← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

🍃 Chapter 123

ရှန်တုပိုင်က အနည်းငယ်စိတ်ရှုပ်ထွေးသွားပုံရသည်။

"တပည့်လေးရယ်... မင်းမှာမေးစရာတွေပုံနေသလို ဆရာ့ဘက်ကလည်း လုပ်ခဲ့တာတွေကမနည်းပါဘူး၊ ဘယ်ကစရှင်းပြရမလဲတောင် မသိတော့ပါဘူး"

ကျီချောင်ချင်က ပြတ်သားစွာဆိုလိုက်သည်။

"အရိုးရှင်းဆုံးတစ်ခုကနေပဲ စကြရအောင် ဆရာ၊ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက လူတိုင်း ကျွန်မကို ပစ်မှတ်ထားလာအောင် နောက်ကွယ်ကနေသွေးထိုးလှုံ့ဆော်ခဲ့တာ ဆရာလား"

ထိုစကားကိုကြားသောအခါ ရှန်တုပိုင်၏မျက်နှာတွင် သံသယအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"မင်း ဘယ်လိုလုပ်သိတာလဲ၊ ဆရာ့ခြေရာလက်ရာတွေက တော်တော်လေးသပ်ရပ်ခဲ့တာပါ... မင်း မသိသင့်ဘူးလေ"

လွန်ခဲ့သောနှစ်တစ်ရာအတွင်း ကျီချောင်ချင်ခံစားခဲ့ရသောဒုက္ခဆင်းရဲများမှာ ဘာမှမပြောပလောက်သည့် အသေးအဖွဲကိစ္စလေးများဖြစ်နေသည့်အလား သူက ပွင့်ပွင့်လင်းလင်းပင်ဝန်ခံလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျီချောင်ချင် ရင်ထဲ၌နှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့သော နာကြည်းချက်များနှင့်ခါးသီးမှုများအားလုံး အရည်ပျော်ကျသွားပြီး စိတ်သက်သာရာရစွာဖြင့်ရယ်မောလိုက်မိသည်။

"ဆရာ ကျွန်မကိုဖြေပြီးပြီဆိုတော့ အခု ဆရာ့ကို ကျွန်မ ပြန်ဖြေရမယ့်အလှည့်ရောက်ပြီ"

ကျီချောင်ချင်ထိုင်ချလိုက်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းပြန်ငှဲ့လိုက်သည်။

အပြင်ဘက်တွင် လေနှင့်နှင်းများတဖြည်းဖြည်း မုန်တိုင်းထန်လာသော်လည်း အခန်းထဲတွင်မူ လက်ဖက်ရည်ငွေ့များက လှည့်ပတ်ပျံ့လွင့်နေသည်။ ရေနွေးငွေ့များက ကျီချောင်ချင်၏မျက်လုံးနှင့် မျက်ခုံးများကြား စိမ့်ဝင်သွားပြီး သူမ အမူအရာကိုတည်ငြိမ်သွားစေသည်။ သူမနှင့်ရှန်တုပိုင်တို့ စိတ်ဝမ်းကွဲပြားခြင်းမရှိသေးသကဲ့သို့ ထျန်းရွှမ်ဂိုဏ်းတွင် ပျော်ရွှင်စွာလက်ဖက်ရည်သောက်ကာ တာအိုကိစ္စများဆွေးနွေးနေကြသည့် အချိန်များကဲ့သို့ပင် ငြိမ်သက်နေသည်။

လွန်ခဲ့သောတစ်နှစ်ခန့်ကသာဆိုလျှင် ကျီချောင်ချင် စားပွဲကိုလှန်ပစ်ပြီး ရှန်တုပိုင်နှင့်သေသည်အထိ တိုက်ခိုက်မိပေလိမ့် မည်။ သို့သော် ရှန်ကျွင်းနှင့်အတူ အဖြစ်အပျက်များစွာကို ဖြတ်သန်းပြီးနောက် သူမ၏စိတ်နေသဘောထားမှာ ပိုမိုရင့်ကျက် တည်ငြိမ်လာခဲ့သည်။

"ဒီလောကကြီးမှာ လူတွေရဲ့စိတ်ထဲက အကောင်းနဲ့အဆိုးဆိုတာခြေရာခံလို့ရပါတယ်၊ ကျွန်မက တစ်ခါတလေ မောက်မာတတ်ပေမယ့် ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူး၊ နတ်ဆိုးချေမှုန်းရေးစစ်ပွဲပြီးကတည်းကလည်း ကျွန်မ ဘယ်သူ့ကိုမှဒုက္ခမပေးခဲ့ပါဘူး၊ အကြောင်းပြချက်မရှိဘဲ ဘယ်သူမှ ကျွန်မအပေါ် ရုတ်တရက်မုန်းတီးလာမှာမဟုတ်ဘူး၊ နောက် ကွယ်မှာ ဖုံးကွယ်ထားတဲ့အကြောင်းပြချက် တစ်ခုခုရှိကိုရှိရမယ်၊ အစတုန်းကတော့ ကျွန်မ ဆရာ့ကိုသံသယမဝင်ခဲ့ပါဘူး ဒါပေမယ့် စုံစမ်းလေလေ ပိုကြောက်လန့်လာလေပါပဲ၊ လူတွေရဲ့စိတ်က ဒီလောက်ထိယုတ်မာနိုင်ပါလားဆိုပြီး ကြောက်မိတယ်"

