ်ကို သုံးဦးသည် လူ့ဘီလူးကြီး၏ လက်မောင်း ပြတ်တောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြပြီး၊ နာကျင်စွာ အော်ဟစ်နေကြခြင်း ဖြစ်ပါ၏။
လူ့ဘီလူးကြီး၏ ဘယ်ဘက်လက်သည် ကြယ်ရောင်ဓားသွား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အပူလောင်နေသော ညာလက်မောင်း အရင်းပိုင်းကို ပိုင်းဖြတ် ချလိုက်၏။
သူတို့ သုံးဦး ထပ်မံ အော်ဟစ်လိုက်ကြပြီးနောက်၊ ညာလက်မောင်းသည် ပြန်လည် ကြီးထွားလာသည်။
စောစောက ကြယ်ရောင်တိုက်ကွက်သည် သူတို့၏ ကိုယ်ပိုင် စွမ်းအားများကိုပင် ဖိနှိပ်ထားနိုင်စွမ်း ရှိပုံရ၏။
ဤမြင်ကွင်းကို ကြည့်ပြီး နင်ချီဘက်မှ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။
ကံကောင်းစွာပင်... အာရုံခံစားမှု ပျောက်ဆုံးနေချိန်၌ပင် နင်ချီသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
ယခင်က နျူတင်းထျန်၊ ခုန်းချိုင်ချန်း နှင့် ဓားဘိုးဘေးကြီး တို့ကဲ့သို့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးများပင် ထန်မန်ခုန်းတို့၏ ဖိနှိပ်မှုကို ခံခဲ့ရသဖြင့်၊ လူတိုင်း စိတ်ဓာတ်ကျနေခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် နင်ချီက သူတို့နှင့် မတူဘဲ၊ ရန်သူကို ဒဏ်ရာရအောင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့၏။
ထိုအချိန်တွင် ထန်မန်ခုန်းနှင့် ညီအစ်ကိုများသည် သံသယနှင့် မသေချာမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် နင်ချီကို ကြည့်လိုက်ကြသည်။
လူတိုင်း ထင်မှတ်ထားသည့် အတိုင်းပင်... နျူတင်းထျန်၊ ခုန်းချိုင်ချန်း နှင့် ဓားဘိုးဘေးကြီး တို့ အားလုံး ချုပ်နှောင်ခံခဲ့ရသော်လည်း၊ အဘယ်ကြောင့် နင်ချီကျမှ ထူးခြားသော အလှည့်အပြောင်း ဖြစ်သွားရသနည်း။
နင်ချီ ဘယ်လို လုပ်လိုက်တာလဲ။
ယခင်က ခုန်းချိုင်ချန်း ၏ "အရောင်ငါးမျိုး နတ်ဘုရားမြား" ကို ကြယ်တာရာ ဒိုင်းကာဖြင့် ပြန်လည် ရိုက်ထုတ်စဉ်က လူတိုင်း မြင်တွေ့ အာရုံခံနိုင်ခဲ့ကြသည်။
သို့သော် ယခု တိုက်ကွက်တွင်မူ လူတိုင်း အာရုံခံစားမှု ပျောက်ဆုံးသွားရမည် ဖြစ်ပါ၏။
ထန်မန်ခုန်းတို့ ညီအစ်ကိုများသည် ဆိုးရွားသော နိမိတ်တစ်ခုကို ခံစားမိလိုက်ကြသည်။ နင်ချီ ထုတ်သုံးလိုက်သော မှန်ဘီလူးသည် သူတို့၏ ကြယ်တာရာ ဒိုင်းကာနှင့် ဆင်တူနေသည်ဟု ခံစားမိလိုက်ကြသည်။
ထို့ကြောင့် လူ့ဘီလူးကြီးသည် အားပျော့သော ကြယ်ရောင်မြား တစ်စင်းကို ထပ်မံ ပစ်လွှတ်လိုက်၏။
