ပြင်းထန်တာအိုနတ်ဘုရားလက်သီး၏ တားဆီးမရနိုင်သော စွမ်းအား၊ ချောင်ရို့ချန် နိုင်သွားပြီ။
Vol. 12 Ch. 115
နောက်တစ်နေ့ နေ့လည်ပိုင်းတွင်
ကြေးမုံရေကန်၌ လူများဖြင့် ပြည့်နှက်နေသည်။
ဝမ်တောက်ကျောင်းတော်မှ ဌာနမှူး ဆယ်ယောက်အပြင် ကျောင်းတော်၏ ကျန်ရှိနေသော အကြီးတန်း တာဝန်ရှိသူများလည်း ပွဲကြည့်စင်ပေါ်တွင် ပေါ်လာကြသည်။
လူတိုင်း ဗိုလ်လုပွဲကို စောင့်မျှော်နေကြပြီး တပည့်များက ပြိုင်ပွဲဝင် နှစ်ဦးအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
“ ဒီနှစ် ပြိုင်ပွဲက သောင်းပြောင်းပညာရပ်ဌာနကို တကယ် နေရာရသွားစေတာပဲ “
“ ဟုတ်တယ်။ အပြင်စည်း ပြိုင်ပွဲတုန်းက ဂျူနီယာညီလေးဝမ်ရဲ့ စွမ်းဆောင်ရည်က အံ့ဩစရာ ကောင်းနေပြီ။ စီနီယာအစ်ကိုချောင်နဲ့ စီနီယာအစ်မချင်း နှစ်ယောက်စလုံး အတွင်းစည်း ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဲဒီလို အောင်မြင်မှုမျိုးက အရင်တုန်းက ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာပဲ ဖြစ်လေ့ရှိတာ “
“ ဟမ့်... ကောင်းကင်စိတ်ဝိညာဉ်ဌာနက ပါရမီရှင်တွေသာ ကောင်းကင်ဇာစ်မြစ်အဆင့်ကို မတက်သွားရင် သူတို့နှစ်ယောက် နေရာရမယ် ထင်လား “
“ အို... တစ်ယောက်ယောက် မနာလိုဖြစ်နေတဲ့ အသံပဲ။ ပြိုင်ပွဲမစခင်တုန်းက ကောင်းကင်စိတ်ဝိညာဉ်ဌာနက အတွင်းစည်းနဲ့ အဓိကတပည့် ပြိုင်ပွဲ နှစ်ခုလုံးမှာ ထိပ်ဆုံးသုံးနေရာကို သိမ်းကျုံးယူမယ်လို့ ကြွားလုံးထုတ်ခဲ့တာကို ငါ မှတ်မိသေးတယ်ဟေ့ “
“ မင်း “
ပွဲကြည့်စင်ပေါ်တွင် ကျောင်းအုပ်ကြီးက ပြုံးပြီး ချူဖုန်းကို ပြောလိုက်သည်။ “ ရှောင်ဖုန်း... မင်းရဲ့ သောင်းပြောင်းပညာရပ်ဌာနက ဒီတစ်ခါတော့ နာမည်ကြီးပြီ။ နောက်လကစပြီး မင်းရဲ့ဌာနလည်း တပည့်သစ်တွေကို ခေါ်လို့ရပြီ “
ထိုစကားကြောင့် ချူဖုန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤသည်က သူ စောင့်ဆိုင်းနေခဲ့သော အရာပင် ဖြစ်၏။ တပည့် ပိုများလာမှသာ သူ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာနိုင်မည် ဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး “
“ ဟူး... “
ကျောင်းအုပ်ကြီးက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းပြလိုက်သည်။ “ ဌာနကြီး ရှစ်ခုက တပည့် စုဆောင်းခွင့် အမြဲတမ်း ရှိပြီးသား။ ငါ့ရှေ့မှာ ဒီလိုတွေ ယဉ်ကျေးပြနေစရာမလိုဘူး “