ကျီချောင်ချင်သည် ဂိုဏ်းမှဖယ်ကြဉ်ခြင်းခံခဲ့ရကာ လုပ်ကြံခြင်းခံခဲ့ရပြီး စကားလုံးများဖြင့်စော်ကားခံခဲ့ရသည်။

တစ်စုံတစ်ယောက်၏စကားကြောင့် မဖြစ်မနေ အထွတ်အ ထိပ်သို့ အတင်းအကျပ်တွန်းပို့ခြင်းခံခဲ့ရသည်။ ထိုတင်မကသေးဘဲ အစီအရင်ဗဟိုချက်၏နှိပ်စက်မှုကိုလည်း နေ့ညမပြတ်ခံစားခဲ့ရသည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင် သူမသည် ဆင်ခြင်တုံတရားဖြင့် တည်ငြိမ်စွာစုံစမ်းခဲ့ရာ အဆုံးတွင် ရှန်တုပိုင်ကိုရှာတွေ့ခဲ့သည်။

ဒါပေမယ့်လည်း ဒီလူက သူမကိုလက်သပ်မွေး ပျိုးထောင်ပေးခဲ့တဲ့ သူမရဲ့ ဆရာအရင်းခေါက်ခေါက်ဖြစ်နေခဲ့တယ်...

သူမ၏ကျင့်ကြံခြင်းနည်းလမ်းများနှင့် အတွေးအခေါ်များကို ရှန်တုပိုင်ကပုံဖော်ပေးခဲ့ခြင်း ဖြစ်သည်။ သူမနှင့်သူသည် နတ်ဆိုးချေမှုန်းစစ်ပွဲတွင် ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့ကြပြီး နှစ်ယောက်သားကြားတွင် လျှို့ဝှက်ချက်ဟူ၍မရှိသလောက်ပင်။ ထိုကဲ့သို့သော လူတစ်ယောက်သည် သံသယအဖြစ်ရဆုံးဖြစ်နေသည့်တိုင် ကျီချောင်ချင် မသိစိတ်က သူ့ကိုမသင်္ကာမဖြစ်လိုခဲ့ပေ။

ကျီချောင်ချင်က ဆက်ပြောသည်။

"ဒါပေမယ့် ဆရာကကျွန်မအပေါ် ဒီလိုလုပ်မယ်လို့ မယုံနိုင် သေးဘူး၊ ဆရာ့လိုလူမျိုးက ဖြောင့်မတ်တည်ကြည်သင့်တာလေ၊ ကျွန်မကိုသတ်ချင်ရင်တောင် ပေါ်ပေါ်ထင်ထင်နဲ့လုပ်သင့်တာ၊ ဘာလို့ သူရဲဘောကြောင်တဲ့လူလိုမျိုး ကျွန်မအသက်ကိုယူဖို့ ဒီလောက်စိတ်အားထက်သန်နေရတာလဲ၊ ဒါကြောင့် ကျွန်မ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်"

"ဆရာကဂိုဏ်းသားတွေကိုအသုံးချပြီး ကျွန်မကို ပစ်မှတ်ထားစေချင်တယ်၊ အဲဒီနည်းနဲ့ ကျွန်မရဲ့ အင်အားကိုလျော့ နည်းသွားစေချင်တယ်ဆိုတာ ကျွန်မသိတယ် အဲဒီအချိန်တုန်းက ကျွန်မကအရမ်းသန်မာလွန်းနေပြီး ကျွန်မရဲ့စိတ်နေ သဘောထားကလည်း ဆရာနဲ့နည်းနည်းတူနေတာကိုး၊စိတ်လိုက်မာန်ပါနဲ့ တစ်ခုခုလုပ်လိုက်မိရင် ကြည့်ကောင်းမှာမဟုတ်ဘူးလေ"

ကျီချောင်ချင်သည် အနည်းငယ်ပြုံးလိုက်သည်။

"ဂိုဏ်းက ကျွန်မကိုဝိုင်းပယ်ထားတာကို အခွင့်ကောင်းယူပြီး စိတ်ဒဏ်ရာရနေသလို ဟန်ဆောင်ခဲ့တယ်၊ ဝိညာဉ်စွမ်းအင် အမြောက်အမြားကို အစီအရင်ဗဟိုချက်ကစုပ်ယူနေသလို ဟန်ဆောင်ခဲ့တယ်၊ စိတ်မငြိမ်မသက်ဖြစ်နေလို့ဆိုပြီး နှစ်တစ်ရာလောက်တံခါးပိတ်ကျင့်ကြံသလို ဟန်ဆောင်ခဲ့တယ်၊ ဒါတွေအားလုံးက ဆရာ့လိုလူမျိုးက သူ့ရဲ့လှည့်ကွက်တွေနဲ့ ဘာဆက်လုပ်မလဲဆိုတာသိချင်လို့ပါ"

ကျီချောင်ချင်က ရှန်တုပိုင်၏ခြေလှမ်းတိုင်းကိုမြင်နေခဲ့ သည်။ သူ့ဆရာ မည်မျှထိသွားနိုင်မလဲဆိုတာသိချင်သဖြင့် သူ အေးစက်စွာစောင့်ကြည့်နေခဲ့သည်။

"ဪ... ဒီလိုကိုး"

ရှန်တုပိုင်မျက်ဝန်းထဲ ကျီချောင်ချင်အပေါ် လေးစားအားကျမှု အရိပ်အယောင်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်။

