← Chapters

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇-၆၉)

Vol. 5 Ch. 67-69

အခန်း (၆၇) - ရန်သူ့တပ်ကြီး ရောက်ရှိလာခြင်း .. ဒါက ဘယ်မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းခွဲကြီးလဲဟ

~နေ့လယ် (၂:၄၅) မိနစ်။ ချန်ဝူ တောင်တန်းကြီး၏ အစွန်အဖျား။ ကွေ့ယွမ်ဂိုဏ်း တောင်ခြေရင်း။

ခေါင်းပေါ်ရှိ နေမင်းကြီးသည် ပူပြင်းစွာ တောက်လောင်နေပြီး ကောင်းကင်တွင် တိမ်တိုက်တစ်စက်မျှ မရှိချေ။

တစ်ချိန်က တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော ဤတောင်ခြေသို့... ပြီးပြည့်စုံသော စစ်ဝတ်တန်ဆာများ တပ်ဆင်ထားသည့် ကျင့်ကြံသူ တပ်မတော်ကြီး တစ်ခုသည် ကြောက်မက်ဖွယ် အရှိန်အဟုန်များဖြင့် ချီတက် ဝင်ရောက်လာကြ၏။

အဖွဲ့ကို ဦးဆောင်လာသူမှာကား... တူပေါင် ရတနာဂေဟာ၏ နောက်ကွယ်မှ အဆိပ်ပြင်းသော စပါးကြီးမြွေ... အကြီးအကဲ ဟွမ် ပင် ဖြစ်တော့သည်။

ဤစစ်ဆင်ရေးအတွက် တူပေါင် ရတနာဂေဟာသည် မည်သည့်စရိတ်ကိုမျှ နှမြောတွန့်တိုခြင်း မရှိခဲ့ချေ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ရှိ အကြီးအကဲ ဟွမ် ကိုယ်တိုင် ပါဝင်ရုံသာမက... နောက်ထပ် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ အိမ်တော်ထိန်း (၂) ဦးကိုပါ အားဖြည့် ငှားရမ်းထား၏။ သူတို့အနောက်တွင်မူ... ချီ စုစည်းမှု အဆင့် (နှောင်းပိုင်း) ရှိသော အထက်တန်းစား "အမှောင်" တပည့် (၇၀) ကျော်သည် တန်းစီ လိုက်ပါလာကြသည်။

အနက်ရောင် ပိုးသားဝတ်ရုံများကို ညီညာစွာ ဝတ်ဆင်ထားပြီး စံချိန်မီ မှော်လက်နက်များကို ကိုင်ဆောင်ထားကြသော ဤတပည့်များသည်... ခြေလှမ်းတိုင်းတွင် တညီတညွတ်တည်း ရွေ့လျားနေကြပြီး အေးစက်သော မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။ ဤကဲ့သို့သော အင်အားစုမျိုးသည် လွတ်လပ်သော ကျင့်ကြံသူ အနည်းငယ်ကို မဆိုထားနှင့်... အသစ်စက်စက် တည်ထောင်ထားသော ဂိုဏ်းငယ်လေးများကိုပင် အလွယ်တကူ မြေလှန်ပစ်နိုင်စွမ်း ရှိ၏။

“ပုရွက်ဆိတ်တွေ...”

အကြီးအကဲ ဟွမ်သည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးရှိ တောအုပ်ထဲတွင် ဖုံးကွယ်နေသော ယိုင်နဲ့နဲ့ တောင်တံခါးဝကို လှမ်းကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွင် အထင်သေးသော မဲ့ပြုံးတစ်ခု ပေါ်ပေါက်လာပြီး... မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်း မရှိသော လောဘရိပ်များ တောက်ပနေ၏။

“မာန်တက်နေတဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူ တစ်စုကများ... ရှေးဟောင်း လျှို့ဝှက်နယ်မြေကို ပိုင်ဆိုင်ထိုက်လို့လား... လုံးဝ ဖြုန်းတီးတာပဲ...”

အကြီးအကဲ ဟွမ်သည် နောက်သို့ လှည့်လိုက်သည်။ သူ၏ အသံသည် တိုးညှင်းသော်လည်း ဝိညာဉ်စွမ်းအင်၏ ပံ့ပိုးမှုကြောင့် လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားသည်။

“အမိန့်ပေးလိုက်... အစမ်းသဘော တိုက်ခိုက်နေစရာ မလိုဘူး... လက်လျှော့ထားစရာ မလိုဘူး... တောင်တံခါးဝကို မြေလှန်ပစ်လိုက်... ခေါင်းဆောင် ဂိုဏ်းချုပ်ကိုတော့ ဝိညာဉ် ရှာဖွေဖို့ အရှင်ဖမ်းထား... ကျန်တဲ့လူ အကုန်လုံးကို... သနားညှာတာမှုမရှိ သတ်ပစ်လိုက်...”

“အမိန့်တော်အတိုင်းပါ...”

ကျင့်ကြံသူ (၇၀) ကျော်သည် တညီတညွတ်တည်း တုံ့ပြန်လိုက်ကြရာ... ဟိန်းဟောက်သံကြီးကြောင့် တောထဲမှ ငှက်များ လန့်ဖျပ် ပျံတက်သွားကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်သည် သက်တံရောင်စဉ်ကဲ့သို့ ဖြာထွက်လာပြီး... ကွေ့ကောက်နေသော ကြမ်းတမ်းသည့် တောင်လမ်းကလေးဆီသို့ အနက်ရောင် ဒီရေလှိုင်းကြီးပမာ လှိမ့်ဝင်သွားကြတော့သည်။

သူတို့၏ အမြင်တွင်... ဤပွဲသည် တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ တစ်ခု၊ လွယ်ကူသော လုယက်ပွဲ တစ်ခုထက် မပိုချေ။

သို့သော်... သူတို့၏ ခြေထောက်များ ကွေ့ယွမ်ဂိုဏ်းသို့ ဦးတည်သော တောင်လမ်းပေါ်သို့ အမှန်တကယ် စတင် ချနင်းလိုက်သည့် အခါတွင်... အဖွဲ့၏ လေထုထဲ၌ ထူးဆန်းသော ပြောင်းလဲမှုတစ်ခု စတင် ဖြစ်ပေါ်လာတော့၏။

အစပိုင်းတွင် ဖျော့တော့သော၊ သတိမထားမိလောက်သော အနံ့တစ်ခုမျှသာ ဖြစ်သည်။

ရှေ့ဆုံးမှ ကင်းထောက် အဖွဲ့ဝင် အနည်းငယ်သည် နှာခေါင်းများကို ရှုံ့လိုက်ကြ၏။ အနံ့သည် ပုံမှန် မဟုတ်ပေ။ အလောင်းကောင် ပုပ်နံ့လည်း မဟုတ်သလို သစ်ရွက်ဆွေးနံ့လည်း မဟုတ်ချေ။ အဖွဲ့သည် အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ... အနံ့သည် ပိုမို ပြင်းထန်လာပြီး မူးမေ့ချင်စရာ ကောင်းလာကာ... မမြင်ရသော လက်ကြီးတစ်ဖက်က နှာခေါင်းပေါက်ထဲသို့ အရာဝတ္ထုတစ်ခုခုကို အတင်း ထိုးထည့်နေသကဲ့သို့ ခံစားလာရသည်။

၎င်းသည်... ဆေးဖော်စပ်ရာတွင် ကျရှုံး၍ ဖြစ်ပေါ်လာသော တူးနံ့၊ ချဉ်စော်နံ့များ... နေပူရှိန်အောက်တွင် အချဉ်ပေါက်နေသော မိစ္ဆာသားရဲ ကလီစာ အများအပြား၏ ပုပ်စော်နံ့များ... နှင့် ကြီးမားသော ဇီဝ စွန့်ပစ်ပစ္စည်း (မစင်) များ၏ အနံ့ဆိုးများ ရောနှောနေသည့် ရှုပ်ထွေးသော "ဇီဝ ဓာတု အဆိပ်ငွေ့" ပင် ဖြစ်တော့သည်။

ပူပြင်းသော နေရောင်အောက်တွင်... ဤအနံ့သည် လက်ဖြင့် ကိုင်တွယ်၍ ရနိုင်လောက်သည်အထိ ထူထဲလာပြီး... ဦးခေါင်းခွံကို ပွင့်ထွက်သွားစေနိုင်လောက်သော စွမ်းအား ရှိ၏။

“ဝေါ့....”

ဇိမ်ကျကျ နေထိုင်ပြီး တိတ်ဆိတ်သော အခန်းများတွင် တရားမှတ်လေ့ ရှိသော လူငယ် တပည့်ကျော် အချို့သည် နောက်ဆုံးတွင် မတောင့်ခံနိုင်ကြတော့ပေ။ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ခါးကို ကိုင်းကာ အန်ချလိုက်ကြရရှာသည်။

“တိတ်စမ်း... ဘာအချိုးတွေ ချိုးနေကြတာလဲ...”

အကြီးအကဲ ဟွမ်သည် ရွံရှာစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကို "အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း မန္တန်" ခတ်လိုက်ကာ မျက်မှောင်ကြီးကို ရှုံ့လိုက်သည်။

သူသည် နှစ်ပေါင်းများစွာ နေရာအနှံ့ ခရီးသွားခဲ့ဖူးပြီး မရေမတွက်နိုင်သော မိစ္ဆာ အသိုက်အမြုံများကို ရှင်းလင်းခဲ့ဖူးသော်လည်း... ဒီလောက် ရွံစရာကောင်းသော တောင်တံခါးဝမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

'ကွေ့ယွမ်ဂိုဏ်းက လူတွေက အိမ်သာကျင်းထဲမှာ နေကြတာလား...'

အကြီးအကဲ ဟွမ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံဖို့ မပြောနှင့်.. ကြာကြာနေလျှင် နှလုံးသား နတ်ဆိုး တောင် ဝင်သွားနိုင်သည်။

'ဒါက အမည်မသိ အဆိပ် အခင်းအကျင်း တစ်မျိုးများ ဖြစ်နေမလား...'

