အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အခန်း (၆၇၃) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၂)
~နက်မှောင်နေသော ဓားမကြီးသည် အလွန်တရာ ဆိုးရွားသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ဓားသွားနှင့် မထိတွေ့ရသေးခင်မှာပင် နင်ချီ၏ ပုံရိပ်သည် ရုတ်တရက် တွန့်လိမ် ရှုံ့တွသွားကာ၊ နောက်တစ်ခဏတွင် ထိုဓားကြီး၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရတော့မည့်အလား ထင်မှတ်ရ၏။
လူတိုင်း ကြောက်ရွံ့ တုန်လှုပ်နေချိန်တွင်... နင်ချီ စတင် လှုပ်ရှားလိုက်သည်။
တွန့်လိမ်နေသော သူ၏ပုံရိပ်သည် ရုတ်တရက် တည်ငြိမ်သွားပြီး မရွေ့မလျား ရပ်တန့်သွား၏။ နင်ချီ၏ အမြန်နှုန်းသည် ကြောက်ခမန်းလိလိ မြန်ဆန်လှသဖြင့်၊ သူသည် ကျောဘက်မှ ဝိညာဉ်ဓားကိုပင် ဆွဲမထုတ်လိုက်ရပေ။
သူသည် ညာလက်ကိုသာ ဆန့်တန်းကာ၊ လက်ချောင်းများကို ဓားသွားသဖွယ် စုစည်းလိုက်ပြီး... ဧရာမ "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ဆီသို့ ပေါ့ပါးစွာ ခုတ်ပိုင်းလိုက်သည်။
ထိုမြင်ကွင်းသည် ပုရွက်ဆိတ်လေး တစ်ကောင်က သစ်ပင်ကြီး တစ်ပင်ကို စိန်ခေါ်နေသကဲ့သို့ အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
(၁၀) ဇာ့ [ပေ ၁၀၀ ခန့်] မြင့်မားသော ကြယ်ရောင် လူ့ဘီလူးကြီး အကြောင်းကို ထည့်ပြောစရာပင် မလိုတော့။ ၎င်းကိုင်ဆောင်ထားသော ဓားမကြီး တစ်လက်တည်းကပင် (၁၀) ပေကျော် ကျယ်ဝန်းပြီး၊ အလွန် ရှည်လျားလှရာ... နင်ချီသည် ၎င်း၏ ရှေ့မှောက်တွင် မပြောပလောက်သော အရာလေး တစ်ခုကဲ့သို့ ဖြစ်နေ၏။
သို့သော်... နင်ချီသည် သူ၏ ညာလက်ကိုသာ အသုံးပြုပြီး ဓားမကြီးကို ခုတ်ပိုင်းလိုက်၏။
“ထန်.....”
ဟင်းလင်းပြင်၏ ဘယ်ဘက်တွင် အဖြူရောင် ဝတ်ရုံနှင့် နင်ချီ... ညာဘက်တွင် (၁၀) ဇာ့ မြင့်မားသော ကြယ်ရောင် လူ့ဘီလူးကြီး...။
လူသား၏ လက်ဝါးဓားချက်သည် တွင်းနက်ကြီးကဲ့သို့ နက်မှောင်သော ဧရာမ ဓားမကြီးနှင့် ထိတွေ့သွားသော်လည်း၊ မည်သည့် ပေါက်ကွဲသံမျှ ထွက်မလာပေ။ စွမ်းအင်လှိုင်းများ အားလုံး ချေမှုန်းခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားသည်။
သို့သော်... ဆက်တိုက် ဆိုသလို "ကွပ်... ကွပ်..." ဟူသော အက်ကွဲသံများ လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာ၏။ သူတို့ အံ့အားသင့်စွာ မြင်လိုက်ရသည်မှာ... နင်ချီ၏ ကျိုးပဲ့လွယ်မည့်ပုံ ပေါက်နေသော လက်ဝါးဓားချက်သည် ဧရာမ ဓားမကြီးကို တစ်ချက်တည်းနှင့် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်ခြင်းပင်။
ထိုမျှသာမက... ထိတွေ့လိုက်သော နေရာတွင် မည်းနက်သော အက်ကွဲကြောင်းများ ပေါ်လာ၏။ ဟင်းလင်းပြင် ကိုယ်တိုင်က ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပင့်ကူအိမ်သဖွယ် အက်ကွဲသွားပြီး၊ သူတို့ နှစ်ဦးကြားတွင် ပျံ့နှံ့သွားသည်။
လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြသည်။
ထန်မန်ခုန်း နှင့် အခြား နှစ်ဦးတို့သည် မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ မယုံကြည်နိုင်သော အမူအရာများ မျက်နှာပေါ်တွင် ပေါ်လာ၏။
နင်ချီက သူတို့၏ တိုက်ကွက်ကို ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံလိုက်တာလား။
ပြီးတော့ သူတို့ရဲ့ "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ကိုပါ လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ခွဲပစ်လိုက်တာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သို့သော် လက်တွေ့တရားသည် လက်တွေ့တရားသာ ဖြစ်ပါ၏။ သူတို့ မယုံချင်လျှင်ပင်၊ ကြီးမားသော တုန်ခါမှု အရှိန်အဟုန်ကြောင့် ကြယ်ရောင် လူ့ဘီလူးကြီးသည် နောက်သို့ လွင့်စင်သွားပြီး၊ ကောင်းကင်တာရာ ဂိုဏ်းဘက်သို့ ပြန်လည် ကျရောက်သွားသည်။
“ဝုန်း.....”
လူ့ဘီလူးကြီးသည် ကောင်းကင်တာရာ ဂိုဏ်း၏ "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" နှင့် ထိတိုက်မိသွားပြီး၊ အဆုံးမဲ့သော လှိုင်းဂယက်များ ထသွားစေသည်။ အတွင်းမှ ကြည့်နေကြသော တပည့်များသည် တုန်ခါမှုကြောင့် ခြေထောက်များ မြေကြီးနှင့် မကပ်တော့ဘဲ ခုန်ပေါက်သွားကြသည်။
ဤအချက်က နင်ချီ မည်မျှ စွမ်းအားကြီးမားကြောင်း သက်သေပြနေ၏။
“မဖြစ်နိုင်ဘူး.....”
