အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
🍃 Chapter 127
ရှန်ကျွင်းက သတ်ဖြတ်ခြင်းကိုတားဆီးရန် အဆက်မပြတ်ကြိုးစားနေသဖြင့် မသိလိုက်မသိဘာသာဖြင့် သူသည် တိုက်ခိုက်သူများ၏ပစ်မှတ် ဖြစ်လာခဲ့သည်။ ဝိုင်းဝန်းတိုက်ခိုက်မှုများကိုရင်ဆိုင်နေရသော်လည်း သူက တခြားသူများကိုပြန်မတိုက်ဘဲ မကြာမီမှာပင် တစ်ကိုယ်လုံး ဒဏ်ရာများဖုံးလွှမ်းသွားကာ ခြေလက်များကျိုးပဲ့ကုန်တော့သည်။
ရှန်ကျွင်း နှင်းထဲတွင် ခံစားချက်မဲ့စွာလဲလျောင်းနေပြီး နာကျင်မှုကိုမသိတော့သည့်အလားဖြစ်နေသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရှန်ကျွင်းကို သတ်ရန် ကြိုးစားလာသော်လည်း ကောင်လေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူ့ကိုကယ်တင်လိုက်သည်။
ထိုကောင်လေးမှာ လင်းရူရှုပင်။
လင်းရူရှုသည် ရှန်ကျွင်းထက် အသက်အနည်းငယ် ကြီးသည်။ ဖိနှိပ်ချုပ်ချယ်ထားသောကွင်းပြင်ထဲမှ ကလေးများနှင့်မတူဘဲ သူသည် တက်ကြွလန်းဆန်းနေပြီး ဝိညာဉ်မျိုးနွယ်စု၏တောက်ပသော အစက်အပျောက်လေးတစ်ခု ဖြစ်နေသည်။
ကျီချောင်ချင် ရုတ်တရက်ဒေါသထွက်သွားသည်။
"ဘာလို့ ရှန်ကျွင်းတစ်ယောက်တည်း စုတ်ပြတ်သတ်နေရတာလဲ၊ သူက ရှင်တို့ဝိညာဉ်မျိုးနွယ်စုရဲ့ တိုက်ရိုက်ဆက်ခံသူလေ... ဒီလို ဆက်ဆံမခံရသင့်ဘူး!"
လင်းရူရှုက သူ့အတိတ်ပုံရိပ်ကိုပြန်မြင်ပြီး တွေဝေသွားသည်။
"ရှန်ကျွင်းရဲ့အဖေက ဝိညာဉ်မျိုးနွယ်စုရဲ့အရင်ခေါင်းဆောင်ပါ၊ သူက မြောက်ပိုင်းနယ်စပ်ကို ရောက်လာပြီး မြင့်မြတ်တဲ့ပစ္စည်းတွေကိုခိုးယူဖို့ ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့မိတယ်၊ အဲဒီအမျိုးသမီးက သူ့ကို လုံးဝလှည့် စားခဲ့ပြီး ဝိညာဉ်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းတွေနဲ့ လျှို့ ဝှက်ချက်တွေကိုယူသွားခဲ့တယ်၊ အဲ့ဒါကြောင့် ဝိညာဉ်မျိုးနွယ်စု ပျက်စီးလုနီးပါးဖြစ်ခဲ့ရတာ၊ ဝိညာဉ်မျိုးနွယ်စု ကျဆင်းသွားရတဲ့အကြောင်းရင်းကဒါကြောင့်ပဲ၊ နောက်ပိုင်းမှာ ရှန်ကျွင်းရဲ့အဖေက ဒီဒဏ်ချက်ကိုမခံနိုင်တော့ဘဲ မိသားစုလိုက် မီးပုံထဲအသေခံဖို့ ရှန်ကျွင်းရဲ့အမေနဲ့ ရှန်ကျွင်းကိုဆွဲခေါ်သွားခဲ့တယ်"
ရှန်ကျွင်းအငယ်စားလေးကို သူ့အမေက အပြင်ဘက်သို့တွန်းထုတ်လိုက်သည်။ သူ တံခါးဝတွင်မှင်သက်စွာရပ်နေပြီး ဖခင်ဖြစ်သူက မိခင်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားသည်ကို ကြည့်နေခဲ့သည်။ ဖခင်၏မျက်နှာမှာ နာကျင်မှုကြောင့်ရှုံ့မဲ့နေပြီး မိခင်မျက်လုံးများကတော့ ရှန်ကျွင်းဆီမှာသာရှိနေကာ မျက်နှာတစ်ခုလုံး ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်ကစပြီး ရှန်ကျွင်း မလိုအပ်ဘဲစကားမပြောတော့ပေ။
သူ့မိဘနှစ်ပါးစလုံးက ဝိညာဉ်မျိုးနွယ်စု၏ အပြစ်သားများဖြစ်နေသောကြောင့် ရှန်ကျွင်းဘဝက သဘာဝကျကျပင် ခက်ခဲကြမ်းတမ်းခဲ့သည်။ သူက တိုက်ရိုက်သွေးမျိုးဆက်ဖြစ်သော်လည်း လူတိုင်း အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ပစ်မှတ်တစ်ခုဖြစ်ကာ လူတိုင်းနင်းချေလို့ရသော အရာတစ်ခုဖြစ်ခဲ့ရသည်။
သူ့ကိုဒူးထောက်ခိုင်းတယ်၊ လူတွေကို တွင်းနက်ထဲကနေ ကယ်တင်ဖို့လှည့်စားတယ်၊ စော်ကားမှုတွေ အနိုင်ကျင့်မှုတွေကိုခံရတယ်၊ သူက ဝိညာဉ်မျိုးနွယ်ဝင်တိုင်း ဒေါသပုံချလို့ရတဲ့ ပစ္စည်းတစ်ခုဖြစ်ခဲ့ရတယ်...
