← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄) - အတွင်းပူ အပြင်မီး .. ဂိုဏ်းချုပ်... ဒီဟာကြီးက သောက်ရမ်း ပူနေသလိုပဲဗျ

~နောက်တစ်နေ့ မိုးသောက်ယံ... ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်။

ပထမဆုံး နေရောင်ခြည်သည် တိမ်တိုက်များကို ထိုးဖောက်ပြီး တစ်ညလုံး မအိပ်ခဲ့သော ကွေ့ယွမ်ဂိုဏ်းကြီးကို အလင်းရောင် ပေးလိုက်၏။

ရွှံ့နွံမြေပြိုကျမှုထဲမှ ကုန်းထလာသော သူများနှင့်တူသည့် လူအုပ်ကြီးသည် ရင်ပြင်ထဲသို့ ပြန်လည် ရောက်ရှိလာကြသည်။

ကစားသမား (၁၀၀) ကျော်သည် တကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ အချို့က ချပ်ဝတ်တစ်ဝက် ပြုတ်ထွက်ပြီး ကြွက်သားအဖုအထစ်များကို ဖော်ပြထားသည်။ အချို့က မျက်နှာတွင် အမည်းကွက်၊ အနီကွက်များဖြင့် ရွှံ့လား သွေးလား မသဲကွဲအောင် ဖြစ်နေကြသည်။ အချို့ကမူ ပြီးခဲ့သော ညက "စက်ရုပ်အက" ကခဲ့သည့် အရှိန်ကြောင့် ကြွက်တက်ပြီး ခြေထောက် မသန်မစွမ်း ဖြစ်နေကြဆဲပင်။

သို့သော် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကမူ ပုံမှန်မဟုတ်လောက်အောင် စိတ်လှုပ်ရှား တက်ကြွနေပြီး... တစ်ညလုံး မအိပ်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် တစ်စက်မျှ မပြကြပေ။

“မိုက်တယ်... သောက်ရမ်း မိုက်တယ်ကွာ...”

'ကောင်းကင်ခွင်း ဓားတစ်လက်' သည် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း... မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များ တောက်ပနေပြီး ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

“ဒါမှ ကျင့်ကြံခြင်းကွ... သေမင်းနဲ့ စစ်ခင်းရတာ... အရှုံးထဲကနေ အနိုင်ပြန်ယူတာ ... တောင်နောက်ကျောမှာ ယုန်လိုက်ပစ်ရတာထက် အဆပေါင်း တစ်သန်းလောက် ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်... နောက်တစ်ခါ ထပ်သွားဦးမယ်...”

“ဆေးကုန်တာတော့ နှမြောစရာပဲကွာ...”

ဝမ်သဲ့ဖာသည် ဗလာဖြစ်နေသော သူ့သိုလှောင်အိတ်ကို ပွတ်သပ်ရင်း နာကျင်သော မျက်နှာထား ဖြစ်နေသည်။

“ငါ စုထားတဲ့ ကုသဆေးလုံးတွေ အကုန် ကုန်သွားပြီ... ဒီတစ်ခေါက် ဆုလာဘ် မကောင်းရင်တော့ ငါ အကြီးအကျယ် ရှုံးပြီ... ဂိုဏ်းချုပ် ပြန်လျော်ပေးမှ ဖြစ်မယ်...”

သူတို့သည် ပင်မနန်းဆောင် အရှေ့ရှိ စင်မြင့်အောက်ခြေသို့ တည့်မတ်စွာ လျှောက်သွားကြသည်။

ထိုနေရာတွင် ဂိုဏ်းချုပ် ကျန်းချန်သည် အချိန်အကြာကြီးကတည်းက စောင့်ဆိုင်းနေခဲ့တော့၏။ သူသည် မနေ့ညက ဖြစ်ပျက်ခဲ့သော ရင်ခုန်သည်းဖို ဖြစ်ရပ်များကို ဘာမှမသိသကဲ့သို့... မနက်ခင်း လေ့ကျင့်ခန်း ဆင်းနေသကဲ့သို့... လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်အေးဆေးသော ဟန်ပန်ကို ထိန်းသိမ်းထား၏။

“ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ်...”

ဝမ်သဲ့ဖာသည် ကိုယ်စားလှယ်အဖြစ် ရှေ့ထွက်လာသည်။ သူသည် ခါးကို မတ်အောင် အားယူလိုက်ပြီး အနည်းငယ် အဆင်မပြေသော ပုံစံဖြင့် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

“တပည့်တွေ... ဂိုဏ်းချုပ် မျှော်လင့်ထားတဲ့အတိုင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်... တောင်နောက်ကျော မိုင်းတွင်းထဲက မိစ္ဆာ ယဇ်ပလ္လင်ကြီးကို အောင်မြင်စွာ ဖြိုဖျက်နိုင်ခဲ့ပါပြီ... အုတ်မြစ်ပါမကျန် တူးထုတ်လာခဲ့ပါတယ်...”

ကျန်းချန် ခေါင်းအနည်းငယ် ညိတ်လိုက်၏။ စုတ်ပြတ်သတ်နေသော်လည်း စိတ်ဓာတ်တက်ကြွနေသော တပည့်များကို ကြည့်ရင်း... မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားသည်။

'တကယ်ကြီး လုပ်နိုင်ခဲ့ကြတာလား...'

'ချီ စုစည်းမှု အဆင့် (၃) (၄) လောက်ပဲ ရှိပြီး... မန္တန်တောင် ကောင်းကောင်း မတတ်သေးတဲ့ လူသစ် အုပ်စုက... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် တိုက်ခိုက်စွမ်းရည် ရှိတဲ့ မိစ္ဆာ ယဇ်ပလ္လင် စိတ်ဆန္ဒကို... ဝိုင်းအုံပြီး ကြိတ်ချေနိုင်ခဲ့တယ်တဲ့လား...'

'စတုတ္ထကပ်ဘေး... တကယ်ပဲ သာမန် အသိဥာဏ်နဲ့ တိုင်းတာလို့ မရပါလား... ဒီကောင်တွေရဲ့ အလားအလာ (ဖျက်ဆီးနိုင်စွမ်း) က ငါ ထင်ထားတာထက် ပိုကြီးမားနေတယ်...'

“ကောင်းတယ်...”

ကျန်းချန်သည် တိုတိုတုတ်တုတ် ချီးကျူးလိုက်၏။ သူ့လေသံတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ဘာမှ မပါဝင်ချေ။

“တစ်ခုခု ရခဲ့ကြသလား...”

“ရတာပေါ့... ရတာပေါ့... ပစ္စည်းကောင်းတွေချည်းပဲ...”

