အခန်း (၃၉၁-၃၉၂)
Vol. 28 Ch. 291-292
အခန်း ( ၃၉၁ ) - အင်မော်တယ်နယ်မြေသို့ ဝင်ရောက်ခြင်း၊ မျှော်လင့်မထားသော အကျိုးအမြတ်များနှင့် လျှို့ဝှက်ချက်များစွာ
ဤအချက်ကို နားလည်သွားပြီးနောက် ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ချက်ချင်းပင် ခိုင်မာစွာ ပြောဆိုလိုက်သည်။
" အရှင်သခင်... ကျွန်မ အဆုံးမဲ့ကမ္ဘာမှာပဲ ဆက်နေချင်ပါတယ်... လောလောဆယ် အင်မော်တယ်နယ်မြေကို သွားဖို့ အစီအစဉ်မရှိသေးပါဘူး "
အင်မော်တယ်နယ်မြေကို မသွားဘူး ဟုတ်လား။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အဖြေကို ကြားသောအခါ ကုချန်သည် မျက်ခုံးအနည်းငယ် ပင့်သွားကာ အံ့အားသင့်သွားပုံရလေသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့အနေဖြင့် အင်မော်တယ်နယ်မြေသို့ သွားနိုင်ပြီဟူသော သတင်းကို ကြားရချိန်တွင် ဝမ်းသာအားရဖြစ်ကာ သူနှင့်အတူ လိုက်ပါရန် စိတ်အားထက်သန်နေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ သူနှင့်အတူ လိုက်ပါရန် အစီအစဉ်မရှိသဖြင့် ကုချန်သည်လည်း အတင်းအကျပ် ခေါ်ဆောင်သွားရန် မရည်ရွယ်တော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
" ငါ နားလည်ပါပြီ... ဒါပေမယ့် မင်း နားလည်ထားရမှာက ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင်... နောက်တစ်ကြိမ် အင်မော်တယ်နယ်မြေကို ဘယ်တော့ သွားနိုင်မလဲဆိုတာ မသိနိုင်တော့ဘူးနော် "
" ကျွန်မ နားလည်ပါတယ် "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ညင်သာစွာ ခေါင်းညိတ်လိုက်၏။
" သွားကြစို့ "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ အဆုံးမဲ့ကမ္ဘာ၌ပင် ဆက်နေရန် ရည်ရွယ်ထားသဖြင့် ကုချန်အတွက် အခြားကိစ္စ မရှိတော့ချေ။
သူသည် သူ၏တတိယကိုယ်ပွားကို ချက်ချင်း စေလွှတ်ကာ ချုံးဟွာထျန်းကျွင်းနှင့် ဝမ်လုံအင်မော်တယ်အရှင်၏ ကိုယ်ပွားတို့ကို ခေါ်ဆောင်လျက် ကောင်းကင်ချောက်နက်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်သွားလေတော့သည်။
မကြာမီမှာပင် ကုချန်သည် ကမ္ဘာလောက၏ အဆုံးတွင် ရပ်တည်နေသော ခမ်းနားထည်ဝါသည့် အင်မော်တယ်တံခါးကြီးရှေ့သို့ ရောက်ရှိသွားလေသည်။
ထို့နောက် ကုချန်သည် သူ၏ နတ်စွမ်းအင်အာရုံကို အသုံးပြု၍ ဝမ်လုံအင်မော်တယ်အရှင်၏ ကိုယ်ပွားကို ထိန်းချုပ်ကာ ၎င်း၏ ပင်မကိုယ်ခန္ဓာထံသို့ သတင်းစကားတစ်ခု ပေးပို့စေလိုက်သည်။
" ကုချန်ကို ဖမ်းမိထားပြီ... အခု အင်မော်တယ်တံခါးရှေ့မှာ စောင့်နေတယ်... အင်မော်တယ်တံခါးကို ဖွင့်ပြီး ငါတို့ကို ဖြတ်သန်းခွင့်ပြုပါ "
အင်မော်တယ်တံခါး၏ အခြားတစ်ဖက်တွင်.....
ကိုယ်ပွားထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက် ဝမ်လုံအင်မော်တယ်အရှင်သည် အင်မော်တယ်တံခါးကို ဖွင့်ရန် အလျင်မလိုခဲ့ချေ။ ထိုအစား သူသည် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်၏။
" ဟွမ်သွမ့်ပင်လယ်ထဲက အင်မော်တယ်ဘုရင်ရဲ့ ကံကောင်းမှုကရော ဘယ်လိုနေလဲ... မင်း မရခဲ့ဘူးလား "
" မရခဲ့ပါဘူး "
ဝမ်လုံအင်မော်တယ်အရှင်၏ ကိုယ်ပွားမှ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလေသည်။
" ငါ ခဏလောက် ရှာကြည့်ခဲ့ပေမယ့်... အဲဒီအင်မော်တယ်ဘုရင်အဆင့် ကံကောင်းမှုက ပုန်းကွယ်သွားတယ်ထင်တယ်... ငါ ရှာမတွေ့ခဲ့ဘူး "
ရှာမတွေ့ခဲ့ဘူး ဟုတ်လား.....
