အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အခန်း (၅၈) - လက်ဝါးကြီးအုပ် ဈေးကွက်ဖြန့်ဖြူးရေး အစည်းအဝေး .. ပိုပြီး သန်မာချင်သလား... ပိုက်ဆံနဲ့ လာလဲလေ
~ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလ...။
ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်။
ဆူညံပွက်လောရိုက်ခဲ့သော အောင်ပွဲခံ အခမ်းအနားကြီး ပြီးဆုံးသွားပြီးနောက်... ညအမှောင်ထုသည် တောင်တံခါးဝကို တဖန်ပြန်လည် လွှမ်းခြုံထားပြန်လေပြီ။ တောင်ပေါ်လေအေး၏ အအေးဓာတ်ကို ဖြိုခွင်းရန်အတွက် ရင်ပြင်ထက်၌ မီးပုံကြီး အများအပြား ထွန်းညှိထားလေသည်။
စောစောကမှ "လူတိုင်းမှာ သိုလှောင်အိတ် ရှိနေပြီ" ဆိုသည့် အချက်ကြောင့် မိုးမမြင် လေမမြင် ဘဝင်မြင့်နေခဲ့ကြပြီး ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခံစားခဲ့ကြရသော ကစားသမားများသည် ယခုအခါ အနည်းငယ်... သိမ်မွေ့နက်နဲသော လေထုတစ်ရပ်ကို ခံစားနေကြရရှာ၏။
ကနဦး စိတ်လှုပ်ရှားမှုများ လျော့ပါးသွားပြီးနောက်... ကြမ်းတမ်းခါးသီးသော လက်တွေ့ဘဝကြီးသည် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေး အမြင့်ပိုင်း ကို ပြန်လည် သိမ်းပိုက်လိုက်ခြင်း ဖြစ်ချေ၏။
“ဂွီ....”
ဘယ်သူ့ ဗိုက်ထဲက စတင် မြည်လိုက်မှန်း မသိရသော အသံတစ်သံသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထိုအသံသည် အချက်ပြလိုက်သကဲ့သို့ ဖြစ်သွားပြီး မကြာမီတွင် ဗိုက်ဆာ၍ အူမြည်သံများ ဆက်တိုက် ထွက်ပေါ်လာကာ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေတော့သည်။
သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ငုံ့ကြည့်လိုက်ကြ၏။ ဦးစွာ သူတို့၏ တန်ဖိုးထားရပါသော သိုလှောင်အိတ်လေးများကို ဖွင့်ကြည့်လိုက်ကြ၏။
ဗလာ... လုံးဝ ဗလာ... ကြွက်သေ တစ်ကောင်တောင် မရှိ...။
ထို့နောက် သူတို့သည် စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ကြပြန်သည်။
[လက်ရှိ ဝိညာဉ်ကျောက်တုံး: ၀]
[လက်ရှိ ဂိုဏ်းစုဆောင်းမှတ်: -၅၀၀ (ယခင် ဒဏ်ကြေးများကြောင့်)]
ရင်းနှီးပြီးသားဖြစ်သော... 'မွဲတေလွန်း၍ ခါးသက်ခြင်း' ဟူသည့် ခံစားချက်ကြီးသည် သူတို့၏ နှလုံးသားထဲသို့ တဖန်ပြန်လည် ဝင်ရောက်လာပြန်၏။ ယခင်ကထက်ပင် ပိုမို ပြင်းထန်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူတို့သည် 'ချမ်းသာခြင်း' အရသာကို မြည်းစမ်းဖူးသွားခဲ့ပြီ ဖြစ်သောကြောင့်တည်း။
“ညီအစ်ကိုတို့...”
ဝမ်သဲ့ဖာသည် သူ၏ ချပ်ပ်နေသော ဗိုက်ခေါက်ကို ပွတ်သပ်လိုက်ပြီး ကြေကွဲဖွယ်ရာ မျက်နှာထားဖြင့် မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။
“ကြည့်ရတာ... ငါတို့မှာ တကယ်ပဲ ဒီအိတ်ကလွဲပြီး ဘာမှ မကျန်တော့ဘူး ထင်တယ်... ဒါ ဘာသဘောလဲ... ပါကင် ပဲ ရှိပြီး ပစ္စည်း မရှိတော့တဲ့ သဘောလား...”
“ပြီးတော့ ငါက စနစ် ကို ဂိုဏ်းစုဆောင်းမှတ် (၅၀၀) ပေးဖို့တောင် အကြွေးတင်နေသေးတယ်... မနက်ဖြန်ကျရင် အကြွေးမဆပ်နိုင်လို့ ဂိမ်းထဲ ဝင်ခွင့် ပိတ်ခံရမလား... ဒါမှမဟုတ် ငါ့သိုလှောင်အိတ်ကို သိမ်းသွားကြမလား...”
လူသစ် ကစားသမားတစ်ဦးသည် သိုလှောင်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ငိုမဲ့မဲ့ ဖြစ်နေရှာသည်။
လူတိုင်းသည် "ပျော်ပါးပြီးနောက် ပြန်လည် ဆင်ခြင်သုံးသပ်ခြင်း ၂.၀" အဆင့်သို့ ရောက်ရှိနေကြချိန်...။
သူတို့၏ သုံးစွဲမှုများသည် အလွန်အမင်း စိတ်လိုက်မာန်ပါ ဖြစ်လွန်းခဲ့သလား၊ အစားအသောက်အတွက် ပိုက်ဆံ အနည်းငယ် ချန်ထားခဲ့သင့်သလား ဟု ပြန်လည် စဉ်းစားနေကြချိန်တွင်...။
“ဝှစ်...”
ရုတ်တရက်ဆိုသလိုပင်... မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခု ပင်မနန်းဆောင်ဘက်မှ ဖြာထွက်လာပြီး ရင်ပြင်၏ တစ်ဝက်ခန့်ကို လင်းထိန်သွားစေသည်။ ထိုအလင်းရောင်သည် အလွန်အမင်း မြင့်မြတ်ပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိလှသဖြင့် အားလုံးသော... အမ်... တပည့်ကျော်များ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေသည်။
ဂိုဏ်းချုပ် ကျန်းချန်သည် မည်သည့်အချိန်က ရောက်နေမှန်းမသိ စင်မြင့်ထက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ပိုမို ခမ်းနားထည်ဝါသော ဝတ်ရုံ ကို ပြောင်းလဲ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် စပါယ်ရှယ် အထူးပြုလုပ်ချက်များဖြင့် တောက်ပနေလေသည်။ သူသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ... သူ့အနောက်ရှိ ယခင်က အခြေခံ အချက်အလက်များသာ ပြသခဲ့သော ဧရာမ ကျောက်တိုင်ကြီးသည် ရုတ်တရက် ထွန်းလင်းတောက်ပလာတော့၏။
ရေတွက်၍ မရနိုင်သော ရွှေရောင် အင်းကွက်စာလုံးများသည် ကျောက်တိုင်ပေါ်တွင် ကခုန်နေကြပြီး ပြန်လည် နေရာချထားကာ... နောက်ဆုံးတွင် သေလောက်အောင် ဆွဲဆောင်မှုရှိသော စာသားအသစ်များ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
[ဂိုဏ်း ကြေညာချက်: တပည့်များ၏ ဈေးကွက်ချဲ့ထွင်မှု အောင်မြင်ခြင်းနှင့် ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည် (ဆိုလိုသည်မှာ ပိုက်ဆံအကုန်ဖြုန်းပစ်လိုက်ခြင်း) ကို အသိအမှတ်ပြုသောအားဖြင့်... "ဂိုဏ်း ဘဏ္ဍာတိုက် လဲလှယ်ရေး စာရင်း (ဒုတိယအဆင့်)" ကို ဖွင့်လှစ်လိုက်သည်..]
ကစားသမားများ၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာကြ၏။ သူတို့သည် ဆာလောင်နေသော ဝံပုလွေများအလား ကျောက်တိုင်ကြီးဆီသို့ ပြေးကပ်သွားကြပြီး မျက်လုံးများ ပြူးကျယ်လျက် အသစ်ပေါ်လာသော အရာများကို သွားရည်တမြားမြားဖြင့် စိုက်ကြည့်နေကြသည်။
[စွမ်းရည် စာအုပ်များ]:
*မီးကျည်ဆန် မန္တန် (အဆင့်မြှင့် ဗားရှင်း):
ရှင်းလင်းချက်:ဆေးလိပ်မီးညှိရုံလောက်ပဲ သုံးလို့ ရတဲ့ မီးတောက်သေးသေးလေးကြောင့် စိတ်ညစ်နေတုန်းလား... အဆင့်မြှင့် ဗားရှင်းက သင့်ကို ရေဇလုံလောက်ရှိတဲ့ မီးလုံးကြီးတွေ ပစ်ထုတ်နိုင်စေမှာပါ... ပစ်မှတ်အကွာအဝေး ပိုဝေးမယ်... စွမ်းအား နှစ်ဆ ပိုပြင်းမယ်... ယောကျ်ားကောင်းဆိုတာ မီးလုံးကြီးကြီးနဲ့ ကစားရတယ်ကွ...
(လဲလှယ်ရန် ဈေးနှုန်း: ဂိုဏ်းစုဆောင်းမှတ် ၃၀၀၀)*
*လေဓားသွား ကျင့်စဉ် :
ရှင်းလင်းချက်:လျင်မြန်မှုလိုင်း ကစားသမားများအတွက် မရှိမဖြစ် စွမ်းရည်... တိတ်တဆိတ် သတ်ဖြတ်မယ်... ထက်မြက်တဲ့ လက်နက်နဲ့ လှီးဖြတ်မယ်... ရန်သူကို အဆုံးသတ်ဖို့ပဲ သုံးသုံး၊ ဟင်းသီးဟင်းရွက်ပဲ လှီးလှီး... အကောင်းဆုံး ရွေးချယ်မှုပါပဲ...
