← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း ၁၄၅။ ဆား

ယခုမူ သူလှောင်ပြောင်ခဲ့သည့် ထိုသူကိုယ်တိုင်ကပင် သူ့ရှေ့တွင် ရပ်ကာ ငွေချေရန် စောင့်ဆိုင်းနေလေပြီ။

'ငါ... ငါ ဘာလို့ ပါးစပ်သရမ်းမိပါလိမ့် အရမ်း ရှက်ဖို့ကောင်းတာပဲ'

သူသည် ခေါင်းငုံ့ကာ အမြူတေများကို သူမ၏လက်ထဲသို့ ထည့်လိုက်ရင်း တိုးညှင်းသော လေသံဖြင့်

"ဆားအတွက်... ကျေးဇူးတင်ပါတယ်"

မာကိုက ထွက်ခွာရန် ပြင်လိုက်စဉ် အိုင်ဗီက ရုတ်တရက် စကားပြောလိုက်သည်။ သူမ၏ တည်ငြိမ်သော အသံကြောင့် သူ၏ ခြေလှမ်းများ တန့်သွားရသည်။

"ရှင် လိုချင်သရွေ့ နေလို့ရပါတယ်" ဟု သူမက ဆိုသည်။

"ပြီးတော့ ရွှေတုံး ဆယ်တုံး ပေးနိုင်မယ်ဆိုရင် ဒီမှာ အမြဲတမ်း နေထိုင်ခွင့် ရပါလိမ့်မယ်"

မာကို ကြောင်သွားသည်။ သူသည် သူမဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ သူမ နောက်ပြောင်နေတာ ဟုတ်မဟုတ် သိနိုင်ရန် အိုင်ဗီ၏ မျက်လုံးများကို စိုက်ကြည့်သော်လည်း သူမ၏ မျက်နှာမှာ အလေးအနက် ရှိနေသည်။

သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်... စဉ်းစားကြည့်ပါ့မယ်။"

သူ၏ ရင်ထဲတွင်မူ နှလုံးခုန်သံများမှာ နာကျင်စွာ မြန်နေသည်။

'ရွှေတုံး ဆယ်တုံး ငါ့မှာ ရှိတယ်။ အရင်တုန်းက ယောက္ခမတွေကို အထင်ကြီးအောင် လုပ်ချင်လို့ တစ်ခါ ဝယ်ထားခဲ့တာ။ ရွှေတွေကို ပြလိုက်ရင် ငါ့ကို အထင်သေးတာတွေ ရပ်သွားလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ကမ္ဘာပျက်ကပ်ကြီးက ရောက်လာခဲ့တယ်။ အခုတော့ ရွှေက လဲလှယ်လို့ ရတယ်ဆိုပေမဲ့ တစ်လစာ အစားအသောက်တောင် အနိုင်နိုင်ပဲ ဝယ်လို့ရတာ။ အဲဒီရွှေတွေက ငါ့ရဲ့ နောက်ဆုံး ချမ်းသာကြွယ်ဝမှုပဲ ငါ့မှာ ကျန်တဲ့ တစ်ခုတည်းသော အရာပဲ။'

သူ၏ မျက်ဝန်းများ တုန်လှုပ်သွားသည်။ 'ဒါကိုသာ ပေးလိုက်ရင်... ငါ တကယ်ပဲ အသက်ရှင်နိုင်ပါ့မလား။ ဒါမှမဟုတ် ငတ်ပြတ်ပြီးပဲ အဆုံးသတ်သွားမှာလား။'

သူ့တွင် ရွှေတုံး ဆယ်တုံးထက်မက ရှိသော်လည်း အားလုံးကို အသုံးပြုရန် သူ မဝံ့ရဲခဲ့ပေ။ သို့သော် ယခု အိုင်ဗီ၏ စကားကို ကြားရသောအခါ သူ၏ စိတ်ထဲတွင် တစ်ခုခု ပြောင်းလဲသွားသည်။

ဒီနေရာတွင် အမြဲတမ်း အိမ်တစ်လုံး ဝယ်ယူနိုင်မည်ဟူသော အတွေးက သူ့ကို တွန့်ဆုတ်စေသလို အိမ်မက်လည်း မက်စေသည်။

