ဒါက အံ့ဩစရာ မဟုတ်ဘူး...တုန်လှုပ်စရာကြီး
Vol. 12 Ch. 119
သောင်းပြောင်းပညာရပ်ဌာန၏ တပည့်သစ် စုဆောင်းရေး နေရာတွင်
စက္ကူကြိုးကြာငှက်လေး တစ်ကောင် လူအုပ်ကြီးထဲသို့ ဖြည်းညင်းစွာ ပျံသန်းလာသည်။ လူတိုင်းက ဇဝေဇဝါ ဖြစ်သွားကြသည်။
ကြိုးကြာငှက်လေးသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ညင်သာစွာ ဆင်းသက်လာပြီး သူ့ကို တီးတိုး ပြောလိုက်သည်။
နားထောင်ပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားသည်။ “ သခင်မလေး နန်ကုန်း တကယ် ရောက်လာတာပဲ “
လူတိုင်းက သူ့ကို စနောက်ချင်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ချူဖုန်းပင်လျှင် သူ၏ ဝတ္ထုစာအုပ်ကို ချထားကာ ဝမ်ပေါင်လဲ့ကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။
“ ဆရာ၊ စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့... ကျွန်တော့်ကို ဘာလို့ အဲဒီလိုကြီး ကြည့်နေကြတာလဲ “
ဝမ်ပေါင်လဲ့က သူတို့၏ အကြည့်များအောက်တွင် အနည်းငယ် နေရခက်သလို ခံစားလိုက်ရပြီး အလိုအလျောက် မေးလိုက်သည်။
ချူဖုန်း ရယ်မောကာ နောက်ပြောင်လိုက်သည်။ “ သေချာ ဂရုတစိုက် မွေးမြူထားရတဲ့ ဝက်လေးကို ဘယ်ဂေါ်ဖီထုပ်လေးက ဖြားယောင်းသွားတာလဲ ဆိုတာကို ဆရာက သိချင်ရုံပါ “
အခြားသူများကလည်း ချက်ချင်း ဝင်ပြောလိုက်ကြသည်။
“ ဂျူနီယာညီလေး... စောစောက မင်းရဲ့ အမူအရာကို ကြည့်ရတာ အပြင်မှာ တစ်ယောက်ယောက် စောင့်နေတာ သေချာတယ် “
“ အဲဒါက မင်း လက်ထပ်ရမဲ့ မိသားစုက ကောင်မလေးလား “
“ … “
ဝမ်ပေါင်လဲ့က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ “ ဆရာ... အဲဒီလို မပြောပါနဲ့။ သခင်မလေး နန်ကုန်းနဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေ သက်သက်ပါ။ အပြင်မှာ လေ့ကျင့်ရေးခရီးထွက်တုံးက အတူတူ ခရီးသွားဖူးတယ်။ သူလည်း ဝမ်တောက်ကျောင်းတော်ကို ဝင်မယ်လို့ ကြားလို့ ဒီမှာ ဆုံကြဖို့ သဘောတူထားတာပါ “
“ အို “
ချူဖုန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ ဆရာ မင်းကို ယုံပါတယ် “
အခြားသူများကလည်း အပြုံးဖြင့် နောက်ပြောင်လိုက်ကြသည်။ “ ဟုတ်ပါတယ် ဂျူနီယာညီလေး... ငါတို့ မင်းကို ယုံပါတယ် “
ဝမ်ပေါင်လဲ့က အရူးတစ်ယောက် မဟုတ်ပေ။ သူ၏ ဆရာနှင့် စီနီယာများက စနေမှန်း သူ သေချာပေါက် သိပါ၏။ သို့သော် သူ ပြန်လည် မချေပနိုင်ခဲ့ချေ။ ရှင်းပြဖို့အတွက်လည်း သခင်မလေး နန်ကုန်းကို ဒီအထိ ဆွဲခေါ်လာလို့ မရနိုင်ပေ။
သူက ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “ ဆရာ... ကျွန်တော် သခင်မလေး နန်ကုန်းကို သွားရှာလိုက်ပါဦးမယ် “
“ သွား... သွား။ ပျော်ခဲ့ချည် “
