← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 28 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 28 Ch. 385-386

‎အခန်း ( ၃၈၅ ) - ကုချန်၏ ကတိစကား၊ ဟွမ်သွမ့် ရောက်ရှိလာခြင်းနှင့် ပြောင်းလဲသွားသော မျက်နှာသွင်ပြင်

‎

‎

‎

‎‌ဝမ်လုံအင်မော်တယ်အရှင်၏ အမြင်တွင် သူသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ထံ ဆက်သရန်နှင့် စိတ်ကြိုက်ခြယ်လှယ်ခံရမည့် လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ကြောင်း ကုချန် မသိရှိခဲ့ပေ။

‎

‎

‎" ကောင်းပြီ... မင်း သွားလို့ရပြီ... အနာဂတ်မှာ ဒီဟွမ်သွမ့်ပင်လယ်ထဲက ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်ခြားလျို့ဝှက်နယ်မြေတွေကို မင်း ထပ်တွေ့ခဲ့ရင် ငါအရှင်ကို ဆက်သွယ်လိုက်ပါ "

‎

‎

‎အထွတ်အထိပ်အဆင့် ဝေလငါးအိုကြီး၏ လမ်းညွှန်မှုဖြင့် ဟွမ်သွမ့်ပင်လယ်၏ လျို့ဝှက်နယ်မြေများစွာကို လုယက်သိမ်းပိုက်ပြီးနောက် ကုချန်သည် ဝေလငါးအိုကြီးအား ထွက်ခွာသွားရန် အချက်ပြကာ လက်ယမ်းလိုက်လေသည်။

‎

‎

‎အချိန်မရွေး ရောက်လာနိုင်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင်ထံမှ မကောင်းဆိုးဝါးရည်ရွယ်ချက်ကို သူ ယခုလေးတင် ခံစားသိရှိခဲ့ရသည်။ ကုချန်သည် အကြောက်အလန့်မရှိသော်လည်း ဝေလငါးအိုကြီးကိုတော့ မထိခိုက်စေချင်ခဲ့ပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်အဆင့် စွမ်းအားရှင်များ၏ တိုက်ပွဲတွင် ထွက်ပေါ်လာမည့် အသေးအဖွဲ တုန်ခါမှုလေးတစ်ခုသည်ပင်လျှင် ဤအထွတ်အထိပ်အဆင့် ဝေလငါးအိုကြီးအတွက် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

‎

‎

‎" ဝူး...! "

‎

‎

‎ကုချန်၏စကားကို ကြားသောအခါ ဝေလငါးအိုကြီးသည် မခွဲခွာချင်သောဟန်ဖြင့် သူ၏ပတ်လည်တွင် အကြိမ်အနည်းငယ် လှည့်ပတ်သွားလေသည်။

‎

‎

‎နှစ်များစွာကြာ ကုချန်နောက်သို့ လိုက်ပါခဲ့ရာတွင် ၎င်းသည် ကြီးမားလှသော ကံကောင်းမှုများကို ရရှိခဲ့သည်။ ကုချန် ချီးမြှင့်ခဲ့သော စစ်မှန်သော အင်မော်တယ် ကျင့်စဉ်နည်းစနစ်နှင့် အင်မော်တယ်အရှင် ကျင့်စဉ်နည်းစနစ်တို့သည်ပင် ဤဝေလငါးအိုကြီးအတွက် အတုနှိုင်းမဲ့ မဟာကံကောင်းမှုများ ဖြစ်လေသည်။

‎

‎

‎ဤအင်မော်တယ်အဆင့် ကျင့်စဉ်နည်းစနစ်နှစ်ခုဖြင့် ၎င်းသည် ထျန်းကျွင်းအဆင့်အထိ ကျင့်ကြံနိုင်ရန် အခွင့်အလမ်းများစွာ ရှိနေလေသည်။ အနာဂတ်တွင် ထပ်မံတက်လှမ်းကာ ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်း၏ ကိုယ်ပိုင်ကံကြမ္မာအပေါ်တွင်သာ မူတည်ပေလိမ့်မည်။

‎

‎

‎ဝေလငါးအိုကြီးမှာ အလွန်တရာ နှမြောတသဖြစ်နေခဲ့သည်။

‎

‎

‎ဤကံကောင်းမှုများနှင့် ယှဉ်လျှင် ကုချန်နောက်သို့ ဆက်လက်လိုက်ပါခွင့်ရခြင်းက ၎င်းအတွက် အကြီးမားဆုံးသော ကံကောင်းမှုဖြစ်ကြောင်းကို ၎င်း သိရှိထားလေသည်။

‎

‎

‎ထို့ကြောင့် ကုချန်မှ ထွက်ခွာရန် အမိန့်ပေးခဲ့သော်လည်း ဝေလငါးအိုကြီးသည် ကုချန်၏အနီးတစ်ဝိုက်တွင် ရစ်ဝဲနေဆဲဖြစ်ကာ ထွက်ခွာသွားလိုပုံ မရချေ။

