အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
Chapter 529: ပေါင်းစပ်ရွှေရွှံ့နှင့် နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်
ယဲ့ယန်သည် အမှန်တကယ်ပင် ထူးခြားဆန်းပြားလှသော ကံတရားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် သူ၏ကံတရားက မည်မျှပင် ကောင်းမွန်နေပါစေ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် လုံလောက်သော အစွမ်းသတ္တိတော့ ရှိရပေမည်။ ယခုအခါ ယဲ့ယန် ပိုမိုသန်မာလာသည်ကို မြင်ရသဖြင့် ရှန်မိုသည်လည်း သဘာဝကျကျပင် ဝမ်းသာမိ၏။
"ဒီကာလအတွင်းမှာ မင်း နတ်ဆိုးမျိုးနွယ်စုရဲ့ ယဇ်ပလ္လင် တည်နေရာ တော်တော်များများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာပဲ… ဒါက တကယ့်ကို ကြီးမားတဲ့ အကျိုးပြုမှုပဲ… အခြေစိုက်စခန်းက နတ်ဆိုးနှိမ်နင်းရေး အစောင့် တော်တော်များများကလည်း မင်းကို ချီးကျူးနေကြတယ်"
ရှန်မိုမှ ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားရသောအခါ ယဲ့ယန်၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှု တစ်မျိုး ဖြစ်ပေါ်လာသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိုနတ်ဆိုးယဇ်ပလ္လင်များကို ရှာဖွေတွေ့ရှိရန် နတ်ဆိုးနှိမ်နင်းရေး အစောင့်များကို ဦးဆောင်ခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဖြတ်တောက်ခံထားရသော ခြေလက်အင်္ဂါများကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ သူ၏ အခန်းကဏ္ဍ တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ဆိုနိုင်၏။
ယဇ်ပလ္လင်များကို ရှာဖွေတွေ့ရှိသည့် ဖြစ်စဉ်များမှာလည်း အမြဲတမ်း ထူးဆန်းလှသည်။ တစ်ခါတစ်ရံတွင် သူတို့သည် အဆင့်နိမ့်နတ်ဆိုးများကို သယ်ဆောင်လာသည့် စစ်မှန်သော နတ်ဆိုးအုပ်စုတစ်စုနှင့် မတော်တဆ ဆုံမိတတ်ပြီး ၎င်းတို့နောက်သို့ လိုက်သွားရုံနှင့် ယဇ်ပလ္လင်များကို လွယ်လွယ်ကူကူ ရှာတွေ့သွားတတ်သည်။ အချို့အချိန်တွင်မူ အစွမ်းထက်သော နတ်ဆိုးများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရစဉ် မြေအောက်ဂူများထဲသို့ မတော်တဆ ကျသွားတတ်ပြီး ဟိုဟိုဒီဒီ လျှောက်သွားရင်းနှင့်ပင် နတ်ဆိုးယဇ်ပလ္လင် တည့်တည့်သို့ ရောက်သွားတတ်သည်။ အရာအားလုံးမှာ ဘာအခက်အခဲမျှမရှိဘဲ ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။ သူ၏ အံ့ဩစရာကောင်းလှသော ကံတရားက နောက်တစ်ကြိမ် ထပ်မံ အလုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။
ဤမျှလောက် အထင်ကြီးစရာကောင်းသော စွမ်းဆောင်ရည်မျိုးကြောင့် ရှန်မိုပင်လျှင် အံ့အားသင့်သွားလိမ့်မည်ဟု သူ ထင်နေလေ၏။
ထိုသို့ တွေးမိသည်နှင့် ယဲ့ယန်သည် ရင်ကိုမတ်၊ မေးကိုမော့ကာ အလွန်အမင်း ဂုဏ်ယူမိသွားတော့သည်။ သို့သော် ခဏအကြာတွင် သူ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ရှန်မို၏ အသိအမှတ်ပြုမှုကို ရရုံနှင့် သူ ဘာကြောင့် ဒီလောက်အထိ ဂုဏ်ယူနေရတာလဲ။
