အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
🍃 Chapter 163
သူမအိပ်ပျော်သွားပြီးနောက် ရှန်ကျွင်း သူမဘေးတွင်ဝင်ထိုင်လိုက်သည်။ သူသည် ခံစားချက်များကို လွှတ်ချလေ့မရှိသော်လည်း ယခုအခါတွင်မူ ယဉ်ကျေးမှုများအားလုံးကို ဘေးဖယ်ထားလိုက်သည်။
သူသည် သေချာပေါက် သေဆုံးရမည့်အခြေအနေသိုရောက်ရှိနေပြီဖြစ်သည်။ ခွင်းလွန်ဓားအတွင်း၌ပါရှိသော နတ်ဆိုးစွမ်းအင်များသည် တစ်နေ့တွင် ပေါက်ကွဲထွက်လာပြီး ကျီချောင်ချင်ထံသိုပြန်ရောက်သွားကာ သူမသေဆုံးရလိမ့်မည်။ ရှန်ကျွင်း ဤအဖြစ်မျိုးကိုမမြင်လိုပေ။ ဤနတ်ဆိုးစွမ်းအင်များကို ရှန်တုပိုင်ထံသိုလည်း လွှပြောင်း၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခွင်းလွန်ဓားသည် ရှန်တုပိုင်၏ ပစ္စည်းမဟုတ်သလို သူနှင့်လည်းဆက်သွယ်၍ မရသောကြောင့်ဖြစ်သည်။
ထိုကြောင့် နတ်ဆိုးစွမ်းအင်များသည် ရှန်ကျွင်းထံ၌သာကိန်းအောင်းနိုင်ပြီး အဆုံးတွင်သူ့ကိုနှိပ်စက်ကာ မကောင်း ဆိုးဝါးတစ်ကောင်ဖြစ်သွားစေလိမ့်မည်။ ရှန်ကျွင်း လမ်းဆုံးသိုရောက်နေပြီ ဖြစ်သည်။
သူသည် ကျီချောင်ချင်ဘေးနားတွင် ဘာမှ မပြော၊ ဘာမှမလုပ်ဘဲ ရိုးရှင်းစွာထိုင်နေပြီး သူမကို တိတ်ဆိတ်စွာငေးကြည့်နေသည်။ သူ တည်ရှိနေရခြင်း၏ တစ်ခုတည်းသောအကြောင်းပြချက်ကို ငေးကြည့်နေခြင်းဖြစ်သည်။
ဤအချိန်တွင် ရှန်ကျွင်းသည် သူ့ကံကြမ္မာကို သိရှိပြီးဖြစ်သည်။
နတ်ဘုရားနှင့် မှော်စွမ်းအင်များ၏ကြီးမားသော ကောင်းချီး ပေးမှုဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်ကျွင်းသည် အနီရောင်ဝတ်စုံဝတ်ဆင်ထားသောကျီချောင်ချင်က ဖြူစင်သောခွင်းလွန်ဓားကို ကိုင်ဆောင်လျက် ပြတ်သားသောအကြည့်ဖြင့် သူ့နှလုံးသားကို ဓားဖြင့်ထိုးစိုက်လိုက်သည်ကိုမြင်တွေ့လိုက်ရသည်။
ဒါက သူ့ကံကြမ္မာပဲ...
ခွင်းလွန်ဓားကို သခင်ဖြစ်သူက အခြားတစ်ယောက်အားပေးအပ်ခဲ့ပြီး ထိုသူကဓားကိုအသုံးပြု၍ သခင်ကိုပြန်သတ်လျှင်ပင် နာခံရမည်ဟုအမိန့်ပေးခဲ့သည်။
သူ ထိုနေရာမှာထိုင်နေတာ ဘယ်လောက်ကြာသွားမှန်းမသိသော်လည်း သူ့ပခုံးပေါ်မှာမက်မွန်ပွင့်တွေ ဖုံးလွှမ်းသွားတဲ့အထိပင်။ သူက ကျီချောင်ချင်၏နားထင်စပ်ကပန်းပွင့်လေးတွေကို ညင်သာစွာ ဖယ်ရှားပေးကာ နူးညံ့စွာပြုံးလိုက်သည်။
"အားကျီ... အိပ်လိုက်ဦးနော်၊ မင်း နိုးလာတဲ့အခါ လောကကြီးက မင်းပိုင်တဲ့အရာဖြစ်နေလိမ့်မယ်၊ ပြီးတော့ ရှန်တုပိုင်လည်း မင်းအပိုင်ဖြစ်သွားလိမ့်မယ်"