နင်ချီသည် ကောင်းကင်ယံတွင် ပေါ့ပါးစွာ ဝဲပျံနေပြီး၊ ဝင်ရောက်လာသော အလင်းမြားကို မျက်နှာမူလျက်၊ လက်ညှိုးတစ်ချောင်း ထောင်ကာ ထိန်းချုပ်လိုက်၏။
အလင်းမြားသည် မြွေတစ်ကောင်ကဲ့သို့ ယဉ်ပါးသွားပြီး နင်ချီ၏ လက်မောင်းတွင် ရစ်ပတ်သွားသည်။
ကြယ်ရောင် လူ့ဘီလူးကြီး ခေတ္တမျှ ငြိမ်သက်သွားသည်။
အားပျော့သော အလင်းမြား ဖြစ်လင့်ကစား၊ သာမန် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အလွယ်တကူ လက်ခံနိုင်သော အရာ မဟုတ်ကြောင်း သူတို့ သေချာ၏။
သူတို့ကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်မှာ... နင်ချီသည် ဒီတစ်ကြိမ်တွင် မှန်ဘီလူးကို ထုတ်မသုံးဘဲ၊ သူတို့၏ စမ်းသပ်လိုသော ရည်ရွယ်ချက်ကို ဖောက်ထွင်းမြင်နေသကဲ့သို့ တည်ငြိမ်နေခြင်းပင်။
လူ့ဘီလူးကြီး၏ ခန္ဓာကိုယ် အတွင်း၌...
ထန်မန်ခုန်း ညီအစ်ကို သုံးဦး၏ စိတ်အာရုံများ အချင်းချင်း ဆက်သွယ်လိုက်ကြသည်။
“အစ်ကိုကြီး... အစ်ကိုကြီးနှစ်... ဟိုကောင် နင်ချီက ငါတို့ရဲ့ တိုက်ကွက်တွေနဲ့ အတွေးတွေကို ဖောက်ထွင်းမြင်နေပုံပဲ... အနီးကပ် ဝင်တိုက်မှ ရတော့မယ်...” ညီအငယ်ဆုံး ထန်နျူလန် က အကြံပြုသည်။
ထန်မန်ခုန်း နှင့် ထန်ယင်းဟော် တို့လည်း သဘောတူလိုက်ကြ၏။
သူတို့ သုံးဦးသည် အခြား လျှို့ဝှက် နည်းစနစ် တစ်ခုကို တပြိုင်နက်တည်း မောင်းနှင်လိုက်ကြသည်။
လူ့ဘီလူးကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး...”
အဆုံးမဲ့ ကြယ်ရောင်များ စုစည်းသွားပြီး၊ ဧရာမ ဓားမကြီး တစ်လက် အဖြစ် ပြောင်းလဲသွားသည်။
၎င်းတွင် အလင်းရောင် လုံးဝ မရှိဘဲ၊ "တွင်းနက်ကြီး" ကဲ့သို့ နက်မှောင်နေ၏။
ပေါ်ထွက်လာသည်နှင့် တပြိုင်နက်၊ ဓားမကြီးသည် ကြောက်မက်ဖွယ် စုပ်ယူအားကို ထုတ်လွှတ်လိုက်၏။
ပတ်ဝန်းကျင် ဟင်းလင်းပြင်ရှိ ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်း စွမ်းအားများသည် ဓားမကြီး အတွင်းသို့ စုပ်ယူခံလိုက်ရပြီး၊ ၎င်း၏ စွမ်းအားကို ပိုမို ကြီးထွားလာစေသည်။
ဓားဘိုးဘေးကြီးသည် သူတို့၏ လုပ်ရပ်ကို တားဆီးရန် ဓားချက် တစ်ချက် ထုတ်လွှတ်လိုက်၏။
သို့သော် လူ့ဘီလူးကြီး၏ လက်ထဲမှ ဓားမကြီးသည် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ဓားဘိုးဘေးကြီး၏ ဓားအလင်းတန်းကို မြစ်ချောင်းများ ပင်လယ်ထဲ စီးဝင်သကဲ့သို့ စုပ်ယူ ဝါးမျိုလိုက်ပြီး အင်အား ဖြည့်တင်းလိုက်၏။
