အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
🍃 Chapter 119
ရှန်ကျွင်းက ပြတ်သားစွာဆိုလိုက်သည်။
"မင်းကို ဒီကနေ ပြန်ပို့လိုက်တော့မယ်"
ကျီချောင်ချင်မှာ မျက်မှောင်တို့တွန့်ချိုးသွားတော့သည်။
"ရှင် ကျွန်မကိုဝင်မပါစေချင်ဘူးလား"
ရှန်ကျွင်း "ဒီနေရာက အန္တရာယ်များလွန်းတယ်၊ မင်း ဒီမှာတင်သေသွားနိုင်တယ်"
ကျီချောင်ချင်မှာ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီးတုံ့ပြန်လိုက်မိသည်။
"ရှင်တစ်ယောက်တည်း သူတို့ကိုယှဉ်နိုင်မယ်ထင်နေလား၊ သူတို့က မဟာယာနအဆင့်တွေနော်!"
ထိုသို့ပြောပြီးသည်နှင့် သူမလေသံထဲတွင် စိုးရိမ်ပူပန်မှုများ ရောစွက်နေသည်ကိုသတိပြုမိကာ ကျီချောင်ချင် စကားခေတ္တရပ်တန့်သွားသည်။ ထို့နောက် လေသံကို အနည်းငယ်လျှော့ချလိုက်ပြီး
"မြောက်ပိုင်းနယ်စပ်မှာ လျှို့ဝှက်ကြံစည်မှုတစ်ခုရှိနေတယ်၊ ရှင်တစ်ယောက်တည်းရင်ဆိုင်လို့မရဘူး၊ ကျွန်မကိုဘာမှမဖြစ်စေချင်ဘူးဆိုရင် ကျွန်မ...."
ကျီချောင်ချင် စကားမဆုံးလိုက်နိုင်ပေ။ ရှန်ကျွင်းက ရုတ်တရက်လှုပ်ရှားလိုက်ပြီး သူမ လည်ဂုတ်ကို လက်ဖြင့်ရိုက်ချလိုက်သည်။
ကျီချောင်ချင် စကားစမဆုံးခင်မှာပင် ကြမ်းပြင်ပေါ်သို့ ခွေခွေလေးလဲကျသွားတော့သည်။ ရှန်ကျွင်းက ကျီချောင်ချင်၏ခါးသိမ်လေးကို လှမ်းထိန်းလိုက်ပြီး ချက်ချင်းပင် သူမကို ကျောပေါ်သို့ပိုးလိုက်သည်။
သူ ခေါင်းကိုအနည်းငယ်စောင်းငဲ့ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ်တစ်ခုသဲ့သဲ့လေး ဖြစ်ပေါ်လာသည်။ သူမ သူ့ကိုစိတ်ပူနေမှန်း သူသိသည်။
သို့သော် ရှေ့သို့ပြန်လှမ်းကြည့်လိုက်ချိန် မျက်ခုံးများတွန့်ချိုးလျက် တည်ငြိမ်မှုများပျောက်ကွယ်သွားရသည်။
-
ကျီချောင်ချင် ပြန်လည်နိုးထလာသောအခါ သူ့ကိုယ်ကို တည်းခိုခန်းတစ်ခုအတွင်း ရောက်ရှိနေမှန်းသိလိုက်ရသည်။ သူမအချိန်အတော်ကြာ အိပ်ပျော်သွားခဲ့သည်ဟုခံစားရပြီး တစ်ကိုယ်လုံးနွမ်းနယ်ကိုက်ခဲနေသည်။
ရုတ်တရက်ပင် သူမခေါင်းထဲ ရှန်ကျွင်းအကြောင်း ဝင်ရောက်လာသည်။ ကျီချောင်ချင် အိပ်ရာမှ အတင်းကုန်းထကာ တံခါးကိုတွန်းဖွင့်ကြည့်လိုက်ရာ တည်းခိုခန်းအပြင်ဘက်ရှိလူများမှာ ပါးလွှာသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်ကို တွေ့လိုက်ရသည်။ ပြတင်းပေါက်အပြင်ဘက်တွင် စိမ်းလန်းသောဝါးပင်များနှင့် နွေဦးရာသီဝါးမျှစ်များက သက်ဝင်လှုပ်ရှားနေသောမြင်ကွင်းကို ဖန်တီးထားသည်။
ဤသည်မှာ မြောက်ပိုင်းနယ်စပ်ဖြစ်နိုင်စရာ အကြောင်းမရှိပေ။
ကျီချောင်ချင်က ဖြတ်သွားသောစားပွဲထိုးတစ်ဦး၏ အင်္ကျီကော်လံကိုဆွဲကိုင်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့်မေးလိုက်သည်။
"ဒါ ဘယ်နေရာလဲ"
စားပွဲထိုးလေးမှာ ကျီချောင်ချင်၏အရှိန်အဝါကြောင့်လန့်ဖျပ်သွားပြီး ထစ်အထစ်အငေါ့ဖြင့်ဖြေရှာသည်။
"ဒါ... ဒါက တောင်ပိုင်းနယ်စပ်ပါ..."
တောင်ပိုင်းနယ်စပ်တဲ့လား, တောင်ပိုင်းနယ်စပ်ဆိုတာ မြောက်ပိုင်းနဲ့ မိုင်ထောင်ချီဝေးကွာတယ်လေ...
