အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
🍃 Chapter 169
ချန်ဝမ်ရှန်း "ကျီချောင်ချင်... သူ့ဝိညာဉ်ကို ဘယ်တော့မှရှာမတွေ့နိုင်ရင်ရော မင်းဆက်ရှာနေဦးမှာလား?"
ကျီချောင်ချင်သည် ချန်ဝမ်ရှန်းကိုလေးနက်စွာကြည့်လိုက်သည်။
"အင်း"
"သေရမယ်ဆိုရင်တောင် မင်းနောင်တမရဘူးလား?"
"အင်း... ငါသေရင်တောင် သူ့ကိုရှာမှာ၊ ငါ ရှာမတွေ့ရင်လည်းဆက်ရှာနေဦးမှာ၊ တစ်နေ့ကျလို သူနိုးလာတဲ့အချိန် ငါသူ့ကိုမရှာဘူး၊ မစောင့်ဘူးဆိုရင် သူ ဝမ်းနည်းနေမှာပေါ့"
ရှန်ကျွင်း၏ ရှည်လျားပြီးမျှော်လင့်ချက်ကင်းမဲ့သော ဘဝတွင် သူ့ကိုစောင့်နေမည့်သူမရှိ၊ ရှာဖွေမည့်သူမရှိ၊ ဤလောကနှင့် သူ၏ဆက်နွယ်မှုဟူ၍မရှိခဲ့ပေ။
ယခုအခါ ကျီချောင်ချင်သည် ဤလောကနှင့် သူ့ကို ဆက်နွယ်ပေးထားသည့် တစ်ခုတည်းသော သံယောဇဉ်ကြိုးလေးဖြစ်သည်။ ထိုကြောင့် သူမ ဆက်လက်ရှာဖွေနေမည်ဖြစ်သည်။ သူ့ကို ထပ်ပြီးဝမ်းမနည်းစေလိုတော့ပေ။
လူတိုင်းထွက်ခွာသွားကြပြီး ခန်းမဆောင်ကြီး တိတ်ဆိတ်သွားသည်။
ကျီချောင်ချင် မျက်လုံးများကိုမှိတ်ထားလိုက်ရာ အပြင်ဘက်မှအအေးဓာတ်များသည် ပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက် လာသည်။ သူမအချိန်အကြာကြီးတိတ်ဆိတ်နေသော်လည်း မည်သူမျှ သူမကို သနားဂရုဏာသက်ပြီး ပြတင်းပေါက်လာပိတ်ပေးမည်မဟုတ်ပေ။
နေဝင်ရီတရောအချိန်ရောက်သောအခါ ထော့်ပါကျီ ဝင်လာပြီးပြောသည်။
"အရှင်... ဒီနေ့ ကျုပ်တိုအားလုံးအပြင်ထွက်ပြီး ကောင်းမှုကုသိုလ်သုံးထောင် ပြုလုပ်ခဲ့ကြပါတယ်၊ အစကနေ အခုချိန်ထိဆိုရင် အစ်ကိုကြီးရှန်ကျွင်းအတွက် ကုသိုလ်သုံးရာလောက်စုမိပါပြီ"
ကျီချောင်ချင်က မေးလိုက်သည်။
"နင်တိုက နတ်ဆိုးတွေဆိုတာ ရိပ်မိသွားကြသေးလား?"
ထော့်ပါကျီက ပြန်ဖြေသည်။
"မရှိပါဘူး၊ အားလုံးသတိထားပြီးလုပ်ကြပါတယ်"
🍃 Chapter 170
ပုံမှန်ဆိုလျှင် ကျီချောင်ချင်သည် မေးစရာရှိသည်ကိုမေးပြီးနောက် သူ့ကို ထွက်ခွာခွင့်ပြုလိုက်မည်ဖြစ်သော်လည်း ယနေ့တွင်မူ ချန်ဝမ်ရှန်းမေးခဲ့သော မေးခွန်းများကြောင့် သူမပုံမှန်မဟုတ်ပဲဖြစ်နေသည်။
ကျီချောင်ချင် မေးလိုက်သည်။
"သာမန်အချိန်တွေမှာ သူ နတ်ဆိုးဘုံမှာဘာလုပ်လေ့ရှိလဲ?"
