← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

🍃 Chapter 141

"သောက်ကျိုးနည်း... ရှင်က မပြေးဘဲ ဘာလုပ်နေတာလဲ"

ရှန်တုပိုင်က ကျီချောင်ချင်ကို ပြုံးပြပြီး နှုတ်ဆက်သည်။

"တိုက်ဆိုင်လိုက်တာကွာ... ငါ့တပည့်ကောင်းလေး..."

အခုအချိန်မှ သူ့ကိုအပြတ်မရှင်းရင် ဘယ်အချိန် သွားရှင်းရမလဲ၊ ကျီချောင်ချင်သည် ဓားရှည်တစ်လက်ကိုဖန်တီးလိုက်ပြီး ရှန်တုပိုင်၏ လည်ပင်းပေါ်သိုတင်လိုက်သည်။

"ရှန်ကျွင်းရဲ့ဓားချက်က ရှင့်နှလုံးကို ထိသွားတယ်မလား၊ ရှင် မလှုပ်နိုင်တော့ဘူး ဟုတ်တယ်မလား"

ရှန်တုပိုင်က ရယ်မောလိုက်သည်။

"ချောင်ချင်ရာ... ဘာလို ငါ့ကိုသတ်ဖို ဒီလောက် အလျင်လိုနေရတာလဲ၊ ဒီနေ့ ငါရှုးပြီးသားပါ၊ ငါက အရှုးကိုဝန်ခံတတ်ပါတယ်၊ ငါ မင်းကို လျှိဝှက်ချက်တစ်ခုပြောပြမယ်"

"ရှန်ကျွင်း ဘာလိုနတ်ဆိုးဖြစ်သွားလဲဆိုတာ မင်း သိချင် လား"

ကျီချောင်ချင်၏ဓားဖျားသည် ရှန်တုပိုင်နှာခေါင်းဝနှင့် တစ်လက်မအကွာတွင် ရပ်တန့်သွားသည်။

ရှန်တုပိုင်သည် ထူးထူးခြားခြားတည်ငြိမ်နေသည်။ သူသည် ကျီချောင်ချင်၏ဓားကို ပုတ်ထုတ်လိုက်ပြီး အေးဆေးစွာပြောသည်။

"အစီအရင်ရဲ့ဗဟိုချက်မကြောင့်ပဲ၊ အဲဒါက ငါရှာတွေ့ခဲ့တဲ့စွမ်းအားတစ်ခုပဲ၊ ဇာစ်မြစ်ကိုငါမသိပေမယ့် တစ်ခုတော့ငါသိတယ်၊ ရှန်ကျွင်းက နောက်ဆုံးကျန်တဲ့ဗဟိုချက်ကို မျိုချမထားသေးဘူး၊ ဒါကြောင့် သူ့ကို ကယ်လိုရသေးတယ်"

ကျီချောင်ချင်သည် ကောင်းကင်ပေါ်တွင် ချန်ဝမ်ရှန်းကိုလက်သီးဖြင့်ထိုးလိုက်သဖြင့် သွေးအန်သွားစေသော ရှန်ကျွင်းကိုလှမ်းကြည့်လိုက်သည်။ ခဏမျှစဉ်းစားပြီးနောက် သူမ ဓားကိုရပ်လိုက်သည်။

"ရှင် ကျွန်မကိုလိမ်မယ်ဆိုရင်... ရှင့်ရဲ့ကျင့်ကြံခြင်းအစွမ်းတွေအကုန်ပျက်စီးပြီး တစ်သက်လုံးပြန်မကျင့်ကြံနိုင်ဘဲနေပါစေ၊ နောက်ဆုံးမှာအနိုင်ကျင့်ခံရပြီး သေဆုံးပါစေ၊ သေတဲ့အခါမှာလည်း မြေကျစရာနေရာမရှိပါစေနဲ့လို ကျိန်ဆိုလိုက်"

ထိုအချက်များက ရှန်ကျွင်း လက်မခံနိုင်သည့် အချက်များဆိုတာ ကျီချောင်ချင်သိသည်။ သူက ကျင့်ကြံစွမ်းအားဆုံးရှုးပြီး အသုံးမကျတဲ့လူဖြစ်သွားမှာကိုလက်မခံနိုင်သလို၊ တစ်သက်လုံးပြန်မကျင့်ကြံနိုင်မှာကိုလည်း လက်မခံနိုင်၊ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲအနိုင်ကျင့်ခံရမှာကိုလည်း သည်းမခံနိုင်ပေ။ သေသည့်အခါ ကောင်းကောင်းမွန်မွန်မသေရမှာကိုလည်း သူမလိုချင်ပေ။

ရှန်တုပိုင်သည် ကျီချောင်ချင်၏ကျိန်စာကို လက်ခံလိုက်ပြီး သူမခိုင်းသည့်အတိုင်း ကျိန်ဆိုလေသည်။

သူ့နှုတ်မှထွက်လာသော ကျိန်စာတစ်ခွန်းချင်းစီတိုင်းတွင် ကျီချောင်ချင်၏စိတ်နှလုံးများ ပိုမိုလေးလံလာသည်။ ရှန်ကျွင်း အဘယ်ကြောင့် ရူးသွပ်သွားရသလဲဆိုတာ သူမနားမလည်ခဲ့ပေ။ ယခုတော့ အစီအရင်ဗဟိုချက်နှင့် ခွဲလိုမရ အောင် ဆက်စပ်နေပုံရသည်။

သူမကိုယ်တိုင် အဲ့ဗဟိုချက်ကို သူ့ဆီပေးခဲ့တာ၊ အစက တည်းက ရှန်ကျွင်းကိုအသုံးချဖို သူမ မရွေးချယ်ခဲ့ရင် သူ ဒီလိုဒုက္ခတွေခံစားရမှာမဟုတ်ဘူး...