လူ့ဘီလူးကြီး၏ ခန္ဓာကိုယ် အတွင်းမှ ထန်ယင်းဟော် ၏ အသံသည် ရူးသွပ်မတတ် ဒေါသသံများ ရောနှောကာ ထွက်ပေါ်လာသည်။ သူ လက်မခံနိုင်သေးပေ။
အတွင်းဘက်မှ ထန်မန်ခုန်း က အလျင်အမြန် သတိပေးလိုက်၏။
“စိတ်ကို ငြိမ်ငြိမ်ထား... ငါတို့ စိတ်တည်ငြိမ်မှ ဒီ 'ကြယ်တာရာ ပေါင်းစည်းခြင်း နည်းစနစ်' ကို ဆက်ထိန်းထားနိုင်မှာ... မဟုတ်ရင် လူ့ဘီလူးကြီး ပျက်စီးသွားလိမ့်မယ်... အဲဒီကျရင် နင်ချီကို ရင်ဆိုင်ဖို့ ပိုခက်သွားလိမ့်မယ်...”
ထန်ယင်းဟော် သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ပါးစပ်ကို အမြန် ပိတ်ကာ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ရ၏။
သူတို့ သုံးဦးသည် လူ့ဘီလူးကြီးကို ပြန်လည် မောင်းနှင်လိုက်ပြီး၊ ကာကွယ်ရေး အခင်းအကျင်း ပေါ်မှ ပြန်ထလာကာ၊ အဝေးမှ အဖြူရောင် ဝတ်ရုံနှင့် လူငယ်လေးကို လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ အကြည့်နှင့် အတူ အခြားသူများ၏ အာရုံသည်လည်း နင်ချီထံသို့ ရောက်ရှိသွားသည်။
စောစောက မြင်ကွင်းသည် သူတို့၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပြီး၊ တစ်သက်တာ မေ့နိုင်တော့မည် မဟုတ်သော ပုံရိပ်တစ်ခု ဖြစ်လာ၏။
ဒဏ်ရာရထားသော နျူတင်းထျန် နှင့် ခုန်းချိုင်ချန်း တို့သည် ပြန်လည် ပျံသန်းလာပြီး နင်ချီ၏ နောက်တွင် ရပ်လိုက်ကြသည်။
နျူတင်းထျန် သည် နင်ချီ၏ စွမ်းအားကို အတော်အတန် လက်ခံနိုင်နေပြီ ဖြစ်ပါ၏။
ခုန်းချိုင်ချန်း မှာမူ ယခင်က နင်ချီနှင့် အတူ မလိုက်ပါခဲ့ဖူးသော်လည်း၊ ယခုမှသာ နျူတင်းထျန် နှင့် ဟူရှောင်ထျန်း တို့ နင်ချီကို ဘာကြောင့် ဒီလောက် ချီးကျူးနေကြသလဲ ဆိုတာ နားလည်သွားတော့သည်။ နင်ချီ သူတို့ဂိုဏ်းမှာ နေရာ ရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ပေးခဲ့တာကို ဘာကြောင့် အခွင့်အရေးကြီး တစ်ခုလို့ သတ်မှတ်ခဲ့ကြသလဲ ဆိုတာ အခုမှ သဘောပေါက်တော့၏။
အရင်က နားမလည်ခဲ့သော်လည်း၊ အခုတော့ သူ အမှန်တကယ် နားလည်သွားရလေပြီ။
ပေါင်းစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့် မျှသာ ရှိသေးသော်လည်း၊ ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ် ရန်သူကို အနိုင်ယူနိုင်စွမ်း ရှိသည်။ နင်ချီ၏ အနာဂတ်သည် အကန့်အသတ် မရှိပေ။
ဓားဘိုးဘေးကြီး လည်း ဇဝေဇဝါ ဖြစ်နေ၏။ သူသည် နှစ်ပေါင်းများစွာ နင်ချီနှင့် လက်ရည်ယှဉ်ခဲ့ဖူးပြီး၊ နင်ချီ၏ တိုးတက်မှု အရှိန်အဟုန်ကို ရင်းနှီးပြီးသား ဖြစ်ပါ၏။
‘ဒါပေမဲ့ အခုကျတော့... နင်ချီရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက် အများကြီး ခုန်တက်သွားရတာလဲ။’
လူတိုင်း၏ စိတ်ထဲတွင် ဤမေးခွန်း ရှိနေကြသည်။ ယူဟွာ အဆင့်မြင့်ဂိုဏ်းကို ဖျက်ဆီးခဲ့ချိန်နှင့် ယခုအချိန်သည် သိပ်မကြာသေးပေ။
နင်ချီသည် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး၊ လက်ချောင်းများကို ဖြန့်ကာ၊ ယခုမှ ပြန်ထလာသော ကြယ်ရောင် လူ့ဘီလူးကြီး ဘက်သို့ ချိန်ရွယ်လိုက်သည်။
“'ကြယ်တာရာ ဖျက်ဆီးခြင်း ဓား' ဆိုတာ အဲဒီလို သုံးရတာ မဟုတ်ဘူး...”
