← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

🍃 Chapter 135

ရှန်ကျွင်း၏မျက်နှာနှင့် အဝတ်အစားများပေါ်တွင် လူသတ်ထားသောသွေးများ ပေကျံနေသည်။ သူ၏ ဆံပင်များဖရိုဖရဲဖြစ်နေပြီး မျက်နှာထက်တွင် မထိန်းချုပ်နိုင်သောနာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများပေါ်လွင်နေသည်။ သူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိတော့ပေ။ သွေးဆာစိတ်များက တစတစ ပိုမိုပြင်းထန်လာသည်။ ကျီချောင်ချင်နှင့် လမ်းခွဲပြီးနောက်တွင် လူသတ်ရခြင်း၏ကျေနပ်ဖွယ်ခံစားချက်ကိုပင် ပြန်လည်တောင့်တလာမိသည်။

ထိုအချိန်မှာပင် ဝိညာဉ်မျိုးနွယ်စုဝင်များသည် သံသယဖြစ်ဖွယ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ ရှန်ကျွင်း၏စိတ်အစဉ်သည် ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ဖြစ်ပြီး အသိစိတ်များ ပျောက်ကွယ်ကာ သူတို့အားလုံးကိုသတ်ပစ်လိုက်မိသည်။

သတ်ဖြတ်ပြီးနောက် ရှန်ကျွင်းသည် ဘိန်းစွဲနေသူတစ်ဦးကဲ့သို့မော့ကြည့်ကာ မျက်လုံးများကိုမှိတ်၍ အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ပုံမှန်မဟုတ်သော ကျေနပ်မှုကိုခံစားလိုက်သည်။

ထိုအချိန်တွင် ကျီချောင်ချင် သူ့နောက်သို့လိုက်လာသည်ကို သူသတိထားမိလိုက်သည်။

သူ့လက်ထဲရှိ ခွင်းလွန်ဓားသည် တုန်ခါကာ လှုပ်ရှားနေဆဲဖြစ်ပြီး ဓားသွားပေါ်တွင်သွေးများ စွန်းထင်းလျက် သတ်ဖြတ်လိုသောအငွေ့အသက်များထွက်ပေါ်နေသည်။

စိတ်လှုပ်ရှားမှုအားလုံးသည် ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။ ရှန်ကျွင်းသည် ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသောအခြေအနေမျိုးဖြင့် ကျီချောင်ချင်ကိုအမြင်မခံရဲသလို၊ သူ အဘယ်ကြောင့် လူသတ်ခဲ့ရသလဲဆိုတာကိုလည်း မည်သို့ရှင်းပြရမှန်းမသိပေ။ သူသည် ထိတ်လန့်တကြားဖြင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အကာအကွယ်စည်းတစ်ခုဖန်တီးကာ ပုန်းအောင်းလိုက်သည်။ ကံကောင်းစွာဖြင့် ကျီချောင်ချင် သတိမပြုမိလိုက်ပေ။

ကျီချောင်ချင် ထွက်ခွာသွားသည်ကိုမြင်မှ ရှန်ကျွင်း သက် ပြင်းချလိုက်ပြီး ခွင်းလွန်ဓားကို ဘေးသို့ပေါ့ပေါ့ပါးပါးပစ်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရှန်ကျွင်းသည် သူ၏လက်များမှာ သွေးများဖြင့်ဖုံးလွှမ်းနေသည်ကို သတိပြုမိလိုက်ပြီး မြေပြင်ပေါ်ရှိနှင်းများမှာလည်း သွေးစွန်းနေသည်ကိုတွေ့လိုက်ရသည်။ သူ သွေးများကိုသုတ်ပစ်ရန် ကြိုးစားသော်လည်း သွေးများမှာစင်မသွားပေ။

ရှန်ကျွင်း ပျို့အန်ချင်လာသည်။ သွေးများသည် အလွန်ညစ်ပတ်လွန်းလှသည်။ ခုနက သူလုပ်ခဲ့သော လုပ်ရပ်များကဲ့သို့ပင်၊ လုံးဝရွံရှာဖွယ်ကောင်းလှသည်။

သူ ဘာလုပ်ရမလဲ? ဤမျှညစ်ညမ်းပြီး ရွံရှာဖွယ်ကောင်းနေသည့်အချိန်တွင် ကျီချောင်ချင်ကို သူ မည်သို့မျက်နှာချင်း ဆိုင်ရမည်နည်း။

လူသတ်ချင်စိတ်က သူ့စိတ်ထဲတွင် အမြစ်တွယ်နေသကဲ့သို့ပင်။ သူတွေးလိုက်မိရုံဖြင့် စိတ်လှုပ်ရှားမှုကို ခံစားရသော် လည်း ချက်ချင်းဆိုသလို ပျို့အန်ချင်လာပြီး ကိုယ့်ကိုယ်ကိုယ်ရွံရှာစိတ်များဝင်လာသည်။

ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ၊ သူ့စိတ်နှင့် ခန္ဓာကိုယ်သည် ထိန်းချုပ်မရတော့သလိုပင်၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ သူ ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားရတာလဲ...

အကယ်၍ နောင်ကျရင်...

ရုတ်တရက် ရှန်ကျွင်းတွေးလိုက်မိသည်။ အကယ်၍ နောင်ကျရင် သူ့ရဲ့သွေးဆာစိတ်တွေ ပိုပြီးပြင်းထန်လာခဲ့ရင် တစ်နေ့ကျရင် သူ တကယ်ပဲ စိတ်ဖောက်ပြန်ပြီး ကျီချောင်ချင်ကိုပါသတ်မိသွားရင် ဘယ်လိုလုပ်မလဲ?

ထိုအရာကိုတွေးမိလိုက်သည်နှင့် သူ့ရင်ထဲမှနာကျင်မှုများအားလုံး ပျောက်ကွယ်သွားပြီး ရှန်ကျွင်းသည် ခွင်းလွန်ဓားကို ခံစားချက်ကင်းမဲ့စွာကြည့်လိုက်သည်။

လေသံသည် ဝမ်းနည်းပက်လက်မြည်ဟည်းနေပြီး နှင်းများမှာလည်း ပိုမိုသည်းထန်စွာကျဆင်းလာသည်။ ထူထပ်သောနှင်းဖြူလွှာကြီးသည် ကမ္ဘာလောကကို အမှောင်ကျစေသည်။ အဝေးမှ ထာဝရနှင်းဖုံးနေသော တောင်တန်းများဆီမှ ဖျော့တော့ပြီးဝမ်းနည်းဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ် လာသည်။

