← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 17 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 17 Ch. 175-177

🍃 Chapter 175

ဝိညာဉ်ဖျက်ဆီးမှုမှဖြစ်ပေါ်လာသောတုန်ခါမှုကြောင့် ကြောင်အမ်းသွားသောချီပိုင်မှာ ဒဏ်ရာရသွားသော်လည်း သူဂရုမစိုက်နိုင်တော့ပေ။ သူသည် အလိုအလျောက်ပင် ချောင်ချောင်၏ဝိညာဉ်ကို စတင်ရှာဖွေတော့သည်။ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်းသည် ဝိညာဉ်ပေါက်ကွဲမှုဖြစ်စေသဖြင့် ချောင်ချောင်၏ဝိညာဉ်များသည် နေရာအနှံသိုပြန့်ကျဲသွားသည်။ ချီပိုင်သည် အများစုကိုစုစည်းနိုင်ခဲ့သော်လည်း အားလုံးကိုမူ ပြန်လည်မစုစည်းနိုင်ခဲ့ပေ။

ချောင်ချောင် ပြန်မနိုးလာနိုင်တော့ပေ။ ထိုကြောင့် ချီပိုင် သည် ဖြေရှင်းနည်းကို မမောမပန်းရှာဖွေခဲ့သည်။ ရာစုနှစ်တစ်ခုလုံး သူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းမှ ရှေးဟောင်းကျမ်းစာ အမြောက်အမြားကိုဖတ်ရှုခဲ့ပြီး အဆုံးတွင်နည်းလမ်းတစ်ခုတည်းကိုသာ ရှာတွေ့ခဲ့သည်။

နတ်ဘုရားတစ်ပါး၏အသွေးအသားကသာ ချောင်ချောင်၏ ဝိညာဉ်ကို ပြန်လည်ပြုပြင်ပေးနိုင်လိမ့်မည်။

သိုသော် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံးနီးပါး သေဆုံးကုန်ပြီဖြစ်သည်။ နတ်ဘုရားများကဘယ်မှာ ရှိကြသနည်း?

ရာစုနှစ်တစ်ခုလုံး ချီပိုင်သည် အလွန်ဆိုးရွားသောအခြေအ နေတွင်ရှိနေခဲ့သည်။ သူ့ကိုယ်သူ သန့်ရှင်းရေးမလုပ်သလို အနားလည်းမယူခဲ့ပေ။ သူသည် အဝတ်အစားဗလာကျင်းလုနီးပါးဖြစ်နေပြီး အလွန်သနားစရာကောင်းနေသည်။

နောက်ဆုံးရှာတွေ့လိုက်သောဖြေရှင်းနည်းက ဤမျှ လက် တွေ့မကျဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

တစ်ခဏတာမျှ ချီပိုင်စိတ်ရိုင်းဝင်သွားပြီး ချောင်ချောင်နှင့်အတူ လိုက်သေချင်စိတ်ပေါက်သွားသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ဆင်ထားသော ချောမောခန့်ညားသည့်အမျိုးသားတစ်ဦး ချီပိုင်ရှေ့သိုရောက်လာသည်။ ထိုအမျိုးသား၏ရုပ်ရည်သည် အသက်ရှူမှားလောက်အောင် ချောမောလှပသော်လည်း သူ၏မျက်ခုံးများမှ အေးစက်သော အငွေ့အသက်များထွက်ပေါ်နေသည်မှာ မြင့်မြတ်လှသောနတ်ဘုရားတစ်ပါးကဲ့သိုပင်။

ချီပိုင် သူ့ကို တစ်နေရာရာမှာမြင်ဖူးသလိုခံစားလိုက်ရသည်။ သူတိုမျက်လုံးချင်းဆုံမိသောအခါ ချီပိုင် ရုတ်တရက် သဘောပေါက်သွားသည်။

ဤသူသည် ချောင်ချောင်၏ရင်ခွင်ထဲတွင်ရှိခဲ့ဖူးပြီး နောက် ပိုင်းတွင်ပျောက်ဆုံးသွားသော ဝိညာဉ်သားရဲလေးဖြစ်သည်။

ချီပိုင်သည် ချောင်ချောင်နှင့်ပတ်သက်သော အရာများကို အမြဲတမ်း အကြောင်းမဲ့ဂရုစိုက်လေ့ရှိသည်။ ထိုစဉ်က သူမ၏ဝိညာဉ်သားရဲလေးပုံစံကို သူ ကောင်းကောင်းမှတ်မိနေပြီး ချောင်ချောင့်ကျေးဇူးကြောင့် ဤသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သူ မှတ်မိလိုက်သည်။

ဤလောကတွင် မည်သည့်ဝိညာဉ်သားရဲမျှ လူအဖြစ်မပြောင်းလဲနိုင်သလို၊ မည်သူမျှလည်း ဝိညာဉ်သားရဲ မဖြစ်နိုင်ပေ။ ဤသည်မှာ ကောင်းကင်ဘုံက သတ်မှတ်ထားသောစည်းမျဉ်းဖြစ်သည်။

နတ်ဘုရားများသာလျှင် မိမိတို၏ပုံသဏ္ဌာန်နှင့်မျိုးနွယ်ကို ပြောင်းလဲနိုင်စွမ်းရှိကြသည်။

တကယ့်ကို ဖိနပ်စုတ်နဲ့ရှာတုန်းကမတွေ့၊ ဖိနပ်ကောင်းနဲ့နင်းမိမှတွေ့ ဆိုသလိုပင်။ သူ တကယ့် နတ်ဘုရားစစ်စစ်ကိုတွေ့လိုက်ရသည်။

ချောင်ချောင်တော့ကယ်တင်ခံရပြီဟူသော အတွေးများ သူ့စိတ်ထဲပြည့်နှက်သွားသည်ကို ချီပိုင်မျိုသိပ်လိုက်သည်။ ကျင့်ကြံသူများနှင့် နတ်ဘုရားများသည်မတူညီကြောင်း သူသိသည်။ ကျင့်ကြံသူများကို ကောင်းကင်ဘုံကထိန်းချုပ်ထားပြီး လူသားများနှင့် ပိုတူသည်။ နတ်ဘုရားများမှာမူ ထိုသို့မဟုတ်ပေ။ နတ်ဘုရားများသည် ရှေးဟောင်းခေတ် ဦး၏ပထမဆုံးသော၊ အစွမ်းအထက်ဆုံးနှင့် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူများဖြစ်ကြသည်။ သူတို့တွင် လူသားတို့၏စိတ်ခံစားချက် များများစားစားမရှိကြပေ။

ချီပိုင်သည် ကလေးငယ်အရွယ်ချောင်ချောင်ကို ထိုသူ့လက် ထဲထည့်ပေးလိုက်သည်။ ထိုလူ သူမကို သေချာပေါက်ကယ်တင်လိမ့်မည်ဟု သူယုံကြည်သည်။

ချီပိုင်၏ ရှည်လျားသောစောင့်ဆိုင်းမှုစတင်တော့သည်။ ဤလောကတွင် လူဝင်စားခြင်း ပညာရပ်ကို တတ်ကျွမ်းသူအနည်းငယ်သာရှိပြီး သူသည် ထိုအထဲမှတစ်ယောက်ဖြစ် သည်။ နတ်ဘုရားကကုသပေးရန်အတွက် အကူအညီလာတောင်းခံရင်း သူတို့၏အသွေးအသားကို ပေးအပ်လာမည့်အချိန်ကို သူစောင့်မျှော်နေခဲ့သည်။

နတ်ဘုရားက တကယ်ရောက်လာခဲ့ကြသည်။

ချောင်ချောင်အတွက် နတ်ဘုရားက သူ့ထံတွင်လာရောက်တောင်းပန်နေသည်ကိုကြည့်ရင်း ချီပိုင်သည် ဖော်ပြမရနိုင်သောကျေနပ်မှုကို ခံစားလိုက်ရသည်။

လုံလောက်သောအပေးအယူရှိရင် နတ်ဘုရားကတောင် သူ့ရှေ့မှာ ဒူးထောက်ရပါလား....