သို့သော်... ဒါသည် အဆိုးရွားဆုံး မဟုတ်သေးပေ။

“အီး... ဂါး... ကျွီ...”

အလွန်အမင်း ထူးဆန်းသော၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော၊ လုံးဝ ယုတ္တိမရှိသော အသံဆိုးများ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာပြန်၏။

လူတိုင်း မော့ကြည့်လိုက်ကြရာ... တောင်လမ်းဘေး ဝဲယာရှိ ခြောက်သွေ့သော သစ်ပင်များပေါ်တွင် ဖြူဖွေးတောက်ပနေသော အရိုးခေါင်းများ၊ အရိုးစုများကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ လေတိုက်လိုက်တိုင်း ထိုအရိုးများသည် အချင်းချင်း ရိုက်ခတ်မိပြီး သွားကြိတ်သံကဲ့သို့ ကျင်စရာကောင်းသော အသံများ ထွက်ပေါ်နေလေ၏။ ၎င်းတို့သည် အဆင့်နိမ့် ကုန်ကြမ်းပစ္စည်း [ငိုရှိုက်နေသော မိစ္ဆာအရိုး] များ ဖြစ်ပြီး... မူလက အရိုးဒိုင်းကာ ပြုလုပ်ရန် ဖြစ်သော်လည်း ယခုအခါ ရိုးရှင်းသော လေတိုက်ခေါင်းလောင်းများအဖြစ် ပြောင်းလဲခြင်း ခံထားရ၏။

စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုများနှင့် ပြည့်နှက်နေသော ဤ ဆူညံသံသည် လူများကို ခေါင်းကိုက်လာစေပြီး... ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကိုပင် အနည်းငယ် တုံ့ဆိုင်းသွားစေသည်။

အကြီးအကဲ ဟွမ်၏ မျက်နှာသည် တဖြည်းဖြည်း မည်းမှောင်လာပြီး ဒယ်အိုးအောက်ခြေကဲ့သို့ ဖြစ်လာ၏။

သူ မျှော်လင့်ထားခဲ့သည်မှာ... "ဂိုဏ်း ကာကွယ်ရေး မဟာ အခင်းအကျင်း" ကြီး၊ သူရဲကောင်းဆန်သော ခုခံမှုများ၊ ကျယ်လောင်သော ကြွေးကြော်သံများ ဖြစ်သည်။ သို့သော် လက်တွေ့တွင် သူ ကြုံတွေ့နေရသည်မှာ မစင်နံ့များနှင့် ဆူညံသံများသာ ဖြစ်နေသည်။

ဒါသည် သူ့ အနံ့ခံအာရုံကို စော်ကားခြင်း ဖြစ်ရုံသာမက... သူ့ ဂုဏ်သိက္ခာကိုပါ စိန်ခေါ်နေခြင်းပင်..။

“လှည့်ကွက်တွေ သုံးနေတာပဲ...”

အကြီးအကဲ ဟွမ် ဟိန်းဟောက်လိုက်သည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်၏ အရှိန်အဝါများ ပါဝင်နေသော သူ့အသံကြီးသည်... ထို ကြောက်ရွံ့တတ်သော အခွင့်ရေးသမားများကို ခြိမ်းခြောက်ရန် ရည်ရွယ်၏။

“တပည့်တို့... အမိန့်ကို နားထောင်... ဒီ မျက်လှည့်ပြကွက်တွေကို လျစ်လျူရှုလိုက်... အရှိန်တင်ပြီး ရှေ့ကို တက်... လမ်းရှင်းကြစမ်း...”

“အမိန့်တော်မြတ်အတိုင်းပါ...”

ချီ စုစည်းမှု အဆင့် (၈) ရှိသော ထိပ်တန်း တပည့် (၅) ဦး ချက်ချင်း ရှေ့ထွက်လာသည်။ သူတို့သည် "ကိုယ်ဖော့ပညာ" ကို အသုံးပြုပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားကာ... နောက်ကွယ်တွင် အရိပ်များကို ချန်ထားရစ်လျက် တောင်တံခါးဝဆီသို့ ဦးတည်ပြေးဝင်သွားကြ၏။ သူတို့၏ မျက်လုံးများသည် စူးရှနေပြီး လက်ထဲမှ မှော်လက်နက်များသည် အလင်းရောင်များ တောက်ပနေကာ... အမှောင်ထဲမှ မည်သည့် အလစ်တိုက်ခိုက်မှုကိုမဆို တန်ပြန်ရန် အဆင်သင့် ဖြစ်နေကြ၏။

နီးလာပြီ... ပိုပြီး နီးလာပြီ...။

ရှေ့ဆုံးမှ ပြေးနေသော 'ကျောက်ဟူ' အမည်ရှိ တပည့်သည် သူ့ရှေ့ရှိ ပြန့်ပြူးကျယ်ဝန်းသော မြေပြင်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် နတ်ဘုရား အာရုံဖြင့် ထိုနေရာကို စစ်ဆေးပြီးပြီ ဖြစ်သည်။ ရှေ့တွင် ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝ မရှိသလို အခင်းအကျင်း၏ ခြေရာလက်ရာလည်း မရှိချေ။

“ကွေ့ယွမ်ဂိုဏ်း ဆိုတာလည်း... ဘာမှ မဟုတ်ပါလား...”

ကျောက်ဟူသည် ယုံကြည်မှု အပြည့်ဖြင့်... မြက်ခြောက်များ ဖုံးအုပ်ထားသော ပြန့်ပြူးသည်ဟု ထင်ရသည့် မြေပြင်ပေါ်သို့ ခြေတစ်လှမ်း ချလိုက်၏။

ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာသည်။

“ကလစ်...”

ထိုအရာသည် မြေကြီး လုံးဝ မဟုတ်ချေ။ ပါးလွှာသော သစ်သားပြား တစ်ချပ်သာ ဖြစ်၏။

ဝိညာဉ်စွမ်းအင် အတက်အကျ မရှိခြင်းမှာ... ၎င်းသည် သက်သက် ရုပ်ပိုင်းဆိုင်ရာ ထောင်ချောက် စစ်စစ် ဖြစ်သောကြောင့်တည်း။

"အုန်း"

ကြိုတင်သတိပေးချက် မရှိဘဲ မြေကြီး ပြိုကျသွားပြီး အောက်ခြေမမြင်ရသော တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ ကျောက်ဟူသည် 'ကာကွယ်ရေး ဝိညာဉ်အလင်းရောင်' ကို ဖွင့်ရန်သော်လည်းကောင်း၊ အော်ဟစ်ရန်သော်လည်းကောင်း အချိန်မရလိုက်ဘဲ... ချက်ချင်း ဟန်ချက်ပျက်ကာ တွင်းထဲသို့ ပြုတ်ကျသွားတော့၏။

ထို့နောက် ချက်ချင်းပင်...၊

“စွပ်... စွပ်... စွပ်...”

ချွန်ထက်သော လက်နက်တစ်ခုက အသားကို ထိုးဖောက်ဝင်ရောက်သွားသော ကြက်သီးထဖွယ်ရာ အသံအုပ်အုပ်များသည် တွင်းအောက်ခြေမှ ထွက်ပေါ်လာသည်။

“အား.............”

အသက်တစ်ဝက်ရှူချိန်ခန့် ကြာပြီးနောက်... ဝက်ကို သတ်လိုက်သကဲ့သို့ စူးရှသော အော်ဟစ်သံကြီးသည် တွင်းအောက်ခြေမှ ပေါက်ကွဲထွက်လာပြီး... တိတ်ဆိတ်နေသော တောင်ကြားတွင် ပဲ့တင်ထပ်သွားကာ သစ်ပင်ပေါ်မှ ကျီးကန်းများကိုပင် လန့်ဖျပ်သွားစေ၏။

အနောက်မှ ပင်မတပ်ဖွဲ့ကြီးသည် ခြေလှမ်းများကို တုံ့ခနဲ ရပ်တန့်လိုက်ကြပြီး... လူတိုင်း၏ ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားကြသည်။

အကြီးအကဲ ဟွမ်၏ နတ်ဘုရား အာရုံသည် အောက်ဘက်သို့ ရုတ်တရက် ထိုးဆင်းသွားပြီး စစ်ဆေးလိုက်သည်။ ထို့နောက်... ဤ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျွမ်းကျင်သူကြီး၏ နှုတ်ခမ်းထောင့်စွန်းများ ပြင်းထန်စွာ တွန့်ကွေးသွားပြီး မျက်လုံးများပင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား၏။

(၃) မီတာခန့် နက်သော တွင်း၏ အောက်ခြေတွင်... ရေတွက်၍ မရနိုင်သော ချွန်ထက်အောင် သွေးထားသည့် ဝါးခရမ်းရောင် ဆူးချွန်များ ရှိနေသည်။ ကံဆိုးရှာသော ကျောက်ဟူသည် ဆူးချွန်များကြားတွင် ဆန်ခါပေါက် ဖြစ်နေပြီး... ပေါင်များ၊ လက်မောင်းများနှင့် ကျောပြင်တွင် သွေးထွက်နေသော အပေါက်များဖြင့် ပြည့်နှက်နေလေ၏။

ဤမျှသာ ဆိုလျှင်... အသားထူ အကြောမာသော ကျင့်ကြံသူ တစ်ဦးအတွက် အပေါ်ယံ ဒဏ်ရာမျှသာ ဖြစ်ပြီး ကုသဆေးလုံး တစ်လုံး သောက်လိုက်ရုံဖြင့် ပျောက်ကင်းသွားနိုင်သည်။

သို့သော်၊ အရေးအကြီးဆုံး အချက်ကတော့...၊ တွင်း၏ အောက်ခြေတွင်... ဖျက်ဆီးအား ပြင်းထန်သော အနံ့ဆိုးများ ထွက်ပေါ်နေသည့် မည်းနက်ပြီး စိမ်းဖန့်ဖန့် အရည်များ တစ်ဝက်ခန့် ပြည့်နေခြင်းပင်။ ၎င်းသည် ပုပ်သိုးနေသော တိရစ္ဆာန်သွေးများ၊ အမည်မသိ အဆိပ်ပင်များ၏ အရည်များနှင့်... များပြားလှသော လတ်ဆတ်သည့် မစင်များ ရောနှောထားသော "ဇီဝ ဓာတု အဆိပ်ရည်" ဖြစ်ပေသည်။

ကျောက်ဟူသည် လက်ရှိတွင် ထိုအညစ်အကြေးများထဲ၌ စိမ်နေရပြီး ဒဏ်ရာများသည် အဆိပ်ရည်နှင့် တိုက်ရိုက် ထိတွေ့နေရ၏။ သူ့မျက်နှာသည် အဆိပ်ကြောင့်လား၊ ရွံရှာလွန်းလို့လား မသဲကွဲဘဲ စိမ်းပုပ်နေပြီး... ပါးစပ်မှ အမြှုပ်များ ထွက်ကာ မျက်ဖြူလန်နေပြီး ထိန်းချုပ်၍ မရနိုင်အောင် တက်နေရှာသည်။

“ကယ်... ကယ်ပါ... အ... အွတ်...”