ဤနေရာသည် မြောက်ပိုင်းနယ်စပ်ဖြစ်သည်။ ထာဝရအေးစက်ခါးသီးပြီး နေရောင်ခြည်၏နွေးထွေးမှုကို ရရှိခဲသောနေရာဖြစ်သည်။

ရှန်ကျွင်းသည် ယခင်က ဤနေရာမှအအေးဓာတ်ကို မခံစားခဲ့ရဖူးပေ။ ကောင်းသည် ဆိုးသည်ဟုလည်း မထင်ခဲ့ပေ။ သူ့စိတ်သည် အမြဲတမ်းတည်ငြိမ်နေခဲ့သည်။ သစ္စာဖောက်ခံရခြင်းက ဝမ်းနည်းမှုကိုမဖြစ်စေသလို၊ ယုံကြည်မှုကလည်း ပျော်ရွှင်မှုကိုမပေးစွမ်းနိုင်ခဲ့ပေ။ ဤလောကရှိမည်သည့်အရာကမှ သူ့ကို ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် အပြင်လောကသို့ထွက်ခွာပြီးနောက် ရင်သပ်ရှုမောဖွယ်ရှုခင်းများကို မြင်တွေ့ရပြီး အလွန်တန်ဖိုးရှိသောလူသားများနှင့် တွေ့ဆုံပြီးနောက်တွင် သူ့နှလုံးသားသည် နိုးထလာသကဲ့သို့ဖြစ်ခဲ့သည်။ သူသည် နွေးထွေးမှုနှင့်အေးစက်မှု၊ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားတတ်လာသည်။ သူသည် နွေးထွေးမှုကိုတောင့်တလာပြီး ဉာဏ်အများဆုံးနှင့် သက်ဝင်လှုပ်ရှားမှုအရှိဆုံးလူသားများကို နှစ်သက်မြတ်နိုးလာသည်။

ထို့ကြောင့် အေးစက်သောမြောက်ပိုင်းသို့ ပြန်ရောက်သောအခါ သူသည် ရုတ်တရက် နေရာမှားရောက်နေသလိုခံစားလိုက်ရသည်။

မြောက်ပိုင်းမှ လေနှင့်နှင်းများကို သူ မနှစ်သက်တော့သလို နှင်းဖုံးတောင်တန်းများကိုမနှစ်သက်တော့ချေ။ မြောက်ပိုင်းနှင့်ပတ်သက်သမျှ အရာအားလုံးကိုမနှစ်သက်တော့ပေ။

သို့သော် ဤနေရာတွင်သေဆုံးခြင်းက သူ့အတွက် နောက်ဆုံးအနားယူရာနေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

ယခုအချိန်ထိ သူသည် တစ်ယောက်တည်းသာဖြစ်နေဆဲပင်။ အကန့်အသတ်မဲ့သော အထီးကျန်ဆန်မှုကိုရင်ဆိုင်နေရပြီး သူ့ကိုအဖော်ပြုပေးမည့်သူမရှိချေ။ သူ ဤနေရာမှာသေသွားရင်တောင် မည်သူမှ ဝမ်းနည်းကြမှာမဟုတ်သလို၊ မည်သူမှလည်း သတိထားမိမှာမဟုတ်ပေ။ သူက အစကတည်းက ဤလောကနှင့် ဘာမှမပတ်သက်ခဲ့သူပင်။ အိမ်ခြေ သန်းပေါင်းများစွာထဲမှာ သူ့အတွက်မီးထွန်းထားပေးတဲ့ အိမ်တစ်အိမ်မှမရှိသလို၊ ရှုပ်ထွေးပွေလီတဲ့ လောကကြီးကလည်း သူနဲ့ဘာမှမဆိုင်ဘူး...

ဒါက ကံတရားအတိုင်း ဖြစ်လာတာဖြစ်မှာပါ၊ ကောင်းကင်ဘုံက သူ့ကိုအစွမ်းထက်ဆုံးသိုင်းပညာတွေနဲ့ အမြင့်ဆုံးရာထူးတွေပေးသနားခဲ့တာက လောကကိုကယ်တင်ဖို့၊ စွန့်လွှတ်အနစ်နာခံဖို့၊ ပေးဆပ်ဖို့အတွက်ပဲ ရည်ရွယ်ခဲ့တာ၊ ဒီလောကရဲ့ နွေးထွေးမှုကိုခံစားဖို့ ပေးခဲ့တာမဟုတ်ဘူး...

ရှန်ကျွင်းသည် မျက်လွှာချလိုက်ပြီး ကျီချောင်ချင်ကိုသတိရကာ ခါးသီးစွာပြုံးလိုက်သည်။

မျက်ရည်တစ်စက်မှာ ကျဆင်းလာသည်။ သူမ ချက်လုပ်ထား သောဝိုင်ကို သူ မသောက်နိုင်တော့ပေ။

ထို့နောက် သူသည် ခွင်းလွန်ဓားကို သူ့ရင်ဘတ်တည့်တည့်သို့ ချိန်ရွယ်လိုက်သည်။

—

တည်းခိုခန်းတွင် မည်သူမျှမရှိသည်ကို မြင်သောအခါ ရှန်တုပိုင်ဆိုသောအကောင်က ချန်ချင်းဂိုဏ်းကိုပြန်ရောက်နေလောက်ပြီဟု ကျီချောင်ချင် နားလည်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမသည် ချန်ချင်းဂိုဏ်းပိုင်နက်သို့ တိုက်ရိုက်နေရာရွှေ့ပြောင်းလိုက်သည်။

ကျီချောင်ချင် ချန်ချင်းဂိုဏ်းသို့ နောက်ဆုံး သွားရောက်ခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကဖြစ်သည်။ ထိုအချိန်ကဂိုဏ်းချုပ်မှာ ချန်ကျီကျစ်နှင့် ချန်ကျင်းကျစ်တို့၏ဖခင်ဖြစ်သည်။ ဂိုဏ်းချုပ်ဟောင်းချန်သည် ဖြောင့်မတ်တည် ကြည်ပြီး အကျင့်ပျက်ခြစားခြင်း ကင်းရှင်းသူဖြစ်ကာ ချန်ချင်းဂိုဏ်းပိုင်နက်ကိုအလွန်ကောင်းမွန်စွာ အုပ်ချုပ်ခဲ့သဖြင့် မည်သည့်နတ်ဆိုးဂိုဏ်းကမျှ ကျူးကျော်ရန်မရဲခဲ့ကြပေ။

သို့သော် ယခုအခါ ဂိုဏ်းဝင်ပေါက်ရှိ အကာအကွယ် အစီအရင်ကြောင့် နေ့ခင်းဘက်ကဲ့သို့လင်းထိန်နေသော်လည်း ကျီချောင်ချင်သည် နက်ရှိုင်းသော နတ်ဆိုးအငွေ့အသက်ကို ခံစားနေရဆဲဖြစ်သည်။