*(လဲလှယ်ရန် ဈေးနှုန်း: ဂိုဏ်းစုဆောင်းမှတ် ၃၅၀၀)*
*စိန်သား ကာကွယ်ရေး ဒိုင်း :
ရှင်းလင်းချက်: ခွန်အားလိုင်းတွေအတွက် အသက်ကယ် စွမ်းရည်... အသက်သွင်းလိုက်တာနဲ့ ရွှေရောင် ဒိုင်းကာတစ်ခု ခန္ဓာကိုယ်မှာ ပေါ်လာပြီး ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကို (၁၀) စက္ကန့်တိတိ (၅၀) ရာခိုင်နှုန်း တိုးမြှင့်ပေးမယ်... မွန်းစတားတွေရဲ့ တစ်ချက်တည်းနဲ့ အသတ်ခံရမှာကို အမေ စိတ်ပူစရာ မလိုတော့ဘူး…
(လဲလှယ်ရန် ဈေးနှုန်း: ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀)
[ကိရိယာ တန်ဆာပလာများ]:
*သံမဏိ တပ်သုံး ဂေါ်ပြား (စံချိန်မီ မှော်လက်နက်):*
ရှင်းလင်းချက်: စုတ်ပြတ်ပြီး ကျိုးပဲ့နေတဲ့ ဂေါ်ပြားအဟောင်းကြီးနဲ့ တူးနေတုန်းပဲလား... အရည်အသွေးမြင့် သံမဏိနဲ့ သွန်းလုပ်ထားတဲ့ ဂိုဏ်းရဲ့ အထူး တပ်သုံးဂေါ်ပြားက သတ္တုတူးဖော်မှု စွမ်းရည်ကို (၅၀) ရာခိုင်နှုန်း တိုးမြှင့်ပေးမယ့်အပြင်... လက်နက်အနေနဲ့ပါ သုံးလို့ရတယ်... (2 in 1) နော်…
*(လဲလှယ်ရန် ဈေးနှုန်း: ဂိုဏ်းစုဆောင်းမှတ် ၁၅၀၀)*
*အဆင့်နိမ့် ပြန်လည်နုပျိုခြင်း ဆေးလုံး (ဂိုဏ်း ဗားရှင်း):
ရှင်းလင်းချက်:* တိုက်ပွဲအတွက် မရှိမဖြစ် ဆေးဝါး... တစ်လုံး သောက်လိုက်တာနဲ့ သွေး (၃၀) ရာခိုင်နှုန်း ချက်ချင်း ပြည့်မယ်... အရေးကြီးတဲ့အချိန်မှာ အသက်ကယ်ဆေးပဲ…
(လဲလှယ်ရန် ဈေးနှုန်း: တစ်လုံးလျှင် ဂိုဏ်းစုဆောင်းမှတ် ၂၀၀)*
“ဟာ... စကေး အသစ်ဟေ့...”
“ရေဇလုံလောက်ရှိတဲ့ မီးလုံးကြီးတဲ့... ငါ အဲ့ဒါ သင်ချင်တယ်... အဲ့ဒါသာ တတ်သွားရင် ငါက လူသား စစ်လက်နက် ဖြစ်သွားပြီ... အရိုးတုတ်ကြီး ကိုင်ပြီး လိုက်ရိုက်စရာ မလိုတော့ဘူး...”
“ဟို ဂေါ်ပြားကလည်း နတ်ဘုရား လက်နက်ပဲကွ... အဲ့ဒါနဲ့ဆို သတ္တုတူးတာ သေချာပေါက် ပိုမြန်မှာ... ငါ့ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ဝိညာဉ်တွေ တောက်လောင်လာပြီ...”
ကစားသမားများသည် ပစ္စည်းအသစ်များကို ကြည့်ရင်း သွားရည်ကျနေကြသည်။ သူတို့၏ လက်ရှိ တိုက်ခိုက်နည်းများမှာ ရိုးရှင်းလွန်းလှသည်။ အခြေခံ တိုက်ခိုက်မှုနှင့် မီးလုံးအသေးစားလောက်သာ ရှိသဖြင့် စွမ်းရည်အသစ်များကို သင်ယူရန် အလွန်အမင်း လက်ယားနေကြခြင်း ဖြစ်ပါ၏။
သို့သော်... ဈေးနှုန်းကော်လံကို ကြည့်လိုက်သောအခါ...။
ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
“သုံး... သုံးထောင်... ဂိုဏ်းစုဆောင်းမှတ် သုံးထောင်တောင်တဲ့လား...”
ဝမ်သဲ့ဖာသည် လက်ချောင်းများကို အကြာကြီး ချိုးရေတွက်ပြီးနောက် မျက်နှာ စိမ်းပုပ်သွားလေ၏။
“အရင်တုန်းက ငါ ဖင်ပြဲအောင် အလုပ်လုပ်တာတောင် တစ်ရက်မှ (၂၀၀) (၃၀၀) လောက်ပဲ ရတာ... အခု ဒဏ်ကြေးတွေနဲ့ဆို အကြွေး (၅၀၀) တောင် တင်နေသေးတယ်... ဒီအတိုင်း ဆက်လုပ်ရင် ဘယ်တော့မှ ဝယ်နိုင်မှာလဲ...”
“သောက်ကျိုးနည်း... ကုန်ဈေးနှုန်းတွေက တက်တာ မြန်လွန်းတယ်... ငွေကြေးဖောင်းပွမှုက ဒီလောက်တောင် ဆိုးရွားနေပြီလား...”
ညည်းတွားသံများ ထွက်ပေါ်နေစဉ်..၊
စင်မြင့်ထက်တွင် ကျန်းချန်သည် နားလည်သဘောပေါက်သော အပြုံးဖြင့် ပြုံးနေလေသည်။ အချိန်ကိုက် ဖြစ်ပြီမှန်း သူ သိလိုက်၏။
“ငြိမ်ကြစမ်း...”
ကျန်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အသံသည် မကျယ်လောင်သော်လည်း ယုံကြည်မှု အပြည့်ဖြင့် လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေ၏။
“မင်းတို့ ငွေလိုနေမှန်း ငါသိတယ်... ကျင့်ကြံခြင်းဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး... ကြွယ်ဝမှု (၊ အဖော်မွန် ၊ ဓမ္မနဲ့ နယ်မြေ ဆိုတာ မရှိမဖြစ် လိုအပ်တယ်...”
“တပည့်တွေ အနေနဲ့ ထူးချွန်ပြောင်မြောက်အောင် ကြိုးစားပြီး ဂိုဏ်းရဲ့ တိုင်မတ်ကျောက်ဆောင်ကြီးတွေ အမြန်ဆုံး ဖြစ်လာစေဖို့အတွက်... ဒီဂိုဏ်းချုပ်က အထူး ခွင့်ပြုချက်နဲ့ 'ဝိညာဉ်ကျောက်တုံး / အရင်းအမြစ် အထူး လဲလှယ်ရေး လမ်းကြောင်း' ကို ဖွင့်လှစ်ပေးလိုက်မယ်...”
ကျန်းချန်၏ စကားဆုံးသည်နှင့် ကျောက်တိုင်ကြီး၏ အောက်ခြေတွင် စာလုံးအသေးစားလေးများ ထပ်မံ ပေါ်ထွက်လာသည်။
[အထူး လဲလှယ်ရေး စည်းမျဉ်းများ]:
တပည့်များသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို ဂိုဏ်းဘဏ္ဍာတိုက်သို့ တိုက်ရိုက် ပေးသွင်းပြီး ဂိုဏ်းစုဆောင်းမှတ်နှင့် လဲလှယ်နိုင်သည်။
လဲလှယ်နှုန်း:အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံး = ဂိုဏ်းစုဆောင်းမှတ် (၁၀၀)။
တပည့်များ ရှာဖွေရရှိသော မူလကုန်ကြမ်းများ (မိစ္ဆာသားရဲ အစိတ်အပိုင်း၊ သတ္တုရိုင်း၊ ဝိညာဉ်ဆေးမြစ် စသည်) အားလုံးကို စနစ်မှ တန်ဖိုးဖြတ်ပြီး သင့်လျော်သော ဂိုဏ်းစုဆောင်းမှတ်များ ပေးအပ်မည်။
“ဝိုး...”
ဒီစည်းမျဉ်းကို ကြေညာလိုက်ပြီးနောက် ရင်ပြင်တစ်ခုလုံး၏ လေထုမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
စောစောကမှ မွဲတေနေပါပြီဟု ညည်းတွားနေကြသော ကစားသမားများ၏ မျက်လုံးများသည် ရုတ်တရက် စူးရှထက်မြက်လာကြသည်။
သူတို့၏ ဦးနှောက်များသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ အလုပ်လုပ်ပြီး ရှုပ်ထွေးသော "ဆိုက်ဘာပန့်ခ် သင်္ချာတွက်ချက်မှုများ" ကို ပြုလုပ်နေကြလေ၏။
“နေဦး... ငါ တွက်ကြည့်မယ်...”
'ဇီဝဗေဒ ခွေးပေါက်လေး' အဖွဲ့မှ သုတေသီသည် မျက်မှန်ကို ပင့်တင်လိုက်ရာ မျက်လုံးထဲတွင် ဉာဏ်များသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဈေးတန်းမှာ သွားရောင်းရင် ကြွက်ရေခွံအကောင်းတစ်ချပ်ကို ဝိညာဉ်ကျောက်တုံး (၂) တုံးလောက် ရမယ်... အဲ့ဒါက ဂိုဏ်းစုဆောင်းမှတ် (၂၀၀) နဲ့ ညီမျှတယ်... ဒါပေမဲ့ ဂိုဏ်းကို တိုက်ရိုက်အပ်ရင် (၁၀) ရာခိုင်နှုန်း ပိုရမယ်ဆိုတော့ (၂၂၀) ရမှာပေါ့...”
