အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
🍃 Chapter 151
"ရှူး... ဒီနေ့ ရှန်ကျွင်းက ငါတိုကို ဒီနေရာကိုခေါ်လာတာ တိုက်ခိုက်ခိုင်းဖိုမဟုတ်ဘူး"
ရှန်ကျွင်းက သူမကို ဒီခေါ်လာတာလား?
ရှန်တုပိုင်သည် ဝေးကွာသောမိုးကုပ်စက်ဝိုင်းဆီသို လှမ်းကြည့်လိုက်သည်။
"ဟိုမှာသူရောက်လာပြီ ချောင်ချင်... ငါတို လောင်းကြေးထပ်ကြမလား၊ ဒီည ဖုန်းလိုင်ဂိုဏ်း ပျက်စီးမှာမဟုတ်ဘူး၊ ပြီးတော့ သေရမယ့်လူက ရှန်ကျွင်းဖြစ်လိမ့်မယ်ဆိုပြီး ငါလောင်းတယ်"
ကျီချောင်ချင်သည် သူကြည့်ရာဘက်သို မသိစိတ်မှ လိုက်ကြည့်မိသည်။ အဝေးတစ်နေရာ၌ ရေတွက်၍ မရနိုင်သော နတ်ဆိုးလမ်းစဉ်မှစွမ်းအားရှင်များ စုဝေးရောက်ရှိနေကြပြီး ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုကဲ့သိုဖြစ်ပေါ်ကာ ရှိရင်းစွဲမှိန်ဖျော့နေသောလရောင်ကိုပါ လုံးဝဖုံးကွယ်သွားစေသည်။
သူတိုသည် အငြိုးအတေးအပြည့်ဖြင့် မကောင်းသောရည် ရွယ်ချက်များ ရှိနေကြောင်း ထင်ရှားလှသည်။
နတ်ဆိုးတပ်ဖွဲ၏ရှေ့ဆုံးတွင် ထော့်ပါကျီသည် တက်ကြွရွှင်လန်းစွာရပ်နေပြီး သူ့ဘေးရှိလူတစ်ဦးကို ရိုသေစွာစကားပြောဆိုနေသည်။
ထော့်ပါကျီ၏ရှေ့တွင် မတ်တပ်ရပ်နေသူမှာ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ရှန်ကျွင်း ဖြစ်သည်။
ရှန်ကျွင်း၏မျက်နှာထားမှာ နှင်းဖုံးတောင်တန်းကဲ့သို နက်ရှိင်းရာမှ အမာကျောဆုံးရေခဲတုံးပမာ အေးစက်ပြီး ဂရုမစိုက်ဟန်ပေါ်နေသည်။ သူ့မျက်လုံးထဲတွင် မည်သူ့ကိုမျှ အရေးလုပ်ခြင်းမရှိ၊ နတ်ဆိုးမျိုးနွယ် တော်ဝင်မိသားစုဝင် ထော့်ပါကျီသည်ပင် သူ့ရှေ့၌ ခါးကိုင်းအရိုအသေပေးနေရသည်။
သူ့နောက်မှစွမ်းအားရှင်များသည် ဖုန်းလိုင်ဂိုဏ်းမှ ကျင့်ကြံသူများကို အငမ်းမရလိုချင်နေကြသော်လည်း မည်သူမျှမလှုပ်ရှားရဲကြပဲ တစ်ချက်ပင် မကြည့်ရဲကြပေ။ သေမင်း တမန်ရှန်ကျွင်း၏ ခြိမ်းခြောက်နိုင်စွမ်းအားမှာ ကြီးမားလွန်းလှသည် မဟုတ်ပါလော။
နတ်ဆိုးဘုံမှထွက်ပြေးရန်ကြိုးစားကြသည့်နေ့က ရှန်ကျွင်းသည် လူ့ပြည်သိုသွားရာလမ်း၌ တစ်ကိုယ်တော်ဓားကိုင်ကာ စောင့်ကြိုနေခဲ့ပြီး သူ့ကို စိန်ခေါ်ရဲသမျှနတ်ဆိုးတိုင်းကို သတ်ဖြတ်ခဲ့သည်။
ရူးသွပ်နေသောနတ်ဆိုးကောင်များမှာ များပြားလွန်းလှသည်။ သူတိုသည် နတ်ဆိုးဘုံမှထွက်ခွာရန် အလွန်စိတ်အားထက်သန်နေကြသဖြင့် မကြောက်မရွံဘဲ လှိင်းလုံးများပမာ တစ်သုတ်ပြီးတစ်သုတ် တိုးဝင်လာခဲ့ကြသည်။ ရှန်ကျွင်းသည် ထိုပါရမီရှင်များကို ပုရွက်ဆိတ်တစ်ကောင်ကိုသတ် ဖြတ်သကဲ့သို အလွယ်တကူသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောခြောက်လက သူမ အိပ်စက်ခဲ့ရခြင်း၏ အကြောင်းရင်းမှန်ကို ကျီချောင်ချင် နားလည်သွားခဲ့သည်။ သူမသည် မျက်နှာမှလွဲ၍ ရှန်ကျွင်းနှင့် သူ့အတိတ်တို၏ ဆက်နွယ်မှုကို ကျီချောင်ချင် မမြင်တွေ့ရတော့ပေ။