ဂိုဏ်းအကာအကွယ်အစီအရင်ကို တိတ်တဆိတ် ရှောင်ကွင်းပြီး ကျီချောင်ချင် ဂိုဏ်းအတွင်းသို့ဝင်ရောက်လိုက်သည်။

ချန်ချင်းဂိုဏ်းအတွင်းတွင် အစီအရင်များစွာရှိပြီး အားလုံးမှာ သေစေနိုင်သောအစီအရင်များ ဖြစ်သည်။ အဆိပ်ရှိသောသတ္တဝါများစွာပေါက်ဖွားနေပြီး ၎င်းတို့၏အနံ့သည် ကျင့်ကြံသူများကို သတိမေ့သွားစေနိုင်စွမ်းရှိသည်။ အစီအရင်များနှင့် မရင်းနှီးသောကျင့်ကြံသူများ မည်သူမဆိုဝင်ရောက်လာပါက အသေဆိုးနှင့်ကြုံရဖွယ်ရှိသည်။

သူမ၏ဆရာဖြစ်သော ရှန်တုပိုင်တစ်ဦးတည်းသာလျှင် အစီအရင်များကို ဤမျှအထိဖန်တီးနိုင်စွမ်းရှိသည်။

ကျီချောင်ချင်သည် ရှန်တုပိုင်၏အကျင့်များကို သိသော် လည်း ယခုအခါ သူသည် သူမ ရန်သူဖြစ်နေပြီဖြစ်သဖြင့် သူမကိုသတ်ရန် သူ့အကျင့်များကို တမင်ပြောင်းလဲထားနိုင်ကြောင်း သတိထားရမည် ဖြစ်သည်။ ထို့ကြောင့် သူမ အလွန်သတိထားကာ လျှောက်လှမ်းလိုက်သည်။

ယနေ့က စူးစမ်းလေ့လာရေးခရီးစဉ် သက်သက်သာဖြစ် သည်။ ကျီချောင်ချင်သည် အစီအရင်အမျိုးမျိုးကို ချောမွေ့စွာဖြတ်ကျော်ပြီး ချန်ချင်းဂိုဏ်း၏ဘေးဆောင်ဘက်သို့ဦးတည်သွားလိုက်သည်။

ရှန်တုပိုင်တွင် ပင်မဆောင်၌မနေသောအကျင့်ရှိသည်။

ကျီချောင်ချင်ငယ်စဉ်က ထျန်းရွှမ်ဂိုဏ်း၏ စည်းမျဉ်းများအရ သူမသည် ရှန်တုပိုင် ဘေးဆောင်တွင်နေထိုင်ရသဖြင့် ရှန်တုပိုင်သည် သူမနှင့်အတူအိပ်ခဲ့သည်။ သူမကအတွင်း ဆောင်တွင်အိပ်ပြီး သူက အပြင်ဆောင်၏အဝေးတစ်နေရာတွင် လိုက်ကာများစွာခြားလျက်အိပ်သည်။ ထိုအချိန်က ကျီချောင်ချင်၏ မိသားစုဝင်များသေဆုံးခါစဖြစ်သဖြင့် သူမသည် မကြာခဏအိပ်မက်ဆိုးမက်ပြီး ညဘက်တွင်အော်ဟစ်ငိုကြွေးလေ့ရှိသည်။ ထိုအခါမျိုးတွင် ရှန်တုပိုင်သည်ထလာပြီး သူမဘေးသို့သွားကာ အေးချမ်းစွာဆက်လက်အိပ်စက်နိုင်စေရန် ညင်သာစွာချော့မော့ပေးလေ့ရှိသည်။

မနာလိုဖြစ်သောဒုတိယရှစ်ရှုန်း ချန်ဝမ်ရှန်းက ရှန်တုပိုင်သည် ကျီချောင်ချင်နှင့် အဘယ်ကြောင့် အတူအိပ်ရသနည်းဟုမေးဖူးသည်။ ထိုအခါ ရှန်တုပိုင်က ချန်ဝမ်ရှန်းဆံပင်ကိုသပ်ပေးပြီး ပြောခဲ့သည်။

"ဆရာဆိုတာ တပည့်ကိုကာကွယ်ပေးရတယ်၊ ကျီချောင်ချင်ကမိန်းကလေးဆိုတော့ ပိုပြီးဂရုတစိုက် ကာကွယ်ပေးရမှာပေါ့"

ထိုအချိန်မှစ၍ ချန်ဝမ်ရှန်းသည် ကျီချောင်ချင်ကို အမြဲကာကွယ်ပေးခဲ့သည်။

အတိတ်ကအမှတ်တရများ ကျီချောင်ချင်၏ ခေါင်းထဲတွင်ဖြတ်သန်းသွားသည်။ ရှန်တုပိုင်ကို သူမ ယခင်က သံသယမဝင်ခဲ့သည်မှာမဆန်းဟု သူမ နားလည်လိုက်သည်။ သူသည် ဟန်ဆောင်ကောင်းလွန်းသည်။ သူကြင်နာသောအခါ တကယ်ကို ကြင်နာသော်လည်း ရက်စက်သောအခါတွင်မူ အလွန်တရာရက်စက်သူဖြစ်သဖြင့် ယုံကြည်၍မရနိုင်သူဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျီချောင်ချင်သည် ရှန်တုပိုင်ကို အမုန်းတရားသက်သက်သာခံစားရသည်။ အကယ်၍ သူမ သူ့ကို သေလုမြောပါးနှိပ်စက်ပြီးနောက် သူက လောကသားတွေရှေ့မှာဒူးထောက်ပြီး ငါ မှားသွားပါတယ်... ငါက လူယုတ်မာပါ ဟု အကြိမ်တစ်ရာပြောရင်တောင် သူမ အမုန်းပြေမည် မဟုတ်ပေ။

စိတ်မပါတပါစုံစမ်းစစ်ဆေးမှု၏ ရလဒ်အနေဖြင့် သူမသည် အဆိပ်ငွေ့ အနည်းငယ်ကို မတော်တဆ ရှူရှိုက်မိလိုက်သည်။

ကျီချောင်ချင် ချက်ချင်းခေါင်းမူးသွားသော်လည်း ထိတ်လန့်ခြင်းမရှိပေ။ အသိစိတ် အပြည့်အဝမရှိတော့လည်းဘာဖြစ်လဲ၊ သူမ ချန်ချင်းဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်းရှိနေသေးသည်။

