အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
🍃 Chapter 117
အရိုးခိုက်မတတ်အအေးဓာတ်က ပိုမိုပြင်းထန်လာသည်။
ထိုစဉ် အဖြူရောင်ဝတ်ရုံနှင့်လူတစ်ယောက်သည် ကျီချောင်ချင်၏အခန်းထဲသို့ တိတ်ဆိတ်စွာဝင်ရောက်လာ၏။ သူသည် သူမ၏ကုတင်ဘေးတွင် ရပ်လျက် အချိန်ကြာမြင့်စွာငြိမ်သက်နေလေသည်။
ထိုဧည့်သည်ထံမှထွက်ပေါ်နေသော အေးစက်သည့် အငွေ့ အသက်များကြောင့် ကျီချောင်ချင်မျက်မှောင်များ ပိုမိုတွန့်ချိုးသွားကာ သူမသည် မသိမသာတုန်ယင်လာပြီး အိပ်ရာထဲသို့ပိုမိုတိုးဝင်သွားမိသည်။
အဖြူရောင်ဝတ်ရုံနှင့်လူက ကျီချောင်ချင်ကုတင်စွန်းတွင်ဝင်ထိုင်လိုက်ပြီး သူမ၏တွန့်ချိုးနေသော မျက်မှောင်များကို ဖွဖွလေးသပ်ပေးလိုက်သည်။
သူသည် အရပ်ရှည်ပြီးသွယ်လျကာ ၎င်းအရိပ်က ကျီချောင်ချင်တစ်ကိုယ်လုံးကို လွှမ်းမိုးထားသည်။
ထိုအချိန်တွင် သူ့နက်မှောင်သောဆံနွယ်တစ်စသည် ကုတင်ပေါ်သို့ကျဆင်းနေကာ ကျီချောင်ချင်က မတော်တဆဖမ်းဆွဲလိုက်မိသည်။ ထိုအရာကို သတိထားမိလိုက်သည့်အခါ ထိုအမျိုးသားက တိတ်ဆိတ်စွာပြုံးလိုက်လေသည်။
အခန်းထဲတွင် သည်းမခံနိုင်လောက်အောင် အေးစက်နေ သည်။ ကျီချောင်ချင် မျက်မှောင်များမှာ တွန့်ချိုးနေပြီး သူမ ခန္ဓာကိုယ်က အအေးဒဏ်ကြောင့် အေးခိုက်နေရသော်လည်း သူ့ စိတ်အာရုံမှာမူ ခေါင်းမာနေဆဲဖြစ်သည်။
ထိုအမျိုးသားသည် ကျီချောင်ချင်၏မသက်မသာ ဖြစ်မှုများကို ဂရုမစိုက်သည့်ပုံပေါ်နေသော်လည်း သူသည် အေးအေး လူလူပင်လက်လှမ်းလိုက်ပြီး သူမကိုစောင်သေချာခြုံပေး လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် သူသည် လက်ကိုပြန်မရုတ်သိမ်းလိုက်ပေ။ ထိုအစား လှပသောကြွေထည်ပစ္စည်းတစ်ခုကို မြတ်နိုးစွာကြည့်ရှုနေသကဲ့သို့ ကျီချောင်ချင်၏မျက်နှာသွင်ပြင်ကို အကွာအဝေးတစ်ခုမှနေ၍ စေ့စေ့စပ်စပ် လိုက်လံထိတွေ့ကြည့်ရှုနေလေသည်။
အဆုံးတွင် သူ့လက်က ကျီချောင်ချင်၏နှုတ်ခမ်းထက်၌ ရပ်တန့်သွားသည်။
သူသည် တွန့်ဆုတ်နေသလိုလို သာယာနေသလိုလိုနှင့် ခေတ္တရပ်တန့်သွားပြီးနောက် သူ့လက်ချောင်းများက ကျီချောင်ချင် နှုတ်ခမ်းဆီသို့ ဖြည်းညှင်းစွာတိုးကပ်သွားလေသည်။
ကျီချောင်ချင် မျက်မှောင်များမှာ ခြင်တစ်ကောင် ညှပ်မိနိုင်လောက်သည်အထိ ရှုံ့တွသွားသည်။ သူမသည် တစ်စုံတစ်ခုမှားယွင်းနေကြောင််း အာရုံခံမိလိုက်ပြီး ဝေဝါးနေသောအိပ်မက်ထဲမှ နိုးထချင်လာသည်။
ထိုအမျိုးသားက ကျီချောင်ချင်ကိုထိတွေ့ရန် ကြံရွယ်လိုက်စဉ်မှာပင် တံခါးပွင့်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျီချောင်ချင်၏ကုတင်ဘေးတွင် ထိုင်နေသောသူမှာ ပျောက်ကွယ်သွားပြီး အေးစက်သောအငွေ့ အသက်များလည်း ကွယ်ပျောက်သွားတော့သည်။
