အခန်း (၃၇၉-၃၈၀)
Vol. 28 Ch. 379-380
အခန်း ( ၃၇၉ ) - စေတနာ၊ နတ်ဆိုးဧကရာဇ်ကြီး၏ စေတနာ၊ အဆုံးမဲ့နတ်ဘုရား
ကုချန်သည် ဖြစ်နိုင်ခြေပေါင်းများစွာကို စဉ်းစားခဲ့ကာ နတ်ဆိုးဧကရာဇ်ကြီးနှင့် တင်းမာသော ထိပ်တိုက်ရင်ဆိုင်မှုအတွက်ပင် ပြင်ဆင်ထားခဲ့သည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ တုံ့ပြန်မှုမှာ သူမျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ဤနတ်ဆိုးဧကရာဇ်ကြီးသည် မည်သည့်အရာကို ပြောဆိုနေခြင်းနည်း။
သူ့ကိုပေးစေချင်သော 'ရှင်းပြချက်' ဆိုသည်မှာ ရှီမိုကောင်းကင်ကို သူ့လက်အောက်သို့ သိမ်းသွင်းရန်လော။
ဤသည်ကို ရှင်းပြချက်ဟု သတ်မှတ်၍ရမည်လော။
ကုချန်သာမက အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့သော ချီလျိုနှင့် နတ်ဆိုးအရှင် ပိုင်ဟွာတို့ပင် အံ့အားသင့်သွားကြသည်။
ဤသည်မှာ မည်သို့သော ရှင်းပြချက်မျိုးနည်း။
ရှီမိုထျန်းကျွင်းကို သတ်ဖြတ်ခြင်း၊ ရှီမိုနန်းတော်ကို ဖျက်ဆီးခြင်း ရှီမိုကောင်းကင်ကို ဆက်ခံ၍ သူ့အတွက် သိမ်းယူရန် လိုအပ်သည် ဟူ၍လော။
လောကတွင် ဤကဲ့သို့ အလကားရလိုက်သော ကံကောင်းမှုမျိုး ရှိနိုင်မည်လော။
" ဟုတ်တယ်...မိတ်ဆွေငယ် ကြားတာ မမှားပါဘူး... မင်းအနေနဲ့ ရှီမိုကောင်းကင်ကို မင်းလက်အောက် သိမ်းသွင်းလိုက်ဖို့ပဲ လိုတယ်... အဲ့ဒါက ငါအရှင်အတွက် အကောင်းဆုံး ရှင်းပြချက်ပဲ "
နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ပြုံးလိုက်၏။
ကျောက်စိမ်းဖြူ လိပ်ခွံထံမှ ဗေဒင်ဟောကိန်းရလဒ်များကို မြင်ပြီးကတည်းက သူ့တွင် ကုချန်နှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။
သူသည် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် လာခဲ့ခြင်းဖြစ်ပြီး ကုချန်နှင့် တိုက်ပွဲဝင်ရန် မဟုတ်ချေ။
နတ်ဆိုးဧကရာဇ်ကြီးသည် ကျောက်စိမ်းဖြူ လိပ်ခွံ၏ ဟောကိန်းရလဒ်များကို အလွန်အမင်း ယုံကြည်ထားသူဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံမှုသာရှိသော ဤလူငယ်လေးသည် သူ့အတွက် မည်သို့ အန္တရာယ်ဖြစ်စေနိုင်သည်ကို သူ မသိသော်လည်း တစ်ချိန်က အန္တရာယ်ကို ကိုယ်စားပြုသော လိပ်ခွံပေါ်ရှိ ကြက်သွေးရောင်ရင့်ရင့်သည် အတုအယောင် မဖြစ်နိုင်ပေ။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်ဘေးတွင် ရပ်နေသော ချီလျိုကို ကြည့်မိကာ သူ နတ်ဆိုးဧကရာဇ် စဖြစ်ခါစက ချီလျန်မျိုးနွယ်ကို နတ်ဆိုးနယ်မြေအတွင်းသို့ ခေါ်ဆောင်လာခဲ့သည့် ကိစ္စကို ရုတ်တရက် သတိရသွားသည်။
ထိုစဉ်က ကျောက်စိမ်းဖြူ လိပ်ခွံသည် အလွန်ကောင်းမွန်သော နိမိတ်လက္ခဏာကို ပြသသည့်အနေဖြင့် ခရမ်းရောင်ဖျော့ဖျော့ကို ပြသခဲ့သည်။
သာမန် ချီလျန်မျိုးနွယ်လေးတစ်ခုက သူ့အား စိတ်လှုပ်ရှားစေမည့် ကံကောင်းမှု သို့မဟုတ် ကောင်းမွန်သော ကံကြမ္မာကို ယူဆောင်လာပေးနိုင်မည် မဟုတ်ပေ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ နောင်လာမည့် မျိုးဆက်များတွင် ချီလျန်မျိုးနွယ်သည် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်မိကာ ကံကြမ္မာ အကျိုးဆက်များ ဖြစ်ပေါ်လာခြင်းပင် ဖြစ်လိမ့်မည်။
ထိုအခါ သူ၏ ကံကောင်းမှုနှင့် ကောင်းမွန်သော ကံကြမ္မာများသည် ထိုပုဂ္ဂိုလ်ထံမှတစ်ဆင့် ပေါ်ပေါက်လာလိမ့်မည်။
အတိတ်က နိမိတ်လက္ခဏာမှ ကောင်းမွန်သော ကံကြမ္မာနှင့် ကံကောင်းမှုများသည် ဤသူထံမှတစ်ဆင့် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်မည်လော။
နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီးနောက် ကုချန်ဘေးရှိ ချီလျိုကို တစ်ချက်ကြည့်ကာ ရုတ်တရက် စကားဆိုလေသည်။
" ပြောရမယ်ဆိုရင် ငါအရှင်ကလည်း ချီလျန်မျိုးနွယ်နဲ့ အနည်းငယ် ပတ်သက်မှုရှိတယ်... ချီလျန်မျိုးနွယ်တွေ နတ်ဆိုးနယ်မြေထဲ ဝင်လာတုန်းကငါပဲ သူတို့ကို လက်ခံဖို့ တာဝန်ယူခဲ့တာ... ဒါပေမယ့် အဲဒီတုန်းက ငါအရှင် သိခဲ့တဲ့ ချီလျန်မျိုးနွယ်က လူငယ်နည်းနည်းကတော့ အခုလောက်ဆို ရှိတော့မှာ မဟုတ်ဘူး "
ဤနေရာသို့အရောက်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် လွမ်းဆွတ်ဝမ်းနည်းသော အမူအရာကို မပြဘဲ မနေနိုင်ခဲ့ပေ။
" နတ်ဆိုးဧကရာဇ်ကြီးရဲ့ ကျေးဇူးကို ကျွန်မတို့ ချီလျန်မျိုးနွယ်က ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး "
နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ ချီလျိုသည် ခေါင်းကို အလိုအလျောက် ငုံ့လိုက်မိ၏။ သူ၏အသံတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
မိသားစုခေါင်းဆောင် တစ်ဦးအနေဖြင့် ယခင်က ချီလျန်မျိုးနွယ်များ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ နတ်ဆိုးဧကရာဇ်ကြီး၏ အကူအညီကြောင့် အဓိကဖြစ်ကြောင်း ချီလျို သိရှိထားသည်။
ထိုအချိန်က ချီလျန်မျိုးနွယ်သည် အင်မော်တယ်ကမ္ဘာကို သစ္စာဖောက်ရန် ရည်ရွယ်ထားကြောင်း သိလိုက်ရသောအခါ အင်မော်တယ်ကမ္ဘာ၏ အရှင်သခင်သည် အလွန်အမင်း ဒေါသထွက်ကာ ချီလျန်မျိုးနွယ်အား အပြစ်ပေးရန် ပြင်တော့၏။ နတ်ဆိုးဧကရာဇ်ကြီး၏ အကာအကွယ်ကြောင့်သာ ချီလျန်မျိုးနွယ်သည် အန္တရာယ်မှ ဘေးကင်းရာသို့ ရောက်ရှိခဲ့ကာ နတ်ဆိုးနယ်မြေအတွင်းသို့ ဘေးကင်းစွာ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်ပိုင်း ရှီမိုထျန်းကျွင်း၏ ချီလျန်မျိုးနွယ်အပေါ် ဖိနှိပ်မှုများမှာ အမှန်တကယ်တွင် နတ်ဆိုးဧကရာဇ်ကြီးနှင့် ဘာမျှမဆိုင်ပေ။
တိတိကျကျဆိုရလျှင် ချီလျန်မျိုးနွယ်သည် နတ်ဆိုးဧကရာဇ်ကြီးကို ကျေးဇူးတင်သင့်သေးသည်။
မည်သို့ပင်ဆိုစေကာမူ ရှီမိုထျန်းကျွင်းအား သတိထားစေခဲ့သည့် သူ၏ ကျန်ရစ်နေသေးသော ဩဇာလွှမ်းမိုးမှုသာ မရှိခဲ့လျှင် ချီလျန်မျိုးနွယ်သည် ရှီမိုထျန်းကျွင်း၏ ဖျက်ဆီးမှုကြောင့် အစအနပင် ကျန်ရစ်မည်မဟုတ်ဘဲ ဟိုးယခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီး၏ 'ပြေလည်စေချင်သည့်' အမူအရာနှင့်အတူ ထိုနေရာရှိ လေထုမှာ ချက်ချင်းပင် ပို၍ သက်တောင့်သက်သာ ဖြစ်သွားလေသည်။
ကုချန်သည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ နတ်ဆိုးဧကရာဇ်ကြီးအား တွေးတောစွာဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
အကြောင်းရင်း တစ်ခုခုကြောင့် ဤနတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် ထူးဆန်းနေသည်ဟု သူ အမြဲခံစားနေရသည်။ သို့သော် မည်သည့်အရာက မှားယွင်းနေသနည်းဆိုသည်ကိုမူ သူ ချက်ချင်း ထောက်ပြ၍ မရနိုင်ခဲ့ချေ။
သို့သော်လည်း သူ့အား တိုက်ခိုက်ရန်မှာ လုံးဝဖြစ်နိုင်ခြေမရှိတော့ပေ။
ဤနတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား ရန်သူအဖြစ် သတ်မှတ်လိုသည့် ရည်ရွယ်ချက် လုံးဝမရှိဘဲ ဤမျှ ရက်ရောသော အခြေအနေများကို ချက်ချင်း ကမ်းလှမ်းခဲ့သည့်အပြင် ချီလျန်မျိုးနွယ်အပေါ် ထားရှိခဲ့သော အတိတ်က သူ၏ကြင်နာမှုကိုပင် သိမ်မွေ့စွာ ဖော်ပြခဲ့သေး၏။
ယခုလိုအခြေအနေတွင် မည်သို့ တိုက်ခိုက်၍ ရနိုင်မည်နည်း။ လုံးဝ တိုက်ခိုက်၍ မရနိုင်တော့ပေ။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး ကမ်းလှမ်းခဲ့သော အခြေအနေများက ကုချန်အား အမှန်တကယ်ပင် စိတ်လှုပ်ရှားစေခဲ့သည်ဟု ဆိုရပေမည်။
