← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃ - ရွန်

ကေးလ်က မျက်လုံးတစ်ချက် ဝှေ့ယမ်းလိုက်သော်လည်း သူကိုယ်တိုင်လည်း ညီမငယ်လေးအကြောင်းကို တွေးတောမိသွားပြီး သူမ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိမည်ကို သိရှိလိုစိတ် ပြင်းပြလာခဲ့သည်။

သူ၏ မောင်နှမများနှင့် ယှဉ်လျှင် မိခင်ဖြစ်သူ ညီမငယ်လေးကို ကိုယ်ဝန်ဆောင်စဉ်အချိန်က သူဟာ အတော်အတန် အရွယ်ရောက်နေပြီ ဖြစ်သည်။ သူသည် မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ခဲ့ရသော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အခက်အခဲများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသဖြင့် ဒီအငယ်ဆုံး ညီမလေး အသက်ရှင်နိုင်ပါ့မလားဟုပင် သံသယဝင်ခဲ့ဖူးသည်။

မိဘနှစ်ပါး၏ ဆုတောင်းသံများ၊ မျှော်လင့်ချက်ကင်းမဲ့မှုများနှင့် ၎င်းတို့ ဖုံးကွယ်ရန် ကြိုးစားခဲ့သော ဝမ်းနည်းပူဆွေးမှုများမှာ သူ၏ အမြင်အာရုံမှ လွတ်ကင်းခဲ့ခြင်း မရှိပေ။

"သူမမှာ ချစ်သူရှိနေရင်တောင်... ငါတို့ကတော့ အလိုလိုက်မှာပဲ"

ကေးလ်က အသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်သည်။ သူ၏ အမူအရာမှာ ကတိသစ္စာပြုနေသကဲ့သို့ တည်ကြည်လေးနက်နေတော့သည်။

အိမ်၏ အချို့သော ထောင့်စွန်းများမှ တိုးဝင်လာသည့် ပြင်းထန်သော နေရောင်ခြည်ကြောင့် အပူရှိန်မှာ ပိုမိုမြင့်မားလာပြီး အသက်ရှူရကျပ်လှသော်လည်း သူတို့၏ ရင်ထဲမှ နွေးထွေးမှုများက အသက်ရှင်ကျန်ရစ်ရန် ရုန်းကန်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည်။

သူတို့ ဒုက္ခရောက်နေသည်ဖြစ်စေ၊ အဆင်ပြေချောမွေ့နေသည်ဖြစ်စေ မိမိတို့၏ ညီမငယ်လေးအတွက် စိုးရိမ်ပူပန်နေကြပြီး သူမနှင့် ပြန်လည်ဆုံတွေ့ချင်ကြသည်။

သူတို့ ငယ်စဉ်ကတည်းက မိဘနှစ်ပါးသည် အခွင့်အခါကြုံတိုင်း ညီမငယ်လေးအကြောင်းကို သတိပေးလေ့ရှိသည်။ စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်မှုများအလယ်မှာပင် သူမကို တစ်ကြိမ်တစ်ခါမျှ မေ့လျော့ခဲ့ခြင်း မရှိကြပေ။

သို့သော်လည်း ဘဝ၏ ကျိန်စာက ခါးသီးလှသည်မှာ သူတို့ ညီမငယ်လေး၏ သဲလွန်စအချို့ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခါမှပင် ကမ္ဘာပျက်ကပ်ကြီးက ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ဘာလဲ လုံးဝမဖြစ်နိုင်တာ ငါ့ညီမလေးက အသက်နှစ်ဆယ်ထက် မပိုသေးဘူး ညီမလေးမှာ ချစ်သူရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ညီမလေးက ကလေးလေးပဲ ရှိသေးတာ"

ဖီးလစ်က ဆိုဖာပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ရာ သူ၏ မျက်နှာထက်တွင် လူသတ်လိုသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ကေးလ်က ရယ်မောလိုက်သော်လည်း ဘာငြင်းခုံမှုကိုမှ မပြုလုပ်ခဲ့ပေ။

သူတို့သည် အမ်ဘာကို သူမ စိတ်တိုင်းကျ ပြုမူခွင့်ပေးထားခြင်းမှာ အမ်ဘာသည် သူတို့မျက်စိထဲတွင် မိန်းမသားတစ်ဦးကဲ့သို့ တစ်ခါမျှ မရှိခဲ့သောကြောင့် ဖြစ်သည်။

