အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း (၈၈) - တရားဝင် စစ်ကြေညာခြင်း .. သဘာဝနိယာမများ ရိုက်ချိုးခံလိုက်ရသည့် အချိန်
~ချင်းယန်ဂိုဏ်း၏ ဧရာမ အပြာရောင် သင်္ဘောပျံကြီးသည် ကောင်းကင်ယံ အလယ်၌ တည်ငြိမ်စွာ ရပ်တန့်နေ၏။ ဝန်းရံထားသော လက်ရွေးစင် တပည့် (၂၀) ကျော်သည် ဓားပျံများပေါ်တွင် ရပ်တန့်လျက် ကျောက်ရုပ်များသဖွယ် ဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများသည် ပြူးကျယ်နေပြီး ဂိုဏ်းတံခါးဝတွင် ခါးထောက်ကာ ရပ်နေသော၊ ထိုးကြိတ်ချင်စရာ ကောင်းလောက်အောင် ဂုဏ်ယူဝင့်ကြွားနေသည့် ဝဖြိုးသော လူသားတစ်ယောက်ကို စိုက်ကြည့်နေမိကြသည်။
ထူးဆန်းသော တိတ်ဆိတ်ငြိမ်သက်မှု တစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေပြီး၊ တောင်ပေါ်လေ တိုက်ခတ်သဖြင့် အလံများ တလွင့်လွင့် မြည်နေသော အသံသည်ပင် နားထဲ၌ ကျယ်လောင်နေသည့်နှယ် ရှိချေသည်။
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲ၏ မူလက ခန့်ညားထည်ဝါသော မျက်နှာထားသည် ယခုအခါ အလွန်အမင်း တုန်လှုပ်ခြင်းနှင့် ဒေါသတို့ကြောင့် ရှုံ့မဲ့နေတော့သည်။ သူ၏ စူးရှသော မျက်လုံးအိုကြီးများ ထဲတွင် ပထမဆုံး အကြိမ်အဖြစ် ဇဝေဇဝါ ဖြစ်မှု အရိပ်အယောင်များ ပေါ်ထွက်လာ၏။
စောစောက သူ၏ ဝိညာဉ်စွမ်းအား (၃၀) ရာခိုင်နှုန်းကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်မှာ သေချာလှ၏။ ထို အစိမ်းရောင် သစ်သား ဓားချီ စွမ်းအင် သည် ပေါင်ချိန် တစ်သောင်းလေးသော ကျောက်တုံးကြီးကိုပင် အမှုန့်ဖြစ်သွားစေနိုင်သည် မဟုတ်ပါလော။ ဝိညာဉ်စွမ်းအား အကာအကွယ် မရှိသော သေမျိုး ဖက်တီး တစ်ကောင်ကို ဆိုဖွယ်ရာ မရှိချေ။ ထိုလူသား သွေးမြူမှုန်များ အဖြစ် ပေါက်ကွဲသွားပြီး သူ၏ ဝိညာဉ်ပါ ချေမှုန်းခံလိုက်ရသည်ကို သူ ကိုယ်တိုင် မျက်မြင် တွေ့ရှိခဲ့ရသည် မဟုတ်ပါလော။
သို့သော် ယခုအခါ ထိုဖက်တီးသည် အသက်ရှင်လျက် မတ်တတ်ရပ်နေရုံသာမက၊ သူ၏ စုတ်ပြတ်နေသော ကြွက်သားရေခွံ ချပ်ဝတ်သည်လည်း မူလအတိုင်း ပြန်လည် ကောင်းမွန်နေပြီး၊ ပါးစပ်မှလည်း သူ့ကို ဆဲဆို စော်ကားနေသေးသည် တကား။
'မိစ္ဆာပညာ... ဒါ သေချာပေါက် မိစ္ဆာပညာပဲ...'
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် လေတစ်ချက်ကို အဝ ရှူသွင်းလိုက်ပြီး ရင်ထဲမှ ယုတ္တိမတန်သော ခံစားချက်များကို အတင်းအကြပ် ဖိနှိပ်လိုက်၏။ ဤလောကတွင် အမှန်တကယ် မသေနိုင်သော လူသား ရှိသည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။ ဤအရာသည် သူ တစ်ခါမှ မမြင်ဖူးသော အဆင့်မြင့် ထင်ယောင်ထင်မှား ပညာ တစ်ခု .. မိစ္ဆာလမ်းစဉ်မှ အလွန် ယုတ်မာသော အစားထိုး ရုပ်သေးရုပ် ပညာရပ် တစ်ခု ဖြစ်လိမ့်မည်ဟုသာ သူ ယုံကြည်လို၏။
“လူပါးဝတဲ့ မိစ္ဆာကောင်စုတ်... မင်းမှာ အသက် ဘယ်နှချောင်း ကျန်သေးလဲ ကြည့်ကြသေးတာပေါ့...”
ဒေါသ အမျက်ချောင်းချောင်း ထွက်နေသော အကြီးအကဲသည် ထိန်းချုပ်မထားတော့ပေ။ သူသည် အင်္ကျီလက်စ အတွင်းမှ တောက်ပသော အပြာရောင် အဆင့်မြင့် ဝိညာဉ် လက်နက်ဓားပျံ တစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ လက်နှစ်ဖက်က လက်ဟန်များကို ရူးသွပ်စွာ ပြုလုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် နှောင်းပိုင်း စွမ်းအားများသည် မီးတောင် ပေါက်ကွဲသည့်နှယ် ထွက်ပေါ်လာတော့သည်။
“သောင်းချီသော သစ်ပင်များ နွေဦးသို့ ပြန်လည်ရောက်ရှိခြင်း ဓားအခင်းအကျင်း... သွားစမ်း...”
ဒေါသတကြီး ဟိန်းဟောက်သံနှင့် အတူ ဓားပျံသည် လေထဲတွင် ပွားများလာပြီး မျက်စိတစ်မှိတ် အတွင်း၌ အချောင်း (၁၀၀) အထိ ဖြစ်ပေါ်လာ၏။ ထို့နောက် စူးရှသော လေခွင်းသံများနှင့် အတူ အပြာရောင် ဓားမိုးအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်ရှိ ဂိုဏ်းတံခါးဝ ဧရိယာမှ ကစားသမား အုပ်စုအပေါ်သို့ မုန်တိုင်းတစ်ခုသဖွယ် မျက်နှာမလိုက်ဘဲ ဖုံးလွှမ်းသွားလေတော့သည်။
ဤတိုက်ခိုက်မှု၏ စွမ်းအားသည် ယခင်အကြိမ်ထက် ပိုမို ကြီးမားလှ၏။ ဓားချီ စွမ်းအားသည် (၁၀) ဆ မက ပြင်းထန်လာ၏။ မီတာ (၁၀၀) ပတ်လည်ရှိ လေထုသည် ဓားချီများ၏ ဖြတ်တောက်မှုကြောင့် စုတ်ပြတ်သတ်သွားသည့်နှယ် မြည်ဟိန်းနေ၏။
သို့သော် ထိုကဲ့သို့ ဖျက်ဆီးအား ပြင်းထန်သော တိုက်ခိုက်မှုကြီး ကျဆင်းလာသော်လည်း၊ အောက်ဘက်ရှိ ကစားသမားများသည် ကြောက်ရွံ့ခြင်း သိပ်မရှိကြချေ။
“သောက်ကျိုးနည်း... ဘော့စ်က အာတီမိတ်.. သုံးပြီဟေ့... လူစုခွဲကြ...”
“မလန့်နဲ့... (၁၀) စက္ကန့်လောက်ပဲ သေရမှာ... ပြန်ချကြကွ...”
“ဒါ ဇာတ်လမ်းအရ သေရမယ့် အခန်းပဲ... အကုန်လုံး စခရင်ရှော့ ရိုက်ထားကြဟေ့...”