ချူဖုန်းသည် သူ့တပည့်များ၏ ကိုယ်ရေးကိုယ်တာကို သိပ်ပြီး ဝင်မစွက်ဖက်ပေ။ ထို့အပြင် ဇနီးသည်အိမ်လိုက်နေသည့် သမက် ဖြစ်ခြင်း၊ စွမ်းအားကြီးအမွေအနှစ် ရရှိခြင်း၊ စေ့စပ်ထားသူ၏ စွန့်ပစ်ခြင်း ခံရပြီးနောက် မင်းမျိုးမင်းနွယ် အလှလေး တစ်ဦး၏ မျက်စိကျခြင်းကို ခံရခြင်း စသည့် အခြေအနေ အားလုံးက သူ ကောင်းကောင်း သိထားသည့် ဇာတ်လမ်း တစ်ခုပင် ဖြစ်သည်။ သူ မမျှော်လင့်ထားခဲ့သည်မှာ ဖက်တီးလေး က အကျိုးကျေးဇူးများကို ရရှိသွားသည့် သူဟုပင်။
“ ဟုတ်ကဲ့ပါ ဆရာ “ ဝမ်ပေါင်လဲ့ လှည့်ထွက်သွားခဲ့သည်။
ဝမ်ပေါင်လဲ့ ထွက်သွားသည်ကို မြင်သောအခါ ရှောင်ချန်းနှင့် အခြားသူများသည် ဆက်မပြောကြတော့ပေ။ ဘယ်မိသားစုက သခင်မလေးများ ဤမျှကောင်းမွန်သည့် တပည့်လေးနှင့် တွေ့သွားသနည်းဟု သိချင်လာသည်။
ဝမ်ပေါင်လဲ့သည် စက္ကူကြိုးကြာငှက်လေး နောက်သို့ လိုက်ကာ လူအုပ်ထဲသို့ တိုးဝင်သွားသည်။ မကြာမီ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို သူ တွေ့လိုက်ရသည်။
သူက အဝေးမှနေ၍ လက်ကို မြှောက်ကာ လှမ်းခေါ်လိုက်သည်။ “ သခင်မလေး နန်ကုန်း “
နန်ကုန်းယွီသည် အကြီးအကဲချီနှင့် စကားပြောနေစဉ် ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။ သူမ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ချက်ချင်း လင်းလက်သွားတော့သည်။
“ ဦးလေး... သခင်လေးဝမ် ရောက်လာပြီ “
အကြီးအကဲချီ အပါအဝင် လူတိုင်းသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ၊ ဝမ်တောက်ကျောင်းတော်၏ အတွင်းစည်း တပည့် ဝတ်ရုံကို ဝတ်ဆင်ထားသော ဖက်တီးလေး တစ်ဦး ခပ်သွက်သွက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်ပေါင်လဲ့၏ အဝတ်အစားကို မြင်သည်နှင့် သူတို့အားလုံး မှင်တက်သွားကြသည်။
အကြီးအကဲချီ၏ မျက်နှာပေါ်တွင်ပင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ “ ယွီအာ... တူလေးဝမ်က မင်းဦးလေးကို ထောက်ခံပေးချင်တယ် ဆိုတဲ့ တပည့်လို့တော့ မပြောနဲ့နော် “
ထိုအခါမှသာ နန်ကုန်းယွီ သတိပြန်ဝင်လာပြီး ရှက်ရွံ့စွာ ရှင်းပြလိုက်သည်။ “ ဦးလေး... သူက ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်း တပည့် တစ်ယောက်မှန်း ကျွန်မ မသိခဲ့ဘူး “
အကြီးအကဲချီ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ “ ကောင်မလေးကတော့လေ... မင်း ငါ့ကို ပေးတာက အံ့ဩစရာ မဟုတ်ဘူး။ တုန်လှုပ်စရာကြီးဖြစ်နေပြီ “
သူတို့ဘေးနားက သုံးယောက်မှာ ယခင်က ခံစားခဲ့ရသော မကျေနပ်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အတွင်းစည်းဝတ်စုံနှင့် ပေါ်လာ၍ တော်သေးသည်။ မဟုတ်ပါက သူတို့ ဒုက္ခ အကြီးအကျယ် ရောက်တော့ပေမည်။
ဝမ်ပေါင်လဲ့ လျှောက်လာသည့်အခါ နန်ကုန်းယွီ ညင်သာစွာ ပြုံးပြလိုက်သည်။ “ သခင်လေးဝမ်က တကယ်ကို လျှိုထားတာပဲ။ ရှင်က ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်း တပည့် တစ်ယောက်ဆိုတာကိုတောင် ကျွန်မကို မပြောပြဘူး “