ထို့နောက် ရှန်ကျွင်းသည် အရာအားလုံးကိုစီစဉ်ဆောင်ရွက်ခဲ့သည်။ သူ ဒေါသထွက်၍သတ်ဖြတ်ခဲ့သောသူများအားလုံးကို တမလွန်သို့ပို့ဆောင်ပေးပြီး ကောင်းမွန်သောဘဝသစ်တွင် ပြန်လည်ဝင်စားနိုင်စေရန် နတ်ဘုရားစွမ်းအားများကိုအသုံးပြုပေးခဲ့သည်။
ထို့နောက် သူသည် နတ်ဆိုးလမ်းစဉ်ကိုစတင်ဖြေရှင်းခဲ့သည်။ နတ်ဆိုးလမ်းစဉ်၏ချိတ်ပိတ်စည်းကို ရှန်တုပိုင်က ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ရှန်ကျွင်းသည် နတ်ဆိုးလမ်းစဉ်မှ လူ့လောကသို့မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်တွင်ရပ်ကာ နတ်ဆိုးတစ်ကောင်ထွက်လာလျှင် တစ်ကောင်သတ်ပြီး၊ နှစ်ကောင်ထွက်လာလျှင် နှစ်ကောင်သတ်ခဲ့သည်။
နတ်ဆိုးလမ်းစဉ်မှလွတ်မြောက်ချင်သော နတ်ဆိုးများမှာများပြားလွန်းလှသည်။ ရာစုနှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသဖြင့် သူတို့သည် လွတ်မြောက်ရန်နှင့် လူ့လောကကိုဒုက္ခပေးရန် အလွန်စိတ်အားထက်သန်နေကြသည်။
ရှန်ကျွင်း နတ်ဆိုးများကိုပိုပို၍သတ်ဖြတ်ခဲ့သည်။ ယခင်က ကျီချောင်ချင်လုပ်ဆောင်ခဲ့သကဲ့သို့ပင် သူသည် လက် ကောက်ဝတ်ကိုတစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ချောက်ကမ်း ပါးနက်ကြီးတစ်ခုဖန်တီးနိုင်ပြီး သူ သတ်ဖြတ်ခဲ့သောနတ် ဆိုးများအားလုံးကို လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုအထဲသို့ပစ်ချနိုင်ခဲ့သည်။
သို့သော် သေဆုံးသူအရေအတွက်များပြားလွန်းသဖြင့် ချောက်ကမ်းပါးတစ်ခုတည်းဖြင့် မလုံလောက်တော့ရာ နောက်ထပ်ချောက်ကမ်းပါးတစ်ခု ထပ်မံဖန်တီးခဲ့ရသည်။ အဆုံးတွင် ညဉ့်ကောင်းကင်ယံသည် သွေးရောင်လွှမ်းသွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးအနီရောင်များပြည့်နှက်နေပြီး နေရာတိုင်းတွင် အငြိုးအတေးနှင့် မကောင်းဆိုးဝါး စွမ်းအင်များဖုံးလွှမ်းနေသည်။ အလောင်းတောင်ပုံရာပုံနှင့်သွေးပင်လယ်ကြီးသည် ကြီးကျယ်ခမ်းနားသည်ဟုပင်ဆိုရမလောက်ပင်။
ရက်ပေါင်းများစွာကြာပြီးနောက် ရှန်ကျွင်းသည် အဆုံးတွင် နတ်ဆိုးလမ်းစဉ်ကိုနှိမ်နင်းနိုင်ခဲ့သည်။
ထိုအချိန်တွင် ရှန်ကျွင်း ကျီချောင်ချင်ကိုသတိရလိုက်သည်။ အဘယ်ကြောင့်မှန်းမသိ မကြာသေးမီက ကျီချောင်ချင်သည် သူ့ကို အမှန်တကယ်မမုန်းတီးကြောင်း၊ သူဘာလုပ်လုပ် သူမ အမှန်တကယ်စိတ်ဆိုးမည်မဟုတ်ကြောင်း ခံစားချက်မျိုး ရရှိနေသည်။
ဒီလိုဖြစ်လို့မရဘူး၊ သူ့အပေါ်ထားတဲ့ သူမရဲ့ခံစားချက်တွေက သူ့အစီအစဉ်ကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်...