ကောင်းကင်ခွင်း ဓားတစ်လက် ကဲ့သို့သော ကျွမ်းကျင် ကစားသမားများ၏ လမ်းညွှန်မှုအောက်တွင် ကစားသမားများသည် မကြောက်ဘူးဟု ပြောနေကြသော်လည်း မဟာအခင်းအကျင်းကြီး၏ အကာအကွယ် အောက်သို့ အတတ်နိုင်ဆုံး တိုးဝင်နေကြ၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ဓားမိုးများသည် ကောင်းကင်ယံမှ ပြိုကျလာသည်။
ဓားချီ အများစုသည် ပါးလွှာသည်ဟု ထင်ရသော်လည်း အလွန် မာကျောသော ငွေရောင် အခင်းအကျင်း အလင်းအကာအကွယ်ကြီး၏ တားဆီးမှုကို ခံလိုက်ရ၏။ အကာအကွယ် မျက်နှာပြင်ပေါ်တွင် ပြင်းထန်သော ဂယက်လှိုင်းများ ထသွား၏။ သွေးနီရောင် လျှပ်စီးတန်းများ ရူးသွပ်စွာ ဝင်းလက်ပေါ်လာကာ ဓားချီများကို တစ်ခုပြီးတစ်ခု ဖျော်ချပစ်လိုက်သည်။
သို့သော် အချို့သော ဓားချီများသည် အစွန်းအဖျား ဧရိယာမှ လွတ်ထွက်သွားခြင်း .. အခင်းအကျင်း အပြင်ဘက်တွင် ရောက်နေသော ကစားသမား အချို့ကို ထိမှန်သွားခြင်းများ ရှိ၏။
“ဖျော... ဖျော... ဖျော...”
သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကစားသမား (၂၀) ကျော်သည် ထက်မြက်သော ဓားချီများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး မျက်စိကျိန်းဖွယ် အလင်းဖြူတန်းများ အဖြစ် ပြောင်းလဲသွားကြ၏။
“ဟွန်း... ဒီတစ်ခါရော အသက်ရှင်ဦးမလား ကြည့်ကြသေးတာပေါ့...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် ဓားပျံကို ပြန်သိမ်းလိုက်ပြီး ပျက်စီးသွားသော အောက်ဘက် မြေပြင်ကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် မသိမသာသော အောင်နိုင်သူ၏ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
သို့သော်... သူ၏ အနောက်မှ တပည့်များ အားပေးသံ မပြုလုပ်ရသေးခင်မှာပင်...
သူ စိတ်ပျက်အားငယ်ရမည့် မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်၏။
“ဝုန်း...”
ကွေ့ယွမ်ဂိုဏ်း၏ ကွင်းပြင်ဘက် အခြမ်းတွင် အလင်းဖြူတန်းများ ဆက်တိုက် လက်ခနဲ ဝင်းလက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင်... ဓားချီ ထိမှန်ပြီး သေဆုံးသွားခဲ့သော ကစားသမား (၂၀) ကျော်သည် ကွင်းပြင်ဘက်မှနေ၍ ဆဲဆို ကြိမ်းမောင်းရင်း ပြန်ပြေးလာကြသည်ကို တွေ့လိုက်ရ၏။ သူတို့သည် ဂိုဏ်းတံခါးဝတွင် ပြန်လည် စုရုံးလိုက်ကြပြီး ကောင်းကင်ပေါ်မှ အကြီးအကဲကို မော့ကြည့်ကာ ယခင်ကထက်ပင် ပိုမို စိတ်လှုပ်ရှားနေကြပုံ ရ၏။
“အဖိုးကြီး... ခင်ဗျား ထမင်းမစားလာဘူးလား... ဒါပဲလား...”
“ထပ်လုပ်လေ... ထပ်လုပ်... ခုနက ငါ အဆင်သင့် မဖြစ်လိုက်လို့ကွ...”
“ညီအစ်ကိုတို့... ဒီဘော့စ်က အဝေးပစ် ပဲ လုပ်တတ်တာလား... အောက်ဆင်းပြီး ငါနဲ့ တစ်ယောက်ချင်း မချရဲဘူးလား...”
ထိုအချိန်၌ ချင်းယန်ဂိုဏ်း သင်္ဘောပျံပေါ်ရှိ လေထု အခြေအနေသည် လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
တချိန်က မာန်တက်ပြီး အေးစက်နေခဲ့သော လက်ရွေးစင် တပည့်များသည် ယခုအခါ သူတို့၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော ကြောက်ရွံ့မှုများကို ထုတ်ဖော်ပြသနေကြ၏။ အောက်ဘက်ရှိ သတ်လေ ပိုတက်ကြွလေ ဖြစ်နေသော မသေနိုင်သည့် မိစ္ဆာအုပ်စုကို ကြည့်ရင်း... သူတို့ နားလည်ထားသော ကျင့်ကြံခြင်း လောကအမြင် တစ်ခုလုံး ပြိုလဲပျက်စီးသွားသည့်နှယ် ခံစားလိုက်ကြရသည်။
“အကြီးအကဲ... ဒီလူတွေက... တကယ် မသေနိုင်ကြဘူး ထင်တယ်...”
တပည့်တစ်ဦးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။
“ပါးစပ်ပိတ်ထားစမ်း... စစ်စိတ်စစ်သွေး ပျက်ပြားအောင် လုပ်တဲ့ကောင်ကို သတ်ပစ်မယ်...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် ယခုအခါ အကြပ်ရိုက်နေချေပြီ။ သူ၏ မျက်နှာထားမှာ အလွန်အမင်း တင်းမာနေပြီး ရင်ထဲတွင် စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာသည်။ ယနေ့ ဤမိစ္ဆာကောင်လေးများကို အပြီးတိုင် မနှိမ်နင်းနိုင်ပါက ချင်းယန်ဂိုဏ်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည်ကို သူ သိနေသည်။
“အကုန်လုံး ငါ့အမိန့်ကို နားထောင်... တိုက်ခိုက်ရေး နေရာယူကြ... ငါနဲ့အတူ ဟို မိစ္ဆာ အခင်းအကျင်းကြီးကို ဝိုင်းတိုက်ကြမယ်...”
ဤမသေနိုင်သော လူသားများသည် ထိုထူးဆန်းသော အခင်းအကျင်းနှင့် သေချာပေါက် ပတ်သက်နေမည်ဟု သူ တွေးမိလိုက်သည်။ အခင်းအကျင်း ပျက်သွားလျှင် သူတို့၏ မသေနိုင်ခြင်းလည်း ပျက်ပြယ်သွားပေလိမ့်မည်။
“အမိန့်အတိုင်းပါ...”
လက်ရွေးစင် တပည့် (၂၀) ကျော်သည် ကြောက်ရွံ့စိတ်ကို ဖိနှိပ်လိုက်ပြီး သူတို့၏ ဓားပျံများကို ထုတ်လွှတ်လိုက်ကြသည်။ လေထဲတွင် ကြီးမားသော တိုက်ခိုက်ရေး ဓားအခင်းအကျင်း တစ်ခု ဖွဲ့စည်းလိုက်ပြီး အကြီးအကဲနှင့် ပူးပေါင်းကာ အားကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ခန်းမဆောင်ကြီး အတွင်းမှ အခြေအနေကို စောင့်ကြည့်နေသော ကျန်းချန်သည် ဤမြင်ကွင်းကို မြင်သောအခါ နောက်ဆုံး၌ အေးစက်သော အပြုံးတစ်ခု ပြုလုပ်လိုက်၏။
“ဩော်... နောက်ဆုံးတော့ အတည်ပေါက် ဖြစ်လာကြပြီပေါ့...”
သူသည် သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး အန္တရာယ်ရှိသော အနီရောင် အလင်းတန်းများ လက်နေသည့် စနစ် မျက်နှာပြင် ပေါ်မှ ခလုတ်တစ်ခုကို ညင်သာစွာ နှိပ်လိုက်၏။
“အဝေးကြီးကနေ ဧည့်သည်တွေ ရောက်လာမှတော့... အိမ်ရှင် တစ်ယောက် အနေနဲ့ ကောင်းကောင်း မဧည့်ခံရင် ဘယ်ဖြစ်ပါ့မလဲ...”
“အဆင့် (၂) ဟွမ်ယွမ် ကြယ်တာရာ သွေးမိစ္ဆာ အခင်းအကျင်း - တိုက်ခိုက်ရေး စနစ်... စတင်စေ...”
“ဝုန်း...”
