အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
Chapter 535: နတ်ဆိုးဖခင်ကြီး နိုးထလာပြီ
ကျီရွှမ်သည် ခဏမျှ စဉ်းစားလိုက်ပြီး 'ကောင်းကင်ဘုံ၏ အလိုဆန္ဒ' နှင့် ဆက်သွယ်ရန် ကြိုးစားကြည့်သည်။ ပြင်ပကမ္ဘာမှာ မည်သို့ရှိနေသည်ကို သူ လုံးဝမသိရှိပေ။ ထို့ကြောင့် ကောင်းကင်ဘုံ၏ အလိုဆန္ဒထံမှ သတင်းအချက်အလက်များကို စုဆောင်းရန် လိုအပ်သည်။ သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ ၎င်းနှင့် ဆက်သွယ်၍ မရခဲ့ပေ။
"ဒီနေရာက နတ်ဆိုးအရှိန်အဝါတွေက သိပ်ပြီး သိပ်သည်းလွန်းနေတယ်… ဒါတွေက ငါ့ကို ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ အဆက်အသွယ် ပြတ်တောက်သွားအောင် လုပ်ထားတာပဲ"
"ထားလိုက်ပါတော့… ငါ အာရုံခံနိုင်သေးတာပဲ… ငါဟာ ဒီကမ္ဘာရဲ့ 'ကောင်းကင်ဘုံရွေးချယ်ခံ' ဖြစ်နေတုန်းပါပဲ… ကောင်းကင်ဘုံရဲ့ အလိုဆန္ဒက ငါ့ဘက်မှာ ရှိနေတုန်းပဲ… ဒါနဲ့တင် လုံလောက်ပါတယ်"
"မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ပြန်လည်နိုးထမှုမှာ မတော်တဆမှုတချို့ ရှိခဲ့ပုံရပေမဲ့ နိဗ္ဗာန်အဆင့် စွမ်းအားနဲ့ဆိုရင် ငါဟာ ဒီကမ္ဘာငယ်လေးကို အေးဆေးပဲ ဖိနှိပ်နိုင်ပါသေးတယ်"
ကျီရွှမ်မှာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဟင်း... အပြင်မှာကတော့..."
ထိုစဉ် သူ အပြင်ဘက်မှ ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။ ကျီရွှမ်သည် သူ၏ စိတ်အာရုံကို အက်ကြောင်းတစ်ခုမှတစ်ဆင့် အပြင်သို့ လွှတ်တင်၍ အခြေအနေကို ကြည့်လိုက်သည်။ သူ၏ နိဗ္ဗာန်အဆင့် ကျင့်ကြံမှုဖြင့် တစ်ဖက်လူကို သတိမထားမိစေဘဲ အလွယ်တကူ အကဲခတ်နိုင်သည်။
"နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်လား… အထွတ်အထိပ် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားပဲ"
ကျီရွှမ်သည် တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ကြီးမားလေးလံသော ခေါင်းကြီးနှင့် ရှည်လျားပိန်လှီသော ခန္ဓာကိုယ်။
သူ အံ့ဩမသွားပေ။
အရင်က တိုက်ပွဲများအတွင်း နတ်ဆိုးများသည် အလွန်ထူးဆန်းသော ပုံသဏ္ဌာန်များ ရှိကြကြောင်း သူ သတိပြုမိခဲ့ပြီးသား ဖြစ်သည်။
"ဒီနတ်ဆိုးရဲ့ ခန္ဓာကိုယ်ထဲမှာ 'အာဏာစက်' ရဲ့ အစအနတစ်ခု ရှိနေတာပဲ… သူ့ရဲ့ သွေးကလည်း မသေနိုင်သော နတ်ဆိုးဧကရာဇ်နဲ့ အရမ်းတူတယ်… သူဟာ မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ သေပြီးမှ ကျန်ရစ်တဲ့ သားဖြစ်ရမယ်"
ကျီရွှမ်သည် တစ်ဖက်လူမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်သည်။ သူ မသေနိုင်သော နတ်ဆိုးဧကရာဇ်နှင့် တိုက်ခိုက်စဉ်က နတ်ဆိုးဧကရာဇ်ကိုယ်တိုင်ကပင် သူ၏ခန္ဓာကိုယ်အတွင်း၌ မမွေးဖွားသေးသော ကလေးတစ်ဦး ရှိနေကြောင်း ပြောခဲ့ဖူးသည်။ အကယ်၍ ထိုကလေးသည် မဟာကမ္ဘာတွင် ကြီးပြင်းခွင့်ရခဲ့ပါက အနာဂတ်တွင် "နတ်ဆိုးသူတော်စင်" တစ်ပါး ဖြစ်လာမည်မှာ သေချာသည်။ ကံမကောင်းစွာဖြင့် မသေနိုင်သော နတ်ဆိုးဧကရာဇ် ဤကမ္ဘာငယ်လေးထဲသို့ ပြုတ်ကျလာပြီးနောက် ထိုအလားအလာများ ဆုံးရှုံးသွားခဲ့ရသည်။
