ကျွန်တော် ဗိုက်ဆာလွန်းလို့ သတိလစ်သွားတာ၊ မဟုတ်ရင် ဝူမင်ရဲ့ ခေါင်းကို လက်သီးတစ်ချက်တည်းနဲ့ ပွင့်ထွက်သွားအောင် ထိုးပစ်လိုက်ပြီ
Vol. 12 Ch. 113
စင်မြင့်ပေါ်၌
ဝမ်ပေါင်လဲ့၏ ဝတ်စုံမှာ စုတ်ပြတ်နေပြီး ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်နေကာ သူ၏ ဒွာရပေါက်ခြောက်ပေါက်မှ သွေးများ စီးကျနေသည်။ လေတစ်ချက် တိုက်လိုက်သည်နှင့် အချိန်မရွေး လဲကျသွားမည့်အလား။
သူ၏ မျက်နှာချင်းဆိုင်ရှိ ကိုရင်လေး ဝူမင်မှာလည်း သိပ်ပြီး အခြေအနေ မကောင်းပေ။ သူ၏ သင်္ကန်းမှာ စုတ်ပြဲနေသောကြောင့် ကြွက်သားများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်ကြီး ပေါ်လာသည်။
ပါးစပ်ထောင့်မှ သွေးများစီးကျလာသလို သူ၏ ပြောင်လက်နေသော ခေါင်းပေါ်မှပင် သွေးများ စီးကျနေပါသည်။
အောက်ဘက်ရှိ လူအုပ်ကြီးသည် ဤမျှ ကြမ်းတမ်းသော မြင်ကွင်းကို ကြည့်ရင်း အသက်ရှူသံကပင် ရလဒ်ကို အနှောင့်အယှက် ဖြစ်စေမည် စိုးသဖြင့် အသက်အောင့်ထားလိုက်ကြသည်။
သူတို့ နှစ်ဦးလုံးသည် ထပ်မံ တိုက်ခိုက်ရန် မလှုပ်ရှားပေ။ ခန္ဓာကိုယ်မှ သွေးများ စီးကျနေသည်ကို လျစ်လျူရှုကာ နေရာတွင် မလှုပ်မယှက် ရပ်နေကြသည်။
ဂွီ...
အချိန်အခါ မသင့်သော အသံတစ်သံ ဝမ်ပေါင်လဲ့၏ ဗိုက်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး တင်းမာနေသော လေထုကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။
ပွဲကြည့်ပရိသတ်များမှာ ချက်ချင်းပင် မှင်တက်သွားကြပြီး ဆွံ့အသွားသည်။ သူတို့သည် ပွဲစဉ် ရာပေါင်းများစွာကို ကြည့်ရှုခဲ့ဖူးသော်လည်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
ဝမ်ပေါင်လဲ့က တွေးလိုက်သည်။ ‘ သေစမ်း... ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်သွားပြီ။ ဗိုက်ကလည်း ဆန္ဒပြနေပြီ။ အားကုန်ထုတ်သုံးမှ ရတော့မယ် ‘
သူ အံကြိတ်ကာ လက်သီးဆုပ်လိုက်ပြီး ဝူမင်ထံသို့ ဖြည်းညှင်းစွာ စတင် လျှောက်သွားလိုက်သည်။
ဝူမင်မှာ အပေါ်ယံတွင် တည်ငြိမ်နေပုံ ရသော်လည်း စိတ်ထဲတွင်မူ အလန့်တကြား ဖြစ်နေ၏။ ဝမ်ပေါင်လဲ့ သည် ရှေ့သို့ ပိုလှမ်းလာသည်နှင့်အမျှ သူ၏ ဖိအားက ပိုမို ကြီးမားလာသည်။
ယခုအချိန်တွင် သူ မတ်တပ်ရပ်နိုင်နေသေးသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ စိတ်ခွန်အား ပြင်းထန်သောကြောင့်သာ ဖြစ်သည်။
ဤအခြေအနေတွင် လမ်းလျှောက်ရန်နှင့် လက်သီးထိုးရန် မဆိုထားနှင့် မတ်တပ်ရပ်နေရုံဖြင့်ပင် အားအင်ကုန်ခန်းနေပြီ ဖြစ်၏။ သူ၏ နောက်ဆုံးသိုင်းကွက်သည် စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူသွားခဲ့သည်။
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။ ဘာပဲဖြစ်ဖြစ် ကိုရင်လေးကို တစ်ချက်တော့ ထိုးလိုက်ရမည် ဟူ၍ပင်။
သူ ဝူမင်နှင့် ခြေတစ်လှမ်း အကွာသို့ ရောက်ရှိလာချိန်တွင် ကျန်ရှိနေသော အားအင်များကို အသုံးပြုကာ လက်သီးကို မြှောက်လိုက်ပြီး ကိုရင်လေး၏ မျက်နှာဆီသို့ ရွယ်လိုက်သည်။
လက်သီး ထိုးလိုက်သည့် အခိုက် ဝူမင်က မျက်လုံးများကို ရုတ်တရက် မှိတ်ချလိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။
အစကတည်းက ဝမ်ပေါင်လဲ့၏ လက်သီးက မြန်ဆန်နေခြင်း မရှိပေ။ ဝူမင် ဤကဲ့သို့ ရှောင်တိမ်းသွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
လက်သီးက လေထဲသို့သာ ထိုးမိသွားပြီးနောက် ဝမ်ပေါင်လဲ့၏ အမြင်အာရုံများ အမည်းရောင် ပြောင်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဘုန်း...