ကျီချောင်ချင် "ငါအိပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"
စားပွဲထိုး "နှစ်... နှစ်ရက်ရှိပါပြီ"
ရှန်ကျွင်းက မဟာယာနအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူမကို တောင်ပိုင်းနယ်စပ်သို့ ရွှေ့ပြောင်းပို့ဆောင်ခြင်းမှာ သူ့အတွက်အပန်းမကြီးပေ။ သို့သော် သူမကတော့ ယခုအချိန်တွင် သာမန်လူတစ်ယောက်အဆင့်သာရှိတော့သည်။ ယခုမှ မြောက်ပိုင်းနယ်စပ်ကိုပြန်သွားမည်ဆိုပါက လနှင့်ချီကြာမြင့်ပေလိမ့်မည်။
ကျီချောင်ချင် ဒေါသအကြီးအကျယ်ထွက်သွားသည်။ သူမက စားပွဲထိုးကို ဝိညာဉ်ကျောက်တုံးတစ်တုံးပစ်ပေးလိုက်သည်။
"ငါ့ကို အကောင်းဆုံးဆေးရည်နဲ့ အင်းစက္ကူတွေသွားဝယ်ပေး၊ ငါလိုချင်တာရရင် ဝိညာဉ်ကျောက်တုံးထပ်ပေးမယ်၊ မရရင်တော့ နင့်ခေါင်းကိုသတိထားနော်"
စားပွဲထိုးလေးမှာ တုန်တုန်ယင်ယင်ဖြင့် အပြေးအလွှားထွက်ခွာသွားသည်။
ကျီချောင်ချင်က ဝိုင်နှစ်အိုးမှာယူလိုက်ပြီး အပေါ်ထပ်သို့တက်သွားခဲ့သည်။ သူမဘဝတွင် ဤသို့အဖြစ်မျိုး တစ်ခါမှမကြုံဖူးပေ။ တစ်ခဏမျှ ရှန်ကျွင်းလည်ပင်းကို ဓားနှင့်လှီးပစ်ချင်စိတ် ပေါက်သွားသည်။
သူမက သူ့အတွက်နဲ့ မြောက်ပိုင်းနယ်စပ်ကိုလိုက်လာမယ်လို့ထင်နေတာလား၊ သူမက ချွေ့ချန်ဟွမ် သေဆုံးမှုနဲ့ ကျူးယွီရဲ့တည်နေရာကို စုံစမ်းဖို့သွားချင်ရုံပဲ အရေးအကြီးဆုံးက အစီအရင်ရဲ့ဗဟိုချက်ကိုရအောင်ယူရမည်။ ရှန်တုပိုင် ဦးသွားလို့မရပေ။
ဆေးရည်နှင့်အင်းစက္ကူများ အမြန်ရောက်ရှိလာပြီး ကျီချောင်ချင်သည် အင်းကွက်ရေးဆွဲခြင်းကို အာရုံစိုက်လိုက်သည်။
ထိုအင်းကွက်များသည် နေရာရွေ့ပြောင်းခြင်း အင်းကွက်တွေနဲ့တူသော်လည်း မိုင်ထောင်ချီ ရွှေ့ပြောင်းပေးနိုင်မည့် အင်းမျိုးကိုတော့ သူမမရေးနိုင်ပေ။ လောလောဆယ်တော့ မြောက်ပိုင်းနယ်စပ်ဆီကို နည်းနည်းချင်းစီ ရွေ့ပြောင်းသွားဖို့သာတတ်နိုင်တော့သည်။
လမ်းခရီးတွင် ကြုံတွေ့ရမည့်ဒုက္ခများကိုတွေးမိကာ ကျီချောင်ချင်တစ်ယောက် ရှန်ကျွင်း မျက်နှာကို ဖြတ်ရိုက်ချင်စိတ်သာ တဖွားဖွားပေါ်လာတော့သည်။
အင်းကွက်များရေးဆွဲပြီးနောက် ကျီချောင်ချင်သည် ဆိုင်ရှင်ပို့ပေးထားသောမုန့်ကို ပေါ့ပေါ့ပါးပါး မြည်းစမ်းကြည့်လိုက်သည်။
သူမ တစ်ကိုက်ကိုက်ပြီးသည်နှင့် ပြန်ထွေးထုတ်လိုက်မိ သည်။ အရသာကဆိုးရွားလွန်းလှသည်။ နောက်တစ်ခါ ရှန်ကျွင်းနှင့်တွေ့ပါက သူမအတွက် အရသာရှိသည့် အစားအစာအများကြီးချက်ခိုင်းပြီး အပြစ်ပေးရမည်။ သူသာ ငြင်းဆန်ခဲ့မည်ဆိုပါက သူမ ကြိမ်တုတ်လေးနှင့်ရိုက်ပစ်မည်။
ကျီချောင်ချင် စိတ်ကိုစုစည်းပြီး အင်းကွက်ကို လည်ပတ်စေလိုက်ရာ ချက်ချင်းပင် ဝေးလံခေါင်သီသော တောင်တန်းဒေသတစ်ခုသို့ရောက်ရှိသွားသည်။ တုံ့ဆိုင်းမနေဘဲ အင်းညကွက်ကိုထပ်မံမီးညှိလိုက်ပြီး သူမ မသိသောနေရာတစ်ခုဆီသို့ ထပ်မံရွေ့ပြောင်းလိုက်ပြန်သည်။
ညအမှောင်ထုက ပိုမိုနက်ရှိုင်းလာသည်။
မြောက်ပိုင်းနယ်မြေသည် ထာဝရနှင်းဖုံးလွှမ်းနေပြီး နေ့ဘက်တွင်အလွန်အေးစက်ကာ ညဘက်တွင် ပိုမိုအေးခဲနေတတ်သ ည်။
ကျူးယွီတစ်ယောက် သတိမေ့မြောနေသည်မှာဘယ်လောက် ကြာသွားပြီမှန်းမသိတော့ပေ။ ကြောက်ရွံ့မှုများဖြင့် သတိလစ်သွားလိုက်၊ ထိတ်လန့်တကြား ပြန်နိုးလာလိုက်ဖြင့် သံသရာလည်နေသည်။
သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားခဲ့မှန်းမသိသည့်အပြင် ဤနေရာမှာ အကျဉ်းချခံထားရတာ ဘယ်လောက်ကြာပြီမှန်းလည်း မသိတော့ချေ။ ဝိညာဉ်မျိုးနွယ်စုက သူ့ကို သတ်လည်းမသတ်၊ စစ်ဆေးမေးမြန်းခြင်းလည်းမပြုဘဲ ပစ္စည်းတစ်ခုသဖွယ် ဤနေရာ၌ဖမ်းဆီးထားခြင်းဖြစ်သည်။
ကျူးယွီ၏ဝိညာဉ်စွမ်းအင်များကို ဝိညာဉ်မျိုးနွယ်စုကဖျက်ဆီးပစ်ခဲ့ပြီး၊ အရိုးများကြေမွသွားကာ နှစ်တစ်ရာသက်တမ်းရှိသော ကျင့်ကြံခြင်းအဆင့်များ ဖျက်ဆီးခံလိုက်ရသဖြင့် လုံးဝ မသန်မစွမ်းဘဝသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲရှိ အစီအရင်ဗဟိုချက်သာမရှိပါက ကျူးယွီသေချင်လှပြီဖြစ်သော်လည်း သေ၍မရပေ။ အစီအရင်ဗဟိုချက်ကို အလွှာသုံးထပ်ဖြင့်ချိပ်ပိတ်ထားသည်။ အကယ်၍ သူသေသွားပါက ဗဟိုချက်လည်းပျောက်ကွယ်သွားမည်ဖြစ်ပြီး နတ်ဆိုးချိပ်စည်းများပျက်စီးကာ ကမ္ဘာလောကကြီးပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။ သူ့ရှစ်ကျဲ၏ ကြိုးစားအားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားမည်ဖြစ်ရာ ကျူးယွီ သူ့ကိုယ်သူ ဘယ်တော့မှခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤလူသူကင်းမဲ့သောနေရာတွင် ရက်ပေါင်းများစွာ အကျဉ်းချခံထားရသော်လည်း ကျူးယွီကြံ့ကြံ့ခံနေရသည်။
သူ သေလို့မဖြစ်ဘူး။ ချွေ့ချန်ဟွမ်က လူသွားခေါ်နေပြီပဲ၊ သူတို့လာကယ်တဲ့အထိ သူအသက်ရှင်နေမှဖြစ်မယ်၊ ပြီးတော့ သူ့ရဲ့ ရှစ်ကျဲ... သူမက သူ့ကို သေချာပေါက်လာကယ်လိမ့်မယ်
ကျီချောင်ချင်အကြောင်းတွေးမိချိန် ကျူးယွီရင်ထဲတွင် နွေးထွေးမှုတစ်ခုဖြစ်ပေါ်လာသည်။ ကမ္ဘာပေါ်က တခြားမည်သူမှ သူ့ကိုလာမကယ်လျှင်တောင် ရှစ်ကျဲကတော့လာကယ်မှာ...