‎

‎

‎ဝေလငါးအိုကြီး၏ မခွဲခွာချင်ဖြစ်နေမှုကို မြင်သောအခါ ကုချန်သည် မပြုံးဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎" တကယ်လို့ အနာဂတ်မှာ မင်း ထျန်းကျွင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်... ငါကိုယ်တော်ကိုရှာဖို့ အဆုံးမဲ့ကမ္ဘာကို မင်း လာခဲ့လို့ရတယ်လို့ ငါကိုယ်တော် ကတိပေးပါတယ်... အဲဒီအချိန်ကျရင် ငါကိုယ်တော်က မင်းကို လက်အောက်ခံအဖြစ် သတ်မှတ်ပေးမယ် "

‎

‎

‎ဤဝေလငါးအိုကြီးသည် ဟွမ်သွမ့်ပင်လယ်အတွင်း၌ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့ကာ ဟွမ်သွမ့်ပင်လယ်အတွင်းရှိ လျို့ဝှက်နယ်မြေများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ရာ ၎င်းသည် ကံကြမ္မာ မဟာတာအို၏ မျက်နှာသာပေးမှုကို အတော်လေး ရရှိထားရပေမည်။

‎

‎

‎အကယ်၍ ၎င်းသာ အနာဂတ်တွင် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ထျန်းကျွင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့ပါက သူ့အား လက်ခံရန် ကုချန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤဝေလငါးအိုကြီးသည် သူ၏ကိုယ်စား ဟွမ်သွမ့်ပင်လယ်ကို အဆက်မပြတ် စူးစမ်းရှာဖွေပေးမည်ဆိုပါက ပြဿနာများစွာကို ကင်းဝေးသွားစေနိုင်မည်ဖြစ်သည်။

‎

‎

‎" ဝူး! "

‎

‎

‎အနာဂတ်တွင် လက်ခံမည်ဟူသော ကုချန်၏ ကတိစကားကို ကြားသောအခါ ဝေလငါးအိုကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ၎င်း၏အမြီးကို ရိုက်ခတ်လိုက်ကာ ကြီးမားလှသော ခေါင်းကြီးဖြင့် ကုချန်၏ အဝတ်အစားများကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားလေတော့သည်။

‎

‎

‎ထျန်းကျွင်းအဆင့်သို့ တက်လှမ်းရမည်ဆိုသော ကုချန်၏ သတ်မှတ်ချက်နှင့် ပတ်သက်၍မူ ဝေလငါးအိုကြီးအတွက် ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပုံမရချေ။

‎

‎

‎ယခုအခါ ၎င်းသည် အင်မော်တယ်တာအို ကျင့်စဉ်နည်းစနစ် နှစ်ခုကို ပိုင်ဆိုင်ထား၏။ ယင်းတို့အနက် တစ်ခုမှာ အင်မော်တယ်အရှင် ကျင့်စဉ်နည်းစနစ်ပင် ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်တက်လှမ်းရန် ခက်ခဲနိုင်သော်လည်း ထျန်းကျွင်းအဆင့်သို့ တက်လှမ်းရန်မှာ မည်သို့ ခက်ခဲနိုင်မည်နည်း။

‎

‎

‎၎င်းမှာ သဘာဝကျကျ ဖြစ်ပေါ်လာမည့် ကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။

‎

‎

‎ဝေလငါးအိုကြီး ထွက်ခွာသွားပြီးနောက် ကုချန်သည် အခြား မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ချေ။ ထိုအစား သူသည် ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်ဧကရာဇ်ကျမ်းစာကို အသက်သွင်းလိုက်၍ သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော လူအိုကြီးထံမှ ရရှိခဲ့သည့် 'စက္ကူ' များကို ဆက်လက် လောင်ကျွမ်းဖြိုခွဲနေလေတော့သည်။

‎

‎

‎ဤမျှ အချိန်ကြာမြင့်ခဲ့ပြီးနောက်၌ပင် သူ၏အသိစိတ်ပင်လယ်ထဲမှ လွင့်စင်ကျဆင်းလာသော များပြားလှသည့် ကျင့်စဉ်နည်းစနစ်များနှင့် နတ်စွမ်းရည်များ ပါဝင်သည့် ထိုအဝါရောင်စက္ကူများသည် ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

‎

‎

‎၎င်းတို့သည် ဆက်လက် ကျဆင်းလာခဲ့ကာ ကုချန်၏ ကောင်းကင်ဧကရာဇ်ကျမ်းစာမှ ဖန်တီးထားသော အဆုံးမဲ့တာအို မီးဖိုဖြင့် သန့်စင်ခံရကာ သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီးနောက် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ မြှင့်တင်မှုလုပ်ငန်းစဉ်ကို တွန်းအားပေးနေလေသည်။