ထော့်ပါကျီ ခေတ္တမျှကြောင်အမ်းသွားပြီးမှ ကျီချောင်ချင် ဘယ်သူ့ကိုရည်ညွှန်းနေသည်ကို သဘောပေါက်လိုက်သည်။ သူ ချက်ချင်းတုံပြန်ရန် နှေးကွေးနေခြင်းမှာမဆန်းပေ။ ရှန်ကျွင်း၏ဝိညာဉ် ပျောက်ကွယ်သွားသည့်အချိန်မှစ၍ ကျီချောင်ချင်သည် လုံးဝပုံမှန်အတိုင်းပြုမူနေခဲ့သည်။ သူမသည် ရှန်ကျွင်းအကြောင်း တစ်ခါမျှထုတ်မပြောဖူးသလို မည်သူ့ရှေ့တွင်မှလည်း ဝမ်းနည်းသည့်ခံစားချက်ကို ထုတ်မပြခဲ့ပေ။ ထိုကြောင့် ကျီချောင်ချင်သည် ရှန်ကျွင်းကိုဂရုမစိုက်တော့ဟု ထော့်ပါကျီထင်မှတ်ထားခဲ့သည်။
အမှန်တွင် သေချာပြန်စဉ်းစားကြည့်လျှင် ယနေ့ ကျီချောင် ချင်သည် လွန်ခဲ့သောနှစ်တစ်ရာက ထော့်ပါကျီ မြင်တွေ့ခဲ့ဖူးသော ကျီချောင်ချင်နှင့် ကွာခြားနေသည်။ လွန်ခဲ့သောနှစ်တစ်ရာက ကျီချောင်ချင်သည် မုန်းတီးဖွယ်ကောင်းပြီးယုတ်မာသောအရူးမ၊ ရက်စက်သောလူသတ်သမား၊ ရူးသွပ်လွန်းသူတစ်ဦးသာဖြစ်သည်။ သိုသော် သူမသည် အလွန်ဆွဲဆောင်မှုရှိသူလည်းဖြစ်သည်။
ထိုစဉ်က အဖြူရောင်ဝတ်ဆင်ထားသော ကျီချောင်ချင်သည် လူငယ်တစ်ဦး၏တက်ကြွမှုမျိုးမရှိလျှင်ပင် မောက်မာသောဟန်ပန်မျိုးရှိနေတတ်သည်။ သူမသည် မကောင်းမှုမှန်သမျှကိုရွံရှာပြီး သူမဦးဆောင်သော မည်သည့်အဖွဲမဆို ရှုးနိမ့်ဖူးခြင်းမရှိပေ။ သူမသည် တပည့်များကိုဦးဆောင်ကာ နတ်ဆိုးနယ်မြေထဲသိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျော်လွှားရန်ခက်ခဲသောအခြေအနေများနှင့် ကြုံတွေ့ရလျှင်ပင် ဘယ်သောအခါမျှလက်မလျှော့ခဲ့ပေ။ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့်နည်းလမ်းကို အမြဲရှာဖွေပြီး သူမ၏အဖွဲကို ပြန်လည်ဦးဆောင်ခေါ်ယူနိုင်ခဲ့သည်။
သူမ၏မျက်နှာတွင် ဂရုမစိုက်သောအပြုံးတစ်ခုအမြဲရှိနေ တတ်သည်။ အမှန်ကိုယုတ်မာသော်လည်း ငြင်းဆန်၍မရနိုင်လောက်အောင် ဖမ်းစားနိုင်စွမ်းရှိသည်။
ယခု ကျီချောင်ချင်သည်လည်း အဖြူရောင် ဝတ်ဆင်ထားဆဲဖြစ်ပြီး သူမ၏ရုပ်သွင်မှာ လွန်ခဲ့သောရာစုနှစ်တစ်ခုကနှင့်မခြားပေ။ သိုသော် ရှင်းပြ၍မရနိုင်လောက်အောင်ပင် ထိုနေရာ၌ရပ်နေရုံဖြင့် ခံစားချက်မဲ့သောအရုပ်တစ်ရုပ်ကဲ့သို အေးစက်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဖျော့တော့သော အပြုံးတစ်ခုရှိနေလျှင်ပင် သူမသည်ဝေးကွာပြီး ချဉ်းကပ်ရန်ခက်ခဲနေသည်။
တချိုနေရာတွေမှာ လက်ရှိကျီချောင်ချင်က ရှန်ကျွင်းနှင့်တူနေသည်။
ထော့်ပါကျီ တွန့်ဆုတ်စွာဖြင့်ပြောလိုက်သည်။
"သူက..."
