← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆) - ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ကြွမြန်းလာခြင်း ၊ ထိုအချိန်၌ ကျွန်ုပ်သည် လူမှားသလို ဟန်ဆောင်ချင်ခဲ့မိ၏

~လျူယွမ်ဈေးတန်း... မြို့တော်ထိန်းသိမ်းရေးရုံး၏ မြေအောက်အကျဉ်းထောင်ဝင်ပေါက်။

အချိန်ကား နေဝင်ရီတရော အချိန်ကာလ ဖြစ်ပေ၏။

နေမင်းကြီးသည် အနောက်ဘက် မိုးကုတ်စက်ဝိုင်းသို့ ဖြည်းညှင်းစွာ လျှောဆင်းသွားချိန်၌ မြို့တော်ထိန်းသိမ်းရေးရုံး၏ တံခါးဝသို့ ထူးခြားခန့်ညားသော ဧည့်သည်တော်တစ်ဦး ရောက်ရှိလာလေသည်။

ကျန်းချန်သည် အညစ်အကြေးကင်းစင်သော လမင်းရောင် ဝတ်ရုံဖြူကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းပြားကို ချိတ်ဆွဲထား၏။ ခန္ဓာကိုယ်မှ သဲ့သဲ့မျှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင် အရှိန်အဝါကြောင့် လောကီအရာများကို စွန့်လွှတ်ထားသည့် အင်မော်တယ် တစ်ပါးကဲ့သို့ ထင်မှတ်ရလေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကျောက်ဆောင်ကြီးပမာ တည်ငြိမ်စွာ ရပ်တန့်နေ၏။

သူ့အရှေ့တွင်မူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ရှိသော မြို့တော်ထိန်းသိမ်းရေးရုံးမှ ကြီးကြပ်ရေးမှူးမှာ ချွေးသီးချွေးပေါက်များ ကျကာ မျက်နှာကို အတင်းဟန်လုပ်၍ ပြုံးနေရရှာသည်။

“ငါ ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့တာမို့... ဒီ မဆုံးမ မသွန်သင်ရသေးတဲ့ တပည့်တွေကို လစ်ဟင်းခဲ့မိတယ်... ဈေးတန်းကို ဒုက္ခပေးမိတာ အားနာစရာပါပဲ...”

ကျန်းချန်၏ အသံသည် လေထုထဲတွင် ပေါ့ပါးစွာ လွင့်ပျံနေပြီး ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း ဟူသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပါရှိချေ။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ကျန်းချန်၏ ရင်ထဲတွင်မူ သွေးမျက်ရည် ကျနေရပြီ ဖြစ်သည်။

'လူတစ်ရာကျော်တောင်... တစ်ယောက်ကို ဒဏ်ကြေး ဝိညာဉ်ကျောက်တုံး (၁၀) တုံးတဲ့လား... လျော်ကြေးပါ ပေါင်းလိုက်ရင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၁၂၀၀) တောင် ပါသွားပြီ... ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်တော့ ပြောင်သလင်းခါသွားပါပြီ...'

သို့သော် ကျန်းချန်သည် နှလုံးသားမှ နာကျင်မှုကို မြိုသိပ်လျက် အထက်စီးဆန်သော ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းထားလိုက်သည်။ ဒဏ်ကြေးငွေကို ပေးဆောင်ပြီးနောက် ကြီးကြပ်ရေးမှူး၏ နောက်သို့လိုက်ကာ အကျဉ်းထောင်၏ အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့လေသည်။

“ကျွီ....”

လေးလံသော သံတံခါးကြီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဆိုးရွားလှသော အပုပ်နံ့က နှာခေါင်းဝသို့ အတင်းတိုးဝင်လာသည်။ ကျန်းချန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။ သူသည် အသက်ရှူခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး 'ဒုက္ခရောက်နေသော' တပည့်များကို အကြီးအကဲတစ်ယောက်၏ ဟန်ပန်ဖြင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

သို့သော်... အချုပ်ခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ "အေးစက်တည်ငြိမ်သော ဆရာသခင် မျက်နှာပေး" မှာ ချက်ချင်းပင် အေးခဲသွားတော့သည်။

သူ စိတ်ကူးထားသလိုမျိုး တပည့်များ ငိုယိုအော်ဟစ်နေခြင်း မရှိပေ။ အချုပ်ခန်းတစ်ခုလုံးသည် ဈေးခင်းတစ်ခုပမာ ဆူညံပွက်လောရိုက်နေကြ၏။