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဒိုင်လူကြီးက ရေကန်အထက်တွင် ပေါ်လာပြီး ကြေညာလိုက်သည်။ “ အတွင်းစည်း ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ တရားဝင် စတင်ကြောင်း ကြေညာပါတယ်။ သောင်းပြောင်းပညာရပ်ဌာနက ချောင်ရို့ချန်နဲ့ ချင်းချင်းတို့ စင်မြင့်ပေါ်ကို တက်လာပေးပါ “
ပွဲကြည့်စင်ပေါ်တွင် ချောင်ရို့ချန်နှင့် ချင်းချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရေကန်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။
“ ဒုတိယ စီနီယာအစ်ကို... ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး “
ချင်းချင်းက ပထမဆုံး ဦးညွှတ်လိုက်သည်။
ချောင်ရို့ချန်က လက်သီးဆုပ်ကာ ပြန်လည် အရိုအသေပေးလိုက်သည်။ “ ဂျူနီယာညီမလေး...ထိန်းမထားနဲ့။ အစွမ်းကုန်ထုတ်သုံးပါ “
“ ကောင်းပါပြီရှင့် “
ထိုသို့ပြောပြီးနောက် ချင်းချင်းသည် သူမ၏ ဇီသာကို ကျောပေါ်သို့ တင်လိုက်သဖြင့် ပွဲကြည့်နေသူများကို ဇဝေဇဝါ ဖြစ်သွားစေသည်။
“ စီနီယာအစ်မချင်းက ဇီသာတီးပြီး တိုက်ခိုက်တာမဟုတ်ဘူးလား။ သူက ဘာလို့ ဇီသာကို ဖယ်ထားလိုက်ရတာလဲ “
“ ဟုတ်တယ်။ ပွဲထဲမှာ ဘယ်သူကမှ စီနီယာအစ်မရဲ့ ဂီတကနေ သတိပြန်မလည်လာကြဘူး။ အခုလို လုပ်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာနဲ့ ဘာမှမကွာဘူး “
“ … “
လူအုပ်ကြီး တီးတိုးပြောဆိုနေချိန်မှာပင် ချင်းချင်းသည် သူမ၏ မျက်လုံးစည်းကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး သူငယ်အိမ်နှစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်တစ်ယောက်က သူမ၏ မျက်လုံးများကို မြင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။ “ ဒါဆို ငါ သူ့ကို ရှုံးသွားတာက သူငယ်အိမ်နှစ်ခုမျက်ဝန်းကြောင့်ကိုး။ သူ့ရဲ့ တေးသွားကို ချေဖျက်ပြီးတာတောင်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုရဲ့ ရိုက်တာကို ခံလိုက်ရတာ မအံ့ဩတော့ဘူး “
အနီးနားရှိ လူများသည် ထိုစကားကို ကြားသောအခါ ချင်းချင်းကို ပိုမို၍ ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။
ချင်းချင်းက တင်ပျဉ်ခွေ ထိုင်လျက် ပြောလိုက်သည်။ “ စီနီယာအစ်ကိုလည်း အစွမ်းကုန် ထုတ်သုံးသင့်တယ်။ ပြင်းထန်တာအိုနတ်ဘုရားလက်သီးရဲ့ စွမ်းအားအစစ် ကို ကျွန်မ ကိုယ်တိုင် ကြုံဖူးချင်တယ်။ ဒါကို လေ့ကျင့်ရေးပွဲ တစ်ခုလိုပဲ သဘောမထားပါနဲ့ “
ချောင်ရို့ချန်သည် လက်များကို နောက်ပစ်ကာ ပြုံးလိုက်သည်။ “ ကောင်းပြီလေ။ ဒါဆိုရင် ဒီပွဲကို တစ်ကွက်တည်းနဲ့ အဆုံးအဖြတ် ပေးကြတာပေါ့။ ငါ့ရဲ့ ပြိုင်ဘက်ကင်းလက်သီးဆန္ဒက မင်းရဲ့ ကမ္ဘာပျက်အလင်းတန်းကို ဖျက်ဆီးနိုင်မလား ဆိုတာ ကြည့်ကြသေးတာပေါ့ “