သို့သော် သူမအဆိပ်မိနေသည်ကို ရှန်တုပိုင်အား မသိစေချင်သဖြင့် ကျဉ်းမြောင်းပြီး လူသူကင်းမဲ့သော ထင်းခွဲရုံတစ်ခုထဲသို့ တိတ်တဆိတ်ဝင်ရောက်လိုက်သည်။ ဤနေရာသည် အလွန်သီးခြားဆန်ပြီး ဘေးကင်းသည်။ မည်သူမျှလာမည်မဟုတ်ပေ။

ကျီချောင်ချင်၏ခေါင်းများ ချာချာလည်နေသည်။ သာမန်ကျင့်ကြံသူဆိုလျှင် ဤအဆိပ်ငွေ့ အနည်းငယ်ကိုရှူမိရုံနှင့် ချက်ချင်းသေဆုံးသွားနိုင်သော်လည်း သူမကမူ အလေးအနက်မထားပေ။ အဆိပ်ပြေရန် စောင့်ဆိုင်းရသည်မှာ ကြာလွန်းသဖြင့် ကျီချောင်ချင်ပျင်းလာသည်။

ပျင်းလာသဖြင့် ကျီချောင်ချင် ရှန်ကျွင်းကိုသတိရမိသည်။ အကယ်၍ ရှန်ကျွင်းသာဒီမှာရှိရင် သူ့ရင်ခွင်ထဲမှာဝင်လှုံလို့ရမှာ၊ ပြီးရင် သူက သေချာပေါက် ငါ့ကိုအလိုလိုက်တဲ့ အကြည့်နဲ့ကြည့်ပြီး ငါ သဘောကျတာလုပ်ခွင့်ပေးမှာ...

သို့သော် ယခု သူမ၏ ကျင့်ကြံမှုပြန်ကောင်းလာပြီ ဖြစ်သဖြင့် နွေးထွေးမှုရရန် ဝိညာဉ်စွမ်းအား အနည်းငယ်သုံးလိုက်ရုံသာရှိသည်။ ထို့ကြောင့် ရှန်ကျွင်းကို လှည့်စား၍ရနိုင်မည်မဟုတ်ပေ။

ထိုသို့တွေးလိုက်မိသည်နှင့် ကျီချောင်ချင်၏ စိတ်အာရုံလှုပ်ရှားသွားပြီး အင်မော်တယ်ကြိုးသည် သူမ လက်ထဲတွင် ပေါ်လာသည်။

သူမတွေးလိုက်သည်မှာ သူမသည် လောလောဆယ် နေမကောင်းဖြစ်နေပြီး စိတ်များဝေဝါးနေချိန်တွင် သတိမထားမိသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သူမ ကြိုးကိုမတော်တဆ ထိမိလိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်ကြိုးက ရှန်ကျွင်းကို ဒီနေရာဆွဲခေါ်လာလျှင် သူမ အမှားမဟုတ်ပေ။ အာရုံခံစားလွယ်လွန်းသော အင်မော်တယ်ကြိုး၏ အပြစ်သာဖြစ်သည်။

နောက်တစ်ခဏတွင် ကျီချောင်ချင် အားကုန်ဆွဲချလိုက်သည်။

ရှန်ကျွင်းသည် ကျီချောင်ချင်၏ရှေ့တည့်တည့် လေဟာနယ်ထဲမှ ရုတ်တရက်ပေါ်ထွက်လာသည်။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်တွင် သွေးများပေကျံနေပြီး လှပသောမျက်ဝန်းထောင့်တွင် အေးခဲနေသော မျက်ရည်တစ်စက်တွဲခိုနေသည်။ သူ့မျက်နှာထားမှာ ဘာမှမတုံ့ပြန်နိုင်သေးသကဲ့သို့ ဗလာဖြစ်နေသည်။

ရှန်ကျွင်း သူမရှေ့သို့ ဤကဲ့သို့ပုံစံဖြင့်ရောက်လာလိမ့်မည်ဟု ကျီချောင်ချင်ထင်မှတ်မထားခဲ့ပေ။ သူသည် အမြဲတမ်း အနေအထိုင်တည်ငြိမ်ပြီး သန့်ရှင်းသပ်ရပ်မှုကိုကြိုက် နှစ်သက်သူဖြစ်သဖြင့် ဤကဲ့သို့ ဖရိုဖရဲပုံစံမျိုးဖြင့် သူမရှေ့သို့ ဘယ်တော့မှ ရောက်လာမည်မဟုတ်ပေ။

ရှန်ကျွင်း ဤမျှသနားစဖွယ်ဖြစ်နေသည်ကို ကျီချောင်ချင် တစ်ခါမျှမမြင်ဖူးခဲ့ပေ။ သူမ စိတ်နှလုံးသည် အလွန်အမင်းနူးညံ့သွားပြီး သူ့ပါးလေးကိုမဆွဲဘဲမနေနိုင်ဖြစ်သွားသည်။

သူအသိပြန်ဝင်လာပြီး မျက်လုံးများပြူးကျယ်သွားသည်။

"မင်း!”

🍃 Chapter 136

ကျီချောင်ချင်သည် အခြေအနေကို ချက်ချင်း အကဲခတ်မိလိုက်ပြီး မျက်လုံးများကိုအတင်းမှိတ်ချကာ ညည်းတွားလိုက်သည်။

"အား... နာလိုက်တာ, ရှန်ကျွင်း... ရှင်လားဟင်"

ရှန်ကျွင်းသည် နှုတ်ဆိတ်နေလျက် ခွင်းလွန်ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် သန့်စင်ခြင်းဂါထာကိုရွတ်ဖတ်ကာ ကိုယ်ပေါ်မှသွေးစက်များနှင့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်လိုက်ပြီး ကျီချောင်ချင်နှင့် မလှမ်းမ ကမ်းတွင်ဝင်ထိုင်လိုက်သည်။

သူ့ထံမှစကားသံထွက်မလာသည်ကို မြင်သောအခါ ကျီချောင်ချင် စိတ်မရှည်နိုင်ဖြစ်လာသဖြင့် သူ့အနားသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။

"ရှန်ကျွင်း..."