ကျန်းချန်၏ လှုပ်ရှားမှုနှင့် အတူ အပြင်ဘက်ရှိ မူလက ခံစစ် သက်သက်သာ ဖြစ်သော ငွေရောင် အလင်းအကာအကွယ်ကြီးသည် ရုတ်တရက် ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
အကာအကွယ် မျက်နှာပြင်ပေါ်ရှိ ငွေရောင် အလင်းတန်းများသည် လျင်မြန်စွာ မှိန်ဖျော့သွားပြီး... ရင်တုန်ဖွယ် ကောင်းလောက်အောင် သိပ်သည်းလွန်းသည့် သွေးနီရောင် အလင်းတန်းများ အစားထိုး ဝင်ရောက်လာတော့သည်။
မူလက မျက်နှာပြင်ပေါ်တွင် ဖြတ်ပြေးရုံသာ ရှိသော အနီရောင် လျှပ်စီးကြောင်းများသည် ယခုအခါ အသက်ဝင်လာသည့်နှယ် ဖြစ်သွားပြီး... ကြမ်းကြုတ်သော သွေးနီရောင် လျှပ်စီးနဂါးများ အဖြစ် ပြောင်းလဲကာ အခင်းအကျင်း မျက်နှာပြင်ပေါ်တွင် ဟိန်းဟောက် သောင်းကျန်းနေကြပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော မိစ္ဆာ အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ထက် ကျော်လွန်သော... နှောင်းပိုင်း အဆင့်၏ စွမ်းအားများနှင့် ညီမျှသော အားလှိုင်းလုံး တစ်ခုသည် မဟာအခင်းအကျင်းကြီး ထံမှ ပေါက်ကွဲထွက်လာ၏။ ၎င်းက ကောင်းကင်သို့ ထိုးတက်သွားရာ... ချင်းယန်ဂိုဏ်း၏ ဧရာမ သင်္ဘောပျံကြီးကိုပင် ပြင်းထန်စွာ တုန်ခါသွားစေသည်။
တိုက်ပွဲ အရှိန် မြင့်တက်လာခဲ့ချေပြီ။
အခန်း (၈၉) - သွေးဆာခြင်း အစွမ်းပြခြင်းနှင့် လက်ရွေးစင်တို့၏ နိဂုံး .. ဒီဇာတ်ညွှန်းက မှားနေတယ်ဟ
~ခန်းမဆောင်ကြီး အတွင်းမှ ကျန်းချန်က အနီရောင် ခလုတ်ကို နှိပ်လိုက်သည်နှင့် တပြိုင်နက်... ကွေ့ယွမ်ဂိုဏ်း အပေါ်စီးတွင် ရှိနေသော ငွေရောင် အလင်းအကာအကွယ်ကြီးသည် ကနဦးက ခံစစ် သက်သက်သာ ဖြစ်သော်လည်း၊ ယခု ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာတော့၏။
နူးညံ့သိမ်မွေ့သော ငွေရောင် အလင်းတန်းများသည် လုံးဝ ပျောက်ကွယ်သွားပြီး၊ သိပ်သည်းလွန်းလှသော သွေးနီရောင် အလင်းတန်းများ အစားထိုး ဝင်ရောက်လာ၏။ အခင်းအကျင်းကြီး တစ်ခုလုံးသည် အိပ်ပျော်နေသော ရှေးဟောင်း သားရဲကြီး တစ်ကောင် နိုးထလာသည့်နှယ် ဖြစ်သွားပြီး သွေးနီရောင် ပါးစပ်ကြီးကို ဟထားသည့်အလား ထင်မှတ်ရ၏။ လက်မောင်းလုံးခန့် ရှိသော မရေမတွက်နိုင်သည့် သွေးနီရောင် လျှပ်စီးကြောင်းများသည် အလင်းအကာအကွယ် မျက်နှာပြင်ပေါ်တွင် ရူးသွပ်စွာ ကခုန်နေကြ၏။ ကျောချမ်းဖွယ်ရာ လျှပ်စီးမြည်သံများ ထွက်ပေါ်နေသည်။ ၎င်းထံမှ ထွက်ပေါ်လာသော ကြမ်းကြုတ်သည့် အငွေ့အသက်များသည် ချင်းယန်ဂိုဏ်းသားများ ဖန်တီးထားသော "ဖြောင့်မတ်သော လမ်းစဉ်" ၏ ဖိနှိပ်မှု အရှိန်အဝါကိုပင် အတင်းအကြပ် ပြန်လည် တွန်းထုတ်လိုက်၏။
“ဒါ... ဒါ ဘာအခင်းအကျင်းလဲ... မိစ္ဆာ အငွေ့အသက်တွေက အရမ်း လေးလံတာပဲ...”
သင်္ဘောပျံပေါ်ရှိ တိုက်ခိုက်ရန် ပြင်ဆင်နေကြသော ချင်းယန်ဂိုဏ်း လက်ရွေးစင် တပည့်များသည် ချက်ချင်း မျက်နှာ ပျက်သွားကြသည်။ အောက်ဘက်ရှိ မဟာအခင်းအကျင်းကြီးထံမှ ထွက်ပေါ်လာသော ခြိမ်းခြောက်မှုကို သူတို့ ထင်ရှားစွာ ခံစားလိုက်ရပြီး၊ ထိုအရာက သူတို့၏ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကိုပင် အနည်းငယ် တုံ့ဆိုင်းသွားစေခဲ့သည်။
“မလန့်ကြနဲ့... စိတ်ကို ငြိမ်ငြိမ်ထား...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် မျက်နှာ ဖြူဖျော့နေသော်လည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည်လည်း ဤကဲ့သို့ ထူးဆန်းသော အခင်းအကျင်းမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် စိုးရိမ်နေမိသော်လည်း၊ မြှားက လေးကြိုးပေါ်မှ ထွက်ခွာသွားပြီ ဖြစ်သည်။ ကျဆင်းနေသော ဂိုဏ်းငယ်လေး တစ်ခုက သူတို့ ချင်းယန်ဂိုဏ်း၏ လက်ရွေးစင် တပ်ဖွဲ့ကြီး၏ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ပေ။
“တပည့်တို့..အမိန့် နာခံကြ... ကောင်းကင်ဓူဝံ ဓားအခင်းအကျင်း.. အစွမ်းကုန် တိုက်ခိုက်စမ်း... ဒီမိစ္ဆာ လိပ်ခွံကြီးကို ရိုက်ချိုးပစ်...”
“အမိန့်တော် အတိုင်းပါ...”
အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အစောပိုင်းနှင့် ချီစုစည်းမှု အဆင့် ပြီးပြည့်စုံခြင်း ရှိကြသော လက်ရွေးစင် တပည့် (၂၀) ကျော်သည် သူတို့၏ စိုးရိမ်မှုကို ဖိနှိပ်လိုက်ပြီး ပြိုင်တူ ဟိန်းဟောက်လိုက်ကြသည်။ သူတို့ လက်ထဲမှ ပုံစံတူ ဓားပျံများသည် တပြိုင်နက်တည်း တောက်ပလာပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။ သတ်မှတ်ထားသော နေရာများတွင် နေရာယူလိုက်ကြပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပေ (၂၀) ခန့် ရှည်လျားသော ဧရာမ အပြာရောင် အလင်းဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွား၏။
“ပိုင်းစမ်း...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲ ဓားဖြင့် ညွှန်လိုက်သည်နှင့် တပြိုင်နက်... ဧရာမ အလင်းဓားကြီးသည် ကမ္ဘာဖျက်မတတ် အရှိန်အဝါများကို သယ်ဆောင်လျက်၊ စူးရှသော လေထုကွဲအက်သံနှင့်အတူ အောက်ဘက်ရှိ သွေးနီရောင် အခင်းအကျင်းကြီးဆီသို့ ရက်စက်စွာ ပိုင်းချလိုက်လေတော့သည်။
ဤတိုက်ခိုက်မှု၏ စွမ်းအားသည် တောင်ကုန်းငယ်လေး တစ်ခုကို ချက်ချင်း မြေလှန်ပစ်နိုင်လောက်၏။
ခန်းမဆောင်ကြီး အတွင်း၌မူ... ကျန်းချန်သည် အလင်းဖန်သားပြင်ပေါ်ရှိ စွမ်းအင် ညွှန်းကိန်းများကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“အချိန်ကိုက်ပဲ... အခင်းအကျင်းသစ်ရဲ့ အရည်အသွေးကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ...”
သူ၏ သွယ်လျသော လက်ချောင်းများသည် ထိန်းချုပ်မှု ခလုတ်ခုံ ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားသည်။
“ဟွမ်ယွမ် ကြယ်တာရာ သွေးမိစ္ဆာ အခင်းအကျင်း - သွေးလျှပ်စီး တန်ပြန်တိုက်ခိုက်မှု..”
“ဝုန်း...”
