← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 28 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 28 Ch. 381-382

‎အခန်း ( ၃၈၁ ) - ခြိမ်းခြောက်မှုများ မရှိတော့ချေ၊ မျှော်စင်သခင် ကိုယ်တိုင် ထွက်ခွာလာခြင်း

‎

‎

‎

‎" ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ်ကြီးက တကယ်ပဲ ဒီလောက် စကားပြောရ လွယ်ကူနေတာလား "

‎

‎

‎ဘေးနားရှိ ချီလျိုသည်လည်း ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်မိသည်။

‎

‎

‎သူ၏အထင်တွင် နတ်ဆိုးဧကရာဇ်ကြီးဆိုသည်မှာ အလွန်တရာ ဩဇာတိက္ကမကြီးမား၍ အေးစက်ခက်ထန်သော ပုံရိပ်မျိုး ဖြစ်ပေသည်။

‎

‎

‎သို့သော် သူ၏သခင်နှင့် လတ်တလော စကားပြောဆိုမှုတွင် ထိုအရာများ လုံးဝ ပေါ်လွင်မနေခဲ့ချေ။ ထိုအစား သူသည် နတ်ဆိုးအငွေ့အသက် အလျဉ်းမရှိဘဲ ရွှင်လန်းတက်ကြွကာ အန္တရာယ်မရှိသည့် သာမန် နတ်ဆိုးနယ်မြေသတ္တဝါတစ်ဦးနှင့်ပင် တူနေလေသည်။

‎

‎

‎အခြားတစ်ဖက်တွင်မူ နတ်ဆိုးအရှင်ပိုင်ဟွာသည် ကုချန်အား တွေးတောနေသည့်ဟန်ဖြင့် စိုက်ကြည့်နေလေသည်။

‎

‎

‎ရှီမိုကောင်းကင်တွင် အမြဲနေထိုင်လာခဲ့သော နတ်ဆိုးအရှင်တစ်ဦးအနေဖြင့် သူသိရှိထားသော အချက်အလက်များမှာ ချီလျိုထက် ပိုမိုများပြားလေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးတွင် နတ်ဆိုးအငွေ့အသက် မရှိဘူးလော။ အန္တရာယ်မရှိဘူးလော။ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

‎

‎

‎နတ်ဆိုးဧကရာဇ်ရာထူးကို ရရှိနိုင်သူတိုင်းတွင် မည်သူက ရက်စက်ကြမ်းကြုတ်မှု မရှိဘဲ နေမည်နည်း။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်များ၏ လက်အောက်တွင် သေဆုံးခဲ့ရသော သက်ရှိများဆိုသည်မှာ နတ်ဆိုးကောင်းကင် တစ်ခုစာပင် လုံလောက်မည် မဟုတ်ချေ။

‎

‎

‎အကယ်၍ သူ့ထံတွင် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်လောက်သော နတ်ဆိုးအငွေ့အသက်သာ မရှိခဲ့လျှင် သူ၏ လက်အောက်ခံ အင်မော်တယ်ဘုရင်များကို မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။

‎

‎

‎ရေတွက်၍မရနိုင်သော နှစ်ကာလများတစ်လျှောက် ရှီမိုထျန်းကျွင်းသည် ချီလျန်မျိုးနွယ်အပေါ် အကြိမ်ကြိမ် အရေးယူရန် ဆန္ဒရှိခဲ့သော်လည်း အတိတ်က ချီလျန်မျိုးနွယ်ကို ပြန်လည်ခေါ်ဆောင်လာခဲ့သော နတ်ဆိုးဧကရာဇ်ကြီးအား ရိုသေလေးစားသောအားဖြင့် သူသည် သည်းခံခဲ့ရလေသည်။

‎

‎

‎ဤအချက်တစ်ခုတည်းနှင့်ပင် နတ်ဆိုးဧကရာဇ်ကြီး၏ ဂုဏ်သတင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။

‎

‎

‎သို့မဟုတ်ပါက ရှီမိုထျန်းကျွင်းသည် ဤအရာအားလုံးကို စောစီးစွာကတည်းက လျစ်လျူရှုကာ ချီလျန်မျိုးနွယ်ကို ရိုင်းစိုင်းစွာ အရေးယူခဲ့ပြီး ဖြစ်လောက်ပေသည်။

‎

‎

‎ယနေ့ နတ်ဆိုးဧကရာဇ်ကြီး ဤမျှ ကြင်နာစွာ ပြုမူရခြင်း၏ အကြောင်းရင်းမှာ ချီလျို၏သခင်၊ လက်ရှိ အဆုံးမဲ့ထျန်းကျွင်းနှင့် ဆက်စပ်နေလောက်ပေသည်။

‎

‎

‎ဤအဆုံးမဲ့ထျန်းကျွင်းသည် နတ်ဆိုးဧကရာဇ်ကြီးထံမှ ဤမျှ ကြင်နာသော ဆက်ဆံမှုကို ခံယူထိုက်လောက်အောင် မည်သည့်နောက်ခံမှ လာခဲ့သနည်း။

‎

‎

‎နတ်ဆိုးအရှင် ပိုင်ဟွာမှာ နားလည်ရန် ခက်ခဲနေခဲ့၏။ နတ်ဆိုးဧကရာဇ်ကြီး၌ ကံကြမ္မာကို တွက်ချက်နိုင်သော အထွတ်အထိပ်ရတနာတစ်ခု ရှိကြောင်းကို သူ မသိခဲ့ပေ။ ကုချန်၏ နောက်ခံမှာ ရိုးရှင်းမည်မဟုတ်ဘဲ နတ်ဆိုးဧကရာဇ်ကြီးကိုယ်တိုင်ပင် အလေးအနက်ထားရလောက်သည့် အဆင့်အထိ ရောက်နေနိုင်ကြောင်းကိုသာ သူ ခန့်မှန်းမိလေသည်။

