အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
🍃 Chapter 125
"ဆရာ... ကျွန်မကို သတ်ချင်ရင်သတ်လိုက်ပါတော့၊ ဒါပေမယ့် ဆရာ့ကိုပြောပြဖို မေ့နေတဲ့ကိစ္စတစ်ခုရှိသေးတယ်၊ ဆရာက အရမ်းဉာဏ်ကောင်းတယ်နော်... အစီအရင်ဗဟို ချက်ကိုသုံးပြီး ကိုယ့်အတွက် စွမ်းအားနဲ့ အကျိုးအမြတ်တွေရအောင် ဖန်တီးနိုင်တယ်၊ ဆရာ့တပည့်အနေနဲ့ ကျွန်မကရော ဆရာ့ဆီကနေ အကွက်တစ်ကွက် နှစ်ကွက်လောက် ဘယ်လိုလုပ်မသင်ဘဲနေမှာလဲ"
ကျီချောင်ချင်က ရှန်တုပိုင် သူမကိုချိန်ရွယ်ထားသောရေခဲချိုးဖျက်ဓားကို တစ်ချက်ကြည့်လိုက်ပြီး ရူးသွပ်စွာပြုံးလိုက်သည်။
"ကျွန်မကိုသတ်လိုက်လေ... ဒါဆို ကမ္ဘာကြီးက ပရမ်းပတာဖြစ်သွားရုံတင်မကဘူး၊ ပိုဆိုးရင် လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"
ရှန်တုပိုင် စိတ်ဝင်စားသွားသည်။ ဓားကိုပြန်သိမ်းလိုက်ပြီး ကုလားထိုင်ပေါ်ပြန်ထိုင်ကာ ပြုံးဖြီးဖြီးနှင့် မေးလိုက်သည်။
"တပည့်ကောင်းလေး... မြန်မြန်ပြောစမ်းပါ၊ မင်းဘာလုပ်ခဲ့တာလဲ"
"ဆရာ... တကယ်တော့ ကျွန်မတိုက တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းနားလည်ကြပါတယ်၊ ကျွန်မတိုနှစ်ယောက်စလုံးရဲ့ရင်ထဲမှာ တစ်ကိုယ်ကောင်းဆန်ပြီး ဘယ်သူ့ကိုမှမယုံတတ်ကြဘူး၊ အဲဒီတုန်းက ဆရာက ဂိုဏ်းကိုအသုံးချပြီး ကျွန်မကိုပစ်မှတ်ထားနေမှန်း သိလိုက်ရတယ်၊ ပြီးတော့ အစီအရင်ဗဟိုချက်က ကျွန်မရဲ့စွမ်းအားတွေကို စုပ်ယူနေတယ်ဆိုတာလည်းတွေ့ရှိခဲ့တယ်၊ ကျွန်မက ဘယ်လိုလုပ်လက်ပိုက်ပြီး သေမယ့်နေ့ကိုထိုင်စောင့်နေမှာလဲ"
ကျီချောင်ချင်က လက်ဖက်ရည်ဖျော်ခြင်း၏ နောက်ဆုံးအဆင့်ကိုအပြီးသတ်လိုက်ပြီး ရှန်တုပိုင်၏ ရှေ့တွင်ချပေးလိုက်သည်။
"ကျွန်မ ရေလိုက်ငါးလိုက်နေပေးခဲ့ပြီး ကျွန်မရဲ့ စွမ်းအားအားလုံးကို ဘယ်သူမှမသိတဲ့နေရာတစ်ခုမှာ သော့ခတ်သိမ်းဆည်းထားလိုက်တယ်၊ စဉ်းစားကြည့်ပါဦး ဆရာ... ကျွန်မ အစွမ်းအထက်ဆုံး အချိန်တုန်းက ကျွန်မရဲ့စွမ်းအားကို ဆယ်ဆလောက်ချဲ့ကားပေးနိုင်မယ့် အစီအရင်တစ်ခုထဲထည့်ထားခဲ့မယ်ဆိုရင်... ကျွန်မသေတာနဲ့ ကျွန်မရဲ့စွမ်းအားက ချက်ချင်းအာရုံခံမိပြီး အစီအရင်ကိုပေါက်ကွဲစေမှာလေ၊ အဲဒီကျရင် ကမ္ဘာကြီးတစ်ခုလုံးပျောက်ကွယ်သွားမယ်လို မထင်ဘူးလား"
ရှန်တုပိုင်သည် အသံထွက်ရယ်မောလိုက်မိပြီး လက်ခုပ်တီးလိုက်သည်။
"တော်လိုက်တဲ့တပည့်ကောင်းလေး၊ မင်းက တကယ့် မြေခွေးမလေးပဲ၊ အဲဒီတုန်းက လူတိုင်းရဲ့ပစ်မှတ်ထားခြင်းခံနေရပြီး ကြီးမားတဲ့အမုန်းတရားတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတဲ့အချိန်မှာတောင် မင်းရဲ့ဆင်ခြင်တုံတရားကို ထိန်းထားနိုင်လိမ့်မယ်လို ဆရာ လုံးဝမထင်ထားခဲ့ဘူး"
