အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
🍃 Chapter 131
"ကျီချောင်ချင်... မင်း သူ့ကိုကာကွယ်ပေးနေတုန်းပဲလား၊ သူ ဂိုဏ်းသားတွေကို မရေမတွက်နိုင်အောင်သတ်ခဲ့တာလေ၊ ငါ သူ့ကို သေချာပေါက်သတ်ပြီး အင်မော်တယ်ကျင့်ကြံသူတွေအတွက် အဖြေတစ်ခုပေးရမယ်!"
ကျီချောင်ချင် အေးစက်စွာနှာမှုတ်လိုက်သည်။ သူမက မြွေခေါင်းကြီးပေါ်တွင်ထိုင်လျက် ခြေတစ်ဖက်ကို မြွေမျက်လုံးပေါ်တင်ထားပြီး ခွင်းလွန်ဓားကို လက်တစ်ဖက်ဖြင့် ကျစ် ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ သူမ အကြည့်က အေးစက်ပြတ်သားနေပြီး ကျောပြင်ကမတ်မတ်ရှိနေသည်။
လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း သူမ ဒီလိုပဲ မောက်မာပြီး အာဏာစက်ပြင်းခဲ့တာ... ဒီနေ့ထိလည်းဒီလိုပါပဲ..
"ရှန်ကျွင်းက ငါ့လူ... သူ့အသက်က ငါ့အပိုင်ပဲ၊ သူ့အသက် ကိုလိုချင်ရင် ငါ့လက်ထဲကဓားကို အရင်ခွင့်တောင်းရလိမ့်မယ်!"
လွန်ခဲ့သောနှစ်များဆီက နတ်ဆိုးချေမှုန်းတိုက်ပွဲတွင် သူဒဏ်ရာရခဲ့စဉ်က ကျီချောင်ချင်သည် ယခုကဲ့သို့ပင် သူ့ကိုကာကွယ်ရန် အသက်ပေးဖို့ပင် ဝန်မလေးခဲ့သည်ကို ရှန်တုပိုင် ရုတ်တရက်ပြန်သတိရလိုက်မိသည်။
နတ်ဆိုးချေမှုန်းရေးလမ်းစဉ်တစ်ခုလုံး၏ အင်အားကိုရင်ဆိုင်နေရသော်လည်း သူမ ကိုယ်ပိုင်အင်အားက ဘာမှမပြောပလောက်သော်လည်း သူမမမှုခဲ့ပေ။
ထိုခဏ၌ ရှန်တုပိုင်မျက်လုံးများဝေဝါးသွားသည်။
ထို့နောက် ခွင်းလွန်ဓားသည် လွန်ခဲ့သောနှစ်တစ်ရာကနှင့် လုံးဝမတူတော့ကြောင်း သတိထားမိလိုက်သည်။ ထိုစဉ်တုန်းက ခွင်းလွန်ဓားက နတ်ဆိုးစွမ်းအင်တွေစွန်းထင်းပြီး မည်းနက်နေခဲ့သည်။ ယခုတော့ မီးခိုးရောင်သမ်းနေသော အညိုရောင်ဖြစ်နေပြီး အတွင်းထဲက မကောင်းဆိုးဝါးစွမ်းအင်အများစု ပျောက်ကွယ်သွားသလိုထင်ရသည်။
ထိုအရာကိုမြင်လိုက်ရချိန် ရှန်တုပိုင်အကြည့်က ကျီချောင်ချင်ကိုကျော်လွန်ပြီး သတိမေ့နေဆဲဖြစ်သော ရှန်ကျွင်းအပေါ်ကျရောက်သွားသည်။
ကျီချောင်ချင်က ရှန်တုပိုင် တစ်ခုခုကြံစည်နေမှန်း သိလိုက်သောအခါ ရှန်ကျွင်းကို သူမကျောနောက်တွင်ဝှက်ထားလိုက်ပြီး လူအုပ်ကြီး၏သံသယအကြည့်များကို ကာဆီးလိုက်သည်။
"ရှင်တို့ ဘယ်သူမှ သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူး သူ့ကို ထိခိုက်အောင်လုပ်ရဲတဲ့သူ ဘယ်သူ့ကိုမဆို ကျွန်မသတ်ပစ်မယ်"
သူမ စကားများက ရက်စက်ကြမ်းကြုတ်ပြီး ကာကွယ်လိုစိတ်ပြင်းပြနေသော နတ်ဆိုးမတစ်ကောင်လိုပင်။ သူမ၏ စကားမှန်ကန်ကြောင်း မည်သူမျှ သံသယမဝင်ကြပေ။ လူအုပ်ကြီးမှာ သူမ၏ အကြည့်ကြောင့်ကြောက်ရွံ့သွားကြပြီး အလိုအလျောက် ခေါင်းငုံ့သွားကြသည်။
ရှန်ကျွင်း ဘယ်အချိန်နိုးလာမလဲဆိုတာ ကျီချောင်ချင်မသိပေ။ သို့သော် သူအိပ်နေသရွေ့ သူမ ကာကွယ်ပေးထားမှာဖြစ်သည်။ ထိုအခါမှ သူ အနှောင့်အယှက်မဖြစ်ဘဲ ယဇ်ပလ္လင်ကနေ လွတ်မြောက်နိုင်မှာပင်။