ကျောက်ဟူသည် အဝါရောင် အဖြူရောင် အရာဝတ္ထုများ ပေကျံနေသော လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကောင်းကင်ယံသို့ မျှော်လင့်ချက်မဲ့စွာ လှမ်းယူရန် ကြိုးစားလိုက်သော်လည်း... နောက်ဆုံးတွင် အားလျော့စွာ ပြုတ်ကျသွားတော့၏။

တစ်ဖွဲ့လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသော ကျောက်ရုပ်ကြီး (၂) ရုပ် (အိမ်တော်ထိန်းများ) ပင်လျှင်... ကြောက်ရွံ့သော မျက်နှာထားများဖြင့် အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိကြသည်။

ဒါ တကယ်ရော အင်မော်တယ် ကျင့်ကြံခြင်း ဂိုဏ်း ဟုတ်ရဲ့လား...။

မိစ္ဆာဂိုဏ်းရဲ့ သွေးသန့်စင်ခြင်း ဂိုဏ်းခွဲတောင်မှ ဒီလောက်ထိ ရွံစရာ မကောင်းဘူးလေ...။ သွေးသန့်စင်ခြင်း ဂိုဏ်းက ရက်စက်ကြမ်းကြုတ်တာ.. ဒါပေမဲ့ ဒါကတော့... ယုတ်မာတာ .. အရှက်မဲ့တာ.. ဖောက်ပြန်တာ..

---

တစ်ချိန်တည်းမှာပင်... တောင်လမ်းနှင့် မနီးမဝေးရှိ ချုံပုတ်တစ်ခု အတွင်း၌။

ခေါင်းပေါ်တွင် ထူးဆန်းသော စာလုံးများ အိုင်ဒီ.. ပေါ်နေသည့် ခေါင်း (၂) (၃) လုံး ပြူထွက်နေကြသည်။

ID [ကျွန်တော် တီထွင်ရတာ ကြိုက်တယ်] ဟု အမည်ရသော ကစားသမားသည် အသံကို နှိမ့်ထားသော်လည်း စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထဲမှ ပုံရိပ်ဖော် ကျောက်တုံး (တကယ်တော့ လိုက်ဗ် လွှင့်နေခြင်း) ကို ရှင်းပြနေသည်။

“အမျိုးတို့ရေ... မြင်လိုက်ကြလား... မြင်လိုက်ကြလားဗျာ... ကျွန်တော့်ရဲ့ 'ကြိုဆိုပါ၏ တွင်းနံပါတ် (၁)' က စွမ်းဆောင်ပြလိုက်ပါပြီ... (၁၀၀)% အန္တရာယ် နှုန်းပါ... ပြီးပြည့်စုံတဲ့ အကာအကွယ် ချိုးစွမ်းရည်ပါဗျာ...”

သူ့ဘေးနားရှိ အိုင်ဒီ [ချီးမွှေသူ] ဟု အမည်ရသော ကစားသမားကလည်း ဂုဏ်ယူစွာ ဝင်ပြောသည်။

“ဟုတ်တယ်... တွင်းအောက်ခြေမှာ ငါ ဘယ်လောက်တောင် ဖြည့်စွက်ထားလဲ ကြည့်လိုက်... အဲ့ဒါ ငါ (၃) ရက်လုံးလုံး စုထားတဲ့ 'မစင်' တွေရယ်... အဆိပ်ဖော်ရင်း ကျရှုံးလို့ ထွက်လာတဲ့ စွန့်ပစ်အရည်တွေရယ် ပေါင်းထားတာ... စနစ် က ပြောတယ်... 'စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု' ရော 'ဆက်တိုက် အဆိပ်သင့်ခြင်း'ရော နှစ်ခုလုံး ထိသွားပြီတဲ့... မြတ်ပြီဟေ့...”

“ရှူး... တိုးတိုးနေကြ... ဘော့စ်က ဒီဘက်ကို ကြည့်နေပြီ...”

နောက်ထပ် ကစားသမား တစ်ဦးက ထိုနှစ်ယောက်၏ ခေါင်းကို အလန့်တကြား ဖိချလိုက်သည်။

“အဖွဲ့ချတ်ထဲကို ကိုသြဒိနိတ်တွေ မြန်မြန် ပို့လိုက်... ညီအစ်ကိုတွေကို ပြောလိုက်... အီဗန့် မွန်းစတားတွေ ပြန်ပေါက်ပွားနေပြီလို့... ဒါ ရွှေတွင်းပဲ... အကုန်လုံး အီလိုက် တ်မွန်းစတား တွေချည်းပဲ...”

တောင်လမ်းပေါ်တွင်...၊ အကြီးအကဲ ဟွမ်သည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း... အလားအလာရှိသော မရဏ ထောင်ချောက်များ ပြည့်နှက်နေသည့် တောင်လမ်းကို ကြည့်ရင်း... ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းသော ချမ်းစိမ့်မှုကို ခံစားလိုက်ရ၏။

“ဒီ... ကွေ့ယွမ်ဂိုဏ်း...”

အကြီးအကဲ ဟွမ် အံကိုကြိတ်လိုက်ပြီး စကားလုံးများကို တစ်လုံးချင်း ညှစ်ထုတ်လိုက်သည်။

“သေဒဏ် ပေးသင့်တဲ့ ကောင်တွေ...”

သူ မသိလိုက်တာကတော့... ဒါဟာ ကစားသမားတွေ သူတို့အတွက် ပြင်ဆင်ပေးထားသော "အမြည်း"လေးပဲ ရှိသေးသည်ကိုပင်။

စစ်မှန်သည့် "စတုတ္ထကပ်ဘေး" စတိုင်လ် ကြိုဆိုပွဲ အခမ်းအနားကြီးက... ယခုမှ စတင်တော့မှာ ဖြစ်ပါသည်။

အခန်း (၆၈) - ပထမ လှိုင်း ထိုးစစ် .. ဒါက ဉာဏ်ရည်ယှဉ်တဲ့ တိုက်ပွဲ မဟုတ်ဘူး... ဒါက ရပ်ကွက်ထဲက မိန်းမတွေ ရန်ဖြစ်နေကြတာ

~ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝ အပြင်ဘက်။ ကျဉ်းမြောင်းပြီး ကြမ်းတမ်းသော တောင်လမ်းလေးပေါ်တွင်။

တွင်းအောက်ခြေမှ ထွက်ပေါ်လာသော စူးရှသည့် အော်ဟစ်သံနှင့် အသက်ရှူကျပ်လောက်အောင် ဆိုးရွားသော အနံ့ဆိုးတို့သည် ဟွမ်မိသားစု၏ အထက်တန်းစား ကျင့်ကြံသူ တပ်ဖွဲ့ကြီး တစ်ခုလုံးကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။ အဖွဲ့ကြီး တစ်ခုလုံးသည် ခေတ္တမျှ ကြောင်အမ်းအမ်း တိတ်ဆိတ်သွားကြသည်။

အကြီးအကဲ ဟွမ်သည် အဖွဲ့အလယ်တွင် ရပ်နေပြီး မျက်နှာတစ်ခုလုံး မည်းမှောင်နေ၏။ သူသည်... ဂျူနီယာ ညီငယ်များက နှာခေါင်းပိတ်ပြီး ခက်ခက်ခဲခဲ ဆွဲတင်ထားရသော၊ တစ်ကိုယ်လုံး မည်းနက်စိမ်းဖန့်ဖန့် အကျိအချွဲများ ပေကျံနေပြီး၊ ပါးစပ်မှ အမြှုပ်များထွက်ကာ မထိန်းချုပ်နိုင်အောင် တက်နေသော အထက်တန်းစား တပည့်ကျော်ကို ကြည့်လိုက်သည်။ သူ့ မျက်နှာအိုကြီးကို ဖြောင်းခနဲ ရိုက်ချခံလိုက်ရသကဲ့သို့ ပူလောင် နာကျင်နေ၏။

ကျန်းချန်နဲ့တောင် မတွေ့ရသေးဘူး... တစ်ယောက် အသတ်ခံလိုက်ရပြီ။ ပြီးတော့ ဒီလောက် ဂုဏ်သိက္ခာမဲ့ပြီး ရွံရှာဖွယ်ကောင်းတဲ့ နည်းလမ်းနဲ့ အသတ်ခံလိုက်ရတာ.. ဒီသတင်းသာ ပေါက်ကြားသွားရင်... ငါ အကြီးအကဲ ဟွမ် လျူယွမ်ဈေးတန်းမှာ ဘယ်လို မျက်နှာပြရတော့မလဲ။

“သောက်ကျိုးနည်း... ဘာရပ်ကြည့်နေကြတာလဲ... ဇာတ်ပွဲ လာကြည့်နေကြတာလား...”

