အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အခန်း (၇၆) - ဗားရှင်းအသစ် မိတ်ဆက်ခြင်း .. ပစ်မှတ်က ချန်ဝူ တောင်တန်းကြီး၏ အတွင်းပိုင်း
~နေမင်းကြီးက ခေါင်းပေါ်တည့်တည့်သို့ ရောက်ရှိနေချိန် ဖြစ်၏။
ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်ကြီးထဲ၌ ဂနာမငြိမ်သော လေထုတစ်ခု လွှမ်းခြုံထား၏။ ကစားသမား (၁၀၀) ကျော်သည် ခေါင်းပြတ်နေသော ယင်ကောင်များပမာ လျှောက်သွားနေကြသည်။
တချို့က မြေကြီးပေါ်ရှိ ပုရွက်ဆိတ်အသိုက်များကို မီးလုံးပြုစားနည်းဖြင့် ရှို့နေကြသလို၊ တချို့ကလည်း အသစ်ဝယ်ထားသော မှော်ဓားများကို အသုံးပြုကာ ခြေသည်းလက်သည်း ညှပ်နေကြ၏။ အချို့သော ပျင်းရိနေသူများကမူ ကွင်းပြင်အလယ်ရှိ တိုင်လုံးကြီးကို ဇွန်းကလေးများဖြင့် အပေါက်ဖောက်ရန် ကြိုးစားနေကြပြန်သည်။
ထိုသို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အခြေအနေကြီး ပေါက်ကွဲမတတ် ဖြစ်နေချိန်၌ပင်...
“ဂျိမ်း...”
လေးလံသော မြည်ဟိန်းသံကြီးနှင့်အတူ (၃) ရက်တိတိ ပိတ်ထားခဲ့သော ဂိုဏ်းချုပ် ခန်းမဆောင်၏ တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟလာလေတော့သည်။
ဖိနှိပ်ထားသော အရှိန်အဝါတစ်ခုသည် ခန်းမဆောင်ထဲမှ လှိမ့်ထွက်လာပြီး ဆူညံနေသော ကွင်းပြင်ကြီးတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေလိုက်သည်။ ကစားသမားအားလုံး ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြပြီး သူတို့၏ စိမ်းရောင်တောက်နေသော မျက်လုံးပေါင်းများစွာသည် ခန်းမဆောင်၏ ဝင်ပေါက်ဆီသို့ မီးမောင်းထိုးသည့်နှယ် စုပြုံရောက်ရှိသွားကြ၏။
ဂိုဏ်းချုပ် ကျန်းချန်သည် တောက်ပပြီး တန်ဖိုးကြီးမားပုံရသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာ၏။ အငွေ့အသက် ပိုမို ပီပြင်စေရန်အတွက် စနစ်ကို အသုံးပြုကာ သူ့ကိုယ်သူ ရွှေရောင်အလင်းတန်း ဖျော့ဖျော့လေးဖြင့် ဝန်းရံထားစေလိုက်သေးသည်။
ကျန်းချန်သည် မြင့်မားသော စင်မြှင့်ထက်တွင် ရပ်တန့်လိုက်ပြီး အောက်ဘက်မှ ဂနာမငြိမ်ဖြစ်နေသော လူအုပ်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူသည် စကားတစ်ခွန်းမျှ မဆိုသေးဘဲ ပရိသတ်တစ်လျောက်လုံးကို စိတ်ပျက်သော အကြည့်ဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။
လူသစ် ကစားသမားအချို့ ကြောက်လန့်တကြား ဖြစ်သွားမှသာ သူက ကျေနပ်စွာဖြင့် အကြည့်ကို လွှဲလိုက်၏။
“မင်းတို့ပုံစံတွေကို ကြည့်စမ်း... ဘယ်လို အခြေအနေ ရောက်နေကြတာလဲ...”
ကျန်းချန်၏ အသံက ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ဝမ်းနည်းမှုနှင့် ဒေါသတို့ သင့်တင့်မျှတစွာ ရောစပ်ပါဝင်နေသည်။
“ဒီလောက် နိုင်ပွဲလေးနဲ့ မင်းတို့ ကျေနပ်နေကြပြီလား... ဒါက မင်းတို့ရဲ့ တိုးတက်လမ်းစကို ရပ်တန့်ဖို့ လုံလောက်နေပြီလား...”
“အဆင့်နိမ့် မိသားစုလေး တစ်ခုလောက်ကို မောင်းထုတ်နိုင်ရုံနဲ့ မင်းတို့ကိုယ်မင်းတို့ အပန်းဖြေလို့ ရပြီလို့ ထင်နေကြတာလား... အနုံအာလိုက်တာ... မိုက်မဲလိုက်တာ...”
“အပြင်လောကမှာ ကောလာဟလတွေ ပြန့်နှံ့နေပြီ... မရေမတွက်နိုင်တဲ့ လောဘမျက်လုံးတွေက ငါတို့ ကွေ့ယွမ်ဂိုဏ်းကို တိတ်တဆိတ် ချောင်းမြောင်းနေကြပြီ... အန္တရာယ်စစ်စစ်က အချိန်မရွေး ကျရောက်လာနိုင်တယ်... ဒါကို မင်းတို့က ပုရွက်ဆိတ် ဖမ်းဆော့ပြီး အချင်းချင်း ရန်ဖြစ်နေကြတုန်းလား...”
ဂိုဏ်းချုပ်၏ တရားမျှတသော စကားလုံးများကြောင့် အောက်ဘက်မှ ကစားသမားများမှာ အနည်းငယ် (အနည်းငယ်မျှသာ) ရှက်ရွံ့သွားကြ၏။
သို့သော် အများစု၏ စိတ်ထဲတွင်မူ စိတ်လှုပ်ရှားမှုများက ပိုမို ကြီးစိုးနေကြ၏။
ဝါရင့်ကစားသမားများ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် တူညီသော သတင်းစကားတစ်ခု ရှိနေသည်။
'တစ်ခုခုတော့ လာတော့မယ်... ဒါ မစ်ရှင်အသစ် လာတော့မယ့် နိမိတ်ပဲ...'
ထင်ထားသည့်အတိုင်းပင် ကျန်းချန်က လေသံကို ပြောင်းလိုက်ပြီး သူ၏ မျက်နှာထားမှာ တည်ကြည်လေးနက် သွား၏။
“နာကျင်ရတဲ့ သင်ခန်းစာကို ရပြီးတဲ့နောက်... ဂိုဏ်းရဲ့ ကာကွယ်ရေး အားနည်းချက်တွေကို ငါ ကောင်းကောင်းကြီး သဘောပေါက်လိုက်ပြီ... အနာဂတ်မှာ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့... ပြီးတော့ ငါတို့ရဲ့ ဘုံရိပ်မြုံ ကို ကာကွယ်ဖို့အတွက် ငါ ဆုံးဖြတ်ချက် တစ်ခု ချလိုက်တယ်...”
သူသည် အင်္ကျီလက်စကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပြီး ခန်းမဆောင်၏ နောက်ဘက်ရှိ မဆုံးနိုင်သော တောင်တန်းကြီးများကို ညွှန်ပြလိုက်သည်။
“ဂိုဏ်း ပြန်လည်ဦးမော့လာစေရေး စီမံကိန်း ဒုတိယအဆင့်... 'တောင်ကာကွယ်ရေး မဟာအခင်းအကျင်းကြီးကို ပြန်လည် တည်ဆောက်ခြင်း' ကို အခုချက်ချင်း စတင်မယ်...”
ခရီးလမ်းသစ် တစ်ခု စတင်လေပြီ။
“ဝုန်း...”