ရှန်တုပိုင် ထပ်မံတိုက်ခိုက်ရန်ပြင်နေသည်ကို မြင်သောအခါ ကျီချောင်ချင်က ထိပ်တိုက်မရင်ဆိုင်လိုတော့ဘဲ အချိန်ဆွဲရန် ဆက်လက်ကြိုးစားလိုက်သည်။
"ဆရာ... ဘာလို့ ကျွန်မကိုသတ်ဖို့ ဒီလောက်အလျင်လိုနေရတာလဲ၊ ဆရာ့ရဲ့ယုတ်မာတဲ့နှလုံးသားကို ကျွန်မဖော်ထုတ်လိုက်မိလို့လား၊ အဲဒီကလေးနှစ်ယောက်ကသနားစရာလေးတွေပါ... ဆရာနဲ့ အတူနေမိတဲ့ရလဒ်က အသတ်ခံလိုက်ရတာပဲ၊ သူတို့အဖေကိုရော ဆရာသတ်လိုက်ပြီလား"
ကျီချောင်ချင်၏စကားများက အမှန်နှင့်အမှား ရောထွေးနေပြီး ကျွမ်းကျင်စွာပြောဆိုလိုက်ခြင်း ဖြစ်သည်။ ရှန်တုပိုင်၏ အပြစ်ကင်းစင်သောလုပ်ရပ်များကို ယုံကြည်လောက်အောင်ပြောဆိုရင်း တစ်ဖက်မှာလည်း သူ့ကို အရာအားလုံး၏ တရားခံအဖြစ် ပုံဖော်လိုက်သည်။
ထိုအခြေအနေမှာ ရှန်တုပိုင် ရှင်းပြလျှင်လည်း အလကားဖြစ်သည်။ သားအဖသုံးယောက် ပျောက်ဆုံးနေတာကိုသာ လူတိုင်းသိသွားကြပါကသူ လူသတ်လိုက်သည်ဟူသော် ဂုဏ်သတင်းက ခိုင်မာသွားတော့မည်။
ရှန်တုပိုင် မည်မျှအစွမ်းထက်တယ်ဆိုတာ လူတိုင်း သိကြပြီး သူတို့ကလည်း ရှန်တုပိုင်၏ကာကွယ်မှုကို မှီခိုနေကြရသည်။။ ထို့ကြောင့် မေးခွန်းများမမေးကြသော်လည်း သူတို့၏ ထူးဆန်းသောအကြည့်များက ရှန်တုပိုင်ကို နေရခက်စေရန်လုံလောက်သည်။
ကျီချောင်ချင် စိတ်ထဲတွင်ကျိတ်ရယ်နေသော်လည်း အပြင်ပန်းတွင် နာကျင်ခံစားနေရသလိုဟန်ဆောင်လိုက်သည်။
"ဆရာ... ကျွန်မ ဆရာ့ကိုအရမ်းချစ်ခဲ့တာလေ၊ ဆရာကဒီလိုလုပ်ရက်တယ်၊ ယောက်ျားလေးတွေနဲ့အိပ်တာ၊ လိင်တူကြိုက်တာတွေကို ထားလိုက်ပါတော့... ဘာလို့ သူတို့ကိုသတ်ပစ်ရတာလဲ၊ သူတို့က အပြစ်ကင်းစင်တဲ့သူတွေပါ"
ရှန်တုပိုင် အေးစက်စွာပြန်ပြောသည်။
"သစ္စာဖောက်တပည့်မ... သူတို့ကို ငါ့အိပ်ရာပေါ် ပို့ပြီး ငါ့ဂုဏ်သိက္ခာကျအောင်လုပ်တာ မင်းလေ၊ အခု လူတိုင်းက မင်းပြောတာကို ယုံမယ်ထင်နေလား"
ကျီချောင်ချင် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် သူတို့ကိုသတ်လိုက်တာ ဆရာလေ"
တကယ်လို့ ရှန်တုပိုင်သာ ဖြောင့်မတ်မှန်ကန်တဲ့သူ ဆိုပါက သားအဖသုံးယောက်နှင့် နားလည်မှုလွဲတာကိုရှင်းလိုက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အားလုံးအဆင်ပြေသွားပြီး ကျီချောင်ချင်၏ကောလာဟလများလည်း ပျက်စီးသွားမည်ဖြစ်သည်။ သို့သော် ရှန်တုပိုင် ၎င်းတို့ကိုသတ်လိုက်ရာ သက်သေပြစရာမရှိတော့ဘဲ ကောလဟာလများကအမှန်ဖြစ်သွားသည်။
ကျီချောင်ချင်က မီးလောင်ရာလေပင့်လုပ်ချင်သေးသည်။
"အဲဒီတုန်းက ဆရာ့အသက်ကိုကယ်ဖို့ ကျွန်မ အရာအားလုံးစွန့်စားခဲ့တာလေ၊ ဘာလို့ ကိုယ့်အသက်ကို စွန့်စားခဲ့လဲဆိုတာ ဆရာမသိဘူးလား၊ ဘာလို့ ဆရာက ကျွန်မကို တစ်ချက်လေးတောင်လှည့်မကြည့်ဘဲ အခုသတ်ချင်နေရတာလဲ၊ တကယ်လို့ ဆရာသာ တပည့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် တပည့်က လည်စင်းခံပေးဖို့ဝန်မလေးပါဘူး!"
လူတိုင်း : သောက်ကျိုးနည်း... ဒါက ကမ္ဘာပျက်မယ့် သတင်းထူးကြီးပဲဟ!
