အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း (၇၃) - စစ်ပြီးနောက် ပျော်ပွဲရွှင်ပွဲ .. ဧရာမ လုယက်ပွဲကြီး
~ညချမ်းအချိန်ကာလသည် တိတ်ဆိတ်စွာ ကျရောက်လာပြီး... သစ်ပင်ထိပ်ဖျားများထက်တွင် ဖျော့တော့သော လမင်းကြီး တွဲလဲခိုနေ၏။ အေးစက်သော လရောင်သည် ကွေ့ယွမ်ဂိုဏ်း တောင်တံခါးဝ အပြင်ဘက်ရှိ မီးကျွမ်း၍ ပျက်စီးနေသော စစ်မြေပြင်ကြီးကို အလင်းရောင် ပေးနေလေသည်။
ဆူညံသော တိုက်ပွဲအော်ဟစ်သံများ လုံးဝ ငြိမ်သက်သွားခဲ့ပြီ။ ယင်းအစား... ပိုမို ပြင်းထန်ပြီး ပိုမို သန့်စင်သော အသံတစ်ခုဖြင့် အစားထိုး ဝင်ရောက်လာ၏။ ပျော်ရွှင်ဖွယ်ရာ ရိတ်သိမ်းချိန်... စတုတ္ထကပ်ဘေးများအတွက်သာ သီးသန့်ဖြစ်သော "လုယက်ခြင်း" ဟူသည့် ထူးခြားသော အောင်ပွဲခံ အသံဗလံများပင် ဖြစ်တော့သည်။
စစ်မြေပြင်၏ အခြေအနေမှာ ဖော်ပြရန်ပင် ခက်ခဲလှသည်။ "လုံးဝ ပျက်စီးခြင်း" ဟူသော စကားလုံးနှင့်ပင် လုံလောက်မည် မထင်ပေ။ မြေပြင်သည် မန္တန်များကြောင့် တွင်းခွက်များ ဖြစ်နေပြီး... အဖြူရောင် ထုံးမှုန့် အကြွင်းအကျန်များ၊ ခြောက်သွေ့နေသော မည်းနက်စိမ်းဖန့်ဖန့် အဆိပ်ကွက်များ၊ ကျိုးပဲ့နေသော သစ်သားတုတ်ချောင်းများနှင့် လိမ်ကောက်နေသော ဂေါ်ပြားခေါင်းများဖြင့် ပြည့်နှက်နေသည်။ မီးကျွမ်းနေသော မြေမည်းများအကြားတွင်... ထွက်ပြေးရန် ကြိုးစားရင်း သေဆုံးသွားကြသော ဟွမ်မိသားစု၏ အထက်တန်းစား တပည့် (၁၀) ယောက်ကျော်၏ အလောင်းများ ပြန့်ကျဲနေ၏။
သေချာသည်မှာ... မျက်စိအဖမ်းစားဆုံး အရာမှာ စစ်မြေပြင် အလယ်ဗဟိုရှိ အကြီးမားဆုံး "စစ်နိုင်ပစ္စည်း" ဖြစ်သော... 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' အိမ်တော်ထိန်း၏ ရုပ်အလောင်းပင် ဖြစ်ချေ၏။
လူ (၁၀၀) ကျော် (ပြန်လည်ရှင်သန်လာသူများ အပါအဝင်) သည် ယခုအခါ ဝီရိယကောင်းသော ပုရွက်ဆိတ်အုပ်ကြီးပမာ စစ်မြေပြင် ရှင်းလင်းရေး လုပ်ငန်းများကို နောက်ဆုံးအဆင့် လုပ်ဆောင်နေကြသည်။ သူတို့တွင် တိကျသော အလုပ်ခွဲဝေမှု ရှိပြီး လှုပ်ရှားမှုများမှာ အလွန် ကျွမ်းကျင်လှရာ... (ဂိမ်းထဲတွင် ဖြစ်သော်လည်း) ဤအလုပ်ကို လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာနေ၏။
“မြန်မြန်... ဒီဘက်မှာ အလောင်းတစ်လောင်း ရှိတယ်ဟေ့... ချီ စုစည်းမှု အဆင့် (၉) မီနီဘော့စ် ဖြစ်မယ်... သူ့ဆီမှာ ပစ္စည်းကောင်းတွေ ပါမှာ သေချာတယ်...”
“မလှုပ်နဲ့... ငါ့ကို ကိုင်ခိုင်းလိုက်... ဒီနေ့ ငါ့ကံတရားက အမြင့်ဆုံးမှာ ရောက်နေတာ... ငါ့လက်တွေက အနီရောင် အဆင့် ဖြစ်နေပြီကွ...”
ကစားသမား အများအပြားသည် ဝတ်ရုံအပြည့် ဝတ်ဆင်ထားသော ဟွမ်မိသားစု အထက်တန်းစား တပည့်တစ်ဦး၏ အလောင်းကို ဝိုင်းလိုက်ကြပြီး စတင် စမ်းသပ် ရှာဖွေကြ၏။ သူတို့သည် လူသေတစ်ယောက်လို သဘောမထားဘဲ... စူပါမားကတ်တွင် လျှော့ဈေးပစ္စည်းများကို မွှေနှောက် ရှာဖွေနေသကဲ့သို့ ပြုမူနေကြသည်။
“ဟာ... ပေါက်ပြီဟေ့... အဆင့်မြင့် ပစ္စည်း...”
“မှော်ဓားရှည် တစ်လက်ကွ... ငါတို့ရဲ့ ဂေါ်ပြားအဟောင်းကြီးထက် အများကြီး ပိုထက်တယ်... ငါတို့ သူဌေးဖြစ်ပြီ...”
“ဝတ်ရုံလည်း ပါတယ်။ အဆိပ်ထိပြီး အပေါက်ရာ ပါနေပေမယ့်... အနည်းဆုံးတော့ ကာကွယ်မှု ပေါင်းပေးတယ်ကွ... ငါ့ရဲ့ အပေါက်တွေနဲ့ ကြွက်သားရေ ချပ်ဝတ်ထက်တော့ အများကြီး သာတယ်... ဘယ်သူမှ လာမလုနဲ့နော်...”
“သိုလှောင်အိတ်... သိုလှောင်အိတ် တွေ့ပြီဟေ့... မြန်မြန် ဖွင့်ကြည့်... ဘာတွေပါလဲ... ဝိညာဉ်ကျောက်တုံး ပါလား...”
ပစ္စည်းတစ်ခု ရှာတွေ့လိုက်တိုင်း ကစားသမား အုပ်စုငယ်လေးဆီမှ စိတ်လှုပ်ရှားသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကစားသမားများသည် စစ်နိုင်ပစ္စည်းများကို ချက်ချင်း ခွဲဝေယူကြသည်။ အချို့က ဆိုဒ်ကြီးလွန်းသော ဝတ်ရုံများကို တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ ဝတ်ဆင်လိုက်ကြပြီး အလွန်အမင်း ပျော်ရွှင်နေကြ၏။ အချို့က ရရှိထားသော မှော်ဓားများကို ဝှေ့ယမ်းကာ သိုင်းသမားကြီးများပမာ ဟန်ရေးပြနေကြသည်။
ကံဆိုးရှာသော 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' အိမ်တော်ထိန်းကြီးမှာမူ... လူမဆန်သော ဆက်ဆံမှုကို ခံလိုက်ရ၏။
ယခုအချိန်၌ တစ်ချိန်က ဂုဏ်သရေရှိခဲ့သော ဤကျင့်ကြံသူကြီး၏ ရုပ်အလောင်းသည်... စိတ်အားထက်သန်သော ကစားသမားများ၏ လက်ချက်ကြောင့် အဖြူရောင် အတွင်းခံဘောင်းဘီ တစ်ထည်သာ ကျန်တော့သည်အထိ ချွတ်ယူခြင်း ခံလိုက်ရပြီး... အေးစက်ကာ မီးကျွမ်းနေသော မြေကြီးပေါ်တွင် အထီးကျန်စွာ လဲလျောင်းနေရရှာသည်။
အစိစိအမွှာမွှာ စုတ်ပြတ်သတ်ပြီး ကာကွယ်မှု စွမ်းရည် မရှိတော့သော ဝတ်ရုံ အပိုင်းအစများကိုပင် ကစားသမားများက တစ်စမကျန် ကောက်ယူသွားကြသေး၏။
“ဒီအထည်သားက တော်တော်ကောင်းတယ်... ကိုင်ရတာ ချောနေတာပဲ... ငါ ဒါကို 'ဇီဝဗေဒ ခွေးပေါက်လေး' ဆီ ယူသွားပြီး သုတေသန လုပ်ခိုင်းရမယ်... ချပ်ဝတ်အသစ် ပြန်ချုပ်လို့ ရမလားလို့...”