"ချောင်ချင်... မင်းကတော်တော်ဉာဏ်ကောင်းတာပဲ၊ တစ်ခါ တလေ ဆရာတောင် မင်းလောက်မတော်ဘူးလို့ခံစားရတယ်"

ရာစုနှစ်တစ်ခုလုံး ရှန်တုပိုင်သည် ကျီချောင်ချင်ကို လျှို့ဝှက်စွာ လုပ်ကြံပြီးကြံစည်နေခဲ့သည်။ သို့သော် ကျီချောင်ချင်၏ သနားစရာကောင်းပြီး နာကျင်နေသည့်ဟန်ပေါ်နေခြင်းက ဟန်ဆောင်မှုတစ်ခုမဟုတ်ပေဘူးလား။ တစ်နည်းအားဖြင့်ပြောရလျှင် ကျီချောင်ချင်သည် သူ့ထက်သာလွန်သောနေရာတစ်ခုမှနေ၍ သူ့ကိုပြန်ကစားနေခဲ့ခြင်းဖြစ်သည်။

ထိုအရာကိုသဘောပေါက်လိုက်သောအခါ ရှန်တုပိုင် အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားသွားသည်။ ထိုက်တန် သောပြိုင်ဘက်ကောင်းတစ်ဦးနှင့် မတွေ့ရတာကြာပြီဖြစ်ရာ မမျှော်လင့်ဘဲအငိုက်မိသွားသော ဤခံစားချက်ကို သူသဘောကျမိသည်။

ကျီချောင်ချင် ခပ်ဖွဖွရယ်မောလိုက်သည်။

"အခု ဆရာ့အလှည့်ရောက်ပြီ၊ ဆရာ့ရဲ့နောက်ဆုံး ရည်မှန်း ချက်ကဘာလဲ"

ရှန်တုပိုင်သည် ထုံးစံအတိုင်း ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါးမှီထိုင်လိုက်သည်။ ထိုသို့မသပ်မရပ် နေတတ်သည့်အကျင့်ကို ကျီချောင်ချင်ထံ သူ လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ကျီချောင်ချင်နှင့်ယှဉ်လျှင် ရှန်တုပိုင်၏ ထူးခြားထင်ရှားသော ရုပ်ရည်သွင်ပြင်က သူ၏ ပေါ့ပါးသောနေပုံထိုင်ပုံကို ပိုမိုပေါ်လွင်စေပြီး အထိန်းအကွပ်မဲ့ လွတ်လပ်နေသည့်ပုံစံပေါက်စေသည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် သူသည် မြင်သူတိုင်းကိုဖမ်းစားနိုင်သော ညှို့ဓာတ်ပြင်းသည့်နတ်ဆိုးတစ်ပါးနှင့်တူနေသည်။

ရှန်တုပိုင် တစ်စုံတစ်ရာကိုသတိရသွားပုံဖြင့် အပြုံးကပိုကျယ်လာသည်။ မှိန်ဖျဖျဖယောင်းတိုင်မီးရောင်အောက်တွင် သူက ကျီချောင်ချင်အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာသည်။

သူ၏ချောမောခန့်ညားသော မျက်နှာသွင်ပြင်မှာ ပိုမိုထင်ရှားလာပြီး အခုမှပင် သူ၏အကြည့်များသည် သူ၏ရုပ်ရည်ထက် ပိုမိုရန်လိုနေပြီးတိုက်ခိုက်လိုစိတ် ပြင်းထန်ကြောင်း သတိထားမိလိုက်သည်။

"အစီအရင်ဗဟိုချက်အတွက်လေ၊ ချောင်ချင်... ဆရာ မင်းရဲ့ခန္ဓာကိုယ်ထဲက အစီအရင်ဗဟိုချက်ကို လိုချင်တယ်"

ကျီချောင်ချင် နှာခေါင်းရှုံ့လိုက်သည်။ ဒါဆို လွန်ခဲ့တဲ့နှစ်တစ်ရာတည်းက သူမခန္ဓာကိုယ်ထဲက အစီအရင်ဗဟိုချက်ကိုလိုချင်နေခဲ့တာပေါ့၊ ဒါဆို ဘာလို့ သူ့ ခန္ဓာကိုယ်ထဲထည့်ပြီး ချိပ်ပိတ်ထားခဲ့တာလဲ...

ရှန်တုပိုင် ဆက်ပြောသည်။

"ဘာပဲဖြစ်ဖြစ် မင်းကဆရာ့တပည့်လေ၊ ဒီလောကကြီးမှာ မင်းလောက် ဘယ်သူနဲ့မှ ဆရာ မရင်းနှီးခဲ့ဖူးဘူး၊ ဆရာက မင်းကို တိုက်ရိုက်မသတ်ရက်ပါဘူး ဒါကြောင့်... ဂိုဏ်းက မင်းကို နည်းနည်းချင်းစီရူးသွပ်သွားအောင်မောင်းထုတ်တာမျိုး ဆရာဖြစ်စေချင်ခဲ့တာ၊ မင်းရူးသွားပြီးရင်တော့ မင်းဘာသာ မင်း သေသွားတာအကောင်းဆုံးပဲ"

ဪ... ဒီလိုကိုး...

ကျီချောင်ချင် "အစကဆိုရင် ကျွန်မရူးသွပ်သွားသင့်တာပေါ့၊ ဒါပေမယ့်ကံကောင်းစွာနဲ့ လူတစ်ယောက်နဲ့တွေ့ခဲ့တယ်"

ကျီချောင်ချင်ရဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့လူတစ်ယောက်...