ကျန်းချန် စကားဆုံးသည်နှင့် တပြိုင်နက် ကွင်းပြင်အလယ်ရှိ ကြီးမားသော ကျောက်တိုင်ကြီးသည် တောက်ပစွာ လင်းလက်လာပြီး ရွှေရောင် စာလုံးများ တန်းစီ၍ ပေါ်ထွက်လာတော့သည်။
[ဆာဗာလုံးဆိုင်ရာ မစ်ရှင်ကွင်းဆက် - ဂုဏ်သိက္ခာကို ပြန်လည် ပုံဖော်ခြင်း]
[မစ်ရှင် နောက်ခံ - အနာဂတ်တွင် ပိုမို အင်အားကြီးမားသော ရန်သူများကို ကာကွယ်ရန်အတွက် ဂိုဏ်းချုပ်သည် ရှေးဟောင်း တောင်ကာကွယ်ရေး မဟာအခင်းအကျင်းကြီးကို ပြုပြင်မွမ်းမံရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဤကိစ္စအတွက် အလွန်ရှားပါးသော ပစ္စည်းများ လိုအပ်နေပါသည်။]
[မစ်ရှင် ရည်မှန်းချက် (၁) - (အရင်းအမြစ် ရှာဖွေခြင်း) - ချန်ဝူ တောင်တန်းကြီး၏ အတွင်းပိုင်းသို့ ဝင်ရောက်ပြီး ဒဏ္ဍာရီလာ စွန့်ပစ်သတ္တုတွင်းဟောင်းကို ရှာဖွေပါ။ 'ကြယ်တာရာ သဲမှုန်' (၁၀၀) ကျင်းကို စုဆောင်းပါ။ ဆုလာဘ် - ဂိုဏ်း စုဆောင်းမှတ် အမြောက်အမြားနှင့် သတ္တုတူးသမား ဘွဲ့ထူး။]
[မစ်ရှင် ရည်မှန်းချက် (၂) - (လက်ရွေးစင် ရှင်းလင်းပွဲ) - တောင်တန်းနက် အတွင်း၌ ကျက်စားနေသော လူသားတို့၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်နှင့် ညီမျှသည့် အဆင့် (၂) မိစ္ဆာသားရဲ 'သွေးဆာ လေမုန်တိုင်း ဝံပုလွေ' ကို သတ်ဖြတ်ပြီး အခင်းအကျင်း၏ ဗဟိုချက်အတွက် အဆင့် (၂) မိစ္ဆာအမြုတေကို ရယူပါ။ ဆုလာဘ် - ဂိုဏ်း စုဆောင်းမှတ် အမြောက်အမြားနှင့် ကျမ်းစာဆောင် ဒုတိယထပ်ရှိ လျှို့ဝှက် ကျင့်ကြံခြင်း နည်းလမ်းများကို ဝင်ရောက်ကြည့်ရှုခွင့်။]
[အထူး သတိပေးချက် - ချန်ဝူ တောင်တန်းကြီး၏ အတွင်းပိုင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး မိစ္ဆာသားရဲများ လွတ်လပ်စွာ သွားလာနေကြသည်။ တပည့်တို့... ကျေးဇူးပြု၍ အဖွဲ့လိုက် သွားလာကြပါ။ သေစမ်းဟု မလုပ်ကြပါနှင့် (သေသွားလည်း ကိစ္စတော့ မရှိပါ)။]
ကွင်းပြင်ကြီး တစ်ခုလုံး (၃) စက္ကန့်တိတိ တိတ်ဆိတ်ငြိမ်သက်သွား၏။
ကစားသမားများသည် သူတို့၏ သွေးများကို ဆူပွက်လာစေသည့် စာသားများကို ကြောင်ငေးကြည့်နေမိကြ၏။ မြေပုံအသစ်... အဆင့် (၂) ဘော့စ်... ကျင့်စဉ်အသစ်... သတ္တုတူးဖော်ခြင်း...
နောက်ဆုံးတွင် အမည်မသိ ကစားသမား တစ်ဦးက တုန်ယင်နေသော အသံဖြင့် ရေရွတ်လိုက်သည်။
“သောက်ကျိုးနည်း... ဗားရှင်းအသစ်ဟေ့... ထွက်လာပြီကွ...”
ထို့နောက်တွင်တော့ ကွင်းပြင်ကြီး တစ်ခုလုံးသည် ယမ်းပုံကို မီးရှို့လိုက်သည့်နှယ် ပေါက်ကွဲသွားတော့သည်။
“အဆင့် (၂) မိစ္ဆာသားရဲတဲ့ကွ... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်နဲ့ ညီမျှတဲ့ မွန်းစတားတဲ့... နောက်ဆုံးတော့ ချလို့ကောင်းတဲ့ ဘော့စ် ပေါ်လာပြီဟေ့...”
ဝမ်သဲ့ဖာ တစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် ဖင်တကြွကြွ ဖြစ်ကာ ကခုန်နေတော့သည်။ သူ့ဗိုက်ခေါက်ကြီးများက တုန်ခါနေလေ၏။
“ညီအစ်ကိုတို့... အဲ့ဒါက ခြေထောက်ပေါက်နေတဲ့ အတွေ့အကြုံမှတ် အထုပ်ကြီးပဲ... လက်နက် ကိရိယာတွေ လာပို့တဲ့ ကောင်ကြီးပဲကွ...”
“သတ္တုတူးမယ်... ငါ သတ္တု သွားတူးမယ်...”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည် ဆေးတံကို ဖွာရှိုက်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်သော အလင်းရောင်များ တောက်ပနေပြီး မရေမတွက်နိုင်သော သတ္တုရိုင်းများက သူ့ကို လက်ယပ်ခေါ်နေသည့်နှယ် ခံစားလိုက်ရ၏။
“ငါ့ရဲ့ ဂေါ်ပြားကြီးက အလုပ်လုပ်ချင်နေပြီ... ဘယ်သူမှ ငါ့ကို မတားနဲ့...”
“မြေပုံအသစ် ပွင့်ပြီဟေ့... နောက်ဆုံးတော့ ဒီရွာဦးထိပ်ကနေ ထွက်လို့ရပြီကွ...”
“အဖွဲ့ဖွဲ့မယ်ဟေ့... အဖွဲ့ဖွဲ့မယ်... ကုသရေး ဆေးရည် ရှိတဲ့သူ ပါလား... ရိက္ခာ လုံလောက်တဲ့သူ ရှိလား... ဒီတခါ ခရီးက ဝေးမယ်နော်...”
တချိန်က သေခြင်းတရား အငွေ့အသက်များ လွှမ်းခြုံထားခဲ့သော ကွင်းပြင်ကြီးသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်နေသော ဈေးတန်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။ ကစားသမားများသည် အုပ်စုငယ်လေးများ ဖွဲ့ကာ နည်းဗျူဟာများ တိုင်ပင်ခြင်း၊ အဖွဲ့ဝင် ရွေးချယ်ခြင်းနှင့် လက်နက်များကို စစ်ဆေးခြင်းတို့ ပြုလုပ်နေကြတော့သည်။
တချို့က ဂိုဏ်း၏ ဂိုဒေါင်သို့ ပြေးသွားကာ သံမဏိ တပ်သုံးဂေါ်ပြားများနှင့် ပေါက်ချွန်းများကို လဲလှယ်ကြသည်။ တချို့က ဆေးဖော်ဆောင်သို့ ပြေးသွားပြီး ကျောက်ကပ်ကြော်ကို အနံ့ဆိုးရွားသော်လည်း ကျန်းမာရေး ပြန်လည် ပြည့်ဖြိုးစေသည့် ရိက္ခာများ ပိုလုပ်ပေးရန် သွားရောက် ပူဆာကြသည်။ တချို့ကလည်း မြေကြီးပေါ်တွင် ပုံကြမ်းများ ဆွဲကာ အသံကြားရုံနှင့်တင် ကြောက်စရာကောင်းနေပြီဖြစ်သော သွေးဆာ လေမုန်တိုင်း ဝံပုလွေကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးနေကြ၏။
စတုတ္ထကပ်ဘေးဟု ခေါ်ဆိုကြသော ထိုကြောက်မက်ဖွယ်ရာ စွမ်းအင်စီးကြောင်းကြီးသည် ဤမြေပေါ်သို့ တဖန်ပြန်လည် ရောက်ရှိလာခဲ့ချေပြီ။
စင်မြှင့်ထက်တွင်မူ...
ကျန်းချန်သည် အောက်ဘက်တွင် အော်ဟစ်ဆူညံကာ တောင်တန်းနက်ထဲ၌ "အသေခံရန်" ပြင်ဆင်နေကြသော တပည့်ကျော်များကို ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ကြိုးကိုင်ခြယ်လှယ်သူ တစ်ဦး၏ ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
'အင်း... ကောင်းတယ်... တော်တော် တက်ကြွနေကြတာပဲ...'
ချန်ဝူ တောင်တန်းကြီး၏ အတွင်းပိုင်းသည် မည်မျှ အန္တရာယ်များကြောင်း သူ ကောင်းစွာ သိ၏။ အုပ်စုလိုက် နေထိုင်ကြသော အဆင့် (၂) မိစ္ဆာသားရဲများသည် လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ချေ။ မန္တန်အချို့ကိုသာ တတ်မြောက်ထားသည့် ဤချီစုစည်းမှု အဆင့် လူသစ်လေးများသည် ပထမလှိုင်းမှာတင် အသေအပျောက် များပြားကြပေလိမ့်မည်။
ဒါပေမဲ့ ဘာဖြစ်လဲ...