ချီပိုင်သည် နတ်ဘုရားများ၏စွမ်းအားကိုရရှိခဲ့သည်။ ချောင်ချောင်ကျန်းမာလာသော်လည်း အတိတ်ကမှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူမသည် အနာဂတ်တွင် သူ့ဘေးနား၌လိမ္မာစွာနေထိုင်သွားတော့မည်။ သူ အရာအားလုံးကို ပိုင်ဆိုင်လိုက်ပြီဖြစ်သည်။

သို့သော် မကြာမီတွင် ချီပိုင်သည် ဤစွမ်းအားကို အသုံးမပြုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ဤစွမ်းအားသည် သက်ရှိသတ္တဝါအပေါင်းကို ကယ်တင်လိုသောဆန္ဒရှိသည့် နတ်ဘုရားများထံမှ လာခြင်းဖြစ်သည်။ ဤစွမ်းအားသည် ယခုအခါ နတ်ဆိုးစိတ်ဝင်နေသောချီပိုင်၏ အသုံးပြုမှုကို ငြင်းဆန်နေသည်။

ချီပိုင်၏ဘဝသည် ကံကောင်းခြင်းများကင်းမဲ့နေသကဲ့သို့ပင်။ သူ ဒုက္ခဆင်းရဲများစွာခံစားခဲ့ရသည်။ အတိတ်က သူ ချောင်ချောင်ကိုရင်ဖွင့်တိုင်ပင်နိုင်ခဲ့သော်လည်း ယခုအခါ သူမသည် ကလေးငယ်တစ်ဦးသာဖြစ်နေသည်။

သူ့တွင်ရင်ဖွင့်စရာ မည်သူမျှမရှိတော့သဖြင့် အဆုံးတွင်သည်းမခံနိုင်တော့ဘဲ သူ ရူးသွပ်သွားပြီဟုခံစားလိုက်ရသည်။

သူ လုပ်ခဲ့သောအရာများစွာကို ချီပိုင်ကိုယ်တိုင်ပင် ဘာလိုချင်လို့လုပ်ခဲ့မှန်း နားမလည်တော့ပေ။

သူသည် ချောင်ချောင်ကို ထျန်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ထံပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုဂိုဏ်းကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်လိုစိတ်ကိုမထိန်းနိုင်ဘဲ ကျီချောင်ချင် ၏မွေးစားမိဘများကို သတ်ဖြတ်ခဲ့သည်။

သူ့အတွေးများ ထူးဆန်းလာသည်။

သူသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးဖြစ်ချင်ခဲ့သည်မှာသေချာသော်လည်း သူ့စိတ်နှလုံးကို သူမထိန်းချုပ်နိုင်ခဲ့ပေ။ အသန်မာဆုံးဖြစ်စရာမလိုပါဘူးဟုလည်း သူခံစားနေရသည်။

မရေတွက်နိုင်သော မတည်ငြိမ်သည့်အတွေးများက ချီပိုင်ကိုရူးသွပ်စေခဲ့သဖြင့် သူသည် သူ့စိတ်ခံစားချက်များကိုခွဲထုတ်ရန် အသွင်ပြောင်းပညာရပ်တစ်ခုကို အသုံးပြုခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသောစိတ်ခံစားချက်များအားလုံးကိုထုတ်ပစ်လိုက်သောအခါ သူ့ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုများရှိတော့မည်ကို စိုးရိမ်စရာမလိုတော့ပေ။

ဤအချိန်တွင် ချီပိုင်ကို ချီပိုင်ဟုခေါ်၍မရနိုင်တော့ချေ။ သူ့ခန္ဓာကိုယ်မှ တစ်စုံတစ်ရာပျောက်ဆုံးသွားခဲ့ပြီး ရှန်တုပိုင်အဖြစ်သာရှိတော့သည်။

ရှန်တုပိုင်၏စိတ်ထဲတွင် အတိတ်က မှတ်ဉာဏ်များအားလုံးရှိနေသေးသော်လည်း သူ့ကိုနှိပ်စက်ပြီး ရူးသွပ်စေခဲ့သော စိတ်ခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချောင်ချောင်၏ မုန်းတီးသောအကြည့်များကြောင့် သူ နာကျင်တော့မည်မဟုတ်သလို၊ ချောင်ချောင်သေရတော့မည်ကို သိ၍လည်း သူ ခံစားရတော့မည်မဟုတ်ပေ။

ရှန်တုပိုင်၏ စိတ်အာရုံကြည်လင်လာသည်။

သူဘာလိုချင်သလဲဆိုတာ သူ သိသွားပြီ...

ရှန်တုပိုင် အလွန်ကျေနပ်သွားသော်လည်း တစ်စုံတစ်ခုကိုသတိရသွားသည်။ ချောင်ချောင်က သူလမ်းမှားရောက်ပြီး နတ်ဆိုးလမ်းစဉ်လိုက်ခဲ့သည့်အတွက် သူ့ကိုမုန်းတီးခဲ့သည်။ အကယ်၍ ကျီချောင်ချင်သာ သူဖြတ်သန်းခဲ့ရသမျှကို ကြုံတွေ့ခဲ့ရလျှင် ယခင်ကလို ဤကမ္ဘာကြီးကိုချစ်မြတ်နိုးနိုင်ဦးမလားဆိုသည်ကို သူသိချင်လာသည်။

နတ်ဘုရားများက ကျီချောင်ချင်ကို ထူးခြားသော ဝိညာဉ်ခန္ဓာကိုယ်ပေးအပ်ခဲ့ကြရာ ရှန်တုပိုင်သည် ၎င်းကိုတွန့်ဆုတ်ခြင်းမရှိဘဲ အခွင့်ကောင်းယူကာ သူမကို အဆိပ်ပြင်းသောပိုးမွှားတစ်ကောင်ကဲ့သို့ မွေးမြူခဲ့သည်။

သူမ၏ယုံကြည်ချက်များကိုသွေဖည်ခြင်း၊ စိတ်ကို ထိန်းချုပ်ခြင်း၊ သွေးရင်းအချင်းချင်းသတ်ဖြတ်စေခြင်းတို့ဖြင့် ရှန်တုပိုင်သည် ကျီချောင်ချင်ကို လူသတ်ခိုင်းခဲ့သည်။ ကျီချောင်ချင်သည် ယခင်ဘဝကကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး အပြစ်ကင်းစင်စွာရှိနေလိမ့်မည်ဟု သူမယုံကြည်ပေ။

နောက်ပိုင်းတွင် ကျီချောင်ချင်သည် သူမျှော်လင့်ထားသည့်အတိုင်း ပါးနပ်သောနတ်ဆိုးတစ်ကောင် ဖြစ်လာခဲ့ရာ သူ့အတွက် အလွန်ဂုဏ်ယူစရာဖြစ်ခဲ့သည်။

သို့သော် သူ မမျှော်လင့်ထားခဲ့သောအရာမှာ ကျီချောင်ချင်သည် ရှန်ကျွင်းနှင့်တွေ့ဆုံခဲ့ခြင်းပင်။

ရှန်ကျွင်းအသက်ရှင်နေသေးသည်။ သူ ပြန်လည် အသက်ရှင်လာခဲ့သည်။

ထိုတင်မကသေး ကျီချောင်ချင်က ရှန်ကျွင်းကိုချစ်မိသွားသည်။ ရှန်တုပိုင်သည် ကျီချောင်ချင်နှင့် ရှန်ကျွင်းတို့ ပိုမိုရင်းနှီးလာကြကာ သတိမထားမိဘဲချစ်မိသွားကြသည်ကို လက်ပိုက်ကြည့်နေခဲ့ရသည်။

ရှန်တုပိုင်သည် သာမန်စိတ်ခံစားချက်များ ပျောက်ဆုံးနေသော်လည်း အလွန်အရေးကြီးသော အရာတစ်ခုဆုံးရှုံးရတော့မည်ဟု ခံစားလိုက်ရသည်။

ဤသို့ဖြစ်လာမည့်အရေးကို ရှန်တုပိုင် ခွင့်မပြုနိုင်ပေ။ သို့ သော် ရှန်ကျွင်း အသက်ရှည်ရှည်နေရမည် မဟုတ်ကြောင်း မကြာမီသူသိလိုက်ရသည်။ ခွင်းလွန်ဓားတွင် ကျီချောင်ချင်ငယ်စဉ်ကတည်းက စုဆောင်းလာခဲ့သော အငြိုးအတေးများပါရှိသည်။ အကယ်၍ ရှန်ကျွင်းက ဤအငြိုးအတေးများကို သူ့ကိုယ်ထဲသို့ မပြောင်းယူပါက ကျီချောင်ချင်သာလျှင် သေဆုံးရမည့်သူဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် ရှန်ကျွင်းက ကျီချောင်ချင်အတွက်အသေခံတော့မည်။

သူ့အစီအစဥ်သည် လုံခြုံစိတ်ချရကြောင်း ရှန်တုပိုင် နား လည်လိုက်သည်။ ရှန်ကျွင်းသေဆုံးသွားသည်နှင့် သူ့ဆီမှစွမ်းအားများသည် ရှန်တုပိုင်၏ပိုင်ဆိုင်မှု ဖြစ်လာဦးမည်။ ထိုအခါ သူသည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံးသူဖြစ် လာလိမ့်မည်။ သူသည် ထာဝရ ထိပ်ဆုံးတွင်ရှိနေလိမ့်မည်။

သို့သော် သူ မမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပျက်လာခဲ့သည်။

ရှန်ကျွင်းသည် အတိတ်က ရှန်တုပိုင်စီစဉ်ထားသော မှော်အစီအရင်ကိုဖျက်ဆီးလိုက်ပြီး သူ၏စွမ်းအားအားလုံးကို ကျီချောင်ချင်ထံသိုလွှပြောင်းပေးခဲ့သည်။

ယခုအခါ အရာအားလုံး အတည်တကျဖြစ်သွားပြီဖြစ်ရာ ရှန်တုပိုင်သည် လုံးဝရှုးနိမ့်သွားသော သူတစ်ယောက်ဖြစ်ခဲ့ရသည်။

တစ်နေ့တွင် ကျီချောင်ချင်၏ထိန်းချုပ်မှုအောက်၌ သူ တစ်ချိန်ကစွန့်ပစ်ခဲ့သော မိမိအစိတ်အပိုင်းတစ်ခု၏လက်ချက်ဖြင့်ပင် ပြန်လည်အသတ်ခံရလိမ့်မည်ဟု ရှန်တုပိုင် မည်သည့်အခါမျှထင်မှတ်မထားခဲ့ချေ။

ရှန်တုပိုင်၏ဝိညာဉ်သည် အစီအရင်၏ထိန်းချုပ်မှုကြောင့် လေထဲသိုဆွဲတင်ခံလိုက်ရသည်။ သူ ထွက်ပြေး၍မရနိုင်တော့ဘဲ သူ့ဝိညာဉ်ပျော်ဝင်ပျက်စီးသွားသည်ကိုသာ လက် ပိုက်ကြည့်နေရတော့သည်။

"ကျီချောင်ချင်! ငါမကျေနပ်ဘူး! ငါမကျေနပ်ဘူး! ကျီချောင်ချင်!"

