← Chapters

ပူးတွဲတိုက်ရိုက်ထုတ်လွှင့်မှု

Vol. 11 Ch. 157

ပူးတွဲတိုက်ရိုက်ထုတ်လွှင့်မှု

Vol. 11 Ch. 157

နတ်ဘုရားများ ပါဝင်ခြင်းသည် ရှန်းရှအမျိုးအစားတွင်း၌ ပါဝင်ပြီး ရေပန်းစားမှုနည်းသော အရာများထဲမှ တစ်ခု ဖြစ်သည်။

စိတ်ကူးယဉ်စာပေနှင့် ခေတ်သစ်စာပေ အမျိုးစားတို့နှင့် ယှဉ်လိုက်လျင် ၎င်းသည် အတော်လေး လူကြိုက် နည်းသည်။

ယင်းက ရှန်းရှအမျိုးအစားကို တာဝန်ယူရသော အယ်ဒီတာအား လုပ်စရာမရှိအောင် အချိန်အားနေစေ၏။

ရဲ့လင်းချန် သူ့ဝတ္ထုကို တင်လိုက်ပြီး နှစ်မိနစ်သာသာမျှ အကြာတွင် သူ၏ ဝတ္ထုခေါင်းစဉ် စာရင်းသွင်းခြင်း ပြီးသွားပြီ ဖြစ်ပြီး အခန်းများ စတင်နိုင်ကြောင်း ပို့လာသည့် အသိပေးစာကို ရရှိလေသည်။

ရဲ့လင်းချန် အခြေခံဇာတ်ကြောင်းကို တွေးမိပြီးသား ဖြစ်သည်။ အနည်းငယ် ပြန်စီမံလိုက်ပြီးနောက် သူ စရေးလိုက်သည်။

[နိဒါန်း : အချိန်- မသိ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်နိုင်လောက်သည်။ နေရာ : နတ်ဘုရားနယ်မြေ၊ ရှေးခေတ်အခါကတည်းက လူသားတွေက သူတို့ ပတ်ဝန်းကျင်၌ ရှင်းမပြတတ်သော ကိစ္စရပ်များနှင့် ပြည့်နေသည်ကို မြင်တွေ့ခဲ့ရသည်။ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းထန်ခြင်းနှင့် သဘာဝ ကပ်ဘေးများက နေရာတိုင်း၌ မရေတွက်နိုင်သော သေခြင်းတရားများနှင့် ဝမ်းနည်းစွာ ငိုကြွေးသံများနှင့် ပြည့်နှက်စေခဲ့သည်။ ၎င်းသည် လူ့အစွမ်းအစထက် ကျော်လွန်နေသလို တားဆီးနိုင်ခြင်းလည်း မရှိချေ။ လက်ရှိခေတ်တွင် ဖြောင့်မတ်သူများက ထင်ပေါ်ပြီး မိစ္ဆာများက ပုန်းကွယ်နေရသည်။ နတ်ဘုရားနယ်မြေသည် လှပပြီး လူဦးရေ ထူထပ်သည်။ သဘာဝ အရင်းအမြစ်ကလည်း ပေါများပြီး ကောင်းမွန်သော အင်အားစုများက အခိုင်အမာ ထိန်းချုပ်ထားသည်။ ထိုအထဲတွင် အဓိက ထောက်တိုင်ကြီး သုံးခုမှာ ကောင်းကင်ပြာဂိုဏ်း၊ ကောင်းကင်ဘုံအသံ ဂိုဏ်းနှင့် ဖန်ရှန်းဂိုဏ်း တို့ ဖြစ်သည်။ ဤဇာတ်လမ်းက ကောင်းကင်ပြာဂိုဏ်းမှ စတင်၏။]

ထို့နောက်တွင်မူ အခန်းတစ် ကောင်းကင်ပြာဂိုဏ်း၊ အခန်းနှစ် ဆန်းကြယ်မှု၊ အခန်းသုံး ရည်မှန်းချက်။

သူ သုံးခန်းကို တစ်ခါတည်း တန်းတင်လိုက်ပြီး စုစုပေါင်း စာလုံးရေ တစ်သောင်းလေးထောင် ရှိသည်။ ထိုသို့တင်ပြီးမှသာ ရဲ့လင်းချန် ရပ်လိုက်သည်။

စာရိုက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပြီး ဝတ္ထုရေးခြင်းက ဦးနှောက်ကို အလုပ်ပေးရသည့် ကိစ္စ ဖြစ်သည်။ ရဲ့လင်းချန်၏ လက်ရှိ အခြေအနေနှင့်တောင်မှ အတော်လေး ပင်ပန်းရသည်။ စာရေးဆရာတစ်ယောက် ဖြစ်ရခြင်းက မလွယ်ချေ။