ဤသို့တွေးလိုက်ပြီးနောက် နောက်ဆုံးကျန်သော တစ်ယောက်ကိုသတ်ဖြတ်ပြီးသည်နှင့် ရှန်ကျွင်း ကျီချောင်ချင် ကိုနှိုးလိုက်သည်။
သူရူးသွပ်သွားပြီဆိုသည်ကို ကျီချောင်ချင် ကိုယ်တိုင်မျက် မြင်တွေ့စေချင်ပြီး သူ့ကိုလက်လျော့သွားစေချင်သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ကျီချောင်ချင် သူ့ကို အမှန်တကယ်စိတ်ပျက်သွားခဲ့သည်။ ရှန်ကျွင်းသည် တမင်သက်သက် ကျီချောင်ချင်ကိုချန်ဝမ်ရှန်းလာကယ်သွားစေခဲ့ပြီး အရာအားလုံးသည် သူ့အစီအစဉ်အတိုင်းဖြစ်လာခဲ့သည်။
ကျီချောင်ချင်သည် သူ့နှလုံးသားကိုခွင်းလွန်ဓားဖြင့် ထိုးစိုက်လိုက်သည့်အချိန်သည် ရှန်ကျွင်းအပျော်ရွှင်ဆုံးအချိန်ဖြစ် သည်။
ယခု ရှန်ကျွင်းသည် နတ်ဆိုးတစ်ကောင်ဖြစ်နေသည်။ ကျီချောင်ချင်က သူ့ကိုသတ်လိုက်ပြီဖြစ်ရာ သူမသည် လူတိုင်းအတွက်သူရဲကောင်းကြီး ဖြစ်လာပေတော့မည်။ သူမသည် အမဲလိုက်ခံရမည်ကိုစိုးရိမ်စရာမလိုတော့ဘဲ နေရောင်အောက်တွင် ထာဝရရှင်သန်နိုင်တော့မည်။
ကျီချောင်ချင်သည် ကြီးမားသောအာဏာကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး သူမချစ်ရသူသည်လည်း သူမဘေးတွင်ရှိနေပေလိမ့် မည်။ ထိုအချိန်မှစ၍ သူမလိုချင်တာလုပ်နိုင်မည့် အဆုံးမရှိသောဘဝကို ပိုင်ဆိုင်သွားပေတော့မည်။
သူမ လွတ်လပ်သွားပြီ...
ကျီချောင်ချင်၏မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေပြီဖြစ်သည်။ ကျီချောင်ချင်ကို သူရဲကောင်းဖြစ်လာစေရန်အတွက် ရှန်ကျွင်းသည် လွန်ခဲ့သောခြောက်လလုံးလုံးမနားမနေကြိုးစားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သောလူသတ်သမားအဖြစ် အသေးစိတ်ဖန်တီးခဲ့ပုံများကို သူမ မြင်တွေ့ခဲ့ရသည်။ ကျီချောင်ချင်ထိန်းချုပ်နိုင်မည့် အခွင့်အရေးရစေရန်အတွက် သူသည် ရှန်တုပိုင်ကို လမ်းဆုံးရောက်အောင်တွန်းပို့ခဲ့သည်။
ဖြစ်နိုင်မယ်ဆိုရင် ရှန်ကျွင်း သူမနဲ့စတွေ့ခဲ့တာမျိုးမဖြစ်ခဲ့ရင် ကောင်းသားလို့ သူမ ဆုတောင်းမိတယ်...
သူမအတွက် ကျွင်းက ကယ်တင်ရှင်ဖြစ်ပေမဲ့၊ သူ့အတွက်တော့ သူမက ရှောင်လွှဲလို့မရတဲ့ငရဲခန်းတစ်ခုပါပဲ။
သူသေဆုံးသွားခဲ့တာတောင် အရမ်းပျော်နေရှာတာ...
ကျီချောင်ချင် မျက်လုံးဖွင့်လိုက်သည်။ မျက်တောင်တစ်ခတ်စာအချိန်လေးအတွင်းမှာပင် သူမသည် ရှန်ကျွင်း၏ဘဝတစ်ခုလုံးကို မြင်တွေ့လိုက်ရသော်လည်း အခြားသူများအတွက်မူ မျက်စိတစ်မှိတ်စာမျှသာဖြစ်သည်။
သူသည် ထော့်ပါကျီအား နတ်ဆိုးလမ်းစဉ်၏ ခေါင်းဆောင်ဖြစ်လာရန်ကူညီပေးမည်ဖြစ်ပြီး ထော့်ပါကျီကလည်း သူ့ကို ပြဇာတ်ကပြရန်ကူညီပေးရမည်ဟု ရှန်ကျွင်း စောစီးစွာကတည်းကပြောထားခဲ့သည်။
ယခု ပြဇာတ်ပြီးဆုံးသွားပြီဖြစ်၍ ထော့်ပါကျီသည် သူ့နောက် လိုက်များနှင့်အတူ ထွက်ခွာသွားပြီဖြစ်သည်။ ထော့်ပါကျီ၏ အုပ်ချုပ်မှုအောက်တွင် နတ်ဆိုးလမ်းစဉ်သည် လူ့လောကသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုတော့ပေ။
ရှန်ကျွင်းသည် ကျီချောင်ချင်ခေါင်းမကိုက်ရလေအောင် အရာအားလုံးကို ပြီးပြည့်စုံစွာစီစဉ်ပေးခဲ့သည်။
ကျီချောင်ချင်ခေါင်းငုံကြည့်လိုက်ရာ လူအုပ်ကြီး ပျော်ရွှင်စွာအော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။
"ရှန်ကျွင်း ဆိုတဲ့မဟာနတ်ဆိုးကြီး နောက်ဆုံးတော့ သေသွားပြီဟေ့!"