'သွားကြစမ်း... ငါ့ရဲ့ စစ်သည်တော်တွေ...'
ကျန်းချန် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
'မင်းတို့ရဲ့ အသက် (ပြန်လည်ရှင်သန်ခွင့်) တွေကို အသုံးပြုပြီး ငါ့အတွက် လမ်းဖောက်ပေးကြစမ်း... ပြီးတော့ ရတနာတွေကို ပြန်သယ်လာခဲ့ကြ...'
(ဂိုဏ်း စုဆောင်းမှတ်) နှင့် ပိုမိုသန်မာချင်သော စိတ်ဆန္ဒတို့ မောင်းနှင်နေသည့် ဤကျိုင်းကောင်အုပ်ကြီးကို မည်သည့်အရာကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်၏။
ချန်ဝူ တောင်တန်းကြီး၏ အတွင်းပိုင်းတွင် နေထိုင်ကြသော ဌာနေတိုင်းရင်းသား မိစ္ဆာသားရဲများအတွက်တော့... နေ့ရက်ကောင်းများ ကုန်ဆုံးသွားခဲ့ချေပြီ။
အခန်း (၇၇) - လူစုရုံးခြင်းနှင့် ထွက်ခွာခြင်း .. အစာကျွေးခံရရန် စောင့်ဆိုင်းနေကြသော အတွေ့အကြုံမှတ် အထုပ်ကြီးများ
~ဗားရှင်းအသစ် မိတ်ဆက်လိုက်သည်နှင့် တပြိုင်နက် ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်ကြီးသည် ပွက်လောရိုက်သွားတော့သည်။ စနစ်တကျ ရှိမနေဘဲ လှေးဈေးတန်းနှင့် သူတောင်းစားဂိုဏ်း အစည်းအဝေး ပေါင်းစပ်ထားသည့်နှယ် ဖြစ်နေချေ၏။
ထွက်ခွာရန် (၁) နာရီမျှသာ လိုတော့သည့်အချိန်တွင် ကစားသမားများသည် နောက်ဆုံး အဆင့်အနေဖြင့် စစ်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ ထိုအရာကို သူတို့အခေါ်အရ "အမှိုက်ကောက်ခြင်း" ဟု ခေါ်ဆိုကြ၏။
ကွင်းပြင်၏ အရှေ့တောင်ဘက် ထောင့်တွင်မူ ဝမ်သဲ့ဖာ တစ်ယောက် ကုန်းကုန်းကွကွ ဖြစ်နေရှာသည်။ သူသည် ကြပ်တည်းနေသော ကြွက်သားရေခွံ ချပ်ဝတ်၏ အပေါ်မှ နောက်ထပ် အဝတ်အစား တစ်ထပ်ကို ထပ်ဝတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုအရာများမှာ ဟွမ်မိသားစုထံမှ ရရှိထားသော အဝတ်အစားများနှင့် ကျင့်ကြံသူ၏ အလောင်းမှ ခွာယူထားသော ရင်အုပ်ကာ သံပြားအကျိုးအပဲ့များ ဖြစ်ကြသည်။
သူသည် ထိုသံပြားများကို ကြိုးကြီးများဖြင့် ရင်ဘတ်နှင့် ဗိုက်ပေါ်တွင် တွဲချည်ထားသဖြင့် လမ်းလျှောက်လိုက်တိုင်း သံချင်းရိုက်ခတ်သံများ ညံနေပြီး ရွေ့လျား အမှိုက်ပုံကြီး တစ်ခုနှင့် တူနေတော့သည်။
“ဖက်တီး... မင်း အဲ့လိုကြီး ဝတ်ထားပြီး လမ်းလျှောက်လို့ ရပါ့မလားကွ”
ဘေးနားရှိ လျင်မြန်ခြင်းစွမ်းရည် မြင့်သော ကစားသမား တစ်ယောက်က မထီမဲ့မြင် အကြည့်ဖြင့် မေးလိုက်၏။
“မင်းက ဘာမှ နားမလည်ပါဘူး...”
ဝမ်သဲ့ဖာက ခက်ခဲစွာဖြင့် ခါးကို ဆန့်လိုက်ပြီး ပြုတ်ကျမတတ် ဖြစ်နေသော ရင်အုပ်ကာ သံပြားကို ပုတ်ပြလိုက်သည်။
“ဒါကို အလွှာလိုက် ချပ်ဝတ်လို့ ခေါ်တယ်ကွ... အဆင့် (၂) မိစ္ဆာသားရဲဆိုတာ နားလည်လား... လူကို တစ်ချက်တည်းနဲ့ အသေကောင် ဖြစ်သွားစေနိုင်တယ်... ငါ့ရဲ့ ဒီ 'ပေါင်းစပ် ချပ်ဝတ်' က အနည်းဆုံးတော့ တိုက်ခိုက်မှု တစ်ချက်လောက်ကို ခံနိုင်ရည် ရှိစေမှာပဲ... တစ်ချက် ပိုခံနိုင်ရင် နိုင်ဖို့ အခွင့်အရေး ပိုများတာပေါ့”
အခြားတစ်ဖက်တွင်မူ ဆေးဖော်ဆောင်၏ အရှေ့၌ နဂါးတစ်ကောင်ပမာ တန်းစီနေသော လူအုပ်ကြီး ရှိနေ၏။ စားဖိုမှူးကြီး [ကျောက်ကပ်ကြော်] သည် ယောက်မကြီးကို ကိုင်ကာ ချွေးတလုံးလုံးဖြင့် သူ၏ တီထွင်မှုအသစ် "စစ်သုံး ရိက္ခာခြောက်" များကို လိုက်လံ ဝေငှနေသည်။
ထိုအရာသည် မည်းတူးနေပြီး ရှည်လျားမာကျောသော အတောင့်များ ဖြစ်ကြကာ တူးခြစ်နံ့နှင့် ထူးဆန်းသော ဆေးမြစ်နံ့များ ရောနှော ထွက်ပေါ်နေ၏။
“လာကြဟေ့... တစ်ယောက်ကို နှစ်ချောင်းပဲ ရမယ်... ချွေတာပြီး စားကြနော်...”
ကျောက်ကပ်ကြော်က အသံကုန်အော်ဟစ်၍ ပြောလိုက်သည်။
“ဒါက သွေးတိတ်ဆေးမြစ် (၃) မျိုးနဲ့ အမည်မသိ တောကောင် အသားခြောက် (၂) မျိုး ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ စွမ်းအင်မြင့် အာဟာရတောင့်တွေပဲ... သစ်ခေါက်ဝါးရသလို အရသာ ရှိပြီး စားပြီးရင် ဝမ်းနည်းနည်း လျောချင် လျောမယ်... ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျရင် သွေးပြန်ဖြည့်ပေးပြီး အသက်ကယ်နိုင်တယ်ကွ... ခရီးသွားရင်း လူသတ် ဓားပြတိုက်မယ့် သူတွေအတွက် မရှိမဖြစ် ဆေးကောင်းပဲ”
ကစားသမားများ၏ မျက်နှာတွင် ရွံရှာသော အရိပ်အယောင်များ ပေါ်နေသော်လည်း တောနက်ထဲ၌ အစာရေစာ ရှားပါးမည်ကို တွေးမိကာ အံကြိတ်ပြီး ယူလိုက်ကြရသည်။ နောက်ကျလျှင် မရလိုက်မည်ကို စိုးရိမ်သဖြင့် သူတို့၏ သိုလှောင်အိတ်များထဲသို့ အလုအယက် ထိုးထည့်လိုက်ကြ၏။
ကွင်းပြင်၏ အစွန်ဆုံး ထောင့်တစ်နေရာတွင်မူ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် မြေကြီးပေါ်တွင် ထိုင်လျက် သွေးနားထင် ရောက်နေသော မျက်နှာထားဖြင့် သူ၏ အချစ်တော် သံမဏိ တပ်သုံးဂေါ်ပြားကို သွေးနေ၏။
“ရွှပ်... ရွှပ်...”
