← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

🍃 Chapter 113

ရှန်ကျွင်းက သူမကို ပြုံးပြခဲသည်။ သူမ မှတ်မိသလောက် သူ ပထမဆုံးအကြိမ်ပြုံးပြခဲ့သည်မှာ ကျီတိုင်းပြည်တွင်ဖြစ် သည်။ လီမင်လော့က ကျီချောင်ချင်ကိုသတ်ရန်ကြိုးစားစဉ် ရှန်ကျွင်းက အသက်နှင့်ရင်းကာ ဓားချက်ကိုဝင်ကာပေးခဲ့သည်။ ထိုစဉ်က သူမကိုနှစ်သိမ့်ရန် သူပြုံးပြခဲ့သည်။

ယခု ဒုတိယမြောက်အပြုံးရောက်ရှိလာပြန်သည်။

သူနှင့်မသက်ဆိုင်သော အခြေအနေတစ်ခုတွင် သူမကိုကယ်တင်ရန်အတွက် သူ ဤကဲ့သို့ဖြစ်ခဲ့ရသည်။

သူ့အရိုးတွေကျိုးကြေကုန်ပြီ၊ သွေးတွေလည်း အများကြီးထွက်နေပြီ၊ ဒါတောင် သူ သူမကိုပြုံးပြနေတုန်း၊ သူမကိုနှစ်သိမ့်နေတုန်းပင်...

"ရှန်ကျွင်း... ကျွန်မကို ကယ်လိုက်မိလို့ နောင်တရလား၊ ကျွန်မ ရှင့်ကိုလိမ်ပြီး ထွက်သွားခဲ့တာလေ၊ ရှင်သာလိုက်မလာရင် အခုလိုဖြစ်မှာမဟုတ်ဘူး၊ ရှင် ဘယ်လောက်တောင်ဒဏ်ရာရထားလဲသိရဲ့လား"

ထိုအချိန်တွင် ရှန်ကျွင်းသည် ကျီချောင်ချင်၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။

ရှန်ကျွင်းသည် စကားမပြောနိုင်တော့ချေ။ သူ စကားပြောနိုင်ရင်တောင်မှ သူ ပြောမှာမဟုတ်ပေ။ သူက အစကတည်းက စကားနည်းသူမဟုတ်ပါလား။

သူ့ဝိညာဉ်သွေးကြောများနှင့် အရိုးများကျိုးကြေကုန်ပြီဖြစ်သဖြင့် သူ ဘယ်တော့မှ ပြန်မတ်တတ်ရပ်နိုင်တော့မည်မဟုတ်ကြောင်း သူသိသည်။ချောက်ကမ်းပါးအောက်ခြေသည် အန္တရာယ်များ ပြည့်နှက်နေပြီး ကျီချောင်ချင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။ ထို့ကြောင့် သူ ပြုတ်ကျလာသည့် အချိန်ကတည်းက အသက်ရှင်ဖို့မစဉ်းစားခဲ့ပေ။

သူ့ လက်ကောက်ဝတ်ပေါ်က ဝိညာဉ်စွမ်းအင်အစီအရင်ကိုလည်းဖယ်ရှားဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သွေးများကို မြစ်ရေနှင့်ရောနှောစေပြီး တတ်နိုင်သမျှဝေးဝေးသို့စီးဆင်းသွားစေချင်သည်။ ထိုနေရာက နတ်ဆိုးသတ္တဝါများကို ဤနားတွင် စွမ်းအားကြီး ပညာရှင်တစ်ယောက်ရှိနေကာ အနားကပ်မရကြောင်း သိစေချင်လို့ဖြစ်သည်။

သူ တတ်နိုင်သလောက် ကျီချောင်ချင်ကိုကာကွယ်ပေးသွားမည်။

သူ ဘာမှမပြောသလို ကျီချောင်ချင်လည်း သူ့ကို တိတ်ဆိတ် စွာကြည့်နေမိသည်။ သူမ ရင်ထဲတွင် ဖော်ပြရခက်သော ရှုပ်ထွေးသည့်ခံစားချက်များ ပြည့်နှက်နေသည်။

ကျီချောင်ချင်သည် ရှန်ကျွင်း၏လက်ကို ပိုမို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

"ရှန်ကျွင်း... ရှင့်ကိုသိခဲ့မိတာ ကျွန်မ တကယ်နောင်တရတယ်"

ငယ်စဉ်က သူမဂိုဏ်းတူမောင်နှမများ၏ကျိန်ဆဲခြင်းနှင့် လုပ်ကြံခြင်းကိုခံခဲ့ရစဉ်ကအစ စစ်နတ်ဘုရားမ ဘဝမှ လူတိုင်းမုန်းတီးသောမိစ္ဆာမအဖြစ်ကျဆင်းသွားခဲ့ရသည့်အချိန်အထိ နှစ်ပေါင်းတစ်ရာလုံးလုံး သူမသည် အမြဲတမ်းပြတ် သားခဲ့သည်။ သူမ ဘယ်သောအခါမှမတုံ့ဆိုင်းခဲ့သလို ယိမ်းယိုင်ခြင်းမရှိခဲ့ပေ။ သူမ အမှားကိုဝန်ခံသည်၊ မှန်သည်ဟု ထင်ရာကို စွဲမြဲစွာလုပ်သည်၊ လုပ်သင့်တာ လုပ်သည်၊ သတ်သင့်တာ သတ်သည်။