လဲကျသံထွက်လာပြီးနောက် တုန်ယင်နေသော ဝူမင်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ ဝမ်ပေါင်လဲ့ လဲကျသွားသည်ကို မြင်သောအခါမှ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူက အော်မီထော်ဖောဟု ပြောချင်ခဲ့သော်လည်း စကားပြောရန်ပင် ခွန်အားမရှိတော့ချေ။
အနီးနားရှိ ဒိုင်လူကြီးက အချိန်စတင် ရေတွက်လိုက်ရာ လျင်မြန်စွာပင် တစ်ဆယ် သို့ ရောက်ရှိသွားသည်။
ထိုနောက် တစ်ဆယ် ဟူသော အသံ ထွက်ပေါ်လာချိန်တွင် ဝူမင်၏ တင်းကျပ်နေသော အာရုံကြောများက နောက်ဆုံး၌ ပြေလျော့သွားပြီး ရှေ့သို့ မှောက်ခုံ လဲကျသွားတော့သည်။
ဒိုင်လူကြီးက ချက်ချင်း ကြေညာလိုက်သည်။” ဒီပွဲရဲ့ အနိုင်ရရှိသူက ဝူမင်ဖြစ်ပါတယ်ဗျာ “
ပွဲကြည့်ပရိသတ်များ အားလုံး နှမြောတသဖြစ်စွာ သက်ပြင်းချလိုက်ကြသည်။
“ လက်သီးတစ်ချက်တည်း... စီနီယာအစ်ကိုဝမ်က လက်သီးတစ်ချက်တည်း လိုတော့တာကို “
“ တကယ့်ကို နှမြောစရာပဲ။ အဲဒီ ကိုရင်လေးက နောက်ဆုံး စက္ကန့်မှာ အကြံ ရသွားလို့။ မဟုတ်ရင် သဲအိတ်လောက် ကြီးတဲ့ စီနီယာအစ်ကိုဝမ်ရဲ့ လက်သီးသာ သူ့မျက်နှာကို ထိသွားခဲ့ရင် ပွဲက ပြီးသွားပြီ “
“ … “
ပွဲကြည့်စင်ပေါ်မှ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့သည် စင်မြင့်ဆီသို့ ချက်ချင်း ပျံသန်းသွားကြပြီး ဝမ်ပေါင်လဲ့ကို ပွေ့ချီကာ စင်အောက်သို့ ခေါ်ဆောင်သွားကြသည်။
ဆေးဘုရင်ရွှမ်ဟော့သည် ဝမ်ပေါင်လဲ့အား ခေါ်ဆောင်လာသည်ကို မြင်သောအခါ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်၏။
“ ရှောင်ဖုန်း... ဒါက အဆင့်မြင့် အားအင်ဖြည့်တင်းခြင်းဆေးလုံးပဲ။ မင်းရဲ့ တပည့်ကို မြန်မြန် တိုက်လိုက် “
“ ကျေးဇူးအများကြီး တင်ပါတယ် စီနီယာရွှမ်ဟော့၊ ဒါပေမဲ့ ဒုက္ခခံနေစရာ မလိုပါဘူး “ ချူဖုန်းက ပြန်ဖြေလိုက်ပြီး ချောင်ရို့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ တာ့ချန်... ဖက်တီးလေးကို အစာခံဆေးလုံး နည်းနည်းလောက် မြန်မြန် တိုက်လိုက် “
“ ဟုတ်ကဲ့ပါ “
ချောင်ရို့ချန်သည် သူ၏ သိုလှောင်အိတ်ထဲမှ အစာခံဆေးလုံး အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့အား လက်ဖက်ရည် အနည်းငယ်နှင့်အတူ မျိုချနိုင်ရန် ကူညီ တိုက်ပေးလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေကြသော အခြား ဌာနမှူးများ မှာ ဆွံ့အသွားကြသည်။