သူသည် ရှီမိုကောင်းကင်၏ ကောင်းကင်နှလုံးသားနှင့် ပေါင်းစည်းထားခါစဖြစ်ရာ ကောင်းကင်နယ်မြေတစ်ခုကို ထိန်းချုပ်ခြင်းက သူ့အတွက် မည်မျှ အကျိုးရှိမည်ကို သိရှိထား၏။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးကသာ ဤကိစ္စကို ထောက်ခံမည်ဆိုပါက သူ၏ ရှီမိုကောင်းကင်ကို သိမ်းပိုက်မှုသည် နတ်ဆိုးနယ်မြေတွင် မည်သည့် လှိုင်းဂယက်ကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ချေ။
ဤသည်မှာ ကုချန်နှင့် ချီလျန်မျိုးနွယ် နှစ်ခုစလုံးအတွက် သတင်းကောင်းတစ်ခု ဖြစ်သည်။
ကုချန်အနေဖြင့် မဟာဧကရာဇ်အဆင့်ရှိသော တည်ရှိမှုတစ်ခုနှင့် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု သူ့ကိုယ်သူကို ယုံကြည်မှုရှိသော်လည်း ယင်းမှာ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်၏ အထောက်အပံ့အောက်တွင်သာ ဖြစ်သည်။
အကယ်၍ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်သာ ကုန်ဆုံးသွားပါက သူသည် ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ပေ။
ယခု နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ရန်သူအဖြစ် မသတ်မှတ်လိုသောကြောင့် ကုချန်သည်လည်း ဤနတ်ဆိုးဧကရာဇ်ကို ထပ်မံရန်စရအောင် မိုက်မဲနေမည် မဟုတ်ပေ။
" အဲ့ဒီလိုဆိုရင်တော့ နတ်ဆိုးဧကရာဇ်ကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော့်အနေနဲ့ ငြင်းဆန်ဖို့ကလည်း ရိုင်းရာကျသွားပါလိမ့်မယ် "
ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီးအား အနည်းငယ်ပြုံး၍ ကြည့်လိုက်သည်။
" ကောင်းပြီ "
ကုချန် သဘောတူလိုက်သည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများအတွင်း၌ နက်ရှိုင်းသော ဝမ်းမြောက်မှုတစ်ခု ပေါ်လာခဲ့၏။
ယခုအချိန်တွင်မူ သူသည် သေချာသွားပြီဖြစ်သည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ စွမ်းအားသာရှိသည့်လူသည် သူ့လို နတ်ဆိုးဧကရာဇ်တစ်ပါးကို မည်သို့ 'မျှား' ရဲမည်နည်း။
သူ၏နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိရမည်မှာ သေချာ၏။ ထို့အပြင် အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ဖြင့် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုကို ခြိမ်းခြောက်နိုင်သော လျှို့ဝှက်ချက်မျိုးရှိနေလိမ့်မည်။
ဤအကြောင်းကို စဉ်းစားလိုက်ရုံမျှဖြင့် ကုချန်သည် သာမန်မဟုတ်ကြောင်း နတ်ဆိုးဧကရာဇ်ကြီး သိလိုက်သည်။
သူ၏ ကံကောင်းမှုနှင့် ကောင်းမွန်သော ကံကြမ္မာများသည် ဤပုဂ္ဂိုလ်နှင့် ဆက်နွှယ်နေမည်မှာ သေချာသည်။
ဤအချက်ကို နားလည်သွားပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား ပို၍ အမြင်ကြည်လင်လာခဲ့သည်။
ထို့အပြင် ကုချန်၏ ရှီမိုကောင်းကင်အား သိမ်းပိုက်ရန် သဘောတူညီချက်မှာ သူတို့၏ ဆက်နွယ်မှုကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးသည် မည်သို့များ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
" အဲ့ဒီလိုဆိုမှတော့ ငါအရှင်က မင်းကို နောက်တစ်ကြိမ် ကူညီပေးရတာပေါ့ "
နတ်ဆိုးဧကရာဇ်ကြီး၏ နတ်ဘုရားအာရုံသည် အနည်းငယ် လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် ထုံထျန်းနတ်ဆိုးတောင်ကို ဗဟိုပြုကာ ကျယ်ပြန့်လှသော နတ်ဘုရားအာရုံလှိုင်းတစ်ခု အရပ်လေးမျက်နှာ၊ လမ်းရှစ်သွယ်သို့ ရုတ်တရက် ပြန့်နှံ့သွားတော့သည်။
ရှီမိုကောင်းကင်၊ နတ်ဆိုးကောင်းကင် ၊ ယုံဟန် ကောင်းကင်.....
နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်အောက်ရှိ နတ်ဆိုးကောင်းကင်များစွာသည် ဤအခိုက်အတန့်တွင် တုန်လှုပ်သွားကြ၏။
ဧရာမ ကျယ်ပြန့်လှသော နတ်ဆိုးဧကရာဇ် ဓမ္မရုပ်သွင်တစ်ခုသည်လည်း နတ်ဆိုးကောင်းကင်တစ်ခုစီနှင့် ၎င်း၏ လက်အောက်ခံ နတ်ဆိုးနယ်မြေများတွင် ထွက်ပေါ်လာလေသည်။
" ရှီမိုထျန်းကျွင်း သေဆုံးသွားပြီ...
ဒီနေ့ကစပြီး ရှီမိုကောင်းကင်ကို အဆုံးမဲ့ကောင်းကင်လို့ အမည်ပြောင်းလဲသတ်မှတ်ပြီး အဲ့ဒီရဲ့ အရှင်သခင်က အဆုံးမဲ့ထျန်းကျွင်းပဲ ဖြစ်လိမ့်မယ် "
ထိုနတ်ဆိုးဧကရာဇ် ဓမ္မရုပ်သွင်များမှ ကြီးမြတ်ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာကာ ဘီလီယံနှင့်ချီသော နတ်ဆိုးနယ်မြေရှိ သက်ရှိများအား တုန်လှုပ်သွားစေခဲ့သည်။
မရေမတွက်နိုင်သော သက်ရှိများသည် မြေပြင်ပေါ်တွင် အလိုအလျောက် ဒူးထောက်သွားကြကာ နတ်ဆိုးဧကရာဇ် ဓမ္မရုပ်သွင်အား ရိုသေစွာ ဦးညွှတ်ကြလေသည်။
ရှီမိုထျန်းကျွင်း သေဆုံးသွားပြီ။ အဆုံးမဲ့ထျန်းကျွင်း ဆက်ခံလေပြီ။
နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်အောက်ရှိ နတ်ဆိုးကောင်းကင် အသီးသီးအတွက်မူ ဤသည်မှာ ကြီးမားသော တုန်လှုပ်ချောက်ချားမှုများစွာ ဖြစ်စေလောက်သည့် သတင်းတစ်ခုပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် နတ်ဆိုးကောင်းကင် အသီးသီးရှိ နတ်ဆိုးအရှင် မိုကျွင်း၊ ယုံဟန်ထျန်းကျွင်း၊ လီယွင်ထျန်းကျွင်းနှင့် အခြားသော အင်မော်တယ်ဘုရင် အားလုံးတို့သည် နတ်ဆိုးဧကရာဇ်ကြီး၏ ဓမ္မရုပ်သွင်ရှိရာသို့ ကြည့်လိုက်ကြ၍ ခေါင်းငုံ့ကာ ပြောဆိုလိုက်ကြသည်။
" နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော်ကို ကျွန်တော်တို့ ရိုသေစွာ လိုက်နာပါ့မယ် "
အခန်း ( ၃၈၀ ) - ပြဿနာများ ပြီးဆုံးသွားခြင်း၊ မိုကျွင်းနတ်ဆိုးအရှင်က ရိုးရှင်းမနေပေ။
နတ်ဆိုးနယ်မြေသခင်များအားလုံးသည် နတ်ဆိုးဧကရာဇ်ကြီး၏ ဓမ္မရုပ်သွင်အား ခေါင်းငုံ့အရိုအသေပေးခဲ့ကြသော်လည်း သူတို့ မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင်မူ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်မှုနှင့် သံသယများက ဖုံးလွှမ်းလျက်ရှိနေသည်။
ရှီမိုကောင်းကင်နှင့် နီးစပ်သော အင်မော်တယ်ဘုရင်များအနေဖြင့် ရှီမိုထျန်းကျွင်း၏ သတင်းများကို သူတို့ စောစီးစွာကတည်းက သိရှိထားပြီးဖြစ်သည်။
ထိုအချိန်က ယုံဟန်ထျန်းကျွင်းနှင့် အခြားသူများသည် ရှီမိုထျန်းကျွင်း၏ သေဆုံးမှုအတွက် မည်သူ့တွင် တာဝန်ရှိသနည်း၊ သူတို့သည် နတ်ဆိုးဧကရာဇ်ကြီး၏ ဒေါသကို မကြောက်ရွံ့ကြဘူးလော ဟု တွေးတောနေခဲ့ကြဆဲဖြစ်သည်။