သူသည် အေးစက်ပြီးစွမ်းအားကြီးမားကာ မျက်လုံးများမှာသွေးစွန်းနေသည်။ သူ့ထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ အလွန် ပြင်းထန်လှသည်။ ကျီချောင်ချင် နီးကပ်သွားလေ၊ လွှမ်းခြုံထားသော မကောင်း ဆိုးဝါးအငွေ့အသက်များကို ပိုမိုခံစားမိလေဖြစ်သည်။
ယခင်ကရှိခဲ့ဖူးသော ငြိမ်းချမ်းရိပ်များလုံးဝမကျန်ရှိတော့ပေ။ ကျီချောင်ချင် ကြောင်အမ်းသွားသည်။
ရှန်တုပိုင်က လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ချောင်ချင်... အရင်တုန်းက မင်း ထျန်းရွှမ်ဂိုဏ်းကို ဖျက်ဆီးခဲ့တုန်းက ကျင့်ကြံသူလောကက မင်းကို နတ်ဆိုးလိုသတ် မှတ်ပြီး နာမည်ရဖိုအတွက်ဝိုင်းသတ်ချင်ခဲ့ကြတယ်၊ နောက် ပိုင်း လူတွေကပြောကြတယ်၊ ထျန်းရွှမ်ဂိုဏ်းဆိုတာ နတ်ဆိုးသိုက်ပဲတဲ့၊ နင် ဖျက်ဆီးခဲ့တဲ့ ထျန်းရွှမ်ဂိုဏ်းက ငါ့ထိန်းချုပ်မှုအောက်မှာရှိနေတာဆိုတော့ ကျင့်ကြံသူမျိုးနွယ်စုတွေက နင့်ကိုပြန်လှည့်လာဖို အခွင့်အရေးပေးချင်ခဲ့ကြတယ်"
"ဒါပေမဲ့ ရှန်ကျွင်းကျတော့မတူဘူး၊ သူ သတ်ခဲ့တဲ့သူတွေကအရမ်းများလွန်းတယ်၊ သူ လမ်းမှန်ပြန်လျှောက်ချင်ရင် တောင် သူ့ရဲ့နတ်ဆိုးအငွေ့အသက်တွေက သူ့ကိုပြန်ဝါးမြိုသွားလိမ့်မယ်၊ အခု သူ ဘယ်လမ်းကိုရွေးရွေး လမ်းဆုံးပဲရှိတော့တယ်"
ကျီချောင်ချင် လေထု၏အေးစက်မှုကို ခံစားလိုက်ရသည်။
လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူမ သတိမလစ်ခင်တုန်းက ရှန်ကျွင်းဆီကအငွေ့အသက်တွေပြောင်းလဲနေပြီ၊ အရင်က သူကနွေးထွေးပေမဲ့ နောက်ပိုင်းစိတ်ခံစားချက်မထိန်းနိုင်ရင် အေးစက်စက်အငွေ့အသက်တွေ ထွက်လာတတ်တယ်၊ အခုကြည့်ရတာ အဲဒီ အအေးဓာတ်က ရှန်ကျွင်းရဲ့နတ်ဆိုးအငွေ့အသက်တွေဖြစ်ပုံပဲ...
သူ အဲဒီတုန်းကတည်းက သူ့ကိုယ် သူ မထိန်းချုပ်နိုင်တော့တာလား၊ ရှန်ကျွင်းကို သူမ လုံးဝနားမလည်တော့သလိုပဲ။
ရှန်ကျွင်းသည် ထိုစဉ်က လူများစွာကိုမသတ်ခဲ့ကြောင်း ကျီချောင်ချင်မှတ်မိနေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူ့နတ်ဆိုးအငွေ့အသက်များ ဤမျှပြင်းထန်နေရသနည်း။ အခြားအကြောင်းအရင်းများရှိနေဦးမည်လား။
အစီအရင်ဗဟိုချက်ထဲတွင် အမည်မသိစွမ်းအားတစ်ခုရှိနေကြောင်း ရှန်ကျွင်းပြောဖူးသည်ကို ကျီချောင်ချင် ရုတ်တရက်သတိရလိုက်သည်။ အစီအရင် ဗဟိုချက်ကြောင့်ဖြစ်နေမလား?
ထိုသို့တွေးလိုက်မိပြီးနောက် ကျီချောင်ချင့် စိတ်နှလုံးအစုံမှာ လေးလံသွားတော့သည်။
ရှန်ကျွင်း မေးကို အနည်းငယ်ပင့်လိုက်သည်နှင့် ထော့်ပါကျီ သည် ရှေ့သိုတိုးကာ ကောင်းကင်ယံထက်မှနေ၍ အသံကုန်ဟစ်အော်လိုက်သည်။
"ဟေ့ကောင်ကြီး ဖေးယွမ်... ထွက်ခဲ့စမ်း! ငါတို စိန်ခေါ်တာကိုလက်ခံပြီးမှ ခေါင်းရှောင်နေတာ သူရဲဘောကြောင်လွန်းမနေဘူးလား, ကျင့်ကြံသူတွေ အကုန်လုံးက ဒီလိုပဲခေါင်းဝှက်ပြီး အမြီးဖော်နေတတ်ကြတာလားကွ!"
