အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
🍃 Chapter 165
"ကျွန်မ နတ်ဆိုးမဟုတ်ပါဘူး၊ ကျွန်မ ဒီမှာပိတ်မိနေတာကြာလှပြီ၊ အသက်ရှင်နေတဲ့လူကို အခုမှ ပထမဆုံးမြင်ဖူးတာ၊ ရှင်ရော ကျွန်မလိုပဲ ဒီမှာပိတ်မိနေတာလား?"
လီမင်လော့ ကြောင်အမ်းသွားသည်။ ကျီချောင်ချင် သူ့ကိုမမှတ်မိစရာအကြောင်းမရှိပေ။ ဒီအမျိုးသမီးက သေချာ ပေါက် သူမပင်။ သို့သော် အဘယ်ကြောင့် ထိုသို့ဖြစ်နေရသနည်း။ ကျီချောင်ချင် သူ့ကို မမှတ်မိဘူးလား ?
"မင်းက ဘယ်သူလဲ?"
လီမင်လော့အသံသည် အက်ကွဲပြီးတင်းမာနေသည်။ သူ စကားမပြောခဲ့ရသည်မှာ ခြောက်လပင်ရှိပြီမဟုတ်ပါလော။
ထိုအမျိုးသမီးက ခေါင်းကိုဗလာကျင်းစွာခါရမ်းလိုက်သည်။
"ကျွန်မ မမှတ်မိဘူး၊ ဒီကို ပြုတ်ကျလာတာထင်တယ်၊ သွေးတွေအများကြီးထွက်ခဲ့ပေမဲ့ အခုတော့ ဒဏ်ရာတွေပျောက်သွားပါပြီ၊ ရှင်က ထျန်းရွှမ်ဂိုဏ်းကလား၊ ကျွန်မကိုအပြင်ခေါ်ထုတ်သွားပေးနိုင်မလား?"
သူမ အတိတ်မေ့နေတာပဲ!
ကျီချောင်ချင်၏စကားကိုကြားလိုက်ရသဖြင့် လီမင်လော့ခဏတာကြောင်အမ်းသွားပြီးနောက် ရင်ထဲဝမ်းသာပီတိများလှိုက်ခနဲဖြစ်ပေါ်လာရသည်။
နတ်ဆိုးဘုံ၏ပင်မခန်းမဆောင်ထဲမှ ထော့်ပါကျီလွင့်စင် ထွက်ကျလာသည်။
သူသည် အံကိုတင်းတင်းကြိတ်ပြီးမော့ကြည့်လိုက်ရာ ရှန်တုပိုင်သည် ခန်းမဆောင်ထဲမှထွက်လာပြီး မျက်နှာတွင်နူးညံ့သောအပြုံးတစ်ခုကို ဆင်မြန်းထားသည်ကိုတွေ့လိုက်ရသည်။
"ဘယ်လိုလဲ... အရှုးပေးပြီလား?"
ရှန်တုပိုင်၏အပြုံးကိုကြည့်ရင်း ထော့်ပါချီရင်ထဲတွင် ခါးသီးသောနာကျင်မှုကိုခံစားလိုက်ရသည်။ ရှန်ကျွင်း၏ အစီအစဉ်အရဆိုလျှင် ရှန်တုပိုင်ကို ကျီချောင်ချင်ခေါ်ဆောင်သွားသင့်သည်မှာကြာပြီဖြစ်သင့်သည်။ သိုသော်မမျှော်လင့်ဘဲ ကျီချောင်ချင်သည် လပေါင်းများစွာပျောက်ကွယ်သွားခဲ့ပြီး မနေ့ကမှ လောကကြီးအတွင်းရှိဝိညာဉ်စွမ်းအင်များ ရုတ်တရက်ပြန်လည်ကြွယ်ဝလာခဲ့သည်။
ရှန်ကျွင်းသတ်ဖြတ်ခဲ့သောသူများအားလုံး ပြန်လည် ရှင်သန်လာကြပြီး သူတို၏ခန္ဓာကိုယ်များလည်း ပြန်လည်တည် ဆောက်ပြီးဖြစ်သွားသည်။ နိုးထလာသူများသည် ဘာဖြစ်ခဲ့မှန်းမသိကြပေ။ သူတို၏ မှတ်ဉာဏ်များသည် သူတိုသေဆုံးခဲ့သည့် အချိန်၌သာရပ်တန့်နေသည်။
ထိုအချိန်တွင် ကောင်းကင်မှနိမိတ်ကောင်းများကျရောက်လာရာ သာမန်ပြည်သူများသည် ဤအရာက ကောင်းကင်ဘုံကြောင့်ဖြစ်ကြောင်း မည်သိုမသိဘဲ နေမည်နည်း။ သူတို သည် ချက်ချင်းဒူးထောက်ကာ ကောင်းကင်ဘုံကိုကျေးဇူး တင်စကားဆိုကြပြီး သူတို၏မိသားစုများကို ပျော်ရွှင်စွာပြန်လည်ခေါ်ဆောင်သွားကြသည်။
ခန္ဓာကိုယ်ရောဝိညာဉ်ပါကျင့်ကြံသော ရှန်တုပိုင်သည် ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်စွမ်းအင်များဖြင့် အားဖြည့်ပေးခြင်းခံလိုက်ရသည်။ သူ၏ ကျင့်ကြံဆင့်များ ပြန်လည်ရရှိပြီးနောက် သူသည် နတ်ဆိုးဘုံသိုရောက်လာခဲ့ခြင်းဖြစ်သည်။
ထော့်ပါကျီသည် လုံးဝရှုးနိမ့်သွားပြီဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိတော့ပေ။ ပြန်လည် ရှင်သန်လာသူများထဲတွင် နတ်ဆိုးလမ်းစဉ်မှလူများသာမက ရှန်တုပိုင်၏လူများလည်းပါဝင်နေသည်။ အရာအားလုံး သဲထဲရေသွန်ဖြစ်ခဲ့ရသည်။
ရှန်တုပိုင်သည် စင်မြင့်ပေါ်မှတစ်လှမ်းချင်း ဆင်းသက်လာပြီး လဲကျနေသောထော့်ပါကျီ၏ရှေ့တွင်ရပ်ကာ အထင်သေးသောအပြုံးဖြင့်မေးလိုက်သည်။
"မင်း အညံ့ခံမှာလား?"