"ဒါပေါ့... ကျွန်မကဆရာ့တပည့်လေ၊ မြင်သမျှ ကြားသမျှထဲက ဆရာ့ရဲ့နည်းလမ်းတွေကို သင်ယူထားတာပါ"
ကျီချောင်ချင်သည် စားပွဲကိုထောက်ပြီး ရှန်တုပိုင်အနားသို တိုးသွားသည်။
"အဲဒီနေ့ကနတ်ဆိုးနယ်မြေမှာ တွေ့ခဲ့တဲ့သူကဆရာမှန်း ကျွန်မမှတ်မိလိုက်တယ်၊ တကယ်တော့ ဆရာက နတ်ဆိုးမျိုးနွယ်ရဲ့သခင်ကြီးဖြစ်နေတာကိုး၊ ဂုဏ်ယူပါတယ်ရှင်! အရင်တုန်းက ဆရာက အစီအရင် ဗဟိုချက်ကိုသုံးပြီး ချိပ်ပိတ်တာကိုဖျက်ဆီးပြီး ကမ္ဘာကြီးကို ကပ်ဘေးဆိုက်အောင်လုပ်ချင်နေတယ်လို ကျွန်မအမြဲထင်ခဲ့တာ၊ အခုမှ အားလုံးကိုသိလိုက်ရတော့တယ် ကြည့်ရတာ ဆရာက ပရမ်းပတာဖြစ်အောင် လုပ်ချင်တာမဟုတ်ဘဲ ဒီကမ္ဘာကြီးရဲ့သခင် ဖြစ်ချင်နေပုံရတယ်၊ ဒီကမ္ဘာကြီးသာ ပျက်စီးသွားရင် ဆရာက ဘယ်လိုလုပ်သခင်ဖြစ်နိုင်တော့မှာလဲ"
ရှန်တုပိုင်က ကျီချောင်ချင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ရုတ်တရက်လက်လှမ်းကာ သူမ၏လက်မောင်းကို ဆွဲလိုက်သည်။ ကျီချောင်ချင် အထိန်းအကွပ်မဲ့သွားပြီး မမျှော်လင့်စွာ ရှန်တုပိုင်၏ရင်ခွင်ထဲသို လဲကျသွားမလိုဖြစ်သွားသည်။
ကျီချောင်ချင် ဘာမှမစဉ်းစားဘဲ အားကုန်သုံး၍ပြန်ထိန်းလိုက်ပြီး သူ့ရင်ခွင်ထဲကျမသွားအောင် ရှောင်တိမ်းနိုင်လိုက်သည်။ သို့သော်လည်း နှစ်ယောက်သားအလွန်နီးကပ်နေသဖြင့် ရှန်တုပိုင်ထံမှ ရင်းနှီးနေသောဆီဒါပန်းနံ့ကို ကျီချောင်ချင်ရလိုက်သည်။
ငယ်စဉ်က သူမသည် ရှန်တုပိုင်နှင့်အတူ နေ့စဉ် နေထိုင်စားသောက်ခဲ့ရသဖြင့် သူ့အနံ့ကိုရင်းနှီးနေခဲ့သည်မှာကြာပြီဖြစ်သည်။
ရှန်တုပိုင်က သက်ပြင်းချလိုက်ပြီး ဝမ်းနည်းပူဆွေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ချောင်ချင်... ဘာလို့ ဆရာ့အပေါ် ဒီလောက် စိမ်းကားရတာလဲ"
ကျီချောင်ချင်မော့ကြည့်လိုက်ရာ ရှန်တုပိုင်၏ ဖမ်းစားနိုင်သောမျက်ဝန်းများ အနည်းငယ်ပြူးကျယ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရုပ်ရည်ကသဘာဝအတိုင်း ချောမောခန့်ညားပြီး ယခုအချိန်တွင် အပြစ်ကင်းစင်သောပုံစံမျိုး ပေါက်နေသည်။ သူ မည်မျှပင် မှားခဲ့ပါစေ ခွင့်လွှတ်ပေးနိုင်လောက်သည့်ပုံစံမျိုးဖြစ်ကာ တခြားသူများကသာ ဆက်ပြီးအပြစ်တင်နေမည်ဆိုပါက သူတို့အမှားသာဖြစ်လိမ့်မည် ဟူသော ပုံစံမျိုး ဖြစ်သည်။
ကျီချောင်ချင်ခါးမတ်လိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။
"ဆရာ... ဒီနေ့ ဒီလက်ဖက်ရည်ကိုသောက်ပြီးတာနဲ့ ကျွန်မတို့ရဲ့အတိတ်က ဆက်ဆံရေးတွေပြတ်စဲသွားပြီ၊ နောက်တစ်ခါပြန်တွေ့ရင် ကျွန်မကိုသနားညှာတာနေစရာမလိုသလို ကျွန်မကလည်း ဆရာ့ကိုသတ်ဖို့ အကောင်းဆုံးကြိုးစားမှာပါ"