အစောင့်တစ်သိုက်ဖြတ်သွားပြီးချိန် ကျူးယွီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာနာကျင်ကိုက်ခဲနေပြီး အဆုံးတွင် မျက်ရည်များစီးကျလာတော့သည်။
အရမ်းအေးပြီး အရမ်းနာတာပဲ...
ထိုအချိန်မှာပင် ထောင့်တစ်နေရာမှ လူရိပ်တစ်ခု ပေါ်လာပြီး လေသံအေးစက်စက်ဖြင့်မေးလိုက်သည်။
"မင်းက ကျူးယွီလား"
ကျူးယွီ အလိုအလျောက်မော့ကြည့်လိုက်ရာ အလွန်တရာချောမောခန့်ညားသော အမျိုးသားတစ်ဦးက သူ့ကို စူးစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
"ခင်ဗျားက..."
ထိုလူက ဆိုသည်။
"ကျီချောင်ချင် မင်းကို ရှာခိုင်းလိုက်တာ"
ထိုစဉ် ကျီချောင်ချင်သည် မြေကြီးထဲမှရုန်းကန်ထွက်လာခဲ့ရသည်။ သူမ တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေပြီး အလွန်ပင်ပန်းနွမ်းနယ်နေသည်။ ဤနေရာရွေ့ပြောင်းခြင်း အင်းကွက်က ယခင်တုန်းက အင်းတွေနဲ့ လုံးဝမတူပေ။ ပို့လိုက်သည့်နေရာတွေကလည်း ထူးထူးဆန်းဆန်းနေရာချည်းပင်။ သူမသာ လျင်လျင်မြန်မြန် တုံ့ပြန်မှုမလုပ်ခဲ့လျှင် ဝေးလံခေါင်သီသောတစ်နေရာရာသို့ပြုတ်ကျပြီး သေဆုံးသွားလောက်ပြီဖြစ်သည်။
ဖုန်မှုန့်များကိုခါထုတ်ရင်း ကျီချောင်ချင် လှဲအိပ်အနားယူရန်ပြင်လိုက်စဉ် မြောက်ပိုင်းနယ်မြေ၌ နှင်းများ မစဲတမ်းကျဆင်းနေသည်ကို သတိပြုမိလိုက်သည်။ နှင်းပွင့်များက မျက်နှာကို စူးရှစွာရိုက်ခတ်နေသဖြင့် သူမပြန်ထထိုင်လိုက်ရသည်။
ထိုအခါမှ သူမ ထူထပ်သောတောအုပ်တစ်ခုထဲ ရောက်နေမှန်းသိလိုက်ရသည်။ ညအချိန်ရောက်နေပြီဖြစ်ပြီး နှင်းများ၏အလင်းပြန်မှုကြောင့် ပတ်ဝန်းကျင်ရှုခင်းကို ဝိုးတဝါးမြင်နေရသည်။
သူမ ကံဆိုးစွာဖြင့် မဟာယာနအဆင့်ကျင့်ကြံသူများ ရှန်ကျွင်းကိုပိတ်ဆို့ရန် ကြိုးစားခဲ့သောနေရာသို့ ရောက်ရှိနေပုံရသည်။
ကျီချောင်ချင်က ဤနေရာမှပြန်မထွက်နိုင်မှာကို မပူသော် လည်း ဝိညာဉ်မျိုးနွယ်များနှင့်တွေ့မှာကိုတော့စိုးရိမ်သည်။ ထိုသို့တွေးမိပြီးနောက် ကျီချောင်ချင် မတ်တတ်ရပ်ကာ ထွက်ခွာရန်ပြင်လိုက်သည်။
မထင်မှတ်ထားစွာ သူမ ခြေလှမ်းနှစ်လှမ်းခန့်လှမ်းပြီးသည်နှင့် အဝေးမှလူသံသဲ့သဲ့ကြားလိုက်ရသည်။
ကျီချောင်ချင်ရင်ထိတ်သွားပြီး တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။ ထိုလူများနှင့်ဝေးရာသို့ ရောက်သွားသော်လည်း ကျီချောင်ချင် သတိဝီရိယ ဆက်ထားပြီး အမှောင်ရိပ်ထဲသို့တိုးဝင်သွားလိုက်သည်။
ရုတ်တရက် ကျီချောင်ချင် ခြေချော်သွားသည်။
မြောက်ပိုင်းနယ်မြေ၏နှင်းများမှာ ထူထပ်များပြားလှပြီး လူသူအရောက်အပေါက်နည်းလေ နှင်းထုကပိုထူလေဖြစ် သည်။ ကျီချောင်ချင်မှာ ဒေသနှင့် မရင်းနှီးသဖြင့် နှင်းဖုံးနေသော ချိုင့်ဝှမ်းတစ်ခုထဲသို့ မတော်တဆနင်းမိသွားခြင်းဖြစ်သည်။
ကျီချောင်ချင် ခန္ဓာကိုယ်ကိုထိန်းရန် အသည်းအသန်ကြိုးညစားသော်လည်း ပြုတ်ကျသည့်အရှိန်မှာ ပြင်းထန်လွန်းပြီး နှင်းထုကလည်းထူလွန်းလှသည်။ ဤရေလှိုင်းပမာနှင်းပွင့်များစွာက ကျီချောင်ချင်ကို ဖုံးလွှမ်းသွားပြီး သူမ မည်မျှပင်ရုန်းကန်ပါစေ ချိုင့်ဝှမ်းထဲသို့ နက်ရှိုင်းစွာနစ်မြုပ်သွားခြင်းကို
မတားဆီးနိုင်ခဲ့ပေ။
ကျီချောင်ချင်ရှိနေသည်ကို တစ်စုံတစ်ယောက်ကရှာတွေ့သွားသည့်အလား ထိုနေရာသို့လျင်မြန်စွာ ပျံသန်းလာကြသည်။ ကျီချောင်ချင်၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီဖြစ်သော်လည်း အပြင်ဘက်မှ လူများထွက်သွားဦးမည်မဟုတ်ကြောင်း သိသဖြင့် အလိုအလျောက် တုံ့ပြန်လိုစိတ်ကိုအတင်းဖိနှိပ်ကာ မလှုပ်မယှက်နေလိုက်သည်။
သို့သော် ကံဆိုးမိုးမှောင်ကျလာလျှင် ဆိုးသထက် ဆိုးလာတတ်သည်။ နှင်းထုက သူမ၏ကိုယ်အလေးချိန်ကိုမခံနိုင်တော့သည့်အလား ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းနစ်မြုပ်လာသည်။
အပေါ်မှနှင်းများက သူမအပေါ်သို့ ပြိုကျလာပြီး ကျီချောင်ချင် အသက်ရှူရခက်ခဲလာကာ ရင်ဘတ်တစ်ခုလုံးမွန်းကျပ်လာသည်။ သာမန်လူဆိုလျှင် လဲကျသေဆုံးသွားနိုင်မည့်အခြေအနေမျိုးတွင် ကျီချောင်ချင် စိတ်အာရုံမှာ ပုံမှန်မဟုတ်ဘဲကြည်လင်နေသည်။