"ဟုတ်တယ်! ရှန်ကျွင်းသေသွားပြီဆိုတော့ နတ်ဆိုးလမ်းစဉ်ကလူစုကွဲသွားပြီ၊ သူတို ဘာမှဒုက္ခမပေးနိုင်တော့ဘူး!"
"အဲဒီတုန်းက နတ်ဆိုးကောင်ရှန်ကျွင်းက နတ်ဆိုးလမ်းစဉ်က ပါရမီရှင်အများကြီးကိုသတ်ခဲ့တာလေ၊ သူပါသေသွားလိမ့်မယ်လို ထင်မထားမိလောက်ဘူး၊ အခုနတ်ဆိုးလမ်းစဉ်မှာ ဦးဆောင်မယ့်သူတောင် မရှိတော့ဘူး!"
"ငါတို နတ်ဆိုးလမ်းစဉ်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်လိုက်ရင်မကောင်းဘူးလား!"
"..."
ကောင်းကင်မှ မည်းမှောင်နေသောတိမ်တိုက်များကွဲသွားပြီး လွှမ်းမိုးထားသောအန္တရာယ်အငွေ့အသက်များပျောက်ကွယ်သွားသည်။ နတ်ဆိုးလမ်းစဉ်သည် နောက်တစ်ကြိမ်ရှုးနိမ့်သွားပြန်ပြီး အမှန်တရားလမ်းစဉ်သည် နောက်တစ်ဖန်အောင်ပွဲခံနိုင်ခဲ့ပြန်သည်။
နေမင်းကြီးသည် ပုံမှန်အတိုင်းထွက်ပေါ်လာသည်။
ဝေးကွာသောနေရာမှ ခေါင်းလောင်းသံတစ်သံထွက်ပေါ်လာပြီး မရေမတွက်နိုင်သောရွှေရောင်ဇာမဏီငှက်များ အဝေးမှပျံသန်းလာကြကာ ကြက်သွေးရောင်ကြိုးကြာငှက်များက ကြည်လင်ပြတ်သားစွာ အော်မြည်နေကြသည်။
မိုးကုပ်စက်ဝိုင်းဆီမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး ကျီချောင်ချင်၏ခေါင်းပေါ်တွင် လွှမ်းခြုံသွားသည်။
ကျီချောင်ချင်သည် ကောင်းကင်တာအို အသိအမှတ်ပြုသော စစ်မှန်သည့်နတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်။
မြေပြင်ပေါ်ရှိလူတိုင်းသည် ကျီချောင်ချင်၏နာမည်ကိုဟစ် ကြွေးနေကြသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမအပေါ်ကျူးလွန်ခဲ့သော စော်ကားမှုများကို သူတိုမေ့လျော့သွားကြပြီး ကျီချောင်ချင်ကို နတ်ဘုရားတစ်ပါးအဖြစ်သတ်မှတ်နေကြသည်။
ကျီချောင်ချင် တိတ်ဆိတ်စွာမော့ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများက နေရောင်ခြည်နှင့်ဆုံတွေ့ရန် ကြိုးစားလိုက်သည်။ နေရောင်ခြည်ကြောင့် မျက်စိကျိန်းနေသော်လည်း သူမခေါင်းမာစွာစိုက်ကြည့်နေမိသည်။
အရာအားလုံးရှင်းလင်းသွားသည်။ ကျီချောင်ချင်သည် အဆုံးတွင် လမ်းမှန်သိုပြန်လည်ရောက်ရှိလာပြီး အမှန်တရားလမ်းစဉ်၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အမှန်တရား လမ်းစဉ်သည် သူမ၏ဦးဆောင်မှုအောက်တွင် ထွန်းကားလာပေတော့မည်။
🍃 Chapter 164
ချန်ကျင်းကျစ်သည် ကျီချန်သဲ၏ဝိညာဉ်ကို လုံလောက်စွာ စုဆောင်းမိပြီဖြစ်၍ မကြာမီ သူနှင့်အတူလိုက်ပါသွားနိုင်တော့မည်ဖြစ်သည်။ ကိုးမြီးမြေခွေးနတ်ဆိုးမလေးသည် ရှန်ကျွင်းကြောင့် ပြန်လည်အသက်ရှင်လာပြီးအသိတရားရရှိကာ မြေခွေးနတ်ဘုရားမလေးဖြစ်လာသည်။ ဖေးယီမင် သည်သာမန်လူသားဖြစ်သွားပြီး ပြန်လည်ကျင့်ကြံအားထုတ် နေသည်။ ရှန်ကျွင်းနှင့် ကံစပ်ခဲ့ဖူးသူအားလုံးသည် သူ့ကြောင့် ကောင်းမွန်သောနိဂုံးချုပ်ကိုရရှိခဲ့ကြသည်။ ရှန်ကျွင်း သတ်ခဲ့သူများသည်လည်း ကံကောင်းခြင်းများပြန်လည်ရရှိကြပြီး နောက်ဆယ်ဘဝတိုင်အောင် ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုကိုခံစားကြရမည်။ ရှန်တုပိုင်၏ ဘ၀မှန်ပေါ်ပေါက်သွားပြီး သစ္စာဖောက်တစ်ဦးဖြစ်သွားသည်။ လူတိုင်းတွင် ရှင်းလင်းသော ဇာတ်သိမ်းများရှိကြပြီး အားလုံးပျော်ရွှင်စွာနေထိုင်သွားနိုင်ကြတော့မည်။
ရှန်ကျွင်းက လွဲရင်ပေါ့...
