အခန်း (၃၈၃-၃၈၄)
Vol. 28 Ch. 383-384
အခန်း ( ၃၈၃ ) - အင်မော်တယ်များ ကွဲပြားသည်၊ ကောင်းကင်နှင့်မြေကြီး ခြားနားသည်၊ ငါနှင့် ဘာမှမဆိုင်ပေ
ထို့အပြင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်ရခြင်းတွင် အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးလေသည်။
လက်ရှိတွင် အင်မော်တယ်နယ်မြေနှင့် အောက်ကမ္ဘာကြား၌ အင်မော်တယ်တံခါးကြီးတစ်ခုမှ ပိတ်ဆို့တားဆီးထားလေသည်။ အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူ၏လှုပ်ရှားမှုတစ်ခုသည် အရာအားလုံးအပေါ် ရိုက်ခတ်မှုရှိစေမည့် အနေအထားတွင် ရှိနေပေသည်။ အကယ်၍ သူ၏စစ်မှန်သော ကိုယ်ခန္ဓာကိုယ်တိုင်သာ လှုပ်ရှားလိုက်ပါက အခြားသော အင်မော်တယ်ဘုရင်များ အာရုံခံမိသွားကြလိမ့်မည်။
ဂုဏ်ကျက်သရေရှိသော ဟွမ်သွမ့်အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် ပုရွက်ဆိတ်လေးတစ်ကောင်ကို ရှင်းလင်းရန်အတွက်မျှဖြင့် အောက်ကမ္ဘာသို့ သူ၏စစ်မှန်သော ကိုယ်ခန္ဓာကို စေလွှတ်ရမည်လော။
အကယ်၍ သတင်းသာ ထွက်ပေါ်သွားခဲ့ပါက ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဖြစ်သော သူ့အနေဖြင့် အလွန်တရာ မျက်နှာပျက်ရပေလိမ့်မည်။
ထို့ကြောင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်၍ အချိန်မြစ်ထဲမှတစ်ဆင့် ထိုပုရွက်ဆိတ်လေး၏ တည်နေရာကို ရှာဖွေကာ ဆင်းသက်သွားစေခဲ့ခြင်းဖြစ်သည်။
ဤနည်းလမ်းသည် မြန်ဆန်ရုံသာမက လျှို့ဝှက်မှုကို ထိန်းသိမ်းနိုင်ကာ ထိုလူအိုကြီးများ မသိရှိနိုင်အောင် တားဆီးပေးနိုင်လေသည်။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ကိုယ်ပွားသည် အချိန်မြစ်ထဲသို့ ဝင်ရောက်ကာ ရှာဖွေမှုကို စတင်လိုက်ချိန်တွင် ဝမ်လုံအင်မော်တယ်အရှင်သည် အင်မော်တယ်ဘုရင်အမိန့်တော်ကို ကိုင်ဆောင်ကာ ချုံးဟွာထျန်းကျွင်းကို ခေါ်ဆောင်လျက် အင်မော်တယ်တံခါးကြီးရှေ့သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
" အရင်တုန်းက အင်မော်တယ်ဘုရင်ကြီးတွေ ဒီအင်မော်တယ်တံခါးကို တည်ဆောက်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာများလဲဆိုတာ ကျွန်တော် တကယ် သိချင်မိတယ် "
မိုးတိမ်များအထိ မြင့်မားကာ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားသကဲ့သို့ ခမ်းနားထည်ဝါလှသော အင်မော်တယ်တံခါးကြီးကို မော့ကြည့်ရင်း ချုံးဟွာထျန်းကျွင်းသည် ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ဤအင်မော်တယ်တံခါးကြီးသည် ဤနေရာ၌ မည်မျှကြာရှည်သော နှစ်ကာလများစွာ ရပ်တည်နေခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။
အင်မော်တယ်တံခါးကြီးကို စတင်တည်ဆောက်ခဲ့ချိန်က ချုံးဟွာထျန်းကျွင်းသည် မွေးပင် မမွေးဖွားသေးပေ။
ထိုနောက်ပိုင်းတွင် ဤအင်မော်တယ်တံခါးကြီးနှင့် ပတ်သက်သော ဒဏ္ဍာရီအချို့သည် အင်မော်တယ်နယ်မြေအတွင်း ပျံ့နှံ့ခဲ့သော်လည်း ၎င်းတို့အားလုံးမှာ အခြေအမြစ်မရှိသော ကောလာဟလများသာဖြစ်ပြီး ယုံကြည်ဖွယ်ရာ မရှိခဲ့ချေ။
ထို့ကြောင့် ချုံးဟွာထျန်းကျွင်းပင်လျှင် ဤအင်မော်တယ်တံခါးကို တည်ဆောက်ခဲ့သည့် အင်မော်တယ်ဘုရင်ကြီးများ၏ တိကျသော ရည်ရွယ်ချက်ကို မသိရှိခဲ့ပေ။
" ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ဆီ မဟာဆေးဝါး သွားဆက်သတုန်းက ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နဲ့ တစ်ခြားအင်မော်တယ်ဘုရင်တွေ ဒီနေရာအကြောင်း ဆွေးနွေးနေကြတုန်း စကားတစ်ခွန်းကို ငါ မတော်တဆ ကြားခဲ့ရဖူးတယ် "