ကိုယ်ပွား၏ အစီရင်ခံစကားကို ကြားသောအခါ ဝမ်လုံအင်မော်တယ်အရှင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း ၎င်းမှာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်ဟုလည်း ခံစားမိလေသည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဘုရင်အဆင့် ကံကောင်းမှုတစ်ခုကို ရှာတွေ့ရန် မည်သို့လွယ်ကူနိုင်မည်နည်း။ အကယ်၍ သူ၏ကိုယ်ပွားကသာ အင်မော်တယ်ဘုရင်အဆင့် ကံကောင်းမှုကို ရရှိခဲ့ပြီဟု ပြောလာပါက ဝမ်လုံအင်မော်တယ်အရှင်အနေဖြင့် သံသယပင် ဝင်သွားနိုင်ပေသည်။
" ထားလိုက်တော့... အနာဂတ်မှာ အချိန်ရရင် ငါကိုယ်တိုင် သွားပြီး စုံစမ်းကြည့်ရမယ် "
ဝမ်လုံအင်မော်တယ်အရှင်သည် တစ်ကိုယ်တည်း တွေးတောလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင် ထိုကုချန်ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ရာ တာဝန်ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် သူ့အား ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ထံ ဆက်သလိုက်ပါက ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်လည်း အလွန်တရာ ကျေနပ်သွားပေလိမ့်မည်။
" ဖွင့်စေ! "
ဝမ်လုံအင်မော်တယ်အရှင်သည် ခပ်တိုးတိုး အော်ဟစ်လိုက်ကာ သူ၏လက်ထဲရှိ အင်မော်တယ်ဘုရင်အမိန့်တော်ကို အသက်သွင်းလိုက်လေသည်။
ယခင်ကဲ့သို့ မြင်ကွင်းမျိုး တစ်ဖန် ပြန်လည်ပေါ်ပေါက်လာလေ၏။ အင်မော်တယ်တံခါးပေါ်ရှိ အင်မော်တယ်တာအို ပုံစံများသည် ဖြည်းညင်းစွာ လှိုင်းထသွားပြီးနောက် အင်မော်တယ်တံခါး၏ အလယ်ဗဟိုတွင် လူအနည်းငယ်မျှသာ ဖြတ်သန်းသွားလာနိုင်လောက်သည့် ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
အင်မော်တယ်တံခါးကြီး ပွင့်သွားလေပြီ!
ကောင်းကင်ချောက်နက်၏ အဆုံးတွင် ကုချန်သည် တဖြည်းဖြည်း ပွင့်ဟလာသော အင်မော်တယ်တံခါးကြီးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားလေသည်။
သူသည် အနည်းငယ်မျှ မတုံ့ဆိုင်းတော့ဘဲ ချုံးဟွာထျန်းကျွင်းနှင့် ဝမ်လုံအင်မော်တယ်အရှင်၏ ကိုယ်ပွားတို့ကို ဆွဲယူကာ အင်မော်တယ်တံခါး၏ အက်ကွဲကြောင်းထဲသို့ ဦးစွာ ပစ်သွင်းလိုက်လေသည်။ ထို့နောက် သူလည်း အနီးကပ် လိုက်ပါသွားကာ အတွင်းသို့ ဝင်ရောက်သွားတော့သည်။
............
" ချုံးဟွာ..... "
အင်မော်တယ်တံခါး၏ အခြားတစ်ဖက်တွင် ဝမ်လုံအင်မော်တယ်အရှင်သည် အင်မော်တယ်တံခါး၏ အက်ကွဲကြောင်းထဲမှ ချုံးဟွာထျန်းကျွင်း ထွက်ပေါ်လာသည်ကို ဦးစွာ မြင်တွေ့လိုက်ရသည်။ သူသည် ချုံးဟွာထျန်းကျွင်းကို လှမ်းခေါ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ခံစားသိရှိလိုက်ပုံရကာ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော် ချုံးဟွာထျန်းကျွင်း၏ နတ်အလင်းတန်းမှာ မှေးမှိန်နေကာ ဝိညာဉ်ရေးရာ တက်ကြွမှု အရိပ်အယောင် လုံးဝမရှိဘဲ နတ်ဝိညာဉ်အား အတင်းအကျပ် ထိန်းချုပ်ခံထားရသကဲ့သို့ ဖြစ်နေကြောင်းကို သူ တွေ့ရှိလိုက်ရသောကြောင့်ပင်။
တစ်ခုခု မှားယွင်းနေပြီ!