ရှန်တုပိုင် အကြည့်က လက်ဖက်ရည်ခွက်ပေါ်သို့ ကျရောက်သွားသည်။
ရှန်တုပိုင်သည် ဘာကိုမှတွေးတောမနေတော့ဘဲ လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
လက်ဖက်ရည်သောက်ပြီးသည်နှင့် ရှန်တုပိုင် သတိလစ်လဲကျသွားသည်ကို မြင်လိုက်ရမှ ကျီချောင်ချင်သည် အခန်းတံခါးနှင့် ပြတင်းပေါက် အားလုံးကိုတွန်းဖွင့်လိုက်သည်။ ပြတင်းပေါက်များ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ဆောင်းလေအေးတိုက အခန်းအတွင်းသို အလုအယက်တိုးဝင်လာကာ ရှိသမျှနွေးထွေးမှုများကို ချက်ချင်းပင်ဆေးကြောပစ်လိုက်တော့သည်။
ကျီချောင်ချင်သည် စားပွဲပေါ်တွင်မှောက်လျက် သတိမေ့နေသော ရှန်တုပိုင်ကို အမှိက်တစ်စသဖွယ် အေးစက်စွာစိုက်ကြည့်နေလိုက်သည်။
နောက်တစ်နေ့မနက်ခင်းတွင် ရှန်တုပိုင် နိုးလာခဲ့သည်။
သူမျက်လုံးဖွင့်လိုက်သည်နှင့် သူ့ဘေးတွင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သူ ဘေးသိုငဲ့ကြည့်လိုက်ရာ ဂိုဏ်းမှဂျူနီယာတပည့်နှစ်ယောက် သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုတပည့်နှစ်ဦးမှာ ဂိုဏ်းအကြီးအကဲများ၏သား သမီးရင်းများဖြစ်ကြပြီး ကလေးငယ်လေးများဖြစ်ကြသည်။
ထိုအချိန်မှာပင် ကျီချောင်ချင် တံခါးဝမှဝင်လာသည်။ ကုတင်ပေါ်မှ ရှုပ်ပွနေသောမြင်ကွင်းကို မြင်သောအခါ သူမက အံ့သြတကြီးဟန်ဆောင်ပြီး အော်ပြောလိုက်သည်။
"အို... ဆရာ... ဆရာက တကယ့်ကိုတဏှာရူးနေတာပဲ၊ ဒီလောက်တောင်စိတ်မရှည်ဖြစ်နေတာလား၊ ဒီကလေးနှစ်ယောက်က မနေ့ညက ဆရာ့ကိုလာရှာတာလေ... အခုတော့ ဆရာက သူတိုကိုဒီလိုလုပ်လိုက်ပြီပေါ့"
ရှန်တုပိုင် ခေါင်းကိုက်နေသည်။ သူ ထထိုင်လိုက်ပြီး အတင်းဟန်ဆောင်ပြုံးလိုက်ရသည်။
"တပည့်ကောင်းလေးရာ... မင်းက အတွေ့အကြုံမရှိတော့မသိရှာပါဘူး၊ ဆရာက သူတိုကိုထိလား မထိလားဆိုတာ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ၊ ကိုယ့်တပည့်ရင်းက ကိုယ့်ကိုပြန်ပြီးဆေးခတ်မယ်လို ထင်မထားမိလိုက်ရုံပါပဲ"
ကျီချောင်ချင်သည် အခန်းထဲဝင်လာပြီး ပြတင်းပေါက်များနှင့် တံခါးများပွင့်နေသည်ကို လျစ်လျူရှုကာ စားပွဲတွင်ဝင်ထိုင်လိုက်သည်။
"ကျွန်မ ဆရာ့ခွက်ထဲ ဆေးခတ်ခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် ဆရာသောက်တုန်းက ဆရာရိပ်မိနေမှန်း ကျွန်မသိတယ်လေ... ဒါပေမယ့် ဆရာ ဆက်သောက်ခဲ့တာပဲ"
ထိုအချက်ကိုတွေးမိပြီး ကျီချောင်ချင် မရယ်ဘဲမနေနိုင်တော့ပေ။
🍃 Chapter 126