မန္တာန်ပညာဌာနမှ မိုးကြိုးမီးတောက် ဘုရင်က မနေနိုင်ဘဲ ပြောလိုက်သည်။ “ ရှောင်ဖုန်း... မင်းရဲ့ တပည့်ကို ဒီလို ဆက်ဆံတာလားကွ။ ကောင်လေးက သေလုမျောပါး ဖြစ်နေတာကို မင်းက သူ့ကို အစာခံဆေးလုံးတွေ တိုက်နေတယ်ပေါ့ “
ဓားဘုရင်ကျန်းဝူကလည်း ဝင်ပြောလိုက်သည်။ “ ရှောင်ဖုန်း... တကယ်လို့ မင်း ဆေးလုံးတွေအတွက် အရမ်း နှမြောနေရင် ကောင်လေးကို ငါတို့ရဲ့ ဓားပညာဌာနဆီသာ ပို့လိုက်ပါ။ ငါ့ဆီမှာ ဆေးတွေ အများကြီး ရှိတယ် “
ဝမ်ပေါင်လဲ့တွင် ထောင်ထျဲ ခန္ဓာကိုယ် ရှိနေကြောင်းကို လူတိုင်း သိထားပြီး ဖြစ်သော်လည်း ယခုပွဲတွင် သူ ပြသခဲ့သည့် စွမ်းဆောင်ရည်အရ သူ၏ တိုက်ခိုက်ရေး စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းနေပါသည်။
သူ့ကို စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်သည်အထိ ပျိုးထောင်ပေးရမည် ဆိုလျှင်၊ သူတို့သည် အံကြိတ်ကာ လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များ အားလုံးကို ထောက်ပံ့ပေးရန် ဆန္ဒရှိနေကြသည်။
ထိုအဆင့်သို့ ရောက်သွားလျှင် သူ့ကို သူတော်စင် တစ်ပါး ဖြစ်လာအောင် ပျိုးထောင် မပေးနိုင်ရင်တောင်မှ နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ သေချာပေါက် ဖြစ်နိုင်ချေ ရှိသည်။
မိုးကြိုးမီးတောက် ဘုရင် ၎င်းကို ကြားသောအခါ ချက်ချင်း မကျေမနပ် ဖြစ်သွား၏။ “ ဓားဘုရင်အိုကြီး... ဘာသဘောလဲ။ ဝမ်ပေါင်လဲ့က ငါတို့ မန္တာန်ပညာဌာနက သူတော်စင်တစ်ပိုင်းရဲ့ မျိုးဆက်ပဲ။ တကယ်လို့ သူ တစ်နေရာရာကို သွားရမယ်ဆိုရင် ငါတို့ဌာနကိုပဲ လာရမှာ “
“ ဟက် “
ဓားဘုရင်က အေးစက်စွာ ရယ်မောလိုက်သည်။ “ မင်းရဲ့ လူတွေပဲ ဝမ်ပေါင်လဲ့ကို သောင်းပြောင်းပညာရပ်ဌာနဆီ ပို့ပစ်လိုက်တာလေ။ အခုကျမှ သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားနေတယ်ပေါ့။ အရှက်မရှိဘူးပဲ “
“ မင်း “
ဤအကြောင်းကို ပြောလိုက်သည်နှင့် မိုးကြိုးမီးတောက် ဘုရင်၏ မျက်နှာသည် မည်းမှောင်သွားတော့သည်။ ပြန်မှ ထိုငတုံးများကို သင်ခန်းစာပေးရမည်ဟု စိတ်ထဲ တေးမှတ်ထားလိုက်၏။ ‘ သူတော်စင်တစ်ပိုင်းရဲ့ မျိုးဆက် ပေါ်လာတာကို မင်းတို့က ငါ့ဆီ အရင်ခေါ်မလာဘူး ‘
ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။ “ ခင်ဗျားတို့ နှစ်ယောက်စလုံးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဖက်တီးလေး နိုးလာတာနဲ့ ခင်ဗျားတို့ရဲ့ သဘောထားကို သူ့ကို သေချာပေါက် ပြောပြပေးပါ့မယ် “
သူ စကားပြောပြီးသည်နှင့် အနီးနားမှ အားပျော့သည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ ဆ... ဆရာ၊ ကျွန်တော့်ကို ခေါ်နေတာလားလို့ပါ “
လူတိုင်း လှည့်ကြည့်လိုက်ရာ ဝမ်ပေါင်လဲ့ အားနည်းစွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။
ချူဖုန်းက ပြုံးလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ စားပွဲတစ်လုံး အရွယ်အစားသော အသားခြောက်တစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းက စစ်မှန်ကံကြမ္မာအဆင့် နတ်ဆိုးသားရဲ တစ်ကောင်၏အသား ဖြစ်သည်။
“ အရင်ဆုံး တစ်ခုခု စားလိုက်ဦး “
“ ဟုတ် “
အသားကို မြင်သောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများ အရောင်လက်သွားပြီး နှုတ်ခမ်းထောင့်မှ သွားရည်များ ကျလာတော့သည်။
ချောင်ရို့ချန်က အသားကို ယူလိုက်ပြီး အတုံးသေးသေးလေးများ အဖြစ် လှီးဖြတ်လိုက်ကာ၊ ဝမ်ပေါင်လဲ့အား တစ်တုံးကို အရင် ကမ်းပေးလိုက်၏။
ဝမ်ပေါင်လဲ့က သူ၏ အသွင်အပြင်ကို ဂရုမစိုက်တော့ပေ။ ဌာနမှူးများ အားလုံး၏ ရှေ့မှာပင် ဆာလောင်နေသော ဝံပုလွေ တစ်ကောင်ကဲ့သို့ အငမ်းမရ စတင် စားသောက်တော့သည်။ ရှောင်ချန်းကပင် ရံဖန်ရံခါ သူ့ကို လက်ဖက်ရည် ကမ်းပေးနေသေး၏။
ထိုမြင်ကွင်းက နေရာရှိ ဌာနမှူးများနှင့် အကြီးအကဲများ အားလုံးကို ဆွံ့အသွားစေသည်။
‘ ဒီကောင်လေးက မလွယ်ကြောပဲ။ ဒီလောက် ပြင်းပြင်းထန်ထန် အရိုက်ခံထားရတာကို သတိပြန်ရလာတာမြန်တာ ထားလိုက်ဦး။ စားချင်သောက်ချင်စိတ်ပါ ကောင်းနေသေးတယ် ‘
တပည့် အများစုမှာ ထိုကဲ့သို့တိုက်ပွဲမျိုးမှ ပြန်လည် နာလန်ထူလာစေရန် အဆင့်မြင့် ကုသရေး ဆေးလုံးများကို အသုံးပြုလျှင်တောင်မှ အနည်းဆုံး သုံးရက်မှ ငါးရက်အထိ အချိန်ယူရမည်ဖြစ်ပြီး အများဆုံး ဆယ်ရက်အထိ ကြာမြင့်နိုင်ပေသည်။
အေ့...