ထိုစကား ကြားသောအခါ လူ့ဘီလူးကြီးရော၊ ဘေးမှ ကြည့်နေသူများပါ ကြောင်အသွားကြသည်။
နင်ချီက ထန်မန်ခုန်းနှင့် ညီအစ်ကိုများ ဓားမကြီးကို အသုံးပြုပုံ မှားယွင်းနေကြောင်း လှောင်ပြောင်လိုက်သကဲ့သို့ ဖြစ်နေ၏။
အထူးသဖြင့် ကောင်းကင်တာရာ ဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်း အတွင်းမှ တပည့်များသည် သူတို့ဂိုဏ်း၏ အထွတ်အထိပ် နည်းစနစ်ကို အလွန် ဂုဏ်ယူကြသူများပင်။
နင်ချီ၏ စွမ်းအားကြီးမားမှုကို သူတို့ လက်ခံနိုင်သော်လည်း၊ သူတို့၏ ဘိုးဘေးကြီး သုံးပါးက "ကြယ်တာရာ ဖျက်ဆီးခြင်း ဓား" ကို သုံးပုံမကျဘူးဟု ပြောဆိုလိုက်ခြင်းမှာ လွန်လွန်းနေသည်။
သို့သော် လူနှစ်ယောက်ကတော့ နင်ချီကို မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။ သူတို့ မျက်လုံးထဲတွင် အပြည့်အဝ အထင်ကြီး လေးစားမှုများ ရှိနေ၏။
ထိုသူများမှာ "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားလာသူ "ရှရှင်း" နှင့် အခြား မဟာစွမ်းအားရှင် တစ်ဦး တို့ ဖြစ်ကြသည်။
ထန်ယင်းဟော် သည် ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်၏။
“နင်ချီ... မင်းက ခွန်အားဗလ နည်းနည်း ရှိတာနဲ့ပဲ... ငါတို့ဂိုဏ်းရဲ့ နတ်ဘုရား နည်းစနစ်ကို ဝေဖန်ရဲတယ် ပေါ့လေ.....”
“ညီလေးနှစ်... စိတ်လျှော့ထား... သူက ငါတို့ စိတ်မငြိမ်အောင် တမင် ဆွပေးနေတာ... လူ့ဘီလူးကြီး ပျက်စီးသွားအောင် လုပ်နေတာ... သူ့အကွက်ထဲ ဝင်မသွားစေနဲ့...”
ထိုစကား ကြားမှ ထန်ယင်းဟော် သဘောပေါက်သွားပြီး၊ နင်ချီ၏ ဉာဏ်ဆင်မှုကို ရိပ်မိသွားသည်။
သို့သော် သူ ဉာဏ်အလင်း ပွင့်သွားပြီဟု ထင်လိုက်ချိန်မှာပင်... နင်ချီ၏ လက်ထဲ၌ "ကြယ်တာရာ ဖျက်ဆီးခြင်း ဓား" တစ်လက် ရုတ်တရက် ပေါ်ထွက်လာ၏။
ထိုဓားသည် သာမန် ဓားတစ်လက်၏ အရွယ်အစားသာ ရှိသည်။ သို့သော် တစ်လက်လုံး မဲနက်နေပြီး၊ ဟင်းလင်းပြင်၏ အစိတ်အပိုင်း တစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။
နင်ချီသည် "ကြယ်တာရာ ဖျက်ဆီးခြင်း ဓား" ကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသောအခါ လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ နင်ချီ တကယ်ပဲ ဒီနည်းစနစ်ကို သုံးတတ်တာလား။
အရွယ်အစား အားဖြင့် ထန်မန်ခုန်းတို့၏ ဓားမကြီးကို မယှဉ်နိုင်သော်လည်း၊ ၎င်း၏ နက်မှောင်သော အရောင်အဆင်းနှင့် သိပ်သည်းမှုသည် သူတို့ထက် သာလွန်နေ၏။
လူတိုင်းသည် နင်ချီ လက်ထဲမှ ဓားကို စိုက်ကြည့်နေမိကြသည်။ အစစ်အမှန် ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုကို မြင်နေရသကဲ့သို့၊ မရေမတွက်နိုင်သော ကြယ်များ ပျက်သုဉ်းသွားပြီး "ကြယ်တာရာ သင်္ချိုင်းဂူ" တစ်ခု၊ "တွင်းနက်ကြီး" တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ကြည့်နေသူ အားလုံးသည် မိမိတို့၏ အသိစိတ်နှင့် မူလဝိညာဉ်များ ထိုဓားထဲသို့ ဆွဲယူခြင်း ခံလိုက်ရသကဲ့သို့ ခံစားရပြီး၊ ထာဝရ အထီးကျန်ဆန်မှုကို ခံစားလိုက်ရ၏။
လူတိုင်း၏ စိတ်အာရုံများ တုန်လှုပ်သွားပြီး၊ လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာချိန်တွင်... နင်ချီသည် ဟင်းလင်းပြင်ပေါ်တွင် ခြေလှမ်း တစ်လှမ်းချင်း လှမ်းကာ၊ ကောင်းကင်တာရာ ဂိုဏ်းနှင့် လူ့ဘီလူးကြီး ရှိရာသို့ လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရ၏။
သူ့လက်ထဲမှ ဓားသည် အခြားသူများကို ချိန်ရွယ်ထားခြင်း မဟုတ်ဘဲ၊ ထန်မန်ခုန်းနှင့် ညီအစ်ကို သုံးဦးကိုသာ တိတိကျကျ ချိန်ရွယ်ထားလေသည်။
အခန်း (၆၇၄) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၃)
~ထို့ကြောင့်... ကြယ်တာရာ လူ့ဘီလူးကြီးသည် ဝိညာဉ် ကင်းမဲ့သွားသော ဧရာမ ရုပ်သေးရုပ်ကြီး တစ်ရုပ်ပမာ တောင့်ခဲ ရပ်တန့်နေတော့သည်။
နင်ချီသည် ပေ (၂၀၀) ခန့် အကွာအဝေးတွင် မားမားမတ်မတ် ရပ်နေ၏။ သူ၏ လက်ထဲတွင် "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ကို ကိုင်ဆောင်ထားလျက်၊ လူ့ဘီလူးကြီး ခန္ဓာကိုယ်ထဲရှိ လူသုံးယောက် သတိပြန်ဝင်လာမည့် အချိန်ကို တည်ငြိမ်စွာ စောင့်ဆိုင်းနေ၏။
လေပြေတစ်ချက်သည် ကောင်းကင်ယံကို ဖြတ်သန်း တိုက်ခတ်သွားပြီးနောက်၊ မကြာမီအချိန်တွင် ထန်မန်ခုန်းနှင့် ညီအစ်ကိုများသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။
သူတို့သည် ပေ (၂၀၀) အကွာမှ နင်ချီကို လှမ်းကြည့်လိုက်ကြသည်။ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
“မင်း... မင်းက ဘယ်လိုလုပ်ပြီး ငါတို့ ကောင်းကင်တာရာ ဂိုဏ်းရဲ့ အထွတ်အထိပ် နည်းစနစ်ကို တတ်မြောက်ထားတာလဲ...” ထန်မန်ခုန်း အထိတ်တလန့် အော်ဟစ်မေးမြန်းလိုက်၏။
နင်ချီက တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်၏။
“ခင်ဗျားတို့ရဲ့ အထွတ်အထိပ် နည်းစနစ်က အဲဒီလောက်တောင် ခက်ခဲလို့လား... ကျွန်တော်ကတော့ တစ်ချက်ကြည့်ရုံနဲ့ တတ်သွားတာပဲ...”