ရှန်ကျွင်းသည် ကျီချောင်ချင်အခန်းထဲသို့ဝင်လာပြီး ကုတင်ပေါ်တွင် အေးချမ်းစွာအိပ်ပျော်နေသော သူမကိုမြင်လိုက်ရသည်။ ထို့နောက် သူ့အကြည့်များက ကျယ်လောင်စွာပွင့်နေသော ပြတင်းပေါက်ဆီသို့ရောက်သွားသည်။
ကျီချောင်ချင်သည် အအေးဒဏ်ကို အမြဲတမ်းမခံနိုင်သူဖြစ်ရာ ပြတင်းပေါက်ကိုဖွင့်ထားခဲ့လိမ့်မည် မဟုတ်ပေ။
ရှန်ကျွင်းက ရှေ့သို့တိုးသွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမတွေ့ရချေ။ ထိုစဉ် ကျီချောင်ချင်၏တုန်ယင်နေသည့်အသံကို ကြားလိုက်ရသဖြင့် သူသည် ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဂါထာတစ်ခုရွတ်ဆိုလိုက်သည်။
အပြင်ဘက်မှ လေနှင့်နှင်းများမှာ အခန်းထဲသို့ဝင်ရောက်နိုင်ခြင်းမရှိတော့ပေ။
ရှန်ကျွင်းသည် ကျီချောင်ချင်၏ကိုယ်အပူချိန်ကို စမ်းသပ်ရန် သူမ၏ပါးပြင်ပေါ်သို့ လက်တင်လိုက်ရာ သူမ မျက်နှာလေးမှာ ရေခဲတမျှ အေးစက်နေသည်ကိုတွေ့လိုက်ရသည်။ သူ့ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သူမကိုနွေးထွေးအောင် ပြုလုပ်တော့မည့်ဆဲဆဲတွင် မမျှော်လင့်စွာပင် ကျီချောင်ချင်သည် နွေးထွေးမှုကိုအာရုံခံမိသွားသကဲ့သို့ သူ့ထံသို့ အလိုအလျောက်တိုးဝင်လာလေသည်။
ရှန်ကျွင်းမှာ အခြေအနေကိုစစ်ဆေးရန် ငုံ့ကြည့်လိုက်ရုံသာရှိသေးသော်လည်း ကျီချောင်ချင်က သူ့ လက်မောင်းကိုဖမ်းဆွဲကာ သူမ လက်ဖြင့် သူ့ ပါးပြင်ကိုပွတ်သပ်လိုက်သည်။
မိန်းမပျိုလေးတစ်ဦး၏ သင်းပျံ့သောရနံ့လေးက ရှန်ကျွင်း နှာဖျားဝသို့ အတားအဆီးမရှိတိုးဝင်လာပြီး ချောမွေ့ကာ အနည်းငယ်အေးစက်နေသော အထိအတွေ့မှာ အလွန်ပင်ကောင်းမွန်လှသဖြင့် ရှန်ကျွင်းခမျာ ကြောင်အမ်းသွားမိသည်။
သူ့ကို စိတ်ရောကိုယ်ပါကပ်တွယ်နေသည့် ဤလူသားလေးမှာ ကျီချောင်ချင်ဖြစ်နေသည်။
ထိုအရာကိုတွေးမိလိုက်သည်နှင့် ရှန်ကျွင်း မျက်နှာမှာ ရဲခနဲဖြစ်သွားသည်။ သူသည် အလိုအလျောက်ပင် လက်ကိုပြန်ဆွဲထုတ်ချင်သွားသော်လည်း ကျီချောင်ချင်၏ ချိုမြိန်သောအိပ်မက်ကို နှောင့်ယှက်မိမည်စိုးသဖြင့် တုံ့ဆိုင်းနေမိရာမှ ကျီချောင်ချင်ခြေလက်များကြားတွင် ရစ်ပတ်ငြိတွယ်ခြင်းခံလိုက်ရတော့သည်။
ခဏတာမျှ ရှန်ကျွင်းတစ်ယောက် ရှေ့တိုးရခက်၊နောက်ဆုတ် ရခက် အခြေအနေနှင့်ရင်ဆိုင်လိုက်ရသည်။ သူ ရုန်းကန်ရမလို၊ နောက်ဆုတ်ရမလိုဖြစ်ပြီးနောက် မျက်နှာလွှဲလိုက်တော့သည်။
ကျား၊ မ ကွဲပြားခြားနားမှုရှိသည့်အပြင် ကျီချောင်ချင်၏ ခွင့်ပြုချက်မရှိဘဲနှင့် ရှန်ကျွင်းသည် သူမ ကုတင်ပေါ်တွင်မထိုင်နိုင်ပေ။ ထို့ကြောင့် သူသည် ထိုင်ခုံတစ်လုံးကိုဖန်တီးလိုက်ပြီး သူမ ဘေးတွင် ဝင်ထိုင်ကာ ကျီချောင်ချင် နွေးထွေးစေရန်အတွက် သူ့လက်မောင်းကို ဖက်ထားခွင့်ပြုလိုက်လေသည်။