ထောင့်တစ်နေရာတွင် စားဖိုမှူးကစားသမား 'ကျောက်ကပ်ကြော်' က မွေးညှင်းများ ထောင်နေသော မီးခိုးရောင် ကြွက်ကြီးတစ်ကောင်ကို မှိုတက်နေသော ပေါင်မုန့်များ ကျွေးနေသည်။ ကြည့်ရသည်မှာ စမ်းသပ်ကြွက် မွေးမြူနေပုံရသည်။

အခြားတစ်ဖက်တွင်မူ ကစားသမားနှစ်ဦးက ဇွန်းများကို ကိုင်ဆောင်လျက် မြေကြီးကို တူးဆွနေကြပြီး “ဒီည ထောင်ဖောက်မယ်ဟေ့” ဟု အော်ဟစ်နေကြသည်။

အခန်းအလယ်တွင်တော့ ထိပ်တန်းကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' က စိတ်ဓာတ်ကျနေသော NPC အကျဉ်းသားအဘိုးကြီး လေးယောက်ကို ဝိုင်းဖွဲ့ထိုင်စေပြီး 'ကွေ့ယွမ်ဂိုဏ်း' သို့ ဝင်ရောက်လာစေရန် တရားချနေလေသည်။

ကျန်းချန်သည် သံတိုင်အပြင်ဘက်တွင် ရပ်လျက် ဤ ယုတ္တိမရှိသော၊ ဖြစ်နိုင်ဖွယ်ရာ မရှိသော၊ ရူးသွပ်ဖွယ်ရာ ကောင်းသော မြင်ကွင်းများကို ကြည့်ရင်း ဆွံ့အလျက်သား ဖြစ်နေမိသည်။

ထိုအချိန်၊ ထိုအခိုက်အတန့်၌... သူသည် နောက်သို့ လှည့်ထွက်သွားပြီး ဘေးနားမှ ကြီးကြပ်ရေးမှူးကို ဤသို့ ပြောလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိသည်။

'ကျုပ် ဒီလူတွေကို မသိဘူးဗျာ... ခင်ဗျားတို့ သဘောရှိ သတ်သာပစ်လိုက်ကြတော့...'

'ဟူး...'

ကျန်းချန် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် လေကို ဝဝရှူရှိုက်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို လည်ချောင်းဝသို့ ပို့လွှတ်ကာ အသံကို တမင်တကာ မာန်ပါအောင် ပြုလုပ်လိုက်၏။

“မင်းတို့ကောင်တွေ... ပြဿနာရှာလို့ ဝကြပြီလား...”

ခေါင်းလောင်းကြီး ထိုးလိုက်သကဲ့သို့ ကျယ်လောင်သော အသံသည် ကျဉ်းမြောင်းသော မြေအောက်ခန်းတစ်ခုလုံး ဟိန်းထွက်သွားလေသည်။ ဆူညံနေသော အချုပ်ခန်းသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကစားသမားများအားလုံး လှည့်ကြည့်လိုက်ကြရာ အလင်းရောင်များ ဖြာထွက်နေသော ဂိုဏ်းချုပ်ကြီးကို တွေ့လိုက်ကြရသည်။

“ဟာ... ဂိုဏ်းချုပ်ကြီးဟ... ဂိုဏ်းချုပ်ကြီး ရောက်လာပြီဟေ့...”

“ဇာတ်လမ်းနောက်ခံ ပြကွက်... ဒါ ဇာတ်လမ်းနောက်ခံ ပြကွက် ကွ... ငါတို့ ထောင်က လွတ်ပြီဟေ့...”

“ဂိုဏ်းချုပ်ကြီးက စော်ကြည်ဘဲကြီးလိုပဲကွာ... သောက်ရမ်း မိုက်တာပဲ... ကြည့်စမ်း... မြင့်မြတ်သော အလင်းတန်း တွေတောင် ထွက်နေသေးတယ်...”

ကစားသမားများသည် အစာကျွေးမည့်သူကို စောင့်နေသော မျောက်အုပ်ကြီးပမာ သံတိုင်များနားသို့ စိတ်လှုပ်ရှားစွာ ပြေးကပ်လာကြသည်။

နောင်တရသည့် အရိပ်အယောင် တစ်စက်မျှမပြဘဲ ဖြီးဖြီးပြင်ပြင် ပြုံးဖြဲနေကြသော မျက်နှာများကို ကြည့်ရင်း ကျန်းချန်မှာ မျက်နှာထားကို အတင်းတင်းမာထားလိုက်ရသည်။

“ထွက်ခဲ့ကြ...”