နေရောင်ခြည်ကြောင့် ကျီချောင်ချင်မျက်ရည်ကျလာသော် လည်း ဝမ်းနည်းမှုကိုမခံစားရပေ။ ရှန်ကျွင်း ထွက်ခွာသွားမှုအပေါ် သူမ စိတ်လှုပ်ရှားမှုမရှိပေ။
သူမ မငိုနိုင်သလို မရယ်နိုင်ဖြစ်နေသည်။ ရှန်ကျွင်း၏ထွက်ခွာသွားမှုသည် သူမ၏ပျော်ရွှင်မှုအားလုံးကိုယူဆောင်သွားပြီး စိတ်ခံစားချက်အားလုံးကို စုပ်ယူသွားသကဲ့သို သူမ၌မည်သည့်ခံစားချက်မျှမကျန်တော့ပေ။
ကမ္ဘာလောကကြီး၏အထင်လွဲခံရသောကြောင့် ပုန်ကန်ပြီး ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်ရန် ရွေးချယ်ခဲ့သည်မှာ အစွန်း ရောက်ဆုံးနှင့် အနာကျင်ရဆုံးကိစ္စဟု သူမထင်ခဲ့ဖူးသည်။ သိုသော် ရှန်ကျွင်းထွက်ခွာသွားသည်နှင့်ယှဉ်လိုက်ပါက ထိုအရာကဘာမှမဟုတ်တော့ပေ။
သူမဘဝမှာ လိုချင်တာတစ်ခါမှမရခဲ့ဘူး၊ ထားလိုက်ပါတော့လေ... သူမ လည်းအရမ်းပင်ပန်းနေပါပြီ...
ထိုအချိန်တွင် ကျီချောင်ချင် လက်ကောက်ဝတ်၌ နွေးထွေးမှုကိုခံစားလိုက်ရသည်။
သူမငုံကြည့်လိုက်ရာ လက်ကောက်ဝတ်တွင် ပုတီးတစ်ကုံးရှိနေသည်ကိုတွေ့လိုက်ရသည်။
ကျီချောင်ချင် ရှန်ကျွင်းကိုပေးခဲ့ဖူးသော်လည်း သူ ရက်စက်စွာလွှင့်ပစ်ခဲ့သော ပုတီးကုံးပင်။ ဤပုတီးကုံး သူမရှေ့ပြန်ရောက်လာလိမ့်မည်ဟုမထင်ထားခဲ့သော်လည်း ရှန်ကျွင်းက သူမလက်ကောက်ဝတ်တွင် တိတ်တဆိတ်ဝတ်ပေးထားခဲ့ခြင်းဖြစ်သည်။
ဒါက သူမ သူ့ကို ပေးခဲ့ဖူးတဲ့တစ်ခုတည်းသောပစ္စည်းလေ၊ သူ သေချာသိမ်းထားခဲ့ပြီး အခု သူမဆီပြန်ပေးခဲ့တယ်...
သူတိုနှစ်ယောက်ကြား အဆက်အစပ်မရှိတော့ဘဲ တကယ့် ကိုရှင်းရှင်းလင်းလင်းပြတ်စဲသွားခဲ့ပြီ...
ကျီချောင်ချင် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာပေါ်မှမျက်ရည်များကိုသုတ်ကာ လူတိုင်းကိုအေးစက်စွာကြည့်လိုက်သည်။
ဒီလောကကြီးမှာ သူမ တွယ်တာစရာ ဘာမှမကျန်တော့ဘူး...