“ဟေ့ရောင်... ဘာလို့ ဖိနပ်က တစ်ဖက်တည်း ကျန်တာလဲ... နောက်တစ်ဖက် ဘယ်ရောက်သွားလဲ...”
“မရှာနဲ့တော့... ဟို ဖက်တီးကောင် [ဝမ်သဲ့ဖာ] ကိုက်ဆွဲထားလို့ ပျက်စီးသွားပြီ...”
သေချာသည်မှာ အကြီးမားဆုံး ဆုလာဘ်သည်ကား... သူ့ခါးတွင် ချိတ်ထားသော ဖောင်းကားနေသည့် သိုလှောင်အိတ်ပင် ဖြစ်သည်။ လူအများ၏ စောင့်ကြည့်မှုအောက်တွင်... ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' သည် ထိုအိတ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ဂိုဏ်းချုပ်ကြီးထံ ပြန်ယူသွားပြီး အကြီးမားဆုံး ဆုလာဘ်နှင့် လဲလှယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ထူးဆန်းသော အကြံဥာဏ်များ ရှိသည့် ကစားသမား အချို့ဆိုလျှင်... ရွှေသွား ရှိမရှိ သိလိုသဖြင့် အိမ်တော်ထိန်း၏ ပါးစပ်ကို အတင်း ဖြဲကြည့်ရန် ကြိုးစားကြသေးသည်။ သို့သော် ရွံလွန်းသည်ဟု ဆိုကာ အခြား ကစားသမားများက အတင်း တားဆီးလိုက်ကြ၏။
“ဒါ ဓားပြတိုက်တာပဲ ညီအစ်ကိုတို့... တစ်ညတည်းနဲ့ သူဌေးဖြစ်သွားသလိုပဲ...”
“ဒီ မှော်လက်နက်တွေနဲ့ ဝိညာဉ်ကျောက်တုံးတွေက အရင်းကျေရုံတင် မကဘူး... အမြတ်တောင် ထွက်ဦးမယ်...”
“ပြီးတော့ အတွေ့အကြုံ ရမှတ်တွေရောပဲ... ငါ လယ်ဗယ် နှစ်ခါတောင် တက်သွားတယ်... အခုဆိုရင် 'ချီ စုစည်းမှု အဆင့် (၅)' မာစတာ ဖြစ်သွားပြီ... ဟားဟားဟား... ငါ့ကိုယ်ငါ သောက်ရမ်း စွမ်းအားကြီးတယ်လို့ ခံစားရတယ်...”
စစ်မြေပြင် တစ်ခုလုံးသည် ကြီးမားသော ရိတ်သိမ်းမှုကြီး၏ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး... လေထုထဲတွင် ရွှင်လန်းတက်ကြွသော အငွေ့အသက်များ ပျံ့လွင့်နေသည်။
ဤ ပျော်ရွှင်မှုသည် ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် ကောင်းသည့်၊ သွေးစွန်းသော၊ မီးကျွမ်း အခြေအနေနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်နေပြီး... အလွန်အမင်း ယုတ္တိမရှိသော၊ ဟာသ မြင်ကွင်းကြီး တစ်ခုကို ဖန်တီးနေ၏။ အေးစက်သော လရောင်အောက်တွင်... စုတ်ပြတ်ပြီး ရယ်စရာကောင်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုသည်... မျက်နှာပေါ်တွင် ငတုံးအပြုံးများ ချိတ်ဆွဲလျက်... ကိုယ့်အိမ်နောက်ဖေး ဥယျာဉ်ထဲ လမ်းလျှောက်နေသကဲ့သို့ အလောင်းကောင်များ ကြားတွင် လျှောက်သွားကာ ပစ္စည်း ကောက်နေကြသည်။
ပင်မနန်းဆောင်၏ မြင့်မားသော စင်မြင့်ထက်တွင်...၊
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ရသော ကျန်းချန်၏ ခံစားချက်ကို... "ရှုပ်ထွေးသည်" ဟူသော စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြရန် မလုံလောက်တော့ပေ။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ညလေပြည်သည် သူ့ဝတ်ရုံကို တဖျပ်ဖျပ် လှုပ်ခတ်နေစေသည်။ သူသည် စစ်မြေပြင်ကို ခြင်တစ်ကောင်မကျန် ပြောင်သလင်းခါအောင် ရှင်းလင်းထားသော တပည့်ကျော်များကို ငုံ့ကြည့်လိုက်၏။ မြေကြီးပေါ်တွင် လဲလျောင်းနေသော ဗလာကျင်းနေသည့် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ၏ အလောင်းကို ကြည့်လိုက်သည်။ လူသတ်ခြင်းနှင့် ဓားပြတိုက်ခြင်းကို ဂိမ်းတာဝန် တစ်ခုကဲ့သို့ သဘောထားနေကြသော ထိုကောင်စုတ်များကို ကြည့်လိုက်၏။
သူ ရုတ်တရက် သဘောပေါက်သွားသည်။ မိစ္ဆာသခင်ကြီး၏ တံဆိပ်ခတ်ခြင်းနှင့် ဟွမ်မိသားစု၏ လက်တုံ့ပြန်မှုအပေါ် .. သူ ယခင်က ထားရှိခဲ့သော စိုးရိမ်ပူပန်မှုများသည်... ဤ ဥပဒေမဲ့ပြီး လေးစားမှု ကင်းမဲ့သော "စတုတ္ထကပ်ဘေး" ကြီး၏ ရှေ့မှောက်တွင် ဘာမှ မဟုတ်တော့ကြောင်းကိုပေါ့။
ဒီကောင်တွေက... ဒီကမ္ဘာကြီးရဲ့ အကြီးမားဆုံးသော ပိုးကောင်တွေပဲ။
ကျန်းချန်သည် အသက် ဝဝ ရှူသွင်းလိုက်ပြီး... အနည်းငယ် လှုပ်ရှားနေသော စိတ်ခံစားမှုများကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ စင်ပေါ်တက်ရမည့် အလှည့် ရောက်ပြီမှန်း သူသိလိုက်၏။
ဘာပဲဖြစ်ဖြစ်... ကစားသမားတွေက ပစ္စည်းကောင်းတွေ အများကြီး ရထားကြသည်ပဲလေ... ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် ထိုအရာတွေထဲက တချို့ကို ပြန်လည် အသုံးပြုပြီး... ဂိုဏ်းရဲ့ ဗလာ ဖြစ်နေသော ဘဏ္ဍာတိုက်ကို ပြန်ဖြည့်သင့်သည် မဟုတ်ပါလော။
အောင်ပွဲခံ ဂုဏ်ပြုခြင်း (ရိတ်သိမ်းခြင်း) အခမ်းအနားကို စတင်ရန် အချိန်ကျရောက်လေပြီ။