ယခုအခါ နတ်ဆိုးဧကရာဇ်ကြီး၏ ကြေညာချက်နှင့်အတူ အရာအားလုံး ပြီးဆုံးသွားလေပြီ။
ရှီမိုထျန်းကျွင်း၏ သေဆုံးမှုသည် အသစ်ခန့်အပ်ခံရသော အဆုံးမဲ့ထျန်းကျွင်းနှင့် ကျိန်းသေပေါက် ဆက်စပ်နေပုံရလေသည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးကိုယ်တိုင် သူ၏ ဓမ္မရုပ်သွင်ကို နတ်ဆိုးကောင်းကင်များအတွင်း ဖော်ပြကာ ဤရလဒ်ကို တိုက်ရိုက် ကြေညာခဲ့ခြင်းဖြစ်ရာ ရှီမိုထျန်းကျွင်း ကျဆုံးခြင်းကိစ္စသည် ဤနေရာတွင်ပင် ပြီးဆုံးသွား၍ နတ်ဆိုးဧကရာဇ်ကြီးမှလည်း ထပ်မံစုံစမ်းတော့မည်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
ဤအဆုံးမဲ့ထျန်းကျွင်း၏ နောက်ခံမှာ အတော်လေး နက်နဲလှပေသည်။
ခဏတာမျှ ယုံဟန်ထျန်းကျွင်း၊ လီယွင်ထျန်းကျွင်းနှင့် အခြားသူများအားလုံးသည် အသစ်ခန့်အပ်ခံရသော အဆုံးမဲ့ထျန်းကျွင်းနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှီမိုထျန်းကျွင်းသည် နတ်ဆိုးဧကရာဇ်ကြီး၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်ပေသည်။
ယခု ရှီမိုထျန်းကျွင်းသည် ရှင်းပြ၍မရနိုင်အောင် သေဆုံးသွားခဲ့ရာ အနည်းဆုံးတော့ ရှင်းလင်းချက်တစ်ခု ရှိသင့်သည်မဟုတ်လော။
သို့သော် ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ထိုကိစ္စကို ဆက်လက်စုံစမ်းရန် ရည်ရွယ်ချက်မရှိသည့်ပုံပေါ်နေကာ တာအိုရောင်းရင်း ရှီမို၏ နေရာအား ထိုအဆုံးမဲ့ထျန်းကျွင်းကိုပင် တိုက်ရိုက်ဆက်ခံစေရန် စီစဉ်ပေးခဲ့လေသည်။
ဤနေရာတွင် လှည့်ကွက်တစ်ခုမျှ မရှိဟုဆိုလျှင် မည်သူက ယုံကြည်မည်နည်း။
တစ်ချိန်တည်းမှာပင် ရှီမိုကောင်းကင်၌ နတ်ဆိုးဧကရာဇ်ကြီး၏ ဩဇာတိက္ကမ ကြီးမားသော အသံတော်သည် နတ်ဆိုးနယ်မြေရာပေါင်းများစွာတစ်လျှောက် ပဲ့တင်ထပ်သွားလေရာ နတ်ဆိုးနယ်မြေသခင်များအားလုံးသည် စိတ်လှုပ်ရှားမှုနှင့် စိတ်သက်သာရာရမှုများ ရောယှက်ပြည့်နှက်သွားခဲ့ကြလေသည်။
သူတို့ စိတ်လှုပ်ရှားရခြင်းမှာ ချီလျန်မျိုးနွယ်ရှေ့တွင် နှိမ့်ချရန် သူတို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ခဲ့သည်က အကျိုးသက်ရောက်သွားသောကြောင့်ပင်။ အနာဂတ်တွင် ဤရှီမိုကောင်းကင် မဟုတ်ပေ၊ ဤအဆုံးမဲ့ကောင်းကင်ကို ချီလျန်မျိုးနွယ်မှ အုပ်ချုပ်မည်ဖြစ်ပြီး ၎င်းတို့ နတ်ဆိုးနယ်မြေသခင်အသီးသီးသည်လည်း ချီလျန်မျိုးနွယ်၏ သဘောကျ ရှင်သန်ရမည်ဖြစ်သည်။
ထို့အပြင် ချီလျန်မျိုးနွယ်ထံ ခေါင်းငုံ့ရန် မတုံ့ဆိုင်းခဲ့ခြင်းအတွက်လည်း သူတို့ စိတ်သက်သာရာရခဲ့ကြသည်။
သို့မဟုတ်ပါက ယခု ရှီမိုနန်းတော်၏ ကံကြမ္မာသည် သူတို့၏အနာဂတ် ဖြစ်လာလောက်ပေသည်။
...
