← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅ - တာအိုကိုသင်ကြားခြင်း

"အဲဒါက ဧရာမဂူသင်္ချိုင်းတစ်ခု ဖြစ်နေပေမယ့် အခုအချိန်မှာ မင်းအတွက်တော့ အဝေးကြီး လိုပါသေးတယ်။ အဲဒီနေရာကို ပေါ့ပေါ့ဆဆ မဝင်တာ အကောင်းဆုံးပဲ။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ခဏမျှတိတ်ဆိတ်သွားပြီးနောက် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။

"ကြိုးကြိုးစားစား ကျင့်ကြံပါ။ နောင်တစ်ချိန်မှာ မင်းအနေနဲ့ ဒီဂူသင်္ချိုင်းကြီးရဲ့ နယ်မြေကနေ ထွက်ပြေးနိုင်ပြီး စစ်မှန်တဲ့ မသေမျိုးတာအိုလမ်းစဉ်ကို လိုက်လံရှာဖွေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။"

"တပည့် နားလည်ပါပြီ။"

ချန်လော့က အလျင်အမြန် ပြန်ဖြေလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ထိုဂူသင်္ချိုင်းကြီးကို သေချာစွာ မှတ်သားထားလိုက်၏။

သူ၏ ဂနာမငြိမ်ဖြစ်နေသော စိတ်ကို ဖိနှိပ်ထားလိုက်ပြီး ဤနေရာတွင် အချိန်တစ်ခုအထိ ကြိုးစားသင်ယူရန် သူ ဆုံးဖြတ်လိုက်သည်။

သူ၏ ခွန်အား လုံလောက်လာသည်နှင့် တပြိုင်နက် ဂူသင်္ချိုင်းဖောက်ထွင်းရန် သူ သွားမည်ဖြစ်သည်။

သင်္ချိုင်းတူးဖို့ ဆိုရင်တော့...သူ့မှာ အတွေ့အကြုံ ရှိပြီးသားပဲလေ။

"ဆရာ... မြို့တော်မှာလည်း ကျင့်ကြံသူတွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။"

ချန်လော့သည် သခင်လေး ဆယ့်ကိုးနှင့် သူ၏ ဆရာဖြစ်သူတို့ကြား ပြောဆိုခဲ့သော စကားများကို ပြန်လည်သတိရလိုက်၏။

ဘုရင်ခံနင် နှင့် တော်ဝင်မျိုးနွယ်နှစ်ခုစလုံး၏ နောက်ကွယ်တွင် ကျင့်ကြံသူများ ရှိနေကြသည်။

ဘုရင်ခံနင်သည် မသေမျိုးတစ်ပါးနှင့် ထိတွေ့ဆက်ဆံခဲ့ရသောကြောင့် မတော်လောဘ ရည်မှန်းချက်များ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

၎င်းကို ထောက်ရှုခြင်းအားဖြင့် သူ၏ ဆရာမှလွဲ၍ ယွဲ့နိုင်ငံတွင် အခြား ကျင့်ကြံသူများလည်း ရှိနေသေးကြောင်း ကောက်ချက်ချနိုင်၏။

"ဟုတ်တယ်၊ မြို့တော်နဲ့ အနောက်တောင်ပိုင်းမှာ ချီ သန့်စင်သူတွေ ရှိတယ်။ သူတို့ရဲ့ အဆင့်က ငါ့ထက် နည်းနည်း ပိုမြင့်ပေမယ့် အရမ်းကြီးတော့ မကွာပါဘူး။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက ကောလာဟလကို အတည်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

"ဒီလောကရဲ့ အလုံးစုံ ဖွဲ့စည်းပုံကို ကြည့်ရင် မင်း သိနိုင်ပါတယ်။ မြောက်ဘက်က မြို့တော် ၊ တောင်ဘက်က ဒုတိယမြို့တော် နဲ့ အလယ်က နဂါးဖြူမြို့ ဒီနေရာ သုံးခုက ကြီးမြတ်တဲ့ ချီသန့်စင်သူ သုံးဦးရဲ့ တာအိုနယ်မြေတွေကို ကိုယ်စားပြုတာပဲ။"

ချန်လော့ ချက်ချင်း နားလည်သွား၏။

ကမ္ဘာလောက၏ ဖွဲ့စည်းပုံသည် မသေမျိုး များ၏ ဆုပ်ကိုင်မှုအတွင်းတွင် ရှိသည်ဟု အပြောများခဲ့ကြပြီး ယခုကြည့်ရသည်မှာ ၎င်းသည် အမှန်တကယ်ပင် ဖြစ်နေပုံရသည်။

တော်ဝင်မင်းမျိုးမင်းနွယ် ဆိုသည်များမှာ မသေမျိုးကို တွယ်ကပ်နေကြသော မှီခိုသူများသာ ဖြစ်သည်။

"မင်း ငါ့ရဲ့ ဂိုဏ်းထဲကို ဝင်လာပြီဆိုတော့ မင်းကို ငါ့ရဲ့ နှလုံးသား အပြည့်နဲ့ သင်ပေးမှာ သေချာပါတယ်။ ဒါပေမယ့် မင်း တာအိုလမ်းစဉ်ထဲကို ဝင်နိုင်၊ မဝင်နိုင် ဆိုတာကတော့ မင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးအပေါ်မှာပဲ မူတည်လိမ့်မယ်။"

စကားပြောရင်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် ချန်လော့ကို ကြည့်ကာ မေးလိုက်၏။