မာကို ခေါင်းမော့လိုက်သည်။ "ညီမ နေတဲ့နေရာကို ကျွန်တော့်ကို ပြပေးနိုင်မလား"

အိုင်ဗီသည် သူ့ကို ခဏတာ အကဲခတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ မရေရာမှုများနှင့်အတူ ပြတ်သားမှု အရိပ်အယောင်လေးကိုပါ သူမ မြင်လိုက်ရသည်။ သူမ ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ တစ်စုံတစ်ယောက်က အမြဲတမ်း နေထိုင်သူဖြစ်ရန် စဉ်းစားနေသည်ဆိုပါက သူမအနေဖြင့် ဤအခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။

'အခန်းတွေ ငှားရုံသက်သက်နဲ့တော့ ငါ့စခန်းကို တည်ဆောက်လို့ ရမှာမဟုတ်ဘူး' ဟု အိုင်ဗီ တွေးလိုက်သည်။

'ငါ အိမ်တွေကိုလည်း ရောင်းရမယ်။ တစ်ဝက်ငှား၊ တစ်ဝက်ရောင်းပေါ့။ အဲဒါမှ စခန်းက တည်ငြိမ်မှာ။ ဒီမာကိုက ကြည့်ရတာ အားနည်းပုံရပြီး စွမ်းအားကြီးတဲ့ စွမ်းရည်မျိုး နိုးထလာမယ်လို့တော့ ငါမထင်ဘူး၊ ဒါပေမဲ့ စောစောက တိုက်ခိုက်နေပုံကို ကြည့်ရတာ သူက သတ္တိရှိတယ်။ လေ့ကျင့်ပေးရင်တော့ အသုံးဝင်လာနိုင်တာပဲ။ ထူးထူးခြားခြားပဲ ငါ သူ့အပေါ် တစ်ခုခု ခံစားနေရတယ်။ ကြိုတင်နိမိတ် တစ်ခုလိုမျိုးပဲ။ တစ်နေ့ကျရင် သူက အစွမ်းထက်တဲ့သူ ဖြစ်လာမယ့်အတိုင်းပဲ။'

အတိတ်ဘဝတုန်းက မာကို ဆိုသည့် အမည်မျိုး ကြားဖူးခြင်း ရှိမရှိ သူမ ပြန်စဉ်းစားကြည့်သော်လည်း ဘာမှ မမှတ်မိပေ။ ခဏအကြာတွင် သူမ ထိုအတွေးကို လက်လွှတ်လိုက်သည်။

"ကျွန်မနောက် လိုက်ခဲ့ပါ" ဟု သူမက ရိုးရှင်းစွာ ဆိုလိုက်သည်။

သူတို့သည် အိုင်ဗီ ပထမဆုံး အပြီးသတ်ထားသည့် တိုက်ခန်းဆီသို့ လျှောက်သွားကြသည်။ သူမ တံခါးဖွင့်ပေးလိုက်ပြီး မာကို့ကို အထဲဝင်ခိုင်းလိုက်သည်။

အထဲသို့ ရောက်ရှိသွားသည်နှင့် မာကို အံ့အားသင့်ကာ မှင်တက်သွားတော့သည်။ သူ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်သွား၏။ တိုက်ခန်းမှာ ကျယ်ဝန်းပြီး လေထုက လတ်ဆတ်ကာ သစ်သားနံရံများမှာလည်း အက်ကွဲကြောင်းမရှိ ချောမွေ့နေသည်။

ရေယိုခြင်း၊ မှိုတက်ခြင်း သို့မဟုတ် ကြမ်းပြင်ပျက်စီးခြင်းများ လုံးဝ မရှိပေ။ စစ်တပ်စခန်းနှင့် ယှဉ်လျှင် ဤနေရာမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားရသည်။

အတွင်းတွင် ပရိဘောဂများလည်း အဆင်သင့် ရှိနေသည်။ ကျယ်ဝန်းသော ကုတင်၊ ခိုင်ခံ့သော ကုလားထိုင်နှင့် စားပွဲတစ်ခုပင် ပါဝင်သည်။ အလင်းရောင် ဝင်လာပုံက တစ်နေရာလုံးကို နွေးထွေးစေပြီး သက်ဝင်လှုပ်ရှားနေစေသည်။

