← Chapters

သေစမ်း... ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ်

Vol. 12 Ch. 112

သေစမ်း... ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ်

Vol. 12 Ch. 112

“ စပြီပဲ။ ဂျူနီယာညီလေးက သူ့ရဲ့ အင်အားအစစ်အမှန်ကို ထုတ်သုံးတော့မယ်။ သူတော့ အစွမ်းကုန် ထုတ်သုံးပြီပဲ “

စင်မြင့်ပေါ်တွင် ဟန်ပြင်လိုက်သည့် ဝမ်ပေါင်လဲ့ကို ကြည့်ရင်း ချောင်ရို့ချန် ခပ်ဖွဖွ ပြုံးလိုက်မိသည်။ သူသည် ဤပွဲက ဂျူနီယာညီလေးအတွက် ခက်ခဲလိမ့်မည်ကို သိထားသော်လည်း ပြန်မတိုက်နိုင်ဘဲ အပြတ်အသတ် ရှုံးနိမ့်သွားမည်ကိုတော့ သေချာပေါက် မမြင်ချင်ပေ။ အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်တောင်မှ အစွမ်းကုန်ကြိုးစားပြီးမှသာ ရှုံးနိမ့်ရမည် ဖြစ်သည်။

သူ ကျယ်ကျယ်လောင်လောင် မပြောသော်လည်း ပွဲကြည့်စင်ပေါ်ရှိ လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဆေးဘုရင်ရွှမ်ဟော့က ရယ်မောကာ နောက်ပြောင်လိုက်သည်။ “ ရှောင်ဖုန်း...ဘာလို့ မင်းရဲ့ တပည့်တွေ က ဝှက်ဖဲတွေ များကြတာလဲ “

ချူဖုန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။ “ တကယ်လို့ သူတို့မှာ ဝှက်ဖဲ နည်းနည်းပဲ ရှိနေရင် အလွယ်လေး အသတ်ခံရနိုင်တယ်လေ။ ဒါကြောင့် သူတို့ရဲ့ အသက်အန္တရာယ်အတွက် ကျွန်တော်က ပိုသင်ပေးထားရတာပါ “

ထိုစကားကြောင့် အခြားသော အကြီးအကဲများမှာ ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးက ကြီးမားသော အဖြစ်အပျက်များကို မြင်တွေ့ဖူးသည့် အတွေ့အကြုံရင့် ဝါရင့်သမ္ဘာရင့်များ ဖြစ်သည်။

တစ်ခုခုက တကယ်ကို ရယ်စရာကောင်းမနေဘူးဆိုလျှင် သူတို့သည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သည်။

ဆေးဘုရင်ရွှမ်ဟော့ ချူဖုန်းကို လက်မထောင်ပြလိုက်သည်။ သူ၏အမူအရာမှာ ဤသို့ပင် ဖော်ပြနေသည်။’ မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့သူပဲ ‘

စင်မြင့်ပေါ်တွင် ဝမ်ပေါင်လဲ့က သူ့ကို လက်ဗလာဖြင့် ယှဉ်တိုက်ရန် ဓားမကို လွှတ်ချလိုက်သည့်အပေါ် ဝူမင် အံ့အားသင့်သွားသည်။

“ ဒကာလေးဝမ်... သတိထားပါ “

သူသည် ပြောရင်းဆိုရင်း လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ယခင် တိုက်ခိုက်မှုများထက် များစွာ ပိုမို၍ အစွမ်းထက်လာသည်။

ဖြည်းဖြည်းမှန်မှန် လှုပ်ရှားနေသည့် ဝမ်ပေါင်လဲ့သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ နောက်ဆုတ်လိုက်သည့် အခိုက်အတန့်မှာပင် ခပ်ဖျော့ဖျော့ထိုက်ချီကားချပ်က လက်နှစ်ဖက်ကြားတွင် ပေါ်လာသည်။

ထိုက်ချီကားချပ်ထင်ရှားလာသည့်အခါ ဝူမင်၏ လက်ဝါးစွမ်းအားသည် အေးခဲသွားပြီး တစ်လက်မမျှပင် ရှေ့ဆက် မတိုးနိုင်တော့ချေ။

ဝမ်ပေါင်လဲ့က သူ့ဆီ တိုးဝင်လာသော လက်ဝါးကို သတိမထားမိသည့်အလား ပြုမူနေသည်။ သူ၏ လက်များကို ညင်သာစွာ တွန်းထုတ်လိုက်သည်နှင့် ထိုက်ချီကားချပ်သည် အမြောက်ဆံတစ်ခုအလား ထွက်သွားတော့သည်။

ဘုန်း...