ထိုစဉ်က ကျီချောင်ချင်သည် သူ့ကိုကယ်ရန် အသက်နှင့်ရင်းပြီးစွန့်စားခဲ့သည်။ အသည်းအသန်ထွက်ပြေးနေရသောအချိန်မှာတောင် သူတို့နှစ်ယောက် အပြန်အလှန်ဖေးမကူညီခဲ့ကြသည်။ ထိုအချိန်မှာ သူတို့နှစ်ယောက်က ဆရာတပည့်သံယောဇဉ်သာရှိသည်ဟု ရှန်တုပိုင်သိသည်။ မုန်တိုင်းများကိုအတူဖြတ်ကျော်ကာ အေးအတူပူအမျှ အတူရှိခဲ့ကြသော ကြောင့် ရှန်တုပိုင်ဘက်က သံယောဇဉ်မဖြစ်မိဘူးဆိုတာမဖြစ်နိုင်ပေ။ အခုတော့ ကျီချောင်ချင်က အဲဒီသံယောဇဉ်ကို ညစ်ညမ်းအောင်လုပ်လိုက်ပြီ...
ကျီချောင်ချင်နှင့်ရှန်တုပိုင်တို့ နတ်ဆိုးဂိုဏ်းများ လိုက်လံတိုက်ခိုက်ခြင်းကိုခံရတုန်းက အတိတ်အကြောင်းကို လူတိုင်းသိကြပေမယ့် ဒီလိုဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြပေ။
ရှန်တုပိုင်က လက်ထဲတွင် ရေခဲချိုးဖျက်ဓားကို ဖန်တီးလိုက်ပြီး ကျီချောင်ချင်အပေါ်သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေပြီဖြစ်သည်။
"ကျီချောင်ချင်... သေဖို့ပြင်ထားလိုက်!"
ရှန်တုပိုင်၏ သတ်ဖြတ်လိုစိတ်ကိုမြင်သောအခါ ကျီချောင်ချင် စိတ်ထဲတွင်ကျိတ်ရယ်လိုက်သည်။
"ဆရာပြောတာတွေက တကယ်ပဲ ကျွန်မရင်ကိုကွဲစေတာပဲ၊ ကျွန်မက ဆရာ့ကိုချစ်နေတာ သိသာနေတာကို... ဆရာက ကျွန်မကိုလှည့်မကြည့်တဲ့အပြင် သတ်တောင်သတ်ချင်နေသေးတယ်!"
သူမ ယခုနာမည်ပျက်နေပြီဆိုတာ ကျီချောင်ချင် ကောင်း ကောင်းသိသည်။ ရှန်တုပိုင်နှင့်သူမကြားက ရုတ်တရက် ရှုပ်ထွေးသွားသောဆက်ဆံရေးက လောကကြီး၏ အဆိုးမြင်ထင်ကြေးပေးမှုတွေကိုပဲ ဦးတည်သွားစေမှာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမနဲ့ ရှန်တုပိုင်ရဲ့ သေရေးရှင်ရေး တိုက်ပွဲနဲ့ယှဉ်ရင် လောကကြီးက ဆွေးမြေ့ဖွယ်အချစ်ဇာတ်လမ်းကို ပိုသဘောကျကြတယ်လေ...
အစွမ်းထက်သော စစ်နတ်ဘုရားမတစ်ပါးက အချစ်ကြောင့်ရူးသွပ်သွားတယ်၊ သူ့ရဲ့ အေးစက်တဲ့ဆရာကို နှစ်ပေါင်းများစွာ တစ်ဖက်သတ်ချစ်ခဲ့ပြီး နောက်ဆုံးမှာ နတ်ဆိုးဝင်စီးခြင်းခံလိုက်ရတယ်၊ အပြင်ပန်းအေးစက်ပုံရတဲ့ ဆရာကလည်း သံယောဇဉ်ငြိတွယ်နေခဲ့ပေမယ့် လောကဝတ်တွေကြောင့် တပည့်ကိုပြန်မကြည့်ခဲ့ဘူး...
ဒီဇာတ်လမ်းတည်ဆောက်ပုံနဲ့ဆိုရင် ကျီချောင်ချင်နဲ့ ရှန်တုပိုင်ကြားက ရှုပ်ထွေးပွေလီတဲ့အချစ်ဇာတ်လမ်းဟာ လဝက်အတွင်း တစ်တိုင်းပြည်လုံးပျံ့နှံ့သွားမယ်ဆိုတာ သူမယုံကြည်တယ်၊ ရှန်တုပိုင်က သားအဖ သုံးယောက်ကို သတ်လိုက်တဲ့ကိစ္စနဲ့ပါ ပေါင်းလိုက်လျှင် လောကကြီးရဲ့မျက်လုံးထဲမှာ ရှန်တုပိုင်က မြင့်မြတ်တဲ့ဘိုးဘေးတစ်ယောက်အဖြစ် ဆက်ရှိနေနိုင်တော့မယ်လို့ သူမ မယုံဘူး...
"ဆရာ! ကျွန်မကိုကြည့်ပါဦး! ဖြစ်နိုင်တာက ဆရာ..."
ကျီချောင်ချင် စိတ်ပါလက်ပါပြောနေစဉ် သူမ နောက်ကျောဘက်မှ အံကြိတ်သံပါသောအသံတစ်ခုကို ရုတ်တရက်ကြား လိုက်ရသည်။
"ကျီချောင်ချင်... မင်း ချစ်တဲ့သူက... သူလား"
ရှန်ကျွင်း နိုးလာပြီ!