“ငွေသား စီးဆင်းမှု နည်းသွားပြီး ဈေးတန်းမှာ ပစ္စည်းဝယ်လို့ မရတော့ပေမယ့်... ဂိုဏ်းက စွမ်းရည်တွေကို ပိုမြန်မြန် သင်နိုင်မှာပဲ...”
“ပြီးတော့ ဈေးတန်းကို သွားလိုက်ပြန်လိုက် လုပ်ရတဲ့ အချိန်တွေ၊ လမ်းစရိတ်တွေ၊ ဈေးရောင်းရင်း မြို့တော်ထိန်းသိမ်းရေး အဖွဲ့နဲ့ ငြိမယ့် ပြဿနာတွေလည်း သက်သာသွားမယ်... ဒါ အရမ်းတန်တယ်...”
“အရေးအကြီးဆုံးက...”
ဝမ်သဲ့ဖာသည် ရုတ်တရက် ပေါင်ကို ဖျတ်ခနဲ ရိုက်လိုက်၏။ တစ်စုံတစ်ခုကို သတိရသွားသည့်အလားပင်။ သူသည် အိတ်ကပ်ထဲမှ အလွန် လျှို့ဝှက်သော အကန့်တစ်ခုထဲသို့ လက်နှိုက်လိုက်သည်။
နောက်တစ်စက္ကန့်တွင်... မျက်လှည့်ပြလိုက်သကဲ့သို့ သူ အလွန်အမင်း သိုဝှက်သိမ်းဆည်းထားခဲ့သော (အရေးကြုံရင် သုံးဖို့ဆိုပြီး မသုံးရက်ဘဲ ချန်ထားခဲ့သော) အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃) တုံးကို ဆွဲထုတ်လိုက်လေ၏။
“ငါ့မှာ ပိုက်ဆံ ရှိသေးတယ်ဟေ့... (၃) ကျပ် ကျန်သေးတယ်...”
ဝမ်သဲ့ဖာသည် စိတ်လှုပ်ရှားလွန်းသဖြင့် အဆီပြင်များ တစ်ကိုယ်လုံး တုန်ခါနေသည်။ သူသည် နောက်ကျသွားလျှင် ဂိုဏ်းချုပ်ကြီး စိတ်ပြောင်းသွားမည်ကို စိုးရိမ်သကဲ့သို့ ကျောက်တိုင်ရှေ့ရှိ လဲလှယ်ရေး အရောင်းခုံဆီသို့ ပထမဆုံး ပြေးသွားလိုက်လေ၏။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော် လဲမယ်... ဂိုဏ်းစုဆောင်းမှတ် (၃၀၀) ပေးပါ... အကြွေး အရင်ဆပ်ရမယ်... ပိုတာကို စုပြီး စွမ်းရည် ဝယ်မယ်...”
တစ်ယောက် စလိုက်သည်နှင့် ကျန်ရှိနေသော "ပိုက်ဆံ ဝှက်ထားသူများ" လည်း မနေနိုင်ကြတော့ပေ။
“ငါလည်း (၂) တုံး ဝှက်ထားသေးတယ်... မူလက ဈေးတန်းမှာ သကြားကပ် ဆီးသီး ဝယ်စားမလို့ စုထားတာ... ထားလိုက်တော့... စွမ်းရည်သင်ဖို့က အဓိကပဲ...”
“ငါ့မှာ ဝိညာဉ်ကျောက်တုံးတော့ မရှိဘူး... ဒါပေမဲ့ မရောင်းရက်ဘဲ သိမ်းထားတဲ့ ထိပ်တန်း ကြွက်ဘုရင် နံရိုး (၂) ချောင်း ရှိတယ်... ဂိုဏ်းချုပ်ကြီး... ဒါ ဘယ်လောက်တန်လဲ... ဂေါ်ပြားတစ်ချောင်းနဲ့ လဲလို့ ရမလားဗျ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်သည် ဧရာမ "ခိုးရာပါပစ္စည်း စွန့်ပစ်ရာ နေရာ" းကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ကစားသမားများသည် နောက်ဆုံး ကျန်ရှိနေသော ပိုင်ဆိုင်မှုများကို ထုတ်ယူကာ တောက်ပနေသော လဲလှယ်ရေး စက်ဝန်းထဲသို့ အလုအယက် ပစ်ထည့်နေကြလေ၏။
စင်မြင့်ထက်တွင်...။
ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်အေးဆေးစွာ ရပ်နေပြီး လောကီအရာများကို မမှုသော ရသေ့သူတော်စင် တစ်ပါးကဲ့သို့ ဟန်ဆောင်နေသည်။
သို့သော် သူ၏ စနစ် နောက်ကွယ်တွင်မူ... မူလက [ဂိုဏ်း ဘဏ္ဍာတိုက် ဝိညာဉ်ကျောက်တုံး လက်ကျန်: ၅ (အလွန်အမင်း ဆင်းရဲမွဲတေသည်)] ဟု ပြသထားသော ကိန်းဂဏန်းသည် ကြည်နူးဖွယ်ရာ အရှိန်အဟုန်ဖြင့် ခုန်တက်နေလေ၏။
၅... ၁၀၅... ၃၀၅... ၈၅၀...
နာရီဝက် အတွင်းမှာပင် သူသည် ဒီကောင်တွေအစား စိုက်လျော်ပေးခဲ့ရသော ဒဏ်ကြေးငွေများကို ပြန်လည် ရရှိရုံသာမက... သူ၏ လျှို့ဝှက်စုဘူးလေး အတွက်ပါ လည်ပတ်ငွေ ဝိညာဉ်ကျောက်တုံး (၁၀၀၀) နီးပါး အမြတ်ရလိုက်တော့၏။
စုဆောင်းငွေများ ကုန်သွားသော်လည်း စွမ်းရည်သစ် သင်ယူနိုင်တော့မည်ဖြစ်၍ ပျော်ရွှင်နေကြသော အောက်ဘက်မှ တပည့်ကျော်များကို ငုံ့ကြည့်ရင်း...
ကျန်းချန်သည် စိတ်ထဲမှ ကိုယ့်ကိုယ်ကို လက်မထောင်လိုက်မိသည်။
'ဒါမှ... အမြတ်ထုတ်ခြင်းရဲ့... ဟာ... မဟုတ်ဘူး... ရေရှည်ဖွံ့ဖြိုးတိုးတက်စေမယ့် စီမံခန့်ခွဲမှု ရဲ့ စစ်မှန်သော ပုံစံပဲ...'
'သူတို့ကို သုံးစွဲချင်စိတ် ဖြစ်လာအောင် ဝိညာဉ်ကျောက်တုံးတွေ အရင် ပေးလိုက်တယ်... ပြီးတော့ ကုန်ဈေးနှုန်းတွေ တင်လိုက်တယ်... ပြီးတော့ သီးသန့် စွမ်းရည်စာအုပ်တွေကို ငါးစာချပြီး ဝိညာဉ်ကျောက်တုံးတွေကို ပြန်သိမ်းယူလိုက်တယ်...'
ပိုက်ဆံက တစ်ပတ်လည်ပြီး ငါ့လက်ထဲ ပြန်ရောက်လာတယ်... သူတို့ကတော့ ပျော်ရွှင်မှုတွေ ရလိုက်တယ်...။
ဒါဟာ ပြီးပြည့်စုံတဲ့ စီးပွားရေး သံသရာ တစ်ခုပဲ...။ အရင်းရှင်စနစ်ရဲ့ စွမ်းအားပါလား...။
အခန်း (၅၉) - ပညာရှိ စိတ်အခြေအနေ ၂.၀ .. သိုလှောင်အိတ်က သေးလွန်းတယ်... ဆန္ဒတွေက ကြီးလွန်းတယ်
~နောက်တစ်နေ့ မိုးသောက်ယံ... ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်။
ယနေ့တွင်လည်း နေမင်းကြီးသည် ပုံမှန်အတိုင်း ထွက်ပေါ်လာပြီး ရင်ပြင်ထက်သို့ ရွှေရောင် ရောင်ခြည်တန်းများကို ဖြာကျနေစေသည်။
သို့သော် ကစားသမားများ၏ စိတ်အခြေအနေကမူ ဘေးနားက ဒယ်အိုးမည်းကြီး၏ အောက်ခြေထက်ပင် ပိုမို မည်းမှောင်နေကြလေ၏။
မနေ့ညက အသည်းအသန် "အိတ်ကပ်ထဲ ရှိသမျှ အကုန်ထုတ်ပြီး ဂိုဏ်းစုဆောင်းမှတ်နဲ့ လဲလှယ်ခြင်း" ပွဲတော်ကြီး ပြီးသွားသောအခါ... လူတိုင်းသည် နောက်ဆုံးတွင် ကြီးမားသော ဒဏ်ကြေးငွေ အကြွေးများကို ကျေအောင် ဆပ်နိုင်ခဲ့ကြပြီး အချို့မှာ လက်ကျန်ငွေ အနည်းငယ်ပင် ရှိနေကြသေးသည်။
သို့သော် ဤလက်ကျန်ငွေ ပမာဏ အနည်းငယ်သည် ဂိုဏ်းတွင် အသစ်ဖွင့်လှစ်လိုက်သော "ဈေးကြီးပေးရသည့် ဆိုင်" များနှင့် ယှဉ်လိုက်လျှင် ပြောပလောက်စရာ မရှိပေ။
လူများသည် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ မြေကြီးပေါ်တွင် ထိုင်လျက်... ကျောက်တိုင်ပေါ်တွင် ပြသထားသော ဂိုဏ်းစုဆောင်းမှတ် (၃၀၀၀) တန်ကြေးရှိသည့် "မီးကျည်ဆန် မန္တန် (အဆင့်မြှင့် ဗားရှင်း)" ကို မော့ကြည့်လိုက်... ပြီးလျှင် မိမိတို့၏ သနားစရာကောင်းလှသော [လက်ရှိ ဂိုဏ်းစုဆောင်းမှတ်: ၁၅၀] ကို ပြန်ငုံ့ကြည့်လိုက် လုပ်နေကြသည်။
နက်ရှိုင်းသော စွမ်းအားမဲ့မှု ခံစားချက်နှင့် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ကွာဟချက် (Psychological Gap) သည် ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ဒါသည် ဘာမှမရှိခဲ့စဉ်ကထက်ပင် ပိုမို နာကျင်ရလေ၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူတို့၌ ပိုမို မြင့်မားသော ဆန္ဒများ ရှိလာသော်လည်း... မိမိတို့သည် မွဲတေနေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသောကြောင့်ပင်။
ဝမ်သဲ့ဖာသည် ပြောင်းဖူးရုပ်တု ထွင်းထုထားသော ကျောက်တိုင်အောက်တွင် 'ဗြုန်း' ခနဲ ထိုင်ချလိုက်သည်။ ကျောကို တိုင်နှင့်မှီကာ သူ၏ အချစ်တော် မီးခိုးရောင် သိုလှောင်အိတ်ကလေးကို လက်ထဲတွင် ဆုပ်ကိုင်ထားလေသည်။
သူသည် စိတ်အစွဲအလမ်းကြီးသော ရောဂါ (OCD) ခံစားနေရသူ တစ်ဦးကဲ့သို့ တူညီသော လုပ်ရပ် တစ်ခုကိုသာ ထပ်ခါတလဲလဲ ပြုလုပ်နေမိ၏။ အိတ်ကို ဖွင့်ကြည့်သည်... အတွင်းထဲကို ချောင်းကြည့်သည်... သက်ပြင်းချသည်... ပြန်ပိတ်သည်။ ပြီးလျှင် ပြန်ဖွင့်သည်... ပြန်ချောင်းကြည့်သည်... ပြန်ပြီး သက်ပြင်းချသည်။
“ရွှီ... ရွှီ... ရွှီ...”