အသက်ရှူကျပ်လာမည့်အန္တရာယ်ကို လျစ်လျူရှုပြီး အပြင်ဘက်မှ လူများ၏လှုပ်ရှားမှုကို ဂရုတစိုက် အကဲခတ်နေလိုက်သည်။
သို့သော် နှင်းကျသံများက ကျယ်လောင်လွန်းသဖြင့် သူမဘာမှမကြားရသလောက်ပင်။ ကျီချောင်ချင် နားစွင့်ထားသော်ညလည်း သူမ၏ပြင်းထန်လာသော နှလုံးခုန်သံကိုသာ ကြားနေရသည်။
သူမ အကန့်အသတ်ရောက်နေပြီဟု တွေးလိုက်သော်လည်း ထိုအကန့်အသတ်ဖြင့်ပင် အပြင်ထွက်၍မရသေးပေ။ အတိတ်က ဆိုးရွားသောအခြေအနေများမှ အကြိမ်ကြိမ်လွတ်မြောက်အောင် ပြုလုပ်ပေးခဲ့သည်မှာ ဤစိတ်ဓာတ်ခွန်အားပင်ဖြစ်ပြီး ယခုလည်း သူမလုပ်နိုင်ရပေမည်။
ကျီချောင်ချင်က မျက်နှာရှေ့မှနှင်းပွင့်များနှင့် နားထဲမှဆူညံသံများကို လျစ်လျူရှုလိုက်ချိန်မှာပင် သူမ၏ခေါင်းပေါ်မှ ဖဲကြိုးနီလေးက ရုတ်တရက်ပြေလျော့သွားပြီး ခါးကိုရစ်ပတ်ကာ အပေါ်သို့လျင်မြန်စွာဆွဲတင်လိုက်တော့သည်။
နောက်တစ်ခဏတွင် ဖဲကြိုးနီ၏ဆွဲတင်မှုကြောင့် ကျီချောင် ချင် နှင်းထုထဲမှလွတ်မြောက်လာသည်။ လေကောင်းလေ သန့်များ ရင်ထဲသို့ အလုအယက်ဝင်ရောက်လာပြီး ဘေးရှိနံရံကို လက်ဖြင့်ထောက်ကာ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ပြင်းထန်စွာ ချောင်းဆိုးလိုက်မိသည်။
ချောင်းဆိုးနေသော်လည်း ကျီချောင်ချင်၏မျက်လုံးများက လူများရှိခဲ့သည့်နေရာသို့ လှမ်းကြည့်လိုက်ရာ သူတို့ထွက်ခွာသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကျီချောင်ချင် စိတ်သက်သာရာရသွားပြီးနောက် တစ်ခဏအကြာတွင် ထိုင်လိုက်သည်။ ထိုအခါမှ သူမမှီထားသော နေရာသည် နံရံမဟုတ်ဘဲ ကြီးမားသော ရုပ်တုကြီးတစ်ခုဖြစ်နေကြောင်း သတိထားမိလိုက်သည်။
ကျီချောင်ချင် ရုပ်တုကြီး၏ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ညအမှောင်ထုအောက်တွင် ရုပ်တုကြီးမှာကြီးမားခမ်းနားပြီး ကရုဏာတရားပြည့်ဝကာ စစ်မှန်သောနတ်ဘုရားတစ်ပါး ထိုင်နေသည့်အလားပေါ်လွင်နေသည်။
ရုပ်တုကြီးမှာ ရေညှိများဖုံးလွှမ်းနေပြီး ထိုနေရာ၌ရှိနေသည်မှာ အလွန်ကြာမြင့်နေပုံရသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိသော်လည်း ကျီချောင်ချင်က ဤရုပ်တုကိုရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ဒါက အရမ်းရှေးကျတဲ့ နတ်ဘုရားတစ်ပါးပဲ"
အမျိုးသားအသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
"ရှေးဟောင်းနတ်ဘုရားတစ်ပါး ရှိခဲ့ဖူးတယ်လို့ ပြောစမှတ်ရှိတယ်၊ သူ့နာမည်ကိုတော့ ငါလည်း မသိဘူး၊ သူက လူအများကြီးကိုကယ်တင်ခဲ့ပြီး ဝိညာဉ်မျိုးနွယ်တွေက သူ့ရဲ့ အမာခံနောက်လိုက်တွေဖြစ်ခဲ့တယ်ဆိုတာပဲသိတယ်၊ ကံမကောင်းစွာနဲ့ နတ်ဘုရားကပျက်စီးသွားပြီး သူ့နောက်လိုက်တွေကို လမ်းပြဖို့ ဘယ်တော့မှပြန်မလာတော့တဲ့အတွက် ဝိညာဉ်မျိုးနွယ်တွေလည်းပျက်စီးခဲ့ရတယ်"
ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသားတစ်ဦးက ကျီချောင် ချင်ရှေ့သို့ ဖြည်းဖြည်းချင်းရောက်လာသည်။ သူ့မျက်နှာကနူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသောလူငယ်တစ်ဦးပုံ ပေါက်နေသည်။
"ဒဏ္ဍာရီအရတော့ ယုံကြည်သူတွေက သူတို့ရဲ့နတ်ဘုရား အပေါ် လုံလောက်တဲ့ယုံကြည်မှုရှိရင် နတ်ဘုရားကပြန်လာလိမ့်မယ်တဲ့"
ဤလူကလည်း သူမလိုပင် ဝိညာဉ်စွမ်းအင်မရှိပေ။ ကျီချောင်ချင် မျက်ခုံးပင့်လိုက်ပြီး
"ဒီလောကကြီးမှာ နတ်ဘုရားတွေမရှိတော့ဘူး၊ သူတို့ရဲ့မျက်ကန်းယုံကြည်မှုက အလကားပဲ"
လူငယ်က ဆက်ပြောသည်။
"နတ်ဘုရားပျောက်ကွယ်သွားပြီးနောက်ပိုင်း ဝိညာဉ်မျိုးနွယ်တွေက ယဇ်ပူဇော်တဲ့ထုံးတမ်းစဉ်လာတွေကို စတင်လုပ် ဆောင်ခဲ့ကြတယ်၊ သူတို့ယုံကြည်ကြတာက မျိုးဆက်တစ်ခုစီရဲ့ သန့်ရှင်းစင်ကြယ်ဆုံး သွေးမျိုးဆက်ပါတဲ့ ဝိညာဉ်မျိုးနွယ်ကလေးတစ်ယောက်ရဲ့အသွေးအသားကို နတ်ဘုရားဆီပူဇော်လိုက်ရင် နတ်ဘုရားကျေနပ်ပြီး ပြန်လာမယ်လို့
ထင်နေကြတာ"
အဓိပ္ပာယ်မရှိလိုက်တာ...