ရှန်တုပိုင် မျက်လုံးထဲ အမှောင်ရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သူကလေသံတိုးတိုးဖြင့် ထူးဆန်းစွာထိရှဖွယ်ကောင်း သော စကားတစ်ခွန်းကို ပြောလိုက်သည်။

"မင်းအတွက် ဆရာရွေးချယ်ထားတဲ့ဇာတ်သိမ်းက ဘယ်သူနဲ့တွေ့တွေ့ ပြောင်းလဲသွားမှာမဟုတ်ဘူး"

ဤသည်မှာ ကျီချောင်ချင် မိမိကိုယ်ကိုကယ်တင်ရန် မည်မျှပင်ကြိုးစားပါစေ၊ မည်သူနှင့်ပင်တွေ့ဆုံပါစေ၊ သူမရူးသွပ်သွားရမည်ဟူသောအချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ဟူ၍ဖြစ်သည်။

သူတို့နှစ်ယောက်မှာအလွန်နီးကပ်နေပြီး ကျီချောင်ချင်မှာ သူမ၏အသက်ရှူရပ်ဝန်းတစ်ခုလုံး ကျူးကျော်ခံလိုက်ရသလို ခံစားနေရသည်။ သို့သော် ဤအချိန်တွင် နောက်ဆုတ်လိုက်ခြင်းသည် ရှက်စရာကောင်းပြီး သူမရန်သူ့ရှေ့တွင် ဘယ်တော့မှအရှက်မကွဲလိုပေ။

ထို့ကြောင့် သူမလည်း ပြန်ပြုံးပြလိုက်သည်။

"ဆရာ... ကျွန်မကို ဆရာပဲပျိုးထောင်ပေးခဲ့တာလေ၊ ကျွန်မစိတ်ဓာတ်တွေက ဆရာ့စိတ်ဓာတ်တွေနဲ့ အတူတူစီးဆင်းနေတာပါ၊ ကျွန်မအဖေပြောပြဖူးတယ်... ဆရာက လူအများကြီးရဲ့သစ္စာဖောက်ခြင်းကိုခံခဲ့ရဖူးတယ်၊ ဝိညာဉ်စွမ်းအင်တွေအကုန်ဆုံးရှုံးပြီး လုံးဝမသန်မစွမ်းဘဝရောက်ခဲ့ဖူးတယ်ဆို၊ အဲဒီအခြေအနေမှာတောင် ဆရာက ကျင့်ကြံခြင်းကို လက်မလျှော့ခဲ့ဘဲ ထျန်းရွှမ်ဂိုဏ်းချုပ်နေရာအထိ ရောက်အောင်လာနိုင်ခဲ့တာလေ၊ ကျွန်မက ဆရာ့ထက်ဘယ်လိုလုပ်ညံ့ပါ့မလဲ"

ကျီချောင်ချင်သည် ရှန်တုပိုင် ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့သော ပြီးပြည့်စုံသည့်အဆိပ်သင့်လက်နက်တစ်ခုဖြစ်သည်။

ကျီချောင်ချင်ပြုံးပြီး ရှန်တုပိုင်နှင့် ပိုမိုနီးကပ်အောင် တိုးလိုက်သည်။

"ဒါကြောင့် ကျွန်မခန္ဓာကိုယ်ထဲက အစီအရင် ဗဟိုချက်ကို တခြားယောကျ်ားတစ်ယောက်ဆီ ပေးလိုက်ပြီ"

ကျီချောင်ချင် စကားတစ်ခွန်းပြောလိုက်တိုင်း ရှန်တုပိုင်၏မျက်နှာထားမှာ ပိုမိုအေးစက်လာတော့သည်။

🍃 Chapter 124

"ချောင်ချင်... ဆရာ ပေးထားတဲ့ပစ္စည်းတွေကို မင်း အမြဲ တမ်းတယုတယသိမ်းဆည်းထားတတ်တာပဲကိုး..."

သူမအပေါ် ကျူးလွန်ခဲ့ဖူးသည့်ရက်စက်မှုများကို မေ့လျော့သွားသည့်အလား သူမအတွက် အဆိပ်အတောက်ဖြစ်စေမည့် အရာတစ်ခုကိုတောင် တန်ဖိုးမထားရကောင်းလားဟူသည့် လေသံဖြင့် တရားသဖြင့်စွပ်စွဲနေပြန်သည်။

ကျီချောင်ချင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။ သူမရင်ထဲ၌ဒေါသတို့က လှိုင်းလုံးအလားရိုက်ခတ်လာသည်။ ရှန်တုပိုင်... ရှင်က တကယ်ကို အရှက်မဲ့လွန်းတဲ့လူစားပါလား...