ဝမ်လုံအင်မော်တယ်အရှင်၏ နှလုံးသားမှာ နစ်မြုပ်သွားခဲ့၏။ ထို့နောက် သူ၏ကိုယ်ပွားအား သူ မြင်တွေ့လိုက်ရသည်။
သူ၏ ကိုယ်ပွားမျက်နှာပေါ်တွင်လည်း ထိုနည်းတူ ခံစားချက်ကင်းမဲ့နေသော အမူအရာကို မြင်တွေ့လိုက်ရကာ ကိုယ်ပွားအား သူ ပြန်လည်ရုပ်သိမ်း၍ မရနိုင်တော့ကြောင်းကို သတိပြုမိသွားချိန်တွင်မူ ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပျက်သွားပြီဖြစ်ကြောင်း ဝမ်လုံအင်မော်တယ်အရှင် သဘောပေါက်သွားလေတော့သည်။
" ပိတ်စေ! "
ဝမ်လုံအင်မော်တယ်အရှင်သည် ဒေါသတကြီး အော်ဟစ်လိုက်ကာ အင်မော်တယ်ဘုရင်အမိန့်တော်ကို အသက်သွင်းလိုက်လေသည်။ သူသည် အလွန်တရာ လျင်မြန်စွာ တုံ့ပြန်လိုက်၍ အင်မော်တယ်တံခါးကို ချက်ချင်း ပိတ်ပစ်ရန် ပြင်ခဲ့သည်။
သို့သော် နောက်ကျသွားခဲ့လေပြီ။
လက်တစ်ဖက်သည် အင်မော်တယ်တံခါးကို တိတ်တဆိတ် ဖြတ်သန်းလာခဲ့ပြီဖြစ်ကာ မျက်လုံးပြူးကာ ကြည့်နေသော ဝမ်လုံအင်မော်တယ်အရှင်၏ ရှေ့တွင်ပင် သူ၏လက်ထဲမှ အင်မော်တယ်ဘုရင်အမိန့်တော်ကို လုယူသွားခဲ့လေသည်။
ထို့နောက် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကုချန်သည် အင်မော်တယ်တံခါးမှတစ်ဆင့် လိုက်ပါလာခဲ့၍ အင်မော်တယ်နယ်မြေ၏ မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
" ဒီလောက် မျှော်လင့်မထားတဲ့ အကျိုးအမြတ်ကို ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "
ကုချန်သည် သူ၏လက်ဖဝါးထဲရှိ အင်မော်တယ်ဘုရင်အမိန့်တော်ကို ကြည့်လိုက်၍ ၎င်း၏ အံ့ဩဖွယ်အသုံးဝင်ပုံကို ချက်ချင်း နားလည်သွားခဲ့လေသည်။ သူ၏မျက်လုံးများထဲတွင် ထိန်းချုပ်၍မရနိုင်သော ဝမ်းမြောက်မှုများ ပြည့်နှက်နေလေသည်။
အင်မော်တယ်တံခါးမှတစ်ဆင့် ဖြတ်သန်းသွားလာရခြင်းမှာ 'တစ်ခါသုံး' သာဖြစ်ကာ ကြာရှည်ခံမည်မဟုတ်ဟု သူ အစက ထင်မှတ်ထားခဲ့သည်။
သို့သော် ဝမ်လုံအင်မော်တယ်အရှင်၏ လက်ထဲတွင် အင်မော်တယ်တံခါးကို စိတ်ကြိုက် ဖွင့်ပိတ်နိုင်သော အင်မော်တယ်ဘုရင်အမိန့်တော်တစ်ခု ရှိနေလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မျှော်လင့်မထားခဲ့ချေ။
ဤနည်းဖြင့် အနာဂတ်တွင် ကုချန်သည် အဆုံးမဲ့ကမ္ဘာမှ ကုမိသားစုဝင်များကို အင်မော်တယ်နယ်မြေသို့ အားစိုက်ထုတ်ရန်မလိုဘဲ ခေါ်ဆောင်လာနိုင်မည် ဖြစ်သည်။
" မင်းက ဘယ်သူလဲ! "
ဝမ်လုံအင်မော်တယ်အရှင်သည် ကုချန်အား ထိတ်လန့်တကြား ကြည့်လိုက်၏။ သူ၏အသံများမှာ ထိန်းချုပ်၍မရနိုင်အောင် တုန်ယင်နေလေသည်။
" ငါက ဘယ်သူလဲ ဟုတ်လား... ငါကိုယ်တော်က မင်းတို့ အသည်းအသန် ရှာဖွေနေတဲ့ အဲ့ဒီ ကုချန်ပေါ့ "
ကုချန်သည် ဝမ်လုံအင်မော်တယ်အရှင်အား ခပ်ရေးရေး လှမ်းကြည့်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်လေသည်။
" မဖြစ်နိုင်ဘူး! "
ဝမ်လုံအင်မော်တယ်အရှင်သည် ချက်ချင်း ငြင်းဆန်လိုက်၏။
" မင်းက ဘယ်လိုလုပ် ကုချန် ဖြစ်နိုင်မှာလဲ! "
အများဆုံး ဧကရာဇ်အဆင့်သာ ရှိသေးသည့် ကုချန်အကြောင်းကို ချုံးဟွာထျန်းကျွင်း ပြောပြဖူးသဖြင့် သူ ကြားသိခဲ့ရပြီး ဖြစ်သည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည် စစ်မှန်သော အင်မော်တယ်များနှင့် တိုက်ခိုက်နိုင်သော်လည်း အင်မော်တယ်အရှင်တစ်ပါး၊ အထူးသဖြင့် အင်မော်တယ်အရှင် အစောပိုင်းအဆင့်ကိုပင် ရင်ဆိုင်ရန်မှာ အလွန်တရာ ခက်ခဲလှပေမည်။
ထို့အပြင် သူ၏ကိုယ်ပွားသည် သူ၏ ပင်မကိုယ်ခန္ဓာလောက် တိုက်ခိုက်ရေးစွမ်းအား မကောင်းမွန်သော်လည်း အင်မော်တယ်ဘုရင်အဆင့်နှင့် နီးစပ်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ၎င်းအပြင် ချုံးဟွာထျန်းကျွင်းပါ ရှိနေသေးရာ ဤကုချန်သည် အခြေအနေကို မည်သို့ ပြောင်းပြန်လှန်၍ ချုံးဟွာထျန်းကျွင်းနှင့် သူ၏ကိုယ်ပွားတို့ နှစ်ဦးစလုံးကို ဖိနှိပ်ထားနိုင်မည်နည်း။
" မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါကိုယ်တော်နဲ့ ဘာမှမဆိုင်ဘူး "
ဝမ်လုံအင်မော်တယ်အရှင်နှင့် ထပ်မံစကားမပြောလိုတော့သဖြင့် ကုချန်သည် ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလေ၏။
သူသည် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' နည်းစနစ်ကို တစ်ဖန် အသုံးပြုလိုက်၍ သူ၏ ပင်မကိုယ်ခန္ဓာ၏ တိုက်ခိုက်ရေးစွမ်းအားနှင့် ပေါင်းစပ်လိုက်ကာ ဝမ်လုံအင်မော်တယ်အရှင်၏ ဦးခေါင်းထက်သို့ လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ် ဖိချလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆုံးအစမရှိသော အင်မော်တယ်ဘုရင်၏ ဩဇာအာဏာသည် ဤနေရာရှိ လေဟာနယ်အားလုံးကို ပိတ်ဆို့သွားစေခဲ့ပြီး ဝမ်လုံအင်မော်တယ်အရှင်ကိုပင် ထိုနေရာ၌ အေးခဲသွားစေခဲ့ရာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ဆင်းသက်လာသော ထိုလက်ဖဝါးကို ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့်သာ စိုက်ကြည့်နေနိုင်တော့သည်။
" ဖွတ်...! "
ကုချန်၏ လက်ဖဝါးသည် ဝမ်လုံအင်မော်တယ်အရှင်၏ နဖူးပေါ်သို့ ကျရောက်သွားချိန်တွင် ပူဖောင်းလေးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ အသံနှင့်အတူ ဝမ်လုံအင်မော်တယ်အရှင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မြေမှုန့်အဖြစ် ပြောင်းလဲသွား၏။ ထို့နှင့်အတူ သူ၏နတ်ဝိညာဉ်သည်လည်း အမြစ်ပြတ်ချေမှုန်းခံလိုက်ရကာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။
ဝမ်လုံအင်မော်တယ်အရှင် သေဆုံးသွားလေပြီ!
" ဟင် "
ကုချန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ကာ ကျဆုံးသွားသော ဝမ်လုံအင်မော်တယ်အရှင်အား ကြည့်လိုက်လေသည်။
ဤတစ်ကြိမ် သူ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝမ်လုံအင်မော်တယ်အရှင်ကို သတ်ဖြတ်ရန် မဟုတ်ဘဲ၊ ကိုယ်ပွားကို ထိန်းချုပ်ခဲ့သကဲ့သို့ သူ၏ပင်မကိုယ်ခန္ဓာကိုပါ ထိန်းချုပ်နိုင်သည့် နည်းလမ်းကို ထပ်မံအသုံးပြုခြင်းသာ ဖြစ်သည်။
သို့သော် ကုချန်၏နတ်ဝိညာဉ်သည် ဝမ်လုံအင်မော်တယ်အရှင်၏ အသိစိတ်ပင်လယ်အတွင်းသို့ စမ်းသပ်ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အင်မော်တယ်ဘုရင်အဆင့် လှုပ်ခတ်မှုတစ်ခုသည် သူ၏ အသိစိတ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ထွက်ပေါ်လာ၍ ချက်ချင်း ပေါက်ကွဲသွားကာ ဝမ်လုံအင်မော်တယ်အရှင်အား လုံးဝ ချေမှုန်းဖျက်ဆီးပစ်လိုက်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဤသည်မှာ ဝမ်လုံအင်မော်တယ်အရှင်မှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ သတ်သေသွားခြင်း လုံးဝ မဖြစ်နိုင်ပေ။
အမှန်တကယ်တွင်မူ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုမှ ဝမ်လုံအင်မော်တယ်အရှင်၏ အသိစိတ်ပင်လယ် အနက်ရှိုင်းဆုံးနေရာတွင် ကန့်သတ်ချက်တစ်ခုကို ချမှတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပြင်ပအင်အားများ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဤကန့်သတ်ချက်သည် သက်ဝင်လှုပ်ရှားလာကာ ဝမ်လုံအင်မော်တယ်အရှင်အား ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ထိုရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်များ ဖြစ်နေမည်လားဟု ကုချန် တွေးတောလိုက်လေသည်။
ဝမ်လုံအင်မော်တယ်အရှင်၏ အသိစိတ်ပင်လယ်အတွင်း၌ ထိုရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များစွာ ပါဝင်နေပုံရလေသည်။
ထို့အပြင် ဤလျှို့ဝှက်ချက်များသည် တရားမဝင်သောအရာများ ဖြစ်ရပေမည်။ သို့မဟုတ်ပါက တစ်ဖက်လူသည် ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့မည် မဟုတ်ချေ။
" ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်..... "