‎

‎

‎" ကဲ... အရာအားလုံး အဆင်ပြေသွားပြီဆိုတော့ မင်းတို့ကိစ္စတွေ မင်းတို့ သွားလုပ်ကြတော့ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ထွက်ခွာသွားသည်ကို ကြည့်လျက် ကုချန်သည် လက်ယမ်းကာ ချီလျိုနှင့် နတ်ဆိုးအရှင် ပိုင်ဟွာတို့ကို ညွှန်ကြားလိုက်၏။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ အသိအမှတ်ပြုမှုနှင့်အတူ ကုချန်သည် ယခုအခါ အငြင်းပွားဖွယ်မရှိသော အဆုံးမဲ့ထျန်းကျွင်း ဖြစ်လာခဲ့ပြီဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်တွင် ပါဝင်ပတ်သက်မှုမှ ခြိမ်းခြောက်မှုများကိုလည်း လုံးဝ ပပျောက်သွားစေခဲ့သည်။

‎

‎

‎ချီလျန်မျိုးနွယ်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိတော့ချေ။

‎

‎

‎ကုချန်အနေဖြင့်လည်း သူ၏ဘဝတွင် ဤအဆုံးမဲ့ကောင်းကင်၏ ကောင်းကင်နှလုံးသားကို ယခုလေးတင် စုပ်ယူထားခဲ့သောကြောင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ တံခါးပိတ်ကျင့်ကြံ၍ နားလည်သဘောပေါက်ရန် လိုအပ်နေသေးသည်။

‎

‎

‎" ဟုတ်ကဲ့ပါ! "

‎

‎

‎ချီလျိုသည် ဝမ်းသာအားရ အသံဖြင့် အလျင်အမြန် တုံ့ပြန်လိုက်၏။

‎

‎

‎ချီလျန်မျိုးနွယ်၏ ခေါင်းပေါ်တွင် ဖုံးလွှမ်းနေခဲ့သော အမှောင်ထုမှာ ယခုအချိန်တွင် အဆုံးသတ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

‎

‎

‎ယခုမှစ၍ ချီလျန်မျိုးနွယ်ဝင်များသည် နောက်ဆုံးတွင် အကြောက်တရားဖြင့် ရှင်သန်နေရခြင်းမှ ရပ်တန့်နိုင်၍ ဤနတ်ဆိုးနယ်မြေ၏ မြေပြင်ပေါ်တွင် ပွင့်လင်းရိုးသားစွာ ရှင်သန်နိုင်ကာ မည်သူ့ကိုမျှ မျက်နှာချိုသွေးနေရန် မလိုတော့ပေ။

‎

‎

‎" မျိုးနွယ်ခေါင်းဆောင် ချီလျို... ကျွန်မနောက်ကို လိုက်ခဲ့ပါ... ချီလျန်မျိုးနွယ်ဝင်တွေကို လျှို့ဝှက်နေရာတစ်ခုမှာ ကျွန်မ နေရာချထားပေးပြီးပြီဆိုတော့ အခု သူတို့ကို အိမ်ပြန်ခေါ်သွားဖို့ အချိန်တန်ပါပြီ "

‎

‎

‎နတ်ဆိုးအရှင် ပိုင်ဟွာသည် ပြုံးလျက် ပြောဆိုလေသည်။

‎

‎

‎" ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

‎

‎

‎ချီလျိုသည် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် နတ်ဆိုးအရှင် ပိုင်ဟွာနောက်သို့ လိုက်ပါသွားလေသည်။

‎

‎

‎.........

‎

‎

‎အင်မော်တယ်နယ်မြေ၊ အင်မော်တယ်တစ်သောင်းမျှော်စင်.....

‎

‎

‎ကျယ်ပြောလှသော အင်မော်တယ်မြူခိုးများကြားတွင် အင်မော်တယ်မျှော်စင်များသည် ကောင်းကင်နှင့်မြေကြီးကို ဆက်စပ်ကာ ခမ်းနားထည်ဝါစွာ မြင့်မားနေ၍ နေ၊ လနှင့် ကြယ်များသည် ၎င်းတို့ပတ်လည်တွင် အဆုံးမရှိ လှည့်ပတ်နေကြသည်။

‎

‎

‎ထိုအထဲမှ အမြင့်မားဆုံးမျှော်စင်သည် အခြားမျှော်စင်များအားလုံးထက် တိုင်းတာ၍မရနိုင်လောက်အောင် ပိုမိုခမ်းနားကြီးကျယ်လှပေသည်။ မျက်စိတစ်ဆုံး ကြည့်လျှင်ပင် ထိုမျှော်စင်ကြီးကို အမြင်အာရုံနယ်ပယ်အတွင်း အပြည့်အဝ မြင်တွေ့ရန် မဖြစ်နိုင်ချေ။

‎

‎

‎ဤနေရာသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ အရှင်သခင် ဝမ်လုံအင်မော်တယ်အရှင်၏ တံခါးပိတ်ကျင့်ကြံရာနေရာဖြစ်ကာ တစ်ချိန်တည်းမှာပင် အင်မော်တယ်တစ်သောင်းမျှော်စင်တစ်ခုလုံးတွင် အမြင့်မြတ်ဆုံးနှင့် အတုနှိုင်းမဲ့ နေရာတစ်ခုလည်း ဖြစ်လေသည်။