"ဒါဆိုရင် ဆရာကရော... ကျွန်မပေးထားတဲ့ပစ္စည်းတွေအကုန်လုံးကို သေချာသိမ်းထားရဲ့လား"

ရှန်တုပိုင်က ခါးကိုမတ်လိုက်ပြီး ကျီချောင်ချင်နှင့် ဝေးရာသို့ အနည်းငယ်ရွှေ့ထိုင်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပြန်လည်ခိုတွယ်လာကာ လွန်ခဲ့သောခဏလေးကမှ အေးစက်စက် မျက်နှာထားနှင့်လူ မဟုတ်ခဲ့သည့်နှယ်ထင်ရသည်။

"အခု ဆရာက မင်းကိုပြန်မေးရမယ့်အလှည့်ပဲ၊ မင်း ဘာလို့ သူ့ကိုအစီအရင်ဗဟိုချက်ပေးလိုက်တာလဲ၊ တခြားလူကိုဘာလို့မပေးတာလဲ"

ကျီချောင်ချင်က လေးနက်တည်ငြိမ်သောလေသံဖြင့် ဖြည်းဖြည်းချင်းတုံ့ပြန်လိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်မ သူ့ကိုချစ်လို့လေ၊ သူ့ကို မြင်မြင်ချင်းချစ်မိသွားတာ၊ သူက အသက်ငွေ့ငွေ့လေးပဲကျန်တော့တဲ့အချိန်မှာ ကျွန်မ သူ့ကိုအသေမခံနိုင်ဘူး၊ ဒါကြောင့် အစီအရင်ဗဟိုချက်ကိုပေးလိုက်တာ၊ ဒါတင်မကသေးဘူး... ကျွန်မ စုဆောင်းထားတဲ့ တခြား အစီအရင်ဗဟိုချက်လေးခုကိုလည်း သူ့ကို ပေးလိုက်တယ်၊ ဒါမှ သူကအစီအရင်ဗဟို ချက်ထဲက စွမ်းအားနဲ့ ရိုးတွင်းခြင်ဆီကိုဆေးကြောသန့်စင်ပြီး ပြန်လည်မွေးဖွားလာနိုင်မှာလေ"

ထိုသို့ပြောကာ ကျီချောင်ချင်က ရှန်တုပိုင်ကို စိုက်ကြည့်လိုက်ချိန် သူမမျက်နှာပေါ်တွင် ရူးသွပ်မှု အရိပ်အယောင်အချို့ဖြတ်ပြေးသွားသည်။

"ဆရာ... သူက ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်မို့လို့ အစီအရင်ဗဟိုချက်ထဲကစွမ်းအားတွေကို စုပ်ယူနိုင်တယ်လို့ ဆရာထင်နေတာလား"

ရှန်တုပိုင်က အစီအရင်ဗဟိုချက်ကို ဂရုစိုက်လေလေ ကျီချောင်ချင်သည် သူ့အနာကို ဆားနှင့်ပက်ချင်လေလေဖြစ် သည်။ သူဒေါသထွက်လေလေ သူ ပိုကျေနပ်လေပင်...

ကျီချောင်ချင်၏စကားကိုကြားပြီးနောက်

ရှန်တုပိုင်သည် သူ့ဝိညာဉ်စွမ်းအင်ကိုစုစည်းလိုက်ပြီး ရှည် လျားသောဓားတစ်ချောင်းအဖြစ် ပေါ့ပါးစွာ ဖန်တီးလိုက်သည်။ ထိုဓားမှာ ထိုနေ့က ရှန်ကျွင်း ဖျက်ဆီးပစ်ခဲ့သော ရေခဲချိုးဖျက်ဓားပင်။

"ဘာလို့ ရေခဲချိုးဖျက်ဓားက ဆရာ့ဆီရောက်နေတာလဲ"

ရှန်တုပိုင်က ဓားကို ဟန်ပါပါကိုင်ဆောင်ရင်း စစ်ဆေးကြည့်လိုက်သည်။

"ရေခဲချိုးဖျက်ဓားက အစကတည်းက ဆရာ့ရဲ့ဓားလေ... ဘာလို့ ဆရာ့ဆီမှာမရှိရမှာလဲ"

ကျီချောင်ချင် မျက်မှောင်ကြုတ်သွားသည်။

"မဟုတ်တာ... ရေခဲချိုးဖျက်ဓားက..."

"ရေခဲချိုးဖျက်ဓားက ကောင်းကင်ဘုံကပေးတဲ့ လက်ဆောင်လို့ မင်းအဖေ ပြောခဲ့တာမလား၊ ချောင်ချင်... မင်းတော်တော်ဖြူစင်တာပဲ၊ အဲဒီလို လိမ်ညာတာကိုယုံနေသေးတယ်"

ကျီချောင်ချင် ပါးစပ်ဟရုံရှိသေး ရှန်တုပိုင်ကစကားဖြတ်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းကိုထျန်းရွှမ်ဂိုဏ်းဆီပြန်ခေါ်လာခဲ့တာ ဆရာလေ၊ မင်းရဲ့မိဘတွေကိုလည်း ဆရာအထူးစီစဉ်ပေးခဲ့တာ၊ မင်းရဲ့ထူးခြားတဲ့ဝိညာဉ်အမြစ်ကိုလည်း ဆရာကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တာ၊ မင်းရဲ့နာမည်ကိုတောင် ဆရာပေးခဲ့တာပါ"

ထိုစကားပြောနေစဉ် ရေခဲချိုးဖျက်ဓား၏ထိပ်ဖျားက ကျီချောင်ချင်ထံ တည့်တည့်မတ်မတ် ညွှန်ပြလျက်သားဖြစ်နေသည်။

"ဆရာသာမရှိရင် မင်းအသက်ပျောက်နေတာကြာပြီ၊ အခု မင်းက ဆရာ့ကိုပြန်အာခံရဲနေပြီပေါ့"

ထိုစကားများက ကျီချောင်ချင်အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်ဖြစ်သည်။ သူမ၏ကွယ်လွန်သွားသောမိဘများက သူမ၏မိဘအရင်းများမဟုတ်ကြဘဲ သူမပိုင်ဆိုင်သမျှအရာအားလုံးက သူမမုန်းတီးရသော ရှန်တုပိုင်ထံမှလာသည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိပေ။

"ကျီချောင်ချင်၊ ချောင်ချင် ဆိုတဲ့အဓိပ္ပာယ်က... နံနက်ခင်းနေမင်းကြီး၊ နံနက်ခင်းနေမင်းကြီးလို ရှင်သန်ပါတဲ့... ဟားဟားဟားဟား..."