ထော့်ပါကျီ စိတ်ပျက်အားငယ်နေချိန်မှာပင် ရှန်တုပိုင်၏ လှုပ်ရှားမှုများ ရုတ်တရက်ရပ်တန့်သွားသည်။
ဝုန်း
နောက်တစ်ခဏ၌ ရှန်တုပိုင်သည် လက်ဝါးရိုက်ချက် တစ် ချက်တည်းဖြင့် ခန်းမဆောင်၏ပင်မထိုင်ခုံပေါ်သို ပြန်လည်လွင့်စင်သွားတော့သည်။
ရှန်တုပိုင်ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူ၏ အတွင်းကလီစာများနေရာရွေ့သွားသကဲ့သို ခံစားလိုက်ရသည်။
ထော့်ပါကျီသည် ရှန်တုပိုင်ကိုရိုက်လိုက်သူအား အလိုအ လျောက် လှမ်းကြည့်လိုက်မိသည်။
ထိုသူသည် ရိုးရှင်းသောအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံနွယ်နက်များကို ကျောက်စိမ်းဖြူပိုကလပ်ဖြင့် သပ်ရပ်စွာထုံးဖွဲထားသည်။ အလွန်တရာလှပသော်လည်း မျက်နှာ ထားမှာခံစားချက်ကင်းမဲ့နေသည်။ ပြင်ပလောကရှိ ဖုန်မှုန့်များမစွန်းထင်းသော အမြင့်တစ်နေရာမှရောက်လာသူကဲ့သိုပင်။
ထိုသူမှာကျီချောင်ချင်မှလွဲ၍ အခြားသူမဟုတ်ပေ။
ကျီချောင်ချင်သည် ထော့်ပါကျီကိုကျော်ဖြတ်၍ လှေကား ထစ်များအတိုင်း တစ်လှမ်းချင်းတက်သွားကာ ခန်းမဆောင်ထဲသို၀င်ရောက်သွားသည်။
ထော့်ပါကျီသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာပေါ်တွင်မျက်ရည်များစီးကျလာသည်။
ရွှတ်... အားကိုးရတဲ့အစ်ကိုကြီးမရှိတော့ပေမဲ့ မရီးပြန်ရောက်လာပြီပဲ! နောက်ဆုံးတော့ ငါ့မှာ အားကိုးရမယ့်ကျောထောက်နောက်ခံရှိလာပြီ!