၎င်းမှာ အဓိပ္ပာယ်မရှိပေ။
ရှန်မိုက ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလို့လား သို့မဟုတ် သူ၏ စစ်ရေးအောင်မြင်မှုများကြောင့်လား။ သူကိုယ်တိုင်မှာလည်း ထူးခြားသော ပါရမီရှိပြီး ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ကံတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ရှန်မိုကဲ့သို့သော သူတစ်ယောက်၏ အရိပ်အောက်တွင် သူ ဘာကြောင့် အမှောင်ကျနေရမည်နည်း။
ထိုသို့ တွေးမိသည်နှင့် ယဲ့ယန်သည် ထိုဂုဏ်ယူနေသော ခံစားချက်ကို ချက်ချင်းပင် လွှင့်ပစ်လိုက်သည်။ မည်သူ့၏ အသိအမှတ်ပြုမှုကြောင့်မှ သူ ဂုဏ်ယူနေရန် မလိုပေ။ သူသည် ထိုသူတို့အားလုံးကို ကျော်တက်ရန် ကံပါလာသူ ဖြစ်သည်။ ရှန်မိုအပါအဝင် အားလုံးမှာ နောက်ဆုံးတွင် သူ၏ ခြေနင်းတုံးများသာ ဖြစ်လာကြပေလိမ့်မည်။
ယဲ့ယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ရှန်မို သတိပြုမိသော်လည်း အသာအယာသာ ပြုံးလိုက်သည်။ သူ ဘာမှ အများကြီး မပြောတော့ဘဲ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"မမရွှမ် မင်းကို ပေးခိုင်းလိုက်တဲ့ ပစ္စည်းက ဘယ်မှာလဲ"
ယဲ့ယန်မှ ခေါင်းငြိမ့်ပြပြီး သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။ သူ၏ လက်ဖဝါးထဲတွင် သေတ္တာနှစ်လုံး ပေါ်လာ၏။ ၎င်းတို့မှာ ပုံသဏ္ဌာန်ချင်း လုံးဝ မတူကြပေ။
တစ်ခုမှာ အနက်ရောင်စစ်စစ်ဖြစ်ပြီး အလွန်အမင်း လေးလံလှသည်။ အခြားတစ်ခုမှာမူ အပြစ်ပြောစရာမရှိသော ကျောက်စိမ်းဖြူကဲ့သို့ လှပလှသည်။
ယဲ့ယန်မှ ရှင်းပြလိုက်၏။
"အနက်ရောင်သေတ္တာထဲမှာ 'ပေါင်းစပ်ရွှေရွှံ့' ပါပါတယ်… ဒီရတနာက ဘယ်အရာကိုမဆို အရည်ပျော်စေနိုင်လို့ သတ္တုလုံးဝ မပါတဲ့ သေတ္တာထဲမှာပဲ သိမ်းထားရပါတယ်… ဒါကြောင့် ဗိုလ်ချုပ်ကျူးက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ 'အေးစိမ့်ယင်းသစ်သား' နဲ့ ဒီသေတ္တာကို ကိုယ်တိုင်လုပ်ပြီး ပေါင်းစပ်ရွှေရွှံ့တွေကို သိမ်းဆည်းခဲ့တာပါ"
သူက ပြောရင်းနှင့် အနက်ရောင် သစ်သားသေတ္တာကို ဖွင့်ပြလိုက်ရာ အတွင်း၌ ပျစ်ခဲနေသော ရွှေဝါရောင် အရာဝတ္ထုများကို မြင်လိုက်ရသည်။ ၎င်းမှာ ထိပ်တန်း ကောင်းကင်အဆင့် ရတနာဖြစ်သော ပေါင်းစပ်ရွှေရွှံ့ပင် ဖြစ်သည်။
ထို့နောက် ယဲ့ယန် အခြားသေတ္တာတစ်လုံးကို ဖွင့်လိုက်ရာ အတွင်း၌ လက်သီးဆုပ်ခန့်ရှိသော သာမန်ကာလျှံကာ အနက်ရောင်ကျောက်တုံးတစ်တုံးသာ ပါရှိသည်။