ငယ်စဉ်က သူမနာမည်၏အဓိပ္ပာယ်ကို ဖခင်ဖြစ်သူ ပြောပြခဲ့သည်ကိုပြန်သတိရမိပြီး ယခုအခါ လှောင်ပြောင်သရော်မှုတစ်ခုလိုသာ ခံစားနေရသည်။

အမှန်ကျတော့ လှပသည့်အဓိပ္ပာယ်မဟုတ်ခဲ့ပေ။ အစက တည်းက သူမက ရှန်တုပိုင် လမ်းဘေးကနေ အမှတ်တမဲ့ကောက်လာတဲ့ အရုပ်လေးတစ်ရုပ်သာ ဖြစ်ခဲ့သည်။ သူစိတ်ပါလျှင် သူမကို နှစ်ခါလောက် စနောက်ကစားမည်။ သူမက အသုံးဝင်တယ်ဆိုလျှင် စွမ်းအားသိုလှောင်သည့်ဘူးအဖြစ် အသုံးပြုမည်။ သူ လိုချင်သည့်အချိန်ခေါ်ခိုင်းလို့ရပြီး မလိုချင်သည့်အချိန်မောင်းထုတ်မည်။

ကျီချောင်ချင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူမ၏မျက်လုံးများက နက်ရှိုင်းအေးစက်သောရေကန်ထဲမှ မီးတောက်များအလား အေးစက်မှုရောနွေးထွေးမှုပါရော ထွေးနေသည်။

"ဆရာ... ကျွန်မ မွေးနေ့ကိုမှတ်မိလား"

ရှန်တုပိုင် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီးနောက် ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ် ချောင်ချင်ရာ... ဆရာမမှတ်မိတော့ဘူး"

"ဆရာ့မွေးနေ့က ရှစ်လပိုင်းခုနစ်ရက်လေ၊ ဆရာက အချိုကြိုက်တယ်၊ အဖြူရောင်ဝတ်စုံတွေကြိုက်တယ်၊ ဆရာ့တောင်ပေါ်မှာ ဆီဒါပင်တွေအပြည့်ပဲ၊ ကျွန်မ ဆရာ့တပည့်ဖြစ်လာတဲ့နှစ်က ဆရာစိုက်ခဲ့တာလေ၊ ဆရာ့ရဲ့ချစ်တပည့် ချောင်ချင်ကို ဒီဆီဒါပင်တွေလိုပဲသန်မာထွားကြိုင်းပြီး လောကအတွက်အားကိုးရတဲ့သူတစ်ယောက် ဖြစ်လာစေချင်တယ်လို့ ပြောခဲ့ဖူးတယ်"

ငယ်စဉ်က ရှန်တုပိုင်က သူမအပေါ်တကယ်ကြင်နာခဲ့သည်ဟုထင်ခဲ့မိသော်လည်း အခုမှသာ သူမ၏ စိတ်ကူးယဉ်မှုသက် သက်သာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဒီလိုလူမျိုးက သူမကို ဘယ်လိုလုပ် ထူးထူးခြားခြားဆက်ဆံပါ့မလဲ၊ အဲဒီအချိန်တုန်းက ကျီချောင်ချင်ရဲ့ဆွေမျိုးသားချင်းတွေ အကုန်သေဆုံးသွားကြပြီမို့ ရှန်တုပိုင်အပေါ် အလိုအ လျောက် သံယောဇဉ်တွယ်မိခဲ့ခြင်းဖြစ်သည်။ သူမ သူ့ကိုအထင်ကြီးလွန်းခဲ့တာပဲ...

ကျီချောင်ချင် ရယ်စရာကောင်းသည်ဟုထင်နေမိသည်။ သူမဖြစ်တည်မှု၏ ရည်ရွယ်ချက်ကဘာလဲ၊ အကယ်၍ အစကတည်းက သူမက ရှန်တုပိုင် ကောက်လာသည့် အရုပ်လေးတစ်ရုပ်သာဖြစ်ခဲ့လျှင် သူ ဒဏ်ရာအပြင်းအထန်ရနေသည့်ကြားမှ သူမ ခန္ဓာကိုယ်ထဲ အစီအရင်ဗဟိုချက်ကိုပြောင်းထည့်ပေးခဲ့ခြင်းက ဘာသဘောလဲ...

ထိုအချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

"ဒါဆို ဘာလို့လဲ၊ ဘာလို့ နတ်ဆိုးနဲ့မကောင်းဆိုးဝါး လမ်းစဉ်သုံးခုကို ချိပ်ပိတ်ဖို့ရည်ရွယ်ထားတဲ့ အစီအရင်ဗဟိုချက်က အခု ဆရာပြောတဲ့စွမ်းအားအဖြစ်ပြောင်းလဲသွားရတာလဲ၊ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက ဆရာဘာတွေလုပ်ခဲ့တာလဲ"

ရှန်တုပိုင် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူက ကျီချောင်ချင်အပေါ် အများကြီးလုပ်ခဲ့ဖူးသည်ဖြစ်ရာ ကျီချောင်ချင် ဘယ်ကိစ္စကိုမေးချင်နေမှန်း တစ်ခဏတာ ဝေခွဲမရဖြစ်သွားသည်။

"လွန်ခဲ့တဲ့နှစ်တစ်ရာကဟုတ်လား၊ ဪ... လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မင်း မကောင်းဆိုးဝါးလမ်းစဉ်ကို ချိပ်ပိတ်ခဲ့တာ ဟုတ်တယ်၊ ဒါပေမယ့် မင်း သတိမေ့သွားပြီးတဲ့နောက် မင်းခန္ဓာကိုယ်ထဲကအစီအရင် ဗဟိုချက်ကို ဆရာထုတ်ယူခဲ့တယ်၊ အဲ့ဒီအစီအရင် ဗဟိုချက်က ဆရာ့ရဲ့သိုလှောင်အိတ်ထဲမှာ လုံလုံခြုံခြုံရှိနေတယ်"

"မင်းခန္ဓာကိုယ်ထဲက အစီအရင်ဗဟိုချက်ဆိုတာကတော့ ဆရာရခဲ့တဲ့ ကြီးမားတဲ့စွမ်းအားတစ်ခုပဲ၊ အဲဒီတုန်းက ဆရာ တကယ်ဒဏ်ရာရနေခဲ့တာ၊ အဲဒီစွမ်းအားကအရမ်းကြီးမားလွန်းတော့ ဆရာ မသန့်စင်နိုင်ခဲ့ဘူး၊ ပြီးတော့ သိမ်းစရာနေရာလည်းမရှိတာနဲ့ အကြံတစ်ခုထုတ်ခဲ့တယ်"

ဤလောကကြီးမှာ စွမ်းအားသိုလှောင်နိုင်သည့်ပစ္စည်းအများကြီးရှိသော်လည်း ထိုမျှလောက် ကြီးမားသည့်စွမ်းအားကိုတော့ ခံနိုင်ရည်မရှိကြပေ။ ထို့ကြောင့် ရှန်တုပိုင် အကြံတစ်ခုရလာသည်။ ဤလောကကြီးမှာ ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ခန္ဓာကိုယ်လောက် ဘယ်ပစ္စည်းကယှဉ်နိုင်မှာလဲ...

ကျီချောင်ချင်၊ ချန်ကျင်းကျစ်၊ ဖေးယီမင်၊ ချွေ့ချန်ဟွမ်နဲ့ ကျူးယွီ... ဤလူငါးယောက်က ကျင့်ကြံသူ မျိုးနွယ်စုများ၏ ထူးချွန်သောအဖွဲ့ဝင်များဟုပြောနိုင်သလို အစွမ်းထက်ဂိုဏ်းကြီးများနှငိ့ မိသားစုကြီးများက ကောင်းကင်နှင့်မြေကြီးတို့၏ ရတနာများနှင့် ပျိုးထောင်ထား‌သောသူများ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်ခန္ဓာကိုယ်များသည် ပြီးပြည့်စုံသောသိုလှောင်ရုံဖြစ်သည်။ ထိုစွမ်းအားကိုသာ ငါးပုံ ပုံလိုက်မည်ဆိုပါက သူတို့သေချာပေါက်ခံနိုင်ရည်ရှိမည်ပင်။

ကျီချောင်ချင်၏နှလုံးသားမှာ ပိုမိုအေးစက်လာသည်။ သူမသည် နတ်ဆိုးစစ်ပွဲကို အဆုံးသတ်ရာတွင် အကြီးမားဆုံးပံ့ပိုးပေးခဲ့သူတစ်ယောက်အနေဖြင့် သူမသည် နေ့စဉ်နေ့တိုင်း အစီအရင် ဗဟိုချက်ဟုခေါ်သော စွမ်းအားကိုသယ်ဆောင်ထားရပြီး ပြင်းထန်သောနာကျင်မှုကိုခံစားခဲ့ရသည်။

ထို့အပြင် သူမဂိုဏ်း၏ ရွံရှာဖွယ်အခြေအနေကို သည်းခံခဲ့ရသည်။ လူတိုင်း သူမကိုမေ့လျော့သွားကြသည်ကိုလက်ပိုက် ကြည့်နေခဲ့ရပြီး မိမိကိုယ်ကို သတ်သေဖို့တောင်မတတ်နိုင်ခဲ့ပေ။

ချန်ချင်းဂိုဏ်း၏အကြီးဆုံးသမီး၊ အလိုလိုက်ခံထားရသောသခင်မလေး၊ ချန်ချင်းဂိုဏ်း၏ အတောက်ပဆုံးပုလဲတစ်လုံးဖြစ်ခဲ့သော ချန်ကျင်းကျစ်သည် အစီအရင်ဗဟိုချက်ကြောင့် ဂိုဏ်းသားအချင်းချင်းလိုက်လံသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး နတ်ဆိုးများ၏ တိတ်တဆိတ် နောက်ယောင်ခံလိုက်ခြင်းကိုခံခဲ့ရသည်။ ထိုမာနကြီးပြီး ဖြူစင်သောမိန်းကလေးမှာ အဆုံးတွင် ကျင့်ကြံခြင်းအဆင့်များကုန်ဆုံးသွားပြီး သာမန်လူတစ်ယောက်အဖြစ် တွန့်ဆုတ်ကြောက်ရွံ့တတ်သူဖြစ်သွားခဲ့ရသည်။