အခန်း (၇၄) - ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် မီဒီယာမုန်တိုင်း .. ဂိုဏ်းချုပ်... ကျွန်တော်တို့ နာမည်ကြီးနေပြီဗျ
~နောက်တစ်နေ့ မနက်ခင်း...။
ပထမဆုံး နေရောင်ခြည်သည် တိမ်တိုက်များကို ထိုးဖောက်ပြီး ကွေ့ယွမ်ဂိုဏ်း ရင်ပြင်တော်ကို အလင်းရောင် ပေးနေ၏။ စစ်ပွဲကြီးတစ်ခုကို အခုလေးတင် ဖြတ်သန်းခဲ့ရသော ရင်ပြင်တော်ထက်တွင် မီးခိုးနံ့များ ဖျော့တော့စွာ ကျန်ရစ်နေဆဲ ဖြစ်သည်။
ခမ်းနားထည်ဝါသော "ဂိုဏ်း ကာကွယ်ရေး စစ်ပွဲ အောင်ပွဲခံ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား" အား ဤနေရာ၌ ကျင်းပနေခြင်း ဖြစ်၏။
တစ်ညတာ အနားယူပြီးနောက် (တကယ်တမ်းတော့ လူအများစုက စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ခဲ့ကြပါ) ကစားသမားများသည် ရင်ပြင်တော်တွင် စုရုံးရောက်ရှိလာကြသည်။ အားလုံး လန်းဆန်းတက်ကြွနေကြ၏။ သူတို့၏ ယခုလက်ရှိ ပုံပန်းသဏ္ဍာန်ကို ဖော်ပြရလျှင်... "မိစ္ဆာများ၏ ဖရိုဖရဲ ကခုန်ပွဲ"ဟူသော စကားလုံးနှင့်သာ တူညီပေလိမ့်မည်။ လူတိုင်းသည် ယမန်နေ့က စစ်မြေပြင်မှ သိမ်းဆည်းရမိခဲ့သော စစ်နိုင်ပစ္စည်းများကို ကိုယ်စီ ဝတ်ဆင်ထားကြသည်။
ပိန်ခြောက်ခြောက် အမျိုးသားအချို့သည် ဟွမ်မိသားစု စတိုင်လ် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ ထိုဝတ်ရုံများသည် သူတို့အတွက် ဆိုဒ် (၂) ဆခန့် ကြီးလွန်းနေသဖြင့် လက်များကို အကြိမ်ကြိမ် ခေါက်တင်ထားရပြီး... ဇာတ်သဘင် ကပြသူများနှင့် တူနေ၏။ ဗလတောင့်တောင့် အမျိုးသားအချို့ကမူ သိမ်းဆည်းရမိထားသော ရင်အုပ်ကာ သံချပ်များကို ရင်ဘတ်တွင် ချိတ်ဆွဲထားကြပြီး... လက်ထဲတွင် အတိုအရှည် မညီသော ဓားနှစ်လက်ကို ကိုင်ဆောင်ကာ အလွန်အမင်း ခမ်းနားထည်ဝါသည်ဟု ခံစားနေကြသည်။ အချို့ဆိုလျှင် သိုလှောင်အိတ် အများအပြားကို ခါးတွင် တန်းစီ ချိတ်ဆွဲထားကြပြီး... လမ်းလျှောက်လိုက်တိုင်း ဂျလောက်ဂျလောက် အသံမြည်နေစေသည်မှာ... သူတို့ သူဌေးဖြစ်နေပြီ ဆိုတာကို သူတပါး မသိလိုက်မှာ စိုးရိမ်နေသည့်အလားပင်။
စင်မြင့်ထက်တွင်...၊
ဂိုဏ်းချုပ် ကျန်းချန်သည် ယနေ့ အခမ်းအနားနှင့် လိုက်ဖက်ညီစေရန်အတွက်... စနစ် ဆိုင်မှ ငွေအကုန်အကျခံကာ အထူးတလည် ဝယ်ယူထားသော ခရမ်းရောင်တောက်တောက် ဂိုဏ်းချုပ်ဝတ်ရုံသစ်ကို ဝတ်ဆင်ထား၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး... မျက်နှာတွင် (ဟန်ဆောင်) ပီတိဖြာနေကာ... အောက်ဘက်ရှိ ပုံသဏ္ဍာန် ထူးဆန်းနေသော တပည့်ကျော်များကို ကြင်နာသော်လည်း ခမ်းနားသော အကြည့်ဖြင့် ကြည့်ရှုနေ၏။
“အဟမ်း...”
ကျန်းချန်သည် လည်ချောင်းရှင်းလိုက်ပြီး... ဒန်တျန်မှ အားယူကာ ကျယ်လောင်ပြတ်သားသော အသံဖြင့် စိတ်ဓာတ်တက်ကြွဖွယ် မိန့်ခွန်းကို စတင် ပြောကြားလိုက်သည်။
“မနေ့က တိုက်ပွဲမှာ... မင်းတို့အားလုံး ရဲရင့်ပြတ်သားခဲ့ကြတယ်... အားနည်းသူက အားကြီးသူကို အနိုင်ယူပြနိုင်ခဲ့တယ်... ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်တဲ့ ရန်သူကို ရင်ဆိုင်ရတာတောင်... တစ်ယောက်မှ နောက်မဆုတ်ခဲ့ကြဘူး... ကျူးကျော်သူတွေကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပြီး... ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်နိုင်ခဲ့ကြတယ်...”
“ငါ အလွန်အမင်း ကျေနပ်ဂုဏ်ယူမိပါတယ်... မင်းတို့အားလုံးဟာ ကွေ့ယွမ်ဂိုဏ်းရဲ့ ဂုဏ်ယူစရာတွေပါပဲ... မင်းတို့ဟာ အင်မော်တယ်လောက အနာဂတ်ရဲ့ မျှော်လင့်ချက်တွေပါပဲ...”
ပရိသတ်များအကြား လက်ခုပ်သံများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကစားသမားများသည် ဤမိန့်ခွန်းကို အလွန် သဘောကျသွားကြပြီး... ရင်ကော့ကာ ဂုဏ်ယူနေကြ၏။
“လူတိုင်းရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့... ငါ ဆုံးဖြတ်လိုက်ပြီ...”
ကျန်းချန် လက်ကို ဝှေ့ယမ်းလိုက်ပြီး လူတိုင်း စောင့်မျှော်နေသော အဓိက အကြောင်းအရာကို ပြောလိုက်သည်။
“မနေ့က တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပည့်တိုင်းကို... ပါဝင်မှု အနည်းအများ မခွဲခြားဘဲ... အခြေခံ ဆုလာဘ်အဖြစ် 'ဂိုဏ်း ဂုဏ်ပြုမှတ်' (၃၀၀၀) စီ ချီးမြှင့်မယ်...”
"ဟူးရေး"
ရင်ပြင်တစ်ခုလုံး အောင်ပွဲခံ အော်ဟစ်သံများဖြင့် ပေါက်ကွဲသွားတော့သည်။
“၃၀၀၀ တဲ့... ငါ သူဌေးဖြစ်ပြီဟေ့... ငါ့ရဲ့ လေဓားသွား ကျင့်စဉ်ကြီး သေချာသွားပြီ...”