အရာအားလုံးပြီးပြတ်သွားသောအခါ အဖြူရောင်ဝတ်ကျီချောင်ချင်သည် အဆုံးတွင် ရှန်တုပိုင်ကို ဖျော့တော့သောအပြုံးတစ်ခုပေးလိုက်သည်။ သူမက ပြောလိုက်သည်။

"ရှန်တုပိုင်... ရှင် ဘယ်လောက်ပဲနာကြည်းနေပါစေ အလ ကားပဲ၊ အစက ရှင် ရှုးစရာအကြောင်းမရှိပါဘူး၊ ရှင်က အရမ်းတုံးအလွန်းလိုရှုးသွားရတာပါ"

ရှန်တုပိုင်၏ဝိညာဉ် တုန်ခါသွားသည်။

🍃 Chapter 176

အဖြူရောင်ဝတ်ကျီချောင်ချင် "ဖုန်းလိုင််ဂိုဏ်းတိုက်ပွဲက တည်းက ကျွန်မကျင့်ကြံထားသမျှ စွမ်းအားတွေအကုန်လုံးဆုံးရှုးခဲ့ရတာပါ"

"သူ့ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေအကုန်လုံး ကျွန်မဆီမှာလေ"

အနီရောင်ဝတ်ကျီချောင်ချင်က ပြုံးလျက် ပြောသည်။

"သနားစရာကောင်းလိုက်တာ၊ ရှင် အခုထိမသိသေးဘူးပဲ"

အဖြူရောင်ဝတ်ကျီချောင်ချင်က ဆက်ပြောသည်။

"ကျွန်မ နတ်ဆိုးဘုံထဲဝင်လာတုန်းက ကျင့်ကြံခြင်း စွမ်းအားဆိုလို ဘာမှမရှိတော့ဘူး၊ ကျွန်မကိုကာကွယ်ပေးဖို ခွင်းလွန်ဓားတစ်လက်ပဲပါတော့တယ်၊ ဒါပေမဲ့ ခွင်းလွန်ဓားကိုသုံးဖို ဝိညာဉ်စွမ်းအားမရှိတော့ သာမန်နတ်ဆိုးလောက်ကိုပဲ ခြိမ်းခြောက်နိုင်တော့တာ"

အနီရောင်ဝတ်ကျီချောင်ချင်က ကျေနပ်အားရစွာ ပြုံးလိုက်သည်။

"သူ နတ်ဆိုးဘုံထဲရောက်လာပြီးနောက်ပိုင်း ရှင့်ကို တိုက်ခိုက်ခဲ့တယ်လေ၊ အဲ့ဒီ့တိုက်ခိုက်မှုမှာပါတဲ့ ဝိညာဉ်စွမ်းအားက ချန်ဝမ်ရှန်းဆီကရထားတာ၊ ရှန်တုပိုင်... အဲဒီတုန်းကသာ ရှင် သူ့ကိုပြန်တိုက်ခိုက်ရဲခဲ့ရင် သူ ရှင့်တိုက်ခိုက်မှုကိုခုခံနိုင်မှာမဟုတ်ဘူး၊ မြေမြှုပ်စရာနေရာမရှိဘဲ သေရင်တောင်သေသွားနိုင်တယ်၊ ရှင်မလုပ်ရဲခဲ့တာ သိပ်နှမြောစရာကောင်းတာပဲ"

အဖြူရောင်ဝတ်ကျီချောင်ချင် "ရှန်တုပိုင်... ရှင့်မှာမဟာဗျူ ဟာရှိပေမယ့် သတ္တိမရှိဘူး၊ နောက်ဆုံးတော့ ရှင်က ညံ့ဖျင်းသူတစ်ယောက်ပါပဲ"

အနီရောင်ဝတ်ကျီချောင်ချင် "ဒါကြောင့် ရှင့်သေဆုံးမှုက မတရားဘူးလိုမဆိုနိုင်ဘူး၊ ရှင် ကျွန်မတိုလက်ထဲမှာရှုးနိမ့်သွားတာ၊ နစ်နာတယ်လိုမခေါ်နိုင်ပါဘူး"

ရှန်တုပိုင်၏ဝိညာဉ်သည် အစီအရင်ထဲမှထွက်ပြေးရန် ရုန်းကန်နေသော်လည်း မည်သည့်အရာလုပ်ပါစေထွက်မရနိုင်ပေ။ သူ ဟိန်းဟောက်အော်ဟစ်လိုက်ရာ ပြန်ဝင်စားခြင်း အစီအရင်တစ်ခုလုံး သူ့ဝိညာဉ်ကြောင့် တုန်ခါသွားသည်။

ဝုန်း

နောက်တစ်ခဏတွင် ရေခဲချိုးဖျက်ဓားသည် မည်သည့်နေရာကမှန်းမသိ ပျံထွက်လာပြီး ရှန်တုပိုင်၏ ဝိညာဉ်တည့်တည့်သို ထိုးဖောက်ဝင်ရောက်သွားသည်။

ရှန်တုပိုင်၏ဝိညာဉ်ပေါက်ကွဲသွားပြီး ပြန်ဝင်စားခြင်းအစီအရင် တစ်လျှောက်ပြန့်ကျဲသွားတော့သည်။

ရေခဲချိုးဖျကိဓားသည် မြေပြင်ပေါ်သိုပြုတ်ကျသွားပြီး အပိုင်းပိုင်းအစစကြေမွကာ သံတိုသံစပုံအဖြစ်သာကျန်ရစ်တော့သည်။

အဖြူရောင်ဝတ်ကျီချောင်ချင်က သနားကြင်နာသောလေသံဖြင့် မေးလိုက်သည်။

"ရှင် ကျွန်မကို ရေခဲချိုးဖျက်ဓားပေးခဲ့တုန်းက အချိန်ကိုမှတ်မိသေးလား?"

ရှန်တုပိုင်မမှတ်မိတော့ချေ။ သူသည် ရေခဲချိုးဖျက်ဓားကို ကျီချောင်ချင်အားပေးခဲ့သည်ကိုသာ မှတ်မိပြီး မည်သည့်အချိန်က မည်သိုပေးခဲ့သည်ကိုမူ ပြန်မစဉ်းစားနိုင်တော့ပေ။

အနီရောင်ဝတ်ကျီချောင်ချင်က ပြောသည်။

"ကျွန်မကလေးဘဝတုန်းက ရှန်ကျွင်းက ကုသပေးဖို ကျွန်မကိုခေါ်သွားခဲ့တယ်၊ အဲဒီတုန်းက သူ ကျွန်မကို ဒုက္ခပေးမှာစိုးလို ရှင်က ရေခဲချိုးဖျက်ဓားကို လက်ကောက်အဖြစ်ပြောင်း လဲပြီး ကျွန်မ လက်ကောက်ဝတ်မှာ ဝှက်ထားပေးခဲ့တာလေ"

အဖြူရောင်ဝတ်ကျီချောင်ချင်က ဆက်ပြောသည်။

"နောက်ပိုင်းမှာ ရှင့်အသိစိတ်တွေရှုပ်ထွေးသွားပြီး ကျွန်မပြန်ရောက်လာတာတောင် ရှင် ရေခဲချိုးဖျက်ဓားကိုပြန်မယူခဲ့ဘူး"

အနီရောင်ဝတ်ကျီချောင်ချင်က ရယ်မောလိုက်သည်။

"ကံကြမ္မာဓားတစ်လက်က သူ့သခင်ကိုဘယ်တော့မှ ပြန်မတိုက်ခိုက်ဘူး၊ ဒီနေ့ ဘာလို ရေခဲချိုးဖျက်ဓားက ရှင့်ကိုသတ်ရတာလဲဆိုတာ ခန့်မှန်းကြည့်ပါလား?"