ကျီချောင်ချင်သည် ရှန်တုပိုင် လည်ပင်းဘေးမှဓားဖြင့် သူမလည်ပင်းကို ရွယ်လိုက်သလိုလုပ်လိုက်သည်။

"ရှန်တုပိုင်... ရှင်သေသင့်တယ်၊ ကျွန်မတိုသာ အစီအရင်ဗဟိုချက်ကိုဖယ်မထုတ်ခဲ့ရင်... ကျွန်မတို ၅ ယောက်လုံး ရှင်ဘာလုပ်ခဲ့လဲဆိုတာ သိခွင့်တောင် ရမှာမဟုတ်ဘူး!"

ရှန်တုပိုင်သည် တကယ့်ကိုရွံရှာစရာကောင်းသည်။ ထိုစွမ်း အားတွေ ဘယ်ကလာမှန်းမသိဘဲနဲ့ သူ့အကျိုးအတွက် သူမတို ခန္ဓာကိုယ်ထဲထည့်သွင်းခဲ့သည်။ သူမတိုရဲ့နာကျင်မှုကိုလျစ်လျူရှုပြီး လူသားတွေလိုတောင်သဘောမထားခဲ့ပေ။

ကျီချောင်ချင်ရင်ထဲတွင် အမုန်းတရားများပြည့်လျှံလာသည်။

"ရှင် သေသင့်တယ်!"

ထိုသိုပြောပြီး ကျီချောင်ချင်သည် ဓားဖြင့် ရှန်တုပိုင်၏လည် ပင်းကို ထိုးစိုက်လိုက်တော့သည်။

ရှန်တုပိုင် မျက်လုံးထဲတွင်ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"မင်း ငါ့ကိုမသတ်နိုင်ပါဘူး ချောင်ချင်ရာ..."

ရုတ်တရက် ကျီချောင်ချင်သည် သူမ နောက်ကျောဘက်မှ ကြီးမားသောအသံတစ်သံကိုကြားလိုက်ရသည်။ သူမ လှည့်မကြည့်နိုင်ခင်မှာပင် သူမသည် လေထဲသိုမြောက်တက်သွားပြီး မိုင်ပေါင်းထောင်ချီဝေးသောနေရာသို ချက်ချင်းရောက်ရှိသွားတော့သည်။

ချန်ဝမ်ရှန်း ဒဏ်ရာအပြင်းအထန်ရထားသည်။ မြေပြင်သိုရောက်သည်နှင့် သူသည် ကျီချောင်ချင်ကိုတွန်းထုတ်လိုက်ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

ကျီချောင်ချင် လှောင်ပြောင်လိုက်သည်။

"နင်က သိပ်ဟုတ်နေပါလား..."

ချန်ဝမ်ရှန်းသည် မူလက သွေးတစ်လုပ်သာ အန်သော်လည်း ကျီချောင်ချင်စကားကိုကြားပြီးနောက် မနေနိုင်ဘဲ နောက် ထပ်နှစ်လုပ်လောက် ထပ်အန်လိုက်ရသည်။

ကျီချောင်ချင်က သူ့ကိုဂရုမစိုက်ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။

"ကျီချောင်ချင်... ငါ မင်းကိုရှာနေတာ တစ်နှစ်ရှိပြီ!"

ချန်ဝမ်ရှန်းသည် နှုတ်ခမ်းမှသွေးများကိုသုတ်လိုက်ပြီး နာကြည်းစွာပြောသည်။

"ဒီတစ်နှစ်လုံး ငါ မင်းကိုသေချာပေါက်လိုက်ရှာမယ်ဆိုတာ မင်းသိသားနဲ့၊ ဘာလို့ ငါနဲ့မတွေ့ချင်ရတာလဲ"

ထိုစကားကိုကြားသောအခါ ကျီချောင်ချင် ခြေလှမ်းတုံ့သွားသည်။

"နင်နဲ့ တွေ့စရာဘာအကြောင်းရှိလို့လဲ... ချန်ဝမ်ရှန်း၊ နင်က ငါ့အတွက်ဘာလုပ်ပေးနိုင်လို့လဲ"

"အနည်းဆုံးတော့ ငါ ရူးမသွားဘူးလေ"

နွေဦးကာလရောက်ရှိနေပြီဖြစ်သော်လည်း ချန်ဝမ်ရှန်း ခေါ်ဆောင်လာသော မြောက်ဘက်ပိုင်း နေရာတွင်တော့ ညချမ်းအချိန်သည် အေးစက်နေဆဲဖြစ်သည်။

"ရှန်ကျွင်းက နတ်ဆိုးစိတ်ဝင်နေတာမှန်တယ်၊ ဒါပေမယ့် သူက ငါ့အတွက် အစီအရင်ဗဟိုချက်တွေကိုစုဆောင်းပေးနိုင်တယ်၊ ရှန်တုပိုင်ကိုသတ်ပေးနိုင်တယ်၊ နင်ကောလုပ်ပေးနိုင်လို့လား"