ပေါက်ကွဲသံနှင့်အတူ ထိုက်ချီကားချပ်သည် လက်ဝါး၏အားအင်ကို ချိုးဖြတ်လိုက်ပြီး ဝူမင်ထံသို့ တည့်မတ်စွာ ပျံသန်းသွားသည်။

ကိစ္စများသည် လျင်မြန်စွာ ဖြစ်ပျက်သွား၏။ ဝူမင် မတုံ့ပြန်နိုင်ခင်မှာပင် ထိုက်ချီကားချပ်သည် သူ့အပေါ်သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ကျရောက်သွားသည်။

လူတိုင်း ဝူမင်ထံသို့ လှမ်းကြည့်လိုက်ကြရာ ရွှေရောင် အလင်းတန်းများ ပျောက်ကွယ်သွားသော်လည်း လုံးဝ အန္တရာယ်ကင်းစွာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် စင်အောက်ရှိ လူအုပ်ကြီးက မသိစိတ်ဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။

“ ဝူမင်က အရမ်းကို သန်မာလွန်းနေတယ် “

“ ဒီနှစ် အပြင်စည်း ပြိုင်ပွဲမှာ ခန္ဓာကိုယ်သန့်စင်ခြင်းဌာနက အနိုင်ရသွားတော့မှာလား “

“ … “

စင်မြင့်ပေါ်တွင် ဝမ်ပေါင်လဲ့က နောက်ထပ် မတိုက်သေးပေ။ ယခင်ကလိုပင် သူသည် တည်ငြိမ်ပြီး မှန်ကန်သော လှုပ်ရှားမှုများဖြင့် ထိုက်ချီလက်သီးသိုင်းကို ဆက်လက် ကစားနေသည်။

ဤအရာက ပွဲကြည့်ပရိသတ်ကို‌ ကြောင်အသွားစေသည်။ စီနီယာအစ်ကိုဝမ်က အသာစီးရနေသည်ကို အဘယ်ကြောင့် ဆက်ပြီး ဖိအားမပေးရသနည်း။

လူတိုင်းကို ပို၍ အံ့အားသင့်သွားစေသည်မှာ ဝူမင် ကိုယ်တိုင်လည်း မလှုပ်ရှားခြင်းပင်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထိုသို့ ဖွင့်လိုက်သည်နှင့် အရှိန်အဝါက စတင် မြင့်တက်လာသည်။ ဝမ်ပေါင်လဲ့ ဖျက်ဆီးလိုက်သော ရွှေရောင် အလင်းတန်းက ဝူမင်ကို ပြန်လည်ဖုံးလွှမ်းသွားတော့သည်။

“ ဒကာလေးဝမ်က သန်မာပါတယ်။ ကိုယ်တော် အစွမ်းကုန်တိုက်ခိုက်ဖို့ ထိုက်တန်တယ် “

စကားပြောပြီးသည်နှင့် ဝူမင်သည် လျင်မြန်စွာ လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ အသက်တစ်ရှိုက်ရှူချိန်အတွင်းမှာပင် ရွှေရောင် ချိတ်စည်းတစ်ခုက သူ၏ လက်နှစ်ဖက်ကြားတွင် ပေါ်လာသည်။

“ ဗာဂျရာ မိစ္ဆာဖိနှိပ်ချိတ်စည်း “

ထိုစကားလုံးများ သူ၏ နှုတ်မှ ထွက်လာသည်နှင့် မူလက လက်ဖဝါးအရွယ်အစားခန့်သာ ရှိသော ချိတ်စည်းသည် ချက်ချင်းပင် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားလာပြီး ဝမ်ပေါင်လဲ့ထံသို့ ကျဆင်းလာသည်။

ဝမ်ပေါင်လဲ့က သူ့ဆီ ကျဆင်းလာသော ချိတ်စည်းကို မမြင်သည့်အလား ပြုမူနေသည်။ သူသည် ရိုးရှင်းသော သိုင်းကွက်တစ်ခုဖြစ်သည့် ကြိုးကြာဖြူ တောင်ပံဖြန့်ခြင်း ကို အသုံးပြုပြီး ဗာဂျရာမိစ္ဆာဖိနှိပ်ချိတ်စည်းကို အသာအယာ ချေဖျက်လိုက်သည်။

အောက်ဘက်ရှိ လူအုပ်ကြီးထံမှ အံ့သြဘနန်းသံများ ထွက်ပေါ်လာသည်။

“ သေစမ်း... ဒါက ဘယ်လို သိုင်းပညာမျိုးလဲဟ။ ကြောက်ဖို့ကောင်းလိုက်တာ “

“ သောင်းပြောင်းပညာရပ်ဌာနက တကယ်ကို ပုန်းနေတဲ့ နဂါးတွေနဲ့ ကျားတွေ အပြည့်ပါလား “

“…”