ဤသိုတွေးလိုက်မိသည်နှင့် ထော့်ပါကျီ၏ရင်ဘတ်အောင့် သက်သက်ဖြစ်မှုများ ပျောက်ကွယ်သွားပြီး ခြေထောက်များပြန်လည်လှုပ်ရှားနိုင်လာသည်။ သူသည် ထိန်းချုပ်မရသော သူ့ခန္ဓာကိုယ်ကိုဆွဲကာ ကျီချောင်ချင်နောက်သို လိုက်ပါသွားသည်။
ရှန်တုပိုင်သည် ကိုယ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး နှုတ်ခမ်းမှသွေးများကို မနည်းသုတ်လိုက်ရသည်။ သူ့မျက်လုံးများသည် ကျီချောင်ချင်ထံတွင် စိုက်နေပြီး မျက်နှာပေါ်တွင် သူ၏ပုံမှန်အပြုံးကို ဆင်မြန်းထားဆဲဖြစ်သည်။
"ငါ့တပည့်ကျော်လေး... နောက်ဆုံးတော့ မင်း ပြန်ရောက် လာပြီပေါ့"
လူတိုင်းကကျီချောင်ချင်ကို ကောင်းကင်တာအိုက အသိ အမှတ်ပြုထားသော နတ်ဘုရားတစ်ပါးဟုသိထားကြသော် လည်း သူမသည် ရှန်ကျွင်း၏နတ်ဘုရားစွမ်းအားများကိုဆက်ခံထားကြောင်း ရှန်တုပိုင်တစ်ယောက်တည်းသာသိသည်။ ဤလောကတွင် ကျီချောင်ချင်ကို မည်သူမျှခြိမ်း ခြောက်နိုင်ခြင်းမရှိတော့ပေ။ ရှန်တုပိုင်ကိုယ်တိုင်ပင်လျှင် သူမ၏ အစွမ်းကုန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
နတ်ဆိုးဘုံခန်းမဆောင်ထဲရှိ လူများသည် ကျီချောင်ချင်ကိုမြင်လိုက်ရသည်နှင့် သူမသည် ရှန်ကျွင်းကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်းသိကြသည်။ သူမ၏ရန်လိုသောအငွေ့အသက်များကို မြင်လိုက်ရသဖြင့် သူတို၏မျက်နှာ ထားများရှုပ်ထွေးသွားကြသည်။
အစပိုင်းတွင် ရှန်တုပိုင်ဘက်၌ရပ်တည်ခဲ့ကြသူများသည် ကျီချောင်ချင်ရောက်ရှိလာမှုကြောင့် တုံဆိုင်းသွားကြသည်။
ကျီချောင်ချင်သည် လူအုပ်ကြီးကိုတစ်ချက်မျှပင် လှည့်မကြည့်ပေ။ သူမသည် လှေကားထစ်များအတိုင်းတက်သွားပြီး ရှန်တုပိုင်၏ရှေ့တွင်ရပ်လိုက်သည်။
"ဆရာ့ဘာသာ ဆင်းလာမလား၊ ဒါမှမဟုတ် ကျွန်မ ဖိတ်ခေါ်ပေးရမလား?"
ထိုသည်ကိုကြားလိုက်ရချိန် ရှန်တုပိုင်ပြုံးလိုက်သည်။ ကျီချောင်ချင်က တကယ်ကို သူ့ပွဲကိုဖျက်ဖို ရောက်လာတာပဲ!
ရှန်တုပိုင်ကဘယ်သူမိုလိုလဲ၊ ရှန်ကျွင်း၏စွမ်းအားကိုရရှိရန် နှစ်ပေါင်းများစွာသည်းခံခဲ့သူဖြစ်သည်။ ယခု သူ အရာအားလုံးဆုံးရှုးသွားပြီဖြစ်ရာ ကျီချောင်ချင်ကို မျက်နှာချင်း ဆိုင် ရင်ဆိုင်ရလောက်အောင်မမိုက်မဲပေ။ အသက်ရှင်နေသရွေ့ သူပြန်လည် ထူထောင်နိုင်ခွင့်ရှိနေဦးမည် မဟုတ်ပါလား။
ရှန်တုပိုင် မတ်တပ်ထရပ်လိုက်သည်။ သူ့အပြုံးတွင် အရှက်ရသည့်အရိပ်အယောင် လုံးဝမရှိပေ။
"ချောင်ချင်... မင်း အခုမှပြန်ရောက်တာဆိုတော့ ပင်ပန်းလာရောပေါ့၊ ဆရာ မင်းအတွက် ကြိုဆိုပွဲလုပ်ပေးရင်ကောင်းမလား?"
ဤသည်မှာ မိတ်ကောင်းဆွေကောင်းပြုလိုသည့် အချက်ပြမှုတစ်ခုဖြစ်သည်။ အကယ်၍ ကျီချောင်ချင်လက်ခံလိုက်ပါက ရှန်တုပိုင်၏ကမ်းလှမ်းမှုကို သဘောတူသည်ဟု အဓိပ္ပာယ်သက်ရောက်ပြီး သူမသည် ထော့်ပါကျီဘက်တွင် ဆက်လက်ရပ်တည်တော့မည်မဟုတ်ပေ။