"ဒီနေ့ မင်းကို ဒီကျောက်စိမ်းစာလိပ်ပြားပေါ်က မသေမျိုးအက္ခရာကို အရင် သင်ပေးမယ်။ ပုရှန်းဂူရဲ့ စည်းမျဉ်းတွေအရ ကံကြမ္မာက ကောင်းကင်ထက် ပိုကြီးမြတ်တယ်။ မင်းက ကျောက်စိမ်းစာလိပ်ပြားနဲ့ ရောက်လာတယ်ဆိုတာ ဒီမသေမျိုးအက္ခရာက မင်းနဲ့ ရေစက်ပါလို့ပဲ။"

"မသေမျိုးအက္ခရာ တစ်လုံးတည်းပဲလား" ချန်လော့မှာ နားမလည်နိုင် ဖြစ်သွားသည်။

စာလုံးတစ်လုံးတည်းကို သင်ယူဖို့ တစ်နေကုန် အချိန်ယူရမည်လော။

"မသေမျိုးအက္ခရာဆိုတာ မင်း နားလည်ထားတဲ့ အရာတွေနဲ့ မတူဘူး။ မင်း တစ်လုံးလောက် သင်ယူနိုင်တာနဲ့ မသေမျိုးအက္ခရာရဲ့ စွမ်းအားကို အသုံးပြုပြီး အပြင်ဘက်စာကြည့်တိုက်မှာ မင်း အရင်က သင်ယူခဲ့တဲ့အသိပညာတွေကို လက်တွေ့အဖြစ် ပြောင်းလဲပစ်နိုင်တယ်။ သာမန် သိုင်းလောက ဆရာသခင်တွေနဲ့ မင်းက တစ်ဆင့်တည်းမှာ ရှိနေတော့မှာ မဟုတ်ဘူး။"

ချီသန့်စင်သူ တစ်ဦးအနေဖြင့် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် နှစ်ပေါင်း ၂၆၀ ကျော် အသက်ရှင်နေထိုင်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ ရှည်လျားသော သက်တမ်းက သူ့ကို အရာများစွာ သင်ယူနိုင်စေခဲ့၏။ ပြင်ပ စာကြည့်တိုက်ရှိ အသိပညာများအားလုံးကို သူ၏ ဘဝသင်ယူမှုများအပေါ် အခြေခံ၍ သူက အကျဉ်းချုပ်ထားခြင်း ဖြစ်သည်။

၎င်းနှင့် ကိုက်ညီသော စွမ်းအားမှာ သဘာဝကျကျပင် သူကျွမ်းကျင်ထားသော မသေမျိုးအက္ခရာ၏ တာအိုပင် ဖြစ်သည်။

"ဟုတ်ကဲ့ပါ ဆရာ။"

ချန်လော့က လေးနက်စွာ ပြန်ဖြေလိုက်၏။

မသေမျိုးအက္ခရာ သင်ယူခြင်းမှာ ချန်လော့ စိတ်ကူးထားသည်ထက် ပို၍ရှုပ်ထွေးလှသည်။ ပထမနေ့ သင်ယူပြီးနောက် ဦးနှောက် ရာကျော်ခန့် အားအင်ကုန်ခမ်းသွားသော်လည်း ထိုမသေမျိုးအက္ခရာ တစ်လုံးကိုပင် သူတို့ မသင်ယူနိုင်သေးဘဲ အကြမ်းဖျင်းပုံစံအချို့ကိုသာ အနိုင်နိုင် မှတ်မိနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်းသည် အလျင်စလို မရှိဘဲ အလွန် စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့၏။

နောက်ထပ်နှစ်လကျော်အတွင်း ချန်လော့သည် နေ့စဉ် စောစောထ၊ နောက်ကျမှ အိပ်သည်။ ပုံမှန် အသက်ရှူလေ့ကျင့်ခန်းများမှလွဲ၍ ကျန်အချိန်များတွင် အစစ်အမှန်ပုဂ္ဂိုလ်နှင့်အတူ မသေမျိုးအက္ခရာကို သင်ယူရန် အချိန်ကုန်ဆုံးခဲ့သည်။

နောက်ဆုံးတွင် သုံးလပြည့်ခါနီးအချိန်၌ သူသည် ကျောက်စိမ်းစာလိပ်ပြားပေါ်ရှိ မသေမျိုးအက္ခရာကို ကျွမ်းကျင်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

တောင်ကြားထဲတွင် ချန်လော့သည် ယခုလေးတင် သင်ယူတတ်မြောက်ထားသော မသေမျိုးအက္ခရာကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းရှေ့တွင် ပြသခဲ့သည်။

ချန်လော့ကို တပည့်အဖြစ် လက်ခံပြီးကတည်းက အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် နဂါးဖြူအကယ်ဒမီသို့ သွားခဲသွား၏။

သူ၏အာရုံစူးစိုက်မှုအားလုံးမှာ ချန်လော့အပေါ်တွင်သာ ရှိနေသည်။ ထို့အတူ ချန်လော့ကလည်း သူ့ကို အမှန်တကယ်ပင် စိတ်ပျက်မစေဘဲ သုံးလအတွင်း သူ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့၏။

"ကောင်းတယ်၊ အရမ်းကောင်းတယ်။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်၍ မရနိုင်ပေ။

အပြင်ဘက် ဝါးတောထဲရှိ တပည့်များမှာ ပါရမီ အနည်းငယ်သာ ရှိကြပြီး ကျင့်ကြံရန်ပင် အနိုင်နိုင် ကြိုးစားနေရသူများ ဖြစ်ကြသည်။