ဆောင်းကုန်လို့ နွေကူးလာတိုင်း သူ ပိုပိုပြီး တိတ်ဆိတ်လာတယ်၊ ပြင်ပလောကကို တုံ့ပြန်နိုင်စွမ်း ပိုပိုပြီးနည်းလာတယ်၊ ဒါပေမယ့် သူ့ကျောပြင်ကတော့ နေ့တိုင်းပိုပြီးမတ်မတ်ရပ်လာခဲ့တယ်…
ထိုနောက်တွင်တော့ ပုံရိပ်များသည် ကွင်းပြင်ထဲသို ရောက်ရှိသွားသည်။
ကွင်းပြင်ထဲရှိကလေးအားလုံးမှာ အပြစ်သားများ၏သွေးကို ဆက်ခံထားသူများဖြစ်ကြသည်။ထိုနေရာသည် အားလုံးကိုသတ်ဖြတ်ပြီး အသန်မာဆုံးဖြစ်လာသူတစ်ယောက်သာ အသက်ရှင်သန်ခွင့်ရမည့် သတ်ကွင်းတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ရှန်ကျွင်း၏အသက်မှာ ရှစ်နှစ်ရှိနေပြီ ဖြစ်သော်လည်း လူကောင်ကတော့ ငါးနှစ်သားအရွယ်လောက်သာရှိသေးသည်။ သူက မည်သူ့ကိုမှ စတင်မတိုက်ခိုက်သလို၊ လူနှစ်ယောက်တိုက်ခိုက်နေသည်ကိုမြင်လျှင်လည်း ရှေ့ထွက်၍ဝင်တားလေ့ရှိသည်။
လင်းရူရှုက မေးလိုက်သည်။
"သူ ဘာလို ဒီလိုလုပ်နေတယ်ဆိုတာ မင်းသိလား"
ကျီချောင်ချင် တိတ်ဆိတ်စွာခေါင်းခါပြလိုက်သည်။ သူမ မသိပေ။ ရှန်ကျွင်းကို စတွေ့တုန်းကလည်း သူကအေးစက်ပြီး ဂရုမစိုက်တတ်သည့်ပုံစံမျိုးဖြစ်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကလွဲပြီး တခြားဘာမှ မလုပ်တတ်ပေ။
ဒါပေမယ့် ဘာလို သူ ဒီလိုလုပ်နေရတာလဲ?
လင်းရူရှုက ဖြေသည်။
"ဘာလိုလဲဆိုတော့ သူ့အဖေက ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်ပြီး အလုပ်တွေအရမ်းရှုပ်နေတယ်၊ သူ့အမေနဲ့အတူ ရှန်ကျွင်းကိုလာတွေ့ဖို အခွင့်အရေး သိပ်မရဘူးလေ၊ ရှန်ကျွင်း ကောင်းမှုကုသိုလ်တွေလုပ်နေသမျှကာလပတ်လုံး သူတို ရှန်ကျွင်းကိုလာတွေ့မယ်လို သူ့အဖေကပြောဖူးထားလိုပဲ"
ထိုကြောင့် ရှန်ကျွင်းက နေ့တိုင်း ဤသိုလုပ်ရန် အကျင့်ပါနေခဲ့ခြင်းဖြစ်သည်။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားလျှင်တောင် သူ့မိဘများကို နောက်တစ်ကြိမ်ပြန်တွေ့ချင်စိတ်ကြောင့် မကောင်းမှုကို ပယ်ဖျက်ပြီး ကောင်းမှုကိုအားပေးသောအလုပ်ကို သူ့မသိစိတ်ကနေ ဆက်လုပ်နေခဲ့တာဖြစ်သည်။ နောက်ပိုင်းမှာ ထိုအရာက လိမ်ညာမှုတစ်ခုမှန်းသိလိုက်ရသည့်တိုင် သူဆက်လုပ်နေခဲ့သည်။
ကျီချောင်ချင် သတ်ကွင်းထဲရှိ ရှန်ကျွင်းကိုလှမ်းကြည့်လိုက်သည်။ သူက လင်းရူရှုအနားကပ်လာသည်ကို လုံးဝလျစ်လျူရှုထားပြီး ပြတ်တောက်သွားသောခြေလက်များကို တိတ်တဆိတ်ပြန်ဆက်ကာ ထောင့်တစ်နေရာသိုသွားပြီး ကွေးကွေးလေး အိပ်စက်လိုက်သည်။
ခိုက်ခိုက်တုန်အောင်အေးစက်နေသော နှင်းထုထဲတွင် သူ့အဝတ်အစားများကစုတ်ပြတ်သတ်နေသည်။ ဤအတိုင်းဆက်အိပ်လိုက်လျှင် သူအေးခဲပြီးသေသွားလိမ့်မည်။