ထော့်ပါကျီတောင့်တင်းသွားသည်။ သူမ သဘောတူလိုက်မည်ကိုစိုးရိမ်သဖြင့် ကျီချောင်ချင်ကိုစိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် ကျီချောင်ချင်၏အေးစက်သော အကြည့်သည် ထော့်ပါကျီထံသိုရောက်ရှိလာသည်။
သူမ၏မျက်ဝန်းများသည် လူတစ်ယောက်၏ဝိညာဉ်ကို ထိုနေရာ၌ပင် ရိုက်နှက်ထားနိုင်လောက်အောင် အေးစက်လွန်းလှသည်။
ထော့်ပါကျီတုန်လှုပ်သွားပြီး အလိုအလျောက်ခေါင်းငုံလိုက်မိသည်။
ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျီချောင်ချင်သည် ရှန်တုပိုင်၏စကားကို ပြန်မပြောသလို မည်သူကမျှလည်း သူမ သဘောထားကိုမသိကြပေ။ မည်သူမျှစကားမပြောရဲကြပေ။ နတ်ဆိုးစစ်ပွဲတုန်းကဆိုလျှင် ကျီချောင်ချင်သည် သူမလက်လှမ်းမီသမျှလူတိုင်းကို ကိုက်တတ်သော ခွေးရူးတစ်ကောင်ဖြစ်သည်။ ယခု မုန်တိုင်းပေါင်းများစွာကို ဖြတ်ကျော်ပြီးပြီဖြစ်ရာ သူမသည် ပိုကြောက်စရာကောင်းနေလောက်သည်။
ထိုအချိန်တွင်မှ ထော့်ပါကျီ နောက်ကျစွာသတိပြုမိလိုက်သည်မှာ အစောက ကျီချောင်ချင်၏အကြည့်သည် သတိပေးခြင်းမဟုတ်ပုံရကြောင်းပင်။
ဤသိုတွေးလိုက်မိသည်နှင့် ထော့်ပါကျီသည် ကျီချောင်ချင်ကိုမော့မကြည့်ရဲတော့ပေ။ သူသည် သူ့ရှေ့ရှိရွှေရောင်ပလ္လင်ကို လျင်မြန်ကျွမ်းကျင်စွာ သုတ်သင်ရှင်းလင်းလိုက်ပြီး ကျီချောင်ချင်ထိုင်ရန် ရိုသေစွာစောင့်ဆိုင်းနေလိုက်သည်။
🍃 Chapter 166
ရှန်ကျွင်းကို အမှုထမ်းခဲ့ဖူးသောအတွေ့အကြုံအရ သစ္စာရှိသောလက်ပါးစေတစ်ဦးကို မည်သူမျှ ငြင်းပယ်မည်မဟုတ်ကြောင်း သူ သိသည်။
သူ ထင်ထားသည့်အတိုင်းပင် ကျီချောင်ချင်သည် အာဏာနှင့်ဂုဏ်ဒြပ်ကို ကိုယ်စားပြုသောထိုနေရာတွင် ဖြည်းညှင်းစွာဝင်ထိုင်လိုက်သည်။
တစ်ခဏချင်းမှာပင် နတ်ဆိုးများ၏မျက်နှာထားများထူးဆန်းသွားကြသည်။ သူတို ကျီချောင်ချင်၏ ရည်ရွယ် ချက်ကို တကယ်နားမလည်နိုင်ဖြစ်နေကြသည်။ သူမသည် နတ်ဆိုးများကိုသတ်ဖြတ်သော သူရဲကောင်းဖြစ်လာပြီဖြစ်ရာ လူပေါင်းများစွာ၏ ပူဇော်ကိုးကွယ်မှုကိုခံယူရန် ဂိုဏ်းသိုမသွားဘဲ နတ်ဆိုးဘုံသို အဘယ်ကြောင့်ရောက်လာရသနည်း။
ရှန်တုပိုင်၏မျက်နှာထား တစ်ချက်ပျက်သွားသော်လည်း သူ ကောင်းစွာဖုံးကွယ်ထားနိုင်သဖြင့် မည်သူမျှသတိမထားမိလိုက်ကြပေ။
ထော့်ပါကျီ အလွန်ဝမ်းသာသွားသည်။ ဒီလောက်ဆိုရင် ကျီချောင်ချင်ရဲ့သဘောထားကို သူနားမလည်ဘဲနေပါ့မလား၊ သူ ချက်ချင်းရှေ့တိုးသွားပြီး ရှန်တုပိုင်ကို ဘေးသိုတွန်းထုတ်ကာ ကျီချောင်ချင်၏ဘေးတွင် ဂုဏ်ယူဝင့်ကြွားစွာရပ်လိုက်သည်။
ကျီချောင်ချင်၏အကြည့်သည် နတ်ဆိုးတစ်ကောင်ချင်းစီကို ဖြည်းညှင်းစွာကြည့်ရှုသွားသည်။ သူမလက်ထဲမှခွင်းလွန်ဓားသည် တုန်ခါမြည်ဟီးနေသည်။ ကျီချောင်ချင်သည် တစ်ချိန်က နတ်ဆိုးဘုံသိုဝင်ထွက်သွားလာရန်အတွက် ခွင်းလွန်ဓားကို အသုံးပြုခဲ့ဖူးသည်။ ယခု အခြေအနေများပြောင်းလဲသွားပြီဖြစ်သော်လည်း ခွင်းလွန်ဓား၏သတ်ဖြတ်လိုသောစိတ်ဆန္ဒမှာ ယခင်အတိုင်း ပြင်းထန်နေဆဲ ဖြစ်သည်။
"ဒီနေ့ကစပြီး ငါက နင်တိုရဲ့သခင်ပဲ!"