ဝမ်သဲ့ဖာသည် ချက်ချင်း တက်ကြွလာပြီး ရတနာများကို ကြွားဝါပြသသကဲ့သို့ တစ်ခုချင်းစီ ထုတ်ပြတော့သည်။

ပထမဆုံး ထုတ်ပြလိုက်သော ပစ္စည်းမှာ စေးကပ်နေသော မိစ္ဆာ အကျိအချွဲ အမြုတေ ဖြစ်သည်။

ဖော်ပြရန် ခက်ခဲသော အချိုနံ့နှင့် အပုပ်နံ့ ရောနှောနေသည့် အနံ့ဆိုးကြီးသည် လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွား၏။

ကျန်းချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး... အသံမထွက်စေဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရသည်။... အော့အန်မိပြီး သိက္ခာကျမည် စိုးသဖြင့် ဝိညာဉ်စွမ်းအင် သုံး၍ အနံ့ခံအာရုံကို ပိတ်လိုက်ရ၏။

'ဒါ ဘာသောက်ရမ်း ရွံစရာ ကောင်းတဲ့ အရာကြီးလဲ... မိစ္ဆာအငွေ့အသက်တွေ စုနေတဲ့ ရွှံ့ပုပ်တုံးကြီးလား... ဘာတန်ဖိုးမှ မရှိဘူး... ဒီကောင်တွေ ဘာလို့ အမှိုက် မှန်သမျှ လိုက်ကောက်နေကြတာလဲ...'

နောက်ထပ် ထွက်လာသည်မှာ ငိုရှိုက်နေသော မိစ္ဆာအရိုး ဖြစ်သည်။ ထုတ်လိုက်သည်နှင့် အရိုးထဲမှ ခေါင်းကိုက်စေနိုင်လောက်သော စူးရှသည့် အသံဆိုးကြီး ထွက်ပေါ်လာ၏။

'ကျိုးပဲ့နေတဲ့ အဆင့်နိမ့် မှော်လက်နက်... ဆူညံသံ လုပ်တာကလွဲရင် ဘာမှ သုံးမရဘူး... အမှိုက်သရိုက် စစ်စစ်ပဲ...'

ကျန်းချန်သည် စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း... အပြင်ပန်းတွင်မူ ရှားပါးရတနာများကို စစ်ဆေးနေသကဲ့သို့ လျှို့ဝှက်နက်နဲသော အပြုံးတစ်ခုကို ထိန်းသိမ်းထားသည်။

နောက်ဆုံးတွင်... ဝမ်သဲ့ဖာသည် အဝတ်စုတ်ဖြင့် ထုပ်ပိုးထားသော နောက်ဆုံးပစ္စည်းကို ဂရုတစိုက် ထုတ်ယူလိုက်၏။ သွေးနီရောင် သလင်းကျောက် အပိုင်းအစ။

သလင်းကျောက်သည် လေဟာနယ်နှင့် ထိတွေ့လိုက်သည့် တစ်ခဏ၌...။

“ဝှစ်...”

ကျန်းချန်၏ ဦးနှောက်ထဲတွင် တာဝန်ပေးခါနီးမှသာ ပြန်လည် အသက်ဝင်လာလေ့ရှိပြီး ပုံမှန်အားဖြင့် သေချင်ယောင် ဆောင်နေတတ်သော စနစ် သည်... ရုတ်တရက် သမိုင်းတွင် တစ်ခါမှ မကြားဖူးလောက်အောင် စူးရှသော သတိပေးသံကြီးကို ထုတ်လွှတ်လိုက်တော့သည်။

[သတိပေးချက်.. သတိပေးချက်.. အန္တရာယ် မြင့်မားသော စွမ်းအင်အရင်းအမြစ်ကို တွေ့ရှိရပါတယ်..]

[ပစ်မှတ် အတည်ပြုချက်: ရှေးဟောင်း "သွေးမြစ်နီ မိစ္ဆာသခင်ကြီး" ၏ တံဆိပ်ခတ် အခင်းအကျင်း အူတိုင် အပိုင်းအစ (အလွန်အမင်း အန္တရာယ်များတယ်)..]

[သတိပေးချက်.. တံဆိပ်ခတ်မှု ပြင်းထန်စွာ ပျက်စီးနေပါတယ်. မိစ္ဆာသခင်ကြီးရဲ့ ဝိညာဉ်အကြွင်းအကျန် နိုးထမယ့် လက္ခဏာတွေ ပြသနေပါတယ်.. လက်ခံသူ... ချက်ချင်း အရေးယူ ဆောင်ရွက်ပါ..]

ကျန်းချန်၏ တည်ငြိမ်နေသော မျက်နှာထားသည် ထိုအခိုက်အတန့်၌ ပြိုလဲမတတ် ဖြစ်သွားသည်။ သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး နှလုံးခုန် ရပ်သွားမတတ် ဖြစ်သွားလေ၏။

'သောက်ကျိုးနည်း... ဘာကြီးလဲဟ...'

'သွေးမြစ်နီ မိစ္ဆာသခင်ကြီး... အဲ့ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်က အင်မော်တယ်လောက တစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့... ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ဆရာသခင် (၁၂) ယောက် ပေါင်းပြီးမှ တံဆိပ်ခတ်နိုင်ခဲ့တဲ့ ဒဏ္ဍာရီလာ မိစ္ဆာလမ်းစဉ် ဘိုးဘေးကြီး မဟုတ်ဘူးလား...'

'ငါ့အိမ် နောက်ဖေးက တောင်ကုန်းလေးထဲမှာ မြှုပ်ထားတာက... တကယ်တမ်းကျတော့ ဒီလောက် အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ တံဆိပ်ခတ် အခင်းအကျင်းကြီး ဖြစ်နေတာလား...'

'ပြီးတော့ ဒီ ဖြုန်းတီးရေးသမား တပည့်စုတ်တွေက... အဲ့ဒီ တံဆိပ်ခတ် အူတိုင်ကို ဂေါ်ပြားနဲ့ တကယ်ကြီး တူးထုတ်လာခဲ့ကြတယ်ပေါ့...'

