← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

🍃 Chapter 111

ကျီချောင်ချင်သည် ချောက်ကမ်းပါးအောက်သို ငုံကြည့်လိုက်ရာ နာကြည်းမှုအငွေ့အသက်များ ထူထပ်စွာဖုံးလွှမ်းနေသဖြင့် အောက်ခြေကိုလုံးဝမမြင်ရပေ။

ကျီချောင်ချင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မူလဝိဉာဉ် အဆင့်ကျင့်ကြံသူဘက်သိုလှည့်လိုက်သည်။

"ကျွန်မ နည်းနည်းတော့ကြောက်နေတုန်းပဲ၊ ကျွန်မကို တစ်ချက်လောက်တွန်းပေးပါလား"

မူလဝိဉာဉ်အဆင့်ကျင့်ကြံသူသည် မထီမဲ့မြင် အကြည့်ဖြင့်ကြည့်ပြီး ကျီချောင်ချင်ထံသိုလျှောက်လာသည်။

"ကျီချောင်ချင်... တစ်ချိန်ကစစ်နတ်ဘုရားမက အခုလိုသူရဲဘောကြောင်သွားတယ်ဆိုတာ တကယ့်ကိုမယုံနိုင်စရာပဲ၊ စောစောကလည်း မိသားစုနဲ့ သူငယ်ချင်းတွေကိုတမ်းတနေသေးတယ်... ပျော့ညံ့လိုက်"

မူလဝိဉာဉ်အဆင့်ကျင့်ကြံသူသည် ကျီချောင်ချင်ကို ထိတော့မည့်ဆဲဆဲတွင် သူမ၏မျက်နှာထားမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူမသည် သူ၏ လက်ကိုဖမ်းဆွဲလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကိုင်ထားသောမိုးကြိုးအဆောင်ကို သူ့မျက်နှာပေါ်သို တန်းတန်းမတ်မတ်ရိုက်ချလိုက်သည်။

နောက်တစ်ခဏတွင် အဆောင်ပေါက်ကွဲသွားပြီး မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏မျက်နှာကို စုတ်ပြတ်သတ်သွားစေ သည်။

ကျီချောင်ချင်သည် ရက်စက်စွာပြုံးလိုက်သည်။

"ရှင် ကျွန်မကို မတွေ့တာကြာပြီး ကျွန်မဘယ်သူလဲဆိုတာမေ့နေပုံရတယ်၊ ငါ ကျီချောင်ချင်က ကံကြမ္မာကို ဘယ်တော့မှအရှုးမပေးဘူး၊ ငါ့ကိုသေစေချင်မှတော့... နင်လည်း ငါနဲ့အတူလိုက်ခဲ့ပေတော့!"

ထိုသိုပြောပြီးသည်နှင့် ကျီချောင်ချင်သည် ဝိညာဉ်ကျောက်တုံးတစ်ခုကိုချေမွလိုက်သည်။ သူမသည် အဝေးမှ ကပ်ဘေးကျော်လွှားခြင်းအဆင့်ကျင့်ကြံသူ ရောက်လာသည်ကိုမြင်လိုက်ရသဖြင့် သူမ၏ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို အပြည့်အဝမစုပ်ယူနိုင်ခင်မှာပင် ကြောင်အနေသော မူလဝိဉာဉ်အဆင့်ကျင့်ကြံသူကိုဆွဲဖက်ကာ ချောက်ကမ်းပါးပေါ်မှခုန်ချလိုက်တော့သည်။

ကျီချောင်ချင်သည် သူမ၏အသံတွင် ဝိညာဉ်စွမ်းအားထည့် သွင်းလိုက်ရာ လေနှင့်အတူ ချောက်ကမ်းပါးပေါ်ရှိ ကပ်ဘေးကျော်လွှားခြင်းအဆင့်ကျင့်ကြံသူများ၏ နားထဲသိုရောက်ရှိသွားသည်။

"ပြန်သွားပြီး သူ့ကိုပြောလိုက်... သူက ကျွန်မကို ကိုယ်တိုင် ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့ပြီး အန္တရာယ်တွေကြားကနေ အကြိမ်ကြိမ်ကယ်တင်ပေးခဲ့တဲ့ ဆရာသခင်ပါလို၊ သူ ဘာလိုချင်ချင်၊ ကျွန်မ အသက်ကို လိုချင်ရင်တောင်ပေးပါ့မယ်လို၊ ဒါပေမဲ့ အချက်တစ်ချက်တော့ရှိတယ်... ကျွန်မ သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာစေချင်တယ်!"