ကျီချောင်ချင် ထောင့်တစ်နေရာသိုလက်လှမ်းလိုက်သည်။
ချန်ကျင်းကျစ်သည် လူအုပ်ကြားထဲမှဆွဲထုတ်ခံလိုက်ရပြီး အငိုက်မိသွားကာ မြေကြီးပေါ်သို ပြင်းထန်စွာလဲကျသွားသည်။
ကျီချောင်ချင်သည် လက်ကိုအနည်းငယ်ဆုပ်လိုက်ရာ ချန်ကျင်းကျစ်၏ရင်ခွင်ထဲမှ အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။
ထိုသည်ကိုမြင်တော့ ချန်ကျင်းကျစ်သည် အလုအယက်လှမ်းဆွဲရန် ကြိုးစားသော်လည်း ကျီချောင်ချင်၏စွမ်းအားကို မလွန်ဆန်နိုင်ခဲ့ပေ။ ချန်ကျင်းကျစ်က အလင်းတန်းကိုပြန်ယူချင်ရုံ သက်သက်ပင် သို့သော် ထိုသို့လုပ်ရင်းနှင့် သူမ ဒဏ်ရာရသွားခဲ့သည်။
ကျီချောင်ချင်မျက်နှာသေဖြင့် အလင်းတန်းကို သူမလက်ထဲ သို့ထည့်လိုက်သည်။
ချန်ကျင်းကျစ်သည် ဒဏ်ရာရသွားသော လက်ချောင်းကိုဂရုမစိုက်ဘဲ ကျီချောင်ချင်ကို အလျင်အမြန်ပြောလိုက်သည်။
"ရပ်လိုက်! နင် အခု အဲဒီစာကိုကြည့်လို့မဖြစ်ဘူး!"
သို့သော် ချန်ကျင်းကျစ်၏စကားများသည် အရာမထင်ပေ။ ကျီချောင်ချင် အလင်းတန်းကိုတိုက်ရိုက် ဖွင့်ကြည့်လိုက်ရာ စာလုံးလေးလုံးသာရေးထားသည်ကိုတွေ့လိုက်ရသည်။
"မြစ်ရေကြည်လင်၊ ပင်လယ်ငြိမ်သက်"
ဤစာလုံးလေးလုံးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကျီချောင်ချင် မရယ်ဘဲမနေနိုင်တော့ပေ။ ရှန်ကျွင်းက သူမ၏ခံစားချက်များကို မယုံတာကလွဲပါက သူမ၏ စိတ်နေသဘောထားကို တကယ်ပင် ကောင်းကောင်းနားလည်သည်။
ချက်ချင်းဆိုသလို သူမအလင်းတန်းကိုချေမွပစ်လိုက်သည်။
မျက်စိကျိန်းမတတ်ဖြူဖွေးသော အလင်းရောင်မှာ ကောင်း ကင်မှပျောက်ကွယ်သွားပြီး အရာအားလုံးသည် ရုတ်တရက် တိတ်ဆိတ်သောအမှောင်ထုထဲသို့ ကျရောက်သွားသည်။
ရှန်ကျွင်းကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးခြင်း မြင်ကွင်းများသည် စိတ်ထဲတွင်ကွင်းကွင်းကွက်ကွက်ရှိနေဆဲဖြစ်ရာ ယခုတိတ်ဆိတ်မှုနှင့်အမှောင်ထုသည် လူများကိုထိတ်လန့်သွားစေသည်။ မကောင်းဆိုးဝါးမှာ အမှောင်ထဲတွင်ပုန်းအောင်းနေပြီး သူတို့ကို ခြိမ်းခြောက်ကြည့်ရှုနေဆဲဟု ခံစားရစေသည်။
ကောင်းကင်ကြီး ရုတ်တရက်မည်းမှောင်သွားလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားကြသဖြင့် အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
လူအုပ်ထဲတွင်ရပ်နေသော ချန်ကျင်းကျစ်သည် မော့ကြည့်လိုက်ရာ သူမ၏အကြည့်သည် မြင့်မားသောစင်မြင့်ပေါ်ရှိ ကျီချောင်ချင်ထံသို့ ဖြည်းညှင်းစွာရောက်ရှိသွားသည်။
အမှောင်ထုထဲတွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသောကျီချောင်ချင်သည် လေထဲတွင်တိတ်ဆိတ်စွာ ရပ်နေသည်။
အကွာအဝေးဝေးလွန်းသဖြင့် ချန်ကျင်းကျစ်သည် ကျီချောင်ချင်၏မျက်နှာထားကို သေချာမမြင်ရပေ။
ကျီချောင်ချင်လို မဆင်မခြင်၊ ထိန်းချုပ်မရတဲ့သူက ဒီလောက် ငြိမ်ငြိမ်လေးရပ်နေလိမ့်မယ်လို့တွေးကြည့်ဖို့ခက်တယ်၊ ဒါက သူမကို စိတ်မသက်မသာဖြစ်စေတယ်...
