← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

🍃 Chapter 137

လီမင်လော့က ရှန်တုပိုင်နှင့် အမြဲတမ်းတူနေခဲ့ကာ အထူး သဖြင့် မျက်လုံးတွေကထပ်တူနီးပါးပင်။ အစတုန်းကတော့ လီမင်လော့မျက်နှာက ထျန်းရွှမ်ဂိုဏ်း၊ တရားမှတ်ကျောက်ဆောင်မီးလောင်မှုမှာ ပျက်စီးသွားသည်ဟု ကျီချောင်ချင် ထင်ခဲ့သော်လည်း တကယ်တမ်းကျမဟုတ်ခဲ့ပဲ အမှန်တော့ သူ့ရုပ်ရည်က ရှန်တုပိုင်နှင့် ပိုပိုပြီးတူလာခဲ့ခြင်းဖြစ်သည်။

အရင်တုန်းက (၁၀) ပုံ (၅) ပုံလောက်ပဲတူခဲ့ပေမယ့် အခုတော့ (၁၀) ပုံ (၈) ပုံလောက်တူနေသည်။

လီမင်လော့၏မျက်လုံးနှင့် မျက်ခုံးများမှာ ရှန်တုပိုင်ရဲ့အငွေ့အသက်တွေကို ဝိုးတဝါးမြင်နေရသည်။ သူမ မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်။

"နင့်မျက်နှာက..."

လီမင်လော့သည် ကျီချောင်ချင်လက်ချက်ဖြင့် ရှုံးနိမ့်သွားပြီး ခေါင်းနှင့် နံရံရိုက်မိကာ သတိလစ်မလိုဖြစ်သွားခဲ့သည်။ အခု သတိပြန်ဝင်လာပြီး သူ့မျက်နှာဖုံးကို ကျီချောင်ချင် ခွာထားမှန်းသိလိုက်ရတော့ အလျင်အမြန်ပြန်လုယူပြီး ပြာပြာသလဲလဲ ပြန်တပ်လိုက်သည်။

သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

"ကျီချောင်ချင်... ရှစ်ကျဲ ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ၊ ကျွန်တော် ရှစ်ကျဲကိုသတ်ပစ်မှာနော်"

ကျီချောင်ချင်သည် သူ့ခြိမ်းခြောက်မှုကို အလေးမထားပေ။ သူမ တစ်စုံတစ်ခုကိုသဘောပေါက်သွားပြီး ရှန်တုပိုင်ပြောဖူးသော နည်းလမ်းတစ်ခုဖြစ်သည့်ကိုယ်ပွားအကြောင်း ခေါင်းထဲပေါ်လာသည်။

ကိုယ်ပွားဖန်တီးခြင်းပညာရပ်ဆိုတာ လူတစ်ယောက်နှင့် သူ့ဝိညာဉ်ကို နှစ်ခြမ်းခွဲထုတ်လိုက်တာမျိုးဖြစ်ပြီး ကျင့်ကြံခြင်းစွမ်းအားများလည်း နှစ်ခြမ်းကွဲသွားတတ်သည်။ အရင်တုန်းက ပန်းကိုင်းခြောက်လေးလိုမျိုးပေါ့...

ရှန်တုပိုင်က တနေ့ကျရင် သူ့ကိုယ် သူ ကိုယ်ပွားဖန်တီးခြင်းပညာရပ်သုံးလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ဒါပေမယ့် ထူးဆန်းတာက လီမင်လော့ရဲ့ ကျင့်ကြံခြင်းစွမ်းအားက ရှန်တုပိုင်ရဲ့တစ်ဝက်တောင်မရှိပါဘူး...

ဒါဆို ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်၊ ရှန်တုပိုင်က လီမင်လော့ကို သူ့စွမ်းအားအနည်းငယ်လောက်ပဲပေးထားတာ၊ အကုန်မဟုတ်ဘူး...

ကျီချောင်ချင်က လီမင်လော့ ပြန်တပ်ထားသော မျက်နှာဖုံးကို အတင်းပြန်ခွာလိုက်သည်။ သူ လီမင်လော့၏မေးစေ့ကိုကိုင်ကာ မျက်နှာကို သေချာအကဲခတ်ကြည့်လိုက်သည်။

တကယ်အံ့သြဖို့ကောင်းတယ်... ဒီလောက် ဆန်းကြယ်တဲ့ပညာရပ်မျိုး လောကကြီးမှာရှိနေပါလား...

ကျီချောင်ချင်၏ခေါင်းထဲတွင် အကြံတစ်ခုဖြတ်ခနဲ ပေါ်လာသည်။ ရှန်တုပိုင်ကို ဒီတိုင်းသတ်လိုက်ရုံနဲ့ ဘာထူးမှာလဲ၊ သူ့ရဲ့မာနတရားတွေ အကုန်လုံးကိုခြေမွပစ်လိုက်တာက ပိုကျေနပ်စရာကောင်းမှာပေါ့

လီမင်လော့က ရုန်းကန်ရန်ကြိုးစားသော်လည်း ကျီချောင်ချင်က ပိုပြီးကျယ်လောင်စွာရယ်မောလိုက်သည်။ သူမက သူ့လက်ကောက်ဝတ်ကိုချိုးလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ကို ငုံ့ကြည့်ပြီးပြောလိုက်သည်။

"လီမင်လော့... ငါ နင့်ကို နင့်မျက်နှာကြောင့် ဂိုဏ်းကနေကယ်ထုတ်လာခဲ့တာ မဆန်းပါဘူး၊ နင်က တကယ်ပဲ ငါ့မျှော်လင့် ချက်တွေအတိုင်း ဖြစ်လာတာပဲ... အခုဆိုနင့်ပုံစံက ရှန်တုပိုင်နဲ့ တစ်ထပ်တည်း တူနေပြီ"

လီမင်လော့ သူ့ကိုကြိုက်နေမှန်း ကျီချောင်ချင် သိသည်။ ရှန်တုပိုင်နှင့်တူသောကြောင့် သူ့ကိုကယ်ခဲ့တာဆိုသည့်အချက်ကို သူ ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာလည်း သူမသိသည်။

ကျီချောင်ချင် ပြောပြီးသည်နှင့် လီမင်လော့၏ မျက်လုံးထဲတွင် နာကြည်းမုန်းတီးမှုများပေါ်လာသည်။

"ကျွန်တော်က သူနဲ့မတူဘူး!"