သူတို့သည် ပုရှန်းဂူ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီရန် အလှမ်းဝေးလွန်းပြီး အမည်ခံတပည့်များအဖြစ်သာ သတ်မှတ်၍ ရနိုင်သည်။

သို့သော် ချန်လော့မှာမူ မတူပေ။ သုံးလအတွင်း မသေမျိုးအက္ခရာကို သင်ယူနိုင်သော ပျိုးပင်လေးတစ်ပင်မှာ ပုရှန်းဂူ၏ စစ်မှန်သော တပည့်တစ်ဦး ပင်ဖြစ်သည်။

"မင်း အောင်မြင်ခဲ့တယ်ဆိုပေမယ့် မာနတော့ မကြီးရဘူး။ မသေမျိုးလမ်းကြောင်းပေါ်မှာ မင်းက တကယ်တမ်းအစတောင် မပျိုးရသေးဘူး။"

စိတ်လှုပ်ရှားမှုအပြီးတွင် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် ချန်လော့ကို မိမိကိုယ်ကို အထင်ကြီးမှုထဲတွင် လမ်းပျောက်မသွားစေရန် သတိပေးစကားများ စတင်ပြောကြားတော့သည်။

"တပည့် နားလည်ပါပြီ။"

ချန်လော့သည် သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခုဖြင့် ဘေးတွင် ရိုသေစွာ ရပ်နေခဲ့၏။

သူသည် ဆရာနှင့် တာအိုကို ရိုသေသော တပည့်ကောင်းတစ်ဦးနှင့် တူလှသည်။

"မင်း အရမ်းနှိမ့်ချနေစရာ မလိုပါဘူး။ ပါရမီရှင် တစ်ယောက်မှာ ပါရမီရှင်တစ်ယောက်ရဲ့ မာနမျိုးတော့ ရှိသင့်တာပေါ့။"

ဤတပည့်ကို ကြည့်ရင်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ မျက်လုံးများမှာ ပို၍ပို၍ ကျေနပ်လာခဲ့၏။

သူသည် ချန်လော့ ရေးဆွဲထားသော မသေမျိုးအက္ခရာကို ကောက်ယူကာ ၎င်း၏ အားနည်းချက်များကို စတင်ထောက်ပြတော့သည်။

"ဒီမသေမျိုးအက္ခရာက ပုံပေါ်လာပြီ ဆိုပေမယ့် မင်းရဲ့ရေးဆွဲမှုမှာ ပြဿနာတွေ အများကြီး ရှိနေသေးတယ်။ ဥပမာ ဒီစုတ်ချက်ချတဲ့ နေရာမှာ စိတ်ဝိညာဉ်ချီအလေအလွင့် ဖြစ်သွားတဲ့ လက္ခဏာတွေ ရှိတယ်။ ဒီလို သေးငယ်တဲ့ အမှားလေးတွေက မင်းလို စတင်သူတစ်ယောက်အတွက်တော့ ဘာမှမဟုတ်ပေမယ့် နောက်ပိုင်းမှာ မင်းက အဆောင်လက်ဖွဲ့တွေ၊ အစီအရင်တွေကို သင်ယူချင်တယ်ဆိုရင်တော့ ဒီအမှားလေးက မင်းရဲ့ တိုးတက်မှုကို ရပ်တန့်စေမယ့် တရားခံ ဖြစ်လာလိမ့်မယ်။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် စိတ်ဝိညာဉ်ချီ အနည်းငယ် စုဝေးလာသည်။

သူသည် သူ၏ လက်ညှိုးကို ကျောက်စိမ်းပြားပေါ်တွင်ညင်သာစွာ ဆွဲလိုက်ရာ ပြီးပြည့်စုံသော မသေမျိုးအက္ခရာတစ်ခု ရေးဆွဲပြီးသား ဖြစ်သွား၏။

ချန်လော့ ရေးဆွဲထားသော မသေမျိုးအက္ခရာနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် သိသိသာသာ ပိုမိုသွက်လက်နေပြီး ၎င်းတွင် ပါဝင်သော စွမ်းအားမှာလည်းတူညီသော အဆင့်တွင် မရှိပေ။

သုံးလကြာပြီးနောက် ချန်လော့သည် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ အဆင့်ကိုလည်း နားလည်လာခဲ့၏။

ချီသန့်စင်သူတစ်ဦးဖြစ်ကာ သူသည် မသေမျိုးအက္ခရာ စုစုပေါင်း ငါးလုံးကို ကျွမ်းကျင်ထားသည်။

ဤမသေမျိုးအက္ခရာ ငါးလုံးစီတိုင်းသည် ခန့်မှန်း၍မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။

ချန်လော့ သင်ယူနေသော တစ်လုံးမှာ အရှင်းလင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ အဆိုအရ မသေမျိုးအက္ခရာများကို သင်ယူခြင်းသည် ရှေ့ဆက်သွားလေလေ ပိုမိုခက်ခဲလာလေလေ ဖြစ်သည်ဟု ဆိုသည်။

ပထမ စာလုံးနှစ်လုံးကို အချိန်လုံလောက်စွာ ပေးပါက သင်ယူနိုင်သော်လည်း တတိယမြောက် စာလုံးမှစ၍ မွေးရာပါ ပါရမီပေါ်တွင်သာလုံးလုံးလျားလျား မူတည်သွား၏။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း သူပင်လျှင် အနှစ် ၂၆၀ နေထိုင်ပြီးနောက် ငါးလုံးသာ ကျွမ်းကျင်ခဲ့သည်။