ကုချန်သည် တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။
ဝမ်လုံအင်မော်တယ်အရှင် ကျဆုံးသွားခြင်းနှင့်အတူ ဤနေရာမှ သတင်းများကို ထိုရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ချက်ချင်း သိရှိသွားနိုင်ဖွယ်ရှိနေသည်မှာ ရှင်းလင်းလှပေသည်။
အခန်း ( ၃၉၂ ) - ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ရောက်ရှိလာခြင်း၊ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပုန်းကွယ်နေခြင်းနှင့် အဆင့်တက်လှမ်းခြင်း စတင်ခြင်း
ဝမ်လုံအင်မော်တယ်အရှင် သေဆုံးသွားပြီးနောက် ကုချန်သည် ထိုနေရာတွင် ဆက်လက် မနေခဲ့ချေ။
သူ့အတွက် ယခု အရေးအကြီးဆုံးကိစ္စမှာ သူ၏ တတိယကိုယ်ပွား၏ အဆင့်တက်လှမ်းရေးကို အမြန်ဆုံး ပြီးမြောက်စေရန်ပင် ဖြစ်သည်။
ကုချန်သည် အင်မော်တယ်ဘုရင်အမိန့်တော်ကို သိမ်းဆည်းလိုက်ကာ ချုံးဟွာထျန်းကျွင်းကို ပေါ့ပေါ့ပါးပါး ရှင်းလင်းလိုက်ပြီးနောက် သူ၏ပုံရိပ်သည် လျှပ်တစ်ပြက် လှုပ်ရှားသွား၍ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ယခုအခါ သူသည် အင်မော်တယ်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ရာ ချုံးဟွာထျန်းကျွင်းမှာ အသုံးမဝင်တော့ဘဲ ဘေးနားတွင်ထားရှိပါက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာမည်ဖြစ်သောကြောင့် ဖျက်ဆီးပစ်လိုက်ခြင်းက ပို၍ အဆင်ပြေလှပေသည်။
ကုချန် ထွက်ခွာသွားပြီး မကြာမီမှာပင်.....
အင်မော်တယ်တံခါးရှေ့၌ ကြီးမားလှသော စွမ်းအားတစ်ခု လျှပ်တစ်ပြက် ဆင်းသက်လာခဲ့ကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ကွဲအက်သွားစေခဲ့သည်။
" ဘယ်သူလဲ..... "
လေဟာနယ် ကွဲအက်သွားသည်နှင့်အတူ ကြက်သွေးရောင် မျက်လုံးတစ်စုံ ထိုနေရာ၌ ထွက်ပေါ်လာလေသည်။
ထိုမျက်လုံးများ ကြည့်ရှုလိုက်ရာ နေရာတိုင်းတွင် လေဟာနယ်များ ကွဲကြေသွား၍ ဟွမ်သွမ့်ချီများမှ အရာအားလုံးကို ဖုံးကွယ်သွားစေခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
" ဝမ်လုံ သေသွားပြီ... ဘယ်သူလုပ်တာလဲ..... "
ဤကြက်သွေးရောင် မျက်လုံး၏ပိုင်ရှင်မှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ပင် ဖြစ်သည်။
ဝမ်လုံအင်မော်တယ်အရှင်၏ နတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် သူ ချမှတ်ထားခဲ့သော ကန့်သတ်ချက် သက်ဝင်လှုပ်ရှားသွားသည်ကို သူ ခံစားသိရှိလိုက်ရချိန်တွင် ချက်ချင်းပင် ဝမ်လုံအင်မော်တယ်အရှင် ကျဆုံးသွားသည့်နေရာသို့ ကျယ်ပြောလှသော နယ်မြေများကို ဖြတ်ကျော်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်မှ ဝမ်လုံအင်မော်တယ်အရှင်ကို သတ်ဖြတ်သွားခဲ့၏။ သို့သော် မည်သူနည်း။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေလေသည်။
ရှည်လျားလှသော ဤနှစ်ကာလများတစ်လျှောက်လုံး သူသည် ဝမ်လုံအင်မော်တယ်အရှင်အား သူ၏ကိုယ်စား လျှို့ဝှက်စွာ အလုပ်လုပ်ပေးရန် ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။
ယခု ဝမ်လုံအင်မော်တယ်အရှင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ လက်တစ်ဖက် ပြတ်တောက်သွားခြင်းနှင့် တူညီနေလေသည်။
ပို၍အရေးကြီးသည်မှာ ဝမ်လုံအင်မော်တယ်အရှင် လုပ်ဆောင်ခဲ့သော ကိစ္စအများစုမှာ တရားမဝင်သော ကိစ္စများဖြစ်ရာ အကယ်၍ သူသာ အလားတူ တည်ရှိမှုမျိုးကို ပြန်လည်ပျိုးထောင်ချင်ပါက ခန့်မှန်းမရနိုင်လောက်အောင် အချိန်များစွာ ယူရပေလိမ့်မည်။
" မင်း ဘယ်သူပဲဖြစ်နေပါစေ ငါအရှင်က မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး! "
ကြက်သွေးရောင် မျက်လုံးထဲတွင် အက္ခရာများ လှိုင်းထသွား၍ ကောင်းကင်နှင့် မြေကြီး၏ တာအိုတို့နှင့် ချိတ်ဆက်ကာ အတိတ်ကာလကို ပြန်လည်ရှာဖွေလိုက်လေသည်။