ကပ်ဘေးကျော်လွှားခြင်းအဆင့်ကျင့်ကြံသူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မည်သူမျှ အောက်သိုမဆင်းရဲကြပေ။

"အဲ့ကျီချောင်ချင်က တကယ်စွမ်းတာပဲ၊ ကျင့်ကြံခြင်းနည်းလမ်းတွေ အကုန်ပျက်စီးနေတာတောင်မှ မူလဝိဉာဉ်အဆင့်ပညာရှင်တစ်ယောက်ကို အတူတူခေါ်ချသွားနိုင်သေးတယ်!"

"ငါတိုဘာဆက်လုပ်ကြမလဲ၊ ဒီချောက်ကမ်းပါး အောက်ခြေက အန္တရာယ်တွေပြည့်နှက်နေပြီး ငါတိုဘယ်သူမှမဆင်းရဲပေမဲ့ ကျီချောင်ချင်ကအရမ်း စွမ်းအားကြီးလွန်းတယ်... လွန်ခဲ့တဲ့တစ်နှစ်တုန်းကလိုမျိုး ချောက်ကမ်းပါးအောက်ကနေပြန်တက်မလာဘူးလို ဘယ်သူပြောနိုင်မလဲ?"

"ပြန်သွားပြီး ဘိုးဘေးကိုသတင်းပိုကြတာပေါ့"

"..."

ကပ်ဘေးကျော်လွှားခြင်းအဆင့်ကျင့်ကြံသူများ ကြောက်ရွံခြင်းခံခဲ့ရသော ကျီချောင်ချင်သည် သူမ၏ကြိုးပမ်းမှုမအောင်မြင်လိုက်ဘဲ အဆုံးတွင် သတိပြန်ဝင်လာသော မူလဝိဉာဉ်အဆင့်ကျင့်ကြံသူ၏ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။

ကျီချောင်ချင်သည် ချောက်ကမ်းပါးအောက်သို အကူအညီမဲ့စွာပြုတ်ကျသွားလေသည်။

သူမအတွင်းရှိ နာကြည်းမှုအငွေ့အသက်များက ပြန်လည်တိုက်ခိုက်လာပြီး သူမ၏ခန္ဓာကိုယ်မှ နာကျင်မှုကိုမထိန်းချုပ်နိုင်တော့ပေ။ သွေးများသည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည့် ဒွါရပေါက် ခုနစ်ပေါက်လုံးမှ စီးကျလာသည်။

သူမ၏ အမြင်အာရုံများ ဝါးတားတားဖြစ်နေပြီး အသက်ရှူရခက်ခဲလာသည်။ သူမသည် အလွန်အမင်းနာကျင်နေသော် လည်း နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခုဖြစ်ပေါ်နေသေးသည်။

သူမသည် အခြားသူများလောက်ကံမကောင်းခဲ့သလို၊ လိုချင်တာကိုမရနိုင်ခဲ့ကာ ဖြစ်ချင်တာလည်း မဖြစ်နိုင်ခဲ့ပေ။ လွန်ခဲ့ သောဆယ်နှစ်ကချောက်ကမ်းပါးအောက်၌ ရှန်ကျွင်းနှင့်တွေ့ဆုံခဲ့ခြင်းသည် သူမဘဝ၏အကြီးမားဆုံး ကံကောင်းမှုတစ်ခု ဖြစ်ခဲ့သော်လည်း ဤလောကတွင် ဒုတိယမြောက် ရှန်ကျွင်းဆိုတာ မရှိနိုင်တော့ပေ။ ဤတစ်ခါတော့ ကောင်းကင် ဘုံက သူမကိုမျက်နှာသာပေးလိမ့်မည်ဟု ကျီချောင်ချင်မယုံကြည်တော့ချေ။

နောက်ဆုံးတော့ သူမသေရတော့မည်၊ နောက်ဆုံးတော့ သူမလွတ်မြောက်ရတော့မည်...