သူသည် ခြောက်ခုမြောက် မသေမျိုးအက္ခရာကို သင်ယူ၍ပင် မပြီးသေးဘဲ အကြမ်းဖျင်း ပုံဖော်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။

ချန်လော့သည် ဘေးတွင်ရပ်ကာ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း ညွှန်ပြသော အမှားများကို သေချာစွာ လေ့လာစောင့်ကြည့်နေ၏။

ဤအရာများအားလုံးမှာ အသေးစိတ် အပိုင်းများဖြစ်ပြီး အလွယ်တကူ လျစ်လျူရှုခံရနိုင်ကာ တော်ဝင်မျိုးနွယ် ဦးနှောက်ရော၊ သခင်လေး ဆယ့်ကိုး၏ ဦးနှောက်ပါ ၎င်းတို့ကို မရှာဖွေနိုင်ခဲ့ပေ။

ပါရမီ မရှိသော ကျန်ရှိနေသည့် အခြားဦးနှောက်များဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ မသေမျိုးအက္ခရာကို သင်ယူရာတွင် ပါရမီ မရှိသော ဦးနှောက်များသည် အကြမ်းဖျင်း အနည်းငယ်ကို မှတ်မိရန် ကူညီပေးရုံမျှသာ အထောက်အကူပြုနိုင်သည်။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် နှစ်ကြိမ်တိုင်တိုင် သရုပ်ပြခဲ့၏။

ချန်လော့သည်လည်း ဤအသေးစိတ်အချက်အလက်များ အားလုံးကို မှတ်သားထားလိုက်သည်။

"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့။"

ယနေ့အတွက် သင်ခန်းစာများကို ရှင်းပြပြီး ချန်လော့ကို နှစ်ကြိမ် လေ့ကျင့်ခိုင်းပြီးနောက် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် ဆက်မသင်တော့ပေ။ သူသည် လှည့်ကာ သူ၏ နောက်ရှိ အိမ်ဆီသို့ လျှောက်သွားခဲ့၏။

ချန်လော့ကလည်း အလျင်အမြန် လိုက်သွားခဲ့သည်။

အိမ်ထဲတွင် မျောက်ငယ်လေးက လက်ဖက်ရည် ဖျော်ထားပြီးဖြစ်သည်။

ဤမျောက်ငယ်လေးကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း ကိုယ်တိုင် မွေးမြူထားခြင်းဖြစ်ပြီး တော်တော်လေး နားလည်တတ်ကျွမ်းစေရန် လေ့ကျင့်ပေးထားသည်။

ချန်လော့နှင့် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းတို့ နေ့စဉ် သောက်သော လက်ဖက်ရည်ကို ၎င်းကပင် ဖျော်စပ်ပေးခြင်း ဖြစ်သည်။ လက်ဖက်ရွက်များကို အပြင်ဘက်ရှိ ကြိုးကြာငှက်နှစ်ကောင်က ခူးဆွတ်ပေးခြင်းပင်။

ဤဝိညာဉ်သားရဲ သုံးကောင်လုံးမှာ အသိဉာဏ်ရှိပြီး အပြင်လောကတွင်ဆိုလျှင် မိစ္ဆာကောင်များအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

"မနက်ဖြန် မင်း အပြင်ထွက်ပြီး ငါ့ကိုယ်စား အဲဒီတပည့်တွေကို သွားသင်ပေးလိုက်။" ထိုင်ပြီးနောက် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် ချန်လော့ကို တာဝန်တစ်ခု ပေးအပ်လိုက်၏။

"ဟုတ်ကဲ့ပါ ဆရာ။"

ချန်လော့သည် မတ်တပ်ရပ်ကာ လက်ခံလိုက်သည်။

မသေမျိုးအက္ခရာကို ကျွမ်းကျင်ပြီးနောက် သူနှင့် အပြင်ဘက်ရှိ သာမန် အမည်ခံတပည့်များကြား အကွာအဝေးမှာ ပိုမိုကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။

သူတို့အား တာအိုအကြောင်း သင်ကြားပေးရန်မှာ ပြဿနာ မရှိပေ။

သူသည် တာအိုလမ်းစဉ်ထဲသို့ မဝင်ရောက်သေးသော်လည်း အသေးစား နည်းလမ်းအချို့ကို အသုံးပြုနိုင်နေပြီဖြစ်သည်။

"နောက်ပိုင်းကျရင် ငါ အပြင်ထွက်တာ ပိုပိုပြီး နည်းသွားလိမ့်မယ်။"

ချန်လော့က မည်သည့်မေးခွန်းမှ မမေးသည်ကို မြင်သောအခါ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

စိတ်နေသဘောထားအရဆိုလျှင် ချန်လော့၏ လုပ်ဆောင်ချက်များကို သူ အလွန် သဘောကျမိသည်။

"ဆရာ တံခါးပိတ်ကျင့်ကြံတော့မလို့လား"

"ငါ အကျိုးအမြတ်တချို့ ရထားလို့၊ အဲဒါတွေကို ခိုင်မာအောင်လုပ်ဖို့ အချိန်နည်းနည်း လိုမယ်ထင်တယ်။" စကားပြောရင်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် ထရပ်ကာ အနီးရှိ စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်၏။

အပြင်ဘက်ရှိ စာကြည့်တိုက်နှင့် မတူပေ။

ဤတောင်ကြားရှိ သက်ကယ်အိမ်လေးထဲတွင် စာအုပ်စင် တစ်ခုတည်းသာ ရှိပြီး ၎င်းတွင် စာအုပ်တစ်အုပ်တည်းသာ ရှိသည်။

