အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
🍃 Chapter 115
အခြေအနေက တကယ်ဆိုးရွားနေပြီပဲ! ကျီချောင်ချင်သည် လျင်မြန်စွာလှုပ်ရှားလိုက်ပြီး ချွေ့ချန်ဟွမ်ခန္ဓာကိုယ်ထဲမှ အစီအရင်ဗဟိုချက်ကို ချက်ချင်း ထုတ်ယူကာ ရှန်ကျွင်းခန္ဓာကိုယ်ထဲသို့ ရိုက်ထည့်လိုက်သည်။
ကျီချောင်ချင်သည် အစီအရင်ဗဟိုချက်ကို ထုတ်ယူလိုက်သည့်ခဏ၌ ချွေ့ချန်ဟွမ်အသက်ရှူသံ ရပ်တန့်သွားပြီး ချက်ချင်းသေဆုံးသွားလေသည်။
သူ့ခန္ဓာကိုယ်သည် အဆိပ်မိထားသကဲ့သို့ဖြစ်နေသည်။ သူသေဆုံးပြီးမကြာမီမှာပင် သွေးအိုင်အဖြစ်ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိ နှင်းများနှင့် ရောနှောသွားတော့သည်။
ကျီချောင်ချင် မျက်နှာထား မည်းမှောင်သွားသည်။ မိစ္ဆာတွေ ဒီလောက်မြန်မြန်လှုပ်ရှားလိမ့်မယ်လို့ သူမထင်မထားခဲ့ဘူ၊ ဒီကိစ္စမှာ ရှန်တုပိုင် သေချာပေါက်ပါဝင်ပတ်သက်နေမှာပဲ!
ပြီးတော့ ဝိညာဉ်မျိုးနွယ်စုဆိုတာ ဒဏ္ဍာရီထဲမှာ မျိုးသုဉ်း သွားပြီလို့ပြောကြတာလေ.၊ ချွေ့ချန်ဟွမ်က ဘာလို့ ဝိညာဉ်မျိုးနွယ်စုအကြောင်းပြောသွားတာလဲ?
တစ်ခုခုတော့လွဲနေပြီ၊ ကျီချောင်ချင် ရှန်ကျွင်းကို ကြည့်လိုက်သည်။
"ကျွန်မတို့ ချက်ချင်းထွက်ခွာမှဖြစ်မယ်၊ မိစ္ဆာတွေ လှုပ်ရှားတာ အရမ်းမြန်လွန်းတယ်၊ တကယ်လို့များ သူတို့သာ အစီအရင်ဗဟိုချက်ကိုရသွားခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေက တွေးဝံ့စရာတောင်မရှိဘူး၊ သူတို့ကို အောင်မြင်ခွင့်ပေးလို့မဖြစ်ဘူး!"
အရေးအကြီးဆုံးသည်တော့ ရှန်တုပိုင် အလိုကျဖြစ်သွားမှာကို ကျီချောင်ချင်မလိုလားပေ။ သူက သူမကိုသတ်ချင်မှတော့ သူမဘက်ကလည်း ဆရာတပည့် သံယောဇဉ်ကိုထည့်စဉ်းစားနေစရာမလိုတော့ချေ။
ရှန်ကျွင်းလည်း အခြေအနေလေးနက်မှုကို သဘောပေါက်သွားသည်။ သူက ပြောလိုက်သည်။
"မင်း လျှောက်ပြေးမနေနဲ့တော့ အနားမှာပဲနေ"
သူ့စကားဆုံးသည်နှင့် ရုတ်တရက် အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာတော့သည်။
ရုတ်တရက် ကျီချောင်ချင်၏ခြေထောက်အောက်ရှိ မြေပြင်ပြိုကျသွားပြီး နာကျည်းမှုအငွေ့အသက်များ ပြည့်နှက်နေသော မရေမတွက်နိုင်သည့် မကောင်းဆိုးဝါးသတ္တဝါများ သည် အမည်မသိနေရာတစ်ခုမှထွက်ပေါ်လာကြသည်။ သူတို့သည် အစွယ်များကိုဖွင့်လျက် ကျီချောင်ချင်အား အရှင် လတ်လတ်ဝါးမြိုရန်ရည်ရွယ်ကာ ပြေးဝင်လာကြလေသည်.
ရှန်ကျွင်းသည် လျင်မြန်စွာတုံ့ပြန်လိုက်သည်။ သူသည် ကျီချောင်ချင်ကော်လာကိုဆွဲမကာ ခါးမှပွေ့ဖက်ပြီး လေထဲသို့ပျံတက်သွားလိုက်သည်။
နောက်တစ်ခဏတွင် မြေပြင်တစ်ခုလုံးပြိုကျသွားပြီး အရာအားလုံးသည် အမည်မသိချောက်ကမ်းပါး နက်ကြီးထဲသို့ ကျဆင်းပျောက်ကွယ်သွားတော့သည်။
တစ်ခုခုတော့မှားနေပြီဟု ကျီချောင်ချင်ခံစားလိုက်ရသည်။ ဤသတ္တဝါများသည် ရုတ်တရက် အကြောင်းမဲ့သက်သက် မဆင်မခြင်တိုက်ခိုက်စရာ အကြောင်းမရှိပေ။
တစ်စုံတစ်ယောက်က သူမတို့ကို တိတ်တဆိတ်စောင့်ကြည့်နေသည်ဟု သူမသံသယ ဝင်မိလိုက်သည်။
ဒါပေမဲ့ တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုရင်တောင် ရှန်ကျွင်းကဘာလို့မသိရတာလဲ?
မသိနိုင်လောက်အောင် စောင့်ကြည့်နေသူရဲ့စွမ်းရည်က ရှန်ကျွင်းထက် သာလွန်လွန်းနေလို့များလား?