🍃 Chapter 132
ရှန်ကျွင်းသည် ယဇ်ပလ္လင်ထက်တွင် မတ်မတ်ရပ်နေသည်။ အစီအရင်မှာ ပျက်စီးသွားခြင်းမရှိသေးဘဲ ကစဉ့်ကလျားလည်ပတ်နေသော ဝိညာဉ်စွမ်းအင်များက သေခြင်းတရားအငွေ့အသက်များကို ဖုံးကွယ်ထားသည်။
လရောင်သည် ယဇ်ပလ္လင်ပေါ်ရှိ အပေါက်ငယ်လေးများမှတဆင့်ဖြာကျလာပြီး ရှန်ကျွင်း၏မျက်နှာကို လင်းလက်သွားစေသည်။ သူသည် အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားပြီး အစီအရင်အတွင်းရပ်နေပုံမှာ အေးစက်တည်ငြိမ်ကာ လောကကိုအုပ်စိုးသော နတ်ဘုရားတစ်ပါးနှင့်တူနေသည်။
ရှန်ကျွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူ့အရှိန်အဝါပြောင်းလဲသွားသည်ကို ကျီချောင်ချင် ခံစားလိုက်ရသည်။ သူသည် ပိုမိုအေးစက်လာပြီး လူတိုင်းကို အလိုအလျောက်နောက်ဆုတ်သွားစေသည်။ သူ့ထံ ခြေတစ်လှမ်းတိုးကပ်လိုက်ရုံဖြင့် ကြီးလေးသောအပြစ်တစ်ခု ကျူးလွန်မိသလိုခံစားရစေသည်။
ဝေးကွာခြင်း၊ ဂရုမစိုက်ခြင်း၊ အထီးကျန်ဆန်ခြင်း...
သူ ယဇ်ပလ္လင်ပေါ်မှခုန်ဆင်းလိုက်ပြီး ကျီချောင်ချင်ဘေးတွင်ရပ်ကာ အေးစက်မှုသာမက နွေးထွေးမှုပါ ရောပြွမ်းနေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ကျီချောင်ချင်... မင်း နှစ်သက်မြတ်နိုးတဲ့သူက...
သူလား"
ရှန်ကျွင်းက ရှန်တုပိုင်ကိုအကဲခတ်လိုက်ပြီး မျက်နှာထားအေးစက်စွာဖြင့် မေးလိုက်သည်။
"သူ့မှာ ဘာကောင်းတာရှိလို့လဲ"
ရှန်တုပိုင်၏အပြုံး အနည်းငယ်တောင့်တင်းသွားသည်။
အနီးနားရှိလူများပင် သည်းမခံနိုင်တော့ပေ။
"ငါတို့ဘိုးဘေးက ဘယ်နေရာများညံ့နေလို့လဲ၊ ရာထူးဂုဏ်ရှိန်၊ ရုပ်ရည်၊ ယဉ်ကျေးမှု... ဘာတစ်ခုမှ မလိုအပ်ဘူးလေ၊ ကျီချောင်ချင်နဲ့ ဘာလို့ မတန်ရမှာလဲ"
"ဟုတ်တယ်! ကျီချောင်ချင်က လူတိုင်းသတ်ချင်နေတဲ့နတ်ဆိုးမလေ... ငါတို့ဘိုးဘေးနဲ့ လုံးဝမတန်ဘူး!"
"ကျီချောင်ချင်..."
လူအုပ်ကြီး၏စကားများက ပိုမိုလွန်ကဲလာသည်ကို မြင်သောအခါ ရှန်ကျွင်း၏ အေးစက်သောအကြည့်က သူတို့အပေါ်ကျရောက်သွားသည်။
ချက်ချင်းပင် ကျီချောင်ချင်အား စော်ကားနေသော ဆူညံသံများ တိခနဲရပ်တန့်သွားသည်။
သူမ စိတ်ထင်လို့လားမသိသော်လည်း ရှန်ကျွင်း သတိရလာကတည်းက သူမအပေါ်ဆက်ဆံပုံမှာ ထူးဆန်းနေသည်ဟု ကျီချောင်ချင်ခံစားမိသည်။
သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုခြားနေသလို ထင်ရသည်။ သူ ဘာဖြစ်နေတာလဲ? ဒီရက်ပိုင်း သူမ သူ့အပေါ်ဘာမှအမှားမလုပ်ခဲ့ပါဘူး...
ရှန်တုပိုင်က နှုတ်ခမ်းမဲ့လိုက်ပြီးပြောသည်။
"ရှန်ကျွင်း... ဒါက ငါနဲ့ကျီချောင်ချင်ကြားကကိစ္စပါ၊ မင်း ဝင်ပါခွင့်မရှိဘူး၊ အခု ငါက ကောင်းကင်ဘုံ ကိုယ်စား မင်းကလွဲရင် ကျန်တဲ့သူတွေကိုစီရင်မယ်"
ရှန်တုပိုင် သူမကိုထပ်မံရန်စနေမှန်း ကျီချောင်ချင် ချက်ချင်းသိလိုက်သည်။ သူက သူမကိုရူးသွပ်သွားအောင်လုပ်ပြီး သူတို့ကိုသတ်ဖို့ တရားဝင် အကြောင်းပြချက်ရှာနေခြင်းဖြစ်သည်။
သူမ အလိမ်မခံနိုင်ဘူး...