သူ၏ စကားသည် ပိုပြောခြင်း မဟုတ်ကြောင်း သက်သေပြသည့်အလား... ချက်ချင်းဆိုသလိုပင် ထန်မန်ခုန်းတို့၏ လူ့ဘီလူးကြီးကို လွှမ်းခြုံထားသော ကြယ်ရောင်တန်း ရာပေါင်းများစွာသည် သူတို့ကို စွန့်ခွာသွားပြီး၊ နင်ချီ ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ပြောင်းရွှေ့ ကျရောက်လာကြသည်။
အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော နင်ချီသည် နှင်းပွင့်များထက်ပင် ပိုမို ဖြူစင်တောက်ပနေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပုံရိပ်သည် ကြယ်ရောင်များကြားတွင် ပျောက်ကွယ်သွားပြီး၊ သူ ရပ်တန့်ခဲ့သော နေရာ၌ (၁၀၀) ဇာ့ [ပေ ၁၀၀၀ ခန့်] မြင့်မားသော ဧရာမ "ကြယ်တာရာ လူ့ဘီလူးကြီး" တစ်ကောင် ပေါ်ထွက်လာ၏။
ထို လူ့ဘီလူးကြီးသည် ကမ္ဘာလောကကို ငုံ့မိုးကြည့်ရှုနေပြီး၊ နေနှင့် လကို ဖမ်းဆုပ်ကာ ကြယ်တာရာများကို လက်ဖြင့် ဆွတ်ခူးနိုင်စွမ်း ရှိသကဲ့သို့ ခန့်ညား ထည်ဝါလွန်းလှသည်။
အောက်ဘက်ရှိ လူအုပ်ကြီးသည် မေးရိုးများ ပြုတ်ကျမတတ် ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေမိကြသည်။ အဆုံးမဲ့သော ကြယ်ရောင်များ လွှမ်းခြုံထားသည့် ပေတစ်ထောင် အမြင့်ရှိ လူ့ဘီလူးကြီးကို ကြည့်ရင်း သူတို့၏ အတွေးများ ကစဥ့်ကလျား ဖြစ်ကုန်ကြသည်။
နင်ချီသည် သူတို့ ကောင်းကင်တာရာ ဂိုဏ်း၏ ကျင့်စဉ်ကို တကယ်ပဲ တတ်မြောက်ထားတာပါလား။
ကောင်းကင်တာရာ ဂိုဏ်းသားများသည် အတုန်လှုပ်ဆုံး ဖြစ်ကြသည်။
သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှု၊ အံ့ဩတုန်လှုပ်မှု၊ ကြောက်ရွံ့မှုနှင့် အရှုံးပေးလိုမှု စသည့် ရှုပ်ထွေးသော ခံစားချက်များ တရစပ် ဖြတ်သန်းသွားကြသည်။ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ယနေ့ကဲ့သို့ ဝိညာဉ်ကို တုန်လှုပ်စေသော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း ကျိန်ပြောရဲသည်။
ထန်မန်ခုန်းနှင့် ညီအစ်ကိုများသည် စကားမပြောနိုင်တော့လောက်အောင် ဆွံ့အသွားကြသည်။ သူတို့ ဖန်တီးထားသော လူ့ဘီလူးကြီးသည် "ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ်" စွမ်းအား ရှိသော်လည်း၊ နင်ချီ၏ ပေတစ်ထောင် အမြင့်ရှိ လူ့ဘီလူးကြီး ရှေ့တွင်မူ မပြောပလောက်သော ပုရွက်ဆိတ်ငယ်လေးများ ကဲ့သို့ သေးကွေးသွားသည်။
ပေတစ်ထောင် လူ့ဘီလူးကြီး၏ လက်ထဲတွင်... နင်ချီ စောစောက ဖန်တီးထားခဲ့သော "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ကို ကိုင်ဆောင်ထားဆဲ။
သို့သော် ထိုဓားသည် ယခုအခါ အလွန် သေးငယ်သွားပုံ ပေါက်နေ၏။ လူ့ဘီလူးကြီး၏ လက်ထဲတွင် သွားကြားထိုးတံ တစ်ချောင်းပမာ ဖြစ်နေလေသည်။
ကိုးလွှာသော ကောင်းကင်ထက်မှ ကရုဏာမဲ့သော "တာအို အသံ" တစ်ခု ဟိန်းထွက်လာ၏။
“ကြယ်တာရာ ဖျက်ဆီးခြင်း ဓား ဆိုတာ ဘယ်လို သုံးရသလဲ ဆိုတာ မင်းတို့ကို ပြမယ်...”