အစပိုင်းက ရှန်ကျွင်းကိုကြောက်ရွံ့ခဲ့ကြသော နာကြည်းမှု အငွေ့အသက်များသည် ယခုအခါ သူတို့နှစ်ဦးစလုံးအပေါ်သို့ အရူးများကဲ့သို့ခုန်အုပ်လာကြတော့သည်။
ရှန်ကျွင်းသည် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ကျီချောင်ချင်ကိုပွေ့ချီလျက် ချောက်ကမ်းပါးနံရံရှိအစွန်းထွက်နေသော ကျောက်ဆောင်တစ်ခုပေါ်သို့ရွှေ့ပြောင်းလိုက်သည်။ ထို့နောက် အပေါ်သို့တဟုန်ထိုးပျံတက်သွားလေသည်။
ရှန်ကျွင်းသည် နောက်ထပ်အစီအရင်ဗဟိုချက်တစ်ခုကိုရရှိသွားပြီး ၎င်း၏ဝိညာဉ်စွမ်းအင်များ ပိုမို အားကောင်းလာကြောင်း ကျီချောင်ချင်ခံစားမိလိုက်သည်။ သူ၏စွမ်းအားကို သူမခန့်မှန်း၍ပင်မရတော့ပေ။ ဤနာကြည်းမှုအငွေ့အသက်များက ရှန်ကျွင်းကိုထိခိုက်အောင်မလုပ်နိုင်မှန်း သူမသိသဖြင့် ချောက်ကမ်းပါးအောက်ခြေမှထွက်ပေါ်နေသော
နာကြည်းမှုအငွေ့အသက်များကိုသာ အာရုံစိုက် ကြည့်လိုက်သည်။
သူမ စိတ်ထင်လို့လားမသိသော်လည်း သူတို့စောစောက မီးဖိုခဲ့သောဂူဝတွင် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူရုပ်ရည်သွင်ပြင်ကို မခွဲခြားနိုင်သော်လည်း တစ်စုံတစ်ခုသောအကြောင်းပြချက်ကြောင့် ကျီချောင်ချင်သည် ရှန်တုပိုင် မျက်နှာကိုပြေးမြင်မိလိုက်သည်။
အောက်ကလူသည် ရှန်တုပိုင်ဖြစ်လိမ့်မည်ဟု သူမ သံသယ ဖြစ်မိသည်။
အေးစက်သောလေနှင့် နှင်းများကြားတွင် ကျီချောင်ချင် တိတ်ဆိတ်စွာမဲ့ပြုံးပြုံးလိုက်သည်။
သူမ၏သူတော်စင်ဆရာကြီးသည် အစီအရင် ဗဟိုချက်ကိုဖျက်ဆီးရန် သူမကိုသတ်ချင်နေသည်။ သို့သော် ယခု သူမကိုသတ်လိုက်ရုံဖြင့် အလကားသာဖြစ်တော့မည်။ အစီအရင်ဗဟိုချက်လေးခုစလုံးသည် ရှန်ကျွင်း၏စွမ်းအားများဖြစ်သွားခဲ့သည်။ မိစ္ဆာချိပ်ပိတ်စည်းကိုဖျက်ဆီးချင်လျှင် ရှန်ကျွင်းကို အရင်သတ်မှရတော့မည်။
ရှန်ကျွင်းသည် ယခုအချိန်တွင် ရှန်တုပိုင်ကိုမနိုင်သေးလျှင်တောင်မှ ရှန်တုပိုင် အလွယ်တကူသတ်လို့ရသည့်လူတစ်ယောက် မဟုတ်တော့ပေ။
အခုလိုမျိုးပေါ့၊ တိုက်ခိုက်မှုတွေကပြင်းထန်ပေမဲ့ ရှန်ကျွင်းအတွက်တော့ ဘာမှမဟုတ်ဘူးလေ။
ရှန်တုပိုင်အပေါ် ကျီချောင်ချင်မနာကြည်းပဲမနေချေ။ ထိုစဉ်က ကျီချောင်ချင်သည် ရှန်တုပိုင်ကို သူမ၏တစ်ဦးတည်းသောမိသားစုအဖြစ် သတ်မှတ်ခဲ့သည်။ သူမသည် သူ့အတွက်အသေခံရဲပြီး သူသည်လည်း သူမအတွက်ဒဏ်ရာအပြင်းအထန်ရယူရဲခဲ့သည်။ ချန်ချီကျစ်သေဆုံးပြီးနောက် ပိုင်း ကျီချောင်ချင်နှင့် ရှန်တုပိုင်တို့သည် အခက်အခဲများကို အတူတကွရင်ဆိုင်ကျော်ဖြတ်ခဲ့ကြသည်။
နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရသော်လည်း ကျီချောင်ချင်သည် ရှန်တုပိုင်အပေါ်ထားရှိသော သံယောဇဉ်မျိုးအား မည်သူ့အပေါ်မှမထားခဲ့ဖူးပေ။ ထို့ကြောင့် သူမနှစ်တစ်ရာကြာအောင် သီးသန့်နေထိုင်ခဲ့စဉ် ဂိုဏ်းအတွင်းမှအင်အားစုတစ်ခု သူမကိုပစ်မှတ်ထားနေကြောင်း ရိပ်မိခဲ့သော်လည်း ရှန်တုပိုင်ကိုတော့ သံသယဝင်ရန်ငြင်းဆန်ခဲ့သည်။
သို့သော် အချိန်တွေကြာလာသည်နှင့်အမျှ ကျီချောင်ချင်သည် ရှန်တုပိုင်ကို သံသယမဝင်ချင်သော်လည်း သူသည်တော့ သူမ၏ယုံကြည်မှုကို သစ္စာဖောက်ပြီး တိုက်ခိုက်လာခဲ့သည်။
တကယ့်ကို လူ့စိတ်ဆိုတာခန့်မှန်းရခက်တာပဲ၊ သူမကိုလာထိပါးတဲ့ ဘယ်သူ့ကိုမဆိုပြန်သတ်မယ်ဆိုတဲ့ ခံယူချက် သူမမှာအမြဲရှိတယ်၊ ရှန်တုပိုင်ဆိုရင်တောင် ချွင်းချက်ဖြစ်မှာမဟုတ်ဘူး...
တချို့ကိစ္စတွေကို သူမဆက်ပြီးစုံစမ်းနေရမှာပျင်းလာပြီ၊ အခွင့်အရေးရရင်တော့ ရှန်တုပိုင်ကိုပဲ ကိုယ်တိုင်မေးကြည့်ရမယ်...