သူသည် လူသစ်ဘဝကတည်းက အဖော်ပြုလာခဲ့သော ဓားသွားတုံးနေသည့် ကြွက်သွားဓားမြှောင်ကို အိတ်ထဲ ထည့်လိုက်၊ ပြန်ထုတ်လိုက်၊ ပြန်ထည့်လိုက် လုပ်နေ၏။ လေထဲတွင် ဖြတ်သန်းသွားသော ဓားမြှောင်၏ လမ်းကြောင်းသည် အလွန်အမင်း အထီးကျန်ဆန်ပြီး ခြောက်ကပ်နေသယောင် ရှိချေ၏။
“ဟူး....”
ဝမ်သဲ့ဖာသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ သူ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများကြောင့် ရှုံ့မဲ့နေပြီး ပါးပြင်ပေါ်မှ အဆီပြင်များအားလုံး စုကွေးနေကြသည်။
“ညီအစ်ကိုတို့... ငါ လေးနက်တဲ့ ပြဿနာတစ်ခုကို ရှာတွေ့လိုက်ပြီကွ... အလွန်အမင်း လေးနက်တဲ့ ပြဿနာပဲ...”
သိုလှောင်အိတ် ကြိုးစကို ဖွကာ ယောက်ယက်ခတ်နေကြသော အခြား ကစားသမား အချို့ ဝိုင်းလာကြပြီး စိတ်မပါသော လေသံဖြင့် မေးလိုက်ကြသည်။
“ဘာဖြစ်လို့လဲ... အိတ်ပေါက်နေလို့လား... ဒါမှမဟုတ် အကောင့် ဟက်ခ် ခံလိုက်ရတာလား...”
“မပေါက်ပါဘူးကွ... ဟာနေတာ... ဗလာဖြစ်နေတာ...”
ဝမ်သဲ့ဖာသည် သိုလှောင်အိတ်ကို ပြောင်းပြန်လှန်ပြီး ခါပြလိုက်သည်။ ကျိုးပဲ့နေသော ဓားမြှောင်တစ်လက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး စိုက်ဝင်သွားသည်မှလွဲ၍ ကြေးပြားတစ်ပြားမှ ကျမလာချေ။
“ကြည့်စမ်း... ငါတို့မှာ ဒီအိတ်ကြီး ရှိနေပြီ... ကြည့်ရတာလည်း အထာကျနေပြီ... ဒါပေမဲ့ အထဲမှာ ဘာမှ မရှိဘူးကွ... ခံစားချက်က ဘာနဲ့တူလဲဆိုတော့... ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ပြိုင်ကားတစ်စီး ဝယ်လိုက်ပေမယ့် ဆီထည့်ဖို့ ပိုက်ဆံမကျန်တော့လို့ ကားဂိုဒေါင်ထဲမှာပဲ တွန်းပြီး အရသာခံနေရသလိုပဲ...”
ထိုစကားသည် လူတိုင်း၏ ရင်ကို ထိမှန်သွားစေပြီး ရင်ပြင်တစ်ခုလုံးတွင် သက်ပြင်းချသံများ ပဲ့တင်ထပ်သွားလေတော့၏။
“သောက်ရမ်း မှန်တာပဲ...”
ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' ကလည်း စိတ်ဓာတ်ကျစွာဖြင့် သူ၏ သံမဏိဓားကို ဆွဲထုတ်ပြီး ပွတ်သပ်လိုက်သည်။ ဓားသွားပေါ်တွင် သူ၏ ခါးသက်နေသော မျက်နှာကို ထင်ဟပ်နေလေ၏။
“အကောင့်က Max Level ရောက်နေပြီ... ဒါပေမဲ့ ဝတ်ထားတာက လူသစ်တန်း အခြေခံ အီကွစ်တွေ ဖြစ်နေပြီး... မြို့လယ်ခေါင်မှာ ငေးငိုင်ရပ်နေရသလိုပဲ... ဒန်ဂျင်ထဲတောင် ဝင်လို့မရဘူး...”
“ပြီးတော့ ဒီ 'အခြေခံအဆင့်' အိတ်ကလည်း သေးလွန်းတယ်ကွာ...”
စားဖိုမှူး 'ကျောက်ကပ်ကြော်' က ညည်းတွားလိုက်သည်။ သူသည် အမှိုက်ပုံထဲမှ ကောက်ရထားသော အိုးကွဲကြီးကို အိတ်ထဲသို့ အတင်း ထိုးထည့်ရန် ကြိုးစားနေသော်လည်း... အိုးက ကြီးလွန်းသဖြင့် အိတ်ဝတွင် တစ်ဆို့နေပြီး ဝင်လို့မရ၊ ထွက်လို့မရ ဖြစ်နေရှာသည်။
“သုံးကုဗမီတာတဲ့လား... အိုးနှစ်လုံး ထည့်လိုက်တာနဲ့ ပြည့်သွားပြီ... ငါ ဈေးတန်းကို ဟင်းခတ်အမွှေးအကြိုင်တွေ သွားဝယ်ရင် ဘယ်လိုလုပ်မလဲ... ဒီနေရာလွတ် ပမာဏလေးက ငါ့ရဲ့ ဟင်းချက်ပြုတ်ရေး အိပ်မက်တွေကို ထည့်ဖို့ လုံလောက်မှု မရှိဘူး...”
ဆန္ဒဆိုသည်မှာ နှင်းလုံးကြီး တစ်ခု ပမာပင်။ လှိမ့်လေ ကြီးလေ ဖြစ်တတ်၏ယ
မွဲနေတုန်းက ချမ်းသာချင်ခဲ့သည်။ ချမ်းသာလာတော့ အိတ်လိုချင်သည်။ အိတ်ရပြီးတော့ အိတ်က သေးလွန်းသည်ဟု ထင်လာပြန်၏။ ပြီးတော့ ရေဇလုံလောက်ရှိသော မီးလုံးကြီးများ ပစ်ထုတ်နိုင်သည့် စွမ်းရည်သစ်ကိုလည်း သင်ချင်လာကြပြန်သည်။
“မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး... ဒီအတိုင်းဆို ငါတို့ 'အစပြုရွာ' ကနေတောင် ထွက်နိုင်မှာ မဟုတ်ဘူး...”
'ဇီဝဗေဒ ခွေးပေါက်လေး' အဖွဲ့မှ သုတေသီသည် မျက်မှန်ကို ပင့်တင်လိုက်ရာ မှန်ဘီလူးနောက်ကွယ်တွင် အေးစက်ပြီး ဆင်ခြင်တုံတရား ပြည့်ဝသော အရောင်များ လက်သွားလေသည်။ သူသည် မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး အခြေအနေကို စတင် သုံးသပ်လိုက်၏။
“ဂိုဏ်းချုပ် ထုတ်ပြန်လိုက်တဲ့ လဲလှယ်ရေး စည်းမျဉ်းအသစ်အရ... ငါတို့က တန်ဖိုးရှိတဲ့ မူလကုန်ကြမ်းပစ္စည်းတွေကို အပ်နှံနိုင်သရွေ့ ဂိုဏ်းစုဆောင်းမှတ် အများကြီး ရနိုင်တယ်... ဒါက လက်ရှိအချိန်မှာ ငါတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ပဲ...”
“ငါတို့ 'ကုန်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကြီး' ကို ပြန်စမှ ဖြစ်မယ်... ဆက်ပြီး ဂိမ်းကြိတ်ကြမယ်... အသည်းကွဲမသွားသရွေ့ အသေကြိတ်ကြမယ်...”
“အသည်း ဟုတ်လား... ဘယ်နားသွားပြီး အသည်းကွဲရမှာလဲ...”