ရှန်ကျွင်းက ရှန်တုပိုင်ကိုစိုက်ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။ သူက ကျီချောင်ချင်လက်ထဲမှ ခွင်းလွန်ဓားကိုယူလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်ကာ အကာအကွယ်အတား အဆီးတစ်ခုက ကျီချောင်ချင်ကို တင်းကျပ်စွာလွှမ်းခြုံသွားသည်။
ရှန်ကျွင်းက အေးစက်စွာပြောလိုက်သည်။
"ရှန်တုပိုင်... မင်း ကတိဖျက်တယ်"
ထိုစကားကိုကြားသောအခါ ရှန်တုပိုင် မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
"မင်း မှတ်မိနေတာလား"
ရှန်ကျွင်းကတိတ်ဆိတ်နေပြီး ဓားဖြင့် ရှန်တုပိုင်ကို အသေ အလဲတိုက်ခိုက်လိုက်သည်။
သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်မှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။ သိုင်းကွက်အနည်းငယ် အပြန်အလှန်ထုတ်သုံးလိုက်ရုံဖြင့် ဝိညာဉ်မျိုးနွယ်စုက ပင်ပင်ပန်းပန်း တည်ဆောက်ထားသောအိမ်ရာသည် မျက်စိတစ်မှိတ်အတွင်း ပြာမှုန့်အဖြစ်ပြောင်းလဲသွားတော့သည်။
လူအုပ်ကြီးသည် ၎င်းတို့၏ ဖုံးကွယ်မထားသောဓားချက် များကြောင့် လွင့်စင်သွားကြပြီး ရေတွက်မရနိုင်သောလူများ မြေပြင်ပေါ်သို့လဲကျကာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြသည်။
ကျီချောင်ချင်မှာ အတားအဆီး၏ကာကွယ်မှုကြောင့်ဘေးကင်းနေသည်။ ရှန်ကျွင်း၏ဝိညာဉ်စွမ်းအင်မှာ မည်မျှအစွမ်းထက်ကြောင်း တွေ့လိုက်ရသဖြင့် သူမ တိတ်တဆိတ် ထိတ်လန့်သွားသည်။ လူအုပ်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာနိမ့်ပါးသဖြင့် သူတို့နှစ်ယောက်သရေကျနေသည်ဟု မြင်ရသော်ငြား တကယ်တမ်းတွင် ရှန်တုပိုင်သည် ရှန်ကျွင်း၏ ဖိအားပေးမှုကို မသိမသာခံနေရခြင်းဖြစ်သည်။
ဤအတိုင်းသာဆက်သွားပါက အကွက်တစ်ရာအတွင်း ရှန်တုပိုင် သေချာပေါက်သေလိမ့်မည်ဟုကျီချောင်ချင်ယုံကြည်သည်။
ဒါဆို သူမ ကိုယ်တိုင် လက်စားချေစရာမလိုတော့ဘူးပေါ့၊ ရှန်ကျွင်းက သူမအစား ရှန်တုပိုင်ကို အလွယ်တကူရှင်းပစ် လိုက်နိုင်မှာပဲ...
ထိုအချိန်တွင် ရှန်တုပိုင်က နှာခေါင်းရှုံ့လိုက်သည်။
"သနားစရာကောင်းလိုက်တာ၊ အခု ငါ့ကို ဒီလောက် အသည်းအသန် တိုက်ခိုက်နေလည်းဘာထူးမှာလဲ၊ ကျီချောင်ချင်က မင်းကို တောက်လျှောက် အသုံးချလာခဲ့တာ၊ မင်း ငါ့ကိုသတ်ပြီးတာနဲ့ သူ မင်းကို ချက်ချင်းစွန့်ပစ်သွားမှာ!"
လေထဲတွင်လှည့်ပတ်နေသော ဝိညာဉ်စွမ်းအင်များ ရပ်တန့်သွားပြီး ရှန်ကျွင်းလည်း ရှန်တုပိုင်ကို တိုက်ခိုက်ခြင်းမှရပ်လိုက်သည်။
ကျီချောင်ချင် ထိတ်လန့်သွားသည်။
"သူ့စကားနားမထောင်နဲ့! ရှန်တုပိုင်ကကောက်ကျစ်စဉ်းလဲတဲ့ကောင်! သူ လှည့်စားတာမခံနဲ့!"
နောက်တစ်ခဏတွင် ရှန်ကျွင်း သွေးတစ်လုပ်အန်ထုတ်လိုက်သည်။
ကျီချောင်ချင် လန့်ဖျပ်သွားသည်။ ရုတ်တရက် ရှန်ကျွင်း၏ ခန္ဓာကိုယ်မှ နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှပြုတ်ကျလာသည်။
ကျီချောင်ချင်ပြေးသွားပြီး ရှန်ကျွင်းကိုဖမ်းထိန်းလိုက်ကာ သွေးခုန်နှုန်းစမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအင်လည်ပတ်ပုံမှာ ထူးဆန်းနေကြောင်းတွေ့ရှိလိုက်ရသည်။ သူမ တစ်ခါမှမမြင်ဖူးသော သွေးခုန်နှုန်းပုံစံမျိုးပင်။
ကျီချောင်ချင် မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။ သူမ ရှန်ကျွင်း၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်အနည်းငယ်ဖြင့် အတွင်းအားကို စမ်းသပ်ထည့်သွင်းကြည့်လိုက်သည်။ သာမန်ကျင့်ကြံသူများ၏ အတွင်းပိုင်းအခန်းများသို့သွေး ရင်းသားရင်းဖြစ်လျှင်ပင် လွတ်လပ်စွာစူးစမ်းခွင့်မရှိပေ။
အကယ်၍ ဝင်ခွင့်ငြင်းပယ်ခံရပါက ၎င်းတို့၏အာရုံခံနိုင်စွမ်း ချက်ချင်းဖိနှိပ်ခံရမည်ဖြစ်ပြီး အတင်းဝင်ရောက်ရန်ကြိုးစားသူတိုင်း ဒုက္ခိတဖြစ်သွားနိုင်သည့်အပြင် ဆိုးရွားပါက သေဆုံးသွားနိုင်သည်။
ကျီချောင်ချင်က စမ်းသပ်ကြည့်ရုံသာဖြစ်သော်လည်း အံ့သြစရာကောင်းစွာပင် သူမ ထည့်သွင်းလိုက်သော ဝိညာဉ်စွမ်းအင်များက ရှန်ကျွင်း၏အတွင်းခန်းများထဲသို့ အတား အဆီးမရှိ ဝင်ရောက်သွားသည်။ သူမ၏အာရုံခံနိုင်စွမ်းက သူ့၏အပြစ်ကင်းစင်သော အတွင်းပိုင်းဝိညာဉ်အမြုတေကိုပင် မြင်လိုက်ရသည်။
သူမ ရှန်ကျွင်း၏ခန္ဓာကိုယ်အနှံ့ ဝိညာဉ်စွမ်းအင်ကို ဂရုတစိုက်လှည့်ပတ်ကြည့်သော်လည်း ပုံမှန်မဟုတ်တာ ဘာမှမတွေ့ရပေ။ အစောက သူ့ဝိညာဉ်စွမ်းအင် လည်ပတ်ပုံ မူမမှန်ဘူးဟုခံစားလိုက်ရခြင်းမှာ သူမ၏ စိတ်ထင်ယောင်ထင် မှားဖြစ်ဟန်တူသည်။
သို့သော် ရှန်ကျွင်းသတိပြန်မရလာသေးပေ။ ကျီချောင်ချင် စဉ်းစားနေစဉ်မှာပင် မလှမ်းမကမ်းမှ ကျင့်ကြံသူတစ်ဦးပြောလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည်။
"မြန်မြန်လုပ်! သူ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တုန်း သတ်ပစ်ကြ!"