အဖြူရောင်ဝတ်ကျီချောင်ချင် "ဘာလိုလဲဆိုတော့ အဲဒီတုန်းက ရှင်ခွဲထုတ်လိုက်တဲ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုက လူသားကလေးငယ်အဖြစ် ပြောင်းလဲပြီး လယ်သမားတစ်ဦးလက်ထဲမှာ ကြီးပြင်းလာခဲ့တယ်၊ သူ့နာမည်ကလီမင်လော့တဲ့၊ ကျန်တဲ့အစိတ်အပိုင်းအနည်းငယ်ကတော့ ဓားထဲမှာကိန်း အောင်းကျန်ရစ်နေခဲ့လိုပဲ"

ရေခဲချိုးဖျက်ဓားသည် ရှန်တုပိုင်၏ကျီချောင်ချင်အပေါ်ထားရှိသောသံယောဇဉ်များကို သယ်ဆောင်ထားသည်။ အစောပိုင်းကာလက ချီပိုင်သည် ချောင်ချောင်ကိုကာကွယ်ပေးခဲ့သကဲ့သိုပင် ဤဓားသည်လည်း ကျီချောင်ချင်ကို တိတ်တ ဆိတ်ကာကွယ်ပေးနေခဲ့သည်။

ချီပိုင်၏ချောင်ချောင်အပေါ်ထားရှိသော သံယောဇဉ်များ သည် ကျီချောင်ချင်နှင့်အတူ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သည်။ ယနေ့တွင်မူ ကျီချောင်ချင်ကို ကာကွယ်ရန်အတွက် ရေခဲချိုးဖျက်ဓားသည် ၎င်း၏ပင်ကိုဗီဇကိုဆန့်ကျင်ပြီး ချီပိုင်ကို ပြန်လည်သတ်ဖြတ်ခဲ့လေသည်။

ရှန်တုပိုင်၏ဝိညာဉ်သည် တုန်ခါမှုပိုမြန်လာပြီး အဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။

လီမင်လော့ ရုတ်တရက်အသိပြန်ဝင်လာပြီး အဝေးမှ အဖြူရောင်ဝတ်ကျီချောင်ချင်ကို မသိစိတ်ဖြင့်လှမ်းကြည့်လိုက်သည်။

ချွပ်!

သို့သော် နောက်တစ်ခဏတွင် ဓားတစ်လက်က သူ့နှလုံးသားကိုထိုးဖောက်သွားသည်။

"ငါဘယ်လိုလုပ်ရမလဲ မင်လော့? ငါ နင့်ကိုအရမ်းချစ်တယ်! ငါပြောဖူးတယ်လေ... ငါချစ်တဲ့အရာကို တခြားသူတွေနဲ့ မျှမသုံးနိုင်ပါဘူးလို့၊ နင် ဟိုမိန်းမကို ကြည့်တဲ့အကြည့်တွေက ငါ့ကို အရမ်းသဝန်တိုစေတယ်!"

လီမင်လော့၏တုန်လှုပ်ချောက်ချားနေသော မျက်လုံးများအောက်တွင် အနီရောင်ဝတ်ကျီချောင်ချင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့နှလုံးသားကို ဆွဲထုတ်လိုက်သည်။

"ဘုရားရေ! မင်လော့... ငါ နင့်ကိုအရမ်းချစ်တာပဲ! နင့်နှလုံး သားက ငါမြင်ဖူးသမျှထဲမှာအလှပဆုံးပဲ! နင် ငါ့ကို တကယ်စိတ်ပျက်အောင်မလုပ်ခဲ့ပါဘူး!"

သူမသည် တောင်းပန်စကားဆိုနေသော်လည်း တစ်ဖက်တွင်မူ သူ့နှလုံးသား၏ပြီးပြည့်စုံမှုကို ချီးကျူးနေပြန်သည်။

အေးစက်ပြီး အသည်းနှလုံးမရှိလိုက်လေခြင်း...

ဤအချိန်တွင် ကျီချောင်ချင်သည် သူ့ကိုလုံးဝမချစ်ခဲ့မှန်း လီမင်လော့အဆုံးတွင်နားလည်သွားသည်။ သူမ ပြောသောအချစ်ဆိုသည်မှာ ရေတစ်ခွက်သောက်ခြင်း၊ ထမင်းစားခြင်းကဲ့သို့ သာမန်ကာလျှံကာ ကိစ္စတစ်ခုမျှသာ။ သူမသည် သူ့နှလုံးသားလောက်ပင် သူ့ကိုအာရုံမစိုက်ခဲ့ပေ။

အလွန်ရက်စက်ပြီး အသည်းနှလုံးမရှိခြင်းက သူ့ကို မခံမရပ်နိုင်သော မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

လီမင်လော့ ကျီချောင်ချင်ကိုမုန်းတီးသည်။ သူ အမှားတစ်ခုတည်းသာ လုပ်မိခဲ့သော်လည်း ကျီချောင်ချင် သူ့ကိုခွင့်မလွှတ်ခဲ့ပေ။ သူသည် ရှန်တုပိုင်၏အစားထိုးခံသက်သက်သာ ဖြစ်ကြောင်ပြောခဲ့သေးသည်။

ကျီချောင်ချင် သူ့ကိုအာရုံစိုက်လာမည့်အချိန်ကို သူ နေ့ညမပြတ်မျှော်လင့်ခဲ့ဖူးသည်။ သူမ၏အကြည့်တစ်ချက်ရလိုက်ရုံနှင့် လီမင်လော့ပျော်ရွှင်‌နေတတ်သည်။

သူ သူမကို တကယ်ချစ်ခဲ့သည်။ ချစ်လွန်း၍ နှလုံးသားများနာကျင်ရသော်လည်း ကျီချောင်ချင်က သူ့ကိုတွင်းနက်ကြီးထဲမှဆွဲထုတ်ကာ လောကကြီး၏အလှတရားများကို ခံစားခွင့်ပေးခဲ့သည်။

လီမင်လော့သည် ဖြောင့်မတ်သောလမ်းစဉ်ကို စိတ်မဝင်စားသလို လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်လိုစိတ်လည်းမရှိချေ။ သို့သော် ကျီချောင်ချင်ကြောင့် သူသည် ထျန်းရွှမ်ဂိုဏ်းတွင် သူမ၏ဂျူနီယာမောင်လေးအဖြစ်နေထိုင်ရန်ဆန္ဒရှိခဲ့ပြီး အပြစ်ကင်းစင်သူအဖြစ်ဟန်ဆောင်ရန်လည်း ဝန်မလေးခဲ့ပေ။

သူ့ရွံရှာဖွယ်ညစ်ညမ်းသော အတွေးများအားလုံးကို နှလုံး သားနက်ရှိုင်းရာတွင် သော့ခတ်သိမ်းဆည်းထားခဲ့သည်။ ကျီချောင်ချင် သူ့ခံစားချက်များကိုသိသွားမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ကျီချောင်ချင်သည် သူ့ကို ယောက်ျားတစ်ယောက်အဖြစ် တစ်ခါမှသဘောမထားခဲ့ဘဲ မောင်လေးတစ်ယောက်အဖြစ်သာမြင်ကြောင်း သူသိသည်။

သို့သော် သူဖိနှိပ်ထားလေလေ ပိုနာကျင်ရလေလေဖြစ်သည်။

ကျိုးကျွင်းလန်၏ ကျီချောင်ချင်အပေါ် ပိုပိုပြီးတွယ်ကပ်လာသောအကြည့်များကို လီမင်လော့ သည်းမခံနိုင်တော့ပေ။ ကျီချောင်ချင် ကျိုးကျွင်းလန်ကိုမချစ်မှန်း သူသိသလို၊ ကျီချောင်ချင်က ပွင့်လင်းရိုးသားလွန်း၍ အခြားအမျိုးသားများ၏သဘောကျသောအကြည့်များကို သတိမထားမိမှန်းလည်းသူသိသည်။ သို့သော် သူသည်းမခံနိုင်တော့ချေ။

ဂိုဏ်းအတွင်း၌ ကျီချောင်ချင်ဖယ်ကျဉ်ခံနေရသည်ကို လီမင်လော့သိသဖြင့် သူသည် ကျိုးကျွင်းလန်ထံမှအာဏာကို တဖြည်းဖြည်းရယူရန်ကြိုးစားခဲ့သည်။ သူ ထျန်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို ရယူလိုသည်။ သို့မှသာ အနာဂတ်တွင် ကျီချောင်ချင်မှာ မဟုတ်မမှန်စွပ်စွဲခံရခြင်းများမရှိတော့ဘဲ သူမကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

သို့သော် ထို့အတွက်လိုအပ်ချက်မှာ သူသည် လင်ရှန်းရှန်းနှင့် ခင်မင်ဟန်ဆောင်ရမည်ဖြစ်ပြီး ကျိုးကျွင်းလန် သံသယမဝင်စေရန် ကျီချောင်ချင်ကို မုန်းတီးဟန်ဆောင်ရမည်ဖြစ်သည်။