ကျီချောင်ချင်သည် အဓိကအချက်ကို ရုတ်တရက် သဘော ပေါက်သွားသည်။
"ရှန်ကျွင်းက ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်ဆိုတော့ သူက နောက်ထပ် ယဇ်ပူဇော်ခံရမယ့်သူပေါ့ဟုတ်လား၊ ဒါကြောင့် သူတို့ ရှန်ကျွင်းကိုပြန်လာစေချင်နေကြတာကိုး..."
လူငယ်က ပြုံးလျက်ခေါင်းညိတ်ပြသည်။
"မင်းက တော်တော်ဉာဏ်ကောင်းတာပဲ"
ကျစ်... ရှန်ကျွင်း မြောက်ပိုင်းနယ်မြေကို ပြန်လာတာက ကိုယ့်သေတွင်း ကိုယ်တူးတာမဟုတ်ဘူးလား ?
ထိုညက ချောက်ကမ်းပါးအောက်ခြေတွင် ချွေ့ချန်ဟွမ် ပေါ်လာပုံနှင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရပ်များ၊ နောက်ပိုင်းတွင် သူတို့ကိုအမြန်ထွက်သွားရန် တိုက်တွန်းခဲ့သောမကောင်းဆိုးဝါး အရှိန်အဝါများကို ကျီချောင်ချင်ပြန်သတိရလိုက်သည်။
🍃 Chapter 120
တစ်စုံတစ်ယောက်က သူတို့ကို မြောက်ပိုင်းနယ်မြေဆီရောက်လာအောင် တမင်လမ်းပြခဲ့သည်ဟု ကျီချောင်ချင် သံသယမဝင်ဘဲမနေနိုင်တော့ပေ။ သူမအကြောင်းကောင်းကောင်းနားလည်ပြီး ဤထောင်ချောက်ထဲရောက်အောင် စေ့စေ့စပ်စပ်ဆွဲခေါ်နိုင်မည့်သူမှာ ရှန်တုပိုင် တစ်ယောက်သာရှိသည်။
ကျီချောင်ချင် အံကြိတ်လိုက်ပြီးမှ လူငယ်ကိုပြုံးပြလိုက်သည်။
"ရှင်ပြောနေတာတွေက လုပ်ဇာတ်ကြီးနဲ့တူနေတယ်၊ ရှင် အမှန်ပြောတာဟုတ်မဟုတ် ကျွန်မ ဘယ်လိုလုပ် သေချာမှာလဲ"
လူငယ်က ပြောသည်။
"ရှန်ကျွင်းရဲ့အသက်နဲ့ ရင်းချင်ရင်တော့ ကျွန်တော့်ကို မယုံလည်းရပါတယ်"
ကျီချောင်ချင် ရယ်မောလိုက်သည်။
"ကျွန်မနာမည်က ရှန်ယွီပါ၊ ရှင်ကရော။"
လူငယ်က ပြန်ဖြေသည်။
"ကျွန်တော်က လင်းရူရှုပါ"
ကျီချောင်ချင် "ရှင် ကျွန်မကို အများကြီးပြောပြနေတယ်နော်၊ ရှင့်ရဲ့ ဝိညာဉ်မျိုးနွယ်တွေသိသွားပြီး ရှင့်ကိုသတ်ပစ်မှာမကြောက်ဘူးလား"
လင်းရူရှု "ကျွန်တော်က ဝိညာဉ်မျိုးနွယ်ရဲ့ ခေါင်းဆောင်လေ၊ ကျွန်တော့်မှာအာဏာမရှိပေမယ့် သူတို့ ကျွန်တော့်ကိုသတ်လို့မရဘူး"
ဝိညာဉ်မျိုးနွယ်ခေါင်းဆောင်က ရောဂါသည်တစ်ယောက်ဖြစ်နေတာလား…
ကျီချောင်ချင်က သက်ပြင်းတစ်ချက်ကိုဖွဖွလေး မှုတ်ထုတ်လိုက်သည်။
"ဝိညာဉ်မျိုးနွယ်စုဆိုတာ ဟိုတုန်းကအရမ်းအစွမ်းထက်ခဲ့တာလေ၊ မျိုးနွယ်စုခေါင်းဆောင်တိုင်းကလည်း ဝိညာဉ်မျိုးနွယ်စုရဲ့ အသန်မာဆုံးပုဂ္ဂိုလ်တွေချည်းပဲ၊ ရှင် ခေါင်းဆောင်မဖြစ်ခင်တုန်းက တခြားလူတွေထက် အရည်အချင်းမညံ့ခဲ့ဘူးလို့ ကျွန်မထင်ပါတယ်၊ အခုလိုဖြစ်သွားရတာ နှမြောစရာကောင်းလိုက်တာရှင်"
လင်းရူရှုက နူးညံ့စွာပြုံးလိုက်သည်။
"မိန်းကလေးရှန်... ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်ပေးစရာမလိုပါဘူး၊ ကျွန်တော့်ခန္ဓာကိုယ်က လွန်ခဲ့တဲ့နှစ်သုံးရာလောက်ကတည်းက လေဖြတ်နေခဲ့တာပါ၊ ကျွန်တော့်စိတ်ကလည်း တည်ငြိမ်အေးဆေးနေတာကြာပါပြီ၊ ခန္ဓာကိုယ်အခြေအနေကြောင့် စိတ်အနှောင့်အယှက်မဖြစ်တော့ပါဘူး"
ဟုတ်လို့လား၊ မဖြစ်နိုင်လိုက်တာ...