မိုကျွင်းနတ်ဆိုးကောင်းကင်တွင်.....
ကျယ်ပြောလှသော နတ်ဆိုးနန်းတော်၏ အထွတ်အထိပ်၌ မိုကျွင်းနတ်ဆိုးအရှင်သည် ပျောက်ကွယ်သွားသော နတ်ဆိုးဧကရာဇ်ကြီး၏ ဓမ္မရုပ်သွင်ကို ကြည့်ရှုနေကာ သူ၏မျက်နှာမှာ အလွန်တရာ ခက်ထန်နေလေသည်။
" ဒီအတိုင်းပဲ ပြီးသွားပြီလား... ပြစ်ဒဏ်လည်းမရှိ... ရှင်းလင်းချက်လည်းမရှိဘဲ ရှီမိုရဲ့နေရာကို အခြားတစ်ယောက် ယူဖို့တောင် စီစဉ်ပေးလိုက်သေးတယ်ပေါ့ "
သူသည် ရှီမိုထျန်းကျွင်း၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည်။ အတိတ်ကာလက သူတို့သည် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးခင်ကတည်းက အတူတကွ စွန့်စားခဲ့ကြသည်ဖြစ်ရာ သူတို့၏ ခင်မင်ရင်းနှီးမှုမှာ အလွန်နက်ရှိုင်းလှသည်။
နောင်တွင် သူတို့နှစ်ဦးစလုံး အင်မော်တယ်ဘုရင်များဖြစ်လာခဲ့ကြရာ နတ်ဆိုးနယ်မြေတွင် ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ်အဖြစ် သတ်မှတ်ခံခဲ့ရလေသည်။
ရှီမိုထျန်းကျွင်း သေဆုံးသွားသောအခါ မိုကျွင်းနတ်ဆိုးအရှင်မှာ ယုံကြည်ရန် ခက်ခဲနေဆဲပင်။ အကယ်၍ သူသည် နတ်ဆိုးနယ်မြေ၏ အပြင်ဘက်တွင် ကျဆုံးသွားခဲ့လျှင် တစ်မျိုးဖြစ်သော်လည်း ယခုမူ သူ၏ ကိုယ်ပိုင်နယ်မြေဖြစ်သော ရှီမိုကောင်းကင်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ရာ မည်သူက ယုံကြည်နိုင်မည်နည်း။
လွန်ခဲ့သည့်ခဏကပင် မိုကျွင်းနတ်ဆိုးအရှင်သည် ထုံထျန်းနတ်ဆိုးတောင်သို့သွားကာ နတ်ဆိုးဧကရာဇ်ကြီးနှင့် တွေ့ဆုံ၍ ဘာတွေဖြစ်နေသနည်းဟု မေးမြန်းရန် ပြင်ဆင်နေခဲ့၏။
မျှော်လင့်မထားစွာပင် သူ ခရီးမစတင်မီ ရှီမိုထျန်းကျွင်း သေဆုံးပြီးနောက် ရှီမိုကောင်းကင်ကို ထိုအဆုံးမဲ့ထျန်းကျွင်းဆိုသူက လွှဲပြောင်းရယူမည်ဟု နတ်ဆိုးဧကရာဇ်ကြီးမှ ကြေညာသည်ကို ကြားလိုက်ရလေသည်။
မိုကျွင်းနတ်ဆိုးအရှင်မှာ လူမိုက်တစ်ဦး မဟုတ်ချေ။ ရှီမို၏သေဆုံးမှုသည် အဆုံးမဲ့ထျန်းကျွင်းဆိုသော ဤလူနှင့် ဆက်စပ်နေရမည်ကို သူ ချက်ချင်းပင် နားလည်လိုက်၏။
သို့သော် သူ နားမလည်နိုင်သည်မှာ အဘယ်ကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် ရှီမို၏သေဆုံးမှုအတွက် စုံစမ်းမေးမြန်းခြင်းမျှပင် မပြုလုပ်ခဲ့ရသနည်း ဆိုသည်ကိုပင်။
တာအိုရောင်းရင်း ရှီမိုသည် တကယ်ပင် ဤမျှ ရှင်းပြမရနိုင်လောက်အောင် ရှုပ်ထွေးစွာဖြင့် သေဆုံးသွားခဲ့ရသည်လော။
" နတ်ဆိုးဧကရာဇ်ကြီး... အရှင်က ဘယ်လို နတ်ဆိုးဧကရာဇ်မျိုးလဲ! "
မိုကျွင်းနတ်ဆိုးအရှင်သည် အလွန်တရာ ဒေါသထွက်နေခဲ့၏။ ဤအဆုံးမဲ့ထျန်းကျွင်းသည် ရှီမို၏ သေဆုံးမှုနှင့် ကျိန်းသေပေါက် ဆက်စပ်နေသည်မှာ ရှင်းလင်းနေပါလျက်နှင့် နတ်ဆိုးဧကရာဇ်ကြီးသည် စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရုံသာမက ထိုသူအား အသစ်ဖြစ်သော ရှီမိုထျန်းကျွင်းအဖြစ်ပင် ခန့်အပ်ခဲ့ပြီး ရှီမိုကောင်းကင်၏ နာမည်ကိုပင် ပြောင်းလဲပေးခဲ့သေးသည်လော။
