← Chapters

တိုက်ပွဲက အခုမှ စတာ

Vol. 12 Ch. 111

တိုက်ပွဲက အခုမှ စတာ

Vol. 12 Ch. 111

“ ထိပ်သီးလေးယောက်ထဲ ဝင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ ဂျူနီယာညီလေး “

“ ဂျူနီယာညီလေး... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီပဲ။ မဆိုးဘူး... မဆိုးဘူး “

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်ပြီး ဝမ်ပေါင်လဲ့ကို မြင်သည်နှင့် သူ့ကို ဂုဏ်ပြုလိုက်ကြသည်။

ဘာကြောင့်မှန်းမသိ ဝမ်ပေါင်လဲ့ စီနီယာအစ်ကို နှစ်ယောက်က သူ့ကို လှောင်ပြောင်နေသည်ဟု ခံစားလိုက်ရသည်။ သူက ခေါင်းကုတ်ရင်း ပြောလိုက်သည် “ စီနီယာအစ်ကိုတို့... ကျွန်တော် ဗိုလ်လုပွဲအထိ ရောက်အောင် အကောင်းဆုံး ကြိုးစားပါ့မယ် “

သူတို့နှစ်ယောက်လုံးက ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်ပြီး တစ်လေသံတည်း ပြောလာ၏။” ကံကောင်းပါစေကွာ။ မနက်ဖြန် ငါတို့ မင်းရဲ့ ပွဲကို လာကြည့်မယ် “

အပြင်စည်းပြိုင်ပွဲသည် ဗိုလ်လုပွဲနေ့သို့ ရောက်ရှိလာသောကြောင့် အတွင်းစည်းနှင့် အဓိကတပည့် ပြိုင်ပွဲများကို တစ်ရက် အနားပေးထားခဲ့သည်။

ယင်းက တပည့်အားလုံးကို အပြင်စည်း၏ ဗိုလ်လုပွဲအား ကြည့်ရှုခွင့် ရစေသည်။ ပို၍ အရေးကြီးသည်မှာ ကျောင်းတော်က ဤပြိုင်ပွဲကို မည်မျှ အလေးအနက်ထားကြောင်း ပြသသည့်အနေဖြင့် ဌာနမှူး ဆယ်ယောက်လုံးကို တက်ရောက်ခွင့်ပေးထားသည်။

ချောင်ရို့ချန် တစ်ခုခုကို သတိရသွားသည့်အလား မေးလိုက်သည်။ “ ဂျူနီယာညီလေး... မနက်ဖြန် မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲ “

ဝမ်ပေါင်လဲ့က ပြန်ဖြေလိုက်သည်။ “ နှလုံးသားကျောင်းတော်က ကိုရင်လေး ဝူမင်ပါ “

“ နှလုံးသားကျောင်းတော် “

ချောင်ရို့ချန်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသွားသည့် အမူအရာ ပေါ်လာသည်။ “ ဒါဆို မနက်ဖြန် မင်းက နှလုံးသား ကျောင်းတော်က လူတစ်ယောက်နဲ့ ယှဉ်တိုက်ရမှာပေါ့။ ကြည့်ရတာ ဂျူနီယာညီလေးတော့ အမှန်အကန် တိုက်ရတော့မယ်ထင်တယ် “

ရှောင်ချန်း ခေါင်းအသာ ညိတ်လိုက်သည်။ “ နှလုံးသားကျောင်းတော်က လူတွေက ထူးဆန်းတယ်။ အဓိကတပည့် ပြိုင်ပွဲက ကိုယ်စားပြုတပည့် တစ်ယောက်ကလည်း အဲဒီကနေ လာတာ “

ချောင်ရို့ချန်က ထပ်ဖြည့်ပြောလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာ သူတော်စင်တစ်ပိုင်း အမွေအနှစ် ရှိတယ်လေ။ နှစ်တစ်ရာလောက် ကြာတိုင်း ထူးဆန်းတဲ့ ပါရမီရှင် တစ်ယောက် နှစ်ယောက်လောက် ထွက်ပေါ်လာတတ်တယ် “

သူတို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေမှုက ဝမ်ပေါင်လဲ့၏ အနိုင်ရလိုစိတ်ကို ပိုမို ခိုင်မာလာစေသည်။ ‘ ဘာလဲ... သူ့မှာရော သူတော်စင်တစ်ပိုင်း အမွေအနှစ် မရှိလို့လား။ မဟုတ်ဘူး... သူ့ဆရာက သူ့ရဲ့ အမွေအနှစ်ကို ပိုအစွမ်းထက်လာအောင်တောင် ပြင်ပေးထားတာပဲ ‘