"ဒီထဲမှာတော့ 'နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်' ပါဝင်ပါတယ်… နှစ်ပေါင်းများစွာအတွင်းမှာ ဒါဟာ နတ်ဘုရားမိုးကြိုးအရှိန်အဝါတွေကို စုပ်ယူထားခဲ့ပြီး အခုဆိုရင် နတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းအားရှိနေပါပြီ… ဗိုလ်ချုပ်ကျူး ပြောတာကတော့ အကယ်၍ ကျွန်တော်တို့ဆီမှာ နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်တွေ လုံလောက်အောင် ရှိမယ်ဆိုရင် နံပါတ်တစ် နတ်ဆိုး 'အန်းချန်း' ကိုတောင် အရှင်လတ်လတ် မြေမြှုပ်ပစ်လို့ ရတယ်လို့ ဆိုပါတယ်… ကံမကောင်းတာက ဒီပစ္စည်းဟာ တကယ့်ကို ရှားပါးလွန်းတာပါ… အခုထိတော့ ဗိုလ်ချုပ်ကျူးလည်း ဒီတစ်တုံးပဲ ရှာတွေ့ပါသေးတယ်"
ယဲ့ယန် ဆက်ပြောလိုက်သည်။
"နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်ဟာ စွမ်းအင်တွေကို အမြဲတမ်း ထုတ်လွှတ်နေတာကြောင့် ကျောက်စိမ်းသေတ္တာထဲမှာပဲ သိမ်းထားရပါတယ်… ဒီသေတ္တာကိုတော့ ဗိုလ်ချုပ်ကျူးက အထူးရွေးချယ်ထားတဲ့ 'ဗျိုင်းဖြူကျောက်စိမ်း' နဲ့ လုပ်ထားတာပါ… ဗျိုင်းဖြူတွေရဲ့ အရှိန်အဝါကို ထည့်သွင်းထားပြီးနောက်မှာတော့ မိုးကြိုးကျောက်ရဲ့ စွမ်းအင်တွေကို လုံးဝ လုံခြုံအောင် ပိတ်လှောင်ထားနိုင်ပြီး အပြင်ကို ယိုစိမ့်မှု မရှိတော့ပါဘူး"
ရှန်မိုမှ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
သူ ဆေးဖော်စပ်ရန်အတွက် ဤရတနာများ လိုအပ်ကြောင်း ကျူးရွှမ်ကျီးကို ပေါ့ပေါ့ပါးပါးသာ ပြောခဲ့ခြင်း ဖြစ်သည်။ ကျူးရွှမ်ကျီးအနေဖြင့် တကယ်ကြီး ပို့ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့အပြင် ကျူးရွှမ်ကျီးသည် အလွန်ပင် စေ့စပ်သေချာလှ၏။ ပေါင်းစပ်ရွှေရွှံ့နှင့် နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက် နှစ်ခုလုံးမှာ ရှားပါးပြီး တန်ဖိုးဖြတ်မရနိုင်သော အရာများ ဖြစ်သည်။ ၎င်းတို့ကို သိမ်းဆည်းထားသည့် သေတ္တာများပင်လျှင် ထိပ်တန်း မြေကမ္ဘာအဆင့် ရတနာများ ဖြစ်ကြ၏။ သို့ပါလျက်နှင့် ကျူးရွှမ်ကျီးမှာ အကုန်အကျခံကာ သူ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားကို ကိုယ်တိုင်လာပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။
ကျူးရွှမ်ကျီးမှာ ရှန်မိုနှင့် သူ၏ ခင်မင်ရင်းနှီးမှုကို အလွန်တန်ဖိုးထားကြောင်း ထင်ရှားလှ၏။
"ပြန်သွားပြီး မမရွှမ်ကို ပြောလိုက်ပါ… ရတနာတွေအတွက် ကျေးဇူးတင်ပါတယ်လို့"
ရှန်မိုမှ ပြုံးလျက် ပြောလိုက်သည်။
"နားလည်ပါပြီ"
ယဲ့ယန်သည် နှုတ်ဆက်ပြီးနောက် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
သူသည် ထိုနေရာတွင် တစ်စက္ကန့်မျှပင် ထပ်မနေချင်တော့ပါချေ။
Chapter 530: အဆင့်နိမ့် သူတော်စင်အဆင့်ဆေး
ရှန်မိုသည် ယဲ့ယန်၏ ကံကြမ္မာစနစ်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ အောက်ပါအတိုင်း မြင်တွေ့လိုက်ရသည်။
[မကြာမီ ကြုံတွေ့ရမည့် ကံကောင်းမှု ၁ - တစ်လအကြာတွင် "နတ်ဘုရားမီးလျှံ ဓမ္မရုပ်ပွားတော်" ကို အောင်မြင်စွာ စုစည်းနိုင်ပြီး ဓမ္မရုပ်ပွားတော်အဆင့်သို့ တရားဝင် တက်လှမ်းနိုင်လိမ့်မည်။ သူ၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်မားသွားမည်ဖြစ်ပြီး နတ်ဆိုးနှိမ်နင်းရေး အစောင့်များ၏ အလွန်အမင်း လေးစားမှုကို ရရှိလိမ့်မည်။]