ရှန်တုပိုင်ကိုသတ်ခြင်းသည် သစ္စာဖောက်ခြင်း၊ ဆရာသမားနှင့် ဘိုးဘေးများကို စော်ကားခြင်းဖြစ်ပြီး ဖြောင့်မှန်သောလမ်းစဉ်မှ သွေဖယ်ကာ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင် မည်သည့်အခါမျှ လျှောက်လှမ်းခွင့်မရတော့မည့် အပြစ်ကြီးဖြစ်သည်။

ချန်ဝမ်ရှန်း ပြန်မဖြေပေ။ သူ ပြန်ဖြေလိမ့်မည်ဟုလည်း ကျီချောင်ချင်မမျှော်လင့်ထားပါ။ ချန်ဝမ်ရှန်း အပါအဝင် ထျန်းရွှမ်ဂိုဏ်ကဘယ်သူ့ကိုမှ သူမ မျှော်လင့်ချက်မထားတော့ပေ။

ချန်ဝမ်ရှန်း လုံးဝလုပ်မပေးနိုင်သောအရာများရှိသည်။ သူက လွတ်လွတ်လပ်လပ်နေချင်သူ၊ ပြင်းရှသောအရက်ကိုသောက်ပြီး မြင်းရိုင်းစီးချင်သူ ဖြစ်သည်။ သူ့ကိုအခက်တွေ့အောင်လုပ်ဖို့ ကျီချောင်ချင် စိတ်မဝင်စားချေ။

ကျီချောင်ချင် ထွက်သွားရန်ပြင်လိုက်စဉ် ချန်ဝမ်ရှန်းကပြောလိုက်သည်။

"ကောင်းပြီလေ"

"ဘာကိုလဲ"

"မင်း ရှန်ကျွင်းကိုထားခဲ့လိုက်၊ မင်းအတွက်... မင်းဆရာကို ငါသတ်ပေးမယ်"

ကျီချောင်ချင် မျက်လုံးပြူးကျယ်သွားသည်။ ဘုရားရေ! ချန်ဝမ်ရှန်းက ရှန်တုပိုင်ကို အမြဲတမ်း အလေးစားဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာလေ၊ သူ့စကားကို တစ်ခါမှတောင်မလွန်ဆန်ခဲ့ဖူးဘူး အခုကျမှ ရှန်တုပိုင်ကိုသတ်ပေးမယ်လို့ပြောနေပါလား...

"နင် ဘာလို့ သူ့ကိုသတ်မှာလဲ၊ သူက နင့်ဆရာလေ"

"ဒါပေမယ့် မင်းက ငါ့ရဲ့ရှစ်မေ့လေ"

ချန်ဝမ်ရှန်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ရှန်တုပိုင်နှင့်ယှဉ်လျှင် ချန်ဝမ်ရှန်းက ကျီချောင်ချင်ကို ပိုကြာကြာသိခဲ့သည်။ သူမနှင့် တစ်ဝိုင်းတည်းအတူစား၊ ကိုယ်ခံ ပညာအတူလေ့ကျင့်ပြီး အတူတူကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။

ကျီချောင်ချင်က အတိတ်ကိုမှတ်မိဖို့ ငယ်လွန်းသေးသော် လည်း သူမထက် ၁၀နှစ်ပိုကြီးသော ချန်ဝမ်ရှန်းကတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။

ကျီချောင်ချင် ပခုံးတွန့်လိုက်သည်။

"ဒါပေမယ့် ကျွန်မ မလိုတော့ဘူး၊ ရှန်ကျွင်းက ကျွန်မကိုကူညီလိမ့်မယ်... သူ မကူညီရင်တောင် ကျွန်မဘာသာ ရှန်တုပိုင်ကိုသတ်နိုင်တယ်၊ ကြည့်လိုက်... ဒီည သူပျက်စီးသွားပြီ... ကျွန်မလုပ်လိုက်တာပဲ"

ချန်ဝမ်ရှန်း မှင်သက်သွားသည်။

ယခင်တုန်းကဆိုရင်တော့ ကျီချောင်ချင် အကူအညီလိုကောင်းလိုခဲ့လိမ့်မည်။ မတရားခံရပြီး လုပ်ကြံခံရသော ထိုနှစ်များတုန်းက သူမအားကိုးစရာ တစ်ယောက်ယောက်လိုအပ်ခဲ့သည်။ သို့သော် ထိုစဉ်က ချန်ဝမ်ရှန်းသည် တစ်ယောက်တည်းထွက်ခွာသွားခဲ့ပြီး သူမအနေဖြင့် သူ့ကိုတားဆီးပိုင်ခွင့်မရှိခဲ့ပေ။

ထို့အတူ ယခုအချိန်တွင်လည်း သူမ ဘာလုပ်ချင်သည်ဖြစ်စေ ချန်ဝမ်ရှန်းတွင် တားဆီးပိုင်ခွင့်မရှိပေ။

ကျီချောင်ချင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ရှန်ကျွင်းနှင့်အတူ အများကြီး ဖြတ်သန်းပြီးနောက် သူမ၏စိတ်နေသဘောထားသည် တည်ငြိမ်လာခဲ့သည်။ ရှန်တုပိုင်မှလွဲ၍ မည်သူ့ကိုမျှ အာဃာတထားတော့မည်မဟုတ်ပေ။