လင်းရူရှုကအခွင့်ကောင်းယူပြီး ရှန်ကျွင်းကိုရိုက်နှက်ကာ သတိလစ်စေလိုက်ပြီးနောက် သူရှာတွေ့ထားသောဂူတစ်ခုထဲသို ခေါ်ဆောင်သွားလိုက်သည်။
ဝိညာဉ်မျိုးနွယ်စုမှကလေးများသည် ပြင်ပလောကမှ ကလေးများနှင့်မတူကြပေ။ သူတိုသည် မွေးရာပါ အစာဖြတ်အဆင့်ပါလာပြီးသားဖြစ်၍ အစား စားစရာမလိုဘဲ ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများမှ စွမ်းအင်ကိုသာလိုအပ်သည်။
သိုသော် ရှန်ကျွင်းတွင် ဝိညာဉ်ကျောက်တုံးမရှိသလို အစာရေစာ ရင်းမြစ်လည်းမရှိပေ။ ကွင်းပြင်တွင် ရက်စက်ကြမ်းကြုတ်သော ထောင်စောင့်များဖြင့် ပြည့်နှက်နေသော်လည်း ရှန်ကျွင်းက ဆာလောင်ကြောင်း ဘယ်တော့မှညည်းညူလေ့မရှိဘဲ တစ်ရက်ပြီးတစ်ရက် သည်းခံကျော်ဖြတ်ခဲ့သည်။ သူမသေနိုင်သော်လည်း သူ့ဘဝက သေချာပေါက်ငရဲခန်းတမျှ နာကျင်ဆင်းရဲလှသည်။ သူ့ခန္ဓာကိုယ်က အသက်ဆယ်နှစ်ရှိနေပြီဖြစ်သော်လည်း ခြောက်နှစ်သား အရွယ်အစားသာရှိနေပြီး ဘယ်တော့မှကြီးပြင်းလာမည့်ပုံမပေါ်ပေ။
ထိုနောက် လင်းရူရှုက သူ့မှာလက်ကျန်ရှိသော ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ရှန်ကျွင်းအား ပေးလိုက်သည်။
လင်းရူရှုသည် ရှန်ကျွင်း၏မိဘများ သေဆုံးပြီးနောက်ပိုင်း ရှန်ကျွင်းအပေါ် ကြင်နာမှုပြသသော ပထမဆုံးလူသားဖြစ်သည်။ အကယ်၍ လင်းရူရှုရဲ့ မျက်လုံးထဲမှ ယုတ်မာတဲ့အရိပ်အယောင်ကို ကျီချောင်ချင်သာ မမြင်ခဲ့ရင်ပေါ့....
ရှန်ကျွင်းက အနိုင်ကျင့်ခံရသည်များကို ပြန်မတုံပြန်သော်လည်း သူက တော်တော်အရည်အချင်းရှိမှန်း လင်းရူရှု ရှာဖွေတွေ့ရှိခဲ့သည်။ သူ့လှုပ်ရှားမှုများသည်လျင်မြန်ပြတ်သားပြီး မွေးရာပါ ပါရမီရှင် တစ်ယောက်လိုဖြစ်သည်။ နောင်တစ်ချိန် သူတိုနှစ်ယောက် ရန်သူများဖြစ်လာခဲ့ပါက ရှန်ကျွင်းကို သူ လုံးဝသတ်နိုင်မှာမဟုတ်ဘူးဆိုတာ လင်းရူရှု သဘောပေါက်လိုက်သည်။ ထိုအပြင် သတ်ကွင်းထဲကနေ တစ်ယောက်တည်းသာ အသက်ရှင်လျက်ထွက်ခွာခွင့်ရှိသည်။
ထိုကြောင့် လင်းရူရှုက ရှန်ကျွင်းနှင့်မိတ်ဆွေဖွဲရန် ကြံစည်ခဲ့သည်။ ရှန်ကျွင်းက စိတ်ထားနူးညံ့သူဖြစ်သောကြောင့် ထိုနေ့ရောက်လာခဲ့ပါက ရှန်ကျွင်းက သူ့ကို သေချာပေါက်ထွက်သွားခွင့်ပေးလိမ့်မည်။
ဤသည်ကိုမြင်လိုက်ရချိန် ကျီချောင်ချင်က ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေသော လင်းရူရှုကိုလှည့်ကြည့်လိုက်မိသည်။ ဒီလူ... ဘီးတပ်ကုလားထိုင်နဲ့နေရတာတကယ်တန်တယ်ဟု သူမဒေါသတကြီးတွေးလိုက်မိသည်။