ကျီချောင်ချင်ကို ကျိုးကျွင်းလန်က ချောက်ကမ်းပါးပေါ်မှတွန်းချလိုက်လိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့မိချေ။

လီမင်လော့ ရူးသွပ်တော့မလိုခံစားလိုက်ရသည်။ အကယ်၍ ကျီချောင်ချင်သေဆုံးသွားပြီဆိုလျှင် သူလည်း အသက် ဆက်ရှင်ချင်စိတ်မရှိတော့ပေ။ ထိုသို့ဆိုမှတော့ ထျန်းရွှမ်ဂိုဏ်းတစ်ခုလုံးကို ကျီချောင်ချင်နှင့်အတူ သူ့အတွက်သေရွာပို့လိုက်တော့မည်။

သူသည် ဆယ်နှစ်လုံးလုံးအာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီး ထျန်းရွှမ်ဂိုဏ်း၏အုတ်မြစ်ကိုပင် မဆင်မခြင်ဖျက်ဆီးခဲ့သည်။ သို့သော်အဆုံးတွင် ကျီချောင်ချင် အသက်ရှင်လျက်ပြန်ရောက်လာခဲ့သည်။

ဤသည်မှာ ကောင်းကင်ဘုံကရုဏာသက်ရောက်မှုဟု လီမင်လော့ထင်ခဲ့သော်လည်း သူ မမျှော်လင့်ထားသည်မှာ ကျီချောင်ချင်က အမျိုးသားတစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။

ထိုအမျိုးသား၏ရုပ်ရည်သည် တကယ့်ကိုထူးခြားလွန်းလှသည်။ နှိင်းယှဉ်စရာမရှိအောင် လှပလွန်းပြီး အထွတ်အထိပ်နတ်ဘုရားတစ်ပါးကဲ့သိုပင်။ မကောင်းမှုဟူသမျှသည် သူ့ရှေ့တွင်အမှိက်မျှသာ ဖြစ်သွားရသည်။

လီမင်လော့သည် ထိုအမျိုးသား၏ရှေ့တွင် သူ့ကိုယ် သူ လုံးဝညစ်ညမ်းနေသူတစ်ဦးအဖြစ် ခံစားလိုက်ရသည်။

ကျီချောင်ချင်၏အကြည့်များသည် လီမင်လော့ထံမှ ဖယ်ခွာသွားပြီး ရှန်ကျွင်းအပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

ရှန်ကျွင်းက ရိုးရှင်းသောအဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားရာ လီမင်လော့က သူအမြဲဝတ်ဆင်လေ့ရှိသော လရောင်ဖြူဝတ်စုံကို ကမ္ဘာပေါ်တွင်တန်ဖိုးအနည်းဆုံးအရာတစ်ခုအဖြစ် ခံစားမိစေသည်။

ရှန်ကျွင်းနှင့် ကျီချောင်ချင် နှစ်ယောက်တည်းအတူရှိနေကြသည်ကို သူ အရူးအမူးမနာလိုဖြစ်မိသည်။

လီမင်လော့က လူတစ်ယောက်ကိုစေခိုင်းပြီး ရှန်ကျွင်းကိုဒဏ်ရာရစေခဲ့သည်။ ထိုကိစ္စကြောင့် ကျီချောင်ချင် အလွန်စိတ်ထိခိုက်သွားသည်ကိုမြင်ရသောအခါ သူ့မနာလိုစိတ်များ ပိုမိုလောင်မြိုက်လာသည်။

အဆုံးတွင် မထိန်းနိုင်တော့ဘဲ သူ့ခံစားချက်များကို ကျီချောင်ချင်အားဖွင့်ပြောကာ သူ့ရင်ထဲကဖုံးကွယ်ထားသမျှကို ထုတ်ပြလိုက်သည်။ သူမအနေဖြင့် အလွန်ဆုံးငြင်းပယ်ရုံသာရှိမည်ဟု သူထင်ခဲ့သော်လည်း သူမက သူ့မျက်လုံးများကိုထုတ်ယူလိုက်ပြီး သူသည် ရှန်တုပိုင်၏အစားထိုးခံသက် သက်သာ ဖြစ်ကြောင်းပြောခဲ့သည်။

နောက်ပိုင်းတွင် နောင်တချောက်ကမ်းပါးခြေရင်း၌ သူမ သူ့ကိုသတ်ခဲ့သည်။

လီမင်လော့ သူ သေပြီဟုထင်ခဲ့သော်လည်း အသက်ရှင်ခဲ့သည်။ သူသည် အမှန်တကယ်တွင် ရှန်တုပိုင်၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူပြန်သတိရသွားသည်။

ရှန်တုပိုင်သည် နတ်ဆိုးပူးကပ်ခြင်းခံရပြီး စိတ်ဝေဒနာခံစားနေရချိန်တွင် လီမင်လော့သည် ဝိညာဉ်တစ်ခုအနေဖြင့် အခွင့်ကောင်းယူကာခွဲထွက်လာခဲ့ပြီး နှစ်များစွာကြာပြီးနောက် လီမင်လော့အဖြစ်ဝင်စားခဲ့ခြင်းဖြစ်သည်။

သူ့ရုပ်ရည် ရှန်တုပိုင်နှင့်တူနေခြင်းက မဆန်းတော့ပေ။ သူတိုက အစတည်းကတစ်ယောက်တည်းကိုး...

ပြန်လည်မွေးဖွားပြီး နတ်ဆိုးပူးကပ်ခံရပြီးနောက် လီမင်လော့၏မျက်နှာသည် ရှန်တုပိုင်နှင့် ပိုပိုပြီးတူလာကာ အဆုံးတွင်ထပ်တူနီးပါးဖြစ်လာခဲ့သည်။ ရှန်တုပိုင်တွေးနေသည်များကိုပင် သူ ကြားနိုင်လာသည်။ သူတိုအတွေးများဆက် နွယ်နေသဖြင့် မိုင်ပေါင်းထောင်ချီဝေးကွာနေလျှင်ပင် စိတ်ချင်းဆက်သွယ်၍ရနေသည်။

လီမင်လော့သည် ရှန်တုပိုင်၏ထိန်းချုပ်မှုကို ခံခဲ့ရသည်။ သူသည် ရှန်တုပိုင်၏လက်အောက်ငယ်သား ဖြစ်သော်လည်း အထူးသဖြင့် သူသည် ရှန်တုပိုင်၏အစားထိုးခံသာဖြစ် ကြောင်း သိပြီးနောက်တွင် ရှန်တုပိုင်ကိုသည်းမခံနိုင်တော့ပေ။

ဤအချိန်တွင် လီမင်လော့ ကျီချောင်ချင်နှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။

သူမကို ရှန်ကျွင်းဟုခေါ်သောအမျိုးသားနှင့်အတူ တွေ့လိုက်ရသည်။ ထိုနှစ်ယောက်သည် တကယ့်ကို လိုက်ဖက်ညီလွန်းလှသဖြင့် လီမင်လော့ မနာလိုဝန်တိုမှုမီးတောက်များဖြင့် လောင်ကျွမ်းလုမတက်ပင်။

ထိုသိုဖြစ်နေသော်လည်း သူ ကျီချောင်ချင်ကို သတ်ချင်စိတ်တစ်ခါမှမရှိခဲ့ချေ။ လီမင်လော့၏ဆန္ဒမှာ ကျီချောင်ချင်နှင့် ထာဝရအတူရှိနေချင်ရုံ သက်သက်သာ။

ကျီချောင်ချင် အခြားတစ်ယောက်၏ရင်ခွင်ထဲ ရောက်ရှိသွားသည်ကို သူလက်ပိုက်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ဆချ။ သူ သူမကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။

အတိတ်မှာပင်ဖြစ်စေ ပစ္စုပ္ပန်မှာပင်ဖြစ်စေ ကျီချောင်ချင် ပေါ့ပေါ့ပါးပါးပြောလေ့ရှိသော ထာဝရအတူတူ ဆိုသည့်စကားသည် သူ့ကို နှစ်သိမ့်ရန်ပြောခဲ့ခြင်းသာ။

သူမ သူ့ကိုတစ်ခါမှမချစ်ခဲ့ပါလား..

ကျီချောင်ချင်အတိတ်မေ့သွားခြင်းက သူ သူမနှင့် ထာဝရအတူနေခွင့်ရမည့် အခွင့်အရေးဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အရာအားလုံးသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်ခဲ့သည်။

လီမင်လော့သည် ပြင်းထန်သောနာကျင်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကြားတွင် မျက်လုံးများကို မှိတ်ချလိုက်သည်။

🍃 Chapter 177

နှစ်တစ်ရာကြာပြီးနောက်...