ဖုန်းလိုင်ဂိုဏ်းမှအကြီးအကဲတစ်ဦးက ဒေါသတကြီးပြန်အော်လေသည်။
"မင်းက ဘာကောင်မိုလိုလဲ၊ မင်းတိုလိုညစ်ပတ်တဲ့ကောင်တွေနဲ့ယှဉ်ဖို ငါတိုရှိရင်လုံလောက်ပြီ၊ ငါတို ဂိုဏ်းချုပ်ကိုတွေ့ဖို မင်းတိုကအရည်အချင်းမမီဘူး!"
လူအုပ်စုနှစ်ဖက်လုံး အပြန်အလှန်ဆဲဆိုကြိမ်းမောင်းကြတော့သည်။ ဤသည်မှာ အမှန်တရားလမ်းစဉ်နှင့်နတ်ဆိုးလမ်းစဉ်တို တိုက်ခိုက်ကြတော့မည်ဆိုလျှင် မဖြစ်မနေ လုပ်ရိုးလုပ်စဉ်တစ်ခုသဖွယ်ဖြစ်နေလေသည်။ လွန်ခဲ့သောနှစ်တစ်ရာကလည်း ဤအတိုင်းပင်ဖြစ်ပြီး နှစ်တစ်ရာကြာပြီးသည့်တိုင် ဤအတိုင်းပင်ဖြစ်နေဆဲပင်။
ခေတ္တမျှ အပြန်အလှန်စော်ကားပြောဆိုပြီးနောက် ထော့်ပါကျီသည် အဆုံးတွင်စိတ်မရှည်တော့ပေ။
"မင်းတိုဂိုဏ်းချုပ်က ထွက်လာမှာလား၊ မလာဘူးလား၊ မထွက်လာရင်တော့ စိန်ခေါ်မှုစည်းမျဉ်းတွေကိုမလိုက်နာဘူးဆိုပြီး ငါတိုကိုအပြစ်မတင်နဲ့တော့!"
ဖုန်းလိုင်ဂိုဏ်း အကြီးအကဲတစ်ဦးက ပြန်လှန်ချေပသည်။
"မင်းတိုလိုနတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေကများ စည်း မျဉ်းစည်းကမ်းနားလည်လိုလား၊ ရယ်စရာကောင်းလိုက်တာ! အားလုံး ငါ့ဆီလာခဲ့ကြစမ်း! ငါတစ်ယောက်တည်းနဲ့ မင်းတိုအားလုံးကို သတ်ပစ်..."
"နေကြပါဦးရှင်..."
အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။
🍃 Chapter 152
"လွန်ခဲ့တဲ့နှစ်တစ်ရာက နတ်ဆိုးစစ်ပွဲဆိုတာ အမှန်တရား ဘက်တော်သားတွေရော၊ နတ်ဆိုးတွေအတွက်ပါ ကပ်ဘေးကြီးတစ်ခုဖြစ်ခဲ့တယ်။ ဒီမှာရှိနေတဲ့ လူအများစုကလည်း အဲဒီစစ်ပွဲမှာပါဝင်ခဲ့ကြဖူးသူတွေချည်းပါပဲ၊ အခု ခင်ဗျားတိုက နောက်ထပ်စစ်ပွဲတစ်ခုထပ်ဖန်တီးပြီး ကိုယ်တိုင်ရော၊ ကိုယ့်သားစဉ်မြေးဆက်တွေကိုပါ အဆုံးမရှိတဲ့ပဋိပက္ခတွေထဲဆွဲခေါ်သွားချင်ကြတာလား"
ထိုသိုပြောလိုက်သူမှာ ကျီချောင်ချင်ဖြစ်သည်။ အမှန်တကယ်တော့ သူမဝင်ပါရန် ရည်ရွယ်ချက်မရှိသော်လည်း ရှန်ကျွင်းမှာ ဤပဋိပက္ခထဲတွင် နက်ရှိင်းစွာပါဝင်ပတ်သက်နေပြီဖြစ်ရာ သူမလက်ပိုက်ကြည့်မနေနိုင်တော့ပေ။
ကျီချောင်ချင်က ဆက်ပြောသည်။
"ဘာလို ကျွန်မတိုထိုင်ပြီး ဆွေးနွေးလိုမရကြတာလဲ၊ သတ်ကြဖြတ်ကြတာက ဘာအဓိပ္ပာယ်ရှိလိုလဲ"
ထော့်ပါကျီသည် စကားပြောသူမှာသာမန်ရုပ်ရည်သာရှိပြီး ကျင့်ကြံဆင့်မှာလည်း အလွန်ဆုံးမှ မူလဝိညာဉ်အဆင့်သာရှိသည်ကို မြင်လိုက်ရသဖြင့် ဆက်ကြည့်ရန်စိတ်မဝင်စားတော့ပေ။ သူက မထီမဲ့မြင်ပြုလိုက်သည်။
"မင်းက ဘာကောင်မိုလိုလဲ! ငါတို..."