ခဏအကြာတွင် ကုချန် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာ၍ ဝမ်လုံအင်မော်တယ်အရှင်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ရှေ့တွင် ထွက်ပေါ်လာလေသည်။
" အောက်ကမ္ဘာက..... "
ကုချန်သည် အောက်ကမ္ဘာမှ လာကြောင်းကို မြင်တွေ့လိုက်ရသောအခါ ကြက်သွေးရောင် မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။
အောက်ကမ္ဘာက လူတစ်ယောက် ဟုတ်လား။
ဤလူသည် ဝမ်လုံကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ထိုသူသည် အင်မော်တယ်ဘုရင်အဆင့် မဟုတ်ခဲ့လျှင်တောင်မှ ထိုအဆင့်နှင့် သိပ်ဝေးတော့မည် မဟုတ်ချေ။
သူသည် ဝမ်လုံထံမှ အင်မော်တယ်ဘုရင်အမိန့်တော်ကို ချက်ချင်း လုယူသွားခဲ့ရာ ယင်းမှာ သူသည် ကိုယ်ပိုင်စွမ်းအားဖြင့် အင်မော်တယ်တံခါး၏ ကန့်သတ်ချက်ကို မထိုးဖောက်နိုင်၍ အင်မော်တယ်နယ်မြေသို့ မရောက်ရှိနိုင်ခြင်း၊ သို့မဟုတ် ထိုးဖောက်နိုင်သော်လည်း အင်မော်တယ်နယ်မြေရှိ အခြားသော အင်မော်တယ်ဘုရင်များကို သတိမပေးချင်ခြင်း ဖြစ်ကြောင်း ပြသနေလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ခန့်မှန်းချက်များစွာ ပေါ်ထွက်လာလေသည်။
" ဒီလူက နတ်ဆိုးနယ်မြေကများလား... ဒါမှမဟုတ် ရှေးဟောင်းစစ်ပွဲကြီး ပြီးပြီးတဲ့နောက် အောက်ကမ္ဘာမှာ ကျန်ရစ်ခဲ့တဲ့ တည်ရှိမှုတစ်ခုလား "
ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်သွားလေသည်။
အောက်ကမ္ဘာသည် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုကို မွေးထုတ်ပေးနိုင်စွမ်း မရှိချေ။ စစ်မှန်သော အင်မော်တယ်တစ်ပါးကိုပင် မမွေးထုတ်နိုင်ပေ။
ကျယ်ပြောလှသော ကောင်းကင်ဘုံများစွာတွင် စစ်မှန်သော အင်မော်တယ်အဆင့်အထက်ရှိသော တည်ရှိမှုများကို မွေးဖွားပေးနိုင်သည့် တစ်ခုတည်းသော နေရာများမှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် သိထားသလောက် အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့သာ ဖြစ်သည်။
ဤလူသည် ဝမ်လုံအင်မော်တယ်အရှင်ကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့ရာ ထိုကဲ့သို့သော စွမ်းအားမျိုးကို အောက်ကမ္ဘာတွင် ကျင့်ကြံ၍ မရနိုင်ချေ။
သူသည် နတ်ဆိုးနယ်မြေမှ လာသူဖြစ်မည်၊ သို့မဟုတ် ရှေးဟောင်းစစ်ပွဲကြီးပြီးနောက် အောက်ကမ္ဘာတွင် ကျန်ရစ်ခဲ့သော တည်ရှိမှုတစ်ခု ဖြစ်ရပေမည်။
အင်မော်တယ်နှင့် နတ်ဆိုးတို့ကြားရှိ ရှေးဟောင်းစစ်ပွဲကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော တည်ရှိမှုတစ်ခုအနေဖြင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ထိုကာလအတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို ကောင်းစွာ သိရှိထားလေသည်။
ထိုအချိန်က အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့ကြား စစ်မျက်နှာပြင်မှာ ဟွမ်သွမ့်ပင်လယ်အတွင်းရှိ ကမ္ဘာငယ်များစွာတွင် ဖြစ်လေသည်။
ရှည်လျားလှသော ထိုသတ်ဖြတ်မှု နှစ်ကာလများအတွင်း အင်မော်တယ်နယ်မြေမှ စစ်မှန်သော အင်မော်တယ် အရေအတွက် မည်မျှ သေဆုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။ အားကောင်းသော အင်မော်တယ်ဘုရင်များပင်လျှင် ကျဆုံးခဲ့ရလေသည်။
စစ်ပွဲသည် အင်မော်တယ်ဘုရင်များမှ နတ်ဆိုးနယ်မြေနှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ကာ အင်မော်တယ်တံခါးကို တည်ဆောက်၍ အင်မော်တယ်နယ်မြေကို အထီးကျန်ဖြစ်စေခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
အောက်ကမ္ဘာတွင် ကျန်ရှိနေသေးသော အင်မော်တယ်နယ်မြေမှ စွမ်းအားရှင်အချို့သည် အင်မော်တယ်နယ်မြေသို့ အချိန်မီ မပြန်နိုင်တော့ဘဲ အင်မော်တယ်တံခါးဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရလေသည်။
အကယ်၍ ဤသို့ဖြစ်ခဲ့လျှင် ပုံမှန်သာ ဖြစ်ပေမည်။
သို့သော် ဤလူသည် နတ်ဆိုးနယ်မြေမှ ဖြစ်နေခဲ့လျှင်မူ.....