အပြာရောင် ဧရာမ ဓားကြီး အလင်းအကာအကွယ်ကို ထိခါနီး ဆဲဆဲတွင်... အခင်းအကျင်း မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော သွေးနီရောင် လျှပ်စီးကြောင်းများသည် ဆင့်ခေါ်ခံလိုက်ရသည့်နှယ် ချက်ချင်း စုစည်းသွားကြ၏။ ရေပုံးခန့် လုံးပတ်ရှိသော ဧရာမ သွေးနီရောင် လျှပ်စီးတန်းကြီး အဖြစ် ဖွဲ့တည်သွားပြီး၊ အထက်သို့ ပျံတက်ကာ ဧရာမ ဓားကြီးကို ပြင်းထန်စွာ ထိတိုက်လိုက်လေတော့သည်။
“ဒုန်း... ဒုန်း... ဒုန်း...”
နားကွဲမတတ် မြည်ဟိန်းသံသည် ချန်ဝူ တောင်တန်းကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင် တုန်ခါမှု လှိုင်းလုံးကြီးသည် ဘေးပတ်ဝန်းကျင်သို့ ပြန့်ကားသွားပြီး၊ အနီးအနားရှိ သစ်တောအုပ်မှ သစ်ပင်များသည် ခါးလည်မှ ကျိုးပဲ့ကုန်ကြသည်။ မရေမတွက်နိုင်သော ငှက်များနှင့် သားရဲများသည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ယိုစီးကာ သေဆုံးကုန်ကြ၏။
ချင်းယန်ဂိုဏ်း၏ ဧရာမ သင်္ဘောပျံကြီးသည် တုန်ခါမှု လှိုင်းဒဏ်ကြောင့် ပြင်းထန်စွာ ယိမ်းထိုးသွားပြီး၊ သင်္ဘောပေါ်ရှိ တပည့်များသည် ခြေမခိုင်တော့ဘဲ လဲကျကုန်ကြသည်။ သူတို့၏ မျက်နှာများမှာ သေလူကဲ့သို့ ဖြူဖျော့နေကြ၏။
အလင်းရောင်များ မှိန်ဖျော့သွားသောအခါ...
လူတိုင်း အံ့သြတုန်လှုပ်သွားရသည့် မြင်ကွင်းမှာ... လက်ရွေးစင် တပည့် (၂၀) ကျော်၏ အစွမ်းကုန် ပေါင်းစပ်တိုက်ခိုက်ထားသော ဧရာမ အလင်းဓားကြီးသည် သွေးလျှပ်စီးကြောင်း၏ ရိုက်ခတ်မှုကြောင့် အမှန်တကယ်ပင် အပိုင်းပိုင်း အစစ ကြေမွသွားခြင်း ဖြစ်၏။ အပြာရောင် အလင်းစက်လေးများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
“အွတ်...”
သင်္ဘောပျံပေါ်ရှိ ကျင့်ကြံမှု အဆင့် နိမ့်ပါးသော တပည့်အချို့သည် အခင်းအကျင်း ပျက်စီးမှု၏ တန်ပြန်သက်ရောက်မှုကြောင့် သွေးများ အန်ထွက်လာကြပြီး သူတို့၏ ချီစွမ်းအင်များ ချက်ချင်း အားနည်းသွားကြသည်။
“မဖြစ်နိုင်တာ...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် အောက်ဘက်ရှိ သွေးနီရောင် အခင်းအကျင်းကြီးကို ပြူးကျယ်သော မျက်လုံးများဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ အခင်းအကျင်းသည် လုံးဝ ထိခိုက်ပျက်စီးခြင်း မရှိသည့်အပြင် ပိုမို၍ပင် ထူးဆန်းသော အလင်းရောင်များ တောက်ပနေသေး၏။
သာမန် ဒုတိယအဆင့် အခင်းအကျင်းလေး တစ်ခုက ဒီလောက် အစွမ်းထက်တဲ့ ပေါင်းစပ်တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေတာလဲ... ဒါက ငါ့ရဲ့ နားလည်နိုင်စွမ်း အပြင်ဘက်ကို ရောက်နေပြီ။
သို့သော်... ပိုမို ဆိုးရွားသော အရာများ လာရန် ရှိသေးသည်။
အောက်ဘက်ရှိ ကစားသမားများသည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြ၏။
“သောက်ကျိုးနည်း... ဂိုဏ်းချုပ်က ရှယ်ပဲဟေ့... အခင်းအကျင်းကြီးက မိုက်လိုက်တာကွာ...”
“မြင်လား... ဒါ ငါတို့ အချိန်ပိုဆင်းပြီး သတ္တုတူးခဲ့ရတဲ့ ရလဒ်တွေပဲ... ကျေနပ်စရာကြီးကွာ...”
“ညီအစ်ကိုတို့... ကြည့်ပဲ မနေကြနဲ့... ငါတို့လည်း ဘာဖ် ရထားတယ်ဟေ့...”
မျက်စိလျင်သော ကစားသမားများသည် သွေးနီရောင် အခင်းအကျင်းကြီး စတင် အလုပ်လုပ်သည်နှင့် တပြိုင်နက် သူတို့၏ အခြေအနေပြ ဇယားတွင် ဘာဖ် အသစ်တစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်ကြသည်။
[သွေးမိစ္ဆာ အခင်းအကျင်း၏ ကောင်းချီးပေးမှု- အခင်းအကျင်း ဧရိယာ အတွင်း၌ တိုက်ခိုက်မှု စွမ်းအား (၂၀) ရာခိုင်နှုန်း တိုးတက်သည်။ ရွေ့လျားနှုန်း (၃၀) ရာခိုင်နှုန်း တိုးတက်သည်။ တိုက်ခိုက်မှုတိုင်းတွင် သွေးမိစ္ဆာ တိုက်စားခြင်း အာနိသင် အနည်းငယ် ပါဝင်သည်။]
“တိုက်ခိုက်အား တက်တယ်ဟေ့... ပြီးတော့ ညှို့ငင်ခြင်းပါ ပါတယ်တဲ့ကွ... ချကြစမ်း...”
ကစားသမားများသည် မပျံသန်းနိုင်သဖြင့် ကောင်းကင်ပေါ်မှ အီလိုက်တ်မွန်းစတားများကို လှမ်းမမီနိုင်သော်လည်း၊ ထိုအချက်က သူတို့၏ နှောင့်ယှက်မှုကို မတားဆီးနိုင်ပေ။
ကောင်းကင်ခွင်း ဓားတစ်လက် ၏ ကွပ်ကဲမှုအောက်တွင် ကစားသမား ရာပေါင်းများစွာသည် အခင်းအကျင်း အစွန်းအဖျား တလျှောက် ဖြန့်ခွဲလိုက်ကြပြီး၊ မြေပြင်ပေါ်မှ ကျောက်တုံးများနှင့် သစ်ကိုင်းများကို ကောက်ယူလိုက်ကြသည်။ တချို့ဆိုလျှင် ဘယ်က ရလာမှန်းမသိသော လောက်လေးခွများကို ကိုင်ဆောင်ကာ အနိမ့်ပိုင်းပျံသန်းနေသော ချင်းယန်ဂိုဏ်း တပည့်များကို "တာဝေး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု" စတင် ပြုလုပ်ကြတော့၏။
“ဝှစ်... ဝှစ်... ဝှစ်...”