"ငါနဲ့ ဝေးဝေးနေ" ရှန်ကျွင်းအသံမှာ အေးစက်မာကျောနေသည်။

သို့သော် ကျီချောင်ချင်က မကြားချင်ယောင်ဆောင်လိုက်သည်။

"ခေါင်းတွေအရမ်းကိုက်နေတယ်... အဆိပ်မိထားသလိုပဲ၊ ဘာလုပ်ရမှန်းကိုမသိတော့ဘူး၊ ရှင် ရောက်လာလို့ တော်သေးတာပေါ့၊ ရှန်ကျွင်း... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲဟင်"

ရှန်ကျွင်းသည် နောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရှုလိုက်သည်။

"ဒါ... ဒါ ဘယ်နေရာလဲ"

ကျီချောင်ချင်က အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"ဒါ ချန်ချင်းဂိုဏ်းလေ... ရှန်တုပိုင်ရဲ့စုရပ်ပေါ့၊ သူက ဒီနေရာမှာ အစီအရင်တွေ အများကြီးချထားတာ၊ ကျွန်မ သတိမထားမိဘဲ သူတို့ထောင်ချောက်ထဲကျသွားတာ"

ရှန်တုပိုင် ဆိုသောနာမည်ကို ကြားလိုက်ရုံဖြင့် ရှန်ကျွင်း မျက်နှာထားတင်းမာသွားသည်။ သူသည် ရင်ထဲမှမကျေနပ်ချက်များကို အောင့်အီးသည်းခံရင်း အေးစက်စွာဆိုလိုက်သည်။

"မင်း သူ့ကိုလာရှာတာလေ၊ ကိုယ့်ကို ဘာလို့ ဆွဲထည့်နေတာလဲ"

ထိုစကားပြောနေရင်းပင် သူက ကျီချောင်ချင်၏ ကိုယ်တွင်းမှ အဆိပ်အတောက်များကို လက်ဖျားမှတစ်ဆင့် ပေါ့ပါးစွာဖြေရှင်းပေးလိုက်သည်။

နေလို့ကောင်းသွားသည်နှင့် ကျီချောင်ချင် အဆိပ်မိချင်ယောင် ဆက်ဆောင်၍မရတော့ပေ။ သူမ မျက်လုံးဖွင့်လိုက်ပြီး ရှန်ကျွင်းကို မျက်နှာပိုးသတ်ကာ ပြုံးပြလိုက်သည်။

"ဟီးဟီး... ရှင်ရှိနေလို့တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်မ ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

ရှန်ကျွင်းက ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။

"မင်း အဆင်ပြေသွားပြီဆိုတော့ ငါသွားတော့မယ်"

သူ ရုတ်တရက်ကြီးထွက်သွားမည်ဟု ကျီချောင်ချင် ထင်မထားမိသဖြင့် အနောက်မှ အလျင်အမြန် ပြေးလိုက်သွားလိုက်သည်။

"ဒါက နေရာကောင်းမဟုတ်ဘူး... နေရာတိုင်းမှာ အစီအရင်တွေ ရှိတယ်၊ ရှင်သွားလို့မရ... အား!"

ပြာပြာသလဲလဲဖြစ်နေသဖြင့် ကျီချောင်ချင် ခြေလှမ်းမကြည့်မိဘဲ ထင်းတုံးတစ်တုံးကိုတိုက်မိကာ ဟန်ချက်ပျက်ပြီး ရှန်ကျွင်းဆီသို့ပြေးဝင်သွားမိသည်။

ရှန်ကျွင်းသည် အလိုအလျောက်ပင် ကျီချောင်ချင်ကိုလှမ်းဖမ်းလိုက်သော်လည်း ကျီချောင်ချင်က တမင်သက်သက်လုပ်လိုက်သည့်အလား သူ့ကိုမြေကြီးပေါ်သို့ အားကုန်တွန်းလှဲချလိုက်သည်။

"အ..."

ကျီချောင်ချင်က လက်တစ်ဖက်ဖြင့် ရှန်ကျွင်း၏အင်္ကျီကော်လံစကိုဆွဲကိုင်ထားပြီး သူ့ကိုထခွင့်မပေးပေ။ ကျန်လက်တစ်ဖက်က ခေါင်းကိုအုပ်ထားပြီး နာကျင်သည့်မျက်နှာပေး လုပ်လိုက်သည်။

"ရှန်ကျွင်း... ကျွန်မ တကယ်နေလို့မကောင်းဘူး၊ ရှင့်ရဲ့ကုသခြင်းဂါထာက အလုပ်မဖြစ်ဘူးထင်တယ်၊ နောက်တစ်ခေါက်ထပ်ကုပေးပါဦး!"

သူတို့နှစ်ယောက်အနေအထားမှာ အလွန်နီးကပ်နေပြီး ကျီချောင်ချင်၏ဦးခေါင်းက ရှန်ကျွင်း၏ ရင်ဘတ်ပေါ်တွင် မှီလျက်သားဖြစ်နေသည်။

ရှန်ကျွင်း၏ စိတ်အာရုံများ ရုတ်တရက် ရှုပ်ထွေးသွားပြီး သူမကို ပြန်လည်ပွေ့ဖက်ထားချင်စိတ် တဖွားဖွားပေါ်ပေါက်လာသည်။

သို့သော် သူမလှုပ်ရှားရဲပေ။ ကျီချောင်ချင်က လက်တွေ ခြေထောက်တွေနှင့် သူ့ကို ရှုပ်ယှက်ခတ်အောင် ရစ်ပတ်ထားသည်ကို ဒီအတိုင်းလွှတ်ထားလိုက်သည်။

"ကျီချောင်ချင်... လွှတ်လိုက်တော့"

ကျီချောင်ချင်က သူ့ကို ပို၍တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမက အကြောင်းပြချက်တစ်ခုခုပြပြီး ရှန်ကျွင်းကို ဤနေရာရောက်အောင် လှည့်စားခေါ်လာခဲ့ခြင်းဖြစ်သည်။ တကယ်လို့ သူသာစိတ်ဆိုးပြီး အင်မော်တယ်ကြိုးကိုယူဆောင်သွားခဲ့လျှင် သူ့ကိုပြန်ရှာတွေ့ဖို့ နည်းလမ်းရှိတော့မည်မဟုတ်ပေ။

ဒါကြောင့် လုံးဝလွှတ်ပေးလို့မဖြစ်သလို၊ ရှန်ကျွင်းကို ထွက်သွားခွင့်ပေးလို့လည်းမဖြစ်ဘူး...

ထိုသို့တွေးလိုက်ပြီးနောက် ကျီချောင်ချင်က ကော်လာစကိုလွှတ်လိုက်ပြီး သူ့လည်ပင်းကိုသိုင်းဖက်ကာ ကိုယ်ပေါ်သို့ အနည်းငယ်တိုးတက်လိုက်ပြီး ရှန်ကျွင်း၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ရှန်ကျွင်း ကြောင်အသွားသည်။ အစောကလေးတင် ကျီချောင်ချင်က သူ့ကိုယ်ပေါ် တိုက်ရိုက်ရောက်လာခဲ့ပြီး သူတို့ခန္ဓာကိုယ်ချင်း မရည်ရွယ်ဘဲ ပိုမိုရင်းနှီးသွားခဲ့ကြသည်။ ရှန်ကျွင်း လုံးဝမလှုပ်ရဲတော့ပေ။

"ကျီချောင်ချင်... ထတော့!"