ပွဲကြည့်စင်ပေါ်တွင် ဌာနမှူးများသည် မျက်လုံးများကို မှေးကျဉ်းလိုက်ကြပြီး ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများအပေါ် အာရုံစိုက်လိုက်ကြသည်။ ဤလှုပ်ရှားမှုများက မဟာတာအို၏ ဆန်းကြယ်အနှစ်သာရကို သယ်ဆောင်ထားကြောင်း သူတို့ ခပ်ဖျော့ဖျော့ အာရုံခံမိကြသည်။

ဆေးဘုရင်ရွှမ်ဟော့က ချူဖုန်းကို စောင်းငဲ့ကြည့်လိုက်သည်။ ထိုလူက လူအိုကြီးတစ်ဦးလို တည်ငြိမ်စွာ ထိုင်နေဆဲ ဖြစ်သည်ကို မြင်သောအခါ မေးချင်သွားသော်လည်း နောက်ဆုံးတွင် မေးမည့်စကားကို မျိုချလိုက်သည်။

စင်မြင့်ပေါ်တွင် ဝူမင်၏ မျက်နှာထားမှာ လေးနက်သွားသည်။ သူ အပြင်စည်း ပြိုင်ပွဲတွင် ပါဝင်ရခြင်းမှာ ပထမနေရာကို ရယူရန်ဟူသည့် အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်ပါသည်။

ပြိုင်ပွဲ မစတင်မီ သူသည် ကိုယ်စားပြုတပည့် ဆယ်ယောက်ကို သေချာစွာ လေ့လာခဲ့၏။ မူလက ကျန်းချန်နှင့် လျူလီ တို့သာ သူ၏ အာရုံစိုက်မှုကို ခံရရန် ထိုက်တန်သည်ဟု ကောက်ချက်ချထားသည်။

ထိုနှစ်ယောက်လုံးကို အနိုင်ယူပြီး ပထမဆုကို ရယူနိုင်မည်ဟု ယုံကြည်ထားသည်။ သူ မျှော်လင့်မထားခဲ့သည်မှာ ဝမ်ပေါင်လဲ့က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို ခက်ခဲသည့် တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းလိမ့်မည် ဆိုသည်ကိုပင်။

‘ မဖြစ်ဘူး... ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ် ’ ထိုအတွေးက ဝူမင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ထို့နောက် သူ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်သည်။

“ ဝေါင်း “

နားကန်းလုမတတ် ကျယ်လောင်သော အော်ဟစ်သံကြီးက စင်မြင့်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ အကယ်၍ စင်မြင့်ပတ်လည်တွင် ကာကွယ်ရေးအစီအရင်များ မတပ်ဆင်ထားပါက ပွဲကြည့်နေသည့်တပည့်များပင် ထိခိုက်သွားနိုင်သည်။

ပွဲကြည့်စင်ပေါ်တွင် ဆေးဘုရင်ရွှမ်ဟော့က ရေရွတ်လိုက်သည်။ “ ဗုဒ္ဓခြင်္သေ့ဟိန်းဟောက်သံပဲ။ ဒီကောင်လေးမှာ အရည်အချင်းရှိတယ် “

ခြင်္သေ့ဟိန်းဟောက်သံကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသော်လည်း ဝမ်ပေါင်လဲ့သည် ဘာမှမဖြစ်သည့်အလား သူ၏ ထိုက်ချီကို တည်ငြိမ်စွာ ဆက်လက် ကစားနေသည်။ သို့သော် သူ၏ အတွင်းပိုင်းတွင်မူ ကလီစာများသည် ပြင်းထန်စွာ တုန်ခါသွားပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည်ဟု ခံစားနေရပါသည်။

သူ အလျင်အမြန်ပင် အသက်ရှူအောင့်လိုက်ပြီး ရှေ့သို့ တွန်းထုတ်လိုက်သည်။

ထိုက်ချီကားချပ်သည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ခြင်္သေ့ဟိန်းဟောက်သံကို ထိုးဖောက်ကာ ဝူမင်ထံသို့ ပျံသန်းသွားသည်။

ဘုန်း...

လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သော ဝူမင်သည် နောက်သို့ လွင့်ထွက်သွား၏။ သူ၏ခန္ဓာကိုယ်က တစ်ပတ်လည်ထွက်သွားပြီးနောက်မှသာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်ဆင်းသက်နိုင်သည်။ သူ သေချာ မရပ်နိုင်ခင်မှာပင် ခန္ဓာကိုယ်အတွင်းမှ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်မိလုနီးပါး ဖြစ်သွားသည်။

ဝမ်ပေါင်လဲ့သည်ကား ဘာမှမဖြစ်ခဲ့သည့်အလား သူ၏ ထိုက်ချီလက်သီးသိုင်းကို ကစားနေသည်။

သို့သော် ဝူမင်၏ မျက်လုံးထဲတွင်မူ ၎င်းက လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ ဝမ်ပေါင်လဲ့သည် မိုးမြေနှင့် ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေပြီး စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ ပတ်လည်သို့ စုရုံးလာနေသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ပေါင်လဲ့သည် ထိုစွမ်းအင်များကို စုစည်းကာ အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။

‘ ကြည့်ရတာ ငါ့ရဲ့ အစွမ်းထက်ဆုံး နည်းစနစ်ကို ထုတ်သုံးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပဲ ’

ဝူမင်သည် လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓ ကျမ်းစာများကို စတင် ရွတ်ဆိုတော့သည်။ သူ ရွတ်ဆိုလိုက်သော စကားလုံးများကြောင့် ပတ်လည်ရှိ ဗုဒ္ဓအလင်းတန်းများက ပိုမို အားကောင်းလာသည်။ တဖြည်းဖြည်းနှင့် အလင်းရောင်က တောက်ပလာပြီး သူ၏နောက်တွင် ဗာဂျရာ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခေါင်းပေါ်တွင် ဧရာမ ထိုက်ချီ ပုံရိပ်ကြီးတစ်ခုအဖြစ် စုစည်းသွားသည်။

မျက်စိတစ်မှိတ်အတွင်း စင်မြင့်သည် နှစ်ပိုင်း ကွဲသွားသည်။ တစ်ပိုင်းက ထိုက်ချီ ပုံရိပ်၊ ကျန်တစ်ပိုင်းက ဗာဂျရာပုံရိပ်ဖြင့် ပြည့်နှက်သွားသည်။

စင်အောက်ရှိ ပွဲကြည့်ပရိသတ်များသည် ထိုနှစ်ဦးထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားလိုက်ရပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။

“ ဒီနှစ်ယောက်က တကယ်ပဲ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ဟုတ်ရဲ့လား “

“ သူတို့ရဲ့ အရှိန်အဝါတွေက စစ်မှန်ကံကြမ္မာအဆင့် တပည့် အများစုထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတယ် “

“ … “

ပွဲကြည့်စင်ပေါ်တွင် ချောင်ရို့ချန်က မမေးဘဲ မနေနိုင်တော့ချေ။ “ ဆရာ... ဒီပွဲမှာ ဘယ်သူ နိုင်မယ်လို့ ထင်လဲ “

ချူဖုန်း သူ၏ လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချထားလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “ ငါ မသိဘူး။ အခုအချိန်မှာ သူတို့ နှစ်ယောက်လုံးက အင်အားချင်း မျှနေတယ်။ အရင်ဆုံး စတိုက်တဲ့သူက... ရှုံးလိမ့်မယ် “

သူ၏ စကားဆုံးသွားသည်နှင့် အားကောင်းသော လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

ပြိုင်ပွဲဝင် နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကြသည်။

ဝူမင် သူ၏လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး စကားလုံး တစ်လုံးကို အော်ဟစ်လိုက်သည်။

“ 卍 “

“ ထိုက်ချီ အဆုံးအစမဲ့ “

ဝမ်ပေါင်လဲ့သည်လည်း သိုင်းကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

စင်မြင့်ပေါ်တွင် ဗာဂျရာလက်ဝါးကြီးနှင့် ထိုက်ချီ ပုံရိပ်ကြီးက အောက်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။

ဘုန်း... ဘုန်း... ဘုန်း...

နားကန်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခု စင်မြင့်ထက်တွင် ပျံ့နှံ့သွားသည်။

အလင်းရောင်က ပြင်းထန်လွန်းသဖြင့် ကြည့်ရှူနေသောတပည့်များသည် စင်ပေါ်တွင် ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကို ခဏတာ မမြင်နိုင်တော့ပေ။

အလင်းရောင်များ မှေးမှိန်သွားသောအခါ လူတိုင်း၏ မျက်လုံးများသည် စင်မြင့်ဆီသို့ ရောက်သွားကြပြီး သူတို့၏ စိတ်ထဲတွင် မေးခွန်းတစ်ခုပေါ်လာသည်။

‘ဒီတိုက်ပွဲမှာ ဘယ်သူ နိုင်သွားတာလဲ’

All Chapters