သွေးဆာသော အငွေ့အသက် ဖျော့ဖျော့လေး လွှမ်းခြုံထားသည့် မရေမတွက်နိုင်သော ကျောက်တုံးများသည် မိုးပေါက်များပမာ အပေါ်သို့ ပျံတက်သွားကြသည်။
ဤတိုက်ခိုက်မှုများသည် ထိခိုက်မှု သိပ်မရှိလှပေ။ ကျင့်ကြံသူများ၏ ဝိညာဉ်အကာအကွယ် အလင်းတန်းကို သွားမှန်လျှင် ယားရုံလောက်သာ ရှိ၏။ သို့သော် အရေအတွက် များပြားလွန်းလှသည်က ပြဿနာ ဖြစ်နေသည်။ ကျောက်တုံး ရာပေါင်းများစွာသည် မိုးသီးမုန်တိုင်းကဲ့သို့ တပြိုင်နက် ကျရောက်လာသဖြင့်၊ ထိခိုက်မှု နည်းသော်လည်း အလွန်အမင်း အရှက်ရစရာ ကောင်းလှ၏။
ထို့ပြင် ပါဝင်နေသော သွေးမိစ္ဆာ တိုက်စားခြင်း အာနိသင် သည် အားနည်းသော်လည်း၊ စုဆောင်းမိလာသောအခါ တပည့်များ၏ ဝိညာဉ်အကာအကွယ်ကို ဖြည်းဖြည်းချင်း စားသုံးလာသဖြင့်၊ သူတို့မှာ ကာကွယ်ရန် အာရုံစိုက်နေရပြီး ဓားအခင်းအကျင်းကို ထိန်းသိမ်းရန် အာရုံမစိုက်နိုင်တော့ချေ။
“ကောင်စုတ်တွေ... ပုရွက်ဆိတ် လောက်လေးတွေကများ ငါ့ကို ဒီလို စော်ကားရဲတယ်...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် သူ၏ တပည့်များ ကျောက်တုံး အပစ်ခံရပြီး ဖရိုဖရဲ ဖြစ်နေသည်ကို ကြည့်ကာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေ၏။
သူ အချိန်ဆွဲ၍ မရတော့ကြောင်း သိလိုက်သည်။ ဤမဟာအခင်းအကျင်းကြီးက ထူးဆန်းလွန်းသလို၊ ဤမသေနိုင်သော မိစ္ဆာကောင်လေးများက ပို၍ပင် ထူးဆန်းနေသည်။ ကြာကြာ နေလျှင် မလိုလားအပ်သော ပြဿနာများ တက်လာနိုင်၏။
“ကြည့်ရတာ... အဲ့ဒီအကွက်ကို မသုံးလို့ မရတော့ဘူး ထင်တယ်...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲ၏ မျက်လုံးထဲတွင် နာကျင်မှုနှင့် ရက်စက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူသည် ဝတ်ရုံထဲသို့ နှိုက်လိုက်ပြီး ရှေးဟောင်း မန္တန် စာရွက် တစ်ရွက်ကို လေးနက်စွာ ထုတ်ယူလိုက်သည်။ စာရွက်၏ မျက်နှာပြင်သည် ခရမ်းရွှေရောင် တောက်နေပြီး ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေ၏။
ဒါက သူ့ရဲ့ ဖဲချပ်... အသက်ကယ် လက်နက်... အဆင့် (၃) အနိမ့်စား တိုက်ခိုက်ရေး မန္တန် ဖြစ်သော ခရမ်းရောင် ကောင်းကင်ဘုံ နတ်ဘုရား လျှပ်စီး မန္တန် ပင် ဖြစ်ချေသည်။ ရွှေအမြုတေ အဆင့် အစောပိုင်း ပညာရှင် တစ်ဦး၏ အားကုန် တိုက်ခိုက်မှု တစ်ချက်နှင့် ညီမျှ၏။
မူလက အဆင့်တူ ရန်သူများနှင့် တွေ့မှ သုံးရန် သိမ်းထားခဲ့သော်လည်း၊ ယနေ့တွင် သေးငယ်သော မိစ္ဆာဂိုဏ်းလေး တစ်ခုအပေါ် အသုံးပြုရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့မိချေ။
“မိစ္ဆာကောင်စုတ်တွေ... ဒီမန္တန်အောက်မှာ သေရတာ မင်းတို့အတွက် ကံကောင်းတယ် မှတ်...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် ဟိန်းဟောက်လိုက်ပြီး လျှာကို ကိုက်ကာ မန္တန်စာရွက်ပေါ်သို့ သွေးတစ်လုပ် ထွေးထည့်လိုက်သည်။
“ဝုန်း...”
ခရမ်းရွှေရောင် မန္တန်စာရွက်သည် ချက်ချင်း မီးတောက်လောင်သွားပြီး၊ ရေစည်ပိုင်းခန့် လုံးပတ်ရှိသော ဧရာမ ခရမ်းရောင် လျှပ်စီးတန်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖျက်ဆီးခြင်း အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သယ်ဆောင်လျက် အောက်ဘက်ရှိ သွေးနီရောင် အခင်းအကျင်းကြီး၏ အားအနည်းဆုံး နေရာဆီသို့ ရက်စက်စွာ ပစ်ခတ်လိုက်လေတော့သည်။
ဤတိုက်ခိုက်မှုသည်... ကမ္ဘာကြီး၏ ဖွဲ့စည်းပုံကိုပင် ပြောင်းလဲသွားစေသည့်နှယ် ရှိချေသည်။
အခန်း (၉၀) - မျှော်လင့်ချက်မဲ့ခြင်းနှင့် အလှည့်အပြောင်း .. မေ့လျော့ထားသော မိစ္ဆာ အူတိုင်
~ချန်ဝူ တောင်တန်းကြီး၏ အထက် ကောင်းကင်ယံမှ ရာသီဥတုသည် ရုတ်တရက် ပြောင်းလဲသွား၏။
ချင်းယန်ဂိုဏ်း ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် သူ၏ သွေးတစ်လုပ်ကို ခရမ်းရွှေရောင် ရှေးဟောင်း မန္တန်စာရွက်ပေါ်သို့ ထွေးထည့်လိုက်သည်နှင့် တပြိုင်နက်... ကမ္ဘာကြီးတစ်ခုလုံး ခေတ္တမျှ ငြိမ်သက်သွားသည့်နှယ် ဖြစ်သွား၏။ ထို့နောက် ချက်ချင်းဆိုသလိုပင်... ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ထိုမန္တန်စာရွက် အသေးလေးထဲမှ ပေါက်ကွဲထွက်လာတော့သည်။
ကြည်လင်နေသော ကောင်းကင်ယံသည် ချက်ချင်း မည်းမှောင်သွားပြီး၊ ထူထပ်သော တိမ်မည်းကြီးများသည် ဘာမှမရှိသော နေရာမှ ပေါ်ထွက်လာကာ ကွေ့ယွမ်ဂိုဏ်း၏ ခေါင်းပေါ်တွင် ကြီးမားသော လေပွေဝဲကြီး တစ်ခုအဖြစ် စုစည်းသွားကြသည်။ လေပွေဝဲ၏ ဗဟိုချက်တွင် မျက်စိကျိန်းမတတ် တောက်ပသော ခရမ်းရောင် လျှပ်စီးကြောင်း များစွာသည် ရူးသွပ်စွာ လှည့်ပတ် ယှက်နွယ်နေကြပြီး၊ လောကရှိ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်မည့် ခမ်းနားထည်ဝါသော နတ်ဘုရား စွမ်းအင်များကို ထုတ်လွှတ်နေ၏။
ဒါက အဆင့် (၃) တိုက်ခိုက်ရေး မန္တန်... ရွှေအမြုတေ အဆင့် အစောပိုင်း ပညာရှင် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှသော ခရမ်းရောင် ကောင်းကင်ဘုံ နတ်ဘုရား လျှပ်စီး မန္တန် ၏ စွမ်းအားပင် ဖြစ်ချေသည်။
ဤ စစ်မှန်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကြီး ရှေ့တွင်... အောက်ဘက်ရှိ အဆင့် (၂) ထိပ်သီး "ဟွမ်ယွမ် ကြယ်တာရာ သွေးမိစ္ဆာ အခင်းအကျင်း" ထံမှ ထွက်ပေါ်နေသော ကြမ်းကြုတ်သည့် အရှိန်အဝါများသည် ကြောင်တွေ့သော ကြွက်တစ်ကောင်ပမာ ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး မှိန်ဖျော့သွား၏။ အခင်းအကျင်း မျက်နှာပြင်ပေါ်တွင် ဟိန်းဟောက် သောင်းကျန်းနေသော သွေးနီရောင် လျှပ်စီးနဂါးများသည် ယခုအခါ ညည်းတွားရင်း အလင်းအကာအကွယ် အတွင်းဘက်သို့ ကြောက်လန့်တကြား ကျုံ့ဝင် ပုန်းအောင်းသွားကြတော့သည်။
မြေပြင်ပေါ်တွင် ကျောက်တုံးများ ပစ်ပေါက်ပြီး ရုပ်ပိုင်းဆိုင်ရာ ဒမ်းမေ့ခ်ျ ပေးနေသော ကစားသမားများသည် ရုတ်တရက် အေးခဲသွားကြသည်။
မကြုံစဖူးသော မူလတန်း အဆင့် ကြောက်ရွံ့မှု တစ်ခုသည် မမြင်ရသော လက်ကြီးတစ်ဖက်သဖွယ် သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်လိုက်၏။ ဤဖိနှိပ်မှု အရှိန်အဝါအောက်တွင် သူတို့၏ ဇာတ်ကောင်များသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် တောင့်တင်းသွားပြီး၊ လက်ချောင်းလေး တစ်ချောင်း လှုပ်ရှားရန်ပင် အလွန် ခက်ခဲနေကြောင်း ထိတ်လန့်စွာ တွေ့ရှိလိုက်ကြရသည်။
“ဟိုက်... ဘာဖြစ်ကုန်တာလဲ...”