မီးပွားများ လွင့်စင်ထွက်လာ၏။ ဂေါ်ပြားသွားသည် သင်တုန်းဓားကဲ့သို့ တောက်ပ ထက်မြက်လာခဲ့ချေပြီ။ သူက ဂေါ်ပြားကို သွေးရင်းဖြင့် တီးတိုး ရေရွတ်လိုက်သည်။
“ဒီအရာကို သတ္တုတူးဖို့ပဲ သုံးသုံး... ဝံပုလွေကို ရိုက်ဖို့ပဲ သုံးသုံး... မြန်ဆန်မှုက အဓိကပဲ... ထက်မြက်မှုကမှ အမှန်တရားပဲ... ငါတို့ လက်မှုပညာသည်တွေက ကိရိယာကောင်းဖို့ လိုတယ်”
နောက်ဆုံးတွင် အုတ်အော်သောင်းတင်း ပြင်ဆင်မှုများ ပြီးဆုံးသွားပြီး မွန်းတည့်ချိန် ကျော်လွန်သည်နှင့် တပြိုင်နက် စုရုံးရန် အချက်ပေးသံ ထွက်ပေါ်လာတော့သည်။
သူတောင်းစားများနှင့် တူသော ကစားသမား (၁၀၀) ကျော်သည် ကွင်းပြင်အလယ်တွင် စုရုံးလိုက်ကြ၏။
မြင်ကွင်းကား အလွန်ပင် အံ့မခန်း ဖြစ်၏။
လိုက်လံ ကြည့်ရှုလိုက်လျှင် တူညီသော ဝတ်စုံ၊ တူညီသော လက်နက်ဟူ၍ တစ်ခုမျှ မရှိချေ။ တချို့က ခေါင်းနှင့် မတော်သော သံခမောက်ကြီးများကို ဆောင်းထားသဖြင့် မပြုတ်ကျစေရန် လက်တစ်ဖက်ဖြင့် မကာ ထိန်းထားရသည်။ တချို့က တစ်ဝက်ကျိုးနေသော ဓားများကို ကိုင်ဆောင်ထားသော်လည်း ပြောင်လက်နေအောင် တိုက်ချွတ်ထားကြသည်။ တချို့ကမူ ဟင်းချက်သော ဒယ်အိုးမည်းကြီးကို ဒိုင်းကာအဖြစ် ကိုင်ဆောင်ထားကြ၏။
သို့သော် သူတို့၏ စိတ်ဓာတ်များမှာမူ အမြင့်ဆုံးသို့ ရောက်ရှိနေကြ၏။ သူတို့၏ မျက်နှာပေါ်တွင် နားလည်ရခက်သော ယုံကြည်မှုများ ဖြာထွက်နေပြီး၊ မြေရိုင်းရှာဖွေကာ ဒုက္ခခံရမည့်သူများ မဟုတ်ဘဲ ပျော်ပွဲစားထွက်ပြီး ပိုက်ဆံကောက်မည့် သူများအလား ထင်မှတ်ရ၏။
ခေတ္တ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရသော ပရိုကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် သည် အလယ်အလတ်အဆင့် မှော်ဓားကို ကိုင်ဆောင်လျက် လူအုပ်ကြီး၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ဇာတ်နာသော စစ်ချီမိန့်ခွန်းကို ပြောကြားလိုက်၏။
“ညီအစ်ကိုတို့... မြေပုံအသစ်က ငါတို့ ရှေ့မှာ ရောက်နေပြီ... တောင်တန်းနက်ထဲမှာ အဆင့် (၂) ဘော့စ်က ငါတို့ကို စောင့်ကြိုနေတယ်...”
“ငါတို့ရဲ့ ကြွေးကြော်သံက ဘာလဲဟေ့”
အောက်ဘက်ရှိ လူ (၁၀၀) ကျော်က ကောင်းကင်ယံကို တုန်ခါသွားစေလောက်သည့် အသံဖြင့် ပြိုင်တူ ဟိန်းဟောက်လိုက်ကြသည်။
“ချန်ဝူတောင်ကို ပြောင်သလင်းခါအောင် လုပ်ကြ... ကြယ်တာရာ သဲမှုန်တွေကို ပြောင်အောင် တူးကြ... ဝံပုလွေတွေကို အရေခွံဆွဲကြ”
“ချီတက်မယ်ဟေ့...”
အမိန့်ပေးသံ ဆုံးသည်နှင့် တပြိုင်နက် ကြီးကျယ်ခမ်းနားသော "စတုတ္ထကပ်ဘေး စူးစမ်းရှာဖွေရေး တပ်ဖွဲ့ကြီး" သည် ဂိုဏ်းတံခါးဝမှ ထွက်ခွာကာ ခန်းမဆောင်ကြီး၏ နောက်ဘက်ရှိ အမည်မသိ ရှေးဟောင်း သစ်တောအုပ်ကြီးဆီသို့ ဦးတည်သွားကြလေတော့သည်။
စင်မြှင့်ထက်တွင်မူ...
ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အဝေးသို့ တရွေ့ရွေ့ ထွက်ခွာသွားသော ဉာဏ်ရည်မမီသည့် တပ်ဖွဲ့ကြီးကို ငေးကြည့်နေမိသည်။
နေ့လယ်ခင်း နေရောင်ခြည်သည် သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ကျရောက်နေပြီး မြေပြင်ပေါ်တွင် ဟာသဆန်သော အရိပ်ရှည်ကြီးများကို ဖြစ်ပေါ်စေ၏။
“ဂိုဏ်းချုပ်... သူတို့ တကယ် လုပ်နိုင်ပါ့မလား”
အရိပ်ထဲတွင် ပုန်းအောင်းနေသော စနစ်၏ ဝိညာဉ်ကပင် စိုးရိမ်တကြီး မေးမြန်းလိုက်ပုံရသည်။ အကြောင်းမူကား ထိုနေရာသည် အဆင့် (၂) မိစ္ဆာသားရဲများ ကျက်စားရာ ဒေသ ဖြစ်သောကြောင့်ပေတည်း။ ပျမ်းမျှ ချီစုစည်းမှု အဆင့် (၄) နှင့် (၅) သာ ရှိသော ဤလူသစ်များသည် မိစ္ဆာသားရဲများကို ဘူဖေး သွားကျွေးသည်နှင့် တူနေသောကြောင့် ဖြစ်၏။
ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“လုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာ အရေးမကြီးပါဘူး...”
သူသည် အင်္ကျီလက်စပေါ်ရှိ မရှိသော ဖုန်မှုန့်များကို ခါလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်၏။
“အရေးကြီးတာက... သူတို့က သေရမှာ မကြောက်ဘူး... ပြီးတော့ သူတို့က သေပျော်တယ်...”