ကျီချောင်ချင်သည် ဤအခိုက်အတန့်ကိုစောင့်မျှော်နေခဲ့သည်မှာ ကြာလှပြီဟုခံစားလိုက်ရသည်။ သူမ ခန္ဓာကိုယ်မှဝိညာဉ်အထိ သက်သောင့်သက်သာဖြစ်သွားသလိုခံစားလိုက်ရသည်။

ရှန်တုပိုင် အဘယ်ကြောင့် ရုတ်တရက် သဘောထားပြောင်း လဲသွားသလဲဆိုသည်ကို သူ မတွေးချင်တော့ပေ။ ရှန်တုပိုင်သည် သူ့စီမံကိန်းကို စောစောစီးစီးကတည်းက စတင်ခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုလည်း သံသယမဝင်ချင်တော့သည့်အပြင် ထျန်းရွှမ်ဂိုဏ်းတွင် သူမခံစားခဲ့ရသောမတရားမှုများတွင် ရှန်တုပိုင် ပါဝင်ပတ်သက်ခြင်းရှိမရှိကိုလည်း မသိချင်တော့ချေ။

ဖြစ်နိုင်သည်မှာ သူမသည် သူ့ကို လွန်ခဲ့သောကာလကြာရှည်ကတည်းက သံသယဝင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရန် ဆန္ဒမရှိခဲ့ခြင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် ဆွေမျိုးသားချင်းဟူ၍ မည်သူမျှမကျန်ရှိတော့သော ကြောင့် ဖြစ်သည်။

အခုတော့... ထားလိုက်ပါတော့၊ ပြီးသွားပါစေတော့လေ...

ကျီချောင်ချင် ဘာမှမတွေးချင်တော့။ သူမ အရမ်းပင်ပန်းနေပြီဟုခံစားလိုက်ရသည်။ သူမမိဘများနှင့် ဆွေမျိုးများ သေဆုံးသွားကတည်းက သူမတစ်ခါမှ ကောင်းကောင်းမနားခဲ့ရပေ။

သူမ ငယ်ရွယ်စဉ်ကတည်းက နေ့ရောညပါကျင့်ကြံအား ထုတ်ခဲ့ရသည်။ အရွယ်ရောက်လာသောအခါလည်း နေ့ရောညပါ မိစ္ဆာများကိုသတ်ဖြတ်ခဲ့ရသည်။ နောက်ပိုင်းတွင် အစီအရင်ဗဟိုချက်ကြောင့်ဖြစ်ပေါ်လာသောနာကျင်မှုကို နေ့ရောညပါ ခံစားခဲ့ရသည်။

ထာဝရ နှိပ်စက်ခံနေရပြီး...

ထာဝရ အနားမရခဲ့ပေ...

ထိုစဥ် မရေမတွက်နိုင်သော နာကြည်းမှုဝိညာဉ်များသည် သက်ရှိလူသားတစ်ဦး၏အငွေ့အသက်ကို အာရုံခံမိသွားကြသည်။ ကျီချောင်ချင်သည် မြွေအုပ်ထဲသို့ရောက်သွားသော ကြွက်တစ်ကောင်နှင့်ပင်တူနေသည်။

မရေမတွက်နိုင်သော ဝိညာဉ်များသည် သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများသည် အတင်းအဓမ္မဆွဲဆုတ်ဖြဲခံရသကဲ့သို့ နာကျင်နေသည်။ ကျီချောင်ချင်၏ ခန္ဓာကိုယ်မှသွေးများ ပိုမိုများပြားစွာထွက်ကျလာသည်။ ကျီချောင်ချင်သည် ပြုံးလျက် မျက်လုံးကို မှိတ်လိုက်သည်။

ရုတ်တရက်ဆိုသလို နွေးထွေးသောလက်တစ်ဖက်သည် ကျီချောင်ချင်၏လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ထိုလက်ပိုင်ရှင်သည် သူမ၏ခါးကိုသိုင်းဖက်လိုက်သည်။

သူတို့၏ခန္ဓာကိုယ်ချင်းထိတွေ့သွားသည့်ခဏ၌ ကျီချောင်ချင့်အတွင်းရှိ ရိုင်းစိုင်းကြမ်းတမ်းသော နတ်ဆိုးဝိညာဉ်များ သည် ချက်ချင်းငြိမ်သက်သွားပြီး သားရဲကောင်ကြီးကိုကြောက်ရွံ့၍ ထွက်ပြေးကြသကဲ့သို့ ထောင့်တစ်နေရာတွင် အလျင်အမြန် ပုန်းအောင်းသွားကြသည်။