ကျီချောင်ချင်၏အသံသည် မကျယ်လောင်ပေ။ သူမသည် ဝိညာဉ်စွမ်းအားအနည်းငယ်မျှပင် မသုံးစွဲထားသော်လည်း နတ်ဆိုးများအားလုံး ရှင်းလင်းပြတ်သားစွာကြားလိုက်ကြရသည်။
ျောက်ကမ်းပါးအောက်ခြေတွင် ကျီချောင်ချင်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။
"တကယ်လား၊ တခြားလူတွေရဲ့အတွေးကို ရှင် တကယ်ကြားရတာလား၊ ဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်မအတွေးကိုရော ကြားရလား?"
လီမင်လော့က ပြုံးလိုက်သည်။
"မင်းရဲ့အတွေးတွေက မင်းမျက်နှာပေါ်မှာအကုန်ပေါ်နေတာလေ"
ဤရက်ပိုင်းအတွင်း အဆက်မပြတ်စမ်းသပ်မေးမြန်းပြီးနောက် ကျီချောင်ချင် အမှန်တကယ်အတိတ်မေ့နေပြီဖြစ်ကြောင်း လီမင်လော့သေချာသွားသည်။
ကျီချောင်ချင်သည် သူမ၏နောက်ကျောဘက်ရှိ အမွေးပွပွခန္ဓာကိုယ်ကြီးကိုမှီလိုက်ပြီး စိန်ခေါ်သလို ပြောလိုက်သည်။
"ဟွန့်! ကျွန်မအတွေးကို ရှင်မမြင်စေရပါဘူး!"
ယခုအချိန်တွင် ကျီချောင်ချင်သည် ဖြူစင်ပြီး ချစ်စရာကောင်းနေသည်။ သူမ၏မျက်ဝန်းများတွင် မည်သည့်တွက်ချက်မှုမျှမရှိဘဲ ကောင်းကင်ပြာကဲ့သိုကြည်လင်နေပြီး လူများကိုဆွဲဆောင်နိုင်လွန်းလှသည်။
လီမင်လော့ ကျီချောင်ချင်အနားသိုတိုးကပ်သွားချင်သော် လည်း သူလှုပ်ရှားလိုက်သည်နှင့် ကျီချောင်ချင် မှီထားသောသားရဲကြီးက လီမင်လော့ကိုစူးစိုက်ကြည့်လေသည်။
ထိုသားရဲကြီးသည် ချောက်ကမ်းပါးအောက်ခြေတွင် သူတိုစတင်တွေ့ဆုံစဉ်က ကျီချောင်ချင်၏ အောက်တွင်ရှိနေခဲ့သော စပါးအုံးမြွေကြီးဖြစ်သည်။ သားရဲကြီးသည် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်ပြီး ကျီချောင်ချင် သူ့ကို နမ်းရှု၊ဖက်ထားခွင့်ပြုထားသည်။ ၎င်း၏ မူလခန္ဓာကိုယ်မှာလည်း အလွန်ထူးဆန်းသည်။ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကြောင်တစ်ကောင်ကဲ့သိုလှပသော အဖြူရောင်အမွေးများဖြင့်ဖုံးအုပ်ထားပြီး ခေါင်းပေါ်တွင် လှပသောဂျိုနှစ်ချောင်းပါရှိသည်။
၎င်း၏ အရွယ်အစားအမှန်ကိုမသိနိုင်ပေ။ သာမန် ကျားတစ်ကောင်အရွယ်အစားသို ကျုံထားပြီး ကျီချောင်ချင်ကို နေရာတိုင်းသိုတင်ခေါ်သွားတတ်သည်။ တစ်နေ့ကုန်ပျင်းရိနေပုံရပြီး ကျီချောင်ချင် သူ့ကိုဖက်ထားသည်ကို ငြိမ်ခံနေတတ်ကာ ရန်လိုမည့်ပုံမပေါ်ပေ။
သိုသော်ဤရက်ပိုင်းအတွင်း လီမင်လော့ ကျီချောင်ချင်နှင့်နီးကပ်အောင်ကြိုးစားတိုင်း သားရဲကြီးကသူ့ကိုသတိပေးလေ့ရှိပြီး သူဆက်တိုးလျှင် အစွယ်ထုတ်ကာခြိမ်းခြောက်တတ်သည်။
လီမင်လော့ အနားမကပ်ရဲပေ။ သိပ်သည်းလွန်းသောကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ် ကိုမစားသွားစေရန်အတွက် သူ့ နတ်ဆိုးစွမ်းအားများကို ချိတ်ပိတ်ထားရသဖြင့် သူသည် စွမ်းအားမဲ့သော သာမန်လူတစ်ယောက်ဖြစ်နေသည်။ ဤအခြေအနေမျိုးနှင့် သားရဲကြီးကို ရင်ဆိုင်ရလျှင် သူ သက်သာမည်မဟုတ်ကြောင်း ကြောက်ရွံမိသည်။
လီမင်လော့၏အကြည့်သည် ကျီချောင်ချင်ထံသို ရောက်ရှိသွားသည်။
မိန်းကလေး၏အသားအရေသည် နှင်းကဲ့သိုဖြူဖွေးနူးညံ့ပြီး အနီရောင်ဝတ်စုံက သူမကိုပိုမိုလှပတောက်ပစေသည်။ လီမင်လော့ကြည့်နေသည်ကို သတိမထားမိဘဲ သူမသည် သားရဲကြီး၏ကျောပေါ်တွင်မှီလျက် အနားယူနေသည်။
လီမင်လော့၏မျက်ဝန်းထဲတွင် မည်းမှောင်သော အရိပ်အ ယောင်တစ်ခုဖြတ်ပြေးသွားသည်။ သူ မလောပါဘူးလေ၊ ကျီချောင်ချင်အတိတ်မေ့နေပြီဆိုတော့ သူမကိုပြန်သတိရလာအောင် အခွင့်အရေး ပေးမှာမဟုတ်ဘူး၊ ဒီနေရာကနေ ဘယ် လိုထွက်ရမလဲဆိုတာကိုတော့ သူမသိသေးဘူး၊ ထွက်လိုရပြီဆိုတာနဲ့ ကျီချောင်ချင်ကသူ့အပိုင်ဖြစ်လာမှာ၊ ထိုအတွေးကြောင့် လီမင်လော့စိတ်လှုပ်ရှားသွားသည်။
ဘုန်း!