ပြောရလျှင် တစ်ခါ၌ အမ်ဘာသည် ဖီးလစ်ကိုပင် မြေပြင်ပေါ်သို့ လှဲချကာ မိခင်ဖြစ်သူကပင် ခံရသူသည် ဖီးလစ် ဟုတ်မဟုတ် သံသယဝင်ရသည်အထိ အပြင်းအထန် ရိုက်နှက်ခဲ့ဖူးသည်။

ဒါ့ကြောင့်လည်း သူတို့သည် ညို့ယူဖမ်းစားနိုင်ပြီး ချစ်စရာကောင်းသော ညီမလေးတစ်ယောက်ကို ရရှိရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ သူမကို ယုယုယယ ပွေ့ဖက်ထားနိုင်ပြီး မကောင်းဆိုးဝါး ဝံပုလွေများ၏ ရန်မှလည်း ကာကွယ်ပေးထားနိုင်ပေလိမ့်မည်။

"ဒီတစ်ကြိမ်ကော ငါတို့ တစ်ခုခု သိရလိမ့်မယ်လို့ ထင်လား"

ဖီးလစ်၏ အသံနက်ကြီးက ကေးလ်၏ အာရုံကို ဖမ်းစားလိုက်သည်။

"အင်း... ဖြစ်နိုင်တာပဲ အမေနဲ့ အဖေက ဆံပင်ညိုညိုနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံကို နောက်ဆုံးရိုက်ခဲ့တဲ့ လူနဲ့ ဆက်သွယ်ပြီးပြီ အဲဒီမိန်းကလေးရဲ့ မျိုးရိုးဗီဇက ငါတို့နဲ့ ငါးရာခိုင်နှုန်း တူညီနေတယ်"

"ဟမ် ဒါနဲ့ ငါတို့က အဲဒီမိန်းကလေးရဲ့ မျိုးရိုးဗီဇ ရလဒ်ကို ဘယ်လိုရခဲ့တာလဲ မျိုးရိုးဗီဇ စစ်ဆေးမှု တောင်းဆိုချက်ကနေလား ဒါပေမဲ့ အဲဒီလူက ဘာဖြစ်လို့ အဲဒီမိန်းကလေးရဲ့ ဓာတ်ပုံကို သိမ်းထားရတာလဲ"

ဖီးလစ်သည် ရင်ခုန်စိတ်လှုပ်ရှားသွားပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်ကာ စခန်းအပြင်ဘက်သို့ ထွက်၍ ဆံပင်ညိုရောင်ရှိသော မိန်းကလေးအားလုံး၏ သွေးကို လိုက်လံစုဆောင်းရမလားဟုပင် တွေးတောမိသွားသည်။

"အဲဒါက သံသယဖြစ်စရာအချက်ပဲ အဲဒီလူက သူက သူနာပြုတစ်ယောက် ပြီး‌ တော့အဲဒီမိန်းကလေးက ခန္ဓာကိုယ်အပြည့်အစုံ စစ်ဆေးဖို့ လာခဲ့တာလို့ ပြောတယ် သူမက နာမည်ကြီး ဘလော့ဂါတစ်ယောက် ဖြစ်တဲ့အတွက် သူ မှတ်မိနေတာ ဒါကြောင့် အမေ တင်ထားတဲ့ မျိုးရိုးဗီဇ တောင်းဆိုချက်မှာ ငါးရာခိုင်နှုန်း တူညီမှုရှိနေတာကို မြင်တော့ သူက အဲဒီမိန်းကလေးကို ပြန်သတိရသွားတာ"

ကေးလ်က ခက်ထန်သော အမူအရာဖြင့် ဆိုလိုက်သည်။

ဖီးလစ်၏ စိတ်လှုပ်ရှားနေသော အမူအရာများ ပျောက်ကွယ်သွားပြီး အေးစက်သော အရိပ်အယောင်များ အစားထိုးဝင်ရောက်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် သူ ပြသလေ့ရှိသော တောက်ပတက်ကြွသည့် ပုံစံနှင့် နှိုင်းယှဉ်လျှင် ယခုကဲ့သို့ အေးစက်တည်ငြိမ်မှုက သူ၏ တကယ့်ပင်ကိုယ်စရိုက်အစစ်အမှန်ကို ဖော်ထုတ်လိုက်သကဲ့သို့ ရှိပေသည်။