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုခေါ်ဆောင်လျက် ချောက် ကမ်းပါးထိပ်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကျင့်ကြံသူများစွာစုဝေးရောက်ရှိနေပြီး သူတို့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေပုံရသည်ကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
စောင့်ဆိုင်းနေသောလူအုပ်ကြီးသည် ကျီချောင်ချင် ရုတ် တရက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ကြောင်အမ်းသွားကြပြီး ထိတ်လန့်သွားကြသည်။
"ဘယ်လိုလုပ် ကျီချောင်ချင်ဖြစ်နေရတာလဲ! သူ ဘယ်တုန်း က အောက်ဆင်းသွားတာလဲ!"
"ကျီချောင်ချင်! နင်နဲ့ နင့်ချစ်သူက ငါတို့ရဲ့ထိပ်တန်းပညာရှင်တွေနဲ့ ကလေးတွေအများကြီးကို သတ်ခဲ့တယ်! နင့်အသက်နဲ့ပြန်ပေးဆပ်ရမယ်!"
"စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့... စောစောကအောက်ဆင်း သွားတာ ချွေ့ချန်ဟွမ်လေ၊ အခုကျီချောင်ချင် ပြန်တက်လာတာဆိုတော့ ထောင်ချောက်ဖြစ်လောက်တယ်!"
"ဘိုးဘေးက ချွေ့ချန်ဟွမ်ကိုဖမ်းဖို့ ကိုယ်တိုင်ဆင်းသွားတာလေ၊ အခု ကျီချောင်ချင်ပေါ်လာတယ်ဆိုတော့ ဘိုးဘေးကဘယ်ရောက်သွားတာလဲ!"
ထိုဆူညံသံများကြောင့် ကျီချောင်ချင်ခေါင်းကိုက်လာသည်။ သူတို့ကိုရပ်တန့်ရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးသောမျက်နှာတစ်ခု သူမရှေ့တွင်ပေါ်လာသည်။
အစောက ကျီချောင်ချင်ကို ချောက်ကမ်းပါးပေါ်မှ တွန်းချခဲ့သော မူလဝိဉာဉ်အဆင့်ကျင့်ကြံသူသည် လူအုပ်ရှေ့သို့ ဖြည်းညှင်းစွာလျှောက်လာသည်။
"အားလုံးပဲမကြောက်ကြပါနဲ့၊ ကျီချောင်ချင်က ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးသွားတာကြာလှပြီ၊ သူ့ချစ်သူကလည်း ကပ်ဘေးကျော်လွှားအဆင့် ကျင့်ကြံသူလေးပါ၊ သူတို့ဒီရောက်နေတာက ကျွန်တော် ကျီချောင်ချင်ကို ချောက်ကမ်း ပါးပေါ်ကနေတွန်းချလိုက်လို့ပါ"
ထို့နောက် မူလဝိဉာဉ်အဆင့်ကျင့်ကြံသူက လှောင်ပြုံး ပြုံးလိုက်သည်။
"ကျီချောင်ချင်... မင်း ဒီလောက်ကံကောင်းပြီး အသက်ရှင်လျက်ပြန်လာနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး!"
ရှန်ကျွင်း မျက်ဝန်းများအေးစက်သွားသည်။
ဤကောင်စုတ်သည် သူမရှေ့ကို မြန်မြန်ပြန်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဆိုရိုးစကားအတိုင်း ရန်သူချင်းတွေ့ပါက ပိုပြီးအမုန်းပွားကြစမြဲပင်။ ကျီချောင်ချင်သည် သူ့ကန်ချက်ကြောင့် နာကျင်ခဲ့ရသည်ကို မှတ်မိနေသေးသည်။
"နင်က ငါ့ရှေ့ကိုပေါ်လာရဲသေးတယ်ပေါ့!"
မူလဝိဉာဉ်အဆင့်ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်သည်။
"အေးလေ၊ မင်းရှေ့ ပေါ်လာရဲရုံတင်မကဘူး၊ မင်းကို သတ်တောင်သတ်ပစ်ဦးမှာ"
ကျီချောင်ချင်၏အမူအရာကြောင့် မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ ဒေါသထွက်သွားသည်။ ကျီချောင်ချင် သေချာပေါက်သေပြီဟု သူထင်ခဲ့ပြီး ဘိုးဘေးကိုလည်း သတင်းပို့ပြီးပြီဖြစ်သည်။ ယခုအခါ ကျီချောင်ချင် အသက်ရှင်လျက်ပြန်ရောက်လာခြင်းသည် သူ့ပါးကိုဗြောင်ကျကျ ဖြတ်ရိုက်လိုက်သလိုပင်မဟုတ်ပါလား။
မူလဝိဉာဉ်အဆင့်ကျင့်ကြံသူသည် ဓားရှည်ကို မြှောက်လိုက်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်များ မျက်လုံးထဲတွင်တောက်ပလာသည်။
"ဒီလိုဆိုတော့လည်း... မင်းမှာ ဘာအစွမ်းအစရှိလဲ ကြည့်ကြသေးတာပေါ့!"