'သွားကြစမ်း... ငါ့ရဲ့ စစ်သည်တော်တွေ... မင်းတို့ရဲ့ အသားနဲ့ သွေး (ပြန်လည်ရှင်သန်ခွင့်) တွေကို အသုံးပြုပြီး ဂိုဏ်းအတွက် ချမ်းသာကြွယ်ဝမှု လမ်းကြောင်းကို ခင်းပေးကြစမ်း... မင်းတို့ရဲ့ အောင်ပွဲကို ငါ စောင့်မျှော်နေမယ်'
---
တပ်ဖွဲ့ကြီးသည် ရင်းနှီးကျွမ်းဝင်သော ဂိုဏ်း၏ အပြင်စည်း ဧရိယာကို ကျော်လွန်ပြီးနောက် ချန်ဝူ တောင်တန်းကြီး၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
(၁၀) မိုင်ခန့် လျှောက်လှမ်းပြီးနောက် ပတ်ဝန်းကျင် အနေအထားသည် မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် သိသိသာသာ ပြောင်းလဲသွား၏။
ကျဲပါးသော ချုံပုတ်များ ပျောက်ကွယ်သွားပြီး၊ မိုးကောင်းကင်ကို ဖုံးကွယ်ထားသည့် ရှေးဟောင်း သစ်ပင်ကြီးများ အစားထိုး ဝင်ရောက်လာ၏။ ထိုသစ်ပင်ကြီးများသည် လူ (၃) (၄) ယောက် ဖက်မှ မိလောက်အောင် လုံးပတ် ကြီးမားကြပြီး၊ ဧရာမ ထီးကြီးများသဖွယ် ဖြာထွက်နေသော သစ်ကိုင်းများသည် နေရောင်ခြည်ကို လုံးဝ ပိတ်ဆို့ထားကြသည်။
တောအုပ်အတွင်းရှိ အလင်းရောင်သည် ချက်ချင်းပင် မှိန်ဖျော့သွားပြီး နေ့ခင်းကြောင်တောင်မှ နေဝင်ရီတရော အချိန်သို့ ပြောင်းလဲသွားသည့်နှယ် ဖြစ်သွား၏။ စိုစွတ်ပြီး ဆွေးမြေ့နေသော အနံ့ဆိုးများ လေထဲတွင် လွင့်ပျံနေပြီး၊ နှစ်ပေါင်းရာချီ မြေအောက်တွင် ပုပ်သိုးနေသော သစ်ရွက်ခြောက်များနှင့် သစ်ဆွေးနံ့များက နှာခေါင်းကို စူးရှစေ၏။
ပတ်ဝန်းကျင်သည် ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဂိုဏ်းတံခါးဝ အနီးတွင် ကြားခဲ့ရသော ပိုးမွှားများနှင့် ငှက်များ၏ အသံသည် ချက်ချင်း ပျောက်ကွယ်သွား၏။ ရံဖန်ရံခါတွင် အဝေးတစ်နေရာမှ သားရဲတစ်ကောင်၏ ရှည်လျားနက်ရှိုင်းသော ဟိန်းဟောက်သံသည် တောနက်ကြီးကို ဖြတ်သန်းကာ ပဲ့တင်ထပ်လာတတ်ပြီး ကျောရိုးထဲထိ စိမ့်သွားစေသည်။
အစောပိုင်းက စိတ်လှုပ်ရှားစွာ ဆူညံနေကြသော အဖွဲ့ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ ကစားသမားများသည် သေရမည်ကို မကြောက်ဟု ပြောနေကြသော်လည်း၊ ရှေးဟောင်း တောနက်ကြီးမှ ထွက်ပေါ်နေသော ဖိနှိပ်မှု အရှိန်အဝါကြောင့် သူတို့၏ ခန္ဓာကိုယ်များက အလိုအလျောက် တုန်လှုပ်နေမိကြသည်။
“ညီအစ်ကိုတို့... ငါ ကျောချမ်းလာပြီကွ...”
လူအုပ်အလယ်မှ ကစားသမား တစ်ယောက်က ပခုံးကို တွန့်ရင်း ပြောလိုက်၏။
“ဒီနေရာက တော်တော် သရဲခြောက်တဲ့ ပုံပဲ... တစ္ဆေတွေ ဘာတွေများ ရှိနေမလား”
“ဘာ ကြောက်စရာ ရှိလဲကွ... ငါတို့ လူတွေ ဒီလောက် အများကြီး ရှိတာ... ယန်ချီ စွမ်းအင်တွေ ဒီလောက်များနေတာ... ဘယ်တစ္ဆေက လာရဲမှာလဲ”
ဘေးနားရှိ အဖော်က ခပ်မာမာ ပြောလိုက်သော်လည်း သူကိုင်ထားသော ပေါက်ချွန်းလက်ကိုင်ကို မသိစိတ်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ ဝေ့ဝဲကြည့်လိုက်မိ၏။
“တိုးတိုးနေကြစမ်း... သတိထားကြ...”
ရှေ့ဆုံးမှ ဦးဆောင်လာသော ကောင်းကင်ခွင်း ဓားတစ်လက် က အသံကို နှိမ့်ကာ ပြောလိုက်၏။ သူ၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေသည်။
“ငါတို့ အန္တရာယ်နယ်မြေထဲ ရောက်နေပြီ... ကင်းထောက်အဖွဲ့ ဘယ်မှာလဲ... လျင်မြန်ခြင်းစွမ်းရည် မြင့်တဲ့ကောင်တွေ ရှေ့ကသွားပြီး လမ်းရှင်းကြစမ်း... သိပ်အဝေးကြီး မသွားနဲ့နော်... တစ်ခုခု တွေ့တာနဲ့ ချက်ချင်း ပြန်အကြောင်းကြား”
လျင်မြန်သော ကစားသမား အချို့က ချက်ချင်း တုံ့ပြန်လိုက်ကြပြီး မျောက်များသဖွယ် သစ်ပင်များပေါ်သို့ ခုန်တက်သွားကြသည်။ ခုန်ပျံကျော်လွှားရင်းဖြင့် ရှေ့မှ သစ်တောအုပ်အနက်ကြီးထဲသို့ ပျောက်ကွယ်သွားကြ၏။
ပင်မတပ်ဖွဲ့ကြီးသည် အရှိန်ကို လျှော့လိုက်ပြီး ခံစစ်ပုံစံဖြင့် စုစည်းလိုက်ကြသည်။ ထို့နောက် မြေပုံပေါ်တွင် အမှတ်အသား ပြုထားသော စွန့်ပစ်သတ္တုတွင်းဟောင်းဆီသို့ သတိကြီးစွာဖြင့် ချီတက်သွားကြတော့သည်။
သူတို့ မသိလိုက်သည်မှာ သူတို့၏ ခေါင်းထက် မီတာ ရာပေါင်းများစွာ အမြင့်ရှိ သစ်ရွက်အုပ်များ ကြားထဲတွင်... အေးစက်ပြီး သွေးဆာနေသော အပြာရောင် မျက်လုံးအစုံတို့ တိတ်တဆိတ် ပွင့်လာသည်ကိုပင် ဖြစ်ချေသည်။ ထိုမျက်လုံးများသည် သူတို့ပိုင်နက်ထဲသို့ ကျူးကျော်လာသော သားကောင်များကို စိုက်ကြည့်နေကြ၏။
မုဆိုးတို့သည် နေရာယူထားပြီးကြလေပြီ။
အခန်း (၇၈) - တောင်တန်းနက် အတွင်း ပထမဆုံး စူးစမ်းခြင်း .. ဒါ ငါတို့ မြင်နေကျ ဇာတ်ညွှန်း မဟုတ်ဘူး
~ချန်ဝူ တောင်တန်းကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းရှိ အမည်မသိ ရှေးဟောင်း သစ်တောအုပ်ကြီး တစ်ခု။
အလင်းရောင်သည် နေဝင်ရီတရော အချိန်ကဲ့သို့ မှိန်ဖျော့နေပြီး၊ လေထုမှာ ရေညှစ်ချ၍ ရလောက်အောင် စိုစွတ် ထိုင်းမှိုင်းနေ၏။ ခြေအောက်ရှိ မြေဆွေးလွှာများသည် ရေမြှုပ်ကဲ့သို့ ပျော့အိနေပြီး၊ ခြေလှမ်းလှမ်းလိုက်တိုင်း တစ်ဝက်ခန့် နစ်မြုပ်သွားတတ်သည်။ ထိုအခါတိုင်း မနှစ်မြို့ဖွယ်ရာ "တကျွိကျွိ" မြည်သံနှင့်အတူ ပုပ်သိုးနေသော သစ်ရွက်နံ့များ ထွက်ပေါ်လာတတ်၏။
ကောင်းကင်ခွင်း ဓားတစ်လက် ဦးဆောင်သော ကစားသမား အုပ်စုကြီးသည် ဤဖိနှိပ်မှု ကောင်းလှသော တောအုပ်ကြီးထဲတွင် စမ်းတဝါးဝါး လျှောက်လှမ်းနေသည်မှာ နာရီဝက်ခန့် ရှိနေချေပြီ။
အစောပိုင်းက စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးသွားပြီးနောက် အဖွဲ့၏ လေထုအခြေအနေမှာ အနည်းငယ် ထိုင်းမှိုင်းကာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။
“မြေပုံများ မှားနေလားကွာ...”
လူအုပ်အလယ်တွင် လျှောက်လှမ်းနေသော ဝမ်သဲ့ဖာ တစ်ယောက် ရွှံ့နွံထဲမှ ခြေထောက်ကို ခက်ခဲစွာ ဆွဲထုတ်ရင်း မောကြီးပန်းကြီး ညည်းတွားလိုက်၏။
သူ၏ ကိုယ်ပေါ်တွင် ဖြစ်သလို ချည်နှောင်ထားသော သံပြားများသည် ယခုအခါ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီး အသက်ရှူရ ခက်ခဲစေသည်။
“ငါတို့ လျှောက်လာတာ ဒီလောက် ကြာနေပြီ... သတ္တုကြော မပြောနဲ့... ဝံပုလွေမွေး တစ်ပင်တောင် မတွေ့ရဘူး...”
“ပါးစပ် ပိတ်ထားစမ်း...”