မာကိုက အတွင်းဘက်သို့ ထပ်မံ လျှောက်ဝင်သွားပြီး သစ်သားနံရံများကို လက်ဖြင့် ပွတ်သပ်ကြည့်သည်။ 'ဒါ... ဒါက အိမ်မက်တစ်ခုလိုပဲ။ ကမ္ဘာပျက်ကပ်ကြီးထဲမှာ ဒီလောက်အထိ ခိုင်ခိုင်မာမာရှိတဲ့ အရာမျိုး ဘယ်လိုလုပ် ရှိနိုင်တာလဲ။'

ထိုစဉ် အိုင်ဗီ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။ သူမ၏ စိတ်ထဲတွင် အသံတစ်သံ မြည်လာသည်။

[ဒေါင်။ အစားအစာများကို ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းကြောင့် သင်သည် ၁၀၀ KB ရရှိပါသည်။]

အိုင်ဗီ မျက်တောင်ခတ်လိုက်မိသည်။ သူမ၏ ရင်ခုန်သံ မြန်သွား၏။ 'ဘာ... ဆားတစ်ထုပ် ရောင်းလိုက်ရုံနဲ့ ၁၀၀ KB တောင် ရတာလား။ ဒါက ဆေးဝါးတွေ လှူဒါန်းတုန်းကထက် အများကြီး ပိုတာပဲ။ ဒါ ဘယ်လိုဖြစ်နိုင်တာလဲ။'

သူမ၏ စိတ်ထဲမှ အသံက ဆက်လက် ထွက်ပေါ်လာသည်။

[သင့်အတွက်သာ ရရှိနိုင်သော အထူးလုပ်ဆောင်ချက်တစ်ခုကို ဖွင့်ပေးလိုက်ပါပြီ။]

သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ ချက်ချင်း စစ်ဆေးကြည့်ချင်သော်လည်း မာကိုက ရှိနေသေးသဖြင့် အောင့်ထားလိုက်ရသည်။

'စိတ်ရှည်စမ်း။ သူ အိမ်ကို အရင်ကြည့်ပါစေဦး။ နောက်မှ ငါ စစ်ဆေးလို့ ရတာပဲ။'

မာကိုသည် စိတ်လှုပ်ရှားမှုများ မြင့်တက်လာရင်း အခန်းများထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။ လေထုမှာ အလွန်အေးခြင်း၊ အလွန်ပူခြင်း မရှိပေ။

အပူချိန်မှာ အနေတော်ပင်။ မီးဖိုချောင်မှာ ကျယ်ဝန်းပြီး ပြည့်စုံလှသည်။ အိပ်ခန်းမှာ နွေးထွေးပြီး လုံခြုံမှု ရှိသည်။ သိုလှောင်ခန်း ငယ်လေးတစ်ခုပင် ပါဝင်သေးသည်။

သူ၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်လာသည်။ 'ငါ ဒီမှာ အစားအသောက်တွေ သိမ်းထားလို့ ရတယ်။ ရိက္ခာတွေ သိမ်းထားလို့ ရတယ်။ ငါသာ ဒီနေရာကို ပိုင်ဆိုင်မယ်ဆိုရင် အစာအကြွင်းအကျန်တွေ ရှာဖို့ နေ့တိုင်း ပြေးလွှားနေစရာ မလိုတော့ဘူး။ ငါ တကယ်ကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တော့မယ်။'

သူသည် အိုင်ဗီ့ဘက်သို့ အမြန်လှည့်လိုက်ပြီး မျက်ဝန်းများ တောက်ပလျက် ပြောလိုက်သည်။ "ကျွန်တော် ဒီအိမ်ကို ဝယ်ချင်တယ်"

သူ၏ စိတ်အားထက်သန်မှုကြောင့် အိုင်ဗီက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သူမသည် လက်ပိုက်ကာ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ဝယ်လို့ ရပါတယ် ဒါပေမဲ့ စည်းကမ်းချက်တွေ ရှိတယ် အဲဒါကို ရှင် မှတ်ထားဖို့ လိုမယ်နော်"