‎

‎

‎ယခုအချိန်တွင် ဤခမ်းနားသော အဆောက်အအုံမြင့်ကြီးအတွင်းမှ ကြီးမားလှသော အင်မော်တယ်ဝိညာဉ်ချီများသည် တောင်ပြိုသံနှင့် ပင်လယ်ဒီရေလှိုင်းများကဲ့သို့ ရုတ်တရက် ရိုက်ခတ်ထွက်ပေါ်လာကာ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အရပ်လေးမျက်နှာကို လွှမ်းခြုံသွားလေသည်။

‎

‎

‎ချက်ချင်းပင် အင်မော်တယ်တစ်သောင်းမျှော်စင်အတွင်းရှိ သက်ရှိအားလုံး ထိုအရာကို ခံစားသိရှိသွားကြကာ ခမ်းနားသော အဆောက်အအုံမြင့်ကြီးဆီသို့ လှမ်းကြည့်လိုက်ကြ၏။

‎

‎

‎" မျှော်စင်သခင် တံခါးပိတ်ကျင့်ကြံရာကနေ နောက်ဆုံးတော့ ထွက်လာခဲ့ပြီ! "

‎

‎

‎ချုံးဟွာထျန်းကျွင်းသည်လည်း ချွင်းချက်မရှိပေ။ သူသည် မျှော်စင်သခင်၏ တံခါးပိတ်ကျင့်ကြံရာနေရာကို ကြည့်လိုက်ပြီးနောက် တစ်စက္ကန့်မျှပင် မတုံ့ဆိုင်းတော့ဘဲ ချက်ချင်းထရပ်ကာ မျှော်စင်သခင် ရှိရာဆီသို့ ပျံသန်းသွားတော့သည်။

‎

‎

‎ဤနှစ်များတစ်လျှောက်လုံး သူသည် မျှော်စင်သခင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ခြင်းဖြစ်သည်။

‎

‎

‎လွန်ခဲ့သည့် နှစ်အနည်းငယ်က သူသည် အင်မော်တယ်မျှော်စင်နှင့် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူတို့ကို အောက်ကမ္ဘာသို့စေလွှတ်ကာ ရှောင်ယောက်ထျန်းကျွင်းအား ကုချန်ဆိုသောကောင်ကို ရှင်းလင်းရာတွင် ကူညီစေခဲ့သည်။

‎

‎

‎သို့သော် ထိုစစ်မှန်သော အင်မော်တယ်နှစ်ပါး အောက်ကမ္ဘာသို့ ဆင်းသက်သွားပြီးနောက် ၎င်းတို့၏ ဝိညာဉ်မီးအိမ်များ လျင်မြန်စွာ ငြိမ်းသတ်သွားခဲ့၍ ရှောင်ယောက်ထျန်းကျွင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားကာ ဆက်သွယ်၍ မရတော့ပေ။

‎

‎

‎ချုံးဟွာထျန်းကျွင်းမှာ စိုးရိမ်ပူပန်နေခဲ့သော်လည်း ကိစ္စရပ်များကို စုံစမ်းရန် အောက်ကမ္ဘာသို့ သွားရောက်နိုင်သည့် နည်းလမ်း မရှိခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အင်မော်တယ်တံခါးကို ဖွင့်လှစ်နိုင်သော အင်မော်တယ်ဘုရင်အမိန့်တော်မှာ မျှော်စင်သခင်၏ လက်ထဲတွင်သာ ရှိနေသောကြောင့်ဖြစ်သည်။ အကယ်၍ သူသာ အောက်ကမ္ဘာသို့ သွားလိုပါက မျှော်စင်သခင်၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်နိုင်ပေမည်။

‎

‎

‎သို့သော် ထိုအချိန်တွင် ဝမ်လုံအင်မော်တယ်အရှင်သည် တံခါးပိတ်ကျင့်ကြံနေပြီဖြစ်ရာ ချုံးဟွာထျန်းကျွင်းအနေဖြင့် သူ့အား အနှောင့်အယှက် မပေးရဲသောကြောင့် တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေခဲ့ရလေသည်။

‎

‎

‎ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက် မျှော်စင်သခင်ဖြစ်သော ဝမ်လုံအင်မော်တယ်အရှင်သည် နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ချုံးဟွာထျန်းကျွင်းအနေဖြင့် ထိုကိစ္စကို ချက်ချင်း သတင်းပို့ရမည်မှာ သဘာဝကျလှပေသည်။

‎

‎

‎" မင်း ဘာပြောလိုက်တယ်... အောက်ကမ္ဘာကို လွှတ်လိုက်တဲ့ စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးစလုံး သေသွားကြပြီ ဟုတ်လား "

‎

‎

‎ရှေးဟောင်းခန်းမကြီးအတွင်း နဂါးအင်မော်တယ်ဝတ်ရုံကို ဝတ်ဆင်ထားသော မျှော်စင်သခင် ဝမ်လုံအင်မော်တယ်အရှင်သည် ပလ္လင်ပေါ်တွင် ထိုင်လျက် ချုံးဟွာထျန်းကျွင်း၏ အစီရင်ခံစာကို နားထောင်ရင်း သူ၏အကြည့်များမှာ အနည်းငယ် လှုပ်ခတ်သွားလေသည်။

‎

‎

‎" မျှော်စင်သခင်ကို အစီရင်ခံပါတယ်... ဒီအတိုင်းပါပဲ... ပထမဆုံး ရွှယ်ကျန်းက အောက်ကမ္ဘာမှာ သေဆုံးသွားခဲ့တယ်... အဲဒီနောက်မှာ ကျွန်တော်တို့ အင်မော်တယ်တစ်သောင်းမျှော်စင်က စေလွှတ်လိုက်တဲ့ စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးကလည်း ဆက်တိုက် ကျဆုံးသွားခဲ့ရတယ်.....