အပြင်ဘက်တွင် လေနှင့်နှင်းတို့ တိုက်ခတ်နေသော်လည်း ကျီချောင်ချင်မှာမူ တစ်ညလုံး နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့သည်။
မနက်မိုးလင်းသောအခါ ကျီချောင်ချင်မျက်လုံးဖွင့်ကြည့်လိုက်ရာ အခန်းထဲတွင် ဘယ်သူမှမရှိတော့သည်ကိုတွေ့လိုက်ရသည်။ တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူမ မသိစိတ်ဖြင့် လက်သီးကိုဆုပ်လိုက်မိသည်။
သူမ သိပ်အများကြီးတွေးမနေတော့ဘဲ ကုတင်ပေါ်မှဆင်းကာ တံခါးဖွင့်ပြီး ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် မနက်စာကို လက်တစ်ဖက်ဖြင့်ကိုင်လာသော ရှန်ကျွင်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
ပူပူနွေးနွေးအစားအစာများကို ကိုင်ထားသည့်တိုင် သူ၏ပုံစံမှာ လောကမှအရာများနှင့် ကင်းကွာနေသော နတ်ဘုရားတစ်ပါး၏အငွေ့အသက်များ ထွက်ပေါ်နေဆဲဖြစ်သည်။
ရှန်ကျွင်းက သူမ၏အခန်းတံခါးရှေ့တွင် ရပ်ပြီး
"စားလိုက်ဦး"
ကျီချောင်ချင်က သူမရှေ့မှအစားအစာများကို တစ်ချက်ကြည့်လိုက်သည်။ အနံ့ရော အရသာပါအရမ်းကောင်းမည့်ပုံပေါ်ပြီး သူမ ယခင်က စားခဲ့ဖူးသည်များနှင့် တစ်ထပ်တည်းတူညီနေသည်။
"ရှန်ကျွင်း... ရှင်တော်လိုက်တာ၊ စားဖိုမှူးက ကျွန်မအကြိုက်နဲ့ ထပ်တူကျအောင်ချက်တတ်ဖို့ ရှင် ဘယ်လိုများစီစဉ်လိုက်တာလဲဟင်"
ကျီချောင်ချင်က စားပွဲတွင်ဝင်ထိုင်လိုက်ပြီး အနံ့ကို အားရ ပါးရရှူရှိုက်လိုက်သည်။ မွှေးလိုက်တာမှ လွန်ရော...
ရှန်ကျွင်းက တည်ငြိမ်စွာဖြင့် "စားတော့"
ကျီချောင်ချင်က အနည်းငယ် မြည်းစမ်းကြည့်လိုက်ရာ အစပိုင်းတွင် ရင်းနှီးနေသလိုခံစားလိုက်ရပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။
"ဒါက ဘာလို့ အရင်တုန်းကအရသာနဲ့ တစ်ထပ်တည်းတူနေရတာလဲ၊ ဒါ သေချာပေါက် တစ်ယောက်တည်းကချက်ထားတာပဲဖြစ်ရမယ်"
ရှန်ကျွင်းက တိတ်ဆိတ်နေပြီး ဟင်းပွဲများကိုစားပွဲပေါ်သို့ တစ်ခုပြီးတစ်ခုတင်ပေးနေသည်။
အခန်းထဲတွင် နွေးထွေးနေဆဲဖြစ်ပြီး ရှန်ကျွင်း ကျီချောင် ချင်အတွက် ဆန်ပြုတ်တစ်ပန်းကန်ကို တိတ်ဆိတ်စွာခပ်ထည့်ပေးလိုက်သည်။
ထိုအချိန်တွင် ကျီချောင်ချင်က ရှန်ကျွင်းနားသို့တိုးကပ်သွားပြီး နားလည်ရခက်သောမျက်နှာထားဖြင့် မေးလိုက်သည်။
"ရှန်ကျွင်း... ရှင် ကျွန်မကို ဖုံးကွယ်ထားတာ တစ်ခုခု ရှိတယ်မလား"
ရှန်ကျွင်းသည် ဟင်းခပ်နေရင်း အနည်းငယ်ရပ်တန့်သွားပြီး ကျီချောင်ချင်၏အကြည့်များကို ရှောင်လွှဲလိုက်သည်။
သူမထင်တဲ့အတိုင်းပဲ၊ ရှန်ကျွင်းက ဘယ်တော့မှ လိမ်မပြောတတ်ဘူး၊ သူ အပြစ်ရှိသလိုခံစားရတဲ့အခါနဲ့ ရှက်တဲ့အခါမျိုးဆိုရင် အမြဲတမ်း မျက်လုံးချင်းမဆုံအောင် ရှောင်တတ်တယ်...