သူ အေးစက်စွာ ပြောလိုက်လေသည်။

---

(၁၅) မိနစ်ခန့် ကြာပြီးနောက်၊

လျူယွမ်ဈေးတန်း၏ ပင်မလမ်းမကြီးထက်တွင် သမိုင်းတွင်မည့် 'လူသိရှင်ကြား ကွပ်မျက်ခံရခြင်း (အတိုင်းအဆမဲ့ အရှက်ကွဲဗားရှင်း)' တစ်ခု ဖြစ်ပျက်နေလေသည်။

ကျန်းချန်သည် အစွန်းအထင်းမရှိသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းလာသည်။ သူသည် လောကီအရာများကို ဂရုမစိုက်သော အင်မော်တယ် ပုံရိပ်ကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေရ၏။

သို့သော်... သူ့အနောက်တွင်မူ အပုပ်နံ့များ ထောင်းထောင်းထနေပြီး ငှက်သိုက်ကဲ့သို့ ဖွာလန်ကြဲနေသော ဆံပင်များ၊ နားလည်ရခက်သော ပျော်ရွှင်မှု အပြုံးများဖြင့် လူ (၁၀၀) ကျော်အုပ်စုကြီးက စီတန်း လှည့်လည်လာကြလေသည်။

လမ်းလျှောက်ရင်းဖြင့် သူတို့က မိမိတို့၏ "ထောင်တွင်း အတွေ့အကြုံများ" ကို အော်ကျယ်ကျယ်ဖြင့် ပြောဆိုနေကြသေး၏။

“ဟေ့ရောင်... အဲ့ဒီအထဲက ကောက်ရိုးတွေက တော်တော်အိပ်လို့ ကောင်းသားပဲနော်...”

“နှမြောစရာကွာ... ငါသာ အချုပ်ခန်းထဲမှာ နောက်ရက်နည်းနည်းလောက် ဆက်တူးရရင် သေချာပေါက် အပေါက်ရာကြီး ဖြစ်လာတော့မှာ...”

“နောက်တစ်ခေါက် ထပ်လာကြမလား... ငါ သိပ်အရသာ မရှိသေးဘူးကွာ... မဝသေးဘူး...”

လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများနှင့် လမ်းသွားလမ်းလာ 'တသီးပုဂ္ဂလ ကျင့်ကြံသူ' များမှာ ဤထူးဆန်းသော လူအုပ်ကြီးကို ရှားပါးသတ္တဝါဆန်းများကို ကြည့်သကဲ့သို့ ဝိုင်းအုံကြည့်ရှုနေကြသည်။ အထူးသဖြင့် ရှေ့ဆုံးမှ လျှောက်လာသော 'အင်မော်တယ်နှင့် တူသည့် ဂိုဏ်းချုပ်ကြီး' ကိုပင်။

အရပ်မျက်နှာ အသီးသီးမှ စူးစိုက်ကြည့်နေကြသော အကြည့်များကို ခံစားရင်း ကျန်းချန်တစ်ယောက် ကျောပြင်ပေါ်သို့ ပုရွက်ဆိတ်အကောင်ပေါင်းများစွာ တက်ရောက် ကိုက်ခဲနေသကဲ့သို့ ယားယံပူလောင်လာလေသည်။

သူ့စိတ်ထဲတွင် တစ်ခုတည်းသော ဆန္ဒသာ ရှိတော့၏။ ဤနေရာမှ အမြန်ဆုံး လွတ်မြောက်သွားဖို့ပင်။ ကျန်းချန်သည် သူ၏ ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး သုတ်ခြေတင် ထွက်ခွာသွားလေတော့သတည်း။

အခန်း (၄၇) - ဝန်ချတောင်းပန်ပွဲ .. ကျွန်တော်တို့ မှားသွားပါတယ်... ဒါပေမဲ့ နောက်တစ်ခါ ထပ်လုပ်ဦးမှာပါ

~ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလ...။

ကွေ့ယွမ်ဂိုဏ်း၏ ရင်ပြင်ကျယ်ကြီးထက်၌ အေးစက်သော လရောင်တို့ ဖြာကျနေလေသည်။ စည်ကားလှသော လျူယွမ်ဈေးတန်းနှင့် နှိုင်းယှဉ်လိုက်လျှင် ကွေ့ယွမ်ဂိုဏ်းသည် ယခုအချိန်၌ အလွန်ပင် တိတ်ဆိတ်ခြောက်ကပ်ကာ စုတ်ပြတ်သတ်နေသယောင် ရှိချေ၏။ မြို့တော်ထိန်းသိမ်းရေးရုံး၏ အချုပ်ခန်းမှ လွတ်မြောက်လာကြသော ကစားသမား (၁၀၀) ကျော်တို့သည် ရင်ပြင်အလယ်၌ ကျဲပါးစွာ ရပ်နေကြသည်။