"ဆရာ... အဲဒီလက်ဖက်ရည်တစ်ခွက်နဲ့ ဘာလုပ်ချင်နေတာလဲ၊ ကျွန်မစဉ်းစားကြည့်တယ်... အခု ကျွန်မ နာမည်ပျက်သွားပြီဆိုတော့ ဆရာ ကျွန်မကိုသတ်ဖို အကြောင်းပြချက် ကောင်းကောင်းရသွားပြီပေါ့၊ ဆရာ့လိုလူက ကောက်ကျစ် စဉ်းလဲတဲ့နည်းလမ်းတွေ သုံးမှာစိုးလို ကျွန်မကတော့ ဆရာ့ကိုဘာမှမလုပ်ဖို ဆုံးဖြတ်ထားပါတယ်"
ရှန်တုပိုင် သက်ပြင်းချလိုက်သည်။ သူ မတ်တတ်ရပ်လိုက်ပြီး ထုံးစံအတိုင်း ကျီချောင်ချင်၏ဆံပင်ကို ကိုင်ရန်ကြိုးစားသော်လည်း သူမကရှောင်တိမ်းလိုက်သည်။
ရှန်တုပိုင် ခဏတာကြောင်သွားသည်။
"ချောင်ချင်... မင်း ပိုပိုပြီး ဉာဏ်ကောင်းလာပါလား"
ကျီချောင်ချင်က လက်ဖက်ရည်ခွက်ကို ပေါ့ပါးစွာ ပစ်ချလိုက်ပြီး မေးစေ့ကိုလက်ဖြင့်ထောက်ကာ ပြောလိုက်သည်။
"ဆရာ... ဆရာက ဝိညာဉ်မျိုးနွယ်စုက အသုံးမကျတဲ့မဟာယာနအဆင့်တွေနဲ့ မတူဘူးလေ၊ ဆရာက အစစ်အမှန်ကို... ဆရာဘာမှလုပ်စရာမလိုဘူး၊ ဆရာ့ရဲ့အကာအကွယ် ဝိညာဉ်စွမ်းအင်တစ်ခုတည်းနဲ့တင် ကျွန်မကိုသတ်နိုင်တယ်၊ ကျွန်မ ဆရာ့ကိုမသတ်နိုင်မှန်းသိလို မနေ့ညက ဆရာ့ရဲ့ဝိညာဉ်လိပ်ပြာကိုသုံးပြီး အဲဒီအမှတ်တရမြင်ကွင်းလေးတွေကို မှတ်တမ်းတင်ပြီး မြောက်ပိုင်းနယ်စပ်အပြင်ဘက်ကို ပိုလိုက်တယ်"
ထိုသိုပြောကာ ကျီချောင်ချင် ပြုံးလိုက်သည်။
"ဆရာ... ထျန်းရွှမ်ဂိုဏ်းဘိုးဘေးနဲ့ အင်မော်တယ်ဂိုဏ်းကတပည့်တွေ မနေ့ညကအချစ်စခန်းဖွင့်ခဲ့ကြတာကို လူတိုင်းသိကုန်ကြပြီ၊ ဪ... နေဦး... ကျွန်မ ဆရာ့ရဲ့တည်နေရာကိုလည်း တမင်သတင်းဖြန့်ထားလိုက်သေးတယ်၊ အဲဒီ့အသုံးမကျတဲ့လူအိုကြီးတွေ ရောက်လာမယ့်အချိန်ကို တွက်ကြည့်ရရင် အခုလောက်ဆိုရောက်နေလောက်ပြီ၊ ဆရာ... အဝတ် အစားမြန်မြန်ဝတ်တာ ကောင်းမယ်နော်"
သူမစကားဆုံးသည်နှင့်တပြိုင်နက် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ပြတင်းပေါက်မှတဆင့် အတင်းဝင်ရောက်လာသည်။ ကုတင်ပေါ်တွင် သတိမေ့နေသောကလေးနှစ်ယောက်ကို ဦးစွာမြင်လိုက်ရသဖြင့် သူ့မျက်နှာဖြူဖျော့သွားပြီးနောက် ကုတင်ရှေ့မှ ရှန်တုပိုင်ကိုမြင်လိုက်ရသည်။
ချက်ချင်းပင် ထိုလူသည် သူ မည်သူ့အခန်းထဲရောက်နေမှန်း သဘောပေါက်သွားပြီး ထိတ်လန့်တကြား ဒူးထောက်ချလိုက်သည်။
"ဘိုးဘေး... ဘိုးဘေး... ကျွန်တော့်ကိုခွင့်လွှတ်ပါ"
မနေ့ညက ကျီချောင်ချင်ပိုလိုက်သော ဝိညာဉ်လိပ်ပြာထဲတွင် ကုတင်ပေါ်မှဘိုးဘေးနှင့် တပည့်နှစ်ဦး၏မျက်နှာများတရိပ် ရိပ်ပေါ်နေပြီးနောက် အနီရောင်ကုတင်လိုက်ကာစကြားမှ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းသည် သဲသဲကွဲကွဲမမြင်ရသော်လည်း ထင်ကြေးပေးစရာမကျန်အောင် ရှင်းလင်းနေခဲ့သည်။