ဝမ်လုံအင်မော်တယ်အရှင်မှ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလေသည်။
" မျှော်စင်သခင်က ဘာများ ကြားခဲ့ရလို့ပါလဲ "
ချုံးဟွာထျန်းကျွင်းမှ စူးစမ်းလိုစိတ်ဖြင့် ဝမ်လုံအင်မော်တယ်အရှင်အား ချက်ချင်း မေးမြန်းလိုက်လေ၏။
" အင်မော်တယ်တွေက ကွဲပြားတယ်... ကောင်းကင်နဲ့ မြေကြီးက ခြားနားတယ် "
ဝမ်လုံအင်မော်တယ်အရှင်မှ ပြောဆိုလိုက်၏။
" ဒီစကားတစ်ခွန်းကိုပဲ ငါ ကြားခဲ့ရတာ... နောက်ပိုင်း ဘာတွေ ဆက်ဆွေးနွေးသွားလဲ ဆိုတာကိုတော့ ငါ ကြားခွင့်မရခဲ့ဘူး "
သူ၏စကားလုံးများထဲတွင် ဝမ်လုံအင်မော်တယ်အရှင်၏ အသံမှာ အနည်းငယ် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် အခြားသော အင်မော်တယ်ဘုရင်များအကြား ဆွေးနွေးမှုတွင် အင်မော်တယ်နယ်မြေ၏ ရှေးဟောင်းလျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေနိုင်ကြောင်းကို သူ သိရှိနေခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် သူသည် အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်သကဲ့သို့ ထိုအဆင့်သို့လည်း မရောက်ရှိသေးရာ ဤလျှို့ဝှက်ချက်များကို ကြားနာခွင့်မရှိရန် ကံကြမ္မာဖန်တီးခံထားရခြင်းပင် ဖြစ်သည်။
" အင်မော်တယ်တွေက ကွဲပြားတယ်... ကောင်းကင်နဲ့ မြေကြီးက ခြားနားတယ် "
ချုံးဟွာထျန်းကျွင်းသည် ထိုစကားစုကို မသိစိတ်မှ ထပ်မံရေရွတ်လိုက်မိကာ သူ၏ မျက်ခုံးများကြားတွင် နားမလည်နိုင်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။
ဤသည်မှာ အတိအကျဆိုရလျှင် မည်သို့သော အဓိပ္ပာယ်မျိုးနည်း။
သို့သော် ချုံးဟွာထျန်းကျွင်း ကြာရှည်စွာ စဉ်းစားတွေးတောနေခွင့် မရလိုက်မီ ဝမ်လုံအင်မော်တယ်အရှင်သည် လက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်ကာ သူ၏အတွေးများကို ဖြတ်တောက်လိုက်လေသည်။
" တော်ပြီ... ဒီကိစ္စတွေကို တွေးနေစရာ မလိုတော့ဘူး... ဒါတွေက အင်မော်တယ်ဘုရင်ကြီးတွေပဲ ပူပန်ရမယ့် ကိစ္စတွေဖြစ်ပြီး မင်းနဲ့ငါနဲ့ ဘာမှမဆိုင်ဘူး.....
ငါတို့ အခုလုပ်ရမှာက... အနာဂတ်မှာ အထွတ်အထိပ် မဟာဆေးဝါး ရိတ်သိမ်းတဲ့နေရာမှာ ထပ်ပြီး အတားအဆီးတွေ မဖြစ်ရအောင်... အောက်ကမ္ဘာက အခြေအနေတွေကို မြန်မြန်ဆန်ဆန် ရှင်းလင်းသွားဖို့ပဲ "
ဝမ်လုံအင်မော်တယ်အရှင်သည် ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလေသည်။
" ဟုတ်ကဲ့ပါ "
ဝမ်လုံအင်မော်တယ်အရှင်၏ စကားကို ကြားသောအခါ ချုံးဟွာထျန်းကျွင်းသည် အနည်းငယ် လန့်ဖြတ်သွားခဲ့ရ၏။ သူသည် အလျင်အမြန် စိတ်ကို စုစည်းလိုက်ပြီးနောက် ဝမ်လုံအင်မော်တယ်အရှင်၏ နောက်ကျောဘက်တွင် ရပ်လိုက်လေသည်။
" ငါ့ရဲ့ ကိုယ်ခန္ဓာအစစ်က ဒီနေရာကနေ အသင့်စောင့်နေလိမ့်မယ်... မင်းနဲ့ ငါ့ရဲ့ကိုယ်ပွားက အောက်ကမ္ဘာကို ဆင်းသွားကြမယ်... ကိစ္စရပ်တွေကို ဖြေရှင်းပြီးတဲ့နောက် မင်းကို ပြန်ခေါ်လာဖို့အတွက် အင်မော်တယ်ဘုရင်အမိန့်တော်ကို လမ်းညွှန်တစ်ခုအနေနဲ့ ငါ အသုံးပြုလိုက်မယ် "
ဝမ်လုံအင်မော်တယ်အရှင်သည် တည်ငြိမ်စွာ ပြောဆိုလေ၏။
ဤစကားကို ကြားသောအခါ ချုံးဟွာထျန်းကျွင်းမှာ ကြီးမားသော အံ့အားသင့်မှု တစ်စုံတစ်ရာ မပြသခဲ့ချေ။
အင်မော်တယ်ဘုရင်အမိန့်တော်ဆိုသည်မှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှ အင်မော်တယ်တစ်သောင်းမျှော်စင်အား ချီးမြှင့်ထားခဲ့သော အဖိုးတန်ဆုံး အရာတစ်ခုဖြစ်သည်။ ယင်းအမိန့်တော်ဖြင့် အင်မော်တယ်တံခါးကို ဖွင့်လှစ်နိုင်ကာ နယ်မြေနှစ်ခုအကြား ဆက်သွယ်သွားလာနိုင်ပေသည်။