အကြီးအကဲ ဟွမ် ဟိန်းဟောက်လိုက်သည်။ 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' အထွတ်အထိပ်၏ ဖိနှိပ်မှု အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။... စိတ်အနှောင့်အယှက် ဖြစ်စေသော အရိုးသံများနှင့် ခေါင်းထဲထိ ထိုးဖောက်ဝင်ရောက်နေသော အနံ့ဆိုးများကို မောင်းထုတ်ရန်၊ ယိမ်းယိုင်နေသော စစ်သည်တို့၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

“အားလုံး နားထောင်... ဝိညာဉ်စွမ်းအင် ဒိုင်းတွေ ချက်ချင်း ဖွင့်ထားကြ... ခြေလှမ်းကို သတိထား... ရှေ့ကို ဆက်တက်... အောက်တန်းကျတဲ့ လှည့်ကွက်တွေပဲ သုံးတတ်တဲ့ အဲ့ဒီ သူရဲဘောကြောင်တဲ့ ကောင်စုတ်တွေကို ရှာတွေ့တာနဲ့... ငါကိုယ်တိုင် တစ်စစီ ဆွဲဖြဲပြီး ဝိညာဉ်ကို ထုတ်ယူပစ်မယ်...”

“အမိန့်အတိုင်းပါ...”

ကျန်ရှိနေသော ကျင့်ကြံသူ (၆၀) ကျော်သည် ကြောင်အမ်းအမ်း ဖြစ်နေရာမှ သတိပြန်ဝင်လာကြပြီး အကြီးအကဲကို ထပ်မံ ဒေါသထွက်အောင် မလုပ်ရဲကြတော့ပေ။ သူတို့သည် လျင်မြန်စွာ လက်သင်္ကေတများ ပြုလုပ်လိုက်ကြပြီး ရောင်စုံ ဝိညာဉ်စွမ်းအင် ဒိုင်းများကို ဖန်တီးကာ ကြက်ဥခွံများသဖွယ် ကိုယ်ခန္ဓာကို လွှမ်းခြုံထားလိုက်ကြသည်။ ထို့နောက် အနံ့ဆိုးထွက်နေဆဲ ဖြစ်သော တွင်းကြီးကို သတိကြီးစွာ ကွေ့ရှောင်ပြီး တောင်တံခါးဝဆီသို့ ဆက်လက် ချီတက်ကြ၏။

စစ်ချီသံများ အော်ဟစ်နေကြသော်လည်း... သူတို့၏ ခြေလှမ်းများမှာ သိသိသာသာ တွန့်ဆုတ်နေကြပြီး... မျက်လုံးများသည် မြေကြီးနှင့် ဘေးဝဲယာကို မယုံသင်္ကာ ကြည့်ရှုနေကြသည်။ နောက်ထပ် မစင်တွင်း တစ်ခု သူတို့ခြေထောက်အောက်တွင် ရုတ်တရက် ပေါ်လာမည်ကို စိုးရိမ်နေကြသည့်အလားပင်။

သို့သော်...၊

သူတို့သည် သစ်ပင်ချုံပုတ်များ ထူထပ်ပြီး ကျောက်တုံးပုံများ ဝန်းရံနေသည့် ကျဉ်းမြောင်းသော လျှိုမြောင်တစ်ခု ဖြစ်သည့် "မရဏ တောင်ကြား"အတွင်းသို့ ဝင်ရောက်လာကြတော့၏။ ဤနေရာသည် ခြုံခိုတိုက်ခိုက်ရန် အကောင်းဆုံးသော နေရာအနေအထား ပင် ဖြစ်၏။

ပင်မတပ်ဖွဲ့ကြီးသည် ခြုံခိုတိုက်ခိုက်မည့် ဇုန် အတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားသည့် တခဏ၌...။

လမ်းဘေး တောင်စောင်းရှိ ကျောက်တုံးကြီးတစ်ခု နောက်ကွယ်တွင် ဝပ်နေသော ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' သည် မျက်လုံးကို မှေးလိုက်ပြီး မြက်ပင်ကြားမှ အကွာအဝေးကို တွက်ချက်လိုက်သည်။ ရက်စက်သော (နှင့် နှာဘူးဆန်သော) အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်လာသည်။ ရုတ်တရက် သူသည် ခေါင်းတစ်ဝက် ပြူထွက်လိုက်ပြီး လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်၏။

“ညီအစ်ကိုတို့... သိုးဝဖြိုးဖြိုးကြီးတွေ ခြံထဲ ဝင်လာပြီဟေ့...”

“ဒီကောင်တွေကို ပညာကောင်းကောင်း ပေးလိုက်ကြစမ်း... လွှတ်လိုက်တော့...”

သူ့အမိန့်သံအဆုံးတွင် တောအုပ်ကြီး တစ်ခုလုံး ရုတ်တရက် အသက်ဝင်လာပါတော့၏။

“ဝှစ်...”

တောင်လမ်းဘေး ဝဲယာရှိ ထူထပ်သော မြက်ခင်းများ၊ သစ်ပင်ထိပ်ဖျားများနှင့် ကျောက်တုံးကြီးများ နောက်ကွယ်မှနေ၍ ခေါင်းပေါင်း (၁၀) ဂဏန်းခန့် ရုတ်တရက် ပြူထွက်လာကြသည်။ ထို ကစားသမားများသည် မျက်နှာပေါ်တွင် ရေစို အဝတ်စုတ်များ အုပ်ထားကြပြီး (အဆိပ်နှင့် ဖုန်မှုန့် ကာကွယ်ရန်) လက်ထဲတွင် သူတို့ ကြိုတင် ပြင်ဆင်ထားခဲ့သော "အစုလိုက်အပြုံလိုက် ဖျက်ဆီးရေး လက်နက်" များကို ကိုင်ဆောင်ထားကြသည်။

“ယူလိုက်ပါ... ဇီဝ လက်ပစ်ဗုံး... ရော့... အင့်...”

စေးကပ်ပြီး မည်းနက်သော အစိမ်းရောင် အရည်များ ပြည့်နေသည့် မြေအိုးပေါင်းများစွာသည် တောင်ပေါ်မှ ကျင့်ကြံသူများ အပေါ်သို့ မိုးရွာသလို ကျဆင်းလာတော့သည်။

“လက်နက်ဝှက်တွေ... သတိထား... ကာကွယ်ကြ...”

တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သော ချီ စုစည်းမှု အဆင့် (၉) ရှိသည့် တပ်စုမှူးတစ်ဦး အော်ဟစ်လိုက်သည်။ သူသည် မထီမဲ့မြင် ပြုသော အကြည့်ဖြင့် မဲ့ပြုံးပြုံးလိုက်ပြီး... သူ၏ ဓားပျံသည် ထက်မြက်သော အလင်းတန်း အဖြစ် ပြောင်းလဲသွားကာ... လေထဲတွင် ပျံဝဲလာသော ရှေ့ဆုံးမှ မြေအိုး အချို့ကို တိကျစွာ ရိုက်ခွဲပစ်လိုက်၏။

“သာမန် သေမျိုးတွေရဲ့ ပစ္စည်းလောက်နဲ့များ... ငါ့ရဲ့ ကာကွယ်မှုကို ဖောက်ထွင်းချင်နေတာလား... ရယ်စရာ ကောင်းလိုက်တာ...”

သို့သော်... နောက်တစ်စက္ကန့်တွင် သူ၏ အပြုံးသည် မျက်နှာပေါ်တွင် အေးခဲသွားတော့သည်။

“ခွမ်း... ခွမ်း... ခွမ်း...”

မြေအိုးများ ကွဲကြေသွားသည်။

သူ မျှော်လင့်ထားသလို ပေါက်ကွဲမှုများ၊ မီးတောက်များ၊ သို့မဟုတ် အဆိပ်လူး သံအပ်များ ထွက်မလာပေ။

ယင်းအစား... ငရဲဘုံမှ လာသော အနံ့ဆိုးများ ထွက်ပေါ်နေသည့် မည်းနက်စိမ်းဖန့်ဖန့် အရာဝတ္ထုများသည် နေရာအနှံ့သို့ ပြန့်ကျဲ လွင့်စင်သွားသည်။ ၎င်းတို့သည် စားဖိုမှူး 'ကျောက်ကပ်ကြော်' ကိုယ်တိုင် ဖော်စပ်ထားသော "ရောစပ် အဆိပ်ရည်" နှင့် 'မိစ္ဆာ အကျိအချွဲ' ၏ အူတိုင် အကျိအချွဲများ ပေါင်းစပ်ထားသော လက်ရာမွန်များ ဖြစ်၏။

အကျိအချွဲ ပါဝင်နေသဖြင့် ဤအဆိပ်ရည်သည် အလွန်အမင်း စေးကပ်သည်၊ ပျံ့နှံ့မှု အားကောင်းသည်၊ ဖယ်ရှားရခက်သော ကပ်ပါးကောင်ကဲ့သို့ တွယ်ကပ်ကျန်ရစ်တတ်သည်။

“ဘွတ်...”

အဆိပ်ရည် အစုအဝေးကြီး တစ်ခုသည် တပ်စုမှူး၏ ဝိညာဉ်စွမ်းအင် ဒိုင်းပေါ်သို့ လေးလံစွာ ကပ်ငြိသွား၏။

“ရှဲ....”

တောက်ပနေသော ဒိုင်းကာသည် ရုတ်တရက် ဆီပူအိုးထဲ ရေလောင်းထည့်လိုက်သကဲ့သို့ တိုက်စားခံရသည့် အသံများ ထွက်ပေါ်လာသည်။ အဆိပ်ရည် ဖုံးလွှမ်းသွားသော နေရာများသည် ချက်ချင်း မှိန်ဖျော့သွားပြီး အကွက်အထင်းများ ဖြစ်ပေါ်လာသည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုအနံ့ဆိုးပင်။

ဒါသည် ဦးခေါင်းခွံကို ထိုးဖောက်နိုင်စွမ်းရှိသော၊ ဝိညာဉ်ကိုပါ တိုက်စားနိုင်စွမ်းရှိသော အနံ့ဆိုး ပင်။

ဝိညာဉ် ထွက်ပေါ်ခြင်း အဆင့် ၏ ရှုပ်ထွေးသော အနံ့ဆိုးသည် ဒိုင်းကာ၏ အက်ကွဲကြောင်းများမှတဆင့် စိမ့်ဝင်သွားပြီး... ရက်ဝက်လောက် အချဉ်ပေါက်ထားသော ကြွက်သေကောင် (၁၀၀) ကို ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်သကဲ့သို့ နှာခေါင်းဝသို့ တည့်မတ်စွာ ဝင်ရောက်သွားလေ၏။

“ဝေါ့... ဒါ ဘာကြီးလဲ... နံလိုက်တာ... ငါ့မျက်လုံးတွေ...”