မာကိုသည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ တိုးလာသည်။ "ဘာစည်းကမ်းချက်တွေလဲ။"

"သဘောတူညီချက်ကို နောက်မှ ပို့ပေးလိုက်ပါ့မယ်" ဟု အိုင်ဗီက ပြန်ဖြေသည်။

"ရှင် အဆင်သင့်ဖြစ်တဲ့အခါ ငွေယူလာခဲ့လို့ ရပါတယ်။"

မာကို ခဏစဉ်းစားလိုက်ပြီးမှ ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ "သဘာဝကျပါတယ်"

သူ၏ မျက်နှာတွင် စိတ်သက်သာရာရမှု အရိပ်အယောင်များ ပေါ်လာသည်။ ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် သူသည် ရုန်းကန်ရုံသက်သက် မဟုတ်ဘဲ နေထိုင်ခွင့် ရတော့မည်ဟု ခံစားလိုက်ရသည်။

'စစ်တပ်က ငရဲပဲ။ အမိုးတွေ ယိုတယ်၊ လူတွေ ကျပ်ညပ်နေတာပဲ၊ အစားအသောက်ကလည်း ဈေးကြီးလွန်းတယ်။ ဒီမှာက အစားအသောက် ဈေးကြီးရင်တောင် လိုအပ်ရင် စစ်တပ်ဆီကနေ ပြန်ဝယ်လို့ ရသေးတာပဲ။ ဒါပေမဲ့ လုံခြုံတဲ့ အိမ်တစ်လုံးလား... အဲဒါကတော့ တန်ဖိုးဖြတ်လို့ မရနိုင်ဘူး။'

သူသည် အိုင်ဗီ့ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး စီမံကိန်းများစွာဖြင့် စခန်းမှ ထွက်ခွာသွားခဲ့သည်။

............

မာကိုသည် လျင်မြန်သော ခြေလှမ်းများဖြင့် စစ်တပ်စခန်းဆီသို့ ပြန်လျှောက်လာသည်။ တစ်စုံတစ်ယောက်က လုယူသွားမည်ကို စိုးရိမ်သည့်အလား သူသည် ဆားထုပ်ကို တင်းတင်းဆုပ်ကိုင်ထား၏။

သူ စခန်းတံခါးဝသို့ ရောက်သည်နှင့် မျက်စိလျင်သော အမျိုးသားတစ်ဦးက အထုပ်ကို လှမ်းမြင်သွားပြီး အော်လိုက်သည်။ "ဆား သူ ဆားတွေ ရလာတယ်ဟေ့"

လူအားလုံး ချက်ချင်း လှည့်ကြည့်လာကြသည်။ လူအနည်းငယ်မှာ လောဘတက်သော မျက်ဝန်းများဖြင့် အနားသို့ ပြေးကပ်လာကြ၏။

"အဲဒါကို ဘယ်လောက်နဲ့ ရောင်းမလဲ" တစ်ယောက်က မေးသည်။

"ငါ ရွှေ တစ်ဂရမ် ပေးမယ်”

နောက်တစ်ယောက်က အော်သည်။

"ဒီမှာ ဆယ်ဂရမ် ပေးမယ်"

"ငါ ရွှေတုံး တစ်တုံးလုံး ပေးမယ်" ဟု အရပ်ရှည်ရှည် အမျိုးသားတစ်ဦးက အသည်းအသန် အော်လိုက်သည်။

လူအုပ်ကြီးက အနားသို့ တိုးကပ်လာပြီး လက်များက လှမ်းကာ မျက်လုံးများက ဆားထုပ်လေးပေါ်တွင်သာ စိုက်ကြည့်နေကြသည်။

မာကို၏ နဖူးတွင် ချွေးများ ထွက်လာသည်။ သူ၏ နှလုံးခုန်သံ မြန်လာ၏။ 'ဆား အနည်းငယ်လေးအတွက် ရွှေတုံး တစ်တုံးလား အဲဒါဆိုရင် ရက်သတ္တပတ်ပေါင်းများစွာ အစားအသောက် ဝယ်လို့ ရတာပဲ။ ငါသာ အခု ရောင်းလိုက်မယ်ဆိုရင်…’