ပင်မနန်းဆောင် အရှေ့ရှိ မြင့်မားသော စင်မြင့်ထက်တွင် ဂိုဏ်းချုပ် ကျန်းချန်သည် လက်ဖက်ရည်ကုန်ခမ်းနေသည်မှာ ကြာပြီဖြစ်သော ပန်းကန်လုံးကို ကိုင်ဆောင်လျက် အင်မော်တယ်တို့၏ ဟန်ပန်ကို မပျက်မကွက် ထိန်းသိမ်းထားလေသည်။ သူ့အောက်တွင် ရပ်နေကြသော၊ သူ့အား အရှက်ခွဲခဲ့ပြီး သူ့စုဆောင်းငွေများကို ပြောင်သလင်းခါအောင် သုံးစွဲပစ်လိုက်သည့် 'တပည့်မိုက်' များကို ကြည့်ရင်း ကျန်းချန်၏ နှလုံးသားမှာ သွေးပွက်ပွက် အန်နေရရှာ၏။

“အဟမ်း...”

ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လည်ချောင်းရှင်းကာ တည်ကြည်လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကတော့... မင်းတို့က ကျင့်ကြံခြင်းလောကကို အခုမှ ရောက်လာတဲ့ လူသစ်တွေဆိုတော့ စည်းကမ်းတွေကို နားမလည်ဘဲ ရမ်းကားခဲ့ကြတယ်... ဈေးတန်းမှာ လူမြင်ကွင်းကြီး ရန်ဖြစ်တယ်... ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်... အချုပ်ကျရုံတင်မကဘူး... ကွေ့ယွမ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့တယ်... မင်းတို့အပြစ်ကို မင်းတို့ သိကြရဲ့လား...”

ဂိုဏ်းချုပ်ကြီး၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ကစားသမားများအကြားတွင် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာလေသည်။

“ဟေ့ရောင်... ဂိုဏ်းချုပ်ကြီး ပြောနေတာက ငါတို့ကျောင်းအုပ်ကြီး ပြောနေတဲ့ လေသံနဲ့ တူမနေဘူးလား...”

“တိုးတိုးနေစမ်းပါကွာ... ဒါက ဇာတ်လမ်းနောက်ခံ ပြကွက် မို့လို့ သည်းခံ နားထောင်ပေးလိုက်ပါ... ပြီးသွားမှာပါ...”

ရှေ့ဆုံးတန်းတွင် ရပ်နေသော ဝမ်သဲ့ဖာသည် ဘေးနားရှိ 'ကောင်းကင်ခွင်း ဓားတစ်လက်' ကို တံတောင်ဖြင့် တွန်းကာ တိုးတိုးလေး ရယ်မောလိုက်၏။

“ရောင်းရင်း... အခုဆိုရင် ငါတို့က 'ထောင်နန်းစံဖူးသူများ' ဆိုတဲ့ အောင်မြင်မှုကို ရရှိသွားပြီလို့ ပြောလို့ရမလား... ဒါက လျှို့ဝှက် ဘဝအတွေ့အကြုံများ ဖြစ်နေမလား...”

သူ့အား 'ကောင်းကင်ခွင်း ဓားတစ်လက်' က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့ကွ... ထောင်မကျဖူးတဲ့ ကျင့်ကြံခြင်းဘဝက မပြည့်စုံဘူးလေ...”

စင်မြင့်အောက်မှ 'တပည့်ကျော်' တို့သည် နောင်တရမည့်အစား 'ထောင်တွင်း အတွေ့အကြုံ' များကို ဖလှယ်ကာ ပျော်ရွှင်နေကြသည်ကို မြင်လိုက်ရသောအခါ ကျန်းချန်၏ သွေးပေါင်ချိန်သည် တစ်ရှိန်ထိုး တက်လာလေတော့သည်။

“မင်းတို့ရဲ့ လုပ်ရပ်တွေက အရမ်းကို ဆိုးရွားလွန်းတယ်... ဒါကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...”

ကျန်းချန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်စွာ ကြေညာလိုက်၏။

“ပြဿနာရှာတဲ့အထဲ ပါဝင်သူတိုင်းရဲ့ ဂိုဏ်းစုဆောင်းမှတ် (၅၀၀) စီကို လျှော့ချလိုက်မယ်... ဒါဟာ သတိပေးလိုက်တာပဲ...”

“ဟာ... သွားပြီ...”

စောစောကမှ ရယ်မောပျော်ရွှင်နေကြသော ကစားသမားများမှာ ရေနွေးပူဖြင့် အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကြလေသည်။

“အမှတ် (၅၀၀) တဲ့လား... ဒါ ဓားပြတိုက်တာပဲ...”

“ဒီအမှတ် (၈၀၀) ရဖို့ (၂) ရက်လုံးလုံး ပင်ပန်းခံ ရှာထားရတာ..ကျဥ..ကျဥ... အခုတော့ တစ်ဝက်ကျော်လောက် ပါသွားပြီ...”