ထိုအပြောင်းအလဲလေးက ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့၏ အာရုံမှ မလွတ်သွားပေ။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် ဝူမင်တို့၏ တိုက်ပွဲကို ပို၍ပင် ကြည့်ရှူချင်သွားကြသည်။

ထိုညက ဝမ်ပေါင်လဲ့သည် လုံးဝ မအိပ်ခဲ့ပေ။ အရူးတစ်ယောက်လို လေ့ကျင့်နေခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် မည်သူမျှ မနိုးခင် သူ နိုးလာပြီး စွမ်းအင်ပြည့်ဝနေစေရန် ဗိုက်အပြည့် စားသောက်လိုက်ပြီး ဆရာဖြစ်သူ၏ ခြံဝင်းဆီသို့ ထွက်လာသည်။

ချူဖုန်းသည် သူ၏ တပည့်များကို စောင့်ဆိုင်းနေသည်။ ဝမ်ပေါင်လဲ့ကို မြင်သောအခါ သူ စကားများများစားစား မပြောဘဲ ပခုံးကိုသာ ပုတ်ပေးလိုက်သည်။

“ ကံကောင်းပါစေ ဖက်တီးလေး “

“ ဟုတ်ကဲ့ပါဗျ “

ဝမ်ပေါင်လဲ့ သူ၏ လက်သီးများကို ဆုပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

မကြာမီ လူတိုင်းသည် သူတို့၏ လက်နက်များကို စီးနင်းကာ ပြိုင်ပွဲကွင်းပြင်ဆီသို့ ပျံသန်းသွားကြသည်။ သူတို့ ရောက်သွားချိန်တွင် လူအုပ်ကြီးဖြင့်ပြည့်နှက်နေပါသည်။

ပထမဆုံး အကြိုဗိုလ်လုပွဲမှာ ကျန်းချန်နှင့် လျူလီတို့၏ ပွဲစဉ် ဖြစ်သည်။

ကျန်းချန်၏ နာမည်ကို ကြားသောအခါ ချောင်ရို့ချန် တီးတိုးရေရွတ်လိုက်သည်။ “ နာမည်ကြီး ဓားဂိုဏ်းက တပည့်တစ်ယောက် ဝမ်တောက်ကျောင်းတော်မှာ လာလေ့ကျင့်နေမယ်လို့ မထင်ထားဘူး “

ရှောင်ချန်းက ပြုံးလိုက်သည်။ “ ဘာများထူးဆန်းလို့လဲ။ ထိုက်ရွှီ လျှို့ဝှက်နယ်မြေက အရမ်း သွေးဆောင်နိုင်လွန်းတာကိုး။ တခြားအင်အားစုတွေက နေရာတစ်နေရာစာလေးကိုတောင် လက်လွတ်မခံချင်ကြဘူးလေ။ ငါတို့ရဲ့ ဝမ်တောက်ကျောင်းတော်က မြင့်မြတ်နယ်မြေ ဖြစ်တော့ သူတော်စင်တစ်ပိုင်း အင်အားစုတွေထက် နေရာပိုရတယ်။ ဒါကြောင့် သူတို့ကလည်း တစ်နေရာလောက်များ ရမလားလို့ လာကြတာ “

ချောင်ရို့ချန်သည် အနီးအနားတွင် ထိုင်နေကြသော ဌာနမှူးများကို တစ်ချက်ကြည့်လိုက်ပြီး စကားဆက်မပြောတော့ပေ။

သူက ချောင်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ဝမ်တောက်ကျောင်းတော်၏ စည်းမျဉ်းများကို ကောင်းကောင်း သိထားသည်။ နယ်မြေကြီးထွားရန်သာ အာရုံစိုက်ထားသည့် အခြားသော မြင့်မြတ်မြေများနှင့် မတူဘဲ ဝမ်တောက်ကျောင်းတော်သည် ကမ္ဘာကြီးသို့ သူတို့၏ သင်ကြားမှုများ ဖြန့်ဝေရန်ကိုသာ ပို၍ ဂရုစိုက်သည်။

