← Chapters

ရှောင်ချန်း အနိုင်ရရှိသွားခြင်းနှင့် တပည့်လက်ခံခြင်း အခမ်းအနား

Vol. 12 Ch. 117

ရှောင်ချန်း အနိုင်ရရှိသွားခြင်းနှင့် တပည့်လက်ခံခြင်း အခမ်းအနား

Vol. 12 Ch. 117

ကြေးမုံရေကန်ပေါ်တွင် ရှောင်ချန်းသည် ယဲ့လင်းရှောင်ကို သူ၏ဓားဖြင့် တည့်မတ်စွာ ချိန်ရွယ်ထားပြီး အကြည့်များက ခိုင်မာပြတ်သားကာ ယခင်ကထက်ပင် ပို၍ ထက်ရှသော အရှိန်အဝါများ ဖြာထွက်နေပါသည်။

ယဲ့လင်းရှောင်သည် သူ၏ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး ဓားဖျားက အောက်သို့ စိုက်ကျနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မာနတရားများက သုံးပုံတစ်ပုံခန့် မှေးမှိန်သွားခဲ့ပါပြီ။

ပွဲက အနိုင်အရှုံး ပေါ်သွားပြီလားဟု လူတိုင်း တွေးမိကြသည်။

လူတိုင်းသည် သူတို့နှစ်ဦး၏ အခြေအနေမှ အပြောင်းအလဲကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားရင်း စေ့စေ့စပ်စပ် အကဲခတ်နေကြသည်။

“ သွေးထွက်နေတယ်။ စီနီယာအစ်ကို ယဲ့လင်းရှောင်ရဲ့ ပခုံးကနေ သွေးတွေ ထွက်နေတယ် “

အံ့ဩဘနန်းသံများ ထွက်ပေါ်လာသည်။ လေညင်းတစ်ချက် တိုက်ခတ်သွားသည်။ လေညင်းသွဲ့သွဲ့က မပြင်းထန်သော်လည်း ယဲ့လင်းရှောင်၏ ခန္ဓာကိုယ်ကို ယိမ်းယိုင်သွားစေရန်တော့ လုံလောက်ပါသည်။

သူ ပခုံးကို ငုံ့ကြည့်လိုက်မိသည်။ သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြစ်သွားပြီးနောက် မျက်လုံး မှိတ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ ဒီတိုက်ပွဲကို... ငါ ရှုံးသွားပြီ “

ရှောင်ချန်း လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ စီနီယာအစ်ကိုယဲ့... ခင်ဗျားက အရမ်း သန်မာပါတယ်။ တကယ်လို့ ခင်ဗျားသာ အဲဒီ ဓားနည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်ထားမယ်ဆိုရင် ဒီနေ့ ရှုံးရမဲ့သူက ကျွန်တော် ဖြစ်နေမှာပါ “

ယဲ့လင်းရှောင် မျက်လုံး ပြန်ဖွင့်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ “ ရှုံးတာက ရှုံးတာပါပဲ။ ငါ့ရဲ့ အရည်အချင်း မပြည့်ဝမှုကိုပဲ အပြစ်တင်ရမှာ။ ဒါပေမဲ့ ဂျူနီယာညီလေး... ငါ့ကို ပြောစမ်းပါ။ ခုနက မင်းရဲ့ တိုက်ခိုက်မှုထဲမှာ ငါ မတူညီတဲ့ ဓားဆန္ဒ နှစ်ခုကို ခံစားလိုက်ရတယ် “

ထိုစကားကြောင့် အားပေးရန် ပြင်နေကြသော လူအုပ်ကြီးသည် သူတို့၏ အသံများကို အတင်း မျိုချလိုက်ကြရသည်။

“ စီနီယာအစ်ကိုယဲ့က အမြင်စူးရှတာပဲ။ ဟုတ်တယ်ဗျ။ ကျွန်တော်က မတူညီတဲ့ ဓားဆန္ဒ နှစ်ခုကို နားလည်သဘောပေါက်ထားတာလေ “ ရှောင်ချန်းက ပြုံးလျက် ပြောလိုက်သည်။

ယဲ့လင်းရှောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ “ ဂျူနီယာညီလေးရှောင်... မင်းရဲ့ ဓားလမ်းစဉ်ကို ဖျက်ဆီးမဲ့ အလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်ရက်ရတာလဲ “