ကျီချောင်ချင် လက်ထဲမှမျက်နှာဖုံးကို ငုံ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။

"နင်က သူနဲ့မတူဘူးလို့ထင်ရင် ဘာလို့ မျက်နှာဖုံးတပ်ထားတာလဲ၊ ဘာလို့ မျက်နှာအစစ်ကိုမပြရဲတာလဲ၊ လူတွေနင့်မျက်နှာကိုသတိထားမိမှာ ကြောက်လို့မလား"

ကျီချောင်ချင်က သက်ပြင်းချလိုက်သည်။

"သနားစရာကောင်းလိုက်တာ၊ ရှန်တုပိုင်ကြောင့် နင်က ဘယ်သူ့ကိုမှ နင့်မျက်နှာပြခွင့်ရတော့မှာမဟုတ်ဘူး၊ မျက်နှာဖုံးအောက်မှာပုန်းနေရတဲ့ ကြွက်တစ်ကောင်အဖြစ်ပဲ ထာဝရနေသွားရတော့မှာ"

ထိုသို့ပြောပြီးသည်နှင့် ကျီချောင်ချင်က မျက်နှာဖုံးကို လီမင်လော့၏ မျက်နှာပေါ်ပစ်ပေါက်လိုက်သည်။

လီမင်လော့ သည်းမခံနိုင်ဆုံးအရာက သူတို့ကြားက သံယော ဇဉ်အားလုံးကို ရှန်တုပိုင်ကြောင့်ပါဆိုပြီး ကျီချောင်ချင်ပြော ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဒါဆို သူကဘာဖြစ်သွားမှာလဲ၊ သူတို့ အတူတူဖြတ်သန်းခဲ့တာတွေက ဘာအဓိပ္ပာယ်မှမရှိတော့ဘူးပေါ့…

ကျီချောင်ချင်သည် လီမင်လော့၏မေးစေ့ကို ခြေဖျားဖြင့်ပင့်မလိုက်ကာ မျက်နှာတစ်ပြင်လုံးလင်းလက်သွားအောင် ပြုံးပြလိုက်သည်။ သူ့ကို မည်သိုမည်ပုံအရှက်ခွဲရမည်ကို သူမအသိဆုံးပင်။

"ဒီနေ့တော့ နင့်မျက်နှာကိုထောက်ထားပြီး လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါပြန်တွေ့ရင် မျက်နှာဖုံးတပ်ဖိုမမေ့နဲ့ဦး၊ မဟုတ်ရင် ငါ့ဆရာမျက်နှာကို နင့်လို အောက်တန်းစားတစ်ယောက်ဆီမှာတွေ့နေရတာ ငါ ရင်နာလိုသေလိမ့်မယ်"

ထိုစကားဆုံးသည်နှင့် ကျီချောင်ချင်က ခြေတစ်ချက်ဆောင့်ကန်ကာ ရိုက်ထုတ်ပစ်လိုက်သည်။

လီမင်လော့ ခွေခွေလေးလဲကျသွားပြီး သွေးတစ်လုပ်အန်ထုတ်လိုက်ပုံမှာ လမ်းဘေးခွေးဝဲစား တစ်ကောင်အလားပင်။

သူသည် ကျီချောင်ချင်ရှိရာသို ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် အမုန်းတရားနှင့် နာကြည်းချက်များပွက်ပွက်ဆူနေသည်။ သူတစ်ပါး၏အစားထိုးခံအဖြစ် အသက်ရှင်ရသည်ကိုသူမုန်းသည်။ ထိုအတူ ကျီချောင်ချင်၏ နှလုံးသားထဲတွင် တခြားတစ်ယောက်ရှိနေသည်ကိုလည်း သူသည်းမခံနိုင်ပေ။ ယနေ့ခံစားခဲ့ရသော အရှက်တရားများကို တစ်နေ့ကျရင် အဆတစ်ရာ

ပြန်ပေးဆပ်ခိုင်းရမည်။ ပြီးတော့... ရှန်တုပိုင်...

ကျီချောင်ချင်က ကျယ်လောင်ပြတ်သားသောအသံဖြင့် ကြွေးကြော်လိုက်သည်။

"လီမင်လော့... နင့်ဆရာဆီပြန်သွားပြီးပြောလိုက်၊ ငါလိုချင်တာကို တစ်နေ့ကျရင် ငါ့လက်နဲ့ကိုယ်တိုင် လာယူမယ်လို!"

ထိုစကားပြောနေစဉ် အဝေးတစ်နေရာမှ ရှန်ကျွင်း စောင့်ကြည့်နေသည်ကို သူမသတိမထားမိလိုက်ပေ။ ရှန်တုပိုင်နှင့်တူသည့် မျက်နှာပိုင်ဆိုင်ထားရုံမျှဖြင့် လီမင်လော့ကို သူမ လွယ်လွယ်ကူကူ လွှတ်ပေးလိုက်သည်ကို သူမြင်တွေ့ခဲ့ရသည်။

ခဏကြာသောအခါ ရှန်ကျွင်း တိတ်ဆိတ်စွာပင် ထွက်ခွာသွားလေသည်။

ကျီချောင်ချင်သည် ဆရာတော်ချင်းချီကို ကြိုးဖြေပေးလိုက်ပြီး စားပွဲပေါ်မှရွှေရောင်သွေးစက်များကို နှမြောတသကြည့်ကာ သိမ်းဆည်းလိုက်သည်။ဆရာတော်ချင်းချီ၏ ကျင့်ကြံခြင်းက မဟာယာနအဆင့်သာရှိသေးသော်လည်း တစ်သက်လုံး ကုသိုလ်ကောင်းမှုများစုဆောင်းခဲ့တာကြောင့် ရွှေကိုယ် ခန္ဓာ ပိုင်ဆိုင်ပြီးသားဖြစ်သည်။

သူ့သွေးက နတ်ဆိုးမျိုးနွယ်စုအတွက် အလွန်အစွမ်းထက်တဲ့ ယန်ဓာတ်လက်နက်တစ်ခုဖြစ်နေတာကြောင့် ရှန်တုပိုင်က ဘာလုပ်ဖိုကြံစည်နေလဲဆိုတာ သူမတွေးတောနေမိသည်။

ကျီချောင်ချင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီးဆရာတော်ချင်းချီထံ ဝိညာဉ်စွမ်းအင်များထည့်သွင်းပေးလိုက်သည်။

"ဆရာတော်က ဘယ်လိုလုပ်ပြီး ရှန်တုပိုင် ဖမ်းဆီးတာခံလိုက်ရတာလဲ၊ နှစ်ယောက်သားကခွဲမရအောင် ပူးကပ်နေကြတာမဟုတ်ဘူးလား"

ဆရာတော်ချင်းချီမှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး ကျီချောင် ချင်၏ လှောင်ပြောင်သရော်သည့်လေသံကိုကြားသောအခါ ခါးသီးစွာပြုံးလိုက်သည်။

"ဒီဘုန်းကြီးက ရှန်တုပိုင်မှာ သွေးကြောနှစ်မျိုးရှိနေမယ်လိုထင်မထားခဲ့မိဘူး၊ သူကဝိညာဉ်စွမ်းအင်ရော နတ်ဆိုးစွမ်း အင်ရော နှစ်မျိုးလုံးသုံးနိုင်တယ်၊ ပြီးတော့ သူကကောက်ကျစ်စဉ်းလဲတယ်၊ ဒီဘုန်းကြီး သတိလွတ်သွားခိုက် သူ့ထောင်ချောက်ထဲဆင်းမိသွားတာပါ"