ယခု သူမ ရှန်ကျွင်းကိုချစ်မိသွားခဲ့သည်။ ကျီချောင်ချင်၏ ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ယောက်ျားတစ်ယောက်ကြောင့် သူမတုံ့ဆိုင်းနေမိသည်။

ရှန်ကျွင်း၏မျက်လုံးများသည် အာရုံစိုက်၍မရတော့ပေ။ သူ ကျီချောင်ချင် ဘာပြောနေသည်ကို ကောင်းကောင်းမကြားရတော့သော်လည်း သူမ၏ ကျင့်ကြံစွမ်းအားများ အားလုံးကုန်ဆုံးသွားပြီး သာမန်လူတစ်ယောက်ထက်ပင် ပိုမိုအား နည်းနေကြောင်း သူသိသည်။

သူမ ကြောက်လန့်နေမှာကို သူစိုးရိမ်သည်။ ချောက်ကမ်းပါးထဲမှ သူမထွက်မသွားနိုင်မှာကို သူ စိုးရိမ်သည်။ ထို့ကြောင့် သူရှိသမျှအားကို ညှစ်ထုတ်ပြီးပြောလိုက်သည်။

"မကြောက်နဲ့နော်၊ ကိုယ့်အရိုးတွေ... မဆွေးမြေ့မချင်း... ဘယ်နတ်ဆိုးသရဲမှ... မင်းအနားမကပ်ရဲစေရဘူး၊ ခွင်းလွန်ဓားကိုယူပြီး... ထွက်သွားတော့... အဲ့ဒီဓားက မင်းကိုကာကွယ်ပေးလိမ့်မယ်"

ကျီချောင်ချင်သည် ခေါင်းငုံ့ပြီး သူပြောသမျှကို တိတ်တ ဆိတ်နားထောင်နေသည်။

"ဒီနေ့ကစပြီး... တစ်ယောက်တည်း... မင်း... ကောင်းကောင်းရှင်သန်ရမယ်နော်၊ မင်းရဲ့နှလုံးသားကို ဘယ်သူမှပြောင်းလဲလို့မရစေနဲ့၊ အလင်းရောင်ရှိတဲ့ဆီကို လျှောက်လှမ်းပါ... အားကျီ"

အားကျီဟူသော ခေါ်သံလေးသည် ပေါ့ပါးပြီး လေထဲတွင်လွင့်မျောသွားသည်။ သူ့နှုတ်ခမ်းဖျားမှထွက်လိုက်သည်နှင့် လေထဲတွင်ပျော်ဝင်သွားသကဲ့သို့ပင်။

ရာသီဥတုကသိပ်အေးလွန်းပြီး လေကလည်း အရိုးခိုက် အောင်တိုက်ခတ်နေသည်။

နှင်းပွင့်များသည် ကောင်းကင်မှဖြည်းညှင်းစွာကျဆင်းလာပြီး ကျီချောင်ချင်ဘေးနားရှိ မြေပြင်ပေါ်သို့ ကျရောက်ကာ လျင်မြန်စွာပင်အနီရောင်ပြောင်းသွားကြသည်။

ကျီချောင်ချင်၏ နှလုံးသားတုန်ခါသွားသည်။ သူမ ရှန်ကျွင်း ၏လက်ကိုလွှတ်ပေးလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ရှန်ကျွင်း... ရှင် သေချင်ရင်တောင် သေရမှာမဟုတ်ဘူး"

သူမရင်ထဲရှိ ထူးဆန်းသောခံစားချက်များကို အတင်းဖိနှိပ်ထားလိုက်သည်။ ကျီချောင်ချင် တွေးလိုက်သည်။ ဒီအစီအရင်ဗဟိုချက်ကို ရှန်တုပိုင်က သူမကိုပေးခဲ့တာပဲ၊ အခု ဒါကိုရှန်ကျွင်းဆီလွှဲပြောင်းပေးလိုက်ရင် နောက်ပိုင်းကျရင် ရှန်တုပိုင်ကို ရှန်ကျွင်းကအာရုံလွှဲထားပေးနိုင်မှာပေါ့၊ ဒီဗဟိုချက်က သေစေနိုင်လောက်တဲ့ဘေးအန္တရာယ်ကို ယူဆောင်လာနိုင်သလို၊ ရှန်ကျွင်းကို သူမအစား အပြစ်ခံခိုင်းလိုက်လို့လည်း ရတာပဲလေ...

တစ်ခဏအတွင်းမှာပင် ရှန်ကျွင်းကို အသုံးချရန် အကြံအ စည်ပေါင်းများစွာ ကျီချောင်ချင်ခေါင်းထဲ ဖြတ်ပြေးသွားသည်။ အစောက သူမခံစားလိုက်ရသော ခဏတာစိတ်ပျော့ညံ့မှုကို ဖုံးကွယ်ရန်အတွက် ဤအတွေးများကို သူမအသုံးပြုနေခြင်းဖြစ်သည်။

ထိုစဉ်တုန်းက သူမစိတ်ပျော့ညံ့ခဲ့မိသဖြင့် သတ္တမမြောက်ရှစ်မေ့သေဆုံးခဲ့ရသောကြောင့် သူမ မည်သူ့အတွက်မှထပ်ပြီးစိတ်မပျော့နိုင်ချေ။ အမှားဟောင်းကိုထပ်မမှားနိုင်ပေ။ သူမ ဘယ်တော့မှ ဘယ်သူ့အတွက်ဖြစ်စေ စိတ်မပျော့မည်မှာသေချာသည်။

