← Chapters

မိစ္ဆာတစ်ကောင်၏ ပြန်လည်မွေးဖွားခြင်း။

Vol. 1 Ch. 1

မိစ္ဆာတစ်ကောင်၏ ပြန်လည်မွေးဖွားခြင်း။

Vol. 1 Ch. 1

ခရစ်သက္ကရာဇ် ၂၁၅၀ ခုနှစ်။

ကျွတ်... ကျွတ်... ဝါး…

ဇွန်ဘီတွေရဲ့ ကိုက်ခဲဝါးမြိုခြင်းကို ခံနေရတဲ့ ခံစားချက်က အလွန်အမင်း ပြင်းထန်လွန်းလှသလို ရွံရှာဖွယ်ကောင်းပြီး နာကျင်မှုကိုလည်း အဆုံးစွန်ထိ ခံစားနေရသည်။ အိုင်ဗီ တစ်ယောက် သူမ၏ အသက်ဝိညာဉ် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားသည်ကို ခံစားနေရသည်။

သူမ၏ အသက်မဲ့နေသော မျက်ဝန်းအစုံတို့က ကောင်းကင်ယံဆီသို့ စိုက်ကြည့်နေသော်လည်း မြင်နေရသည်မှာတော့ အမှောင်ထုသက်သက်သာ။ ဟုတ်တယ်... သူမက မျက်မမြင် တစ်ယောက်ပါ။

သူမ ရုန်းကန်မနေတော့ပါ။ ရုန်းကန်ချင်စိတ်လည်း မရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဘဝဆိုတာက သူမအတွက်တော့ လှပနေခဲ့တာမှ မဟုတ်တာ။

သူမ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီးပြီ။ သူမရဲ့ ချစ်သူ... သူမရဲ့ မိသားစုဝင်တွေ... ပြီးတော့ သူငယ်ချင်းတွေ...။

အားလုံးက သေဆုံးသွားခဲ့ကြပြီ။ သူမတစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ တစ်ခါတစ်ရံမှာ သူမကိုယ်သူမ ကျိန်စာသင့်နေသလားဟုပင် တွေးတောမိနေတတ်သည်။

သူတို့အားလုံးဟာ သူမကို ကာကွယ်ရင်းနဲ့ပဲ သေသွားခဲ့ကြသည်။

ဖြစ်နိုင်တာကတော့ သူမဟာ

ကျိန်စာသင့်နေသူတစ်ယောက်ပါပဲ...။

အခုတော့ အားလုံး ပြီးဆုံးသွားပြီမို့ ကောင်းပါပြီ။ သူမ သေဆုံးတော့မည်။ သို့သော်လည်း သူမကိုယ်တိုင်၊ သူမရဲ့ မိသားစု၊ ဆိုင်းလပ်စ် နဲ့ သူမရဲ့ သူငယ်ချင်းတွေအပေါ် မတရားစော်ကားခဲ့သူတွေကို ကလဲ့စားမချေနိုင်ခဲ့တာကိုတော့ သူမ နောင်တရမိသည်။

"မေမေ... ဖေဖေ... ကိုကို... မမ... ဆိုင်းလပ်စ်... နောက်ဘဝမှာဆိုရင်တော့... ကျွန်မကို မကာကွယ်ကြပါနဲ့တော့..." ဟု အိုင်ဗီက တိုးတိုးလေး ရေရွတ်လိုက်သည်။

တကယ်လို့ နောက်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင် သူမ သူတို့နဲ့ အနီးအနားမှာ မနေတော့ဘူး။ သူမအတွက်ကြောင့်နဲ့ သူတို့ကို ထပ်ပြီး အသေမခံခိုင်းတော့ပါဘူး။

သူမ၏ မျက်လုံးများ မှိတ်ကျသွားပြီး ကမ္ဘာကြီးတစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။

“မမ... ဟန်ဆောင်မနေပါနဲ့တော့။ အရာအားလုံးကို မမတစ်ယောက်တည်း လုပ်နေရလို့ စိတ်ဆိုးနေတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ လက်က ဒဏ်ရာရထားတယ်လေ၊ ကိုကိုကလည်း အိမ်အလုပ်တွေမှ မလုပ်တတ်တာ"

ရင်းနှီးနေသော ချိုသာသည့်အသံတစ်ခု အိုင်ဗီ၏ နားထဲသို့ တိုးဝင်လာသဖြင့် သူမ မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ သေသွားပြီ မဟုတ်လား?

သူမ၏ ဟန်ဆောင်ကောင်းလှသော ညီမဖြစ်သူ၏ စက်ဆုပ်ဖွယ်အသံကို ဘယ်လိုဖြစ်ပြီး ကြားနေရသေးတာလဲ?