ရုတ်တရက် သားရဲကြီး၏လက်သည်းဖြင့် ရိုက်ပုတ်လိုက်ခြင်းကြောင့် လီမင်လော့လွင့်စင်သွားသည်။
ရှိရင်းစွဲစုတ်ပြတ်နေသော သူ့အဝတ်အစားများသည် ရင်ဘတ်နေရာ၌ အစင်းလိုက်ပြဲသွားပြီး သူ့အရေပြားပေါ်တွင် သွေးစိုနေသောဒဏ်ရာနက်တစ်ခု ဖြစ်ပေါ်လာသည်။
ကျီချောင်ချင်အံ့သြသွားပုံရသည်။ သူမ ခဏတာ ကြောင်သွားပြီးနောက် အလျင်အမြန်သွားကြည့်သည်။
"မင်လော့... ရှင်ဘာဖြစ်သွားတာလဲ?"
သားရဲကြီးသည် ကျီချောင်ချင်၏နောက်မှကပ်လိုက်လာပြီး ၎င်း၏ဖန်ဂေါ်လီလုံးကဲ့သိုမျက်လုံးများဖြင့် လီမင်လော့ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေသည်။
လီမင်လော့သည် မြေကြီးပေါ်တွင်လဲလျောင်းလျက်သား ရယ်မောလိုက်သည်။
"ချောင်ချင်... ဒီအကောင်ကြီးကသားရဲဆန်လွန်းတယ်၊ သူ့ကိုလွှင့်ပစ်လိုက်ပါလား၊ ချောက်ကမ်းပါးကနေထွက်သွားရင် ကိုယ်မင်းအတွက် ပိုလှတဲ့အကောင်ရှာပေးမယ်လေ"
ထိုစကားကိုကြားချိန် ကျီချောင်ချင်သည် သားရဲကြီး၏ နားရွက်များကို အလျင်အမြန်ပိတ်ပေးလိုက်ပြီး လီမင်လော့ကိုစူးစိုက်ကြည့်လိုကိသည်။
"လျှောက်မပြောနဲ့! ဝိညာဉ်သားရဲတွေကလူစကား နားလည်တယ်၊ ရှင်ပြောတာကို သူနားလည်သွားရင် ဝမ်းနည်းသွားမှာပေါ့!"
ဖြူစင်ပြီး ကြင်နာတတ်တဲ့စိတ်ထား၊ ဒါက အတိတ်မေ့သွားပြီးနောက် ကျီချောင်ချင်ရဲ့စိတ်နေသဘောထားပါပဲ...
ကျီချောင်ချင်က ဝိညာဉ်သားရဲတစ်ကောင်ကို ဘာလိုဒီလောက်သဘောကျနေလဲဆိုတာ လီမင်လော့နားမလည်နိုင်ပေ။ သူ အံကြိတ်ထားချင်စိတ်ပေါက်သွားသည်။
ဒီဝိညာဉ်သားရဲက သူ့ကိုအမြဲဆန့်ကျင်နေတာ၊ တကယ် ဒေါသထွက်စရာကောင်းလိုက်တာ!