ရှန်ကျွင်း၏ မျက်နှာရဲတက်လာသည်ကို ကျီချောင်ချင် မြင်လိုက်ရသည်။ သူဘာဖြစ်နေမှန်းမသိသော်လည်း ရုတ်တရက် ကျောက်ရုပ်ကြီးလိုဖြစ်နေသည်မှာ ရယ်စရာကောင်းနေ သည်။

"ရှင် ကျွန်မနဲ့အတူ ဒီကနေထွက်သွားမယ်လို့ သဘောမတူရင် ကျွန်မ မထဘူး"

ရှန်ကျွင်းက အံကြိတ်ပြီး တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ!"

ရှန်ကျွင်းက ဤမျှလောက် အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ကျီချောင်ချင် ချက်ချင်းထပ်ပြောလိုက်သည်။

"ဒါတင်မကသေးဘူး၊ အပြင်ရောက်ရင်လည်း ထွက်သွားလို့မရဘူး၊ ရှင့်ကိုပြန်ပေးဆပ်ဖို့ ကျွန်မကို အခွင့်အရေးပေးရမယ်၊ အရင်တုန်းက ကျွန်မ..."

"ကျီချောင်ချင်..."

ရှန်ကျွင်း မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာပြီး သူမ ပခုံးကို လက်ဖြင့်ဖိထားလိုက်သည်။ ထိုသည်မှာ တွန်းထုတ်ချင်တာလား၊ ရင်ခွင်ထဲဆွဲသွင်းချင်တာလား ဆိုတာ သူကိုယ်တိုင်တောင်မသေချာတော့ပေ။

"မင်း သိပ်မလွန်နဲ့! မင်း ငါ့ကို အသုံးချလို့မဝသေးဘူးလား"

ကျီချောင်ချင်က သူ့လည်ပင်းကို လက်ဖြင့်သိုင်းဖက်ထားပြီး နွယ်ပင်လေးတစ်မျှင်လို သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။

"ဂရုမစိုက်ဘူး၊ အရင်တုန်းက ကျွန်မ ရှင့်ကိုအသုံးချချင်ခဲ့တာမှန်ပါတယ်၊ ဒါပေမယ့် အခုနောင်တရနေပါပြီဆို‌နေ၊ ကျွန်မ ရှင့်ကို ထပ်ပြီး အသုံးမချချင်တော့ဘူး၊ ရှင့်ကိုပြန်ပေးဆပ်ဖို့ အခွင့်အရေးပေးလို့မရဘူးလားဟင်"

ရှန်ကျွင်းက ပြန်မဖြေပေ။ ကျီချောင်ချင်သည် သူ့အနားသို့ အရမ်းကပ်နေသည်။ သူမစကားတစ်ခွန်း ပြောလိုက်တိုင်း မွှေးပျံ့သောလေငွေ့နွေးနွေးလေးများက သူ့လည်ပင်းပေါ်သို့ကျရောက်လာပြီး သူ့အရေပြားကိုတုန်ရီသွားစေသည်။ ထိန်းချုပ်မရနိုင်သောယားယံမှုတစ်ခု သူ့အရေပြားပေါ်ဖြတ်ပြေးသွားပြီး ထိုယားယံမှုက နှလုံးသားထဲထိစိမ့်ဝင်သွားသည်။

ချစ်ရသူ အနားကပ်လာသည့်အခါ မည်သည့်ယောကျ်ား သားမှ မတုန်လှုပ်ဘဲမနေနိုင်ပေ။ သူမ မှုတ်ထုတ်လိုက်သောလေငွေ့တိုင်း၊ သူမ၏လှုပ်ရှားမှုတိုင်း၊ သူမ၏အထိအတွေ့တိုင်းမှာ သူ့နှလုံးသားကို မီးနှင့်ရှို့နေသလိုပင်။ ရှန်ကျွင်း ဘာမှမလှုပ်ရှားရဲပေ။ ကျီချောင်ချင် တစ်စုံတစ်ရာကိုသတိထားမိသွားမည်ကို သူစိုးရိမ်သည်။

ရှန်ကျွင်း၏ ဝိညာဉ်စွမ်းအင်ဖြင့်ဆိုလျှင် ကျီချောင်ချင်ကို တွန်းထုတ်လိုက်ဖို့၊ ခါချလိုက်ဖို့ဆိုတာ အလွန်လွယ်ကူသည်။ သို့သော် သူမလုပ်ခဲ့ပေ။ ကျီချောင်ချင် သူ့ကိုခြိမ်းခြောက်နေသည်ကိုပဲ ဘာမှမတတ်နိုင်ဘဲ ငြိမ်ခံနေလိုက်ရသည်။ တကယ်လို့ သူသာ တွန်းထုတ်လိုက်ပါက သူမ သူ့ဆီ ဘယ် တော့မှ ပြန်မလာတော့မှာကိုကြောက်သည်။

တစ်ခဏတာမျှသော အချိန်လေးအတွင်းမှာပင် ရှန်ကျွင်းသည် ကျီချောင်ချင် သူ့အပေါ်လုပ်ခဲ့သမျှ အရာအားလုံးကို တွန့်ဆုတ်မနေဘဲ ခွင့်လွှတ်လိုက်မိပြီးသားဖြစ်နေသည်။

ကျီချောင်ချင်သည် ရှန်တုပိုင်ကို ချစ်နေရင်တောင် ကိစ္စမရှိသည့်အပြင် ရှန်ကျွင်းဒေါသထွက်နေသော်လည်း ရှန်တုပိုင်ဆီမှ သူမကိုပြန်လုယူနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ဒါပေမယ့်...

ရှန်ကျွင်း မျက်လုံးမှိတ်လိုက်သည်။ ပိုမိုပြင်းထန်လာသော သူ့စိတ်ထဲကလူသတ်ချင်စိတ်ကို သတိရလိုက်မိသည်။ ကျီချောင်ချင်ကြောင့် နွေးထွေးလာခဲ့သော နှလုံးသားမှာ ရုတ်တရက် ပြန်လည်အေးစက်သွားသည်။

"တကယ်လို့တစ်နေ့ကျရင် ရှန်တုပိုင်နဲ့ကိုယ့်ကြားက တစ်ယောက်ကိုပဲရွေးရမယ်ဆိုရင် မင်း ဘယ်သူ့ကို ရွေးမလဲ"

ကျီချောင်ချင် ဇဝေဇဝါ ဖြစ်သွားသည်။

"ဘယ်သူ့ကိုသေစေချင်လဲလို့ မေးတာလား"

ငြိမ်သက်စပြုနေသော ရှန်ကျွင်း၏ဒေါသများ ရုတ်တရက် ပြန်လည်ထကြွလာသည်။ ကျီချောင်ချင်က အမြဲတမ်းဒီလိုပါပဲ၊ သူ့ခံစားချက်တွေကို မွှေနှောက်နိုင်စွမ်းရှိတယ်...