ထို့ကြောင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဤအင်မော်တယ်ဘုရင်အမိန့်တော်ကို ဆုံးရှုံးခံရန် လုံးဝ ခွင့်ပြုမည်မဟုတ်ချေ။
ဝမ်လုံအင်မော်တယ်အရှင်မှ ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်လိုက်မည်ဆိုလျှင်ပင် ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ချုံးဟွာထျန်းကျွင်းထက် သာလွန်နေမည်ဖြစ်ရာ ချုံးဟွာထျန်းကျွင်းအနေဖြင့် စိုးရိမ်ပူပန်နေရန် လုံးဝ မလိုအပ်ပေ။
အင်မော်တယ်အရှင်နှစ်ပါး အတူတကွ ဆင်းသက်လာမည်ဖြစ်ရာ သာမန် အောက်ကမ္ဘာလေးတစ်ခုတွင် သူတို့ကို တားဆီးနိုင်မည့်အရာ ရှိနိုင်ပါဦးမည်လော။
ဝမ်လုံအင်မော်တယ်အရှင်သည် သူ၏လက်ဖဝါးကို အနည်းငယ် ကွေးညွတ်လိုက်ရာ တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ရှေးဟောင်းအမိန့်ပြားတစ်ခုက သူ၏လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာလေ၏။
ထိုအမိန့်ပြားပေါ်တွင် သိပ်သည်းလှသော တာအိုပုံစံများကို ရေးထိုးထားလေသည်။ ၎င်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ရှေ့ရှိ ခမ်းနားထည်ဝါသော အင်မော်တယ်တံခါးကြီးနှင့် ရှင်းပြ၍မရနိုင်သော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
" အင်မော်တယ်ဘုရင်အမိန့်တော်အရ အင်မော်တယ်တံခါးကို ဖွင့်လှစ်စေ! "
ဝမ်လုံအင်မော်တယ်အရှင်သည် ဤရှေးဟောင်းအမိန့်ပြားအတွင်းသို့ သူ၏စွမ်းအားများကို သွင်းနှံလိုက်လေသည်။
နောက်တစ်ခဏတွင် အဖြူရောင် နတ်စွမ်းအင်အာရုံတစ်ခုသည် အမိန့်ပြားထဲမှ ပစ်လွှတ်ထွက်ပေါ်လာကာ အင်မော်တယ်တံခါးကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
" ဝုန်း...! "
ဤအဖြူရောင် နတ်စွမ်းအင်အာရုံ ဝင်ရောက်သွားပြီးနောက် ခမ်းနားထည်ဝါသော အင်မော်တယ်တံခါးကြီးသည် အသိစိတ် ဝင်ရောက်လာသကဲ့သို့ မြည်ဟည်းတုန်ခါလာတော့၏။
နောက်တစ်ခဏတွင် ကျယ်ပြောလှသော နတ်စွမ်းအင်အာရုံတစ်ခုသည် အင်မော်တယ်တံခါးကြီးထံမှ ထွက်ပေါ်လာကာ ဝမ်လုံအင်မော်တယ်အရှင်ဆီသို့ တိုက်ခတ်လာလေသည်။
ဝမ်လုံအင်မော်တယ်အရှင်သည် ဤအရာအားလုံးနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပုံရလေသည်။ သူသည် မည်သည့် ခုခံမှုမျှ မပြုလုပ်ဘဲ ထိုနတ်စွမ်းအင်အာရုံကို သူ၏ အပေါ်မှ ဖြတ်သန်းသွားခွင့် ပြုလိုက်၏။
နတ်စွမ်းအင်အာရုံ ဖြတ်သန်းသွားပြီးနောက် သူသည် အင်မော်တယ်တံခါးကြီး၏ စမ်းသပ်မှုကို အောင်မြင်သွားပုံရကာ ခမ်းနားထည်ဝါသော အင်မော်တယ်တံခါးကြီးမှာ တစ်ဖန် ပြန်လည် ငြိမ်သက်သွားတော့သည်။
သို့သော် တင်းကြပ်စွာ ပိတ်ထားသော အင်မော်တယ်တံခါးကြီး၏ အလယ်ဗဟိုတွင် လူတစ်ဦး၊ နှစ်ဦးခန့်သာ ဖြတ်သန်းသွားလာနိုင်လောက်သည့် အရေးမပါသော အက်ကွဲကြောင်းငယ်လေးတစ်ခု ပွင့်ဟလာလေသည်။
" မြန်မြန် သွားကြ! "
ဝမ်လုံအင်မော်တယ်အရှင်သည် သူ၏ လက်ချောင်းကို ဖွဖွလေး တောက်လိုက်ရာ ကိုယ်ပွားတစ်ခု ခွဲထွက်သွားခဲ့လျက် ချုံးဟွာထျန်းကျွင်းနှင့်အတူ အင်မော်တယ်တံခါးပေါ်ရှိ အက်ကွဲကြောင်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားလေတော့သည်။
သူတို့နှစ်ဦး ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုအက်ကွဲကြောင်းမှာ ချက်ချင်း ပြန်လည်ပိတ်သွားခဲ့ကာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသကဲ့သို့ပင် ဖြစ်သွားလေသည်။
" ရှောင်ယောက်ထျန်းကျွင်းရဲ့ တည်နေရာကို ကျွန်တော် အခုပဲ စပြီး ရှာဖွေလိုက်ပါ့မယ်! "