ရှေ့ဆုံးမှ လမ်းပြနေသော ကောင်းကင်ခွင်း ဓားတစ်လက် က နောက်လှည့် ကြိမ်းမောင်းလိုက်သည်။ သူ၏ မျက်နှာထားမှာ တင်းမာနေဆဲ ဖြစ်၏။
“ဘာမှ မတွေ့ရတာ ကံကောင်းတယ် မှတ်... ဒီနေရာက တိတ်လွန်းတယ်... စိတ်မချစရာ ကောင်းလောက်အောင် တိတ်လွန်းတယ်...”
တကယ်လည်း တိတ်ဆိတ် လွန်းလှ၏။ သူတို့၏ ခြေသံ၊ သစ်ကိုင်းခြောက် ကျိုးသံနှင့် ပြင်းပြင်းထန်ထန် အသက်ရှူသံများမှလွဲ၍ ကျယ်ပြောလှသော တောအုပ်ကြီးထဲတွင် ငှက်မြည်သံ၊ ပိုးကောင်အော်သံ တစ်ချက်မျှ မကြားရချေ။ သက်ရှိအားလုံး သေဆုံးနေသည့်အလား ထင်မှတ်ရ၏။
“သတင်းပို့ပါတယ် ဗျို့...”
ထိုအချိန်၌ပင် အရှေ့မှ ကင်းထောက်နေသော လျင်မြန်ခြင်းစွမ်းရည် ကစားသမား အချို့သည် မျောက်များသဖွယ် သစ်ပင်ပေါ်မှ လျှောဆင်းလာပြီး စိတ်လှုပ်ရှားစွာ ပြေးလွှား သတင်းပို့ကြ၏။
“ဘော့စ်... ရှေ့မှာ တစ်ခုခု တွေ့တယ်ဗျ...”
“သတ္တုကြောလား...” ကောင်းကင်ခွင်း ဓားတစ်လက်၏ မျက်လုံးများ အရောင်တောက်သွားသည်။
“မဟုတ်ဘူး... မွန်းစတားတွေဗျ...”
ကစားသမားက ရှေ့ဘက် သစ်တောအုပ်အတွင်းရှိ အနည်းငယ် ဟင်းလင်းပွင့်နေသော ကွင်းပြင်တစ်ခုကို လက်ညှိုးထိုးပြရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှေ့ မီတာ ရာဂဏန်းလောက်မှာ အဲ့ဒီ အပြာရောင် ခပ်မှိုင်းမှိုင်း ဝံပုလွေကြီးတွေ လျှောက်သွားနေတယ်... အကောင်တွေက အကြီးကြီးတွေဗျ... အီလိုက်တ် မွန်းစတားတွေနဲ့ တူတယ်...”
မွန်းစတား ရှိသည်ဟု ကြားလိုက်ရသည်နှင့် တပြိုင်နက် အစောပိုင်းက ညှိုးငယ်နေသော အဖွဲ့ကြီးသည် ကြက်သွေးထိုးလိုက်သည့်နှယ် ချက်ချင်း တက်ကြွလာကြတော့၏။
“မွန်းစတား ဟုတ်လား... နောက်ဆုံးတော့ မွန်းစတား တွေ့ပြီဟေ့...”
“ညီအစ်ကိုတို့... လက်နက် ဆွဲကြဟေ့... ချကြမယ်...”
“အဆင့် (၂) မိစ္ဆာသားရဲ ဆိုလား... ဒီဂေါ်ပြားချက်ကို ခံနိုင်မလား ကြည့်ကြသေးတာပေါ့...”
ကစားသမားများသည် လက်ဝါးချင်းပွတ်ကာ စိတ်လှုပ်ရှားနေကြပြီး၊ ယခင်က သတိထားမှုနှင့် စိုးရိမ်ပူပန်မှုများကို ချက်ချင်း မေ့လျော့သွားကြ၏။ သူတို့၏ ဂိမ်းကစားခြင်း အတွေ့အကြုံအရ သွေးတန်း ပေါ်လာပြီ ဆိုသည်နှင့် မည်သည့် ဘော့စ်ပင် ဖြစ်ပါစေ... လူရာချီ ဝိုင်းအုံလိုက်လျှင် တံတွေးနှင့် ပက်ပြီး ရေနစ်သေအောင် လုပ်၍ ရသည် မဟုတ်ပါလား။ ဟို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတုန်းကလည်း ဒီလိုပဲ သေသွားတာပဲလေ။
“မလန့်ကြနဲ့... ငါ့အမိန့်ကို နားထောင်...”
ကောင်းကင်ခွင်း ဓားတစ်လက်သည် စိတ်လှုပ်ရှားနေသော်လည်း ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသည်။ သူသည် အသံကို နှိမ့်ကာ နည်းဗျူဟာ ချမှတ်လိုက်၏။
“အကောင်ရေ နည်းတာကို ကြည့်ရင် ဒါ ကင်းလှည့်နေတဲ့ အကောင်တွေ ဖြစ်လောက်တယ်... ငါတို့ ထုံးစံအတိုင်းပဲ လုပ်ကြမယ်... ခိုးကြောင်ခိုးဝှက် သွားပြီး ဝိုင်းမယ်... ဒိုင်းကာသမားတွေက ရှေ့ကနေ... မေ့ဂ်ျ နဲ့ လေးသမားတွေက နောက်က ပစ်ကူပေး... လုပ်ကြံသတ်ဖြတ်သူတွေက ဘေးက ဝင်တိုက်...”
“မှတ်ထားနော်... ငါတို့က လူအင်အား ပိုများတယ်... အင်အားနဲ့ ဖိတိုက်မယ်...”
“အေးဟေ့...”
လူ (၁၀၀) ကျော်သည် လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။ ကိုယ်ကို နှိမ့်ထားလျက် ထူထပ်သော ချုံပုတ်များနှင့် သစ်ပင်ကြီးများကို အကာအကွယ်ယူကာ ကွင်းပြင်ကို ယပ်တောင်ပုံစံ ဝိုင်းရံလိုက်ကြ၏။
မကြာမီတွင် သစ်ရွက်ကြားများမှတဆင့် သူတို့၏ ပစ်မှတ်ကို လှမ်းမြင်လိုက်ရ၏။
ရှေ့ မီတာ (၁၀) ဂဏန်းခန့် အကွာရှိ ကွင်းပြင်တွင် နွားပေါက်စ အရွယ်အစားရှိပြီး အပြာရောင် ခပ်မှိုင်းမှိုင်း အမွေးရှည်များ ဖုံးအုပ်ထားသော ဧရာမ ဝံပုလွေကြီး (၃) ကောင်သည် ပျင်းရိစွာ လမ်းလျှောက်နေကြသည်။ သူတို့၏ မျက်လုံးများမှာ သွေးပျက်ဖွယ် ကောင်းသော အပြာဖျော့ရောင် ရှိပြီး၊ မြှားဦးသဖွယ် ရှည်လျားသော အစွယ်များသည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် အေးစက်စွာ တောက်ပနေ၏။
(၃) ကောင်သာ ရှိသော်လည်း ထိုဝံပုလွေများထံမှ ထွက်ပေါ်နေသော ရက်စက်ခြင်းနှင့် အေးစက်ခြင်း အငွေ့အသက်သည် အနီးဆုံးရှိ ကစားသမားများကို မသိစိတ်ဖြင့် ကျောချမ်းသွားစေသည်။
“ဒါက အဆင့် (၂) မိစ္ဆာသားရဲ... သွေးဆာ လေမုန်တိုင်း ဝံပုလွေ ဆိုတာလား...”
ချုံပုတ်ထဲတွင် ပုန်းအောင်းနေသော ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည် မီးမညှိထားသော ဆေးတံကို ကိုက်လျက် မျက်လုံးကို မှေးကာ အကဲခတ်လိုက်သည်။
“ကြည့်ရတာတော့ ထိတ်လန့်စရာပဲ... ဒါပေမဲ့ အမွေးတွေကတော့ တော်တော် လှတယ်... အရေခွံ ဆွာလို့ ရရင် သိပ်ကောင်းမှာပဲ...”
“ဘာတွေ ပေါက်ကရ ပြောနေတာလဲ... ပစ်ကွင်းထဲ ရောက်နေပြီ...”