“ငါ့ ဝိညာဉ်ဒိုင်းကာ တိုက်စားခံနေရပြီ... ဒီအဆိပ်ရည်က စေးကပ်နေတယ်... ခါချလို့ မရဘူး... ကယ်ကြပါဦး...”

ရှေ့ဆုံးမှ လျှောက်လာသော ကံဆိုးသည့် တပည့်ကျော် အချို့သည် အဆိပ်ရည်များဖြင့် ပေကျံသွားကြသည်။ အနံ့ဆိုးကြောင့် သူတို့သည် နေရာမှာတင် စိတ်ဓာတ်ကျသွားကြပြီး... ခါးကို ကိုင်းကာ ပျို့အန်ရင်း အသည်းအသန် သုတ်ဖယ်ရန် ကြိုးစားကြသော်လည်း... သုတ်လေ ပိုပေလေ ဖြစ်ကာ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

သို့သော်၊ ဒါက အမြည်းသာ ရှိပါသေးသည်။ စစ်မှန်တဲ့ စားသောက်ပွဲကြီးက ယခုမှ လာပါမည်။

သူတို့ အနံ့ဆိုးကြောင့် ခေါင်းမူးပြီး ဗရမ်းဗတာ သန့်ရှင်းရေး လုပ်နေကြစဉ်...။

တောင်ကုန်းပေါ်မှနေ၍ 'ကောင်းကင်ခွင်း ဓားတစ်လက်' ၏ စိတ်လှုပ်ရှားနေသော အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာပြန်၏။

“ဒုတိယ အချီ... ရုပ်ပိုင်းဆိုင်ရာ မျက်စိကွယ်စေခြင်း... ဖြန့်ချလိုက်စမ်း...”

နောက်ထပ် ကျရောက်လာသည်မှာ... ရိုးရှင်းစွာ ထုပ်ပိုးထားသော ထုံးမှုန့်အိတ် ရာပေါင်းများစွာပင် ဖြစ်တော့သည်။

“ဖောင်း... ဖောင်း... ဖောင်း...”

ဂုန်နီအိတ်များသည် မြေကြီးနှင့် ရိုက်မိပြီးသော်လည်းကောင်း၊ ကျင့်ကြံသူများ၏ ဒိုင်းကာများနှင့် ထိမိပြီးသော်လည်းကောင်း ပေါက်ကွဲထွက်သွားရာ... စူးရှသော အဖြူရောင် အမှုန့် တိမ်တိုက်ကြီးများ ချက်ချင်း ထွက်ပေါ်လာ၏။ ကျဉ်းမြောင်းသော တောင်လမ်းတစ်ခုလုံးသည် ထုံးမှုန့် မြူခိုးများဖြင့် လုံးဝ ဖုံးလွှမ်းသွားပြီး မြင်ကွင်း သုည အထိ ကျဆင်းသွားတော့သည်။

“အဟွတ်... အဟွတ်... ငါ့မျက်လုံးတွေ... ဘာမှ မမြင်ရတော့ဘူး...”

“အဆိပ်ငွေ့တွေ... အသက်အောင့်ထား... မျက်လုံးမှိတ်ထား...”

“ရေ... ရေမန္တန် သုံးပြီး မြန်မြန် ဆေးချလိုက်...”

အတွေ့အကြုံနုနယ်သော လူငယ် အမျိုးသမီး တပည့်တစ်ဦးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လက်ထဲတွင် ရေလုံးကြီး တစ်လုံး ဖန်တီးလိုက်၏။

“ငတုံးမ... ရပ်လိုက်... ရေမသုံးနဲ့... ထုံးက ရေနဲ့ထိရင် အပူထွက်ပြီး လောင်လိမ့်မယ်... ရုပ်ပျက်ဆင်းပျက် ဖြစ်ချင်နေတာလား... လေမန္တန် သုံးပြီး မှုတ်ထုတ်ပစ်...”

တပ်စုမှူးသည် စိုးရိမ်တကြီး ဟိန်းဟောက်လိုက်ပြီး ရေလုံး ပစ်လွှတ်တော့မည့် အမျိုးသမီး တပည့်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရသည်။

ယခုအချိန်၌ ဟွမ်မိသားစု၏ ကျင့်ကြံသူ တပ်ဖွဲ့ကြီးသည် လုံးဝ (လုံးဝ) ဖရိုဖရဲ ဖြစ်နေလေပြီ။

မြင်ကွင်းက ထုံးမှုန့်တွေကြောင့် ကွယ်နေ၏။... အသက်ရှူလမ်းကြောင်းက ဖုန်မှုန့်တွေကြောင့် ပိတ်ဆို့နေသည်... ကိုယ်ခန္ဓာက စေးကပ်ပြီး နံစော်နေသော အဆိပ်ရည်တွေ ပေကျံနေ၏။... နားထဲမှာတော့ ငိုရှိုက်နေသော မိစ္ဆာအရိုး၏ “အီး... ဂါး...” ဆိုတဲ့ သရဲသံ နောက်ခံဂီတကြီးကို ကြားနေရလေသည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော၊ အရှိန်အဝါ ကြီးမားခဲ့သော ကျင့်ကြံသူ တပ်မတော်ကြီးသည်... ယခုအခါ ဂျုံမှုန့်အိုးထဲ ကျသွားသော ခေါင်းပြတ်ယင်ကောင် အုပ်စုကြီးပမာ ချောင်းဆိုးသံများ၊ ဆဲဆိုသံများ၊ ပျို့အန်သံများနှင့် အာမေဋိတ်သံများဖြင့် ပြည့်နှက်နေပြီး... ယခင်က အထက်စီးဆန်မှုများ လုံးဝ ပျောက်ဆုံးသွားခဲ့တော့၏။

“အခုပဲ... အခွင့်အရေး ရောက်လာပြီ...”

'ကောင်းကင်ခွင်း ဓားတစ်လက်' သည် လက်ထဲမှ ထုံးမှုန့်အိတ်ခွံကို လွှင့်ပစ်လိုက်ပြီး... ခါးမှ တောက်ပနေသော သံမဏိ ဓားရှည်ကို ဆွဲထုတ်ကာ... ပုန်းအောင်းနေရာမှ ပထမဆုံး ခုန်ထွက်လိုက်၏။

“အနီးကပ် တိုက်ခိုက်ရေး) အဖွဲ့... ဝင်ချဟေ့...”

“ငါတို့ရဲ့ ဆောင်ပုဒ်ကို မှတ်ထား... အောက်ပိုင်းကိုပဲ ပစ်မှတ်ထားမယ်... ရန်သူကို သေအောင် သတ်ဖို့ မရည်ရွယ်ဘူး... ရွံအောင် လုပ်ဖို့ပဲ ရည်ရွယ်တယ်... ထိတာနဲ့ ပြေး... ဘယ်သူမှ ကြာကြာ နေမနေနဲ့...”

“သတ်ဟေ့... အီကွစ်တွေအတွက်...”

ထိန်းချုပ်၍ မရနိုင်တော့သော ကစားသမား ဒါဇင်ပေါင်းများစွာသည်... ဂေါ်ပြားများ၊ ပေါက်ချွန်းများ၊ တုတ်ချောင်းများကို ဆွဲကိုင်လိုက်ကြပြီး... မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ကောက်ကျစ်မှု ရောပြွမ်းနေသော အပြုံးများဖြင့်... ငရဲမှ တွားသွားထွက်လာသော မိစ္ဆာကောင်များအလား အော်ဟစ်ကာ အဖြူရောင် မြူခိုးများကြားသို့ တိုးဝင်သွားကြတော့သည်။

သူတို့သည် သိုင်းလောက ကျင့်ဝတ်ကို လုံးဝ ဂရုမစိုက်သလို... မန္တန်များ၊ ဓားသိုင်းများ အသုံးပြုပြီး လူကြီးလူကောင်းဆန်ဆန် ထိပ်တိုက် ရင်ဆိုင်ခြင်းလည်း မပြုကြချေ။

လူအုပ်ကြားထဲ ရောက်သွားသည်နှင့်... ကစားသမားများ၏ ထူးခြားသော မြေပုံအမြင် အားသာချက်ကို အသုံးပြုပြီး... ထုံးမှုန့်ဝင်၍ မျက်စိမမြင်ရဘဲ မျက်နှာကိုအုပ်ကာ အော်ဟစ်နေကြသော ကျင့်ကြံသူများကို ပစ်မှတ်ထား တိုက်ခိုက်ကြတော့၏။

[အမှတ်တရ မြင်ကွင်း: အင်မော်တယ်လောက ပြုပြင်ရေး သမိုင်းတွင် အညစ်ပတ်ဆုံး တိုက်ပွဲ]

ချီ စုစည်းမှု အဆင့် (၈) ရှိသော ဟွမ်မိသားစု အမျိုးသား တပည့်တစ်ဦးသည် ရောင်ရမ်းနေသော မျက်လုံးများကို အုပ်လျက် ချောင်းဆိုးနေစဉ်... ရုတ်တရက် သူ့အနောက်တွင် လေအေးတစ်ချက် ဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရ၏။.. ထို့နောက် ပေါင်ကြားထဲတွင် အေးစိမ့်သွားကာ စူးရှသော နာကျင်မှုကြီး တစ်ခု ရောက်ရှိလာ၏။

“အအား.... ဘယ်သူ တိုက်တာလဲ... အား..........”