တစ်စုံတစ်ယောက်က ပြောင်သလင်းခါနေသော နောက်ကျောဘက် တောင်တန်းဆီသို့ လက်ညှိုးထိုးပြလိုက်ပြီး မျှော်လင့်ချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်၏။
“မနေ့က ငါတို့ 'ကျိုင်းကောင်တပ်ဖွဲ့' ဖြတ်သွားတုန်းက မြေကြီး (၃) လွှာလောက်အထိ ပါသွားပြီးပြီလေ... ဝိညာဉ်ဝါးကြွက် မပြောနဲ့... နို့စို့နေတဲ့ ယုန်ပေါက်စလေးတောင် မကျန်တော့ဘူး... ဒေသခံ စားနပ်ရိက္ခာ ကွင်းဆက် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မိပြီ... ဒီအတိုင်း ဆက်လုပ်ရင် ဒီနေရာကြီးက သဲကန္တာရ ဖြစ်သွားတော့မယ်...”
“ဒါဆို ပိုဝေးတဲ့ နေရာကို သွားကြမလား...”
“ဝေးလွန်းရင်လည်း အဆင်မပြေဘူး... မနေ့က ငါတို့ ဈေးကွက်ဖျက်ဆီးလိုက်လို့ ဈေးတန်းမှာ အဆင့်နိမ့် ကုန်ကြမ်းဈေးတွေ ထိုးကျသွားပြီ... အခု ရှာထားတဲ့ ကြွက်ရေခွံတွေ၊ အရိုးတွေကို ဈေးတန်း သွားရောင်းရင် လမ်းစရိတ်တောင် ကြေမှာ မဟုတ်ဘူး... ငါတို့ဆိုင်ကို ဘယ်သူမှတောင် လှည့်မကြည့်ကြတော့ဘူး...”
ရှေ့လမ်းလည်း ပိတ်၊ နောက်လမ်းလည်း ပိတ်နေချေပြီ။
ခဏတာမျှ ရင်ပြင်တစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်သွားလေသည်။ လူတိုင်းသည် ငွေရှာမည့် နည်းလမ်းအသစ်ကို ခေါင်းကွဲမတတ် စဉ်းစားနေကြပြီး စိုးရိမ်ပူပန်သော လေထုတစ်ရပ် လွှမ်းခြုံလာသည်။
ထိုအချိန်၌...၊
ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသော ဆေးလိပ်သောက်သည့် အဘိုးကြီး... 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' သည် ကောက်ရိုးဖြင့် လိပ်ထားသော ဆေးလိပ်ကို (၂) ဖွာခန့် ရှိုက်လိုက်ပြီး စူးရှသော မီးခိုးကွင်းများကို မှုတ်ထုတ်လိုက်၏။
သူသည် အသားမာတက်နေသော လက်ကြီးကို မြှောက်လိုက်ပြီး... ပင်မနန်းဆောင်၏ အနောက်ဘက်ရှိ နက်ရှိုင်းပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်နေသော ဂူဝဆီသို့ ဖြည်းညှင်းစွာ ညွှန်ပြလိုက်လေသည်။
“အဟမ်း... ဟေ့ကောင်လေးတွေ... မင်းတို့ နေရာတစ်နေရာကို မေ့နေကြတယ် မဟုတ်လား...”
လူတိုင်းသည် သူ၏ လက်ညှိုးရာအတိုင်း လိုက်ကြည့်လိုက်ကြရာ ပင်မနန်းဆောင်ကို ကျော်လွန်ပြီး အနောက်ဘက် တောင်စောင်းဆီသို့ အကြည့်ရောက်သွားကြ၏။
တောင်နောက်ကျောဘက်ရှိ စွန့်ပစ်ထားသော ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဟောင်း။
တစ်ချိန်က သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သော၊ သူတို့ကို မျိုးဖြုတ်သတ်ဖြတ်မလို ဖြစ်စေခဲ့သော၊ နောက်ပိုင်းတွင် တာဝန်ပြီးမြောက်ရန်အတွက် မသွားချင်သွားချင်ဖြင့် နံရံသွားပြင်ခဲ့ရသည့်.. နေရာ...။ ဂိုဏ်းချုပ်ကြီးက "အကြွင်းမဲ့ တားမြစ်နယ်မြေ" ဟု ထပ်ခါတလဲလဲ ကြေညာထားသော နေရာ...။
“ဦးလေးကျန်း... ခင်ဗျား ရူးသွားပြီလား...”
သတ္တိနည်းသော လူသစ်ကစားသမား တစ်ဦးသည် နောက်သို့ တွန့်ဆုတ်သွားပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီထဲမှာ မိစ္ဆာအငွေ့အသက်တွေ ရှိတယ်လေဟ၊ ပြီးခဲ့တဲ့ တစ်ခေါက် နံရံသွားဆောက်တုန်းက အနားကပ်လိုက်တာနဲ့ သွေး (HP) တွေ တရိပ်ရိပ် လျော့ကျနေတာ... ပြီးတော့ အဲ့ဒီနေရာကြီးက မှောင်မဲပြီး ကြောက်စရာကြီး...”
“သတ္တိရှိမှ သုခ ချမ်းသာ...”
ဦးလေးကျန်းသည် ဆေးတံကို ခေါက်လိုက်ပြီး မျက်နှာထား တည်ငြိမ်နေသည်။ ဝါရင့် လုပ်သားကြီး တစ်ဦးအနေဖြင့် စွန့်စားမှုနှင့် အကျိုးအမြတ်သည် ဒွန်တွဲနေကြောင်း သူ ကောင်းစွာ နားလည်ထား၏။ အမှန်တကယ်တော့ သူသည် အသစ်ထွက်လာသော 'တပ်သုံးဂေါ်ပြား' ကို လိုချင်လွန်းသဖြင့် အရာရာကို စွန့်စားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“သေသေချာချာ စဉ်းစားကြည့်စမ်း... အဲ့ဒီ ယဇ်ပလ္လင်ကြီးရဲ့ ပတ်ပတ်လည်မှာ... ထူးဆန်းတဲ့ ကျောက်မည်းတုံးတွေ အများကြီး မရှိဘူးလား... ပြီးတော့ မိစ္ဆာအငွေ့အသက်တွေ ကူးစက်ခံရပြီး ကွေ့ကောက် ပေါက်ရောက်နေတဲ့ ဗီဇပြောင်း အပင်တွေရော...”
“ဂိုဏ်းချုပ်ကြီး ပြောခဲ့တာက 'တန်ဖိုးရှိသော မူလကုန်ကြမ်းပစ္စည်း' တဲ့... အဲ့ဒီ ယဇ်ပလ္လင်ကြီးက ကြွက်ဘုရင်လောက် စွမ်းအားကြီးတဲ့ ကောင်ကိုတောင် ဖန်တီးပေးနိုင်တယ်ဆိုတော့... သူ့ဘေးနားက မြေကြီးတွေ၊ ကျောက်တုံးတွေက သာမန် ဖြစ်ပါ့မလား... အပြင်က ပေါင်းပင်တွေထက်တော့ သေချာပေါက် ပိုတန်ဖိုးရှိမှာပေါ့...”
ဤနေရာ၌ ဦးလေးကျန်းသည် အသံကို နှိမ့်လိုက်ပြီး မြေအောက် တရားမဝင် လက်ဝှေ့ပွဲ လက်မှတ်များကို လာရောက် ရောင်းချနေသကဲ့သို့ အလွန်အမင်း ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောလိုက်လေသည်။
“ပြီးတော့... ငါ ပြီးခဲ့တဲ့တစ်ခေါက် နံရံဆောက်တုန်းက ခိုးပြီး စမ်းကြည့်ခဲ့သေးတယ်... ယဇ်ပလ္လင်ဘေးက မြေမည်းတွေက တူးရတာ လက်နာပေမယ့်... တစ်ဂေါ်ပြား တူးလိုက်တိုင်း အတွေ့အကြုံရမှတ် (၅) မှတ် ရတယ်ကွ... အပြင်က သာမန်မြေကြီးကို တူးတာထက် (၁၀) ဆ ပိုများတယ်... (၁၀) ဆ တိတိနော်...”
“ဘွန်း...”
ထိုစကားသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ရေနက်ဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားတော့၏။
အတွေ့အကြုံရမှတ် (၁၀) ဆ တဲ့လား... ကုန်ကြမ်းပစ္စည်းတွေကလည်း အရမ်း တန်ဖိုးရှိနိုင်တယ်တဲ့လား...။
မိစ္ဆာအငွေ့အသက်၊ သွေးလျော့ခြင်း၊ တားမြစ်နယ်မြေ... ဤအရာများ အားလုံးသည် ယခုအချိန်၌ ကြီးမားသော အကျိုးအမြတ်များ၏ ရှေ့မှောက်တွင် ဘာမှ မဟုတ်တော့ချေ။
ဆင်းရဲမွဲတေမှုကြောင့် မှေးမှိန်နေခဲ့သော ကစားသမားများ၏ မျက်လုံးများထဲရှိ အလင်းရောင်သည် ချက်ချင်း ပြန်လည် တောက်လောင်လာပြီး... လောဘနှင့် ရူးသွပ်မှုကို ကိုယ်စားပြုသော သွေးနီရောင်အဆင်းသို့ ပြောင်းလဲသွားကြလေသည်။ အသားတုံးကို မြင်လိုက်ရသော ဆာလောင်နေသည့် ဝံပုလွေ၏ အကြည့်... ရွှေတုံးကို မြင်လိုက်ရသော ကပ်စေးနှဲ၏ အကြည့်မျိုးပင်။
“ဟာ... ဒေါင်... ငါ ထင်သားပဲ... အဲ့ဒီနေရာမှာ ပစ္စည်းကောင်းတွေ ရှိမယ်လို့...”
“ဘာ ကြောက်စရာ ရှိလဲကွ... ငါတို့က ကစားသမားတွေပဲ...ပြန်လည်ရှင်သန်ခြင်း ရှိတယ်လေ... အဆိုးဆုံးကတော့ အလောင်းပြန်ကောက်ဖို့ လမ်းပြန်လျှောက်ရုံလောက်ပါပဲ... အတွေ့အကြုံရမှတ် အတွက်ဆိုရင် (၂) ခါလောက် သေလည်း တန်တယ်...”