[မကြာမီ ကြုံတွေ့ရမည့် ကံကောင်းမှု ၂ - လေးလအကြာတွင် သူသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်များကို ဦးဆောင်၍ အခြေစိုက်စခန်းအသစ်တစ်ခု တည်ဆောက်မည်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ ခုခံမှုနှင့် ရင်ဆိုင်ရလိမ့်မည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် နတ်ဆိုးဧကရာဇ်တစ်ပါးထံမှ အဆင့်နိမ့် "သူတော်စင်အဆင့်" စိတ်ဝိညာဉ်လက်နက် အပိုင်းအစတစ်ခုကို ရရှိလိမ့်မည်။ ၎င်းကို သူ၏ ကိုယ်ပိုင်ဓားအတွင်းသို့ ထည့်သွင်းသန့်စင်ပြီးနောက် သူ၏ဓားကို အဆင့်နိမ့် "ကောင်းကင်အဆင့်" စိတ်ဝိညာဉ်လက်နက်အဖြစ် အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်လိမ့်မည်။]
[မကြာမီ ကြုံတွေ့ရမည့် ကံကောင်းမှု ၃ - ငါးလအကြာတွင် သူသည် နတ်ဆိုးဧကရာဇ် အတော်များများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရမည်ဖြစ်ပြီး သုံးရက်တိုင်တိုင် ပြင်းထန်စွာ တိုက်ခိုက်ရလိမ့်မည်။ သူ၏ နတ်ဘုရားမီးလျှံ ဓမ္မရုပ်ပွားတော်ကို ထပ်ခါတလဲလဲ အသက်သွင်းခဲ့ရပြီး နောက်ဆုံးတွင် မီးလျှံအတွင်းမှ တစ်ဖန်ပြန်လည် မွေးဖွားလာကာ ထိပ်တန်း ကောင်းကင်အဆင့် ရုပ်ပွားတော်အဖြစ် အဆင့်တက်သွားလိမ့်မည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ဓမ္မရုပ်ပွားတော် အလယ်အလတ်အဆင့်သို့ ကျော်ဖြတ်သွားနိုင်လိမ့်မည်။]
[မကြာမီ ကြုံတွေ့ရမည့် ကံကောင်းမှု ၄ - တစ်နှစ်အကြာတွင် ဆဋ္ဌမအလွှာ၏ အနောက်တောင်ဘက်သို့ ဒဏ်ရာရနေသော နတ်ဆိုးဧကရာဇ်တစ်ပါးကို လိုက်လံတိုက်ခိုက်စဉ် ထူးဆန်းသော အလင်းရောင်တစ်ခုကို မရည်ရွယ်ဘဲ သတိပြုမိလိမ့်မည်။ ရှာဖွေကြည့်သောအခါ သေးငယ်သော ဟင်းလင်းပြင် ဝဲဂယက်တစ်ခုကို တွေ့ရှိလိမ့်မည်။ သူ ပြန်ထွက်ခါနီးအချိန်တွင် ထိုဝဲဂယက်ထဲမှ ပျက်စီးနေသော "ဟင်းလင်းပြင်လွန်းပျံယာဉ်" တစ်စီး ထွက်ပေါ်လာလိမ့်မည်။]
[မကြာမီ ကြုံတွေ့ရမည့် ကံကောင်းမှု ၅ - ...]
ရှန်မို စဉ်းစားခန်း ဝင်သွားသည်။ ဟင်းလင်းပြင်လွန်းပျံယာဉ်။
ဒါဟာ ယဲ့ယန် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်တဲ့ အဓိကသော့ချက် ဖြစ်ရမယ်။
သူ ထိုလွန်းပျံယာဉ်ကို ရအောင်ယူရမည်။ ၎င်းရှိလျှင် ရှန်မိုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းရန် ယဲ့ယန်ကို အားကိုးနေစရာ မလိုတော့ပေ။ ယဲ့ယန်အတွက်မူ ဤမျှလောက် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ကံတရားရှိနေမှတော့ အခြားသော အခွင့်အရေးတစ်ခုကို သဘာဝကျကျပင် ထပ်မံတွေ့ရှိဦးမည်သာ ဖြစ်သည်။ သူသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် ကိုယ့်နည်းကိုယ့်ဟန်နှင့် လမ်းစရှာတွေ့သွားမည်မှာ သေချာသည်။ သူ့အတွက် စိုးရိမ်နေစရာ မလိုပါချေ။
"နောက်တစ်ဆင့်ကတော့ ဆေးစတင်ဖော်စပ်ဖို့ပဲ"