ထိုစကားသံ အဆုံးတွင်... ပေတစ်ထောင် လူ့ဘီလူးကြီး၏ လက်ထဲမှ ဓားမကြီး အတွင်းသို့ ကြီးမားသော အလင်းတန်းများ စီးဝင်သွားသည်။
နင်ချီ၏ ပုံရိပ်သည် ပြန်လည် ထင်ရှားလာပြီး၊ သူ့လက်ထဲမှ ဓားမကြီးသည် ပိုမို နက်မှောင်ကာ ပိုမို နက်ရှိုင်းလာ၏။
ရုတ်တရက်... "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" သည် လေထဲသို့ ပျံတက်သွားသည်။ ဓားသွားသည် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး၊ အတွင်းမှ မရေမတွက်နိုင်သော ကြယ်တာရာ ပုံရိပ်ယောင်များကို ထုတ်လွှတ်လိုက်ကာ၊ အောက်ဘက်ရှိ ထန်မန်ခုန်းတို့၏ လူ့ဘီလူးကြီး အပေါ်သို့ ဖိချလိုက်၏။
ခဏအတွင်းမှာပင်... (၁၀) ဇာ့ မျှသာ ရှိသော ကြယ်ရောင် လူ့ဘီလူးကြီးသည် ကြယ်တာရာ ပုံရိပ်ယောင်များကြားတွင် ပိတ်မိသွားပြီး၊ ပိုက်ကွန် အတွင်း မိနေသော သားကောင်ကဲ့သို့ ဖြစ်သွားသည်။
ပို၍ စိတ်ပျက်အားငယ်ဖွယ် ကောင်းသည်မှာ... သူတို့၏ လူ့ဘီလူးကြီး ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ရောင်များသည် ပတ်ဝန်းကျင်မှ ကြယ်တာရာ ပုံရိပ်ယောင်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းပင်။
ထို့နောက်... ကြယ်တာရာ ပုံရိပ်ယောင်များကို နောက်ခံ အမှောင်ထုကြီးက ဝါးမျိုလိုက်ပြန်သည်။ "ကြယ်တာရာ သင်္ချိုင်းဂူ" ကြီး နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာပြီး၊ ယခုမှ လူလုံးပြန်ပေါ်လာသော ထန်မန်ခုန်းနှင့် ညီအစ်ကို သုံးဦးကိုပါ တပြိုင်နက်တည်း ဝါးမျိုလိုက်လေသည်။
သူတို့ သုံးဦးစလုံး၏ "ခြေလှမ်းဝက် တသားတည်းဖြစ်ခြင်း နယ်ပယ်" စွမ်းအားများကို နင်ချီက တိုက်ရိုက် ရုပ်သိမ်းလိုက်ခြင်းပင်။
လူအုပ်ကြီးသည် ထိုသုံးဦး၏ အသက်ရှူသံကိုပင် အာရုံမခံနိုင်တော့ပေ။ သူတို့သည် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။
မကြာမီ... ထိုသုံးဦး ရှိခဲ့သော နေရာတွင် "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" တစ်လက် ပြန်လည် ပေါ်ပေါက်လာပြီး၊ နင်ချီ၏ လက်ထဲသို့ ပြန်လည် ပျံသန်း ဝင်ရောက်လာ၏။
ကြည့်နေသူ အားလုံး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားကြသည်။
ဟို သုံးယောက် ဘယ်ရောက်သွားတာလဲ။
ဓားထဲကို စုပ်ယူခံလိုက်ရတာလား... ဒါမှမဟုတ် သေသွားကြပြီလား။
ထိုစဉ်၊ နင်ချီသည် ဓားမကြီးကို ညင်သာစွာ ပွတ်သပ်လိုက်၏။
သူ၏ သွယ်လျ ဖြူဝင်းသော လက်ချောင်းများသည် နက်မှောင်သော ဓားသွားပေါ်တွင် ပြေးလွှားနေပုံမှာ ထူးခြားသော အလှတရား တစ်မျိုးကို ဖန်တီးနေ၏။ (အဖြူနှင့် အမည်း၊ အသက်နှင့် သေခြင်းတရားတို့၏ ဆန့်ကျင်ဘက် အလှတရားပင် ဖြစ်သည်)။
ဤဓားသည် ယခင်ကထက် ပိုမို ထက်ရှလာကြောင်း လူတိုင်း ရှင်းလင်းစွာ အာရုံခံမိလိုက်ကြသည်။
ထို့ပြင်... မူလက ဤဓားသည် လူသား၏ စိတ်ဆန္ဒဖြင့် ဖန်တီးထားသော အရာ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ကိုယ်ပိုင် အသွင်သဏ္ဌာန် အပြည့်အဝ ရှိသော အရာဝတ္ထု တစ်ခု ဖြစ်လာလေပြီ။
ကောင်းကင်အောက်မှ ရန်သူများကို သတ်ဖြတ်ပြီး၊ သူတို့၏ သွေးသား ဝိညာဉ်များဖြင့် ဓားသွေးလိုက်သကဲ့သို့... ဤဓားသည် နင်ချီ၏ လက်ထဲတွင် အမှန်တကယ် တည်ရှိနေသော လက်နက်တစ်ခု ဖြစ်လာ၏။
လူတိုင်း တံတွေး တစ်ချက် မျိုချလိုက်မိသည်။ ဒါကမှ အစစ်အမှန် "ကြယ်တာရာ ဖျက်ဆီးခြင်း ဓား" လား။
နင်ချီသည် ထိုသုံးဦး ဘယ်ရောက်သွားကြောင်း ထုတ်မပြောသလို၊ မည်သူမျှလည်း မမေးရဲကြပေ။ ဓားကိုသာ ငေးကြည့်ရင်း မျက်လုံးများ အလိုအလျောက် လှုပ်ခတ်နေမိကြသည်။
နင်ချီသည် ကောင်းကင်တာရာ ဂိုဏ်း၏ "ဂိုဏ်းကာကွယ်ရေး အခင်းအကျင်း" ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ဓားကို အနည်းငယ် မြှောက်လိုက်ရာ၊ ခုတ်ပိုင်းတော့မည့် ဟန် ပေါ်လာ၏။
နောက်တစ်ခဏတွင်... မည်သူမျှ မထင်မှတ်ထားသော အရာ ဖြစ်ပျက်သွားသည်။ ကောင်းကင်တာရာ ဂိုဏ်း၏ အခင်းအကျင်းသည် အတွင်းဘက်မှ နေ၍ ပွင့်သွားပြီး၊ အောက်ဘက်ရှိ ဂိုဏ်းသား အားလုံးကို ထုတ်ဖော်ပြသလိုက်၏။
လူငယ် မဟာစွမ်းအားရှင် တစ်ဦး ပျံသန်း ထွက်ခွာလာပြီး နင်ချီကို ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။
“ကျွန်တော်တို့ ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း အနေနဲ့... ဂိုဏ်းချုပ်နင်ကို သစ္စာခံပါရစေ... အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဦးဆောင်မှုကိုပဲ လိုက်နာပါတော့မယ်... ဂိုဏ်းချုပ်နင် အနေနဲ့ ကျွန်တော်တို့ကို လက်ခံပေးပါရန် နှိမ့်ချစွာ တောင်းပန်အပ်ပါတယ်...”