ဘေးနားရှိ စိတ်ကူးယဉ် ရောဂါသည် လူငယ်လေး [တကယ့် လုံအောက်ထျန်း] သည် သည်းမခံနိုင်တော့ပေ။ သူသည် ဘယ်က ကောက်ရမှန်း မသိသော ကောက်ကွေးနေသည့် သစ်ကိုင်းခြောက် (သူ့အဆိုအရ "ကမ္ဘာဖျက် ဝမ်းနည်းခြင်း တောင်ဝှေး") ကို မြှောက်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
“ချကြဟေ့... နာကျင်မှု အရသာကို မြည်းစမ်းစေ... မီးလုံး ပြုစားနည်း...”
“ဝုန်း...”
လက်သီးဆုပ် အရွယ်အစားရှိသော မီးလုံးငယ်လေး တစ်လုံးသည် ယိုင်နဲ့နဲ့ ပျံသန်းသွားပြီး သူတို့နှင့် အနီးဆုံးရှိ ဝံပုလွေ၏ တင်ပါးကို တည့်တည့် သွားမှန်၏။
“ဖလွပ်...”
မီးလုံး ပေါက်ကွဲသွားပြီး မီးခိုးမဲ တလူလူ ထွက်လာသည်။ ဝံပုလွေ၏ တင်ပါးမှ အမွေးအနည်းငယ် တူးသွားပြီး ကျန်းမာရေး (၅) မှတ်ခန့် လျော့သွား၏။
သို့သော် ဤအရာသည် စစ်ကြေညာခြင်း ဖြစ်ကြောင်း ယုံမှားဖွယ် မရှိချေ။
“အာဝူးးးး...”
တင်ပါး မီးဟပ်ခံလိုက်ရသော ဝံပုလွေသည် ရုတ်တရက် နောက်လှည့်ကြည့်ပြီး ရှည်လျား စူးရှသော ဒေါသတကြီး အူသံကို ပေးလိုက်၏။ ထိုအသံသည် အလွန် စူးရှသဖြင့် တောအုပ်၏ တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ သစ်ရွက်များကို တုန်ခါသွားစေသည်။
ထို့နောက်တွင်တော့ အေးစက်သော အပြာရောင် သားရဲမျက်လုံး (၃) စုံသည် ကစားသမားများ ပုန်းအောင်းနေသော ချုံပုတ်များကို စိုက်ကြည့်လိုက်ကြတော့၏။
“ငါတို့ နေမှန်း သိသွားပြီဟေ့... ညီအစ်ကိုတို့... ဝင်ချကြ...”
“လူအုပ်လှိုင်းလုံး ဗျူဟာနဲ့ တိုက်မယ်...”
ပုန်းလို့ မရတော့သည့်အဆုံး ကစားသမားများသည် လုံးဝ မပုန်းတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ လူ (၁၀၀) ကျော်သည် ထူးဆန်းသော အော်ဟစ်သံများနှင့်အတူ ချုံပုတ်များထဲမှ ခုန်ထွက်လာကြသည်။ ဂေါ်ပြားများ၊ ပေါက်ချွန်းများနှင့် ကျိုးပဲ့နေသော လက်နက်မျိုးစုံကို ဝှေ့ယမ်းကာ ရွှံ့ပြိုသည့်နှယ် ဝံပုလွေ (၃) ကောင်ဆီသို့ ပြေးဝင်သွားကြ၏။
သို့သော်...
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အရာများသည် သူတို့၏ "မွန်းစတား တိုက်ခိုက်ခြင်း" အပေါ် နားလည်ထားမှုကို လုံးဝ ပြောင်းလဲပစ်လိုက်၏။
လူအုပ်ကြီး တိုးဝင်လာသည်ကို မြင်သောအခါ ဝံပုလွေ (၃) ကောင်သည် ယခင်က ဟွမ်မိသားစု ကျင့်ကြံသူများကဲ့သို့ ကြောက်လန့်တကြား ဖြစ်မသွားသလို၊ မတ်တတ်ရပ်ပြီး အခုတ်ခံမည့် ပုံလည်း မပေါ်ချေ။
သူတို့၏ မျက်လုံးများထဲတွင် လူသားဆန်လွန်းသော မထီမဲ့မြင် ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
နောက်တစ်စက္ကန့်တွင်...
“ရွှပ်... ရွှပ်... ရွှပ်...”
အပြာရောင် ခပ်မှိုင်းမှိုင်း အရိပ် (၃) ခုသည် မျက်စိတစ်မှိတ် အတွင်း ဖြတ်ပြေးသွားကြသည်။ သူတို့၏ လှုပ်ရှားမှုသည် သာမန်လူ၏ မျက်စိဖြင့် လိုက်မမီနိုင်လောက်အောင် လျင်မြန်လွန်းလှ၏။
ရှေ့ဆုံးမှ ပြေးလာသော ခွန်အားကြီး ကစားသမားများသည် မျက်စိရှေ့တွင် ဝါးတားတား ဖြစ်သွားသည်ကိုသာ ခံစားလိုက်ရပြီး၊ ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် လည်ပင်း နှင့် ရင်ဘတ်တွင် အေးစက်သော ခံစားမှုတစ်ခု ရလိုက်ကြသည်။
“ဖျော...”
သွေးများ ပန်းထွက်သွား၏။
သူတို့ ဂုဏ်ယူခဲ့ကြသော "အလွှာလိုက် ချပ်ဝတ်" ဗျူဟာ (ဥပမာ - ဝမ်သဲ့ဖာ၏ ရင်ဘတ်မှ သံပြားအထူကြီးများ) သည် သံနှင့် ကျောက်တုံးကိုပင် ဖြတ်တောက်နိုင်သော ဝံပုလွေ လက်သည်းများ ရှေ့တွင် စက္ကူကဲ့သို့ ကျိုးပဲ့လွယ်ကာ ချက်ချင်း စုတ်ပြတ်သတ်သွား၏။
“(-၉၉၉)”
ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တည်းဖြင့် ရှေ့ဆုံးမှ ကစားသမား (၅) ယောက်သည် ရန်သူ၏ အမွေးတစ်ပင်ကိုမျှ မထိလိုက်ရဘဲ အလင်းဖြူတန်းများ အဖြစ် ပြောင်းလဲကာ မြို့ပြန်သွားကြရ၏။
“သောက်ကျိုးနည်း... ဘာဖြစ်သွားတာလဲ... ငါ ဘယ်လိုလုပ် သေသွားတာလဲ...”
“သူတို့ ဘယ်ရောက်သွားလဲ... လှုပ်ရှားတာကို မမြင်ရဘူး...”
နောက်ဘက်မှ ကစားသမားများ ချက်ချင်း ကြောင်အသွားကြပြီး သူတို့၏ ထိုးစစ်ဆင်မှု ရုတ်တရက် ရပ်တန့်သွားသည်။
သို့သော် ဝံပုလွေများ၏ တိုက်ခိုက်မှုက အခုမှ စတင်ခြင်း ဖြစ်၏။
ဝံပုလွေ (၃) ကောင်သည် သူတို့၏ ယုံကြည်နိုင်စရာ မကောင်းသော အမြန်နှုန်းကို အသုံးပြုကာ သရဲတစ္ဆေများသဖွယ် လူအုပ်ကြားထဲတွင် လှည့်ပတ် သွားလာနေကြသည်။ သူတို့သည် ကစားသမားများနှင့် ဘယ်သောအခါမှ ထိပ်တိုက် မရင်ဆိုင်ဘဲ၊ ထိတွေ့မှု တစ်ကြိမ် ပြုလုပ်ပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားတတ်၏။ သစ်ပင်များကို အကာအကွယ်ယူကာ ဘေးတိုက်နှင့် နောက်ကျောဘက်မှ ခိုးဝင် တိုက်ခိုက်ကြသည်။
အပြာရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားတိုင်း ကစားသမား (၁) ယောက် .. (၂) ယောက်၏ အသက်ကို နှုတ်ယူသွား၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ ကစားသမားများက တစ်စုတစ်ဝေးတည်း စုစည်းပြီး ခံစစ်ပုံစံ ယူရန် ကြိုးစားလိုက်သည့် အချိန်ပင် ဖြစ်သည်။
ဝံပုလွေ (၃) ကောင်သည် မီတာ (၁၀) ဂဏန်းခန့် ကွာဝေးသော ဘေးကင်းသည့် အကွာအဝေးတွင် ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ သူတို့သည် သွေးနီရောင် ပါးစပ်ကြီးများကို ဖွင့်ဟလိုက်ပြီး တိုးညှင်းသော ဟိန်းသံများ ပြုလုပ်လိုက်ရာ ပတ်ဝန်းကျင် လေထုသည် ပြင်းထန်စွာ စီးဆင်းလာပြီး စိမ်းပြာရောင် လေဓာတ် စွမ်းအင်များ အဖြစ် စုစည်းသွားကြသည်။
“သွားပြီ... သူတို့ မန္တန် သုံးတော့မယ်... လူစုခွဲကြ...”
