← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

Chapter 532: ဓမ္မရုပ်ပွါးတော်အဆင့် အထွတ်အထိပ်

အချိန်များမှာ တရိပ်ရိပ် ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်တာကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ယဲ့ယန်သည် နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့နှင့်အတူ ရှန်မို၏ နေအိမ်ရှေ့မှ ဖြတ်လျှောက်သွားနေသည်။ သူ့နောက်တွင်မူ အစောင့်များက တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။

"ဗိုလ်ချုပ်ရှန်က အဲဒီဝင်းခြံထဲကနေ မထွက်တာ တော်တော်ကြာပြီနော်"

"ဟုတ်ပါ့… စစ်သေနာပတိယဲ့ရဲ့ ဂုဏ်ပြုပွဲတုန်းကတောင် သူပေါ်မလာဘူးလေ"

"သူတစ်ချိန်လုံး ကျင့်ကြံနေတာ ဖြစ်မှာပါ… ဒါပေမဲ့ စစ်သေနာပတိယဲ့ရဲ့ ပွဲကို မတက်တာတော့ နည်းနည်းတော့ ရိုင်းရာကျသလိုပဲ"

"အမှန်ပဲ… နှစ်ယောက်လုံးက ဓမ္မရုပ်ပွားတော်အဆင့်တွေပဲဟာ… တစ်ယောက်က ဘာလို့ ပိုမြင့်မြတ်နေရမှာလဲ"

ယဲ့ယန်သည် ထိုစကားများကို ကြားရသောအခါ စိတ်ထဲတွင် ကျေနပ်မှုအနည်းငယ် ခံစားလိုက်ရသည်။ လွန်ခဲ့သော ခြောက်လခန့်က ကျူးရွှမ်ကျီးသည် သူ၏အတွက် ဝေါင်နန်းခံတပ် ၌ ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုပွဲတစ်ခုကို ကိုယ်တိုင်ဦးစီး၍ ကျင်းပပေးခဲ့သည်။ ထိုပွဲကို နတ်ဆိုးနှိမ်နင်းရေး ခံတပ်တိုင်းက အနည်းဆုံး ဗိုလ်ချုပ်တစ်ဦးစီ စေလွှတ်၍ တက်ရောက်စေခဲ့ကြ၏။ ထိုပွဲ၌ပင် ကျူးရွှမ်ကျီးက သူ့ကို ဝေါင်နန်းခံတပ်၏ အနာဂတ်အရှင်သခင်အဖြစ် လူသိရှင်ကြား ကြေညာခဲ့သည်။ ယခု သူလိုအပ်သည်မှာ "မြေကမ္ဘာအဆင့်ဗိုလ်ချုပ်" အဖြစ် ရာထူးတိုးရန် လုံလောက်သော စစ်မှုထမ်းကောင်းရမှတ်များသာဖြစ်ပြီး ထိုသို့ဖြစ်လာပါက သူသည် နာမည်ရော လက်တွေ့ပါ ခံတပ်အရှင်သခင် ဖြစ်လာတော့မည်ဖြစ်သည်။

ကျန်းလုံရှန့်၊ ထန်ကျန့်လုံနှင့် အောက်ချင်း ကဲ့သို့သော ဗိုလ်ချုပ်ကြီးများအားလုံးကလည်း ဤကဲ့သို့ အလားအလာရှိသော လူငယ်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြ၏။

သို့သော် ရှန်မိုမှာတော့ ပေါ်မလာခဲ့ပေ။

ထိုကိစ္စက ယဲ့ယန်၏စိတ်ထဲတွင် တစ်မြေ့မြေ့နှင့် မကျေမနပ် ဖြစ်စေခဲ့သည်။ သူသည် ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်အဖြစ်မှ အဆင့်ဆင့်တက်လှမ်းကာ နောက်ဆုံးတွင် ဓမ္မရုပ်ပွားတော်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စစ်မှုထမ်းကောင်းရမှတ် အနည်းငယ် ထပ်ရရုံနှင့် သူသည် စစ်မှန်သော နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာတော့မည်။

ရှန်မိုက ဘာကြောင့် သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ရတာလဲ။

ရှန်မိုက သူ့ကို အရင်ကလိုပဲ အရေးမပါတဲ့ စစ်သေနာပတိလေး တစ်ယောက်လို့ ထင်နေတုန်းပဲလား။