" ဒီကိစ္စက ဒီအတိုင်း ပြီးသွားလို့ မရဘူး... တာအိုရောင်းရင်း ရှီမိုက ဒီလောက် အဓိပ္ပာယ်မဲ့ သေဆုံးသွားလို့ မရဘူး! "
မိုကျွင်းနတ်ဆိုးအရှင်၏ အကြည့်များမှာ မှိုင်းညို့နေ၏။ သူသည် ထုံထျန်းနတ်ဆိုးတောင်သို့ ချက်ချင်းသွား၍ နတ်ဆိုးဧကရာဇ်ကြီးထံမှ ရှင်းလင်းချက်တောင်းခံချင်နေ၏။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ အကျင့်စရိုက်အရ သူ့ကို တွေ့ဆုံမည်ပင်မဟုတ်ဘဲ သွားရောက်ခြင်းက အရှက်ကွဲရုံသာရှိမည်ဖြစ်ကြောင်းကိုလည်း သူ သိထားလေသည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးသည် ဤအဆုံးမဲ့ထျန်းကျွင်းကို ဤမျှကာကွယ်ပေးနေပြီဖြစ်ရာ သူ သွားတွေ့လျှင်တောင် ဘာအကျိုးရှိမည်နည်း။ နတ်ဆိုးဧကရာဇ်၏ ကာကွယ်မှုဖြင့် ထိုသူသည် သဘာဝကျကျပင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။
" နတ်ဆိုးဧကရာဇ်ကြီး... အရှင်က ကျွန်တော့်ကို အတင်းအကျပ် လုပ်ခိုင်းနေတာပဲ "
မိုကျွင်းနတ်ဆိုးအရှင်သည် တီးတိုးရေရွတ်လိုက်၏။ အမှန်တကယ်တွင် သူသည် ဤနတ်ဆိုးဧကရာဇ်ကြီးအပေါ် မကျေနပ်ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေတွင် နတ်ဆိုးဧကရာဇ်ကြီးကဲ့သို့ ထူးဆန်း၍ လွတ်လပ်လွန်းကာ နတ်ဆိုးဧကရာဇ်တစ်ပါး၏ အသွင်အပြင် လုံးဝမရှိသော အရှင်သခင်မျိုး မရှိခဲ့ပေ။
ဤအဆုံးမဲ့နှစ်ကာလများတစ်လျှောက် နတ်ဆိုးကောင်းကင်အရှင်များဖြစ်သော သူတို့အား ဆင့်ခေါ်ခဲ့သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ပင် ရနိုင်လေသည်။
နတ်ဆိုးကောင်းကင်အရှင် အသီးသီးတို့ အရိုအသေပေးရမည့်နေ့ တစ်နေ့တွင် သူနှင့် အခြားအင်မော်တယ်ဘုရင်အချို့ ထုံထျန်းနတ်ဆိုးတောင်ခြေသို့ ရောက်ရှိလာချိန်၌ ထိုလိပ်အိုကြီး၏ တားဆီးခြင်းကို ခံခဲ့ရပြီး နတ်ဆိုးဧကရာဇ်ကြီး နေမကောင်းဖြစ်နေသဖြင့် တွေ့ဆုံရန်မလိုကြောင်း ပြောကြားခဲ့သည်ကို မိုကျွင်းနတ်ဆိုးအရှင် မှတ်မိနေသေးသည်။
ဂုဏ်ကျက်သရေရှိသော နတ်ဆိုးဧကရာဇ်တစ်ပါးမှာ နေမကောင်းဖြစ်နေသည်လော။ ဤသည်မှာ အဓိပ္ပာယ်မဲ့သော ဟာသတစ်ခုသက်သက်သာ ဖြစ်သည်။
ယခု ရှီမိုထျန်းကျွင်းနှင့်ပတ်သက်သော ဤအဖြစ်အပျက်တွင်မူ မိုကျွင်းနတ်ဆိုးအရှင်သည် မျှော်လင့်ချက်များအား လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။
ရှီမို သေဆုံးသွားခဲ့သော်လည်း နတ်ဆိုးဧကရာဇ်ကြီးသည် အသံတစ်သံမျှပင် မထွက်ခဲ့ချေ။ နောင်အနာဂတ်တွင် သူ၏လက်အောက်၌ မည်သူက အသက်စွန့်ရဲတော့မည်နည်း။
" အဆုံးမဲ့ထျန်းကျွင်း ဟုတ်လား... စောင့်ကြည့်နေလိုက်... နတ်ဆိုးဧကရာဇ်ကြီး ကာကွယ်ပေးနေတာနဲ့ မင်း ဘေးကင်းလိမ့်မယ်လို့ မထင်နဲ့... တာအိုရောင်းရင်း ရှီမိုအတွက် ဒီအကြွေးက မပြီးသေးဘူး! "
မိုကျွင်းနတ်ဆိုးအရှင်သည် မုန်းတီးစွာဖြင့် ပြောဆိုလိုက်၏။
...