‎

‎အောက်ကမ္ဘာမှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုခု ပေါ်ပေါက်လာနိုင်တယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်... ဒါကြောင့် အောက်ကမ္ဘာကိုဆင်းပြီး သေသေချာချာ စုံစမ်းဖို့အတွက် အင်မော်တယ်ဘုရင်အမိန့်တော်ကို တောင်းခံလိုပါတယ် "

‎

‎

‎ချုံးဟွာထျန်းကျွင်းသည် အရာအားလုံးကို အသေးစိတ် ရိုသေစွာဖြင့် အစီရင်ခံလေသည်။

‎

‎

‎သူနှင့် မျှော်စင်သခင် နှစ်ဦးစလုံးသည် အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

‎

‎

‎သို့သော် အင်မော်တယ်အရှင်များအကြားတွင်လည်း ကွာခြားချက်များ ရှိလေသည်။

‎

‎

‎မျှော်စင်သခင်သည် စစ်မှန်သော အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ဖြစ်ပြီး ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်အဆင့်နှင့် တစ်လှမ်းသာ ကွာဝေးတော့သည်။

‎

‎

‎ချုံးဟွာထျန်းကျွင်းမှာမူ အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်နှင့် အလှမ်းဝေးနေဆဲဖြစ်ရာ သူသည် မျှော်စင်သခင်ရှေ့တွင် ကြီးမားသော လေးစားမှုကို ထိန်းသိမ်းထားရလေသည်။

‎

‎

‎" အောက်ကမ္ဘာမှာ လူသားတာအို အထွတ်အထိပ်အဆင့်က ကန့်သတ်ချက်ဖြစ်နေပြီ... ပြီးတော့ အင်မော်တယ်တက်လှမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ... အဲ့လိုဆိုရင် စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးစလုံး ဘယ်လိုလုပ်ပြီး ကျဆုံးသွားရတာလဲ "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်သည် အနည်းငယ် မျက်မှောင်ကျုံ့သွားကာ ကိစ္စရပ်များမှာ သိပ်မရိုးရှင်းကြောင်း ခံစားမိနေဟန်ရှိသည်။

‎

‎

‎" ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်တော်မျိုးလည်း နားမလည်နိုင်ဖြစ်နေပါတယ်... ဒါကြောင့်မလို့ ကိုယ်တိုင်သွားပြီး စုံစမ်းဖို့ စီစဉ်ခဲ့တာပါ "

‎

‎

‎ချုံးဟွာထျန်းကျွင်းမှ ရိုသေစွာဖြင့် ပြောလေသည်။

‎

‎

‎" အကြောင်းရင်းကို ရှာဖွေရမယ်... အောက်ကမ္ဘာက မဟာရိတ်သိမ်းခြင်း စီမံကိန်းမှာ ဘာအဆုံးအရှုံးမှ ရှိလို့မဖြစ်ဘူး... မင်း ထိန်းချုပ်ထားတဲ့ နယ်မြေက အမြဲတမ်း အကောင်းဆုံး မဟာဆေးဝါးတွေကို ထောက်ပံ့ပေးနေတာဆိုတော့ အဲ့ဒါက အရေးအကြီးဆုံးပဲ "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်မှ လေးနက်စွာ ပြောလေသည်။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်သည် အောက်ကမ္ဘာရှိ အထွတ်အထိပ်ကျင့်ကြံသူများကို မဟာဆေးဝါးများအဖြစ် အသုံးပြုကာ အဆက်မပြတ် ရိတ်သိမ်းလေ့ရှိသည်။ ဤရိတ်သိမ်းသည့်နယ်မြေမှာ အဆုံးမဲ့ကမ္ဘာတစ်ခုတည်း ကန့်သတ်ထားခြင်း မဟုတ်သည်မှာ သဘာဝပင်။

‎

‎

‎ချုံးဟွာထျန်းကျွင်းအပြင် အင်မော်တယ်တစ်သောင်းမျှော်စင်ရှိ အခြားသော အင်မော်တယ်အရှင်များသည်လည်း နယ်မြေများစွာ၏ ရိတ်သိမ်းခြင်းကိစ္စရပ်များကို အသီးသီး စီမံခန့်ခွဲကြလေသည်။

‎

‎

‎သို့သော် ချုံးဟွာထျန်းကျွင်း ထိန်းချုပ်ထားသော အဆုံးမဲ့ကမ္ဘာနယ်မြေသည် အထွတ်အထိပ် မဟာဆေးဝါးများကို အများဆုံး ထောက်ပံ့ပေးရာ နေရာဖြစ်ခဲ့သောကြောင့် မည်သည့်အဆုံးအရှုံးမျှ ရှိ၍မဖြစ်သည်မှာ သဘာဝကျလှသည်။

‎

‎

‎" ထားလိုက်တော့... မင်း အင်မော်တယ်ဘုရင်အမိန့်တော်ကို တောင်းခံနေဖို့ မလိုတော့ပါဘူး... ငါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတော့ စုံစမ်းဖို့အတွက် မင်းနဲ့အတူ လိုက်တာက ပိုကောင်းမယ် "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်သည် ခဏတာ တွေးတောလိုက်ပြီးနောက် သူ၏လက်ကို ခမ်းနားစွာ ဝှေ့ယမ်းလိုက်ကာ တိုက်ရိုက်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။