လင်းရူရှုက ရှန်ကျွင်းကို စိတ်ထားနူးညံ့သူဟုထင်ခဲ့သော်လည်း ရှန်ကျွင်းက ဤမျှလောက်ထိ နှလုံးသားတံခါးပိတ်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက ဆယ်နှစ်သားကလေးတစ်ယောက်သာဖြစ်သော်လည်း သူငယ်ချင်းလည်းမလို၊ ဂရုစိုက်မှုပင် မလိုသည့်ပုံပေါက်နေသည်။ သူသည် တစ်ရက်လုံးလုံး ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက်ထိုင်နေနိုင်ပြီး အချိန်ကုန်ဆုံးသွားတာကိုတောင် သတိမထားမိသလိုပင်။
အပြင်လောကမှာသာဆိုပါက ရှန်ကျွင်းက ဉာဏ်ကောင်းပြီး ချစ်စရာကောင်းသည့်ကလေးတစ်ယောက်ဖြစ်နေမှာဖြစ်သည်။ ထူးထူးခြားခြား ချောမောပြီး လက်ရာမြောက်စွာထုဆစ်ထားသလို မျက်နှာလေးကြောင့် လူတိုင်း၏အချစ်ကို ပိုင်ဆိုင်ထားမည်။
ကံမကောင်းစွာဖြင့် ဤနေရာက မြောက်ပိုင်းနယ်မြေ၏ သတ်ကွင်းဖြစ်နေခဲ့သည်။
လင်းရူရှုမသိသော်လည်း ကျီချောင်ချင် သိသည်။
ရှန်ကျွင်းက ဂရုစိုက်မှုကို လျစ်လျူရှုတာမဟုတ်ပဲ သူက ကြင်နာမှုကို ပထမဆုံးအကြိမ်ကြုံတွေ့ရတာမို ဘယ်လို တုံပြန်ရမလဲမသိဖြစ်နေခြင်းပင်။
လင်းရူရှုက ခါးသီးစွာရယ်မောလိုက်သည်။
"ကျွန်တော် သူ့ကိုလိမ်ခဲ့မိတာ ကျွန်တော့်အပြစ်ပါ၊ ခင်ဗျား အခု ကျွန်တော့်ကိုသတ်ချင်နေမှာပဲ"
ကျီချောင်ချင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူမ လင်းရူရှုကို တကယ်သတ်ချင်နေသည်။ သိုသော် သူမ၏ရင်ထဲတွင် အပြစ်ရှိစိတ် တစ်ခုလှုပ်ခတ်သွားသည်။
သူမလည်း အရင်တုန်းက ရှန်ကျွင်းကို ဒီလိုပဲ ဆက်ဆံခဲ့ဖူးတာပဲလေ...
လင်းရူရှုက ရှန်ကျွင်းကို ဘယ်တော့မှ လက်ဖျားနဲ့
မထိပါဘူး၊ ဒုက္ခရောက်အောင်မလုပ်ပါဘူး၊ သူနဲ့အတူတူ ကောင်းမှုကုသိုလ်တွေလုပ်ပါ့မယ်လို ကတိပေးခဲ့ဖူးတယ်...
ဤတစ်ကြိမ်မှာ ရှန်ကျွင်း သူ့ကိုယုံကြည်ခဲ့သည်။
ဤသည်မှာ ကပ်ဘေးတစ်ခုဖြစ်သည်။ ရှန်ကျွင်း ကယ်ခဲ့လူများအားလုံးကို လင်းရူရှုက တိတ်တဆိတ် လိုက်လံသတ်ဖြတ်ခဲ့သည်။ အမြစ်မကျန်ရှင်းပစ်ရမယ်ဆိုသည့်သဘောတရားကို သူနားလည်သည်။ ဤလူများပြန်ကောင်းလာပြီးမှ သူ့ကိုပြန်သတ်မှာကို အဖြစ်မခံနိုင်ပေ။
သတ်ကွင်းထဲတွင် လူအရေအတွက်နည်းပါးလာသည်။ ရှန်ကျွင်းကစကားနည်းသော်လည်း တုံးအသည့်လူမဟုတ်သဖြင့် လင်းရူရှု၏ လုပ်ရပ်များကို သူရိပ်မိသွားသည်။
ယခု သူတိုနှစ်ယောက်က ဆန့်ကျင်ဘက်ဖြစ်နေကြသည်။ ကွင်းပြင်ထဲတွင် သူတိုနှစ်ယောက်သာကျန်တော့သည်။ တစ်ယောက်ကိုသတ်မှ ကျန်တစ်ယောက်က ထွက်ခွာခွင့်ရမည်။
ရှန်ကျွင်းက သူ့ကိုမမုန်းပေ။ သူက လူသားများ၏ သဘောသဘာဝအပေါ် ဇဝေဇဝါဖြစ်နေရုံဖြစ်သည်။။ လင်းရူရှုက ရှန်ကျွင်းကိုသတ်ချင်နေပြီး ရှန်ကျွင်းကတော့ပြန်မခုခံခဲ့ပေ။
ဤတစ်ကြိမ်မှာ လင်းရူရှုက ရှန်ကျွင်းဆီမှာ နတ်ဘုရားလောင်းတစ်ပါးရဲ့ စိတ်ဓာတ်ကိုမြင်တွေ့လိုက်ရသည်။ လင်းရူရှုထွက်သွားချင်နေမှန်း သိသောကြောင့် ရှန်ကျွင်းက သူ့အသက်ကိုပေးလိုက်သည်။