"ကျွန်မသိပြီ"
ကျီချောင်ချင်က ကျေနပ်အားရစွာဖြင့်ပြောလိုက်သည်။
"ရှင် အဲ့ဒီ စားဖိုမှူးကိုဝယ်ဖို့ ပိုက်ဆံတွေအများကြီး သုံးလိုက်တယ်မလား၊ ဒါကြောင့် သူက ကျွန်မတို့နောက်ကို လိုက်လာတာမဟုတ်လား"
ရှန်ကျွင်းက မျက်လွှာချလိုက်ပြီး သူ၏မျက်နှာထားက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ကျီချောင် ချင်၏ပန်းကန်ထဲသို့ ဟင်းတစ်ဖတ်ထည့်ပေးလိုက်ရင်း
"တိတ်တိတ်လေး စားစမ်းပါ"
သူသည် ဟုတ်တယ်လို့လည်းမပြောသလို မဟုတ်ဘူးလို့လည်းမငြင်းပေ။ ကျီချောင်ချင် ကိုယ့်ဘာသာ ခန့်မှန်းတာကိုစောင့်နေသလိုလို သို့မဟုတ် သူမကို တိတ်တိတ်ဆိတ်ဆိတိ စားစေချင်ရုံသက်သက်ပဲလားတော့ မသိတော့ပေ။
ကျီချောင်ချင်က ပြုံးလိုက်ပြီးနောက် ရုတ်တရက် စားပွဲကိုထောက်ကာ မတ်တတ်ရပ်လိုက်ပြီး ရှန်ကျွင်းအနားသို့တိုးကပ်သွားသည်။
"ဒါ စားဖိုမှူးတစ်ယောက်ချက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူတို့ကသာမန်လူသားတွေလေ၊ ကျွန်မတို့နဲ့အတူတူ အန္တရာယ်တွေကြားထဲ ဘယ်လိုလုပ်လိုက်နိုင်မှာလဲ၊ ရှန်ကျွင်း... ဖြစ်နိုင်တာကတော့ ချက်ပြုတ်ရတာမကျွမ်းကျင်တဲ့ နတ်ဘုရားတစ်ပါးက ကျွန်မအစားရွေးတတ်မှန်းသိလို့ ကျွန်မအတွက် သက်သက်မဲ့ ချက်ပြုတ်နည်းသင်ထားတာများလားဟင်"
ကျီချောင်ချင် နီးကပ်လာသည်နှင့်အမျှ ရှန်ကျွင်း၏ ခန္ဓာကိုယ်မှာ အလိုအလျောက်တောင့်တင်းသွားသည်။
ကျီချောင်ချင်၏အသံမှာ ရယ်မောသံစွက်နေသော်လည်း တိုးညင်းပြီး ဆွဲဆောင်မှုရှိနေသည်။
"ရှန်ကျွင်း... အဲ့ဒီလူက ဘယ်သူများဖြစ်နေမလဲနော်"
အခန်းထဲတွင်နွေးထွေးပြီး လင်းထိန်နေသည်။ ကျီချောင်ချင်က မျက်လုံးလေးမှေးကာ ပြုံးလိုက်သည်။ သူမက တကယ့်ကိုဉာဏ်ကောင်းလွန်းပြီး သူ၏အတွေးများကို ခန့်မှန်းနိုင်သူဖြစ်သည်။
ရှန်ကျွင်း၏နှလုံးခုန်သံများမှာ ထိန်းချုပ်မရအောင် နားကွဲလုမတတ် မြည်ဟီးလာတော့သည်။
ထို့နောက် ကျီချောင်ချင်က ရုတ်တရက်ပြန်ထိုင်ချလိုက်သည်။
"ကဲ... ကျေးဇူးတင်ပါတယ် နတ်ဘုရားရေ၊ ကျွန်မ အစားအ စာတွေ အကုန်လုံးကုန်အောင်စားပါ့မယ်"
ရှန်ကျွင်း ခေါင်းငုံ့လိုက်မိသည်။ သူသည် ဆုံးရှုံးမှုတစ်ခုလို ခံစားချက်နှင့်အတူ သူ့ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ်ကွေးတက်သွားသည်။ သူမ နားလည်သွားပြီဆိုတာ သူသိလိုက်ပြီ၊ သူမ အရာအားလုံးကို နားလည်သွားပြီဆိုတာကိုပေါ့...