ရှန်တုပိုင် သူ့ကိုလျစ်လျူရှုလိုက်ပြီး အဝတ်အစားများကိုပင် သပ်ရပ်အောင်ပြင်မဝတ်ပေ။ ရှန်တုပိုင်တွင် အမြဲတမ်း အာဏာရှိသော အရှိန်အဝါမျိုးရှိတတ်ပြီး ယခုကဲ့သို ဖရိုဖရဲဖြစ်နေချိန်၌ပင် သူက လုံးဝ မှန်ကန်နေသည့်ပုံပေါက်နေသည်။
"ချောင်ချင်... မနေ့ညက မင်းရဲ့အပြုအမူကို ဆရာ သဘောမကျဘူး၊ သူစိမ်းတွေကို ဆရာ့အနားပေးမကပ်ဘူးဆိုတာ မင်းသိသားနဲ့"
ကျီချောင်ချင် ပြုံးလိုက်သည်။
"မနေ့ညက ဆရာနဲ့တပည့်နှစ်ယောက် မေတ္တာမျှနေကြတုန်းကကျတော့ ဘာလို့ ဒီစကားမပြောခဲ့တာလဲ၊ အခုကျမှ သူတို့ရှေ့မှာလာငြင်းနေတာ မလွန်လွန်းဘူးလား၊ သူတို့ရဲ့ဂုဏ် သိက္ခာကို ဆရာဖျက်ဆီးလိုက်တာလေ"
သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်တွင် မျိုသိပ်ထားရသော ဒေါသများပေါ်လာသည်။
ရှန်တုပိုင်၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။ သူမသည် ရှန်တုပိုင် ဒေါသထွက်လေ ပိုပျော်လေဖြစ်ပြီး ဒေါသကြောင့်ပေါက်ကွဲလုနီးပါး ဖြစ်နေမှန်းသိသည်။
"ဒီလိုဆိုမှတော့ ဆရာလည်း မင်းကို သတင်းကောင်းတစ်ခုပြောပြရမှာပေါ့"
ရှန်တုပိုင် ပြောလိုက်သည်။
"ရှန်ကျွင်းက မြောက်ပိုင်းနယ်မြေမှာ သူ့အတိတ်အကြောင်းစုံစမ်းနေပြီး ကျူးယွီကိုတောင်ခေါ်သွားသေးတယ်၊ အဲဒါ ဆရာ့ကို တော်တော် စိတ်မချမ်းမသာဖြစ်စေတယ်၊ အခု ဆရာ သူ့ကိုဘယ်ပို့လိုက်လဲ ခန့်မှန်းကြည့်ပါဦး..."
ကျီချောင်ချင် ခန္ဓာကိုယ်တောင့်တင်းသွားသည်။ ရှန်တုပိုင်က သူမ၏လှည့်စားခြင်းကို ခံလိုက်ရသဖြင့် သေချာပေါက် လက်တုံ့ပြန်ချင်နေပြီဖြစ်ရာ သူ့စကားများက လိမ်ညာနေခြင်းမဖြစ်နိုင်ပေ။
ကျီချောင်ချင် တုံ့ဆိုင်းမနေတော့ပေ။ သူ အင်မော်တယ်ကြိုးကိုအသုံးပြုပြီး ရှန်ကျွင်းကို သူမထံခေါ်ဆောင်ရန် ကြိုးစားလိုက်သော်လည်း ကြိုးမှာ လုံးဝတုံ့ပြန်မှုမရှိသည်ကိုတွေ့လိုက်ရသည်။
ကျီချောင်ချင် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ ထပ်မံကြိုးစားကြည့်သော်လည်း ၎င်းမှာ တုံ့ပြန်မှုမရှိသေးပေ။
"မကြိုးစားနဲ့တော့၊ ရှန်ကျွင်း အခုယဇ်ပလ္လင်မှာ ရောက်နေပြီ၊ မင်းရဲ့ဆင့်ခေါ်မှုကို သူ လုံးဝကြားမှာမဟုတ်ဘူး"
ယဇ်ပလ္လင်!
မြွေနဂါးကြီးရစ်ခွေနေသော ယဇ်ပလ္လင်ကို ကျီချောင်ချင်သတိရသွားသည်။ အဲဒီယဇ်ပလ္လင်က ဝိညာဉ်မျိုးနွယ်ကို ယဇ်ပူဇော်ဖို့ သုံးတာမဟုတ်ဘူးလား၊ ဝိညာဉ်မျိုးနွယ်က သူ့ကို ယဇ်ကောင်အဖြစ်သတ်ပစ်မှာပဲဟာကို ဘာကိစ္စ သူတို့ထောင်ချောက်ထဲဝင်သွားရတာလဲ...
"သူက ဂိုဏ်းသားတွေနဲ့ရင်ဆိုင်နေတုန်း မင်း ဝိညာဉ်မျိုးနွယ်စုရဲ့ယဇ်ပလ္လင်နားမှာ ရှိနေတယ်ဆိုတာ ကြားလိုက်တာနဲ့ ဘာမှတုံ့ဆိုင်းမနေဘဲ..."