“ရက်စက်လိုက်တဲ့ ဂိမ်းထုတ်လုပ်သူတွေ... လူစိတ်ကို မရှိကြဘူး...”

ရင်ပြင်တစ်ခုလုံးတွင် ယူကျုံးမရ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားလေသည်။ ကစားသမားများအတွက် ငွေလျော်လိုက်ရခြင်းသည် ထောင်ကျရခြင်းထက် အဆပေါင်း (၁) သန်းမျှ ပို၍ ခံရခက်လေသည် မဟုတ်ပါလော။

မိမိ၏ တပည့်မိုက်များ 'တရား' ၏ နာကျင်မှုကို ခံစားလိုက်ရသည်ကို မြင်လိုက်ရမှသာ ကျန်းချန်တစ်ယောက် စိတ်သက်သာရာ ရသွားတော့သည်။ ဒဏ်ကြေးရိုက်ပြီးပြီ ဆိုတော့ နောက်တစ်ဆင့်အနေဖြင့် သူတို့၏ စိတ်ခံစားချက်ကို လမ်းကြောင်းလွှဲပေးရန် လိုအပ်သေးသည် မဟုတ်ပါလော။

ကျန်းချန်သည် လေသံကို အနည်းငယ် လျှော့ချလိုက်ပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ဆိုလိုက်ပြန်သည်။

“ဒီတစ်ခေါက် တောင်အောက်ကို ဆင်းသွားကြတာ... ပြင်ပကမ္ဘာရဲ့ စည်ကားသိုက်မြိုက်မှုကို မင်းတို့ မြင်ခဲ့ကြရမှာပေါ့... ဟုတ်တယ်မလား...”

“ကြွယ်ဝချမ်းသာတဲ့ ကျင့်ကြံသူတွေ... မျက်စိကျိန်းလောက်အောင် များပြားလှတဲ့ မှော်ရတနာတွေနဲ့ ဆေးလုံးတွေ... မင်းတို့ သူတို့ကို အားမကျကြဘူးလား...”

ထိုစကားများသည် ကစားသမားတိုင်း၏ နှလုံးသားကို ဒဲ့ထိသွားစေခဲ့သည်။ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ လူတိုင်း၏ စိတ်အာရုံထဲတွင် ဈေးတန်းမှ တောက်ပသော ကျင့်ကြံသူများ၊ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပစ္စည်းများကို သိမ်းဆည်းနိုင်သော 'ဝိညာဉ်သိုလှောင်အိတ်' များ၊ ဝိညာဉ်ကျောက်တုံး သောင်းချီတန်သော ဓားပျံများကို မြင်ယောင်လာကြသည်။

ထို့နောက် သူတို့၏ ကိုယ်ပေါ်ရှိ စုတ်ပြတ်နေသော ကြွက်သားရေ ချပ်ဝတ်တန်ဆာများနှင့် လက်ထဲမှ အရိုးတုတ်များကို ငုံ့ကြည့်လိုက်မိကြသည်။

နှလုံးသားထဲမှနေ၍ ပြောပြမတတ်သော 'ဆင်းရဲမွဲတေခြင်း' ၏ ခါးသက်မှုကြီး လှိုက်တက်လာလေသည်။

“ငါတို့တွေဟာ.. သူတောင်းစားတွေပါလား...”

တစ်စုံတစ်ယောက်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ထိုစကားက လူတိုင်း၏ ရင်ထဲမှ ပဲ့တင်သံ ဖြစ်နေလေသည်။

“သောက်ရမ်း မှန်လွန်းတယ်ကွာ... ဂိမ်းထဲရောက်မှပဲ ဆင်းရဲတဲ့ ဒုက္ခကို ခါးစည်းခံနေရပါရောလား...”

“ငါ မကျေနပ်ဘူး... ဘာလို့ အဲ့ဒီ NPC တွေက အဲ့လောက် ချမ်းသာနေရတာလဲ... ငါလည်း အိမ်ကြီးအိမ်ကောင်း လိုချင်တယ်... ငါလည်း သိုလှောင်အိတ် လိုချင်တယ်...”

ကျွမ်းကျင်ကစားသမား တစ်ဦးသည် ရုတ်တရက် သူ့လက်ထဲမှ ဂေါ်ပြားကို မြှောက်လိုက်ပြီး မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်လေသည်။

“ညီအစ်ကိုတို့... ငါ သည်းမခံနိုင်တော့ဘူး... ငါ ပိုက်ဆံ ရှာတော့မယ်... ငါ ချမ်းသာအောင် လုပ်မယ်... ဒီဈေးတန်းတစ်ခုလုံးကို ဝယ်ပစ်မယ်...”