ကျီချောင်ချင်က နှာခေါင်းရှုလိုက်သည်။

"ဪ...ဆရာတော်ချင်းချီရယ်... ဆရာတော်နဲ့ ရှန်တုပိုင်က အရင်တုန်းက ပုခုံးဖက်ပြီးရင်းနှီးခဲ့ကြတာလေ၊ ဘာမှမသိတဲ့သူတွေမြင်ရင် ဆရာတော်က သူ့ကို လက်ထပ်တော့မလိုထင်ရတယ်၊ ဘယ်လိုဖြစ်ပြီး နှစ်ယောက်သားသွေးကွဲကုန်ကြတာလဲ၊ ကျွတ် ကျွတ် ကျွတ်... ဆရာတော်တိုဆက်ဆံရေးကလည်း သိပ်မခိုင်မြဲလှပါလား"

ဆရာတော်ချင်းချီ၏ နဖူးပေါ်မှ သွေးကြောများ ထောင်တက်လာပြီး အံကြိတ်လိုက်သည်။

"ဒကာမလေးကျီ... စကားကိုဆင်ခြင်ပြောပါ"

ကျီချောင်ချင်သည် အေးစက်စွာနှာမှုတ်လိုက်ပြီးဆရာတော်ချင်းချီကို တွဲထူပေးလိုက်သည်။

"ဆရာတော့်ကို ကရုဏာဘုရားကျောင်းဆီ ပြန်ပိုပေးမယ်၊ ကျေးဇူးတင်စရာမလိုပါဘူး"

ကျီချောင်ချင်သည် ပတ်ဝန်းကျင်ကို မသိစိတ်အရ ဝေ့ကြည့်လိုက်သည်။ ရှန်ကျွင်း ဘယ်ရောက်နေမှန်း သူမ မသိပေ။ ဤနေရာကအစီအရင်များက နည်းနည်းရှုပ်ထွေးသော်လည်း ရှန်ကျွင်း၏ အရည်အချင်းကမြင့်မားတာကြောင့် ပိတ်မိနေရင်တောင် လွတ်မြောက်နိုင်မည်ဖြစ်သည်။ ကျီချောင်ချင် သိပ်မစိုးရိမ်ပေ။

ဆရာတော်ချင်းချီက ထပ်တလဲလဲကျေးဇူးတင်စကားပြောပြီးနောက် တစ်စုံတစ်ရာကိုသတိရသွားကာ မေးလိုက်သည်။

"ဒကာမလေးကျီ... သခင်လေးရှန်ဘယ်မှာလဲ"

ကျီချောင်ချင်က ပြန်ဖြေသည်။

"သူက ဆရာတော်နဲ့မဆိုင်ပါဘူး၊ ဘာလို သူ့အကြောင်း မေးနေတာလဲ"

ကျီချောင်ချင်၏ သတိထားနေမှုကိုရိပ်မိသောအခါ ဆရာ တော်ချင်းချီက ပြောလိုက်သည်။

"သခင်လေးရှန်က အရင်တုန်းက သာမန်ပြည်သူတွေကိုငဲ့ညှာတတ်ပေမယ့် အခုတော့ တော်တော်လေး ပြောင်းလဲသွားပြီလိုမြင်တယ်၊ လောကကြီးက မကြာခင် ကပ်ဆိုက်တော့မှာ... သူ့ရဲ့ပြောင်းလဲမှုတွေက ခန့်မှန်းလိုမရတဲ့ အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်"

ကျီချောင်ချင်သည် မဲ့ပြုံး ပြုံးလိုက်သည်။

"သူဘာလုပ်လုပ် လောကကြီးနဲ့မဆိုင်ပါဘူး၊ အရင်တုန်းကလည်း ဆရာတော် ဒီအကြောင်းပြချက်နဲ့ပဲ ကျွန်မကိုဖိအားပေးခဲ့တာ၊ အခု ရှန်ကျွင်းကိုပါ ဖိအားပေးဦးမလိုလား"

ဆရာတော်ချင်းချီက သက်ပြင်းချလိုက်ပြီး ကျီချောင်ချင်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ဆယ်စုနှစ်များစွာ အိုစာသွားသကဲ့သိုပင်။

"ဒကာမလေးကျီ... လောကကြီးက မကြာခင် ပရမ်းပတာဖြစ်တော့မှာ..."

ကျီချောင်ချင်က ထိုစကားများကိုနားမဝင်ပေ။ သူမအတွက် ပျော်စရာကစားနည်းတစ်ခုတွေ့ထားပြီဖြစ်၍ ရှန်တုပိုင်ကိုသတ်ရန် အလျင်မလိုသေးပေ။ ထို့ကြောင့် သူမက ဆရာ တော်ချင်းချီကို ထိုညတွင်းချင်းပြန်ပို့လိုက်ပြီး နောက်ရက်အနည်းငယ်ကို ချန်ချင်းဂိုဏ်း၏ နောက်ခံသမိုင်းကြောင်းစုံစမ်းခြင်းဖြင့် ကုန်ဆုံးစေလိုက်သည်။

ချန်ချင်းဂိုဏ်းသည် သူမခန့်မှန်းထားသည့်အတိုင်းပင် နတ် ဆိုးများခိုအောင်းရာနေရာတစ်ခုဖြစ်နေသည်။ ကျီချောင်ချင်က သဘာဝကျကျပင် သူတို့ကိုအသိပေးလိမ့်မည်မဟုတ်ပေ။

ကျင့်ကြံခြင်းလောကတွင် သူမနှင့် ရှန်တုပိုင်အကြောင်း ကောလာဟလများ ပိုမိုပြင်းထန်လာသည်။ ရှန်တုပိုင်၏ လျစ်လျူရှုထားခြင်းသည် သားအဖသုံးယောက်ကိုသတ်ဖြတ်ခဲ့မှုကို ဖုံးကွယ်ရန် ဖြစ်သည်ဟု ကျီချောင်ချင်သံသယရှိသည်။ ယခုဆရာတော်ချင်းချီကို တိုက်ခိုက်ခြင်းမှာလည်း ၎င်းက သူ့လမ်းကိုပိတ်ဆို့နေသောကြောင့် ဖြစ်နိုင်သည်။

ထိုသို့တွေးလိုက်ပြီးနောက် ကျီချောင်ချင်သည် ချန်ချင်းဂိုဏ်းနှင့်အနီးဆုံးဖြစ်သော ဖုန်းလိုင်ဂိုဏ်းဆီသို့ တန်းတန်း မတ်မတ်သွားလိုက်သည်။

ဖုန်းလိုင်ဂိုဏ်းချုပ်မှာဖေးယွမ်ဖြစ်ပြီး သူသည် ပြင်ပရေးရာများကို စိတ်မဝင်စားဘဲနေလာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ကျီချောင်ချင် ဖုန်းလိုင်ဂိုဏ်းသို့သွားခြင်းမှာ သူ့ကိုမျှားခေါ်ရန် ဖြစ်သည်။

ဤတစ်ခါတော့ သူမ ရှန်တုပိုင်၏ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်တော့မည်။

လက်ရှိကျီချောင်ချင်က ယခင်ကနှင့်မတူတော့ပေ။ သူမ ဖုန်းလိုင်ဂိုဏ်းထဲသို့ တားဆီးသူမရှိဝင်ရောက်သွားပြီး ဖေးယွမ်၏တောင်ထိပ်ကို လက်တစ်ဖက်တည်းဖြင့် ဖောက်ခွဲပစ်လိုက်သည်။

ဖုန်းလိုင်ဂိုဏ်းသားများ ဤကဲ့သို့အရှက်ခွဲခံရခြင်းမျိုး တစ်ခါမျှမကြုံဖူးပေ။ သူတို့ ချက်ချင်းထွက်လာကြပြီး ကျီချောင်ချင်ဖြစ်နေမှန်း သိလိုက်ရသောအခါ အားလုံးထိတ်လန့်ကုန်ကြသည်။

"ကျီချောင်ချင်! ကျီချောင်ချင်ပြန်လာပြီ!"