ရဲ့လင်းချန်သည် တကယ့် စာရေးဆရာများ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လိုက်ရသဖြင့် သက်ပြင်းချမိပြီး စာရေးဆရာများအပေါ် လေးစားစိတ် ပေါ်လာသည်။

အခန်းများ တင်ပြီးနောက် သူ ဘာမှကြည့်မနေတော့ဘဲ website ထဲမှ ထွက်လိုက်သည်။ သူ အိပ်ရာပေါ်လှဲရင်း ပျင်းလာသဖြင့် ဖုန်းကိုထုတ်၍ ဝိုင်များ၏ ဝေ့ပေါ်အကောင့်များကို ဝင်လိုက်လေသည်။

မီးဘေးမှ ကယ်တင်သော ဖြစ်ရပ်အပြီးတွင် ရဲ့လင်းချန် ချင့်ချိန်စဉ်းစားနေခဲ့ပြီး နောက်ဆုံး၌ စူပါမန်းဝိုင်အတွက် ဝေ့ပေါ်အကောင့် ဖန်တီးရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် စူပါမန်းအပေါ် လူအများ၏ သဘောထားအမြင်ကို သိနိုင်ပေမည်။ ထို့အပြင် တစ်ခုခု ဖြစ်လာခဲ့ပါက သူ စူပါမန်းနာမည်ကို သုံး၍ အချိန်မီ ဆောင်ရွက်နိုင်လောက်သည်။

လက်ရှိတွင် သူ့၌ စူပါမန်းဝိုင်၊ သရုပ်ဆောင်ဝိုင်၊ တေးရေးဆရာဝိုင်နှင့် တိုက်ရိုက်ထုတ်လွှင့်သူ ဝိုင်ဟူ၍ စုစုပေါင်း ဝေ့ပေါ် အကောင့် လေးခု ရှိသည်။

ဤနှုန်းအတိုင်းဆိုလျင် စာရေးဆရာ ဝိုင်က အနှေးနှင့်အမြန်အဆို ပေါ်ထွက်လာလောက်၏။

လက်ရှိတွင် စူပါမန်းဝိုင်၏ ဝေ့ပေါ်၌ ချီးမွမ်းမှုတို့နှင့် ပြည့်နှက်နေသည်။ ဘယ်သူက စလိုက်မှန်း မသိသော်လည်း လူအများက စူပါမန်းဝိုင်အား စောင့်ရှောက်သူ နတ်သားအဖြစ် မှတ်ယူထားကြသည်။

[စူပါမန်းဝိုင် ကျွန်တော့်မိသားစု ဘေးကင်းအောင် စောင့်ရှောက်ပေးပါ]

[စူပါမန်းဝိုင် ကျွန်တော့်ကို ချစ်သူမိန်းကလေးတစ်ယောက် ရအောင် ဆောင်ကြဉ်းပေးပါ၊ ဒါမှ ကျွန်တော် အထီးကျန်ခြင်းက လွတ်မြောက်နိုင်မှာ]

[စူပါမန်းဝိုင် ကျွန်မအဘိုး မြန်မြန်နေကောင်းလာအောင် ကူညီပေးပါ၊ ကျေးဇူးတင်ပါတယ်]

[စူပါမန်းဝိုင်၊ ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမ ကလေးရလာအောင် မစပေးပါ]

…

*အံ့ဩစရာပဲ*

မှတ်ချက်များကို မဖတ်ခင်အထိ သူ့၌ ဤသို့သော အရည်အချင်းများ ရှိလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။

*ဒါ ဘယ်လို စူပါမန်းမျိုးလဲ၊ ငါ အခု ဆုတောင်းပြည့် ရေတွင်းကြီးလို သဘောထားခံနေရတာပဲ*

ပိုဆိုးသော ကိစ္စများ ရှိသေးသည်။ အောက်ဘက်၌ ဆုတောင်းခဲ့သော လူများက သူတို့ ဆုတောင်းများ ပြည့်လာသည်ဟု ဆိုထားကြသည်။

[မြတ်စွာဘုရား၊ စူပါမန်းဝိုင်ရေ မင်းက အရမ်း ဆန်းကြယ်လွန်းတယ်၊ ငါ မနေ့က မင်းဆီမှာ ဆုတောင်းတယ်၊ ဒီနေ့ ငါ့မိန်းမ ကိုယ်ဝန် ရှိနေပြီ]