ပြိုင်ဘက်ကင်းလက်သီးဆန္ဒ ဟူသော စကားလုံး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ခန္ဓာကိုယ်ကျင့်ကြံသူများမှာ သိသိသာသာ စိတ်လှုပ်ရှားသွားကြသည်။
ယခင် ပွဲစဉ်များတွင် ချောင်ရို့ချန်သည် ဤလက်သီးနည်းစနစ်ကို အသုံးပြုခဲ့သော်လည်း သူ အစွမ်းကုန် မထုတ်ခဲ့ကြောင်းကို လူတိုင်း သိနိုင်သည်။
၎င်းကို ကြားသည်နှင့် ဒိုင်လူကြီးက ချက်ချင်း ကြေညာလိုက်သည်။ “ စတော့ “
စကားသံ ဆုံးသွားသည်နှင့် ချောင်ရို့ချန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ လက်များကို မြှောက်လိုက်သည်။ သူ လက်မြှောက်လိုက်သည့် အခိုက်တွင် ခန္ဓာကိုယ် တစ်ခုလုံးမှနေ၍ အားအင်တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
နေရာတွင် ရပ်နေရုံမျှဖြင့် သူသည် လူသားပုံစံ သားရဲတစ်ကောင်နှင့် တူနေ၏။ သူ၏ကိုယ်မှ ဖြာထွက်နေသော ကြောက်မက်ဖွယ်ရာ ဖိအားကြီးသည် စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်သင့်သည့် အရာထက် လုံးဝ ကျော်လွန်သွားသည်။
ကြေးမုံရေကန် ပတ်လည်ရှိ တပည့်များသည် ဤကြောက်မက်ဖွယ် ဖိအားကြီးကို အာရုံခံမိလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်။
အထူးသဖြင့် ချောင်ရို့ချန်ကို ရှုံးနိမ့်ခဲ့သူများမှာ ခါးသက်သက် ခံစားနေကြရသည်။ ဌာနမှူးများနှင့် အကြီးအကဲများက ဤကဲ့သို့သောသူကို ပဏာမပွဲစဉ်များတွင် ဘာကြောင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးခဲ့သလဲ ဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
ချောင်ရို့ချန်၏ ဖိအားကို ရင်ဆိုင်ရချိန်တွင် ချင်းချင်းက အရင် မတိုက်ခိုက်ပေ။ ယင်းအစား သူမက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ရာ သူမ၏ ပတ်လည်တွင် နတ်ဘုရားအာရုံ အတားအဆီး တစ်ခု ထွက်ပေါ်လာပြီး သူမကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
ပွဲကြည့်စင်ပေါ်တွင် ဆေးဘုရင်ရွှမ်ဟော့သည် သူတို့၏ တုံ့ပြန်မှုများကို အကဲခတ်ရင်း ပြုံးကာ မေးလိုက်သည်။ “ ဘယ်သူနိုင်မယ်ထင်လဲ “
“ သေချာပေါက် တာ့ချန်ပေါ့ “
ချူဖုန်း၏ စကားက မြှောက်ပင့်ပြောဆိုခြင်း သက်သက် မဟုတ်ပေ။ ချင်းချင်းသည် သူငယ်အိမ်နှစ်ခုဖြင့် မွေးဖွားလာသော်လည်း သူမသည် တာ့ချန်ထက် များစွာ နောက်ကျပြီးမှ ကျင့်ကြံခဲ့သည်။ ယခုအချိန်တွင် သူ့ကို အမီလိုက်နိုင်နေခြင်းကပင် သူမ၏ ထူးကဲသော ပါရမီကို သက်သေပြနေပြီ ဖြစ်သည်။