ထိုအော်သံသည် ဆင်းရဲမွဲတေမှုအောက်တွင် ဖိနှိပ်ခံထားရသော ဒေါသနှင့် လိုအင်ဆန္ဒများကို မီးရှို့ပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

“ပိုက်ဆံ... ပိုက်ဆံ...”

“ချမ်းသာတဲ့ NPC တွေ ကျဆုံးပါစေ... သူတို့ ဝိညာဉ်ကျောက်တုံးတွေကို အကုန် လုယူကြ...”

“မနက်ဖြန်ကစပြီး ဘယ်သူမှ ငါ့ကို မတားနဲ့... ဒီဂိမ်းကို ငါ အသေကြိတ်တော့မယ်...”

ပြင်းပြသော 'လောဘမီး' များ တောက်လောင်နေသည့် တပည့်တို့၏ မျက်လုံးများကို ကြည့်ရင်း ကျန်းချန် ကျေနပ်စွာ ပြုံးလိုက်လေသည်။

ကောင်းပေစွ... မိမိတို့၏ ဆင်းရဲမွဲတေမှုကို နားလည်သဘောပေါက်မှသာလျှင် အကြီးမားဆုံးသော ကုန်ထုတ်စွမ်းအားများကို ထုတ်လုပ်နိုင်မည် မဟုတ်ပါလော။

အခန်း (၄၈) - ကုန်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကြီး .. သိပ္ပံနည်းကျ ကျင့်ကြံခြင်းလား... မဟုတ်ပါဘူးခင်ဗျာ... ဒါက စက်ရုံထုတ် 'ဂိမ်းကြိတ်' ခြင်းပါ

~နောက်တစ်နေ့ မိုးသောက်ယံ... ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်။

ယနေ့မနက်ခင်း၏ နေရောင်ခြည်တွင် ငွေစက္ကူနံ့များ သင်းပျံ့နေသယောင် ရှိချေ၏။

ပုံမှန်ဆိုလျှင် ဖင်တုံးလုံး ..နေဖင်ထိုးအောင် အိပ်နေကြမည့် ကစားသမားများသည် ယနေ့တွင်မူ ကြက်မတွန်မီကပင် ရင်ပြင်၌ စုရုံးနေကြတော့၏။ လူ (၁၀၀) ကျော်၏ မျက်လုံးများတွင် အိပ်ရေးပျက်၍ သွေးရောင်လွှမ်းနေသော်လည်း မျက်နှာထားများကမူ လေးနက်တည်ကြည်ကာ စိတ်အားထက်သန်မှုများ တောက်လောင်နေကြသည်။

“အချိန်ဟာ ငွေပဲ သူငယ်ချင်း...”

ဘယ်သူ့ပါးစပ်ထဲက ထွက်လာမှန်းမသိသော ထိုစကားတစ်ခွန်းသည် ဤရူးသွပ်ဖွယ်ရာ ‘အသည်းအသန် ဂိမ်းကြိတ်ခြင်း’ လှုပ်ရှားမှုကြီးကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။

ကစားသမားများသည် လျင်မြန်စွာပင် လူစုခွဲလိုက်ကြပြီး ကြီးမားသော ‘ပရော်ဖက်ရှင်နယ် အဖွဲ့’ကြီးများ အဖြစ် ဖွဲ့စည်းလိုက်ကြလေသည်။

ဆေးဖော်စပ်ရာ အဆောင်ပျက်ကြီး၏ ဘေးတွင်... ‘ဇီဝဗေဒ ခွေးပေါက်လေး’ နှင့် စားဖိုမှူး ‘ကျောက်ကပ်ကြော်’ တို့ ဦးဆောင်သော အသက်မွေးဝမ်းကျောင်း ဝါသနာရှင် အယောက် (၂၀) ကျော်သည် ဒယ်အိုးကြီး (၁၀) လုံးခန့်ကို တည်ဆောက်ထားကြ၏။ အတိတ်က အမှားများကို သင်ခန်းစာယူပြီးနောက် သူတို့သည် ခေတ်မီဆန်းသစ်သော ‘စက်မှုဇုန် ကုန်ထုတ်လုပ်မှု လမ်းကြောင်း’ ပုံစံကို မိတ်ဆက်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ချေသည်။

“အားလုံး နားထောင်ကြစမ်း... ငါတို့မှာ ဆေးဖော်မြူလာ မရှိဘူး... ပါရမီလည်း မရှိဘူး... ဒါပေမဲ့ ငါတို့မှာ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ လူအင်အား အများကြီး ရှိတယ်ကွ...”