အထွတ်အထိပ်နေရာကနေ တွင်းနက်ထဲပြုတ်ကျသွားသည့်ခံစားချက်ကို ကျီချောင်ချင် ကောင်းကောင်းကြီးနားလည် သည်။ ထို့ကြောင့် လင်းရူရှုပြောနေသည်မှာ လိမ်ညာနေခြင်းသာဖြစ်ကြောင်း သူ အတပ်သိနေသည်။
"စိတ်မရှိပါနဲ့"
ကျီချောင်ချင်က ဆက်ပြောလိုက်သည်။
"ကျွန်မကနှမြောလို့ပါ၊ ကြည့်ပါဦး... ရှင်က ရုပ်ရည်ချောမောခန့်ညားလွန်းတော့ ဒီဘီးတပ်ကုလားထိုင်နဲ့ တကယ်မလိုက် ဖက်ဘူး၊ ဒါပေမယ့် စကားစပ်လို့ မေးရဦးမယ်... အဲဒီတုန်းက ရှန်ကျွင်းက ရှင့်ကိုဘာလို့ မကယ်ခဲ့တာလဲ၊ သူ အမြဲတမ်းသဘောကောင်းပြီးကြင်နာတတ်တဲ့သူလေ၊ ပြီးတော့ သူ့ဝိညာဉ်စွမ်းအင်ကလည်းမြင့်မားတာပဲ... ရှင့်ကို မကယ်ဘဲ နေစရာအကြောင်းမရှိပါဘူး"
လင်းရူရှု၏မျက်နှာပေါ်တွင် တွေဝေငေးငိုင်မှု အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"အဲဒီတုန်းက သူက ကျွန်တော့်ရဲ့ညီအစ်ကိုကောင်းပါ၊ ကျွန်တော့်ကိုကူညီဖို့အတွက် သူအများကြီးခံစားခဲ့ရရှာပါတယ်"
ကျီချောင်ချင် "သူက ရှင့်အတွက်အဲဒီလောက် ခံစားခဲ့ရတာတောင် မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ ရှင်ကအပြင်ထွက်ပြီး သူ့ကိုလိုက်မရှာတာ နည်းနည်း ရက်စက်ရာမကျလွန်းဘူးလား"
လင်းရူရှု ခါးသီးစွာပြုံးလိုက်သည်။
"ဝိညာဉ်မျိုးနွယ်စုက မြောက်ပိုင်းနယ်စပ်ကနေ
ထွက်ခွာလို့မရဘူးလေ၊ လွန်ခဲ့တဲ့နှစ်သုံးရာက ဒီနေရာကနေ သူထွက်သွားပြီးကတည်းက သူ့ကို ကျွန်တော် ပြန်မတွေ့ရတော့ပါဘူး"
ဪ... ဒီလိုကိုး၊ ဒါကြောင့်လည်း ရှန်ကျွင်းကို ဘယ်သူမှလာမရှာကြတာပဲ...
ကျီချောင်ချင်သည် သူမ ကြားချင်သည့်အဖြေကို ကြားလိုက်ရသဖြင့် မျက်နှာပေါ်ရှိအပြုံးမှာ ပိုမိုစစ်မှန်လာသည်။
သို့သော် သူမအနေဖြင့် ဤလူ့အပေါ်အကာအကွယ်မဲ့မနေရဲပေ။ ရှန်ကျွင်းနှင့်စတွေ့စဉ်က ရှန်ကျွင်းတွင် ဝိညာဉ်စွမ်းအင်လုံးဝမရှိခဲ့ဘဲ ထူးဆန်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမှလွဲ၍ သာမန်လူနှင့်မခြားနားခဲ့ပေ။
ဝိညာဉ်မျိုးနွယ်စုသည် သိုင်းပညာနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို အမြဲတမ်းအလေးထားကြသည်။ ထိုစဉ်က ရှန်ကျွင်း၏အခြေအနေမှာ ဝိညာဉ်မျိုးနွယ်စုအတွင်း မသန်မစွမ်းတစ်ယောက်လိုဖြစ်နေခဲ့သည်။ ထိုလူ့စကားများနှင့် ရှန်ကျွင်း၏ စိတ်နေသဘောထားကို ချင့်ချိန်ကြည့်လျှင် ရှန်ကျွင်းအကြီးအကျယ်ခံစားခဲ့ရမည်ဟု ကျီချောင်ချင် သုံးသပ်မိလိုက်သည်။
အရေးအကြီးဆုံးအချက်မှာ ဝိညာဉ်စွမ်းအင်မရှိသောသာမန်လူတစ်ယောက်က ထျန်းရွှမ်ဂိုဏ်းဘေးက ချောက်ကမ်းပါးဆီကို ဘယ်လိုလုပ် တစ်ယောက်တည်း ရောက်လာနိုင်မည်နည်း။ တကယ်ကိုထူးဆန်းလွန်းသည်။
ကျီချောင်ချင် မော့ကြည့်လိုက်ရာ အချိန်ကာလဒဏ်ကြောင့် ကြီးမားသောကျောက်ရုပ်တုကြီးမှာ ကြမ်းတမ်းပြီး ရိုးရှင်းနေပြီဖြစ်သော်လည်း သူမကတော့ ရှေးဟောင်းအငွေ့အသက်များနှင့် မူလအလှတရားကို မြင်တွေ့နေရဆဲဖြစ်သည်။
"ရှင့်ရဲ့နတ်ဘုရားက တော်တော်ကြည့်ကောင်းတာပဲ၊ ကျွန်မ စိတ်ထင်လို့လားတော့မသိဘူး... ရင်းရင်းနှီးနှီးရှိသလိုပဲ"
လင်းရူရှုကမော့မကြည့်ဘဲ ကျီချောင်ချင်၏မျက်နှာကိုသာ စိုက်ကြည့်နေသည်။
"နတ်ဘုရားပြန်လာမယ်ဆိုတာကို ကျွန်တော်သဘောမတူပေမယ့် ဒါကဝိညာဉ်မျိုးနွယ်စုရဲ့ယုံကြည်မှုတစ်ခုဖြစ်နေတော့ ကျွန်တော့်မျိုးနွယ်စုအတွက် မျှော်လင့်ချက်ယူဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်"
ရုတ်တရက်ပင် အဝေးမှ ခြေသံများနီးကပ်လာသည်ကို ကျီချောင်ချင်ကြားလိုက်ရသည်။
ဤတစ်ခါတော့ သူမပုန်းအောင်းမနေတော့ပေ။ သူမ ရှေ့မှာလူမရှိရင်တော့ ပုန်းဖို့စဉ်းစားကောင်းစဉ်းစားမိလိမ့်မည်။ သို့သော် လူရှိနေမှတော့ ခိုးကြောင်ခိုးဝှက် လုပ်နေလို့မဖြစ်ချေ။ သိက္ခာကျလွန်းသည်။
ကျီချောင်ချင်နှင့်ရှန်ကျွင်းကို တောအုပ်ထဲမောင်းသွင်းခဲ့ဖူးသော အနက်ရောင်ဝတ်လူများသည် ယခုတစ်ဖန်ပြန်ပေါ်လာကြပြီး သူမ ထွက်ပြေးသွားမည်ကိုစိုးရိမ်သည့်အလား ဝိုင်းရံလိုက်ကြသည်။
ကျီချောင်ချင်က တည်ငြိမ်စွာပင်ပြောလိုက်သည်။
"ဪ... ကြည့်ရတာ ရှင်တို့ ဒီနှစ်ရက်အတွင်း အပြင်မထွက်ဖြစ်ကြဘူးနဲ့တူတယ်၊ ကိုယ့်အစီအရင်ကိုတောင် ကိုယ်ပြန်မသုံးတတ်ကြဘူးလား..."