ချွေ့ချန်ဟွမ်သည် မသေဆုံးခင်က ကျူးယွီနှင့် ပတ်သက်သည့် သတင်းစကားတစ်ခုသာချန်ထားခဲ့သည်။ ဝိညာဉ်မျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့က သူ့ကိုသတ်ချင်နေသည်ဆိုတာလောက်သာ ကျီချောင်ချင် သိထားသည်။ တခြားဘာကိုမှ သူမမသိရပေ။ မြောက်ပိုင်းနယ်မြေကြီးက အလွန်ကျယ်ပြောလှသည်။ သူမ ဘယ်ကနေစပြီးရှာရမလဲဆိုတာ တကယ်ကို ခက်ခဲနေသည်။
ဤသို့တွေးတောကာ ကျီချောင်ချင်ပြောလိုက်သည်။
"ရှန်ကျွင်း... ရှင် ဝိညာဉ်မျိုးနွယ်စုအကြောင်းသိလား၊ ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်တုန်းက ဝိညာဉ်မျိုးနွယ်စုဟာ ကျင့်ကြံခြင်းလောကမှာ အသန်မာဆုံးမိသားစုကြီး ဖြစ်ခဲ့ဖူးတယ်၊ အဖွဲ့ဝင်တိုင်းက ပါရမီရှင်တွေချည်းပဲ၊ စွမ်းအားကြီးတဲ့ သိုင်းကွက်တွေရှိကြသလို ကျင့်ကြံခြင်းအမြန်နှုန်းကလည်း ပြင်ပလူတွေထက် ဆယ်ဆ၊ အဆတစ်ရာလောက်ပိုမြန်ကြတယ်၊ ဒါပေမဲ့ ဒီမိသားစုကြီးက ရုတ်တရက်ဆိုသလို အစအနမကျန် အောင်ပျောက်ကွယ်သွားခဲ့တာဘဲ၊ ကျွန်မ အကြီးအကဲတွေဆီကကြားဖူးတာတော့ ဝိညာဉ်မျိုးနွယ်စုမှာ တင်းကျပ်တဲ့အတွင်းစည်းမျဉ်းတွေရှိတယ်တဲ့၊ သူတို့ရဲ့ သွေးစည်းသန့်စင်မှုကို ထိန်းသိမ်းဖို့အတွက် လူတိုင်းက မိသားစုအတွင်းမှာပဲလက်ထပ်ကြရပြီး ပြင်ပလူတွေနဲ့ လက်ထပ်ခွင့်မရှိဘူးတဲ့လေ၊ မောင်နှမချင်း ဒါမှမဟုတ် သားအမိချင်းလက်ထပ်တာကိုတောင် ခွင့်ပြုထားတယ်တဲ့"
ကျီချောင်ချင် ဆက်ပြောသည်။
"ကြာလာတော့ သူတို့ရဲ့ဝိညာဉ်အမြစ်တွေက တကယ်ပဲ ပိုပြီးသန်မာလာကြတယ်၊ ဒါပေမဲ့ သူတို့ရဲ့စိတ်ဝိညာဉ်အားလုံး ကတော့ ထိခိုက်ပျက်စီးကုန်ကြတယ်၊ သူတို့အချင်းချင်းသတ်ဖြတ်လာကြပြီး မယုံကြည်နိုင် ဖြစ်လာကြတယ်၊ နောက်ဆုံးတော့ အင်အားကြီးမားတဲ့မိသားစုကြီးတစ်ခုလုံး ကြယ်ကြွေသလိုမျိုး ပျောက်ကွယ်သွားခဲ့ရတာပဲ"
ရှန်ကျွင်းက ပြောလိုက်သည်။
"သွေးသားရင်းနှီးသူအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းက သေဆုံးခြင်းကိုပဲဦးတည်စေတာပါ"
ကျီချောင်ချင် ပြန်စဉ်းစားကြည့်လိုက်ပြီး ထိုသည်ကဖြစ်သင့်ကြောင်း သဘောတူလိုက်သည်။ မောင်နှမအရင်းအချာတွေ ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ၊ တိရစ္ဆာန်တွေပဲ အဲ့လိုလုပ်ကြမှာပေါ့...
သူတို့နှစ်ယောက် လမ်းမကြီးပေါ်သို့လျှောက်လာခဲ့ကြသည်။
ဧရိယာကကျယ်ဝန်းသော်လည်း လူဦးရေကနည်းပါးလှသည်။ လမ်းမများပေါ်တွင်လည်း အလယ်ပိုင်းလွင်ပြင်နှင့်ယှဉ်လျှင် ထူးထူးခြားခြားခြောက်ကပ်နေလေသည်။
ကျီချောင်ချင်သည် မူလက ဒေသခံများထံမှ ဝိညာဉ်မျိုးနွယ်စုအကြောင်း စုံစမ်းမေးမြန်းရန် ရည်ရွယ်ထားသော်လည်း လမ်းမပေါ်ရှိလူများက သူမနှင့် ရှန်ကျွင်းကိုမြင်သောအခါ သရဲတစ္ဆေကို မြင်လိုက်ရသလိုမျိုး တုံ့ပြန်ကြလိမ့်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။
ရှန်ကျွင်းကိုကြည့်လိုက်တိုင်း သူတို့ မျက်လုံးများထဲမှကြောက်ရွံ့မှုများကို ကျီချောင်ချင် ကောင်းစွာသတိထားမိလိုက်သည်။
ကျီချောင်ချင်က အနားသို့သွားရောက်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် အမျိုးသားတစ်ဦး ခလုတ်တိုက် လဲကျသွားပြီး အလန့်တကြားအော်လိုက်သည်။
"ဘာ... ဘာလိုချင်လို့လဲ! ငါ့ကို မသတ်ပါနဲ့!"