သို့သော် ယခုအခါတွင်မူ နာရီဝက်ခန့် ကြာပြီးနောက် ယဲ့ယန်၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့ပြီဖြစ်သည်။ သူသည် အခြားသူများ ဘာတွေးသည်ကို ဂရုမစိုက်တော့ပေ။ သူသည် ပို၍ သန်မာလာရန်ကိုသာ အာရုံစိုက်တော့သည်။ "ငါ့ရဲ့ပတ်ပတ်လည်မှာ ကံတရားတွေနဲ့ အခွင့်အရေးတွေ ဝိုင်းနေတာ… ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်တဲ့ ရတနာကိုတောင် ငါရထားတာပဲ… မင်းမှာ ငါနဲ့ယှဉ်နိုင်တာ ဘာရှိလို့လဲ"

ယဲ့ယန်မှ အသာအယာပြုံးလိုက်ပြီး သူ၏ယုံကြည်ရသော လက်အောက်ငယ်သားများနှင့်အတူ ရှန်မို၏ ဝန်းခြံရှေ့မှ ယုံကြည်ချက်အပြည့်ဖြင့် ခန့်ခန့်ညားညား ဖြတ်လျှောက်သွားတော့သည်။

ဝန်းခြံအတွင်း၌မူ။

ရှန်မိုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ တောက်ပသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူသည် မိမိ၏ နတ်ဘုရားနန်းတော်အတွင်းသို့ စိတ်အာရုံဖြင့် ကြည့်လိုက်သည်။ ဓမ္မရုပ်ပွားတော် ငါးခုစလုံးသည် ယခုအခါ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့၏ ပုံသဏ္ဌာန်များမှာ ထင်ရှားပြတ်သားပြီး အသက်ဝင်လှ၏။ အကြည့်တစ်ချက်အတွင်းမှာပင် ၎င်းတို့သည် နံရံများပေါ်မှ ရုန်းထွက်ကာ ကောင်းကင်သို့ ဟိန်းဟောက်ပြီး စကြဝဠာကို ပြောင်းပြန်လှန်ပစ်တော့မည့်အလားပင်။

ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်။

တစ်နှစ်နှင့် ခြောက်လအတွင်းမှာပင် "ရွှေကျောက်စိမ်းဆေးလုံး" ငါးလုံးကို သန့်စင်ပြီးနောက် သူသည် နောက်ဆုံးတွင် ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ သူ မျှော်လင့်ထားသည်ထက်ပင် ပို၍ မြန်ဆန်နေသေး၏။ "ကျူးရွှမ်ကျီး ပို့ပေးခဲ့တဲ့ နတ်ဆိုးနှိမ်နင်းရေး မိုးကြိုးကျောက်နဲ့ ပေါင်းစပ်ရွှေရွှံ့တွေသာ မရှိရင် ငါ့ရဲ့ တိုးတက်မှုက ဒီလောက် မြန်မှာမဟုတ်ဘူး"

ရှန်မိုသည် နောက်ဆုံးကျန်ရှိနေသော ရွှေကျောက်စိမ်းဆေးလုံးကို ကြည့်ရင်း ပြုံးလိုက်သည်။

"ဒီတစ်လုံးကိုတော့... ကျန်းလုံရှန့်ဆီကို တိတ်တဆိတ် ပို့ပေးလိုက်ရမယ်… သူ ငါ့ကို အများကြီး ကူညီခဲ့တာ… သူက ဒီလက်ဆောင်နဲ့ ထိုက်တန်ပါတယ်"

"ကျန်းလုံရှန့်က ပြတ်သားပြီး မဆုတ်မနစ်တဲ့သူပဲ… သူဆိုရင် ရွှေကျောက်စိမ်းဆေးလုံးရဲ့ နာကျင်မှုကို တောင့်ခံနိုင်လိမ့်မယ်"

ရှန်မိုမှ ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ ကျန်းလုံရှန့်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့သော မြင့်မြတ်သည့် ဆေးလုံးနှင့် ထိုက်တန်သူဖြစ်၏။ ထိုစဉ် အလင်းတစ်ချက် လက်သွားပြီး စွေ့ရှင်း၊ ဟေးယန် နှင့် ထိုက်အာတို့သည် သူ့ဘေးတွင် စုဝေးရောက်ရှိလာကြသည်။ ဟေးယန်၏ ပုံသဏ္ဌာန်မှာ ယခုအခါ ခိုင်မာတည်ငြိမ်နေပြီဖြစ်သည်။ ရှန်မို သူ့ကို ကြည့်ပြီး အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