သူမ၏ပတ်ပတ်လည်ရှိ ပျံ့နှံ့နေသောနာကြည်းမှု အငွေ့အ သက်များ ပျက်ပြယ်သွားပြီး သူမ ခန္ဓာကိုယ်ထဲမှ အရိုးခိုက်အောင်အေးစက်မှုများသည် အေးမြမွှေးကြိုင်သော နွေးထွေးမှုတစ်ခု၏လွှမ်းခြုံခြင်းကိုခံလိုက်ရကာ လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

ထိုစဉ် ရှန်ကျွင်း၏အံကြိတ်ထားသောအသံကို ကျီချောင်ချင်ကြားလိုက်ရသည်။

"ကျီချောင်ချင်... မင်း ကိုယ့်ကို ထပ်လိမ်ပြန်ပြီ”

ကျီချောင်ချင်သည် အအေးဒဏ်ကြောင့်နိုးလာသည်။

သူမမျက်လုံးဖွင့်ကြည့်လိုက်သော်အခါ ကောင်းကင်သည် မှိန်ဖျော့ဖျော့ဖြစ်နေသည်။ သူမသည် ပေါင်းပင်များ ထူထပ်စွာပေါက်ရောက်နေသော ချောက်နက်ကြီးတစ်ခု၏အောက်ခြေ မြေပြင်ညီတစ်ခုပေါ်တွင် လဲလျောင်းနေခြင်းဖြစ်သည်။ မလှမ်းမကမ်းတွင် အတိမ်အနက်မခန့်မှန်းနိုင်သောမြစ်တစ်စင်းစီးဆင်းနေပြီး မြစ်ထဲတွင်ငါးဟုယူဆနိုင်သော အရာများကူးခတ်သွားလာနေသည်ကိုတွေ့ရသည်။

ကျီချောင်ချင်သည် သူမ လက်ကိုလှုပ်ရှားကြည့်လိုက်ရာ သူမခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းနေသော်လည်း နာကျင်မှုမရှိကြောင်း ခံစားလိုက်ရသည်။

သူမ ထိခိုက်မှုမရှိဘဲ အကောင်းပကတိဖြစ်နေသည်ကို သူမကိုယ်တိုင်ပင်အံ့သြနေမိသည်။ သူမ ထထိုင်ရန်ကြိုးစားလိုက်သောအခါ သူမ၏အောက်တွင် ထူးဆန်းသောအရာတစ်ခုရှိနေသည်ကို သတိထားမိလိုက်သည်။

သူမလှည့်ကြည့်လိုက်သောအခါ သူမဖိထားမိသည်မှာ ရှန်ကျွင်းဖြစ်ကြောင်း ကျီချောင်ချင်သတိပြုမိလိုက်သည်။

သူမ သူ့အပေါ်မှအမြန်ဖယ်လိုက်ပြီး သေချာကြည့်ရှုစစ်ဆေး လိုက်သည်။ ရှန်ကျွင်း၏မျက်နှာသည် သွေးမရှိတော့သလောက် ဖြူဖျော့နေသော်လည်း နှုတ်ခမ်းများကမူနီရဲနေသည်။ မှိန်ဖျော့သော လရောင်အောက်တွင် ရှန်ကျွင်း၏ လက်ကောက်ဝတ်၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခုရှိနေပြီး ထိုဒဏ်ရာမှ သွေးများမရပ်မနားစီးကျနေသည်ကို ကျီချောင်ချင် တွေ့လိုက်ရသည်။

🍃 Chapter 112

ဒဏ်ရာမကျက်အောင်တားဆီးထားသည့် ဝိညာဉ်စွမ်းအင်တစ်ခုမှာ သူ့ဒဏ်ရာပေါ်တွင်ရှိနေသည်။

ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီး ထိုဝိညာဉ်စွမ်းအင်ကိုဖယ်ရှားရန် ကြိုးစားသော်လည်းမရပေ။

ကျီချောင်ချင်လန့်ဖျပ်သွားသည်။ သူမ ရှန်ကျွင်း မျက်နှာကိုအမြန်ပုတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ရှန်ကျွင်း! ရှန်ကျွင်း! ထပါဦး!"