[စူပါမန်းဝိုင်ရေ ကျေးဇူးအများကြီး တင်ပါတယ်၊ ကျွန်မအဘိုး လုံးဝ နေကောင်းလာပြီ]

[ဝါးဟားဟားဟား … စူပါမန်းဝိုင်၊ မင်းကို ယုံကြည်တာက မှန်ကန်တဲ့ ရွေးချယ်မှုမှနန်း ငါ သိနေတယ်၊ ငါ့စာမေးပွဲ အားလုံးကို ငါ အောင်သွားပြီ၊ ကျေးဇူးပါ …]

…

ထို့နောက် သူ စူပါမန်းဝိုင်၏ ဝေ့ပေါ်အကောင့်မှ ထွက်၍ သရုပ်ဆောင်ဝိုင်၏ အကောင့်သို့ ပြောင်းလိုက်သည်။

မီးဘေးကယ်ဆယ်မှုအတွင်းမှ စူပါမန်းဝိုင်၏ ပြောကြားချက်ကြောင့် ဝူဟန်၏ နာမည်က ပြင်းပြင်းထန်ထန် ကျဆင်းသွားသည်။ အသေးစား ဝေဖန်ပြောဆိုမှုများအပြင် မှတ်ချက်အများစုက ဟော်ရန်ကျား ထုတ်လွှင့် မည့်ရက်ကို မျှော်လင့်နေကြောင်းနှင့် ရုပ်ရှင်ထဲမှ ကွန်ဖူးအစစ်ကို မြင်ချင်လှပြီဟု ရေးထားကြသည်။

တေးရေးဆရာဝိုင်၏ ဝေ့ပေါ်က အားလုံးထဲ၌ အတိတ်ဆုံး ဖြစ်သည်။ လူအချို့က သူတို့ နောက်ထပ် သီချင်းသစ် တစ်ပုဒ်ကို နားထောင်ချင်ကြောင်း ရေးထားကြသည်။ သို့သော် ယင်းကလည်း ချန်ရှောင်ယန်က တေးရေးဆရာ ဝိုင်နှင့် နေ့စဉ် စကားပြောနိုင်ရန် ကြိုးစားနေခြင်းကြောင့်သာ ဖြစ်သည်။

အတက်ကြွဆုံးဖြစ်နေသည့်အကောင့်က တိုက်ရိုက်ထုတ်လွှင့်သူဝိုင် အကောင့်ပင်။

ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှု ပိတ်ပင်ခံလိုက်ရသည့် ဖြစ်ရပ်က ရာထောင်ချီသော နားဆင်သူများကို ဒေါသူပုန် ထသွားစေသည်။

သူတို့ ယခင်အကျင့်အတိုင်း ဝိုင်နတ်ဘုရား၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်လိုက်သောအခါ ပိတ်ပင်ခံလိုက်ရသည့် သတင်းကို တွေ့လိုက်ရသဖြင့် သူတို့ မကျေမနပ် ဖြစ်သွားကြသည်။

သူတို့ကိုယ်တိုင် မသိလိုက်ခင်မှာပင် ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှုများကို ကြည့်တတ်သော အကျင့် ရနေပြီ ဖြစ်သည်။

[ဝိုင်နတ်ဘုရား မင်း ထွက်လာပြီး ငါတို့ကို ရှင်းပြသင့်တယ်၊ ဘာလို့ မင်းက အပိတ်ခံရတာလဲ]

[ဘာလို့ ပလက်ဖောင်းက ဝိုင်နတ်ဘုရားရဲ့ ထုတ်လွှင့်မှုကို ပိတ်တာလဲ၊ သူတို့ ရူးနေတာပဲဖြစ်မယ်၊ သူ ဘာစည်းကမ်းကို ချိုးဖောက်မိလို့လဲ]

[ယီးပဲ ဝိုင်နတ်ဘုရားရဲ့ ပုံပြင်ထဲကနေ ကျော်ကြားတဲ့ တရုတ်စာပေ မွေးဖွားလာတော့မယ်လို့ ငါ မြင်နေခဲ့တာ၊ ဘယ်လိုလုပ် ဆိုင်းမဆင့် ဗုံမဆင့် အပိတ်ခံလိုက်ရတာလဲ]

[ဝိုင်နတ်ဘုရား မင်းရဲ့ ဆန်းကြယ်သော လူသတ်မှုဆယ်ခုက တစ်ဝက်တစ်ပျက်ကြီး၊ အဆုံးမှာ ဘာဖြစ်သွားတာလဲ၊ မင်း အပိတ်မခံရခင် ပြီးအောင် ပြောသွားပေးပါဦး]