ကျီချောင်ချင် စိတ်မရှည်တော့သကဲ့သို သူ့စကားကို ရုတ်တ ရက် ဖြတ်ပြောလိုက်သည်။
"တော်ပြီ... နင်သွားလိုရပြီ"
ထော့်ပါကျီပါးစပ်ဟလိုက်သော်လည်း ကျီချောင်ချင်သည် သူ၏ခယ်မတော်သာမက အထက်လူကြီးလည်းဖြစ်နေသဖြင့် သူ ဘာမျှဆက်မပြောရဲတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
သက်ရှိသတ္တဝါဟူ၍ သူမတစ်ဦးတည်းသာကျန်ရစ်သော အခါ ခန်းမဆောင်ကြီးတစ်ခုလုံး ပိုမိုဟာလာဟင်းလင်းဖြစ်သွားသည်ဟု ခံစားရပြီးကျီချောင်ချင်၏အကြည့်သည် မက်မွန်ပင်ဆီသို တစ်ဖန်ရောက်ရှိသွားသည်။
သူမ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"အချိန်တန်ပြီ... ပြန်လာခဲ့တော့"
ခန်းမဆောင်ထဲတွင် မည်သူမျှမရှိသဖြင့် သူမ ဘယ်သူ့ကို ပြောနေမှန်းမသေချာပေ။
...
ထိုအချိန်၌ မိုင်ပေါင်းထောင်ချီဝေးကွာသော နေရာတွင်...
အနီရောင်ဝတ်စုံ၀တ်ဆင်ထားသော ကျီချောင်ချင်၏မျက်နှာပေါ်မှအပြုံးမှာ ရုတ်တရက်ပျောက်ကွယ်သွားသည်။
သူမအကြည့်သည် ဝေးကွာသောကောင်းကင်ယံဆီသို့ရောက်သွားပြီး ထူးဆန်းသောအပြုံးတစ်ခု မျက်နှာပေါ်တွင်ပေါ်လာသည်။
"မင်လော့... တို့တွေ လမ်းကြောင်းပြောင်းရမယ်ထင်တယ်၊ ထျန်းရွှမ်ဂိုဏ်းကိုမသွားချင်တော့ဘူး"
လီမင်လော့သည် သူ စိတ်ထင်နေခြင်းဟုတ်၊ မဟုတ်
မသိသော်လည်း ကျီချောင်ချင်၏မျက်ဝန်းများထဲတွင် ထူးဆန်းသောအဓိပ္ပာယ်တစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။
လီမင်လော့သည် အလွန်သတိကြီးသူတစ်ဦးဖြစ်ရာ ကျီချောင်ချင် ပုံမှန်မဟုတ်သည်ကို ခံစားမိသည်။ သူမ တစ်စုံ တစ်ရာကိုပြန်သတိရသွားခြင်းများလား?
"ဘာလို့ ရုတ်တရက်ကြီးပြောင်းလဲသွားတာလဲ? ဘယ်ကိုသွားမှာလဲ?"
ကျီချောင်ချင်သည် သားရဲကြီး၏ခန္ဓာကိုယ်ပေါ်တွင် ပြန်လှဲချလိုက်သည်။
"ငါ နတ်ဆိုးဘုံကိုသွားမယ်!”