‎

‎

‎အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။

‎

‎

‎ရုတ်တရက်ဆိုသလို ကုချန်၏ပတ်ဝန်းကျင်ရှိ မှိုင်းညို့ကာ လှုပ်ခတ်နေသော ဟွမ်သွမ့်ချီများသည် အရာအားလုံး အေးခဲသွားသကဲ့သို့ စီးဆင်းမှု ရုတ်ချည်း ရပ်တန့်သွားလေသည်။

‎

‎

‎ဤတိတ်ဆိတ်ငြိမ်သက်မှုထဲတွင် ကုချန်သည် တစ်စုံတစ်ခုကို ခံစားသိရှိလိုက်ပုံရကာ ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ လက်ဖဝါးကို ကြည့်လိုက်လေသည်။

‎

‎

‎သူ၏လက်ဖဝါးထဲရှိ ဟွမ်သွမ့်အမှတ်အသားသည် ရှင်သန်နိုးထလာသကဲ့သို့ စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေလေပြီ။

‎

‎

‎နောက်ဆုံးတော့ ရောက်လာခဲ့ပြီလား။

‎

‎

‎ဤအတွေး ကုချန်၏စိတ်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျယ်ပြောလှသော လေဟာနယ်ထဲမှ အနည်းငယ် အေးစက်စက်နိုင်သော ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာသည်ကို သူ ကြားလိုက်ရသည်။

‎

‎

‎" ဟက်ဟက်... မင်းကို ငါ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ "

‎

‎

‎ထိုအသံ ထွက်ပေါ်လာသည်နှင့်အမျှ ဟွမ်သွမ့်ချီများသည် တစ်ဖန် ပြန်လည်စီးဆင်းလာခဲ့ကာ သူ တွေဝေငေးမောနေစဉ် 'ဝုန်း' ခနဲ မြည်ဟည်းနေသော မြစ်တစ်စင်း၏အသံ ထွက်ပေါ်လာလေသည်။

‎

‎

‎ကုချန်သည် မသိစိတ်အလျောက် မော့ကြည့်လိုက်မိ၏။

‎

‎

‎အဆုံးအစမရှိ ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် လှိုင်းလုံးကြီးများ ကောင်းကင်ယံသို့ ရိုက်ခတ်ကာ မည်သည့်နေရာမှ စတင်၍ မည်သည့်နေရာတွင် အဆုံးသတ်မှန်း မသိနိုင်သော ကျယ်ပြောပြင်းထန်သည့် မြစ်ရှည်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။

‎

‎

‎၎င်းမှာ အချိန်မြစ်ပင် ဖြစ်သည်။

‎

‎

‎ယခုအချိန်၌ ထိုအချိန်မြစ်၏ အထက်တွင် အဆုံးမဲ့ ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခုသည် တစ်လှမ်းလျှင် တစ်နှစ်၊ တစ်လှမ်းလျှင် စကြာဝဠာတစ်ခုနှုန်းဖြင့် ပြင်းထန်သော မြစ်ကြီးကို ဖြတ်ကျော်ကာ ကုချန် ရှိရာနေရာဆီသို့ တိုက်ရိုက် ဦးတည်လာနေလေသည်။

‎

‎

‎ဟွမ်သွမ့်ချီများ ဖုံးလွှမ်းနေသော ထိုပုံရိပ်မှာ အတုနှိုင်းမဲ့ အင်မော်တယ်ဘုရင်တစ်ပါးကဲ့သို့ ဩဇာတိက္ကမ ကြီးမားလှပေသည်။ သူ၏ဘေးနားရှိ နေ၊ လနှင့် ကြယ်များသည်ပင်လျှင် သူ၏ ခြေအောက်တွင် နင်းချေခံရကာ အရေးမပါသော နောက်ခံအလှများအဖြစ်သာ ရှိနေနိုင်လေသည်။

‎

‎

‎ပြင်းထန်လှသော အချိန်လှိုင်းလုံးများသည် သူ၏အဝတ်အစားများကို အနည်းငယ်မျှပင် စိုစွတ်စေခြင်း မရှိခဲ့ချေ။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်!

‎

‎

‎အလှမ်းဝေးကွာသော နေရာမှ အချိန်မြစ်ကို နင်းဖြတ်ကာ ရောက်ရှိလာသော ဤပုံရိပ်ကို မြင်သောအခါ ကုချန်သည် သူ မည်သူဖြစ်ကြောင်းကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။

‎

‎

‎သူ၏စစ်မှန်သော ကိုယ်ခန္ဓာသည် အင်မော်တယ်နယ်မြေတွင် ရှိနေဆဲဖြစ်ကာ အချိန်မြစ်ကို ဆင့်ခေါ်၍ ပစ္စုပ္ပန်ကာလရှိ ကောင်းကင်ဘုံများကို ရှာဖွေပြီးနောက် သူ၏တည်နေရာကို အတိအကျရှာဖွေရန် ဟွမ်သွမ့်အမှတ်အသားကို အသုံးပြု၍ ဆင်းသက်လာခြင်းလော။ ဤသည်မှာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ နည်းလမ်းဖြစ်မည်လော။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင် အချိန်မြစ်ကို နင်းဖြတ်၍ ရောက်ရှိလာသည်ကို မြင်သောအခါ ကုချန်သည် သူ၏ နည်းလမ်းများကို ချက်ချင်း နားလည်သွားလေသည်။

‎

‎

‎အချိန်ကိုက်ပင်.....