ကျီချောင်ချင်သည် ထိုအခြေအနေကိုမြင်သောအခါ ရှန်ကျွင်း၏အင်္ကျီလက်စကို ဖွဖွလေးဆွဲလိုက်ပြီး သူမကိုခေါ်ကာ အမြန်ထွက်ပြေးရန်အချက်ပြလိုက်သည်။ ဤနေရာမှာလူများလွန်းသည်။ ရှန်တုပိုင်ကလည်း ချောက်ကမ်းပါးအောက်ခြေမှာရှိနေကာ ဘယ်အချိန်တက်လာမလဲမသိနိုင်ပေ။ သူမတို့ထွက်သွားတာ အကောင်းဆုံးပင်။
ရှန်ကျွင်းသည် သူမဆိုလိုသည်ကို နားလည်လိမ့်မည်ဟု ကျီချောင်ချင်ထင်ခဲ့သော်လည်း မထင်မှတ်ထားစွာပင် သူသည် ခွင်းလွန်ဓားကိုမြှောက်လိုက်ပြီး မူလဝိဉာဉ်အဆင့်ကျင့်ကြံသူဘက်သို့ ချိန်ရွယ်လိုက်သည်။
ရှန်ကျွင်း၏ မျက်နှာထားကအေးစက်နေသည်။
"မင်း သေသင့်တယ်"
ခွင်းလွန်ဓားဆွဲထုတ်လိုက်သည်နှင့် နှင်းပွင့်များလွင့်ပျံသွားသည်။ မြင့်မားသောဝိညာဉ်စွမ်းအင်များ ပါဝင်သောဓားချက်သည် မူလဝိဉာဉ်အဆင့်ကျင့်ကြံသူထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။ ဝိညာဉ်စွမ်းအင်များကြောင့် ပတ်ဝန်း ကျင်တစ်ခုလုံးလှုပ်ခတ်သွားပြီး ကြောက်မက်ဖွယ်ရာအငွေ့အသက်များ ထွက်ပေါ်လာသည်။
မူလဝိဉာဉ်အဆင့်ကျင့်ကြံသူသည် အစပိုင်းတွင် သူတို့နှစ်ဦးကိုအထင်သေးခဲ့သော်လည်း ရှန်ကျွင်း၏ လှုပ်ရှားမှုနှင့်စွမ်းအားသည် ပုံမှန်ထက်များစွာ သာလွန်နေသည်ကိုတွေ့လိုက်ရသဖြင့် ထိတ်လန့်တကြား ဝိညာဉ်စွမ်းအင်ကိုစုစည်းကာ ကာကွယ်လိုက်ရသည်။
မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏ အသက်သွေးကြော ဓားနှင့် ရှန်ကျွင်း၏ ခွင်းလွန်ဓားထိပ်တိုက်တွေ့ဆုံလိုက်သည့်ခဏ၌ မူလဝိဉာဉ်အဆင့်ကျင့်ကြံသူဓားသည် ချက်ချင်းကြေမွပျက်စီးသွားတော့သည်။
ရှန်ကျွင်း၏စွမ်းအား ဤမျှကြီးမားလိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ကြပေ။ လူအများစုသည် သူတို့တိုက်ပွဲမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် ဂယက်ရိုက်ခတ်မှုကြောင့် ထိခိုက်ကုန်ကြပြီး မိမိတို့မှော်လက်နက်များကိုထုတ်ကာ ကာကွယ်လိုက်ရသည်။
ရှန်ကျွင်းထံမှထွက်ပေါ်လာသော ဖိအားသည် အလွန်ပြင်း ထန်လွန်းကြောင်း ကျီချောင်ချင်သတိထားမိလိုက်သည်။ အထက်တန်းစားပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါသည် ပြင်းထန်လွန်းသဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်သောကျင့်ကြံသူများသည် တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ဒူးထောက်ကျကုန်ကြသည်။
တစ်ခုခုတော့မှားနေပြီ... တော်တော်လေးကိုမှားနေပြီ...
ရှန်ကျွင်း ဒီလိုမျိုးဖြစ်တာ တစ်ခါမှမမြင်ဖူးဘူး၊ သူက အမြဲတမ်းစိတ်ပျော့ပြီး သနားတတ်သူလေ၊ လူတစ်ယောက် ကိုသတ်ပြီးရင်တောင် အကြာကြီး ဝမ်းနည်းနေတတ်တာ၊ ဘယ်လိုဖြစ်ပြီး အခုလို မဆင်မခြင်တိုက်ခိုက်နေရတာလဲ?
ကျီချောင်ချင် သံသယများဖြင့်ပြည့်နှက်နေစဉ်မှာပင် ရှန်ကျွင်းသည် မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏ရင်ဘတ်ကို ဓားဖြင့်ထိုးဖောက်လိုက်သည်။ ထို့နောက် ဒဏ်ရာမကျက်အောင် တားဆီးမည့် ဝိညာဉ်စွမ်းအင်တစ်ခုကို ထည့်သွင်းလိုက်ပြီး ထိုကျင့်ကြံသူကို ချောက်ကမ်းပါးထဲသို့ကန်ချလိုက်တော့သည်။
🍃 Chapter 116
သေချာသည်မှာ ရှန်ကျွင်းသည် ကျီချောင်ချင်အတွက် လက်စားချေပေးလိုက်ခြင်းဖြစ်သည်။
အကယ်၍ ကျီချောင်ချင်သာဆိုပါက ထိုလောက်ဖြင့်ကျေ နပ်မှာမဟုတ်ပေ။ သူမသာဆိုလျှင် ထိုမူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏ အရိုးနှင့်အကြောများ အကုန်ရိုက်ချိုးမယ်၊ ဝိညာဉ်စွမ်းအားများကိုဖျက်ဆီးပစ်မည်ပြီးမှ ချောက်ကမ်း ပါးထဲပစ်ချပြီး မကောင်းဆိုးဝါးဝိညာဉ်တွေ ဝိုင်းကိုက်ဖြဲတာခံခိုင်းလိုက်မည်ဖြစ်သည်။
ဒါပေမဲ့ အခု သူမအတွက်လက်စားချေပေးတာ သူမ မဟုတ်ပဲ ရှန်ကျွင်းဖြစ်နေတယ်။ အရင်တုန်းက ရှန်ကျွင်းစိတ်ဆိုး ရင်တောင် အလွန်ဆုံးလူတစ်ယောက်ကို ကောင်းကောင်းရိုက်နှက်ဆုံးမရုံလောက်ပဲလုပ်တာလေ။ မူလဝိဉာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဒီလောက် ရက်စက်တဲ့နည်းလမ်းနဲ့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး...
ရှန်ကျွင်း ဘာဖြစ်သွားတာလဲ?
ဤနေရာတွင် ချောက်ကမ်းပါးထဲပြုတ်ကျသွားသော မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏ ဆွေမျိုးသားချင်းများရှိနေပုံရသည်။ သူ၏အဖြစ်ဆိုးကို မြင်သောအခါ အမျိုးသမီးတစ်ဦးသည် ဝိညာဉ်ဓားကိုကိုင်ဆောင်လျက် ပြေးထွက်လာသည်။ သူမသည် ချီတည်ဆောက်ခြင်းအဆင့်သာရှိသေးသော် လည်း ရှန်ကျွင်း၏ဖိနှိပ်ထားသော အရှိန်အဝါကိုကြံ့ကြံ့ခံကာ သူ့ကို သတ်ရန်ကြိုးစားလေသည်။
ထိုအမျိုးသမီးသည် ရှန်ကျွင်းအနားမရောက်ခင်မှာပင် ကလေးတစ်ယောက်သည် လူအုပ်ထဲမှပြေးထွက်လာပြီး သူ့အမေကိုအော်ခေါ်လေသည်။
အမျိုးသားတစ်ဦးက ဝင်ပြောသည်။
"မဒမ်ကျူး! ရပ်လိုက်ပါ! ကျုပ်တို့ ခင်ဗျားခင်ပွန်းအတွက် လက်စားချေဖို့လာခဲ့ကြတာပါ၊ ခင်ဗျားသားကိုခေါ်ပြီး မြန်မြန်နောက်ဆုတ်နေပါ!"