ကြက်သွေးရောင် မျက်လုံးများသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။
" ဟုတ်သားပဲ... ဒီကိစ္စကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ... ဒီလူက နတ်ဆိုးနယ်မြေက လုံးဝ မဖြစ်နိုင်ဘူး! "
အရေးအကြီးဆုံး အချက်ကို သူ သီသီလေး မေ့သွားခဲ့သည်။
၎င်းမှာ အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့ကြား လုံးဝ ကွဲပြားခြားနားသော ကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများပင် ဖြစ်သည်။
သာမန် နတ်ဆိုးနယ်မြေ သက်ရှိများပင်လျှင် အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လိုပါက ကြီးမားစွာ ဖိနှိပ်ခံရမည်ဖြစ်ရာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။
အင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာသော အင်မော်တယ်အဆင့် နတ်ဆိုးနယ်မြေ သက်ရှိများသည် စွမ်းအားများ ဖိနှိပ်ခံရ၍ အထွတ်အထိပ်အဆင့်အောက်သို့ပင် ရောက်ရှိသွားပေလိမ့်မည်။
အင်မော်တယ်ဘုရင်တစ်ပါးဆိုလျှင်ပင် အင်မော်တယ်နယ်မြေသို့ လုံးဝ ဝင်ရောက်၍ မရနိုင်ချေ။ အဆုံးမဲ့ တွန်းကန်အားများမှ သူတို့အား အင်မော်တယ်နယ်မြေအတွင်း ခြေတစ်လှမ်းမျှပင် ဝင်ရောက်ခွင့် ပြုမည်မဟုတ်ချေ။
အကယ်၍ ဤကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများ၏ တားဆီးနိုင်စွမ်းသာ မရှိခဲ့လျှင် အင်မော်တယ်နယ်မြေသည် ဆုတ်ခွာသွားခဲ့လျှင်တောင်မှ ထိုစဉ်က နတ်ဆိုးနယ်မြေ၏ အင်အားကို မည်သို့ ခံနိုင်ရည်ရှိခဲ့မည်နည်း။
ထို့ကြောင့် ဤလူ အင်မော်တယ်နယ်မြေသို့ ဤမျှ လွယ်ကူစွာ ဝင်ရောက်လာနိုင်ခြင်းက အင်မော်တယ်နယ်မြေတွင်သာ တာအိုကို ရရှိခဲ့၍ ဤကောင်းကင်နှင့် မြေကြီးတို့နှင့် ကိုက်ညီမှုရှိကြောင်း ပြသနေရာ နတ်ဆိုးနယ်မြေမှ မဖြစ်နိုင်ချေ။
သူသည် နတ်ဆိုးနယ်မြေမှ မဟုတ်သောကြောင့် ရှေးဟောင်းစစ်ပွဲကြီးမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးသာ ဖြစ်ရပေမည်။
ရှေးဟောင်းစစ်ပွဲကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သော အင်မော်တယ်ဘုရင်များအားလုံးသည် ချွင်းချက်မရှိ အင်မော်တယ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။
ထို့ကြောင့် ဤလူသည် ထိုစဉ်က အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်၊ သို့မဟုတ် အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်တွင်သာ ရှိခဲ့ရပေမည်။
နှစ်ပေါင်းများစွာ ကြာသည်အထိ သူသည် အင်မော်တယ်တံခါးကို ထိုးဖောက်၍ ပြန်လာချင်ခဲ့သော်လည်း လုံးဝ မဖြစ်နိုင်ခဲ့ချေ။
ယခုအခါ သူသည် ဟာကွက်တစ်ခုကို ရှာတွေ့သွား၍ အင်မော်တယ်နယ်မြေအတွင်းသို့ 'ခိုးဝင်' နိုင်ခဲ့ခြင်း ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် အရာအားလုံးသည် အလွန်တရာ ယုတ္တိရှိသော ရှင်းလင်းချက်တစ်ခု ရှိသွားခဲ့လေပြီ။
ဤလူသည် အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်သောကြောင့် ကိုင်တွယ်ရ လွယ်ကူလှပေသည်။
" ဟွန့်... ငါအရှင်ရဲ့ မဟာစီမံကိန်းကို ဖျက်ဆီးရဲတဲ့ မင်းကို ငါအရှင်က သေချာပေါက် ရှာဖွေပြီး သေချင်သွားအောင် လုပ်ပစ်မယ်! "
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၍ ကြက်သွေးရောင် မျက်လုံးများသည် ဖြည်းညင်းစွာ မှိတ်သွားကာ ထိုနေရာရှိ လေဟာနယ်သည် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
...