အနီးအနားရှိလူများသည်လည်း ထိုအမျိုးသား၏ကြောက်ရွံ့မှုကူးစက်သွားသည့်အလား အရူးများကဲ့သို့ လေးဖက်လေးတန်ထွက်ပြေးကုန်ကြတော့သည်။
ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ ထို့နောက် လူစုခွဲလိုက်ပြီး ထိုလူအုပ်စုကို လမ်းကြားတစ်ခုထဲသို့ ရောက်အောင် ပိတ်ဆို့လိုက်ကြသည်။
ထိုလူများက ရှန်ကျွင်းကို ထိတ်လန့်တကြားကြည့်လိုက်ကြပြီး "မင်းတို့ ဘာလိုချင်တာလဲ"
ကျီချောင်ချင် တစ်ယောက်အံ့သြသွားသည်။
ရှန်ကျွင်းလို ရုပ်ရည်ချောမောခန့်ညားသူတစ်ယောက်ဆိုလျှင် လူတိုင်း၏အားကျလေးစားသော အကြည့်ကိုသာ ရရှိသင့်သည်မဟုတ်ပါလား။ ဘာကြောင့်များ ဒီလူတွေက ဒီလိုပုံစံမျိုးနဲ့ တုံ့ပြန်နေကြတာပါလိမ့်…
🍃 Chapter 118
ကျီချောင်ချင်က မနေနိုင်စွာမေးလိုက်သည်။
"ဘာကြောင့်များ သူတို့က ဒီလောက်တောင် ကြောက်လန့်နေကြတာပါလိမ့်... ကျွ်မတို့က လူစားတဲ့ နတ်ဆိုးတွေမှမဟုတ်တာ"
လူအုပ်ကြီး၏ သတိထားမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုအပြည့်ပါသော မျက်လုံးများက ရှန်ကျွင်းတစ်ယောက်တည်းအပေါ်သို့ ပစ်မှတ်ထားကျရောက်နေသည်။
ကျီချောင်ချင် သံသယဝင်သွားမိသည်။
"ဘာလို့ သူ့ကိုမှကွက်ပြီး ကြောက်နေကြတာလဲ"
ရှန်ကျွင်းသည် ရုပ်ဖျက်ထားပြီးဖြစ်သည်။ ထိုအရာကိုတွေးကြည့်လျှင် မည်သူမှ သူ့ကိုမှတ်မိနိုင်စရာ အကြောင်းမရှိပေ။ ရှန်တုပိုင်က သူတို့၏ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊ အမူအရာများနှင့် စကားပြောပုံများကို မှတ်တမ်းတင်ခိုင်းထားပြီး လူထုကြားဖြန့်ဝေထားသဖြင့် လူတိုင်းက သူတို့လိုပုံစံရှိသူများကို ပိုပြီး သတိထားစောင့်ကြည့်နေကြခြင်းများ ဖြစ်နေမလား။
ဒါပေမဲ့... ဘာကြောင့်များ သူတို့က ရှန်ကျွင်းကိုမှ
ပိုကြောက်နေပုံပေါက်နေရတာလဲ...
ထိုအချိန်တွင် အမျိုးသားတစ်ဦးက ထအော်လိုက်သည်။
"သူက ငါတို့ကိုလာသတ်တာ၊ သူက ဟိုအရူးအုပ်စုနဲ့ တစ်ဖွဲ့တည်းပဲ"
"မင်းတို့ဘာလုပ်ချင်တာလဲ... ငါတို့ မင်းတို့ကို ဘာမှ ပြစ်မှားထားတာ မရှိဘူးလေ"
"ကျေးဇူးပြုပြီး ငါတို့ကိုလွှတ်ပေးပါ..."
ထိုစဉ် ရုတ်တရက် ဝိညာဉ်စွမ်းအင်အလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝိုင်းအဆုံးမှ ရှန်ကျွင်းထံသို့ မြားတစ်စင်းအလား တည့်တည့်မတ်မတ်ပျံသန်းလာသည်။
ရှန်ကျွင်း ကိုယ်ကိုလှည့်ပြီးရှောင်တိမ်းလိုက်ရာ ထိုဝိညာဉ် စွမ်းအင်တန်းက ဘေးနားရှိ သာမန်လူတစ်ဦးကို သွားရောက်ထိမှန်သွားလေသည်။
ထိုလူခမျာ အသံနက်ကြီးဖြင့် စူးဝါးစွာအော်ဟစ်လိုက်ပြီး ပွဲချင်းပြီးအသက်ပျောက်သွားတော့သည်။
ကျီချောင်ချင်မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံများကို သေသပ်စွာဝတ်ဆင်ထားသောလူတစ်စုက အရှိန်ဖြင့်ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်ဖြစ်သူက လေးကြီးတစ်လက်ကိုကိုင်ဆောင်ထားပြီး လေးညှို့ပေါ်ရှိ မြှားရှည်တစ်စင်းသည် ရှန်ကျွင်းထံသို့ ဦးတည်ပစ်လွှတ်လိုက်ပြီး ဖြစ်သည်။
ထိုမြှားရှည်သည် ပြင်းထန်သောဝိညာဉ်စွမ်းအင်များနှင့်ပြည့်နှက်နေပြီး ရှန်ကျွင်းကို အသေအလဲ သတ်ဖြတ်ရန်ရည်ရွယ်ထားကြောင်း ထင်ရှားလှသည်။
ရှန်ကျွင်းသည် ရှောင်တိမ်းခြင်းမပြုဘဲ သူ၏ခွင်းလွန်ဓားကိုဆွဲထုတ်ကာ ထိုမြှားကိုတည့်တည့်ပင် ခုခံလိုက်ရာ ဒိုင်းခနဲ အသံနှင့်အတူ မြှားမှာ တစ်စစီကြေမွသွားလေသည်။
ကျီချောင်ချင် လှမ်းကြည့်လိုက်ပြီး ထိုလူများ၏ ဝတ်စုံပေါ်ရှိ ထူးဆန်းသောအမှတ်အသားများကို သတိထားမိလိုက်သည်။ သူတို့၏သိုင်းပညာလမ်းစဉ်များက ကျင့်ကြံသူများ၊ နတ်ဆိုးဂိုဏ်းသားများနှင့်မတူပေ။ သူတို့ကဘယ်သူတွေလဲ...