အင်မော်တယ်တံခါးကြီးမှတစ်ဆင့် ထွက်လာသည်နှင့် တစ်ပြိုင်နက် ချုံးဟွာထျန်းကျွင်းသည် ရှောင်ယောက်ထျန်းကျွင်း၏ တည်နေရာကို အတိအကျ သိရှိနိုင်ရန် ကြိုးပမ်းလျက် မှော်အတတ်များကို ချက်ချင်း စတင်အသုံးပြုလေတော့သည်။
အစောပိုင်းက ရှောင်ယောက်ထျန်းကျွင်းကို ဆက်သွယ်နိုင်ခြင်း မရှိခဲ့သော်လည်း ချုံးဟွာထျန်းကျွင်းမှာ အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ကံကြမ္မာလျှို့ဝှက်နည်းစနစ်တစ်ခုကို ကျင့်ကြံထားသောကြောင့်ဖြစ်၏။ ကံကြမ္မာကြိုးမျှင်ကို ညင်သာစွာ ဆွဲခေါက်လိုက်ခြင်းဖြင့် သူသည် သိမ်မွေ့သော ကံကြမ္မာခံစားချက်နောက်သို့ လိုက်ပါသွားလျက် အခြားသူ၏ တည်နေရာကို ရှာဖွေနိုင်ရန် နိုင်ပေသည်။
ရှောင်ယောက်ထျန်းကျွင်းသည် ယခင်က အင်မော်တယ်တစ်သောင်းမျှော်စင်နှင့် နက်ရှိုင်းစွာ ချိတ်ဆက်ထားခဲ့ဖူးကာ များပြားလှသော ကံကြမ္မာများကို စုဆောင်းထားခဲ့၏။ ထို့ကြောင့် ချုံးဟွာထျန်းကျွင်း၏ အမြင်တွင် သူ၏ တည်နေရာကို ရှာဖွေရသည်မှာ လုံးဝကို အခက်အခဲ မရှိလှချေ။
" သူ့ကို တွေ့ပြီ! "
ခဏတာမျှ မှော်အတတ်များကို အသုံးပြုပြီးနောက် ချုံးဟွာထျန်းကျွင်းသည် သိမ်မွေ့သော ကံကြမ္မာခံစားချက်နောက်သို့ လိုက်ပါသွားသည်ဖြစ်ရာ ရှောင်ယောက်ထျန်းကျွင်း၏ တည်နေရာကို အတိအကျ ရှာဖွေတွေ့ရှိသွားပုံရလေသည်။
" သွားကြစို့ "
သူ၏ဘေးနားရှိ ဝမ်လုံအင်မော်တယ်အရှင်၏ ကိုယ်ပွားသည် ထိုအရာကို မြင်သောအခါ အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
" ဝှစ်...! "
ပုံရိပ်နှစ်ခုသည် ကောင်းကင်ချောက်နက်မှတစ်ဆင့် လျင်မြန်စွာ ပြေးထွက်သွားကြကာ အဆုံးမဲ့ကမ္ဘာအပြင်ဘက်သို့ ဦးတည်သွားကြလေသည်။
သို့သော် သူတို့နှစ်ဦး သတိမထားမိခဲ့သောအရာမှာ သူတို့ အဆုံးမဲ့ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသည့် အချိန်ကတည်းက အလှမ်းဝေးကွာသော အဆုံးမဲ့တိုက်ကြီးဆီမှ အကြည့်တစ်ချက်က သူတို့ဆီသို့ ချက်ချင်း ကျရောက်လာခဲ့ခြင်းပင် ဖြစ်သည်။
" အင်မော််အရှင်တစ်ပါးနဲ့ အင်မော်တယ်အရှင်ရဲ့ ကိုယ်ပွားတစ်ခု... သူတို့က အင်မော်တယ်တစ်သောင်းမျှော်စင်က လာကြတာလား "
ကောင်းကင်တားမြစ်နယ်မြေအတွင်း၌ ကုချန်သည် အဆုံးမဲ့ကမ္ဘာမှ ပျံသန်းထွက်ခွာသွားကြသော ဝမ်လုံအင်မော်တယ်အရှင်နှင့် ချုံးဟွာထျန်းကျွင်းတို့ကို အဝေးမှ လှမ်းကြည့်ကာ နက်ရှိုင်းစွာ စဉ်းစားတွေးတောနေလေသည်။
ကုချန်၏စစ်မှန်သော ကိုယ်ခန္ဓာသည် အချိန်မြစ်အထက်ရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတွင် ပြည့်ဝသော စစ်မှန်သည့် အင်မော်တယ်အဆင့်သို့ တက်လှမ်းရောက်ရှိနေပြီဖြစ်၍ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ သာမန် အင်မော်တယ်ဘုရင်များကို ချေမှုန်းနိုင်လောက်သည်အထိ လုံလောက်နေပြီဖြစ်သည်။
ဝမ်လုံအင်မော်တယ်အရှင်နှင့် ချုံးဟွာထျန်းကျွင်းတို့ ရောက်ရှိလာခြင်းက သူနှင့် လွတ်ကင်းနိုင်မည်မဟုတ်ကြောင်း သူ ချက်ချင်းပင် အာရုံခံသိရှိလိုက်လေသည်။
ကြည့်ရသည်မှာ ဤနှစ်ဦးသည် အင်မော်တယ်အယ်စောက်နှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့ သေဆုံးရခြင်း၏ အကြောင်းရင်းကို လာရောက်စုံစမ်းရန် အင်မော်တယ်တစ်သောင်းမျှော်စင်မှ ရောက်ရှိလာကြခြင်း ဖြစ်ပုံရလေသည်။
အကယ်၍ ထိုသို့သာဖြစ်လျှင် အများကြီး အာရုံစိုက်နေရန် မလိုအပ်တော့ချေ။
ကုချန်၏မျက်လုံးများမှာ အနည်းငယ် မှေးကျသွားပြီးနောက် သူသည် သူ၏တံခါးပိတ်ကျင့်ကြံမှုကို ဆက်လက် ပြုလုပ်နေတော့သည်။
ဤကိစ္စသည် သူ၏တတိယကိုယ်ပွားကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူ၏ စစ်မှန်သော ကိုယ်ခန္ဓာနှင့် ဘာများ သက်ဆိုင်နေမည်နည်း။