ကျန်းချန်သည် ကျောက်တုံးကို ကိုင်ထားခြင်း မဟုတ်ဘဲ... အချိန်မရွေး ပေါက်ကွဲနိုင်ပြီး ကွေ့ယွမ်ဂိုဏ်းတင်မက မိုင်ထောင်ချီ ပတ်လည်ကိုပါ ပြာကျသွားစေနိုင်သည့် နျူကလီးယား ဗုံးတစ်လုံးကို ကိုင်ထားရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အော်ဟစ်ပြီး ဒီအာလူးပူကြီးကို နေရာမှာတင် လွှင့်ပစ်လိုက်ချင်စိတ်ကို တစ်ဘဝလုံး စုဆောင်းထားသော တည်ငြိမ်မှုများဖြင့် မနည်း ထိန်းချုပ်လိုက်ရ၏။

ကျန်းချန်.. လေကို ဝဝရှူသွင်းလိုက်ပြီး... ရင်တွင်းမှ မုန်တိုင်းကို အတင်း ဖိနှိပ်ကာ... အနည်းငယ် တုန်ယင်နေသော လက် (အင်္ကျီလက်ဖြင့် ဖုံးကွယ်ထားသည်) ကို ဆန့်ထုတ်လိုက်ပြီး... တတ်နိုင်သမျှ တည်ငြိမ်သော၊ အနည်းငယ်ပင် အထင်သေးသော လေသံဖြင့် ပြောလိုက်၏။

“ဒီပစ္စည်းက... လက်ခံနိုင်စရာ ရှိပါတယ်... သမိုင်းကြောင်း အနည်းငယ် ရှိပေမယ့် မိစ္ဆာသဘာဝ လွန်ကဲနေတယ်... ငါ ခေတ္တ သိမ်းဆည်းထားပြီး သန့်စင်ဖို့ လေ့လာကြည့်လိုက်မယ်...”

ပြောပြောဆိုဆိုပင်... သူသည် မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် သလင်းကျောက်ကို ဆွဲယူလိုက်ပြီး... တစ်စက္ကန့်လေး နောက်ကျသွားလျှင် ပေါက်ကွဲသွားမှာ စိုးရိမ်သကဲ့သို့... စနစ်၏ အနက်ရှိုင်းဆုံး နေရာထဲသို့ တိုက်ရိုက် ပစ်ထည့်ပြီး သီးသန့် ခွဲထားလိုက်တော့သည်။

“မင်းတို့ရဲ့ စွမ်းဆောင်မှု အတွက်ကတော့...”

အောက်ဘက်မှ မျှော်လင့်ချက် အပြည့်ဖြင့် တောက်ပနေသော မျက်လုံးစိမ်းများကို ကြည့်ရင်း... ကျန်းချန်သည် အကုန်ပုံအောလိုက်မှ ဖြစ်တော့မည်ကို သိလိုက်၏။ ဒီ ပြဿနာကောင်တွေကို ထိန်းချုပ်ဖို့၊ ပြီးတော့ မကြာမီ ကျရောက်လာတော့မည့် (သူ နိမိတ်ဖတ်မိနေသော) အကျပ်အတည်းကို ရင်ဆိုင်နိုင်ဖို့ တွန်းအားပေးရမည်။

“ဒီ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပည့်တိုင်းကို... ဂိုဏ်း ဂုဏ်ပြုမှတ် (၂၀၀၀) စီ ချီးမြှင့်မယ်...”

“ဒါ့အပြင်... သိုင်းကျမ်းတိုက် ပထမထပ်က 'ဓာတ်ကြီးငါးပါး အခြေခံ မန္တန်' အားလုံးကို... အခုချက်ချင်း လဲလှယ်ခွင့် ပေးလိုက်မယ်...”

“ဝေး...”

ရင်ပြင် တစ်ခုလုံး အောင်ပွဲခံ အော်ဟစ်သံများဖြင့် ပေါက်ကွဲသွားတော့၏။

“ဂုဏ်ပြုမှတ် ၂၀၀၀ တဲ့... ငါ သူဌေးဖြစ်ပြီဟေ့... ငါ့ရဲ့ မီးကျည်ဆန် မန္တန်ကြီး သေချာသွားပြီ...”

“စကေး အသစ် သင်လို့ရပြီ... ငါ 'မြေစိုက်အငြောင့် မန္တန်'သင်မယ်...တွင်းတူးတော့မယ်...”

“ဂိုဏ်းချုပ်ကြီးက သောက်ရမ်း မိုက်တာပဲ... ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ... ကွေ့ယွမ်ဂိုဏ်း လောကကို အုပ်စိုးပါစေ...”

ကစားသမားများသည် ပျော်ရွှင်မှုထဲတွင် နစ်မြောနေကြသဖြင့်... သူတို့ ဂိုဏ်းချုပ်ကြီး၏ အပြုံးသည် ငိုမဲ့မဲ့ ဖြစ်နေကြောင်းနှင့်... နဖူးပေါ်တွင် ချွေးစေးများ သီးနေကြောင်းကို လုံးဝ (လုံးဝ) သတိမထားမိလိုက်ကြချေ။

---

တစ်ချိန်တည်းမှာပင်... မိုင်ရာပေါင်းများစွာ ဝေးကွာသော လျူယွမ်ဈေးတန်း၌။

တူပေါင် ရတနာဂေဟာ၏ အပေါ်ဆုံးထပ်ရှိ လျှို့ဝှက်ခန်း အတွင်း။ အလင်းရောင် မှိန်ဖျော့နေပြီး လေထုသည် အသက်ရှူကျပ်လောက်အောင် ဖိစီးနေသည်။

ပြီးခဲ့သော "အမှိုက် စွန့်ပစ်ပွဲ" ကြီးကို လွဲချော်ခဲ့ရသဖြင့် ယခုတိုင် နာကျည်းနေဆဲဖြစ်သော မျက်နှာထား မည်းမှောင်နေသည့် အကြီးအကဲ ဟွမ်သည်... လက်အောက်ငယ်သားများ၏ သတင်းပို့မှုကို နားထောင်နေ၏။

“အကြီးအကဲကို သတင်းပို့ပါတယ်... အတည်ပြုလို့ ရပါပြီ...”

ကင်းထောက်သည် မြေကြီးပေါ်တွင် ဒူးထောက်လျက် အသံ ခပ်အုပ်အုပ်ဖြင့် လျှောက်တင်လိုက်သည်။

“အဲ့ဒီ လူအုပ်စုက... 'ကွေ့ယွမ်ဂိုဏ်း' လို့ ခေါ်တဲ့ ဂိုဏ်းသေးသေးလေး တစ်ခုကပါ... ချန်ဝူ တောင်တန်း အစွန်အဖျားက လူသူအရောက်အပေါက် နည်းတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိပါတယ်... ပုံမှန်ဆို ဘယ်သူမှ ဂရုမစိုက်တဲ့ နေရာပါ...”

“ဒေသခံ လွတ်လပ်တဲ့ ကျင့်ကြံသူတွေ ပြောပြချက်အရဆိုရင်... ဒီဂိုဏ်းက ပြိုကွဲမတတ် ဖြစ်နေပြီး... တောင်တံခါးဝတောင် ပြိုကျတော့မယ့် အခြေအနေပါတဲ့... ဒါပေမဲ့ မကြာသေးခင်ကမှ ဘာအကြောင်းကြောင့်မှန်းမသိ... ရူးသွပ်ပြီး အကြောက်အလန့် မရှိတဲ့ တပည့်တွေ အများကြီး ရုတ်တရက် ပေါ်ထွက်လာတာပါ...”

“ပြီးတော့...”