သူမ ခက်ခဲစွာ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသော အခန်းမျက်နှာကျက်ကို မြင်လိုက်ရသည်။

သူမ၏ မျက်လုံးများ ပြူးကျသွားပြီး ဝုန်းခနဲ ထထိုင်လိုက်မိသည်။

"ငါ... ငါ ဘယ်လိုဖြစ်ပြီး မြင်နေရတာလဲ? ငါ ကန်းနေတာ မဟုတ်ဘူးလား?" ဟု အိုင်ဗီက မယုံနိုင်သလို တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမ၏ အာရုံက ပြင်ဆင်ခြယ်သထားသော သူမ၏ ဟန်ဆောင်ကောင်းသော ညီမလေးထံသို့ ရောက်သွားသည်။

လှပပြီး ဖြောင့်စင်းသော ဆံပင်အနက်ရောင်၊ မျက်ဝန်းညိုညိုနှင့် ပန်းပွင့်ပုံစံ ဂါဝန်အဖြူလေးကို ဝတ်ဆင်ထားကာ မိတ်ကပ်ပါးပါးလေး လိမ်းထားသော မိန်းမငယ်လေးတစ်ဦး။ သူမ၏ ဖြူကြည်‌သော အသားအရေက အခန်းတွင်းရှိ မှိန်ပျပျအလင်းရောင်အောက်တွင် ဝင်းပနေသည်။

နုနယ်သိမ်မွေ့လှသော အလှတရားတစ်ခုပင်။

အိုင်ဗီသည် ထိုမိန်းကလေးကို ကောင်းကောင်းမွန်မွန် သိနေသည်။ အိုင်စလာ ရာဗင်ခရော့ဖ်။

ရာဗင်ခရော့ဖ် မိသားစု၏ အလိုလိုက်ခံထားရသော သမီးပျိုလေးပေါ့။

"မမ... မမ ဓမ္မတာလာနေလို့ ဗိုက်အောင့်နေတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့က မမကိုပဲ အားကိုးရတာလေ။ အဲ့ဒါကြောင့် ဟန်ဆောင်မနေဘဲ အလုပ်လေး ထလုပ်ပေးပါဦးနော်”

အိုင်ဗီ၏ မျက်ဝန်းအစုံတွင် အမုန်းတရားရိပ်များ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ အခန်းထဲရှိ ကျန်ရှိနေသူများကို ဂရုမစိုက်တော့ဘဲ သူမသည် အိုင်စလာထံသို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။

နတ်သမီးလေးပမာ လှပပြီး မျက်နှာထက်တွင် အားနာဟန် အပြုံးလေး ဆင်မြန်းထားသော အိုင်စလာမှာ ကြောင်အသွား၏။

သူမ တုံ့ပြန်ချိန်ပင် မရလိုက်မီမှာပဲ အိုင်ဗီက သူမအနားသို့ အပြေးရောက်လာပြီး ပါးကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

"အားးးး!" အိုင်စလာသည် သူမ၏ ပါးကို အုပ်ကိုင်ရင်း အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားသည်။

သို့သော် အိုင်ဗီကတော့ လွှတ်ပေးရန် အစီအစဉ် လုံးဝမရှိပါ။

ရာဗင်ခရော့ဖ် မိသားစုဝင်တွေ သူမရဲ့ အိပ်မက်ထဲကို တစ်ခေါက်လောက်ဖြစ်ဖြစ် လာလည်ဖို့ သူမ ဘယ်လောက်တောင် ဆုတောင်းခဲ့ရသလဲ။

တစ်ကြိမ်တည်းပဲ... တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သူတို့အားလုံးကို သတ်ပစ်နိုင်ဖို့အတွက်ပေါ့။

သူမ နေ့စဉ်နဲ့အမျှ ဖြတ်သန်းခဲ့ရတဲ့ ငရဲလိုဘဝမျိုးကို သူတို့လည်း ခံစားစေချင်ခဲ့တာ။

အခုတော့... နောက်ဆုံးမှာတော့... သူမ သူတို့ကို မြင်နေရပြီ။

ဒါဟာ သေပြီးနောက်ဖြစ်ပေါ်လာတဲ့ ဘဝလား၊ ဒါမှမဟုတ် လူသေခါနီးမှာ မြင်ယောင်တတ်တဲ့ နောက်ဆုံး ၇ မိနစ်စာ အတိတ်ပုံရိပ်တွေလားဆိုတာ အိုင်ဗီ ဂရုမစိုက်တော့ပါ။ သူမ သတ်ချင်နေပြီ... အားလုံးကို... တစ်ယောက်မကျန် သတ်ပစ်ချင်နေပြီ။

သူတို့ သူမကို နှိပ်စက်ခဲ့သလိုမျိုး ပြန်ပြီး မနှိပ်စက်နိုင်တာကတော့ နှမြောစရာပဲ။

ဒါပေမဲ့ သူတို့ကို တစ်ကြိမ်လောက် သတ်ပစ်ရတာကတောင် စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။

သူမသည် အိုင်စလာ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ရှိသမျှအားအင်ကုန်သုံး၍ ညှစ်ပစ်တော့သည်။

အိုင်စလာသည် အတင်းရုန်းကန်ရင်း အကူအညီတောင်းရှာ၏။

"ကယ်ကြပါ... ကယ်ကြပါဦး..."