ရှန်ကျွင်းကိုသတ်ပြီးနောက် လင်းရူရှု သူဆန္ဒရှိသည့်အတိုင်း ကွင်းပြင်မှထွက်ခွာသွားခဲ့သည်။
🍃 Chapter 128
လူတိုင်းက ရှန်ကျွင်းကိုသေပြီဟုထင်ခဲ့ကြသော်လည်း သူမသေခဲ့ပေ။ သူ နှင်းထဲတွင် ခုနစ်ရက်တိုင်တိုင်လဲလျောင်းနေခဲ့သည်။ ခုနစ်ရက်ကြာသောအခါ နှင်းပုံကြားမှထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဟာလာဟင်းလင်းမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။
သူ့မှတ်ဉာဏ်များပျောက်ဆုံးသွားခဲ့သည်။ သူ ဘယ်သူလဲ၊ ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာ မသိတော့သလို၊ သူက ဒီလောကကြီးနဲ့ဘာမှမပတ်သက်တော့သလိုပါပဲ၊ ဒီနေရာမှာသေသွားရင်တောင် ဘယ်သူမှသတိထားမိမှာမဟုတ်သလို ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး...
ရှန်ကျွင်း ထွက်ခွာလာပြီး အပြင်ဘက်သို တစ်လှမ်းချင်းလျှောက်သွားသည်။ မြောက်ပိုင်းနယ်မြေ၏ ကောင်းကင်ယံကို ကောင်းကောင်းမွန်မွန်တောင် မကြည့်လိုက်ရဘဲ ဝိညာဉ်မျိုးနွယ်စုထံ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသည်။
ဝိညာဉ်မျိုးနွယ်စုသည် ပြည်တွင်းစစ်ဖြစ်ပွားနေပြီး လူတိုင်း တိုက်ပွဲထဲပါဝင်ပတ်သက်နေကြသည်။ အချိုက ရှန်ကျွင်းကို ရုပ်သေးရုပ်အဖြစ်အသုံးပြုချင်ကြသည်။ ဝိညာဉ်မျိုးနွယ်စု၏ပဋိပက္ခများကြောင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံး ဒုက္ခရောက်နေကြရသည်ကို ရှန်ကျွင်းမျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
ထိုကြောင့် သူသည် ဝိညာဉ်မျိုးနွယ်စု၏ ပြည်တွင်းစစ်ထဲသို ဆန္ဒအလျောက်ဝင်ရောက်ခဲ့သည်။
ရှန်ကျွင်း၏ကျင့်ကြံခြင်းနည်းလမ်းများသည် အမြဲတမ်း ထူးခြားစွာအစွမ်းထက်ခဲ့သည်။ မဟုတ်လျှင် ဤမျှလောက်အကြာကြီး အသက်ရှင်နိုင်မည်မဟုတ်ပေ။ ဝိညာဉ်မျိုးနွယ်စု ပြည်တွင်းစစ်အတွင်း ရှန်ကျွင်းသည် အရင်းအမြစ်များစွာရရှိခဲ့ပြီး ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးတက်လာကာ ဝိညာဉ်မျိုးနွယ်စု၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
ဤသည်မှာ ရှန်ကျွင်းလူသတ်တာကို ကျီချောင်ချင် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ထိုစဉ်တုန်းက သူက လူသတ်သမား၏ဓားအောက်က အဘိုးအိုတစ်ယောက်ကို ကယ်တင်လိုက်ခြင်းဖြစ်သည်။
သွေးများက သူ့မျက်နှာပေါ်သိုစင်သွားပြီး သူတုန်ရီနေသည်ကို ကျီချောင်ချင်မြင်လိုက်ရသည်။