“ဂိုဏ်းချုပ်ကြီးက သောက်ရမ်း မိုက်တာပဲ... ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ... ကွေ့ယွမ်ဂိုဏ်း လောကကို အုပ်စိုးပါစေ...”
သို့သော်... ကျန်းချန်၏ ဉာဏ်နီဉာဏ်နက်သည် အခုမှ စတင်ခြင်း ဖြစ်၏။ သူသည် ပြုံးလိုက်ပြီး အားလုံးကို တိတ်ဆိတ်ရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် တကယ့် ဗုံးကြီးကို ကြဲချလိုက်၏။
“ဒါ့အပြင်... အရင်းအမြစ်တွေကို ပိုမို ကောင်းမွန်စွာ အသုံးချနိုင်ဖို့နဲ့ ဂိုဏ်းကို ပိုမို သန်မာလာစေဖို့အတွက်... ငါက အထူး စစ်နိုင်ပစ္စည်း ပြန်လည်အသုံးချရေး ပလက်ဖောင်းကို စတင် မိတ်ဆက်ပေးလိုက်မယ်...”
သူ့စကားဆုံးသည်နှင့် ရင်ပြင်အလယ်ရှိ ဂိုဏ်းကျောက်တိုင်ကြီးသည် လင်းလက်လာပြီး စည်းမျဉ်းအသစ်များကို ဖော်ပြလိုက်သည်။
[ရန်သူ့ ကျင့်ကြံသူများထံမှ သိမ်းဆည်းရမိသော စံချိန်မီ ပစ္စည်းကိရိယာများ ၊ မှော်လက်နက်များ၊ ဆေးလုံးများ၊ သိုလှောင်အိတ်များ စသည်တို့ကို... ဂိုဏ်းသို့ အပ်နှံပါက စနစ်မှ တန်ဖိုးဖြတ်ပေးမည် ဖြစ်ပြီး... ဆုလာဘ်အဖြစ် ဂုဏ်ပြုမှတ် အမြောက်အမြား ရရှိမည် ဖြစ်သည်။ အထူးသဖြင့် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ၏ ပစ္စည်းများကို အပ်နှံသူသည်... လျှို့ဝှက်ဆန်းကြယ်သော 'အထူးဆုကြီး' ကို ရရှိမည်..]
ဤအကွက်သည် ကစားသမားများ၏ လိုအပ်ချက်ကို တိကျစွာ ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။ ဟွမ်မိသားစု၏ စံချိန်မီ ပစ္စည်းကိရိယာများသည် သိပ်ပြီး အသုံးမဝင်လှပေ။ အပြင်သွားပြီး ဝတ်ဆင်လျှင် မလိုလားအပ်သော အာရုံစိုက်မှုများကိုသာ ဆွဲဆောင်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကို ဂုဏ်ပြုမှတ်နှင့် လဲလှယ်ပြီး... သိုင်းကျမ်းတိုက်မှ ပိုမို လက်တွေ့ကျသော မန္တန်စွမ်းရည်များကို သင်ယူခြင်းက ပိုမို အကျိုးရှိ၏။
ထို့ကြောင့် ကြီးကျယ်ခမ်းနားသော "တရားဝင် ခိုးရာပါပစ္စည်း လက်ခံပွဲကြီး" တစ်ဖန် ပြန်လည် စတင်တော့သည်။
ကစားသမားများသည် စိတ်အားထက်သန်စွာ တန်းစီကြပြီး... သူတို့ မလိုချင်သော စစ်နိုင်ပစ္စည်းများကို ကျောက်တိုင်ရှေ့ရှိ လဲလှယ်ရေး အခင်းအကျင်း ထဲသို့ ပစ်ထည့်ကြ၏။
အထူးသဖြင့်... 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' အိမ်တော်ထိန်း၏ သိုလှောင်အိတ်နှင့် အဆင့်မြင့် မှော်ဓားတို့ကို... 'ကောင်းကင်ခွင်း ဓားတစ်လက်' နှင့် 'ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း' တို့က အတူတကွ လာရောက် အပ်နှံကြသည်။ ကျောက်တိုင်သည် အလင်းရောင်များ ဝေဝါးသွားပြီး... သူတို့တစ်ဦးစီအား ဂုဏ်ပြုမှတ် (၁၀၀၀၀) စီ ဧရာမ ဆုလာဘ်ကြီးအဖြစ် ချီးမြှင့်လိုက်၏။ သူတို့အဖွဲ့သည် သိုင်းကျမ်းတိုက်မှ ဈေးအကြီးဆုံး အဆင့်မြင့် မန္တန်စာအုပ်များကို ချက်ချင်း လဲလှယ်လိုက်ကြပြီး... ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးဖြဲနေကြကာ... ဘေးလူများ၏ အားကျသော (နှင့် မနာလိုသော) အကြည့်များကို ဆွဲဆောင်နေကြ၏။
ကျန်းချန်သည် စင်မြင့်ထက်တွင် ရပ်နေပြီး... နောက်ကွယ်ရှိ ကုန်လှောင်ရုံကြီးသည် အဆင့်မြင့် မှော်လက်နက်များ၊ ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့်... ထို 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ကျင့်ကြံသူ၏ ပိုင်ဆိုင်မှုအားလုံးဖြင့် ချက်ချင်း ပြည့်နှက်သွားသည်ကို ကြည့်နေမိသည်။ သူ၏ စုဆောင်းငွေများသည် ချက်ချင်း ပြန်လည် ပြည့်ဝလာရုံသာမက... အလွန်အမင်း ချမ်းသာကြွယ်ဝသွားပြီ ဖြစ်သည်။
ပစ္စည်းကိရိယာများကို အပ်နှံလိုက်ရသော်လည်း... စွမ်းရည်သစ်များ သင်ယူခွင့်ရပြီး ထီပေါက်သကဲ့သို့ ပျော်ရွှင်နေကြသော အောက်ဘက်မှ တပည့်ကျော်များကို ကြည့်ရင်း... ကျန်းချန်သည် စိတ်ထဲမှ ကိုယ့်ကိုယ်ကို လက်မထောင်လိုက်မိသည်။
ဒါ ဓားပြတိုက်တာပဲ...။ စီးပွားရေး သံသရာ တစ်ခုလုံး ပြီးပြည့်စုံစွာ လည်ပတ်သွားခဲ့ပြန်ပြီ။
သို့သော်... ကွေ့ယွမ်ဂိုဏ်း အတွင်း၌ ပျော်ရွှင်မှုများနှင့် 'ဘုံချမ်းသာရေး' စိတ်ဓာတ်များ လွှမ်းခြုံနေချိန်တွင်...။
အင်မော်တယ်လောက အတွင်းရှိ မိုင်ရာပေါင်းများစွာ ဝေးကွာသော နေရာ၌... ကွေ့ယွမ်ဂိုဏ်းနှင့် ပတ်သက်သော ကြောက်မက်ဖွယ် ကောလာဟလ မုန်တိုင်းကြီး တစ်ခု စတင် ဖြစ်ပေါ်နေတော့၏။
---
လျူယွမ်ဈေးတန်း... တူပေါင် ရတနာဂေဟာ၏ အပေါ်ဆုံးထပ် လျှို့ဝှက်ခန်း အတွင်း။း၊
အလွန်အမင်း ရုပ်ပျက်ဆင်းပျက် ထွက်ပြေး လွတ်မြောက်လာခဲ့သော အကြီးအကဲ ဟွမ်သည်... ယခုအခါ ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လဲကျနေသည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ဝတ်ရုံများ စုတ်ပြတ်သတ်နေကာ... မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူသည် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' ဆရာသခင် တစ်ဦးနှင့် မတူတော့ဘဲ... အရူးထောင်မှ ထွက်ပြေးလာသူ တစ်ဦးနှင့် ပိုတူနေ၏။
သူသည် တုန်ယင်နေသော လက်များဖြင့် မိသားစု ဌာနချုပ်ရှိ 'ဘိုးဘေးကြီး' (ရွှေအမြုတေ အဆင့် အားကြီးသူ) ထံသို့ သတင်းစကား ပေးပို့ပြီး အခြေအနေကို တင်ပြနေ၏။ သူ၏ မစွမ်းဆောင်နိုင်မှုနှင့် စစ်ပွဲမှ ထွက်ပြေးလာရသော အရှက်တရားကို ဖုံးကွယ်ရန်အတွက်... ဤ အကြီးအကျယ် ရှုံးနိမ့်မှုအတွက် လုံလောက်သော အကြောင်းပြချက် တစ်ခု လိုအပ်သည်။ ထို့ကြောင့် သူသည် အဖြစ်အပျက်ကို အစွန်းရောက်အောင် ချဲ့ကားပြီး... ကွေ့ယွမ်ဂိုဏ်းကို "သက်ရှိငရဲ" တစ်ခုအဖြစ် ပုံဖော်လိုက်တော့သည်။
“ဘိုးဘေးကြီး... ကျွန်တော် အပြစ်ကင်းပါတယ်... အဲ့ဒီ ကွေ့ယွမ်ဂိုဏ်းက... လမ်းမှန်လိုက် ဂိုဏ်းငယ်လေး တစ်ခု လုံးဝ မဟုတ်ပါဘူး... အဲ့ဒါ မိစ္ဆာ အသိုက်အမြုံပါ... လုံးဝကို ရှေးဟောင်း မိစ္ဆာ အသိုက်အမြုံကြီးပါ...”