ကင်းထောက်သည် စကားကို ခေတ္တရပ်လိုက်ပြီး... ပုံရိပ်ဖော် ကျောက်တုံး တစ်ခုကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ပေးအပ်လိုက်၏။

“ဒါက သူတို့ ဈေးတန်းကနေ ထွက်သွားပြီးနောက်... သူတို့ ဈေးခင်းခဲ့တဲ့ နေရာကနေ ကောက်ယူရရှိခဲ့တဲ့ 'ကျန်ရစ်နေသော သတင်းအချက်အလက်' အချို့ပါ... အကြီးအကဲ ရှုစားပါခင်ဗျာ...”

အကြီးအကဲ ဟွမ်သည် ကျောက်တုံးကို ယူလိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။

နောက်တစ်စက္ကန့်တွင်... သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ... လောဘနှင့် ရက်စက်သော အလင်းရောင်များ တောက်ပလာပြီး အသက်ရှူသံများပင် မြန်ဆန်လာတော့၏။

“ဒီ သတင်းအချက်အလက်က...”

“ယှဉ်ပြိုင်ဖက် ကင်းမဲ့လောက်အောင် သန့်စင်တဲ့ ရှေးဟောင်း မိစ္ဆာ အနှစ်သာရ... ပြီးတော့... အရမ်းကို ဖျော့တော့နေပေမယ့်... အဆင့်မြင့်လွန်းတဲ့ တံဆိပ်ခတ် အငွေ့အသက် တစ်ခု...”

အကြီးအကဲ ဟွမ်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ရာ လက်ထဲမှ ကျောက်စိမ်း သစ်ကြားသီးသည် ချက်ချင်း အမှုန့်ဖြစ်သွား၏။

“ဟားဟားဟား... ကောင်းကင်ဘုံက ငါ့ကို ကူညီတာပဲ... တကယ်ကို ကောင်းကင်ဘုံက ကူညီတာပဲ...”

“ငါ ထင်သားပဲ... အဲ့ဒီလို နတ်ဘုရား စွန့်ထားတဲ့ ခေါင်ခိုက်နေတဲ့ နေရာမှာ အရင်းအမြစ်တွေ ဘယ်လိုလုပ် အများကြီး ပေါ်လာမလဲလို့... သူတို့က ရှေးဟောင်း မိစ္ဆာကျင့်ကြံသူ တစ်ယောက်ရဲ့ အပျက်အစီး ..ဒါမှမဟုတ် လျှို့ဝှက်နယ်မြေ တစ်ခုကို ကံကောင်းထောက်မစွာ ရှာတွေ့သွားတာပဲ ဖြစ်ရမယ်...”

“ပြီးတော့ သူတို့ ပုံစံကို ကြည့်ရတာ... ဘယ်လို အသုံးချရမလဲ ဆိုတာကို လုံးဝ နားမလည်ကြဘူး... ဒီလောက် တန်ဖိုးရှိတဲ့ မိစ္ဆာလမ်းစဉ် ပစ္စည်းတွေကို... ဈေးတန်းမှာ အမှိုက်လို သဘောထားပြီး ရောင်းပစ်လိုက်ကြတယ်တဲ့လား... နှမြောစရာ ကောင်းလိုက်တာကွာ...”

အကြီးအကဲ ဟွမ်၏ မျက်နှာသည် ယုတ်မာသော အပြုံးတစ်ခုဖြင့် တွန့်ကွေးသွား၏။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီး... သက်တမ်းကုန်ဆုံးတော့မည့် ကျင့်ကြံသူ တစ်ဦးအနေဖြင့်... သူသည် အဆင့်တက်လှမ်းနိုင်မည့် မည်သည့် အခွင့်အရေးကိုမဆို ရူးသွပ်စွာ တပ်မက်နေသူ ဖြစ်သည်။ မိစ္ဆာလမ်းစဉ် အခွင့်အလမ်း ဖြစ်နေရင်တောင်မှ သူ လက်လွှတ်ခံမည် မဟုတ်ပေ။

“အမိန့်ပေးလိုက်...”

အကြီးအကဲ ဟွမ်၏ အသံသည် ရေခဲတမျှ အေးစက်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်‌နေ၏။

“မိသားစုရဲ့ အမှောင်အစောင့်တပ်ဖွဲ့ ထဲက ထိပ်တန်း အဖွဲ့ဝင်တွေ အကုန်လုံးကို စုစည်းလိုက်... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိတဲ့ အိမ်တော်ထိန်း (၃) ယောက်ကိုပါ ခေါ်သွား... ဈေးတန်းက တခြားလူတွေကို အသိမပေးစေနဲ့...”

“ဒီညပဲ ထွက်မယ်... အမြန်ဆုံးနှုန်းနဲ့ သွားမယ်... ပန်းတိုင်က... ကွေ့ယွမ်ဂိုဏ်း...”

“ဒီ အသုံးမကျတဲ့ကောင်တွေက ဒီအခွင့်အရေးကို မထိန်းသိမ်းနိုင်မှတော့... ငါက သူတို့အစား ယူပေးရမှာပေါ့... မှတ်ထား... တစ်ယောက်မှ အရှင်မထားနဲ့...”

မုန်တိုင်းတစ်ခု စတင် ဖြစ်ပေါ်နေ‌လေပြီ။ ကွေ့ယွမ်ဂိုဏ်းကို မျိုးဖြုတ်သတ်ဖြတ်ရန် ရည်ရွယ်ထားသော အကျပ်အတည်းကြီးသည် တိတ်တဆိတ် နီးကပ်လာနေသည်။

ထိုအချိန်တွင်... ကစားသမားများသည် ဘယ်စွမ်းရည်ကို အရင်သင်ယူရမလဲ ဟူသော ကိစ္စဖြင့် ရင်ပြင်ထဲတွင် အသည်းအသန် ငြင်းခုံနေကြဆဲ ဖြစ်ပြီး... ကျရောက်လာတော့မည့် မုန်တိုင်းကြီးကို လုံးဝ (လုံးဝ) သတိမထားမိကြသေးချေ။

အခန်း (၆၅) - စစ်ပြင်ခြင်း .. ဆာဗာ တစ်ခုလုံးဆိုင်ရာ ကြေညာချက်... လူသားပုံစံ မွန်းစတားများဖြင့် မြို့သိမ်းတိုက်ပွဲကြီး စတင်တော့မည်

~နေ့လယ်ခင်း အချိန်ကာလ။ ကွေ့ယွမ်ဂိုဏ်း ပင်မနန်းဆောင် အတွင်း။

အပြင်ဘက်တွင် နေရောင်ခြည်များ တောက်ပစွာ ဖြာကျနေသော်လည်း ပင်မနန်းဆောင်၏ တံခါးကြီးများမှာမူ တင်းကျပ်စွာ ပိတ်ထားလျက် ရှိ၏။ ရင်ပြင်တော်မှ ဆူညံပွက်လောရိုက်နေသော အသံဗလံများနှင့် လုံးဝ ကင်းကွာလျက် ရှိ၏။ နန်းဆောင်အတွင်း၌ အလင်းရောင် မှိန်ဖျော့နေပြီး အသက်ရှူကျပ်လောက်အောင် လေးလံသော ဖိအားတစ်ရပ် လွှမ်းခြုံထား၏။