ဝမ်တောက်ကျောင်းတော်မှ ဌာနမှူးနှင့် အကြီးအကဲများသည် သူတို့၏ အကြည့်များကို ချူဖုန်းထံသို့ ပြောင်းလိုက်သည်။ ဓားဆန္ဒ ဆိုသည်မှာ ဓားလမ်းစဉ်ကို လျှောက်လှမ်းရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ကိုယ်ပိုင် နယ်ပယ်တစ်ခုအဖြစ် သတ်မှတ်ထားကြပါသည်။ ဓားဆန္ဒများစွာကို နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်ဟု မဆိုလိုပေ။ သို့သော် ထိုသို့ ပြုလုပ်ခြင်းက ဓားလမ်းစဉ်ကို လိုက်စားရာတွင် အတွင်းစိတ်နတ်ဆိုးများ ဖြစ်ပေါ်လာစေတတ်သည်။

အကောင်းဆုံး အခြေအနေ၌ပင် ဆန့်ကျင်ဘက် ဖြစ်နေသော ဓားဆန္ဒများက ကျင့်ကြံခြင်းအဆင့်ကို လျော့ကျသွားစေနိုင်သည်။ အဆိုးဆုံး အခြေအနေတွင်မူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီး အသိဉာဏ်ကင်းမဲ့သော သတ်ဖြတ်ရေးယန္တရားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ရှောင်ချန်းက ပြုံးပြီး ပြောလိုက်သည်။ “ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယဲ့။ ဒါပေမဲ့ ကျွန်တော် လျှောက်လှမ်းချင်တဲ့ ဓားလမ်းစဉ်ကို သိနေပါပြီ။ ကျွန်တော့်ရဲ့ ဓားနှလုံးသားက မတုန်လှုပ်တော့ပါဘူး “

“ ပြီးတော့ ဓားတစ်သောင်းတို့အပြန် နဲ့ ထိုက်ချီဓားသိုင်း နှစ်ခုလုံးက အရာအားလုံးကို လွှမ်းခြုံပြီး တစ်သားတည်း ဖြစ်တယ် ဆိုတဲ့ အနှစ်သာရကို ‌အခြေခံထားတာပါဗျ။ တကယ်လို့ ကျွန်တော်သာ ထိုက်ချီဓားသိုင်းကို မလေ့ကျင့်ခဲ့ရင် ဓားတစ်သောင်းတို့အပြန် ရဲ့ လူသတ်တိုက်ကွက်ဖြစ်တဲ့ ‘ဓားတစ်သောင်းဆိုတာလည်း တစ်သားတည်း’ကို ဒီလောက် အချိန်တိုတိုလေး အတွင်းမှာ နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူး “

“ ဘာ “

ယဲ့လင်းရှောင်က မယုံကြည်နိုင်စွာ မေးလိုက်သည်။ “ မင်းက တာအိုပေါင်းစည်းခြင်းအဆင့်ကို မပြောနဲ့ဦး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကိုတောင် မရောက်သေးဘူးလေ။ ဒါတောင် မင်းရဲ့ ဓားတာအိုက ဘယ်လမ်းစဉ်ကို လိုက်ရမယ်ဆိုတာကို သိနေပြီပေါ့ “

“ ဟုတ်တယ်ဗျ “

ရှောင်ချန်း တုံ့ဆိုင်းမနေဘဲ ရိုးရှင်းစွာပင် ဝန်ခံလိုက်သည်။

“ ဒီအရှုံးက မတရားတာ မဟုတ်ဘူး။ သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးရှောင် “

ယဲ့လင်းရှောင် ထိုစကားပြောပြီးနောက် လှည့်ထွက်သွားကာ ရှောင်ချန်းကို လူအုပ်ကြီး၏ အားပေးသံများအလယ်တွင် ချန်ရစ်ထားခဲ့သည်။

“ စီနီယာအစ်ကိုရှောင်က အံ့ဩစရာပဲ “

“ စီနီယာအစ်ကိုရှောင်က ပြိုင်ဘက်ကင်းပဲ “

“ … “

ပွဲကြည့်စင်ပေါ်တွင် ဓားဘုရင်က ချူဖုန်းကို ကြည့်ကာ ပြောလိုက်သည်။ “ ချူဖုန်း မင်းက ရှောင်ချန်းကို ဒီလောက် မဆင်မခြင် လုပ်ခိုင်းတယ်‌ပေါ့။ တကယ်လို့ သူသာ ကိုယ်ပိုင် လမ်းစဉ်ကို ရှာမတွေ့ဘူးဆိုရင် ဝမ်တောက်ကျောင်းတော်က စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ “

“ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ ဓားဘုရင် “

ချူဖုန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ ရှောင်ချန်းမှာ နတ်ဘုရား ခန္ဓာကိုယ် ရှိပါတယ်။ ဓားအပေါ် သူ့ရဲ့ နားလည်နိုင်စွမ်းကလည်း နှစ်သောင်းချီကြာမှ တစ်ခါ တွေ့ရခဲတဲ့ အဆင့်မျိုး။ တကယ်လို့ သူသာ စာအုပ်ထဲကအတိုင်း ကျင့်ကြံမယ်ဆိုရင် သူ့ရဲ့ အနာဂတ်က ကန့်သတ်ချက်တွေ ရှိလာလိမ့်မယ် “

“ သူ့ကို ကိုယ်ပိုင် လမ်းစဉ် ဖောက်ခွင့် ပေးလိုက်တာက ပိုကောင်းပါတယ်။ ဒါမှလည်း သူ့ခေတ်သူ့ခါကို ဓားနဲ့ လွှမ်းမိုးနိုင်မှာ။ ခင်ဗျား ပြောတဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော် စဉ်းစားထားပြီးသားပါ။ ဒါပေမဲ့ ရှောင်ချန်းရဲ့ ဒန်ထျန်းက အရင်ကတည်းက ပျက်စီးနေခဲ့တာလေ။ အခြေအနေက ဘယ်လောက်တောင် ပိုဆိုးနိုင်မှာလဲ “

ထိုစကားနှင့်အတူ ဌာနမှူးများ အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့သည် ရှောင်ချန်း၏ စွမ်းဆောင်ရည်ကြောင့် အတော်လေး အံ့အားသင့်နေခဲ့ကြသဖြင့် ထိုလူငယ်လေး၏ ယခင်က အခြေအနေကို မေ့လျော့နေခဲ့ကြပါသည်။

“ ပြောတာ ကောင်းတယ် “

ကျောင်းအုပ်ကြီး ရုတ်တရက် စကားပြောလာသည်။ “ ရှောင်ဖုန်း... မင်းရဲ့ တပည့်တွေကို သင်ပေးတဲ့ နည်းလမ်းက ဒီအဘိုးကြီးကို အတွေးအမြင်သစ်တွေ ရစေတယ်ကွ “

ချူဖုန်း လေးစားစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ ကျောင်းအုပ်ကြီးက မြှောက်ပင့်နေပါပြီ။ ကျွန်တော်က တပည့်တွေရဲ့ စရိုက်သဘာဝအပေါ် မူတည်ပြီး သင်ကြားပေးရုံ သက်သက်ပါ “

ကျောင်းအုပ်ကြီးသည် ထိုစကားကို ကြားသောအခါ သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။ “ ဝမ်တောက်ကျောင်းတော်က တိုးတက်မြင့်မားလာခဲ့တာ နှစ်တွေ ကြာပြီ။ ဒါပေမဲ့ မင်းရဲ့ သောင်းပြောင်းပညာရပ်ဌာန တစ်ခုတည်းကပဲ တပည့်ပျိုးထောင်ခြင်းအခြေခံနည်းစနစ်ကို ကျင့်သုံးနေဦးမယ်လို့ ထင်မထားခဲ့ဘူး “

သူ၏ စကား ဆုံးသွားသည်နှင့် အခြားသော ဌာနမှူး ရှစ်ဦးလုံး တိတ်ဆိတ်သွားကြပြီး အတွေးထဲသို့ နစ်ဝင်သွားကြတော့၏။

သောင်းပြောင်းပညာရပ်ဌာန၏ အောင်မြင်မှုသည် တိုက်ဆိုင်မှု မဟုတ်သည်မှာ ရှင်းလင်းနေပါ၏။ သူတို့ ပြန်ရောက်သည့်အခါ ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်ရန် လိုအပ်လာပြီဟု ခံစားရသည်။ မဟုတ်ပါက သောင်းပြောင်းပညာရပ်ဌာနက မကြာမီတွင် သူတို့ကို လွှမ်းမိုးသွားနိုင်ပေသည်။