၎င်းကို ကြားသောအခါ ဆေးဘုရင်ရွှမ်ဟော့သည် ရယ်မောလိုက်ပြီး သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ “ ငါ့ရဲ့ ချန်အာက အတွင်းစည်း ပြိုင်ပွဲကို အနိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး “
“ ဟမ့် “
အနီးနားမှ အေးစက်သော နှာမှုတ်သံတစ်သံ ထွက်ပေါ်လာပြီး ဆေးဘုရင်ရွှမ်ဟော့အပေါ် အထင်အမြင်သေးမှုကို ဖော်ပြလိုက်သည်။
ဆေးဘုရင်က သူတို့ကို လျစ်လျူရှုလိုက်သည်။ သူ၏ အမြင်တွင် ဤလူများသည် မနာလို ဖြစ်နေကြရုံသာ ဖြစ်၏။
ရေကန်ပေါ်တွင် ချင်းချင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူမ၏ သူငယ်အိမ်နှစ်ခုမှ အမည်းနှင့် အဖြူ တစ်လှည့်စီ လှည့်ပတ်နေသော ရောင်ခြည်တန်းများ ဖြာထွက်လာပြီး ချောင်ရို့ချန်ထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားသည်။
ထို ရောင်ခြည်တန်းများသည် ကြီးမားလာပြီး ချောင်ရို့ချန်ကို မျိုချပစ်မည့်အလား ဖုံးအုပ်သွားသည်။
သို့သော် ချောင်ရို့ချန်က မကြောက်ရွံ့ပေ။ သူ၏ စွမ်းအားများကို စုစည်းပြီး ရုတ်တရက် လက်သီးတစ်ချက် ထိုးချလိုက်သည်။
“ ပြင်းထန်တာအိုနတ်ဘုရားလက်သီး “
ဘုန်း...
လက်သီးသည် လေကိုခွင်းကာ ပေါက်ကွဲထွက်သွားသည်။
ယင်းက တားဆီး၍ မရနိုင်သော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။
ထိုလက်သီး တစ်ချက်တည်းမှာပင် လူတိုင်းသည် မရေမတွက်နိုင်သော လက်သီးနည်းစနစ်များကို မြင်တွေ့နိုင်သည်။
လက်သီး၏ ကြီးမားလှသော စွမ်းအားသည် အဖြူအမည်း ရောင်ခြည်တန်းများကို ဆူနာမီ တစ်ခုကဲ့သို့ ချိုးဖြတ်သွားပြီး ရှေ့သို့ ဆက်လက် တိုးဝင်သွားတော့သည်။
ချလွမ်း...
တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ချင်းချင်း၏ ပတ်လည်ရှိ အတားအဆီးသည် ဖန်သားပမာ ကြေမွသွားတော့သည်။
နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နောက်သို့ လွင့်ထွက်သွားပြီး လေထဲတွင် မျဉ်းကွေးပုံစံ ဝိုက်ကာ ကြေးမုံရေကန်ထဲသို့ ကျဆင်းသွားသည်။
ရေမျက်နှာပြင်နှင့် ထိတော့မည့် ဆဲဆဲ ရေပြင်အထက် ပေအနည်းငယ်အကွာ လေထဲ၌ ခန္ဓာကိုယ်ကို လှည့်ပြီး ဆန့်ထုတ်လိုက်သည်။ သူမ၏ ခြေဖျားများက ပုစဉ်းတစ်ကောင်ကဲ့သို့ ရေကန်မျက်နှာပြင်ကို ထိခတ်သွားပြီးနောက် သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်ထိန်းနိုင်သွားသည်။
ချင်းချင်း အသက်ရှူမှားသွားရှာ၏။ သူမ၏ အမူအရာတွင် ကြောက်ရွံ့မှုများက ကျန်ရစ်နေပြီး အိပ်မက်ဆိုးမှ နိုးထလာသည့်ဟန်ပင်။
အချိန်အတန်ကြာပြီးနောက် သူမ၏ ရင်ဘတ်မှ လက်ကို အောက်ချလိုက်ပြီး ချောင်ရို့ချန်ကို ဦးညွှတ်လိုက်သည်။ “ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒုတိယ စီနီယာအစ်ကို။ ဒီဂျူနီယာ အရှုံးပေးပါတယ် “