အကြီးအကဲ ဟွမ်သည် အသံများ အက်ကွဲသည်အထိ ငိုကြွေး မြည်တမ်းလိုက်သည်။
“သူတို့မှာ ဒဏ္ဍာရီလာ 'မသေနိုင်သော မိစ္ဆာတပ်မတော်' ရှိပါတယ်... အဲ့ဒီ တပည့်တွေက... အဲ့ဒီ တပည့်တွေက လူတွေ မဟုတ်ကြပါဘူး... ဘယ်လိုသတ်သတ် သေလို့မရပါဘူး... မီးလုံးနဲ့ပစ်လို့ ပြာကျသွားရင်တောင် ချက်ချင်း ပြန်ရှင်လာပြီး ရုပ်ခန္ဓာကို ပြန်တည်ဆောက်နိုင်ကြပါတယ်... ပြီးတော့ သူတို့ တစ်ယောက်ချင်းစီက အလွန်အမင်း သန်မာကြပါတယ်... နာကျင်မှုကို မခံစားရပါဘူး... မောပန်းခြင်းမရှိတဲ့ ဇိုဘီတွေလိုပါပဲ... ရူးသွပ်စွာ တိုက်ခိုက်ဖို့နဲ့ ကိုက်ခဲဖို့လောက်ပဲ သိကြတာပါ...”
“သူတို့က အလွန်အမင်း ရက်စက်ပြီး ဖောက်ပြန်ကြပါတယ်... သူတို့ရဲ့ နည်းလမ်းတွေက စိတ်ကူးလို့ရသမျှ အယုတ်မာဆုံး နည်းလမ်းတွေပါ... အဆိပ်ပြင်းတဲ့ အပုပ်ရည်တွေ သုံးတယ်... မျက်စိကန်းစေတဲ့ ထုံးမှုန့်တွေ သုံးတယ်... ဆူးတွေ ပါတဲ့ မစင်တွင်းတွေ တူးထားတယ်... သူတို့ ဘာမဆို လုပ်ရဲကြပါတယ်... အင်မော်တယ်လောကရဲ့ စည်းကမ်းတွေကို လုံးဝ ဂရုမစိုက်ကြပါဘူး...”
ဤနေရာ၌ အကြီးအကဲ ဟွမ်သည် အိမ်တော်ထိန်း လီ ၏ ကြေကွဲဖွယ် ကံကြမ္မာကို ပြန်လည် မြင်ယောင်လာပြီး... ခန္ဓာကိုယ် တုန်ခါသွားကာ မျက်လုံးများထဲတွင် စစ်မှန်သော ကြောက်ရွံ့မှုများ ပေါ်လာသည်။
“သနားစရာကောင်းတဲ့ အိမ်တော်ထိန်း လီ... အိမ်တော်ထိန်း လီ ခင်ဗျာ... အဲ့ဒီ မိစ္ဆာကောင် ရာပေါင်းများစွာရဲ့ ဝိုင်းဝန်း ကိုက်ခဲ ဝါးမြိုတာ ခံလိုက်ရပါတယ်... အရှင်လတ်လတ် အစားခံလိုက်ရတာပါ... သူတို့က သူ့အဝတ်အစားတွေကိုတောင် ချွတ်ပြီး စစ်နိုင်ပစ္စည်းအဖြစ် ယူသွားကြပါသေးတယ်... ဘိုးဘေးကြီး... ကြောက်စရာ ကောင်းလိုက်တာ...”
“အဲ့ဒီ ဂိုဏ်းချုပ် 'ကျန်းချန်' ကတော့... ပိုပြီး ခန့်မှန်းရခက်ပါတယ်... သူက အစအဆုံး လက်တစ်ဖက်တောင် မလှုပ်ခဲ့ပါဘူး... အနောက်မှာ ရပ်ပြီး အခင်းအကျင်း သုံးပြီးတော့ ဟို မိစ္ဆာကောင်တွေကို အားဖြည့်ပေးနေရုံပါပဲ... ဒါပေမဲ့ ကျွန်တော်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပါတယ်... ဘိုးဘေးကြီး... ဒီကောင်လေးကို အရှင်ထားလို့ မဖြစ်ပါဘူး... ဒီ မိစ္ဆာဂိုဏ်းကို အရှင်ထားလို့ မဖြစ်ပါဘူး... မဟုတ်ရင် နောင်တစ်ချိန် အင်မော်တယ်လောကကြီး တစ်ခုလုံးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါလိမ့်မယ်...”