‎

‎

‎ကုချန်၏မျက်လုံးများမှာ အနည်းငယ် မှေးကျသွား၏။ အဆုံးမဲ့ကမ္ဘာတွင်ရှိသော သူ၏ ပင်မကိုယ်ခန္ဓာသည်လည်း ဟွမ်သွမ့်ပင်လယ်မှ သတင်းကို ပထမဆုံးအချိန်မှာပင် သိရှိသွားခဲ့လေသည်။

‎

‎

‎ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း နည်းစနစ်သည် တိတ်ဆိတ်စွာ လည်ပတ်သွားလေသည်။ ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ 'အရည်အသွေး' ကို စမ်းသပ်ရန်အတွက် ဤတတိယကိုယ်ပွားကို သူ၏ပင်မကိုယ်ထည်နှင့် အချိန်မရွေး ပေါင်းစည်းရန် ကုချန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။

‎

‎

‎" ငါ့ရဲ့ အမွေအနှစ်တွေက ဘယ်သူမဆို စော်ကားဖျက်ဆီးလို့ရတဲ့ အရာများလား "

‎

‎

‎လူးလွန့်နေသော အချိန်မြစ်၏အထက်တွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကောင်းကင်ဘုံများနှင့် စကြာဝဠာများစွာကို ဖြတ်ကျော်ကာ ဟွမ်သွမ့်အမှတ်အသား၏ အာရုံခံမှုနောက်သို့ လိုက်ပါလျက် လျင်မြန်စွာ ချဉ်းကပ်လာလေသည်။

‎

‎

‎သူသည် ဟွမ်သွမ့်ပင်လယ်အတွင်းသို့ အမှန်တကယ် ဆင်းသက်လာခြင်း မရှိသေးသော်လည်း ဟွမ်သွမ့်အမှတ်အသား၏ တည်နေရာကို လုံးဝ သော့ခတ်ထားပြီးဖြစ်ကာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်အမှတ်အသားဖြင့် သော့ခတ်ခံထားရသော သက်ရှိကို သူ မမြင်တွေ့ရသေးသော်လည်း ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ၎င်း၏ မျက်နှာပေါ်ရှိ ထိတ်လန့်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့နေသော အသွင်အပြင်ကိုပင် စိတ်ကူးပုံဖော်ကြည့်နိုင်လေသည်။

‎

‎

‎ကြောက်ရွံ့လော့၊ မျှော်လင့်ချက် ကင်းမဲ့လော့၊ တုန်လှုပ်လော့!

‎

‎

‎ဤဘုရင် ဆင်းသက်လာချိန်တွင် မင်း၏ သေဆုံးခြင်းလည်း ရောက်ရှိလာလိမ့်မည်။

‎

‎

‎" ဝုန်း! "

‎

‎

‎နောက်ဆုံးတွင် အချိန်မြစ်လှိုင်းလုံးများ၏ ဝင်ရောက်စီးနင်းမှုကို တစ်ဖန် ထိုးဖောက်ဖြတ်ကျော်ပြီးနောက် လွှမ်းမိုးနိုင်စွမ်းရှိသော အင်မော်တယ်ဘုရင် အငွေ့အသက်များနှင့်အတူ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ကိုယ်ပွားသည် ကောင်းကင်ဘုံများနှင့် နယ်မြေများစွာကို တိုက်ရိုက် ဖြတ်ကျော်ကာ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ဆင်းသက်လာတော့သည်။

‎

‎

‎" ဘယ်သူက ဒီလောက်တောင် ရဲတင်းနေရတာလဲဆိုတာ ငါအရှင်ကို ကြည့်ခွင့်ပေးစမ်းပါ "

‎

‎

‎အချိန်မြစ်ကို ထိုးဖောက်ဖြတ်ကျော်ကာ ပစ္စုပ္ပန်ကမ္ဘာသို့ ဆင်းသက်လာပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အကြည့်များသည် ဟွမ်သွမ့်အမှတ်အသားရှိရာ ဦးတည်ရာဆီသို့ ချက်ချင်း ကျရောက်သွားလေသည်။

‎

‎

‎ကုချန်၏ပုံရိပ်သည်လည်း တစ်ပြိုင်နက်တည်း သူ၏အမြင်အာရုံထဲတွင် ထွက်ပေါ်လာလေသည်။

‎

‎

‎တဖြည်းဖြည်း ချဉ်းကပ်လာသော ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ပုံရိပ်ကို ကြည့်လျက် ကုချန်၏မျက်လုံးများမှာ အနည်းငယ် မှေးကျသွားသော်လည်း သူသည် လျှို့ဝှက်စွာဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်လေသည်။