‎

‎

‎" မျှော်စင်သခင်... အရှင်က..... "

‎

‎

‎မျှော်စင်သခင်ဖြစ်သူ ဝမ်လုံအင်မော်တယ်အရှင်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ချုံးဟွာထျန်းကျွင်းမှာ အံ့အားသင့်သွားရ၏။

‎

‎

‎ဤကိစ္စသည် မျမျှော်စင်သခင် ကိုယ်တိုင် သွားရောက်ရလောက်သည်အထိ တုန်လှုပ်စေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

‎

‎အခန်း ( ၃၈၂ ) - ခုနစ်ဆယ် ရာခိုင်နှုန်း ခွဲဝေခြင်း၊ ခွေးတစ်ကောင်ဖြစ်ရန်ပင် ခက်ခဲလှသည်၊ ဟွမ်သွမ့် ထွက်ပေါ်လာခြင်း

‎

‎

‎

‎မျှော်စင်သခင် ဝမ်လုံအင်မော်တယ်အရှင်သည် ဤကိစ္စအပေါ် ဤမျှအထိ အလေးထားနေသည်လော။

‎

‎

‎ချုံးဟွာထျန်းကျွင်းသည်လည်း အနည်းငယ် အံ့အားသင့်သွားပုံရလေသည်။

‎

‎

‎မူလက သူသည် အင်မော်တယ်ဘုရင်အမိန့်တော်ကို ရရှိပါက အောက်ကမ္ဘာသို့ဆင်း၍ စုံစမ်းရန်သာ တွေးထားခဲ့သော်လည်း ဝမ်လုံအင်မော်တယ်အရှင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရလောက်သည်အထိ တုန်လှုပ်စေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎" အောက်ကမ္ဘာကနေ ရိတ်သိမ်းတဲ့ကိစ္စက ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး လုံးဝ အမှားခံလို့ မဖြစ်ဘူး... မယ်ကူအင်မော်တယ် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒီအင်မော်တယ်အရှင်က ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ဆီ အစီရင်ခံထားပြီးပြီ... အင်မော်တယ်ဘုရင် အားလပ်တဲ့အချိန်ကျရင် အင်မော်တယ်တစ်သောင်းမျှော်စင်ဆီ ကိုယ်တိုင်ဆင်းသက်လာပြီး သေသေချာချာ စုံစမ်းစစ်ဆေးလိမ့်မယ် "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်သည် ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလေ၏။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်က ဒီကိစ္စကို သိနေပြီလား။

‎

‎

‎ချုံးဟွာထျန်းကျွင်းသည် ဤစကားကိုကြားသော် အံ့အားသင့်သွားခဲ့သော်လည်း ချက်ချင်းပင် စိတ်သက်သာရာရသွားလေသည်။

‎

‎

‎ဤကာလအတွင်း အင်မော်တယ်တစ်သောင်းမျှော်စင်ရှိ အဆင့်မြင့်ပုဂ္ဂိုလ်များအားလုံးသည် မယ်ကူအင်မော်တယ်၏ လျှို့ဝှက်ဆန်းကြယ်သော သေဆုံးမှုကြောင့် ထိတ်လန့်နေခဲ့ကြသော်လည်း မယ်ကူအင်မော်တယ် သေဆုံးရသည့် အကြောင်းရင်းကိုမူ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။

‎

‎

‎ယခု ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ဤကိစ္စကို သိရှိ၍ လာရောက်စုံစမ်းရန် သဘောတူထားပြီဖြစ်ရာ မယ်ကူအင်မော်တယ် သေဆုံးမှုနောက်ကွယ်မှ အမှန်တရားသည် မကြာမီ အလင်းရောင်ပေါ်သို့ ရောက်ရှိလာမည်မှာ သေချာလှပေသည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ဝမ်လုံအင်မော်တယ်အရှင်အား အင်မော်တယ်ဘုရင်အမိန့်တော်ကို ချီးမြှင့်ခဲ့သူဖြစ်ကာ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အကြီးမားဆုံးသော အားထားရာလည်း ဖြစ်လေသည်။

‎

‎

‎အင်မော်တယ်နယ်မြေနှင့် အောက်ကမ္ဘာတို့သည် အင်မော်တယ်တံခါးဖြင့် ခြားနားထား၍ အင်မော်တယ်ဘုရင်အဆင့်ရှိသူတစ်ဦးမှ ခွင့်မပြုသရွေ့ မည်သည့်သက်ရှိမျှ ဖြတ်သန်းသွားလာခွင့် မရှိချေ။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်သည် အဘယ်ကြောင့် အောက်ကမ္ဘာတွင် အခြေချနိုင်၍ အင်မော်တယ်နယ်မြေနှင့် အောက်ကမ္ဘာကြား လွတ်လပ်စွာ သွားလာနိုင်ရသနည်း။

‎

‎

‎သဘာဝကျကျပင် ၎င်းတို့သည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တိတ်တဆိတ် သဘောတူခွင့်ပြုချက်ကို ရရှိထားသောကြောင့် ဖြစ်သည်။