အကြီးအကဲ ဟွမ်၏ ပုဂ္ဂလခံစားချက်များနှင့် ကြောက်ရွံ့မှုများ ရောနှောပြီး ချဲ့ကားထားသော စစ်ပွဲ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက်...။
တစ်ရက်တည်း အတွင်းမှာပင်...။
"ချန်ဝူ တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့ နေရာမှာ... ပြိုင်ဘက်ကင်း မိစ္ဆာဂိုဏ်းကြီး တစ်ခု ပေါ်ထွက်လာတယ်"၊ "ကွေ့ယွမ်ဂိုဏ်းက မသေနိုင်သော မိစ္ဆာတပ်မတော်ကို လျှို့ဝှက် မွေးမြူထားတယ်"၊ "ဂိုဏ်းချုပ် ကျန်းချန်က ရှေးဟောင်း လူသားစား မိစ္ဆာကြီး ဝင်စားတာ" စသည့် ကြောက်မက်ဖွယ် ကောလာဟလများသည်... လျူယွမ်ဈေးတန်း ဧရိယာ တစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
ခေတ္တမျှ ကွေ့ယွမ်ဂိုဏ်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသွားပြီး... ကလေးများ ညဘက် ငိုလျှင်ပင် "ကွေ့ယွမ်ဂိုဏ်း လာဖမ်းလိမ့်မယ်" ဟု ခြောက်ရသည်အထိ ဖြစ်သွား၏။
ထို နတ်ဘုရား စွန့်ပစ်ထားသော ခြောက်ကပ်သည့် တောင်ကုန်းပေါ်တွင်... သတ်လို့မသေနိုင်သော၊ လူသားစားသော၊ အလွန်အမင်း ယုတ်မာသော နည်းလမ်းများကို အသုံးပြုသည့် ရူးသွပ်သော အရူးတစ်သိုက် ခိုအောင်းနေကြောင်း လူတိုင်း သိရှိသွားကြသည်။
ချန်ဝူ တောင်တန်း အစွန်အဖျားမှ ရံဖန်ရံခါ ဖြတ်သန်းသွားလာလေ့ရှိသော လွတ်လပ်သည့် ကျင့်ကြံသူများနှင့် ကုန်သည်အဖွဲ့များသည်... ထိုနေရာသို့ ခြေတစ်လှမ်းပင် မချရဲတော့ဘဲ မိုင်ရာပေါင်းများစွာ ကွေ့ပတ်သွားရန် ရွေးချယ်လိုက်ကြတော့၏။
ကွေ့ယွမ်ဂိုဏ်းသည် အာရုံစိုက်ခံရမှု တစ်ခု ဖြစ်လာသည်။ ရုပ်ပိုင်းဆိုင်ရာ သဘောအရ အကြီးစား အာရုံစိုက်ခံရမှု ဖြစ်လာခဲ့တော့သတည်း။
အခန်း (၇၅) - မြက်ခင်းအဆုံးပိုင်း ကာလ၏ ဒုက္ခများ .. ပြိုင်ဘက်ကင်း ဖြစ်ရတာ ဘယ်လောက်တောင် အထီးကျန်စရာ ကောင်းလိုက်သလဲ
~အချိန်များ ကုန်ဆုံးသွားပြီး... အင်မော်တယ်လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော "ဂိုဏ်း ကာကွယ်ရေး စစ်ပွဲ" ကြီး ပြီးဆုံးခဲ့သည်မှာ (၃) ရက် တိုင်ခဲ့တော့၏။
လွန်ခဲ့သော (၃) ရက်တာ ကာလအတွင်း ကွေ့ယွမ်ဂိုဏ်း အတွင်းရှိ စိတ်လှုပ်ရှား တက်ကြွမှုများသည် လျော့ကျမသွားသည့်အပြင်... ကစားသမားများ သူတို့ လိုချင်တပ်မက်ခဲ့သော စွမ်းရည်စာအုပ်များကို အောင်မြင်စွာ လဲလှယ်ရရှိပြီးနောက်တွင် ပိုမို ပြင်းထန်လာခဲ့၏။
ရင်ပြင်တော်ကြီးသည် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ရသော တင်းမာသည့် လေထုမှ... ယမ်းငွေ့နံ့များနှင့် ဝိညာဉ်စွမ်းအင် အတက်အကျများ ပြည့်နှက်နေသည့်... "အကြီးစား မှော်ပညာ စမ်းသပ်ကွင်းကြီး" အဖြစ်သို့ ပြောင်းလဲသွားချေပြီ။
မွန်းတည့်နေရောင်အောက်တွင် ရင်ပြင်တစ်ခုလုံး ကမောက်ကမ ဖြစ်နေ၏။
ဘယ်ဘက်ခြမ်း ဧရိယာကို... "မီးကျည်ဆန် မန္တန်" အသစ်စက်စက် သင်ယူထားသော ကစားသမား အုပ်စုတစ်စုက သိမ်းပိုက်ထားသည်။ သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး... လက်ချောင်းထိပ်များတွင် အရွယ်အစားမညီသော မီးလုံးများကို အပြိုင်အဆိုင် ဖန်တီးကာ... ဘယ်သူ့မီးလုံးက ပိုဝိုင်းလဲ၊ ပိုလင်းလဲ ပြိုင်ဆိုင်နေကြသည်။ လေထုထဲတွင် မီးလောင်နံ့များ ပြည့်နှက်နေသည် - မြေကြီးပေါ်မှ မြက်ခြောက်များနှင့် ကံဆိုးသူ အချို့၏ မီးကျွမ်းသွားသော မျက်ခုံးမွှေးများ၏ အနံ့ပင်။
“ဒီမှာ ကြည့်စမ်း... မီးလုံးမန္တန်ကွ...”
ဝမ်သဲ့ဖာ ဟိန်းဟောက်လိုက်ပြီး... အားကုန်ညှစ်ထုတ်ကာ လက်သီးဆုပ်လောက် ရှိသော တုန်ခါနေသည့် မီးတောက်လေး တစ်ခုကို နောက်ဆုံးတွင် ဖန်တီးနိုင်လိုက်သည်။ သူ ပစ်မလွှတ်ရသေးခင်မှာပင် မီးတောက်လေးသည် “ဖူး...” ခနဲ အသံမြည်ကာ ငြိမ်းသွားသဖြင့် ဘေးလူများ၏ ရက်ရက်စက်စက် လှောင်ရယ်ခြင်းကို ခံလိုက်ရ၏။
ညာဘက်ခြမ်း ကွင်းပြင်တွင်မူ... လေဓာတ် ကစားသမားများက ကြီးစိုးထားသည်။ မျက်စိဖြင့် မြင်နိုင်သော အစိမ်းရောင် လေဓားသွား အချို့သည် လေထုထဲတွင် “ရွှမ်း...” ခနဲ အသံမြည်အောင် ဖြတ်သန်းသွားပြီး... ရင်ပြင်အစွန်းရှိ အခုမှ ကြီးပြင်းစ ပြုလာသော သစ်ပင်ကောက်ကောက် အချို့ကို ထက်ပိုင်းပြတ်အောင် လှီးဖြတ်ပစ်လိုက်၏။ ဓားသွားများသည် အလွန် ထက်မြက်လှသဖြင့်... မြေလျှိုးမန္တန် လေ့ကျင့်နေသော (မြေကြီးပေါ်တွင် ခေါင်းတစ်ဝက်သာ ဖော်ထားသည့်) ကစားသမား အချို့သည် ကြောက်လန့်တကြား အော်ဟစ်ပြီး မြေကြီးထဲသို့ ပြန်လည် ဝင်ရောက် ပုန်းအောင်းသွားကြရသည်။
ရင်ပြင်အလယ်တွင်မူ... "စိန်သား ကာကွယ်ရေး ဒိုင်း"ကို လဲလှယ်ထားသော ခွန်အားလိုင်း ဗလကြီး အချို့သည် အင်္ကျီအဝတ်အစားမပါဘဲ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်း သဲ့သဲ့ ထုတ်လွှတ်နေကြသည်။ သူတို့သည် မိတ်လိုက်ချိန် ရောက်နေသော နွားသိုးကြီးများပမာ အချင်းချင်း ပြေးဝင် တိုက်ခိုက်နေကြပြီး... “ဒေါင်...” ခနဲ သံချင်းရိုက်သံများ ထွက်ပေါ်နေသည်မှာ... ဘယ်သူ့ ဦးခေါင်းခွံက ပိုမာလဲ စမ်းသပ်နေကြသည့်အလားပင်။
လူတိုင်း သန်မာလာကြပြီ... လူတိုင်း စိတ်လှုပ်ရှားနေကြပြီ။ သို့သော်... ဤ အတုအယောင် စည်ကားမှု၏ နောက်ကွယ်တွင် လေးနက်သော ပြဿနာတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာ၏။
အဲ့ဒါကတော့... "ပျင်းစရာ ကောင်းခြင်း" ပင် ဖြစ်သည်။
အလွန်အမင်း ပျင်းစရာ ကောင်းနေခြင်း။
ထို စစ်ပွဲကြီး ပြီးနောက်... မိုင် ဒါဇင်ပေါင်းများစွာ ပတ်လည်အတွင်းရှိ ဉာဏ်ရည်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် မိစ္ဆာသားရဲ အားလုံးသည် ကြာကတည်းက ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ပြီးတော့ အကြီးအကဲ ဟွမ်က ကွေ့ယွမ်ဂိုဏ်းသည် "အရိုးပါမကျန် လူသားစားသော မိစ္ဆာဂူ" ဖြစ်ကြောင်း အစွမ်းကုန် ကောလာဟလ ဖြန့်ထားသဖြင့်... လျူယွမ်ဈေးတန်းမှ လွတ်လပ်သော ကျင့်ကြံသူများနှင့် ကုန်သည်အဖွဲ့များသည် ဤနေရာကို ဘီလူးသဘက်ကြီး တစ်ကောင်အလား သဘောထားကာ... ခြေတစ်လှမ်းတောင် မချရဲဘဲ မိုင် (၈၀၀) လောက် ကွေ့ပတ်သွားရန် ရွေးချယ်နေကြသည်။
ဤအခြေအနေသည် ကွေ့ယွမ်ဂိုဏ်းကို လုံးဝ "အထီးကျန်" အခြေအနေသို့ ရောက်ရှိသွားစေသည်။ စပွန်းမည့် မွန်းစတား အသစ် မရှိ... ပြီးမြောက်ရမည့် တာဝန် အသစ် မရှိ... အပြန်အလှန် ဆက်ဆံရမည့် NPC အသစ် မရှိ (ဒါက လှည့်စားမှု တစ်ခု ဖြစ်ပေမယ့်)။
စတုတ္ထကပ်ဘေးများ အတွက်... "ဗားရှင်း စောင့်ဆိုင်းချိန်" ဟု ခေါ်သော ဤ နှိပ်စက်မှုသည်... သူတို့ကို သတ်လိုက်တာထက်ပင် ပိုမို ဆိုးရွားလှသည်။
“ဟူး....”