ကျီချောင်ချင် - "..."
ဒီလူတွေက သူမ သေပြီလို့ထင်နေကြတာလား?
သို့သော် ထိုစကားလုံးများထဲမှ တစ်စုံတစ်ရာက ရှန်ကျွင်းကို ထိမှန်သွားသည်။ သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ မျက်လုံးထဲတွင် သွေးရောင်လွှမ်းသော အရိပ်အယောင်များပေါ်နေသည်။ သူသည် ခွင်းလွန်ဓားကိုဆွဲကိုင်လိုက်ရာ ဓားက လျှပ်စီးလက်သကဲ့သို့ပျံထွက်သွားပြီး စကားပြောလိုက်သောလူ၏အသက်ကို နှုတ်ယူသွားတော့သည်။
ရှန်ကျွင်း ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှထင်မထားခဲ့ကြပေ။ ထိုလူ၏သွေးများ လူအုပ်ကြီးအလယ်တွင်ပေါက်ကွဲထွက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းအပေါ်စင်သွားသည်။
ကျီချောင်ချင်သည် ရှန်ကျွင်း၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး မယုံနိုင်စွာမေးလိုက်သည်။
"ရှန်ကျွင်း... ရှင် ဘာလုပ်တာလဲ"
ဒီလောကကြီးမှာ ဘယ်သူမဆို အဲဒီပါးစပ်ကြမ်းတဲ့လူကိုသတ်နိုင်ပေမယ့် ရှန်ကျွင်းကတော့ မသတ်နိုင်ပါဘူး၊ သူက သဘာဝအတိုင်း ကရုဏာတရား ပြည့်ဝသူလေ... လူတစ်ယောက်ကို ဘယ်လိုလုပ် တမင်သက်သက် သတ်နိုင်ပါ့မလဲ...
သူဘာဖြစ်နေတာလဲ၊ သတိရလာကတည်းက သူ့စရိုက်က ဘာလို့ဒီလောက်ထူးဆန်းနေရတာလဲ၊ သူ လူသတ်လိုက်တယ်! ရှန်ကျွင်းက သူမ သိတဲ့လူဟုတ်သေးရဲ့လား...
ရှန်တုပိုင်၏မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားသည်။
"ရှန်ကျွင်း... မင်းက အပြစ်မဲ့တဲ့လူတွေကို မျက်စိစုံမှိတ်သတ်ဖြတ်ပြီး ကောင်းကင်ဘုံရဲ့စည်းမျဉ်းတွေကိုလျစ်လျူရှုတယ်ပေါ့ မင်းအပြစ်ကိုမင်းသိလား"
ရှန်ကျွင်း ဖြည်းဖြည်းချင်းမတ်တပ်ရပ်လိုက်ပြီး လက်ကို အနည်းငယ်မြှောက်လိုက်ရာ ကျီချောင်ချင် ပတ်လည်ရှိအတားအဆီးက ရုတ်တရက်မြင့်တက်သွားပြီး မသိရသောနေရာတစ်ခုဆီသို့ ပျံသန်းသွားသည်။
"ရှန်ကျွင်း! ရှင် ဘာလုပ်တာလဲ... ကျွန်မကိုအောက်ချပေး!"
ကျီချောင်ချင် အနည်းငယ်စိုးရိမ်လာသည်။
"ရှန်ကျွင်း! မိုက်မဲတာတွေမလုပ်နဲ့! အလိမ်မခံနဲ့!"