'စာအုပ်တစ်သောင်းက အတုအယောင်တွေ ဖြစ်နိုင်ပေမယ့်၊ စကားတစ်ခွန်းတည်းက စစ်မှန်တဲ့ အမွေအနှစ် ဖြစ်နိုင်တယ်'

ထိုစကားမှာ ဤသဘောတရားပင်။ စာအုပ်စင်ပေါ်ရှိ စာအုပ်မှာ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်ပြီး ပုရှန်းဂူမှ သူရရှိခဲ့သော စစ်မှန်သည့် အမွေအနှစ် လည်း ဖြစ်ပေသည်။

အခန်း ၅၆ - မသေမျိုးတစ်ရာ မှတ်တမ်း

ချန်လော့သည် မတ်တပ်ရပ်ကာ စာအုပ်ကို ယူလိုက်ပြီး မျက်လုံးဖြင့်အကဲခတ်ကြည့်လိုက်ရာ မသေမျိုးတစ်ရာ မှတ်တမ်း ဟူသော ခေါင်းစဉ်ကို တံဆိပ်တုံးအက္ခရာအသေးဖြင့် ရေးသားထားသည်ကို တွေ့လိုက်ရသည်။

'မသေမျိုးတစ်ရာ ဘိုင်ရှန်းမဟုတ်ဘူးလား'

ချန်လော့၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဝင်လာသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်း မရှိပေ။

"ဒီ မသေမျိုးတစ်ရာ မှတ်တမ်းက ပုရှန်းဂူကနေ ငါရခဲ့တဲ့ အမွေအနှစ်ပဲ။"

ချန်လော့ လက်ထဲရှိ စာအုပ်ကို ကြည့်ရင်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း ၏ မျက်လုံးများထဲတွင် နှမြောတသဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဒီစာအုပ်က မသေမျိုးတစ်ရာရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတာ။ အများစုက သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဖော်ပြထားတာဖြစ်လို့ သိပ်ပြီးတန်ဖိုးမရှိလှဘူး။ အနည်းငယ်ကသာ ကျင့်ကြံခြင်းနည်းစနစ်တွေအကြောင်း ဖော်ပြထားတယ်။ မင်းကို ငါသင်ပေးခဲ့တဲ့ မသေမျိုးအက္ခရာ နည်းစနစ်က အဲဒီအနည်းငယ်သော သူတွေရဲ့ဘဝဇာတ်ကြောင်းတွေထဲကနေ ထုတ်နုတ်ထားတာပဲ။ ဒါ့အပြင် စာအုပ်ထဲမှာ ပိုပြီး နက်နဲတဲ့အရာတွေလည်း ပါသေးတယ်၊ အဲဒီထဲကနေ မင်း ဘာတွေ နားလည်သဘောပေါက်မလဲ ဆိုတာကတော့ မင်းအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်တယ်။"

"ချီသန့်စင်တဲ့ နည်းလမ်းတွေရော ပါလား ခင်ဗျာ"

ချန်လော့ ချက်ချင်းပင် စိတ်အားထက်သန်သွား၏။

လွန်ခဲ့သော သုံးလအတွင်း သူသည် ချီသန့်စင်ခြင်း နည်းလမ်းများကို သင်ယူချင်ခဲ့သော်လည်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက လုံးဝ သင်မပေးခဲ့ပေ။

သုံးလအတွင်း မသေမျိုးအက္ခရာကို မသင်ယူနိုင်ပါက ချီသန့်စင်ခြင်း နည်းလမ်းများကို သင်ယူခြင်းမှာ အလကားပင်ဖြစ်ကြောင်းသာ သူ့ကို ပြောခဲ့သည်။

မူလက ချန်လော့သည် မျှော်လင့်ချက် စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ယနေ့ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက သူ့ကို ဤစာအုပ်ရုတ်တရက် ပေးလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ပါတာပေါ့။" အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက ပြုံးလိုက်သည်။

ဤတပည့် ဘာသင်ယူချင်နေသည်ကို သဘာဝကျကျပင် သူ သိနေခဲ့သည်။ သို့သော်လည်း စည်းမျဉ်းဆိုသည်မှာ စည်းမျဉ်းပင်။

သူသည် ပုရှန်းဂူ၏ ဆက်ခံသူ ဖြစ်လာကတည်းက ဤနယ်မြေတွင် ပုရှန်းဂူ၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်နေစေကာမူ ၎င်း၏ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ။" ချန်လော့သည် စာအုပ်ကို သိမ်းဆည်းလိုက်ပြီး သူ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

"ကြိုးကြိုးစားစား ကျင့်ကြံပါ၊ မနက်ဖြန် ဟောပြောဖို့ကိုလည်း မမေ့နဲ့ဦး။"

သတိပေးစကား ပြောပြီးနောက် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် သူ့ကို ထွက်ခွာခွင့် ပြုလိုက်သည်။

သူ တံခါးပိတ်ကျင့်ကြံတော့မည် ဖြစ်ပေ၏။

"တပည့် သွားခွင့်ပြုပါဦး။"

ချန်လော့သည် မတ်တပ်ရပ်ကာ အရိုအသေပေးပြီးနောက် တောင်ကြားမှ ထွက်ခွာရန် လှည့်ထွက်လာခဲ့သည်။

သူသည် တောင်ပေါ်လမ်းကျဉ်းလေးတစ်လျှောက် လျှောက်လာခဲ့ပြီး ကျမ်းစာတိုက်နောက်ဘက်ရှိ ဝါးတောထဲသို့ ပြန်ရောက်လာသည်။