"နတ်ဆိုးဖခင်ကြီး... အန်းကျိုး သေသွားပါပြီ… ကျွန်တော် သူ့ရဲ့ အာဏာစက်စွမ်းအားကို ပြန်ရယူခဲ့ပါတယ်"
အန်းချန်းသည် သက်ပြင်းသဲ့သဲ့ချရင်း သူ၏လက်ထဲတွင် မည်းနက်မှိုင်းပြနေသော အလင်းလုံးတစ်ခုကို ရိုသေစွာ ကိုင်ထားသည်။ ထိုအလင်းလုံးသည် သူ့အလိုလို ပျံတက်သွားပြီး မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။ ပလ္လင်အောက်တွင် ပုန်းနေသော ကျီရွှမ်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများ တဟုန်ထိုး ဝင်ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ထက်မြက်သော ဉာဏ်ဖြင့် အကြောင်းရင်းကို ချက်ချင်း နားလည်သွားတော့သည်။
"မသေနိုင်သော နတ်ဆိုးဧကရာဇ် သေဆုံးပြီးနောက်မှာ သူ့ရဲ့ စွမ်းအားတွေက ပြန့်ကျဲသွားခဲ့ပြီး အစွမ်းထက်တဲ့ နတ်ဆိုးတချို့က အဲဒီအစိတ်အပိုင်းတွေကို ရရှိသွားကြတာပဲ… အဲဒီစွမ်းအားတွေကို သုံးပြီး သူတို့တွေ တခြားသူတွေကို သတ်ဖြတ်တဲ့အခါ အဲဒီစွမ်းအားတွေက ပိုပြီးတော့ အင်အားတောင့်တင်းလာတယ်… ပြီးတော့ အဲဒီစွမ်းအားတွေက မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဆီ ပြန်ရောက်လာတဲ့အခါမှာတော့ သူ့ကို ပြန်ပြီး အားဖြည့်ပေးတာပဲ"
ကျီရွှမ် ပြုံးလိုက်သည်။ ထို့နောက် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုအခါ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ တုံ့ပြန်သည့်အနေဖြင့် လှုပ်ခါသွားသည်။ အန်းချန်းမှာ ထွက်ခွာရန် ပြင်နေသော်လည်း ထိုအခိုက်အတန့်တွင် သူ၏မျက်နှာမှာ အတိုင်းထက်အလွန် ဝမ်းသာသွားတော့သည်။
"နတ်ဆိုးဖခင်ကြီး… နတ်ဆိုးဖခင်ကြီး... ပြန်လည်နိုးထလာပြီလား”
"ကျွန်တော် သိတာပေါ့… အရှင် သေချာပေါက် ပြန်လာမယ်ဆိုတာ ကျွန်တော် သိနေတာပဲ"
သူသည် ဖြည်းဖြည်းချင်း မြင့်တက်လာသော မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ လက်ကို ကြည့်ရင်း မျက်လုံးများတွင် မျက်ရည်များ ဝေ့သီနေသည်။ သူ၏နှလုံးသားထဲတွင် မိသားစုဝင်တစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ နွေးထွေးမှုများ လှိုက်တက်လာ၏။ သူ ဤကမ္ဘာပေါ်တွင် စတင်ပေါ်ပေါက်လာသည့်နေ့မှစ၍ သူသည် အမြဲတမ်း တစ်ယောက်တည်း ဖြစ်ခဲ့ရသည်။ သူသည် သူ၏ 'ညီငယ်' တစ်ဦးချင်းစီကို ညီအစ်ကိုရင်းများကဲ့သို့ သဘောထားကာ ဒုတိယ၊ တတိယ စသည်ဖြင့် ချစ်စနိုး ခေါ်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုညီငယ်များမှာ သူ့ကို အမြဲတမ်း ကြောက်လန့်နေခဲ့ကြသည်။ ယခုမူ သူသည် စစ်မှန်သော သွေးသားရင်းချာနှင့် ဆုံတွေ့ရလေပြီ။
ဝေါကနဲ!