သူ့ နှုတ်ခမ်းထောင့်စွန်းမှသွေးများကို သုတ်လိုက်ရာ ခွင်းလွန်ဓားသည် ရှန်ကျွင်းလက်ထဲသို့ ပြန်ရောက်လာသည်။
ခွင်းလွန်ဓားအတွင်းရှိ အနက်ရောင်စွမ်းအင်များက
ရှန်ကျွင်း၏လက်မောင်းပေါ်သို့ လျင်မြန်စွာ တွားတက်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ကောင်းကင်ယံမှာပိုမိုမှောင်မိုက်လာပြီး လေထုထဲတွင် အေးစက်သောလေများတိုက်ခတ်လာကာ နှင်းကျတော့မည့်အလားဖြစ်နေသည်။
ရှန်ကျွင်း၏မျက်လုံးများ အနီရောင်ပြောင်းသွားပြီး အေးစက်စွာပြောလိုက်သည်။
"ထွက်သွားကြ... မသွားရင်သေလိမ့်မယ်"
ကျီချောင်ချင်၏ ရက်စက်သောအမူအရာနှင့်မတူဘဲ ရှန်ကျွင်းက ခံစားချက်ကင်းမဲ့နေပြီးစကားနည်းသည်။ အစကဆိုလျှင် လူအုပ်ကြီးသည် ကျီချောင်ချင်ထက် သူ့ကိုပိုမကြောက်သင့်ပေ။ သို့သော် ရှန်ကျွင်း၏ အဖြူရောင်ဝတ်စုံတွင် သွေးများ စွန်းထင်းနေပြီး သက်ရှိသတ္တဝါ အားလုံး ၏ကံကြမ္မာကို လက်ထဲတွင်ဆုပ်ကိုင်ထားသည့် အရှိန်အဝါမျိုး ထုတ်လွှတ်နေသည်။ ထိုကြီးမားသောအရှိန်အဝါက မော့ကြည့်လိုက်မိလျှင်ပင် အမှားကျူးလွန်မိသလို ခံစားရစေပြီး လူတို့၏စိတ်နှလုံးထဲတွင် အလိုအလျောက် ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေသည်။
လူအုပ်ကြီးတုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ရှန်တုပိုင် မျက်လုံးများ အနည်းငယ်လှုပ်ခတ်သွားသည်။
"ကြည့်ရတာ ဒီနေ့ မင်းတို့နောက်ဆုတ်မှာမဟုတ်ဘူးပေါ့! ဒါဆိုရင် ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကို ကိုယ်စားပြုပြီး ငါ မင်းတို့ကိုသတ်မယ်!"
"ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ဟုတ်လား"
ရှန်ကျွင်း ပြန်မေးခွန်းထုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဒါဆို မင်းတို့လမ်းစဉ်အတွက် မင်းတို့အားလုံး သေဆုံးကြရလိမ့်မယ်!"
ချက်ချင်းပင် နတ်ဆိုးစွမ်းအားနှင့်ရောနှောထားသော ဝိညာဉ်စွမ်းအင်လှိုင်းကြီးတစ်ခု လူအုပ်ကြီးထံသို့တိုးဝင်သွားသည်။ တစ္ဆေငိုသံသဲ့သဲ့များမှာ ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင် ထပ်သွားသည်။ ဂိုဏ်းအသီးသီးမှ ရေတွက်မရနိုင်သော အဖွဲ့ဝင်များ လဲကျသွားပြီး လည်ပင်းကိုကိုင်ကာ ငါးများကဲ့သို့နာကျင်စွာဖြင့် သေလုမြောပါးရုန်းကန်နေကြသည်။
နောင်တစ်ခဏတွင် သူတို့၏ခန္ဓာကိုယ်အားလုံး ပေါက်ကွဲထွက်ကုန်ပြီး သွေးများနေရာအနှံ့ပြန့်ကျဲသွားသည်။
နှင်းများစတင်ကျဆင်းလာသည်။ သွေးများနှင့် နှင်းများရောနှောသွားပြီး မကြာမီ နှင်းအသစ်များဖြင့် ဖုံးလွှမ်းသွားကာ ဘာမှမဖြစ်ခဲ့သလိုပင်။
လူတိုင်း သန့်သန့်ရှင်းရှင်းသေဆုံးသွားကြပြီး ဝိညာဉ်အစအနပင် မကျန်ရစ်ခဲ့ပေ။
အေးစက်သောလေပြင်းက ရှန်ကျွင်း၏နားထင်စပ်မှ ဆံပင်များကို ဖွာလန်ကျဲသွားစေသည်။ သူမောဟိုက်နေပြီး မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။
သူ့စိတ်ထဲမှ အသံတစ်ခုကပြောလာသည်။
"သူတို့ကိုသတ်လိုက်တာ ဘာမှမဖြစ်ပါဘူး၊ သူတို့အားလုံးက အပြစ်ရှိတဲ့သူတွေလေ၊ ကျီချောင်ချင် ပြောဖူးတယ်မလား... မကောင်းမှုကိုအပြစ်ပေးတာက ကောင်းမှုကိုအားပေးတာပဲတဲ့၊ မင်း လူတွေအများကြီးထပ်သတ်လို့ရတယ်"
သူ့ရှေ့မှမြင်ကွင်းများက နှစ်ထပ်ဖြစ်နေသလိုပင်။ သူ့လက် ပေါ်မှ သွေးများကိုကြည့်ကာ ရုတ်တရက် ကိုယ့်ကိုကိုယ်ရွံရှာမိသွားသည်။
"ရှန်ကျွင်း... မင်း တကယ့်လူသတ်သမားဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးဘူး၊ မြေကြီးကိုကြည့်လိုက်စမ်း... ခြေလှမ်းတိုင်းမှာသွေးစွန်းနေပြီ၊ လူတွေအများကြီးသေကုန်ပြီ၊ မင်း ဘယ်လောက်အထိ အပြစ်တွေထပ်ကျူးလွန်ဦးမှာလဲ"
ထိုအသံလာရာဘက်သို့ ရှန်ကျွင်းမော့ကြည့်လိုက်သည်။
"ရှန်တုပိုင်... မင်း မသေသေးပါလား"
ရှန်တုပိုင်က တောက်ပစွာပြုံးလိုက်သည်။
"မင်းမှ မသေသေးတာ... ငါက ဘာလို့ အလျင်လိုရမှာလဲ၊ စဉ်းစားကြည့်ရင် မင်းက တကယ်သနားစရာကောင်းပါတယ်၊ ကျီချောင်ချင်ရဲ့အသုံးချတာကို ဒီလောက်ကြာကြာခံခဲ့ရတာ၊ အခုဆို သူ မင်းကို အရိုးထဲထိမုန်းနေလောက်ပြီ"
ရှန်ကျွင်း မော့ကြည့်လိုက်သည်။
ရှန်တုပိုင်က ပို၍ကျယ်လောင်စွာရယ်မောလိုက်သည်။ ရှန်ကျွင်း၏တုံ့ပြန်မှုကို လျစ်လျူရှုပြီး လိုရင်းကိုတန်းပြောလိုက်သည်။
"မင်း နားမလည်သေးဘူးလား၊ သူ အစကတည်းက ဘုံသုံးပါးရဲ့ချိပ်စည်းကိုဖွင့်ပြီး ကမ္ဘာလောကကြီးပရမ်းပတာဖြစ်သွားအောင်လို့ အစီအရင်ဗဟိုချက်တွေကို လိုက်စုဆောင်းနေခဲ့တာ၊ အဲဒီတုန်းက သူ အများကြီးဒုက္ခရောက်ခဲ့ပေမယ့် ဘယ်သူမှဂရုမစိုက်ခဲ့ကြဘူး၊ ဒါကြောင့် သူက ထျန်းရွှမ်ဂိုဏ်းက လူတွေကိုသတ်ရုံနဲ့ မကျေနပ်နိုင်ဘူး... တစ်ကမ္ဘာလုံးဖရိုဖရဲဖြစ်ပြီး သူ့နဲ့အတူတူ သေဆုံးသွားစေချင်တာ!"