အခြားသော မြင့်မြတ်မြေများနှင့်မတူညီစွာ ဝမ်တောက်ကျောင်းတော်သည် နောက်ခံအနေအထားကိုမကြည့်ဘဲ ပါရမီရှိသည့် တပည့်တိုင်းကို လက်ခံပြီး သူတော်စင်တစ်ပိုင်းမဆိုနှင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ကိုယ်ပိုင် အင်အားစုများ တည်ဆောက်ရာတွင် ထောက်ပံ့ပေးသည်။

ကျောင်းတော်၏ တပည့်ဟောင်းများ တည်ထောင်ထားသောအင်အားစုများကို ဝမ်တောက်ကျောင်းတော်၏ အင်အားအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။ သို့သော် ထိုဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် အပြန်အလှန် အကျိုးခံစားခွင့် ရှိရန် လိုအပ်ပါသည်။

ဝမ်တောက်ကျောင်းတော်သည် ထိုသို့သော အင်အားစုများကို အထူး အခွင့်အရေးများ အမြဲတမ်း ပေးအပ်သည်။ ကောင်းကင်ဇာစ်မြစ်အဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို ကျောင်းတော်သို့ ထောက်ခံချက်ဖြင့် ဝင်ခွင့်ရနိုင်သည်။ ယင်းက ကျောင်းတော်မှ ထိုအင်အားစုများ၏ သစ္စာခံမှုကို ထိန်းသိမ်းထားသော နည်းလမ်းပင် ဖြစ်သည်။

ဒိုင်လူကြီး၏ အချက်ပေးသံနှင့်အတူ...

သိုင်းစင်မြင့်ပေါ်ရှိ ပြိုင်ပွဲဝင် နှစ်ဦးသည် ချက်ချင်းပင် တိုက်ခိုက်ကြတော့သည်။

စင်မြင့်ထက်ဝယ် ဓားပြားကြီးနှင့် ဓားရှည်တို့သည် အဆက်မပြတ် ထိခတ်နေပြီး သတ္တုရောင်များ တလက်လက် တောက်ပလာကာ သတ္တုသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကြည့်ရှူနေကြသော အပြင်စည်း တပည့်များသည် ထိတ်လန့်တကြား မျက်လုံးများ ပြူးကုန်ကြသည်။ နာရီဝက် ကြာပြီးနောက် မန္တာန်ပညာဌာနမှ လျူလီသည် အနည်းငယ် အသာစီးရကာ အနိုင်ရသွားပြီး ဗိုလ်လုပွဲတွင် နေရာတစ်ခု ရသွားပါ‌တော့သည်။

“ တကယ့်ကို နှမြောစရာပဲ “

ရှောင်ချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏ အမြင်တွင် ကျန်းချန် အရှုံးပေးရခြင်းမှာ အားနည်းသောကြောင့် မဟုတ်ဘဲ သူ၏ ဓားနည်းစနစ်များသည် လျူလီ၏ ဓားနည်းစနစ်များလောက် မထက်ရှသောကြောင့် ဖြစ်သည်။

အကယ်၍ ၎င်းသာ သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဖြစ်ခဲ့လျှင် လျူလီကသာ သေဆုံးရမည့်သူ ဖြစ်နေလိမ့်မည်။

ချူဖုန်း ပြုံးလိုက်သည်။ “ ဘာတွေ သက်ပြင်းချနေတာလဲ။ မင်းရဲ့ဂျူနီယာညီလေး အလှည့်ရောက်တော့မယ် “

၎င်းကို ကြားသောအခါ ရှောင်ချန်းသည် ဝမ်ပေါင်လဲ့ဘက်သို့ ချက်ချင်း လှည့်ကြည့်ကာ အားပေးလိုက်သည်။

ဝမ်ပေါင်လဲ့က ချူဖုန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။ “ ဆရာ... ကျွန်တော် တက်သွားတော့မယ် “

“ သွား... သွားတော့ “

ချူဖုန်းသည် လက်ဝှေ့ယမ်းပြလိုက်ပြီး ဝမ်ပေါင်လဲ့ စင်ပေါ်တက်သွားသည်ကို ပြုံးရွှင်စွာ ကြည့်နေသည်။

ရှောင်ချန်းက မေးလိုက်သည်။ “ ဆရာ... ဂျူနီယာညီလေးအတွက် လုံးဝ စိတ်မပူဘူးလား “

ချူဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ အဲဒီကောင်လေးက ငတုံးတစ်ယောက်နဲ့ တူနေပေမဲ့ သူ့ရဲ့ စွမ်းအားက မသေးဘူးကွ။ သူ့အတွက် စိတ်ပူနေစရာ မလိုဘူး “