ကျီချောင်ချင်လက်ကို ရင်ဘတ်ရှေ့သို့ဆန့်ထုတ်လိုက်ပြီး သူမခန္ဓာကိုယ်ထဲမှ အဓိကအစီအရင် ဗဟိုချက်ကိုအတင်း အဓမ္မထုတ်ယူလိုက်သည်။

အခြားသော အရံဗဟိုချက်များနှင့်ယှဉ်လျှင် ကျီချောင်ချင် ခန္ဓာကိုယ်ထဲမှ ဗဟိုချက်သည်ပိုမို ကြီးမားပြီး အဆတစ်ရာမျှပိုမိုဆိုးရွားပြင်းထန်သည်။ သူမသည် နာကျင်မှုကိုကြိတ်မှိတ် ခံစားရင်း ထိုဗဟိုချက်ကို ရှန်ကျွင်းခန္ဓာကိုယ်ထဲသို့ ထည့် သွင်းပေးလိုက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် သူမ၏အမြင်အာရုံများ

ဝါးတားတားဖြစ်လာသည်။

သူမ သတိမလစ်ခင်အချိန်လေးတွင် ရှန်ကျွင်းကို အသုံးချရမည်ဟူသော အတွေးများအားလုံးမှာ ကျီချောင်ချင်၏ခေါင်းထဲမှ ပျောက်ကွယ်သွားသည်။ သူမတစ်ခုတည်းကိုသာ လိုလားတောင့်တမိတော့သည်။ ရှန်ကျွင်းက တကယ့်ကိုခန့်ညားလွန်းတယ်၊ သူ့ရဲ့အားနည်းနေတဲ့ ပုံစံလေးကလည်းကြည့်ကောင်းတယ်၊ သူ့ရဲ့ အေးစက်စက်အမူအရာကလည်းကြည့်ကောင်းတယ်၊ ပြီးတော့ သူမကို အသေအလဲကာကွယ်ပေးနေတဲ့ ပုံစံကတော့အလှပဆုံးပဲ၊ သူက သူမစိတ်တိုင်းကျဖန်ဆင်းထားသလိုပဲ... သူ့ရဲ့အစိတ်အပိုင်းတိုင်းက သူမအကြိုက်နဲ့ ကွက်တိပဲ၊ ဒီလိုလူမျိုးက သူမမျက်စိရှေ့မှာတင် ပျက်စီးမသွားသင့်ဘူး၊ ကောင်းကင်ပေါ်က လမင်းကြီးလိုတောက်ပပြီး ဆက်လက်ရှင်သန်နေသင့်တာ။

ဒါဆိုရင် လုံလောက်ပါပြီ…

🍃 Chapter 114

ကျီချောင်ချင် ပြန်လည်နိုးထလာသောအခါ တောက်ပနေသောမီးရောင်များကို တွေ့လိုက်ရသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးနေသဖြင့် သတိမထားမိဘဲ အညောင်းဆန့်လိုက်မိသည်။

သို့သော် သူမ၏လှုပ်ရှားမှုကို တစ်စုံတစ်ယောက်က ချက်ချင်းသတိထားမိသွားသည်။

"နိုးပြီလား"

ကျီချောင်ချင် သတိထားကြည့်လိုက်ရာ သူ ရှန်ကျွင်းရင်ခွင်ထဲတွင် လဲလျောင်းနေခြင်းဖြစ်ပြီး ရှန်ကျွင်းက သူမဘေးတွင်ထိုင်လျက် အချိန်မည်မျှကြာအောင် ခေါင်းအုံးသဖွယ်အပြုလုပ်ခံခဲ့ရမှန်းမသိပေ။

ကျီချောင်ချင်မထလိုက်ဘဲ သူ့ရင်ခွင်ထဲတွင် ဆက်လက်လဲလျောင်းနေလိုက်သည်။ ရှန်ကျွင်းဆီမှ အေးမြပြီးစိတ် သက်သာရာရစေသော ရနံ့သင်းသင်းလေးကိုအမြဲရတတ်သည်။

သူတို့သည် အမည်မသိဂူတစ်ခုထဲသို့ ရောက်ရှိနေပြီး အတွင်း၌ နွေးထွေးလျက်ရှိသည်။ အဓိကဗဟိုချက်ကို ရှန်ကျွင်းအားပေးလိုက်သည်ကို သတိရသွားပြီး သူ့အခြေအနေကိုမသိရသဖြင့် ကျီချောင်ချင်မေးလိုက်သည်။

"အခု ရှင် ဘယ်လိုနေသေးလဲ"

ရှန်ကျွင်းက "ကိုယ် မူလဝိဉာဉ်နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ"

ကပ်ဘေးကျော်လွှားခြင်းအဆင့်မှ မူလဝိဉာဉ်နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားခြင်းမှာ သူ၏ခန္ဓာကိုယ် လုံးဝပြောင်းလဲသွားပြီး အလုံးစုံပြန်လည် ကောင်းမွန်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။

ကျီချောင်ချင် သိပ်ပြီးမအံ့သြမိတော့‌ချေ။ ရှန်ကျွင်းသည် ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းကို ခံထားရသူတစ်ဦးဟုသာ တွေးမိလိုက်သည်။ အလွန်အမင်းပြင်းထန်ဆိုးရွား သော ဗဟိုချက်ကို လက်ခံလိုက်ရတာတောင်မှ သူ့ဝိညာဉ်စွမ်းအားကို လျင်မြန်စွာတိုးတက်လာစေခဲ့ပြီး ယခုဆိုလျှင် လောကကြီးတွင် လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်သည်။