ဝုန်း
ရုတ်တရက်ဆိုသလို ထော့်ပါကျီမှာ ကြီးမားလှသောစွမ်းအား တစ်ခုကြောင့် မြေကြီးပေါ်သိုလွင့်စင်သွားတော့သည်။ သူကုန်းရုန်းထလိုက်ပြီးနောက် ရုတ်တရက် အမြင်အာရုံနှင့်အကြားအာရုံများ ကြည်လင်ပြတ်သားလာသည်ကို သတိပြုမိလိုက်သည်။ စကားပြောလိုက်သူကိုမော့ကြည့်လိုက်ရာ ကျီချောင်ချင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထော့်ပါကျီ "..."
သြော်... မရီးဖြစ်နေတာကိုး၊ ငါ့မျက်စိကလည်း ကန်းလိုက်တာ၊ ဒါပေမဲ့ သူ့စွမ်းအားတွေက ဒီလောက်မြင့်မားနေမှတော့ ငါ ဘာတတ်နိုင်မှာလဲ...
ကျီချောင်ချင်သည် ထော့်ပါကျီ ရုတ်တရက် လေထဲတွင်ဂျွမ်းပစ်လိုက်သကဲ့သို လွင့်စင်သွားသည်ကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ထိုစဉ် ထော့်ပါကျီ မျက်နှာကိုသုတ်ကာ မတ်တပ်ထရပ်လိုက်သည်ကို သူမတွေ့လိုက်ရသည်။ သူ့မျက်နှာထားမှာ ယခင်ကကဲ့သို မောက်မာခြင်းမရှိတော့ပေ။
"ဒီက ကျင့်ကြံသူကြီး..."
ထော့်ပါကျီသည်လေးစားမှုရှိသော်လည်း အလွန်ရင်းနှီးလွန်းမနေစေမည့်အသုံးအနှုန်းကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
"ကျုပ်က နတ်ဆိုးတစ်ကောင်ပါ၊ ပြီးတော့ ကျုပ်ညီအစ်ကိုတွေက ခင်ဗျားပြောတဲ့နတ်ဆိုးသတ္တဝါတွေပါ၊ ကျုပ်တိုက မကောင်းမှုလုပ်ဖိုမွေးဖွားလာကြတာလေ၊ တခြားဘာလုပ်ရမှာလဲ"
အခြားနတ်ဆိုးတစ်ကောင်ကလည်း ခေါင်းညိတ်ထောက်ခံ သည်။
"ဟုတ်တယ်! ကျုပ်တိုကိုအိမ်ပြန်ပြီး လယ်လုပ်ခိုင်းမလိုလား၊ ပျင်းစရာကြီးဗျာ!"
"ခင်ဗျားတိုကျင့်ကြံသူတွေကကျတော့ လောကကြီးက သက် ရှိသတ္တဝါတွေအားလုံးကို အုပ်စိုးခွင့်ရှိပြီး ကျုပ်တိုနတ်ဆိုးကျင့်ကြံသူတွေကျတော့ မရဘူးလားဗျ!"
"ဒါပေါ့! ငါတို ဒီကိုလာတာဝါးမြိုဖိုပဲ! မင်းတို ကျင့်ကြံသူတွေရော၊ လူသားပြည်ကလူသားတွေရော အားလုံး ငါတို အစာဖြစ်သွားစေရမယ်!"
ကျီချောင်ချင်၏ မျက်နှာထားအေးစက်သွားသည်။
"နင်တို..."