အခန်း ( ၃၈၄ ) - ကံဆိုးမှုများက တစ်ခုတည်းမလာတတ်ပေ၊ အင်မော်တယ်နယ်မြေသို့ ပြန်လည်ခေါ်ဆောင်သွားမည်လော
ကုချန်၏ တတိယကိုယ်ပွားသည် လက်ရှိတွင် အထွတ်အထိပ် ဝေလငါးကြီးကို စီးနင်းကာ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် လွတ်လပ်စွာ ကူးခတ်သွားလာနေလေသည်။
သူ တံခါးပိတ်ကျင့်ကြံကာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေခဲ့သော နှစ်ရာပေါင်းများစွာအတွင်း ဝေလငါးအိုကြီးသည် ကုချန်၏ ညွှန်ကြားချက်များကို အစဉ်တစိုက် လိုက်နာခဲ့ပြီး ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်၏ တည်နေရာကို ရှာဖွေခြင်းနှင့် ဟွမ်သွမ့်ပင်လယ်အတွင်း လျို့ဝှက်နယ်မြေများကို ရှာဖွေခြင်းတို့ကို ပြုလုပ်နေခဲ့သည်။
ဤနှစ်ရာပေါင်းများစွာအတွင်း ၎င်းသည် လျို့ဝှက်နယ်မြေအချို့ကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ခဲ့ရချေ။
ကုချန်အနေဖြင့် အနည်းငယ် နှမြောတသဖြစ်မိသော်လည်း ဤသည်မှာ သဘာဝကျကြောင်းကိုလည်း သူ သိထားလေသည်။
ဟွမ်သွမ့်ပင်လယ်သည် အဆုံးအစမရှိ ကျယ်ပြောလှ၍ ကျောက်တိုင်၏ တည်နေရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေတတ်ရာ ဝေလငါးအိုကြီးအနေဖြင့် ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်၏ တည်နေရာကို ရှာဖွေတွေ့ရှိရန်ဆိုသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ်ရာ မရှိလောက်အောင် ခက်ခဲလှပေသည်။
သို့သော် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာပြီးနောက် ကုချန်သည် ဝေလငါးအိုကြီး ရှာဖွေတွေ့ရှိခဲ့သော လျို့ဝှက်နယ်မြေများမှ ကောင်းကင်သတ္တုအချို့နှင့် မသိရှိရသော ရှေးဟောင်းခေတ်ကာလများမှ ချန်ရစ်ခဲ့သည့် ကျင့်စဉ်နည်းစနစ်အချို့ကို ရှာဖွေတွေ့ရှိခဲ့ရာ အကျိုးအမြတ် အတော်များများကို အမှန်တကယ်ပင် ရရှိခဲ့လေသည်။
ဤလျို့ဝှက်နယ်မြေများကို ရှာဖွေတွေ့ရှိခဲ့သော 'သူရဲကောင်း' ဖြစ်သည့် ဝေလငါးအိုကြီးအပေါ် ကုချန်သည် ဆိုးရွားစွာ မဆက်ဆံခဲ့ပေ။ သူသည် အင်မော်တယ်အရှင်အဆင့် ကျင့်စဉ်နည်းစနစ်တစ်ခုကို ထပ်မံချီးမြှင့်လိုက်ရာ ဝေလငါးအိုကြီးမှာ အလွန်တရာ ဝမ်းသာအားရဖြစ်သွားခဲ့ပြီး ဟွမ်သွမ့်ပင်လယ်အတွင်း အဆုံးမရှိ ခုန်ပေါက်လူးလှိမ့်နေတော့သည်။
ထို့နောက် သူ၏ပင်မကိုယ်ခန္ဓာမှ ချုံးဟွာထျန်းကျွင်းနှင့် ဝမ်လုံအင်မော်တယ်အရှင်တို့၏ အရိပ်အယောင်များကို ရှာဖွေတွေ့ရှိသွားချိန်တွင် ကုချန်၏ တတိယကိုယ်ပွားသည်လည်း ဤသတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း သိရှိသွားခဲ့လေသည်။
" အင်မော်တယ်အရှင် နှစ်ပါးလား "
ကုချန်သည် တိုးတိတ်စွာ ရယ်မောလိုက်လေ၏။
လက်ရှိတွင် သူ၏ပင်မကိုယ်ခန္ဓာနှင့် နတ်ဆိုးနယ်မြေရှိ သူ၏ဒုတိယကိုယ်ပွား နှစ်ခုစလုံးသည် ဧကရာဇ်အဆင့်အထွတ်အထိပ်သို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ရာ သူ၏ တတိယကိုယ်ပွားတစ်ခုသာလျှင် အဆင့်မတက်လှမ်းရသေးဘဲ ကျန်ရှိနေတော့သည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှု အဆက်မပြတ် တိုးတက်လာခဲ့သည်နှင့်အမျှ သူ၏ တတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း သာမန် အင်မော်တယ်အရှင်များကို ဖိနှိပ်ထားနိုင်ကာ အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ရှိသူတစ်ဦးနှင့်ပင် ရင်ပေါင်တန်းနိုင်လောက်သည်ထိ တိုးတက်လာခဲ့လေသည်။
သို့သော် အဆင့်တက်လှမ်းရေး ကိစ္စမှာလည်း နီးကပ်လာပြီဖြစ်သည်။