‎

‎

‎သို့သော် ထိုအခိုက်၌ သူ လုံးဝ မျှော်လင့်မထားခဲ့သော အရာတစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ပစ္စုပ္ပန်ကမ္ဘာသို့ ဆင်းသက်လာကာ ကုချန်ထံသို့ ကြည့်မိသွားချိန်တွင် မူလက ဂရုမစိုက်ဘဲ မောက်မာနေခဲ့သော ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏မျက်နှာမှာ ကြောက်ရွံ့မှု၊ မယုံကြည်နိုင်မှုများဖြင့် ချက်ချင်း ပြင်းထန်စွာ ပြောင်းလဲသွားလေတော့သည်။

‎

‎အခန်း ( ၃၈၆ ) - ဘာလို့ မင်းဖြစ်နေရတာလဲ။ လုံးဝမမှားနိုင်ဘူး။ ဒါက တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အခွင့်အရေးပဲ

‎

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားမှုမှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ မယုံကြည်နိုင်ဖွယ်ရာ တစ်စုံတစ်ရာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသကဲ့သို့ သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်မှုနှင့် အံ့အားသင့်မှုတို့မှာ အစစ်အမှန်ပင် ဖြစ်ဟန်တူသည်။

‎

‎

‎" မင်းလား "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကုချန်အား စူးစိုက်ကြည့်ကာ ရုတ်တရက် ဗြုန်းစားကြီး အော်ဟစ်လိုက်လေသည်။

‎

‎

‎" ဘာလို့ မင်းဖြစ်နေရတာလဲ..... "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ရုတ်ခြည်းပြောင်းလဲသွားသော မျက်နှာအမူအရာကို ကြည့်လျက် ကုချန်မှာလည်း နားမလည်နိုင်အောင် ဖြစ်သွားရသည်။ အဘယ်ကြောင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ တုံ့ပြန်မှုမှာ ရုတ်တရက်ကြီး ဤမျှ ပြင်းထန်နေရသနည်း။

‎

‎

‎ကုချန်အနေဖြင့် ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်နှင့် ယခင်က တစ်ကြိမ်တစ်ခါမျှ မဆုံဖူးခဲ့သည်မှာ သေချာလှသည်။ သို့ဆိုလျှင် အခြားတစ်ဖက်မှလူသည် သူ့အား မြင်သည်နှင့် အဘယ်ကြောင့် ဤမျှ ရုတ်တရက် တုံ့ပြန်ရခြင်းနည်း။

‎

‎

‎ကုချန်သည် စိတ်ရှုပ်ထွေးသွားကာ မေးမြန်းရန် ပြင်လိုက်သော်လည်း သူ့အား ဆွံ့အသွားစေသည့် နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်သည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကုချန်အား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ပြီးနောက် မည်သည့် တုံ့ဆိုင်းမှု၊ တုံ့လှုပ်မှုမျှ မရှိဘဲ သူ၏ ကိုယ်ပွားကို တိုက်ရိုက်ပင် ဖောက်ခွဲပစ်လိုက်တော့သည်။

‎

‎

‎" ဝုန်း...! "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်သည် အချိန်မြစ်ပေါ်တွင် ပေါက်ကွဲသွားခဲ့ရာ မြစ်ရေများကို အဆုံးအစမရှိ လှိုင်းထန်သွားစေခဲ့သည်။ သို့သော် ခဏအကြာတွင်မူ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။

‎

‎

‎အချိန်မြစ် ပြန်လည်ငြိမ်သက်သွားသည်ကို ကြည့်ကာ ကုချန်မှာ ဆွံ့အသွားခဲ့ရသည်။

‎

‎

‎ဘာတွေ ဖြစ်ကုန်တာလဲ။

‎

‎

‎ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သူ့အား ပြဿနာလာရှာရန် ရန်လိုစွာ ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း တွေ့ဆုံပြီးနောက် စကားတစ်ခွန်းမျှပင် မဆိုဘဲ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်သည်လော။

‎

‎

‎ဤသည်မှာ ကုချန်အား 'မီးပန်းပြပွဲ' လာပြရန်အတွက်သာ အခက်အခဲခံ၍ လာရောက်ရှာဖွေခဲ့သကဲ့သို့ ဖြစ်နေသဖြင့် အလွန်ပင် နားလည်ရခက်လှပေသည်။

‎

‎

‎" ဒီလူ ငါ့ကို အရင်က မြင်ဖူးနေတာလား "

‎

‎

‎ကုချန်သည် စောစောက ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာကို ပြန်လည်သတိရလိုက်၏။ သူ၏ အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့မှာ အစစ်အမှန်ပင် ဖြစ်ဟန်ရ၍ ကုချန်နှင့် ယခင်က ဆုံဖူးကာ ကုချန်မှ သူ့အပေါ်တွင် အလွန်နက်ရှိုင်းသော 'အထင်ကြီးစရာ မှတ်မှတ်ရရဖြစ်မှု' တစ်ခုခု ချန်ရစ်ခဲ့သကဲ့သို့ပင် ဖြစ်နေ၏။