သူမစကားမဆုံးခင်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသောရှန်ကျွင်းမှာ စိတ်ရှည်သည်းခံနိုင်စွမ်းကုန်ဆုံးသွားပုံရသည်။ သူ လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် စွမ်းအားကြီးမားသော နတ်ဆိုးကျင့်ကြံသူ ဒါဇင်ပေါင်းများစွာထွက်ပေါ်လာပြီး ဖုန်းလိုင်ဂိုဏ်းသားများအပေါ်သို အလုအယက်ခုန်အုပ်လိုက်ကြတော့သည်။
ကျင့်ကြံသူများသည်လည်း လွယ်လွယ်နှင့် အလျှော့ပေးမည့်သူများမဟုတ်ကြရာ တစ်ခဏအတွင်း နေရာအနှံအပြား၌ သတ်ဖြတ်ပွဲကြီးစတင်ပါတော့သည်။ အခြေအနေများထိန်းချုပ်မရဖြစ်သွားပြီကို ကျီချောင်ချင် သိလိုက်သည်။
ပုံမှန်ဆိုလျှင် ဤကဲ့သို့ ထိန်းချုပ်မရသော အခြေအနေမျိုးနှင့်ကြုံတွေ့ရပါက ကျီချောင်ချင်သည် သူမလမ်းကိုပိတ်ဆို့နေသူ မည်သူ့ကိုမဆို ပြတ်ပြတ်သားသားသတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။
သို့သော် ယခုထိန်းချုပ်နေသူမှာ ရှန်ကျွင်းဖြစ်နေသဖြင့် ကျီချောင်ချင် ထိုသို့မလုပ်ရက်နိုင်အောင် ဖြစ်နေသည်။
ရေတွက်၍မရနိုင်သောနတ်ဆိုးများနှင့် ကျင့်ကြံသူများ အတူ တကွလဲကျသေဆုံးကုန်ကြပြီး မှိန်ဖျော့နေသောကောင်းကင်ကြီးသည် တဖြည်းဖြည်းနှင့် နီညိုရောင်ပြောင်းလဲသွားသည်။ အဆုံးမရှိသောထိုနေ့ရက်ဆိုးများ ပြန်ရောက်လာတော့မည့်အလားပင်။
ရှန်တုပိုင်သည် မည်သည့်အချိန်ကရောက်နေမှန်းမသိဘဲ ကျီချောင်ချင် ဘေးနားတွင်ပေါ်လာပြီး အေးဆေးစွာပြောလိုက်သည်။
"အလကားပဲ၊ လွန်ခဲ့တဲ့နှစ်တစ်ရာက အမှန်တရားနဲ့ နတ်ဆိုးလမ်းစဉ်ကြားကတိုက်ပွဲကို ချိတ်ပိတ်တဲ့ နည်းလမ်းနဲ့အဆုံး သတ်ဖို့ကြိုးစားခဲ့ကတည်းက ဒီနေ့ရောက်လာမယ်ဆိုတာ မင်းမျှော်လင့်ထားသင့်တာ"
အမှန်တရားနှင့်နတ်ဆိုးလမ်းစဉ်ကြား ပဋိပက္ခက ဘယ်တုန်း ကမှမပြေလည်ခဲ့ဖူးဘူး၊ အဲဒီတုန်းက ကျီချောင်ချင်ရဲ့နည်းလမ်းက တိုက်ပွဲဖြစ်မယ့်အချိန်ကို ရွှေ့ဆိုင်းလိုက်ရုံသက် သက်ပဲ၊ အခုတော့ စစ်ပွဲက ပြန်စနေပြီ၊ ဒါက ရှောင်လွှဲလို့မရတဲ့အရာတစ်ခုလို ဖြစ်လာပြီ...
ကျီချောင်ချင် "ဒါပေမဲ့ စစ်ပွဲကိုစတင်တဲ့သူက ရှန်ကျွင်းမဖြစ်သင့်ဘူး"
ကျီချောင်ချင်သည် မျက်နှာပေါ်မှဇာပဝါကိုဆွဲခွာလိုက်ပြီး သူမဘေးနားရှိ သရဲတစ္ဆေတစ်ကောင်ကို လက်ဝါးတစ်ချက် တည်းဖြင့် ရိုက်သတ်လိုက်သည်။
ချက်ချင်းပင် ကျီချောင်ချင် လေထဲသို့ပျံတက်သွားပြီး ကြီးမားသောနတ်ဆိုးနှိမ်နင်းရေးအစီအရင်တစ်ခုကိုလျင် မြန်စွာတည်ဆောက်ရန် သူမ၏ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ အစီအရင်သည် ကြီးမားသောဝိညာဉ်စွမ်းအားများ ပါဝင်နေသဖြင့် တောက်ပစွာလင်းလက်လာသည်။ အတွင်း၌ပိတ်မိနေသော သာမန်နတ်ဆိုးဝိညာဉ်များဆိုလျှင် ချက်ချင်းပျက်စီးသွားလောက်သည်။
ကျီချောင်ချင်သည် အစီအရင်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်ရာ မရေမတွက်နိုင်သောနတ်ဆိုးဝိညာဉ်များသည် သူမ၏အစီအရင်မှ မလွတ်မြောက်နိုင်ကြဘဲ ဝိညာဉ်များကွဲကြေပျက်စီးသွားသဖြင့် အော်ဟစ်ငိုယိုကြတော့သည်။
လူတိုင်းသည် လေထဲတွင် အနီရောင်ဝတ်စုံဖြင့် ရပ်နေသော ကျီချောင်ချင်ထံသို့ အလိုအလျောက် မော့ကြည့်လိုက်မိကြသည်။
အစီအရင်မှထွက်ပေါ်လာသော အပူလှိုင်းနှင့် လေပြင်းများကြောင့် သူမ၏ဆံနွယ်များဖရိုဖရဲလွင့်ပျံနေသော်လည်း သူမ၏ကျောပြင်မှာ မားမားမတ်မတ်ရှိနေဆဲပင်။ ဂုဏ်ယူဝင့်ကြွားမှုနှင့် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိနေပြီး သူမပတ်ဝန်း ကျင်ရှိ အရာအားလုံးကို ပုရွက်ဆိတ်များအလား သဘော ထားနေပုံရသည်။ ဘေးပတ်ပတ်လည်တွင် စီးဆင်းနေသော စွမ်းအားကြီးမားသည့်ဝိညာဉ်စွမ်းအင်များက သူမကို နတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
လူတိုင်း ကျီချောင်ချင်မျက်နှာကို မှတ်မိသွားကြပြီး အံ့သြတကြီးဖြစ်သွားကြလေသည်။
"ကျီချောင်ချင်! ကျီချောင်ချင်ပဲ! သူ တကယ် ပြန်လာတာပဲ!"