ကျီချောင်ချင်သည် ရှန်ကျွင်း၏နောက်ခံအကြောင်းကို တဖန်စပ်စုချင်လာပြန်သည်။

"ရှန်ကျွင်း... ရှင် ဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာ တကယ်မမှတ်မိတော့ဘူးလား"

ရှန်ကျွင်းသည် ခဏမျှတိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။

"တချို့ဟာတွေကို မှတ်မိသလိုလိုရှိပေမဲ့ ဝါးတားတားနိုင်လွန်းတော့ သေချာမမြင်ရဘူး"

ရှန်ကျွင်း၏ဗလာဖြစ်နေသော မျက်နှာထားကိုမြင်သောအခါ ကျီချောင်ချင်ကပြောလိုက်သည်။

"ဒီကနေထွက်သွားပြီးရင် ရှင့်မိသားစုကိုသွားရှာကြမလား၊ ရှင့်လိုပါရမီရှင်မျိုးကို မွေးထုတ်ပေးလိုက်တဲ့ နေရာကဘယ်လိုမျိုးလဲဆိုတာ ကျွန်မအရမ်းသိချင်နေပြီ"

ရှန်ကျွင်းသည် တိတ်ဆိတ်စွာပင် မျက်နှာလွှဲသွားပြီး ဘာမှပြန်မဖြေပေ။

ကျီချောင်ချင်သည် သူ ရှက်နေမှန်းသိသဖြင့် မရယ်ဘဲမနေနိုင်တော့ပေ။ သူမ ရှန်ကျွင်း၏အတိတ်အကြောင်းကို တကယ်သိချင်သည်။ သူသည် မကြာခဏဆိုသလို တွေဝေပြီး အားကိုးရာမဲ့နေသည့်ပုံပေါက်နေတတ်သည်။ အတိတ်နှင့်အနာဂတ်ကိုမသိသည့်အပြင် လောကကြီးနှင့် သူ့အကြားဆက်နွယ်မှုကိုမသိဘဲ ငေးငိုင်နေတတ်သည်မှာ တကယ့်ကို ရင်နာစရာကောင်းလှသည်။

"ရှန်ကျွင်း... ကျွန်မ မရှိတဲ့အချိန်၊ ရှင် တစ်ယောက်တည်းရှိနေတဲ့အချိန်ဆိုရင် ဘာတွေ တွေးနေတတ်လဲ"

ရှန်ကျွင်းက ချက်ချင်းပြန်ဖြေသည်။

"မင်းအကြောင်း"

သူမ အကြောင်း? သူက သူမအကြောင်းတွေးနေတာလား...

ကျီချောင်ချင် ခဏမျှကြောင်သွားပြီးမှ ပုံမှန်လေသံဖြင့်ပြောလိုက်သည်။

"ကျွန်မကလှတာကိုး၊ ရှင် ကျွန်မအကြောင်းပိုတွေးမိတာ သဘာဝကျပါတယ်"

ရှန်ကျွင်းသည် ဘာမှပြန်မပြောဘဲ ကျီချောင်ချင်ကိုတိတ် ဆိတ်စွာ ပိုတင်းကျပ်အောင်ဖက်ထားလိုက်သည်။

ကျီချောင်ချင်သည် အတိုင်းထက်အလွန်ပျော်ရွှင်သွားသည်။ သူမ သတိပြန်ရလာကတည်းက ဤမျှလောက်မပျော်ရွှင်ခဲ့ဖူးပေ။

အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီး နှင်းများထူထပ်စွာကျဆင်းနေသည်။ ဂူထဲတွင်မူ နွေးထွေးပြီးလင်းထိန်နေသည်။ ကျီချောင်ချင်သည် သူမအရင်းနှီးဆုံးလူ၏ ပေါင်ပေါ်တွင်လှဲနေသည်။ ထိုသူက သူမကိုနွေးထွေးစေပြီး နှစ်ဦးသား တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။

ထိုသည်မှာ ပရမ်းပတာဖြစ်ရပ်များအားလုံး မှေးမှိန်သွားသလိုပင်။ ယခုအချိန်တွင် ကျီချောင်ချင်သည် လက်စားချေရန်ကိစ္စကို ခေါင်းထဲမထည့်နိုင်သလို၊ ရှန်တုပိုင်၏ ရက်စက်စွာလိုက်လံသတ်ဖြတ်မှုများကိုလည်းဂရုမစိုက်တော့ပေ။ သူမ ရှန်ကျွင်းနှင့်အတူ တိတ်တဆိတ်ထိုင်နေချင်ရုံသာရှိတော့သည်။ သူ စကားသိပ်မပြောလျှင်တောင် သူမပျော်ရွှင်နေမိသည်။

အပြင်ဘက်တွင် တောင်ပြိုပြီးမြေကွဲသွားလျှင်တောင် သူမနှင့်မဆိုင်သကဲ့သို့ စစ်မှန်သော ပျော်ရွှင်မှုကိုခံစားနေရသည်။

ရှန်ကျွင်းက ပြောလိုက်သည်။

"ကိုယ် မူလဝိဉာဉ်နှောင်းပိုင်းအဆင့်ကိုရောက်နေပေမဲ့ ဒီနေရာက ချောက်ကမ်းပါးတွေက မတ်စောက်လွန်းတယ်