ရှန်တုပိုင် စကားမဆုံးခင်မှာပင် ကျီချောင်ချင် အလျင်အမြန် ထွက်ခွာသွားပြီဖြစ်သည်။
ရှန်တုပိုင်၏ မူလရည်ရွယ်ချက်မှာ ယဇ်ပလ္လင်ပေါ်တွင် ရှန်ကျွင်းနှိပ်စက်ခံရပြီး သေဆုံးသွားသည်ကို ကျီချောင်ချင်အား မြင်တွေ့စေလိုခြင်းဖြစ်သည်။ သို့သော် ကျီချောင်ချင်က အရာအားလုံးကို တိတ်တဆိတ်စွန့်လွှတ်ပြီး ရှန်ကျွင်းကိုရှာဖွေရန် ထွက်သွားသည်ကို မြင်သောအခါ သူ့ ရင်ထဲတွင်
မကျေနပ်မှုများလှိမ့်တက်လာသည်။
"မင်း ဘာလို့ သူ့ကို ဒီလောက်ဂရုစိုက်နေရတာလဲ"
ထိုအချိန်တွင် သူ့ဘေးမှ သက်လတ်ပိုင်းအမျိုးသားက ခက်ခက်ခဲခဲပြောလိုက်သည်။
"ဘိုးဘေး... မနေ့ညကဘာဖြစ်ခဲ့တာလဲ၊ ကျေးဇူးပြုပြီး ပြောပြပေးပါ"
ထိုအသံကြားမှ ရှန်တုပိုင်အကြည့်က သက်လတ်ပိုင်းအမျိုးသားအပေါ် ကျရောက်သွားသည်။ ထို့နောက် ရှန်တုပိုင်က ပေါ့ပေါ့ပါးပါးလက်ဝှေ့ယမ်းလိုက်ရာ သက်လတ်ပိုင်းအမျိုးသားနှင့် ကုတင်ပေါ်မှ ကလေးနှစ်ယောက်တို့ လေထဲတွင် အငွေ့ပျံပျောက်ကွယ်သွားတော့သည်။
—
ကျီချောင်ချင်သည် ယဇ်ပလ္လင်ရှိသောဂူထဲသို့ အပြေးအလွှားရောက်သွားသည်။ သူမဝင်လိုက်သည်နှင့် လင်းရူရှုက ယဇ်ပလ္လင်ကိုမော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျီချောင်ချင်သည် လင်းရူရှု ဘာလို့ ဤနေရာကို ရောက်နေတာလဲဆိုတာ မေးမြန်းရန်အချိန်မရှိပေ။ သူမ၏အကြည့်က ယဇ်ပလ္လင်ပေါ်ရှိ လူဆီသို့ရောက်သွားပြီးဖြစ်သည်။
ရှန်ကျွင်းသည် ယဇ်ပလ္လင်အထက်တွင် တွဲလောင်းကျနေပြီး မျက်လုံးများကိုတင်းတင်းပိတ်ထားကာ သူ့ခန္ဓာကိုယ်ကို ယဇ်ပလ္လင်က ချုပ်နှောင်ထားသည့်အလားဖြစ်နေသည်။ ကျီချောင်ချင်က အင်မော်တယ်ကြိုးကို ထပ်မံအသုံးပြုကြည့်သော်လည်း တုံ့ပြန်မှုမရှိပေ။
ကျီချောင်ချင်က လင်းရူရှု အမြဲဆောင်ထားလေ့ရှိသောဓားကိုဆွဲထုတ်လိုက်ပြီး မြွေနဂါးရုပ်တုကြီးအပေါ်သို့ခုန်တက်ကာ ယဇ်ပလ္လင်၏အကာအကွယ် အတားအဆီးကို ဖျက်ဆီးရန် ပြေးတက်သွားလိုက်သည်။ သို့သော် အံ့သြစရာကောင်းစွာပင် ယဇ်ပလ္လင်ကစတင်လည်ပတ်နေပြီဖြစ်ပြီး ကျီချောင်ချင်ကို အနားကပ်ခွင့်မပေးတော့ပေ။
"အလကားပဲ"
လင်းရူရှုက ပြောသည်။
"ရှန်ကျွင်းက ဝိညာဉ်မျိုးနွယ်စုရဲ့တရားဝင်သွေးမျိုးဆက်ထဲက နောက်ဆုံးကျန်ရစ်သူလေ၊ သူ ယဇ်ပလ္လင်ထဲဝင်သွားတာနဲ့ ယဇ်ပလ္လင်ကစပြီးလည်ပတ်တော့မှာ၊ ဘယ်သူမှဝင်စွက်ဖက်လို့မရတော့ဘူး..."
"ဒါဆို သူသေတာကို ဒီတိုင်းထိုင်ကြည့်နေရမှာလား!"
ကျီချောင်ချင်က မိုးကြိုးဆင့်ခေါ်အင်းကွက်ကို ဆွဲထုတ်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြန်သိမ်းလိုက်သည်။ အကယ် ၍ သူမ မိုးကြိုးအင်းကွက်ကိုသုံးပြီး ရှန်ကျွင်းဆီပစ်ခွဲလိုက်မယ်ဆိုရင် သူပါသေသွားလိမ့်မည်။
လင်းရူရှု ပြောလိုက်သည်။
"သူ ယဇ်ပလ္လင်ထဲကျသွားဖို့ ကံပါလာပြီးသား၊ ဒါ သူ့ကံတ ရားပဲ..."
ကျီချောင်ချင် နှာခေါင်းရှုံ့လိုက်သည်။
"ဘာ ကံတရားလဲ၊ တကယ်လို့ ကံတရားဆိုတာ ရှိရင်တောင် ငါ လက်မခံဘူး!"