“မီးကျည်ဆန် မန္တန် အဆင့်မြှင့် ဗားရှင်းအတွက်... ရေဇလုံလောက်ရှိတဲ့ မီးလုံးကြီးအတွက်... ငါ အသက်ပေးပြီး ချမယ်...”
ပိုက်ဆံနှင့် အတွေ့အကြုံရမှတ် မောင်းနှင်အားကြောင့် မျှော်လင့်ချက်မဲ့နေသော 'စတုတ္ထကပ်ဘေး' လူ (၁၀၀) ကျော်သည် ချက်ချင်းပင် သဘောတူညီမှု ရသွားကြတော့၏။
“ညီအစ်ကိုတို့... လက်နက် ဆွဲဟေ့...”
“ဓားတွေ မယူနဲ့... ဂေါ်ပြားတွေ ယူ... ပေါက်ချွန်းတွေ ယူ...
ရတနာသွားတူးကြမယ်...”
“ပစ်မှတ် - မိုင်းတွင်း အတွင်းနက်ထဲက ယဇ်ပလ္လင် ဧရိယာ... ဖျက်ဆီးရေးဆန်ဆန် တူးဖော်မှု ကို ဆင်နွှဲကြမယ်... ဘာမှ မချန်ခဲ့နဲ့...”
*
(၁၅) မိနစ်ခန့် အတွင်းမှာပင်...၊
ဂေါ်ပြားများ၊ ပေါက်ချွန်းများကို ကိုင်ဆောင်ထားပြီး... သိုလှောင်အိတ်အလွတ်များကို လွယ်ပိုးကာ... သေမင်းကို အန်တုမည့် စိတ်ဓာတ်များဖြင့် မျက်လုံးများ တောက်လောင်နေသော 'သေလျှင်သေ၊ မသေလျှင် သူဌေးဖြစ်' မိုင်းတူးအဖွဲ့ကြီးသည် မိုင်းတွင်းဝ၌ ကြမ်းတမ်းစွာ စုရုံးရောက်ရှိနေကြတော့၏။
ထိုအရှိန်အဝါသည် ပြီးခဲ့သော တစ်ခေါက်က ဈေးတန်းသို့ သွားရောက်ခဲ့စဉ်ကထက် အဆပေါင်း (၁၀၀) မျှ ပိုမို ပြင်းထန်နေလေ၏။
ပင်မနန်းဆောင်၏ မြင့်မားသော စင်မြင့်ထက်တွင်မူ...။
ကျန်းချန်သည် သူ ခင်းကျင်းထားသော စစ်မြေပြင်ထဲသို့ အလိုအလျောက် ဝင်ရောက်လာကြသည့် တပည့်ကျော်များကို ကြည့်ရင်း... နားလည်သဘောပေါက်သော အပြုံးတစ်ခု နှုတ်ခမ်းပေါ်တွင် ပေါ်ပေါက်လာလေသည်။
ကောင်းပေစွ...။
ဆန္ဒ ဆိုတာ တကယ်ပဲ အဓိက မောင်းနှင်အားပါလား...။ ငါးစာသာ လုံလောက်အောင် ကြီးမားပါစေ... ဒီ စတုတ္ထကပ်ဘေးတွေ မသွားရဲတဲ့နေရာ ဆိုတာ မရှိပါဘူး...။
သွားကြ... ငါ့ရဲ့ စစ်သည်တော်တွေ...။ အဲ့ဒီ ယဇ်ပလ္လင်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေကို မင်းတို့ရဲ့ ဂေါ်ပြားတွေနဲ့ စူးစမ်းရှာဖွေပေးကြ...။
အခန်း (၆၀) - မိစ္ဆာဂူအား စူးစမ်းခြင်း (အပိုင်း ၁) .. ညီအစ်ကိုတို့... ဒီကောင်ကြီးက ပြန်တိုက်ခိုက်တတ်တယ်ဟေ့
~တောင်နောက်ကျောဘက်ရှိ စွန့်ပစ်ထားသော မိုင်းတွင်းဟောင်း။
မြေအောက် အနက် မီတာ (၃၀၀) အကွာ။
မီးတုတ်များကို ကိုယ်စီ ကိုင်ဆောင်ထားကြသော လူ (၁၀၀) ကျော်အဖွဲ့သည် ခြောက်ကပ်ပြီး နက်ရှိုင်းသော ရှေးဟောင်းမိုင်းတွင်း အတွင်းပိုင်းသို့ မီးနဂါးကြီး တစ်ကောင်အလား ခက်ခက်ခဲခဲ ရွေ့လျား ဝင်ရောက်လာကြသည်။
အတွင်းပိုင်းသို့ နက်နက်ဝင်လာလေ... ပတ်ဝန်းကျင် အခြေအနေမှာ ပိုမို ထူးဆန်းထိတ်လန့်ဖွယ် ကောင်းလေ ဖြစ်လာသည်။
မူလက ကြမ်းတမ်းသော ကျောက်သားနံရံများပေါ်တွင် အနက်ရောင် သွေးကြောကဲ့သို့ အမျှင်တန်းများ ပေါ်လာပြီး သွေးလွှတ်ကြောများကဲ့သို့ ဖောင်းကြွနေလေရာ... တောင်ကြီးတစ်ခုလုံး အသက်ဝင်လာပြီး နှလုံးခုန်နေသကဲ့သို့ ထင်မှတ်ရ၏။ လေထုအပူချိန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျဆင်းလာပြီး ပါးစပ်မှ မှုတ်ထုတ်လိုက်သော လေငွေ့များသည် မျက်ခုံးမွှေးများပေါ်တွင် ချက်ချင်း ရေခဲမှုန်များအဖြစ် အေးခဲသွားစေသည်။ ကန့်နံ့၊ အသားပုပ်နံ့နှင့် ဖော်ပြရန်ခက်ခဲသော သတ္တုညှီနံ့များ ရောနှောနေသည့် အနံ့ဆိုးသည် နှာခေါင်းဝသို့ အတင်းတိုးဝင်လာပြီး အစာအိမ်ကို ကမောက်ကမ ဖြစ်စေ၏။
ရံဖန်ရံခါတွင်... တောရိုင်းသားရဲများ၏ ဟိန်းဟောက်သံ သို့မဟုတ် လက်စားချေလိုသော ဝိညာဉ်များ၏ ငိုရှိုက်သံနှင့် ဆင်တူသည့် ဖျော့တော့သော အသံများသည် မိုင်းတွင်း၏ နက်ရှိုင်းသော နေရာမှ ပဲ့တင်ထပ်လာပြီး... ဟာလာဟင်းလင်း ဖြစ်နေသော လှိုဏ်ဂူထဲတွင် ရိုက်ခတ်ကာ ကြက်သီးထသွားစေသည်။
သာမန် ချီ စုစည်းမှု အဆင့် ကျင့်ကြံသူတစ်ဦးသာ ဤနေရာသို့ ရောက်ရှိလာပါက... ဖိနှိပ်မှုပြင်းထန်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ဤလေထုကြောင့် 'ကျင့်ကြံခြင်း နှလုံးသား'ပျက်စီးကာ နောက်လှည့်ထွက်ပြေးမိလောက်ပေ၏။
သို့သော်... ဤအဖွဲ့ကမူ ကွဲပြားခြားနားလေသည်။ သူတို့သည်ကား 'စတုတ္ထကပ်ဘေး' များ ဖြစ်ချေ၏။
ကြောက်ရွံ့ခြင်း မရှိသည့်အပြင်... ရွှေတိုက်ကို ဖောက်တော့မည့် ဓားပြအုပ်စုပမာ မျက်လုံးများ အရောင်တောက်ကာ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဤကြောက်မက်ဖွယ်ရာ ပတ်ဝန်းကျင် ဖော်ပြချက်များ အားလုံးသည် "အဆင့်မြင့် အင်းစတင့် ၏ ထူးခြားသော လေထု" အဖြစ်သို့ အလိုအလျောက် စစ်ထုတ်ပြီးသား ဖြစ်နေကြသည်။
“မြန်မြန်လုပ်ကြဟေ့... အနောက်ကလူတွေ မီအောင်လိုက်... မကျန်ခဲ့စေနဲ့... ရှေ့ကကောင်တွေလည်း မြန်မြန်သွားကွ...”
ရှေ့ဆုံးမှ လျှောက်လာသော ဝမ်သဲ့ဖာသည် ဈေးကြီးပေး ဝယ်ထားရသော အသစ်စက်စက် [သံမဏိ တပ်သုံးဂေါ်ပြား] ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။
သူ့စိတ်ထဲတွင် "တစ်ဂေါ်ပြား တူးလိုက်တိုင်း အတွေ့အကြုံ (၁၀) ဆ" ဟူသော မြှူဆွယ်မှုကြီးကသာ နေရာယူထားပြီး ပတ်ဝန်းကျင် အခြေအနေကို လုံးဝ ဂရုမစိုက်တော့ပေ။ ခြေထောက် နောက်ထပ် (၂) ချောင်းလောက် ပိုပါလာပါစေဟုပင် ဆုတောင်းနေမိသည်။
“ဖက်တီး... ဖြည်းဖြည်းသွားပါကွ... ဒီမှာ လမ်းတွေက ချောတယ်... ကြမ်းပြင်မှာ ရေညှိတွေ တက်နေတယ်... ချော်လဲဦးမယ်...”
အနောက်မှ လူတစ်ဦးက မီးတုတ်ကို ကိုင်ရင်း လှမ်းသတိပေးလိုက်၏။
“လဲပြီး သေသွားတော့ရော ဘာဖြစ်လဲကွ... မြို့ပြန်ရောက်မယ်... ပြန်ရှင်မယ်.. ပြီးရင် ပြန်ပြေးလာခဲ့ရုံပဲလေ... အချိန်နည်းနည်းတော့ ပုပ်သွားမှာပေါ့... အဲ့ဒီအချိန်အတွင်း မင်းတို့ တိရစ္ဆာန်ကောင်တွေက ပစ္စည်းကောင်းတွေ အကုန် ဦးသွားရင် ဘယ်လိုလုပ်မလဲ...”