"မဟုတ်ဘူး... ဘယ်သူနဲ့အတူနေမလဲလို့မေးတာ"

ဒါ စဉ်းစားနေစရာလိုလို့လားဟု ကျီချောင်ချင် တွေးလိုက်သည်။ တကယ်လို့ ရှန်တုပိုင်ကို ရွေးလိုက်ရင် သူမ ဘယ်လိုအသုံးချခံရပြီး သေသွားမလဲ၊ သူမ ဂုဏ်သိက္ခာ ဘယ်လိုပျက်စီးသွားမလဲဆိုတာတောင် သိလိုက်ရမှာမဟုတ်ဘူး။ သေချင်မှပဲ ရှန်တုပိုင်ကို ရွေးမှာပေါ့၊ မဟုတ်ရင် ဘာကိစ္စ သူ့ကိုရွေးရမှာလဲ...

ရှန်တုပိုင်နဲ့ အတူနေဖို့နေနေသာသာ သူ့မျက်နှာကို တွေးလိုက်မိရင်တောင် ကျီချောင်ချင် ပျို့အန်ချင်လာသည်။ ရှန်တုပိုင်နှင့်သာ တစ်ရက်လောက် အတူနေရမယ်ဆိုပါက သူသေရင်သေ၊ မသေရင် သူမ သေသွားလိမ့်မည်ဆိုတာသေချာသည်။

"ဒါပေါ့... ရှင့်ကိုပဲရွေးမှာပေါ့၊ တခြားဘယ်သူနဲ့ယှဉ်ယှဉ် ရှင့်ကိုပဲရွေးမှာ!"

ရှန်ကျွင်း မဲ့ပြုံးပြုံးလိုက်သည်။

"ဒါဆို ဘာလို့တွေဝေနေတာလဲ"

"ကျွန်မ ဘာကိုတွေဝေနေလို့လဲ"

ရှန်ကျွင်းက ကျီချောင်ချင်ကိုတွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း သူမက အလျင်အမြန်ပင် ပိုမိုတင်းကျပ်စွာပြန်ဖက်ထားလိုက်သည်။ လူချင်းခွာလိုက်သည်နှင့် ရှန်ကျွင်းက အရိပ်အယောင်မကျန် ပျောက်ကွယ်သွားမည်ကို သူမကြောက်သည်။

"လွှတ်တော့... ငါ ထမယ်"

"မလွှတ်ဘူး... လွှတ်လိုက်ရင် ရှင်ထွက်ပြေးသွားမှာပေါ့!"

ရှန်ကျွင်းမျက်ဝန်းများ အနည်းငယ်တုန်ရီသွားသည်။ သူ တကယ်ပဲ ထွက်သွားတော့မှာ၊ ကျီချောင်ချင်က ရှန်တုပိုင်ကိုမုန်းနေပေမယ့် သူ့အပေါ် သံယောဇဉ်ရှိနေသေးတာအမှန်ပဲ၊ ရှန်ကျွင်းမှာသာ အချိန်ရှိရင် ရှန်တုပိုင်ကိုမနိုင်နိုင်ဘူးလို့ သူမယုံဘူး၊ ဒါပေမယ့် သူ့မှာအချိန်မရှိတော့ဘူး... သူ့စိတ်ထဲက လူသတ်ချင်စိတ်ကို သူမထိန်းချုပ်နိုင်တော့ဘူး...

တကယ်လို့ တစ်နေ့ကျရင် သူသာ ကျီချောင်ချင်ကို လက်ပါမိလိုက်ရင်...

ရှန်ကျွင်း၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အ ယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကောင်းတဲ့အရာတိုင်းမှာ နိဂုံးဆိုတာရှိတယ်၊ ကိုယ်တို့ကအတူရှိဖို့ ကံမပါလာဘူးလေ၊ လမ်းခွဲကြတာ ပုံမှန်ပါပဲ၊ မလုပ်..."

ရုတ်တရက် ကျီချောင်ချင်က ရှန်ကျွင်းကိုနမ်းလိုက်သည်။

သူ့စကားများအကုန်လုံး ရုတ်တရက် ရပ်တန့်သွားသည်။ ရှန်ကျွင်းက ကျီချောင်ချင်ကို မယုံနိုင်စွာ ကြည့်နေသည်။ သူ့လည်ပင်းတစ်ခုလုံး လျင်မြန်စွာ ရဲတက်လာပြီးနောက် မျက်နှာနှင့် နားရွက်ဖျားများအထိ နီရဲသွားတော့သည်။

အနမ်းတစ်ပွင့်က ဤမျှလောက်ထိ ထိရောက်မှုရှိလိမ့်မည်ဟု ကျီချောင်ချင်ထင်မထားခဲ့ပေ။ သူမသာ သိရင် စောစောကတည်းကနမ်းပစ်လိုက်ပါတယ်၊ ရှန်ကျွင်း စိတ်မပါသည့်စကားများ ဆက်မပြောတော့သည်ကိုမြင်ချိန် သူမ ထထိုင်လိုက်ပြီး ပြုံးကာပြောလိုက်သည်။

"ရှန်ကျွင်း... ကျွန်မ ရှင့်ကိုထပ်မလိမ်တော့ပါဘူး၊ ဒီတစ်ခါတော့ ကျွန်မကိုယုံပေးပါနော်... ဟုတ်ပြီလား"

ပြတင်းပေါက်အကျိုးအပဲ့ကြားမှ နေရောင်ခြည်က ဝင်ရောက်လာပြီး ကျီချောင်ချင်အပေါ်ကျရောက်နေသည်။

ရှန်ကျွင်းက သူ၏ ကိုးကွယ်ရာနတ်ဘုရားကိုကြည့်နေသကဲ့သို့ ကျီချောင်ချင်ကိုငေးကြည့်နေမိသည်။

"ငါ..."

သူစကားစလိုက်ချိန်မှာပင် အိမ်ပျက်ကြီး၏တံခါး ပွင့်သွားသည်။

ရှန်ကျွင်းမျက်နှာပေါ်တွင် မနှစ်မြို့သော အေးစက်သည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အိမ်ထဲတွင်မမျှော်လင့်ဘဲ လူစိမ်းများရှိနေသည်ကို တွေ့လိုက်ရသဖြင့် အစေခံများက အလိုအလျောက် အော်ဟစ်လိုက်ကြသည်။

"အား!"