ဂိုဏ်းချုပ် ကျန်းချန်သည် နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ဂိုဏ်းချုပ်ပလ္လင်ထက်တွင် တစ်ကိုယ်တည်း ထိုင်နေသည်။ ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ခန့်မှန်းရခက်သော သူ၏ မျက်နှာသည် ယခုအခါ အပြင်ဘက်မှ နေရောင်ခြည်ထက်ပင် ပိုမို ဖြူဖပ်ဖြူရော် ဖြစ်နေ၏။... နဖူးပြင်ထက်တွင် အေးစက်သော ချွေးသီးချွေးပေါက်များ စီးကျနေတော့သည်။

သူ့ရှေ့တွင် သူတစ်ဦးတည်းသာ မြင်တွေ့နိုင်သော တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နိုင်သည့် 'စနစ် မျက်နှာပြင် တစ်ခု ပေါ်နေ၏။ ထိုမျက်နှာပြင်၏ အလယ်ဗဟိုရှိ [ဂိုဏ်း ပတ်ဝန်းကျင် ခြိမ်းခြောက်မှု စကင်န်ဖတ် ရေဒါ] တွင်... စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသော အနီရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး အရေးပေါ် အချက်ပေးသံများ တိတ်ဆိတ်စွာ ထွက်ပေါ်နေသည်။

ရေဒါ၏ အစွန်းတစ်ဖက်တွင်... ရန်သူ့တပ်ဖွဲ့များကို ကိုယ်စားပြုသော ထူထပ်သိပ်သည်းသည့် အနီရောင် အစက်အပြောက် အစုအဝေးကြီး တစ်ခုသည် သွေးနံ့ရထားသော ငါးမန်းအုပ်ကြီးပမာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ကွေ့ယွမ်ဂိုဏ်းဆီသို့ ဦးတည်ရွေ့လျားလာနေ၏။

[အဆင့်မြင့် သတိပေးချက်..အကြီးစား ရန်သူ့ကျူးကျော်မှု တွေ့ရှိရပါတယ်..]

[ခန့်မှန်းခြေ ရန်သူ့အင်အား: အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၃) ဦး..]

[ချီ စုစည်းမှု အဆင့် (နှောင်းပိုင်း): (၂၀) ဦး..]

[ချီ စုစည်းမှု အဆင့် (အလယ်အလတ်): (၅၀) ဦး..]

[ခန့်မှန်းခြေ ရောက်ရှိချိန်: နောက်ထပ် (၂) နာရီ အကြာ..]

မျှော်လင့်ချက်မဲ့စေသော ဤ အင်အားနှိုင်းယှဉ်ချက် ဒေတာများကို ကြည့်ရင်း... ကျန်းချန်သည် ရေခဲတုံးကြီး တစ်တုံးကို မျိုချလိုက်ရသကဲ့သို့ ဝမ်းဗိုက်ထဲမှနေ၍ တဆတ်ဆတ် တုန်ယင်လာ၏။

“အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၃) ယောက်တောင်... ပြီးတော့ ချီ စုစည်းမှု အဆင့်မြင့် ကျင့်ကြံသူ (၂၀) ကျော်တဲ့လား...”

သူသည် ရွှေအမြုတေ အဆင့် ဘိုးဘေးကြီးအဖြစ် ဟန်ဆောင်ထားသော်လည်း လက်တွေ့တွင် 'ချီ စုစည်းမှု အဆင့်' အထွတ်အထိပ်သာ ရှိသေးသော သူ၏ ခန္ဓာကိုယ် ဗလာကြီးကို ပြန်ငုံ့ကြည့်လိုက်မိသည်။ ထို့နောက် အပြင်ဘက် ရင်ပြင်တော်တွင် မီးလုံးသေးသေးလေးလောက်သာ ပစ်တတ်သေးသည့်၊ ပျမ်းမျှအားဖြင့် 'ချီ စုစည်းမှု အဆင့် (၄)' မျှသာ ရှိသေးသော တုံးအအ တပည့်ကျော်များကို တွေးလိုက်မိ၏။

“ဒါကို ဘယ်လို တိုက်ရမှာလဲ... ခေါင်းနဲ့ တိုက်ရမှာလား... ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ...”

ကျန်းချန်သည် ကိုက်ခဲနေသော နားထင်များကို လက်ဖြင့် ဖိနှိပ်လိုက်သည်။ အခွင့်အရေး အနည်းငယ်လောက် ရှိလျှင်ပင် ပစ္စည်းပစ္စယများကို သိမ်းဆည်းပြီး ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေမိ၏။ သို့သော် သူ၏ စနစ် နေရာလွတ်ထဲတွင် မီးတောက်သကဲ့သို့ ပူလောင်နေသော [သွေးမြစ်နီ မိစ္ဆာသခင်ကြီး၏ တံဆိပ်ခတ် အူတိုင် အပိုင်းအစ] ကို လှမ်းကြည့်လိုက်မိသည်။ ဒီပစ္စည်းကြီးကို ယူပြီး ထွက်ပြေးရခြင်းသည် ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။

“ခုခံကာကွယ်ရုံပဲ ရှိတော့တယ်... ငါတို့ရဲ့ အိမ်ကွင်း အားသာချက်ကို ယူရမယ်... 'ဂိုဏ်း ကာကွယ်ရေး မဟာအခင်းအကျင်း' (Mountain Protecting Grand Array) ကို သုံးရမယ်... ပြီးတော့... ဟို ထူးထူးဆန်းဆန်း နိုင်လှတဲ့ စတုတ္ထကပ်ဘေး ကစားသမားတွေကို အသုံးချရမယ်...”

ကျန်းချန်သည် လေကို ဝဝရှူသွင်းလိုက်ရာ သူ၏ မျက်လုံးများတွင် တည်ငြိမ်သော (နှင့် ကောက်ကျစ်သော) အရောင်များ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာ၏။

“စစ်သည်ကို ရက်တစ်ထောင် မွေးထားတာ... တစ်ရက်တည်း အသုံးပြုဖို့ပဲလေ... ငါ့ရဲ့ ချစ်လှစွာသော တပည့်ကျော်တို့... မင်းတို့ရဲ့ စစ်မှန်တဲ့ တန်ဖိုး (အမြောက်စာ ဖြစ်ခြင်း) ကို ပြသရမယ့်အချိန် ရောက်လာပြီ...”