ကောင်းကင်ခွင်း ဓားတစ်လက်၏ မျက်နှာ ပျက်သွားပြီး အသည်းအသန် အော်ဟစ်လိုက်၏။
နောက်ကျသွားခဲ့ချေပြီ။
“ဝှစ်... ဝှစ်... ဝှစ်...”
လေထုကို ခွဲဖြတ်သံ စူးရှရှနှင့်အတူ လခြမ်းကွေး ပုံသဏ္ဌာန် စိမ်းပြာရောင် လေဓားချက် ဒါဇင်ပေါင်းများစွာ.. ဝံပုလွေ ပါးစပ်ထဲမှ ပန်းထွက်လာပြီး ထူထပ်သော လူအုပ်ကြီးအပေါ်သို့ မျက်နှာမလိုက်ဘဲ ဖုံးလွှမ်းသွားလေတော့သည်။
ထိုလေဓားချက်များသည် အလွန် ထက်မြက်ပြီး လျင်မြန်လှ၏။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လူနှစ်ဖက်စာ လုံးပတ်ရှိသော သစ်ပင်ကြီးများပင် တို့ဖူးကို လှီးလိုက်သည့်နှယ် နှစ်ပိုင်းပြတ်သွားပြီး ကြေးမုံပြင်ကဲ့သို့ ညီညာသော ဖြတ်ရာများ ကျန်ရစ်ခဲ့သည်။
“အား...”
“ငါ့ခြေထောက်... ငါ့ခြေထောက် ပြတ်သွားပြီ...”
“ကယ်ကြပါဦး... ဒီဒမ်းမေ့ခ်ျ ကို မခံနိုင်ဘူး...”
အော်ဟစ် ညည်းညူသံများ တောအုပ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ထူထပ်သော လေဓားမုန်တိုင်း ရှေ့တွင် ကစားသမားများ၏ ပျော့ညံ့သော ခန္ဓာကိုယ်များသည် လုံးဝ ခုခံနိုင်စွမ်း မရှိချေ။ လေဓားချက် အနည်းငယ် ထိမှန်လိုက်သည်နှင့် လက်ပြတ် ခြေပြတ် ဖြစ်ကုန်ကြသလို၊ ခါးပိုင်း ပြတ်ထွက်သွားသူများလည်း ရှိကြသည်။
အလင်းဖြူတန်းများ... မရေမတွက်နိုင်သော သေခြင်းတရား အလင်းဖြူတန်းများသည် မှိန်ဖျော့သော တောအုပ်ထဲတွင် ရူးသွပ်စွာ ဝင်းလက်သွားကြရာ နှစ်သစ်ကူး မီးရှူးမီးပန်းများထက်ပင် ပိုမို တောက်ပနေ၏။
လက်ဖက်ရည် တစ်ခွက်စာ အချိန်တောင် မကြာလိုက်ပေ။
ရည်မှန်းချက် ကြီးမားလှသော လူ (၁၀၀) ကျော် "စူးစမ်းရှာဖွေရေး တပ်ဖွဲ့ကြီး" သည် အန္တရာယ် အငွေ့အသက်ကို ကြိုတင်သိရှိပြီး သစ်ပင်ပေါ်တက် ပြေးသော ကင်းထောက် အနည်းငယ်မှလွဲ၍ လုံးဝ မျိုးဖြုတ် သုတ်သင်ခြင်း ခံလိုက်ရ၏။
မီးလောင်ပြင် ဖြစ်သွားသော တောအုပ် ကွင်းပြင်တွင် စုတ်ပြတ်နေသော ပစ္စည်းကိရိယာ အပိုင်းအစများနှင့်... ခြေသည်းများပေါ်မှ သွေးများကို အံတုချင်စဖွယ် လျက်နေကြသော ဒဏ်ရာကင်းစင်သည့် ဝံပုလွေ (၃) ကောင်သာ ကျန်ရစ်ခဲ့သည်။
သူတို့သည် အေးစက်သော အကြည့်များဖြင့် စစ်မြေပြင်ကို တချက် ဝေ့ဝဲကြည့်လိုက်သည်။ မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲနေသော ကျူးကျော်သူများကို လှောင်ပြောင်သည့်အလား ခေါင်းမော့ကာ အောင်နိုင်သူ၏ ဟိန်းဟောက်သံကို ပြုလုပ်လိုက်ကြ၏။
---
ကွေ့ယွမ်ဂိုဏ်း... ကွင်းပြင်ရှိ ပြန်လည်ရှင်သန်ရာ နေရာ။
“ဝုန်း... ဝုန်း...”
တိတ်ဆိတ်နေသော ကွင်းပြင်ကြီးသည် ရုတ်တရက် ပွက်လောရိုက်သွားသည်။ မရေမတွက်နိုင်သော အလင်းဖြူတန်းများ ရူးသွပ်စွာ ဝင်းလက်လာပြီး ဖရိုဖရဲ ပုံစံဖြင့် လူရိပ်များ ပြန်လည် ဖြစ်တည်လာကြသည်။
လွန်ခဲ့သော ခဏလေးကမှ ကြွားဝါခဲ့ကြသော ကစားသမားများသည် ယခုအခါ မျက်နှာများ ဖြူဖျော့နေကြပြီး၊ တစ်ဖက်သတ် အသတ်ခံလိုက်ရသည့် အဖြစ်အပျက်မှ သတိမဝင်လာသေးသည့်အလား ကြောင်ငေးနေကြ၏။
“ဘယ်သူ... ငါက ဘယ်သူလဲ... ငါ ဘယ်ရောက်နေတာလဲ... ခုနက ဘာဖြစ်သွားတာလဲ...”
ဝမ်သဲ့ဖာ တစ်ယောက် မြေကြီးပေါ်တွင် ဖင်ထိုင်လျက်ကျသွားပြီး ဒဏ်ရာမရှိတော့သော လည်ပင်းကို စမ်းသပ်ကာ ကြောင်တောင်တောင် ဖြစ်နေရှာသည်။
“မြန်လွန်းတယ်... လုံးဝကို မမြင်လိုက်ရဘူး...”
ကောင်းကင်ခွင်း ဓားတစ်လက်သည် မျက်နှာ ဖြူဖျော့နေပြီး ဓားကိုင်ထားသော လက်များ တုန်နေဆဲ ဖြစ်သည်။
“ဒါက ဟို အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူလို မတ်တတ်ရပ်ပြီး အပစ်ခံတာနဲ့ လုံးဝ မတူဘူး... သူတို့မှာ ဦးနှောက် ရှိတယ်... သူတို့က ငါတို့ကို ပစ်ပြေး ဗျူဟာတောင် လုပ်တတ်တယ်...”
“ဒါ အဆင့် (၂) မိစ္ဆာသားရဲတဲ့လား... ရွာဦးထိပ်က မထွက်ရသေးခင် လယ်ဗယ် အမြင့်စား ကောင်နဲ့ တွေ့သလို ဖြစ်နေပါရောလား...”
ကွင်းပြင်ကြီး တစ်ခုလုံး သေဆုံးခြင်း တိတ်ဆိတ်မှုမျိုး လွှမ်းခြုံသွား၏။ မျက်စိတစ်မှိတ်အတွင်း မျိုးဖြုတ်ခံလိုက်ရသည့် အားမတန် မာန်လျှော့ရခြင်းနှင့် တုန်လှုပ်မှုတို့က လူတိုင်း၏ ရင်ထဲတွင် တောင်ကြီးတစ်လုံးပမာ ဖိစီးနေတော့သည်။
သူတို့ ယခင်က ရရှိခဲ့သော နိုင်ပွဲများကြောင့် ဘဝင်မြင့်မိခဲ့ကြကြောင်း နောက်ဆုံးတွင် သဘောပေါက်လိုက်ကြလေပြီ။ ဤအင်မော်တယ် လောကသည် သူတို့ ထင်ထားသည်ထက် ပိုမို ရက်စက် ကြမ်းကြုတ်လှ၏။
[စတုတ္ထကပ်ဘေး] ၏ ပထမဆုံး တောင်တက်ခရီးစဉ်သည်... စိတ်ပျက်ဖွယ်ရာ အရှုံးဖြင့် ပြီးဆုံးသွားခဲ့ချေပြီ။