ချန်လော့ ပေါ်လာခြင်းက တပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။ ဤသူများအားလုံးမှာ ဝါးတံခါး အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ထားသော အမည်ခံတပည့်များဖြစ်ကြသည်။

အပြင်ဘက်တွင် သူတို့တစ်ဦးစီတိုင်းသည် ဂုဏ်သရေရှိ မြင့်မြတ်သူများ ဖြစ်ကြပြီး ၎င်းတို့အထဲတွင် မင်းသားများနှင့် မင်းသမီးများပင် ပါဝင်နိုင်သော်လည်း ဤဝါးတောထဲတွင်မူ သူတို့အားလုံးမှာ သာမန်တပည့်များသာ ဖြစ်ကြ၏။

လူတိုင်းသည် ချန်လော့ကို မြင်သောအခါ မသိစိတ်အရ ခေါင်းငုံ့သွားကြပြီး အလိုအလျောက် မတ်တပ်ရပ်ကာ အရိုအသေ ပေးကြသည်။

"ဂါရဝပြုပါတယ် ဂိုဏ်းတူအစ်ကိုကြီး။"

ချန်လော့ကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်သည်ဟူသော အချက်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ပေ။

သူတို့၏ အပြင်ဘက်မှ မြင့်မြတ်သော အဆင့်အတန်းများမှာ မသေမျိုးတစ်ပါး၏ တပည့်တစ်ဦးနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။

ချန်လော့နှင့်အတူ ဝင်ရောက်လာခဲ့သော ထျန်းယုံလုပင်လျှင် ယခုအခါ အစွန်အဖျားတွင် သတိထားကာ ရပ်နေပြီး သူ၏ ယခင်က မာနများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝါးတောထဲတွင် ပညာသင်ကြားနေစဉ်အတွင်း သူ အလွန် တုန်လှုပ်ခဲ့ရ၏။ ဝါးတောထဲရှိ သင်ကြားမှုများမှာ အလွန် နက်နဲလှပြီး သူ၏ ပါရမီ မှာ အနိုင်နိုင် လိုက်မီရုံသာ ရှိရာ၊ မသေမျိုးတစ်ပါး၏ အစစ်အမှန် တပည့်ဖြစ်လာရန် စာမေးပွဲကို အောင်မြင်ဖို့ဆိုသည်မှာ ဝေးစွတမ်းပင်။

သူ ချန်လော့ကို မြင်တိုင်း သူ၏ စိတ်ထဲတွင် အတွေးတစ်ခု အလိုအလျောက် ဖြတ်ပြေးသွားလေ့ရှိသည်။

'သူကမှ တကယ့် ပါရမီရှင်၊ ငါကတော့ သာမန်ထက်နည်းနည်းလေး ပိုသာတဲ့ သာမန်လူ တစ်ယောက်ပါပဲ။'

"ဆရာက တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပြီ။ နောက်ပိုင်း သင်ခန်းစာတွေကို ငါ သင်ပေးမယ်။"

ထိုစကားတစ်ခွန်းကို ချန်ရစ်ခဲ့ပြီးနောက် ချန်လော့သည် တိုက်ရိုက် ထွက်ခွာသွားခဲ့၏။

"ဆရာက တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပြီ"

"ဂိုဏ်းတူအစ်ကိုကြီး ချန်က ပါရမီရှင်တစ်ယောက် ဖြစ်ပေမယ့်၊ သူ ကျင့်ကြံလာခဲ့တာ အချိန်တိုလေးပဲ ရှိသေးတာကို..."

အနောက်မှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသော်လည်း သူတို့ တိတိကျကျ ဘာဆွေးနွေးနေကြသည်ကို ချန်လော့ မသိပေ။ သူသည် ဝါးတံခါးမှ ထွက်ခွာလာပြီး ကျားမာန်ဟုန်အစောင့်အရှောက်လုပ်ငန်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

လုပ်ငန်းဌာန၏ အဝင်ဝသို့ ရောက်သောအခါ လှေကားထစ်များပေါ်တွင် ထမင်းစားနေသော ရွမ်ရှောင်ဟူက ချက်ချင်း လက်ဝှေ့ယမ်းကာ သူ့ကို နှုတ်ဆက်လိုက်၏။

"စီနီယာအစ်ကိုကြီး၊ မသေမျိုးလမ်းစဉ် ကျင့်ကြံရာကနေ ပြန်လာပြီလား"

ရွမ်ရှောင်ဟူက ထမင်းစားရင်း စကားပြောလိုက်ရာ သူ၏ မျက်နှာငယ်လေးပေါ်တွင် ထမင်းစေ့များ ကပ်နေသေးပြီးခေါင်းပေါ်တွင် ဆံပင်အထုံးသေးသေးလေး တစ်ခုပါရှိသဖြင့် အလွန်ချစ်စရာကောင်းနေသည်။

"အင်း" ချန်လော့က ရှောင်ဟူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သူ၏ အခန်းသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ တပည့် ဖြစ်လာကတည်းက သူသည် ကျားမာန်ဟုန် အစောင့်အရှောက်လုပ်ငန်းဌာနတွင် အလေးစားရဆုံးသူ ဖြစ်လာခဲ့သည်။

ယခုအခါ သူ၏ ခြံဝင်းကို အထူးသန့်ရှင်းရေး လုပ်ပေးထားပြီး မည်သူမျှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မရှိပေ။

ဤသိုင်းတူလေးကို မျက်နှာလိုမျက်နှာရ လုပ်နိုင်ရန်အတွက် သိုင်းဦးလေးတော်စပ်သူ ဆရာသခင် ရွမ်ကျန်းလုံသည် ဟန်ဆောင်မှုများ အားလုံးကို စွန့်လွှတ်ထားလိုက်သည်။