ကောင်းကင်ဘုံက ဝိညာဉ်မျိုးနွယ်စုကို ပေးအပ်ထားသော စွမ်းအားမှာကြီးမားလွန်းလှသည်။ အကယ်၍ ရှန်ကျွင်းက လက်နက်မဲ့ပြည်သူများကိုကာကွယ်ချင်လျှင် ဝိညာဉ်မျိုးနွယ်ဝင်အားလုံးကို ခြေမှုန်းနိုင်လောက်သည့် ပိုမိုကြီးမားသောစွမ်းအားကို ရယူရန် လိုအပ်သည်။
ထိုကြောင့် သူက နေ့ရောညပါ ကျင့်ကြံအားထုတ်ခဲ့သည်။ အပြင်ထွက်ပြီးလူကယ်တယ်၊ ဒဏ်ရာအပြင်းအထန်ရလာတယ်၊ ပြန်ကျင့်ကြံတယ်၊ အပြင်ပြန်ထွက်ပြီးလူကယ်တယ်၊ ဤသံသရာက အဆုံးမရှိ လည်ပတ်နေခဲ့သည်။
ရှန်ကျွင်းကအသက်ကယ်ဖိုအတွက် ထိုမျှလောက်ထိ စိတ်အားထက်သန်နေသည်ဆိုတာ ကျီချောင်ချင် ယုံရခက်နေသည်။ မှတ်ဉာဏ်များပျောက်ဆုံးနေတာတောင် သူ့နာမည်နှင့် လူသားများကိုကယ်တင်ရမည့် တာဝန်ကို သူ ဘယ်တော့မှမမေ့ခဲ့ပေ။
နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေသူများ၏ အသုံးချခြင်းခံနေရသည်ကို မြောက်ပိုင်းနယ်မြေမှ လူများ၏ အထင်လွဲခြင်းခံနေရသည်ကို ကျီချောင်ချင် လက်ပိုက်ကြည့်နေခဲ့ရသည်။ လူတိုင်းက သူ့ကို နိမိတ်ဆိုးတစ်ခုအဖြစ်ရှုမြင်ကြပြီး ရှန်ကျွင်းက ကပ်ဘေးကိုယူဆောင်လာသူ သူ့ကိုသတ်လိုက်မှ မြောက်ပိုင်းနယ်မြေငြိမ်းချမ်းသွားမည်ဟု ယုံကြည်နေကြသည်။
ထိုနေ့တွင် ရှန်ကျွင်း ဖမ်းဆီးအကျဉ်းချခြင်းခံခဲ့ရသည်။
အကျဉ်းထောင် မျက်နှာကြက်ကပွင့်နေပြီး နှင်းပွင့်များ နေ့စဉ်ဝင်ရောက်လာသည်။ ယခုအခါ ရှန်ကျွင်း အသက် ၁၇နှစ်ရှိပြီဖြစ်ပြီး ယခင်ကထက် ပိုမို တိတ်ဆိတ်နေတတ်သည်။ သူ နောက်ဆုံးစကားပြောခဲ့သည့်အချိန်ကိုပင် ကျီချောင်ချင်မမှတ်မိတော့ပေ။
နိမိတ်ဆိုးကောင်နှင့် မည်သူမှစကားမပြောကြသလို ရှန်ကျွင်းကလည်း ဘယ်သူ့ကိုမှစကားမပြောတော့ပေ။ သူ စကားပြောနိုင်စွမ်းပျောက်ဆုံးသွားသလိုပင်ထင်ရသည်။ အထင်လွဲခံရခြင်းများနှင့် ဖယ်ကြဉ်ခံရခြင်းများကိုရင်ဆိုင်ရသည့်အခါ သူ ဘာမှပြန်မရှင်းပြခဲ့ပေ။
ဖြစ်နိုင်တာက...ရှင်းပြချင်စိတ်တောင် သူ့မှာမရှိတော့တာနေမှာ...
ကျီချောင်ချင် သူ့အတိတ်ကိုအချိန်အကြာကြီး လေ့လာခဲ့သည်။ ရှန်ကျွင်းက ဆန္ဒကင်းမဲ့နေသူတစ်ယောက်လိုပင်။ သူက မစားမသောက်ဘဲနေနိုင်တယ်၊ ဘယ်တော့မှမရယ်သလို၊ ဘယ်သူနဲ့မှလည်း မဆက်သွယ်ဘူး။ သူ တစ်ယောက် တည်းအကြာကြီး ထိုင်နေနိုင်ပြီး မျက်နှာပေါ်မှာ ဘာခံစားချက်မှမပေါ်ဘူး၊ သူဘာတွေတွေးနေလဲ၊ ဘာလုပ်ချင်နေလဲဆိုတာ ကျီချောင်ချင်မခန့်မှန်းနိုင်ဘူး၊ သူက သက်မဲ့ပစ္စည်းတစ်ခုလိုပါပဲ...
ရှန်ကျွင်းက အကျဉ်းထောင်ထဲက ကျောက်တုံးပေါ်မှာထိုင်ပြီး တောင်ဘက်ကောင်းကင်ယံကို ငေးကြည့်ကာ အမြဲတမ်း တိတ်ဆိတ်စွာတွေးတောနေတတ်သည်။
သူ အတွေးလွန်နေချိန်မှာ ဘာတွေတွေးနေတာလဲ၊ အဝေးကိုငေးကြည့်နေချိန်မှာ ဘာတွေတွေးနေတာလဲ....
