ကမ္ဘာပျက်ကပ်သည် လူသားတို့အတွက် ကပ်ဆိုးနှင့် ပရမ်းပတာဖြစ်မှုများကို ယူဆောင်လာခဲ့သည်။ လူ့အဖွဲ့အစည်း၏ ဟန်ဆောင်မျက်နှာဖုံးများကို ကွာကျသွားပြီး ကိန်းအောင်းနေသော ရက်စက်ယုတ်မာမှုများကို အထင်းသား ပေါ်လွင်လာသည်။ အိုင်ဗီသည် ထိုအဖြစ်အပျက်အားလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသူဖြစ်၏။ သူ၏ မိသားစုသည် မတရားသဖြင့် ရက်စက်ကြပြီး မျက်စိကွယ်သွားသည်အထိ သူမကို ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့ကြသည်။ သူချစ်ရသူကလည်း သူ့ကို ကာကွယ်ရင်း အသက်ပေးသွားခဲ့ရ၏။ ထိုအချိန်မှစ၍ နောက်ထပ် ငါးနှစ်တိုင်တိုင် အသက်ရှင်ရပ်တည်နိုင်ရန် သူတစ်ယောက်တည်း ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ ထိုကမ္ဘာပျက်ကပ်ကြီးထဲ၌ပင် အသက်ဆုံးရှုံးခဲ့ရ၏။ သို့သော်လည်း အိုင်ဗီ ပြန်လည်နိုးထလာခဲ့သည်။ ကမ္ဘာပျက်ကပ်၏ ပထမဆုံးနှစ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်၏။ အစပိုင်းတွင်တော့ သူမ မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရသည်။ ကမ္ဘာပျက်ကပ်မတိုင်ခင် အချိန်ကာလတစ်ခုဆီသို့သာ ပြန်ရောက်သွားခဲ့လျှင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် အစားအသောက်၊ လက်နက်များ၊ လိုအပ်သော ရိက္ခာများကို ကြိုတင်စုဆောင်းထားနိုင်မည် မဟုတ်လား။ ဝမ်းသာရသည်မှာ ဘေးကင်းလုံခြုံရာနယ်မြေများ ဖန်တီးနိုင်သည့် သူမ၏ သီးသန့်စွမ်းအားလေးကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ခြင်းပင်။ ယခုတစ်ကြိမ်တွင်တော့ အိုင်ဗီ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။ သူ၏ ချစ်ရသူကို အသက်ပေးကာကွယ်မည်။ သူ့သွေးသားရင်းချာ အစစ်အမှန် မိသားစုကို ရှာဖွေမည်။ ထို့နောက် သူ့ကို နာကျင်စေခဲ့သူတိုင်းကို မချွင်းမချန် လက်စားချေမည်။