ရှန်မိုသည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရတနာအမျိုးမျိုးကို စတင်ထုတ်ယူလိုက်သည်။ နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်၊ ပေါင်းစပ်ရွှေရွှံ့နှင့် အခြားသော ပစ္စည်းများမှာ အလွန်ရှားပါးသော ဆေးလုံးတစ်လုံးအတွက် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ ထိုဆေးလုံးကို "ရွှေကျောက်စိမ်းဆေးလုံး" ဟု ခေါ်သည်။ အဆင့်နိမ့် သူတော်စင်အဆင့် ဆေးလုံးတစ်လုံးပင်။
၎င်း၏ ဆေးနည်းမှာ "ကိုးဆင့်ဆေးပညာကျမ်း" မှ လာခြင်းမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကိုးဆင့်ဆေးပညာကျမ်းတွင် အများဆုံး ကောင်းကင်အဆင့် ဆေးနည်းများအထိသာ ပါဝင်သည်။ ရွှေကျောက်စိမ်းဆေးလုံး၏ နည်းပညာမှာ "ကောင်းကင်တာအို ဘဏ္ဍာတိုက်" မှ ရရှိခဲ့ခြင်း ဖြစ်သည်။ ရှန်မိုသည် ၎င်းအတွက် "အဆင့်အေ" စစ်မှုထမ်းကောင်း ရမှတ် သုံးဆယ်နှင့် လဲလှယ်ခဲ့ရလေ၏။ "ဓမ္မရုပ်ပွားတော် ရွှေဆေးလုံး" နှင့် "ထိုက်ရိ သန့်စင်သောအဆီအနှစ်ဆေးလုံး" ကဲ့သို့ပင် ဤဆေးလုံးမှာလည်း ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများ သောက်သုံးရန်နှင့် သန့်စင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် ရွှေကျောက်စိမ်းဆေးလုံးသည် အသုံးပြုသူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ် အလွန်အမင်း တင်းကျပ်သော တောင်းဆိုမှုများ ရှိသည်။ သာမန်ကျင့်ကြံသူများသည် ကြီးမားလှသော နာကျင်မှုကို မခံစားနိုင်ဘဲ ဖြစ်စဉ်အတွင်း သတိလစ်သွားတတ်ကြသဖြင့် ဆေးစွမ်းများ အလဟဿဖြစ်ကာ ရည်ရွယ်ချက် ပျက်စီးသွားတတ်သည်။ ၎င်းမှာ အမြတ်ထက် အရှုံးက ပိုများပေလိမ့်မည်။
သို့သော် ရှန်မိုမှာမူ မတူပေ။
တူညီသောအဆင့်ရှိ ကျင့်ကြံသူများထဲတွင် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ထိပ်ဆုံးက ဖြစ်သည်။ ဓမ္မရုပ်ပွားတော် ရွှေဆေးလုံးနှင့် ထိုက်ရိ သန့်စင်သောအဆီအနှစ်ဆေးလုံးတို့ကိုမူ သူ ဆက်လက် မဖော်စပ်တော့ပေ။ ၎င်းတို့၏ ပါဝင်ပစ္စည်းများမှာ အလွန်ရှားပါးလှပြီး ရာစုနှစ်တစ်ခုအတွင်း ဆေးတစ်လုံးပင် မြင်ရဖို့ မလွယ်ကူလှပေ။ ၎င်းတို့ကို ကောင်းကင်တာအို ဘဏ္ဍာတိုက်မှ လဲလှယ်ယူရန်မှာလည်း စရိတ်စက အလွန်ကြီးမားလွန်းလှ၏။ ရှန်မိုကဲ့သို့ ချမ်းသာသူပင်လျှင် ထိုကဲ့သို့သော ကုန်ကျစရိတ်ကို မတတ်နိုင်ပါချေ။
ထို့ကြောင့်ပင် ရှန်မိုသည် ရွှေကျောက်စိမ်းဆေးလုံးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ပါဝင်ပစ္စည်းများကို ရှာဖွေရသည်ချင်း နှိုင်းယှဉ်ကြည့်လျှင် ပို၍ လွယ်ကူသည်။ ရှာရခက်သော ပစ္စည်းနှစ်ခုမှာ နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်နှင့် ပေါင်းစပ်ရွှေရွှံ့တို့သာ ဖြစ်သည်။ ယခုအခါ ကျူးရွှမ်ကျီးက ၎င်းတို့ကို သူ့ထံ ပို့ပေးခဲ့လေပြီ။
"ဆေးဖော်စပ်ခြင်းကို စတင်မယ်!"