ကျီချောင်ချင်က ငေးငိုင်နေသောရှန်ကျွင်းကို ကြည့်နေမိသည်။ သူမ သူ့ကို ငြီးငွေ့ခြင်း၊ စိတ်မရှည်ခြင်း မရှိဘဲ တိတ်ဆိတ်စွာကြည့်နေမိသည်။
သူမ ရင်ထဲ နည်းနည်းနာကျင်လာသလို ခံစားရရုံပါပဲ...
အချိန်များကုန်လွန်လာသည်နှင့်အမျှ ကောင်လေးရဲ့ မျက်ခုံးကြားမှာ နှင်းတွေ တဖြည်းဖြည်းစုပုံလာပြီး သူ့မျက်နှာကအေးစက်ပြီး အထီးကျန်ဆန်နေပုံ ပေါက်လာသည်။ တစ်ခါ တလေကျတော့ သူမ စတွေ့ခဲ့သောရှန်ကျွင်းနှင့် ယခုရှန်ကျွင်းကို ဆက်စပ်ကြည့်မိသည်။
အထီးကျန်ခြင်း၊ ခြောက်သွေ့ခြင်း...
အကယ်၍ သူသေသွားခဲ့ပါက ဤလောကကြီးမှာ ရှန်ကျွင်း အတွက် မျက်ရည်ကျမည့်သူ တစ်ယောက်မှရှိမှာမဟုတ်သလို သူ့ကိုသတိရနေမယ့်သူလည်း ရှိမှာမဟုတ်ပေ။
နောက်ပိုင်းမှာ ရှန်ကျွင်း အကျဉ်းထောင်ကနေထွက်လာခဲ့သည်။
အတိုင်းအတာတစ်ခုအထိတော့ အကျဉ်းထောင်ထဲမှာနေတာက စိတ်ချရမှန်း ကျီချောင်ချင်သိသည်။ သို့သော် သူ့ကိုလာလွှတ်ပေးတဲ့လူမှာ ကိုယ်ကျိုးစီးပွားရှာချင်တဲ့ ရည်ရွယ်ချက်များရှိနေမှန်းသိသိရက်နှင့် ရှန်ကျွင်းကထွက်လာခဲ့သည်။
သူထွက်လာပြီးနောက် သူ့ဝိညာဉ်စွမ်းအင်များ
ချိပ်ပိတ်ခံလိုက်ရသည်။
သူ့မျိုးနွယ်ဝင်များက သူ့ကို ကွပ်မျက်စင်မြင့်ပေါ် တွန်းတင်လိုက်ကြသည်။ သူ အသည်းအသန်ကာကွယ်ပေးချင်ခဲ့သောပြည်သူများက အောက်မှ ဒေါသတကြီးအော်ဟစ်ပြီး သူ့ကိုသတ်ချင်နေကြသည်။ ၎င်းတို့သည် ကြီးမားသောခြိမ်းခြောက်မှုကြီးတစ်ခု ပျောက်ကွယ်သွားတော့မည့်ကို အေးစက်စွာ ပြုံးပြီးကြည့်နေကြသည်။
မြောက်ပိုင်းနယ်မြေရှိလူတိုင်းက ရှန်ကျွင်း သေဆုံးသွားရန်ဆန္ဒရှိနေကြသည်။
ရုတ်တရက် ကောင်းကင်ယံမှ မီးမုန်တိုင်းတစ်ခုကျရောက် လာပြီး မြောက်ပိုင်းနယ်မြေနေရာအနှံ့အပြားကို ဝင်ရောက်တိုက်ခိုက်သည်။ ရေတွက်မရနိုင်သော လူများ ထိတ်လန့်တကြားထွက်ပြေးကြပြီး မီးတောက်များထိမှန်ကာ ချက်ချင်းသေဆုံးကုန်ကြသည်။
ရှန်ကျွင်းသည် ကွပ်မျက်စင်မြင့်မှ သံခြေချင်းများကိုရုန်းကန်ထွက်လိုက်ပြီး ချိပ်ပိတ်ထားသော ဝိညာဉ်စွမ်းအင်များကိုဖြိုခွင်းလိုက်သည်။ သူ တစ်ယောက်တည်း အကာအကွယ် အတားအဆီးတစ်ခုဖန်တီးပြီး မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို ကာကွယ်ပေးလိုက်သည်။
ထိုအချိန်မှာတောင် ရှန်ကျွင်းက သူ့လူများကို ဆက်လက်ကာကွယ်ပေးနေတုန်းပင်...
တကယ်လို့သာ သူမသာ ထိုနေရာမှာဆိုရင်တော့ ကွပ်မျက်စင်မြင့်ကနေရုန်းထွက်ပြီး ကောင်းကင်ဘုံကကျလာတဲ့ ပြစ်ဒဏ်နဲ့အတူ မြောက်ပိုင်းနယ်မြေက လူတွေအကုန်လုံးကို သတ်ပစ်လိုက်မိမှာပဲလို့ ကျီချောင်ချင် ခံစားလိုက်ရသည်။
ဒါက သူမနဲ့ ရှန်ကျွင်းကြားကကွာခြားချက်ပဲ၊ ရှန်ကျွင်းက ဘယ်တော့မှ သူမလိုဖြစ်လာမှာမဟုတ်ဘူး၊ သူ့နှလုံးသားထဲမှာ လောကကြီးရှိနေတယ်...