ပြီးတော့ နာကြည်းမှုအငွေ့အသက်တွေကလည်း နက်ရှိုင်းလွန်းတယ်၊ အပေါ်တက်တဲ့လမ်းတစ်လျှောက်မှာ အမှားအယွင်းမရှိအောင် ချောက်ကမ်းပါးနံရံထဲကို မှီလို့ရမယ့်တစ်ခုခု

စိုက်ထည့်ထားဖို့ လိုတယ်"

ကျီချောင်ချင် ပြန်ပြောလိုက်သည်။

"ဒီချောက်ကမ်းပါးကို ကျွန်မကိုယ်တိုင်ခွဲခဲ့တာလေ၊ ချောက် ကမ်းပါးအောက်ခြေကအခြေအနေကို ရှင့်ထက် ကျွန်မပိုသိပါတယ်၊ စိတ်ချလက်ချသာ သွားပါ"

ကျီချောင်ချင်သည် ဖြည်းဖြည်းချင်း အသံတိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ မသိမသာ ယမ်းနံ့သင်းသင်းလေးကို ရနေလို့ပင်။ အစပိုင်းတွင် သူမရှေ့ရှိမီးပုံမှ ထွက်လာသည်ဟုထင်မှတ်ခဲ့သော်လည်း သေချာစစ်ဆေးကြည့်လိုက်သောအခါ မဟုတ်ကြောင်းသိလိုက်ရသည်။

ယမ်းနံ့က ဘယ်ကလာတာလဲ?

ထိုအချိန်မှာပင် အဝေးတစ်နေရာကောင်းကင်ယံ၌ မီးရှူးမီးပန်းအသေးလေးတစ်ခု ရုတ်တရက် ပေါက်ကွဲသွားပြီးနောက် မရေမတွက်နိုင်သော မီးရှူးမီးပန်းအသေးလေးများ ဆက်တိုက်ထွက်ပေါ်လာသည်။

ကျီချောင်ချင်သည် သိုင်းပညာစွမ်းအင်များဆုံးရှုံးထားသော်လည်း ဝါးတားတားမြင်နေရသေးသဖြင့် စိတ်လှုပ်ရှားစွာမတ်တတ်ထရပ်လိုက်ပြီး ဂူအပေါက်၀ဆီသို့ အပြေးသွားလိုက်သည်။

ရှန်ကျွင်းသည် သူမနောက်မှလိုက်လာပြီး သူမ မျက်စိရှေ့တွင် လက်ဖြင့်သပ်ချပေးလိုက်ရာ ကျီချောင်ချင်သည် အဝေးမှချောက်ကမ်းပါးကို လင်းထိန်စေသော မရေမတွက်နိုင်သည့်မီးရှူးမီးပန်းများကို ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။ တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ထိုမီးရှူးမီးပန်းများသည် သန်းခေါင်ယံည၏အထင်ရှားဆုံး မြင်ကွင်းတစ်ခုပင်။ မရေမတွက်နိုင်သော သာမန်လူသားများသည် မီးရှူးမီးပန်းများအောက်တွင် ဆုတောင်းနေကြပြီး သူတို့ ၏ဆန္ဒများကို နတ်ဘုရားများကြားသိစေရန် ဆုတောင်းနေကြလေသည်။

ကျီချောင်ချင်သည် ခဏမျှငေးကြည့်နေပြီးမှ သတိရသွားသည်။

"ရှန်ကျွင်း... နှစ်သစ်ကူးနေ့ရောက်နေပြီပဲ!"

ရှန်ကျွင်းသည် ကျီချောင်ချင်၏စကားကို သိပ်နားမလည်သော်လည်း သူမပျော်ရွှင်နေသဖြင့် သူလည်း လိုက်ပျော်ရွှင်နေမိသည်။

ကျီချောင်ချင်သည် နှစ်သစ်ကူးပထမနေ့၏ အဓိပ္ပာယ်ကို ရှန်ကျွင်း ကောင်းကောင်းနားမလည်မှန်းသိသဖြင့် ပြုံးကာရှင်းပြလိုက်သည်။

"နှစ်သစ်ကူးပထမနေ့ဆိုတာ နှစ်တစ်နှစ်ရဲ့ အစလေ၊ နှစ်သစ်မှာ အစပြုမှုအသစ်တွေပါလာတယ်၊ ဒီနေ့မှာ လူတွေအများကြီးက သူတို့မိသားစုတွေနဲ့ပြန်ဆုံစည်းပြီး ညစာအတူစားကြတယ်၊ ပြန်လည်ဆုံစည်းခြင်း ပွဲတော်ပေါ့!"