ဝင်ရောက် ကူညီရန် ပြင်ဆင်နေကြသော ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ချက်ချင်း ရပ်တန့်လိုက်ကြသည်။
သူတို့သည် ကြယ်ရောင် လူ့ဘီလူးကြီးကို ကြောင်ငေးကြည့်နေမိကြသည်။ ဒါသည် "ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ်"၏ စွမ်းအားလော။
ယခင်က ယူဟွာ အဆင့်မြင့်ဂိုဏ်းကို တိုက်ခိုက်စဉ်က ဤမျှ ကြောက်စရာကောင်းသော ရန်သူမျိုးနှင့် မတွေ့ခဲ့ရပေ။
သို့မဟုတ်... အစစ်အမှန် ကျွမ်းကျင်သူများနှင့် မတွေ့ဆုံလိုက်ရခြင်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူဘက်မှ အစွမ်းထက်သူ အားလုံးကို နင်ချီက အစကတည်းက သတ်ဖြတ်ပစ်လိုက်သောကြောင့် ဖြစ်ပါ၏။
ယခုမှသာ လူတိုင်းသည် နင်ချီ၏ စွမ်းအား အစစ်အမှန်ကို နားလည်သဘောပေါက်လာကြသည်။
ယခင်က "ပေါင်းစည်းခြင်း နယ်ပယ်" (၇) ယောက်သည် လူတိုင်းကို တိုက်ခိုက်ခြင်း မရှိခဲ့သလို၊ ဓားဘိုးဘေးကြီးနှင့် အခြားသူများလည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိခဲ့ကြ၏။
သို့သော် ယခု သူတို့ရှေ့မှ လူ့ဘီလူးကြီးမှာမူ အဆင့်အတန်း ကွာခြားလွန်းလှသည်။
တူညီသော "ပေါင်းစည်းခြင်း နယ်ပယ်" ဖြစ်ပါလျက်၊ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ဘာမှ မတတ်နိုင် ဖြစ်နေရ၏။
ယခုအချိန်တွင် လူတိုင်း၏ အကြည့်သည် နင်ချီ၏ ကျောပြင်ထံသို့ စုပြုံ ရောက်ရှိသွားကြသည်။ ဂိုဏ်းချုပ် အစ်ကိုကြီး တစ်ယောက်တည်းသာ ဤအရာကို ရင်ဆိုင်နိုင်ပေတော့မည်။
ကြယ်ရောင် လူ့ဘီလူးကြီးသည် ဓားမကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ၊ နင်ချီကို စူးစိုက်ကြည့်လိုက်၏။
ထန်မန်ခုန်းနှင့် ညီအစ်ကိုများသည် ဤမျှ ကြီးမားသော ဓားမကြီးကို ရင်ဆိုင်နေရပါလျက်၊ နင်ချီ တည်ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
သူတို့ သုံးဦး စိတ်ဓာတ်ကို စုစည်းလိုက်ပြီး၊ လူ့ဘီလူးကြီးကို ရှေ့သို့ ခြေတစ်လှမ်း တိုးစေလိုက်၏။
မျက်စိတစ်မှိတ် အတွင်း... ကြယ်ရောင် လူ့ဘီလူးကြီးသည် ဟင်းလင်းပြင်ကို စုတ်ဖြဲလျက်၊ (၁၀) ဇာ့ မြင့်မားသော ခန္ဓာကိုယ်ကြီးသည် နင်ချီ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။
တဆက်တည်း၌၊ ဧရာမ "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ဖြင့် နင်ချီ၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ခုတ်ပိုင်းချလိုက်တော့သည်။