"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဓမ္မရုပ်ပွားတော်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ… ကမ္ဘာမြေရဲ့ သဘာဝရတနာတွေကိုပဲ အားကိုးနေမယ်ဆိုရင် တိုးတက်မှုက အရမ်းနှေးကွေးလိမ့်မယ်"
"ငါ့ရဲ့ တိုးတက်မှုကို အရှိန်မြှင့်ဖို့အတွက် ရွှေကျောက်စိမ်းဆေးလုံးလို သူတော်စင်အဆင့် ဆေးလုံးကိုပဲ အားကိုးရမယ်… ဒါမှလည်း ငါးနှစ်အတွင်းမှာ နိဗ္ဗာန်အဆင့်ကို ကျော်ဖြတ်နိုင်မှာ”
ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် သူသည် ချီထျန်းမျက်လုံး ဓမ္မရုပ်ပွားတော်ကို ချက်ချင်း အသက်သွင်းလိုက်၏။
ထို့နောက် ဆေးနည်းအတိုင်း လိုက်နာပြီး နည်းစနစ်တစ်ခုချင်းစီကို ဂရုတစိုက် စဉ်းစားကာ ဆေးကို စတင်ဖော်စပ်တော့သည်။ နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်နှင့် ပေါင်းစပ်ရွှေရွှံ့တို့မှာ အကန့်အသတ်နှင့်သာ ရှိသည်။ သူ့မှာ အမှားခံနိုင်သည့် အခွင့်အရေး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ရှိ၏။ ထို့ကြောင့် အကောင်းဆုံးမှာ လုံးဝ မမှားစေရန် ဖြစ်သည်။ ချီထျန်းမျက်လုံး ဓမ္မရုပ်ပွားတော်သည် သူ၏ အာရုံခံနိုင်စွမ်းနှင့် စိတ်ကြည်လင်မှုကို မြှင့်တင်ပေးသဖြင့် ဆေးဖော်စပ်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတို့အတွက် အထူးပင် သင့်လျော်လှပေသည်။
Chapter 531: ကောင်းကင်အဆင့် ဆေးဝါးရရှိခြင်း
ရက်အနည်းငယ် ကြာပြီးနောက်။
ရှန်မို၏ ဝင်းခြံအတွင်း၌။
သူသည် ဆေးဖိုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး စိတ်ထဲတွင်လည်း စိုးရိမ်စိတ်များ အနည်းငယ် မြင့်တက်နေသည်။ ရှန်မို ယခင်က ဆေးလုံးများစွာကို ဖော်စပ်ခဲ့ဖူးသော်လည်း "သူတော်စင်အဆင့်" ဆေးလုံးကို ကြိုးစားဖော်စပ်ခြင်းမှာမူ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးပြီ ဖြစ်၏။ ဤတစ်ကြိမ်မှာမူ သူ၏ တတိယအကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်လေသည်။ သူတော်စင်အဆင့် ဆေးလုံး၏ ပါဝင်ပစ္စည်းများမှာ အလွယ်တကူ ရနိုင်သောအရာများ မဟုတ်ပေ။ ရှန်မိုအနေဖြင့် တတိယအကြိမ် ထပ်မံ၍ မကျရှုံးလိုပါချေ။
"ဒါဟာ ဆေးလုံး စတင်ဖွဲ့စည်းတဲ့ အခိုက်အတန့်ပဲ"
"အခု နောက်ဆုံးအဆင့်ကို ရောက်ပြီ”
သူသည် အသက်ကို ဖြည်းဖြည်းချင်း မှန်မှန်ရှူထုတ်လိုက်ပြီး သူ၏ လက်ဖဝါးကို ရုပ်သိမ်းလိုက်သည်။ ထိုအခါ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ နောက်သို့ ဆုတ်ခွာသွားသည်။ "နေမင်းအဆီအနှစ်မီး" ၏ မီးလျှံများသည် တဖြည်းဖြည်း အားနည်းသွားပြီး နောက်ဆုံးတွင် တိတ်ဆိတ်စွာ လောင်ကျွမ်းနေသော မှိန်ဖျော့ဖျော့ ငြင်သာသည့် မီးလျှံလေးအဖြစ်သို့ လျော့ကျသွားတော့သည်။
ဝေါကနဲ!