"ကောလာဟလတွေအရ ကျီချောင်ချင်က သူ့ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရသွားပြီတဲ့! သူ ဖုန်းလိုင်ဂိုဏ်းမှာ ဘာလာလုပ်တာလဲ! ငါတို့ ဖုနလိုင်ဂိုဏ်းက သူ့အပေါ်ဘာအမှားမှမလုပ်ခဲ့ဘူးလေ!"

"မြန်မြန်! ဂိုဏ်းချုပ်ကို မြန်မြန်သွားရှာကြ!"

ဖေးယွမ်သည် ဖုန်မှုန့်များဖုံးလွှမ်းလျက် အပျက်အစီးပုံကြားမှ တွားသွားထွက်လာသည်။ ကျီချောင်ချင်ကိုမြင်သောအခါ သူက ခါးသီးစွာပြုံးလိုက်သည်။

"ကျီချောင်ချင်... ငါ မင်းကို ဘာများစော်ကားမိလို့လဲ"

ကျီချောင်ချင်က ဖေးယွမ်ကို အပေါ်အောက်စုန်ဆန်ကြည့်လိုက်ရာ ဆရာတော်ချင်းချီလိုပင် နှစ်တစ်ရာအတွင်း သိပ်မပြောင်းလဲကြောင်းတွေ့လိုက်ရသည်။

ဖေးယွမ်၏တောင်ကို ဖောက်ခွဲပစ်ရန်အကြောင်းပြချက်လိုအပ်နေသဖြင့် ကျီချောင်ချင် ခေတ္တမျှ စဉ်းစားလိုက်သည်။

"ခုနက လမ်းကြုံလို့ဝင်လာရင်း ရှင်တို့တောင်ပေါ် ကြွက်တစ်ကောင်တက်နေတာ တွေ့လိုက်လို့လေ၊ ဒီလောက်အောက် တန်းကျတဲ့အကောင် သတ္တိကောင်းလှချည်ရဲ့ဆိုပြီး ရှင့်အစားဆုံးမပေးလိုက်တာ၊ ဒါပေမယ့် စလိုက်တာနဲ့ လက်လွန်သွားပြီး မတော်တဆ ရှင့်နယ်မြေကိုဖောက်ခွဲမိသွားတယ်၊ တောင်းပန်ပါတယ်နော်"

ထိုစကားများက အလွန်မောက်မာပြီး အာဏာပြလွန်းသဖြင့် အောက်ဘက်ရှိ စိတ်ဆတ်သောတပည့်အများစုက ကျီချောင်ချင်ကိုသတ်ပစ်ရန် အော်ဟစ်နေကြပြီဖြစ်သည်။

ဖေးယွမ်၏ မျက်နှာမည်းမှောင်သွားသည်။ သူက ဓားကိုဆွဲထုတ်လိုက်သည်။

"ဒီလိုဆိုမှတော့ တိုက်ကြတာပေါ့!"

သူတို့နှစ်ယောက် လေထဲတွင် လက်ဝါးချင်းရိုက်လိုက်ကြရာ တစ်ဖက်လူ၏စွမ်းရည်ကို အသီးသီး သိရှိသွားကြသည်။ ဖေးယွမ်က ကျီချောင်ချင်ကိုမယှဉ်နိုင်ပေ။

သို့သော် ဖေးယွမ်က ရုတ်တရက် အသက်ကိုပဓာနမထားသည့်အလား ကျီချောင်ချင်ထံတိုးဝင်လာသည်။

ကျီချောင်ချင်က ရှောင်တိမ်းချင်ယောင်ဆောင်လိုက်ပြီး လေထဲတွင် ထိပ်တိုက်တွေ့လိုက်ကြသည်။ ကျီချောင်ချင် အနားရောက်သောအခါ ဖေးယွမ်က

"ငါအရှက်ကွဲတာ မလုံလောက်သေးဘူးလား" ဟု တိုးတိုးလေးရေရွတ်လိုက်သည်ကို မည်သူမျှမသိလိုက်ကြပေ။

ချက်ချင်းပင် ဤမြေခွေးအိုကြီး တစ်ခုခုသိနေမှန်း ကျီချောင်ချင် ရိပ်မိလိုက်သည်။

ဟုတ်တာပေါ့...ဆရာတော်ချင်းချီနဲ့ ဖေးယွမ်က မိတ်ဆွေရင်းတွေပဲ၊ ပြီးတော့ သူမ ဆရာတော်ချင်းချီကိုကယ်ခဲ့တာ ရက်အတော်ကြာပြီဆိုတော့ ဖေးယွမ် မသိဘဲဘယ်နေမလဲ...

ပြီးတော့လည်း ဖေးယီမင်က ဖေးယွမ်ရဲ့သားအရင်းလေ၊ သူ့သားရဲ့ ဆိုးရွားလှတဲ့သေဆုံးမှုအပေါ် သူ ဘယ်လိုလုပ် ခံစားချက်မရှိဘဲနေနိုင်ပါ့မလဲ...

သို့သော် သူမအစီအစဉ်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ တခြားသူများ၏ စကားတစ်ခွန်းနှစ်ခွန်းကြောင့် လမ်းကြောင်းပြောင်းမည်မဟုတ်ချေ။ ဤညရှန်တုပိုင်ကို တန်ဖိုးပေးဆပ်စေရမည်။

"အလျင်မလိုပါဘူး... အချိန်တွေအများကြီးရှိပါသေးတယ်၊ ရှင့်ကို ဖြည်းဖြည်းချင်းနှိပ်စက်ပြီး သတ်ရတာပိုအရသာရှိမှာပါ"

ကျီချောင်ချင်က ဖေးယွမ်နှင့် တိုက်ခိုက်ချင်ယောင်ဆောင်ပြီး တကယ်တမ်းတွင် ဖေးယွမ်နှင့် ဖုန်းလိုင်ဂိုဏ်းသားများကို ချန်ချင်းဂိုဏ်းနယ်မြေဆီသို့ လျင်မြန်စွာခေါ်ဆောင်သွားလိုက်သည်။ လမ်းတလျှောက်လုံး သူမ၏တည်ရှိမှုကို ဖုံးကွယ်မထားခဲ့သဖြင့် သူမကိုမြင်သော ဂိုဏ်းပေါင်းစုံမှကျင့်ကြံသူများက နောက်မှလိုက်ပါလာကြသည်။