[ဝိုင်နတ်ဘုရား ငါ မင်းပုံပြင်တွေ နားမထောင်ရရင် အိပ်မပျော်ဘူး၊ ငါ တစ်ညလုံး အိပ်လို့ကိုမရဘူး]

[ဝိုင်နတ်ဘုရား လက်မလျှော့ပါနဲ့၊ ငါတို့ မင်းဆီကနေ ပုံပြင်အသစ်တွေ မျှော်လင့်နေပါတယ်]

…

ပြီးခဲ့သော နှစ်ရက်အတွင်း သူ့ဝေ့ပေါ်အကောင့်၌ မှတ်ချက်များ တစ်သိန်းကျော်နေသည်။ အချို့က သူ့ကို နှစ်သိမ့်ပြီး၊ အချို့က သူ့ကို တိုက်တွန်းကြသည်။ အချို့က သူ့ကို မေးခွန်းထုတ်ကြသလို အချို့ကလည်း စိုးရိမ် နေကြ၏။

သူ့ပရိသတ်များအတွက် သူ စိတ်မကောင်းဖြစ်သည်။

သူ့ကို ဝေဖန်ပြောဆိုသည့်လူများလည်း ရှိပြီး သူ့ကံဆိုးမှုကို အကြိုက်တွေ့နေကြလေသည်။ သူတို့သည် မစားရသည့် စပျစ်သီးချဉ်သည်ဟူသော ဆိုရိုးကဲ့သို့သော လူစားမျိုး ဖြစ်သည်။

*မင်းက အရည်အချင်းရှိတော့ ဘာဖြစ်လဲ၊ နောက်ဆုံးတော့ အပိတ်ခံရတာပဲမလား၊ အမှိုက်ကောင်*

ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဘာစာမှ မရေးတော့ရန် ဆုံးဖြတ်လိုက်ပြီး အကောင့်ထဲမှ ထွက်လိုက်သည်။

ထို့နောက် သူ ဟူယွီ ထုတ်လွှင့်ရေးကို ဖွင့်လိုက်သည်။

သူ၏ ကိုယ်ပိုင် ထုတ်လွှင့်မှုက ရှာဖွေမျုများထဲမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ ဝိုင်နတ်ဘုရားသည် အတိတ်မှ အရာတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး ဟူယွီ ထုတ်လွှင့်ရေးမှ အစအနမရှိ ပျောက်ကွယ်သွားသည်။

ပင်မစာမျက်နှာ၏ ကြော်ငြာက ဝိုင်တနတ်ဘုရား မဟုတ်တော့ဘဲ စစ်ယွီဟူသော ထုတ်လွှင့်သူ အိုင်ဒီနာမည်နှင့် မိန်းကလေး တစ်ယောက် ဖြစ်နေသည်။

[ဖြူစင်လှပသော မိန်းကလေး၊ ဆွဲဆောင်မှုရှိစွာ သီဆိုကခုန်ခြင်း၊ စစ်ယွီက ရှင့်ကို ချစ်ပါတယ်နော်]

ဤသည်က ကြော်ငြာ၏ အကြောင်းအရာ ဖြစ်သည်။ ပလက်ဖောင်းက သူတို့၏ မျက်နှာသာပေးမှုကို စစ်ယွီထံ ပြောင်းသွားပုံရသည်။

ဤသည်ကိုမြင်သော် ရဲ့လင်းချန် များများစားစား မတုံ့ပြန်မိပါ။ ထို့နောက် သူ ကြော်ငြာထားသော လင့်ခ်ထဲ ဝင်လိုက်သည်။ ထိုအခါတွင်မှ သူ မျက်မှောင်ကြုတ်သွားသည်။

ဖန်သားပြင်မှာ နှစ်ပိုင်းကွဲနေ၏။ ဘယ်ဘက်ခြမ်းတွင် ရင်ညွန့်ရိုး ဖော်ထားသည့် ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့် အမျိုးသမီးတစ်ယောက် ရှိသည်။ ထိုအမျိုးသမီးမှာ စစ်ယွီကိုယ်တိုင်ပင်။ အခြား တစ်ဖက်တွင်မူ နောက်မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ သူမ ဝတ်ပုံစားပုံက မယုတ်မလွန် ဖြစ်ပြီး ရှေးရိုး နည်းနည်းဆန်သည်။ သူမသည် အဖြူရောင် မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းရောင် ကလစ်လေး ပန်ထားသည်။ သူမ အနောက်မှ အခန်းနံရံကို ကာတွန်းပုံစံများဖြင့် ပြင်ဆင်ထားပြီး ချစ်စရာကောင်းသော ကောင်မလေးပုံ ပေါ်လွင်သည်။