နောင်တစ်ချိန် ချန်လော့ မသေမျိုး အဖြစ် တက်လှမ်းသွားသောအခါ သူတို့ သားအဖနှစ်ယောက်ကိုပါ ဆွဲခေါ်သွားနိုင်ရန် မျှော်လင့်ချက်ဖြင့် ချန်လော့နှင့် ရင်းနှီးစေရန် သူ၏ သားကို နေ့စဉ် တံခါးဝတွင် ထိုင်နေခိုင်းခဲ့သည်။

ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ချန်လော့သည် တံခါးကို ပေါ့ပေါ့ပါးပါးပင်ပိတ်လိုက်၏။

သူသည် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း ပေးလိုက်သော မသေမျိုး တစ်ရာ မှတ်တမ်း ကို စားပွဲပေါ်တင်ကာ သေချာစွာ ဖွင့်ကြည့်လိုက်သည်။ စာအုပ်ကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူ မသိပေ။

သူ၏ လက်ဖြင့် ထိလိုက်သောအခါ အနည်းငယ် နွေးထွေးမှုကို ခံစားလိုက်ရ၏။

ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်ရာ ချန်လော့သည် မသေမျိုးဟူသော စာလုံးကြီး တစ်လုံးကို တွေ့လိုက်ရသည်။ ဤစာလုံးမှာလည်း တံဆိပ်တုံးအက္ခရာဖြင့်ထုထားခြင်းဖြစ်ပြီး ၎င်းမှာ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း သူ့ကို သင်ပေးခဲ့သော အသိပညာများထဲမှ တစ်ခုဖြစ်သည်။

ဦးနှောက် ရာကျော်၏ အကူအညီဖြင့် ချန်လော့သည် ၎င်းကိုလွန်ခဲ့သော အချိန်ကြာမြင့်စွာ ကတည်းက သဘာဝကျကျ သင်ယူတတ်မြောက်ခဲ့ပြီး ဖြစ်သည်။

ခေါင်းစဉ်စာမျက်နှာပေါ်ရှိ မသေမျိုးစာလုံးကို ကျော်လွန်၍ လှန်လိုက်ပြီးနောက် အစစ်အမှန် အကြောင်းအရာများမှာ တတိယစာမျက်နှာတွင် စတင်သည်။

စာအုပ်၏ အကြောင်းအရာမှာ ၎င်း၏ အမည်အတိုင်းပင် မသေမျိုးတစ်ရာ၏ အဖြစ်အပျက်များကို အမှန်တကယ် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ပထမဆုံး ဖော်ပြထားသော မသေမျိုး၏ အမည်မှာ ကျိုးမုန်ဖြစ်ပြီး အိပ်မက်ထဲတွင် တာအိုကို ရရှိခဲ့သော အစစ်အမှန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏ ဘဝအတွေ့အကြုံမှာ အိပ်မက်ဆန်ပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် ကောင်းလှသဖြင့် ချန်လော့မှာ ဖတ်ရင်းနှင့်ပင် ခေါင်းမူးလာပြီး အဆုံးတိုင်သည့်တိုင်အောင် မည်သည့် တန်ဖိုးရှိသော အကြောင်းအရာကိုမျှ မသိရှိလိုက်ရပေ။

'ရှုပ်ထွေးနေတဲ့ မှတ်တမ်းပဲ၊ လုံးဝ တန်ဖိုးမရှိဘူး။'

'အရက်မူးပြီး ယောင်ပြီးရေးထားတာ ဖြစ်ရမယ်'

သူ၏ စိတ်ထဲရှိ ဦးနှောက် တစ်ရာကျော်မှာလည်း အလားတူ ခံစားချက်မျိုး ရှိနေကြ၏။

"ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လူတွေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်။ အရေးကြီးတဲ့ အပိုင်းတော်တော်များများက မြူခိုးတွေလိုပဲ၊ ဖတ်ပြီးတာနဲ့ မေ့သွားတယ်၊ မှတ်မိဖို့ မဖြစ်နိုင်ဘူး၊ ဖော်ပြဖို့ မဖြစ်နိုင်ဘူး။"

ချန်လော့၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။

၎င်းမှာ ပါရမီမရှိသော သာမန် သိုင်းလောက လမ်းစဥ်လျှောက်သူ တစ်ဦး၏ ဦးနှောက် ဖြစ်သည်။

ဤဦးနှောက်မှာ ပုံမှန်အားဖြင့် အလွန် သာမန်ဆန်ဖြစ်ပြီး ထူးခြားချက် တစ်ခုမျှ မရှိသော်လည်း ယနေ့ မသေမျိုး တစ်ရာ မှတ်တမ်းကို ဖတ်ရှုရာတွင် ခြားနားသော ရလဒ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။

ပန်းတစ်ရာ ပွင့်လန်းနေပြီး တစ်ခုချင်းစီက ကွဲပြားခြားနားနေ၏။

ဤသည်မှာ ယခု ချန်လော့ ခံစားနေရသော ခံစားချက်ဖြစ်သည်။

ဤ ဦးနှောက်မှပေးသော တုံ့ပြန်ချက်ကို မှတ်သားပြီးနောက် သူသည် စတုတ္ထမြောက် စာမျက်နှာသို့ လှန်လိုက်၏။ သူ စာမျက်နှာများကို လှန်လိုက်သည်နှင့်အမျှ စာအုပ်ထဲမှ စွမ်းအားများသည် တဖြည်းဖြည်း ပျံ့နှံ့လာပြီး စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးရောင်မှာ မှုန်ဝါးလာသည်။