သူ၏ပင်မကိုယ်ခန္ဓာနှင့် အင်မော်တယ်တံခါးကို အတင်းအကျပ် ဖွင့်လှစ်ကာ သူ၏ တတိယကိုယ်ပွားကို အင်မော်တယ်နယ်မြေအတွင်းသို့ စေလွှတ်၍ အဆင့်တက်လှမ်းစေရန် ကုချန် ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။
သို့သော် ယခုအခါ အင်မော်တယ်တစ်သောင်းမျှော်စင်မှ လူများ ရောက်ရှိလာခြင်းက ကုချန်အား ဤအတွေးကို ခေတ္တမျှ နောက်ဆုတ်ထားရန် ဖြစ်စေခဲ့သည်။
တစ်ဖက်လူများသည် အင်မော်တယ်တံခါးကို တိတ်တဆိတ် ဖြတ်သန်းလာနိုင်ခဲ့သည်ဖြစ်ရာ သူတို့ထံတွင် ဖြတ်သန်းသွားလာနိုင်သည့် နည်းလမ်းတစ်ခုခု ရှိရပေမည်။ အကယ်၍ သူသာ ထိုအရာကို သူတို့ထံမှ စစ်ဆေးမေးမြန်းနိုင်ခဲ့ပါက အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ပြီးနောက် အာရုံစိုက်ခံရမှု များလွန်းခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်သည်။
ထို့အပြင် ဝမ်လုံအင်မော်တယ်အရှင်နှင့် ချုံးဟွာထျန်းကျွင်းတို့ မရောက်ရှိလာမီလေးတွင် ကုချန်သည် နက်ရှိုင်းလှသော မကောင်းဆိုးဝါးရည်ရွယ်ချက်တစ်ခုကို ခံစားလိုက်ရလေသည်။
ဤမကောင်းဆိုးဝါးရည်ရွယ်ချက် အငွေ့အသက်လေးသည် သူ၏ လက်ဖဝါးထဲရှိ ဟွမ်သွမ့်အမှတ်အသားထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် နောက်ဆုံးတော့ လှုပ်ရှားလာတော့မည်လော။
ကုချန်သည် ထပ်မံ ရယ်မောလိုက်လေသည်။
ဤသည်မှာ အမှန်တကယ်ပင် ကံဆိုးမှုများမှာ တစ်ခုတည်း မလာတတ်ဆိုသည့် အခြေအနေမျိုးပင်။
အင်မော်တယ်တစ်သောင်းမျှော်စင်မှ လူများ ရောက်ရှိလာကြ၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ကလည်း လှုပ်ရှားလာခဲ့လေပြီ။
သို့သော် ဤသည်မှာ ကောင်းမွန်နေဆဲပင်။ ဤပြဿနာနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်မည်ဖြစ်ရာ အချိန်ကုန် သက်သာနိုင်ပေလိမ့်မည်။
... ... ... ...
" တွေ့ပြီ... ရှောင်ယောက်ထျန်းကျွင်း နောက်ဆုံးပေါ်လာခဲ့တဲ့ နေရာက ဒီနေရာပါပဲ "
ဟွမ်သွမ့်ပင်လယ်အတွင်း၌ ချုံးဟွာထျန်းကျွင်းသည် မှေးမှိန်သော ကံကြမ္မာကြိုးမျှင်များနောက်သို့ လိုက်ပါသွားကာ ရှောင်ယောက်ထျန်းကျွင်း နောက်ဆုံးပေါ်လာခဲ့သည့် နေရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
ထို့အပြင် အင်မော်တယ်တစ်သောင်းမျှော်စင်၏ စစ်မှန်သော အင်မော်တယ်နှစ်ပါး ကျဆုံးခဲ့သည့် နောက်ဆုံးနေရာသည်လည်း ဤနေရာတွင်ပင် ဖြစ်ကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့လေသည်။
" ကံကြမ္မာကြိုးမျှင်တွေက ဒီနေရာမှာ ပြတ်တောက်သွားတယ်... ရှောင်ယောက်နဲ့ ကျွန်တော်တို့ အင်မော်တယ်တစ်သောင်းမျှော်စင်က စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးစလုံး ဒီနေရာမှာပဲ သေဆုံးသွားကြတာများလား "
ချုံးဟွာထျန်းကျွင်းသည် မျက်မှောင်ကျုံ့ကာ ခန့်မှန်းလိုက်လေသည်။
" ခန့်မှန်းနေစရာ မလိုပါဘူး... စမ်းသပ်ကြည့်လိုက်တာနဲ့ သိရမှာပေါ့ "
ဝမ်လုံအင်မော်တယ်အရှင်သည် ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်ပြီးနောက် သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ လေဟာနယ်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်လေသည်။ ၎င်းမှာ ဤနေရာရှိ အဆုံးမဲ့တာအိုများအားလုံးကို သူ၏ လက်တွင်းသို့ လွှမ်းခြုံဆုပ်ကိုင်လိုက်သကဲ့သို့ပင်။
" နောက်ပြန်လှည့်စေ! "
ဝမ်လုံအင်မော်တယ်အရှင်၏ အသံထွက်ပေါ်လာသည်နှင့်အမျှ ထိုနေရာရှိ ဟွမ်သွမ့်အငွေ့အသက်များသည် အက်ကွဲသွားကာ အချိန်များ နောက်သို့ စီးဆင်းသွားလေတော့သည်။