‎

‎

‎သို့သော် ပြီးခဲ့သော ကပ်ကမ္ဘာပေါင်းများစွာကတည်းက တည်ရှိခဲ့သော ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်နှင့် သူသည် မည်သို့လုပ်၍ ဆုံဖူးနိုင်မည်နည်း။ ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်ကို ထားလိုက်ဦး၊ သူ ယခင်က တိုက်ခိုက်ခဲ့ဖူးသော ဆေးဖိုကိုးဖိုမဟာဧကရာဇ် သက်ရှိထင်ရှားရှိစဉ်ကပင် သူ မမွေးဖွားသေးချေ။

‎

‎

‎သူသည် ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်နှင့် ယခင်က လုံးဝ ဆုံဖူးခဲ့မည် မဟုတ်ပေ။ သို့ဆိုလျှင် အခြားတစ်ဖက်မှလူသည် အဘယ်ကြောင့် ဤမျှ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို ပြသရသနည်း။ သူ လူမှားသွားခြင်းများလော။

‎

‎

‎ကုချန်မှာ ကိစ္စ၏ အဓိကသော့ချက်ကို နားမလည်နိုင်ဘဲ မျက်မှောင်ကျုံ့သွားလေသည်။ အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် မျက်နှာတစ်ချက် မြင်လိုက်ရုံမျှဖြင့် စကားတစ်ခွန်းမျှပင် မဆိုရသေးဘဲ တွန့်ဆုတ်ခြင်းအလျင်းမရှိ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်အထိ ထိတ်လန့်သွားသည်ကို ကြည့်လျှင် ၎င်း၏နောက်ကွယ်တွင် ပုန်းကွယ်နေသော ကြောက်ရွံ့မှု အတိမ်အနက်ကို သဘာဝကျကျပင် မှန်းဆနိုင်ပေသည်။

‎

‎

‎သို့သော် ဟွမ်သွမ့်အင်မော်တယ်ဘုရင် အတိအကျ ဘာကို ကြောက်ရွံ့နေသနည်း ဆိုသည်ကိုမူ ကုချန် ယခုတိုင် မသိသေးချေ။

‎

‎

‎" ကံကောင်းတာက ဒီဟွမ်သွမ့်အမှတ်အသား ကျန်နေသေးလို့ပဲ "

‎

‎

‎ကုချန်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဟွမ်သွမ့်အမှတ်အသားသည် သူ၏လက်ဖဝါးထဲတွင် ငြိမ်သက်စွာ ရှိနေဆဲဖြစ်သည်။ သို့သော် ယခုလေးတင် တောက်ပနေခဲ့သော ဟွမ်သွမ့်အမှတ်အသားသည် ယခုအခါ အလင်းရောင် တစ်စက်မျှပင် မထွက်ပေါ်တော့ဘဲ သေဆုံးနေသည့်အလား တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။

‎

‎

‎ဤဟွမ်သွမ့်အမှတ်အသားသည် ဟွမ်သွမ့်အင်မော်တယ်ဘုရင် ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှ ၎င်းကို အသုံးပြု၍ ကုချန်အား ခြေရာခံနိုင်ပါက ကုချန်သည်လည်း ဤဟွမ်သွမ့်အမှတ်အသားကို အသုံးပြု၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ တည်နေရာကို ပြန်လည်ရှာဖွေ ဖော်ထုတ်နိုင်ပေသည်။

‎

‎

‎စောစောက အခြားတစ်ဖက်မှလူ အဘယ်ကြောင့် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်ကို သူ နားမလည်ခဲ့သော်လည်း ကိစ္စမရှိပေ။ နောင်တစ်ချိန် အင်မော်တယ်နယ်မြေသို့ ရောက်သွားပါက သူသည် ဤဟွမ်သွမ့်အမှတ်အသားကို အသုံးပြု၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ တည်နေရာကို နောက်ကြောင်းပြန် ရှာဖွေနိုင်သည်ဖြစ်ရာ ရှင်းလင်းသော အဖြေတစ်ခုရရန် သွားရောက်တွေ့ဆုံနိုင်ပေသည်။

‎

‎

‎သို့သော်လည်း ဤဟွမ်သွမ့်အမှတ်အသားသည် မည်သို့ပင်ဆိုစေ ဟွမ်သွမ့်အင်မော်တယ်ဘုရင် ချန်ရစ်ခဲ့ခြင်း ဖြစ်ရာ ၎င်းအား ဖျက်စီးပစ်နိုင်သည့် နည်းလမ်းတစ်ခုခု သူ့တွင် ရှိနေနိုင်ပေသည်။

‎

‎

‎ကုချန်သည် ခဏတာ တွေးတောလိုက်ပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှ ဟွမ်သွမ့်အမှတ်အသားကို ရုတ်တရက် ရုပ်သိမ်းသွားခြင်းမျိုး မဖြစ်စေရန် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားဖြင့် ကန့်သတ်အစီအရင်အား ထပ်မံ အားဖြည့်လိုက်၏။

‎

‎

‎ထိုသို့မှသာ ကုချန်အနေဖြင့် သူ၏ တိကျသော တည်နေရာအား နောက်ကြောင်းပြန် ရှာဖွေနိုင်မည်ဖြစ်သည်။

‎

‎

‎. . . . . . . . .