မသေချာမရေရာစွာဖြင့် အခန်းထဲတွင် စာလုံးများ ကူးခတ်နေသကဲ့သို့ ထင်ရသော်လည်း သေချာစွာ ကြည့်လိုက်သောအခါ ဘာမှ မရှိပေ။

စတုတ္ထမြောက် စာမျက်နှာရှိ အကြောင်းအရာမှာလည်း ယခင်အတိုင်းပင်ဖြစ်ပြီး အခြား မသေမျိုး တစ်ဦးအကြောင်း ဖော်ပြထားသည်။

ဤမသေမျိုး၏ အမည်မှာ ဝူချုံး ဖြစ်ပြီး အံ့သြစရာကောင်းသည်မှာ သူသည် ဓားပြဂိုဏ်းတစ်ခုမှ ဆင်းသက်လာခြင်းပင်။

ပဉ္စမ စာမျက်နှာ၊ ဆဋ္ဌမ စာမျက်နှာ

ချန်လော့သည် စာမျက်နှာ တစ်ခုပြီးတစ်ခု လှန်ကြည့်နေပြီး အပြင်ဘက်တွင် အချိန်များ တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။

ပြည့်ကာစလ တစ်ခုအမြင့်တွင် ထွန်းလင်းနေပြီး ကြယ်များ ပြန့်ကျဲနေသည်။

ဂျွိ

သစ်သားပြတင်းပေါက် ရုတ်တရက် မြည်ဟည်းသွားပြီးအပြင်ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာ၏။

ချန်လော့၏ စားပွဲပေါ်ရှိ မသေမျိုး တစ်ရာ မှတ်တမ်းမှာ လေကြောင့် လျင်မြန်စွာ ပွင့်ဟသွား၏။ လျင်မြန်စွာ လှန်နေသော စာမျက်နှာများကြားမှ မှုန်ဝါးဝါး မသေမျိုးတစ်ပါးသည် စာအုပ်ထဲမှ လျှောက်ထွက်လာသကဲ့သို့ပင်။

ဤမသေမျိုးသည် ဆံပင်ရှည်များနှင့် အစိမ်းရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး ပန်းချီကားတစ်ချပ်ထဲမှ ပုံရိပ်တစ်ခုကဲ့သို့ လောကီနှင့် မသက်ဆိုင်သော အငွေ့အသက်မျိုး ရှိနေသည်။

သူသည် စာအုပ်ရှေ့တွင် ရပ်ကာ ချန်လော့ကို အထက်အောက် အကဲခတ်လိုက်ပြီးနောက် ရုတ်တရက် ပြုံးကာ "အဆင့်မီပါတယ်" ဟု ပြောလိုက်၏။

သူ၏ စကားများအပြီးတွင် ချန်လော့သည် သူ၏ မျက်စိရှေ့တွင် မှုန်ဝါးသွားသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးသည် ဝိညာဉ်ခန္ဓာခွဲထွက်ခြင်းကဲ့သို့ အခန်းထဲမှ ပျံထွက်သွားခဲ့သည်။

မော့ကြည့်လိုက်ရာ ရှေ့တွင် တိမ်များ ဖုံးလွှမ်းနေသော မသေမျိုးတောင်တန်းကြီးများကို မြင်လိုက်ရ၏။ ကြီးမားသော နဂါးဖြူကြီးတစ်ကောင်သည် တိမ်များနှင့် မြူခိုးများကို နင်းလျက် မသေမျိုး တောင်တန်းကို လှည့်ပတ်နေသည်။

မြူခိုးများ ကွဲလွင့်သွားသောအခါ သူသည် မသေမျိုးဂိုဏ်းတံခါး ဘုရားကျောင်းတစ်ခုထဲတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။

အစိမ်းရောင်ဝတ်ရုံနှင့် မသေမျိုးသည် မသေမျိုး တောင်တန်းပေါ်ရှိ ကျောက်စိမ်းပြားဆီသို့ လက်ဝှေ့ယမ်းလိုက်သည်ကို သူ မြင်လိုက်ရသည်။

၎င်းပေါ်တွင် စာလုံးအသေးလေးများ တစ်ကြောင်း ပေါ်လာ၏။

'၃၉-ဆက်မြောက် ပုရှန်းဂူ တပည့် — ချန်လော့။'

ဘန်း..ဘန်း

အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ချန်လော့ ရုတ်တရက် လန့်နိုးသွား၏။ သူသည် စားပွဲပေါ်မှ ရုတ်တရက်ထရပ်လိုက်ပြီး သေချာစွာ ကြည့်လိုက်သောအခါ သူသည် အခန်းထဲတွင်သာ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။

သူ၏ ဘေးရှိ သစ်သားပြတင်းပေါက်မှာ ဆက်လက်၍ မြည်ဟည်းနေဆဲဖြစ်ပြီး စားပွဲပေါ်ရှိ ဆီမီးခွက်မှာ တိတ်ဆိတ်စွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ မသေမျိုး တစ်ရာ မှတ်တမ်းမှာ သူ၏ လက်အောက်တွင် ဖိမိနေသည်။

ပွင့်နေသော စာမျက်နှာတွင် အစိမ်းရောင်ဝတ်ရုံနှင့် အဖြူရောင်မသေမျိုး ( ဘိုင်ရှန်း) ၏ ဘဝမှတ်တမ်းကို ရေးသားထားလေသည်။

All Chapters