နင်ချီ ဓားကို ပြန်မချသေးဘဲ၊ ရှေ့မှ လူငယ်နှင့် အောက်ဘက်ရှိ ဂိုဏ်းသားများကို ဝေ့ဝဲ ကြည့်ရှုလိုက်၏။
ဤအချိန်တွင် ဂိုဏ်းသားများသည် နင်ချီနှင့် ပျံသန်းထွက်လာသော လူငယ်ကို ကြည့်ရင်း မျက်ဝန်းများ တုန်ရီနေကြသည်။
ထိုလူငယ်သည် ဂိုဏ်းချုပ် "ရှထျန်းဟယ်" ၏ တူတော်မောင် "ရှရှင်း" ပင် ဖြစ်၏။
လက်ရှိအချိန်တွင် ရှထျန်းဟယ် မှာ "ဖူယောင် နယ်မြေ" မှ ပြန်မရောက်လာသေးပေ။ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး သုံးဦးမှာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ၊ ဂိုဏ်းသား အားလုံးသည် ခေါင်းဆောင်မဲ့ ဖြစ်ကာ စိတ်ပျက်အားငယ်နေကြသည်။
ယခု ရှရှင်းက ရှေ့ထွက်ပြီး နင်ချီနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းထံ အညံ့ခံရန် ဦးဆောင်လိုက်ခြင်းသည်... မျှော်လင့်ချက် ကင်းမဲ့နေသော လူအုပ်ကြီးဆီသို့ မျှော်လင့်ချက် ရောင်ခြည်တန်း တစ်ခု သယ်ဆောင်လာသကဲ့သို့ ဖြစ်သွားသည်။
မည်သူမျှ မသေချင်ကြပေ။ ထို့ကြောင့် ဤအချိန်တွင် ရှရှင်း၏ လုပ်ရပ်ကို မည်သူမျှ မကန့်ကွက်ကြ။
နင်ချီ သူတို့ဘက်သို့ ကြည့်နေသည်ကို မြင်သောအခါ၊ ရှရှင်းနှင့် ရင်းနှီးသော အခြား မဟာစွမ်းအားရှင် လူငယ်တစ်ဦးကလည်း ချက်ချင်း ဦးညွှတ်လိုက်၏။
“ကျွန်တော်လည်း ဂိုဏ်းချုပ်နင်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်...”
ထိုစကားကို ကြားသောအခါ အခြားသူများလည်း လိုက်ပါ လုပ်ဆောင်ကြပြီး တညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
“ကျွန်တော်တို့ အားလုံး ဂိုဏ်းချုပ်နင်ကို သစ္စာခံပါရစေ... အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ဦးဆောင်မှုကိုပဲ လိုက်နာပါတော့မယ်.....”
မျက်စိတစ်မှိတ် အတွင်းမှာပင်... ကောင်းကင်တာရာ ဂိုဏ်းသား အားလုံး နင်ချီကို ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
နင်ချီက.. ရှရှင်းကို တစ်ချက် ကြည့်လိုက်၏။
ရှရှင်းသည် နင်ချီကို မျက်စိတစ်ဖက် အသာမှိတ်ပြလိုက်၏။ (နယ်မြေအရှင်သခင်... ကျွန်တော့်ကို ကောင်းကင်တာရာ ဂိုဏ်းကို အမြန်ဆုံး ထိန်းချုပ်ခွင့် ပေးလိုက်ပါ...) ဟု အဓိပ္ပာယ် ရ၏။
နင်ချီ သက်ပြင်းချလိုက်မိသည်။ ကိုယ့်လူတွေချည်းပဲ ဖြစ်နေတော့လည်း ငြင်းရက်စရာ မရှိ။
ရှရှင်းက ကောင်းကင်တာရာ ဂိုဏ်းကို ထိန်းချုပ်ချင်တယ် ဆိုမှတော့... ပေးလိုက်ရုံပေါ့။
သို့သော် ယုတ္တိရှိစေရန်နှင့် လူအများ ယုံကြည်စေရန် အတွက် နင်ချီ တည်ငြိမ်စွာ ပြောလိုက်၏။
“နှုတ်ကတိ သက်သက်ဖြင့် သက်သေမဖြစ်နိုင်...”
ချက်ချင်းပင် ရှရှင်းသည် ကောင်းကင်သို့ လက်ဟန်ပြလိုက်၏။ သူ၏ ဦးခေါင်းထက်မှ "မူလဝိညာဉ် စွမ်းအား" တစ်ခုသည် မီးခိုးငွေ့တန်း ပမာ အပေါ်သို့ တက်လာ၏။
သူ ကြေညာလိုက်၏။
“ကျွန်တော် ရှရှင်း... မူလဝိညာဉ် စွမ်းအားကို ကောင်းကင်ထက်သို့ ပူဇော်ပြီး... 'ကောင်းကင်လမ်းစဉ် သစ္စာကတိ' ပြုပါတယ်... တစ်သက်လုံး နင်ချီကို အရှင်သခင် အဖြစ် သစ္စာရှိစွာ အမှုတော် ထမ်းရွက်ပါမယ်.....”