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက ကျီချောင်ချင်သည် သူမ၏ ဝိညာဉ်စွမ်းအားအားလုံးကို အကုန်အစင် သုံးစွဲခဲ့ပြီး နတ်ဘုရားစွမ်းအားဖြင့် သက်ရှိသတ္တဝါအပေါင်းကို ပြုစုပျိုး ထောင်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးကြားတွင် ဝိညာဉ်စွမ်းအင်များ တိုးပွားများပြားလာခဲ့သည်။ လူများစွာသည် ကံကောင်းခြင်းများရရှိကြပြီး ကျင့်ကြံသူများ ဖြစ်လာကာ နတ်ဘုရားဘုံသို့တက်လှမ်းနိုင်ခဲ့ကြသည်။

နှစ်ပေါင်းတစ်ရာလုံးလုံး လူ့လောကသည် ငြိမ်းချမ်းသာယာခဲ့သည်။ ကျီချောင်ချင်သည် လူ့လောကနှင့် နတ်ဆိုးဘုံကြားရှိ နယ်နိမိတ်တွင် အစောင့်အကြပ်အဖြစ်နေထိုင်ခဲ့သည်။ နတ်ဆိုးလမ်းစဉ်လိုက်သူများနှင့် ကျင့်ကြံသူမျိုးနွယ်စုများ သည်ငြိမ်းချမ်းရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ပေါင်းတစ်ရာအတွင်း မည်သည့်နတ်ဆိုးသတ္တဝါမျှ လူ့လောကကိုကျူးကျော်ရန်မဝံ့ရဲခဲ့ကြပေ။

ကမ္ဘာလောကကြီးအေးချမ်းနေပြီး မြစ်ရေများ ကြည်လင်ကာ ပင်လယ်ပြင်လည်းတည်ငြိမ်နေသည်။

လူ့လောကရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အနီရောင် ဝတ်စုံဝတ်ဆင်ထားသော လှပကျော့ရှင်းသည့်အမျိုးသမီးတစ်ဦး လက်ဖက်ရည်သောက်နေသည်။

ဘေးပတ်ဝန်းကျင်ရှိ လူအများအပြားသည် ထိုအမျိုးသမီးကိုသတိထားမိကြပြီး သူမရှိရာသို့ခိုးကြည့်နေကြသည်။ သို့သော် ကံမကောင်းစွာဖြင့် သူမ၏ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော အစောင့်အရှောက်များစွာဝန်းရံထားသဖြင့် မည်သူမျှအနားမကပ်ရဲကြပေ။

‌ထော့်ပါကျီက ပျက်ယွင်းနေသောမျက်နှာဖြင့် ပြောလိုက် သည်။

"အနီရောင်ဝတ်အရှင်မ... ကျွန်တော့်အစ်ကိုကြီးဝင်စားတဲ့သူ ဒီနေ့ ဒီလမ်းကနေဖြတ်သွားမယ်လို့ စုံစမ်းသိရှိရပါတယ်၊ ကျွန်တော်တို့စိတ်ရှည်ရှည်နဲ့ စောင့်ရပါမယ်"

ထိုစဉ်က ကျီချောင်ချင်နှစ်ယောက်ကို မြင်လိုက်ရချိန်တွင် ထော့်ပါကျီ အလွန်အမင်းဇဝေဇဝါဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ကျီချောင်ချင်နှစ်ယောက်စလုံးသည် အစစ်အမှန်ဖြစ်ကြောင်း သူသိလိုက်ရသည်။

တစ်ယောက်က လမင်းနှင့်နှင်းခဲကဲ့သို့အေးစက်တည်ငြိမ်ပြီး နောက်တစ်ယောက်ကမူ တက်သစ်စ နေမင်းကဲ့သို့တောက်ပနေသည်။ နှစ်ယောက်စလုံးသည် ဘိုးဘေးအဆင့်ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် ထော့်ပါကျီသည် မည်သူ့ကိုမျှမပြစ်မှားရဲပေ။ ထို့ကြောင့် သူက တစ်ယောက်ကို အဖြူရောင်ဝတ် အရှင်မဟုခေါ်ပြီး နောက်တစ်ယောက်ကို အနီရောင်ဝတ်အရှင်မ ဟုခေါ်ဝေါ်ခဲ့သည်။

ဤနှစ်ယောက်သည် ရာစုနှစ်တစ်ခုကြာအောင် တိုက်ပွဲဝင်နေခဲ့ကြသည်။ တစ်ယောက်က ဉာဏ်နီဉာဏ်နက်သုံးတတ်ပြီး၊ နောက်တစ်ယောက်က ဝိညာဉ်စွမ်းအားကိုသုံးကာ တစ်ယောက်နှင့်တစ်ယောက် အသေသတ်ရန်ကြိုးစားနေကြပုံရသည်။ အကယ်၍ ထော့်ပါကျီသာ နှစ်ကာလများအတွင်း ပိုမိုပါးနပ်လိမ္မာမလာခဲ့လျှင် မြေစာပင်ဖြစ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

အနီရောင်ဝတ်အရှင်မသည် လက်ဖက်ရည်ခွက်ကိုတင်းကျပ် စွာဆုပ်ကိုင်ထားသည်။ သူမ၏ မျက်နှာထားတည်ငြိမ်နေသော်လည်း လက်ထဲရှိ လက်ဖက်ရည်ခွက်မှာ ကြေမွလုနီးပါးဖြစ်နေသည်။

"ဟိုမိန်းမကော? သူ လိုက်မလာဘူးမဟုတ်လား"

အနီရောင်ဝတ်အရှင်မက အဖြူရောင်ဝတ်အရှင်မကိုခေါ်ဝေါ်ပုံကြောင့် ထော့်ပါကျီ သွားကိုက်ချင်သလို ဖြစ်သွားသည်။

"မလိုက်လာပါဘူး၊ သူမကိုစောင့်ကြည့်ဖို့ လူတွေ လွှတ်ထားပြီးပါပြီ"

ရှန်ကျွင်း မြန်မြန်ပေါ်လာပါစေဟု ထော့်ပါ့ကျီ စိတ်ထဲမှဆုတောင်းနေမိသည်။ သူသာ မလာလျှင် ထော့်ပါကျီသေရ လိမ့်မည်။

ရုတ်တရက်အဝေးမှ ဗြောက်အိုးဖောက်သံများထွက်ပေါ်လာရာ လူအုပ်ကြီးက စိတ်ဝင်တစားလှမ်းကြည့်လိုက်ကြသည်။

ရုတ်တရက် တစ်စုံတစ်ယောက်က အံ့သြစွာဖြင့်အော်ပြောလိုက်သည်။

"ပထမအဆင့်ပညာရှိကြီး! ပထမအဆင့်ပညာရှိကြီး လာပြီဟေ့!"

"ပြတင်းပေါက်တွေပိတ်လိုက်စမ်း!"

ထိုဆူညံသံများကြောင့် အနီရောင်ဝတ်အရှင်မ ခေါင်းကိုက်လာသည်။ သူမသည် ပြီးပြည့်စုံသော ကျီချောင်ချင်မဟုတ်ပေ။ မပြည့်စုံသောဝိညာဉ်၏အကျိုးဆက်ကြောင့် ခေါင်းကိုက်ဝေဒနာခံစားနေရခြင်းဖြစ်သည်။

သူမစိတ်မဖောက်ခင် ရှန်ကျွင်းကိုရှာတွေ့မှဖြစ်မည်။ သူ မည်သို့နေထိုင်နေသလဲဆိုတာ သူမမြင်တွေ့ရမှ ဖြစ်မည်။

ထော့်ပါကျီ ပြတင်းပေါက်ကိုပိတ်လိုက်သည်။

"ကြားတာတော့ ဒီပထမအဆင့်ပညာရှိကြီးရဲ့ မိသားစုက မျိုးရိုးစဉ်ဆက် ပညာရှိတွေချည်းပဲတဲ့၊ ဒါပေမဲ့ သူ့လက်ထက်ကအချောဆုံးလို့ပြောကြတာပဲ!"

"သူ့ရဲ့ကဗျာနဲ့ စာလုံးအလှရေးနည်းကလည်း ထိပ်တန်းပဲတဲ့၊ စာမေးပွဲဖြေတဲ့နေ့တုန်းကဆို နိုင်ငံတော်မူဝါဒဆောင်းပါးကို ချက်ချင်းရေးစပ်လိုက်တာ ဧကရာဇ်မင်းကြီးတောင် အံ့ဩသွားတယ်တဲ့လေ၊ ပြီးတော့ မင်းသားတွေရဲ့ဆရာအဖြစ် ချက်ချင်းခန့်အပ်ခံရသတဲ့! တို့ရဲ့ပညာရှိကြီးက အသက် ၁၉ နှစ်ပဲရှိသေးတာ၊ တချို့မင်းသားတွေက သူ့ထက်တောင် အသက်ကြီးကြသေးတယ်၊ ဒါပေမဲ့ သူ့ကိုဆရာတင်ရတယ်ဆိုတော့... တကယ်အံ့ဩစရာပဲ!"