အရပ်မျက်နှာအနှံ့မှ နတ်ဆိုးအရှိန်အဝါများသည် မသေနိုင်သော နတ်ဆိုးဧကရာဇ် မြှောက်ထားသော လက်ဆီသို့ တဟုန်ထိုး စုပြုံလာကြသည်။ မဟာနတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် အသေးငယ်ဆုံးသော လှုပ်ရှားမှုတစ်ခုသည်ပင် မိုင်ပေါင်းထောင်ချီအတွင်းရှိ နတ်ဆိုးအရှိန်အဝါများကို ဆွဲဆောင်နိုင်သည်။ ဤနေရာမှာ နတ်ဆိုးပင်လယ်၏ ကိုးခုမြောက်အလွှာဖြစ်သဖြင့် နတ်ဆိုးအရှိန်အဝါများမှာ အလွန်တရာ သန့်စင်လှသည်။ ဤနေရာမှ အရှိန်အဝါ အစအနလေး တစ်ခုသည်ပင် ပထမအလွှာရှိ အရှိန်အဝါပေါင်း ထောင်ချီ၊ သောင်းချီထက် သာလွန်သည်။
ထို့ကြောင့် နတ်ဆိုးအရှိန်အဝါများ စုစည်းလာသည်နှင့်အမျှ ၎င်း၏စွမ်းအားမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာတော့သည်။ အန်းချန်းမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"နတ်ဆိုးဖခင်ကြီးက တကယ့်ကို အစွမ်းထက်တာပဲ… အခုမှ နိုးထလာတာတောင် ဒီလောက်ကြီးမားတဲ့ နတ်ဆိုးအရှိန်အဝါတွေကို ဆွဲယူနိုင်နေပြီ"
သူသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏လက်မှာ ပို၍ပို၍ မြင့်တက်လာသည်ကို စောင့်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် ထိုလက်ကြီးမှာ သူ့ထံသို့ ဝုန်းခနဲ ကျဆင်းလာတော့၏။ ကောင်းကင်ယံမှ ပြိုကျလာသော ခန့်ညားထည်ဝါသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်။
Chapter 536: တစ်ချက်တည်းဖြင့် တိုက်ခိုက်ခြင်း
ဝုန်း!