🍃 Chapter 138

လူအုပ်ကြီးသည် ချန်ချင်းဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ခမ်းနားထည်ဝါစွာရောက်ရှိလာကြသည်။ ရုတ်တရက် ကျီချောင်ချင် လေထဲသို့ ခြေလှမ်းလှမ်းလိုက်ရာ ရွှေရောင်အတားအဆီးတစ်ခုက ချန်ချင်းဂိုဏ်းတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။

ချက်ချင်းပင် ကမ္ဘာလောကကြီးအရောင်မှိန်သွားပြီး ခရမ်း ရောင်မိုးကြိုးတိမ်တိုက်များ လျင်မြန်စွာစုဝေးလာသည်။ ထိုတိမ်တိုက်များထဲတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများပါဝင်နေပြီး မှိန်ဖျဖျ ရွှေရောင်အလင်းတန်းများလက်နေသည်။

ခရမ်းရောင်တိမ်တိုက်များထဲတွင် ကြောက်မက်ဖွယ် စွမ်းအားများဖုံးကွယ်နေပြီး သာမန်ကျင့်ကြံသူများ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကြီးမားသောဖိအားကြောင့် အလိုအ လျောက် ဒူးထောက်ဦးခိုက်ချင်စိတ် ပေါက်သွားစေသည်။

ထိုးထွင်းသိမြင်သောကျင့်ကြံသူတစ်ဦး၏ မျက်နှာထားထူးဆန်းသွားသည်။

"ဒါက..."

"ရှေးဟောင်းကျမ်းစာတွေထဲမှာဖတ်ဖူးတယ်၊ ဒါက မဟာယာနအဆင့်ကျင့်ကြံသူတစ်ယောက် နတ်ဘုရားအဖြစ်တက်လှမ်းတဲ့အခါ ပေါ်လာတတ်တဲ့ ခရမ်းရောင်မိုးကြိုးတိမ်တိုက်ပဲ!"

"ဘုရားရေ! ဒါ တကယ်ကြီး နတ်ဘုရားဖြစ်မယ့် မိုးကြိုးတိမ်တိုက်ပဲ! ငါ့သက်တမ်းတလျှောက်မှာ ခရမ်းရောင်မိုးကြိုးတိမ်တိုက်ကို မြင်ဖူးလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး! ဒီလောကကြီးမှာ နတ်ဘုရားရှိတာပဲ!"

"နတ်ဘုရားဖြစ်မယ့်သူက ကျီချောင်ချင်ဟုတ်လား? ဘာလို့လဲ၊ သူက လူတွေအများကြီးသတ်ခဲ့တယ်၊ မကောင်းမှုတွေ အများကြီးလုပ်ခဲ့တာလေ၊ ဘာလို့ ကောင်းကင်ဘုံက သူ့ကိုအသိအမှတ်ပြုရတာလဲ? ဘာလို့ သူ့ကို နတ်ဘုရားဖြစ်ခွင့်ပေးရတာလဲ၊ သူ ကောင်းကင်မိုးကြိုးအောက်မှာ သေသင့်တာ!"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒီလောကကြီးမှာ နတ်ဘုရားအဖြစ်တက်လှမ်းနိုင်သူမရှိတာ နှစ်သောင်းချီနေပြီ! ဘိုးဘေးတောင်မှ မဟာယာနအဆင့် နှောင်းပိုင်းပဲရှိသေးတာ၊ နတ်ဆိုးမကျီချောင်ချင်က ဘယ်လိုလုပ်ပြီး…”

"ကျီချောင်ချင်က ငယ်ငယ်ကတည်းက ဓားသိုင်းနှင့် အစီအရင်ပညာမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ကြောင်း၊ နတ်ဆိုးချေမှုန်းစစ်ပွဲ အစောပိုင်းကာလကတည်းက သူမသည် စစ်မှန်သော မဟာယာနအဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ကြောင်း၊ အသက် (၁၆) (၁၇) နှစ်အရွယ်နှင့် နတ်ဆိုးချေမှုန်းစစ်ပွဲကို တစ်ယောက်တည်းအဆုံးသတ်ခဲ့ကြောင်း..."

ထိုကျင့်ကြံသူ ဆက်မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

မှန်ပေသည်။ ထိုပါရမီရှင်မျိုးက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များနှင့်ယှဉ်ပါက သာမန်မဟုတ်ဟု ယူဆရမည်။ နှစ်တစ်ရာကြာပြီးနောက် နတ်ဘုရားအဖြစ်တက်လှမ်းခြင်းက သူမအတွက်သဘာဝကျလွန်းလှသည်။

လူများက ကျီချောင်ချင်၏ကိုယ်ကျင့်တရားကို ဝေဖန်ကောင်းဝေဖန်နိုင်သော်လည်း သူမ၏ ပြိုင်ဘက်ကင်းပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင်ထူးချွန်သည့် ပါရမီကိုတော့ မည်သူမှမငြင်းနိုင်ကြပေ။

ကျီချောင်ချင်၏ ဇာတ်လမ်းက ဤမျှလောက်ထိ ကမ္ဘာပျက်မတတ်ဖြစ်လာလိမ့်မည်ဟု ဖေးယွမ်လည်းထင်မထားခဲ့မိပေ။ အစကတော့ သူမက ရှန်တုပိုင်ရဲ့ ဇာတိရုပ်မှန်ကိုဖော်ထုတ်ဖို့ လူတွေကိုမျှားခေါ်လာတယ်လို့ပဲထင်ခဲ့တာ၊ မမျှော်လင့်ဘဲ သူမက ချန်ချင်းဂိုဏ်းကြီးတစ်ခုလုံးကို စစ်မြေပြင်အဖြစ်ပြောင်းလဲပြီး နတ်ဘုရားအဖြစ်တက်လှမ်းတော့မည်တဲ့...

သူမ ဘာလုပ်နေတာလဲ?! ကောင်းကင်မိုးကြိုးကို လက်နက်လုပ်ပြီး ရှန်တုပိုင်ကိုပစ်ခွဲထုတ်မလို့လား...

ထိုတော့မှ ဖေးယွမ်သဘောပေါက်သွားသည်။ ကျီချောင်ချင်က ရှန်တုပိုင်တစ်ယောက်တည်းကို ပစ်မှတ်ထားတာမဟုတ်ဘူး၊ သူမက ချန်ချင်းဂိုဏ်း တစ်ခုလုံးကိုမြေလှန်ပစ်တော့မလို့...