ဆေးဖိုအတွင်း၌ ဆေးရည်များသည် လျင်မြန်စွာ ပေါင်းစည်းသွားပြီး ဆေးလုံးတစ်လုံးအဖြစ် ဖြစ်ပေါ်လာသည်။ ရှန်မိုသည် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေသည်။ သူ၏ ဒုတိယအကြိမ်မြောက် "ရွှေကျောက်စိမ်းဆေးလုံး" ဖော်စပ်မှုမှာ ဤအခိုက်အတန့် ဆေးလုံးဖွဲ့စည်းသည့် အချိန်မှာပင် အတိအကျ ကျရှုံးခဲ့ခြင်း ဖြစ်သည်။ သူသည် မီးလျှံ၏ ပြင်းအားကို ထိန်းချုပ်မှု လွတ်သွားသဖြင့် ဆေးလုံးမှာ ပုံစံမကျမီမှာပင် ကြွေမွပျက်စီးသွားခဲ့ရသည်။ ထိုကဲ့သို့သော ရလဒ်မျိုးသည် ဆေးစွမ်းကို အကြီးအကျယ် လျော့နည်းသွားစေပြီး ဘေးထွက်ဆိုးကျိုးဖြစ်သော အဆိပ်အတောက်များကိုသာ ပိုမိုပြင်းထန်စေသဖြင့် ဆေးလုံးကို အသုံးမပြုနိုင်တော့ဘဲ လုံးဝ အလဟဿ ဖြစ်သွားစေသည်။
ဝေါ— ဝေါ— ဝေါ!
နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော မြည်ဟီးသံများမှာ ဆေးဖိုအတွင်းမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ဆေးဖိုအတွင်း၌ သားရဲရိုင်းတစ်ကောင် သောင်းကျန်းနေသည့်အလားပင်။
ထို့နောက် ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခုမှာ ဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးတက်သွားသည်။ သင်းပျံ့လှသော ဆေးရနံ့များမှာ ဆေးဖိုအတွင်းမှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝင်းခြံတစ်ခုလုံးမှာ နတ်ဘုံနတ်နန်းကဲ့သို့ ဖြစ်သွားတော့သည်။ တောက်ပသော အလင်းတန်းများမှာ ကခုန်နေကြပြီး လေထုထဲတွင်လည်း မူးယစ်ရီဝေဖွယ်ရာ ဆေးရနံ့များ ဖုံးလွှမ်းနေသည်။
ရှန်မိုထက် ကျင့်ကြံမှုအဆင့် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် နိမ့်သော ကျင့်ကြံသူများသာ ဤပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရပါက အသက်ရှည်စေပြီး ခန္ဓာကိုယ်အတွင်းရှိ ပုန်းအောင်းနေသော ရောဂါဝေဒနာများကိုပါ ပျောက်ကင်းစေနိုင်မည် ဖြစ်သည်။ သာမန်လူတစ်ယောက်ပင်လျှင် ဤဆေးရနံ့ကို တစ်ချက်၊ နှစ်ချက်ခန့် ရှူရှိုက်မိရုံနှင့် သူ၏ ဝိညာဉ်အမြစ်များ နိုးထလာပြီး ကျင့်ကြံနိုင်စွမ်းသော ပါရမီများ ရရှိနိုင်မည်ပင် ဖြစ်သည်။ သို့သော်လည်း ထိုအလင်းတန်းနှင့် ဆေးရနံ့များကို အစီအရင်ဖြင့် ပိတ်လှောင်ထားသောကြောင့် အပြင်ဘက်သို့ တစ်စုံတစ်ရာမျှ ယိုစိမ့်ထွက်သွားခြင်း မရှိပေ။
ရှန်မိုသည် စိတ်လှုပ်ရှားမှုများ မြင့်တက်လာလျက် ဆေးဖိုဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဆေးဖိုအဖုံးကို တစ်ချက်တည်းနှင့် မလိုက်၏။ အတွင်း၌ လုံးဝန်းပြည့်စုံသော ရွှေရောင်ဆေးလုံးတစ်လုံး ရှိနေသည်။ ၎င်းမှာ အဆင့်နိမ့် သူတော်စင်အဆင့် ဆေးလုံးဖြစ်သော "ရွှေကျောက်စိမ်းဆေးလုံး" ပင် ဖြစ်သည်။ စောစောက ထွက်ပေါ်လာသော တောက်ပသည့် အလင်းနှင့် ပျံ့နှံ့သွားသော ဆေးရနံ့များမှာ သူတော်စင်အဆင့် ဆေးလုံး အောင်မြင်စွာ ဖြစ်ပေါ်လာခြင်း၏ လက္ခဏာများပင်။ အကယ်၍သာ သူသည် အကာအကွယ်ဖြင့် ပိတ်လှောင်မထားခဲ့ပါက အခြေစိုက်စခန်းတစ်ခုလုံးကို ထိုအနံ့အသက်များ ဖုံးလွှမ်းသွားပေလိမ့်မည်။