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး [ဂိုဏ်းတစ်ခုလုံးဆိုင်ရာ အရေးပေါ် တာဝန် ထုတ်ပြန်မည်] ဟူသော ခလုတ်ကို လေးလေးပင်ပင် ဖိနှိပ်လိုက်တော့သည်။

---

ကွေ့ယွမ်ဂိုဏ်း ပင်မနန်းဆောင် အရှေ့ ရင်ပြင်တော်။

ရင်ပြင်တစ်ခုလုံးသည် အေးချမ်းပြီး စည်ကားနေ၏။ စွမ်းရည်သစ်များ သင်ယူထားကြသော ကစားသမားများသည် နေရာအနှံ့တွင် ကြွားဝါပြသနေကြပြီး အချင်းချင်း ရေတွေဖြင့် ပက်လိုက်၊ မြေကြီးခဲတွေဖြင့် ပေါက်လိုက် လုပ်နေကြသည်။

ထိုအချိန်၊ ထိုအခိုက်အတန့်၌...။

“ဒုန်း.... ဒုန်း.... ဒုန်း....”

သမိုင်းတွင် တစ်ခါမှ မကြားဖူးလောက်အောင် လေးလံပြီး အရေးတကြီး ဆန်လှသော ခေါင်းလောင်းထိုးသံ (၃) ချက်သည် ကွေ့ယွမ်ဂိုဏ်း တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုအသံတွင် ရင်ကို ဒိန်းခနဲ ဖြစ်သွားစေသော အရေးပေါ် အငွေ့အသက်များ ပါဝင်နေပြီး... ရင်ပြင်မှ ဆူညံသံများ အားလုံးကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။

ကစားသမား အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ပင်မနန်းဆောင် ရှိရာဘက်သို့ မျက်လုံးအပြုသားဖြင့် မော့ကြည့်လိုက်ကြသည်။

ရုတ်တရက်ဆိုသလိုပင်... ဧရာမ သွေးနီရောင် အလင်းတန်းကြီး တစ်ခုသည် ပင်မနန်းဆောင် အပေါ်ဘက်မှ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ အလင်းတန်း အတွင်း၌ သွေးစွန်းနေသော ကြီးမားသည့် စာလုံးကြီးများသည် စူးရှသော အချက်ပေးသံများနှင့်အတူ ဖြည်းညှင်းစွာ ပေါ်ထွက်လာတော့သည်။

[ဆာဗာ တစ်ခုလုံးသို့ အရေးပေါ် ကြေညာချက်.. ကြီးမားသော ဒေသတွင်း အီဗင့် ကို စတင်လိုက်ပြီ..]

[အီဗင့် အမည်: ဂိုဏ်း ကာကွယ်ရေး စစ်ပွဲ - မိုးမှောင်ကျခြင်း..]

[နောက်ခံ ဇာတ်လမ်း: ကျွန်ုပ်တို့ ဂိုဏ်း၏ ရတနာများကို မက်မောနေကြသော လောဘကြီးသည့် ပြင်ပလူတစ်စုသည် ကြီးမားသော စစ်တပ်ကြီးကို စုစည်းပြီး ကျူးကျော်လာတော့မည်.. ကျွန်ုပ်တို့၏ အမိမြေ (နှင့် ပြန်လည်ရှင်သန်ရာ နေရာကို ကာကွယ်ရန်အတွက် လက်နက်စွဲကိုင်ပြီး စစ်ပြင်ကြလော့..]

[တာဝန် ပန်းတိုင်: ကျူးကျော်လာသော ရန်သူ အားလုံးကို မောင်းထုတ်ပါ.. ဂိုဏ်း၏ ကာကွယ်ရေး အခင်းအကျင်းကို ကာကွယ်ပါ..]

[တာဝန် ဆုလာဘ်များ: ကြီးမားသော အတွေ့အကြုံ ရမှတ်များ.. ကြီးမားသော ဂုဏ်ပြုမှတ် ပမာဏ.. ရန်သူ့ ပစ္စည်းကိရိယာ အစုံလိုက်နှင့် သိုလှောင်အိတ်များ ကျဆင်းနိုင်ခြေ အလွန် မြင့်မားသည်..]

[အထူး မှတ်ချက်: အီဗင့် ကာလအတွင်း သေဆုံးမှု ပြစ်ဒဏ် ကို ထက်ဝက် လျှော့ချပေးမည်.. ပြန်လည်ရှင်သန်ချိန်ကို (၁၀) စက္ကန့်အထိ လျှော့ချပေးမည်..]

ရင်ပြင်တစ်ခုလုံး (၃) စက္ကန့်တိတိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

နောက်ဆုံးတွင်... ဘယ်သူမှန်း မသိသော လူတစ်ယောက်က တုန်ယင်နေသော အသံဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

“ဘုရား... ရေ...”

ထို့နောက် ချက်ချင်းပင် ရင်ပြင်တစ်ခုလုံး မီးတောင်ပေါက်ကွဲသကဲ့သို့ ပွက်လောရိုက်သွားတော့သည်။ ကြောက်ရွံ့ခြင်း မရှိ... ထိတ်လန့်ခြင်း မရှိ... ကာလကြာရှည် ဖိနှိပ်ထားခဲ့သော၊ ပုံမှန် မဟုတ်လောက်အောင် ရူးသွပ်သော ပျော်ရွှင်မှုကြီး ပေါက်ကွဲထွက်လာခြင်းသာ ဖြစ်၏။

“ဝိုး... လူသားပုံစံ မွန်းစတားဟေ့... မြို့သိမ်းတိုက်ပွဲကြီးကွ... ဂိမ်းထုတ်လုပ်သူတွေက နောက်ဆုံးတော့ အီဗင့်ကြီးတစ်ခု ထုတ်ပေးလိုက်ပြီ...”

“ရန်သူ့ အီကွစ် အစုံလိုက်နဲ့ သိုလှောင်အိတ်တွေ ဒရော့မယ်တဲ့လား... တကယ်ကြီးလား... ငါ အန်ပီစီတွေ ဝတ်ထားတဲ့ အဝတ်အစားတွေကို အားကျနေတာ ကြာပြီကွ...”

“သေဆုံးမှု ပြစ်ဒဏ် ထက်ဝက် လျှော့ပေးမယ်... ပြန်ရှင်ချိန် (၁၀) စက္ကန့်တဲ့... ညီအစ်ကိုတို့... ဒါ အလကားရတဲ့ အခွင့်အရေးပဲ... ဂိမ်းကုမ္ပဏီက ငါတို့ကို 'သေမင်းခံတပ် ဗျူဟာ' သုံးဖို့ အားပေးနေတာပဲ...”

ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' သည် ရုတ်တရက် သူ့ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီး လက်မောင်းကို မြှောက်ကာ အော်ဟစ်လိုက်၏။

“လူစုကြဟေ့... ရွှံ့တွေ ရေတွေနဲ့ ဆော့မနေကြနဲ့တော့... ငါတို့ အလုပ်ကြီး တစ်ခု လုပ်ရတော့မယ်...”