ဝမ်ပေါင်လဲ့သည် သူ၏ ထင်းခွဲသည့် ဓားမကြီးကို စီးနင်းကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သူ ဆင်းသက်လိုက်သည့် အခိုက်တွင် စင်အောက်မှ အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

“ စီနီယာအစ်ကိုဝမ်... အစွမ်းကုန် ကြိုးစားနော် “

“ စီနီယာအစ်ကိုဝမ်... အဲဒီ ကိုရင်လေးကို အနိုင်ယူပစ်ရမယ်နော် “

“ … “

သူ ပြန်မဖြေခဲ့ပေ။ ယင်းအစား သူသည် မျက်နှာချင်းဆိုင်ရှိ ကိုရင်လေး ဝူမင်ကိုသာ စူးစိုက်ကြည့်နေလိုက်သည်။ သူက လက်သီးဆုပ်ကာ ပြောလိုက်သည် “ စီနီယာအစ်ကို ဝူမင်... ကျေးဇူးပြုပြီး “

ဝူမင်က လက်အုပ်ချီကာ ပြောသည်။ “ အော်မီထော်ဖော်။ ဒကာလေးဝမ်... ကျေးဇူးပြုပြီး “

ထိုသို့ပြောပြီးနောက် သူသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ကာ ဗုဒ္ဓကျမ်းစာများကို စတင် ရွတ်ဖတ်တော့သည်။

ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့ကို ဆွံ့အသွားစေသည်။ ဤသည်က သူ့ကို လုံးဝ အလေးအနက် မထားခြင်းပင်။

သူသည် ဓားမကြီးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လွှဲယမ်းလိုက်သည်။

ခွပ်...

ချွင်...

သတ္တုရောင် တလက်လက်တောက်ပနေသော ဓားမစွမ်းအင်များသည် ဝူမင်ထံသို့ တိုးဝင်သွားသည်။

တစ်ခုချင်းစီတွင် ဓားမဆန္ဒ အရိပ်အယောင်များ ပါဝင်နေသည်။

သို့သော် ၎င်းတို့က ဝူမင်အပေါ်သို့ ကျရောက်သွားချိန်မှာပင် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ မှိန်ဖျဖျ ရွှေရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။

ဒင်... ဒင်... ဒေါင်... ဒေါင်...

သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။ ထိုအသံများ ပျောက်ကွယ်သွားချိန်တွင် ဝူမင်မှာ လုံးဝ အန္တရာယ်ကင်း‌နေဆဲပင်။ သူ၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ “ ဒကာ‌လေးဝမ်... ပြီးပြီလား “

‘ သေစမ်း ‘

ဝမ်ပေါင်လဲ့ သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤလူက သူ၏ ဒုတိယ စီနီယာအစ်ကိုထက်တောင် ပိုပြီး ဟန်ရေးပြတတ်သည်။

သူ ပြန်မဖြေနိုင်မီမှာပင် ဝူမင်က ထပ်ပြောလာသည်။ “ ဒကာလေးဝမ်က တိတ်နေတယ်ဆိုတော့ ပြီးပြီလို့ပဲ သတ်မှတ်လိုက်မယ်။ ဗာဂျာရာနတ်ဆိုးဖိနှိပ်လက်ဝါး”

ဝူမင်က ပြောရင်းဆိုရင်း ရုတ်တရက် သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ရိုးရှင်းပုံရသော်လည်း ရွှေရောင်လက်ဝါး၏ စွမ်းအားသည် တားဆီး၍မရနိုင်သော ဖိအားများ ထွက်ပေါ်နေသည်။

ဝမ်ပေါင်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ဓားမကြီးဖြင့် ခုတ်ချလိုက်သည်။

ဘုန်း...