ထို့ပြင် ချန်ဝမ်ရှန်းက သူမအပေါ်ဘာမှအကြွေးမရှိသလို၊ သူမကလည်း သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံစရာအကြောင်းမရှိပေ။ သေချာတာတစ်ခုကတော့ သူမနှင့်ချန်ဝမ်ရှန်းကြားတွင် သံယောဇဉ်သိပ်မရှိတော့ခြင်းပင်။ ယခုရှန်ကျွင်းကိုသတ်ရန် ချန်ဝမ်ရှန်း အပြေးရောက်လာခြင်းကိုလည်း သူမ ကျေးဇူးမတင်မိသည့်အပြင် ဝင်ရှုပ်သည်ဟုပင်ထင်မြင်မိသည်။

ချန်ဝမ်ရှန်း ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ မင်းကို ဒီ့ထက်စောပြီးတွေ့ခဲ့သင့်တာ"

ကျီချောင်ချင်သည် ထျန်းရွှမ်ဂိုဏ်းကိုဖျက်ဆီးပြီးနောက် တစ်နှစ်အတွင်း ချန်ဝမ်ရှန်းသည် နေရာအနှံ့ သူမကိုလိုက်ရှာခဲ့သည်။ သူမသတင်းကြားသည့် နေရာတိုင်းကို ချက်ချင်းသွားခဲ့သော်လည်း ကံဆိုးစွာပင် သူသည် အမြဲတမ်းခြေတစ်လှမ်းနောက်ကျနေခဲ့ပြီး ကျီချောင်ချင်နှင့်လွဲချော်ခဲ့ရသည်။

လွဲချော်သွားသည့်အကြိမ်တိုင်းတွင် ကျီချောင်ချင်ကို ဆွဲထိုးချင်စိတ်ပေါက်မိသော်လည်း တခြားဘာကိုမှမတွေးဘဲ သူမရှိမည့်နေရာကိုသာစုံစမ်းပြီး ထွက်လာခဲ့သည်။

ယခုအဆုံးတွင် ကျီချောင်ချင်ကိုတွေ့လိုက်ရပြီဖြစ်သော် လည်း သူမသည် ရှန်ကျွင်းအမည်ရှိ ဘယ်ကမှန်းမသိသော နတ်ဆိုးတစ်ကောင်နှင့်ပတ်သက်နေကြောင်းကြားလိုက်ရသည်။ ထိုနတ်ဆိုးကသွေးဆာနေပြီး ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

ချန်ဝမ်ရှန်းသည် ချန်ချင်းဂိုဏ်းပိုင်နက်သို့ ရောက်လာပြီး ကျီချောင်ချင်မျက်နှာကိုမြင်လိုက်ရသည်။ သူမဘေးတွင် နတ်ဆိုးစိတ်ဝင်နေသော ရှန်ကျွင်းကိုလည်းတွေ့လိုက်ရသည်။ ရှန်ကျွင်းသည် မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူများနှင့် သာမန်လူများကို သတ်ဖြတ်ခဲ့သည်။ သူသည် ကျီချောင်ချင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူမကိုပါသတ်ချင်နေပုံရသည်။

ချန်ဝမ်ရှန်း ဘာမှမစဉ်းစားတော့ဘဲ ကျီချောင်ချင်ကို ကယ်ရန်ဝင်ရောက်လာသော်လည်း သူမက ထိုနတ်ဆိုးကိုကာကွယ်ပေးနေသည်ကို တွေ့လိုက်ရသည်။

ချန်ဝမ်ရှန်းရင်ထဲတွင် ဒေါသနှင့်နာကြည်းမှုများ ပြည့်နှက်သွားသည်။ ကျီချောင်ချင်က ရှန်ကျွင်းကို အကြောင်းပြချက်မရှိယုံကြည်ကြောင်း ပြောလိုက်သည်ကိုကြားရခြင်းနှင့် သူမက သူ့ကို သိမ်မွေ့စွာ ခါးခါးသီးသီးငြင်းပယ်လိုက်သည်ကို ကြားရခြင်းတို့ကြောင့် ချန်ဝမ်ရှန်း ဝမ်းနည်းပက်လက်ခံစားလိုက်ရသည်။

သူ ဘာဆက်ပြောရမှန်းမသိတော့သဖြင့် သူမကို တောင်းပန်စကားသာဆိုနိုင်တော့သည်။

သူ့ရှစ်မေ့... သူအတိတ်တုန်းကလည်း ရှစ်မေ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူးလေ…

🍃 Chapter 142

ကျီချောင်ချင်သည် ရှန်ကျွင်းနောက်သို့ လိုက်သွားပြီး အကျိုးအကြောင်းသေချာရှင်းပြကာ ဆရာတော် ချင်းချီထံ ခေါ်သွားသင့်သည်ဟုတွေးလိုက်မိသည်။ ဤသည်မှာ ရှန်ကျွင်းအတွက် အကောင်းဆုံး ထွက်ပေါက်ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအတွေးသည် တစ်ခဏတာမျှသာ ဖြစ်သည်။ ရှန်ကျွင်း၏ရက်စက်ကြမ်းကြုတ်ပြီး အေးစက်လှသောမျက်ဝန်းများကို ပြန်လည်မြင်ယောင်လာမိချိန်တွင်မူ သူမ၏ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