“တိုက်ခိုက်ရေး အဖွဲ့တွေ... ငါ့နောက်လိုက်ခဲ့... တောင်တံခါးဝကို သွားပိတ်မယ်... ထောက်ပံ့ရေး အဖွဲ့တွေ... ထောင်ချောက်တွေ၊ ရိက္ခာတွေ ပြင်ဆင်ထားကြ... ဒီတစ်ခေါက် ငါတို့ ဓားပြ အကြီးကြီး တိုက်ကြမယ်...”

ပင်မနန်းဆောင်၏ စင်မြင့်ထက်တွင်... ကျန်းချန်သည် အောက်ဘက်မှ ဝံပုလွေများအလား အော်ဟစ်ကြွေးကြော်ကာ "ဧည့်သည်တော်များကို ကြိုဆိုရန်" တောင်တံခါးဝနှင့် ကုန်လှောင်ရုံဆီသို့ ပြေးလွှားသွားကြသော တပည့်ကျော်များကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

'မင်းတို့ကောင်တွေ... ရန်သူ့လက်ချက်နဲ့ အမှုန့်ကြိတ်ခံရတဲ့ အချိန်ကျရင်လည်း... အခုလို ရယ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်…’

အခန်း (၆၆) - မုန်တိုင်းအတွက် ပြင်ဆင်ခြင်း ..ပြဿနာရှာတဲ့ နေရာမှာတော့ ငါတို့က ပါရဂူတွေပါ…

~ကွေ့ယွမ်ဂိုဏ်း... တောင်တံခါးဝမှသည် ရင်ပြင်တော် ဧရိယာအထိ။

စစ်ပွဲစတင်ရန် ရေတွက်နေသော အချိန်... (၁) နာရီခွဲတိတိ လိုပါတော့သည်။

ယခုအချိန်၌ ကွေ့ယွမ်ဂိုဏ်းသည် အလုပ်ရှုပ်နေသော ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး တစ်ခုနှင့် ဓာတုဗေဒ စက်ရုံကြီး တစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့၏။

ကြီးမားသော အကျိုးအမြတ် (ရန်သူ့ထံမှ ပစ္စည်းများ ကျဆင်းနိုင်ခြေ) နှင့် အလွန်အမင်း သက်သာသော ရာဇဝတ်မှု ကျူးလွန်စရိတ် (၃ စက္ကန့်အတွင်း ပြန်လည်ရှင်သန်နိုင်ခြင်း) တို့၏ တွန်းအားပေးမှုကြောင့်... လူ (၁၀၀) ကျော်သည် အံ့မခန်း လှုပ်ရှားမှုများနှင့် တီထွင်ဖန်တီးနိုင်စွမ်းများကို ထုတ်ဖော်ပြသနေကြ၏။

သူတို့၏ အနေအထားကို သူတို့ ကောင်းစွာ သိကြသည်။

ထိပ်တိုက် ရင်ဆိုင်ကြမလား... ရယ်စရာတွေ မပြောစမ်းပါနှင့်။

ထို့ကြောင့် သူတို့၏ ပင်မ စစ်ဆင်ရေး ဒဿနကို စကားလုံး တစ်လုံးတည်းဖြင့် အနှစ်ချုပ်၍ ရနိုင်ပေသည်။

"ညစ်ပတ်ခြင်း"

---

[ပထမ စစ်မျက်နှာ - "အဆိပ်သင့် ဆေးဖော်စပ်သူများ" ဇီဝလက်နက် ထုတ်လုပ်ရေး အဖွဲ့]

ရင်ပြင်၏ ထောင့်တစ်နေရာတွင်... ကြီးမားသော ဒယ်အိုးမည်းကြီး (၁၀) လုံးခန့်သည် မီးတောက်များအကြားတွင် တည်ရှိနေသည်။

'ဇီဝဗေဒ ခွေးပေါက်လေး' နှင့် စားဖိုမှူး 'ကျောက်ကပ်ကြော်' တို့ ဦးဆောင်သော လူနေမှုဘဝ စတိုင်လ် ကစားသမားများသည် ရူးသွပ်ဖွယ်ရာ "ဓာတုဗေဒ စမ်းသပ်မှုများ" ကို ပြုလုပ်နေကြခြင်း ဖြစ်ချေ၏။

သူတို့သည် ကုန်လှောင်ရုံထဲတွင် ပုံထားသော အမှိုက်များနှင့် အဆိပ်ဆေးလုံးများ အားလုံးကို ဒယ်အိုးထဲသို့ ပစ်ထည့်ပြီး ကြိတ်ချေလိုက်ကြသည်။ အသက်ရှူကျပ်လောက်အောင် ထူးဆန်းသော အနံ့ဆိုးကြီးသည် လေထုထဲတွင် ပျံ့နှံ့သွား၏။

သို့သော် ဒါနှင့် မလုံလောက်သေးပေ။

“ကော်စေး ဘယ်မှာလဲ... ဒီအဆိပ်မှုန့်တွေက ရန်သူ့ကိုယ်ပေါ်မှာ ကပ်နေပြီး ပြုတ်မကျသွားအောင် လုပ်ရမှာကွ...”

'ကျောက်ကပ်ကြော်' သည် တဟီးဟီး ရယ်မောလိုက်ပြီး... ကြီးမားသော နှပ်ချေးအမည်းတုံးကြီးနှင့် တူသည့် အသက်ရှိသော မိစ္ဆာ အကျိအချွဲ အမြုတေကို ဆွဲထုတ်လိုက်၏။

သူသည် တွေဝေခြင်း အလျဉ်းမရှိဘဲ ထို ဖော်ပြရန်ခက်ခဲသော အရာဝတ္ထုကြီးကို ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်တော့သည်။

“ပလွတ်... ပလွတ်...”