"ဒါဘာဟုတ်သေးလို့လဲ! သူ ပထမအဆင့်ပညာရှိမဖြစ်ခင် ကတည်းက တစ်တိုင်းပြည်လုံး ကျော်ကြားပြီးသား! သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ ထူးချွန်တဲ့ အရည်အချင်းကို မသိသူဘယ်ရှိမလဲ? သူ ငယ်ငယ်တုန်းက အပြင်ထွက်ရင် မိန်းက လေးတွေက သူ့မြင်းရထားပေါ်ကို လက်ကိုင်ပုဝါတွေအရှက် အကြောက်မရှိပစ်တင်ကြလွန်းလို့ ပါရမီရှင် အမျိုးသားအတော်များများ နှစ်ပေါင်းများစွာမနာလိုဖြစ်ခဲ့ရတာ!"

"နှမြောစရာကောင်းတာက ဒီလောက်ထူးချွန်တဲ့ ပါရမီရှင်ကြီးက စိတ်ထားအရမ်းအေးစက်တာပဲ၊ သူကစကားပြောတာ၊ ရယ်မောတာသိပ်မကြိုက်ဘူးတဲ့၊ သဘောထားပြည့်ဝပြီး ကြင်နာတတ်ပေမယ့် နောက်ဆုံးတော့ သက်မဲ့ရုပ်ကြီးလိုပဲဖြစ်နေသတဲ့..."

"ကြားတာတော့ သူ့အစေခံတွေဆို ဒီအရှင်သခင်ကို အလိုမကျဖြစ်စေမိမှာစိုးလို့ အမြဲတမ်းတုန်လှုပ်ချောက်ချားနေကြရတယ်ဆိုပဲ"

ထိုသို့တီးတိုးပြောဆိုသံများကြားတွင် အဖြူရောင်ဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦးက တည်ငြိမ်စွာမေးလိုက်သည်။

"ရှင်တို့ ပြောနေတာတော်တော်ကြာပြီ၊ အဲ့အရှင်သခင်ရဲ့နာမည်က ဘယ်သူတဲ့လဲ?"

အမျိုးသားတစ်ဦးက ပြန်ဖြေသည်။

"ပထမအဆင့်ပညာရှိကြီးနာမည်က ကုကျွင်းလေ၊ မင်းက ဒါတောင် မသိ..."

သူလှည့်ကြည့်လိုက်ချိန်တွင် သူ့ကိုမေးခွန်းမေးသော အမျိုး သမီးက ကြောင်အမ်းအမ်းဖြင့်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် စကားဆက်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။

အမျိုးသမီးက တိုးတိုးလေးရေရွတ်လိုက်သည်။

"ဪ... သူ့နာမည်က ကုကျွင်းတဲ့လား"

ထိုအမျိုးသမီးမှာ အဖြူရောင်ဝတ်အရှင်မပင်။

လမ်းမပေါ်တွင် ရှည်လျားသောလူတန်းကြီးတစ်ခု တန်းစီလျက်ရှိသည်။ အဖြူရောင်ဝတ်အမျိုးသမီးသည် အဝေးမှ မြင့်မားသောမြင်းတစ်ကောင်ကိုစီးလာသည့် ပိုးထည်ဝတ်ရုံနှင့်အမျိုးသားတစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထိုအမျိုး သားမှာ လက်ရှိ ပထမအဆင့်ပညာရှိ ကုကျွင်းမှတစ်ပါး အခြားသူ မဟုတ်ပေ။ သူ့ရုပ်ရည်သည် တကယ့်ကိုဖမ်းစားနိုင်စွမ်းရှိသော်လည်း သူ့ထံမှထွက်ပေါ်နေသောအငွေ့အသက်များက အေးစက်လွန်းလှသည်။ လူများကိုအနားမကပ်ရဲအောင်၊ သူ့ကို သေချာစိုက်မကြည့်ရဲအောင်တားဆီးထားသည့် အေးစက်တည်ငြိမ်မှုမျိုးရှိနေသည်။

ရုတ်တရက် ကုကျွင်း၏အကြည့်သည် အဖြူရောင်ဝတ်အမျိုးသမီးအပေါ်သို့ ကျရောက်သွားသည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိသွားကြသည်။ ခန့်မှန်းရခက်သောကုကျွင်း၏ မျက်လုံးများထဲတွင် တောက်ပသောအလင်းရောင်တစ်ချက် လက်ခနဲဖြစ်သွားသည်။ သူသည် သူမ ရှိရာသို့ လက်ကိုကမ်းပေးလိုက်သည်။

သူ့မျက်နှာအရောင်အဆင်းမှာ ယခင်အတိုင်းမပြောင်းလဲသော်လည်း သူ့အမူအရာပြောင်းလဲသွားသည်ကို အဖြူရောင်ဝတ်အမျိုးသမီး ခံစားလိုက်ရသည်။

သူ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ထင်ရသည်။

ကုကျွင်း၏မှတ်ဉာဏ်များထဲတွင် သူမ မြင်တွေ့ခဲ့ရဖူးသောမြင်ကွင်းတစ်ခုကို အဖြူရောင်ဝတ် အမျိုးသမီး ချက်ချင်းပြန်သတိရလိုက်သည်။ သူ သူမနှင့် ပထမဆုံးစတွေ့စဉ်က ငြိမ်သက်မှောင်မိုက်နေသောသူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီးပတ်ဝန်း ကျင်မှ သူ့နှလုံးသားဆီသို့စီးဝင်ကာ သူ့တစ်ကိုယ်လုံးကိုလင်းလက်သွားစေခဲ့သည်။

အဖြူရောင်ဝတ်အမျိုးသမီးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကုကျွင်း၏လက်ကိုဆုပ်ကိုင်လိုက်သည်။

ဒီတစ်ခါတော့ သူမ လက်လွှတ်မခံနိုင်တော့ဘူး...

ကုကျွင်းသည် အဖြူရောင်ဝတ်အမျိုးသမီးကို မြင်းပေါ်သို့ဆွဲတင်လိုက်ပြီး လမ်းမကြီးမှခွဲထွက်ကာ ပညာရှိ၏နေအိမ်ရှိရာသို့ လျင်မြန်စွာ ဒုန်းစိုင်းမောင်းနှင်သွားတော့သည်။

အစေခံများကိုဂရုမစိုက်ဘဲ ကုကျွင်းသည် အဖြူရောင်ဝတ်အမျိုးသမီးကို သူ့အခန်းထဲသို့ သိုသိုသိပ်သိပ်ခေါ်သွားလိုက်သည်။

ကုကျွင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်မေးလိုက်သည်။

"မင်း ဘယ်သူလဲ?"

အဖြူရောင်ဝတ်အမျိုးသမီး လန့်သွားသည်။ ထို့နောက်မှ သူ သူမကို မမှတ်မိသင့်ကြောင်း သဘောပေါက်လိုက်သည်။

အဖြူရောင်ဝတ်အမျိုးသမီး စကားပြောရန်ပြင်လိုက်စဉ်မှာပင် အခန်းတံခါးသည် ချက်ချင်းဝုန်းခနဲပွင့်ထွက်သွားသည်။

ဝင်လာသူမှာ အနီရောင်ဝတ်အမျိုးသမီးဖြစ်ပြီး ဒေါသကြောင့် မျက်နှာထားပျက်ယွင်းနေသည်။

"နင် သေသင့်တယ်!"

အဖြူရောင်ဝတ်အမျိုးသမီး၏ နူးညံ့သော မျက်နှာထားပျောက်ကွယ်သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။

"နင် ဒီကိုမလာသင့်ဘူး"

အနီရောင်ဝတ်အမျိုးသမီးသည် ဒေါသအိုးပေါက်ကွဲနေ သည်။

"ငါ နင့်ကိုသတ်ပစ်မယ်!"

အဖြူရောင်ဝတ်အမျိုးသမီးက သူမ၏ခွင်းလွန်ဓားကိုဆွဲထုတ်လိုက်သည်။

"ဘယ်သူက နင့်ကိုကြောက်နေလို့လဲ!"

ရုတ်တရက် ကုကျွင်းကဝင်မေးလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ? ဘာလို့ ရုပ်ချင်းတူနေကြတာလဲ?"

ကုကျွင်း၏အသံမှာအေးစက်နေပြီး ယခင်က ရှန်ကျွင်းအ တိုင်း တစ်ပုံစံတည်းပင်။

အနီရောင်ဝတ်အမျိုးသမီး၏ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။ မိတ်ဆွေဟောင်းတစ်ဦး ပြန်လာခြင်းသည် ဝမ်းမြောက်စရာဖြစ်သင့်သော်လည်း သူမ အဘယ်ကြောင့်မှန်းမသိ ငိုချင်စိတ်ပေါက်လာသည်။

အဖြူရောင်ဝတ်အမျိုးသမီးက ပြောလိုက်သည်။

"ကျွန်မတို့က ကျီချောင်ချင်ပါ"

ကုကျွင်းသည် ဇဝေဇဝါဖြစ်သွားသည်။

"မင်းတို့က လူတစ်ယောက်တည်းဆိုရင် ဘာလို့ နှစ်ယောက်ဖြစ်နေရတာလဲ? ငါမျက်စိမှားနေတာလား?"

အနီရောင်ဝတ်အမျိုးသမီးက ကုကျွင်း၏လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး မလွှတ်တမ်းပြောသည်။

"ကျွန်မကို ထားမသွားပါနဲ့!"