သူမကသက်ပြင်းချလိုက်သည်။
"ဒုက္ခပါပဲရှင်... ကိုယ့်အစီအရင်ထဲကိုယ် ပိတ်မိနေတယ်ဆိုတာမျိုး ကျွန်မ ပထမဆုံးကြုံဖူးတာပဲ၊ ပြင်ပလူဖြစ်တဲ့ ကျွန်မတောင် ရှင်တို့အစားရှက်မိတယ်"
လင်းရူရှု အနည်းငယ်အံ့သြသွားသည်။ ကျီချောင်ချင် ပါးစပ်က တကယ်ကိုစူးရှလှသည်။ သူမ စကားအနည်းငယ်ပြောလိုက်ရုံဖြင့် လူတိုင်း၏ ဒေါသကိုဆွပေးလိုက်နိုင်သည်။ သူတို့ သူ့ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား...
အနက်ရောင်ဝတ်ခေါင်းဆောင်က အက်ကွဲကွဲအသံဖြင့်ပြောလိုက်သည်။
"ရှန်ကျွင်း ငါတို့အစီအရင်ကိုဘာလုပ်လိုက်တာလဲ၊ သူဘယ်မှာလဲ"
ကျီချောင်ချင် ပခုံးတွန့်လိုက်သည်။
"ကျွန်မ ပြောပြရင်ကော ရှင်တို့ ရှာတွေ့မှာမို့လို့လား၊ ဘာပဲဖြစ်ဖြစ် ရှင်တို့ ဘယ်သူမှ အပြင်မထွက်နိုင်ကြတာကို"
လင်းရူရှုက တစ်ခုခုဝင်ပြောမှဖြစ်မည်။ သို့မဟုတ်ပါက မဟာယာနအဆင့်ကျင့်ကြံသူတစ်ယောက်၏ ရိုက်ချက်ဖြင့် ကျီချောင်ချင် အသတ်ခံလိုက်ရနိုင်သည်။
"အားလုံး..."
သို့သော် ကျီချောင်ချင် ပေါ့ပေါ့ပါးပါးပင်ဖြတ်ပြောလိုက်သည်။
"ကျွန်မက ရှင်တို့အစီအရင်ထဲကို ဝိညာဉ်ကျောက်တုံးတစ်တုံးပစ်ထည့်ပြီး နည်းနည်းပါးပါးပြင်လိုက်ရုံပါပဲ၊ နှစ်ရက်လုံးလုံး ထွက်ပေါက်ရှာမတွေ့ရအောင် ရှင်တို့က အဲဒီလောက်တောင်တုံးအကြလား"
အနက်ရောင်ဝတ်လူများ ဒေါသအကြီးအကျယ် ထွက်သွားကြသည်။ တောအုပ်ထဲရှိအစီအရင်ကို ရှန်ကျွင်းပြုလုပ် ထားသည်ဟု ထင်ခဲ့ကြသော်လည်း လက်တွေ့တွင် လှပရုံသက်သက်သာရှိသည့် ဤမိန်းမလက်ချက်ဖြစ်နေခဲ့သည်။
"ခွေးမ! ငါ မင်းကိုသတ်ပစ်မယ်"
သူ ဝင်တိုက်ခိုက်ရန်ပြင်လိုက်စဉ် အခြားအနက်ရောင်ဝတ်တစ်ဦးက တားဆီးလိုက်သည်။
"မိန်းကလေး... ကျွန်တော်တို့ ရှန်ကျွင်းနဲ့ပတ်သက်ပြီး အရေးကြီးကိစ္စရှိတယ်၊ သူ ဘယ်မှာလဲဆိုတာ ခင်ဗျားသိတယ်မလား၊ အချိန်အရမ်းဆွဲနေရင် ပြင်ဆင်လို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်လာလိမ့်မယ်"
ဒီလူတွေက တွေ့သည်နှင့် ရှန်ကျွင်းကိုသတ်ချင်နေကြပြီး ယခုကျတော့မှ သူမကို ကိုယ်ကျင့်တရားနှင့် လာပြီးအကျပ်ကိုင်ချင်နေကြသည်။ ကျီချောင်ချင် ခပ်ဖွဖွရယ်မောလိုက်ပြီး လူအုပ်ကြီး၏စူးစိုက်ကြည့်နေမှုအောက်တွင် ရုပ်တုကြီးကို ပျင်းရိစွာပြန်မှီလိုက်သည်။
လေအေးတစ်ချက်တိုက်ခတ်သွားပြီး ကျီချောင်ချင်၏ ဆံနွယ်များ ဖွာလန်ကျဲသွားရာလက်ကောက်ဝတ်တွင်ချည်ထားသော ဖဲကြိုးနီလေးဖြင့် ပေါ့ပေါ့ပါးပါးပင်စည်းနှောင်လိုက်သည်။
"ကျွန်မကို ပြင်ဆင်လို့မရနိုင်တဲ့ အကျိုးဆက်ဆိုတာတွေနဲ့လာမခြိမ်းခြောက်နဲ့၊ တကယ်ဖြစ်လာရင်တောင် ကျွန်မနဲ့ဘာဆိုင်လို့လဲ"
အနက်ရောင်ဝတ်လူများ၏ ဒေါသတကြီးအကြည့်များအောက်တွင် ကျီချောင်ချင် နှုတ်ခမ်းမဲ့လိုက်သည်။
"အကူအညီတောင်းချင်ရင် တောင်းတဲ့ပုံစံပေါက်မှပေါ့၊ ရှင်တို့ဝိညာဉ်မျိုးနွယ်တွေက အကူအညီတောင်းရင် ဒီလိုပုံစံနဲ့တောင်းကြတာလား"