သူ ပင်ပင်ပန်းပန်းစုဆောင်းထားသော ဝိညာဉ်ဓားဖြင့် ကျီချောင်ချင်က ယဇ်ပလ္လင်ကို ထပ်မံတိုက်ခိုက်ရန်ပြင်နေသည်ကို မြင်သောအခါ လင်းရူရှု အလျင်အမြန်ပြောလိုက်သည်။
"ရှန်ကျွင်းကို ပြန်ခေါ်လာနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခုရှိသေးတယ်!"
လင်းရူရှုက သူ့သွေးတစ်စက်ကို ယဇ်ပလ္လင်ထဲသို့ ဦးစွာထည့်သွင်းလိုက်ပြီးနောက် လက်သင်္ကေတ ပြုလုပ်ကာ လေထဲတွင်စက်ဝိုင်းကြီးတစ်ခုရေးဆွဲလိုက်သည်။ စက်ဝိုင်းထဲတွင် နှင်းဖုံးနေသော တောင်တန်းကြီးတစ်ခုပေါ်လာသည်။
လင်းရူရှုက ပြောသည်။
"ငါ ယဇ်ပလ္လင်ထဲကို ငါ့သွေးထည့်လိုက်ပြီ၊ ငါကပြင်ပမျိုး နွယ်စုကဖြစ်တဲ့အတွက် သွေးကမသန့်ဘူး၊ အဲဒါကြောင့် ရှန်ကျွင်း အစီအရင်နဲ့ပေါင်းစပ်သွားမယ့်အချိန်ကို နှောင့်နှေးစေလိမ့်မယ်"
ကျီချောင်ချင် "ပြီးတော့ရော"
လင်းရူရှုက စင်မြင့်ထက်မှ ရှန်ကျွင်းကိုလှမ်းကြည့်လိုက်သည်။
"ဒီလောကကြီးမှာ ရှင်သန်ချင်စိတ်ပြင်းပြတဲ့သူတွေ အမြဲရှိစမြဲပဲ၊ အရင်တုန်းက ဝိညာဉ်မျိုးနွယ်စုရဲ့ တိုက်ရိုက်ဆက်ခံသူတစ်ယောက် ယဇ်ပလ္လင်ထဲကျသွားဖူးပေမယ့် ရှင်သန်ချင်စိတ်ကြောင့် အသက်ရှင်ခဲ့ဖူးတယ်၊ တကယ်လို့ ရှန်ကျွင်းသာ လုံလောက်အောင်သန်မာမယ်ဆိုရင် ပြန်ထွက်လာနိုင်ကောင်း ထွက်လာနိုင်မှာပါ"
ထိုသို့ပြောကာ လင်းရူရှုက ကျီချောင်ချင်ကိုဆက်ပြော သည်။
"အဲဒီ့ယဇ်ပလ္လင်က ဝိညာဉ်မျိုးနွယ်ဝင်အများကြီးရဲ့ကြိုးပမ်း အားထုတ်မှုတွေ ပေါင်းစပ်ထားတဲ့ရလဒ်လေ၊ မင်းတင်မကဘူး... မင်းတို့ရဲ့ထျန်းရွှမ်ဂိုဏ်း ဘိုးဘေးလာရင်တောင် ဒါကို လုံးဝဖြိုခွင်းနိုင်မှာ မဟုတ်ဘူး"
ကျီချောင်ချင်၏မျက်ဝန်းထဲတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။
"ရှင် ကျွန်မ ဘယ်သူလဲဆိုတာသိသွားပြီပေါ့"
ဝိညာဉ်မျိုးနွယ်ဝင်များသည် မြောက်ပိုင်းနယ်မြေမှ တစ်သက်လုံး ထွက်ခွာခွင့်မရှိကြသဖြင့် ကျီချောင်ချင် သူမနာမည်ပေါ်သွားမှာကို မကြောက်ပေ။ သို့သော် ယခု လင်းရူရှုကသိသွားခဲ့သည်။
ကျီချောင်ချင်က လင်းရူရှုကို ဓားဖြင့်ချိန်လိုက်သည်။
"မြောက်ပိုင်းနယ်မြေအပြင်ဘက်က လူတွေကို ရှင် မြင်ပြီးပြီမလား၊ ရှန်ကျွင်း ဒီယဇ်ပလ္လင်ထဲကျသွားတာ ရှင်ပါဝင်ပတ် သက်နေလား"
လင်းရူရှုသည် ခေါင်းခါလိုက်သည်။
"ရှန်ကျွင်း မင်းအကြောင်း ကျွန်တော့်ကိုပြောပြထားလို့ပါ"
ကျီချောင်ချင် တုံ့ဆိုင်းမနေဘဲပြန်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး၊ သူ ကျွန်မကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး"
ကျီချောင်ချင်၏စကားများတွင် ရှန်ကျွင်းအပေါ် အတိုင်း အဆမဲ့ ယုံကြည်မှုများပါဝင်နေသဖြင့် လင်းရူရှု ခေတ္တမျှကြောင်သွားသည်။