‘ဇီဝဗေဒ ခွေးပေါက်လေး’ သည် လက်ထဲတွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ဆောင်လျက် ညွှန်ကြားချက်များ ပေးနေသည်မှာ စက်ရုံမှူးတစ်ယောက် အလားပင်။

သို့ဖြင့်... ကွေ့ယွမ်ဂိုဏ်း ရင်ပြင်ထက်၌ ဆိုက်ဘာပန့်ခ် ဆန်ဆန်၊ အင်မော်တယ်ကျင့်ကြံခြင်း ဆန်ဆန် ထူးခြားဆန်းပြားလှသော ‘စက်မှုပန်းချီကား’ တစ်ချပ်သည် ဖြည်းညှင်းစွာ သက်ဝင်လှုပ်ရှားလာလေတော့သည်။

ကုန်ထုတ်လုပ်မှု လမ်းကြောင်း၏ ရှေ့ဆုံးတွင်မူ ကြွက်သားအဖုအထစ်များနှင့် ခွန်အားကြီး ကစားသမား (၅) ဦးက နေရာယူထားကြသည်။

သူတို့သည် ဧရာမ ကျောက်ကြိတ်ဆုံကြီးကို ဝိုင်းရံလျက် မောပန်းခြင်းမရှိသော ‘လူသား ကြိတ်စက်ကြီးများ’ ပမာ ဂဂျီဂဂျောင် အသံများ မြည်ဟိန်းအောင် တွန်းလှည့်နေကြလေ၏။

အမျိုးအမည်မသိသော ဆေးမြစ်များ၊ ထူးဆန်းသော အရောင်အသွေးရှိသည့် မှိုများ၊ မာကျောသော တိရစ္ဆာန်အရိုးများကိုပင် မကျန် ကြိတ်ဆုံထဲသို့ ပစ်ထည့်လိုက်ကြရာ ကြိတ်ဆုံသွားများအကြားတွင် ညက်ညက်ကြေသွားသံများ ထွက်ပေါ်လာသည်။

“လုံ့လဝီရိယရှိမှ အံ့ဖွယ်ရာတွေ ဖြစ်လာမှာ... ညက်လေလေ အရသာရှိလေလေဟေ့...”

ကြိတ်ဆုံဘေးတွင်မူ မီးဓာတ် ကစားသမား (၁၀) ယောက်ခန့်သည် ဒယ်အိုးကြီးများ၏ အောက်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။

သူတို့သည် အလွန်အမင်း မတည်ငြိမ်သော ‘လူသား မီးဖိုများ’ အဖြစ် တာဝန်ယူထားကြခြင်း ဖြစ်ချေ၏။ ယခုအချိန်၌ သူတို့သည် အသံမြည်အောင် မီးလုံးများကို ပေါက်ကရ လျှောက်မပစ်ကြတော့ပေ။ မျက်နှာများ နီရဲလာသည်အထိ အားစိုက်လျက် မိမိတို့၏ ခန္ဓာကိုယ်ထဲမှ နည်းပါးလှသော ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ကာ ဒယ်အိုးအောက်ခြေမှ မီးအပူချိန်ကို တည်ငြိမ်အောင် ကြိုးစားနေကြရှာသည်။

“စိတ်ကို လျှော့ထား... စိတ်ကို လျှော့ထား... မပေါက်ကွဲစေနဲ့... ကိုယ့်ကိုယ်ကို အချိန်ကိုက် ဂက်စ်မီးဖိုလို့ သဘောထားလိုက်စမ်း...”

လူတိုင်း၏ မျက်နှာပေါ်တွင် ချွေးများ ရွှဲရွှဲစိုနေကြတော့၏။

ကုန်ထုတ်လုပ်မှု လမ်းကြောင်း၏ နောက်ဆုံးတွင် ရှိနေသူမှာကား အသက်ရှူချိန်ပင် မရအောင် အလုပ်ရှုပ်နေသော စားဖိုမှူး ‘ကျောက်ကပ်ကြော်’ ပင် ဖြစ်တော့သည်။

သူသည် ဧရာမ သစ်သားယောက်မကြီးကို ဝှေ့ယမ်းလျက် ဆူပွက်နေသော ဒယ်အိုးအိုးကြီးများအကြား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေရ၏။

ကစားသမားများ ရှာဖွေတွေ့ရှိထားသော ‘ရေရေရာရာမရှိသည့် ဆေးမြစ်ဖော်မြူလာ’ ပေါ်မူတည်၍ တစ်မိနစ်တွင် အစိမ်းရောင် အမှုန့်များကို အိုးတစ်လုံးထဲ ထည့်လိုက်၊ နောက်တစ်မိနစ်တွင် အမည်းရောင် အရည်များကို အခြားအိုးတစ်လုံးထဲ လောင်းထည့်လိုက်ဖြင့် အလုပ်ရှုပ်နေပြီး ပါးစပ်မှလည်း မန္တန်များ ရွတ်ဖတ်သကဲ့သို့ ပွစိပွစိ ရေရွတ်နေလေသည်။

“မီးပြင်းပြင်းနဲ့ ဆီသတ်မယ်... အရောင်ကို ကြည့်ထား... အစိမ်းရောင် ပြောင်းတာနဲ့ ချက်ချင်း ဆယ်လိုက်တော့...”