တံခါးပိတ်ကျင့်ကြံမှု မစတင်မီကပင် သူသည် ယဲ့ယန် ရရှိမည့် အနာဂတ်ကံကောင်းမှု အားလုံးကို ကြိုတင်ဖြတ်တောက် ရယူခဲ့ပြီး ဖြစ်၏။ သူတော်စင်အဆင့် စိတ်ဝိညာဉ်လက်နက် အပိုင်းအစနှင့် ပျက်စီးနေသော ဟင်းလင်းပြင်လွန်းပျံယာဉ်ကိုလည်း သူကိုယ်တိုင် သိမ်းပိုက်ခဲ့သည်။ မူလက သူသည် ထိုအပိုင်းအစကို "ကောင်းကင်သတ်ဓားကျမ်း" အတွင်းသို့ ထည့်သွင်းသန့်စင်ရန် စီစဉ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုသူတော်စင်အဆင့် ပစ္စည်းမှာ သံချပ်ကာအင်္ကျီ ဖြစ်နေသဖြင့် ဓားကျမ်းနှင့် မကိုက်ညီပေ။

"ထိုက်ရိ နတ်ဆိုးသံချပ်ကာ" အတွက်မူ...

ထိုက်အာသည် မကြာသေးမီက ချီးကျူးစရာ ဘာမှမလုပ်ခဲ့သဖြင့် ရှန်မိုက သူ့ကို ဆုချရန် ရည်ရွယ်ချက် မရှိပေ။ အတော်ကြာအောင် စဉ်းစားပြီးနောက်တွင် ထိုအပိုင်းအစကို "မြေခွဲသံချပ်ကာ" အတွင်းသို့သာ ထည့်သွင်း သန့်စင်ပေးလိုက်သည်။ ဟေးယန်သည် အားကိုးထိုက်ပြီး ယုံကြည်ရသော လက်နက်ဝိညာဉ် တစ်ခု ဖြစ်သည်။

သူသည် ဤဆုလာဘ်နှင့် အသင့်တော်ဆုံးသူပင်။

သူတော်စင်အဆင့် စိတ်ဝိညာဉ်လက်နက် အပိုင်းအစတွင် ကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေ၏။ ၎င်းကို သန့်စင်ပြီးနောက် မြေခွဲသံချပ်ကာသည် အလိုအလျောက် ပြန်လည် ပြုပြင်သွားပြီး ယခင်က လိုအပ်နေသော ပျောက်ဆုံးနေသည့် အပိုင်းအစများပင် မလိုတော့ဘဲ ပြည့်စုံသွားခဲ့သည်။ သံချပ်ကာကြီး ပြည့်စုံသွားသည်နှင့်အမျှ ၎င်း၏ ဝိညာဉ်ဖြစ်သော ဟေးယန်၏ ပုံရိပ်မှာလည်း လုံးဝဥဿုံ ခိုင်မာသွားတော့သည်။

Chapter 533: ငါ့နာမည်က ကျီရွှမ်ပဲ

"အဲဒီ ဟင်းလင်းပြင်လွန်းပျံယာဉ်က..."

ရှန်မိုသည် စဉ်းစားဆင်ခြင်သလို ရေရွတ်လိုက်ရင်း သူ၏ သိုလှောင်လက်စွပ်ထဲမှ ဟင်းလင်းပြင်လွန်းပျံယာဉ်ကို ထုတ်ယူလိုက်သည်။ ဤရတနာကို ရရှိရန်မှာ မလွယ်ကူခဲ့ပေ။

ယဲ့ယန်သည် မတော်တဆမှုတစ်ခုကြောင့် ဟင်းလင်းပြင်ဝဲဂယက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူ တွေ့ရှိလိုက်သည့် အချိန်မှာပင် ထိုဝဲဂယက်အတွင်းမှ ဟင်းလင်းပြင်လွန်းပျံယာဉ်ကို ထွေးထုတ်ပေးလိုက်ခြင်း ဖြစ်လေ၏။ ၎င်းမှာ သဘာဝအလျောက် ဖြစ်ပေါ်လာသည့် ရတနာတစ်ခု သို့မဟုတ် ယခင်လူသားများ ချန်ထားရစ်ခဲ့သည့် အရာတစ်ခုနှင့်လည်း မတူပေ။ ၎င်းမှာ ကံပါလာသည့် ပိုင်ရှင်ကို ထိုနေရာတွင်ပင် စောင့်ဆိုင်းနေသည့်အလား ရှိနေခဲ့ခြင်း ဖြစ်သည်။