လူအုပ်စုကြီးသည် ရှန်ကျွင်းနှင့် ကျီချောင်ချင်ကိုဝိုင်းထားလိုက်ကြသည်။
တစ်ယောက်က အော်ပြောလိုက်သည်။
"အစီအရင်ပြင်ကြ!"
ရှန်ကျွင်းသည် ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်လိုက်ပြီး ကျီချောင်ချင်၏ရှေ့တွင်ရပ်ကာ လူအုပ်ကြီးကို အေးစက်စွာကြည့်လိုက်သည်။ ခွင်းလွန်ဓားကိုကိုင်ထားသော သူ၏ လက်များတင်းကျပ်သွားသည်။
ကျီချောင်ချင်သည် သတ်ဖြတ်ခြင်းပေါင်းများစွာကို မြင်ဖူးခဲ့သူဖြစ်သောကြောင့် ရှန်ကျွင်းထံမှထွက်ပေါ်လာသော သတ် ဖြတ်လိုစိတ်ကို သူမ ရှင်းရှင်းလင်းလင်းခံစားမိနေသည်။
သူ လူသတ်ပွဲကျင်းပတော့မယ်၊ သူ ရူးသွားပြီလား?
ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်ကျွင်း လက်ကိုလှမ်းဆွဲလိုက်သည်။
"ရှန်ကျွင်း! ရှင်ဘာဖြစ်နေတာလဲ၊ ကျွန်မ ပြန်ချင်ပြီ၊ ရှင် လူ သတ်တာ ကျွန်မမမြင်ချင်ဘူး!"
ရှန်ကျွင်းသည် ကျီချောင်ချင်ကို သူ့အားထိခွင့်မပေးပေ။ သူ ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ သူ့ ရှည်လျားသော အနက်ရောင်ဆံနွယ်များသည် လေထဲတွင်လွင့်ပျံသွားပြီး သူ့မျက်နှာသွင်ပြင်ကို ပိုမို အေးစက်မာကျောသွားစေသည်။
ရှန်ကျွင်းသည် ဝိညာဉ်စွမ်းအင်ကိုထုတ်လွှတ်လိုက်ရာ ကြီးမားသောစွမ်းအင်လှိုင်းကြီးသည် လူအုပ်ကြီးတည် ဆောက်ထားသောအစီအရင်ကို ရိုက်ခတ်သွားတော့သည်။
နောက်တစ်ခဏတွင် အစီအရင်သည် ဝိညာဉ်စွမ်းအင်အောက်တွင်ကြေမွသွားပြီး ကျင့်ကြံသူ အများအပြားမှာ ရှန်ကျွင်း၏စွမ်းအားကြောင့် ဒဏ်ရာရကာ မြေပြင်ပေါ်သို့လဲကျကုန်ကြပြီး ပြန်မထနိုင်ကြတော့ပေ။
သူသည် မဟာယာနအဆင့်ကိုရောက်နေပြီမှန်းကျီချောင်ချင်သတိပြုမိလိုက်သည်။ ဤတိုင်းသာ ဆက်သွားရင် ရှန်ကျွင်းသည် ထိုလူအကုန်လုံးကို သတ်ပစ်လိမ့်မည်။ သို့မဟုတ်ပါက သူမနှင့် ရှန်ကျွင်းကို ချောက်ကမ်းပါးအောက်ကတက်လာမည့် ရှန်တုပိုင်နှင့် တခြားလူများကသတ်ပစ်လိမ့်မည်။
ဘယ်အခြေအနေမှ ကျီချောင်ချင် မြင်ချင်တဲ့အရာ မဟုတ်ဘူး...
ထိုအချိန်တွင် မျက်ရည်များစီးကျနေသောကလေးတစ်ယောက်သည် မြေပြင်ပေါ်မှဓားတစ်လက်ကို ကောက်ယူပြီး ရှန်ကျွင်းကိုအော်ဟစ်လိုက်သည်။
"မိစ္ဆာကောင်! ငါ မင်းကိုသတ်မယ်!"
ရှန်ကျွင်းသည် ကလေးအသံကြားလိုက်ရသောအခါ ဓားကိုထိုကလေးဘက်သို့ ချိန်ရွယ်လိုက်သည်။
သူ့မျက်လုံးများသည် အလွန်နက်ရှိုင်းပြီး ပရမ်းပတာဖြစ်နေသည်။ သူ သေချာပေါက် သတိလွတ်နေပြီ!
ကျီချောင်ချင် ထိတ်လန့်သွားသည်။ ရှန်ကျွင်း လုံးဝစိတ်ဖောက်ပြန်နေပြီ၊ တကယ်လို့ သူသတိပြန်ဝင်လာပြီး လူတွေအများကြီးသတ်ခဲ့မိတာ သိသွားရင် နာကျင်ရလိမ့်မယ်...
ကျီချောင်ချင်မှာ ရှန်ကျွင်းသည် ကလေးဆီသို့ပြေးဝင်သွားသည်ကိုမြင်လိုက်ရသဖြင့် အမြန် ရှေ့ထွက်ကာ လမ်းပိတ်လိုက်သည်။ သူမ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ရှန်ကျွင်း!!!"