ဝမ်သဲ့ဖာသည် ပြောင်းဖူးရုပ်တု ထွင်းထုထားသော ကျောက်တိုင်အောက်တွင် အားလျော့စွာ ထိုင်နေသည်။ သူသည် ဘယ်ကနေ ခွာယူလာမှန်းမသိသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံးကို လေထဲသို့ မြှောက်လိုက် ဖမ်းလိုက် ကစားရင်း အကြိမ်ကြိမ် သက်ပြင်းချနေသည်။
“ပြိုင်ဘက်ကင်း ဖြစ်ရတာ သောက်ရမ်း အထီးကျန်တာပဲ... ငါ့မှာ အခု ကမ္ဘာကို တုန်လှုပ်စေနိုင်တဲ့ မီးလုံးမန္တန်ကြီး ရှိနေပြီ... ဒါပေမဲ့ နေ့တိုင်း ဒီမှာထိုင်ပြီး ပုရွက်ဆိတ်အုံ ရှို့တာလောက်ပဲ လုပ်နေရတယ်... ငါ သံချေးတက်တော့မယ်လို့ ခံစားရတယ်...”
“ဘယ်သူ ငြင်းရဲမှာလဲ...”
သူ့ဘေးနားရှိ ကျွမ်းကျင်ကစားသမား 'ကောင်းကင်ခွင်း ဓားတစ်လက်' ကလည်း... (အိမ်တော်ထိန်း လီ ထံမှ ရရှိထားသော) အသစ်စက်စက် အလယ်အလတ်အဆင့် မှော်ဓားကို အကြိမ်ကြိမ် အခါခါ ပွတ်သပ်နေပြီး... ဆရာသခင်ကြီး တစ်ပါး၏ အထီးကျန်ဆန်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ငါ့ဓားတောင် ပွတ်ရင်း ပွတ်ရင်း ပါးသွားတော့မယ်... ဓားသွား စမ်းသပ်ခံမယ့် နာမည်နီ မွန်းစတား တစ်ကောင်တောင် မတွေ့ရဘူး... ဂိမ်းဒဗ်လော့ဗာ တွေ ဘာလုပ်နေကြတာလဲ... ဗားရှင်းအသစ် ဘယ်မှာလဲ... မြေပုံအသစ် ဘယ်မှာလဲ... အီဗင့် အသစ် မြန်မြန် မထုတ်ပေးရင် ဒီဂိမ်း သေသွားလိမ့်မယ်...”
“ဂိုဏ်းချုပ်ကြီးရော... ဂိုဏ်းချုပ်ကြီးက ဒီရက်ပိုင်း ဘာလို့ ပင်မနန်းဆောင်ထဲမှာပဲ ပုန်းနေရတာလဲ... ငါတို့ရဲ့ သွေးနှောထားတဲ့ ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားတာများလား...”
ကစားသမားများ၏ ညည်းညူသံများ ကျယ်လောင်လာပြီး စိုးရိမ်ပူပန်သော လေထုတစ်ရပ် လွှမ်းခြုံလာသည်။ အားအင်များ ပိုလျှံနေပြီး ထွက်ပေါက်မရှိ ဖြစ်နေသဖြင့်... သူတို့သည် ပိုလျှံနေသော စွမ်းအင်များကို ထူးဆန်းသော နည်းလမ်းများဖြင့် စတင် အသုံးပြုလာကြ၏။ ဥပမာအားဖြင့် - အချို့က ပင်မနန်းဆောင်၏ ကြမ်းခင်းကျောက်ပြားများကို ခွာပြီး အောက်ဘက်တွင် လျှို့ဝှက်ခန်း ရှိမရှိ ရှာဖွေရန် အကြံပြုကြသည်... သို့မဟုတ် ရင်ပြင်ထဲတွင် "ပထမအကြိမ် ကွေ့ယွမ်ဂိုဏ်း စည်းကမ်းမဲ့ တိုက်ခိုက်ရေး ပြိုင်ပွဲ" ကျင်းပပြီး အချင်းချင်း ရိုက်နှက်ကြရန် စီစဉ်နေကြလေသည်။
ပင်မနန်းဆောင် အတွင်း။
တံခါးမကြီးကို တင်းကျပ်စွာ ပိတ်ထားပြီး အပြင်ဘက်မှ ဆူညံသံများကို တားဆီးထား၏။
ဂိုဏ်းချုပ် ကျန်းချန်သည် ပလ္လင်ပေါ်တွင် ထိုင်လျက်... အပြင်ဘက်မှ ပိုမို ဆိုးရွားလာသော လှုပ်ရှားမှုများကို နားထောင်ရင်း နားထင်ကို ဖိနှိပ်လိုက်မိသည်။
သူသည် တပည့်များကို မွေးမြူထားခြင်း မဟုတ်ဘဲ... ဖျက်ဆီးလိုစိတ် ပြင်းထန်သော ဟတ်စကီး ခွေးအုပ်ကြီးကို မွေးမြူထားမိသကဲ့သို့ ခံစားလိုက်ရ၏။
“ဒီကောင်တွေ... တကယ် ငြိမ်ငြိမ်မနေနိုင်ကြပါလား...”