ရှန်မိုသည် ထိုလွန်းပျံယာဉ်ကို ကြားဖြတ်ရယူရန် သင့်တော်မည့် အချိန်ကို စောင့်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် သူသည် ဤနှစ်နှစ်တာလုံး တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း မဟုတ်ပါချေ။ ပထမဦးစွာ သူသည် ကျူးရွှမ်ကျီးမှတစ်ဆင့် ယဲ့ယန်ကို ရှားပါးပစ္စည်းများ ရှာဖွေရန် တာဝန်တစ်ခုပေးခိုင်းပြီး သူ့ကို တမင်တကာ ဝေးရာသို့ လွှတ်လိုက်သည်။ ထို့နောက် သူသည် ရုပ်ဖျက်ကာ အခြေစိုက်စခန်းမှ ထွက်ခွာခဲ့ပြီး "ချန်ခွန်း သွေးဝိညာဉ်အလင်း" ကို အသုံးပြုကာ ဟင်းလင်းပြင်ဝဲဂယက်၏ တည်နေရာကို ရှာဖွေခဲ့သည်။

ရှန်မို ဝဲဂယက်ဘေးတွင် ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက်တွင်မှ ဝဲဂယက်သည် လွန်းပျံယာဉ်ကို ထွေးထုတ်လိုက်ခြင်း ဖြစ်၏။ ထိုစဉ်က အချိန်လုနေရသဖြင့် သူသည် သေချာစွာ မစစ်ဆေးနိုင်ဘဲ သိုလှောင်လက်စွပ်ထဲသို့သာ ပစ်ထည့်ခဲ့ပြီး ဝန်းခြံသို့ပြန်ကာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ယခုအခါ သူသည် လွန်းပျံယာဉ်ကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ ၎င်းမှာ တကယ့်ကို သနားစရာကောင်းလှသည်။ ၎င်းမှာ တောက်ပပြောင်လက်မနေဘဲ အဖတ်တင်ရုံမျှသာ ကျန်ရှိတော့သည့်အလား လုံးဝ ပျက်စီးယိုယွင်းနေလေ၏။ ဤကဲ့သို့သော အခြေအနေအထိ ရောက်သွားရန်မှာ ၎င်းသည် မည်သည့်အရာများကို ဖြတ်သန်းခဲ့ရသနည်း။

"ဟင်းလင်းပြင်လွန်းပျံယာဉ်က ဟင်းလင်းပြင်စွမ်းအားတွေရဲ့ တိုက်စားမှုကို ခံနိုင်ရည်ရှိရမယ်… အခုလို ဖြစ်သွားတယ်ဆိုတာကတော့ ဟင်းလင်းပြင်ထဲက ရှုပ်ထွေးလှတဲ့ စမ်းချောင်းတွေထဲမှာ အချိန်အတော်ကြာအောင် တိုက်စားခံခဲ့ရလို့ပဲ ဖြစ်ရမယ်"

"ဒါကို ပြန်ပြင်ဖို့ဆိုရင် ငါ့အတွက် အလွန်ရှားပါးတဲ့ ပစ္စည်းတွေ လိုအပ်လိမ့်မယ်"

"တိုတောင်းတဲ့ ကာလအတွင်းမှာတော့ ဒါ မဖြစ်နိုင်ဘူး… ငါ သတိထားပြီးတော့ပဲ ရှာဖွေရလိမ့်မယ်"

ရှန်မိုသည် ကောင်းကင်တာအို ဘဏ္ဍာတိုက်တွင် ထိုကဲ့သို့သော ပစ္စည်းများ ရှိနေကြောင်း သိသည်။ သို့သော် ၎င်းတို့အားလုံးမှာ အနည်းဆုံး အဆင့်မြင့် ကောင်းကင်အဆင့် ရတနာများ ဖြစ်ကြ၏။ လဲလှယ်ရန် လိုအပ်သည့် စစ်မှုထမ်းကောင်းရမှတ်များမှာလည်း ကြောက်ခမန်းလိလိ များပြားလှသည်။ အကယ်၍ သူကိုယ်တိုင် ထိုပစ္စည်းများကို ရှာဖွေတွေ့ရှိနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်သော်လည်း မတွေ့လျှင်မူ နောက်ပိုင်းမှသာ လဲလှယ်ရန် စဉ်းစားရပေလိမ့်မည်။