အခန်း ၁၄၆။ အစားအစာအတွက် တိုက်ပွဲ

မာကိုသည် မေးရိုးကို တင်းတင်းကြိတ်ထားပြီး ဆားထုပ်ကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။ "မရဘူး... ကျွန်တော် မရောင်းနိုင်ဘူး။"

လူအုပ်ကြီးက ထပ်မံအော်ဟစ်ကြသော်လည်း သူသည် လူအုပ်ကြားမှ အတင်းတိုးထွက်ကာ သူတို့၏ အော်ဟစ်သံများကို လျစ်လျူရှုလိုက်သည်။ သူသည် ကျဉ်းမြောင်းသော လမ်းကြားလေးများအတိုင်း အပြေးအလွှား သွားပြီးနောက် သူ၏ဇနီး စောင့်နေသော အိမ်ငယ်လေးသို့ ရောက်ရှိသွားသည်။

သူသည် အထဲသို့ အမြန်ဝင်ကာ တံခါးကို ပိတ်၍ ဂျက်ထိုးလိုက်သည်။

ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းပိုင်ရှင်၊ ပိန်ပိန်ပါးပါး အမျိုးသမီးဖြစ်သူက အံ့အားသင့်စွာ မော့ကြည့်လာသည်။ "မာကိုလား ဘာဖြစ်လို့လဲ"

မာကိုသည် အသံကိုနှိမ့်ကာ လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။ "မင်းကို အရေးကြီးတာ တစ်ခုပြောစရာ ရှိတယ်။"

ဇနီးဖြစ်သူက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာများလဲ"

မာကိုက အနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ငါတို့ ဒီနေရာကနေ ထွက်သွားသင့်ပြီ။ ငါ တခြား စခန်းတစ်ခု ရှာတွေ့ခဲ့တယ်။"

သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ကို အရူးတစ်ယောက်လို စိုက်ကြည့်နေမိသည်။

"စစ်တပ်စခန်းကနေ ထွက်သွားမယ် ဟုတ်လား။ ရှင် ဘာတွေပြောနေမှန်းရော သိရဲ့လား"

မာကိုက အလျင်အမြန် ခေါင်းညိတ်ပြသည်။ "ငါသိတယ်။ ဒါပေမဲ့ အရင်နားထောင်ပါဦး။ အဲဒီနေရာက... တကယ်ကို လုံခြုံတယ်။ သူတို့က ရွှေတုံး ဆယ်တုံးနဲ့ အမြဲတမ်း နေထိုင်ခွင့်ကို ရောင်းနေတာ။ အဲဒါကိုသာ ဝယ်လိုက်ရင် ငါတို့ အဲဒီမှာ ထာဝရ နေလို့ရပြီ။ ပြီးတော့ အဲဒီစခန်းက လုံးဝကို အကာအကွယ်ပေးထားတာ။"

ဇနီးဖြစ်သူက လက်ပိုက်ကာ မျက်မှောင်ကြုတ်လျက် "အကာအကွယ်ပေးထားတယ် ဟုတ်လား ဘာနဲ့လဲ။ စစ်သားတွေလား၊ စွမ်းအားရှင်တွေလား"

မာကိုက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။

"မဟုတ်ဘူး။ အဲဒါကပဲ ထူးဆန်းနေတာ။ ငါ ပြန်လာတော့ ပတ်ပတ်လည်ကို သေချာကြည့်ခဲ့တယ်။ အပြင်ဘက်မှာ ရှိတဲ့ ဇမ်ဘီအရေအတွက်က လက်တစ်ဖက်စာတောင် မပြည့်ဘူး။ စခန်းတံခါးတွေ အကျယ်ကြီး ပွင့်နေတာတောင် ဇမ်ဘီတစ်ကောင်မှ အထဲမဝင်ရဲကြဘူး။ ငါ အဲဒီမှာ ရပ်နေတုန်းက ခံစားလိုက်ရတယ်... မမြင်ရတဲ့ နံရံကြီးတစ်ခုလိုမျိုး ထူးဆန်းတဲ့ ဖိအားတစ်ခု ရှိနေတာ။ ဇမ်ဘီတွေက အဲဒီနေရာကို ကြောက်နေကြသလိုပဲ။"