ရုတ်တရက်... မျောက်တစ်ကောင်လို သွက်လက်သော အရပ်ပုပု ကစားသမားတစ်ဦးသည် ချွန်ထက်သော သစ်သားတုတ်ချောင်းကို ကိုင်လျက် ပြေးထွက်သွားသည်။ သူသည် ထိုအမျိုးသားအား ပြင်းထန်ပြီး တိကျသော "နှစ်တစ်ထောင် သတ်ဖြတ်ခြင်း" ( ဖင်ကို တုတ်နှင့်ထိုးခြင်း) ကို လုပ်ဆောင်ခဲ့ပြီးနောက်... ထူးဆန်းသော အော်သံတစ်ခု ပြုလုပ်ကာ ယုန်ထက်ပင် မြန်သောနှုန်းဖြင့် ပြေးထွက်သွား၏။ အမျိုးသား တပည့်မှာမူ ခြေထောက်နှစ်ဖက်ကို လိမ်ကာ မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်နေရရှာသည်။

ချီ စုစည်းမှု အဆင့် (၇) ရှိသော အခြား လှပသည့် အမျိုးသမီး တပည့်တစ်ဦးသည် မျက်နှာပေါ်မှ အဆိပ်ရည်များကို လက်ကိုင်ပဝါဖြင့် အသည်းအသန် သုတ်ဖယ်နေစဉ်... ရုတ်တရက် ခြေကျင်းဝတ်တွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။ သံညှပ်ကြီးတစ်ခုဖြင့် ညှပ်ထားသကဲ့သို့ပင်။

ငုံ့ကြည့်လိုက်ရာ... ရွှံ့များ ပေကျံနေပြီး မျက်နှာတွင် အဝတ်စုတ် စည်းထားသော ဗလကြီး ကစားသမား တစ်ဦးသည် မြေကြီးပေါ်တွင် ဝပ်လျက် သူမ၏ ခြေထောက်ကို ကျစ်ကျစ်ပါအောင် ဖက်ထားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

“ညီအစ်ကိုတို့... မြန်မြန်လာကြ... ငါ ကုသသူ တစ်ယောက်ကို ထိန်းချုပ်ထားတယ်... သူ့ကို ဝိုင်းချ... သူ့ဖိနပ်က မှော်လက်နက် ဖြစ်မယ့်ပုံပဲ... ချွတ်ယူကြ...”

“ဖယ်စမ်း... နှာဘူးကောင်... လွှတ်... ငါ့ဖိနပ်...”

အမျိုးသမီး ကျင့်ကြံသူသည် ကြောက်လန့်တကြား ဖြစ်သွားပြီး ဝိညာဉ်စွမ်းအင်ကို အသည်းအသန် စုစည်းကာ ကျန်ခြေထောက်တစ်ဖက်ဖြင့် သူ့မျက်နှာကို ကန်ကျောက်၏။ သို့သော် 'ပြန်လည်ရှင်သန်ခြင်း'ကို ကျောထောက်နောက်ခံ ပြုထားသော ကစားသမားသည် ခေါင်းမာသော မျှော့တစ်ကောင်ကဲ့သို့ ဘယ်လောက်ကန်ကန် လွှတ်မပေးဘဲ... သူမ၏ မှော်ဖိနပ်ကိုပင် အားကုန် ကိုက်ထားလိုက်ရာ သွားရာများ ထင်ကျန်ရစ်ခဲ့၏။

တောင်ကုန်း ဧရိယာ တစ်ခုလုံးသည် ဈေးသည်များ ရန်ဖြစ်နေသော မြင်ကွင်း အဖြစ်သို့ ပြောင်းလဲသွားတော့၏။

ဂေါ်ပြား ရိုက်သံများ၊ အော်ဟစ်သံများ၊ ဆဲဆိုသံများသည် ထုံးမှုန့်နံ့၊ အပုပ်နံ့များ ထူထဲနေသော လေထုထဲတွင် ရောပြွမ်းနေသည်။

မြင့်မြတ်သော ကျင့်ကြံသူများသည် ပထမဆုံးအကြိမ်အဖြစ်... စတုတ္ထကပ်ဘေးများထံမှ ထွက်ပေါ်လာသော နက်ရှိုင်းသည့် အငြိုးအတေးနှင့် စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုများကို ခံစားလိုက်ကြရ၏။

သူတို့သည် ဂုဏ်သရေရှိ ကျင့်ကြံသူများ ဖြစ်ပါလျက်... တစ်နေ့သောအခါတွင် ဂေါ်ပြားများ၊ တုတ်ချောင်းများ ကိုင်ဆောင်ထားသော သေမျိုး အုပ်စုတစ်စု၏ အရှက်မဲ့ပြီး ရွံရှာဖွယ်ကောင်းသော နည်းလမ်းဖြင့် ဝိုင်းဝန်း ရိုက်နှက်ခြင်းကို ခံရလိမ့်မည်ဟု... အိပ်မက်ထဲမှာတောင် မမက်ဖူးခဲ့ကြချေ။

အနောက်ဘက်တွင် ရပ်နေပြီး ထုံးမှုန့်များ ပေကျံနေသော အကြီးအကဲ ဟွမ်သည်... သူ့ရှေ့မှ အဖြူရောင် ဖုံးလွှမ်းနေသော ဖရိုဖရဲ မြင်ကွင်းကို ကြည့်လိုက်၏။ သူ့တပည့်များ၏ သနားစရာ အော်ဟစ်သံများနှင့် ကစားသမားများ၏ စိတ်လှုပ်ရှားသော ကြွေးကြော်သံများကို နားထောင်လိုက်သည်။

သူ တစ်ကိုယ်လုံး တုန်ယင်နေပြီး မုတ်ဆိတ်မွှေးများ ထောင်ထနေကာ... လည်ချောင်းထဲတွင် သွေးတစ်လုပ် တစ်ဆို့နေ၏။

ဒါက... ကျင့်ကြံသူတွေရဲ့ တိုက်ပွဲတဲ့လား...။

ဒါက ဗြောင်ကျကျ လူမိုက်တွေ ရန်ဖြစ်နေတာ... လူမိုက်တွေထဲမှာမှ အောက်တန်းအကျဆုံး လူမိုက်တွေ ရန်ဖြစ်နေတာ...။

ကွေ့ယွမ်ဂိုဏ်း... မင်းတို့ကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်...။

အခန်း (၆၉) - အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ စွမ်းအား .. ဥက္ကာခဲ မိုးရွာချခြင်းဖြင့် မြေပြင်ကို ဆေးကြောခြင်း... ကျွန်တော်တို့ရဲ့ ပထမဆုံး အဖွဲ့လိုက် "ကိစ္စတုံး" သွားရသည့် အတွေ့အကြုံ

~ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝ အပြင်ဘက်။ ထုံးမှုန့်များနှင့် အဆိပ်ငွေ့များ လွှမ်းခြုံထားသော မီးလောင်ရာလေပင့် တောင်ခြေရွာကလေး။

ယခုအချိန်၌ တစ်ချိန်က အေးချမ်းခဲ့သော ဤတောင်လမ်းလေးသည် ပွက်ပွက်ဆူနေသော အနံ့ဆိုးထွက်သည့် ဆန်ပြုတ်အိုးကြီး တစ်လုံးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားတော့၏။

အဖြူရောင် ထုံးမှုန့် မြူခိုးများအကြားတွင် တိုက်ပွဲသည် လုံးဝ ကမောက်ကမ ဖြစ်နေပြီး အနည်းငယ်ပင် ကြည့်ရဆိုးသော အခြေအနေသို့ ရောက်ရှိနေ၏။

ကစားသမားများသည် "အကြောက်အလန့်မရှိခြင်း၊ အရှက်မရှိခြင်းနှင့် အောက်တန်းကျမှု ကန့်သတ်ချက် မရှိခြင်း" ဟူသော စိတ်ဓာတ်ကို အပြည့်အဝ ထုတ်ဖော်ပြသနေကြလေ၏။

အချို့က ရန်သူ မျက်လုံးပွတ်နေသည်ကို အခွင့်ကောင်းယူပြီး ကိုအာလာဝက်ဝံကဲ့သို့ ရန်သူ့ခြေထောက်ကို အတင်း ဖက်တွယ်ကာ ဘောင်းဘီအသားပါ ပါသွားအောင် အားကုန် ကိုက်ခဲနေကြသည်။ အချို့က ဖရိုဖရဲ ဖြစ်နေချိန်တွင် အငွေ့တလူလူ ထွက်နေသော အဆိပ်အိုးကွဲများကို ရန်သူ့ အင်္ကျီ လည်ပင်းစ ကြားထဲသို့ အတင်း ထိုးထည့်နေကြသည်။ အချို့ကမူ တုတ်ချောင်းများ၊ ဂေါ်ပြားများကို ကိုင်ဆောင်ပြီး ခေါင်းနောက်စေ့၊ ဒူးခေါက်ကွေးနှင့် ကျောက်ကပ်တို့ကိုသာ ချိန်ရွယ် ရိုက်နှက်နေကြ၏။

အဆင့် နှင့် ပစ္စည်းကိရိယာ ကွာခြားချက်ကြောင့် သူတို့၏ တိုက်ခိုက်မှု မပြင်းထန်သော်လည်း... ဝိညာဉ်ဒိုင်းကာကို ထိမှန်တိုင်း "-1" သို့မဟုတ် "-2" လောက်သာ အတင်းအကြပ် ထိခိုက်မှု ပေးနိုင်သော်လည်း...

လူအုပ်က များလွန်းနေသည် မဟုတ်ပါလော။ ထို့ပြင်၊ နည်းလမ်းတွေကလည်း အလွန်အမင်း ရွံရှာဖွယ်ကောင်းလွန်းသဖြင့်... စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုထက် အဆပေါင်းများစွာ သာလွန်နေ၏။

“ဖယ်စမ်း... ပိုးကောင်တွေ... လွှတ်...”

“အား... ငါ့မျက်လုံး... ယုတ်မာလိုက်တဲ့ ကောင်စုတ်... ယောက်ျားချင်း မျှမျှတတ ယှဉ်ပြိုင်ကြစမ်းပါ...”

“ဂိုဏ်းတူဦးလေး... ကယ်ပါဦး... ကျွန်တော့် ဝတ်ရုံတွေ တိုက်စားခံနေရပြီ... ဒီကောင် ကျွန်တော့်ရဲ့ ဟိုနေရာကို လာကိုင်နေ... အား..........”

လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်တိုအတွင်းမှာပင်... မာန်တက်နေခဲ့သော ချီ စုစည်းမှု အဆင့် (နှောင်းပိုင်း) ရှိ ဟွမ်မိသားစု၏ အထက်တန်းစား တပည့် (၇) (၈) ယောက်ခန့်သည်... သူတို့အမြင်တွင် "ခွေးရူး" များနှင့် တူသော ဤလူအုပ်စု၏ ဝိုင်းဝန်း ကိုက်ခဲမှုကို ခံရပြီး တိုက်ခိုက်စွမ်းရည် ပျက်ပြားကာ... ရွှံ့နွံများနှင့် ထုံးမှုန့်များ ပေကျံနေသော မြေကြီးပေါ်တွင် လဲကျ ညည်းတွားနေကြရရှာသည်။

တပ်ဖွဲ့၏ အနောက်ဘက်တွင်...၊

ဝေဟင်တွင် ရပ်တန့်ကာ အခြေအနေကို စောင့်ကြည့်နေပြီး... မူလက ပွဲကောင်းကြည့်ရန် ရည်ရွယ်ထားခဲ့သော အကြီးအကဲ ဟွမ်သည်... ဤအရာအားလုံးကို မြင်တွေ့လိုက်ရပြီးနောက် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲသွားတော့သည်။

မိမိတို့၏ ဂုဏ်ယူရပါသော အထက်တန်းစား တပည့်ကျော်များက... ဝိညာဉ်စွမ်းအင် အတက်အကျ အနည်းငယ်မျှပင် မရှိသော သေမျိုး အုပ်စုတစ်စု၏ အရှက်ခွဲမှုကို ခံနေရသည်ကို မြင်လိုက်ရသောအခါ... ယင်ကောင် မောင်းထုတ်ခံရသကဲ့သို့ အလွန်အမင်း အရှက်ရသွား၏။

သူ၏ မျက်နှာအိုကြီးသည် ခရမ်းရောင်သမ်းကာ နီရဲလာပြီး... ရင်ထဲမှ ဒေါသမီးများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ တွန်းကန် ထွက်ပေါ်လာတော့သည်။

“သောက်ကျိုးနည်း... အသုံးမကျတဲ့ အမှိုက်တွေ... သေမျိုးအနည်းငယ်လောက်ကိုတောင် မနိုင်ကြဘူးလား... ဟွမ်မိသားစုရဲ့ သိက္ခာကို ချနေကြတာပဲ...”

အကြီးအကဲ ဟွမ်သည် တောင်တန်းများနှင့် သစ်တောများ တုန်ဟီးသွားလောက်အောင် ဟိန်းဟောက်လိုက်၏။

"အား"

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ဦး၏ ကြောက်မက်ဖွယ် ဖိအားအရှိန်အဝါကြီး သူ၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

ပတ်ဝန်းကျင် လေထုသည် ချက်ချင်း အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး... ကောင်းကင်ယံတွင် ပျံ့လွင့်နေသော ထုံးမှုန့် မြူခိုးများသည် ဤ အရှိန်အဝါကြောင့် မြေကြီးပေါ်သို့ အတင်းအကြပ် ဖိချခံလိုက်ရသည်။ တောင်ဘေးဝဲယာရှိ သစ်ပင်ကြီးများသည် ပြင်းထန်စွာ ယိမ်းထိုးသွားကြပြီး သစ်ရွက်များ တဖျပ်ဖျပ် ကြွေကျကုန်သည်။

“အကုန် ဖယ်ကြစမ်း... ဒီ ပုရွက်ဆိတ်တွေက သေချင်နေမှတော့... ငါ ဖြည့်ဆည်းပေးရတာပေါ့...”

မြေပြင်ပေါ်ရှိ ဟွမ်မိသားစု တပည့်များသည် အကြီးအကဲ၏ သတ်ဖြတ်လိုစိတ် ပြင်းထန်သော ဟိန်းဟောက်သံကို ကြားလိုက်ရသည့်အခါ... ထိတ်လန့်တကြား ဖြစ်သွားကြပြီး နာကျင်မှုနှင့် ရုပ်ပျက်ဆင်းပျက် အခြေအနေများကို ဂရုမစိုက်နိုင်တော့ဘဲ... တိုက်ပွဲကြားညပ်မည်ကို စိုးရိမ်သဖြင့် တောင်လမ်းဘေး ဘယ်ညာနှင့် နောက်ဘက်သို့ အသည်းအသန် တွားသွား ထွက်ပြေးကြ၏။

ထိုအချိန်တွင် ဒေါသကြောင့် မျက်စိကန်းနေပြီး လူအုပ်စုလိုက် ရိုက်နှက်ခြင်း အရသာကို တွေ့နေသော ကစားသမားများသည် ဘာဖြစ်နေမှန်းပင် သတိမထားမိကြသေးချေ။ ရုတ်တရက် ပတ်ဝန်းကျင် တိတ်ဆိတ်သွားပြီး လေထုသည် ပုံမှန်မဟုတ်လောက်အောင် ပူပြင်းလာသည်ကိုသာ ခံစားလိုက်ရသည်။

အကြီးအကဲ ဟွမ်သည် လေထဲသို့ ဖြည်းညှင်းစွာ မြင့်တက်သွားပြီး... အောက်ဘက်မှ ပုရွက်ဆိတ်အုပ်ကြီးကို ငုံ့ကြည့်လိုက်၏။ သူ၏ လက်များသည် ရှုပ်ထွေးသော လက်သင်္ကေတ များကို လျင်မြန်စွာ ပြုလုပ်လိုက်၏။ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော မီးဓာတ် ဝိညာဉ်စွမ်းအင်များသည် တာကျိုးသွားသော မြစ်ရေကဲ့သို့ ဒလဟော စီးဆင်း ထွက်ပေါ်လာ၏။

ပတ်ဝန်းကျင် အပူချိန်သည် ချက်ချင်း မြင့်တက်လာပြီး... မြေကြီးပေါ်မှ ပေါင်းပင်များ ခြောက်သွေ့ တွန့်လိမ်ကုန်ကာ... အသက်ရှူကျပ်လောက်သော အပူရှိန်ကြီးသည် တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွား၏။

“မီးဓာတ် အလယ်အလတ် ဧရိယာလိုက် မန္တန် - ဥက္ကာခဲ မိုးရွာသွန်းခြင်း .. ကျဆင်းစမ်း...”

အကြီးအကဲ ဟွမ်၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ... သူသည် လက်ဝါးနှစ်ဖက်ကို အောက်ဘက်သို့ ပြင်းထန်စွာ ဖိချလိုက်၏။

“ဂျလိမ်း... ဂျလိမ်း...”

ကြည်လင်နေသော ကောင်းကင်ယံသည် ရုတ်တရက် အရောင်ပြောင်းလဲသွားပြီး... မီးနီရောင် နေဝင်ချိန်ကဲ့သို့ ဖုံးလွှမ်းသွားသည်။ ထို့နောက် တိမ်တိုက်များ လှုပ်ရှားလာပြီး... လေဟာနယ်ထဲမှနေ၍ ရေဇလုံလောက်ရှိသော ကြီးမားသည့် မီးလုံးကြီး ဒါဇင်ပေါင်းများစွာသည် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

၎င်းတို့သည် ရှည်လျားသော မီးတောက်အမြီးတန်းကြီးများကို ရေးဆွဲနေ၏။ ... ဖျက်ဆီးအား ပြင်းထန်သော အရှိန်အဝါများနှင့် လေတိုးသံများ မြည်ဟည်းကာ... ထွက်ပြေးရန် အချိန်မရလိုက်သော တောင်ကုန်းပေါ်မှ ပြည့်ကျပ်နေသည့် ကစားသမားအုပ်ကြီး အပေါ်သို့ ပြင်းထန်စွာ ထိတိုက်တော့သည်။

မြင်ကွင်းသည် ကမ္ဘာပျက်နေ့ကဲ့သို့ ခမ်းနားကြီးကျယ်ပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။

သာမန် သေမျိုး သို့မဟုတ် အဆင့်နိမ့် ကျင့်ကြံသူများသာ ဆိုလျှင်... ယခုအချိန်၌ ကြောက်လန့်တကြား အော်ဟစ်ပြီး အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်နေကြပေလိမ့်မည်။

သို့သော်... ဤလူအုပ်စုကား စတုတ္ထကပ်ဘေးများ ဖြစ်ချေ၏။

သူတို့သည် ကောင်းကင်မှ တရိပ်ရိပ် ကျဆင်းလာသော ဧရာမ မီးလုံးကြီးများကို မော့ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု မရှိဘဲ... စိတ်လှုပ်ရှားမှုနှင့် အံ့သြမှုများသာ ရှိနေ၏။

“ဘုရားရေ... ဟိုဟာ ဘာကြီးလဲ... ကောင်းကင်ကို ကြည့်လိုက်...”

“မီးလုံးကြီးတွေက အကြီးကြီးပဲဟေ့... အထူးပြုလုပ်ချက်တွေက ရှယ်မိုက်တာပဲ... ဘတ်ဂျက်တွေ လောင်ကျွမ်းနေပြီ...”

“ဒါမှ ကျင့်ကြံသူကွ... ငါ့ရဲ့ မီးတောက်လေးထက် အများကြီး ပိုမိုက်တယ်...”

“ပြေးဟေ့... တစ်ချက်တည်းနဲ့ သေတော့မယ်... ဒါ ဘော့စ် ရဲ့ အာတီမိတ်ကွ...”

“ဘာပြေးမှာလဲ... ပြေးစရာ နေရာမှ မရှိတာ... မြန်မြန်... စခရင်ရှော့ ရိုက်ထားလိုက်... မီးလုံးကြီးနဲ့ တွဲပြီး ဆယ်ဖီဆွဲလိုက်ဟေ့...”