ကျီချောင်ချင်ကျောချမ်းသွားသည်။ ထိုစဉ်က သူမသည် ရှန်ကျွင်းကိုနှုတ်မဆက်ဘဲ ချန်ဝမ်ရှန်း နောက်သို့လိုက်သွားခဲ့မိသည်။ ယခုပြန်သွားရှာ၍ သူသာစိတ်ဖောက်ပြန်နေပါက သူမအခြေအနေမှာ မီးကိုထွေးပိုက်ထားသကဲ့သို့ အန္တရာယ်များလွန်းလှသည်။

ထိုသို့တွေးမိလိုက်သောအခါ ကျီချောင်ချင်သည် သူ့ကိုချော့မော့ရန် အချိန်မရှိတော့သလို၊ မည်သို့ချော့ရမည်ကိုလည်း လမ်းစပျောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ရှန်တုပိုင်ကိစ္စရှင်းပြီးမှသာ ရှန်ကျွင်းကိုသွားရှာပြီး ရှင်းပြတော့မည်။

သို့သော် အရေးကြီးဆုံးအချက်ကိုမူ သတိပေးရပေမည်။ လက်ထဲတွင်ကျန်ရစ်နေသော နောက်ဆုံးအစီအရင်မျက်လုံးကို လုံးဝမျိုမချရန် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် လုံးလုံးလျားလျား နတ်ဆိုးဖြစ်သွားလိမ့်မည်။

ကျီချောင်ချင်သည် ခေါင်းပေါ်မှအနီရောင်ဖဲကြိုးကို ဖြည်ချလိုက်သည်။ ၎င်းသည် ရှန်ကျွင်းပေးထားသောလက်ဆောင်ဖြစ်သော်လည်း ယခုအခါမလိုအပ်တော့ပေ။

သူမသည် ဖဲကြိုးပေါ်တွင် အစီအရင်တစ်ခုပြုလုပ်ကာ ဖြစ်ပျက်ခဲ့သမျှဇာတ်ကြောင်းစုံကို မှတ်တမ်းတင်ပြီး ထိုအနီရောင်ဖဲကြိုးအား ရှန်ကျွင်းရှိရာသို့ လွင့်မျောသွားစေလိုက်သည်။

ထိုကိစ္စပြီးသည်နှင့် သူမသည် နတ်ဆိုးဘုံသို့ဦးတည်ထွက်ခွာလာခဲ့သည်။

ရှန်တုပိုင်တွင်နတ်ဆိုးဘုံမှလွဲ၍ ပုန်းခိုစရာနေရာမရှိတော့ပေ။ ရှန်တုပိုင်က သူမကိုဖြေရှင်းမည့် နည်းလမ်းရှာတွေ့သည်အထိ ကျီချောင်ချင် စောင့်မနေနိုင်ချေ။ သူမကဦးအောင် လက်ဦးမှုရယူရမည်။

ယခုအခါ ရှန်တုပိုင်သည် အရှက်ကွဲနေပြီဖြစ်သည်။ သူ၏ နတ်ဆိုးဝိညာဉ်အကြောင်းကို တစ်လောကလုံးအားဝန်ခံခဲ့ပြီးဖြစ်ရာ ထွေထွေထူးထူးပြောစရာမရှိတော့ပေ။

နှမြောစရာကောင်းတာက အခုဆို ငါ့ဂုဏ်သိက္ခာလည်းပျက်စီးသွားပြီ၊ မဟုတ်ရင် ဟိုတုန်းက ရှန်တုပိုင် လုပ်ခဲ့သလိုပဲ ငါက ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အသာစီးရယူ၊ သူ့ကို တရားစီရင်လို့ရနိုင်သေးတယ်၊ သူ့ကို ခွေးတစ်ကောင်လိုသဘောထားပြီး စိတ်ကြိုက်ကစားလို့ရနိုင်သေးတယ်...

နတ်ဆိုးဘုံသည် ယခင်ကဲ့သို့မဟုတ်တော့ချေ။ လေထုထဲတွင် သွေးညှီနံ့များရောယှက်နေပြီး တိုးညှင်းသောငိုရှိုက်သံများက နေရာအနှံ့ပဲ့တင်ထပ်နေသည်။ လမ်းမများပေါ်တွင် နတ်ဆိုးအနည်းငယ်သာရှိပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် မြေပြင်ပေါ်ရှိ နတ်ဆိုးသွေးအိုင်များကို တွေ့မြင်နေရသည်။

နတ်ဆိုးဘုံရှိ ချီပိုင်ကျောင်းတော်သည် ပျက်စီးနေပြီး ချီပိုင်ရုပ်တုကို နတ်ဆိုးအသားပုံများပေါ်သို့ပစ်ချထားသည်။

ဖြူစင်သောရုပ်တုသည် သွေးများပေကျံနေသော်လည်း နှုတ်ခမ်းထောင့်စွန်းများကပြုံးနေဆဲဖြစ်ရာ ကြက်သီးထဖွယ်ကောင်းလှသည်။

ကျီချောင်ချင် ဇဝေဇဝါဖြစ်သွားသည်။ သူမသည် ချီပိုင် ကျောင်းတော်တွင် ရှန်တုပိုင်ကို နတ်ဆိုးသခင်အဖြစ်မှတ်မိခဲ့ပြီး နောက်ပိုင်းတွင် ရှန်ကျွင်းသည် သူမပေးခဲ့ဖူးသော ရှန်တုပိုင်၏ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် ချီပိုင်ရုပ်တုကိုချေမွပစ်ခဲ့သည်။ ရှန်တုပိုင်က ချီပိုင်ရုပ်တုဖြင့် တစ်ခုခုကြံစည်နေသည်လား။

ဒါပေမယ့် ဘာလို့ နတ်ဆိုးမျိုးနွယ်စုရဲ့ချီပိုင်ရုပ်တုက ထပ်ပြီးကျိုးပဲ့နေရတာလဲ၊ သူတို့ နတ်ဆိုးမျိုးနွယ်စုထဲမှာ ပြည်တွင်း စစ်ဖြစ်နေတာများလား...