‎

‎

‎" သူပဲ... သူပဲကွ "

‎

‎

‎အင်မော်တယ်နယ်မြေရှိ အမည်မသိ နေရာတစ်နေရာတွင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ သူ၏ မျက်လုံးအစုံ၏ နက်ရှိုင်းသောနေရာတွင် ဖျောက်ဖျက်၍မရသော ကြောက်ရွံ့မှု အရိပ်အယောင်များ ကိန်းအောင်းနေလေသည်။

‎

‎

‎အောက်ကမ္ဘာမှ ပုရွက်ဆိတ်တစ်ကောင်အား သွားရောက်သတ်ဖြတ်ရုံမျှဖြင့် သူ၏ ကျန်ရှိနေသေးသော ဘဝတစ်လျှောက်လုံး ခြောက်လှန့်နေမည့် အိပ်မက်ဆိုးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

‎

‎

‎ဒါ သူပဲ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ။ သူက အရင်ကတည်းက မရှိတော့ဘူးလေ.....

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာမှာ ထပ်မံပြောင်းလဲသွားပြန်၏။ သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ဟွမ်သွမ့်အမှတ်အသားကို အလျင်အမြန် ဖျက်စီးပစ်ရန် ကြိုးစားလိုက်သော်လည်း ဟွမ်သွမ့်အမှတ်အသားမှာ သူ၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်သွားကာ သူ့အား နာခံခြင်း မရှိတော့ကြောင်းကိုသာ ထိတ်လန့်ဖွယ်ရာ တွေ့ရှိလိုက်ရတော့သည်။

‎

‎

‎" သူပဲ... လုံးဝ အမှားအယွင်းမရှိနိုင်ဘူး "

‎

‎

‎ဟွမ်သွမ့်အမှတ်အသားကို ထပ်မံ မထိန်းချုပ်နိုင်တော့ကြောင်း သဘောပေါက်သွားသောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်လေပြီ။

‎

‎

‎သူ ယခုလေးတင် မြင်တွေ့ခဲ့ရသူသည် သူ၏ဘဝတွင် အကြောက်မက်ဖွယ်အကောင်းဆုံးသော တည်ရှိမှုပင် ဖြစ်သည်။ ထိုသူသည် သူချန်ရစ်ခဲ့သော ဟွမ်သွမ့်အမှတ်အသားကို ရှင်းရှင်းလင်းလင်း ဖျက်ပစ်နိုင်စွမ်းရှိပါလျက် အဘယ်ကြောင့် သိမ်းဆည်းထားခဲ့သနည်း။ သူ့ကို ငါးစာချနေခြင်းများလော။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာမှာ မှုန်ကုပ်သွား၏။ သူသည် 'အမှန်တရား' ကို မှန်းဆမိပြီဟု ယုံကြည်နေ၏။

‎

‎

‎" ကံကောင်းလို့ ငါအရှင် သတိထားပြီး ကိုယ်ပွားတစ်ခုပဲ စေလွှတ်လိုက်တာ... ငါအရှင်ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ဆင်းမသွားလို့ပေါ့.....

‎

‎ဒါပေမယ့် အချိန်တွေ ဒီလောက်တောင် ကြာခဲ့ပြီကို မင်းက ငါအရှင်ကို လွှတ်မပေးချင်သေးဘူးလား.....

‎

‎အဲဒီ ဟွမ်သွမ့်အမှတ်အသားနဲ့ဆိုရင် သူက ငါ့ကို အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်တော့ ရှာတွေ့သွားမှာပဲ "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာအမူအရာမှာ တစ်ချက်တစ်ချက် ထိတ်လန့်သွားလိုက်၊ တစ်ခါတစ်ရံ တုံ့ဆိုင်းသွားလိုက်နှင့် အဆက်မပြတ် ပြောင်းလဲနေလေသည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်ဟန်ဖြင့် သူ၏မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

‎

‎

‎ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ လုပ်နိုင်သည်မှာ.....

‎

‎

‎ဤသို့ လုပ်ရန်သာ ရှိတော့သည်။

‎

‎

‎. . . . . . . . .