ကျီချောင်ချင်၏အမူအရာမှာ အလွန်မောက်မာပြီး ဘဝင်မြင့်နေသည်။ ထိုနေရာရှိ အနက်ရောင်ဝတ်လူများသည် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများဖြစ်ကြပြီး ဤကဲ့သို့ဆက်ဆံခံရခြင်းမျိုး တစ်ခါမျှမကြုံဖူးကြသဖြင့် ဒေါသထွက်လာကြသည်။
"ရှစ်ရှုန်း... ကျွန်တော် သူ့ကိုသတ်ပစ်လိုက်မယ်၊ သူရှိနေရင် ရှန်ကျွင်း အဝေးကြီးကိုပြေးနိုင်မှာ မဟုတ်ဘူး။"
"ရှန်ကျွင်းက ဒီမိန်းမကို သူ့မျက်စိလိုကာကွယ်ထားတာ ငါမြင်တယ်၊ သူ့ကိုခြိမ်းခြောက်ဖို့ ဒီမိန်းမရဲ့ခြေလက်တွေကို ဖြတ်ပစ်လိုက်ကြမယ်"
"ဒီမိန်းမရဲ့နောက်ခံကထူးဆန်းတယ်၊ သတ်ပစ်လိုက်တာပိုကောင်းမယ်"
ကျီချောင်ချင်က ဤသို့ခြိမ်းခြောက်စကားမျိုးတွေ အကြိမ် ကြိမ် ကြားဖူးပြီးပြီဖြစ်၍ လုံးဝဂရုမစိုက်ပဲ စိတ်လှုပ်ရှားသံစွက်၍ပင် ရယ်မောလိုက်သေးသည်။
"သတ်လေ... သတ်လေ... ကျွန်မက အသားနာမှာကြောက်တတ်တာ၊ ခြေလက်တွေဖြတ်ခံရပြီး နာနေမယ့်အစား တန်းပြီးသာသတ်လိုက်ကြ၊ အဲဒီကျရင် ရှင်တို့ သူ့ကို ဘယ်တော့မှရှာတွေ့တော့မှာမဟုတ်သလို ဒီတောအုပ်ထဲကနေလည်း ထွက်ရမှာမဟုတ်ဘူး၊ နောက်ထပ်နှစ်ရာချီစောင့်ရလိမ့်မယ်၊ သနားစရာကောင်းလိုက်တာနော်"
အနက်ရောင်ဝတ်လူများက ကျီချောင်ချင်ကိုဆွဲဖြဲတော့မည့်ဟန် ပြင်နေသည်ကိုမြင်သောအခါ လင်းရူရှုကဝင်ပြောလိုက်သည်။
"ဒီတောအုပ်ထဲကအစီအရင်ကို ခဏလေးနဲ့ဖျက်လို့မရဘူး ကျွန်တော့်ရဲ့တဲအိမ်လေးမှာ ခဏလောက်သွားနားကြမလား"
"မရဘူး ကြယ်ခုနစ်လုံးတန်းမယ့်အချိန်နီးနေပြီ၊ ရှန်ကျွင်း သာအမြန်မဝင်ရင် ငါတို့ နောက်ထပ် နှစ်ရာချီစောင့်ရလိမ့်မယ်"
အနက်ရောင်ဝတ်ခေါင်းဆောင်က ကျီချောင်ချင်ကို အကဲ ခတ်လိုက်သည်။
"ငါတို့က လူတစ်ယောက်ကိုကယ်ဖို့အတွက် ရှန်ကျွင်းကိုရှာနေတာ"
ကျီချောင်ချင် "လူကယ်မယ်ဟုတ်လား၊ ဘယ်သူ့ကိုကယ်မှာလဲ၊ ဝိညာဉ်မျိုးနွယ်စု မိသားစုဝင်လား၊ အခြေအမြစ်မရှိတဲ့ဒဏ္ဍာရီတစ်ခုအတွက်နဲ့ ရှန်ကျွင်းကိုသတ်ဖို့ဝန်မလေးကြဘူးပေါ့၊ ရယ်စရာကောင်းလိုက်တာ၊ ရှင်တို့ အကုန်လုံးရူးကုန်ကြပြီမို့လို့ ဒီအစီအစဉ်ကို ဆွဲလိုက်ကြတာလား"
ထိုစကားကိုကြားသောအခါ အနက်ရောင်ဝတ်လူများက လင်းရူရှုကိုလှမ်းကြည့်ကြသည်။ လင်းရူရှုမှာ နေရခက်စွာ ဖြင့် မျက်နှာလွှဲလိုက်သည်။
အနက်ရောင်ဝတ်ခေါင်းဆောင်က အေးစက်စွာပြောလိုက်သည်။
"သူ့ကို မင်းခြံဝင်းထဲခေါ်သွားလိုက်"
လေတစ်ချက်ထပ်မံတိုက်ခတ်သွားပြီး အမျိုးသမီး ရေမွှေးနံ့သင်းသင်းလေး လွင့်ပါလာသည်။
အနက်ရောင်ဝတ်လူအချို့က ကျီချောင်ချင်ကိုခေါ်ထုတ်သွားကြသည်။ မထွက်ခွာမီ ကျီချောင်ချင်က နောက်သို့ ဖြည်း ဖြည်းချင်းလှည့်ကာ လင်းရူရှုကို ကြည့်လိုက်သည်။
အနက်ရောင်ဝတ်ခေါင်းဆောင်က "ဒီမိန်းမက တော်တော်ပြဿနာရှာမယ့်ပုံပဲ၊ သူ့ကို ဝိညာဉ်မျိုးနွယ်အကြောင်းဘာမှမပြောနဲ့၊ ငါတို့ရဲ့အရေးကြီးကိစ္စကို နှောင့်နှေးအောင်လုပ်ရင် မင်းပါ သေလိမ့်မယ်"