ဝမ်ပေါင်လဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ ပြုံးလိုက်သည်။ “ အဲဒီတုန်းက ကျွန်တော်က အတွင်းစည်း တပည့် မဟုတ်သေးဘူး။ ပြီးတော့ အပြင်ထွက် လေ့ကျင့်တာလည်း ပထမဆုံးအကြိမ်ဆိုတော့ ကျွန်တော့်ရဲ့ အထောက်အထားကို ထုတ်မပြောခဲ့တာ။ သခင်မလေး နန်ကုန်း ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ် “
စကားပြောပြီးသည်နှင့် သူတို့ဘေးရှိ အကြီးအကဲချီကို သတိထားမိသွားပြီး နှုတ်ဆက်ရန်အတွက် လက်သီးကို ချက်ချင်း ဆုပ်လိုက်သည်။ “ တပည့် ဝမ်ပေါင်လဲ့က အကြီးအကဲချီကို ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ တူလေးဝမ်။ မင်းနဲ့ ရှောင်ယွီတို့က သူငယ်ချင်းတွေ ဖြစ်နေမယ်လို့ မထင်ထားဘူး။ အခုကစပြီး မကြာမကြာ အလည်လာသင့်တယ် “
အကြီးအကဲချီ တောက်ပစွာ ပြုံးလိုက်သည်။
“ သေချာတာပေါ့ “
ဝမ်ပေါင်လဲ့က အပြုံးဖြင့် ပြန်ဖြေပြီး မေးလိုက်သည်။ “ သခင်မလေး နန်ကုန်း... ဘယ်ဌာနကို ဝင်ဖို့ စီစဉ်ထားလဲ “
နန်ကုန်းယွီက ပြန်ဖြေသည်။ “ ကျွန်မက ဦးလေးနဲ့အတူ မန္တာန်ပညာဌာနကို ဝင်ဖို့ စီစဉ်ထားတာတယ်။ ရှင်ကရော ဘယ်ဌာနမှာလဲ “
“ ကျွန်တော်က သောင်းပြောင်းပညာရပ်ဌာနကပါ “
မူလက ဝမ်ပေါင်လဲ့သည် သူ၏ဆရာ ပြောခဲ့သော စည်းကမ်းချက် နှစ်ခုထဲမှ တစ်ခုခုနှင့် ကိုက်ညီမှု ရှိမရှိ သခင်မလေး နန်ကုန်းကို မေးကြည့်ချင်သော်လည်း သူမက ရွေးချယ်ပြီးပြီ ဖြစ်သောကြောင့် ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။
“ ဝင်ခွင့်စမ်းသပ်မှု လုပ်ရဦးမှာဆိုတော့ နောက်ရက်နည်းနည်းကြာမှပဲ ဆက်သွယ်ကြတာပေါ့ “
အကြီးအကဲချီ ၎င်းကို ကြားသောအခါ ချက်ချင်း ဝင်ပြောလိုက်သည်။ “ စောင့်နေစရာ မလိုဘူး။ ငါ ဒီမှာ ရှိနေမှတော့ အကဲဖြတ်စမ်းသပ်မှုက မြန်မြန် ပြီးသွားမှာ။ အဲဒီအခါကျရင် ယွီအာကို ဝမ်တောက်ကျောင်းတော် တစ်ဝိုက် လိုက်ပြပေးဖို့ တူလေးဝမ်ကို အကူအညီ တောင်းရမယ် “
၎င်းကို ကြားသောအခါ ဝမ်ပေါင်လဲ့က နန်ကုန်းယွီဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ သခင်မလေး နန်ကုန်း... ကျွန်တော့်ကို လမ်းပြခိုင်းချင်လား “
သူမ၏ ဦးလေးက သခင်လေးဝမ်ကို အဘယ့်ကြောင့် ဤမျှ လေးစားစွာ ဆက်ဆံနေသလဲ ဆိုသည်ကို နန်ကုန်းယွီ သေချာ နားမလည်ပေ။ သို့သော် သူမ ခေါင်းအသာညိတ်လိုက်သည်။ “ ခဏနေရင် ဦးလေးက လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်လေ။ သခင်လေးဝမ်က သဘောတူမယ်ဆိုရင် ဒုက္ခပေးရတော့မှာပဲ “
ဝမ်ပေါင်လဲ့ ထွေထွေထူးထူး မတွေးဘဲ ပြောလိုက်သည်။ “ ကောင်းပြီလေ... ဒါဆို စမ်းသပ်မှု လုပ်တဲ့အခါ ကျွန်တော် လိုက်ခဲ့ပေးမယ်။ ပြီးရင်တော့ ဝမ်တောက်ကျောင်းတော်နဲ့ ရင်းနှီးသွားအောင် ကူညီပေးပါ့မယ် “