တစ်ချက်တည်း… တစ်ချက်တည်းသာ။
ရှေးအကျဆုံးနှင့် အစွမ်းအထက်ဆုံးဖြစ်သော 'နံပါတ်တစ် မဟာကောင်းကင်နတ်ဆိုး'၊ နတ်ဆိုးဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသည့် နတ်ဆိုးကြီးမှာ နေရာမှာတင် အရိုးနှင့် အသားတစ်စစီဖြစ်အောင် ရိုက်ခြေခံလိုက်ရသည်။
အန်းချန်းသည် မှန်းဆ၍မရနိုင်လောက်အောင် ရှည်လျားလှသည့် ခေတ်ကာလတစ်ခုကို ဖြတ်သန်းလာခဲ့သူဖြစ်၏။ ဍ သူ၏ခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးနှလုံးသား အနည်းဆုံး အခုသုံးဆယ်ထက်မနည်း ရှိနေသည်။
သို့သော် နတ်ဆိုးဧကရာဇ်တစ်ပါးသည် မဟာနတ်ဆိုးဧကရာဇ်တစ်ပါးနှင့် မည်သို့ယှဉ်နိုင်ပါမည်နည်း။
ထို့အပြင် အန်းချန်းသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်အပေါ်တွင် လုံးဝ သတိမထားမိ၍ ခုခံမှုမရှိခဲ့ပေ။ သူ အလွန်ရိုသေရပါသော နတ်ဆိုးဖခင်ကြီးက သူ့ကို အသက်သေသည်အထိ တိုက်ခိုက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဧရာမလက်ကြီးမှာ တစ်ဖန်ပြန်၍ ဖြည်းညှင်းစွာ မြင့်တက်လာသည်။ အန်းချန်းမှာမူ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အသားပုံဘဝသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ အနက်ရောင်မှိုင်းပြပြ အလင်းလုံးတစ်ခုသာ ထိုနေရာတွင် ပေါ်လောပေါ်နေတော့သည်။ ဤအလင်းလုံးမှာ အန်းချန်း စောစောက ဆက်သခဲ့သည့် အန်းကျိုး၏ အလင်းလုံးထက် အများကြီး ပိုမိုကြီးမားသည်။ အရောင်မှာ အနက်ရောင်မှိုင်းပြပြဖြစ်နေသော်လည်း ၎င်းမှထွက်ပေါ်လာသည့် တောက်ပသော အလင်းတန်းများမှာ ခန်းမကြီး၏ ထောင့်ပေါင်းစုံကို လင်းထိန်သွားစေသည်။
ကျီရွှမ်မှ လက်ကိုလှမ်း၍ ခေါ်လိုက်သည်။ အလင်းလုံးသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်ထံသို့ ပျံဝဲလာပြီး ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားတော့၏။ တစ်ခဏချင်းမှာပင် ကျီရွှမ်သည် သူ၏အတွင်း၌ စွမ်းအင်များ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ နတ်ဆိုးအရှိန်အဝါများသည် စိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းသွားကြသည်။
"နှမြောစရာပဲ… ငါ နိုးထလာတဲ့အချိန်မှာ ငါသာ လုံလောက်အောင် အစွမ်းထက်နေခဲ့ရင် ဒီမဟာကောင်းကင်နတ်ဆိုးကို သတ်ဖို့မလိုဘူး… သူက အသုံးဝင်ဦးမှာကို… ဒါပေမဲ့ အခုတော့ သူ သေကိုသေရမယ်"
ကျီရွှမ်သည် တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်သည်။
နတ်ဆိုးများသည် သတ်ဖြတ်ခြင်းဖြင့် သူတို့၏အစွမ်းကို မြှင့်တင်နိုင်သည်ကို သူ ကောင်းကောင်းသိသည်။ ယခုအခါ သူကိုယ်တိုင်လည်း နတ်ဆိုးတစ်ဝက်နီးပါး ဖြစ်နေပြီဖြစ်ရာ ဤနည်းလမ်းကို အသုံးပြု၍ သူ၏စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်သည်။