သူမ၏အသံသည် သတိပေးခေါင်းလောင်းသံကဲ့သို့ ဖြစ်သွားသည်။ ရှန်ကျွင်းသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူ့ အေးစက်သောမျက်လုံးများ ဝါးတားတားဖြစ်သွားပြီး ခန္ဓာကိုယ်ယိုင်နဲ့သွားသည်။
သို့သော် ရန်သူများကများလွန်းသည်။ ရှန်ကျွင်းသည် ခွင်းလွန်ဓားကို မြေကြီးပေါ် စိုက်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် ခန္ဓာကိုယ်ကိုထောက်ထားကာ ကျန်လက်တစ်ဖက်ဖြင့် ကျီချောင်ချင်ကို လှမ်းဆွဲလိုက်သည်။
ရှန်ကျွင်းသည် နာကျင်စွာခေါင်းခါလိုက်သည်။ ကျီချောင်ချင် ချောက်ကမ်းပါးပေါ်မှတွန်းချခံရသော မြင်ကွင်းသည် သူ့ခေါင်းထဲတွင် ထပ်ကာထပ်ကာ ပေါ်လာနေသည်။ ထိုအတွေးတစ်ချက်တည်းကပင် မရေမတွက်နိုင်သောသတ် ဖြတ်လိုစိတ်များကို လောင်စာဖြည့်ပေးနေသည်။
သူ ဘာဖြစ်နေတာလဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ် နိုင်ရတာလဲ...
သူ အသိပြန်ဝင်လာသည်ကိုမြင်သောအခါ ကျီချောင်ချင် ပြောလိုက်သည်။
"ရှန်ကျွင်း... စိတ်အေးအေးထား၊ ကျွန်မကိုခေါ်ထုတ်သွားပေး!"
ခွင်းလွန်ဓားမှ အနက်ရောင်အငွေ့အသက်များထွက်ပေါ်လာပြီး ရှန်ကျွင်း၏လက်ဆီသို့ ဖြည်းညှင်းစွာ ပျံ့နှံ့နေသည်ကို ၎င်းတို့နှစ်ဦးစလုံးသတိမထားမိလိုက်ကြပေ။
ရှန်ကျွင်း အပြည့်အဝသတိမဝင်သေးသော်လည်း သူသည် ကျီချောင်ချင် လက်ကိုဆုပ်ကိုင်ပြီး ခေါ်ထုတ်သွားရန်ကြိုးစားသည်။
မည်သူမျှ သူတို့ကိုမတားရဲကြတော့ပေ။ ကျီချောင်ချင်သည် ရှန်ကျွင်း လက်ကို ပြန်လည်ဆုပ်ကိုင်ပြီး ခေါ်ထုတ်သွားလေသည်။
၎င်းတို့ မြင်ကွင်းမှပျောက်ကွယ်သွားပြီးမှသာ ကျီချောင်ချင်ရပ်တန့်လိုက်သည်။
အစောက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော သူသည် ရှန်ကျွင်းဖြစ်သည်ကို သူမ မယုံနိုင်အောင်ဖြစ်နေသည်။ သူသည် သိုင်းပညာ လျင်မြန်စွာတိုးတက်လာမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး ယခုလို ရူးသွပ်လုနီးပါးအခြေအနေ ဖြစ်သွားရတာများလားဟု သူမတွေးနေမိသည်။
သူမ၏သိုလှောင်အိတ်ထဲတွင် ဆေးလုံးအချို့ကျန်သေးသည်ကိုသတိရပြီး တစ်လုံးထုတ်ကာ ရှန်ကျွင်းကိုတိုက်လိုက်သည်။
"ရှန်ကျွင်း... ဘယ်လိုနေသေးလဲ"
ရှန်ကျွင်းသည် ဆေးသောက်ပြီးသော်လည်း သိပ်မသက်သာကြောင်း ထင်ရှားသည်။
"မကြောက်နဲ့နော်၊ ကိုယ် မင်းကိုကာကွယ်ပေးမယ်..."
ရှန်ကျွင်းမှာ ခေါင်းအရမ်းကိုက်ခဲနေသည်။ ထိုစကားပြောပြီးသည်နှင့် သူမြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ကျီချောင်ချင် စိုးရိမ်သွားသည်။ ဤနေရာက လူသူကင်းမဲ့တဲ့နေရာဖြစ်ပြိး ကျင့်ကြံစွမ်းအားအကုန်ပျက်စီးနေသောသူမအနေနှင့် ရှန်ကျွင်းကို သယ်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
"ရှန်ကျွင်း! ထပါဦး၊ ကျွန်မ ရှင့်ကို မသယ်နိုင်ဘူး ထဦး! ရှင် မထရင် ကျွန်မ ရှင့်ကိုထားခဲ့မှာနော်!"
သို့သော် ရှန်ကျွင်းကပြန်မထူးပေ။
"ကျစ်! ကျွန်မ ရှင့်ကို တကယ်အကြွေးတင်တာပဲ!"
ကျီချောင်ချင် အံကြိတ်လိုက်သည်။ သူ့ကို ဤနေရာကနေ ခေါ်ထုတ်သွားမှဖြစ်မည်။
သူမသည် ရှန်ကျွင်းကို မြေပြင်ပေါ်ပက်လက်ဆွဲလှဲလိုက်ပြီး သူ့လက်မောင်းကို သူမလည်ပင်းအောက် ထည့်ကာ သူမကိုယ်တိုင်လည်း လဲလျောင်းလိုက်သည်။ ထို့နောက်ထထိုင်ပြီး အားကုန်သုံးဆွဲလိုက်ရာ ရှန်ကျွင်းသည် သူမကျောပေါ်ရောက်လာသည်။
ထိုစဉ် သူမမတ်တတ်ထရပ်ရန်ကြိုးစားလိုက်သော်လည်း ရှန်ကျွင်းကိုကုန်းပိုးပြီးနောက် ထလို့မရမှန်းသိလိုက်ရသည်။
ကျစ်!