ကျောင်းအုပ်ကြီးက ပြိုင်ပွဲတရားဝင် ပြီးဆုံးကြောင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထို့နောက် ရှောင်ချန်းကို ဝမ်တောက်ကျောင်းတော်၏ သူတော်စင်လောင်းများထဲမှ တစ်ဦးအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်သည်။ ယခုမှစ၍ သူ၏ ထူးကဲသော အဆင့်အတန်းကို ဖော်ပြရန်အတွက် အထူး ပြုလုပ်ထားသော စိတ်ဝိညာဉ်ဝတ်စုံကို ဝတ်ဆင်ရတော့မည် ဖြစ်သည်။

ကျောင်းတော်က သုံးလအတွင်း သူ၏ တာအိုအစောင့်အရှောက်အဖြစ် နီဗားနားရှင်သန်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦးကိုလည်း တာဝန်ချထားပေးမည် ဖြစ်သည်။

ဤပြိုင်ပွဲသည် သောင်းပြောင်းပညာရပ်ဌာနအတွက် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

ထိုနေရာမှာပင် ချူဖုန်းက ကြေညာလိုက်သည်။ “ ငါ့တပည့်တို့... အိမ်ပြန်ပြီး အောင်ပွဲခံရမဲ့ အချိန်ရောက်ပြီ။ ဒီညတော့ မိုးလင်းတဲ့အထိ သောက်ကြမယ်ဟေ့ “

ပတ်ဝန်းကျင်ရှိ လူများသည် သောင်းပြောင်းပညာရပ်ဌာနမှ လူစုကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သို့သော် တပည့်များက အခြားသူများ သူတို့ကို မည်သို့ ကြည့်နေကြသည်ကို ဂရုမစိုက်ကြပေ။ သူတို့ အားလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ “ ဆရာ သက်တော်ရာကျော် ရှည်ပါစေ “

လူအုပ်ကြီး၏ ကြောင်အနေသော အကြည့်အောက်တွင် ချူဖုန်းသည် သူ၏ တပည့်များကို သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

ပြန်ရောက်သည်နှင့် ချူဖုန်းသည် စားသောက်ပွဲကြီး ပြင်ဆင်ရန်အတွက် နတ်ဆိုးသားရဲအသားများနှင့် ပါဝင်ပစ္စည်း အမျိုးမျိုးကို ထုတ်ယူလိုက်သည်။

သူတို့ အလုပ်ရှုပ်နေကြစဉ်မှာပင် ရင်းနှီးနေသော ပုံရိပ်နှစ်ခု ဌာန၏ ခြံဝင်းထဲတွင် ပေါ်လာသည်။

“ အကြီးအကဲပင်း၊ တူမလေး ယွဲ့အာ... ခင်ဗျားတို့လည်း ကျုပ်တို့နဲ့အတူ အောင်ပွဲခံဖို့ ရောက်လာတာလား “ ချူဖုန်းက ပြုံးလျက် မေးလိုက်သည်။

လွီယွဲ့အာ ခေါင်းညိတ်လိုက်သည်။ “ ကျွန်မက စီနီယာအစ်ကို့တို့ကို ဂုဏ်ပြုပေးဖို့ လာတာပါ “

အကြီးအကဲပင်းက ပြောသည်။ “ ကျွန်မကတော့ မပြီးပြတ်သေးတဲ့ ကိစ္စကို အဆုံးသတ်ဖို့ ရောက်လာတာပါ “

ခြံဝင်းထဲရှိ လူတိုင်းသည် အကြီးအကဲပင်းကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ ‘ သူနဲ့ဆရာ ကြားက သဘောတူညီချက်က အဆုံးသတ်သွားပြီ မဟုတ်ဘူးလား ‘

လူတိုင်း၏ နားမလည်နိုင်ဖြစ်နေသော အမူအရာကို မြင်သောအခါ အကြီးအကဲပင်းက ရှင်းပြလိုက်သည်။ “ ကျွန်မရဲ့ စိတ်ကို သက်သာရာရအောင် လုပ်ချင်လို့လေ “

ချူဖုန်း ပြုံးလိုက်သည်။ “ ခင်ဗျား ပျော်ရွှင်နေသရွေ့တော့ အဆင်ပြေတယ်။ ထိုင်ကြပါ။ ထိုင်ကြပါ။ နောက်နာရီဝက်လောက်ဆိုရင် အစားအသောက်တွေ အဆင်သင့် ဖြစ်ပြီ “

နာရီဝက် ကြာပြီးနောက်...