ဒီအတိုင်း သွေးတွေဆက်ထွက်နေရင် သူသေသွားလိမ့်မယ်...

သိုသော် ရှန်ကျွင်း ပြန်မဖြေပေ။ သူ့တွင် ခပ်တိုးတိုး ထွက်ပေါ်နေသော အသက်ရှူသံလေးသာမရှိပါက သူသည် လူသေတစ်ယောက်နှင့်ခြားနားမည်မဟုတ်တော့ပေ။

ဤချောက်ကမ်းပါးအောက်ခြေသည် မည်မျှ အန္တရာယ်များကြောင်း ကျီချောင်ချင် ကောင်းကောင်းသိထားသည်။ ရှန်ကျွင်းသည် ကပ်ဘေးကျော်လွှားခြင်းအဆင့်သာရှိသေးသည်။ သူ မည်မျှစွမ်းအားကြီးပါစေ၊ လူတစ်ယောက်ကိုသယ် ဆောင်ပြီး ချောက်ကမ်းပါးပေါ်မှပြုတ်ကျလာသည့်အပြင် မကောင်းဆိုးဝါးဝိညာဉ်များ၏ရန်မှလည်း ထိခိုက်မှုမရှိဘဲလွတ်မြောက်နိုင်ရန်မှာမဖြစ်နိုင်ပေ။

သိုသော် လက်တွေ့တွင်မူ သူမသည် ခြစ်ရာတစ်ခုပင်မရှိဘဲ လုံးဝအကောင်းပကတိဖြစ်နေသည်။

ရှန်ကျွင်း ဘာများလုပ်လိုက်တာလဲ?

ကျီချောင်ချင်သည် ရှန်ကျွင်းလည်ပင်းကိုစမ်းကြည့်လိုက်ရာ သူ့သွေးခုန်နှုန်းမှာ အလွန်အားပျော့နေသည်ကိုတွေ့လိုက်ရသည်။ သူ့အရိုးများနှင့် ဝိညာဉ်သွေးကြောများကို စမ်းသပ်ကြည့်လိုက်သည့်အခါ အားလုံးကျိုးပဲ့ကြေမွနေပြီကိုတွေ့လိုက်ရသည်။ သူ သေလုနီးပါးဖြစ်နေပြီ...

ကျီချောင်ချင် ရုတ်တရက်ထိတ်လန့်သွားသည်။ ထိုအချိန်တွင် သူမ၏ဆံပင်မှ အရည်တစ်စက်စီးကျလာသည်။ သူမ အလိုအလျောက်သုတ်လိုက်ပြီး လရောင်အောက်တွင်ကြည့်လိုက်ရာ သူမလက်တွင် သွေးများပေကျံနေသည်ကို တွေ့လိုက်ရသည်။

ကျီချောင်ချင်ငုံကြည့်လိုက်သောအခါ သူမ အဝတ်အစားများမှာစုတ်ပြတ်နေပြီး မြင်သာသော အရေပြားနေရာတိုင်းတွင် သွေးများလိမ်းကျံထားသည်ကိုတွေ့လိုက်ရသည်။

ရှန်ကျွင်း၏ဒဏ်ရာမရထားသော ကျန်လက်တစ်ဖက်ကိုကြည့်လိုက်သောအခါ ထိုလက်တွင် သူ့သွေးများ ပေကျံနေသည်ကိုတွေ့ရသည်။

သူသည် သူ့လက်ကောက်ဝတ်ကိုကိုက်ဖောက်ပြီး သူ့သွေးများကို သူမ၏ခန္ဓာကိုယ်အနှံ လိမ်းကျံပေးထားခဲ့ခြင်းဖြစ်သည်။

ကျီချောင်ချင် တုန်လှုပ်သွားသည်။ ကျင့်ကြံသူတစ်ဦး၏ အဆင့်မြင့်လေလေ သူတို၏စွမ်းရည်များပိုမို အားကောင်းလေဖြစ်ပြီး သူတို၏အသွေးအသားများမှာ ပိုမိုသန့်စင်လေဖြစ်ကြောင်း သူမကောင်းကောင်းသိသည်။ ကျင့်ကြံသူများသည် အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် ရန်သူများကိုသတ်ဖြတ်ရန် သူတို၏အသွေးအသားများကို အသုံးပြုနိုင်ကြသည်။