နတ်ဆိုးဘုံသည် ထာဝရ အမှောင်ထုဖုံးလွှမ်းနေသည်။ သိုသော် လမ်းမများပေါ်တွင် လူများဖြင့် စည်ကားသိုက် မြိုက်နေပြီး၊ ထိုအထဲမှ အများစုမှာ နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတိုသည် သင့်တော်လျောက်ပတ်စွာ ဝတ်ဆင်ထားကြ၏။ အငြင်းပွားမှုများဖြစ်ပေါ်သည့်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ ရန်ဖြစ်လိုစိတ်ရှိပုံမရချေ။
လီမင်လော့မျက်မှောင်ကြုတ်လိုက်သည်။ လူ့ဘုံမှ နတ်ဆိုးဘုံသိုလာရာ ခရီးတစ်လျှောက်တွင် သူသည် နတ်ဆိုးတစ်ကောင်နှင့်မျှ မတွေ့ဆုံခဲ့ရပေ။အတားအဆီးစည်း ပျက်ပြယ်သွားပြီဖြစ်သော်လည်း အဘယ်ကြောင့် နတ်ဆိုးများကလူ့ဘုံသို အလုအယက်ထွက်လာပြီး ဖျက်ဆီးခြင်းမပြုကြသနည်း။
မျက်နှာတွင်ဇာပဝါအုပ်ထားသော ကျီချောင်ချင်သည် လမ်းသွားလမ်းလာများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုရင်း မေးလိုက်သည်။
"မင်လော့... ဟိုနွားနှာခေါင်းနဲ့ နတ်ဆိုးနားမှာ ဘာလို လူသားတွေရှိနေရတာလဲ?"
နတ်ဆိုးဘုံသိုရောက်သည့်တိုင်အောင် လီမင်လော့သည် သူခန္ဓာကိုယ်တွင်ချိပ်ပိတ်ထားသည်များကို မဖြေလျှော့ထား ပေ။ ကျီချောင်ချင်၏ကျင့်ကြံဆင့်မှာမသေးလှသဖြင့် သူ၏အစစ်အမှန်အမှတ်အသားကို သူမအားမသိစေလိုပေ။ မြေပြိုမှုဖြစ်စဉ်တွင် သူ၏နတ်ဆိုးစွမ်းအင်ကို မလွှမရှောင်သာ ထုတ်သုံးခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျီချောင်ချင်သတိမထားမိခဲ့ချေ။ ထိုကဲ့သို ထပ်မဖြစ်စေချင်သောကြောင့် သူထိန်းချုပ်ထားလိုက်သည်။
ထိုကြောင့် ယခုအချိန်တွင် သူသည် နတ်ဆိုးဘုံသားများနှင့်သာမန်လူသားများကို ခွဲခြားသိမြင်နိုင်စွမ်းမရှိချေ။
"ဟေး... ဒါကို မင်းမသိဘူးလား? ငါတိုနတ်ဆိုးသခင်ကြီးက လူသားတစ်ယောက်ကိုလွှတ်ပြီး ငါတိုကို စာသင်ခိုင်းထားတာလေ၊ ကြည့်စမ်း... ငါ့အဝတ်အစားတွေ ဘယ်လောက်ပုံစံကျလဲ၊ ငါအိမ်ကထွက်လာကတည်းက ကောင်မလေးတွေ ငါ့ကိုခိုးကြည့်နေကြတာနော်၊ ဒါမျိုးက အရင်တုန်းကဆို အိပ်မက်တောင်မမက်ရဲဘူး!"
လီမင်လော့ အသံလာရာသိုလှမ်းကြည့်လိုက်သောအခါ ကျီချောင်ချင်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော နွားခေါင်းလူကိုယ်နှင့် အဆင့်နိမ့်နတ်ဆိုးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ၎င်းသည် အဝတ်ကြမ်းများကိုဝတ်ဆင်ထားသော်လည်း စောင်းရွဲနေပြီး အင်္ကျီအနောက်ဘက်ကို ခါးပတ်ထဲထိုးထည့်ထားသဖြင့် ၎င်း၏တင်ပါးကြီးမှာ ပြူးပြဲပေါ်နေလေသည်။
လီမင်လော့ "..."