သူ သဘောတူလိုက်သည်ကို မြင်သောအခါ အကြီးအကဲချီသည် သူတို့လူစုကို အတော်လေး တိတ်ဆိတ်သော စမ်းသပ်မှု ဧရိယာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဝမ်ပေါင်လဲ့က သူတို့နှင့်အတူ ဝင်မသွားဘဲ အပြင်ဘက်တွင်သာ စောင့်နေခဲ့သည်။ သခင်မလေး နန်ကုန်း၏ စွမ်းရည်ဖြင့် သူမက စမ်းသပ်မှုကို ပြဿနာမရှိဘဲ အောင်မြင်လိမ့်မည်ဟု ယုံကြည်ထားသည်။
“ ဦးလေး... သခင်လေးဝမ်က တကယ်ပဲ အဲဒီလောက် အံ့ဩစရာ ကောင်းနေလို့လား “
လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော အရာကို နန်ကုန်းယွီက ပထမဆုံး မေးလိုက်သည်။ သူမ၏ အနောက်ရှိ သုံးယောက်ကလည်း နားစွင့်လိုက်ကြသည်။
အကြီးအကဲချီ ပြန်ဖြေလိုက်သည်။ “ အဲဒီကောင်လေးလား။ အံ့ဩစရာ ဆိုတဲ့ စကားလုံးက သူ့ကို ဖော်ပြဖို့ လုံလောက်မှာတောင် မဟုတ်ဘူး။ သူက အပြင်စည်း ပြိုင်ပွဲမှာ တတိယ ရခဲ့ပေမဲ့ တပည့် အများစုရဲ့ ရင်ထဲမှာတော့ သူက နံပါတ်တစ်ပဲ “
အကြီးအကဲကျောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။ “ စီနီယာ... သခင်လေးဝမ်ဆိုတာ ကျောင်းတော်မှာ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ဓားမ တစ်လက်ကို သုံးခဲ့တဲ့သူလား “
“ ဟုတ်တယ် “
အကြီးအကဲချီ ခေါင်းအသာညိတ်လိုက်သည်။ “ ကိုယ်ပိုင် စွမ်းအားအပြင် သူ့ရဲ့ စီနီယာအစ်ကိုက ဝမ်တောက်ကျောင်းတော်ရဲ့ သူတော်စင်လောင်းတွေထဲက တစ်ယောက် ဖြစ်သလို သူ့ဆရာကလည်း သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးလေ။ ယွီအာ... သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားတာက မင်းအတွက် အကျိုးရှိစေမှာပါ “
နန်ကုန်းယွီ ဤစကားကြောင့် တုန်လှုပ်သွားသည်။ ယန်မန် ရွှံ့နွံတောတွင် ဆုံတွေ့ခဲ့သော ဓားမ ကိုင်ဆောင်ထားသည့် လူငယ်လေးက ဤမျှ ထူးကဲလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးကြည့်ခဲ့ဖူးချေ။ သူမ သူ့အပေါ် အထင်မှားခဲ့သည်မှာ ရှင်းလင်းနေသည်။
ဝမ်တောက်ကျောင်းတော် တံခါးအပြင်ဘက်တွင် မြင်းလှည်းတစ်စီး ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
မြင်းလှည်းကို မောင်းနှင်လာသော အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ ဝမ်တောက်ကျောင်းတော် ရောက်ပါပြီ။ ဝင်ခွင့် စမ်းသပ်မှုမှာ ပါဝင်ဖို့ အားလုံးပဲ ဆင်းကြပါ “
မြင်းလှည်းထဲမှ စိတ်အားထက်သန်နေကြသော ငယ်ရွယ်သည့် အမျိုးသားနှင့် အမျိုးသမီး တစ်စု တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ အသားဖြူဖြူ၊ ဆံပင်ရှည်များနှင့် ချောမောသော လူငယ်တစ်ယောက်သည် ဆူညံသံကြောင့် လန့်နိုးသွားခဲ့သည်။
သူ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားသည့်အလား သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့သည်။