သူမ၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။ အတန်ကြာအောင် သူမ တိတ်ဆိတ်သွားပြီးမှ

"အဲဒါက... ထူးခြားတာပဲ။ ရှင်ပြောတာ အမှန်ဆိုရင် အဲဒီစခန်းက သာမန်တော့ မဟုတ်ဘူး။ တစ်ခုခု နောက်ကွယ်မှာ ရှိနေရမယ်။ လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားတစ်ခုခုပေါ့။ မဟုတ်ရင် ဇမ်ဘီတွေက ဘာလို့ အဲဒီနေရာကို ရှောင်နေမှာလဲ"

မာကိုက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးလာသည်။

"အဲ့ဒါပဲလေ ငါလည်း အဲဒီလိုပဲ တွေးမိတာ လေထဲမှာ ဇမ်ဘီတွေ မလာအောင် နှိမ်နင်းတဲ့ ဆေးရည်တွေ ဖြန်းထားတာ ဖြစ်နိုင်သလို၊ ဇမ်ဘီတွေကို တွန်းထုတ်တဲ့ သံလိုက်လှိုင်း တစ်မျိုးမျိုးလည်း ဖြစ်နိုင်တာပဲ ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ ရှင်းနေတာပဲ အဲဒီနေရာက လုံခြုံတယ်။ ဒီထက် ပိုလုံခြုံတယ်"

ဇနီးဖြစ်သူက နှုတ်ခမ်းကို ကိုက်ကာ သူမ၏ လက်များကို ငုံ့ကြည့်နေမိသည်။ သူမ၏ အတွေးများက လေးလံနေသည်။ စစ်တပ်က အခုတော့ အစားအသောက် ပေးထားတာပဲ၊ ဒါပေမဲ့ ဘယ်လောက်ကြာမှာလဲ။

အခုတောင် သန်မာတဲ့သူတွေက ပိုရနေကြပြီး ငါတို့လို အားနည်းတဲ့သူတွေက လျစ်လျူရှုခံနေရပြီ။ စွမ်းအားရှင်တွေက အမြူတေတွေကို အမြန်စုနိုင်ပေမဲ့ ငါတို့က မစုနိုင်ဘူး။ မကြာခင် ဒါမှမဟုတ် နောက်ကျရင် ငါတို့ အပြင်ကို မောင်းထုတ်ခံရမှာပဲ။

သူမ သက်ပြင်းချလိုက်သည်။

"မာကို... ကျွန်မ ဒါကို သဘောမကျဘူး။ ဒါပေမဲ့ ရှင့်စကားက မှန်နိုင်တာပဲ။ တကယ်လို့ အဲဒီနေရာက လုံခြုံတယ်ဆိုရင် ငါတို့ အခွင့်အရေးကို အရယူသင့်တယ် ထင်တာပဲ။"

မာကို၏ ရင်ထဲတွင် စိတ်သက်သာရာရမှုကြောင့် တင်းကျပ်သွားသည်။ သူသည် သူမ၏လက်ကို ဆွဲကာ ဆုပ်ကိုင်လိုက်သည်။

"ငါ့ကို ယုံပါ။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်တယ်။"

သူမ၏ မျက်ဝန်းများက သူ့မျက်ဝန်းများကို ဆုံလိုက်သည်။ စိုးရိမ်မှုများ ရှိနေသေးသော်လည်း အသစ်အဆန်းတစ်ခု၏ အရိပ်အယောင်လည်း ရှိနေသည်။ သေးငယ်သော မျှော်လင့်ချက် အလင်းရောင်လေးတစ်ခုပင်။

..............