ဝမ်သဲ့ဖာ သည် ခေါင်းကို ခက်ခဲစွာ မော့လိုက်ပြီး ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော ကမ္ဘာဖျက် လျှပ်စီးတန်းကြီးကို လှမ်းကြည့်ကာ လည်ချောင်းများ ခြောက်ကပ်သွားရသည်။
“ဒီ ဘော့စ် က... ဘာလို့ စည်းကမ်းအတိုင်း မဆော့တာလဲကွ... ဒါ မသမာနည်း သုံးတာ မဟုတ်ဘူးလား...”
ကျွမ်းကျင် ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် သည်လည်း ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။ ဓားကို ဆုပ်ကိုင်ထားသော သူ၏ လက်ဆစ်များမှာ ဖြူဖျော့နေပြီး၊ သူ၏ မျက်လုံးများထဲတွင် ပထမဆုံး အကြိမ်အဖြစ် ထိတ်လန့်မှုများ ပေါ်ထွက်လာ၏။
“ဒါ ရွှေအမြုတေ အဆင့်ရဲ့ စွမ်းအားလား... ဒါက လူအုပ်နဲ့ ဖိတိုက်လို့ ရတဲ့ အဆင့် မဟုတ်တော့ဘူး... စနစ်ရဲ့ မျက်နှာပြင်မှာ [ခုခံ၍ မရနိုင်သော ဖျက်ဆီးရေး တိုက်ခိုက်မှု] ဆိုပြီး အနီရောင် အချက်ပြနေပြီ...”
“ပြေးကြ... ခန်းမဆောင်ကြီး ဘက်ကို ပြေးကြ... အခင်းအကျင်း အလယ်ဗဟိုနားမှာ သွားပုန်းကြ...”
သူသည် အသံကုန် အော်ဟစ်လိုက်ပြီး ကြောက်လန့်နေသော လူအုပ်ကြီးကို သတိဝင်လာစေရန် ကြိုးစားလိုက်သည်။
သို့သော်... အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။
ကောင်းကင်ယံ၌ အချိန်အတော်ကြာ စုစည်းနေခဲ့သော ခရမ်းရောင် လျှပ်စီးတန်းကြီးသည် နောက်ဆုံးတွင် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။ ရေစည်ပိုင်းခန့် လုံးပတ်ရှိပြီး ပေ (၁၀၀) ခန့် ရှည်လျားသော ဧရာမ ခရမ်းရွှေရောင် လျှပ်စီးနဂါးကြီး အဖြစ် ပြောင်းလဲသွားပြီး၊ နားကွဲမတတ် ဟိန်းဟောက်သံနှင့် အတူ ကမ္ဘာဖျက် စွမ်းအားများကို သယ်ဆောင်လျက် အောက်ဘက်ရှိ သွေးနီရောင် အခင်းအကျင်းကြီး၏ အားအနည်းဆုံး နေရာဆီသို့ ရက်စက်စွာ ထိုးဆင်း ချလိုက်လေတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
တိုက်မိသည့် အခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီး အသံတိတ်သွားသည့်နှယ် ဖြစ်သွားသည်။
မိုင် (၁၀၀) ပတ်လည်ရှိ သက်ရှိ အားလုံးသည် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံကြီး ကြောင့် ခေတ္တမျှ အကြားအာရုံ ပျောက်ဆုံးသွားကြရသည်။ ထို့နောက်တွင် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသော ပြင်းထန်သည့် တုန်ခါမှုကြီး နောက်ဆက်တွဲ ပါလာ၏။
ကွေ့ယွမ်ဂိုဏ်း တည်ရှိရာ ပင်မ တောင်ထိပ်ကြီးသည် ပြင်းအား (၁၂) အဆင့်ရှိသော ငလျင်ဒဏ် ခံလိုက်ရသည့်နှယ် ဖြစ်သွားပြီး၊ ကျောက်တုံးကြီးများ လိမ့်ကျကုန်ကာ အသစ်ဆောက်လုပ်ထားသော ယာယီ အဆောက်အအုံများ ပြိုကျကုန်ကြသည်။
ရွှေအမြုတေ အဆင့်၏ စွမ်းအားကို ကိုယ်စားပြုသော ထို [ခရမ်းရောင် ကောင်းကင်ဘုံ နတ်ဘုရား လျှပ်စီး] သည် ထောပတ်တုံးထဲသို့ မီးရဲနေသော ဓားတစ်ချောင်း ထိုးစိုက်လိုက်သည့်နှယ်... သွေးမိစ္ဆာ အခင်းအကျင်း၏ အလင်းအကာအကွယ် အတွင်းသို့ ရက်စက်စွာ ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။
“ရှဲ... ဒုန်း...”
အသက်ရှူချိန် တစ်ဝက်စာပင် မခံလိုက်ပေ။
ကစားသမား ရာပေါင်းများစွာ နေ့မနား ညမနား သတ္တုတူးပြီး ပင်ပင်ပန်းပန်း တည်ဆောက်ထားခဲ့သော အဆင့် (၂) ထိပ်သီး အခင်းအကျင်းကြီးသည် ဝမ်းနည်းဖွယ်ရာ ညည်းတွားသံကြီး တစ်ချက် ပြုလုပ်လိုက်သည်။ ထူထဲသော သွေးနီရောင် အလင်းအကာအကွယ်ကြီးသည် ဖန်ခွက် ကွဲအက်သွားသည့်နှယ် တစစီ ဖြစ်သွားပြီး... ဧရာမ အပေါက်ကြီး တစ်ခု ပေါ်ထွက်လာတော့သည်။
ခရမ်းရောင် လျှပ်စီး စွမ်းအင်များသည် ထိုအက်ကွဲကြောင်းများမှ တဆင့် အခင်းအကျင်း အတွင်းသို့ ရူးသွပ်စွာ စီးဝင်လာပြီး၊ အခင်းအကျင်း၏ အခြေခံအုတ်မြစ်များနှင့် စွမ်းအင် လမ်းကြောင်းများကို စိတ်ကြိုက် ဖျက်ဆီး ပစ်လိုက်၏။
“အောင့်...”
“အား...”
မဟာအခင်းအကျင်းကြီး ပျက်စီးသွားပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအင် တန်ပြန်သက်ရောက်မှုကြီးသည် ချက်ချင်း ကျရောက်လာတော့သည်။
အခင်းအကျင်း အစွန်းအဖျားနှင့် တိုက်ခိုက်မှု ဗဟိုချက် အနီးတွင် ပုန်းအောင်းနေသော ကစားသမား (၁၀၀) ကျော်သည် တုံ့ပြန်ချိန်ပင် မရလိုက်ကြချေ။ မိုးကြိုး၏ ပြင်းထန်သော နောက်ဆက်တွဲ လှိုင်းဒဏ်နှင့် အခင်းအကျင်း ပျက်စီးမှု၏ တန်ပြန်သက်ရောက်မှု နှစ်ခုပေါင်း ဒဏ်ချက်အောက်တွင် သူတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်း အငွေ့ပျံသွားကြသည်။ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မရေမတွက်နိုင်သော အလင်းဖြူတန်းများ အဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားကြ၏။
ကျန်ရစ်သော ကစားသမားများသည်လည်း လွင့်စင်ကုန်ကြပြီး သွေးများ အန်ထွက်လာကာ သွေးတန်းကုန်ခါနီး ဖြစ်သွားပြီး၊ ပြင်းထန်သော ဒဏ်ရာရရှိခြင်း နှင့် "လေဖြတ်ခြင်း အခြေအနေ သို့ ရောက်ရှိသွားကြ၏။
“ပြီးပြီ... အကုန် ပြီးသွားပြီ...”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည် မြေကြီးပေါ်တွင် ပုံလျက်သား လဲကျသွားသည်။ သူသည် အထက်တွင် ပြိုကျမတတ် ဖြစ်နေသော အက်ကွဲနေသည့် အလင်းအကာအကွယ်ကြီးကို ငေးမောကြည့်နေမိသည်။ သူ၏ ဆေးတံအိုလေးသည် မြေကြီးပေါ်သို့ ကျပြီး နှစ်ပိုင်းကျိုးသွား၏။ ရာသီဥတုဒဏ် ခံထားရသော သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေ၏။
ဒါတွေ အကုန်လုံးက... ငါတို့ တူရွင်း တစ်ချက်ချင်း ပေါက်ပြီး ရှာထားတဲ့ ချွေးနည်းစာတွေလေ... အခုတော့ အကုန် ပျက်စီးသွားပြီလား...