ကျီချောင်ချင်သည် ခရမ်းရောင်တိမ်တိုက်များအောက်ကဗဟိုချက်တွင် မတ်မတ်ရပ်နေပြီး လေကို ဝဝလင်လင်ရှူရှိုက်လိုက်သည်။ သူမက ခေါင်းပေါ်မှ ဖဲကြိုးနီလေးကို ပေါ့ပေါ့ပါးပါးဖြည်လိုက်ပြီး လက်ကောက်ဝတ်တွင် ရစ်ပတ်ချည်နှောင်လိုက်သည်။ ဤဖဲကြိုးပိုင်ရှင်က သူမ ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်သော်လည်း ကောင်းကင်မိုးကြိုး (၈၁)ချက်အောက်မှာတော့ ဖဲကြိုးပိုင်ရှင်လည်း ဒဏ်ရာအပြင်းအထန်ရမှာသေချာသည်။ ပြတ်သွားမှာစိုးသော ကြောင့် သူမ သိမ်းထားလိုက်ခြင်းဖြစ်သည်။

လေပြင်းတစ်ချက်တိုက်ခတ်လိုက်ရာ ဆံနွယ်များ ဝေ့၀ဲသွားပြီး သူမ၏ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။ အောက်ဘက်တွင် သူမ၏အစီအရင်ကို ဖျက်ဆီးရန်ကြိုးစားနေသော ရေတွက်မရနိုင်သည့် ကျင့်ကြံသူများကို ငုံ့ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။

"လူကြီးမင်းတို့... စိတ်ကူးမယဉ်ကြပါနဲ့တော့၊ ဒီအတား အဆီးကို ကျွန်မ ရက်အတော်ကြာ အချိန်ယူ ဖန်တီးခဲ့တာပါ၊ မဟာယာနအဆင့်ကျင့်ကြံသူဆရာတော်ချင်းချီက တသက်လုံး ကောင်းမှုကုသိုလ်တွေစုဆောင်းခဲ့တာလေ၊ သူ့သွေးက ဒီအတားအဆီးအတွက် အကောင်းဆုံးဗဟိုချက်ပဲ၊ ရှင်တို့ဘာလုပ်လုပ် ဒါကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူး"

ကျီချောင်ချင်၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားပြီး မောက်မာစွာဆိုလိုက်သည်။

"ဒီည... ဘယ်သူက လူ၊ ဘယ်သူက သရဲဆိုတာကို အရေခွံခွာပြီး ချပြလိုက်မယ်!"

နောက်တစ်ခဏတွင် ရွှေရောင်မိုးကြိုးတစ်ချက်ပစ်ချလိုက်ရာ ကျီချောင်ချင်၏ခေါင်းကို တည့်တည့်ထိမှန်သွားသည်။

"ဂျိမ်း!"

ချက်ချင်းပင် ရွှေရောင်အလင်းတန်းများတောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။

ခေါင်းပေါ်မှမိုးကြိုးပစ်နေသည်ကို လျစ်လျူရှုပြီး ကျီချောင်ချင်က ဝိညာဉ်စွမ်းအင်လှိုင်းအချို့ကို ချန်ချင်းဂိုဏ်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအင်များက ဂိုဏ်းအတွင်းရှိအိမ်များနှင့် နန်းတော်အများအပြားကို အမိုးလှန်ပစ်လိုက်သည်။

ထောင့်များတွင် ပုန်းအောင်းနေသောနတ်ဆိုးများနှင့် တစ္ဆေများသည် ခေါင်းမော့ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ ရွှေရောင်အလင်းတန်းကြောင့် ပြာကျသွားကြသည်။

ကျီချောင်ချင် ကျယ်လောင်စွာရယ်မောလိုက်ပြီး အောက်ဘက်ရှိ နတ်ဆိုးစွမ်းအင်များကို လက်ညှိုးထိုးပြလိုက်သည်။

"အားလုံးပဲကြည့်ကြစမ်း! ဒါက သာမန်ကျင့်ကြံသူ ဂိုဏ်းတစ်ခုမဟုတ်ဘူး! အညစ်အကြေးတွေစုဝေးနေတဲ့ နေရာ! ဒါက နတ်ဆိုးဂူအစစ်ပဲ!"

ကျီချောင်ချင်နောက် လိုက်လာသူများလည်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ချန်ချင်းဂိုဏ်း အောက်ဘက်ရှိမြင်ကွင်းကို သူတို့မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီး ကျီချောင်ချင်ပြောသလိုပင် နတ်ဆိုးဂူအစစ်ဖြစ်နေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ချန်ချင်းဂိုဏ်းက ဘိုးဘေး နေထိုင်တဲ့နေရာမဟုတ်ဘူးလား၊ ဘာလို့ ဒီမှာ နတ်ဆိုးတွေ ဒီလောက်များနေရတာလဲ၊ ချန်ချင်းဂိုဏ်းကကျင့်ကြံသူတွေ သတိမထားမိကြဘူးလား"

"မထားမိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ ဘိုးဘေး ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ချန်ချင်းဂိုဏ်းမှာ သူ့ရဲ့ မီးတောက်မျက်လုံးတွေက မမြင်ဘဲနေပါ့မလား"

"တကယ်တမ်းဘာဖြစ်နေတာလဲ၊ ဖြစ်နိုင်တာ ဘိုးဘေးက ဒီနတ်ဆိုးတွေကိုဖမ်းထားပြီး အသုံးချမလို့များလား"

"ဘယ်လိုလုပ်အဖမ်းခံထားရတဲ့ နတ်ဆိုးတွေဖြစ်မှာလဲ၊ ကြည့်ပါဦး... အဲဒီနတ်ဆိုးတွေကထွက်ပြေးတုန်း ချန်ချင်းဂိုဏ်းရဲ့နေရာတိုင်းကို လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနေကြတာ၊ အကျဉ်းသားတွေနဲ့မတူဘဲ ဒီမှာအမြဲနေနေတဲ့ သခင်တွေနဲ့ပိုတူနေတယ်!"

"ဒါ... ဘိုးဘေးက..."

လူအုပ်ကြီးကြားတွင် သံသယများ ပွက်လောရိုက်သွားသည်။

ရုတ်တရက် အတားအဆီးတစ်ခုမြင့်တက်လာပြီး ချန်ချင်းဂိုဏ်း၏ အပေါ်တည့်တည့်နေရာကို လွှမ်းခြုံသွားသည်။ ရှန်တုပိုင်သည် နန်းတော်တစ်ခုမှနေ၍ ကျီချောင်ချင်နှင့် မျက် နှာချင်းဆိုင်သို့ပျံသန်းလာသည်။

ကျီချောင်ချင် ရယ်မောလိုက်သည်။

"ဆရာ... ဆရာကသူရဲဘောကြောင်ပြီး ဆက်ပုန်းနေတော့မယ်ထင်တာ!"

ရှန်တုပိုင်၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။

"ကျီချောင်ချင်... ချန်ချင်းဂိုဏ်းမှာ ကျင့်ကြံသူတွေ အများကြီးရှိတာကို၊ မင်းရဲ့လုပ်ရပ်ကြောင့် လူတွေအများကြီးသေကုန်ပြီ!"