ကစားသမားများသည် အဆင့်ကွာခြားမှုနှင့် လုံးဝ ကွာခြားသော စွမ်းအား ဆိုသည်မှာ ဘာလဲ ဆိုတာကို နောက်ဆုံးတွင် နားလည်လိုက်ကြရတော့၏။ ဤ ကြောက်မက်ဖွယ် မန္တန်မိုးရေစက်များ ရှေ့မှောက်တွင်... သူတို့၏ ဂေါ်ပြားများ၊ တုတ်ချောင်းများနှင့် ထုံးမှုန့်များသည် ကလေးကစားစရာများပမာ ရယ်စရာ ဖြစ်နေ၏။

သို့သော်၊ သူတို့က သိက္ခာရှိရှိ သေချင်ကြသည်။

အချို့ ကစားသမားများသည် မီးလုံးကို ဖမ်းယူရန် လက်များကို ဖြန့်ကားပြီး ကြေကွဲဖွယ်ရာ ပို့စ် ပေးလိုက်ကြသည်။ အချို့က မီးလုံးကို ဂေါ်ပြားဖြင့် ရိုက်ထုတ်ရန် ကြိုးစားနေကြဆဲ ဖြစ်၏။

အချို့ကမူ နောက်ဆုံးအချိန်လေးကို အခွင့်ကောင်းယူပြီး အသင်းဖော်များကို လှမ်းမှာနေကြသည်။

“သူငယ်ချင်း... ငါ ကျသွားမယ့် ဂေါ်ပြားကို ပြန်ကောက်ပေးဖို့ မမေ့နဲ့နော်...”

“ဖောင်း... ဖောင်း..ဖောင်း...”

မီးလုံးများသည် တောင်ကုန်းပေါ်သို့ မိုးရွာသလို ကျရောက်လာပြီး... ချက်ချင်းပင် တောက်လောင်နေသော မီးပင်လယ်ကြီးများ အဖြစ် ပေါက်ကွဲသွားတော့သည်။

ပေါက်ကွဲသံများသည် နားကွဲမတတ် ကျယ်လောင်ပြီး မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွား၏။။

အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း မီးတောက်များ၏ ဝါးမြိုခြင်းကို လျင်မြန်စွာ ခံလိုက်ရသည်။

“အား... သွားပြီ... (ထိခိုက်မှု) က များလွန်းတယ်... တစ်ချက်တည်းနဲ့ သေပြီ...”

“ကယ်ကြပါ... ကုသသူား ဘယ်မှာလဲ... ဪ... ငါတို့မှာ ကုသသူား မရှိဘူးပဲ...”

“ငါ့ အီကွစ်... ငါ အသစ်ဝယ်ထားတဲ့ သံမဏိ ဂေါ်ပြားကြီး ပျက်စီးသွားပြီ... ရင်နာလိုက်တာ...”

“ဝှစ်... ဝှစ်... ဝှစ်...”

အဖြူရောင် အလင်းတန်းများ။

ရေတွက်၍ မရနိုင်သော သေဆုံးခြင်း အဖြူရောင် အလင်းတန်းများသည် မီးပင်လယ်ထဲတွင် ရူးသွပ်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာပြီး... ဆက်တိုက် ဖြစ်ပေါ်နေသော အလင်းပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွား၏။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင်... ရှေ့တန်းမှ ကစားသမား (၅၀) ကျော်သည် ရိတ်သိမ်းစက် ဖြတ်သန်းသွားသော ဂျုံခင်းများကဲ့သို့ တခဲနက် လဲကျသေဆုံးကုန်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် ပြင်းထန်သော မီးတောက်များအကြားတွင် ပြာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။ ... ထို့နောက် အဖြူရောင် အလင်းတန်း တစ်ခုစီ အဖြစ် ကောင်းကင်သို့ ပျံတက်ကာ မြို့ထဲသို့ ပြန်လည် မွေးဖွားရန် ထွက်ခွာသွားကြတော့သည်။

မီးတောက်များ တဖြည်းဖြည်း ငြိမ်သက်သွား၏။

တစ်ချိန်က စိမ်းလန်းစိုပြေခဲ့သော တောင်ကုန်းလေးသည် ယခုအခါ မီးကျွမ်းနေသော မြေရိုင်းပြင်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့၏။ မြေကြီးထဲမှ မီးခိုးငွေ့များ ထွက်ပေါ်နေဆဲ ဖြစ်ပြီး နေရာအနှံ့တွင် မီးလောင်ထားသော သစ်ပင်ငုတ်တိုများ ရှိနေကာ... စူးရှသော မီးလောင်နံ့များ လေထုထဲတွင် ပြည့်နှက်နေသည်။

မြေကြီးပေါ်တွင် ပြန့်ကျဲနေသော ဂေါ်ပြားများ၊ ပေါက်ချွန်းများနှင့် မြေအိုးကွဲများမှလွဲ၍... မတ်တပ်ရပ် ကျန်ရစ်သော ကစားသမား တစ်ယောက်မျှ မရှိတော့ချေ။

အကြီးအကဲ ဟွမ်သည် မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ လုံးဝ ရှင်းလင်းသွားပြီဖြစ်သော စစ်မြေပြင်ကို ကြည့်လိုက်ပြီး... လေထုထဲတွင် ကျန်ရစ်နေသေးသော မီးဓာတ် ဝိညာဉ်စွမ်းအင် အတက်အကျများကို ခံစားလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် အထင်သေးသော၊ မာန်တက်သော မဲ့ပြုံး တစ်ခု ပေါ်လာပြီး... ရင်ထဲမှ မကောင်းဆိုးဝါး စိတ်ဓာတ် ထက်ဝက်ခန့်ကို ဖွင့်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဟွန်း... ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ...”

သူသည် အင်္ကျီလက်စကို ခါလိုက်ပြီး အဝတ်အစားပေါ်မှ မရှိသော ဖုန်မှုန့်များကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် အနောက်ဘက်တွင် မှင်သက်နေကြသော အသက်ရှင်ကျန်ရစ်သူ တပည့်များအား အရာရာကို လွှမ်းမိုးထားနိုင်သော လေသံဖြင့် ပြောလိုက်၏။

“စစ်မှန်တဲ့ အကြွင်းမဲ့ အင်အားရှေ့မှာ... လှည့်ကွက်တွေ၊ ဉာဏ်နီဉာဏ်နက်တွေ အားလုံးက အချည်းနှီးပဲ...”

“တပ်ကို ပြန်စုကြ... ရှေ့ကို ဆက်တက်မယ်... ဒီနေရာကို မြေလှန်ပစ်ကြ... ကွေ့ယွမ်ဂိုဏ်းမှာ ဘယ်လို လှည့်ကွက်တွေ ကျန်သေးလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”

သို့သော်...။

ဤ ယုံကြည်မှု လွန်ကဲနေသော အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျွမ်းကျင်သူကြီး မသိလိုက်သော အချက်တစ်ခု ရှိ၏။

စတုတ္ထကပ်ဘေးများ အတွက်... သေဆုံးခြင်း ဆိုသည်မှာ ဘယ်တော့မှ နိဂုံးချုပ်ခြင်း မဟုတ်ပေ။ (၁၀) စက္ကန့် ရေတွက်ခြင်း ၏ အစပြုခြင်းသာ ဖြစ်၏။

ထို့အပြင်... စောစောက သူ၏ ရင်သပ်ရှုမောဖွယ်ရာ "ဥက္ကာခဲ မိုးရွာသွန်းခြင်း" တိုက်ခိုက်မှုကြီးသည် ကစားသမားများကို ကြောက်ရွံ့သွားစေရန် မစွမ်းဆောင်နိုင်ခဲ့သည့်အပြင်... သူတို့၏ နှလုံးသားထဲတွင် ပိုမို ရူးသွပ်ပြီး ပိုမို ဖောက်ပြန်သော မီးတောက်များကို မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

*

ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်... ပြန်လည်ရှင်သန်ရာ နေရာဝယ်၊

“ဝှစ်... ဝှစ်... ဝှစ်...”

အဖြူရောင် အလင်းတန်းများသည် ညကလပ်မှ မီးရောင်များကဲ့သို့ ရူးသွပ်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေသည်။

စောစောကမှ ပြာဖြစ်သွားခဲ့ကြသော ကစားသမားများသည် တစ်ယောက်ပြီး တစ်ယောက် ပြန်လည် စုစည်းလာကြပြီး ကျိန်ဆဲသံများ၊ အော်ဟစ်သံများဖြင့် ဆူညံနေကြသည်။

သူတို့ အချင်းချင်း ကြည့်လိုက်ကြရာ... မျက်လုံးများထဲတွင် ကြောက်ရွံ့မှုဟူ၍ တစ်စက်မျှ မရှိဘဲ... အာတီမိတ် ဘော့စ် ကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများသာ ပြည့်နှက်နေ၏။

“ဘုရားရေ... အဲ့ဒီ အဘိုးကြီးက သောက်ရမ်း မိုက်တယ်ကွ... အဲ့ဒီအကွက်က ရှယ်မိုက်တာပဲ...”

“အဲ့ဒါ အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း ရဲ့ အာတီမိတ် လား... ထိခိုက်မှုက လျှံထွက်နေတာပဲ... ငါတို့ ခံနိုင်မှာ မဟုတ်ဘူး...”

“ညီအစ်ကိုတို့... ဘော့စ် ရဲ့ သွေးတန်း ပေါ်လာပြီဟေ့... သူ ပြာနေပြီ...”

“မြန်မြန်လုပ်... ထောက်ပံ့ရေး အဖွဲ့... အဆိပ်တွေ ထုံးတွေ မြန်မြန် ပြန်ဖြည့်... နောက်တစ်ခေါက် ပြန်ချမယ်...”

“ဒီတစ်ခါ လူစုခွဲပြီး သွားကြမယ်... တစ်စုတစ်ဝေးတည်း အသတ်မခံရစေနဲ့... သူ့ကို အင်အားဖြုန်းတီးအောင် လုပ်မယ်...”

“ချဟေ့... သူ့ အီကွစ်တွေကို ယူကြမယ်... ငါ ဟို အနီရောင် ဝတ်ရုံကြီးကို မျက်စိကျနေတာ ကြာပြီ…”

All Chapters