"တွေ့တာနဲ့ သတ်ဖြတ်ဖို့ကြိုးစားတာကတော့ နည်းနည်း လွန်လွန်းမနေဘူးလား..."
ကျီချောင်ချင်က လှမ်းအော်လိုက်သည်။
"ထိုင်ပြီး အေးဆေး စကားပြောကြရအောင်၊ နားလည်မှုလွဲတာ တစ်ခုခုရှိနေမှာပါ"
ရှန်ကျွင်း၏ ခုခံနိုင်စွမ်းကိုမြင်လိုက်ရသောအခါ ထိုလူက အက်ကွဲကွဲအသံဖြင့် အမိန့်ပေးသလိုပြောလိုက်သည်။
"ရှန်ကျွင်း... ငါတို့နဲ့လိုက်ခဲ့စမ်း"
ကျီချောင်ချင် ပြန်အော်လိုက်သည်။
"သူက ဘာကိစ္စ ရှင်တို့နဲ့လိုက်ခဲ့ရမှာလဲ၊ ရှင်တို့က ဘယ်သူတွေမို့လို့လဲ"
ထိုလူများက ကျီချောင်ချင်ကိုပြန်မဖြေပေ။
ရှန်ကျွင်းက လက်နက်ချမည့်ပုံမပေါ်သည်ကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူမှာ မထီမဲ့မြင်ပြုံးလိုက်ပြီး သူ၏လေးကြီးကို ပြန်သိမ်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်လူအုပ်စုကြီးသည် သူတို့၏ ပင်ကိုအသက်ဝိညာဉ်လက်နက်များကိုထုတ်လိုက်ကြသည်။ သူတို့၏အရှိန်အဝါများက ခန့်မှန်းရ ခက်ခဲလှသည်။ ကျီချောင်ချင် ၎င်းတို့ ကျင့်ကြံခြင်းအဆင့်ကိုပင် အကဲမခတ်နိုင်ဖြစ်နေသည်။
ရှန်ကျွင်းသည် တစ်စုံတစ်ခုကိုအာရုံခံမိသွားပုံရပြီး ကျီချောင်ချင်ရှေ့တွင် ကာရပ်လိုက်ကာ တီးတိုးပြောလိုက်သည်။
"သူတို့အားလုံးက မဟာယာနအဆင့်တွေချည်းပဲ... ပြေးတော့"
မဟာယာနအဆင့်ရောက်နေတဲ့ အနက်ရောင်ဝတ်လူတစ်ဒါဇင်လောက် ရှိတယ်ဟုတ်လား...
ကျီချောင်ချင်မျက်လုံးပြာသွားပြီး ချက်ချင်းပင် နောက်လှည့်ကာ တွေဝေမနေတော့ဘဲထွက်ပြေးတော့သည်။
သောက်ကျိုးနည်း... အရင်တုန်းကဖြစ်ခဲ့တဲ့ နတ်ဆိုးမျိုးစစ်ပွဲတုန်းကတောင် မဟာယာနအဆင့်ကျင့်ကြံသူ ဘယ်နှယောက်ပါခဲ့လို့လဲ၊ အခု မြောက်ပိုင်းနယ်မြေက လူတစ်ယောက်ကိုဖမ်းဖို့အတွက် မဟာယာနအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကိုစုစည်းထားတယ်တဲ့လား၊ ဒါက တကယ့်ကိုကောင်းကင်ကြီးကို ဖီဆန်လွန်းနေပြီ...