ရှန်ကျွင်းသည် နားလည်သလိုလိုရှိသော်လည်း မသေချာပေ။ ကျီချောင်ချင်၏စကားကို နားထောင်ပြီးနောက် သူ ခဏမျှစဉ်းစားလိုက်သည်။ ထို့နောက် အဝေးမှ မီးရှူးမီးပန်းများကိုမော့ကြည့်လိုက်ပြီး ရုတ်တရက် လက်ကိုမြှောက်ကာ ဝိညာဉ်စွမ်းအင်တန်းတစ်ခုပစ်လွှတ်လိုက်သည်။

ရုတ်တရက် ကျီချောင်ချင်၏ရှေ့တည့်တည့် ကောင်းကင်ယံတွင် မီးရှူးမီးပန်းတစ်ခုပေါက်ကွဲသွားသည်။ သန့်စင်သောဝိညာဉ်စွမ်းအင်များဖြင့် ဖန်တီးထားသော ထိုမီးရှူးမီးပန်းသည် ကြီးမားပြီးလှပလွန်းလှသည်။ အမှောင်ထုလွှမ်းမိုးနေသော လေနှင့်နှင်းများကြားတွင် ဖြည်းညှင်းစွာပျောက်ကွယ်သွားပုံမှာ တောက်ပခမ်းနားလှသည်။

ပြိုးပြိုးပြက်ပြက် မီးရှူးမီးပန်းများကြားတွင် ကျီချောင်ချင်အပြုံးသည် မီးရှူးမီးပန်းများထက်ပင် ပိုမိုလှပနေသည်။

"ရှန်ကျွင်း! ရှင့်ရဲ့ မီးရှူးမီးပန်းကအလှဆုံးပဲ!"

သူမသည် သိုလှောင်အိတ်ထဲမှ အနီရောင်စာအိတ်တစ်အိတ်ကိုထုတ်လိုက်သည်။ ထိုအိတ်ထဲတွင် ကြေးပြားတစ်ပြားရှိသည်။

"ဒါက ကျွန်မဆီမှာရှိတဲ့ တစ်ခုတည်းသောပိုက်ဆံပဲ၊ ဒါကြောင့် ရှင့်ကို ဟုန်ပေါင်းအနေနဲ့ပေးမယ်၊ ဘာလို့ ပေးရလဲဆိုတော့... လူ့လောကမှာဆိုရိုးစကားရှိတယ်၊ လူတစ်ယောက်က နောက်တစ်ယောက်ကို ဟုန်ပေါင်းပေးတယ်ဆိုတာ လက်ခံရရှိတဲ့သူ နေ့ရက်တိုင်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတာတဲ့!"

ကျီချောင်ချင်သည် ဟုန်ပေါင်းကို ရှန်ကျွင်းအား ပေးလိုက်ပြီး ပြုံးပြလိုက်သည်။ သူမ မျက်လုံးများက သူ့ကိုကြည့်ကာ တောက်ပနေသည်။

သူမမျက်ဝန်းထဲတွင် ရှန်ကျွင်းပုံရိပ်များ ထင်ဟပ်နေသည်ကို ကျီချောင်ချင်မသိပေ။ သို့သော် ရှန်ကျွင်းကမြင်နေရသည်။ သူသိသည်။ ထိုသို့သော အကြည့်ကြောင့် သူ့နှလုံးသားသည် ပြင်းထန်စွာခုန်လှုပ်လာတော့သည်။

ကျီချောင်ချင်သည် ခေါင်းလှည့်လိုက်ပြီး ချောက်ကမ်းပါးပေါ်မှ အလင်းရောင်များရှိရာသို့ လှမ်းအော်လိုက်သည်။

"ရှန်ကျွင်းတစ်ယောက် နှစ်တိုင်းငြိမ်းချမ်းပျော်ရွှင်ပါစေ! နှစ်တိုင်းကျန်းမာပြီးအသက်ရှည်ပါစေ!"

ဂူဝတွင် လေပြည်လေညှင်းတိုက်ခတ်လာသည်။ ကျီချောင်ချင်သည် စောစောက ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့သဖြင့် သူမ၏ဆံပင်များရှုပ်ပွနေသည်မှာကြာပြီဖြစ်သည်။ ယခု ဂူဝမှထွက်လာခါစဖြစ်သဖြင့် ဆံနွယ်များမှာ ပခုံးပေါ်တွင်ဝဲကျနေသည်။

အေးစက်သောလေပြည်သည် ကျီချောင်ချင်၏ အနက်ရောင်ဆံနွယ်ရှည်များကို လေထဲသို့လွင့်ပျံစေသည်။ သူမရယ်မောပြီး အော်ဟစ်လိုက်ပုံမှာ အေးစက်သောလေထဲမှ မီးတောက်လေးတစ်ခုကဲ့သို့ တောက်ပပြီး ဆွဲဆောင်မှုရှိနေသည်။

သူမက သိပ်လှသည်။ သိပ်ကိုနွေးထွေးပြီး တောက်ပလွန်းသည်။ သို့သော် လေပြေလိုပင် ခဏတာနှင့် ပျောက်ကွယ်သွားမည့်ပုံပေါက်နေသည်။

ရှန်ကျွင်း ရင်ထဲတလှပ်လှပ်ဖြစ်သွားပြီး ရှုပ်ထွေး၍ ရင်းနှီးမှုမရှိသောခံစားချက်တစ်ခု ရင်ဘတ်ထဲတွင် ပြည့်လျှံလာသည်။ သူ့ ခံစားချက်များကို နားလည်ရန်ကြိုးစားကာ သူ တစ်ခုခုလုပ်ပေးသင့်သည်ဟုသာသိလိုက်သည်။

သူ လက်ကိုဆန့်ထုတ်လိုက်ပြီး လေထဲမှတစ်စုံတစ်ခုကိုဆွဲယူလိုက်ရာ အနီရောင်ဖဲကြိုးတစ်စ သူ့လက်ထဲသို့ရောက်လာသည်။

သူ ရှေ့သို့တိုးပြီး ကျီချောင်ချင်၏ရှုပ်ပွနေသော ဆံပင်များကို ညင်သာစွာစည်းနှောင်ပေးလိုက်သည်။