သူ အမြန်သတိပြန်ဝင်လာပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ လေထဲမှစက်ဝိုင်းအတွင်း မြင်ကွင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ကြီးမားသော လေဟာပြင် ကွင်းပြင်ကြီးတစ်ခုနှင့်တူသော်လည်း သားရဲတိရစ္ဆာန်များအစား ကလေးငယ်ရာပေါင်းများစွာကို ထည့်ထားသည်ကိုတွေ့ရသည်။ အသက်အကြီးဆုံးမှာနှစ်ဆယ်ခန့်ရှိပြီး အငယ်ဆုံးမှာငါးနှစ်ခန့်သာရှိသေးပုံရသည်။
နှင်းများစတင်ကျဆင်းလာပြီး ကွင်းပြင်ကြမ်းပြင်အား လျင်မြန်စွာဖုံးလွှမ်းသွားသည်။
ကလေးတစ်အုပ်မှာ နှင်းထဲတွင်ရပ်နေကြသည်။ ၎င်းတို့သည် လက်နက်မဲ့နေကြသော်လည်း အချင်းချင်း စူးစိုက်ကြည့်ကာ တိုက်ခိုက်နေကြသည်။
"သူ မင်းကိုသစ္စာမဖောက်ပါဘူး"
လင်းရူရှုက ပြောသည်။
"ဒါ ကျွန်တော် နှစ်တွေအကြာကြီး ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားပစ္စည်းတစ်ခုပါ၊ ပြန်လည်မွေးဖွားခြင်းမှန်လို့ခေါ်တယ်၊ လောကကြီးရဲ့အတိတ်က အရာအားလုံးကိုမြင်နိုင်တယ်၊ ကျွန်တော်ဆိုလိုတာက... ခင်ဗျားရဲ့ဇာတ်လမ်းကို ရှန်ကျွင်းရဲ့အတိတ်က ကျွန်တော့်ကိုပြောပြခဲ့တာ"
ကျီချောင်ချင် အကြည့်က ကလေးတစ်ယောက်အပေါ် ချက်ချင်းရောက်ရှိသွားသည်။ ထိုကလေးသည် ငါးနှစ်ထက်မကြီးလောက်သေးပေ။ ပိန်လှီပြီး အရိုးပေါ်အရေတင်ဖြစ်နေကာ ကွင်းပြင်ထဲတွင် အငယ်ဆုံးဖြစ်ပုံရသည်။ စုတ်ပြတ်သတ်နေသော အနက်ရောင်ဝတ်စုံနွမ်းပါးပါးကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် နှင်းထဲတွင် တွေဝေငေးငိုင်စွာရပ်နေသည်။ သူ့မျက်လုံးများက ဝေးလံသောတောင်ဘက်အရပ်ကိုစိုက်ကြည့်နေပြီး ဘေးပတ်ဝန်းကျင်မှ သတ်ဖြတ်ပွဲများကို ဂရုမစိုက်သည့်အလားပင်။
သူ့ဆံပင်ကအလွန်တိုပြီး အရှည်ဆုံးအပိုင်းက သူ့မျက်လုံးများကို ဖုံးလွှမ်းလုနီးပါးဖြစ်နေသော ဆံမြိတ်ဖြစ်သည်။
ကျီချောင်ချင် သူ့အား ရှန်ကျွင်း ငယ်ရွယ်စဉ်ကပုံမှန်း ချက်ချင်းမှတ်မိလိုက်သည်။
ဤရှန်ကျွင်းအငယ်စားလေးမှလွဲလျှင် ကျန်သည့်သူအားလုံးမှာ သေရေးရှင်ရေးအလား တိုက်ခိုက်နေကြပြီး သွေးစက်များနှင့်အသားစအချို့က နှင်းပြင်ထက်တွင် ပြန့်ကျဲလျက်ရှိနေသည်။
ထိုအချိန်တွင် ကောင်လေးတစ်ယောက် သူ့အနားသို့ ကပ်လာသည်။
ထိုကောင်လေးက ကလေး၏နှလုံးနှင့်အဆုတ်ကိုဓားဖြင့် ထိုးလိုက်ပြီးနောက် တခြားသူများကို ဆက်လက်ရှင်းလင်းရန် လျင်မြန်စွာ လှည့်ထွက်သွားသည်။
သို့သော် နောက်တစ်ခဏတွင် ကလေးငယ်က ပြန်မတ်တပ်ရပ်လာပြီး ကောင်လေးကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။
"မသတ်နဲ့"
ထို့နောက် သူက ကောင်လေးနှစ်ယောက်ရှေ့သို့ ရုတ်တရက်ရောက်သွားပြီး လက်ဝါးတစ်ချက်တည်းဖြင့် လူချင်းခွဲထုတ်လိုက်ကာ ခံစားချက်မပါသော မျက်နှာဖြင့်ထပ်ပြောလိုက်သည်။
"မသတ်နဲ့"