"ငါ သိသားပဲ! ငါတို့ကိုကယ်ဖို့ သူ သေချာပေါက် ပြန်လာမယ်ဆိုတာ!"
"ငါတို့တော့ ကယ်တင်ရှင်ရောက်လာပြီဟေ့!"
ကျင့်ကြံသူအားလုံးသည် ယခုအခါ ကျီချောင်ချင်ကို သူတို့၏ကယ်တင်ရှင်အဖြစ် ရှုမြင်နေကြပြီဖြစ်သည်။ လွန်ခဲ့ သောနှစ်ပေါင်းများစွာက သူမ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ယခုလည်း နတ်ဆိုးများကို သူတို့နေရာသို့ပြန်မောင်းထုတ်ပြီး နောက်တစ်ကြိမ် မော်မကြည့်ရဲအောင် စွမ်းဆောင်ပေးလိမ့် မည်ဟူသောမျှော်လင့်ချက်များဖြင့် သူတို့၏မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များတောက်ပလာကြသည်။
အောက်ဘက်တွင်တိုက်ခိုက်နေမှုများကို ငြိမ်သက်သွားအောင်လုပ်ပြီးမှ ရှန်ကျွင်းကို ကျီချောင်ချင် ကြည့်လိုက်မိသည်။
ယခု ရှန်ကျွင်းသည် သူမအတွက်အလွန် စိမ်းသက်နေသည်။ မည်မျှစိမ်းသက်နေသလဲဆိုလျှင် နတ်ဆိုးသတ္တဝါများကို ကျင့်ကြံသူများအားသတ်ဖြတ်ရန် လက်မြှောက်၍အချက်ပြလိုက်ချိန်၌ ကျီချောင်ချင် သူ့ကို မမှတ်မိလုနီးပါးဖြစ်သွားရသည်။
"ရှန်ကျွင်း... ပြန်လှည့်ပါတော့"
ရှန်ကျွင်းမျက်လုံးများသည် သွေးကဲ့သို့နီရဲပြီး နက်ရှိုင်းသောဂူများပမာ အေးစက်၍ဆိုးယုတ်နေသည်။ အတိတ်ကနူးညံ့သိမ်မွေ့မှုများကို လုံးဝရှာမတွေ့နိုင်တော့ပေ။ သူ သူမကိုကြည့်နေသည့်ပုံစံသည် အောက်ဘက်ရှိကျင့်ကြံသူများကို ကြည့်နေသည့်ပုံစံနှင့်ဘာမျှမခြားနားချေ။
"ကျီချောင်ချင်... မင်းက ငါလုပ်ထားတဲ့အစီအရင်ထဲကနေ လွတ်အောင်ထွက်လာနိုင်ခဲ့တာပဲ"
သူ့လေသံသည်အေးစက်နေပြီး သတ်ဖြတ်လိုသော ဆန္ဒများပုန်းကွယ်ပါရှိနေသည်။
ကျီချောင်ချင် အသက်ပြင်းပြင်းရှူလိုက်ပြီး ရင်ထဲ၌ ဖြစ်ပေါ်နေသော ဖော်ပြ၍မရသည့်ခံစားချက်များကို ဖိနှိပ်လိုက်သည်။
"ရှင် ဘာလို့ ကျွန်မကိုဖမ်းထားတာလဲ၊ ကျွန်မကို သတ်လိုက်တာက ရှင့်အတွက် ပိုအကျိုးရှိမှာမဟုတ်ဘူးလား"
ထော့်ပါကျီက ကျီချောင်ချင်ကိုပြုံးပြလိုက်သည်။
"မိန်းကလေးကျီ...