"နောက်ဆုံး လုပ်ဆောင်ရမယ့်အရာကတော့ နိဗ္ဗာန်အဆင့်ကို ကျော်ဖြတ်ဖို့ပဲ"

"နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးရဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်းထောင်ချီအတွင်းမှာ ဘယ်သက်ရှိမှ နိဗ္ဗာန်အဆင့်ကို မရောက်ဖူးကြဘူး"

"ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး အဆင့်တက်သွားတဲ့ နောက်ဆုံးလူသားရဲ့ မှတ်တမ်းတွေတောင်မှ ပျောက်ကွယ်ကုန်ပြီ..."

ရှန်မိုသည် သူ၏ နဖူးကို ပွတ်သပ်လိုက်သည်။ ဤအရာသည် သူ့ကို အကြီးမားဆုံး ခေါင်းခဲစေသည့် ကိစ္စပင်။

"နတ်ဘုရားမိုးကြိုး နတ်ဆိုးနှိမ်နင်းရေးကျမ်း" မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် "နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်းစွမ်းအား" ရှိနေသေးသည်။ စိတ်ဝိညာဉ်စွမ်းအားဖြင့် နိဗ္ဗာန်အဆင့်သို့ မဝင်ရောက်နိုင်ပါက သူသည် သွေးနှင့် အသက်စွမ်းအားတို့မှတစ်ဆင့် ကြိုးစားရပေမည်။

"လက်ရှိမှာ နတ်ဘုရားဆင်ပြောင် ငရဲနှိမ်နင်းခြင်းစွမ်းအားက သတ္တမအလွှာကို ရောက်နေပြီ… အကယ်၍ ငါက အဋ္ဌမအလွှာကို တတ်မြောက်ပြီး ဆင်ပြောင်ကြီး သန်းပေါင်း ၈၄၀ ရဲ့ အမှုန်အမွှားတွေကို ဖွင့်နိုင်လိုက်မယ်ဆိုရင် နိဗ္ဗာန်အဆင့်ကို လှမ်းတက်နိုင်ရမယ်"

ရှန်မိုသည် နိဗ္ဗာန်အဆင့်နှင့် ပတ်သက်၍ ဘာမှမသိပေ။ သို့သော် သေချာသည့် အချက်တစ်ချက်မှာ အကယ်၍ သူသာ ထိုအဆင့်ကို မရောက်ရှိနိုင်ပါက မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ လက်ချက်ဖြင့် သေဆုံးရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

"အချိန်က လူကို ဘယ်တော့မှ မစောင့်ဘူး… စလိုက်ကြတာပေါ့"

ရှန်မိုသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရှားပါးပစ္စည်း အမျိုးမျိုးကို ထုတ်ယူလိုက်သည်။ "မြေကမ္ဘာမိခင် သွေးနီရောင် ရှေးဟောင်းရည်" ၊ "ရေနက်အနှစ်သာရ" ၊ "နဂါးရိုး သွေးခြည်မျှင်" ...

ဤရတနာအများစုမှာ ရှန်မိုတစ်ယောက် အချိန်ယူ စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး အချို့မှာမူ သူ၏ နတ်ဆိုးနှိမ်နင်းရေးအစောင့်များက ဆက်သထားခြင်း ဖြစ်သည်။ အနည်းငယ်မျှသော အစိတ်အပိုင်းကိုသာ ကောင်းကင်တာအို ဘဏ္ဍာတိုက်မှ လဲလှယ်ခဲ့ခြင်း ဖြစ်၏။ ယခုမူ ၎င်းတို့ကို အသုံးပြုရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

ဝေါင်း- ဝေါင်း- ဝေါင်း!

သူ၏ ခန္ဓာကိုယ်အတွင်းမှ ဧရာမဆင်ပြောင်ကြီးများ၏ ဟိန်းဟောက်သံများ ပွင့်ထွက်လာသည်။ ကြယ်တာရာများကို နင်းခြေကာ နဂါးငွေ့တန်းကိုပင် လှုပ်ခါပစ်တော့မည့်အလားပင်။ ၎င်းတို့သည် မရေမတွက်နိုင်သော ရှေးဟောင်းထူးဆန်းသည့် မျိုးစိတ်များနှင့် ရှေးဦးသားရဲရိုင်းကြီးများကိုပင် စွမ်းအားချင်း ယှဉ်ပြိုင်နေကြ၏။

...