ကျီချောင်ချင်သည် ရယ်ချင်စိတ်ကိုအောင့်အီးရင်း ပြောလိုက်သည်။
"ကောင်မလေးတွေပဲ ခိုးကြည့်တာမဟုတ်လောက်ဘူးနော် ကြည့်ပါဦး၊ ဟိုအဝေးက အစ်ကိုကြီးတွေလည်း ရှင့်ကိုကြည့်နေကြတယ်!"
နွားခေါင်းနတ်ဆိုးသည် မသိစိတ်ဖြင့်လှည့်ကြည့်လိုက်ရာ တကယ်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ချက်ချင်းပင် ၎င်းကဂုဏ်ယူဝင့်ကြွားစွာဖြင့် လှည့်ထွက်သွားရင်းပြောလိုက်သည်။
"၀တ်စားတတ်ဖိုဆိုတာ လွယ်လွယ်နဲ့သင်ယူလိုရတဲ့အရာမဟုတ်ဘူးကွ၊ မင်းတိုတွေ ဖြည်းဖြည်းချင်းသင်ယူကြရဦးမယ်!"
မည်သည့်နတ်ဆိုးသခင်က နတ်ဆိုးများကို လူ့စည်းမျဉ်းများ သင်ကြားခိုင်းသည်အား လီမင်လော့ မသိပေ။ ဤအပြုအမူမှာ ရူးနှမ်းသည်ဟုသာ သူထင်မှတ်မိသည်။ ထိုကြောင့် သူက ကျီချောင်ချင်အားပြောလိုက်သည်။
"ချောင်ချင်... မင်းရဲ့ဝိညာဉ်သားရဲက နတ်ဆိုးဘုံကို ရောက်နေပြီ၊ သူ့မိဘတွေကိုအာရုံခံမိပြီလား?"
လီမင်လော့ အံကိုကြိတ်လိုက်မိသည်။ ကျီချောင်ချင် နတ်ဆိုးဘုံသို လာချင်ရသည့်အကြောင်းရင်းမှာ ထိုသားရဲကောင်ကြီးက ၎င်း၏မိဘများကိုလွမ်းဆွတ်ပြီး ရှာဖွေချင်သည်ဟုဆိုသောကြောင့်ဖြစ်သည်။
သားရဲကောင်ကြီးမှာ သိပ်ဉာဏ်ကောင်းပုံမရသဖြင့် ၎င်း၏ သခင်နှင့် ကောင်းစွာဆက်သွယ်နိုင်မည် မဟုတ်ဟု လီမင်လော့ယူဆသည်။ ကျီချောင်ချင်က သူ့ကိုလိမ်ညာနေသည်ဟု သူ သံသယဝင်မိသည်။
ကျီချောင်ချင် "မသိဘူး၊ အနံ့မရဘူးလိုပြောတာပဲ၊ အတွင်းဘက်ကို ပိုဝင်ရမယ်ထင်တယ်... ဟော! တွေ့ပြီတဲ့!"
ကျီချောင်ချင် စီးနင်းထားသောသားရဲကြီးသည် ရုတ်တရက်ခုန်တက်လိုက်ပြီး နတ်ဆိုးဘုံ၏အတွင်းပိုင်းသို လျင်မြန်စွာ ဒုန်းစိုင်းပြေးလေတော့သည်။
လီမင်လော့မှာမတတ်သာတော့ဘဲ သူ့ခန္ဓာကိုယ်ရှိ အကြောအချိုကို တိတ်တဆိတ်ဖွင့်လိုက်ပြီး အံကြိတ်ကာ နောက်မှလိုက်ရတော့သည်။
သားရဲကြီးသည် တစ်စထက်တစ်စ ပိုမြန်ဆန်လာသည်။ ကျီချောင်ချင်သည် သားရဲ၏ကျောပေါ်တွင် ထိုင်လျက် ရှေ့မှနတ်ဆိုးများ ကပြာကယာ ရှောင်တိမ်းနေရသည်ကိုကြည့်ပြီး တဟားဟားအော်ရယ်နေလေသည်။
ထိုအပြုအမူမှာ စုန်းမတစ်ယောက်နှင့်မခြားနားပေ။
နောက်မှလိုက်ပါလာသော လီမင်လော့မှာမူ နတ်ဆိုးများ၏ တားဆီးခြင်းကိုခံရပြီး အားလုံးကသူ့ထံမှ ဖြေရှင်းချက်တောင်းဆိုနေကြလေသည်။
လီမင်လော့မှာ အကျပ်ရိုက်နေပြီဖြစ်သည်။ လူအုပ်ထဲရောက်သည်နှင့် ကျီချောင်ချင်တစ်ယောက် ဇက်ကျိုးသောမြင်းရိုင်းတစ်ကောင်လို ဖြစ်သွားမည်ဟု သူထင်မထားခဲ့မိပေ။ တကယ့်ကို ထိန်းချုပ်မရနိုင်သူပါလား...