ရှန်ကျွင်းက သက်ရှိသတ္တဝါအားလုံးအတွက် အရည်အချင်းပြည့်မီသော အစောင့်အရှောက်နတ်ဘုရားတစ်ပါးနှင့် ပိုတူသည်။
သို့သော် ကျီချောင်ချင် မတွေးဘဲမနေနိုင်တော့ချေ။ ရှန်ကျွင်းက ကျင့်ကြံသူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဘဝဆိုတာမရှိဘဲ ပြည်သူတွေအတွက် အမြဲမမောမပန်း အလုပ်လုပ်ပေးရင်း ကမ္ဘာလောကအတွက် ပေးဆပ်ဖို့ဆန္ဒရှိတယ်...
ဒါဆို သူကိုယ်တိုင်အတွက်ရော?
ဒီလောကကြီးမှာ ဘယ်သူမှ လူသားဆန်မှုဆိုတဲ့ဗီဇကနေ လုံးဝကင်းလွတ်နိုင်မှာမဟုတ်ဘူး၊ လူဖြစ်နေသရွေ့ ငိုကြွေးမယ်၊ အော်ဟစ်မယ်၊ နာကျင်တယ်၊ ကြောက်ရွံ့တတ်မယ်...
ကျီချောင်ချင် ထိုအရာများကို ရှန်ကျွင်းဆီမှာတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူက ဒဏ္ဍာရီထဲက ရှေးဟောင်းနတ်ဘုရားတစ်ပါးလို ကမ္ဘာလောကအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်အနစ် နာခံသည်၊ နောင်တမရဘဲ ကိုးကြိမ်တိုင်တိုင်သေပေးနိုင် သည်။ ပုဂ္ဂိုလ်ရေးသံယောဇဉ် အစအနမရှိသလို ဆန္ဒဆိုတာလည်းမရှိပဲ၊ ကရုဏာတရားပြည့်ဝသူဖြစ်ကာ သူက ယဇ်ပလ္လင်ပေါ်မှာ ကိုးကွယ်ခံရတဲ့ ရုပ်တုတစ်ခု ဖြစ်လာသင့်သည်။
ဒီလိုလူမျိုးကို လူသားလို့ ဘယ်လိုခေါ်နိုင်မှာလဲ?
ရှန်ကျွင်းကို သူကာကွယ်ပေးခဲ့သောလူများက နောက်တစ်ကြိမ်စွန့်ပစ်လိုက်ကြပြီး ဈေးထဲမှာ ချည်နှောင်ကာ အရှက်ခွဲခံနေရသည်ကို ကျီချောင်ချင် ကြည့်နေလိုက်သည်။
ကျီချောင်ချင်မျက်နှာလွှဲလိုက်ပြီး မေးလိုက်သည်။
"သူက ဘာလို့ မြောက်ပိုင်းနယ်စပ်အပြင်ဘက်ကို ရောက်နေရတာလဲ"
"မင်း သိလား၊ ကျွန်တော်သူ့ကိုသတ်လိုက်တဲ့အတွက် သူ ဘယ်တော့မှပြန်မလာတော့ဘူးလို့ ထင်ခဲ့တာ"
လင်းရူရှုက ပြောလိုက်သည်။
"ဖြစ်နိုင်တာက သူ တစ်ကြိမ်သေဆုံးသွားဖူးလို့ သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာဖြစ်မယ်"
ရှန်ကျွင်း နောက်တစ်ကြိမ်စွန့်ပစ်ခံလိုက်ရသော်လည်း ဝိညာဉ်မျိုးနွယ်စုက သူ့ကိုလွှတ်မပေးသေးပေ။ ရှန်ကျွင်းနှင့်သူ့မိဘများသည် ဝိညာဉ်မျိုးနွယ်စု၏ လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားရခြင်း အကြောင်းရင်းဖြစ်သည်ဟု ယုံကြည်ကြပြီး သူ့ကို သတ်ချင်နေကြသည်။
၎င်းတို့သည် လင်းရူရှုကို ရှေ့သို့တွန်းပို့လိုက်ကြပြီး
ရှန်ကျွင်းကိုသတ်ပစ်ရန် တောင်းဆိုကြသည်။အကယ်၍ သူသာသတ်လိုက်လျှင် လင်းရူရှုသည် မျိုးနွယ်စုခေါင်းဆောင်နေရာကို ရရှိပေလိမ့်မည်။
လင်းရူရှုသည် ရှန်ကျွင်းအပေါ်အပြစ်ရှိသည်ဟု ခံစားရသော်လည်း ထိုအခွင့်အရေးကို သူမည်သို့ လက်လွှတ်ခံပါ့မည်နည်း။