ရုတ်တရက် ရှန်ကျွင်းကတိုက်ခိုက်လိုက်ပြီး လက်ဝါးတစ် ချက်တည်းဖြင့် သူတို့အားလုံးကိုသတ်ပစ်လိုက်သည်။

ရှန်ကျွင်း၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ကျီချောင်ချင်ကြောင်သွားပြီး အလိုအလျောက်

မေးလိုက်မိသည်။

"ရှန်ကျွင်း... ရှင်..."

ရှန်ကျွင်း သတိပြန်ဝင်လာသည်။ အစေခံများသည် သာမန်လူများသာဖြစ်ကြပြီး ဝိညာဉ်စွမ်းအင်မရှိသဖြင့် သူတို့နှစ်ယောက်အတွက် အန္တရာယ်မရှိပေ။ သို့သော် ရှန်ကျွင်းက ဒုတိယအကြိမ်မစဉ်းစားဘဲ သူတို့ကို တိုက်ခိုက်လိုက်မိသည်။

ရှန်ကျွင်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ ကျီချောင်ချင်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ပေ။ သူမစကားပြောတာကို မစောင့်တော့ဘဲ တံခါးပေါက်ဆီသို့ ပြေးထွက်သွားတော့သည်။

ကျီချောင်ချင် သူ့ကိုတားရန် အလိုအလျောက် လိုက်သွားပြီး ခြံဝင်းထဲရောက်သွားသော်လည်း သူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဤနေရာက လှုပ်ရှားသွားလာမှုကို တားမြစ်ထားတဲ့နေရာဖြစ်မှန်း သိထားသဖြင့် ကျီချောင်ချင် အနီးနားရှိ အစီအရင်များကို စတင်စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်တွင် အနီးနား၌ ဝိညာဉ်စွမ်းအင် အတက်အကျဖြစ်ပေါ်နေသည်ကို သူမအာရုံခံမိလိုက်သည်။ ချန်ချင်းဂိုဏ်းအတွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်တို့ အားပြိုင်နေသည့်နေရာသို့ ပေါ့ပေါ့ပါးပါးလှမ်းကြည့်လိုက်သည်။

နတ်ဆိုးစွမ်းအင်က အဆင့်မြင့်နတ်ဆိုးတစ်ကောင်၏ စွမ်းအင်နှင့်မတူဘဲ ထူးခြားစွာဆိုးယုတ်နေပြီး နတ်ဆိုးများစုဝေးနေသည့်ရလဒ်နှင့် ပိုတူနေသည်။

ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်ပြီး ထိုနေရာသို့ပျံသန်းသွားလိုက်သည်။

သူမရောက်သွားသောအခါ ဆရာတော်ချင်းချီကို အခန်းတစ်ခုထဲတွင်ကြိုးတုပ်ကာ တွဲလောင်းဆွဲထားပြီးလက်ကောက် ဝတ်များကိုလှီးဖြတ်ကာ ရွှေရောင်သွေးများစီးကျအောင် ပြုလုပ်ထားသည်ကိုတွေ့လိုက်ရသည်။ ဆရာတော်ချင်းချီ၏ မျက်နှာမှာဖြူဖျော့နေပြီး ထိုနေရာတွင်တွဲလောင်းဆွဲခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်ပုံရသည်။

ကျီချောင်ချင်က ဤဘုန်းကြီးအိုကြီးကို သိပ်အထင်မကြီးသော်လည်း သူကဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တွင် ရှားရှားပါးပါး ဆင်ခြင်တုံတရားရှိသူတစ်ဦးဖြစ်သည်။ထို့ကြောင့် မမြင်ချင်ယောင် ဆောင်နေလို့မဖြစ်ပေ။

ထိုသို့တွေးလိုက်ပြီးနောက် ကျီချောင်ချင် အခန်းထဲသို့ ခိုးဝင်ရန်ဆုံးဖြတ်လိုက်သည်။

ဆရာတော်ချင်းချီ သတိရလာပုံရသည်။ သူ မျက်တောင် ခတ်ပြီး ကျီချောင်ချင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒကာမလေးကျီ! ကျုပ်ကိုကယ်ပါဦး!"

ထိုစကားကိုကြားလိုက်ရသဖြင့် ဆရာတော်ချင်းချီ၏ သွေးကိုဖောက်ထုတ်နေသူကလှည့်လာပြီး ကျီချောင်ချင်ရှိရာဘက်သို့ ကြည့်လိုက်သည်။

ထိုလူမှာ လီမင်လော့ဖြစ်နေသည်။

ကျီချောင်ချင် စိတ်ထဲတွင် ဆရာတော်ချင်းချီကို ဆဲရေးလိုက်မိသည်။ ဤဘုန်းကြီးအိုကြီးကို သူ တကယ်သည်းမခံနိုင်တော့ပေ။ အသုံးမကျလိုက်တဲ့ အဖွဲ့ဝင်ပဲ!

"ကျီချောင်ချင်... ရှစ်ကျဲက ဒီကိုလာရဲသေးတယ်ပေါ့"

လီမင်လော့က ကျီချောင်ချင်ကိုဖမ်းရန် လက်လှမ်းလိုက်သော်လည်း ကျီချောင်ချင်မလှုပ်ရှားပေ။ သူမကိုထိခါနီးအချိန်တွင် ကျီချောင်ချင်က ရုတ်တရက် လီမင်လော့၏ မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။ သူအာရုံလွတ်သွားခိုက်တွင် ကျီချောင်ချင်က လီမင်လော့၏ ရင်ဘတ်ကိုကန်လိုက်ရာ နံရံနှင့် အရှိန်ပြင်းပြင်းသွားရိုက်မိတော့သည်။

လီမင်လော့ မလှုပ်နိုင်တော့ပေ။ ကျီချောင်ချင် သူ့အနားသို့လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

"လီမင်လော့... ထျန်းရွှမ်ဂိုဏ်းတုန်းက နင့်ကိုမသတ်နိုင်ခဲ့တာ ငါ့အမှားပဲ၊ အဲဒီအမှားမျိုး ထပ်မလုပ်တော့ဘူး"

ကျီချောင်ချင်သည် ရုတ်တရက် ရယ်မောလိုက်သည်။

"နင်က ဘာလို့မျက်နှာဖုံးတပ်ထားတာလဲ၊ နင့်ရုပ်က ရှန်တုပိုင်နဲ့ နည်းနည်းတူနေလို့... လက်မခံနိုင်..."

ကျီချောင်ချင်က လီမင်လော့ မျက်နှာဖုံးကိုဆွဲခွာလိုက်ရာ ပြောလက်စ စကားများပြန်မျိုချလိုက်ရသည်။

All Chapters