စစ်တပ်စခန်း၏ လူနေထူထပ်သော နေရာတွင် ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။

"အန်နီ... နင်သာ ငါ့ကို ဒီမှာ ထားခဲ့ရဲရင် အစားအသောက်အတွက် တခြားလူတွေနဲ့ အိပ်ခိုင်းပစ်မယ် ဒါမှမဟုတ် တစ်လစာ ရိက္ခာရဖို့အတွက် နင့်ကို ခြေမစွမ်းလက်မစွမ်း အဖိုးကြီးတစ်ယောက်ဆီ ရောင်းစားပစ်မယ်"

အနီးနားရှိ လူများက အံ့အားသင့်ကာ လှည့်ကြည့်ကြသော်လည်း မည်သူမျှ ကြားဝင်မစွက်ဖက်ကြပေ။ လူတိုင်းတွင် ကိုယ်ပိုင်ဒုက္ခနှင့် ကိုယ် ရှိနေကြတာလေ။

ယခင်က အိုင်ဗီနှင့် တိုက်မိခဲ့သော အရပ်ရှည်ရှည်နှင့် ကြွက်သားတောင့်တောင့် မိန်းကလေး အန်နီဘဲလ်မှာ တောင့်တောင့်ကြီး ဖြစ်သွားသည်။ သူမသည် လှည့်ကြည့်လိုက်ရာ အော်ဟစ်နေသော အမျိုးသမီးကို မြင်လိုက်ရသည်။ သူမ၏ အမေပင် ဖြစ်သည်။

သူမ၏ အကြည့်များက မရင်းနှီးတော့သလိုမျိုး အေးစက်လုနီးပါး ဖြစ်နေသည်။ သူမ၏အမေဂာ တစ်ကိုယ်ကောင်းဆန်သူဖြစ်သလို ရက်စက်သူဖြစ်ကြောင်းလည်း သူမ သိသည်။ သို့သော် ဤစကားလုံးများကို ကြားရတာ ဤမျှအထိ ယုတ်မာခြင်းကို မြင်ရခြင်းက သူမ၏ ရင်ကို နာကျင်စေသည်။

'သူမက လူဆိုးဆိုတာ သိပေမဲ့... ဒါကတော့ ငါထင်ထားတာထက်တောင် ပိုဆိုးနေပါလား။'

သို့သော် အန်နီသည် ဒေါသကို မထုတ်ပြရဲပေ။ ထုတ်ပြလိုက်လျှင် သူမ၏အမေက အခြေအနေကို ပိုဆိုးအောင် လုပ်လိမ့်မည်။ ထို့ကြောင့် သူမသည် တည်ငြိမ်အောင် ကြိုးစားရင်း

"အမေမပါဘဲ သွားမှာမဟုတ်ဘူး" ဟု အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူမ လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် သူမအမေက အလျှော့မပေးသေးပေ။ သူမ၏ တောင့်တင်းသော လက်ကြီးက လှမ်းဆွဲကာ အန်နီ၏ လက်မောင်းကို ဖမ်းထားလိုက်သည်။

"နေဦး။ နင် တစ်ခုခု မေ့နေပြီ။"

အန်နီ မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလဲ။"

သူမအမေ၏ နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "နင် ဒီနေ့အတွက် စားဖို့ ငါ့ကို မပေးရသေးဘူး။"

အန်နီ၏ မျက်မှောင်က ပို၍ပင် ကြုတ်သွားသည်။ "ကျွန်မ အမေ့ကို ဆန် ငါးရာဂရမ် ပေးပြီးပြီလေ။ ကျွန်မ မမှားဘူးဆိုရင် အဲဒါက အနည်းဆုံး တစ်ရက်စာ လုံလောက်ပါတယ်။"

အရပ်တူသော်လည်း ပို၍ ဝဖြိုးကာ ကြွက်သားများမှာ အဆီလွှာများအောက်တွင် ဖုံးကွယ်နေသော သူမ၏အမေက ပြန်လည်စိုက်ကြည့်သည်။ သူမ၏ ယုတ်မာသော မျက်လုံးများတွင် လောဘရိပ်များ တောက်ပနေသည်။

"ငါ့ကို လာမလိမ်နဲ့ နင် ဘာလုပ်နေလဲဆိုတာ ငါသိတယ် နင် ရိက္ခာတွေ ခိုးစုထားတာ မဟုတ်လား တစ်နေ့ကျရင် ထွက်ပြေးဖို့ ကြံနေတာပဲ ဒါပေမဲ့ ငါ အဲဒီလို အဖြစ်မခံဘူး နင် ငါ့ကို အစားအသောက် ပိုမပေးရင် နင့်မောင်လေးကို ငါ အငတ်ထားမယ်။"