မောဟိုက်နေသောကျီချောင်ချင်သည် မြေပြင်ပေါ်သို့ပြန်လှဲချလိုက်သည်။ နှင်းများ ပိုမိုသည်းထန်စွာကျဆင်းလာပြီး နှင်းပွင့်များရိုက်ခတ်မှုကြောင့် သူမ မျက်လုံးပင် ဖွင့်မရအောင်ဖြစ်နေသည်။ သူမ မတ်တတ်ထထိုင်လိုက်ပြီး ရှန်ကျွင်းကို နှင်းမစိုအောင်ကာကွယ်ပေးကာ အနီးနားတွင် အနွေးဓာတ်ရမည့် ဂူတစ်ခုခုရှာရန်စဉ်းစားလိုက်သည်။ သူ့ကို မခေါ်သွားနိုင်ဘူးဆိုတာ သူမလက်မခံနိုင်ဘူး။
ကျီချောင်ချင်သည် ကျင့်ကြံသူများကင်းလှည့်နေမှာကိုစိုးရိမ်သဖြင့် အားမွေးလိုက်ကာ ရှန်ကျွင်း၏ခါးကိုဖက်ပြီး တင်ပါးကိုကော့လျက် တောအုပ်ထဲသို့ အတင်းဆွဲခေါ်သွားလေသည်။
"ရှန်ကျွင်း... ရှင် နိုးလာရင် ဒီအသက်တိုမယ့် ကောင်မလေးကို လက်ထပ်လိုက်တော့! ငါ့ဘဝမှာ ပထမဆုံးအကြိမ် မောလိုက်တာဟယ်! ပထမဆုံးအကြိမ်... လူတစ်ယောက်ကိုကာကွယ်ဖို့ ကိုယ့်ရုပ်အသွင်အပြင်နဲ့ လုံခြုံရေးကို ဂရုမစိုက်ဘဲနေခဲ့တာ၊ ရှင်သာ ကျွန်မကိုလက်မထပ်ရင် ရှင့်ကို ဒီလောက်ချစ်တဲ့သူတစ်ယောက်ဆုံးရှုံးသွားမှာ... ဘယ်လောက် နစ်နာလိုက်မလဲ!"
ကျီချောင်ချင်သည် ချွေးများထွက်နေသည်။ သူမ ရပ်လိုက်ပြီး နဖူးမှချွေးကိုသုတ်ကာ ဆက်လက်ဆွဲခေါ်သွားသည်။
"ဒါပေမဲ့... ကျွန်မကနောက်နေတာပါ၊ ရှင့်မှာ တောက်ပတဲ့ အနာဂတ်ရှိသေးတယ်၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်ချင်ပါဘူး! တကယ်လို့ ရှင်အခွင့်အရေးရရင် ကျွန်မအုတ်ဂူမှာအမွှေးတိုင်လေးတော့ လာထွန်းပေးပါနော်!"
"ဟင့်အင်း... မင်းက အနှောင့်အယှက်မဖြစ်ပါဘူး"
ရှန်ကျွင်းသည် လေနှင့်နှင်းများကြောင့် မျက်စိမဖွင့်နိုင်ဖြစ်နေသော်လည်း ကျီချောင်ချင်လက်ကို အတင်းရုန်းဖယ်လိုက်သည်။
"မပူပါနဲ့... အဟွတ် အဟွတ်၊ ကိုယ်မင်းကို အသက်ရှင်အောင်ထားမှာပါ"
ကျီချောင်ချင် အံ့သြမှင်သက်သွားသည်။
"ရှင် နိုးလာပြီ!”
ကျီချောင်ချင်သည် သူမ၏လက်ကောက်ဝတ်ရှိ ပုတီးကိုဖြုတ်၍ ရှန်ကျွင်းလက်ကောက်ဝတ်၌ ရစ်ပတ်ဆင်မြန်းပေးလိုက်သည်။
"ရှင် အခုလိုဖြစ်သွားရတာက ကျင့်ကြံခြင်းအဆင့် တက်တာမြန်လွန်းပြီး စိတ်အခြေအနေကအမီမလိုက်နိုင်လို့ဖြစ်မယ်၊ ကျင့်ကြံဆင့်တိုးတက်ဖို့ကို ခဏလောက်အောင့်အီးထားပြီး... စိတ်တည်ငြိမ်အောင် လုပ်လိုက်ဦး၊ ဒါက ဆရာတော်ချင်းချီ ကျွန်မကိုပေးထားတဲ့ပုတီးလေ၊ လောလောဆယ် ရှင်ဝတ်ထားလိုက်၊ ရှင့်ရဲ့စိတ်အာရုံကိုငြိမ်းချမ်းစေပြီး တည်ငြိမ်မှုရစေလိမ့်မယ်"
ကျီချောင်ချင်၏ နူးညံ့သောလက်ချောင်းလေးများက ရှန်ကျွင်း လက်ကောက်ဝတ်ပေါ်သို့ ဖွဖွလေးဖိကပ်လိုက်သည်။
"ရှင့်ရဲ့ခန္ဓာကိုယ်က အခုပြန်ကောင်းသွားပြီ၊ ဒါပေမဲ့ ကောင်း ကောင်း အနားယူဖို့လိုသေးတယ်၊ ဒီရက်ပိုင်း ဘယ်သူနဲ့မှ တိုက်ခိုက်တာမျိုးမလုပ်နဲ့ဦးနော်"
ကျီချောင်ချင်က ဗုဒ္ဓပုတီးကိုဝတ်ဆင်ပေးလိုက်သည့် ထိုခဏ၌ပင် ရှန်ကျွင်းသည် အေးမြကြည်လင်သောခံစားမှုတစ်ခု သူ၏နှလုံးသားထဲသို့ စီးဝင်သွားသည်ဟုခံစားလိုက်ရပြီး သူ့စိတ်အတွင်းမှ ဆူပွက်နေသော ဂဏာမငြိမ်ဖြစ်မှုများ ချက်ချင်းငြိမ်သက်သွားကာ ပုံမှန်အေးချမ်းမှုသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ကျီချောင်ချင်သည် ခေတ္တမျှတွေးတောလိုက်ပြီးနောက် သူ့ကိုနှစ်သိမ့်စကား ဆိုလိုက်သည်။
"ရှန်ကျွင်း... ကျင့်ကြံခြင်းလောကဆိုတာက အားကြီးသူက အားနည်းသူကိုဝါးမြိုတဲ့လောကပဲ၊ ကိုယ်ကျင့်တရားဆိုတာက အပေါ်ယံရွှေမှုန်ကြဲထားတဲ့အဆိပ်ပင်လိုပါပဲ၊ ဒီနေ့သာ ရှင်က သူတို့ကိုမသတ်ခဲ့ရင် သူတို့က ရှင့်ကိုပြန်သတ်ကြမှာ"
"လောကကြီးငြိမ်းချမ်းဖို့အတွက် ကျွန်မတို့ ဒီအထိ လုပ်လာခဲ့ပြီးပြီ၊ ကျွန်မတို့ ဘာအမှားမှမလုပ်ခဲ့ဘူး"
ရှန်ကျွင်းသည် နှုတ်ခမ်းကိ တင်းတင်းစေ့လိုက်ပြီး သူ့အကြည့်များက ရုတ်ခြည်းအေးစက်သွားသည်။