နတ်ဆိုးမျိုးနွယ်သည် သွေးသားရင်းမြစ်ကို အမြဲ တန်ဖိုးထားကြသည်။ သွေးသားပိုမိုသန့်စင်လေလေ၊ အဆင့်မြင့်သောနတ်ဆိုးသတ္တဝါကို မွေးထုတ်ပေးနိုင်လေလေ ဖြစ်သည်။ ထော့်ပါအမည်ရှိသော နတ်ဆိုးမျိုးနွယ်ဘုရင့်မိသားစုသည် နှစ်ပေါင်းတစ်ထောင်တိုင်တိုင် အုပ်စိုးခဲ့ကြသည်။ ရှန်တုပိုင်၏ကျင့်ကြံခြင်းစွမ်းအားမြင့်မားသော်လည်း နတ်ဆိုးဘုံကို လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထော့်ပါဘုရင့်မိသားစု၏ ဩဇာလွှမ်းမိုးမှုသည် နက်ရှိုင်းစွာအမြစ်တွယ်နေသောကြောင့်ဖြစ်သည်။ သူတို့၏အာဏာကို လုံးဝ အမြစ်ဖြတ်ချေမှုန်းရန် အနည်းဆုံးနှစ်ပေါင်း ၅၀၀ ခန့်ကြာပေလိမ့်မည်။

ကျီချောင်ချင်၏မျက်လုံးများ ရုတ်တရက်အရောင်တောက်သွားသည်။

ရှန်တုပိုင် နတ်ဆိုးဘုံကိုပြန်ရောက်ရောက်ချင်း သူ့ဒဏ်ရာကို ကုသဖို့အချိန်မရခင်မှာပဲ နတ်ဆိုးမျိုးနွယ်ရဲ့ပုန်ကန်မှုကို နှိမ်နင်းရမယ်မဟုတ်လာ၊ ဒါဆို သူ ပိုပြီးအားကုန်သွားမှာပေါ့...

ထို့ကြောင့် ကျီချောင်ချင်သည် နတ်ဆိုးဘုံရှိ အခမ်းနားဆုံးနန်းတော်ကို ချက်ချင်းရှာဖွေလေသည်။ ရှန်တုပိုင်သည် ထျန်းရွှမ်ဂိုဏ်းတွင်ရှိစဉ်က အမြင့်ဆုံးနှင့်အကြီးဆုံး တောင်ထိပ်တွင်နေထိုင်ခဲ့သလို၊ ချန်ချင်းဂိုဏ်းသို့ရောက်သောအခါတွင်လည်း ထိုအတိုင်းပင်နေထိုင်ခဲ့သည်။ ယခု နတ်ဆိုးဘုံသို့ ရောက်နေချိန်တွင်လည်း သူသည် နိမ့်ကျသောနေရာ၌ နေမည်မဟုတ်ပေ။

သူမသည် လုံခြုံရေးတင်းကျပ်ထားသော နတ်ဆိုးမျိုးနွယ်စုနေရာတစ်ခုသို့ ခိုးဝင်လိုက်သည်။ ထိုနေရာသည် အရေးပါသောပုဂ္ဂိုလ်တစ်ဦး၏ နေအိမ်ဖြစ်ပုံရပြီး အလွန်ခမ်းနားထည်ဝါသည်။

ကျီချောင်ချင်သည် တောင်ထိပ်တစ်ခုလုံးတွင် တည်ဆောက်ထားပြီး ချောက်ကမ်းပါးများဝန်းရံထားသော အကြီးဆုံးနန်းတော်ကိုတွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တကယ့်ကို ခမ်းနားလှပေသည်။

ငါသာ နတ်ဆိုးဘုံကိုအုပ်စိုးရရင် ဒီနေရာမှာပဲ သေချာပေါက်နေမှာ၊ မိုက်လိုက်တာ...

တောင်ပေါ်သို့ရောက်သောအခါ ကျီချောင်ချင်သည် သစ်ပင်တစ်ပင်ပေါ်သို့ တက်လိုက်သည်။ သူမသည် ရှန်တုပိုင်ကို ဒုက္ခပေးရန် ဘာဆက်လုပ်ရမလဲ စဉ်းစားနေရင်း တဖက်တွင်လည်း ရှာဖွေနေတာကြာပြီဖြစ်သော်လည်း သူ့ကို ဘာလို့မတွေ့ရသေးသလဲ ဟု တွေးတောနေမိသည်။

နတ်ဆိုးဘုံသည် အမြဲတစေ အမှောင်ထုဖုံးလွှမ်းနေပြီး ယခုအခါ နတ်ဆိုးအငွေ့အသက်များပြည့်နှက်နေသဖြင့် ပို၍ပင်မှောင်မိုက်နေသည်။ ကျီချောင်ချင် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည်။ ရှန်တုပိုင် ဒီမှာမရှိတာများလား... ရှိရင် ဘာလို့မတွေ့ရတာလဲ...