‎

‎

‎အကယ်၍ အင်မော်တယ်ဘုရင်၏ ခွင့်ပြုချက်သာ မရှိခဲ့လျှင် အင်မော်တယ်တစ်သောင်းမျှော်စင်သည် အောက်ကမ္ဘာသို့ အင်မော်တယ်တံခါးကို ဖွင့်လှစ်နိုင်မည်မဟုတ်သည့်အပြင် ခိုးဝင်ရန် နည်းလမ်းရှိခဲ့လျှင်ပင် သူတို့ လုပ်ဆောင်ရဲမည် မဟုတ်ချေ။

‎

‎

‎အင်မော်တယ်ဘုရင်များမှ အောက်ကမ္ဘာသို့ သွားရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားပြီးဖြစ်သည်။ ဤအမိန့်ကို ချိုးဖောက်ရဲသူတိုင်းသည် အင်မော်တယ်ဘုရင်များကို ဆန့်ကျင်နေခြင်းပင် ဖြစ်မည်မဟုတ်လော။

‎

‎

‎သို့သော် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တိတ်တဆိတ် သဘောတူထောက်ခံမှုနှင့်ဆိုလျှင်တော့ ကွဲပြားသွားပေသည်။

‎

‎

‎အခြားသောအင်မော်တယ်ဘုရင်များ သိရှိသွားခဲ့လျှင်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှ သူတို့အတွက် ဝင်ရောက်ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်။

‎

‎

‎ယခုအချိန်တွင် ချုံးဟွာထျန်းကျွင်းသည် ဝမ်လုံအင်မော်တယ်အရှင်မှ အောက်ကမ္ဘာ၏ကိစ္စကို အဘယ်ကြောင့် ဤမျှ အရေးကြီးသည်ဟု ယူဆရကြောင်းကိုလည်း နားလည်သွားလေပြီ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အောက်ကမ္ဘာမှ မဟာဆေးဝါးကို ရိတ်သိမ်းသည့်ကိစ္စသည် မူလကပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တိတ်တဆိတ် သဘောတူညီချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။

‎

‎

‎ရိတ်သိမ်းရရှိသော မဟာဆေးဝါးများအားလုံးကို အင်မော်တယ်တစ်သောင်းမျှော်စင်မှ ကိုယ်တိုင် အသုံးပြုခြင်းမဟုတ်ဘဲ အများစုကို ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ထံသို့ ဆက်သရခြင်းဖြစ်သည်။

‎

‎

‎အမှန်တကယ်တွင် အင်မော်တယ်တစ်သောင်းမျှော်စင်သည် အစိတ်အပိုင်းတစ်ခုကိုသာ ထိန်းသိမ်းထားခွင့် ရရှိလေသည်။

‎

‎

‎တစ်နည်းဆိုရသော် အင်မော်တယ်တစ်သောင်းမျှော်စင်သည် အမှန်တကယ်၌ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အတွက် လျှို့ဝှက်စွာ အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။

‎

‎

‎အောက်ကမ္ဘာမှ ရိတ်သိမ်းရရှိသော အထွတ်အထိပ် မဟာဆေးဝါးများအတွက် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် အင်မော်တယ်တစ်သောင်းမျှော်စင်တို့သည် ခုနစ်ဆယ်-သုံးဆယ် အချိုးဖြင့် ခွဲဝေယူကြလေသည်။

‎

‎

‎ခုနစ်ဆယ်ရာခိုင်နှုန်းမှာ သူ၏အပိုင်ဖြစ်ပြီး အင်မော်တယ်တစ်သောင်းမျှော်စင်အတွက်မူ သုံးဆယ်ရာခိုင်နှုန်းသာ ရရှိလေသည်။

‎

‎

‎ထို့အပြင် ဤသုံးဆယ်ရာခိုင်နှုန်းကို ရရှိရန်အတွက်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စိတ်နေသဘောထားအပေါ် မှီခိုနေရဆဲဖြစ်သည်။

‎

‎

‎သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ဝမ်လုံအင်မော်တယ်အရှင်သည် ဤကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှု အနည်းငယ်မျှပင် မပြသခဲ့ဖူးချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ့အနေဖြင့်ရော အင်မော်တယ်တစ်သောင်းမျှော်စင်အနေဖြင့်ပါ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အတွက် အလုပ်လုပ်ပေးခွင့်ရခြင်းမှာ ကြီးမားသော ဂုဏ်ကျက်သရေတစ်ခုဖြစ်သည့်အပြင် ယင်းမှာ အင်မော်တယ်တစ်သောင်းမျှော်စင်မှ အင်မော်တယ်ဘုရင်အဆင့်ရှိသော ခိုင်မာသည့် နောက်ခံကို ဖက်တွယ်ထားနိုင်ခြင်းဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသောကြောင့်ပင်။

‎

‎

‎ကျယ်ပြောလှသော ဤအင်မော်တယ်နယ်မြေတွင် အင်မော်တယ်ဘုရင်တစ်ပါး၏ ခွေးတစ်ကောင်ဖြစ်ရန် အလိုရှိနေသူ မည်မျှရှိမည်ကို မည်သူသိနိုင်မည်နည်း။ သို့သော် သူတို့အတွက် အခွင့်အရေးက ဘယ်မှာရှိမည်နည်း။

‎

‎

‎လျှို့ဝှက်စွာဖြင့်ဆိုလျှင် အင်မော်တယ်နယ်မြေရှိ ရေတွက်၍မရနိုင်သော အင်အားစုများသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ အလုပ်ကို မနာလိုဖြစ်နေလောက်ပေသည်။

‎

‎

‎ဤအချက်ကြောင့်ပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် သက်ဆိုင်သော ကိစ္စရပ်များသည် အရေးအကြီးဆုံး ဖြစ်နေရခြင်းဖြစ်သည်။