ကျုပ်တို့က ခင်ဗျားကိုဘယ်သတ်ပါ့မလဲ၊ အဲဒီအချိန်တုန်းက နတ်ဆိုးလမ်းစဉ်ရဲ့ချိတ်ပိတ်စည်းကမပွင့်သေးဘူးလေ၊ အဲဒီအချိန်မှာ ခင်ဗျားကိုသတ်လိုက်ရင် ကျုပ်တို့ကို ဂိုဏ်းတွေက ပစ်မှတ်ထားလာမှာပေါ့၊ နောက်ထပ်ချိတ်ပိတ်စည်းတစ်ခုထပ်လုပ်လိုက်ရင် ကျုပ်တို့ ဘယ်ပြေးစရာမြေရှိတော့မလဲ၊ ကျုပ်တို့ အဲဒီလောက်မအပါဘူး"
ထိုစကားများက ယုတ္တိရှိသလိုထင်ရသော်လည်း တစ်ခုခုလွဲနေသလို ကျီချောင်ချင်ခံစားလိုက်ရသည်။
ကျီချောင်ချင် ဤကိစ္စကို အကြာကြီးတွေးမနေတော့ပေ။ သူမကို ပိုစိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ရှန်ကျွင်း၏ သဘောထားပင်ဖြစ်သည်။
ရှန်ကျွင်းသည် အလွန်အေးစက်လွန်းသည်။ ယခင်ကကဲ့သို့ သူမအပေါ်အမုန်းတရားများရှိနေလျှင်ပင် ကျီချောင်ချင် ဤမျှစိတ်မကောင်းဖြစ်မိမည်မဟုတ်ပေ။
"ရှန်ကျွင်း... ရှင်ပြောဖူးတယ်လေ၊ ကောင်းမှုကုသိုလ်တွေပွားများပြီး လောကကြီးကိုကာကွယ်စောင့်ရှောက်မယ်ဆို၊ ရှင် မေ့သွားပြီလား"
ထိုစဉ်က သူမအား မကောင်းမှုဒုစရိုက်များကိုရပ်တန့်ပြီး ကောင်းမှုကုသိုလ်ပြုလုပ်ရန် ရှန်ကျွင်းပြောခဲ့ဖူးသည်။ ယခု သူတို့နှစ်ဦး၏နေရာများ ပြောင်းပြန် ဖြစ်သွားပြီဖြစ်ရာ ကျီချောင်ချင်၏ ခံစားချက်များမှာရှုပ်ထွေးနေသည်။
ရှန်ကျွင်းက တည်ငြိမ်စွာပြောလိုက်သည်။
"မင်း စကားတွေများလွန်းတယ်၊ ဖယ်စမ်း"
ထော့်ပါကျီက ဝင်ပြောသည်။
"မိန်းကလေးကျီ... အဲဒီတုန်းကဂိုဏ်းတွေက ခင်ဗျားကိုနတ်ဆိုးလို့စွပ်စွဲပြီး နေရာတိုင်းမှာသတ်မိန့်ထုတ်ခဲ့ကြတာလေ၊ ခင်ဗျား သူတို့ကိုမမုန်းဘူးလား၊ အခု ဒီကျင့်ကြံသူမျိုးနွယ်စုတွေ ကပ်ဘေးကြီးနဲ့ကြုံနေရတာကို ခင်ဗျားဝမ်းသာသင့်တာပေါ့! အခု ကျုပ်တို့လမ်းကိုပိတ်ရပ်နေတာ ကြည့်ရတာ ဂိုဏ်းအပေါ် သံယောဇဉ်ကျန်နေသေးလို့များလား"
ကျီချောင်ချင်သည်မစဉ်းစားဘဲ ပြန်အော်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ!"
ဂိုဏ်းရဲ့လုံခြုံရေးအတွက် သူမ ဘယ်လိုလုပ် ရောက်လာရမှာလဲ၊ သူမ ဒီကိုရောက်လာတာ ရှန်ကျွင်းအတွက်ဆိုတာ ရှင်းနေတာပဲဟာ!
ထော့်ပါကျီက ဆက်ပြောသည်။
"ကျုပ်ပြောတာ အဓိပ္ပာယ်မရှိဘူးဟုတ်လား၊ ဒါဆို ခင်ဗျား ဘာလို့ ဒီကိုရောက်လာတာလဲပြောစမ်းပါ၊ ကျုပ်တို့ရဲ့နတ်ဆိုးသခင်ကြီးကြောင့်တော့ မဟုတ်ပါဘူးနော်?"