ဥပမာအားဖြင့် ဖေးယီမင်၏ခန္ဓာကိုယ်ဖောက်ခွဲမှုသည် ထိုကဲ့သိုသောဖြစ်ရပ်မျိုးပင်။

ယခု ရှန်ကျွင်းသည် သူမအား မကောင်းဆိုးဝါး ဝိညာဉ်များရန်မှ ကာကွယ်ရန်အတွက် သူ့လက်ကောက်ဝတ်ကိုကိုက်ဖောက်ပြီး သွေးများကို သူမတစ်ကိုယ်လုံးအနှံလိမ်းကျံပေးခဲ့သည်။ သူမထက်စောပြီး သူနိုးလာခဲ့ခြင်း သိုမဟုတ် သူလုံးဝသတိမလစ်ခဲ့ဘဲ ပြုတ်ကျလာစဉ် သူမအတွက် အောက်မှခံပေးခဲ့ခြင်းဖြစ်နိုင်သည်။ အရိုးများ အားလုံးကျိုးကြေသွားသည့်တိုင် သူမကို နတ်ဆိုးဝိညာဉ်များမသတ်ဖြတ်နိုင်စေရန် မမောနိုင်မပန်းနိုင် ကြိုးစားကာ သူ့သွေးများကို သူမကိုယ်ပေါ်လိမ်းကျံပေးခဲ့ပြီးမှ အဆုံးတွင်သတိလစ်သွားခြင်းဖြစ်ပေလိမ့်မည်။

သူ မည်သည့်အချိန်က သတိလစ်သွားသည်ကိုပင် သူကိုယ် တိုင် သိလိုက်မည်မဟုတ်ချေ။ သူ့လက်ကောက်ဝတ်ပေါ်တွင် ဝိညာဉ်စွမ်းအင်များ ကျန်ရစ်နေဆဲဖြစ်ပြီး သွေးများကဆက် လက်စီးဆင်းလျက်ရှိသည်။ ထိုသွေးများသည် သူ့အောက်ဘက်ရှိ ချိုင့်ခွက်ထဲမှ ညစ်ပတ်နေသောရေများနှင့်ရောနှောကာ မည်သည့်နေရာသို ဦးတည်စီးဆင်းသွားသည်မသိရပေ။

ကျီချောင်ချင် တကယ်နားမလည်နိုင်တော့ပေ။ လောကကြီးတွင် ရှန်ကျွင်းကဲ့သို့ဖြူစင်ပြီး ကြင်နာတတ်သောသူသည် သူနှင့်တစ်နှစ်ခန့်သာ သိကျွမ်းခဲ့သောသူတစ်ယောက်အတွက် ဤမျှအထိပေးဆပ်ရဲသောသူမျိုးရှိနိုင်ပါမည်လား။

ဘာကြောင့်လဲ... ဘာကြောင့်များ သူမအတွက် ဒီလောက် အထိလုပ်ပေးရတာလဲ!

ကျီချောင်ချင်၏ရင်ထဲတွင် တွေဝေမိန်းမောခြင်းများပြည့်နှက်လာသည်။ သူမ တကယ် ဘာလုပ်ရမှန်းမသိတော့ပေ။

အစပိုင်းက သူမ သူ့ကိုအသုံးချခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ်စစ်မှန်သောခံစားချက်တချို့ဖြစ်ပေါ်လာခဲ့သည်ကို သူမဝန်ခံသော်လည်း ထိုအချက်က သူမ သူ့ကိုအသုံးချခြင်းကိုတော့တားဆီးနိုင်ခြင်းမရှိခဲ့ပေ။

ယခုတော့ သူက သူမအပေါ် သိပ်ကောင်းလွန်းနေသဖြင့် သူမဘာလုပ်ရမှန်းမသိဖြစ်နေရသည်။

သူမမွေးဖွားလာချိန်မှ ယခုအချိန်အထိ သူမအပေါ် အမှန်တကယ်ရိုးသားဖြူစင်ခဲ့သူ အလွန်ရှားပါးလှသည်။ လူအများစုသည်ပြောင်းလဲသွားကြပြီး သူမနှင့် တဖြည်းဖြည်းဝေးကွာသွားခဲ့ကြရာ အဆုံးတွင် မည်သူမျှမကျန်ရှိတော့ပေ။