ယခုအခါ ချောင်ရို့ချန်သည် သူ၏ လက်များကို နောက်ပစ်ထားပြီး စောစောက ကြောက်မက်ဖွယ် အရှိန်အဝါများ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ အသာအယာ ပြုံးလိုက်သည်။ “ ဂျူနီယာညီမလေး... မင်းလည်း အထင်ကြီးစရာ ကောင်းပါတယ်။ ငါ့ရဲ့ စွမ်းအား ကိုးဆယ် ရာခိုင်နှုန်းကို ခံနိုင်ရည် ရှိတယ် “
ကြည့်ရှုနေကြသော လူအုပ်ကြီးသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူတို့ ညည်းညူချင်ကြသော်လည်း ဘယ်ကနေ စရမှန်း မသိဖြစ်နေကြသည်။
ဒိုင်လူကြီးသည်လည်း နေရာမှာပင် အေးခဲနေပြီး ရလဒ်ကို ကြေညာသင့် မသင့် မသေချာဖြစ်နေသည်။ သူ အထူးပင် စိတ်ပျက်နေမိသည်။ စွမ်းအားစုစည်းဖို့ အသက်ရှူချိန် နှစ်ရာလောက် ယူရပြီး တိုက်ခိုက်ဖို့က အသက်ရှူချိန် ငါးကြိမ်လောက်သာ အချိန်ယူသည်။ဤကဲ့သို့ ပွဲစဉ်မျိုးကို အဘယ်သို့ သတ်မှတ်ရမည်နည်း။
“ ကောင်းတယ်... ကောင်းတယ်။ လက်သီးနည်းစနစ်အပေါ် ချောင်ရို့ချန်ရဲ့ ထိန်းချုပ်မှုက အပြစ်ဆိုစရာ မရှိဘူး။ သူက အတွင်းစည်း ချန်ပီယံဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါတယ် “
ဂုဏ်သရေပြည့်ဝလှသည့် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
လူအုပ်ကြီးက စကားပြောနေသူမှာ ကျောင်းအုပ်ကြီး ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့၏ ညည်းညူနေမှုများကို ချက်ချင်းပင် မြိုသိပ်လိုက်သည်။
ဒိုင်လူကြီးမှာ ပြန်လည် သတိဝင်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ ဒီပွဲကို အနိုင်ရသွားတဲ့သူကတော့ ချောင်ရို့ချန် ဖြစ်ပါတယ် “
သူ၏ အသံ ဆုံးသွားသည်နှင့် ကြေးမုံရေကန် ပတ်လည်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသောအားပေးသံများ ပေါက်ကွဲထွက်လာသည်။ သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များအပြင် ဆေးပညာဌာနနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းဌာနမှ တပည့်များကလည်း ကျယ်လောင်စွာ အားပေးနေကြသည်။
ချူဖုန်းသည် တပည့်နှစ်ယောက် ဖြည်းညှင်းစွာ ပျံသန်းလာသည်ကို ကြည့်နေသည်။ သူ ရှောင်ချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ ရှောင်ချန်း... နောက်တစ်လှည့်က မင်း တောက်ပရမဲ့ အချိန်ပဲ “
ရှောင်ချန်းက ပြုံးလိုက်သည်။ “ ဒီတပည့် ကြွက်သားတွေ မလှုပ်ရှားရတာ ကြာပြီ။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက စီနီယာအစ်ကိုတွေ ကျွန်တော့်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ် “