ဆူညံသံများနှင့် အလျင်စလို ခြေသံများအကြားတွင်... လူအုပ်ကြီးသည် နောက်ဆုံးတွင် ပန်းတိုင်သို့ ရောက်ရှိသွားကြလေသည်။
ရှေ့မှ မြင်ကွင်းသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး ဧရာမ မြေအောက် လှိုဏ်ဂူကြီးတစ်ခု ပေါ်လာ၏။
လှိုဏ်ဂူ၏ အလယ်ဗဟိုတွင်... ထောင့်တစ်ဖက် ပဲ့နေသော အနက်ရောင် ယဇ်ပလ္လင်ကြီးတစ်ခုသည် အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ ယဇ်ပလ္လင် မျက်နှာပြင်ပေါ်ရှိ ထူးဆန်းပြီး ရှုပ်ထွေးသော အနက်ရောင် အင်းကွက် စာလုံးများသည် အသက်ရှူနေသကဲ့သို့ မကောင်းဆိုးဝါး အလင်းရောင်များဖြင့် ဖြည်းညှင်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြ၏။
ယဇ်ပလ္လင် ပတ်လည်တွင်မူ... ပြီးခဲ့သော တစ်ခေါက်က တာဝန်ပြီးမြောက်ရန်အတွက် ကစားသမားများ ဖြစ်ကတတ်ဆန်း တည်ဆောက်ခဲ့သော ကွေ့ကောက်ပြီး အရည်အသွေးညံ့ဖျင်းသည့် "မိစ္ဆာနှိမ်နင်းရေး ကျောက်နံရံ" ရှိနေလေသည်။
လူတိုင်း ကျောက်နံရံကို ကျော်ဖြတ်ပြီး ယဇ်ပလ္လင်အနီးသို့ မကပ်နိုင်သေးခင်မှာပင်...,၊
“တီ... တီ... တီ...”
ပြိုင်တူနီးပါး ဆိုသလိုပင်... လူတိုင်း၏ စနစ် မျက်နှာပြင်ပေါ်တွင် ဦးခေါင်းခွံပုံ အိုင်ကွန် ပါရှိသော တောက်ပသည့် အနီရောင် သတိပေးစာတန်း တစ်ခု ခုန်တက်လာလေသည်။
[သတိပေးချက်.. သင်သည် ပြင်းအားမြင့် မိစ္ဆာအငွေ့အသက် တိုက်စားခံရသော ဇုန် အတွင်းသို့ ဝင်ရောက်နေပါသည်..]
[ပတ်ဝန်းကျင်ဆိုင်ရာ ဒီဘာဖ် (စွမ်းအား လျော့ကျစေတဲ့ မကောင်းတဲ့ အခြေအနေ) သက်ရောက်နေပါသည်: သင့် ကျန်းမာရေးသည် (၅) စက္ကန့်လျှင် (၁) မှတ်နှုန်းဖြင့် ဆက်တိုက် လျော့နည်းသွားပါမည်.. ကျေးဇူးပြု၍ ချက်ချင်း ထွက်ခွာပါ..]
“ဟာ... သွေးလျော့နေတယ်... တကယ်ကြီး သွေးလျော့နေတယ်ဟေ့...”
လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ မိမိတို့၏ သွေးတန်း () နောက်မှ ကိန်းဂဏန်းများ ဖြည်းညှင်းစွာ... သို့သော် မှန်မှန် လျော့နည်းသွားနေသည်ကို ကြည့်ရင်း လူတိုင်း ထိတ်လန့်လာကြသည်။
“ဒီ ပတ်ဝန်းကျင်က နှိပ်စက်လွန်းတယ်ကွာ... ငါ့သွေးက ရာဂဏန်း နည်းနည်းပဲ ရှိတာ... ဘယ်လို ခံနိုင်မှာလဲ... မိနစ်ပိုင်းအတွင်း သေတော့မှာပဲ...”
သာမန်လူဆိုလျှင် နောက်ဆုတ်ပြီး အသက်ဘေးမှ လွတ်မြောက်ရန် စဉ်းစားကြပေလိမ့်မည်။ သို့သော် စတုတ္ထကပ်ဘေးများ၏ တွေးခေါ်ပုံ သည် သမားရိုးကျ မဟုတ်ပေ။ သူတို့သည် ဖြေရှင်းနည်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားကြသည်။
“ဘာ ကြောက်စရာ ရှိလဲကွ...”
'ကောင်းကင်ခွင်း ဓားတစ်လက်' သည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်ခဲကဲ့သို့ မာကျောနေပြီ ဖြစ်သော အသားကင်ခြောက် တစ်တုံးကို ဆွဲထုတ်လိုက်သည်။ ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ အားရပါးရ ဝါးစားလိုက်ရင်း ပလုံးပထွေး ပြောလိုက်၏။
“သွေးလျော့ရင် စားပြီး ပြန်ဖြည့်ပေါ့ကွ... ငါ စားတာက သွေးလျော့တာထက် ပိုမြန်နေသရွေ့ ငါ မသေနိုင်ဘူး... မင်းတို့ ကျောပိုးအိတ်ထဲမှာ ရိက္ခာခြောက်တွေ အများကြီး ပါတယ်မလား... အခု ထုတ်သုံးရမယ့် အချိန်ပဲ...”
“ဟုတ်တယ်... အလှည့်ကျ တင့် (Tank) ကြမယ်... ပါးတဲ့ မှော်ဆရာတွေက အပြင်မှာ နေ... သွေးများတဲ့ ဝါရီယာ တွေက အထဲဝင်ပြီး တူး... သွေးနည်းလာရင် အပြင်ပြန်ထွက်ပြီး အစားစား၊ သွေးပြန်ဖြည့်... စကြစို့ဟေ့...”
ပိုက်ဆံနှင့် အတွေ့အကြုံရမှတ်၏ မောင်းနှင်မှုကြောင့် လူတိုင်းသည် သေကြောက်စိတ်ကို လျင်မြန်စွာ ကျော်လွှားလိုက်ကြသည်။ သူတို့သည် ကျောပိုးအိတ်ထဲမှ... အခြေခံအဆောက်အအုံ စီမံကိန်းတုန်းက ပိုကျန်ခဲ့သော ရိက္ခာခြောက်မျိုးစုံ ဖြစ်သည့် မီးကျွမ်းနေသော ကြွက်သားများ၊ မာကျောသော ပေါက်စီလုံးများနှင့် အမည်မသိ တောရိုင်းသစ်သီးများကို ထုတ်ယူလိုက်ကြပြီး... အစားအသောက် ပြိုင်ပွဲဝင်နေသကဲ့သို့ ပလုပ်ပလောင်း ဝါးစားရင်း အထဲသို့ တိုးဝင်သွားကြလေတော့၏။
နောက်ဆုံးတွင် သူတို့သည် ကျောက်နံရံကို ကျော်ဖြတ်ပြီး ယဇ်ပလ္လင်၏ ခြေရင်းသို့ ရောက်ရှိသွားကြလေသည်။
ဤနေရာရှိ မြေကြီးသည် မီးလောင်ထားသကဲ့သို့ လုံးဝ မည်းနက်နေပြီး မြေသားထဲတွင် ပတ္တမြားများကဲ့သို့ တောက်ပနေသော ပုံသဏ္ဌာန်မမှန်သည့် သလင်းကျောက် အပိုင်းအစများ ရောနှောပါဝင်နေကာ ဆွဲဆောင်မှုရှိသော်လည်း အန္တရာယ်များသော အလင်းရောင်များကို ထုတ်လွှတ်နေလေ၏။
“ဒီမြေကြီးက... ကြည့်ရတာ တကယ် တန်ဖိုးရှိမယ့်ပုံပဲ...”
ဝမ်သဲ့ဖာသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေမည်းတစ်ဆုပ်ကို ကောက်ယူကာ နမ်းကြည့်လိုက်သည်။ ပြင်းထန်သော ကန့်နံ့နှင့် သွေးနံ့တို့သည် နှာခေါင်းဝသို့ အတင်းတိုးဝင်လာသဖြင့် နေရာမှာတင် မူးမေ့လဲမလို ဖြစ်သွားရရှာသည်။
“အဟွတ်... အဟွတ်... အနံ့က ပြင်းလိုက်တာကွာ... ဒါ သေချာပေါက် အဆင့်မြင့် ပစ္စည်းပဲ...”
သူသည် မတ်တပ်ထရပ်လိုက်ပြီး လေကို ဝဝရှူသွင်းကာ ဂေါ်ပြားကို ပြင်ကိုင်လိုက်သည်။ အသစ်စက်စက် တပ်သုံးဂေါ်ပြားကို မြင့်မားစွာ မြှောက်လိုက်၏။ သူ့ပစ်မှတ်မှာ ယဇ်ပလ္လင် အစွန်းဘက်ရှိ အနီရောင် တောက်နေပြီး သူ့ကို လှမ်းခေါ်နေသကဲ့သို့ ဖြစ်နေသော၊ ကြည့်ရတာ အကောင်းဆုံးဟု ထင်ရသည့် မြေမည်းကွက်ကလေး ဖြစ်၏။
ထိုခဏ၌ တစ်န်ခးလုံး တိတ်ဆိတ်သွားသည်။ မျက်လုံးအစုံ (၁၀၀) ကျော်သည် သမိုင်းဝင် အခိုက်အတန့် တစ်ခုကို စောင့်ကြည့်နေသကဲ့သို့ ဝမ်သဲ့ဖာ၏ လှုပ်ရှားမှုကို စိုက်ကြည့်နေကြသည်။
“ရေဇလုံလောက်ရှိတဲ့ မီးလုံးကြီးအတွက်... အတွေ့အကြုံရမှတ်တွေအတွက်... ချပြီဟေ့...”