ဤနန်းတော်တွင် အစီအရင်များ၊ ထောင်ချောက်များမရှိပေ။ သာမန်နန်းတော်ကြီးတစ်ခုကဲ့သို့ပင်ဖြစ်ပြီး ခမ်းနားထည်ဝါ သည်မှလွဲ၍ ထူးခြားမှုမရှိချေ။

သို့သော် အခြားအရာတစ်ခုရှိနေသည်။ ကျီချောင်ချင် စိမ့်ခနဲအေးစက်မှုကို ခံစားလိုက်ရသည်။

သူမ၏ဝိညာဉ်စွမ်းအင်သည် နက်ရှိုင်းလှသဖြင့် သာမန်အအေးဓာတ်လောက်ကို သတိထားမိမည် မဟုတ်ပေ။ ဤနန်းတော်ရှိအအေးဓာတ်သည် ပုံမှန်မဟုတ်ချေ။

ကျီချောင်ချင်သည် အအေးဓာတ်လာရာအရပ်သို့ လျှောက်သွားလိုက်သည်။ ရှန်တုပိုင် ဤနေရာမှာ ရှိမနေဘူးဟု သံသယဝင်လာမိသည်။

ရှန်တုပိုင်သည် ဖမ်းဆုပ်ရခက်ပုံပေါက်သော်လည်း အမှန်တွင် သူသည် ကြွားဝါတတ်သောဒေါင်းတစ်ကောင်နှင့်တူသည်။ သူ ဒဏ်ရာပြင်းထန်စွာရထားရင်တောင်မှ သူမနှင့်တွေ့ဖို့ ငြင်းဆန်မှာမဟုတ်ဟု ကျီချောင်ချင် ယုံကြည်သည်။

ရုတ်တရက် ကျီချောင်ချင် ခြေလှမ်းရပ်တန့်သွားသည်။

အလှမ်းမဝေးသောနေရာရှိ ဇီးပင်အောက်တွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးရပ်နေသည်။ ဇီးပန်းများဝေဆာနေသဖြင့် သူ့ပုံသဏ္ဌာန်ကိုကွယ်နေပြီး ဝတ်ရုံစွန်းကိုသာ လှမ်းမြင်နေရသည်။

နွေဦးပေါက်ကာလတွင် ဇီးပန်းများပွင့်နေခြင်းကို ကျီချောင်ချင် မအံ့ဩမိပေ။ နတ်ဆိုးဘုံတွင်မပွင့်မှသာ ထူးဆန်းပေလိမ့်မည်။ သူမသည် ထိုအမျိုးသား၏ ကျောပြင်ကိုသာ စိုက်ကြည့်နေပြီးနောက် တိတ်တဆိတ်နောက်ပြန်ဆုတ်လိုက်သည်။

ထိုလူမှာ ရှန်ကျွင်းဖြစ်သည်။ သူ ပုံမှန်ဝတ်နေကျပုံစံ ပြောင်း လဲထားသော်လည်း သူမ တစ်ချက်ကြည့်ရုံဖြင့်မှတ်မိလိုက်သည်။

ကျီချောင်ချင် ကိုယ့်ကိုကိုယ်အတွေ့မခံချင်ပေ။ အဓိကအကြောင်းရင်းမှာ ရှန်ကျွင်းရှေ့တွင် အနည်းငယ်အပြစ်ရှိသလို ခံစားနေရသောကြောင့် ဖြစ်သည်။

နတ်ဆိုးတစ်ကောင်က ရှန်ကျွင်းကို ရိုသေစွာပြောလိုက်သည်။

"သခင်လေး... သူ ထွက်ပြေးသွားပါပြီ"

ရှန်ကျွင်း စကားပြန်မပြောပေ။

ထိုစကားပြောလိုက်သောနတ်ဆိုးကို ကျီချောင်ချင် မှတ်မိလိုက်သည်။ သူသည် နတ်ဆိုးဘုံ၏ ဘုရင့်မိသားစုဝင်ထော့်ပါကျီဖြစ်သည်။ နတ်ဆိုးဘုံ၏မူလစည်းမျဉ်းများအရ သူသည် နောက်ထပ် နတ်ဆိုးသခင်ဖြစ်လာရမည်ဖြစ်သော် လည်း ရှန်တုပိုင် ဝင်ရောက်စွက်ဖက်ခဲ့သဖြင့် နတ်ဆိုးဘုံကိုဖျက်ဆီးသော ဗီလိန်တစ်ဦးဖြစ်လာခဲ့ရသည်။

ထော့်ပါကျီကို ရှန်တုပိုင်သတ်လိုက်ပြီဟု ကျီချောင်ချင်ထင်ခဲ့သော်လည်း သူ အသက်ရှင်နေသေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အသက်ရှင်ရုံသာမက သူမရှေ့တွင်ပါပေါ်လာခဲ့သည်။

သူက ရှန်ကျွင်းကိုဘယ်လိုလုပ်သိနေတာလဲ...