သုံးနှစ်အကြာတွင်။

နတ်ဆိုးနှိမ်နင်းရေးပင်လယ်၏ ကိုးခုမြောက်အလွှာ၌။

မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ရင်ဘတ်ပိုင်းကို စံပယ်ထားသည့် အနက်ရောင် ကျောက်သားပလ္လင်၏ အောက်ခြေတွင် ကျောက်သားခေါင်းတလား တစ်ခု ရှိနေသည်။ ထိုခေါင်းတလားနှင့် ပလ္လင်မှာ တစ်သားတည်း ဖြစ်နေလေ၏။ ရှေးအကျဆုံး နတ်ဆိုးဖြစ်သည့် အန်းချန်းပင်လျှင် ဤခေါင်းတလား တည်ရှိနေခြင်းကို မသိရှိပါချေ။ ကျောက်သားခေါင်းတလား အတွင်း၌မူ ကိုယ်လုံးတီးဖြစ်နေသော ခန့်ညားသည့် အမျိုးသားတစ်ဦး ရှိနေသည်။ သူ၏အောက်ခြေတွင် မဟာနတ်ဆိုးဧကရာဇ်၏ သွေးများ စီးဆင်းနေသည့် မြောင်းငယ်များစွာ ရှိနေ၏။ နှစ်ပေါင်းများစွာအတွင်း သူသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်နှင့် လုံးဝဥဿုံ ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။ သူသည် နှစ်ပေါင်းထောင်ချီကြာအောင် အိပ်မောကျခဲ့သည်။ ယခုမူ သူ၏ မျက်တောင်များမှာ အနည်းငယ် တုန်ခါသွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။

"ငါ နိုးထလာပြီ..."

"ငါက ဘယ်သူလဲ... ငါ စဉ်းစားကြည့်ဦးမယ်..."

"ဟုတ်ပြီ… ငါ့နာမည်က ကျီရွှမ်... ကျင်းနိုင်ငံတော်ရဲ့ ပထမဆုံးသော လူသားဧကရာဇ်ပဲ..."

Chapter 534: ငါ့ စိတ်ဝိညာဉ်လက်နက်တွေရော

ကျီရွှမ်သည် ခန္ဓာကိုယ်ကို အနည်းငယ်မျှသာ လှုပ်ရှားလိုက်သည်။

ထိုအခါ အလွန်လျင်မြန်စွာပင် သူသည် သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်သွား၏။ ၎င်းနှင့်အတူ သူ၏မှတ်ဉာဏ်များသည်လည်း ဒီရေတက်လာသကဲ့သို့ တဟုန်ထိုး ပြန်ဝင်လာတော့သည်။

"အဲဒီတုန်းက ငါလုပ်ခဲ့တဲ့ လုပ်ရပ်တွေက တကယ်ပဲ မှန်ကန်ခဲ့တာပဲ"

"မသေနိုင်သော နတ်ဆိုးဧကရာဇ် သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က အဆုံးမဲ့တဲ့ အသက်စွမ်းအားတွေနဲ့ ပြည့်နှက်နေတုန်းပဲ… အကယ်၍ နည်းလမ်းသာ မှန်ကန်မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးချပြီး ငါ့ရဲ့အခြေခံအုတ်မြစ်ကို ပြန်လည်ပြုပြင်ဖို့၊ ပိုမြင့်တဲ့အဆင့်ကို ကျော်ဖြတ်ဖို့နဲ့ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး မဟာကမ္ဘာကို သွားဖို့ဆိုတာ လုံးဝ ဖြစ်နိုင်ခြေရှိတယ်"

ကျီရွှမ်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ရှေးကျသော ပညာရှိတစ်ဦး၏ အပြုံးမျိုးပင် ဖြစ်သည်။

သူသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ အပြစ်ပြောစရာမရှိသော ကျောက်စိမ်းကဲ့သို့ ဖြူစင်သည့် သူ၏လက်ဖဝါးထဲတွင် တံဆိပ်ပြားတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ တံဆိပ်ပြား၏ မျက်နှာပြင်မှာ အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ လွန်ခဲ့သော အချိန်အတော်ကြာက ဟင်းလင်းပြင်ဝဲဂယက်တစ်ခုအတွင်းမှ ကျီရွှမ် ဤအရာကို မတော်တဆ တွေ့ရှိခဲ့စဉ်က ၎င်းမှာ အပိုင်းအစများ စုစည်းမှုမျှသာ ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ရှာဖွေပြီး တစ်ခုချင်းစီ ပြန်လည်ဆက်စပ်ခဲ့ပြီးနောက်မှသာ ယခုကဲ့သို့ ပြည့်စုံသွားခဲ့ခြင်း ဖြစ်သည်။

"'ဖန်ဆင်းရှင်ကောင်းကင်ဂိုဏ်း' ရဲ့ တပည့်ရင်းတံဆိပ်ပြား..."