သူမ၏အလှတရားသည် အကန့်အသတ်မရှိပေ။ အနီရောင် ဖဲကြိုးလေးဖြင့် စည်းထားရုံနှင့်ပင်ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေဆဲပင်။

ကျီချောင်ချင် ရုတ်တရက်မော့ကြည့်လိုက်ရာ သူ့အကြည့်နှင့်ဆုံသွားသည်။ ထိုအခါမှ ရှန်ကျွင်းသည် သူ အနည်းငယ်ငေးမောနေမိကြောင်း သတိပြုလိုက်မိသည်။

အလိုအလျောက်ပင် ကျီချောင်ချင်အကြည့်ကို ရှောင်ဖယ်မိလိုက်သည်။

"ဒီအနီရောင်ဖဲကြိုးကို ကိုယ့်ရဲ့သွေးစည်းနဲ့ ဖန်တီးထားတာ... ကိုယ်အသက်ရှင်နေသရွေ့ ကိုယ့်ကျင့်ကြံဆင့်ထက်နိမ့်တဲ့ ဘယ်အန္တရာယ်ကနေမဆို မင်းကို ကာကွယ်ပေးလိမ့်မယ်"

မူလဝိဉာဉ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ၏ သွေးစည်းဖြင့်ပြုလုပ်ထားသော အကာအကွယ်အောက်တွင် သူမ လောကကြီး၌ လွတ်လပ်စွာ သွားလာနိုင်ပြီမဟုတ်ပါလား။

ကျီချောင်ချင်၏ဟုန်ပေါင်းနှင့်ယှဉ်လျှင် ရှန်ကျွင်း၏ လက် ဆောင်က တန်ဖိုးဖြတ်မရအောင် ကြီးမားလှသည်။

သို့သော် ကျီချောင်ချင်၌ တန်ဖိုးကြီးပစ္စည်းဟူ၍မရှိပေ။ သူမ ခဏမျှစဉ်းစားပြီးနောက် သူမ လည်ပင်းတွင်အမြဲဆွဲထားလေ့ရှိသော ချီပိုင်ရုပ်တုလေးကိုဖြုတ်ပြီး ရှန်ကျွင်း လည်ပင်းတွင် စွပ်ပေးလိုက်သည်။

"ဒါ ကျွန်မရဲ့ စောင့်ရှောက်သူနတ်ဘုရားလေ၊ ဒီနေ့ ရှင့်ကိုပေးလိုက်ပြီ! နောက်နောင် ရှင့်ကိုကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်!"

ရှန်ကျွင်းသည် သူ့လည်ပင်းတွင် တွဲလောင်းကျနေသောရုပ်တုလေးကို ငုံ့ကြည့်လိုက်သည်။ ရုပ်တုလေးတွင် အခြားလူတစ်ယောက်၏ကိုယ်ငွေ့နွေးနွေးလေးကျန်ရစ်နေဆဲဖြစ်သည်။ ထိုနွေးထွေးမှုသည် မီးတောက်မီးလျှံများကဲ့သို့ သူ့ထံကူးစက်လာပြီး သူ့ခန္ဓာကိုယ်ကို အလိုအလျောက်တုန်ခါသွားစေသည်။

ထိုအခိုက်အတန့်တွင် ရှန်ကျွင်းသည် သကြားရုပ်သည်လင်မယားကို ရုတ်တရက်သတိရလိုက်သည်။ လင်မယားဆိုတာ တစ်သက်လုံးအတူတူနေထိုင်သွားကြမယ့်လူတွေ ဟု ကျီချောင်ချင်ပြောခဲ့သည်။

ကျီချောင်ချင်သည်လည်း သူနှင့်အတူ ရိုးမြေကျ ပေါင်းဖက်ချင်သောသူတစ်ယောက်ဖြစ်သည်ဟု ရှန်ကျွင်းတွေးလိုက်မိသည်။

"အားကျီ... ကိုယ် ထင်တာက..."

ရှန်ကျွင်း စကားပြောတော့မည့်ဆဲဆဲတွင် ကျီချောင်ချင်သည် မလှမ်းမကမ်းတစ်နေရာကို ရုတ်တရက် လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"အဲ့ဒါ ဘာကြီးလဲ"

ရှန်ကျွင်းသည် အလိုအလျောက်လှမ်းကြည့်လိုက်ကာ အဝေးတွင် အေးစက်သောအလင်းရောင်တစ်ခုတဖျပ်ဖျပ်လက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အမှောင်ထုထဲရှိ မကောင်းသည့်နိမိတ်တစ်ခုကဲ့သို့ထင်ရသည်။

ရှန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။

"ကိုယ့် ခန္ဓာကိုယ်ထဲကစွမ်းအားက အဲ့ဒီအရာကိုအာရုံခံမိနေတယ်"

ရှန်ကျွင်း ခန္ဓာကိုယ်ထဲမှစွမ်းအားသည် အစီအရင်ဗဟိုချက်မှလာခြင်းဖြစ်သောကြောင့် အစီအရင်ဗဟိုချက်က ထိုအရာကိုအာရုံခံမိနေခြင်းဖြစ်သည်။

ကျီချောင်ချင်သည် "သွားကြည့်ရအောင်!"