အန်နီ၏ လက်သီးများမှာ ဘေးဘက်တွင် တင်းတင်းဆုပ်ထားမိသည်။ သွားများကိုလည်း ကျစ်ကျစ်ပါအောင် ကြိတ်ထား၏။ သူမ၏ မျက်ဝန်းများတွင် လူသတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်သွားသည်။

'ဒီလိုအမျိုးသမီးက ဘယ်လိုလုပ် ငါ့အမေ ဖြစ်နေရတာလဲ။ ဒီလိုလူက ဘယ်လိုလုပ် ငါ့ကို မွေးခဲ့တာလဲ။'

သို့သော် သူမသည် စိတ်ရှည်စွာဖြင့် အသံကို ထိန်းပြောလိုက်သည်။

"အမေ... ကျွန်မ အစားအသောက် ပိုပေးချင်ပါတယ်။ ဒါပေမဲ့ အဲဒါအတွက် ကျွန်မ အမဲလိုက်ဖို့ သွားရဦးမယ်။ ကျွန်မ အပြင်မထွက်ရင် ဘာမှ ယူလာပေးလို့ မရဘူး။"

သူမအမေက မျက်မှောင်ကြုတ်ကာ သူမကို အကဲခတ်လိုက်သည်။ "ဒါဆို နင့်မှာ တကယ်ပဲ ဝှက်ထားတဲ့ ရိက္ခာ မရှိဘူးပေါ့ ဟုတ်လား"

အန်နီက ခေါင်းခါပြလိုက်သည်။ "မရှိဘူး။"

နောက်ဆုံးတွင် သူမအမေက လက်ကို လွှတ်ပေးလိုက်သည်။ သူမသည် ပျင်းရိပျင်းတွဲဖြင့် နောက်သို့ မှီလိုက်ကာ သူမ၏ လက်သည်းများကို ကြည့်နေသည်။ "ကောင်းပြီ။ ဒါဆိုလည်း သွားတော့။"

အန်နီသည် သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။ သူမသည် တံခါးဆီသို့ ဦးတည်လျှောက်သွားသည်။

သို့သော် သူမ တံခါးဝသို့ ရောက်ခါနီးတွင် သူမအမေက ထပ်မံ ပြောလိုက်ပြန်သည်။

"နင့်မောင်လေး ဘာမှမစားရသေးဘူး။ ငါ သူ့ကို ကျွေးလိမ့်မယ်လို့ မမျှော်လင့်နဲ့။ သူ့ကို စားစေချင်ရင် နင့်ဘာသာနင် စီစဉ်။"

အန်နီ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူမ၏ ကျောပြင်မှာ တောင့်တင်းသွား၏။ သူမ ခေါင်းကို အနည်းငယ် စောင်းကာ စူးရှသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ အမေ့ကို ဆန် ငါးရာဂရမ်နဲ့ ချဉ်ဖတ်တွေပါ ပေးခဲ့တာပဲ။ သူ တစ်လုပ်တောင် မစားရဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူမအမေက ဂရုမစိုက်သော လေသံဖြင့် တည်ငြိမ်စွာ ပြန်ကြည့်သည်။ "ငါ အကုန်စားလိုက်ပြီ။ မရှိတော့ဘူး။ သူ့အတွက် ဘာမှ မကျန်တော့ဘူး။"

အန်နီ၏ လက်သီးများ တုန်ယင်လာသည်။ သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်မတတ် ဖြစ်နေသည်။ အမုန်းတရားများမှာ ပူလောင်ပြင်းထန်စွာ ရင်ထဲတွင် ပြည့်နှက်လာသော်လည်း သူမ ဘာမှ ထပ်မပြောတော့ပေ။ သူမ၏ ဒေါသများ ပေါက်ကွဲမထွက်မီမှာပင် လှည့်ထွက်ကာ အမြန်ဆုံး လျှောက်ထွက်သွားတော့သည်။

All Chapters