လေအေးများက တဝေါဝေါတိုက်ခတ်နေပြီး လူတိုင်း၏အရိုးထဲထိ စိမ့်ဝင်သွားစေသည်။
ရှန်တုပိုင်က အလျင်မလိုဘဲဆက်ပြောသည်။
"ကိုယ့်ဘာသာ သွေးအေးအေးနဲ့ ပြန်စဉ်းစားကြည့်စမ်းပါ... မင်းနားလည်လာမှာပါ၊ ကျီချောင်ချင်က ထျန်းရွှမ်ဂိုဏ်းကိုမုန်းတယ်၊ သူ့ကိုအသုံးချပြီး ဒုက္ခပေးခဲ့တဲ့ လောကကြီးက လူတိုင်းကိုမုန်းတယ်၊ ကျင့်ကြံသူမျိုးနွယ်စုရဲ့ နံပါတ်တစ်ဂိုဏ်းကြီးကို သူတစ်ယောက်တည်းဖျက်ဆီးခဲ့တာလေ၊ ပြီးတော့မှ ကမ္ဘာကြီးကိုကယ်တင်ဖို့ အစီအရင်ဗဟိုချက်တွေကို လိုချင်ပါတယ်လို့ မင်းကိုလာပြောတယ်၊ ဒီလောက်အပေါ စားဆန်တဲ့လိမ်ညာမှုတွေကို မင်းက ဘယ်လိုလုပ်ယုံကြည်နိုင်ရတာလဲ"
ရှန်ကျွင်း ရှန်တုပိုင်ကို စူးစိုက်ကြည့်လိုက်သည်။
"သူ အဲဒီ့လိုလုပ်မှာမဟုတ်ဘူး..."
"လုပ်မှာ မဟုတ်ဘူးတဲ့လား"
ရှန်တုပိုင်က ရှန်ကျွင်းအကြည့်ကို မကြောက်ပေ။ သူ့မျက်လုံးများက ခွင်းလွန်ဓားပေါ်သို့ မတော်တဆ ရောက်သွားသလိုကြည့်လိုက်ပြီးမှ ပြန်လွှဲလိုက်သည်။
"သူ မင်းကို လိမ်လား မလိမ်လားဆိုတာ မင်းစိတ်ထဲမှာသိပါတယ်၊ သူ့အတွက်တော့ မင်းက ကပ်ဘေးတွေကိုကာကွယ်ပေးမယ့် ဒိုင်းတစ်ခု၊ ကိရိယာတစ်ခု သက်သက်ပဲ၊ သူ့မှာ ဝိညာဉ်စွမ်းအင်မရှိတော့ တချို့ကိစ္စတွေကို သူကိုယ်တိုင်မလုပ်နိုင်ဘူး၊ မင်းက သူ့လက်ထဲက အကောင်းဆုံးဓားတစ်ချောင်းဖြစ်နေတာကိုး"
ဘာကြောင့်လဲလို့ ဘယ်တော့မှမမေးမယ့်ဓားတစ်ချောင်း၊ ကျီချောင်ချင်ရဲ့အမိန့်ကို အမြဲတမ်းနာခံမယ့်ဓားတစ်ချောင်း...
ရှန်ကျွင်း မတ်တတ်ရပ်လိုက်သည်။ ခွင်းလွန်ဓားမှာ မထိန်းချုပ်နိုင်တော့ဘဲ လူသတ်လိုစိတ်ဖြင့် တဝီဝီ မြည်နေသည်။
ရှန်ကျွင်း သူ့ကို တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ ရှန်တုပိုင် သေချာပေါက်သိနေသည်။ ဘာလို့လဲဆိုတော့ မကြာသေး ခင်ကမှ ကျီချောင်ချင်က သူ့ကိုကြိုက်ပါတယ်လို့ပြောခဲ့တယ်လေ၊ ရှန်ကျွင်းက ကျီချောင်ချင်ရဲ့ချစ်သူကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး...
နောက်တစ်ခဏတွင် ရှန်ကျွင်းက ရှန်တုပိုင်၏ပခုံးကိုဓားဖြင့်ထိုးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ဒါက သူ့အကြောင်း မဟုတ်မမှန်သတင်းလွှင့်တဲ့အတွက် မင်းကိုပေးတဲ့ပြစ်ဒဏ်ပဲ"