၎င်းတို့နှစ်ဦးသွားကြည့်လိုက်ရာ ထိုတဖျပ်ဖျပ်လက်နေသောအလင်းရောင်သည် လူတစ်ယောက်ထံမှလာခြင်းဖြစ် ကြောင်း တွေ့လိုက်ရသည်။ ထိုလူသည် သူတို့ကိုကျောပေးလျက် မြေပြင်ပေါ်တွင်လဲလျောင်းနေသည်။ သူ့ ခါးတစ် ဝိုက်ရှိ အသားများအားလုံး ပျောက်ဆုံးနေပြီး ကျောရိုးတစ်ခုတည်းကသာ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲထောက်ကန်ထားရသည်။

သူ့ဘေးတွင် အလင်းရောင်ထုတ်လွှတ်သော ပုလဲလုံးတစ်လုံးပြုတ်ကျနေပြီး အမှောင်ထုထဲတွင် မှိန်ဖျော့ဖျော့လင်းလက်နေသည်။ ကျီချောင်ချင် စောစောက မြင်လိုက်ရသောအလင်းရောင်သည် ထိုပုလဲလုံးမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

သူမ ပုလဲလုံးကိုကောက်ယူပြီး သေချာကြည့်ရှုလိုက်ရာ အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ကျီချောင်ချင်ရှေ့တိုးပြီး ထိုလူ၏မျက်နှာကို ကြည့်ရန်ပြင်လိုက်စဉ် ရှန်ကျွင်းကတားလိုက်သည်။ သူကိုယ်တိုင်ရှေ့ထွက်သွားပြီး ထိုလူကိုပက်လက်လှန်လိုက်သည်။

ထိုလူ၏မျက်နှာသည် သွေးမရှိသလောက်ဖြူဖျော့နေပြီး အသက်ရှူသံမှာ မရှိသလောက်ဖြစ်နေသည်။ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ခါးမှသွေးများသည်ခဲနေပြီဖြစ်သည်။ သူ သေလုနီးပါးဖြစ်နေသောကြောင့် နတ်ဘုရားပင်လျှင် သူ့ကို ကယ်တင်နိုင်မည်မဟုတ်ပေ။

ထိုလူ၏မျက်နှာကို မြင်လိုက်ရသည်နှင့် ကျီချောင်ချင်မျက်နှာထား အနည်းငယ်ပြောင်းလဲသွားသည်။

"ချန်ဟွမ်! နင် ဒီမှာဘာလုပ်နေတာလဲ! ဘာတွေဖြစ်ကုန်တာလဲ!"

ဆေးတောင်ကြား၏ တိုက်ရိုက်တပည့်ဖြစ်သူ ချွေ့ချန်ဟွမ် သည် အစီအရင်ဗဟိုချက်ထဲသို့ ဝင်ရောက်ရန် ဆန္ဒအ လျောက်တောင်းဆိုခဲ့သော တပည့်များထဲမှတစ်ဦးဖြစ်သည်။ ကျီချောင်ချင် တံခါးပိတ်မကျင့်ကြံခင်က သူခရီးထွက်ပြီး လူနာများအားကုသပေးနေသည်ဟုသာ ကြားခဲ့ရသည်။

နှစ်ပေါင်းများစွာကြာပြီးမှ သူ့ကိုဒီလိုပုံစံမျိုးနဲ့ ပြန်တွေ့ရလိမ့်မည်ဟု သူမထင်မထားခဲ့မိပေ။

တစ်စုံတစ်ယောက်က သူ့နာမည်ခေါ်လိုက်သံကြားရသဖြင့် ချွေ့ချန်ဟွမ်သတိပြန်ဝင်လာသည်။ သူ မျက်လုံးကိုဖြည်း ညှင်းစွာဖွင့်ကြည့်လိုက်ရာ ကျီချောင်ချင်ကိုတွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာပင် သူမ အင်္ကျီလက်စကို ချက်ချင်းလှမ်းဆွဲလိုက်သည်။

"မြန်မြန်၊ မြန်မြန်..."

ကျီချောင်ချင်သည် သူ့မျက်နှာထားမှာ တင်းမာနေသည်ကိုမြင်သောအခါ ကပြာကယာပြောလိုက်သည်။

"မလန့်နဲ့ စိတ်အေးအေးထား!"

ချွေ့ချန်ဟွမ်၏အသက်ရှူသံများ ပိုမိုမြန်ဆန်လာသည်။

"မြန်မြန်! ကျူးရှစ်ရှုန်းက မြောက်ဘက်နယ်မြေမှာရှိနေတုန်းပဲ! မိစ္ဆာတွေက ငါတို့ခန္ဓာကိုယ်ထဲမှာ အစီအရင်ဗဟိုချက်ရှိနေတာကို သိသွားကြပြီ၊ သူတို့ ငါတို့ကိုသတ်ချင်နေကြတာ၊ ကျူးရှစ်ရှုန်း အဲ့ဒီမှာရှိနေတုန်းပဲ! ဝိညာဉ်... ဝိညာဉ်မျိုးနွယ်စုကလည်း သူ့ကိုသတ်ချင်နေကြတယ်!"

သူ့မျက်နှာမှာပိုဖြူဖျော့လာပြီး အမူအရာမှာပိုပြီးအရေးတ ကြီးဖြစ်လာသည်။

"ငါ့ခန္ဓာကိုယ်ထဲက အစီအရင်ဗဟိုချက်ကိုမြန်မြန် ထုတ်လိုက်တော့! ငါ သေတော့မယ်!"

All Chapters