ယခုအချိန်အထိ ကျီချောင်ချင်အတွက် ဤသို့လုပ်ပေးလိုသူမှာ ရှန်ကျွင်းတစ်ဦးတည်းသာရှိသည်။

ကျီချောင်ချင် သိသည်။ ယခု သူမလုပ်ရမည့်အလုပ်မှာ ရှန်ကျွင်း၏အင်္ကျီလက်စကြားမှ ခွင်းလွန်ဓားကို ယူပြီး သူ့အလောင်းကိုကျော်ခွကာ ချောက်ကမ်းပါးပေါ်သို့ပြန်တက်၍ လက်စားချေရမည်ဖြစ်သည်။

ဒါပေမဲ့ သူမ မလှုပ်ရှားနိုင်ဘူး၊ သူ့ကို ဒီအတိုင်း မစွန့်ပစ်ထားနိုင်ဘူး...

သူမ၏မျက်နှာပေါ်တွင် ရှန်ကျွင်း၏သွေးများ ဖုံးလွှမ်းနေ သည်။ သူမ၏လက်များ၊ ခြေထောက်များနှင့် ခြေဖဝါးများအားလုံးတွင် သူ့သွေးများစွန်းထင်းနေသည်။ သူမ မကောင်း ဆိုးဝါးဝိညာဉ်များ၏ လက်ချက်ဖြင့်သေဆုံးသွားမည်ကို သူအလွန် ကြောက်ရွံ့ခဲ့သဖြင့် သူ့အသက်ကိုပဓာနမထားဘဲ သူ့သွေးများဖြင့် သူမကိုလိမ်းကျံပေးခဲ့သည်။

သူ မနာကျင်ဘူးလား? သူ မခံစားရဘူးလား?

ရှန်ကျွင်းသည် ကျီချောင်ချင်၏အတွင်းစိတ်ကို လုံးဝမသိရှိပေ။ သူသည် သူတို့ စတွေ့စဉ်ကအတိုင်းပင် မြေပြင်ပေါ်တွင်လဲလျောင်းနေသည်။

သူ၏ရုပ်ရည်သွင်ပြင်သည် သေသပ်လှပပြီး အမူအရာမှာ တည်ငြိမ်အေးချမ်းလျက်ရှိသည်။ ထိုသည်မှာ အမြင့်ဆုံးတောင်ထိပ်ပေါ်မှနှင်းများအလား တိတ်ဆိတ်ငြိမ်သက်နေသောပင်လယ်ပြင်အလားထင်ရသည်။

သူသည် သူမအပေါ် တိတ်တဆိတ်ကောင်းပေးခဲ့သည်။ တိတ်တဆိတ်ပင် သူမ၏ဒိုင်းကာဖြစ်ပေးခဲ့ကာ ဘာမှပြန်မတောင်းဆိုခဲ့ပေ။

ကျီချောင်ချင် ရှန်ကျွင်း၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ တစ်ခါမှ ဆုံးဖြတ်ချက်တစ်ခုကို တည်ငြိမ်ရှင်းလင်းစွာမသိခဲ့ဖူးချေ။ သူမ ရှန်ကျွင်းကိုမသေစေချင်ပေ။

သို့သော် သူ့လက်ကောက်ဝတ်ပေါ်တွင် သူချထားခဲ့သောဝိညာဉ်စွမ်းအင်သည် အလွန်အားကောင်းလွန်းသည်။ ကျီချောင်ချင်သည် ဝိညာဉ်ကျောက်တုံးကို ချေမွပြီး ဝိညာဉ်စွမ်းအင်များကို သူမခန္ဓာကိုယ်ထဲသို့ထည့်သွင်းကာထိုစွမ်းအင်ကိုချေဖျက်ရန် ကြိုးစားသော်လည်းအရာမထင်ပေ။

ရာသီဥတုသည် ပြင်းထန်စွာအေးစက်လာသည်။ လေပြင်းများတိုက်ခတ်လာပြီး အရိုးထဲထိစိမ့်အောင် အေးလာသည်။ လရောင်သည် ဖြည်းဖြည်းချင်းမှိန်ဖျော့သွားပြီး မုန်တိုင်းတစ်ခုထပ်လာတော့မည့်ပုံ ပေါက်နေသည်။