ဤအရာကို မြင်သောအခါ ချုံးဟွာထျန်းကျွင်း၏ မျက်လုံးများထဲတွင် မနာလိုဖြစ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။
အချိန်ကို နောက်ပြန်လှည့်သည့် နည်းလမ်းကို သူ သဘာဝကျကျပင် သိရှိထားသော်လည်း ဝမ်လုံအင်မော်တယ်အရှင်ကဲ့သို့ လွယ်ကူချောမွေ့စွာ သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ အထူးသဖြင့် အဆုံးမဲ့တာအိုဥပဒေသများ ပိုမိုရှုပ်ထွေး၍ ရှင်းလင်းမှုမရှိသော ဟွမ်သွမ့်ပင်လယ်အတွင်း၌ အတိတ်သို့ နောက်ပြန်လှည့်ရန် ခက်ခဲမှုမှာ အဆမတန် မြင့်တက်လာလေသည်။
သို့သော် ဝမ်လုံအင်မော်တယ်အရှင်သည် ဤနေရာရှိ အဆုံးမဲ့တာအိုများကို အလွယ်တကူ ခြယ်လှယ်နိုင်ပြီး အတိတ်ကို နောက်ပြန်လှည့်နိုင်ခဲ့ရာ ဤသည်က ဝမ်လုံအင်မော်တယ်အရှင်၏ အဆုံးမဲ့တာအိုဥပဒေသအပေါ် ထိန်းချုပ်နိုင်မှု မည်မျှနက်ရှိုင်းကြောင်း လုံလောက်စွာ သက်သေပြနေလေသည်။
ထို့အပြင် ဤအချက်မှာ ဝမ်လုံအင်မော်တယ်အရှင်၏ စွမ်းအားသည် အင်မော်တယ်ဘုရင်အဆင့်နှင့် သိပ်မဝေးတော့ကြောင်းကိုပါ ထပ်မံသက်သေပြနေလေသည်။
" ရပ်တန့်စေ! "
အဆက်မပြတ် နောက်သို့ စီးဆင်းနေသော ပုံပျက်နေသည့် အချိန်ရုပ်ပုံလွှာအတွင်း အင်မော်တယ်တစ်သောင်းမျှော်စင်၏ စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ ပုံရိပ်များ ထွက်ပေါ်လာချိန်တွင် ဝမ်လုံအင်မော်တယ်အရှင်သည် ချက်ချင်းပင် သူ၏လက်ဖဝါးကို ဆုပ်ကိုင်လိုက်ကာ ထိုရုပ်ပုံလွှာကို ရပ်တန့်စေလိုက်သည်။
ထို့နောက် ဝမ်လုံအင်မော်တယ်အရှင်နှင့် ချုံးဟွာထျန်းကျွင်းတို့သည် အင်မော်တယ်အယ်စောက်နှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့ ရောက်ရှိလာခြင်း၊ ရှောင်ယောက်ထျန်းကျွင်း၏ ချုံခိုတိုက်ခိုက်သတ်ဖြတ်ခံရခြင်းနှင့် နောက်ဆုံးတွင် ကုချန်၏ တန်ပြန်သတ်ဖြတ်မှု စသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အတူတကွ မျက်မြင်တွေ့ရှိလိုက်ကြလေသည်။
" ကျွန်တော်တို့ အင်မော်တယ်တစ်သောင်းမျှော်စင်က စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါးက အဲဒီသစ္စာဖောက် ရှောင်ယောက်ရဲ့ သတ်ဖြတ်တာကို တကယ်ခံလိုက်ရတာပဲ! "
အမှန်တရားကို သိရှိသွားချိန်တွင် ချုံးဟွာထျန်းကျွင်းသည် သွားကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။
မူလက သူသည် ဤရှောင်ယောက်ထျန်းကျွင်းအား အသုံးဝင်သော ခွေးတစ်ကောင်အဖြစ်သာ သတ်မှတ်ထားခဲ့၍ ဤခွေးမှ တစ်နေ့တွင် ၎င်း၏သခင်ကို ပြန်လည်သတ်ဖြတ်လိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ!
" သူက သေပြီးသားလူတစ်ယောက်ပါ... သူ့ကို ဆက်ပြီး အာရုံစိုက်နေစရာ မလိုတော့ပါဘူး "
ဝမ်လုံအင်မော်တယ်အရှင်သည် ရုပ်ပုံလွှာအတွင်းရှိ ရှောင်ယောက်ထျန်းကျွင်းကို ဂရုမစိုက်သည့်ဟန်ဖြင့်သာ ကြည့်လိုက်ကာ သူ၏အသံတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေလေသည်။
" ဒီလိုနည်းလမ်းကို အသုံးပြုပြီး အင်မော်တယ်တက်လှမ်းဖို့ဆိုတာ သူ ဘယ်လိုတောင် တွေးနိုင်ရတာလဲ... အဲဒီလို အင်မော်တယ်တက်လှမ်းလို့ကော ဘာအသုံးကျမှာလဲ... သူ့ရဲ့ နတ်ဝိညာဉ်က မသန့်စင်ဘဲ ပုပ်သိုးနေပြီ... သူ့ရဲ့ အင်မော်တယ်အခြေခံက ယုံကြည်နိုင်စရာမရှိလောက်အောင် ပျက်စီးလွယ်နေတာ... အဲဒီအချိန်မှာ သူ အင်မော်တယ်တက်လှမ်းနိုင်ခဲ့ရင်တောင် မကြာခင်မှာ ရူးသွပ်သွားလိမ့်မယ် "
" ဒီကုချန်ဆိုတဲ့ကောင်ကတော့ သူ အင်မော်တယ်မတက်လှမ်းရသေးပေမယ့် ဒီရှောင်ယောက်ကို သတ်ဖြတ်နိုင်ရုံတင်မကဘဲ အင်မော်တယ်ဘုရင်ရဲ့ နှလုံးသားကိုတောင် ဖိနှိပ်ထားနိုင်ခဲ့တယ် "