နားကန်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းနိုင်လိုက်သည်။ သူ့လက်ဝါးကနေ စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ၏ မျက်လုံးထောင့်မှ စောင်းငဲ့ကြည့်လိုက်သောအခါ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။

‘ ကြောက်စရာကောင်းလိုက်တာ ‘

သူ တိတ်တဆိတ် အံ့အားသင့်သွားပါ၏။ ထို့နောက် သူ၏ ဓားမဖြင့် နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။

ဝူမင်က ဘာမှမပြောဘဲ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက် တစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။

ရလဒ်က အတူတူပင်။ ဝမ်ပေါင်လဲ့၏ လက်သည် ဓားမကို တုန်ယင်စွာ ဆုပ်ကိုင်ထားရ၏။ ယခုအခါ ဓားမသည် သူ၏ ကိုယ်ပိုင် သွေးများဖြင့် အနီရောင် စွန်းထင်းလာပါသည်။

အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များ အားလုံး တိတ်ဆိတ်သွားကြသည်။ ကိုရင်လေး ဤမျှ သန်မာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။ သူ၏ ကာကွယ်ရေးသည် လိပ်ခွံတစ်ခုလို မာကျောရုံသာမက စီနီယာအစ်ကိုဝမ်ကိုပါ ထိပ်တိုက် ရင်ဆိုင်နိုင်သေးသည်။

ပွဲကြည့်စင်ပေါ်တွင် ချူဖုန်းသည် လက်ဖက်ရည်ကို အေးဆေးစွာ သောက်နေပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့် အငွေ့အသက် လုံးဝ မရှိပေ။

ဆေးဘုရင်ရွှမ်ဟော့က ရယ်မောလိုက်သည်။ “ ကြည့်ရတာ မင်းရဲ့ အဲဒီ တပည့်ငယ်လေးအပေါ် ယုံကြည် နေပုံပဲနော် ရှောင်ဖုန်း “

ချူဖုန်းက သူ၏ လက်ဖက်ရည်ခွက်ကို တည်ငြိမ်စွာ ချထားလိုက်သည်။ “ ဖက်တီးလေးက အစွမ်းကုန် မထုတ်သေးဘူး။ စောင့်ကြည့်လိုက်ပါဦး “

သူ စကားပြောပြီးသည်နှင့် စင်ပေါ်တွင် ဓားမနှင့် လက်ဝါးတို့ တိုက်ခိုက်ကြပြန်သည်။

မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ လက်က ပြင်းထန်စွာ တုန်ယင်သွားပြီး ဓားမကြီးက သူ၏ ဆုပ်ကိုင်မှုမှ လွတ်ကာ စင်ပေါ်သို့ ပြုတ်ကျသွားသည်။

ချောက်...

တိတ်ဆိတ်နေသော ကွင်းပြင်ထဲတွင် ပြတ်သားသော သတ္တုသံက ရှင်းလင်းပီသစွာ ထွက်ပေါ်လာသည်။

ကြည့်နေသော တပည့်များ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာများ ပေါ်လာကြသည်။ အင်အားကြီးနောက်ခံဖြင့် ကျောင်းတော်သို့ ဝင်ရောက်လာသည့် ဝူမင်နှင့် ယှဉ်လျှင် သူတို့က ဝမ်ပေါင်လဲ့ကို ပို၍ အားပေးထောက်ခံကြသည်။

သို့သော် ယခုအခါ သူ၏ ဓားမက စင်ပေါ်သို့ ပြုတ်ကျသွားပြီ ဖြစ်ရာ ရလဒ်က သေချာသလောက် ဖြစ်နေလေပြီ။

ဝူမင်က တည်ငြိမ်စွာ ပြောလိုက်သည် “ ဒကာလေးဝမ်... ရှုံးသွားပြီ “

၎င်းကို ကြားသောအခါ ဝမ်ပေါင်လဲ့သည် စိတ်ပျက်အားငယ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြပေ။ “ စီနီယာအစ်ကို ဝူမင်... ခင်ဗျားက အရမ်း သန်မာတာပဲ။ ဒါပေမဲ့ စစ်မှန်တဲ့ တိုက်ပွဲက အခုမှ စတာပါ “

သူ စကားပြောရင်း ရပ်နေသော နေရာမှာပင် မြင်းထိုင် ထိုင်သည့်ဟန်ဖြင့် ထိုင်ချလိုက်ပြီး ထိုက်ချီလက်သီးကို စတင်ကစားလိုက်သည်။

သူ၏ အရှိန်အဝါများမှာ နောက်တစ်ကြိမ် တောက်လောင်လာတော့သည်။

(errorလေး ပြန်စစ်ပေးတာပါ ချောင်ရိုချန် စံချိန်ချိုး၊ဖျက်ခဲ့တဲ့ ရေခဲကန်မှတ်တမ်းက ကျင်းဂန်ပါ ရှေ့မှာ ဂျင်ချန်ဆိုပြီးရေးခဲ့တဲ့နှစ်ပိုင်းသုံးပိုင်းတွေ့လိုပါ)

All Chapters