သူဒေါသထွက်နေစဉ်မှာပင် သားရဲကြီး၏ခန္ဓာကိုယ်သည် ရုတ်တရက်ကြီးမားလာပြီး ခေါင်းကြီးကို အနည်းငယ်စောင်းကာ ကျီချောင်ချင်၏ခါးကိုဖက်လိုက်သည်။
ထိုနောက်လေထဲသိုခုန်တက်ကာ ချောက်ကမ်းပါးပေါ်ရှိကွင်းပြင်တစ်ခုဆီသို တည့်မတ်စွာပျံသန်းသွားသည်။
သားရဲကြီး အဘယ်ကြောင့်ထိုသို့လုပ်မှန်း လီမင်လော့နားမလည်ပေ။ သူစဉ်းစားနေစဉ်မှာပင် သူ့အောက်ခြေရှိမြေကြီးမှာ ရုတ်တရက်ပြိုကျသွားသည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားတစ်ခုက လီမင်လော့ကို အောက်သို့ဆွဲချတော့မည့်အလားပင်။
လီမင်လော့၏တုံ့ပြန်မှုမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော်လည်း ခုခံရန်အင်အားမရှိဖြစ်နေသည်။ သူသည် ခန္ဓာကိုယ်အနှံ့ရှိ အဓိက သွေးကြောအချက်အချာနေရာများကို အလျင်အမြန်ဖွင့်လိုက်ပြီး သူ့ကိုဆွဲကိုင်ထားသောစွမ်းအားကို တိုက်ခိုက်ရန် သူ၏မှော်စွမ်းအင်အားလုံးကို ထုတ်လွှတ်လိုက်သည်။
နောင်တစ်ခဏတွင် လီမင်လော့၏ခြေထောက်များကို ထိုစွမ်းအားကဖောက်ထွင်းလိုက်သဖြင့် ကြောက်မက်ဖွယ်ကောင်းပြီး နာကျင်သောအော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။
"အား!"
အောက်ခြေမရှိသော ချောက်ကမ်းပါးထဲသို့ ပြန်ရောက်သွားမည့်အတွေးက လီမင်လော့ကိုတွန်းအားပေးလိုက်ပြီး နာကျင်နေသည့်ကြားမှ အပေါ်သို့ပြန်တက်ရန် အတင်းအကျပ်ကြိုးစားလိုက်သည်။
သို့သော် သူ့လုပ်ရပ်က နက်ရှိုင်းသောနေရာမှတစ်စုံတစ်ရာကို ဒေါသထွက်စေပုံရပြီး သူ့အောက်ခြေရှိမြေကြီးများဆက် လက်ပြိုကျနေသည်။
လီမင်လော့သည် သိပ်သည်းသောဝိညာဉ်စွမ်းအင်များကြောင့် မွန်းကျပ်လာပြီး အသက်ရှူရခက်ခဲလာသည်ကိုခံစားလိုက်ရသည်။ သူသည် ဒဏ်ရာရထားသောခြေထောက်များကြောင့် မြန်မြန်မပြေးနိုင်သလို ရင်ဘတ်ထဲမှဖိအားကြောင့် ပေါက်ကွဲထွက်မတတ်ခံစားနေရကာ လုံးဝပျံသန်း၍မရတော့ပေ။
သူ အခက်အခဲတစ်ခုကနေလွတ်လာပြီးမှ နောက်ထပ် အခက်အခဲတစ်ခုထဲရောက်သွားတာလား?
နာကျင်မှုနှင့်ရှုပ်ထွေးမှုများကြားတွင် ကျီချောင်ချင် သူ့ဆီပျံသန်းလာသည်ကို လီမင်လော့တွေ့လိုက်ရသည်။
ကျီချောင်ချင်သည် လီမင်လော့ဘေးတွင်ရပ်လိုက်သည်နှင့် ပြိုကျနေသောမြေကြီးသည် ကျီချောင်ချင်၏ခြေထောက်အောက်မှစ၍ လျင်မြန်စွာ ပြန်လည်ပြန့်ပြူးသွားသည်။
တစ်ချိန်တည်းမှာပင် သစ်ပင်နတ်ဆိုးတစ်ကောင် မြေကြီးပေါ်သို့ပြုတ်ကျလာသည်။
ထိုသစ်ပင်နတ်ဆိုးသည် အထီးဖြစ်သော်လည်း ထူးခြားစွာလှပနေသည်။ သူသည် မြေကြီးပေါ်တွင် ဝပ်လျက်သားပုံစံနှင့် ကျီချောင်ချင်ကို မုန်းတီးစွာစိုက်ကြည့်နေသည်။
"မိန်းမယုတ်! ငါ့လူကို နင်လာလုရဲတယ်ပေါ့!"
ကျီချောင်ချင်သည် နေရောင်ကိုကျောပေးကာ ရပ်နေသည်။ သစ်ပင်နတ်ဆိုး၏စကားကို ကြားလိုက်ရချိနိ သူမတိုးတိုးလေးရယ်မောလိုက်သည်။
"ငါ့ရှေ့မှာ ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတဲ့လူမရှိတာကြာလှပြီပဲ"
ကျီချောင်ချင်ရယ်မောလိုက်သောအခါ သူမ၏ မျက်ခုံးများ အနည်းငယ်ပင့်တက်သွားပြီး အပြစ်ကင်းစင်သောဟန်ပန်လေးပါနေသည်။ သို့သော် ယခု နေရောင်ကိုကျောပေးထားချိန်တွင် သူမ၏ မျက်နှာ၌ လီမင်လော့ကိုပြသခဲ့သော ချစ်စရာကောင်းသည့်အပြစ်ကင်းစင်မှုမျိုးမရှိတော့ဘဲထူးဆန်းပြီး အေးစက်သောအငွေ့အသက်များထွက်ပေါ်နေသည်။
သားရဲကြီးက သစ်ပင်နတ်ဆိုးကိုဟိန်းဟောက်လိုက်သည်။
သားရဲကြီးသည် သာမန်ဝိညာဉ်သားရဲတစ်ကောင်သာဖြစ်သည်ကိုမြင်လိုက်ရသဖြင့် သစ်ပင်နတ်ဆိုးက မထီမဲ့မြင်ပြုကာ မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ထဲတွင် နတ်ဆိုးစွမ်းအင်များပြည့်နှက်နေသည်။
"သေစမ်း... ဝိညာဉ်ကောင်!"