ကောင်းကင်ယံတွင်မူ... ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် ပြိုကျနေသော အခင်းအကျင်းနှင့် အောက်ဘက်မှ ပျက်စီးမှု မြင်ကွင်းကို ကြည့်ပြီး... ကျေနပ်အားရမှုနှင့် ရက်စက်မှုတို့ ရောပြွမ်းနေသော ရယ်သံကြီး တစ်ခုကို ပြုလုပ်လိုက်သည်။
“ဟားဟားဟား... မိစ္ဆာလမ်းစဉ် ကောင်စုတ်တွေ... ငါ့ရဲ့ ဖြောင့်မတ်သော လမ်းစဉ် မန္တန် စွမ်းအား ဘယ်လောက် ကြီးမားလဲ ဆိုတာ သိပြီလား... ခေါင်းမာပြီး ခုခံနေရင် သေလမ်းပဲ ရှိတယ်...”
မန္တန်ကို ထိန်းချုပ်ရသဖြင့် သူသည်လည်း အင်အားကုန်ခမ်းပြီး မျက်နှာ ဖြူဖျော့နေသော်လည်း၊ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကမူ ပိုမို ပြင်းထန်လာ၏။
“တပည့်တို့... ငါ့အမိန့်ကို နာခံကြ... မဟာအခင်းအကျင်း ပျက်စီးသွားပြီ... ငါနဲ့အတူ အောက်ဆင်းပြီး မိစ္ဆာကောင်တွေကို သတ်ဖြတ်ကြ... တစ်ကောင်မှ အရှင်မထားနဲ့...”
“အမိန့်တော် အတိုင်းပါ...”
သင်္ဘောပျံပေါ်တွင် ဒေါသအောင့်ထားရသော ချင်းယန်ဂိုဏ်း လက်ရွေးစင် တပည့်များသည် ပြိုင်တူ ဟိန်းဟောက်လိုက်ကြပြီး၊ ဓားပျံများကို စီးနင်းကာ ကျားရိုင်းများ တောင်ပေါ်မှ ဆင်းသက်လာသည့်နှယ်... အကာအကွယ် အခွံ ပျောက်ဆုံးသွားသော ကွေ့ယွမ်ဂိုဏ်းဆီသို့ ခုန်အုပ်လိုက်ကြလေတော့သည်။
---
ထိုအချိန်၌...
ကွေ့ယွမ်ဂိုဏ်း ခန်းမဆောင်ကြီး၏ နက်ရှိုင်းသော မြေအောက် လျှို့ဝှက်ခန်း အတွင်း၌...
ကျန်းချန်သည် အခင်းအကျင်း ဗဟိုထိန်းချုပ်ရာ ကျောက်ပြားပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ မျက်နှာသည် သေလူကဲ့သို့ ဖြူဖျော့နေပြီး ပါးစပ်ထောင့်စွန်းတွင် သွေးစများ စီးကျနေသည်။ အခင်းအကျင်း ပျက်စီးသွားသဖြင့် ထိန်းချုပ်သူ ဖြစ်သော သူသည်လည်း ပြင်းထန်သော တန်ပြန်ဒဏ်ခတ်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။
သူ၏ ရှေ့တွင် တချိန်က တောက်ပခဲ့သော အခင်းအကျင်း ထိန်းချုပ်မှု မျက်နှာပြင်သည် ယခုအခါ အန္တရာယ်ရှိသော အနီရောင် မီးများ တောက်လောင်နေပြီး၊ စူးရှသော သတိပေးသံများ လုံခြုံသော အခန်းကျဉ်းလေးထဲတွင် ပဲ့တင်ထပ်နေ၏။
[သတိပေးချက်... သတိပေးချက်... တောင်ကာကွယ်ရေး မဟာအခင်းအကျင်းကြီးဟာ ဖျက်ဆီးရေး တိုက်ခိုက်မှု တစ်ခုကို ခံစားလိုက်ရပါဝယ်... စွမ်းအင် အူတိုင် အပြင်းအထန် ပျက်စီးသွားပါပြီ... လက်ရှိ ကြံ့ခိုင်မှု - (၁၅)%... (၁၂)%...]
[သတိပေးချက်... မဟာအခင်းအကျင်းကြီး လုံးဝ ပြိုကျတော့မယ်... ခန့်မှန်း ပြိုကျချိန် - (၃၀) စက္ကန့်...]
“ရွှေအမြုတေ အဆင့် တဲ့လား... တကယ့်ကို လက်လှမ်းမမီနိုင်သေးတာလား...”
ကျန်းချန်သည် ပါးစပ်ထောင့်စွန်းမှ သွေးများကို သုတ်လိုက်ရာ မျက်ဝန်းထဲတွင် မကျေနပ်မှုနှင့် ရက်စက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ မျက်နှာပြင်ပေါ်တွင် အသတ်ခံနေရသော ကစားသမား တပည့်များကို ကြည့်ရင်း... အပြင်ဘက်မှ ပိုမို ကျယ်လောင်လာသည့် တိုက်ပွဲ အော်ဟစ်သံများကို နားထောင်ရင်း... သူသည် ချောက်ကမ်းပါး အစွန်းသို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။
မဟာအခင်းအကျင်းကြီးသာ လုံးဝ ပြိုကျသွားလျှင် ကွေ့ယွမ်ဂိုဏ်းသည် ဇာတ်သိမ်းသွားပေလိမ့်မည်။ သူ ခက်ခက်ခဲခဲ တည်ဆောက်ထားသမျှ အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။
“စက္ကန့် (၃၀)... သာမန် နည်းလမ်းတွေနဲ့ ပြန်ပြင်လို့ မရတော့ဘူး... ဝိညာဉ်ကျောက်တုံး ဖြည့်တာလောက်နဲ့ မလုံလောက်တော့ဘူး...”
သူ၏ ဦးနှောက်သည် အလုပ်ရှုပ်နေပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းပေါင်းစုံကို စဉ်းစားနေသည်။ ရုတ်တရက်... သူ၏ အကြည့်သည် စနစ်၏ သိုလှောင်ခန်း ထောင့်တစ်နေရာရှိ အရာတစ်ခုအပေါ်သို့ ကျရောက်သွား၏။
ထိုအရာသည် လက်သီးဆုပ် အရွယ်အစားသာ ရှိသော အမည်းရောင် အရာဝတ္ထု တစ်ခု ဖြစ်ပြီး၊ မန္တန်စာရွက်များဖြင့် အထပ်ထပ် ပတ်ရစ် ချိပ်ပိတ်ထား၏။ ၎င်းသည် ငြိမ်သက်စွာ ရှိနေသော်လည်း အသက်ရှိနေသည့်နှယ် ဖြည်းညှင်းစွာ ကျုံ့လိုက်ကားလိုက် ဖြစ်နေပြီး... ကျောချမ်းဖွယ်ရာ ကောင်းသည့်၊ ဖရိုဖရဲ ဆန်သော မကောင်းဆိုးဝါး အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
၎င်းသည် ယခင်က ဖြစ်ပွားခဲ့သော အကျိအချွဲ ကပ်ဘေး အစီအစဉ်မှ ရရှိခဲ့သော အထူး ပစ္စည်းတစ်ခု ဖြစ်သည် - [အသက်ဝင်နေသော မိစ္ဆာ အကျိအချွဲ အူတိုင် (အလွန် အန္တရာယ်များသည်)]။
စနစ်၏ ကနဦး သုံးသပ်ချက်မှာ - "ပြင်းအားမြင့် မိစ္ဆာချီနှင့် ဖရိုဖရဲ နိယာမများ ပါဝင်သော အထူး အူတိုင် ဖြစ်သည်။ အလွန် မတည်ငြိမ်ဘဲ၊ ပြင်းထန်သော ညစ်ညမ်းစေမှုနှင့် ဗီဇပြောင်းလဲမှု ဂုဏ်သတ္တိများ ရှိသည်။ ချိပ်ပိတ်ထားရန် .. ဖျက်ဆီးပစ်ရန် အကြံပြုအပ်ပါသည်။"
ကျန်းချန်သည် နောင်တစ်ချိန်တွင် လူလိမ်ရာ၌ သုံးရကောင်းမလားဟု တွေးမိပြီး မလွှင့်ပစ်ဘဲ သိမ်းထားခဲ့ခြင်း ဖြစ်၏။ သို့သော် ယနေ့တွင် မိမိကိုယ်တိုင် ပြန်သုံးရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
“ဒါက အလွန် အန္တရာယ်များတဲ့ အချိန်ကိုက် ဗုံးတစ်လုံး ဖြစ်ပေမယ့်... သူ့ထဲမှာ ပါဝင်တဲ့ ဧရာမ မိစ္ဆာချီ တွေနဲ့ သက်ဝင် စွမ်းအင််တွေက... လက်ရှိ မဟာအခင်းအကျင်းကြီးရဲ့ စွမ်းအင် လိုအပ်ချက်ကို ချက်ချင်း ဖြည့်ဆည်းပေးနိုင်မယ့် တစ်ခုတည်းသော အရာပဲ...”