"သူတို့ကို သတ်ခဲ့တဲ့အတွက် ကိုယ်နောင်တမရဘူး"
ကျီချောင်ချင်သည် သူ့ပြတ်သားသောအဖြေကြောင့် အနည်းငယ်အံ့အားသင့်သွားမိသည်။ ယနေ့သည် ရှန်ကျွင်း လူအများအပြားကိုဒဏ်ရာရစေခဲ့ပြီး အချို့ကို သူ့ဓားသိုင်းကွက်များဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ကို သူမ ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။ ယခင်တစ်ခေါက်ကကဲ့သို့ သူစိတ်မကောင်းဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း သူက ထိုသို့တွေးပုံမရပေ။
ဤသည်မှာ သူ့စိတ်ရင်းဖြစ်သည်လား သို့မဟုတ် သူ၏မတည်ငြိမ်သော စိတ်အခြေအနေလွှမ်းမိုးမှုကြောင့်လားဆိုသည်ကို ကျီချောင်ချင် ဝေခွဲမရဖြစ်နေသည်။
သို့သော် ယခုအချိန်သည် ထိုအရာကို တွေးတောနေရမည့်အချိန်မဟုတ်ပေ။
"ကျွန်မတို့ မြောက်ပိုင်းနယ်စပ်ကို အမြန်ဆုံးရောက်အောင်သွားရမယ်၊ အစီအရင်ရဲ့ဗဟိုချက်ကို တခြားသူတွေလက်ထဲအပါမခံနိုင်ဘူး"
ယခုအခါ ကျီချောင်ချင်အသက်ရှင်လျက်ပြန်ရောက်လာပြီဖြစ်ရာ အစီအရင်၏ဗဟိုချက်အား အခြားသူများရယူသွားမည့်အဖြစ်ကို သူမခွင့်ပြုမည် မဟုတ်ပေ။ လောကကြီးကစဉ့်ကလျား ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ သူမအပေါ်တွင် မူတည်ရမည်ဖြစ်သည်။ ရှန်တုပိုင်က သူမကိုသတ်ပြီး နတ်ဆိုးချိပ်စည်းကို ချိုးဖျက်ချင်နေမှတော့ သူမသည်လည်း သူ့ကိုဆန့်ကျင်ရပေမည်။ သူမက ထိုချိပ်စည်းကိုကာကွယ်ရမည်။
ရှန်ကျွင်း ခေါင်းညိတ်လိုက်သည်။
၎င်းတို့နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မြောက်ပိုင်းနယ်စပ်သို့ ရောက်ရှိလာကြသည်။ သို့သော် မြေပြင်ကကျယ်ပြောလှပြီး ချွေ့ချန်ဟွမ် ပြောပြခဲ့သည့်နေရာကို ရှာဖွေရန်မှာသေချာ ဂရုတစိုက် စူးစမ်းရှာဖွေမှုများပြုလုပ်ရန် လိုအပ်လေသည်။
ရှန်ကျွင်းပင်ပန်းသွားမည်ကို ကျီချောင်ချင်မလိုလားသဖြင့် သူမ အစားအစာထွက်ဝယ်နေစဉ် သူ့ကို တည်းခိုခန်း၌ အနားယူနေရန်ပြောလိုက်သည်။
ထိုစဉ် ရှန်ကျွင်းက ကျီချောင်ချင်လက်ကိုလှမ်းဆွဲလိုက်သည်။
"မင်းလည်း အနားယူဖို့လိုတယ်"
ကျီချောင်ချင်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူမသာအချိန်ကြာမြင့်စွာ အနားမယူဘဲနေပါက ယခင်တစ်ခေါက်ကကဲ့သို့ ဒွါရခုနစ်ပေါက်မှသွေးများယိုစီးကာ သတိလစ်မေ့မြောသည့်ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရပေလိမ့်မည်။
သူသတိပေးလိုက်မှပင် ကျီချောင်ချင်သည် ပြီးခဲ့သည့်အကြိမ်က သူမ၏ရှက်စရာကောင်းသော အပြုအမူကို ပြန်သတိရသွားပြီး အိပ်စက်ရန် သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။
သို့သော် သူမ အိပ်မပျော်နိုင်ခဲ့ပေ။
ချွေ့ချန်ဟွမ်ပြောခဲ့သည့် ကျူးရှစ်ရှုန်းဆိုသူမှာ ကျီချောင်ချင်၏ရှစ်တိတစ်ယောက်ဖြစ်သူ ကျူးယွီပင်။ အစီအရင်၏ ဗဟိုချက်ကို လွှဲပြောင်းရယူခဲ့သည့်လူငါးယောက်အနက် သူ့စွမ်းရည်မှာ အားအနည်းဆုံးဖြစ်ပြီး သူ့စိတ်နေသဘောထားမှာမူ အနူးညံ့ဆုံးနှင့် အကြင်နာတတ်ဆုံးဖြစ်သည်။ သူသည် သူမ၏နောက်သို့ တကောက်ကောက်လိုက်ကာ ရှစ်ကျဲဟုခေါ်ရသည်ကို နှစ်သက်သူဖြစ်သည်။
ယခု သူအန္တရာယ်ကြုံနေရပြီဖြစ်ရာ သူ့ကိုရှာဖွေခြင်းအား အလျင်လို၍မရကြောင်း ကျီချောင်ချင်သိသော်လည်း စိတ်ပူပန်ခြင်းကိုမူမတားဆီးနိုင်ပေ။
ထိုသို့တွေးတောရင်းဖြင့် သူမ ဘယ်အချိန်က အိပ်ပျော်သွားမှန်းမသိလိုက်ပေ။
အပြင်ဘက်တွင် လေနှင့်နှင်းများက ပိုမိုပြင်းထန်လာပြီး အအေးဓာတ်သည် အခန်းထဲသို့ ညှာတာမှုကင်းမဲ့စွာစိမ့်ဝင်လာသည်။ တည်းခိုခန်းရှိအပူပေးစက်မှာ သိပ်ပြီးအရာမရောက်လှသဖြင့် ကျီချောင်ချင်မှာ ခဏတာအိပ်စက်ပြီးချိန်မှာပင် အလိုအလျောက် ခန္ဓာကိုယ်ကိုကွေးညွှတ်လိုက်မိသည်။