ကျီချောင်ချင် နှုတ်ခမ်းကိုစေ့ထားလိုက်သည်။ အမှန်တွင် သူ့ကိုကယ်တင်နိုင်မည့် အခြားနည်းလမ်းတစ်ခု သူမတွင်ရှိနေသေးသည်။

ထိုသည်မှာ သူမခန္ဓာကိုယ်ထဲမှ အစီအရင်မျက်လုံးပင်ဖြစ်သည်။

ကျီချောင်ချင်၏ခန္ဓာကိုယ်ထဲမှ အစီအရင်ဗဟိုချက်သည် ချန်ကျင်းကျီနှင့်ဖေးယီမင်တို့ထံမှ အရာများနှင့်မတူပေ။ သူမဟာက အဓိကဗဟိုချက်ဖြစ်ပြီး ပိုမိုအားကောင်းသော ချိပ်ပိတ်စွမ်းအားများပါဝင်သလို အဆိုးရွားဆုံးသောနတ်ဆိုးစွမ်းအင်များလည်းပါဝင်သည်။

အတိတ်ကအတွေ့အကြုံများအရ အကယ်၍ ရှန်ကျွင်းသာ ဤအဓိကဗဟိုချက်ကို ပိုင်ဆိုင်လိုက်ပါက သူ၏ကျင့်ကြံစွမ်းအားသည် သေချာပေါက် တိုးတက်လာမည်ဖြစ်ပြီး ကပ်ဘေးကျော်လွှားခြင်းအဆင့်မှ မူလဝိဉာဉ်အဆင့်သို့တက်လှမ်းရန်မှာ မဖြစ်နိုင်သောကိစ္စမဟုတ်တော့ပေ။

ကပ်ဘေးကျော်လွှားခြင်းအဆင့်မှ မူလဝိဉာဉ်အဆင့်သို့ ကူးပြောင်းခြင်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိညာဉ်သွေးကြောများနှင့် အသွေးအသားများကို သန့်စင်ပြီး ပုံစံသစ်ပြန်လည်ဖြစ်ပေါ်စေမည်ဖြစ်ရာ သူ အသက်ရှင်နိုင်မည်မှာသေချာသည်။

ထို့အပြင် သူမအနေဖြင့် ဤအဓိကဗဟိုချက်ကို သူ့အား ပေးလိုက်ပါက ၎င်းကိုဖျက်ဆီးပြီး နတ်ဆိုးစွမ်းအင်များလွှတ်ထုတ်နိုင်တော့မည်မဟုတ်ကြောင်း ကျီချောင်ချင်သိထားသည်။

ထိုအချိန်မှာပင် ရှန်ကျွင်းသတိရလာပြီး မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်ကြည့်လေသည်။

ဤလှုပ်ရှားမှုသည် သူ့အတွက်ခက်ခဲပုံရပြီး သူ့ အသက်ရှူသံများမှာ အနည်းငယ်မူမမှန်ဖြစ်လာသည်။

ကျီချောင်ချင်သည် ရှန်ကျွင်းလက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။

"ရှန်ကျွင်း! မြန်မြန်လုပ်! ရှင့်ရဲ့ဝိညာဉ်စွမ်းအင်ကို ဖယ်လိုက်တော့!"

ရှန်ကျွင်းသည် ကျီချောင်ချင်ကို ကြည့်လိုက်သော်လည်း မလှုပ်ရှားပေ။ ထိုအစား သူသည် သူမကို အားယူကာပြုံးပြလိုက်သည်။

သူ သူမကိုပြုံးပြနေသည်။ သူမကို နှစ်သိမ့်ပေးနေသည်။

သူ၏အပြုံးသည် အမှန်ပင်လှပလွန်းလှသည်။ သူ၏ ပုံမှန်အေးစက်မှုများအားလုံးပျောက်ကွယ်သွားပြီး လေပြေလေညှင်းနှင့် လမင်းကြီးကဲ့သို့ရင်သပ်ရှုမောဖွယ်အလှတရားဖြင့် အစားထိုးလိုက်သကဲ့သို့ပင်။

All Chapters