၎င်းအပြင် ကျီရွှမ်သည် "ဝိညာဉ်ဖြတ်ကျော် ဟင်းလင်းပြင်နည်းစနစ်" ဟုခေါ်သော နတ်ဆိုးတို့၏ လျှို့ဝှက်နည်းစနစ်တစ်ခုကိုလည်း သိထား၏။ ၎င်းမှာ ဟင်းလင်းပြင်စွမ်းအားကို နားမလည်သေးဘဲ ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သည့် နည်းလမ်းဖြစ်သည်။ ပေးဆပ်ရမည့် တန်ဖိုးမှာမူ များပြားလှသော လူသားဝိညာဉ်များကို စုဆောင်းရန်ပင် ဖြစ်သည်။ ထိုဝိညာဉ်များကို ဟင်းလင်းပြင်၏ တိုက်စားမှုကို ခုခံရန်အတွက် အသုံးပြုနိုင်သည်။
သူသည် မဟာကမ္ဘာသို့ သွားရန် ရည်ရွယ်ထားသည်ဖြစ်ရာ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ကိုလုပ်ရမည် ဖြစ်သည်။ သူသည် ဤကမ္ဘာငယ်လေးအပေါ်တွင် ဘာသံယောဇဉ်မျှ မရှိပေ။ နှစ်ပေါင်းထောင်ချီ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ သူတစ်ချိန်က သိခဲ့သမျှ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အကယ်၍ ဤကမ္ဘာပေါ်ရှိ သက်ရှိများက သူ့ကို မဟာကမ္ဘာသို့ ရောက်အောင် ကူညီနိုင်မည်ဆိုလျှင် သူတို့ကို အကုန်သတ်ဖြတ်ပစ်ခြင်းက ဘာဆိုးကျိုး ရှိနိုင်ပါမည်နည်း။
"ကျန်တဲ့ မဟာကောင်းကင်နတ်ဆိုးတွေကိုလည်း လာခိုင်းလိုက်ရမယ်"
"သူတို့ဆီမှာရှိတဲ့ စွမ်းအားတွေကိုလည်း ငါ ပြန်သိမ်းရမယ်"
"ဒီနည်းနဲ့ဆိုရင် ငါ့မှာ နိဗ္ဗာန်အဆင့် အစပျိုးစွမ်းအားပဲ ရှိနေသေးရင်တောင် မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ ကျန်ရှိနေတဲ့ စွမ်းအားတွေကို အသုံးချပြီး ဒီကမ္ဘာကို အေးဆေး ရှင်းပစ်နိုင်လိမ့်မယ်"
ကျီရွှမ် အသာအယာ ခေါင်းငြိမ့်လိုက်သည်။ သူသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ နားကွဲမတတ် ဟိန်းဟောက်လိုက်တော့၏။
ဝေါကနဲ!
ထိုအသံမှာ မိုင်ပေါင်းသောင်းချီတိုင်အောင် ပဲ့တင်ထပ်သွားသည်။ နတ်ဆိုးပင်လယ်၏ ဆဋ္ဌမအလွှာမှာပင် အတိုင်းသား ကြားလိုက်ရသည်။ သက်ရှိအားလုံး ထိုအသံကို ကြားလိုက်ရချိန်တွင် တုန်လှုပ်သွားကြ၏။ သတ်မှတ်ထားသော ကံကြမ္မာအရ သေရန်စောင့်နေရသည့် ရန်သူနှင့် ရင်ဆိုင်လိုက်ရသည့်အလားပင်။
သို့သော် နတ်ဆိုးများကမူ စိတ်အားထက်သန်သွားကြသည်။ ထိုအသံကို မည်သူပြုလုပ်လိုက်သည်ကို သူတို့မသိသော်လည်း ပင်ကိုယ်ဗီဇအရ သူတို့၏ နတ်ဆိုးသွေးများ ဆူပွက်လာပြီး နတ်ဆိုးနှလုံးသားများ ခုန်ပေါက်လာကြသည်။ ဤသို့ ဟိန်းဟောက်လိုက်သူမှာ သေချာပေါက် ကြီးမြတ်သူတစ်ဦး ဖြစ်ရမည်။ အာဏာစက်ကို ပိုင်ဆိုင်ထားသော အန်းချန်ကဲ့သို့သော သူများပင်လျှင် ထိုဟိန်းဟောက်သံကို ကြားလိုက်ရသည်။ သူတို့သည် ပင်ကိုယ်ဗီဇအရ နက်ရှိုင်းသော ရင်းနှီးမှုကို ခံစားလိုက်ရလေ၏။
"ဒါ နတ်ဆိုးဖခင်ကြီးပဲ!"
"အဲဒီအသံက ကိုးခုမြောက်အလွှာကနေ လာတာ… ဒါဟာ နတ်ဆိုးဖခင်ကြီး ပြန်လည်နိုးထလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ!"
"မြန်မြန်… ငါတို့ ကိုးခုမြောက်အလွှာကို သွားကြမယ်!"
အာဏာစက်ပိုင်ရှင်များသည် ကိုးခုမြောက်အလွှာဆီသို့ အလုအယက် ဆင်းသွားကြတော့သည်။
...