"ငါ အမြန်ဆုံး နိဗ္ဗာန်အဆင့်ကို ပြန်ရောက်ပြီး မဟာကမ္ဘာကို သွားနိုင်ဖို့ တကယ် မျှော်လင့်မိတယ်"

ကျီရွှမ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက သူသည် ကျင်းနိုင်ငံတော်၏ လူသားဧကရာဇ်ဖြစ်ခဲ့ပြီး သူ၏အစွမ်းမှာ နိဗ္ဗာန်အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုစဉ်က တိုက်ပွဲတွင် သူသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူ့အခြေခံအုတ်မြစ်မှာလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ရသည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်က သူ့ကိုပြောခဲ့သော စကားများကိုမူ သူ မည်သည့်အခါမှ မေ့လိမ့်မည်မဟုတ်ပေ။

"ငါ့ကို သတ်လိုက်ရုံနဲ့ နတ်ဆိုးမျိုးနွယ်တွေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်လို့ မင်းထင်နေတာလား"

"မှားတယ်… လုံးဝကို မှားတယ်"

"ဒီနေရာကို အရင်က 'ရှေးဟောင်းပြည်နယ်' လို့ ခေါ်ခဲ့တာ… ဒါပေမဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲကြောင့် ရှေးဟောင်းပြည်နယ်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ပြီး ဟင်းလင်းပြင်ထဲကို ပြုတ်ကျသွားခဲ့တာ… ပြီးတော့ မဟာကမ္ဘာရဲ့ အပြင်ဘက်ကို လွင့်မျောသွားပြီး ကိုယ်ပိုင်ကမ္ဘာငယ်လေး ဖြစ်သွားခဲ့တာ" "ငါဆိုတာကလည်း အဲဒီနတ်ဘုရားစစ်ပွဲအတွင်းမှာ ဒီကမ္ဘာငယ်လေးထဲကို မတော်တဆ ပြုတ်ကျလာခဲ့တဲ့ မဟာနတ်ဆိုးဧကရာဇ်တစ်ပါးပဲ"

"ဟင်းလင်းပြင်ရဲ့ အပြင်ဘက်မှာ မဟာကမ္ဘာဆိုတာ ရှိသေးတယ်"

"ဒီလိုကမ္ဘာမျိုးတွေ အများကြီးရှိပြီး အဲဒီကမ္ဘာတွေ အားလုံးမှာ နတ်ဆိုးမျိုးနွယ်တွေ ရှိနေကြတာ"

"ကျီရွှမ်... မင်းရဲ့အခြေခံအုတ်မြစ်ကို ငါဖျက်ဆီးပစ်လိုက်ပြီ… မင်း ဘယ်တော့မှ ဟင်းလင်းပြင်ရဲ့ စွမ်းအားကို နားလည်နိုင်မှာမဟုတ်သလို ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး မဟာကမ္ဘာကိုလည်း သွားနိုင်မှာ မဟုတ်ဘူး"

"နောက်ထပ် နှစ်ပေါင်းများစွာ ကြာတဲ့အခါ ငါ့ရဲ့မျိုးဆက်တွေက ငါ့ကို ပြန်လည်နိုးထလာအောင် ကူညီကြလိမ့်မယ်… အဲဒီအချိန်ကျရင် မင်းကတော့ သင်္ချိုင်းထဲမှာ ပုပ်ပွနေတဲ့ အရိုးတောင် ဖြစ်နေမှာမဟုတ်တော့ဘူး”

ကျီရွှမ်၏ မျက်စိရှေ့တွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ မောက်မာလှသော အပြုံးမှာ တစ်ဖန်ပြန်လည် ပေါ်လာသည့်အလားပင်။ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"မသေနိုင်သော နတ်ဆိုးဧကရာဇ်... မင်းပေးခဲ့တဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"