ဖေးယီမင်သည် လောကအကျိုးအတွက်သာ အသက်ရှင်ခဲ့သူဖြစ်သည်။ သူ့တွင် ပြိုင်ဆိုင်လိုစိတ် ပြင်းပြသော်လည်း အစီအရင်ဗဟိုချက်ကြောင့် သူ့စွမ်းအားများကျဆင်းသွားခဲ့သည်။ သူအရှက်ခွဲခံခဲ့ရသော်လည်း လက်တုံ့ပြန်ရန်စွမ်းအားမရှိဘဲ ဇနီးဖြစ်သူ တဖြည်းဖြည်းအားနည်းပြီး သေဆုံးသွားသည်အထိ လက်ပိုက်ကြည့်နေခဲ့ရသည်။ အဆုံးတွင် မိမိကိုယ်ကိုဖောက်ခွဲပြီးအဆုံးစီရင်ရန် တွန်းအားပေးခံခဲ့ရပြီး ဝိညာဉ်ပါလွင့်ပါးပျောက်ကွယ်ခဲ့ရသည်။

ဆေးပညာတောင်ကြားဂိုဏ်း၏ တိုက်ရိုက်အမွေခံတပည့် ချွေ့ချန်ဟွမ်သည် သန့်ရှင်းသပ်ရပ်ကာ အေးစက်ပြီးမာနကြီးသူဖြစ်သည်။ အစီအရင်ဗဟိုချက်ကြောင့် သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖုံးလွှမ်းနေသည့်တိုင် အသတ်ခံရမည့်ဘေးမှ ဒူးမထောက်ဘဲ မြောက်ပိုင်းနယ်စပ်မှ နတ်ဆိုးနယ်မြေသို့ တစ်ယောက်တည်းထွက်ပြေးခဲ့သည်။ ကျီချောင်ချင် သူ့ကိုတွေ့သောအခါ ခါးတွင်အသားဟူ၍ မကျန်တော့ဘဲါးရိုးတစ်ခုတည်းကသာ ခန္ဓာကိုယ်ကို ထောက်ထားသည်။ သန့်ရှင်းမှုကိုမြတ်နိုးသော အမျိုးသားသည် နတ်ဆိုးနယ် မြေ၏နှင်းပြင်ထဲတွင် ညစ်ပတ်ပေရေစွာဖြင့် အရိပ်အယောင်ပင်မကျန်ရစ်ဘဲသေဆုံးသွားခဲ့ရသည်။

လူ့ပြည်မှ ဂုဏ်သရေရှိမိသားစုမှဆင်းသက်လာသောကျူးယွီသည် သူ့မိသားစုတွင် ဝိညာဉ်ပါရမီအရှိဆုံးဖြစ်သည်။ နူးညံ့သိမ်မွေ့သောသဘာဝရှိသည့် ပါရမီရှင် လူငယ်လေးတစ်ဦးဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများ၏အနှစ်သာရများဖြင့် ပြည့်ဝနေသူဖြစ်သည်။ လူတိုင်းကို ရှစ်ရှုန်းဟုခေါ်လေ့ရှိပြီး အနိုင်ကျင့်ခံရလျှင်ပင် ပြန်လည်တုံပြန်လေ့မရှိပေ။ ယခုအခါ အစီအရင်ဗဟိုချက်ကြောင့် သူဘယ်ရောက်နေမှန်းမသိရပဲ ကံကြမ္မာကမရေရာတော့ပေ။

သူတိုအားလုံး ကြီးမားသော ပေးဆပ်မှုကြီးပေးဆပ်ခဲ့ကြသည်။ သွေးနှင့် မျက်ရည်များစွာကျခဲ့ကြသည်။ ရှန်တုပိုင်ကိုအလွန်ယုံကြည်ခဲ့ကြပြီး သေသည်အထိ သူ့စကားများကို မြဲမြဲမြံမြံလက်ခံခဲ့ကြသည်။

အမှန်တရားက ဒီလောက်ထိညစ်ပတ်လိမ့်မယ်လို တစ်ခါမှမတွေးခဲ့ဖူးဘူး၊ သူတို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့တာတွေက ဟာသတစ်ခုသက်သက်ပဲလား...

ရုတ်တရက် ကျီချောင်ချင်၏ရင်ထဲတွင် ခံစားချက်များလှိမ့်တက်လာသည်။ သူမ ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်လိုက်ပြီး စားပွဲကိုလက်ဖြင့်အတင်း ဆုပ်ကိုင်ထားလိုက်သည်။ နောက်တစ်ခဏတွင် သူမ သွေးအန်လိုက်သည်။

ရှန်တုပိုင်က ကျီချောင်ချင်၏တုံပြန်မှုကို အံ့သြသွားပုံရသည်။ သူကမျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

သွေးအန်ပြီးနောက် ကျီချောင်ချင် ထူးဆန်းစွာ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ နှုတ်ခမ်းမှသွေးစများကို ပေါ့ပေါ့ပါးပါးသုတ်လိုက်သည်။ ယခုတော့ ဖုံးကွယ်ထားစရာ ဘာမှမကျန်တော့ပေ။

All Chapters