ကိုးခုမြောက်အလွှာ။
မဟာကောင်းကင်နတ်ဆိုး အားလုံးသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်အောက်တွင် စုရုံးရောက်ရှိနေကြသည်။ သူတို့သည် နတ်ဆိုးဖခင်ကြီးကို ရိုသေလေးစားစွာဖြင့် မော့ကြည့်နေကြ၏။
အန်းချန်သည်လည်း သူတို့အထဲတွင် ပါဝင်သည်။
"အန်းချန်း ဘယ်မှာလဲ"
အန်းချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အန်းချန်း မရှိသဖြင့် သူနှင့် 'ဒုတိယ မဟာကောင်းကင်နတ်ဆိုး' တို့မှာ ဝါရင့်အရှိဆုံး ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးက သဘာဝကျကျပင် ရှေ့ဆုံးတွင် ရပ်နေကြလေ၏။ သို့သော် အန်းချန်သည် ထင်ပေါ်ရသည်ကို မနှစ်သက်ပေ။ ဒုတိယ မဟာကောင်းကင်နတ်ဆိုးမှာ ဦးဆောင်ရသည်ကို နှစ်သက်သဖြင့် သူ့ကိုသာ နေရာပေးထားလိုက်သည်။ သူကတော့ နဝမနှင့် ဒသမမြောက် မဟာကောင်းကင်နတ်ဆိုးများ ကြားတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်တော့သည်။
ထိုစဉ် သူ ကြမ်းပြင်ပေါ်နှင့် ကျောက်တုံးအက်ကြောင်းများကြားတွင် ကပ်ငြိနေသော အသားစအချို့ကို သတိပြုမိသွားသည်။ ထိုအသားစများမှာ... လတ်ဆတ်လွန်းသည့် အနံ့ဆိုးများ ထွက်ပေါ်နေဆဲပင်။
Chapter 537: နတ်ဆိုးမျိုးနွယ် ကျရှုံးခြင်း
အန်းချန်သည် အကြောင်းပြချက်မရှိဘဲ သူ၏နှလုံးသားထဲတွင် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သာမန်နတ်ဆိုးဆိုလျှင် ကိုးခုမြောက်အလွှာသို့ မည်သူမျှ မချဉ်းကပ်ရဲကြပေ။
သို့ပါလျက်နှင့် ဤနေရာတွင် ဘာကြောင့် အသားစအသားနတွေ ရှိနေရသနည်း။
အန်းချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး မသိမသာဖြင့် အနောက်သို့ တိတ်တဆိတ် ဆုတ်ခွာလိုက်သည်။
"ငါ့ရဲ့... သားသမီးတို့..."
မသေနိုင်သော နတ်ဆိုးဧကရာဇ်သည် သူ၏ပါးစပ်ကို ခက်ခဲစွာဖွင့်ဟကာ ရှေးကျပြီး ပင်ပန်းနွမ်းနယ်နေသော စကားလုံးများကို ဆိုလိုက်သည်။ မဟာကောင်းကင်နတ်ဆိုးအားလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်လှုပ်သွားကြသည်။
"နတ်ဆိုးဖခင်ကြီး!"
မသေနိုင်သော နတ်ဆိုးဧကရာဇ် နိုးထလာပြီ။ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုကို မြေလှန်ပစ်မည့်နေ့မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့သည် နှစ်ပေါင်းထောင်ချီကြာ ပိတ်လှောင်ခံထားရသည့် ဤထောင်ကြီးထဲမှ နောက်ဆုံးတွင် လွတ်မြောက်တော့မည်။ ဤသို့တွေးမိသည်နှင့် သူတို့အားလုံး ရူးသွပ်မတတ် စိတ်လှုပ်ရှားလာကြ၏။ သူတို့၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော နတ်ဆိုးသွေးများသည် ကျိုးပျက်သွားသော တာတမံတစ်ခုကဲ့သို့ ဟုန်ခနဲ ဆူပွက်လာတော့သည်။
"သားသမီးတို့... ငါ့ကို... မင်းတို့ရဲ့ အင်အားတွေထဲက... နောက်ဆုံး... တစ်စိတ်တစ်ပိုင်းလောက် ပေးကြဦး..."
မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဧရာမလက်ကြီးသည် ရုတ်တရက် မြင့်တက်လာပြီး ဝုန်းခနဲ ရိုက်ချလိုက်တော့သည်။ အန်းချန်၏ မျက်စိသူငယ်အိမ်များမှာ စူးရှစွာ ကျုံ့သွားသည်။ သူ တစ်ခုခုမှားနေပြီကို ကြိုတင်ရိပ်မိထားသဖြင့် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်နှင့် အဝေးဆုံးနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
ယခုအခါ သူသည် သူ၏နတ်ဆိုးအရှိန်အဝါ အားလုံးကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဧကရာဇ်၏ သွေးအဆီအနှစ်များကိုပင် အကုန်အစင်သုံး၍ နတ်ဆိုးကိုယ်ခံပညာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သို့ပါလျက်နှင့် ထိုဧရာမလက်ကြီးမှ ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများကြောင့် သူလည်း လွင့်ထွက်သွားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်မှာ ကိုက်ရာပေါင်းများစွာအထိ လွင့်ထွက်သွားပြီး ကျောက်နံရံအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွားတော့၏။ အန်းချန်သည် အသက်ကို ပြင်းပြင်းရှူရင်း ခရမ်းပုပ်ရောင် နတ်ဆိုးသွေး အမြောက်အမြားကို အန်ထုတ်လိုက်ရကာ သူ၏ရုပ်သွင်မှာလည်း လုံးဝဥဿုံ နွမ်းလျသွားတော့သည်။
အန်းချန် မျက်လုံးများကို ပင့်ကြည့်ကာ ခန်းမကြီးအတွင်းသို့ လှမ်းကြည့်လိုက်သည်။ စောစောက စိတ်လှုပ်ရှားနေကြသော မဟာကောင်းကင်နတ်ဆိုးများမှာ ယခုအခါ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် အသားပုံကြီးများ ဖြစ်သွားကြပြီဖြစ်သည်။ သူတို့သည် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားကြလေပြီ။
"တစ်ယောက် လွတ်သွားတာလား… ပါးနပ်သားပဲ" ကျီရွှမ်မှ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဤနတ်ဆိုးသည် ထူးခြားလှ၏။ မူမမှန်မှုကို ရိပ်မိပြီး လျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း မဟာကောင်းကင်နတ်ဆိုး အမြောက်အမြားကို သတ်ဖြတ်ပြီး စွမ်းအားအများအပြားကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်မှာပင် လုံလောက်နေပြီဖြစ်သည်။ ၎င်းမှာ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ဆုံးရှုံးသွားသော စွမ်းအားများကို အစားထိုးရန်အတွက် လုံလောက်လှသည်။ ဤနည်းဖြင့် မသေနိုင်သော နတ်ဆိုးဧကရာဇ်သည် "မဟာနတ်ဆိုးဧကရာဇ်" အဆင့်သို့ ပြန်လည်ရောက်ရှိသွား၏။ လွတ်သွားသော မဟာကောင်းကင်နတ်ဆိုးနှင့် ပတ်သက်၍မူ သူ လုံးဝ ဂရုမစိုက်တော့ပေ။
ကျီရွှမ်သည် အမြတ်အစွန်း အနည်းငယ်အတွက် စိတ်ပူနေမည့်သူ မဟုတ်ပါချေ။
အန်းချန်သည် ခန်းမကြီးကို တစ်ချက် အကြာကြီး စိုက်ကြည့်လိုက်ပြီး သူ၏လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းနေသော မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို ကြည့်ကာ ယိုင်ထိုးလျက် ထွက်ပြေးသွားတော့သည်။ ဤအချိန်တွင် အန်းချန်း၏ ကံကြမ္မာကို သူ ခန့်မှန်းမိသွားပြီဖြစ်သည်။ အနက်ရှိုင်းဆုံး၊ အရှေးကျဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်သော နံပါတ်တစ် မဟာကောင်းကင်နတ်ဆိုးမှာ နောက်ဆုံးတွင် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့ နတ်ဆိုးဖခင်ကြီး၏ လက်ချက်နှင့်ပင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
"မသေနိုင်သော နတ်ဆိုးဧကရာဇ်က ငါ့ကို သတ်ချင်နေတာပဲ"
"ငါ ဒီအတိုင်း အသေခံလို့မဖြစ်ဘူး"
"ငါ ထွက်ပြေးရမယ်"
အန်းချန်သည် အံကို တင်းတင်းကြိတ်ကာ ကိုးခုမြောက်အလွှာထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
...