ရံဖန်ရံခါတွင် ‘ဘွန်း’ ခနဲ ပေါက်ကွဲသံများနှင့် မီးခိုးမည်းများ ထွက်ပေါ်လာနေဆဲ ဖြစ်သော်လည်း ယခင်က ပေါက်ကွဲမှု ဆက်တိုက်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်လျှင်မူ ထိရောက်မှု စွမ်းရည်မှာ အံ့ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့တော့၏။ အရောင်စုံလင်ပြီး စူးရှသော အချဉ်နံ့များ ထွက်နေသည့် ‘ကုန်ချော’ ဆေးရည်များသည် အိုးလိုက်၊ အိုးလိုက် ထွက်ပေါ်လာတော့သည်။

အခြားတစ်ဖက်တွင်မူ ထောက်ပံ့ရေးကိစ္စများကို ခေါင်းမရှုပ်ချင်သော တိုက်ခိုက်ရေးသမားများအတွက် ငွေရှာနည်းမှာ ရိုးရှင်းပြတ်သားလှ၏။ အပြင်ထွက်ပြီး ဓားပြတိုက်ရုံသာ ရှိတော့သည်။

ကျွမ်းကျင်ကစားသမား ‘ကောင်းကင်ခွင်း ဓားတစ်လက်’ ဦးဆောင်သော လူ (၅၀) ပါ တိုက်ခိုက်ရေးအဖွဲ့သည် တောင်တံခါးဝတွင် စုရုံးနေကြတော့၏။

“ညီအစ်ကိုတို့... ငါတို့ရဲ့ ပစ်မှတ်က ဘာလဲ...”

“ပိုက်ဆံ... ပိုက်ဆံ... ပိုက်ဆံ...”

ထိုလူအုပ်ကြီးသည် တောင်နောက်ကျောဘက်သို့ ချီတက်သွားကြလေသည်။

သူတို့ဖြတ်သန်းသွားသော နေရာတိုင်းသည် ကျိုင်းကောင်အုပ် ဖြတ်သန်းသွားသကဲ့သို့ ပြောင်သလင်းခါ ကျန်ရစ်ခဲ့တော့သည်။ မိစ္ဆာသားရဲများကို မဆိုထားနှင့်... သာမန်ရှဉ့်ကလေးများ၊ ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်သော မြက်ပင်များနှင့် ကြည့်ကောင်းသည်ဟု ထင်ရသော ကျောက်တုံးများကိုပါမကျန် ကျောပိုးအိတ်ထဲသို့ ထိုးထည့်သိမ်းဆည်းသွားကြလေ၏။

“ကြေးပြားတစ်ပြား လွတ်သွားမယ့်အစား အပြစ်မဲ့သူ သုံးထောင်ကို သတ်ပစ်လိုက်တာကမှ ပိုမြတ်သေးတယ်...”

ဒါသည် သူတို့၏ လမ်းညွှန်ဆောင်ပုဒ် ဖြစ်ချေသည်။

နန်းဆောင်၏ မြင့်မားသော စင်မြင့်ထက်တွင်မူ...။

ဂိုဏ်းချုပ် ကျန်းချန်သည် အောက်ဘက်မှ ဆူညံပွက်လောရိုက်နေသော၊ ကြွေးကြော်သံများနှင့် ယောက်မခေါက်သံများ ရောထွေးနေသော ဂိုဏ်းတော်ကြီးကို ကြည့်ရင်း လက်ဖက်ရည်တစ်ခွက်ကို တိတ်တဆိတ် ငှဲ့လိုက်လေသည်။

ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲတွင် လျင်မြန်စွာ တိုးပွားလာနေသော အဆင့်နိမ့် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း ကျန်းချန် ကျေနပ်စွာ ပြုံးလိုက်မိ၏။

'ဒါမှ စတုတ္ထကပ်ဘေးကို အသုံးချတဲ့ နည်းလမ်းအမှန်ပဲ... သူတို့ကို ပန်းတိုင်တစ်ခုသာ ပေးလိုက်... ဒီကမ္ဘာကြီးတစ်ခုလုံးကို အမှုန့်ကြိတ်ပစ်ကြလိမ့်မယ်…’

All Chapters