နောက်တစ်ခဏတွင် ကျီချောင်ချင်သည် သက်မဲ့ သစ်ရွက်ခြောက်တစ်ရွက်ကဲ့သို့ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
ဒီတစ်ခါတော့ သူမနဲ့အတူ ဘယ်သူမှလိုက်မပြုတ်ကျတော့သလို သူမကိုဖမ်းမယ့် သူလည်းမရှိတော့ဘူး…
လီမင်လော့သည် မြေကြီးထဲမှကုန်းရုန်းထွက်လာရန် အသည်းအသန်ကြိုးပမ်းနေသည်။ မြေအောက်အမှောင်ထု ထဲတွင် ရက်ပေါင်းများစွာတွားသွားနေခဲ့ရသဖြင့် နေရောင် ခြည်၏ပုံသဏ္ဍာန်ကိုပင် သူမေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။
ယခုနောက်ဆုံးတွင် အလင်းရောင်အနည်းငယ်ကို မြင်လိုက်ရသဖြင့် သူ့ရင်ထဲမျှော်လင့်ချက် ရောင်ခြည်များတိုးဝင်လာသည်။
လွန်ခဲ့သောနှစ်ဝက်ခန့်က ရှန်ကျွင်းလက်ဝါးရိုက်ချက်ကြောင့် သူ၏သွေးကြောမကြီးများအားလုံးပြတ်တောက်သွားခဲ့ပြီး အမည်မသိနေရာတစ်ခုသိုလွင့်စင်သွားခဲ့သည်။ သူ သေချာ ပေါက်သေဆုံးပြီဟုထင်ခဲ့သော်လည်း ကံတရားက အခြားအစီအစဉ်ရှိနေခဲ့သည်။ သူ အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်လွတ်မြောက်ခဲ့သည်။
သူ ကိုယ့်အားကိုယ်ကိုးပြီး တွားသွားထွက်လာနိုင်ခဲ့သေးသည်။ လီမင်လော့တွင် ထူးခြားသော ကိုယ်တိုင်ကုသနိုင်စွမ်းရှိသည်။ လွန်ခဲ့သောခြောက်လလုံးလုံး မြေအောက်ထဲတွင်ဖြတ်သန်းခဲ့ရသော်လည်း ယခုအခါ သူ့အရိုးများနှင့် ကြွက် သားများသည် လုံးဝပြန်လည်ကောင်းမွန်နေပြီဖြစ်ကာ သူ့မှော်စွမ်းအင်သည် ယခင်ကထက်ပင် ပိုမိုအားကောင်းလာသည်။
လီမင်လော့ လွတ်လပ်စွာအသက်ရှူလိုက်သော်လည်း အသက်ရှင်သန်ရသည့်ပျော်ရွှင်မှုများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ လောကကြီးထဲရှိ ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ် သည်းနေသည်ကို သူ ရုတ်တရက် သတိထားမိလိုက်သည်။ အသက်ရှူလိုက်တိုင်း သန့်စင်သောဝိညာဉ်စွမ်းအင်များ သူ၏အဆုတ်ထဲသိုစီးဝင်လာသဖြင့် နေရခက်သလိုခံစားနေရသည်။
ဝိညာဉ်စွမ်းအင်များ ကျူးကျော်ဝင်ရောက်လာတော့မည့်အခြေအနေကို မြင်လိုက်ရသဖြင့် လီမင်လော့သည် သူ့မှော်စွမ်းအင်ကို လျင်မြန်စွာပိတ်ဆိုလိုက်ပြီး ခန္ဓာကိုယ်အနှံရှိ သွေးကြောအချက်အချာနေရာများကိုချိတ်ပိတ်လိုက်သည်။
ယခုအချိန်တွင် လီမင်လော့သည် သာမန်လူသားတစ်ဦးနှင့်မခြားနားတော့ပေ။ သူ ရောက်ရှိနေသောနေရာကိုမသေချာသဖြင့် မိမိကိုယ်ကိုကာကွယ်ရန်အတွက် ဓားကိုအလိုအ လျောက်ဆွဲထုတ်လိုက်သည်။
သူ့မွေးရာပါမှော်လက်နက်သည် ရှန်ကျွင်း၏ လက်ဝါးရိုက်ချက်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ယခု သူဆွဲထုတ်လိုက်သောဓားသည် ထျန်းရွှမ်ဂိုဏ်း၏ကိုးယောက်မြောက် ဂိုဏ်းတူညီငယ်ဖြစ်စဉ်ကပိုင်ဆိုင်ခဲ့သော အသက်သွေးကြောဓားဖြစ်သည်။
သူသည် ချောက်ကမ်းပါးအောက်ခြေသိုရောက်ရှိနေပုံရသည်။ ပတ်ဝန်းကျင်ရှိ သိပ်သည်းသောဝိညာဉ်စွမ်းအင်များကြောင့် သစ်ပင်ချုံနွယ်များသည် ထူးဆန်းစွာသိပ်သည်းကြီးထွားနေကြသည်။ သစ်ပင်များထူထပ်နေသော်လည်း ပိုးကောင်အော်သံ တစ်ချက်မျှမကြားရဘဲ လုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်။
"ရှူး... ရှူး..."