ဝမ်သဲ့ဖာသည် အော်ဟစ်ကာ အားတင်းလိုက်ပြီး ရှိသမျှ ခွန်အားကို သုံး၍ ဂေါ်ပြားကို အားကုန် ရိုက်ချလိုက်လေတော့သည်။
“ဒေါင်...”
ဂေါ်ပြားသည် မြေမည်းကို ရိုက်မိရာ သံချင်းရိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်သွားသည်။ မြေကြီးသည် သံတုံးကဲ့သို့ မာကျောနေ၏။
ဂေါ်ပြားသွားသည် မီးကျွမ်းနေသော အပေါ်ယံ မြေလွှာကို ထိုးဖောက်ဝင်ရောက်သွားသည့် တစ်ခဏ၌...၊
“ဝှစ်...”
ဖြည်းညှင်းစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့သော ယဇ်ပလ္လင် သင်္ကေတများသည် ရုတ်တရက် လင်းထိန်လာပြီး... မျက်စိကျိန်းသော အေးစက်သည့် သွေးနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာလေတော့သည်။ မြေအောက် လှိုဏ်ဂူတစ်ခုလုံးသည် ငရဲဘုံသို့ ရောက်ရှိသွားသကဲ့သို့ သွေးနီရောင် အလင်းများဖြင့် လင်းထိန်သွားလေ၏။
နှစ်ထောင်ပေါင်းများစွာ အိပ်မောကျနေခဲ့သော... အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ဒေါသထွက်နေသည့် ရှေးဟောင်း စိတ်ဆန္ဒ တစ်ခု နိုးထလာခဲ့တော့၏။
“ဂရား....”
ငရဲဘုံ၏ အနက်ရှိုင်းဆုံး နေရာမှ လာသကဲ့သို့ နက်ရှိုင်းပြီး အဆုံးမဲ့ နာကျည်းချက်များ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီး တစ်ခုသည် လူတိုင်း၏ စိတ်အာရုံထဲတွင် ပေါက်ကွဲသွားပြီး ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။
ထို့နောက် ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာလေ၏။
ဝမ်သဲ့ဖာ၏ ဂေါ်ပြားအောက်ရှိ မြေမည်းကွက်သည် ရေနွေးပွက်သကဲ့သို့ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားလာသည်။ ရေတွက်၍ မရနိုင်သော အနက်ရောင် မိစ္ဆာအငွေ့အသက်များသည် ထိုနေရာမှ ပန်းထွက်လာပြီး... လေထဲတွင် လျင်မြန်စွာ စုစည်းကာ... လက်ကောက်ဝတ်လောက် ထူထဲပြီး ဆူးများ၊ အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသော အနက်ရောင် ရေဘဝဲလက်တံကြီး အသွင် ပြောင်းလဲသွားလေတော့၏။
ထိုလက်တံကြီးသည် ပျို့အန်ချင်စရာ ကောင်းသော ညှီနံ့များ သယ်ဆောင်လျက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီး... သူ့အိပ်စက်ခြင်းကို နှောင့်ယှက်ရဲသော ဖက်တီးကို ရက်စက်စွာ ရိုက်ချလိုက်လေသည်။
“ဖြောင်း...”
ကြည်လင်ပြတ်သားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။
“အား...”
ဝမ်သဲ့ဖာသည် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူ၏ ပေါင် (၂၀၀) ခန္ဓာကိုယ်ကြီးသည် လေထဲတွင် (၃) ပတ်ခွဲခန့် လည်ထွက်သွားပြီး (၅) မီတာအကွာသို့ စုတ်ပြတ်နေသော ဂုန်နီအိတ်ကြီး တစ်လုံးပမာ ‘ဝုန်း’ ခနဲ ပြုတ်ကျသွားကာ ဖုန်မှုန့်များ ထောင်းခနဲ ထသွားလေသည်။
သူ့ခေါင်းပေါ်ရှိ မူလက ပြည့်နေသော အစိမ်းရောင် သွေးတန်း () သည် ရုတ်တရက် ထက်ဝက်ကျော် လျော့ကျသွားပြီး အန္တရာယ်ရှိသော အဝါရောင် အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကစားသမား အားလုံးသည် ဂေါ်ပြားများ၊ ပေါက်ချွန်းများကို ကိုင်လျက် မှင်သက်သွားကြ၏။ သူတို့သည် စိန်ခေါ်နေသကဲ့သို့ လေထဲတွင် ယမ်းခါနေဆဲဖြစ်သော အနက်ရောင် လက်တံကြီးကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။
တစ်စက္ကန့်... နှစ်စက္ကန့်...။
သာမန် ကျင့်ကြံခြင်း ဝတ္ထုဆိုလျှင် ဤအချိန်၌ လူတိုင်း အော်ဟစ်ပြီး ထွက်ပြေးကြပေလိမ့်မည်။
သို့သော်... ဒါကတော့ စတုတ္ထကပ်ဘေးတို့၏ ဇာတ်ခုံ ဖြစ်ချေ၏။
မြေကြီးပေါ်မှ ဖုန်မှုန့်များ ကွယ်ပျောက်သွား၏။
ဝမ်သဲ့ဖာသည် ‘ဘုန်း’ ခနဲ ကုန်းထလိုက်သည်။ ပါးစပ်ထောင့်စွန်းမှ စီးကျနေသော သွေးစကို လုံးဝ ဂရုမစိုက်ဘဲ... သူ့ပထမဆုံး တုံ့ပြန်မှုမှာ ကြောက်ရွံ့ခြင်း မဟုတ်ပေ။ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် စနစ်၏ တိုက်ပွဲမှတ်တမ်း ကို ကြည့်လိုက်ခြင်း ဖြစ်သည်။
[တိုက်ပွဲ သတိပေးချက်: သင်သည် "အမည်မသိ မိစ္ဆာလက်တံ" ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါသည်.. ကျန်းမာရေး -၅၅.. သင်သည် တိုက်ပွဲအခြေအနေ သို့ ဝင်ရောက်သွားပါပြီ..]
နောက်တစ်စက္ကန့်တွင်...။
ဝမ်သဲ့ဖာ၏ မျက်လုံးများထဲ၌ ယဇ်ပလ္လင်၏ အနီရောင် အလင်းတန်းထက်ပင် ပိုမို တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။ သူသည် လက်တံကြီးကို လက်ညှိုးထိုးပြလိုက်ပြီး... ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ အသံများ ကွဲအက်သွားသည်အထိ အော်ဟစ်လိုက်လေတော့သည်။
“ညီအစ်ကိုတို့... ကြည့်ကြစမ်း...”
“ဒီကောင်ကြီးက... ပြန်တိုက်ခိုက်တတ်တယ်ဟေ့...”
“အသက်ရှိတယ်... နောက်ခံ ဘက်ဂရောင်း သက်သက် မဟုတ်ဘူးကွ... အီလိုက်တ် မွန်းစတား ဟေ့... ပစ္စည်းကောင်းတွေ၊ အတွေ့အကြုံအမှတ် တွေ အများကြီး ကျမှာ သေချာတယ်...”
“ဘွန်း...”
ထိုစကားသည် စိတ်ကြွဆေးထိုးပေးလိုက်သကဲ့သို့ ကစားသမား အားလုံး၏ အသည်းနှလုံးကို ဒဲ့ထိသွားစေသည်။
ဘာ ကြောက်စရာလဲ... ဘာ သွေးလျော့တာလဲ... အဲ့ဒါတွေ မရှိတော့ဘူး...။
သူတို့မျက်လုံးထဲတွင် ထိုကြောက်မက်ဖွယ်ရာ မိစ္ဆာ ယဇ်ပလ္လင်ကြီးသည် ယခုအခါ... တောက်ပနေသော၊ လှုပ်ရှားနေသော၊ ဧရာမ ရတနာသေတ္တာကြီး အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
“ဟာ... အီလိုက်တ် မွန်းစတားတဲ့... ငါ ထင်သားပဲ... ဒီခရီးက အလကား မဖြစ်ဘူးလို့...”
“ချဟေ့... ဦးသူ ယူစတမ်း... အဲ့ဒါ ငါ့မွန်းစတားကွ...”
“တင့်ခ် ဘယ်မှာလဲ... 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' ... ခင်ဗျားက အမာဆုံးပဲ... ခင်ဗျား အရင်ဝင်... ရန်လိုမှုကို ဆွဲထားပေး... ဒီကောင်ကြီးကို လွတ်မသွားစေနဲ့...”
“ကုသသူရေ... ဪ... မေ့လို့... ကုသသူ မရှိဘူး... ကိုယ့်ဘာသာ ဆေးသောက်ပြီး ချကြ... ပစ္စည်းကောင်းတွေအတွက်... တိုက်ဟေ့...”
ဂေါ်ပြားများ၊ ပေါက်ချွန်းများကို ကိုင်ဆောင်ထားသော လူ (၁၀၀) ကျော်သည် အရိုးတုံးကို မြင်လိုက်ရသော ဆာလောင်နေသည့် ခွေးအုပ်ကြီးပမာ ဟိန်းဟောက်လိုက်ကြပြီး... (၅) စက္ကန့်လျှင် သွေး (၁) မှတ် လျော့ကျနေသည့် ဒီဘာဖ် (စွမ်းအား လျော့ကျစေတဲ့ မကောင်းတဲ့ အခြေအနေ) ကို လုံးဝ ဂရုမစိုက်ဘဲ... အခုမှ နိုးထလာခါစ သနားစရာ မိစ္ဆာ ယဇ်ပလ္လင်ကြီးဆီသို့ ရူးသွပ်စွာ ဝင်ရောက် စီးနင်းကြလေတော့သတည်း။