သူမ၏ အကူအညီတောင်းသံကြောင့် အိုင်ဗီ၏ မိဘများမှာ အံ့ဩတုန်လှုပ်နေရာမှ သတိဝင်လာပြီး အိုင်ဗီရှိရာသို့ အပြေးအလွှား ရောက်လာကြတော့သည်။

"ဘာတွေဖြစ်ကုန်တာလဲ အိုင်ဗီ! နင် ဘာတွေလုပ်နေတာလဲ! ငါ့သမီးကို အခုချက်ချင်းလွှတ်!" အိုင်စလာ၏ မိခင်ဖြစ်သူသည် ထို 'မိစ္ဆာမ' ကို သူမ၏ ဒေါသတကြီး ရူးသွပ်နေမှုမှ သတိပြန်ဝင်လာစေရန် ရည်ရွယ်ပြီး အိုင်ဗီ၏ ဆံပင်များကို သူမ၏ ချွန်ထက်သော လက်သည်းများဖြင့် အားကုန်ဆောင့်ဆွဲလေသည်။

ဦးရေခွံတစ်ခုလုံး စူးစူးရှရှ နာကျင်မှုကို ခံစားနေရသော်လည်း အိုင်ဗီကတော့ ရပ်တန့်မသွားခဲ့ပါ။

အိုင်စလာကို သတ်ပြီးတာနဲ့ သူမ၏ မိခင်၊ ဖခင်နှင့် မောင်ဖြစ်သူတို့ကိုပါ ဆက်ပြီးသတ်ပစ်မည်။

ဒီ 'ယုတ်မာတဲ့ မိသားစု' က သေကို သေသင့်တာမလို့၊ သူမနှင့်အတူ အားလုံး ငရဲကို တစ်ပါတည်း ဆွဲခေါ်သွားမည်ဟု ဆုံးဖြတ်ထားသည်။

"အိုင်ဗီ! ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း! နင် နင့်ညီမကို နာအောင်လုပ်နေပြီ!" ဟု အိုင်စလာ၏ ဖခင်က အော်ဟစ်လိုက်သော်လည်း ထိုစကားများမှာ နားထဲသို့ မဝင်ခဲ့ပါ။

သူ့၏ သတိပေးမှုကို အိုင်ဗီက ဂရုမစိုက်သည့်အဆုံးတွင်တော့ အိုင်စလာ၏ ဖခင်သည် ဝေခွဲမနေတော့ဘဲ အိုင်ဗီ၏ နံဘေးကို အားကုန်ကန်ချလိုက်ရာ သူမ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်သို့ လွင့်စင်လဲကျသွားတော့သည်။

အိုင်ဗီ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အသက်ရှူပင် ကျပ်သွား၏။ နံရိုးများဆီမှ နာကျင်မှုက စူးခနဲ တက်လာသော်လည်း သူမ သိပ်သတိမထားမိခဲ့ပါ။

သူမအတွင်းစိတ်ထဲမှ ဒေါသတရားက မည်သည့်နာကျင်မှုထက်မဆို ပို၍ ပြင်းပြင်းထန်ထန် လောင်မြိုက်နေသောကြောင့် ဖြစ်သည်။

သူမ ဒူးထောက်လျက်သား ပြန်ထလာပြီး နှုတ်ခမ်းမှ သွေးစများကို သုတ်လိုက်ကာ သူမကို ဒေါသတကြီးနှင့် မယုံနိုင်သလို စိုက်ကြည့်နေသော လူသုံးယောက်ကို

ပြန်လည်ကြည့်လိုက်သည်။

‘နေပါဦး... ငါက ဘာလို့ နာကျင်မှုကို ခံစားနေရသေးတာလဲ?’

‘ငါ သေသွားပြီ မဟုတ်ဘူးလား?’

ခဏလေး... ရာဗင်ခရော့ဖ် မိသားစုဝင်တွေ သူမဆီ လာလည်တယ်ဆိုရင်တောင်... သူတို့က ဘာလို့ ဒီလောက်တောင် သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး ငယ်ရွယ်ကြတာလဲ?

သူမ၏ ဒေါသတရားများက လျော့ပါးမသွားသော်လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းကတော့ ပြန်လည်နိုးထလာခဲ့‌လေပြီ။

"မကောင်းဆိုးဝါးမ" အိုင်စလာသည် ညိုမည်းသွားသော သူမ၏ လည်ပင်းကို အုပ်ကိုင်လျက် ရှိုက်ကြီးတငင် ငိုကြွေးရင်း အော်ဟစ်လိုက်သည်။ "နင် ရူးနေပြီ၊ သူ ရူးသွားပြ!"

ရူးသွားတာလား?

မဟုတ်ဘူး။ အိုင်ဗီ့ဘဝမှာ အခုလောက် စိတ်အခြေအနေ ကြည်လင်ပြတ်သားနေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။

All Chapters