"မင်းသေသွားပြီးတဲ့နောက် မင်းဆီကရတဲ့ မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးကိုသုံးပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့တယ်… အခု ငါ့ရဲ့အခြေခံအုတ်မြစ်က အပြစ်ပြောစရာမရှိအောင် ပြည့်စုံသွားပြီ"

"ပြီးတော့ ငါ့ကို အများကြီး ပြောပြခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

"မဟုတ်ရင်တော့ ဒီလောက်ကျယ်ပြောလှတဲ့ ရှစ်ရပ်ဒေသနဲ့ လေးဖက်ပင်လယ်တွေဟာ တကယ်တော့ ကမ္ဘာငယ်လေးတစ်ခုပဲဆိုတာ ငါ ဘယ်တော့မှ သိမှာမဟုတ်ဘူး"

"နှစ်ပေါင်း ရာချီအောင် ငါ အရပ်မျက်နှာအနှံ့ကို အောင်နိုင်ခဲ့ပေမဲ့ တကယ်တော့ ငါဟာ ရေတွင်းထဲက ဖားတစ်ကောင် ဖြစ်နေခဲ့တာပဲ"

ကျီရွှမ်သည် အသက်ကို အကြိမ်ကြိမ် ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏စိတ်ခံစားချက်များကို တဖြည်းဖြည်း ငြိမ်သက်သွားအောင် လုပ်လိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။

"နေဦး... ငါ အိပ်မောမကျခင်က ပြင်ဆင်ထားခဲ့တဲ့ စိတ်ဝိညာဉ်လက်နက် နှစ်ခုက ဘယ်ရောက်ကုန်တာလဲ"

"ထိုက်ရိ သံချပ်ကာက ငါနဲ့ အရမ်းဝေးနေတယ်… နတ်ဆိုးအမဲလိုက်လှံက ပိုနီးပေမဲ့ ငါ့လက်ထဲမှာ မရှိဘူး"

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း... တစ်ခုခုတော့ မှားနေပြီ… ငါ နိဗ္ဗာန်အဆင့်ကို မရောက်တရောက်ပဲ ရှိသေးတာလား"

ကျီရွှမ်မှာ အတော်လေး တုန်လှုပ်သွားသည်။ ဤအစီအစဉ်ကို သူကိုယ်တိုင် ရေးဆွဲခဲ့ပြီး 'ကောင်းကင်ဘုံ၏ အလိုဆန္ဒ' ကိုယ်တိုင်က အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် တစ်ခုခု မှားယွင်းသွားရသနည်း။

ထိုစဉ်က သူ၏ကံတရားမှာ အလွန်တရာ အင်အားတောင့်တင်းလှသည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် သူသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒ၏ မျက်နှာသာပေးမှုကိုပင် ရရှိခဲ့ပြီး ဤကမ္ဘာ၏ 'ကောင်းကင်ဘုံရွေးချယ်ခံ' ဖြစ်လာခဲ့သည်။

ထို့နောက် သူသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒ၏ စွမ်းအားကို အသုံးပြုကာ နတ်ဆိုးပင်လယ်အတွင်း၌ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုကို တည်ဆောက်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်များကို ချုပ်နှောင်ထားခဲ့သည်။ ဤသည်မှာ သူ အိပ်မောကျနေစဉ်အတွင်း နတ်ဆိုးမျိုးနွယ်များ အရှိန်အဟုန်ဖြင့် ပြန်လည်မထမြောက်စေရန်နှင့် မသေနိုင်သော နတ်ဆိုးဧကရာဇ် အချိန်မတိုင်မီ ပြန်လည်နိုးထမလာစေရန်အတွက် သေချာစေရန် ဖြစ်သည်။

၎င်းအပြင် သူသည် ဤအချက်ကို အသုံးချကာ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် နဂါးနွယ်ဝင်မျိုးနွယ်များကို အဆုံးမရှိသော စစ်ပွဲများအတွင်း ပိတ်မိနေအောင် လုပ်ဆောင်ခဲ့သည်။ ဤနည်းဖြင့် မျိုးနွယ်စု သုံးခုလုံးရှိ ထိပ်တန်းပညာရှင် အရေအတွက်ကို ကန့်သတ်ထားနိုင်ခဲ့လေသည်။ သူ အိပ်မောကျနေစဉ်အတွင်း အခြားသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ ပေါ်ထွက်မလာစေရန် ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သို့ပါလျက်နှင့် ယခုအခါ...

မမျှော်လင့်ထားသော ကွဲလွဲမှုတစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

All Chapters