အသားကို စားပြီးသွားသောအခါ ဝမ်ပေါင်လဲ့ ကျေနပ်စွာ လေချဉ်တက်လိုက်၏။
ချူဖုန်းက ရှေ့သို့ လှမ်းလာပြီး သူ၏ ပခုံးကို ပုတ်လိုက်သည်။ “ အခု ဗိုက်ဝသွားပြီမှတ်လား ကောင်လေး “
“ ဟုတ်ကဲ့... အဲဒီ နောက်ဆုံး တိုက်ကွက်က ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို စုပ်ယူသွားတာ။ ကျွန်တော် ဗိုက်ဆာလွန်းလို့ သတိတောင်လစ်သွားတယ်၊ မဟုတ်ရင် ဝူမင်ရဲ့ ခေါင်းကို လက်သီးတစ်ချက်တည်းနဲ့ ပွင့်ထွက်သွားအောင် ထိုးပစ်လိုက်ပြီ “
ဝမ်ပေါင်လဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သော်လည်း နောက်တစ်ခဏတွင် အကြည့်များစွာက သူ့အပေါ် ကျရောက်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအခါမှသာ ဝမ်တောက်ကျောင်းတော်မှ ဌာနမှူးများ အားလုံး သူ့ကို ကြည့်နေကြသည်အား သတိပြုမိသွား၏။ သူ အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
“ တပည့် ဝမ်ပေါင်လဲ့ ဆရာဦးလေးတို့ အားလုံးကို ဂါရဝပြုပါတယ် “
တိတ်ဆိတ်သွားသည်။
ဌာနမှူးများသည် သတိပြန်မဝင်လာမီ စက္ကန့်အနည်းငယ်မျှ မှင်တက်သွားကြ၏။
ဓားဘုရင်ရှောင်ယောင်က ပြုံးပြီး ပြောလိုက်သည်။ “ ဖက်တီးလေး... နေ... နေ... ထုံးတမ်းတွေလုပ်မနေနဲ့။ စောစောက ဘာဖြစ်သွားလဲဆိုတာ ငါတို့ အားလုံး မြင်လိုက်ပါတယ်။ ဘယ်သူကမှ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး “
“ ဟင် “
ဝမ်ပေါင်လဲ့ ကသိကအောက်ဖြင့် ခေါင်းကုတ်လိုက်၏။ “ ဒီတပည့်က စီနီယာတို့ရှေ့မှာ ထိန်းချုပ်မှု လွတ်သွားလို့ပါ။ အားလုံးပဲ ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် “
“ ဟားဟားဟား... “
ဓားဘုရင်ရှောင်ယောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အခြားသော ဌာနမှူးများကလည်း အတူတကွ ရယ်မောလိုက်ကြသည်။
ချူဖုန်းက ပြုံးလျက် ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်လိုက်၏။ “ မင်း အရမ်းကြီး ထိန်းထားစရာမလိုပါဘူး။ ဒီပြိုင်ပွဲ ပြီးသွားရင် မင်းက တရားဝင် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာတော့မှာ “
“ အခု ဌာနမှူးတွေ အားလုံး ရောက်နေကြပြီဆိုတော့ သူတို့ထဲက ဘယ်သူ့ကိုမဆို မင်းရဲ့ ဆရာအဖြစ် မင်း ရွေးချယ်နိုင်တယ် “
ထိုစကားများကြောင့် မျှော်လင့်ချက်မျက်လုံးများက ဝမ်ပေါင်လဲ့ထံသို့ ရောက်ရှိလာကြသည်။
ဝမ်ပေါင်လဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ ဆရာ... ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေလို့ မရဘူးလား “
ချူဖုန်းက ပြန်ဖြေလိုက်၏။ “ သေချာပေါက် ရတာပေါ့၊ ဒါပေမဲ့ မင်းရဲ့ အကြောင်းပြချက်ကို အကြီးအကဲတွေကို ရှင်းပြရမှာကတော့ ထုံးစံပဲ “
“ အို “
ဝမ်ပေါင်လဲ့ ခေါင်းညိတ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ “ ဆရာ... ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေချင်ပါတယ်။ ဒီမှာရှိတဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုတွေနဲ့ အစ်မတွေ အားလုံးက ပါရမီရှင်တွေချည်းပဲ၊ ပြီးတော့ အစားအသောက်ကလည်း တကယ်ကို ကောင်းတယ်။ ကျွန်တော် ဒီနေရာကို အရမ်း သဘောကျပါတယ် “
သူ၏ စကားအဆုံးတွင် ဌာနမှူးများ တိတ်ဆိတ်သွားကြတော့သည်။
(ဘာသာပြန်သူ၏ရှင်းလင်းချက် သိတဲ့သူကသိမှာပါ ဓားဘုရင်က နှစ်ပါးရှိတာပါ ဓားဘုရင်ရှောင်ယောင်က ကောင်းကင်စိတ်ဝိညာဉ်ဌာနကပါ၊ ဓားဘုရင်ကျန်းဝူက ဓားပညာဌာနပါ)