‎

‎

‎မဟာဆေးဝါး ရိတ်သိမ်းခြင်း လုပ်ငန်းစဉ်ကို ဟန့်တားစေသည့် အောက်ကမ္ဘာမှ ဖြစ်ရပ်တစ်ခုသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အား မနှစ်မြို့စေနိုင်ကာ အင်မော်တယ်တစ်သောင်းမျှော်စင်အပေါ်လည်း သူ၏ဒေါသများ ကျရောက်လာစေနိုင်သည်။

‎

‎

‎ထို့ကြောင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ဒေါသမထွက်စေရန် အောက်ကမ္ဘာ၏ကိစ္စကို ဖြေရှင်းရေးမှာ ချက်ချင်းလုပ်ဆောင်ရမည့် ဦးစားပေးကိစ္စ ဖြစ်လာလေသည်။

‎

‎

‎ဤအရာကို တွေးမိသောအခါ ချုံးဟွာထျန်းကျွင်းသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

‎ဝမ်လုံအင်မော်တယ်အရှင်သည် အမှန်တကယ်ပင် အတွေ့အကြုံရင့်ကျက်၍ ကိစ္စရပ်၏ အဓိကအချက်ကို တိုက်ရိုက် ဆုပ်ကိုင်နိုင်ခဲ့လေသည်။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်တစ်ပါးအား အလုပ်အကျွေးပြုရခြင်းသည် အခြားသူများအတွက် အားကျစရာကောင်းလှသော်လည်း ပါဝင်နေသည့် အခက်အခဲများကိုမူ ကိုယ်တိုင်သာလျှင် သိရှိနိုင်ပေသည်။

‎

‎

‎... ... ... ...

‎

‎

‎အင်မော်တယ်နယ်မြေ၏ နက်ရှိုင်းသောနေရာတွင် အဆုံးမဲ့ ဟွမ်သွမ့်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခု ရှိလေသည်။

‎

‎

‎မှောင်မိုက်သော ရွှေရောင်ဆံပင်များရှိ၍ ဟွမ်သွမ့်ဘုရင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကာ သူ၏တံခါးပိတ်ကျင့်ကြံမှုကို အဆုံးသတ်လိုက်လေသည်။

‎

‎

‎" ငါအရှင်ကို ကြည့်ခွင့်ပေးစမ်း... အဲဒီ ဟွမ်သွမ့်အမှတ်အသားက အခု ဘယ်မှာလဲ "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး နောက်တစ်ခဏတွင် သူသည် အလှမ်းဝေးကွာသော အောက်ကမ္ဘာဆီမှ မှေးမှိန်သော်ငြား ရှင်းလင်းပြတ်သားသည့် လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းမှာ အတိတ်ကာလက အင်မော်တယ်သန္ဓေသားအတွင်း၌ သူ ချန်ရစ်ခဲ့သော ဟွမ်သွမ့်တာအိုပုံစံပင် ဖြစ်သည်။

‎

‎

‎" ဟက်...! သူက တစ်ခုခု မှားယွင်းနေတာကို ခံစားမိသွားလို့ ငါအရှင်ရဲ့ ခြေရာခံမှုကနေ ရှောင်ရှားဖို့... ဟွမ်သွမ့်အငွေ့အသက်တွေကြားထဲ ထွက်ပြေးချင်နေတာလား... တကယ့်ကို အသိဉာဏ်ကင်းမဲ့ပြီး ရယ်စရာကောင်းလိုက်တာ "

‎

‎

‎အရာအားလုံးကို သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားကြောင်း ပြသနေသကဲ့သို့ ကြွက်ကို ကစားနေသည့် ကြောင်တစ်ကောင်အလား အပြုံးတစ်ခုက ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာလေသည်။

‎

‎

‎စောစောပိုင်းက သူ၏ အင်မော်တယ်သန္ဓေသား ဖျက်ဆီးခံလိုက်ရကြောင်း သိရှိသွားချိန်တွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အလျင်စလို လှုပ်ရှားရန် မလုပ်ဆောင်ခဲ့ဘဲ ပထမဆုံးအနေဖြင့် တံခါးပိတ်ကျင့်ကြံခဲ့၏။ သူ၏ အင်မော်တယ်သန္ဓေသားကို သတ်ဖြတ်ရဲသည့် ထိုကောင်ကို မသတ်ဖြတ်မီ နာကျင်မှုနှင့် အကြောက်တရားတို့ကို အရင်ဆုံး ခံစားစေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

‎

‎

‎ယခု သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာပြီဖြစ်ရာ ဤကာလအတွင်း သူ၏အမှတ်အသားကို ဖျက်ဆီးရဲသည့် ထိုပုရွက်ဆိတ်လေးသည် အကြောက်တရားကို လုံလုံလောက်လောက် မြည်းစမ်းမိလောက်ပြီ မဟုတ်လော။

‎

‎

‎ယခင်ကထက် အနည်းငယ် အားနည်းသွားသော်လည်း ရှိနေဆဲဖြစ်သော အမှတ်အသားကို ခံစားမိရုံဖြင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အနည်းငယ် ရယ်မောချင်စရာကောင်းသည်ဟု ထင်မြင်မိလေသည်။

‎

‎

‎သူ၏အမှတ်အသားကို ဖျက်ဆီးခဲ့သော ဤပုရွက်ဆိတ်လေးသည် သူ၏ ဟွမ်သွမ့်အမှတ်အသားဖြင့် ထည့်သွင်း တံဆိပ်ခတ်ခံထားရကြောင်း သိရှိသွားပြီးနောက် ဟွမ်သွမ့်အမှတ်အသားကို ဖယ်ရှားရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့သော်လည်း မဖြစ်နိုင်ကြောင်း တွေ့ရှိသွားခဲ့လောက်ပေမည်။