ချက်ချင်းပင် ထူထဲသော အစိမ်းရောင် မီးခိုးလုံးကြီးများသည် ဒယ်အိုးကြီးများထဲမှ လှိမ့်ထွက်လာသည်။ အသည်းအသန် မွှေနှောက်ပြီးနောက်... စေးကပ်ပြီး မည်းနက်သော၊ အစိမ်းရောင် သမ်းနေသည့်၊ အနံ့ဆိုး ထွက်နေသော "ဇီဝ အဆိပ်ရည်" များ အဆင်သင့် ဖြစ်သွားတော့၏။

သူတို့သည် ထိုအဆိပ်ရည်များကို မြေအိုးများထဲသို့ ထည့်လိုက်ကြပြီး... ကွေ့ယွမ်ဂိုဏ်း၏ ဒေသထွက်ကုန် အမှတ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ကြသည်။

"အသက်နုတ်ယူမည့် ဇီဝလက်ပစ်ဗုံး သုံးထောင်"

---

[ဒုတိယ စစ်မျက်နှာ - "အခြေခံအဆောက်အအုံ ရူးသွပ်သူများ" ထောင်ချောက် တည်ဆောက်ရေး အဖွဲ့]

တောင်တံခါးဝ အနီးရှိ ဧရိယာသည် ကြီးမားသော တရားမဝင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ဖြစ်လာ၏။ 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' ဦးဆောင်သော ကစားသမား (၅၀) ကျော်သည် ချွေးတလုံးလုံးဖြင့် အလုပ်ကြိုးစားနေကြသည်။

တောင်တံခါးဝသို့ ဦးတည်နေသော တစ်ခုတည်းသော တောင်လမ်းလေးသည် လုံးဝ (လုံးဝ) တိုက်စားခံလိုက်ရတော့၏။ အချင်း တစ်မီတာ၊ အနက် နှစ်မီတာခန့် ရှိသော တွင်းပေါင်းများစွာကို နေရာအနှံ့ တူးဆွထားကြသည်။ တွင်းများ၏ အောက်ခြေတွင်မူ ချွန်ထက်အောင် သွေးထားသော တိရစ္ဆာန် အရိုးများနှင့် သံတိုသံစများကို စိုက်ထူထားကြလေ၏။

သေစေနိုင်စွမ်း (နှင့် ရွံရှာဖွယ်ကောင်းမှု) ကို တိုးမြှင့်ရန်အတွက်... သူတို့သည် မစင်များနှင့် "ဇီဝ အဆိပ်ရည်" များကိုပါ တွင်းထဲသို့ လောင်းထည့်ထားကြသေးသည်။

“ဒါကို... 'တစ်လှမ်းလှမ်းတိုင်း မိုင်းတစ်လုံး... တစ်လှမ်းလှမ်းတိုင်း ရင်တုန်စေရမယ်' လို့ ခေါ်တယ်...”

ကစားသမားများသည် သူတို့ ဖန်တီးထားသော "အနံ့ဆိုးထွက်သည့် ထောင်ချောက်" ကို ကြည့်ပြီး အလွန် ကျေနပ်နေကြ၏။

တွင်းတူးရုံသာမက... သူတို့သည် "အသံလှိုင်း လက်နက်" ကိုပါ တီထွင်ထားကြသေး၏။

စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု နောက်ခံဂီတ ပါဝင်သော ငိုရှိုက်နေသော မိစ္ဆာအရိုးကို တောင်တံခါးဝရှိ သစ်ပင်ကောက်ကောက် တစ်ပင်ပေါ်တွင် ချိတ်ဆွဲထားလိုက်ရာ... လေတိုက်လိုက်တိုင်း နားအူစရာ ကောင်းသော စူးရှသည့် အသံဆိုးကြီး ထွက်ပေါ်နေတော့သတည်း။

---

[တတိယ စစ်မျက်နှာ - ပုန်းအောင်း ချောင်းမြောင်း တိုက်ခိုက်ရေး အဖွဲ့]

ကျန်ရှိနေသော တိုက်ခိုက်ရေးသမားများသည် 'ကောင်းကင်ခွင်း ဓားတစ်လက်' ၏ ဦးဆောင်မှုအောက်တွင် တောင်လမ်းဘေး ဝဲယာရှိ ကျောက်တုံးများနှင့် သစ်ပင်များပေါ်သို့ တက်ရောက် ပုန်းအောင်းနေကြသည်။ သူတို့တစ်ဦးစီသည် ထုံးမှုန့် ပါဝင်သော အိတ်တစ်လုံးနှင့် ချွန်ထက်သော တုတ်ချောင်းတစ်ချောင်းကို ကိုင်ဆောင်ထားကြ၏။

“ငါ အကုန် မှတ်မိနေပြီ...”

'ကောင်းကင်ခွင်း ဓားတစ်လက်' သည် နောက်ဆုံးအနေဖြင့် စိတ်ဓာတ်မြှင့်တင်ရေး စကား ပြောကြားလိုက်၏။

“ငါတို့က ထိပ်တိုက်ရင်ဆိုင်လို့ နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် အလစ်ဝင်တိုက်တာကိုပဲ အဓိက ထားမယ်... အောက်ပိုင်း ကို ပစ်မှတ်ထားမယ်... ထုံးမှုန့်နဲ့ ပက်မယ်... ကျောက်ကပ်ကို ထိုးမယ်... ထိတာနဲ့ ပြေးမယ်... ဘယ်သူမှ ကြာကြာ နေမနေခဲ့နဲ့...”

---

ပင်မနန်းဆောင်၏ မြင့်မားသော စင်မြင့်ထက်တွင်မူ...။

ကျန်းချန်သည် အဆိပ်ငွေ့များ ထောင်းထောင်းထနေသော ဒယ်အိုးကြီးများထံ အကြည့်ပို့လွှတ်လိုက်သည်။ ဖျက်ဆီးခံထားရသကဲ့သို့ တူးဆွထားသော တောင်လမ်းကို ကြည့်လိုက်၏။ ပြီးတော့ အလွန်အမင်း ကောက်ကျစ်စဉ်းလဲသော နည်းဗျူဟာ ချမှတ်မှုများကို နားထောင်လိုက်သည်။

သူ့နှုတ်ခမ်းများ ထိန်းချုပ်၍ မရနိုင်လောက်အောင် တွန့်ကွေးသွား၏။

ဒါက... ဒါက စတုတ္ထကပ်ဘေးတွေရဲ့ စစ်ပညာ ဆိုတာလား...။

ကျန်းချန်သည် မကြာမီ ရောက်ရှိလာတော့မည့် ဟွမ်မိသားစု အဖွဲ့အတွက် ရုတ်တရက် သနားသွားမိသည်။

သူတို့ခမျာ... ပုံမှန် ကျင့်ကြံခြင်း ဂိုဏ်း တစ်ခုကို ရင်ဆိုင်ရမည်ဟု ထင်မှတ်ထားကြရှာမှာ...။ အောက်တန်းကျမှု ကန့်သတ်ချက် မရှိသော၊ ထူးဆန်းသည့် အတွေးအခေါ်များ ရှိသော အရူးတစ်သိုက်နှင့် ရင်ဆိုင်ရတော့မည်ကို အိပ်မက်ထဲမှာတောင် ထည့်မက်ဖူးကြမည် မဟုတ်ပေ။

“လာကြပါ... ဟွမ်မိသားစုက မိတ်ဆွေ ကျင့်ကြံသူအပေါင်းတို့...”

“ကွေ့ယွမ်ဂိုဏ်းရဲ့... သွေးစွန်းသော 'ရှူရာ' စစ်မြေပြင်ဆီသို့... ကြိုဆိုပါတယ်…”

All Chapters