ကျီချောင်ချင်ဇဝေဇဝါဖြစ်သွားပြီး ထွက်သွားရမလား၊ ဆက်နေရမလား ဝေခွဲမရဖြစ်နေသည်။

သူမ ထွက်သွားချင်သည်။ အကြောင်းမှာ ယခင်က ရှန်တုပိုင်ကိုတိုက်ခိုက်ရန် ရှန်ကျွင်းနှင့်ပူးပေါင်းခဲ့သော်လည်း ချန်ဝမ်ရှန်းခေါ်သွားပြီးနောက် သူမပြန်မလာခဲ့ပေ။ ရှန်ကျွင်းအမြင်တွင် သူမသည် ချန်ဝမ်ရှန်းနှင့်ထွက်ပြေးသွားကာ ချန်ဝမ်ရှန်းစကားကိုယုံပြီး ပြန်မလာတော့ဘူးဟု ထင်ကောင်းထင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ မဟာမိတ်ကိုသစ္စာ ဖောက်ခြင်းပင်။ ရှန်ကျွင်းသာ သူမကို ဤနေရာတွင်တွေ့ပါက ချက်ချင်းသတ်ပစ်လောက်သည်။

သူမ ဆက်နေချင်သည်။ အကြောင်းမှာ ရှန်ကျွင်းက ထော့်ပါကျီကို အဘယ်ကြောင့်သိနေရသလဲဆိုတာကိုသိချင်သော ကြောင့်ဖြစ်သည်။

အတွေးနှစ်ခုသည် သူမခေါင်းထဲတွင်လွန်ဆွဲနေပြီး ကျီချောင်ချင် အကြာကြီးတုံ့ဆိုင်းနေပြီးမှ အဆုံးတွင်ဆောင့်ကြောင့် ထိုင်ချလိုက်ကာ သူတို့ပြောစကားကို ခိုးနားထောင်ရန် ကြိုးစားလိုက်သည်။

"သခင်လေး... နောက်တစ်ဆင့်က ကျွန်တော်တို့ နတ်ဆိုးဘုံကိုပြန်လည်ဖွဲ့စည်းဖို့ အခွင့်အရေးကောင်းပါပဲ၊ အဲ့ဒီအချိန် ကျရင် ကျွန်တော် သခင်လေးကို နေရာတစ်ခုပေးပါမယ်... သခင်လေးက..."

ရှန်ကျွင်းက ထော့်ပါကျီ၏စကားကို ဖြတ်ပြောလိုက်ရာ ထော့်ပါကျီ၏မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများပေါ်လာသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး!"

ဘာကို ကျေးဇူးတင်တာလဲ...

ကျီချောင်ချင် ပိုကြားရအောင် ရှေ့ကိုတိုးချင်သဖြင့် ဂရုတ စိုက်နှင့် ခြေလှမ်းနှစ်လှမ်းတိုးလိုက်သည်။ သူမ ပြန်မော့ ကြည့်လိုက်သောအခါ သူမရှေ့တွင် ဘယ်သူမှရှိမနေတော့ သည်ကို တွေ့လိုက်ရသည်။

အလိုအလျောက်ပင် ကျီချောင်ချင် ဘေးဘက်သို လှိမ့်ရှောင်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ထော့်ပါကျီသည် ကျီချောင်ချင် အစောကရပ်နေသောနေရာ၌ ပေါ်လာလေသည်။

ကျီချောင်ချင်ရပ်လိုက်သည်။ ရှန်ကျွင်း ပေါ်မလာသည်ကိုမြင်သောအခါ စိတ်သက်သာရာရသွားပြီး သတ္တိပြန်ဝင်လာသည်။

"ထော့်ပါကျီ... နင် ငါ့ကိုတောင်လုပ်ကြံရဲတယ်ပေါ့၊ ငါ နင့်ကို သတ်မှာမကြောက်ဘူးလား"

ထိုပါကျီသည် ကျီချောင်ချင်ကိုမှတ်မိသွားပြီး မျက်နှာမှာမာကျောသွားသည်။

"ကျီချောင်ချင်... ဒီနေ့ ငါ့အဖေအတွက်လက်စားချေဖို မင်းကိုသတ်မယ်!"

သူ့အဖေအတွက် လက်စားချေချင်တာလား၊ သူက အရည် အချင်း မပြည့်မီသေးပါဘူး၊ ကျီချောင်ချင် သူ့အတိတ်ကြောင်းကို စိတ်မဝင်စားပေ။ သူမ ဖြည်းဖြည်းချင်းမေးလိုက်သည်။

"အခုနက နင် စကားပြောနေတဲ့လူက ဘယ်သူလဲ၊ နင်တို ဘာတွေပြောနေကြတာလဲ"

ထိုပါကျီက မဲ့ပြုံးပြုံးလိုက်ပြီး ဓားဖြင့် ကျီချောင်ချင်ကိုချိန်ရွယ်လိုက်သည်။

"ငါက ဘာလိုပြောပြရမှာလဲ!"

ကျီချောင်ချင်သည် သူ့ကိုအရေးမစိုက်ပေ။

"ပြောပြရင် နင့်အသက်ကို ငါချမ်းသာပေးချင်ပေးနိုင်တယ်"

လေထုသည်ပိုမိုအေးစက်လာပြီး ပတ်ဝန်းကျင်ရှိ အပင်များတောင့်တင်းကာ ရေခဲချောင်းများဖြစ်သွားသည်ကိုပင် ကျီချောင်ချင်ခံစားလိုက်ရသည်။

ဒါက သိပ်ကိုထူးဆန်းလွန်းတယ်...

All Chapters