ဟုတ်တယ်... သူ့ကြောင့်ပဲ
ရှန်ကျွင်းအပေါ်ထားရှိသော သူမ ခံစားချက်များကို အဆုံးတွင်နားလည်သွားပြီဟု ကျီချောင်ချင် ခံစားလိုက်ရသည်။
အမှောင်ထုထဲတွင်ရှိနေသူများသည် အလင်းရောင်၏ဆွဲဆောင်မှုမှ မလွတ်မြောက်နိုင်ကြပေ။ ကျီချောင်ချင်သည် တစ်ချိန်က ချောက်ကမ်းပါးထဲတွင်ရောက်ရှိနေခဲ့ဖူးပြီး ရှန်ကျွင်းသည် သူမအတွက် အလင်းရောင်တစ်စဖြစ်ခဲ့သည်။
အကြောင်းပြချက်ကမည်သို့ဖြစ်စေ သူ့ရှေ့ရောက်ပါက သူမ၏သတ်ဖြတ်ချင်စိတ်တွေကို ထိန်းချုပ်ပြီး မကောင်းမှုများဆက်မလုပ်ဖြစ်တော့ပေ။ ရှန်ကျွင်းကို အသုံးချဖို့လိုသည်ဟု သူမ အမြဲတွေးခဲ့ဖူးသော်လည်း သူ့ကို သူမအနားမှာထားခဲ့သည်။ ထိုအရာကိုပြန်စဉ်းစားကြည့်ပါက ရှန်ကျွင်း၏ အဖော်ပြုမှုကိုသာ သူမ လိုအပ်နေခဲ့တာမဟုတ်လား။
အမှောင်အတိကျနေသောလမ်းကို တစ်ယောက်တည်းလျှောက်ရတာ ပင်ပန်းလွန်းလှသည်။
ကျီချောင်ချင် သူ့ကိုခြွင်းချက်မရှိ၊ တစိုက်မတ်မတ် ချစ်ခဲ့သည်။ အထူးသဖြင့် ရှန်ကျွင်းကဲ့သို့ အလွန် သန်မာပြီးအေးစက်ကာ အပြစ်ပြောစရာမရှိအောင် လှပနေသည့်အခါ တစ်ပါးသူ၏ကိုယ်ကျိုးမဖက်သောမြတ်နိုးမှုအပေါ် မည်သူကမှမတုန်မလှုပ်မနေနိုင်ကြပေ။
ကျီချောင်ချင်အတွက်မူ ရှန်ကျွင်းသည် နက်ရှိုင်းသောချောက်ကမ်းပါးထဲမှ အလင်းရောင်တစ်စဖြစ်သည်။ သူမ သူ့ထံမှအကြည့်မခွာနိုင်ခဲ့ပေ။ ယခု ထိုအလင်းရောင်လေးထွက်ခွာသွားတော့မည်ဖြစ်ရာ သူမ၏ကိုယ်ပိုင်ခံစားချက်များကို နောက်ဆုံးတွင်နားလည်သွားပြီး ပိုင်ဆိုင်လိုစိတ်များ သူမအတွင်း၌ဖြစ်ပေါ်လာတော့သည်။
ကျီချောင်ချင် ပြောလိုက်သည်။
"ရှန်ကျွင်း... ရှင် သူတို့ကိုသတ်လို့မရဘူး၊ ရှင် နတ်ဆိုးစိတ် ဝင်လို့မရဘူး၊ ဒီနတ်ဆိုးကျင့်ကြံသူတွေကိုဦးဆောင်ပြီး ဂိုဏ်းကိုကျူးကျော်လို့မရဘူး"
ကျီချောင်ချင်၏ခွင်းလွန်ဓားသည် ရှန်ကျွင်းထံသို့ ဦးတည်နေသည်။
"ရှင့်ကို ပြန်လှည့်လာစေချင်တယ်"
ရှန်ကျွင်းသည် ကျီချောင်ချင်ကိုကြည့်လိုက်သည်။ သူ၏နီရဲသောမျက်ဝန်းများတွင် မည်သည့်နွေးထွေးမှုမျှမရှိပေ။
"ငါ လက်မခံရင်ရော?"
ကျီချောင်ချင်၏အကြည့်များက ခိုင်မာပြတ်သားနေသည်။
"ရှင်လက်မခံချင်ရင် လက်ခံလာတဲ့အထိ ကျွန်မရိုက်မယ်! ရှင့်ကိုပြန်ခေါ်သွားပြီး ပိတ်လှောင်ထားမယ်၊ တစ်ရက်နဲ့မလောက်ရင် တစ်လ၊ တစ်လနဲ့မလောက်ရင် တစ်နှစ်၊ နှစ်တွေဘယ်လောက်ကြာကြာ ရှင့်ကို ကျွန်မအနားမှာထားပြီး ရှင့်အသိစိတ်ပြန်ဝင်လာမယ့်နည်းလမ်းကို မရရအောင်ရှာမယ်!"
ကျီချောင်ချင် ထိုကဲ့သို့စကားမျိုးပြောလိမ့်မည်ဟု ရှန်ကျွင်း ထင်မှတ်မထားပုံရသည်။ သူ မျက်ခုံးပင့်လိုက်ပြီးနောက် နှုတ်ခမ်းကိုအနည်းငယ်တွန့်ကွေးလိုက်သည်။
ရှန်ကျွင်းနောက်မှ နတ်ဆိုးသတ္တဝါများသည် ရုတ်တရက်ရယ်မောလိုက်ကြသည်။ သူတို့၏ရယ်သံများမှာ အက်ကွဲပြီး နားထောင်ရဆိုးရွားလှသည်။
ရယ်သံများကြားထဲတွင် သူမစကားအပေါ်ထားရှိသော ရှန်ကျွင်း၏သဘောထားကို ကျီချောင်ချင် သတိပြုမိလိုက်သည်။
ခနဲ့တဲ့တဲ့နိုင်ခြင်း၊ အထင်သေးခြင်း၊ မနှစ်မြို့ခြင်း၊ ဒါက သူမစကားအတွက် သူပေးတဲ့အဖြေပါပဲ...
"ကျီချောင်ချင်... မင်းက တကယ်ရယ်စရာကောင်းတာပဲ"
ရှန်ကျွင်း၏လေသံမှာ ရေခဲတမျှအေးစက်နေသည်။