အဆုံးတွင် သားရဲကြီးသည် တောင်တစ်လုံး၏ရှေ့တွင်ရပ်တန့်သွားသည်။ ကျီချောင်ချင် မော့ကြည့်လိုက်ရာ တောင်၏တစ်ဝက်ခန့်ကိုနေရာယူထားသော နန်းတော်များကိုတွေ့လိုက်ရသည်။ အလွန် ခမ်းနားထည်ဝါလှပေသည်။
ကျီချောင်ချင် မျက်လုံးများကျဉ်းမြောင်းသွားသည်။
"ဒီလိုနေရာကောင်းမျိုးမှာ ငါပဲနေသင့်တာ၊ တက်ကြစို!"
ချက်ချင်းပင် သားရဲကြီး၏ကိုယ်ပေါ်တွင် ကြီးမားသောအတောင်ပံများ ထွက်ပေါ်လာပြီး ကျီချောင်ချင်အားသယ် ဆောင်လျက် အဝေးမှနန်းတော်ဆီသိုပျံသန်းသွားလေသည်။
နန်းတော်ကြီးမှာ အလွန်တိတ်ဆိတ်ခြောက်ကပ်နေပြီး ပစ္စည်းပစ္စယနည်းပါးသော်လည်း ရှိသမျှအရာအားလုံးမှာ ကျင့်ကြံခြင်းလောကတွင် ရှာဖွေရန် ခက်ခဲသော ရတနာချည်းများသာဖြစ်နေသည်။
ကျီချောင်ချင်သည် သားရဲကြီးပေါ်မှဆင်းလိုက်ပြီး အတွင်းရှိပစ္စည်းများကို တစ်ခုချင်း စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ သူမ၏နှုတ်ခမ်းတွင် ဆွဲဆောင်မှုရှိသောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ဒီနေရာက ငါနေဖိုတကယ်ကိုပြီးပြည့်စုံတာပဲမဟုတ်လား?"
သူမစကားဆုံးသည်နှင့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ကျောပေါ်တွင် ခွင်းလွန်ဓားကိုလွယ်ထားသောကျီချောင်ချင်သည် ခန်းမဆောင်၏ဘေးဘက်မှဝင်ရောက်လာသည်။
နတ်ဆိုးများလက်မှလွတ်မြောက်လာသော လီမင်လော့သည် ခန်းမဆောင်ထဲသိုအပြေးဝင်လာရာ သူ ဘယ်တော့မှမမေ့နိုင်မည့် မြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရသည်။
ခန်းမဆောင်ထဲတွင် ကျီချောင်ချင်နှစ်ယောက်ရှိနေသည်။ တစ်ယောက်က အနီရောင်ဝတ်စုံနှင့်ဖြစ်ပြီး အခြားတစ်ယောက်က အဖြူရောင်ဝတ်စုံနှင့် ဖြစ်သည်။ အနီရောင်ဝတ်ကျီချောင်ချင်သည် မျက်နှာဖုံးစွပ်ထားသကဲ့သိုပြုံးနေပြီး အဖြူရောင်ဝတ်ကျီချောင်ချင်မှာမူ အေးစက်ပြီး မာန်မာန ထောင်လွှားနေပုံရသည်။
လီမင်လော့သည် ရုတ်တရက် ရှင်းပြမရသော နိမိတ်ဆိုးတစ်ခုကိုခံစားလိုက်ရပြီး အသက်ရှူကြပ်သွားသလိုဖြစ်သွားသည်။