‎

‎

‎" မျှော်စင်သခင်... စောစောက တစ်ခုခုများ ခံစားလိုက်ရလား "

‎

‎

‎အဆုံးအစမရှိသော ဟွမ်သွမ့်ပင်လယ်ထဲတွင် ချုံးဟွာထျန်းကျွင်းနှင့် ဝမ်လုံအင်မော်တယ်အရှင်တို့သည် ကုချန်၏တည်နေရာကို ရှာဖွေရန် ယခင်က တွေ့ရှိထားခဲ့သော သဲလွန်စများနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ရုတ်တရက်ဆိုသလို ချုံးဟွာထျန်းကျွင်းသည် တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ဖြင့် အဆုံးမဲ့ဟွမ်သွမ့်ပင်လယ်ကြီးကို ဖြတ်သန်းကာ ကျယ်ပြောလှသော ဟွမ်သွမ့်ချီများ၏ အနက်ရှိုင်းဆုံးနေရာသို့ စူးစိုက်ကြည့်လိုက်၏။

‎

‎

‎ယခုလေးတင် ထိုဟွမ်သွမ့်ချီများ၏ အနက်ရှိုင်းဆုံးနေရာမှ ကြီးကျယ်ခမ်းနား၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသကဲ့သို့ပင်။

‎

‎

‎သို့သော် ထူးဆန်းသည်မှာ ထိုအရှိန်အဝါသည် အလွန်တိုတောင်းသော အခိုက်အတန့်လေးတစ်ခုသာ ကြာမြင့်ခဲ့ကာ ချုံးဟွာထျန်းကျွင်း ဆက်လက်စုံစမ်းရန် မကြိုးစားမီမှာပင် ထိုကြောက်မက်ဖွယ် အရှိန်အဝါမှာ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

‎

‎

‎" ငါအရှင်လည်း ခံစားလိုက်ရသလိုပဲ "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်သည်လည်း သူ၏ မျက်လုံးများထဲတွင် တည်ကြည်လေးနက်သော အမူအရာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။

‎

‎

‎" မျှော်စင်သခင်... ကျွန်တော်တို့ ဆက်ပြီး..... "

‎

‎

‎ချုံးဟွာထျန်းကျွင်း၏အသံတွင် သူတို့ ရှာဖွေခြေရာခံနေသော ကုချန်နှင့် ဤအရှိန်အဝါတို့ ဆက်စပ်နေမည်ကို စိုးရိမ်နေသကဲ့သို့ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

‎

‎

‎" မင်းက ဘာကို ကြောက်နေတာလဲ... အခုလေးတင် ထွက်လာတဲ့ အရှိန်အဝါက အဲဒီ ကုချန်ဆိုတဲ့ကောင်နဲ့ သက်ဆိုင်နေလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား "

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်သည် ချုံးဟွာထျန်းကျွင်းအား တစ်ချက်ကြည့်လိုက်၍ မထီမဲ့မြင်ပြုလျက် ဆက်ပြောလေသည်။

‎

‎

‎" ချုံးဟွာ... အဲဒီလောက်ထိ လွန်လွန်ကျွံကျွံ စိုးရိမ်နေစရာ မလိုပါဘူး... စောစောက ပေါက်ကွဲထွက်လာတာက အင်မော်တယ်ဘုရင်အဆင့်နဲ့ ညီမျှတဲ့ အရှိန်အဝါတစ်ခုပဲ.....

‎

‎ကုချန်ဆိုတဲ့ ကောင်လေးက ဧကရာဇ်အဆင့်မှာ ရှိနေရင်တောင် အင်မော်တယ်ဘုရင်အဆင့်နဲ့ ယှဉ်ရင် အဝေးကြီး လိုနေသေးတယ်... ပြီးတော့ ဒီနေရာက ဟွမ်သွမ့်ပင်လယ်လေ၊ ကောင်းကင်ဘုံအားလုံးမှာ အလျှို့ဝှက်ဆုံးနဲ့ ခန့်မှန်းရအက်ဆုံး နေရာပဲ.....

‎

‎အင်မော်တယ်ဘုရင်အဆင့်နဲ့ ညီမျှတဲ့ အရှိန်အဝါတစ်ခု ဒီမှာ ပေါက်ကွဲထွက်လာတယ်ဆိုတာ ရှေးဟောင်းအမွေအနှစ် တစ်ခုခု ပေါ်လာလို့လည်း ဖြစ်နိုင်တာပဲ... ဒါက ငါတို့အတွက် တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အခွင့်အရေးကြီးပဲဟာကို... ဘာကို ကြောက်နေစရာ လိုသေးလို့လဲ "

‎

‎

‎ဟုတ်ပေသည်။ ဤနေရာသည် ဟွမ်သွမ့်ပင်လယ်ဖြစ်ရာ တကယ်ပင် ကောင်းမွန်သော ကံကြမ္မာအကျိုးပေး တစ်ခုခု ရှိလာနိုင်ကောင်းသည်။

‎

‎

‎ဝမ်လုံအင်မော်တယ်အရှင်၏စကားကို ကြားပြီးနောက် ချုံးဟွာထျန်းကျွင်း၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများမှာ အတန်ငယ် လျော့ပါးသွားခဲ့ရသည်။ ၎င်း၏နေရာတွင် အနည်းငယ် မျှော်လင့်တကြီး ဖြစ်နေသော အရိပ်အယောင်များ အစားထိုး ဝင်ရောက်လာခဲ့တော့သည်။

All Chapters