ထိုကဲ့သို့သော လှုပ်ခတ်မှုမျိုးမှာ မလိုအပ်သော အာရုံစိုက်မှုများကိုသာ ဆွဲဆောင်နိုင်ပေလိမ့်မည်။ နတ်ဆိုးမျိုးနွယ်စုများမှာလည်း ဤသတင်းကို ရရှိသွားပြီး သူ့ကို အပြတ်ရှင်းရန် သူတို့၏ ကြိုးပမ်းမှုများကို ပိုမို အရှိန်မြှင့်လာကြမည်မှာ သေချာ၏။ ၎င်းမှာ အကျိုးထက် အပြစ်က ပိုများပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများ များစွာရှိနေပါသည်။ နတ်ဆိုးနှိမ်နင်းရေး ခံတပ်ကြီး တစ်ခုစီတွင် ထိုအဆင့်ရှိသူ နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ ရှိကြ၏။ သို့သော် သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သော ဆေးဆရာဆိုသည်မှာမူ ခံတပ် ဆယ်ခုလုံးပေါင်းလျှင်ပင် တစ်ယောက်ပြည့်အောင် ရှိနိုင်မည်မဟုတ်ပေ။
ရှန်မိုမှာမူ တစ်ဦးတည်းသော ထူးခြားသူပင် ဖြစ်သည်။ သူတော်စင်အဆင့် ဆေးဆရာတစ်ဦးတွင် လုံလောက်သော အချိန်နှင့် အရင်းအမြစ်များသာ ရှိမည်ဆိုလျှင် သူသည် ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများစွာကို ထပ်မံ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုအတွက်မူ ၎င်းမှာ ပို၍ပင် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်ပေလိမ့်မည်။ ရှန်မို ယခုလိုက်နာနေသော မူဝါဒမှာ ဆိတ်ဆိတ်နေ၍ အင်အားတောင့်တင်းအောင် လုပ်ဆောင်ရန် ဖြစ်ပြီး၊ ထင်ပေါ်၍ ဒုက္ခမဖိတ်ခေါ်ရန်ပင် ဖြစ်သည်။ သူသည် နိဗ္ဗာန်အဆင့်သို့ မရောက်မချင်း နတ်ဆိုးမျိုးနွယ်စုကို ပိုမိုထိတ်လန့်သွားစေမည့် လှိုင်းတံပိုးများကို ဖန်တီးမည်မဟုတ်ပေ။ အမှန်စင်စစ် သူသည် ကြိုတင်၍ပင် စိတ်ကူးကြည့်နိုင်ပါသည်။ အကယ်၍ သူသည် သူတော်စင်အဆင့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း သတင်းပြန့်သွားပါက နတ်ဆိုးမျိုးနွယ်စုမှာ သူ့ကို လုပ်ကြံရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လာကြလိမ့်မည်။ နံပါတ်တစ် နတ်ဆိုး "အန်းချန်း" ပင်လျှင် ကိုယ်တိုင် ကိုယ်ကျ လာရောက်တိုက်ခိုက်ပေလိမ့်မည်။ ထိုအချိန်တွင် သူ မည်မျှပင် အစွမ်းထက်နေပါစေ အရာအားလုံးကို တစ်ဦးတည်းနှင့် ကာကွယ်နိုင်မည် မဟုတ်ပါချေ။
"ကျင့်ကြံမှုကို စတင်ဖို့ အချိန်တန်ပြီ… ငါ ဓမ္မရုပ်ပွားတော်အဆင့်ရဲ့ အထွတ်အထိပ်ကို တတ်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်ရမယ်"
ရှန်မိုသည် တွေဝေမနေဘဲ ရွှေကျောက်စိမ်းဆေးလုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သာမန်ဆေးလုံးများနှင့် မတူဘဲ ရွှေကျောက်စိမ်းဆေးလုံးမှာ ထိတွေ့လိုက်ရုံနှင့် အရည်ပျော်သွားခြင်း မရှိပေ။ ၎င်းမှာ အလွန်ပင် မာကျောလှသည်။ နာမည်နှင့် လိုက်ဖက်စွာပင် ရွှေနှင့် ကျောက်စိမ်းတို့ကို သွန်းလုပ်ထားသည့်အလားပင်။ ရှန်မိုသည် ထိုဆေးလုံးကို သန့်စင်ရန်အတွက် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်နှင့် သွေးအဆီအနှစ်များကို အားကိုးရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင်လည်း သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်တော့မည့်အလား ပြင်းထန်လှသော ဝေဒနာကို အောင့်အည်းသည်းခံရမည် ဖြစ်လေ၏။