ကျန်းချန်သည် ခရမ်းရောင် လျှပ်စီးကြောင့် ပေါက်ကွဲပြီး အပေါက်ကြီး ဖြစ်ကာ လျင်မြန်စွာ ပြိုကွဲနေသော အခင်းအကျင်း ဗဟိုချက်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရူးသွပ်သော ဆုံးဖြတ်ချက် တစ်ခု ပေါ်လာ၏။
“မင်းတို့ ဖြောင့်မတ်သော လမ်းစဉ်ကောင်တွေက ငါ့ကို အသက်ရှင်ခွင့် မပေးမှတော့... ငါ တကယ် မိစ္ဆာလမ်းစဉ် လိုက်သွားရင် အပြစ်မဆိုနဲ့တော့...”
သူသည် အံကို ကြိတ်လိုက်ပြီး ချိပ်ပိတ်ထားသော မိစ္ဆာ အူတိုင်ကို လှမ်းယူလိုက်၏။
“ရှဲ...”
လက်ချောင်းများ ချိပ်ပိတ် မန္တန်စာရွက်နှင့် ထိလိုက်သည်နှင့် တပြိုင်နက် ပူလောင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ မိစ္ဆာ အူတိုင်သည် အပြင်လောကကို အာရုံခံမိသည့်နှယ် ပြင်းထန်စွာ ရုန်းကန်လာပြီး၊ အမည်းရောင် မိစ္ဆာချီ အငွေ့အသက်များသည် ချိပ်ပိတ်စည်းကို ဖောက်ထွက်ရန် ကြိုးစားလာကြသည်။
“ဟွန်း... ငါ့လက်ထဲ ရောက်နေမှတော့ မင်းက ပြဿနာ ရှာချင်သေးတာလား...”
ကျန်းချန်သည် လက်မှ နာကျင်မှုကို လစ်လျူရှုလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မိစ္ဆာ အူတိုင်ကို ပြိုကျနေသော အခင်းအကျင်း ဗဟိုချက်၏ လေပွေဝဲ ထဲသို့ အားကုန် ဖိချလိုက်လေတော့သည်။
“ဝင်သွားစမ်း... ဟွမ်ယွမ် ကြယ်တာရာ သွေးမိစ္ဆာ အခင်းအကျင်း - အထူး စွမ်းအင် ဝင်ရောက်မှု ... ပေါင်းစပ်စေ..”
သူသည် စိတ်ထဲမှနေ၍ ရူးသွပ်စွာ အော်ဟစ်လိုက်၏။
“ဝုန်း...”
အသက်ဝင်နေသော မိစ္ဆာ အူတိုင်သည် အခင်းအကျင်း၏ နှလုံးသားထဲသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက်... ပြိုကျနေသော အခင်းအကျင်း တစ်ခုလုံးသည် ရုတ်တရက် ထူးဆန်းစွာ ငြိမ်သက်သွား၏။
နောက်တစ်စက္ကန့်တွင်...
မကြုံစဖူးသော... ပိုမို ကြောက်မက်ဖွယ် ကောင်းသော... ပိုမို ယုတ်မာသော... ပိုမို ဖရိုဖရဲ ဆန်သော စွမ်းအင် တစ်ခုသည် အခင်းအကျင်း၏ နက်ရှိုင်းသော နေရာမှ ပေါက်ကွဲထွက်လာတော့သည်။
ခန်းမဆောင် အပြင်ဘက် ကွင်းပြင်တွင်မူ...
ကစားသမားများကို သတ်ဖြတ်နေသော ချင်းယန်ဂိုဏ်း တပည့်များနှင့်... ကောင်းကင်ပေါ်မှနေ၍ ကွေ့ယွမ်ဂိုဏ်း လုံးဝ ပျက်စီးသွားမည့် အချိန်ကို စောင့်ကြည့်ရန် ပြင်ဆင်နေသော ပြစ်ဒဏ်ခတ်ရေး အကြီးအကဲ တို့သည်... ရုတ်တရက် သူတို့၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည့် အေးစက်သော ခံစားမှု တစ်ခုကို ခံစားလိုက်ကြရ၏။
သူတို့သည် မသိစိတ်ဖြင့် ခေါင်းမော့လိုက်ကြပြီး အက်ကွဲကြောင်းများ ပြည့်နှက်နေကာ ပြိုကျမတတ် ဖြစ်နေသော သွေးနီရောင် အခင်းအကျင်းကြီးကို ကြည့်လိုက်ကြသည်။
မူလက အနီရောင် ရင့်ရင့် ရှိသော အလင်းအကာအကွယ်ကြီးသည်... ရုတ်တရက် မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် စေးကပ်ပြီး ပျို့အန်ချင်စရာ ကောင်းသော အမည်းရောင်များ စွန်းထင်းလာသည်ကို တွေ့လိုက်ရ၏။
ပြိုကွဲနေသော အခင်းအကျင်း လမ်းကြောင်းများသည် ထူးဆန်းသော သက်ရှိ စွမ်းအင် တစ်ခု ထိုးသွင်းခံလိုက်ရသည့်နှယ်... ချက်ချင်း ယိုယွင်းမှု ရပ်တန့်သွား၏။... ရူးသွပ်စွာ လိမ်တွန့်ကာ၊ ကြီးထွားလာပြီး၊ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။
“ဂျိမ်း... ဝေါ...”
ကျောချမ်းဖွယ်ရာ အသံများ ထွက်ပေါ်လာသည်။
ခရမ်းရောင် ကောင်းကင်ဘုံ နတ်ဘုရား လျှပ်စီးကြောင့် ပေါက်ထွက်သွားသော ဧရာမ အပေါက်ကြီး ထဲမှနေ၍... ငရဲ၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသလို မရေမတွက်နိုင်သည့် ထူထဲ စေးကပ်သော အမည်းရောင် ရေဘဝဲ လက်တံကြီးများသည်... အသက်ရှူကျပ်စေသော အနံ့ဆိုးများနှင့် မိစ္ဆာချီများကို ထုတ်လွှတ်နေ၏။ အခင်းအကျင်း အတွင်းမှ ရူးသွပ်စွာ ထိုးထွက်လာကြပြီး... ခရမ်းရောင် လျှပ်စီးတန်းကြီးကို ချက်ချင်း ရစ်ပတ် ဝါးမြိုလိုက်ကြလေတော့သည်။
“ဒါ... ဒါ ဘာကောင်ကြီးလဲ...”
ပြစ်ဒဏ်ခတ်ရေး အကြီးအကဲသည် ဖော်ပြ၍ မရနိုင်သော ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်သွားကာ... မကြုံစဖူးသော ကြောက်ရွံ့မှုများ လွှမ်းမိုးသွား၏။
ဒါက အင်မော်တယ် ဂိုဏ်း တစ်ခုကို ကာကွယ်တဲ့ အခင်းအကျင်း မဟုတ်တော့ဘူး... ဒါက ရှင်းရှင်းလင်းလင်းကြီး မိစ္ဆာဘုံ ကို ဖွင့်လှစ်ပေးလိုက်တဲ့ တံခါးပေါက်ကြီး ဖြစ်နေပြီ။
အခင်းအကျင်း အတွင်းတွင် ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်နေသေးသော ကစားသမားများ အတွက်မူ... သူတို့ ရင်ဆိုင်ရတော့မည့် အရာသည်... လုံးဝ ကွဲပြားခြားနားသော အနုပညာ စတိုင်တစ်ခုဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာသစ် တစ်ခု ဖြစ်လာတော့မည်တည်း..။