အာဏာစက်ပိုင်ရှင်များ ရုတ်တရက် သေဆုံးသွားခြင်းမှာ ကြီးမားလှသော သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ လက်ရှိရှိနေသော စစ်မှန်သော နတ်ဆိုး အားလုံးမှာ ထိုအာဏာစက်ပိုင်ရှင်များ၏ သားသမီး၊ မြေးမြစ်နှင့် မျိုးဆက်များသာ ဖြစ်ကြသည်။ အာဏာစက်ပိုင်ရှင်များ သေဆုံးသွားသည်နှင့်အမျှ ထိုစစ်မှန်သော နတ်ဆိုးများသည် ခေါင်းမူးဝေကာ အင်အားချည့်နဲ့ကုန်ကြသည်။ သူတို့တွင် ဆက်လက်တိုက်ခိုက်ရန် စွမ်းရည် လုံးဝမရှိတော့ပေ။
နတ်ဆိုးပင်လယ်၏ ဆဋ္ဌမအလွှာတွင်မူ… နတ်ဆိုးနှိမ်နင်းရေးအစောင့်များသည် ဤအခြေအနေကို လျင်မြန်စွာ သတိပြုမိသွားကြပြီး ထိုနေရာကို စောင့်ကြပ်နေသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များဖြစ်သည့် ရှုံလင်း၊ ပိုင်ကျွယ်၊ ယဲ့ယန်နှင့် အခြားသူများကို ချက်ချင်း သတင်းပို့လိုက်ကြသည်။ ရှုံလင်း၊ ပိုင်ကျွယ်နှင့် ယဲ့ယန်တို့မှာ ရန်သူ အားနည်းနေချိန်တွင် အပြတ်တိုက်ရန် အမိန့်များကို ချက်ချင်း ထုတ်ပြန်လိုက်ကြ၏။ သူတို့ ချက်ချင်းပင် ထိုးစစ်ဆင်လိုက်ကြတော့သည်။
နတ်ဆိုးနှိမ်နင်းရေးအစောင့်များ နတ်ဆိုးများနှင့် စတင်ရင်ဆိုင်လိုက်သည်နှင့် နတ်ဆိုးတပ်ဖွဲ့များမှာ လုံးဝ ဖရိုဖရဲဖြစ်နေပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့သည်ကို တွေ့ရှိလိုက်ရသည်။ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးများပင်လျှင် တိုက်ခိုက်လိုစိတ် မရှိကြတော့ဘဲ ဆုတ်ခွာထွက်ပြေးရန်သာ ကြိုးစားနေကြသည်။ ဤသို့ဖြင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်များသည် ဆဋ္ဌမအလွှာကို ဆယ်ရက်အတွင်းမှာပင် သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ဆိုးနန်းတော် အမြောက်အမြားကို ဖျက်ဆီးကာ မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
ဤသတင်းမှာ ဝါရင့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များဖြစ်သည့် ကျန်းလုံရှန့်၊ ရှီထျန်းနှင့် အောက်ကွမ်တို့ထံသို့ မကြာမီ ရောက်ရှိသွားသည်။ သူတို့သည် သတင်းကို ကြားရသောအခါ အံ့အားသင့်သွားကြ၏။
နတ်ဆိုးတွေက ဘာကြောင့် မတိုက်ဘဲ ရှုံးနိမ့်သွားကြတာလဲ။
၎င်းမှာ အလွန်ပင် ထူးဆန်းလှသည်။ ခံတပ်အရှင်သခင် ဆယ်ဦးစလုံး ဆက်သွယ်ရေးကျောက်စိမ်းများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ချက်ချင်း ဆက်သွယ်လိုက်ကြတော့သည်။