"ဟုတ်လား? ဆရာက အခုချိန်ထိဟန်ဆောင်ကောင်းနေတုန်းပဲ၊ ဆရာ... နတ်ဘုရားဖြစ်မယ့် ကောင်းကင်မိုးကြိုးကိုမမြင်ဖူးဘူးမလား၊ ကျွန်မရဲ့ကောင်းကင်မိုးကြိုးက လူကောင်းတွေကိုမသတ်ပါဘူး၊ မကောင်းမှုတွေကိုပဲအပြစ်ပေးတာ!"

ထိုစကားကိုကြားသောအခါ ရှန်တုပိုင်၏မျက်လုံးထဲတွင် ရက်စက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကျီချောင်ချင်ခေါင်းပေါ်မှ ခရမ်းရောင် တိမ်တိုက်များကိုကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး မျိုသိပ်ထားရသောဒေါသများဖြင့် ပြည့်နှက်နေသည်။

"တကယ်ယုတ်မာတာပဲ၊ ငါ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ... ပထမဆုံးနတ်ဘုရား ဖြစ်လာသူက ငါမဟုတ်ဘဲ ငါ့ရဲ့တပည့်ကောင်းလေးဖြစ်နေပါလား"

ထိုစကားများက ကောင်းကင်ဘုံကို လုံးဝမလေးစားရာရောက်သည်။ ကောင်းကင်မိုးကြိုးအောက်မှာ ထိုသို့မဆင်မခြင်ပြောဆိုမှုက ကြီးလေးသည့်ပြစ်မှုပင်။

ရုတ်တရက် ကောင်းကင်မိုးကြိုးတစ်ချက် ရှန်တုပိုင် ရှိရာဘက်သို့ တည့်တည့်ပစ်ချလိုက်သည်။

ဒုန်း!

မိုးကြိုးက ရှန်တုပိုင်၏ရင်ဘတ်ကို တည့်တည့်ထိမှန်သွားသဖြင့် သူ ချက်ချင်းသွေးအန်လိုက်သည်။

ကျီချောင်ချင်က ပြောသည်။

"ကောင်းကင်မိုးကြိုး (၈၁)ချက်ထဲမှာ (၂) ချက်ပဲ

ကျသေးတာ၊ ဆရာ... ဆရာ့အပေါ် ဘယ်နှစ်ချက် ထပ်ကျမလဲ ခန့်မှန်းကြည့်ပါဦး"

"ကောင်းကင်ဘုံကရက်စက်တယ်၊ သူ မိုးကြိုးတစ်ချက်ပစ်တိုင်း ငါက မြို့တစ်မြို့ကိုသတ်ပစ်မယ်၊ သူ့ရဲ့အပြစ်ပေးမှုက မြန်မလား၊ ငါ့ရဲ့သတ်ဖြတ်မှုက

မြန်မလား ကြည့်ကြတာပေါ့!"

ရှန်တုပိုင်က ရေခဲချိုးဖျက်ဓားကိုဆင့်ခေါ်လိုက်ပြီး ကျီချောင်ချင်ကို ပြုံးပြလိုက်သည်။

"မင်းက ငါ့တပည့်လေ၊ တပည့် နတ်ဘုရားဖြစ်ဖို့ ဆရာက ကာကွယ်ပေးရမှာသဘာဝပါပဲ၊ ဒီနေ့ မင်း နတ်ဘုရားဖြစ်ဖို့ ဆရာကာကွယ်ပေးမယ်... နှစ်သောင်းချီအတွင်း ပထမဆုံးနတ်ဘုရားဖြစ်လာစေရမယ်!"

ကောင်းကင်ဘုံက ရှန်တုပိုင်၏စကားများကို အာရုံခံမိသည့်အလား မိုးကုတ်စက်ဝိုင်းမှ မည်းနက်သော တိမ်တိုက်တစ်ခု လျင်မြန်စွာပျံသန်းလာသည်။ ကောင်းကင်ဘုံ၏အပြစ်ပေးမည့် မိုးကြိုးတိမ်တိုက်!

လူတိုင်းလည်း ရှန်တုပိုင်၏ စကားကိုကြားလိုက်ကြသည်။ မည်းနက်သောတိမ်တိုက်ကြီး လေထုကိုခွဲကာ ရှန်တုပိုင်ထံတည့်တည့်ပျံသန်းလာသည်ကို မယုံနိုင်စွာကြည့်နေကြသည်။

ကျီချောင်ချင်၏ နတ်ဘုရားဖြစ်မည့် ကောင်းကင်မိုးကြိုး (၈၁) ချက်နှင့် ကောင်းကင်ဘုံ၏ အပြစ်ပေးမည့် မိုးကြိုးတိမ်တိုက်တို့ပေါင်းစပ်သွားရာ နားကွဲမတတ် ဆူညံသံကြီးထွက်ပေါ်လာသည်။ ချန်ချင်းဂိုဏ်းမှ နတ်ဆိုးသတ္တဝါများသည် ကမ္ဘာမြေကို တုန်လှုပ်စေသောမိုးကြိုးကြောင့် ပျက်စီးသွားကြပြီး သာမန်ကျင့်ကြံသူများမှာ ဒဏ်ရာအပြင်းအထန်ရရှိကုန်ကြသည်။

မိုးကြိုးတစ်ချက်ပစ်တိုင်း ရှန်တုပိုင်က တစ်ချက် ခံယူသည်။ သူက သူမ၏ နတ်ဘုရားဖြစ်မည့် ကပ်ဘေးကိုအသုံးပြုပြီး သူ့ကိုယ်သူလေ့ကျင့်ရန် ရည်ရွယ်ထားမှန်း ကျီချောင်ချင်သဘောပေါက်လိုက်သည်။ တချိန်တည်းမှာပင် သူ့အပြစ်ပေးခံရမည့် ကပ်ဘေးတိမ်တိုက်များကို သူမအား ခံစားစေချင်နေသည်။

ကောင်းကင်မိုးကြိုးနှင့် ကပ်ဘေးတိမ်တိုက်များ တပြိုင်နက်နီးကပ်လာသည်ကို မြင်သောအခါ ကျီချောင်ချင်က ရှန်တုပိုင်ကို လက်ဝါးဖြင့်ရိုက်ထုတ်လိုက်ပြီး ကောင်းကင်မိုးကြိုးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ရှေ့ပိုင်းမိုးကြိုး ၇၄ချက်မှ ၇၉ချက် ဆိုသည်မှာ နောက်ပိုင်းလိုက်လာသော မိုးကြိုးများနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ထိုမိုးကြိုးများထဲမှ ဝိညာဉ်စွမ်းအင်များသည် ကျီချောင်ချင်နတ်ဘုရားဖြစ်ရန် ကူညီပေးရုံသာမက သူမ၏ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး စစ်မှန်သောနတ်ဘုရားတစ်ပါး ဖြစ်လာစေရန် ရည်ရွယ်သည်။

မိုးကြိုး၏ရွှေရောင်အလင်းအောက်တွင် ရှန်တုပိုင်ရဲ့ဝိညာဉ်စွမ်းအင်၌ နတ်ဆိုးစွမ်းအင်များရောနှောနေသည်ကို လူတိုင်းမြင်လိုက်ကြသည်။