ဝမ်လုံအင်မော်တယ်အရှင်၏ အကြည့်များသည် ကုချန်ထံသို့ ရွေ့လျားသွားကာ သူ၏မျက်လုံးများမှာ တလက်လက် တောက်ပနေကာ ရှင်းပြ၍မရနိုင်သော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေလေသည်။
" ဒီလူက အရင်တုန်းက အဆုံးမဲ့ကမ္ဘာက လူသားဧကရာဇ်လိုပဲ ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တဲ့ပုံပဲ "
ချုံးဟွာထျန်းကျွင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ အလျင်အမြန်ပင် ပြောဆိုလိုက်လေသည်။
" ဧကရာဇ်... အင်မော်တယ်နယ်မြေမှာတောင် ဒီလိုတည်ရှိမှုမျိုးကို မကြားရတာ နှစ်ပေါင်းသောင်းနဲ့ချီ ကြာနေခဲ့ပြီ "
ဝမ်လုံအင်မော်တယ်အရှင်သည် တွေးတောနေသည့်ဟန်ဖြင့် ပြောဆိုလိုက်၏။
" ချုံးဟွာ... တကယ်လို့ ငါက ဒီလူကို ဖိနှိပ်လိုက်ပြီး ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ဆီ လက်ဆောင်အဖြစ် ဆက်သလိုက်မယ်ဆိုရင်... အင်မော်တယ်ဘုရင်ကြီး သူ့ကို သဘောကျလောက်မလား "
" အင်မော်တယ်ဘုရင်ကြီးက သေချာပေါက် ဝမ်းသာအားရ လက်ခံမှာပါ! "
ချုံးဟွာထျန်းကျွင်းသည် တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေဆိုလိုက်၏။
" ဒါက စစ်မှန်တဲ့ ဧကရာဇ်အဆင့် တည်ရှိမှုပါ! တကယ်လို့ အင်မော်တယ်ဘုရင်ကြီးက သူ့ကို အစေခံတစ်ယောက်အနေနဲ့ ခေါ်ယူနိုင်ခဲ့ရင် အင်မော်တယ်ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်လာမှာပါ... ပြီးတော့ အနာဂတ်မှာ သူ့ကို ပြုစုပျိုးထောင်ပေးနိုင်မယ်ဆိုရင် အင်မော်တယ်ဘုရင်ကြီးအတွက် အရာများစွာကို လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်! "
ဧကရာဇ်အဆင့်ရှိသူတစ်ဦး၏ တန်ဖိုးမှာ နောက်ထပ် ရှင်းပြနေရန် မလိုအပ်တော့ချေ။
ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအတွက်ဆိုလျှင် ပို၍ပင် မှန်ကန်လှပေသည်။
အင်မော်တယ်ဘုရင်၏ နတ်စွမ်းအင်အာရုံလေးတစ်ခုတည်းနှင့်ပင် သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝိညာဉ်အမှတ်အသားတစ်ခုကို အတင်းအကျပ် ထည့်သွင်းကာ သူ့အား ကျွန်တစ်ဦးအဖြစ် အတင်းအကျပ် ခေါ်ယူနိုင်ပေသည်။ အနာဂတ်တွင် သူ့အား ပြုစုပျိုးထောင်ခြင်းဖြင့် သစ္စာဖောက်မည့်အရေးကို ပူပန်စရာမလိုဘဲ အင်မော်တယ်ဘုရင်ကြီး၏ ညာလက်ရုံးတစ်ဦးပင် ဖြစ်လာစေနိုင်လေသည်။
ရှင်းလင်းနေသည်မှာ ထိုကဲ့သို့သော လက်ဆောင်မျိုးကို ရရှိနိုင်မည်ဆိုပါက ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ပင်လျှင် အလွန်တရာ ကျေနပ်သွားပေလိမ့်မည်။
" ကောင်းပြီ! ဒါဆိုရင် ဒီလူကို ရှာပြီး အင်မော်တယ်နယ်မြေကို ပြန်ခေါ်သွားကြစို့ "
ဤစကားကို ကြားသောအခါ ဝမ်လုံအင်မော်တယ်အရှင်သည် ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူ၏မျက်နှာအမူအရာမှာ အလွန်တရာ မြတ်နိုးရသော လက်ဆောင်တစ်ခုကို ရှာဖွေတွေ့ရှိသွားသူတစ်ဦးနှင့် တူနေလေသည်။
ကုချန်နှင့်ပတ်သက်၍မူ ဝမ်လုံအင်မော်တယ်အရှင်သည် လုံးဝ လျစ်လျူရှုထားခဲ့လေသည်။
ဧကရာဇ်အဆင့်သည် အမှန်တကယ်ပင် အံ့မခန်း ပါရမီရှင်ဖြစ်သော်လည်း နောက်ဆုံးတွင် သေးငယ်သော ဧကရာဇ်အဆင့်တစ်ခုသာ ဖြစ်ပေသည်။
ထိုသူမှ စစ်မှန်သော အင်မော်တယ်များကို သတ်ဖြတ်နိုင်၍ သာမန် အင်မော်တယ်အရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်လျှင်ကော ဘာဖြစ်သနည်း။
အင်မော်တယ်တစ်သောင်းမျှော်စင်၏ မျှော်စင်သခင်ဖြစ်သော သူသည် အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်လေသည်။ ဤလူကို ဖိနှိပ်ရန်ဆိုသည်မှာ သူ၏လက်တစ်ဖက်ကို မြှောက်လိုက်ရုံမျှသာ ဖြစ်ပေသည်။