ရုတ်တရက် လီမင်လော့နောက်ကျောဘက်မှ ရှူးရှူးရှားရှား အသံတစ်သံထွက်ပေါ်လာသည်။
လီမင်လော့ လျင်မြန်စွာတုံပြန်လိုက်ပြီး ရှေ့သိုခုန်ရှောင်လိုက်ကာ သစ်ပင်များကိုရှောင်ကွင်း၍ မြေပုံငယ်လေးတစ်ခုနောက်သိုလှိမ့်ဝင်လိုက်သည်။
ဖုန်မှုန့်များထသွားပြီးနောက် သူသည် မြေပုံနောက်မှနေ၍ ဖုန်များပေကျံနေသောကိုယ်ဖြင့် အသံလာရာသိုချောင်းကြည့်လိုက်သည်။
ရုတ်တရက် လီမင်လော့ အမှောင်ထုလွှမ်းခြုံသွားသကဲ့သိုခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မီးအိမ်အရွယ်အစားခန့်ရှိသောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေပြီး လျှာကို ပါးစပ်ထဲမှ ထုတ်လိုက်သွင်းလိုက်လုပ်နေသော ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ အစောက သူကြားလိုက်ရသော ရှူးရှူးရှားရှားအသံသည် ၎င်းပါးစပ်မှထွက်လာခြင်းဖြစ်သည်။
ထိုမြွေကြီး သူ့ကိုကြည့်နေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း သူသတိမထားမိခဲ့ပေ။
"ဘယ်သူလဲ?"
စပါးအုံးမြွေကြီး၏ခေါင်းပေါ်မှ မိန်းကလေးတစ်ဦး၏ကြည် လင်ပြီးအပြစ်ကင်းသောအသံတသံ ထွက်ပေါ်လာသည်။
"ရှင်က ထျန်းရွှမ်ဂိုဏ်းကလား?"
ထိုရင်းနှီးနေသောအသံကိုကြားလိုက်ရသဖြင့် လီမင်လော့ အလိုအလျောက် ဘေးဘက်သိုရွှေ့လိုက်သည်။
တောက်ပသောနေရောင်အောက်တွင် စပါးအုံးမြွေကြီး၏ ခေါင်းပေါ်၌ လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်းကိုကိုင်ထားသည်။ လေပြေအေးတိုက်ခတ်လိုက်ရာ နေရောင်ခြည်သည် သူမ၏လွင့်ပျံနေသော စကပ်အနားစွန်းများကို ရွှေရောင်တောက်ပစေသည်။
ထိုသူ၏ပုံသဏ္ဍာန်သည်တောက်ပပြီး မျက်စိကျိန်းမတတ်ဖြစ်နေသည်။ လီမင်လော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်လုံးမခွာနိုင်တော့ပေ။
ထိုသူမှာ ကျီချောင်ချင်ပင်။
လီမင်လော့ လည်ချောင်းများခြောက်ကပ်သွားသည်။ သူသည် စုတ်ပြတ်သတ်ပြီး ဖရိုဖရဲဖြစ်နေချိန်တွင် သူမသည် တောက်ပသောအလှတရားများဖြင့် ဖမ်းစားနေသဖြင့် သူ မသိစိတ်မှ ငေးမောမိသွားသည်။
သူ့အား ရှန်တုပိုင်က သေပြီဟုယူဆပြီး အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ လွန်ခဲ့သော ခြောက်လလုံးလုံး မည်သူမျှ သူ့ကိုစကားမပြောခဲ့ပေ။ သူ့စိတ်ထဲတွင် ကျီချောင်ချင်နှင့် ထျန်းရွှမ်ဂိုဏ်းတွင်ရှိခဲ့သောအတိတ်ကာလများ၊ သူမ၏အေးစက်သောလစ်လျူရှုမှုများကိုသာအမြဲတွေးတောနေခဲ့သည်။
မြေအောက်ထဲတွင်ရှိနေစဉ်က အကယ်၍ သူသာ အသက်ရှင်လွတ်မြောက်ခဲ့ပါက ကျီချောင်ချင်ကို ရှာဖွေပြီး မည်သည့်နည်းနှင့်မဆို သူ့အနားတွင် အကျဉ်းချထားမည်ဟု လီမင်လော့တွေးတောခဲ့ဖူးသည်။
လီမင်လော့ ရုတ်တရက် ဓားဖြင့်ချိန်လိုက်သည်ကို မြင်လိုက်ရသဖြင့် ထိုအမျိုးသမီးကဇဝေဇဝါဖြစ်သွားသည်။