"သြော် နောက်ထပ် လူလိမ်တစ်ယောက်ပေါ့ သူတို့က သင်ခန်းစာမရကြသေးဘူးပဲ"

သူတို့ ချမ်းသာကြွယ်ဝစဉ်က ညီမငယ်လေးကို အသည်းအသန် ရှာဖွေနေချိန်တွင် ရလဒ်များကို အတုအယောင် ပြုလုပ်ကာ လိမ်လည်လှည့်ဖြတ်ရန် ကြိုးစားသော လူလိမ်အမြောက်အမြား ပေါ်ထွက်ခဲ့ဖူးသည်။

ထိုလူလိမ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်စရာကောင်းလှသည်။ အကယ်၍ ထိုလူများသာ ဟန်ဆောင်လိမ်လည်ခြင်း မရှိပါက ၎င်းတို့၏ ညီမငယ်လေးကို ရှာဖွေရမည့် အချိန်ကာလမှာ ယခုထက် များစွာ တိုတောင်းသွားပေလိမ့်မည်။

"အဲဒါက အဖြစ်နိုင်ဆုံးပဲ ဒါပေမဲ့ အမေကတော့... သက်ပြင်းချမိရုံကလွဲလို့"

ကေးလ်သည် မိခင်ဖြစ်သူကို လုံးဝ အပြစ်မတင်ရက်ပေ။

ပတ်ဝန်းကျင် အခြေအနေမှာ လေးလံထိုင်းမှိုင်းသွားခဲ့ပြီး ညီအစ်ကိုနှစ်ဦးလုံး တိတ်ဆိတ်သွားကြသည်။

"ငါတို့ချင်း စိတ်ချင်းဆက်သွယ်နိုင်တဲ့ စွမ်းအားတစ်ခုခု ရပြီး သူမကို ရှာတွေ့ရင် သိပ်ကောင်းမှာပဲ..."

ဖီးလစ်က စိတ်ကူးယဉ်ဆန်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

.............................

ရွန်သည် လမ်းညွှန်ချက်အတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး မကြာမီမှာပင် 'ဆယ်လ်ဗီ' ဟု ခေါ်တွင်သော စခန်းတစ်ခု၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။

စခန်းတွင် ကင်းလှည့်နေသော စစ်သားများနှင့် ထိုစခန်းအနီးသို့ ဇမ်ဘီများ ချဉ်းကပ်ခြင်းမရှိပုံကို မြင်တွေ့ရသောအခါမှသာ သူ၏ စိုးရိမ်စိတ်များ ပြေပျောက်သွားခဲ့သည်။ သူသည် ဝင်ပေါက်ဆီသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့သည်။

သူ့ကို မည်သူမျှ တားဆီးလိမ့်မည်မဟုတ်ဟု တွေးထင်နေစဉ်မှာပင် စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်္ဂလာပါ ဆယ်လ်ဗီစခန်းကနေ ကြိုဆိုပါတယ်"

ရွန် တုန်လှုပ်သွားခဲ့ပြီး သူ၏ ရင်ခွင်ထဲမှ ညီမငယ်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်မိရာ အဝတ်စုတ်များကြားတွင် ထုပ်ပိုးထားသော ကလေးငယ်မှာ နာကျင်မှုကြောင့် ငိုယိုလိုက်တော့သည်။

ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုက ရွန်ထံသို့ ရောက်ရှိသွားခဲ့သည်။ ထိုလူငယ်လေးမှာ အသက် တစ်ဆယ့်လေးနှစ်ထက် မပိုပုံရပြီး သူ၏ လက်ထဲတွင် အသက်ရှူရုံမျှသာ ရှိသေးသော ကလေးငယ်ကို မြင်တွေ့ရသောအခါ လူတိုင်း၏ အမူအရာများ နူးညံ့သွားခဲ့ကြသည်။

ကင်းတဲအတွင်းရှိ ဂျဲနက်က ပြုံးလိုက်ပြီး နူးညံ့စွာ မေးမြန်းလိုက်သည်။

"မင်းက ဒီစခန်းရဲ့ ပြည်သူတစ်ယောက် ဖြစ်ချင်လို့လား"

"အဲဒါ... ကျွန်တော့်ကို ပြောပြလို့ ရမလား ဝင်ကြေးက ဘယ်လောက်လဲဟင်"