သစ္စာ စကားဆုံးသည်နှင့် တပြိုင်နက်... ထို မူလဝိညာဉ် မီးခိုးငွေ့တန်းသည် ဟင်းလင်းပြင်တွင် "ဓမ္မတံဆိပ်တော်" တစ်ခု အဖြစ် စုစည်းသွားပြီး၊ နင်ချီ ရှိရာသို့ ပျံသန်းလာကာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
အခန်း (၆၇၅) - နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင် (အပိုင်း ၄)
~နင်ချီသည် မည်သည့် မသက်မသာဖြစ်မှုမျှ မခံစားရပေ။ ရှရှင်းနှင့် မူလဝိညာဉ် ဆက်နွယ်မှုတစ်ခု တည်ဆောက်လိုက်ပြီး၊ တစ်ဖက်လူကို စိတ်အာရုံတစ်ချက်တည်းဖြင့် အလွယ်တကူ သုတ်သင်နိုင်စွမ်း ရှိသွားသည်။
အမှန်စင်စစ်အားဖြင့်... သူတို့နှစ်ဦးကြားတွင် အလားတူ ဆက်နွယ်မှုမျိုး ရှိနှင့်ပြီးသား ဖြစ်ပါ၏။ ရှရှင်းသည် "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူ ဖြစ်သဖြင့်၊ ယခု သစ္စာဆိုခြင်း လုပ်ရပ်သည် ဟန်ပြသက်သက်မျှသာ..။
သို့သော် အခြားသူများကမူ အတွင်းရေးကို မသိကြပေ။ ရှရှင်း၏ ပြတ်သားမှုကို မြင်သောအခါ ကောင်းကင်တာရာ ဂိုဏ်းသားများသာမက၊ နွားမိစ္ဆာဂိုဏ်းနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများပါ အံ့အားသင့်သွားကြသည်။
ဘုရားရေ... သူ တကယ် လုပ်လိုက်တာပဲ.....
နင်ချီ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မေးလိုက်၏။
“မင်း တော်တယ်... မင်းနာမည် ဘယ်လိုခေါ်လဲ...”
“ကျွန်တော့်နာမည် ရှရှင်း ပါ... ဂိုဏ်းချုပ်ရဲ့ ဆွေမျိုးတော်စပ်ပါတယ်...”
နင်ချီသည် အောက်ဘက်ရှိ ကောင်းကင်တာရာ ဂိုဏ်းသားများကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်၏။ သူ၏လက်ထဲမှ "ကြယ်တာရာ ဖျက်ဆီးခြင်း ဓားမကြီး" ကို အနည်းငယ် နှိမ့်ချလိုက်ပြီး၊ ဓားဦးချွန်ဖြင့် လူအုပ်ကြီးကို တည့်မတ်စွာ ချိန်ရွယ်လိုက်၏။
ချက်ချင်းပင် ကောင်းကင်တာရာ ဂိုဏ်းသား အားလုံးသည် စိတ်မပါသော်လည်း တစ်ခဏမျှပင် မတုံ့ဆိုင်းရဲကြဘဲ "ကောင်းကင်လမ်းစဉ် သစ္စာကတိ" ကို အလျင်အမြန် ပြုလိုက်ကြသည်။
မရေမတွက်နိုင်သော မူလဝိညာဉ် စွမ်းအားများသည် မီးခိုးစိမ်းများပမာ ကောင်းကင်သို့ တက်လာကြသည်။
“ကျွန်တော်/ကျွန်မ... မူလဝိညာဉ် စွမ်းအားကို ကောင်းကင်သို့ ပူဇော်ပြီး ကောင်းကင်လမ်းစဉ် သစ္စာကတိ ပြုပါတယ်... နင်ချီကို တစ်သက်တာ သခင်အဖြစ် သစ္စာရှိစွာ အမှုထမ်းပါမယ်....”
ရှရှင်းကဲ့သို့ပင်... မရေမတွက်နိုင်သော မူလဝိညာဉ် စာချုပ်များသည် နင်ချီထံသို့ တိုးဝင်လာကြသည်။
နင်ချီသည် မည်သည့် ဝန်ထုတ်ဝန်ပိုးမျှ မခံစားရသည့်အပြင်၊ အောက်ဘက်ရှိ ကောင်းကင်တာရာ ဂိုဏ်းသားများနှင့် သခင်-ကျွန် ဆက်ဆံရေး တည်ဆောက်လိုက်သဖြင့် စိတ်အာရုံများ ပိုမို ကြည်လင်လာ၏။
နင်ချီ၏ မူလဝိညာဉ် အာရုံခံနိုင်စွမ်းအောက်တွင် မည်သူမျှ ဟန်ဆောင်ရဲခြင်း မရှိကြပေ။ မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ခြင်း မရှိ။
အတက်အကျ မြင့်မားနေသော သစ္စာဆိုသံများသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။
နွားမိစ္ဆာဂိုဏ်းနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများသည် ဤကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ကောင်းကင်တာရာ ဂိုဏ်းသားများ ကိုယ်တိုင်လည်း မမျှော်လင့်ခဲ့ကြ။ သို့သော် ယခုအချိန်တွင် သူတို့သည် နင်ချီကို သစ္စာခံလိုက်ကြပြီ ဖြစ်ရာ၊ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ "ပေါင်းစည်းခြင်း နယ်ပယ်" ဘိုးဘေးကြီး သုံးဦး သေဆုံးမှုအပေါ် ထားရှိသော ခံစားချက်များလည်း လုံးဝ ပျောက်ကွယ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်များသည် သခင်နင်ချီကို မလေးစားရာ ရောက်သောကြောင့် ဖြစ်ပါ၏။
ဤဘဝတွင် နင်ချီအပေါ် မည်သည့် မကောင်းသော စိတ်မျှ မထားရှိရဲတော့ပေ။
နင်ချီက ရှရှင်းကို ကြည့်ပြီး မေးလိုက်သည်။
“ဒီနေ့ကစပြီး... မင်းက ကောင်းကင်တာရာ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ... လက်ခံနိုင်မလား...”
ရှရှင်းက အလျင်အမြန်.. ဦးညွှတ်လိုက်၏။
“လက်ခံပါတယ်...”
“မင်းတို့အားလုံး ရှင်းရှင်းလင်းလင်း ကြားကြရဲ့လား...”
ချက်ချင်းပင် ကောင်းကင်တာရာ ဂိုဏ်းသားများက တညီတညွတ်တည်း ဖြေကြားကြသည်။
“ ကြားပါတယ်.....”
အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် နွားမိစ္ဆာဂိုဏ်းသားများသည် ဤတိုက်ပွဲတွင် ခွန်အားစိုက်ထုတ်စရာ မလိုလိုက်ရသော်လည်း၊ လက်ရှိ အခြေအနေကို အလွန် ကျေနပ်နေကြသည်။
ရှရှင်းက ပြောလိုက်၏။
“အခု ကောင်းကင်တာရာ ဂိုဏ်းနဲ့ ဂိုဏ်းနှစ်ဂိုဏ်း မဟာမိတ် ဖြစ်သွားပြီ ဆိုတော့... မဟာမိတ်တွေ ရောက်လာတုန်း ကျွန်တော်တို့ ဧည့်ခံပါရစေ... ဂိုဏ်းထဲ ဝင်ပြီး ဆွေးနွေးကြတာပေါ့...”
နင်ချီ ကောင်းကင်တာရာ ဂိုဏ်းထဲသို့ ရှေ့ဆုံးမှ ပျံသန်း ဝင်ရောက်သွားသည်။
ထို့နောက် ရှရှင်း၊ ပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များ အစဉ်လိုက် လိုက်ပါသွားကြလေသည်။
ရှရှင်း၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ကောင်းကင်တာရာ ဂိုဏ်းကို လှည့်လည် ကြည့်ရှုကြ၏။
ကျန်ရှိသော ကောင်းကင်တာရာ ဂိုဏ်းသားများသည် ကြိုဆိုပွဲ၊ ဧည့်ခံပွဲအတွက် အသီးသီး ပြင်ဆင်ကြသည်။
အရက် သုံးပတ်လည်၊ ဟင်းပွဲ ငါးမျိုး ချပြီးချိန်တွင်... ကောင်းကင်တာရာ ဂိုဏ်းသားများသည် လက်ရှိ အမှန်တရားကို ရင်ထဲမှ အပြည့်အဝ လက်ခံလိုက်ကြပြီတည်း။
တစ်စုံတစ်ယောက်က ပြန်မရောက်သေးသော ဂိုဏ်းချုပ်ဟောင်း "ရှထျန်းဟယ်" အကြောင်း မေးမြန်းလိုက်၏။
“ဘယ်လို ဆက်လုပ်ကြမလဲ”
ရှရှင်းက ပြတ်သားစွာဖြင့်၊
“ဦးလေးကို အရင် ဖမ်းချုပ်ရမယ်... ပြီးမှ ဂိုဏ်းချုပ်နင်ဆီ သစ္စာဆိုခိုင်းရမယ်...”
လူတိုင်း သူ့ကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။။
ရှထျန်းဟယ် ပြန်ရောက်လာရင် ကြောက်ပြီး သေမလား၊ ဒေါသထွက်ပြီး သေမလား မသိနိုင်ပေမယ့်... ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဂိုဏ်းချုပ် ရာထူးကတော့ ဆုံးရှုံးသွားပြီပင်။
သူ့တူတော်မောင်က နေရာယူထားလိုက်ပြီ မဟုတ်ပါလော။
နောက်ပိုင်းတွင်... နင်ချီသည် ကောင်းကင်တာရာ ဂိုဏ်း၌ နေရာ ရွှေ့ပြောင်း အခင်းအကျင်း တစ်ခု တည်ဆောက်ပေးခဲ့ပြီးနောက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများကို ပြန်လည် ခေါ်ဆောင်သွားခဲ့၏။
သဘာဝကျကျပင်... ဤသတင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်း၌ ကြီးမားသော လှုပ်ရှားမှုကြီး ဖြစ်ပေါ်စေခဲ့သည်။
ကောင်းကင်တာရာ အဆင့်မြင့်ဂိုဏ်း ကျဆုံးခြင်းနှင့် နင်ချီထံသို့ အစုလိုက်အပြုံလိုက် သစ္စာခံခြင်း သတင်းသည် မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေ နှစ်ခုလုံးသို့ လျင်မြန်စွာ ပေါက်ကြာသွားသည်။
တောင်ပိုင်း အစစ်အမှန်နယ်မြေ ရှိ ကျန်ရစ်သော ဂိုဏ်းငယ်များသည် ကောင်းကင် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြ၏။
သူတို့သည် သာမန် အဆင့်မြင့်ဂိုဏ်းများသာ ဖြစ်ကြပြီး၊ ဂိုဏ်းထဲတွင် အားအကောင်းဆုံး သူများမှာ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" မျှသာ ရှိကြသည်။ ငှက်ကလေးများ လန့်ပျံသကဲ့သို့... သူတို့သည် တမန်တော်များ ဆက်တိုက် စေလွှတ်ကာ အကန့်အသတ်မဲ့ ဓားဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ရန်၊ ဦးဆောင်မှုကို ခံယူရန် ကမ်းလှမ်းလာကြတော့၏။
ထိုအထဲတွင် မဟာစွမ်းအားရှင် အများအပြား ပါဝင်ပြီး၊ သူတို့သည်လည်း "အစစ်အမှန်သိုင်း ကမ္ဘာ" မှ ဝင်စားသူများ ဖြစ်ကြသည်။
ထို့ကြောင့် နင်ချီသည် ဂိုဏ်းအသီးသီး၏ ကမ်းလှမ်းမှုများကို လက်ခံလိုက်၏။
ဘာပဲဖြစ်ဖြစ်... ထိုဂိုဏ်းများထဲတွင် သူ့လူများ ရှိနေပြီးသား ဖြစ်သဖြင့်၊ ဂိုဏ်းများကို အမြဲ စောင့်ကြည့် ထိန်းချုပ်ထားနိုင်သည်။ သစ္စာဖောက်မည့် အန္တရာယ်ကို လုံးဝ ကြောက်စရာ မလိုပေ။
တဖြည်းဖြည်းနှင့်... နင်ချီသည် နယ်မြေနှစ်ခုလုံး၏ အရှင်သခင် "နယ်မြေအရှင်" အဖြစ် လေးစားခံလာရ၏။
ဂိုဏ်းအပေါင်းက "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ပြန်လည် ပေါ်ပေါက်လာတော့မည်ကို သိရှိကြသဖြင့်... နင်ချီအား "နက်ရှိုင်းသော သစ္စာတရား နယ်မြေအရှင်သခင်" ဟု ခေါ်ဝေါ် သမုတ်ကြလေတော့သည်။