ရဲ့လင်းချန် ထိုမိန်းကလေးကို လူချင်းမသိသော်လည်း သူမနာမည်ကိုတော့ သိပါသည်။ သူမနာမည်က ဝူအာပင်။

ဝူအာက ဂိမ်းကစားခြင်းကို ထုတ်လွှင့်သောသူ ဖြစ်သော်လည်း ဂိမ်းကစားပြီးလျင် ကြည့်ရှုသူများနှင့် အချိန် တစ်ခဏမျှ ရင်းရင်းနှီးနှီး ပြောဆိုလေ့ ရှိသည်။

လက်ရှိတွင် ဖန်သားပြင်က နှစ်ဘက်ကွဲလျက် ရှိပြီး လူနှစ်ယောက်က အတူတူ ထုတ်လွှင့်တင်ဆက်နေကြသည်။

ပူးတွဲထုတ်လွှင့်ခြင်းသည် ထုတ်လွှင့်ရေး ပလက်ဖောင်း၏ လုပ်ငန်းများထဲမှ တစ်ခု ဖြစ်သည်။ တင်ဆက်သူ နှစ်ယောက်လုံးက အသံများ ဖွင့်ထားပြီး ကြည့်ရှုသူများ၏ အားပေးမှုရအောင် လုပ်ဆောင်ကြသည်။ အချိန်တစ်ခု အတွင်း၌ မည်သည့်ဘက်က ကြည့်ရှုသူများထံမှ လက်ဆောင်များ ပိုရသလဲ ပြိုင်ကြပေမည်။ ဆုကြေး ပိုရသူက အနိုင်ပင်။ ဤသည်က လူအများအား တစ်ယောက်ချင်းစီ၏ ရေပန်းစားမှုကို ယှဉ်ပြိုင်စေသည့် နည်းလမ်းပင်။

ယင်းအား ထုတ်လွှင့်သူများကြားမှ တိုက်ပွဲဟု လူသိများသည်။

*ဘယ်လိုလုပ် ဝူအာက အခြားသူနဲ့ ပြိုင်နေရတာလဲ၊ ပြီးတော့ အဲ့လူက ထုတ်လွှင့်ရေး ပလက်ဖောင်းက ကြော်ငြာပေးနေတဲ့ အမျိုးသမီး ထုတ်လွှင့်သူလေ*

ရဲ့လင်းချန် ဘာမှဝင်မပြောဘဲ ငြိမ်၍သာ ကြည့်နေသည်။

စစ်ယွီ၏ ရေပန်းစားမှုက ဝူအာကို မှေးမှိန်နေစေ၏။ ထုတ်လွှင့်မှုက စခါစသာရှိသေးသော်လည်း ရရှိသည့် ဆုကြေးနှင့်တင် အဖြေထုတ်နိုင်သည်။ စစ်ယွီ၏ ဆုကြေးက ဝူအာထက် ဆယ်ဆ ပိုများလေသည်။

ဝူအာ စိတ်အခြေအနေ မကောင်းသော်လည်း ကြိုးစား၍ ပြုံးနေသည်။

“အားလုံးပဲ မင်္ဂလာပါ၊ ဝူအာရဲ့ ထုတ်လွှင့်မှုကနေ ကြိုဆိုလိုက်ပါတယ်၊ ဂိမ်းနဲ့ ပတ်သက်ပြီး မေးချင်တာတွေရှိရင် ထုတ်ပြောလို့ရပါတယ်နော်၊ ကျွန်မ တစ်ယောက်ချင်းစီရဲ့ မေးခွန်းတွေကို လိုက်ဖတ်ပြီး ပြောပေးပါ့မယ်”

သူမ၏ အသံက ချစ်စရာကောင်းပြီး ချိုသာနူးညံ့လှသည်။

တစ်ဖက်တွင်မူ စစ်ယွီက ဖန်သားပြင်ရှေ့၌ ဟန်အပြည့်ဖြင့် ထိုင်နေပြီး ရယ်၍ ပြောလာသည်။

“ညီမဝူအာ အစ်မ မေးစရာလေး ရှိလို့၊ ဂျပန်နဲ့ ပြိုင်ခဲ့တဲ့ ပွဲတုန်းက ဘာလို့ အရေးအကြီးဆုံးအချိန်မှာ ရန်သူကို ထိုးကျွေးရတာလဲ”

All Chapters