နတ်ဆိုးကောင်းကင်များစွာကို ဖြတ်ကျော်ပျံ့နှံ့သွားသည့် နတ်စွမ်းအင်အာရုံလော။ တကယ့်ကို မှတ်သားလောက်စရာ နည်းလမ်းပါပေ။
ကုချန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော နတ်ဆိုးဧကရာဇ်ကြီး၏ ဓမ္မရုပ်သွင်ကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီးကို အဓိပ္ပါယ်ပါပါ စူးစိုက်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
ကုချန်၏ လက်ရှိစွမ်းအားဖြင့် သူ၏နတ်စွမ်းအင်အာရုံကို ဖြန့်ကြက်လိုက်ပါက အများဆုံး ဤရှီမိုကောင်းကင်တစ်ခုလုံးကိုသာ လွှမ်းခြုံနိုင်မည်ဖြစ်သည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် အတွေးတစ်ချက်ဖြင့် နတ်ဆိုးကောင်းကင်များစွာကို ဖြတ်ကျော်ပျံ့နှံ့နိုင်စွမ်းရှိရာ နတ်ဆိုးဧကရာဇ်ကြီး၏ နတ်စွမ်းအင်အာရုံမှာ မည်မျှအားကောင်းကြောင်း ပြသရန် လုံလောက်နေပြီဖြစ်သည်။
သို့သော် ကုချန်သည် ဤအတွက် စိတ်ဓာတ်မကျခဲ့ပေ။
သူသည် လက်ရှိတွင် အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်သာရှိသေးပြီး စစ်မှန်သော အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ နတ်စွမ်းအင်အာရုံနှင့် မယှဉ်နိုင်ခြင်းမှာ ပုံမှန်သာဖြစ်သည်။
သို့သော် သူ ရှီမိုကောင်းကင်၏ အရှင်သစ်ဖြစ်လာကြောင်းကို ဤမျှ ထင်ထင်ရှားရှား ကြေညာလိုက်ခြင်းဖြင့် သူ၏ လက်အောက်ခံ အင်မော်တယ်ဘုရင်များ စိတ်ဓာတ်ကျသွားမည်ကို နတ်ဆိုးဧကရာဇ်ကြီး မကြောက်ရွံ့ပေလော။
ခဏတာမျှ နတ်ဆိုးဧကရာဇ်ကြီး ဘာတွေးနေသည်ကို ကုချန် အမှန်တကယ်ပင် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့သည်။
သို့သော် သေချာသောအရာတစ်ခုရှိသည်။ ၎င်းမှာ ဤတစ်ကြိမ် ကောင်းကင်ဘုံများအားလုံးသို့ နတ်ဆိုးဧကရာဇ်ကြီး ကြေညာချက်ထုတ်လိုက်ခြင်းက ကုချန်အတွက် ပြဿနာများစွာကို အမှန်တကယ် ကင်းဝေးသွားစေခြင်းပင်။
" နတ်ဆိုးဧကရာဇ်ကြီးရဲ့ ကြင်နာမှုအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ် "
ကုချန်သည် ခေါင်းညိတ်လိုက်ကာ ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်၏။
" နောင်တစ်ချိန် တစ်ခြားကိစ္စမရှိဘူးဆိုရင်တောင်... တာအိုအကြောင်း ဆွေးနွေးဖို့ ထုံထျန်းနတ်ဆိုးတောင်ကို မင်းလာခဲ့လို့ရတယ် "
နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်အား ပြုံးပြလိုက်ပြီးနောက် သူ၏ပုံရိပ်သည်လည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
နတ်ဆိုးဧကရာဇ်ကြီး ထွက်ခွာသွားသော လမ်းကြောင်းသို့ လှမ်းကြည့်နေသော ကုချန်၏မျက်လုံးများတွင် စဉ်းစားတွေးတောမှုများဖြင့် ပြည့်နှက်နေလေသည်။
နတ်ဆိုးဧကရာဇ်ကြီးသည် ပေါ်လာသည့် အချိန်မှစ၍ သူ့အပေါ် စေတနာကောင်းများ ပြသနေခဲ့သည်။
ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ကုချန် နားမလည်သော်လည်း ဤနတ်ဆိုးဧကရာဇ်ကြီးသည် အပေါ်ယံမြင်ရသလို ရိုးရှင်းမနေနိုင်ကြောင်းကိုမူ သူ သိထားလေသည်။