ရွန်က စူးစမ်းလိုသော လေသံဖြင့် မေးမြန်းလိုက်သည်။

"ဝင်ကြေး မလိုပါဘူး ဒီစခန်းကို ဝင်ရောက်ဖို့ အခြေခံလိုအပ်ချက်က အိမ်ငှားခပဲ အကယ်လို့ မင်းမှာ အမြူတေတွေ မရှိရင် အဖွဲ့လိုက် စုပြီး ငှားလို့ရတယ် စိတ်မပူပါနဲ့ ငါတို့က နောက်ခံသမိုင်းကြောင်း သန့်ရှင်းတဲ့လူတွေကိုပဲ ပေးဝင်တာ"

ဂျဲနက်က အရာရာကို စိတ်ရှည်စွာ ရှင်းပြပေးခဲ့သည်။

"သြော်..."

ရွန်သည် ရင်ထဲမှ အတားအဆီးကြီးတစ်ခု လွတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။ လမ်းခရီးတွင် သူသည် အမြူတေ အတော်အတန်ကို စုဆောင်းနိုင်ခဲ့သည်။

သူသည် တိုက်ခိုက်ရေးတွင် အသင့်အတင့် တော်ရုံမျှမက အစဉ်အမြဲ သတိရှိနေမှုကြောင့် စခန်းသို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။

"အခန်းတစ်ခန်းကို ဘယ်လောက်လဲဟင်"

ရွန်က သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

"အမြူတေ တစ်သောင်း အကယ်လို့ ဆယ်ယောက်အဖွဲ့နဲ့ ငှားမယ်ဆိုရင်တော့ တစ်ထောင်ပဲ ပေးရမယ်"

ဂျဲနက်၏ စကားကြောင့် ရွန်၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့ရသည်။

အမြူတေ တစ်ထောင်ဟုတ်လား။ ထိုပမာဏမှာ သူ့အတွက် များပြားလွန်းလှပြီး သူ၏ လက်ဝယ်တွင် ထိုမျှလောက် များပြားသော အမြူတေများ မရှိပေ။

"ဒါပေမဲ့ မင်းက အသက်မပြည့်သေးတဲ့သူ ဖြစ်တဲ့အပြင်လက်ထဲမှာလည်း ကလေးတစ်ယောက် ပါနေတဲ့အတွက် အထူးဌာနမှာ သွားရောက်မှတ်ပုံတင်ရုံပဲ သူတို့က မင်းအတွက် ယာယီ အခမဲ့ ခိုလှုံရာနေရာတစ်ခု စီစဉ်ပေးလိမ့်မယ်"

"အခမဲ့ ခိုလှုံရာနေရာ ဟုတ်လား"

ရွန်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။

ဘယ်စခန်းက အခမဲ့ ခိုလှုံရာနေရာကို ပေးနိုင်မလဲ။ ထို့ပြင် သူက အသက်မပြည့်သေးဘဲ ကလေးတစ်ယောက် ပါလာရုံမျှဖြင့် ဖြစ်သည်။

သူတို့သည် သူ့ကို အပိုဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သတ်မှတ်ပြီး ပိုမိုမြင့်မားသော ဝင်ကြေးကို တောင်းခံသင့်တာလေ။

အနည်းဆုံးတော့ ရွန် ယခင်က ရောက်ရှိခဲ့ဖူးသော ယာယီဘေးကင်းရေး ခိုလှုံရာနေရာတွင် ထိုသို့သာ မြင်တွေ့ခဲ့ရသည်။

ထိုနေရာတွင် အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များကို အစပိုင်း၌ ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပြီး ကာကွယ်ပေးခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာပျက်ကပ်ကြီး ကြာမြင့်လာပြီး ရိက္ခာများ စတင်ပြတ်လတ်လာသောအခါ ဆက်ဆံမှုများမှာ ဆိုးရွားသည်ထက် ဆိုးရွားလာခဲ့ပြီး နောက်ဆုံးတွင် ကလေးငယ်တစ်ဦးကိုပင် အစားအစာတစ်ခုကဲ့သို့ သတ်မှတ်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

"အင်း ငါတို့ စခန်းခေါင်းဆောင်က ကမ္ဘာပျက်ကပ်ကာလမှာ ကလေးတွေက အနာဂတ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ သူတို့ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ အမိန့်ချထားတယ်"

All Chapters