‎

‎

‎ထို့နောက် ထိတ်လန့်တကြားဖြင့် သူ၏အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်းမှ ထွက်ပြေးရန် ရည်ရွယ်ကာ တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်ပြေးရန် စဉ်းစားခဲ့ခြင်းဖြစ်မည်။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်အဆင့်ရှိသော နည်းလမ်းကို အောက်ကမ္ဘာမှ ဤပုရွက်ဆိတ်လေးက မည်သို့လုပ် နားလည်နိုင်မည်နည်း။

‎

‎

‎" ကမ္ဘာမြေရဲ့ အဆုံးစွန်အထိ မင်း ထွက်ပြေးသွားရင်တောင် အသုံးမဝင်ဘူး... ငါအရှင်ကို မင်း စော်ကားမိတဲ့ အချိန်ကတည်းက မင်းရဲ့ ကံကြမ္မာက အဆုံးအဖြတ်ပေးခံရပြီးသားပဲ "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှ ဂရုမစိုက်သည့်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ရှေ့ရှိ လေဟာနယ်သည် အက်ကွဲသွားကာ ကျယ်ပြောလှသော အချိန်မြစ်ကြီးတစ်ခု သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သူ၏လက်ဖဝါးကို အေးအေးဆေးဆေး မမြှောက်လိုက်ကာ အချိန်မြစ်ဆီသို့ လက်ချောင်းတစ်ချောင်းဖြင့် တောက်လိုက်လေသည်။

‎

‎

‎နောက်တစ်ခဏတွင် သူ၏နတ်စွမ်းအင်အာရုံမှ ဖွဲ့စည်းထားသော ကိုယ်ပွားတစ်ခုသည် အချိန်မြစ်ပေါ်တွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

‎

‎

‎" သွားချေ "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သူ၏ကိုယ်ပွားကို ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။

‎

‎

‎သူသည် အချိန်မြစ်ထဲတွင် ကုချန်၏ အတိတ်ကပုံစံကို ရှာဖွေမနေဘဲ ပစ္စုပ္ပန်ကာလတွင်သာ ရှာဖွေကာ သူ၏ ဟွမ်သွမ့်အမှတ်အသားရှိရာ နေရာကို လျင်မြန်စွာ ရှာဖွေ၍ ဆင်းသက်သွားခြင်းဖြစ်သည်။

‎

‎

‎ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့်ရှိ သက်ရှိများအတွက် အများဆုံး အသုံးပြုလေ့ရှိသော လျင်မြန်သည့် ခရီးသွားနည်းလမ်းတစ်ခုလည်း ဖြစ်သည်။

‎

‎

‎အချိန်မြစ်ကို ကြားခံနယ်တစ်ခုအဖြစ် အသုံးပြုခြင်းဖြင့် လက်ရှိမြစ်၏ တည်နေရာကို ရှာဖွေရုံဖြင့် ကောင်းကင်ဘုံများစွာရှိ မည်သည့်နေရာကိုမဆို ချက်ချင်း ရောက်ရှိနိုင်ပေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ အချိန်မြစ်၏ စွမ်းအားမှာ အဆုံးမဲ့ဖြစ်လေသည်။ အတိတ်သို့ ပြန်မသွားဘဲ သမိုင်းကိုလည်း မပြောင်းလဲသရွေ့ ၎င်းက တန်ပြန်သက်ရောက်မှုကို ဖြစ်စေမည်မဟုတ်ချေ။

‎

‎

‎သို့သော် မျှော်လင့်မထားသော အခြေအနေများကို ရှောင်ရှားရန် အင်မော်တယ်ဘုရင်အများစုသည် အချိန်မြစ်ကို ဖြတ်သန်းသွားလာရာတွင် ကိုယ်ပွားကိုသာ အသုံးပြုလေ့ရှိကြပြီး လုံးဝ မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှလွဲ၍ သူတို့၏ စစ်မှန်သော ကိုယ်ခန္ဓာကို အသုံးပြုခဲလှသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကိုယ်ပွားတွင် တစ်ခုခု မှမှားယွင်းသွားခဲ့လျှင် အင်မော်တယ်ဘုရင်များသည် ၎င်းနှင့် အဆက်အသွယ်ကို ချက်ချင်း ဖြတ်တောက်၍ ကိုယ်ပွားအပေါ် ကျရောက်လာမည့် မည်သည့် ကံဆိုးမှုမဆို ပင်မကိုယ်ခန္ဓာကို ထိခိုက်မှုမရှိစေရန် လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အမြင်တွင် သူသည် သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်ကို ရှင်းလင်းရန် သွားနေခြင်းမျှသာဖြစ်ရာ သူ၏ စစ်မှန်သော ကိုယ်ခန္ဓာကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်သည်မှာ သဘာဝကျလှသည်။ ကိုယ်ပွားတစ်ခု စေလွှတ်လိုက်ရုံဖြင့်ပင် လုံလောက်သည်ထက် ပိုနေပြီဖြစ်၏။

‎

‎

‎ထိုပုရွက်ဆိတ်လေးသည် သေဆုံးသွားချိန်၌ပင် ကြီးမားလှသော ဂုဏ်ကျက်သရေကို ခံစားရမည်ဖြစ်သည်။

All Chapters