ထိုနေ့အတွက် ကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ သူ ဖုံးကွယ်ရန်မကြိုးစားတော့ပေ။

ကျီချောင်ချင် မေးလိုက်သည်။

"ရှန်တုပိုင်... အရှက်ကွဲရတဲ့ခံစားချက်က ဘယ်လိုလဲ"

ဒါက ကျီချောင်ချင် သစ္စာဖောက်ခံခဲ့ရပုံပါပဲ၊ သူမကို ရွံရှာခဲ့ကြတယ်၊ နတ်ဆိုးမလို့စွပ်စွဲခဲ့ကြတယ်၊ သူမ စိတ်နှလုံးအကြွင်းမဲ့ ကာကွယ်ပေးခဲ့သူတွေရဲ့ စော်ကားမှုကိုခံခဲ့ရတယ်၊ ဒါတွေအားလုံးက ရှန်တုပိုင်ရဲ့တမင်သက်သက် ကြိုးကိုင်ချယ်လှယ်မှုတွေလေ၊ အခုတော့ သူကိုယ်တိုင် အဲဒီအခြေအနေကို ရောက်လုနီးပါးဖြစ်နေပြီ၊ ကျီချောင်ချင် မကြုံစဖူး စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။

ရှန်တုပိုင်က မိုးကြိုးမုန်တိုင်းထဲမှ တည်ငြိမ်စွာ ဆုတ်ခွာလိုက်ပြီး ကျီချောင်ချင်ကို ဖြေကြားရန်ပင် အချိန်ရနေသေးသည်။

"ဘာကအရှက်ကွဲတာလဲ၊ လူတိုင်းရှေ့မှာ နတ်ဆိုးစွမ်းအင်ကိုထုတ်ပြတာလား၊ ဒါမှမဟုတ် ကောင်းကင်ဘုံရဲ့လမ်းစဉ်တွေကရက်စက်ပြီး အဲ့ဒါက အရှက်ကွဲတာလား"

ရှန်တုပိုင်တွင် ထူးဆန်းသောမာနတရားတစ်ခု အမြဲရှိနေပြီး သူ့အားနည်းချက်ကိုရှာမတွေ့နိုင်လောက်အောင် မုန်းစရာကောင်းနေတတ်သည်။

"တကယ်တော့... ငါက အစကတည်းက လောကကြီးကိုဂရုစိုက်ဖို့ မရည်ရွယ်ခဲ့ဘဲ နတ်ဆိုးမျိုးနွယ်ရဲ့ သခင်အဖြစ်အမြဲရှိနေခဲ့တာ၊ ထျန်းရွှမ်ဂိုဏ်းဘိုးဘေးဆိုတဲ့အရာက ပျင်းလို့ အပျော်လုပ်ထားတာဆိုရင်ရော၊ ခုနက ငါ့ရဲ့စည်းကမ်းမဲ့တဲ့စကားတွေက ပုံမှန်ပဲဖြစ်မသွားဘူးလား၊ ဘာများထူးခြားလို့ အရှက်ကွဲတယ်လို့သတ်မှတ်ရမှာလဲ"

ကျီချောင်ချင်က ဝိညာဉ်စွမ်းအင်ကိုအသုံးပြုပြီး ရှည်လျားသောဓားတစ်ချောင်း ဖန်တီးကာ ရှန်တုပိုင်ကိုချိန်ရွယ်လိုက်သည်။

"ဆရာ ပြောတာမှန်ပါတယ်၊ ဒီလို အနှစ်သာရမရှိတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ဂရုမစိုက်တာက စစ်မှန်တဲ့ အရှက်ကွဲခြင်းမဟုတ်ပါဘူး၊ ဒါပေမယ့် ထျန်းရွှမ်ဂိုဏ်းဘိုးဘေး ဆိုတဲ့နေရာက အစက ဆရာ့ရဲ့ ထွက်ပေါက်ဖြစ်ခဲ့တယ်ဆိုတာကို ဆရာမေ့နေတယ်၊ အခုကစပြီး ဆရာ့မှာ ရွေးချယ်စရာလမ်းတစ်လမ်းပဲ ရှိတော့တယ်၊ အမှောင်လမ်းဆုံးထိလျှောက်သွားရင်တောင် ပြန်လှည့်လို့မရတော့ဘူး"

ရှန်တုပိုင်၏ အံ့သြနေသောအကြည့်အောက်တွင်

ကျီချောင်ချင်က သူ့ကိုတိုက်ခိုက်လိုက်သည်။

ရှန်တုပိုင်က ကျီချောင်ချင်၏ဓားချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ မျက်လုံးများတွင် ရူးသွပ်မှုများတောက်ပနေသည်။

"ချောင်ချင်... မင်းရဲ့ မဆင်မခြင်လုပ်ရပ်တွေကို ဆရာသဘောကျတယ်! လာစမ်း! ဒီနေ့ မင်း ငါ့ကို တကယ်ဒဏ်ရာရအောင် လုပ်နိုင်ရင် သတင်းတစ်ခု ပြောပြမယ်!"

ကျီချောင်ချင်၏ မျက်နှာကအေးစက်နေပြီး ဓားရှည်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ကောင်းကင်မိုးကြိုးတစ်ချက်ကိုဖမ်းယူပြီး ရှန်တုပိုင်ထံပစ်ပေါက်လိုက်သည်။

"သတင်းတွေကိုစိတ်မဝင်စားဘူး! ဆရာ... သေလိုက်တော့!"

သွေးကြောနှစ်မျိုးရှိသောရှန်တုပိုင်သည် ဆရာတော်ချင်းချီ၏ သွေးစက်ပါဝင်သော အစီအရင်ထဲတွင် ပိတ်မိနေပြီး ရေတွက်မရနိုင်သော ကောင်းကင်မိုးကြိုးများ၏အားဖြည့်ပေးမှုကြောင့် ကျီချောင်ချင်၏တိုက်ခိုက်မှုများကို ခုခံရန်ခက်ခဲနေသည်။

သို့သော် သူ ပြုံးနေဆဲပင်။

"ချောင်ချင်... ရှန်ကျွင်းရဲ့စရိုက် ဘာလို့ ဒီလောက်အကြီးအ ကျယ်ပြောင်းလဲသွားလဲဆိုတာ မသိချင်ဘူးလား"

ရုတ်တရက် ကျီချောင်ချင် တိုက်ခိုက်မှုကိုရပ်တန့်လိုက်သည်။

နောက်တစ်ခဏတွင် ရှန်တုပိုင်၏ ရေခဲ‌ချိုးဖျက်ဓားက ကျီချောင်ချင့် ပခုံးကိုထိုးဖောက်သွားသည်။

ရှန်ကျွင်း ဖြည်းဖြည်းချင်းလှည့်လာရာ သွေးရောင်လွှမ်းနေသောမျက်လုံးများကို ကျီချောင်ချင် မြင်လိုက်ရသည်။

All Chapters