ရှန်ကျွင်းသည် ကျီချောင်ချင်နောက်မှကပ်လိုက်လာပြီး ကျီချောင်ချင် ပျင်းနေစဉ်က ရေးဆွဲထားသော မန္တန်စက္ကူများကို ဘာအတွက်သုံးရမှန်းမသိဘဲ နောက်ပြန်ပစ်ပေါက်လိုက်လေသည်။
နောက်တစ်ခဏတွင် လူတိုင်း၏မျက်စိရှေ့၌ မီးခိုးလုံးကြီးပေါ်လာပြီး လေထုထဲတွင် ထူးဆန်းသော အနံ့ပေါင်းစုံပျံ့လွင့်သွားကာ အလင်းရောင်များက စူးရှလွန်းသဖြင့် ရန်သူများမှာ မျက်လုံးပင်ဖွင့်မရအောင ဖြစ်သွားကြသည်။
ကျီချောင်ချင် ခြေလှမ်းနှစ်လှမ်းပင်မပြေးရသေးခင် ရှန်ကျွင်းက သူမကိုပခုံးပေါ်သို့ပွေ့တင်လိုက်ပြီး လေပွေအလား လျင်မြန်သောနှုန်းဖြင့်ထမ်းပြေးတော့သည်။
ကျီချောင်ချင် သတိပြန်မဝင်ခင်မှာပင် သူတို့ထံသို့ သတ် ဖြတ်လိုသောအငွေ့အသက်များနှင့် ဝိညာဉ်စွမ်းအင်များဒလဟောတိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ရှန်ကျွင်းသည် လျင်မြန်စွာရှောင်တိမ်းလိုက်ပြီး ကျီချောင် ချင်ကိုသယ်ဆောင်လျက် တောနက်ထဲသို့ ပိုမိုဝေးကွာအောင်ပြေးဝင်လာသည်။ အဆုံးတွင် သူတို့နှစ်ဦးသည် အနက်ရောင်ဝတ်လူအုပ်စု၏ ဝန်းရံပိတ်ဆို့မှုကိုခံလိုက်ရပြီး သစ်တောအုပ်တစ်ခုထဲသို့ မောင်းသွင်းခြင်းခံလိုက်ရလေသည်။
သစ်တောထဲတွင် အဆိပ်မြူများဖုံးလွှမ်းနေပုံရသည်။ ကျီချောင်ချင်က သတိထားရန်ပြောလိုက်သည်။
"ဒီနေရာမှာလျှောက်မသွားနဲ့... မသမာသူတွေဆင်ထားတဲ့ ထောင်ချောက်ထဲမိသွားလိမ့်မယ်"
ကျီချောင်ချင်သည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဤသစ်တောသည် သာမန်သစ်တောနှင့် မတူကြောင်း သတိထားမိလိုက်သည်။ အဆိပ်မြူများ ဖုံးလွှမ်းထားမှုအောက်တွင် သစ်တောအတွင်း၌ အစီအရင်တစ်ခု လည်ပတ်နေသကဲ့သို့ရှိသည်။
မကြာမီ ကျီချောင်ချင်ကပြောလိုက်သည်။
"အဲ့အရပ်ဘက်ကို ဦးတည်လိုက်"
ထိုစကားကိုကြားသည်နှင့် ရှန်ကျွင်းသည် ကျီချောင်ချင်ညွှန်ပြသည့်နေရာသို့ ချက်ချင်းပြေးသွားလိုက်သည်။
သူတို့ သစ်ပင်အိုကြီးတစ်ပင်ကိုဖြတ်ကျော်သွားစဉ် ကျီချောင်ချင်သည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို သစ်ပင်ထဲသို့ ပေါ့ပေါ့ပါးပါးပင်ပစ်ထည့်လိုက်သည်။
မကြာခင်မှာပင် သူတို့နှစ်ဦး သစ်တောထဲမှ ပြန်လည်ထွက်ပေါ်လာကြသည်။
ရှန်ကျွင်းက ပြောလိုက်သည်။
"ဒီနေရာက စိတ်မချရသေးဘူး၊ ကိုယ်မင်းကို အရင်ခေါ်ထုတ်သွားပေးမယ်"
ရှန်ကျွင်း၏မျက်နှာထားက အနည်းငယ်တည်ကြည်လေးနက်နေသည်။ ကျီချောင်ချင်သည် စကားအများကြီးပြောနေတတ်သူ မဟုတ်သဖြင့် သူမကပြောလိုက်သည်။
"လောလောဆယ် ရန်သူကအားကြီးပြီး ကျွန်မတို့က အားနည်းနေတယ်၊ မြောက်ပိုင်းနယ်စပ်ကနေ အရင် ဆုတ်ခွာပြီးမှ ရှေ့ဆက်ဘာလုပ်မလဲ တိုင်ပင်ကြတာပေါ့"
မမျှော်လင့်ထားစွာပင် ရှန်ကျွင်းကငြင်းလိုက်သည်။
"ကိုယ် ထွက်မသွားနိုင်ဘူး"
ကျီချောင်ချင် နားမလည်နိုင် ဖြစ်သွားသည်။
"ဘာလို့လဲ"
"ဒီနေရာက အရာအားလုံး ရင်းနှီးနေသလိုခံစားရတယ်"
ရှန်ကျွင်းက ကျီချောင်ချင်ကို လေးလေးနက်နက် ကြည့်ကာပြောလိုက်သည်။
"ဒီနေရာက ကိုယ့်ရဲ့ မွေးရပ်မြေ ဖြစ်ကောင်းဖြစ်နိုင်တယ်”