အင်မော်တယ်တံခါးနှင့် အဆုံးအစမရှိ ဝေးကွာသော နေရာတစ်ခုတွင်.....
ကုချန်သည် အဆင့်တက်လှမ်းတော့မည် ဖြစ်သောကြောင့် လူများများ အာရုံစိုက်မိခြင်းကို မလိုလားသဖြင့် လူသူကင်းမဲ့သော ရှေးဟောင်းပြည်နယ်တစ်ခုကို အထူးတလည် ရှာဖွေခဲ့လေသည်။
" အဆင့်တက်ဖို့ အချိန်ရောက်ပြီ "
အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ ကုချန်သည် ဖုံးကွယ်ခြင်း အစီအရင်တစ်ခုကို ပေါ့ပေါ့ပါးပါး ချထားလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ သူ၏စိတ်ကို ထိန်းချုပ်လျက် ဧကရာဇ်အဆင့်ကို ကျော်ဖြတ်၍ စတင်တက်လှမ်းလေတော့သည်။
သူ၏တတိယကိုယ်ပွားသည် ဧကရာဇ်အဆင့် အထွတ်အထိပ်တွင် ကြာမြင့်စွာကတည်းက ရှိနေခဲ့၍ ကောင်းကင်နှင့် မြေကြီး၏ ကန့်သတ်ချက်များကြောင့်သာ အဆင့်မတက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု အဆင့်တက်လှမ်းရန် အင်မော်တယ်နယ်မြေသို့ ရောက်ရှိလာပြီဖြစ်ရာ အရာအားလုံးမှာ သဘာဝကျကျပင် ဖြစ်ပေါ်လာမည့် ကိစ္စတစ်ခုမျှသာ ဖြစ်လေသည်။
" ဝုန်း! "
မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ကုချန် စတင်ထိုးဖောက်လိုက်သည်နှင့် သူ့ကို တားဆီးနေသော အတားအဆီးသည် ခြောက်သွေ့နေသော သစ်ရွက်များကဲ့သို့ ချက်ချင်း လွင့်စင်သွားလေသည်။
ထို့အပြင် သူ၏ စွမ်းအားများသည်လည်း ဒုံးပျံတစ်စင်းကဲ့သို့ အထက်သို့ ရူးသွပ်စွာ ထိုးတက်သွားတော့၏။
စစ်မှန်သော အင်မော်တယ်၊ စစ်မှန်သော အင်မော်တယ် အထွတ်အထိပ်၊ အင်မော်တယ်အရှင်၊ အင်မော်တယ်အရှင် အထွတ်အထိပ်.....
ကုချန်၏ကျင့်ကြံမှုသည် ဒီရေမြင့်တက်လာသကဲ့သို့ အင်မော်တယ်အရှင် အထွတ်အထိပ်အဆင့်ကို လျှပ်တစ်ပြက် ဖောက်ထွက်သွားကာ အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားလေသည်။
ဤသည်မှာ နတ်ဆိုးနယ်မြေရှိ သူ၏ဒုတိယကိုယ်ပွား အဆင့်တက်လှမ်းပြီးနောက် ရောက်ရှိသွားသော အဆင့်လည်း ဖြစ်သည်။
သို့သော် ကုချန်ကို အံ့အားသင့်စေသောအရာမှာ.....
အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားသောအခါ သူ၏အဆင့်တက်လှမ်းမှု အရှိန်မှာ နှေးကွေးမသွားဘဲ ဆက်လက် မြင့်တက်နေခြင်းပင် ဖြစ်သည်။
" ဒါက..... "
ကုချန်၏မျက်လုံးများထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။
သူ၏တတိယကိုယ်ပွားသည်လည်း နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွားကဲ့သို့ပင် အဆင့်တက်လှမ်းပြီးနောက် အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်၌သာ ရပ်တန့်သွားမည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်ကို ထိုးဖောက်ကျော်လွန်ပြီးနောက်တွင် မည်သည့် ရပ်တန့်သွားမှုမျိုး နှေးကွေးသွားမှုမျိုးကိုမျှ မခံစားရဘဲ အင်မော်တယ်ဘုရင်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းတော့မည့်အလား ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။