လူတိုင်း ကျောက်စားပွဲဝိုင်းကြီး၏ ပတ်လည်တွင် ထိုင်လိုက်ကြသည်။

ချူဖုန်းက ကျောက်စိမ်းဖြူရောင် အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ “ ပြိုင်ပွဲကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်လိုက်နိုင်ပြီ။ အဲတော့ ဂုဏ်ပြုတဲ့အနေနဲ့ သောက်ကြရအောင် “

“ ဂုဏ်ပြုပါတယ် “

သုံးခွက်ခန့် သောက်ပြီးနောက် စားပွဲဝိုင်းရှိ လေထုက သက်ဝင်လှုပ်ရှားလာသည်။

ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော အကြီးအကဲပင်းက ရုတ်တရက် မေးလိုက်သည်။ “ ဌာနမှူးချူ... လာမဲ့ တပည့်သစ် စုဆောင်းပွဲမှာ သောင်းပြောင်းပညာရပ်ဌာနက လူ ဘယ်လောက် အထိ လက်ခံဖို့ စီစဉ်ထားလဲ “

သူမ စကားဆုံးသည်နှင့် လူတိုင်းက ချူဖုန်းကို လှည့်ကြည့်လိုက်ကြသည်။

ဤပြိုင်ပွဲအပြီးတွင် သောင်းပြောင်းပညာရပ်ဌာန၌ အပြင်စည်း တပည့်များ မကျန်တော့ပေ။ အတွင်းစည်း တပည့်များထဲတွင်ပင် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာ ကျန်တော့သည်။

ချူဖုန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။ “ အချိန်တန်ရင် သိရမှာပေါ့။ တပည့် လက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်လာရင် ကျုပ်ကတော့ အချက် တစ်ခုတည်းကိုပဲ လိုက်နာတယ်။ အဲဒါက ရေစက် ပဲ “

ရှောင်ချန်းက ပြောလိုက်သည်။ “ ဒါပေမဲ့ ဆရာ... နှစ်တိုင်း ဝမ်တောက်ကျောင်းတော်ရဲ့ စမ်းသပ်မှုတွေမှာ တပည့်ပေါင်း သောင်းနဲ့ချီပြီး ပါကြတာလေ။ ဆရာ တစ်ယောက်ချင်းစီကို ကိုယ်တိုင် အကဲဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ “

ချူဖုန်း ခေါင်းညိတ်လိုက်သည်။ “ မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ကြည့်ရတာ သောင်းပြောင်းပညာရပ်ဌာနအတွက် တပည့် ရွေးချယ်မဲ့ စံနှုန်းတစ်ခုကို ဖန်တီးဖို့ လိုလာပြီထင်တယ်။ အချိန်တန်ရင် မင်းတို့ အားလုံး အဲဒီအပေါ် အခြေခံပြီး တပည့်လက်ခံလို့ ရတာပေါ့ “

ထိုနေရာရှိ လူတိုင်း စိတ်ဝင်စားသွားကြပုံ ပေါ်သည်။

အကြီးအကဲပင်းက မေးလိုက်သည်။ “ တပည့် ရွေးချယ်ဖို့အတွက် တကယ်ပဲ နည်းစနစ်တွေ ရှိနေတာလား “

ချူဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ “ သေချာပေါက် ရှိတာပေါ့။ ဥပမာအနေနဲ့ ပြောပြမယ်။ ပထမဆုံး အချက်က ရုပ်ရည်ပဲ။ ဘာပဲဖြစ်ဖြစ် ခွန်အားဆိုတာ ယာယီပဲခံတာ။ ချောမောနေတာက တစ်သက်လုံး ခံတယ်လေ။ အဲဒါကြောင့်ပဲ ကျုပ်က ခွန်စန်းတောက်ကို မရွေးဘဲ လင်းဇီထုံကို ရွေးခဲ့တာ “

ထိုစကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ တစ်ခဏမျှ မည်သို့ တုံ့ပြန်ရမှန်းကို မသိဖြစ်သွားကြတော့သည်။

All Chapters