သူသည် စနစ် မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။ စစ်ပွဲကြီးမှ "ပြန်လည်ရယူခြင်း" နှင့် လွန်ခဲ့သော ရက်အနည်းငယ်က စွမ်းရည်စာအုပ် လဲလှယ်မှုများကြောင့်... ကစားသမားများ၏ ဂုဏ်ပြုမှတ်များ ကုန်ခမ်းမတတ် ဖြစ်နေပြီ။ တဖက်တွင်မူ... သူ၏ ဘဏ္ဍာတိုက်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀၀) နီးပါးနှင့်... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်မှ ရရှိထားသော မဆိုးလှသည့် မှော်လက်နက် (၃) ခု ရှိနေပြီ ဖြစ်သည်။
ဂိုဏ်းက အင်အားကြီးလာပြီ... ဒါပေမဲ့ အကျပ်အတည်းကလည်း ပိုကြီးလာတယ်။ အပြင်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကို သူ ကြားထားပြီးပြီ။ အဲ့ဒါတွေက သူခိုးအသေးအဖွဲတွေကို ခေတ္တ ခြိမ်းခြောက်နိုင်ပေမယ့်... စစ်မှန်တဲ့ လမ်းမှန်လိုက် ဂိုဏ်းကြီးတွေရဲ့ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်လာလိမ့်မယ်။
ဂိုဏ်းရဲ့ အဓိက စွမ်းရည်တွေကို အမြန်ဆုံး မြှင့်တင်ရမယ်... တချိန်တည်းမှာပဲ ဒီ ငတုံး ကစားသမားတွေရဲ့ အာရုံကို လွှဲပြောင်းပြီး တစ်ခုခု လုပ်စရာ ပေးထားမှ ဖြစ်မယ်... မဟုတ်ရင် သူတို့ ဂိုဏ်းကို တကယ် ဖြိုပစ်ကြလိမ့်မယ်။
“စနစ်... 'ဂိုဏ်း ကာကွယ်ရေး မဟာအခင်းအကျင်း' ကို ပြုပြင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ရှာဖွေပါ...”
ကျန်းချန် စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
ယိုင်နဲ့နဲ့ ဖြစ်နေသော ကာကွယ်ရေး အခင်းအကျင်းကြီးသည် ပြီးခဲ့သော စစ်ပွဲတွင် အထောက်အကူ ပြုခဲ့သော်လည်း... အခြေခံအားဖြင့် ပျက်စီးမတတ် ဖြစ်နေ၏။ အနာဂတ်တွင် ရောက်လာနိုင်သော ပိုမို အားကောင်းသည့် ရန်သူများကို ရင်ဆိုင်ရန်အတွက် အခင်းအကျင်းကို ပြုပြင်ရန်မှာ အရေးတကြီး လိုအပ်နေပ်သည်။
[တီ.. ရှာဖွေနေပါတယ်..
[ဂိုဏ်း ကာကွယ်ရေး မဟာအခင်းအကျင်းကို ပြုပြင်ရန်နှင့် အဆင့်မြှင့်တင်ရန် လိုအပ်သော အဓိက ကုန်ကြမ်းပစ္စည်းများ စာရင်း (အဆင့် ၁ အထွတ်အထိပ် ဝိညာဉ်စုစည်းမှု ကာကွယ်ရေး အခင်းအကျင်း → အဆင့် ၂ အခြေခံ ဟွမ်ယွမ် အခင်းအကျင်း)]
[၁။ အဆင့် (၂) (အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်) မိစ္ဆာသားရဲ အတွင်းအမြုတေ တစ်ခု (ပင်မ အခင်းအကျင်း မျက်လုံး၏ စွမ်းအင် အူတိုင် အဖြစ် အသုံးပြုရန်)]
[၂။ ကြယ်တာရာ သဲမှုန် ပိဿာ (၁၀၀) (အခင်းအကျင်း လမ်းကြောင်းများကို ပြုပြင်ရန်နှင့် ပြန်လည် ရေးထွင်းရန်)]
[၃။ ယခင်က ရရှိထားသော အထူး ပစ္စည်း "ရှေးဟောင်း မှော်အခင်းအကျင်း အူတိုင် အပိုင်းအစ" (စနစ်မှ သန့်စင်ပြီးနောက်... အခင်းအကျင်း မျက်လုံးကို အားဖြည့်ပေးမည့် အထူးပစ္စည်း အဖြစ် အသုံးပြုနိုင်ပြီး... အခင်းအကျင်း၏ စွမ်းအားနှင့် ဖုံးကွယ်နိုင်စွမ်းကို ကြီးမားစွာ တိုးမြှင့်ပေးနိုင်သည်)]
စာရင်းထဲမှ ကုန်ကြမ်းပစ္စည်းများကို ကြည့်ရင်း... ကျန်းချန်၏ မျက်လုံးများ တဖြည်းဖြည်း အရောင်တောက်လာ၏။
ကြယ်တာရာ သဲမှုန်... ဂိုဏ်းထဲက မှိုတက်မတတ် ဖြစ်နေတဲ့ ရှေးဟောင်း စာအုပ်ကြီးထဲမှာ ဖတ်ဖူးသလိုလို ရှိတယ်...။ ချန်ဝူ တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့ နေရာက လျှို့ဝှက် မိုင်းတွင်းဟောင်း တစ်ခုမှာ... ဒီ ရှားပါး ဝိညာဉ် အရင်းအမြစ်တွေ ပေါများတယ် ဆိုလား...။ ဒါပေမဲ့ အဲ့ဒီနေရာကို... "သွေးဆာနေသော လေဝံပုလွေ" လို့ ခေါ်တဲ့ ကြမ်းတမ်းတဲ့ အဆင့် (၂) မိစ္ဆာသားရဲတွေက သိမ်းပိုက်ထားလို့... စစ်မှန်တဲ့ တားမြစ်နယ်မြေ ဖြစ်နေတယ်တဲ့...။
အဆင့် (၂) မိစ္ဆာ အမြုတေ... ဆိုလိုတာက 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်' နဲ့ ညီမျှတဲ့ အားကြီးတဲ့ မိစ္ဆာသားရဲကို သွားရောက် မုဆိုးလုပ်ရမယ်...။
မြေပုံအသစ် (ချန်ဝူ တောင်တန်း နက်ရှိုင်းရာအပိုင်း)... မွန်းစတား အသစ် (အဆင့် ၂ အုပ်စုဖွဲ့နေတတ်သော မိစ္ဆာသားရဲ)... ပန်းတိုင် အသစ် (အခင်းအကျင်း ပြုပြင်ဖို့ ကုန်ကြမ်းပစ္စည်း ရှာဖွေခြင်း)...။
ဒါက ပျင်းနေတဲ့ စတုတ္ထကပ်ဘေး အုပ်စုအတွက် သီးသန့် ဖန်တီးပေးထားတဲ့ "အကြီးစား ချဲ့ထွင် ဗားရှင်းအသစ်"ပဲ မဟုတ်ပါလော။
ကျန်းချန်၏ နှုတ်ခမ်းများသည် နောက်ကွယ်မှ ကြိုးကိုင်သူ ပီသသော... ရင်းနှီးပြီးသား ကောက်ကျစ်သည့် အပြုံးတစ်ခု အဖြစ်သို့ တဖန်ပြန်လည် တွန့်ကွေးသွား၏။
“မင်းတို့က ပျင်းတယ် ဆိုမှတော့... ငါက နည်းနည်း ပိုခက်ခဲတာလေး ဖန်တီးပေးရတာပေါ့...”
သူသည် ဝတ်ရုံကို သပ်ရပ်အောင် ပြင်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ... ယုံကြည်မှု ရှိပြီး ခမ်းနားထည်ဝါသော ခြေလှမ်းများဖြင့် ပင်မနန်းဆောင် တံခါးဝဆီသို့ လျှောက်လှမ်းသွားလိုက်၏။
တိုက်ပွဲခေါ်သံ အသစ် ထုတ်ပြန်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။