ကျီချောင်ချင်သည် သစ်ပင်နတ်ဆိုးဆီသို့ တစ်လှမ်းချင်းလျှောက်သွားပြီး သူမ၏အသံမှာနူးညံ့ချိုသာနေသည်။
"ငါ့ရဲ့ဝိညာဉ်စွမ်းအင်ကိုမှီခိုပြီး နတ်ဆိုးဖြစ်လာတဲ့ အကောင်လေးကများ ငါ့ကိုသတ်ချင်နေသေးတယ်"
သစ်ပင်နတ်ဆိုးသည် ကျီချောင်ချင်၏ခြိမ်းခြောက်မှုကို လုံးဝဂရုမစိုက်ဘဲ သူမစကား၏အဓိပ္ပာယ်ကို နားမလည်ပေ။ ၎င်းသည် ဒေါသဖြေဖျောက်ရန် ကျီချောင်ချင်ကိုသတ်တော့မည့်ဆဲဆဲ သူ လုံးဝမလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရသည်။
ဘာဖြစ်တာလဲ!
သစ်ပင်နတ်ဆိုး မယုံနိုင်စွာမော့ကြည့်လိုက်သည်။ ကျီချောင်ချင်သည် မသိလိုက်မသိဘာသာဖြင့် သူ့ရှေ့သို့ရောက်နေပြီး သူမ၏လက်သည် သူ့ရင်ဘတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ခုန်နေသော နှလုံးသားကိုဆွဲထုတ်လိုက်သည်။
အနီရောင်သွေးများသည် ကျီချောင်ချင်၏ လက်ချောင်းကြားမှစီးကျလာပြီး စူးရှသောသွေးညှီနံ့များ လေထဲတွင်လွင့်ပျံ့သွားသည်။
ကျီချောင်ချင် မျက်လုံးများကိုမှေးစင်းကာအရသာခံနေပြီး ခုန်နေဆဲဖြစ်သော ရုပ်ဆိုးသည့်နှလုံးသားကို မြှောက်၍ကြည့်လိုက်သည်။
"လှလိုက်တာ၊ နင့်နှလုံးသားက ဒီလောက်လှနေမှတော့ ငါ နင့်ကိုမစားတော့ဘူး"
နှစ်ပေါင်းတစ်ထောင်ကြာကျင့်ကြံခဲ့သော မဟာနတ်ဆိုးကြီးဖြစ်သည့်သူသည် မြေကြီးထဲမှထွက်လာသည့်ပထမဆုံးအကြိမ်မှာပင် ကျင့်ကြံဆင့် ခန့်မှန်း၍မရနိုင်သော လူတစ်ယောက်၏လက်ချက်ဖြင့်သေဆုံးရလိမ့်မည်ဟု သစ်ပင်နတ်ဆိုးမှာ ဘယ်တုန်းကမှထင်မထားခဲ့မိပေ။
သူသည် စိတ်ပျက်အားငယ်မှု၊ နာကြည်းမှုများဖြင့် မြေကြီးပေါ်သို့လဲကျသွားသည်။ ကျီချောင်ချင်သည် ညှိုးနွမ်းစပြုနေသောနှလုံးသားကို သိသိသာသာမြတ်နိုးစွာကိုင်ထားပြီး ထပ်ခါထပ်ခါ ကြည့်ရှုနေကာ အဆုံးတွင်မလိုလားစွာဖြင့် မြေကြီးပေါ်သို့ပစ်ချလိုက်သည်။
"လတ်ဆတ်တာက အမြဲပိုကောင်းတာပဲ"
ကျီချောင်ချင်သည် ပိုးလက်ကိုင်ပုဝါကိုထုတ်ကာ လက်မှသွေးများကိုသုတ်လိုက်သည်။
"ငါ့အဝတ်အစားတွေ အရောင်လွင့်နေပြီ၊ ပြန်ပြင်ဖို့ အနီရောင်နည်းနည်းရှာရမယ်၊ ကျွင်း... လီမင်လော့ ငါ့အတွက် ကြည်ကြည်ဖြူဖြူသေပေးဖို့ ဘယ်လောက်ကြာဦးမယ်ထင်လဲ?"