အဖြူရောင်ဝတ်အမျိုးသမီးက ကုကျွင်း၏အခြားလက်တစ်ဖက်ကို ဆွဲကိုင်လိုက်သည်။ သူမ မျက်လုံးများထဲတွင် ပြင်းထန်သောအရိပ်အယောင်များပေါ်နေသည်။

"သူက ငါ့အပိုင်"

အနီရောင်ဝတ်အမျိုးသမီး၏မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များပေါ်လာသည်။

"အဲဒါဆိုရင် နင်သေလိုက်တော့! သူ့ကို ငါ့ဆီက လုယူဖို့ကြိုးစားတဲ့ ဘယ်သူမဆိုသေရမယ်!"

ကုကျွင်းက သူတို့နှစ်ဦး၏လက်များကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။

"မင်းတို့ကတစ်ယောက်တည်းဆိုရင် ဘာလို့နှစ်ယောက်ဖြစ်နေရတာလဲ?"

အဖြူရောင်ဝတ်အမျိုးသမီးက မေးလိုက်သည်။

"ကျွန်မတို့ကို မူလအတိုင်း လူတစ်ယောက်တည်းပြန်ဖြစ်စေချင်လား?"

ကုကျွင်း သူတို့နှစ်ဦးကို သေချာစွာကြည့်လိုက်သည်။

"မင်းတို့ဝိညာဉ်တွေကမပြည့်စုံဘူး၊ ရုပ်ရည်တွေကလည်းထပ်တူကျနေတယ်ဆိုတော့ ဝိညာဉ်တစ်ခုတည်းကိုပဲ အတူ တူသုံးနေတာဖြစ်ရမယ်၊ ပြီးတော့ မင်းတို့ဝိညာဉ်တွေသာ မပေါင်းစည်းဘူးဆိုရင် မကြာခင်ကွဲကြေသွားလိမ့်မယ်"

အနီရောင်ဝတ်နှင့် အဖြူရောင်ဝတ်အမျိုးသမီးတို့သည် ဤပြဿနာကိုသိရှိနားလည်ထားပြီးဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်းရွံရှာမုန်းတီးကာ ငြင်းဆန်နေကြသဖြင့် အသက်ရှင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိုစိတ်လုံးဝမရှိခဲ့ကြပေ။

ကုကျွင်း "မင်းတို့ကို မူလအတိုင်းပြန်ဖြစ်စေချင်တယ်"

အနီရောင်ဝတ်အမျိုးသမီးက အဖြူရောင်ဝတ် အမျိုးသမီးကိုကြည့်လိုက်သည်။ တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေကြသော သူတို့နှစ်ဦးသည် ကုကျွင်း၏စကားကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ယောက်ဆီသို့တစ်ယောက် လျှောက်လှမ်းသွားကြသည်။

မူလအတိုင်း ပြန်လည်ပေါင်းစည်းခြင်းသည် အလွန် ရိုးရှင်းပါသည်။ စိတ်ချင်းဆက်နွယ်နေသော သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ထိတွေ့လိုက်ရုံဖြင့် အဖြူရောင်အလင်းတန်းများဖြာထွက်လာပြီး ကျီချောင်ချင် ပြန်လည်သတိဝင်လာခဲ့သည်။

ကျီချောင်ချင်၏မျက်နှာကို မြင်လိုက်ရသောအခါ စောစောကတည်းက ဒီလိုဖြစ်သင့်တာဟူသောခံစားချက်မျိုးကုကျွင်း ရရှိလိုက်သည်။

ကျီချောင်ချင် မျက်လုံးဖွင့်လိုက်သည်။ ရှန်ကျွင်းကို ပြန်တွေ့ရသည့်အတွက် အတိုင်းထက်အလွန် ပျော်ရွှင်ရမည်ဟု သူမမျှော်လင့်ထားခဲ့သည်။ သို့သော် အံ့ဩစရာကောင်းစွာပင် သူ့မျက်နှာကိုမြင်လိုက်ရသည့်ခဏ၌ သူမမျက်လုံးများမှ မျက် ရည်များစီးကျလာတော့သည်။ နောက်ဆုံးတော့ သူမ သူ့ကိုစောင့်နိုင်ခဲ့ပြီ...

ကုကျွင်းက ကျီချောင်ချင်၏မျက်ရည်များကို သုတ်ပေးပြီး သူမကို တင်းကျပ်စွာပွေ့ဖက်လိုက်သည်။

"မငိုပါနဲ့ မိန်းကလေး၊ ကိုယ်... ကိုယ် မိန်းကလေးကို စိတ်မကောင်းဖြစ်အောင် ရည်ရွယ်တာမဟုတ်ပါဘူး၊ မိန်းကလေးဝမ်းနည်းရင် ကိုယ့်အပေါ် ပုံချလိုက်ပါ!"

သူသည် အေးစက်သောသူတစ်ယောက်ဖြစ်ပြီး သူမကိုမမှတ်မိသည်မှာ သေချာသော်လည်း သူမကို ရင်ခွင်ထဲတွင်ထွေးပွေ့ထားဆဲပင်။

ကျီချောင်ချင် တကယ်တမ်းဝမ်းမနည်းခဲ့ပေ။ မတွေ့နိုင်သောသူများသည် တစ်ချိန်ချိန်တွင်ပြန်လည်ဆုံတွေ့ကြရစမြဲပင်။ သူမသည် ရှန်ကျွင်းအတွက် ရရှိထားသောကုသိုလ်များကို စေ့စပ်သေချာစွာတွက်ချက်ခဲ့ပြီး နတ်ဘုရားများ၏မျက်နှာ သာပေးမှုကိုရရှိရန် သူမ၏ဝိညာဉ်စွမ်းအားကို ပင်ပန်းကြီးစွာ အသုံးပြုခဲ့သည်။ သူမသည် ရှန်တုပိုင်နှင့်လီမင်လော့တို့အကြား ပြည်တွင်းစစ်ဖြစ်ပွားအောင် စနစ်တကျ ဖန်တီးခဲ့ပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံးကို ဝင်စားခြင်းအစီအရင်အတွက် အစာအာဟာရဖြစ်စေခဲ့သည်။ ကျီချောင်ချင်သည် ဤအရာအားလုံးကို စနစ်တကျလုပ်ဆောင်ခဲ့သည်။ သူမ ဘာလိုချင်သလဲဆိုတာ သူမ ကောင်းကောင်းသိသည်။

သို့သော် နေ့ညမပြတ် လွမ်းဆွတ်တမ်းတခဲ့ရသော၊ မည်သူ့ကိုမျှထုတ်မပြောရဲခဲ့သော ထိုလူသားကိုမြင်လိုက်ရချိန်တွင် ကျီချောင်ချင်၏နောက်ကျနေသော ခံစားချက်များသည် မြေပြိုသကဲ့သို့ သူမ၏ ဆင်ခြင်တုံတရားများကို ဖြိုခွဲပစ်လိုက်သည်။

"ကုကျွင်း! ကျွန်မတို့ ဘယ်တော့မှထပ်မခွဲကြေးနော်! ရှင်မရှိတဲ့နေ့ရက်တွေကို ကျွန်မ တကယ် သည်းမခံနိုင်တော့လို့ပါ!"

ကုကျွင်းသည် ဤကဲ့သို့သောမိန်းကလေးနှင့် ပတ်သက်ခဲ့ဖူးသည်ကို မမှတ်မိသော်လည်း သူမကို ပိုတင်းကျပ်စွာဖက်ထားလိုက်သည်။ သူ့ဘဝ၏အလွန်အရေးကြီးသော အရာတစ်ခုပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူမကို မြင်လိုက်ရသည့်ခဏမှစ၍ သူသည် သူမကိုထာဝရရင်ခွင်ထဲတွင် ထွေးပွေ့ထားချင်ခဲ့သည်။ မည်သူမျှ လုယူသွား၍မရနိုင်စေရန် သေချာအောင်ပြုလုပ်ချင်သည်။

သို့သော် ထိုမျှလောက်နှင့်မလုံလောက်သေး...

ကုကျွင်း လေးနက်စွာပြောလိုက်သည်။

"တရားဝင်စေ့စပ်လက်ထပ်တဲ့ အခမ်းအနားတွေနဲ့အတူ ကိုယ် မင်းကိုလက်ထပ်ချင်တယ်၊ ဒီနေ့ကစပြီး တစ်သက်လုံး မင်းနဲ့ကိုယ်နဲ့ အမြဲအတူနေသွားချင်တယ်"

ပြတင်းပေါက်အပြင်ဘက်တွင် နေရောင်ခြည်သည် တောက် ပလျက်ရှိပြီး ဇီးပန်းပင်များမှာ စိမ်းလန်းစိုပြေနေသည်။ ဤတစ်ကြိမ်တွင်မူ သူတို့ ဘယ်တော့မှခွဲခွာကြရတော့မည်မဟုတ်ချေ။

All Chapters